Pages

Tuesday, August 09, 2011

ပုံတူကူးချခဲ့တဲ့ လန်ဒန်က အဓိကရုဏ်းတွေ

လန်ဒန်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကဖြစ်ပွားခဲ့တဲ့ အသက် ၂၉နှစ်အရွယ် မာခ့်ဒတ်ဂန်ရဲ့သေဆုံးမှုအပြီး အခြေအနေတွေက ရှုပ်ထွေးနေပါတယ်။ မှန်းဆသုံးသပ်ချက်တွေအမျိုးမျိုးပေးနေကြတယ်။ အငှားကားတစ်စီးမှာ စီးနင်းလာခဲ့တဲ့ဒတ်ဂန်ကို ရဲတပ်ဖွဲ့ကပစ်ခတ်ခဲ့ပြီး ဒတ်ဂန်သေသွားခဲ့တော့ အဲဒီနောက်ပိုင်းမှာ အဓိကရုဏ်းတွေ၊ လုယက်တိုက်ခိုက်မှုတွေဟာ လန်ဒန်မြို့ကြီးတစ်ဝိုက် ကူးစက်ပျံ့နှံကုန်ကြတယ်။ အဲဒီနေ့က လန်ဒန်လူမည်းရပ်ကွက်အတွင်း လက်နက်ကိုင်ပြစ်မှုကျူးလွန်ဖို့ စီစဉ်နေစဉ် လန်ဒန်ရဲတပ်ဖွဲ့ Operation Trident က ရဲအရာရှိတွေက မသင်္ကာစရာအငှားကားကို ရပ်တန့်စေခဲ့တယ်။ ရဲက ဖမ်းဆီးဖို့ကြိုးစားခဲ့ရာက တခဏလေးအတွင်း သေနတ်တွေနဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ် လို့ Independent Police Complaints Commission (IPCC) ကပြောပါတယ်။ ကလေး လေးယောက်ရဲ့ဖခင် ဒတ်ဂန်ဟာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး သေဆုံးသွားခဲ့တယ်။ စနေနေ့ညနေမှာတော့ အဓိကရုဏ်းတွေအတွင်း လူပေါင်း ၂၁၅ဦးကို ဖမ်းဆီးလိုက်ပြီး ၂၇ဦးကို စစ်ဆေးခဲ့တယ်လို့ အဓိကရုဏ်းကနေ အိမ်ပြန်စောသွားခဲ့တဲ့ ဗြိတိန်အိုးအိမ်ဌာနအတွင်းရေးမှူးထရ်အီစာမေက ပြောပြခဲ့တယ်။ ရဲအရာရှိ ၃၅ ဦးကျော်ဒဏ်ရာရခဲ့ကြတယ်။
ဒတ်ဂန်ဘယ်လိုသေဆုံးခဲ့တာလဲ။

ကနဦးသတင်းပေးပို့ချက်တွေမှာအမျိုးမျိုးဖြစ်နေပါတယ်။ ပြန်လှန်ပစ်ခတ်မှုတွေသိသိသာသာဖြစ်ခဲ့တယ်လို့ဆိုတယ်။ ရဲအရာရှိတွေက သေနတ်နဲ့ နှစ်ချက်ပစ်တယ်။ အဲဒီနေရာမှာပဲ ဒတ်ဂန်သေသွားတယ်။ ရဲအရာရှိတွေကို ဒတ်ဂန်စီးလာတဲ့အငှားကားထဲက ပစ်ခတ်ခဲ့တယ်လို့လည်း မှန်းဆနေကြတယ်။ အမှန်တကယ်လို့ယူဆရမယ့်သတင်းတစ်ခုမှာ ရဲအရာရှိတစ်ဦးကိုင်ဆောင်ထားတဲ့ ရေဒီယိုထဲမှာ ကျည်ဆံတစ်တောင့်တင်နေတာတွေ့ရတယ်လို့ ဆိုကြတယ်။ အဲဒီရဲအရာရှိကို အငှားကားဆီက ပစ်ခတ်လိုက်ပုံရပါတယ်။ ဒတ်ဂန်သေဆုံးခဲ့တဲ့နေရာမှာ ရဲကိုင်သေနတ်မဟုတ်တဲ့ သေနတ်တစ်လက်ကိုလည်းတွေ့ခဲ့ရတယ် လို့ IPCC က ပြောတယ်။ ဒါပေမဲ့ တနင်္လာနေ့ဂါးဒီးယန်းသတင်းမှာတော့ ရဲအရာရှိရဲ့ရေဒီယိုမှာတွေ့ရတဲ့ ကျည်ဆန်က ရဲအရာရှိတွေအသုံးပြုတဲ့ကျည်ဆန်ဖြစ်နေတာကြောင့် ဒတ်ဂန် ပစ်ခတ်တာမဟုတ်ဘူးလို့ ရေးထားတယ်။ တရားရုံးကစစ်ဆေးမှုတွေ၊ သေနတ်၊ ကျည်ဆန်စစ်ဆေးမှုတွေ အားလုံးဘာမှမပြီးသေးခင် ဂါးဒီးယန်းကသတင်းကိုပြန်လည်ဖြေရှင်းမှာမဟုတ်ဘူးလို့ IPCC က ဆိုတယ်။ တစ်ချို့သတင်းတွေမှာလည်း ဖော်ပြနေကြတယ်။ ရဲက ဒတ်ဂန်ကို ချုပ်ထားပြီး ဦးခေါင်းကိုပစ်ခတ်တယ်တဲ့။ အဲဒါကို IPCC က ငြင်းဆန်ထားပါတယ်။ “မှန်းဆဖော်ပြနေကြတဲ့သတင်းတွေမှာ မာခ့်ဒတ်ဂန်ရဲ့ ဦးခေါင်းထဲ ကျည်ဆန်တွေပစ်သွင်းခံရပြီး တမင်ကြံစည်သတ်ဖြတ်တဲ့ပုံစံမျိုးဖြစ်နေတယ်။ အဲဒါ လုံးဝမမှန်ပါဘူး” လို့ IPCC က ပြောခဲ့ပါတယ်။

