Pages

Saturday, March 02, 2013

မေမေ့ ရဲ့ လက်ဆောင်

မေမေပို့ပေးတဲ့ စာ နဲ့ ဓာတ်ပုံလေးတွေ

လိပ်ပုမွေးနေ့မှာ မေမေလှူ တဲ့ပန်းလေးတွေ .. နီနီလေးတွေက ခတ္တာ တဲ့။ တခိုင်ထဲမှာ လေးပွင့် ဆိုင်ပွင့်လေ့ရှိလို့ တချို့က လေးကျွန်းစကြာ တဲ့။ ခေါ်ကြတယ်။ လိုရာဆန္ဒပြည့်ပါစေ့်။ ရွှင်လန်းချမ်းမြေံပါစေ။ မေမေ

အရင်နှစ်ကတည်းက ပို့ထားဘူးတယ်။
ဘလောဂ့်မှာမတင်ဖြစ်လိုက်ပါဘူး။ အခုနှစ် မေမေက ထပ်ပို့ပေးတာနဲ့ အန်တီတင့်ကလည်း မေးထားတာနဲ့ ဒီမှာတင်ထားလိုက်ပါတယ်။
မေမေရေးထားတဲ့အတိုင်းပဲ စာလုံးပေါင်းတွေလည်းလိုက်မစစ်တော့ဘူး။ အမှတ်တရပေါ့။

Birthday

၁၉၇၄ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ရက် ကြာသပတေးနေ့ (မြန်မာ ၁၃၃၅ခုနှစ် တပေါင်းလဆန်း(၈)ရက်နံနက် ၄နာရီ ၄၀မိနစ်)မှာ မွေးဖွားသန့်စင်ခဲ့တဲ့ ကလေးဟာ ဖြိုးဖြိုးပေါ့။ဘယ်ကလေးနဲ့မှ ယှဉ်လို့မရအောင် အချစ်ပိုခဲ့တဲ့သမီး။အငယ်ဆုံးကလေးဆိုတော့ အသနားကလဲ ပိုခဲ့သေးတာ။
သူ့ ကိုမွေးမဲ့နေ့က လကုန်ရက် ။သူ့အဖေရဲ့ Tour program နှင့် Traveling Allowanceကို ကျွန်မက လစဉ် ကူလုပ်ပေးနေကျဆိုတော့  စာရင်းဇယားတွေကို ညဦးပိုင်းမှာ ကျွန်မလုပ်နေခဲ့တာ။စောစော ကတည်းက အေးအေး အေးအေးနဲ့ဗိုက်နာနေတာသိပေမဲ့ ကျွန်မက ခပ်ပေပေရယ်။ဘာဘဲဖြစ်ဖြစ် သူတကာ လန့်အောင် မလုပ်တတ်ဘူး။ သေချာမှ ကျွန်မက ဖွင့်ပြောလေ့ရှိတယ်။ ဒါပေမဲ့  ကျွန်မ ထိုင်လို့ မရချင်တော့ဘူး။အနေရ အထိုင်ရ တော်တော် ခက်လာတယ်။ကျွန်မ ခဏထပြီး လမ်းထွက်လျှောက်လိုက်တယ်။
ခလေးက ထွက်ချင်နေပြီနဲ့တူပါရဲ့  ကျွန်မအလုပ်ကလဲ မပြီးသေးဘူး။ ကျွန်မ အလုပ်ကို ပြီးအောင်လုပ်လိုက်တယ်။
နည်းနည်းနေသာထိုင်သာ ရှိလာတော့ ကျွန်မ လမ်းထရှောက်တယ်။ခြံထဲမှာဘဲ။ ဇီးပင်တွေရှိတဲ့  တောင်ဘက်အုတ်တံတိုင်းကနေ မြောက်ဘက် ရေတွင်းအထိရှောက်ရင်း ခေါင်းပေါ်မှာ မိုးနေတဲ့ ဇီးကိုင်းတွေလှမ်းဆွဲ ပြီး ဇီးသီးကို အသွားတလုံး အပြန်တလုံး ခူးစားလိုက်သေးတယ်။ကျွန်မက ဘာစားစား မတဲ့တာမရှိဘူး။ကြိုက်ရင် အကုန်စား ဘာမှ မဖြစ်ဘူး။
ညနက်လာတော့ ကျွန်မ မအောင့်နိုင်တော့ဘူး။ သေချာပြီလို့ ကျွန်မ ဆုံးဖြတ်ချက်ချပြီးမှ ခလေးအဖေကိုပြောတာ။ခလေး ၅ယောက်ထက်ကျော်သွားရင် အိမ်မှာ မွေးဖွားခွင်မပေးတော့ဘူးဆိုလို့ ကျွန်မတို့ ဆေးရုံသွားကြတယ်။ သမီးအကြီးမက အရွယ်ရောက်နေပြီဆိုတော့ သူ့ကိုအဖေါ်ခေါ်သွားရတာပေါ့။ချောချောချောမောမောပါဘဲ။ ဒါပေမဲ့ စိတ်ရှည်ရှည်စောင့်ရတယ်။ ဗိုက်နာတာက ပျောက်ပျောက်သွားလို့ပေါ့။ စဉ်တိုက်နာလာမှ ဆရ၀န်မကို သွားခေါ်ရတယ်လေ။ နံနက် ၄နာရီ မိနစ် ၄၀ မှာဘဲ သာမန် မွေးရိုးမွေးစဉ်ဘဲ မိခင်ကိုလည်း ဒုက္ခမပေးဘဲ  အောင်အောင်မြင်မြင် မွေးဖွားခဲ့ပါတယ်။မွေးမွေးချင်း ၀မ်းကကျွတ် ကျွတ်ချင်း အသားကုန်  အော်ငိုတော့တာဘဲလေ။ကျွန်မက ငိုသံနားစွင့်နေတာ။ငိုသံကလေးကြားရမှ စိတ်အေးသွားတာ။သူ့အထက်က ယောင်္ကျားလေး သူရ တုံးက ခြေဖွားဆိုတော့ မငိုနိုင်ရှာဘူး။ တညလုံး စိုးရိမ်စိတ်တွေနဲ့။ဘုရားတခဲ့ရတာလေ။ဒီတော့ ကျွန်မက ငိုသံဘဲ နားထောင်နေတာ။အမလေး ငိုလိုက်သမှ တခန်းလုံး ရှိသမျှလူတွေ နားငြီးအောင်ငိုတယ် ။ ကျွန်မအဖို့ဘယ်နားညီးနိုင်မလဲ။ ဒီအသံလေးကို ခလေးတိုင်းမျှော်နေကျပေါ့။သုတိသြဘာ နဲ့ပြည့်စုံတဲ့ မင်္ဂလာရှိတဲ့အသံကလေးလေ။တော်တော် အာကျယ်တဲ့ခလေး တဲ့။ ကျန်းမာရေးကောင်းလိုက်တာ တဲ့။မိခင်ရော ခလေးပါ ကျန်းမာကြပါသည် တဲ့။အားလုံး complete ဖြစ်ပြီ လို့  ဆရာဝန်မကကြောငြာမှ ကျွန်မလဲ စိတ်အေးတော့တာဘဲ။ အနှီးထုပ်ကလေးနဲ့ ကျွန်မအနားလာသိပ်တော့  dropper ကလေးနဲ့ ရေကျက်အေး တိုက်ပေးလိုက်ပါတယ် အမယ် သူကလေးက တခန်းလုံး ကြားအောင် တပြတ်ပြတ်နဲ့ အရသာခံ စုပ်နေတာများ တာဝတိန်သာကတောင် ကြားးနိုင်လောက်ပါရဲ့။အော် ကိုယ့်ရင်မှာဖြစ်တဲ့ကိုယ့်ရင်သွေးဆိုတော့ရိုးလဲ ရိုးမသွားဘူး။ အမြဲတန်းဆန်းသစ်နေတာပါ။ ကျွန်မအဖို့မေတ္တချစ်ခြင်းမေတ္တာဆိုတာ ဘယ်တော့မှ ကုန်ခန်းသွားမှာ မဟုတ်ပါဘူး။

