ဗီယက်နမ်နိုင်ငံ နဲ့ တရုတ်နိုင်ငံတို့ဟာ ရေနံအတွက်နဲ့ မာန်ဟုန်ပြင်းပြင်း အငြင်းပွားလာကြပြီ။ အဲဒီအငြင်းပွားမှုဟာ အာရှ နိုင်ငံရေးအခြေအနေထဲမှာ အန္တရာယ်ကြီးတဲ့မီပွားတစ်စအဖြစ် ပြန့်ကျဲသွားလေမလားပဲ။ တရုတ်ရဲ့ အားကြိုးမာန်တက်လုံ့လစိုက်မှုတွေထဲကတစ်ခုမှာ တောင်တရုတ်ပင်လယ်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ထားနိုင်ဖို့ပါ။ အဲဒါဟာ တချိန်လုံးရင်ဆိုင်နေရတဲ့ပဋိပက္ခဖြစ်ခဲ့ပါတယ်။ တကယ့်ကိုပဲ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့လို အိမ်နီးချင်းနိုင်ငံတွေဟာ ဘေဂျင်းကိုဆန့်ကျင်ကြမယ့်ဆုံးဖြတ်ချက်တွေ ပိုလို့ခိုင်မာလာကြတယ်။ တရုတ်နဲ့ ဗီယက်နမ် ရေပိုင်နက်အငြင်းပွားမှုရှိနေတဲ့ နေရာမှာ ဘေဂျင်းကရေနံတူးစင်တစ်ခုချထားပြီး ရက်အနည်းငယ်အကြာ အဲဒီဧရိယာမှာပဲ တရုတ်ရေယာဉ်တွေဟာ ဗီယက်နမ်ကင်းလှည့်ရေယာဉ် အနည်းဆုံးတစ်စီးနဲ့ တိုးဝင်တိုက်ခိုက်ခဲ့ကြတယ်။ အဲဒီရေယာဉ်မှာ ပျက်စီးမှုတွေခဲ့ပါတယ်။ ဗီယက်နမ်သင်္ဘောသားတွေ ဒဏ်ရာရမှုရှိခဲ့ကြတယ်။ ဒါပေမဲ့ ပစ်ခတ်မှုတော့မရှိခဲ့ပါဘူး။ ဗီယက်နမ်မီဒီယာက ကြေညာခဲ့တယ်၊
တရုတ်သင်္ဘောတွေဟာ ရေနံတူးစင်တစ်ဝိုက် ၃ မိုင် မဖြတ်သန်းရဇုံအတွင်းမှာ ရေပိုက်ကြီးတွေသုံးပြီး အင်အားနဲ့ဖြိုခွဲခဲ့တယ် တဲ့။


ဒေသတွင်းပေါက်ကွဲလုနီးပါးအခြေအနေတွေဟာ ပဋိပက္ခအသွင် အရှိန်မြင့်တက်လာခဲ့တယ်။ ဒါတွေဟာ တရုတ်ရဲ့ take-no-prisoners ဆိုတဲ့မူအတိုင်း အကျဉ်းသားအဖြစ်မယူဆောင်ဘူး၊ ရန်မူတင်းမာလှပြီး အလျှော့မပေးအပြတ်ရှင်းမယ်ဆိုတဲ့ နည်းလမ်းနဲ့ကျင့်သုံးခဲ့တဲ့ နိုင်ငံတကာဆက်ဆံရေးအကျိုးဆက်တွေလည်း ဖြစ်နေပါတယ်။ ဒေသတွင်းက ကျွမ်းကျင်သူတွေ ပြောကြသလို တိတိကျကျဆိုရရင် တရုတ်ရဲ့ စွန့်စားမှုများလွန်းတဲ့ အဲဒီဆက်ဆံရေးကြောင့် အရှေ့တောင်အာရနိုင်ငံတွေကြား မကြီးမားလှတဲ့ပြဿနာလေးနဲ့လည်း မကြာခဏငြင်းခုံစရာဖြစ်ခဲ့ရတယ်။ အဲဒါဟာ တစ်ဘက်က နိုင်ငံတွေကိုပူးပေါင်းလာစေပြီး ဘေဂျင်းဆန့်ကျင်ရေးအတွက် ဖန်တီးနေသလိုပါပဲ။ ဘေဂျင်းရဲ့ရန်လိုတဲ့ နယ်နိမိတ်ပိုင်ဆိုင်ခွင့်တောင်းဆိုမှုကို ဆန့်ကျင်ဖို့ ပိုပြီး ပြောဆိုလာကြပါတယ်။ အခုဆိုရင် ဗီယက်နမ်နိုင်ငံမှာ အလုပ်သမားတွေဟာ တရုတ်ဆန့်ကျင်ရေး