နောက်ထပ် ဘာတွေဖြစ်ခဲ့ကြတာလဲ။
စနေနေ့ညနေကျတော့ ဒေသစံတော်ချိန် ၅နာရီခွဲလောက်မှာ ဒတ်ဂန်ရဲ့ မိသားစုဝင်တွေနဲ့ ရပ်ကွက်ထဲက အလုပ်သမားတွေ လူပေါင်း ၁၂၀ လောက် လန်ဒန်မြောက်ပိုင်းက တော်တန်ဟမ်ရဲဌာနဆီ ချီတက်ခဲ့ကြတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာနဲ့ သိပ်မကွာလှဘူး။ ချီတက်မှုက ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။ ဆန္ဒပြသူတွေက တရားမျှတမှုကို ကြွေးကြော်တယ်။ သေဆုံးမှုကို စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆိုကြတယ်။ လမ်းတွေပိတ်သွားတယ်။ ကားအသွားအလား လမ်းတွေလွှဲခဲ့ရတယ်။ နောက်နှစ်နာရီလောက်ကြာပြီးတော့ အကြမ်းဖက်မှုတွေ ပေါ်ထွက်လာတော့တာပဲ။ ဂိုဏ်းအဖွဲ့သားတွေ ရဲကားတွေကိုတိုက်ခိုက်တယ်။ ဆိုင်တွေ၊ ဘဏ်တွေနဲ့ တခြားအဆောက်အဦးတွေကို ဖျက်ဆီးကြတယ်။ နောက်တော့ တော်တန်ဟမ်တစ်ဝိုက်မှာ လုယက်မှုတွေပျံ့နှံ့ကုန်တယ်။

ဘာကြောင့် အဓိကရုဏ်းက လန်ဒန်တစ်ခြားနေရာတွေကိုပါ ပျံ့နှံ့ကုန်တာလဲ။
တနင်္ဂနွေညနေနဲ့ တနင်္လာနေ့ အစောပိုင်းမှာ အဓိကရုဏ်းဆင်နွဲမှုတွေ လုယက်တိုက်ခိုက်မှုတွေ တစ်ခြား လန်ဒန်ကနေရာအတော်များများမှာ ဖြစ်ပွားလာခဲ့ကြတယ်လို့ သတင်းတွေတက်လာတယ်။ လန်ဒန်တောင်ပိုင်း ဘရစ်ဇ်တန်၊ လန်ဒန်မြောက်ပိုင်း အန်းဖီးလ်ဒ်၊ လန်ဒန်အလယ်ပိုင်းက အောက်စ်ဖို့ဒ်လမ်းနဲ့ မြို့တော်ရဲ့ အဓိက ဈေးဝယ်စည်ကားရာရပ်ကွက်တွေပါ ပါဝင်လာကြတယ်။ အဓိကရုဏ်းဟာ တနင်္လာနေ့ညနေပိုင်းမှာ လန်ဒန်တောင်ပိုင်းက လူးဝစ်ဟမ်းနဲ့ ပက်ခ်ဟမ်းမှာပါ ပျံ့နှံ့ကုန်ကြတယ်။ အဲဒီနေရာမှာ ကားတွေမီးရှို့ခဲ့ကြတယ်။ ဈေးဆိုင်တွေကို လုယက်တိုက်ခိုက်ခဲ့ကြတယ်။ ဆက်တိုက်ဖြစ်လာတဲ့ အဓိကရုဏ်းတွေနဲ့ လုယက်တိုက်ခိုက်မှုတွေဟာ အခွင့်ကောင်းစောင့်နေသူတွေနဲ့ ရာဇ၀တ်သမားတွေက ပုံတူကူးချပြီး လုပ်ခဲ့ကြတာလို့ ရဲက ပြောခဲ့တယ်။

