Pages

Thursday, December 13, 2012

ငွေသောင်ယံဦးနှင့် အခြားကဗျာများ

မေမေ့ရဲ့ "ငွေသောင်ယံဦးနှင့် အခြားကဗျာများ" စာအုပ်က ကဗျာလေးတွေ အားလုံး တင်ပေးသွားပါမယ်။ အခုရက်တွေတော့ မအားသေးတာနဲ့ မေမေပို့ပေးတဲ့ ကောက်နှုတ်ဖော်ပြချက်လေးပဲ အရင်တင်လိုက်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ 
ငွေသောင်ယံဦးနှင့် အခြားကဗျာများစာအုပ်မှ ကောက်နှုတ်ဖေါ်ပြချက်

စိမ်း 

(အင်းလေးတိုက်တေးအသွား)
ရွှေဧည့်သည်လာမလားလို့ ၊
စာတွေများ တစောင် နှစ်စောင် ၊
ရေးဖွဲ့မှာတောင် ။

မလာပေါင် ၊
ရှောင်သူက ရှောင်ပုန်း၊
မြဆေးမင် ကိုယ်မှာလိမ်းလို့ရယ် ၊ 
စိမ်းလိုက်ပါအုံး။      ။



အင်းလေးဒေသ ကျေးရွာသူ ကျေးရွာသားများ  တစ်ဦးနဲ့တစ်ဦး  စာဆိုပြိုင်ကြရာမှာ သီဆိုကြတဲ့ တိုက်တေးကဗျာအလိုက်ဖြစ်ပါတယ်။

ဒီတုံးက စောရှင်သစ်အမည်နဲ့ ဘီဘီစီကို ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။ ဦးနေ၀င်း မြန်မာပြည် ခေတ္တပြန်လာစဉ် အိမ်လည်ဖိတ်ကြားခဲ့တာကို အချိန်မရလို့ ဆိုပြီး မ၀င်ခဲ့ပါဘူး။ ကျွန်မက ဒီကဗျာလေးရေးပီး ခနဲ့ လိုက်တော့ သူက လေလှိုင်းကနေ ဒီကဗျာကို ရွတ်ဆိုလွှင့်ထုတ် ပေးခဲ့ပါတယ်။
၁၉၉၅ခုနှစ် ဖေဖေါ်ဝါရီလ၂ရက်နေ့ကပါ။

လန်ဒန်မြို့ အလွမ်း

လန်ဒန်မြို့ ၊
မှိုင်းညို့ညို့ ရီဝေမှောင်။ 

နှင်းမုန်တိုင်းတွေက ၊
မဆိုင်း ဟိုသည်တိုက်ပြန်တော့ ၊
သဲခိုက်ပြီ တုန်ရီချမ်းတယ်တဲ့ ၊
ကမ်းကုန်လုအောင် ။

ဘယ်ဝယ်မြောက်တောင် ၊
သိနိုင်ပေါင် မျှော်မှန်း ။

မရောက်ဘူးသူမို့ ၊
လျှောက်ဖူးချင် နှင်းဂရက်ဝဲမှာမှ ၊
တယောက်ဆို တယောက်ထဲပါဘဲ၊
လျှောက်မယ်ဆို လျှောက်ခါလှမ်းချင်ရဲ့၊
(ဒေါ်လေးမေရေ)ဝေးကနေလွမ်း။      ။


ဘီဘီစီ ငွေဗျိုင်းဖြူကဏ္ဍမှ ဒေါ်ကြည်ကြည်မေရဲ့ ပြောပြချက်အပေါ် တုံ့ပြန်ရေးဖွဲ့ခဲ့ခြင်းဖြစ်ပါတယ်။ မေးပါများစကားရ ကဏ္ဍမှ ဦးလေးကြီး ဦးဖေသန်းက ဒီကဗျာကို ၁၉၈၄ခုနှစ် ဇူလိုင်လ ၃၀ရက်နေ့ညက  “ဘ၀အေးရိပ်တမ်းချင်းကဗျာ" လို့  အမည်ပေး လွှင့်ထုတ်တင်ဆက်ခဲ့ပါတယ်။
အမှတ်တရ ကဗျာလေးများပါပဲ။

ငါးစီးရှင် ကျော်စွာ၏ ကာချင်းဟန်

လေမိုးထန်သည်၊
ထန်ထန်လော  ထန်ထန်။

လျှပ်ပန်းပွင့်သည်၊
ဆင့်ဆင့်လော  ဆင့်ဆင့်။

ကောင်းကင်မိုးလုံး၊
ရိုက်ခြုံးမည်ဟီး၊
စည်ကိုတီးသည်၊
မငြီးလော  မငြီး မငြီး။      ။

၁၉၅၇ခုနှစ်က ရေးဖွဲ့ ခဲ့တာပါ။ ရှေးက ပင်းယခေတ်ငါးစီးရှင် ကျော်စွာ စစ်ချီ စစ်တက် စစ်ရေးပြရာမှာ သီဆိုခဲ့တဲ့ ကာချင်း တေးကဗျာ အလိုက် ဖြစ်ပါတယ်။ ပြန်လည်ဆန်းသစ်ပေးလိုက်ပါတယ်။

ခင်မေသစ်

3 comments:

  1. ကဗျာကောင်းလေးတွေ အားပေးသွားတယ် ဖြိုးဖြိုးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. တကယ်ကောင်းတဲ့ စီစဉ်မှုလေးပါပဲ
    ကဗျာကောင်းတွေ ဖတ်ခဲ့ရလို့ကျေနပ်မိပါတယ်

    ReplyDelete
  3. မဖြိုးအမေကစာအရေးကောင်းသလိုကဗျာရေးလည်းကောင်းတယ်ဗျာ။ထပ်ပြီးဖော်ပြပေးပါဦး။

    ReplyDelete

Thank you so much.
Have fun !