Florist

ဒီနှစ်မွေးနေ့က ကြာသပတေးနေ့နှင့် တိုက်ဆိုင်လို့ နေ့ထူးနေ့မြတ်ပေါ့ ။မနှစ်က ရေးခဲ့တဲ့ စာလေး ပြန်ဖတ်ရအောင်လို့ ။ မင်္ဂလာနေ့မြတ်မှာ ပျော်ရွှင်ကြပါစေ။
မေမေ


4 comments:

  1. မေမေ့ရဲ့ မွေးနေ့လက်ဆောင်ပန်းလေးတွေမှာ သမီးလေးအတွက် မေတ္တာတွေပါ တစ်ပါတည်း ထည့်ပေးလိုက်ပုံရတယ်..။ ချစ်စရာ အိမ်နာမည်လေးကို မွေးနေ့မှာ သိခွင့်ရသွားတယ် ညီမရေ.. :)

    ReplyDelete
  2. ပန်းလေးတွေလှလိုက်တာမမရယ်။။။စိတ်ချမ်းသာစရာကောင်းလိုက်တာနော်....မွေးနေ့မှာပျော်ရွှင်ပါစေ...ပြီးရင်ကိတ်လာပို့မယ် :)

    ReplyDelete
  3. စိတ်ချမ်းသာစရာကောင်းလိုက်တာ။မွေးနေ့မှာပျော်ရွှင်ပါစေမမဖြိုးရေ..ပြီးရင် ကိတ်လာပို့မယ် :)

    ReplyDelete
  4. ဖြိုးဖြိုးရဲ့ မေမေပေးတဲ့ မွေးနေ့လက်ဆောင်လေးတွေဟာ သမီးဖြစ်သူအတွက် ကြည်နူးမှု ၀မ်းသာမှုများ ရင်မှာ ပိုက်ရင်း မိခင်ကို လွမ်းဆွတ် သတိရနေတယ်ဆိုတာ ပေါ်လွင်နေတယ်။
    ဖြိုးဖြိုးရဲ့ မေမေ စာလေးကောမပါးလိုက်ဘူးလားဟင်?
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

Thank you so much.
Have fun !