လူမှုဆက်သွယ်ရေးမီဒီယာတွေကရော ပံ့ပိုးမှုဖြစ်ခဲ့လား။
လန်ဒန် ကိုယ်စားလှယ် လက်ထောက်တာဝန်ခံ စတိဗ်ကဲဗန်းနော့က smart phone တွေနဲ့ Twitter လို လူမှုဆက်သွယ်ရေးကွန်ယက်တွေကို ပြစ်မှုကျူးလွန်သူတွေက သတင်းဆက်သွယ်ဖို့အသုံးပြုနေကြတယ် လို့ ဆိုတယ်။ ခေတ်မှီနည်းပညာတွေအသုံးပြုပြီး အရှုပ်အထွေးကြီးဖန်တီးနေတဲ့အဖွဲ့တစ်ခုရှိနေတယ် လို့ သူက ပြောပါတယ်။ တစ်ခြားပေးပို့ချက်တွေမှာ Blackberry ရဲ့ မက်ဆေ့ခ်ျပို့တဲ့စနစ်ကလည်း အကြမ်းဖက်မှုအကြောင်း သတင်းတွေဖြန့်ဝေဖို့ဆက်သွယ်ရာမှာ ပေါ်ပြူလာဖြစ်ခဲ့တယ် လို့ ပြောကြတယ်။

၁၉၈၅ ခုနှစ် အဓိကရုဏ်းနဲ့ အလားတူ အဓိကရုဏ်းတစ်ခုခုများလား။
အပေါ်ယံသဘောကတော့ဟုတ်မလိုလိုပဲ။ ဒါပေမဲ့ တစ်ချို့ ငြင်းခုံစရာတွေရှိတယ်။ ၁၉၈၅မှာက လူမျိုးရေးနဲ့ဆိုင်တဲ့ အဓိကရုဏ်းမျိုး ပြဿနာတွေဖြစ်ခဲ့ကြတာ။ ၁၉၈၅ မှာ အာဖရိကန်-ကရစ်ဘီယန်နွယ်ဖွား ဖလွိုက်ဂျားရက်ထ် ကို တော်တန်ဟမ် Braodwater လယ်ယာမြေအနီး အခွန်နံပါတ်ပြားအတုကပ်ထားတဲ့ကားမောင်းနှင်တယ်လို့ သံသယရှိတာကြောင့် ရဲက ရပ်တန့်ခိုင်းခဲ့တယ်။ နာရီအနည်းငယ်ကြာတော့ ရဲအရာရှိတွေက အနီးအနားက ဖလွိုက်ဂျာရက်ထ်ရဲ့ မိခင်အိမ်ကို ၀င်ရောက်တိုက်ခိုက်ခဲ့တယ်။ အဲဒီတိုက်ခိုက်မှုမှာ ဖလွိုက်ဂျာရက်ထ်ရဲ့မိခင်သေဆုံးခဲ့ပါတယ်။ နောက်တော့ အဓိကရုဏ်းတွေထွက်ပေါ်လာခဲ့တာပဲ။ အခုဖြစ်နေတဲ့ ပြဿနာတွေလိုပဲ။ တော်တန်ဟမ်ရဲဌာနအပြင်ဘက်မှာ ဆန္ဒပြခဲ့ကြပြီး ၁၉၈၅ ဆန့်ကျင်တိုက်ခိုက်မှုမီးပွားတွေလွင့်စင်ကူးစက်ခဲ့တာပေါ့။

နောက်ထပ် ဘာလုပ်ကြမလဲ။
IPCC က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါပြီ။ တာဝန်ခံအရာရှိရဲ့ သတင်းထုတ်ပြန်ချက်မှာ “ကျွန်တော်တို့စုံစမ်းနေပါပြီ။ ရဲအရာရှိသေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ကိစ္စကိုပဲ အရေးယူမှာမဟုတ်ပါဘူး။ ရဲဌာနရဲ့ဆောင်ရွက်မှုနည်းလမ်းတွေ၊ ဆုံးဖြတ်ချက်ချတာတွေ၊ အကောင်အထည်ဖော်တာတွေ ဆက်တိုက်စုံစမ်းစစ်ဆေးသွားမှာပါ။ အသုံးပြုခဲ့တဲ့ ကျည်ဆန်တွေ၊ သေနတ်တွေရော၊ နောက်ပိုင်း အဲဒီနေရာမှာ တွေ့ရှိခဲ့တဲ့ကျည်ဆန်၊ သေနတ်အားလုံးကိုပါ ကျွန်တော်တို့ စစ်ဆေးပါမယ်” လို့ ဖော်ပြထားပါတယ်။

Source : http://articles.cnn.com/2011-08-08/world/uk.london.riots.tottenham_1_police-officers-riots-spread-independent-police-complaints-commission?_s=PM:WORLD
မော်နီတာဂျာနယ်

7 comments:

  1. ရှုပ်ထွေးလှပါလား။ အမှန်တော့ အင်္ဂလန်နိုင်ငံမျိုးမှာလည်း အချောင်နှိုက်မယ် အလစ်ချောင်းပြီး ရရင် ယူမယ် ဆိုတဲ့ လူတွေလည်း ရှိနေမှာ အမှန်ပါပဲ ဆိုတာ သက်သေပြတယ် လို့  ထင်ပါတယ် အစ်မဖြိုးရေ။ လူမျိုးရေးဆိုတာကို ပုံချပြီး ကိုယ်လုပ်ချင်တာကို စွတ်လုပ်မယ့် လူမျိုးတွေလည်း ရှိနေမှာပါ။ သိပ်ကြောက်ဖို့ကောင်းပါလားဗျာ။ အနာဂတ်မှာ လူမျိုးရေး စစ်ပွဲတွေ သေချာပေါက် ဖြစ်လာဦးမှာပါပဲ။ တရုတ်၊ အမေရိကန်၊ ရုရှ ဒါမျိုး တွေအပြင် မွတ်စလင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဆိုပြီး ဖြစ်ကြဦးမယ့် ဟာတွေ မြင်မြင်ပြီး စိတ်ထဲ မချမ်းသာလှဘူးဗျိုး။

    ReplyDelete
  2. လုတဲ့ အထဲ မှာ ၇နှစ်ခလေးတောင်ပါတယ်။
    အကုန်လုံး အသက် ၂၀-၂၅ လောက်လေးတွေများတယ်။နွေရာသီကျောင်းတွေကလည်းပိတ်ထားတော့  ခလေးတွေအကုန်ကလည်းလမ်းပေါ်ရောက်နေတယ်။

    ReplyDelete
  3. မိုးယံAugust 9, 2011 at 4:42 PM

    အိုး....လူတွေများတက်ခက်ပါလား... လွယ်တာကို သိပ်ခက်အောင် လုပ်နေတယ်။
    ...ဘာတရားမျှတတာ မမျှတာတာတွေ လာပြောနေတာတုံး။ အရာအားလုံးသ ဘုရားသခင်၏ အလိုတော် အတိုင်းသား ဖြစ်သည် ဆိုတော့ကာာ.. ဒါသည် ဘုရားသခင်၏ အလိုတော်သာ ဖြစ်၏ အကျွန်ုပ်တို့လို မယုံကြည်သူ ကာဖီရ် အပြစ်သားများက ဘုရားသခင်၏ အလိုတော်ကို အံကြိတ်၍ လက်သီးဆုပ်ထားယုံမှ အပ မည်သို့မျှ မတတ်နိုင်ဖြစ်ရသည်တကား။

    ReplyDelete
  4. မထိတထိ ကော်မန့်တွေကလဲ ခက်သား..။



    ပေါ်က်

    ReplyDelete
  5. ဒီလိုရှုပ်ထွေးမှု့တွေက
    ဒီနှစ်ပိုင်းတွေမှာပိုများလာ
    သလိုပဲ..
    စိတ်မောစရာကြိးပါလားနော်

    ReplyDelete
  6. ဗဟုသုတရပါတယ်။ ကျေးဇူးတင်လျက်

    ReplyDelete
  7. အင်္ဂလန်မှာ အဓိကရုဏ်းဖြစ်နေတယ်သာ ကြားတာ သေချာမသိဘူး သတင်းတွေ မဖတ်ဖြစ်တာလဲပါတယ်လေ
    ခုမှဘဲ သေချာသိတော့တယ်ဖြိုးရယ်
    ဘယ်နေရာဘဲဖြစ်ဖြစ် ငြိမ်းငြိမ်းချမ်းချမ်းဘဲ ဖြစ်စေချင်ပါတယ်။

    ReplyDelete

Thank you so much.
Have fun !