လမ်းလျှောက်ဆန္ဒပြမှုတွေ ပြုလုပ်လာကြတယ်။ လမ်းလျှောက်ဆန္ဒပြမှုတွေကနေ တရုတ်ပိုင်စက်ရုံဖျက်ဆီးမှုတွေ ရှိလာကြတယ်။ အနည်းဆုံး စက်ရုံ ၁၅ ခုခန့်အထိ မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်လာခဲ့ကြတာပါ။ တရုတ်အလုပ်သမားတစ်ဦး သေဆုံးပြီး ၁၅၀ ခန့် ဒဏ်ရာရတာတွေလည်း ရှိလာတယ်။ ဗီယက်နမ်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့တင်းမာမှုတွေမှာဆိုရင် ၁၉၅၄-၁၉၇၅ ခုနှစ်မှာ ကွန်မြူနစ်တရုတ်နိုင်ငံဟာ ဗီယက်နမ်စစ်ပွဲအတွင်း မြောက်ပိုင်းဗီယက်နမ်ကို ထောက်ခံအားပေးခဲ့တယ်။ ၁၉၇၄ မှာ တရုတ်နဲ့ တောင်ဗီယက်နမ်တို့ဟာ ပါရာစဲကျွန်းတွေမှာ သွေးမြေကျစစ်ပွဲဆင်နွှဲခဲ့တယ်။ တရုတ်က ဗီယက်နမ်ထိန်းချုပ်ထားတဲ့ကျွန်းတွေကို သိမ်းယူလိုက်ပါတယ်။ ၁၉၇၅ မှာတော့ ဗီယက်နမ်စစ်ပွဲပြီးဆုံးသွားတယ်။ ဗီယက်နမ်-တရုတ် ဆက်ဆံရေးဟာ ဆိုးရွားခဲ့တယ်။ ဟနွိုင်းဟာ တရုတ်နဲ့ ချည်နှောင်မှုတွေရှိပြီး ဘေဂျင်းဟာ ခမာနီတွေကို အထောက်အပံ့ပေးပါတယ်။ ၁၉၇၉ မှာ တရုတ်နဲ့ ဗီယက်နမ် နယ်စပ်မှာ စစ်ပွဲတစ်ပွဲဆင်နွှဲခဲ့ကာ တပ်သားထောင်ပေါင်းများစွာသေဆုံးကြတယ်။ ၁၉၈၈ မှာဆိုရင် စပရာ့တလီကျွန်းတွေမှာ နှစ်ဘက်လုံးက တိုက်ခိုက်မှုတွေရှိကြတယ်။ ဗီယက်နမ်သင်္ဘောသား ၆၀ ခန့်သေဆုံးခဲ့ကြပါတယ်။ ၁၉၉၁ မှာတော့ တရုတ်-ဗီယက်နမ် ဆက်ဆံရေးပုံမှန်ဖြစ်ခဲ့သလိုပါ။ ကုန်သွယ်မှုတွေ တိုးချဲ့ကြတယ်။ ၂၀၁၁ မှာ တင်းမာမှုတွေ တောင်တရုတ်ပင်လယ်ထဲမှာ ထပ်မံဖြစ်ပွားလာတယ်။ တရုတ်ရဲ့ နယ်နိမိတ်သစ်ရှာဖွေဗိုလ်ကျမှုကြောင့်ပါပဲ။ အဲဒီအချိန်လောက်မှာ ယူအက်စ်-ဗီယက်နမ် အပြန်အလှန်သင့်မြတ်ကြပြီး အတူတကွလက်တွဲမှုတွေရှိလာကြတယ်။
.jpg)
အဲဒီလိုနိုင်ငံနှစ်နိုင်ငံဟာ ခုခံကာကွယ်ဖို့လိုအပ်လာပြီဆို ပိုပြီးတော့တောင် ရင်းနှီးလာကြပါဦးမယ်။ ဟနွိုင်းရဲ့ လတ်တလော လက်နက်ဝယ်ယူထားမှုတွေမှာဆိုရင် ရုရှားလုပ် ဒီဇယ်-လျှပ်စစ်ဓာတ်အားသုံး Kilo-class ရေငုပ်သင်္ဘောခြောက်စီးရှိနေတယ်။ ဗီယက်နမ်ရေတပ်အင်အားကို ပိုပြီးဖြည့်တင်းချင်တာဟာ တရုတ်ရဲ့ လျင်လျင်မြန်မြန်တိုးတက်လွန်းနေတဲ့ရေတပ်ကို ရင်ဆိုင်လိုတဲ့ အဓိပ္ပါယ်ပါပဲ။ ပေါ့ပါးမြန်ဆန်လှတဲ့ကင်းစောင့်စစ်သင်္ဘောတွေအပါအဝင် တခြားရေတပ်စစ်သင်္ဘောအငယ်စားတွေ ရှရှားက ဗီယက်နမ်ကို ရောင်းချထားပါတယ်။ နောက်ထပ် ဗီယက်နမ်ရဲ့ Cam Ranh Nay ရေတပ်အရည်အသွေးကိုမြှင့်တင်ဖို့ ရေတပ်ပိုင်သင်္ဘောတွေရဲလိုအပ်ချက်တွေကိုလည်း ထောက်ပံ့ပေးဖို့ ကြိုးစားနေပါတယ်။ အဲဒီကြိုးပမ်းမှုတွေဟာ ဒေသတွင်းမှာ အရှိန်အဝါကြီးလိုတာရယ်၊ အာရှမှာ တရုတ်ရဲ့အင်အားတိုးချဲ့နေတာကိုလည်း စောင့်ကြည့်စစ်ဆေးလိုတဲ့အတွက်ကြောင့်ပါ။ တရုတ်နဲ့ ရုရှားတို့ဟာ ပထဝီဝင်နိုင်ငံရေးအရ သူတို့ရဲ့ ကြီးမားလှတဲ့နယ်နိမိတ်တစ်လျှောက်မှာ နှစ်အတော်ကြာကြာ အပြိုင်အဆိုင်တွေ ရှိနေခဲ့ကြတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဖြစ်ခဲ့တဲ့ပဋိပက္ခတွေမှာဆိုရင် ဗီယက်နမ်ကင်းလှည့်သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်ဧရိယာထဲ ဗီယက်နမ်ကမ်းခြေကနေ မိုင် ၁၄၀ ခန့်မှာ ရှိနေခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီဧရိယာဟာ ဘေဂျင်းကလည်း သူတို့ပိုင်ဆိုင်မှုအဖြစ် တောင်းဆိုနေခဲ့တဲ့နေရာဖြစ်တယ်။ တရုတ်ရဲ့ ယွမ်ငွေ ၆ ဘီလီယံစီမံကိန်းဖြစ်တဲ့ ပထမဆုံး ရေနက်ပိုင်းကမ်းလွန်ရေနံတူးစင် Ocean Oil 981 (Haiyang Shiyou 981)ရှိနေတယ်။ ၂၀၁၂ မေ ၉ ရက်နေ့မှာ စီမံကိန်းကို တောင်တရုတ်ပင်လယ်ထဲ ဟောင်ကောင်အရှေ့တောင်ဘက် ၃၂၀ ကီလိုမီတာအကွာမှာ စတင်ခဲ့ကြတယ်။ ၂၀၁၄ မေ ၂ ရက်မှာတော့ ထိုင်ဝမ်နဲ့ ဗီယက်နိုင်တို့ သူပိုင်ကိုယ်ပိုင်ငြင်းခုံနေကြတဲ့ ပါရာစဲကျွန်းတွေအနီးကို ပြောင်းရွှေ့ခဲ့ပါတယ်။ ရေနံတူးစင်ဟာ အဲဒီကျွန်းအနီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ(PRC) နဲ့ တရုတ်သမ္မတနိုင်ငံ(Taiwan) နယ်နိမိတ်ခွဲခြားသတ်မှတ်ထားတဲ့ U ပုံစံလမ်းကြောင်း (9-dotted line) ထဲမှာရှိနေခဲ့တာပါ။ ပါရာစဲကျွန်းတွေမှာ တရုတ်ကနေရာယူပိုင်ဆိုင်ထားပေမဲ့ ဗီယက်နမ်ကလည်း တောင်းဆိုနေပါတယ်။ အဲဒီဝန်းကျင်အနီးအနားက ရေနံထုတ်လုပ်နိုင်မယ့်သတ္ထုအရင်းအမြစ် ပေါကြွယ်ဝတဲ့ စပရာ့တလီကျွန်းတွေကိုလည်း ဖိလစ်ပိုင်၊ တရုတ်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ် နဲ့ ဗီယက်နမ်ကပါ ပိုင်ဆိုင်ခွင့်အတွက်ငြင်းခုံနေကြတာပါ။
.jpg)
တရုတ်နိုင်ငံဟာ ဗီယက်နမ်ကို တင်းကျပ်တဲ့မူဝါဒချမှတ်ပြီး သင်ခန်းစာတစ်ခုသင်ပေးလိုက်ရမယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာမှာပါ တိုက်တွန်းနေခဲ့ပါတယ်။ မေ ၃ ရက်နေ့က သင်္ဘောတိုက်မိခဲ့ကြပြီးနောက် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဟာ တရုတ်ဘက်ကတာဝန်ရှိဝန်ကြီးကို လက်ခံနိုင်စရာမရှိတဲ့ရေနံတူးစင်ဖယ်ရှားပေးဖို့ ပြောခဲ့တယ်။ အဲဒီရေနံတူးစင်ဟာ ဗီယက်နမ်ရဲ့အချုပ်အခြာအာဏာကို ချိုးဖောက်နေတယ်လို့ ဗီယက်နမ်ဝန်ကြီးကဆိုတယ်။ ဗီယက်နမ်ဟာ သူ့ရဲ့ဥပဒေပြုအခွင့်အရေး နဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့ သင့်လျော်/ လိုအပ်တဲ့ ဆောင်ရွက်မှုမှန်သမျှ လုပ်ဆောင်သွားမယ် လို့လည်းပြောခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ဗီယက်နမ်ဟာ တရုတ်ရဲ့ တရားဝင်လုပ်ကိုင်လှုပ်ရှားမှုတွေကို ဝင်ရောက်စွက်ဖက်နေတာရပ်တန့်သင့်တယ်လို့ ဆိုတယ်။ ဖိလစ်ပိုင်က တရုတ်ငါးဖမ်းသင်္ဘောဖမ်းဆီးထားတာကိုလည်း စွပ်စွဲရှုတ်ချခဲ့တယ်။ ရေနံတူးစင်နားမှာတရုတ်ရေယာဉ်တွေတပ်ဖြန့်ချထားမှုဟာ ကူညီဖို့မဟုတ်ဘဲ တမင်တကာဆွပေးနေတဲ့လုပ်ရပ်ဖြစ်တယ်ဆိုတဲ့ U.S ရဲ့ မှတ်ချက်ကိုလည်း အဲဒီတရုတ်ပြောရေးဆိုခွင့်ရှိသူက ကန့်ကွက်လိုက်ပြီး တရုတ်နိုင်ငံရဲ့အရေးကိစ္စတွေမှာ ယူအက်စ်ဟာ တာဝန်မဲ့တဲ့မှတ်ချက်တွေပေးနေရမယ့်အနေအထားမဟုတ်ဘူးလို့ ပြောခဲ့တယ်။ အဲဒီသတင်းတွေကို ဆင်ဟွာသတင်းဌာနက ထုတ်လွှင့်သွားခဲ့ပါတယ်။
ရေနံတူးစင်ကို ကာကွယ်ဖို့အကြောင်းပြချက်နဲ့ ရေတပ်နဲ့ ကမ်းရိုးတန်းစောင့်သင်္ဘောတွေအလွန်အကျွံအသုံးပြုလာတဲ့ တရုတ်ရဲ့နည်းဗျူဟာတွေဟာ ပိုပြီးရန်မူလာတဲ့အနေအထားရောက်နေပြီး အဲဒါဟာ ဘေဂျင်းရဲ့ အစောပိုင်းတုန်းက ရေပိုင်နက်အငြင်းပွားမှုမှာ ဖုံးကွယ်ဟန်ဆောင်နေတာကို ပြေလျောကျသလိုဖြစ်လာတယ်။ ဘေဂျင်း ကိုယ့်အတတ်နဲ့ ကိုယ်စူးနေတဲ့ပုံစံဖြစ်နေပြီလို့ ဆိုကြတယ်။ ၁၉၅၄ ခုနှစ် မေ ၇ ရက်နေ့က ပြင်သစ်တပ်တွေကို တွန်းလှန်အောင်မြင်ခဲ့တဲ့ Dien Bien Phu တိုက်ပွဲ ၆၀ နှစ်မြောက်အောင်ပွဲနဲ့အတူ မျိုးချစ်စိတ်အရှိန်အဟုန်မြင့်နေတဲ့အချိန်မှာ ဗီယက်နမ်အရာရှိတွေဟာ တရုတ်နိုင်ငံရဲ့ ခေါင်းမာမှုကိုဆန့်ကျင်ဖို့ ပြင်းထန်တဲ့စကားလုံးတွေရွေးချယ်သုံးနှုန်းလိုက်သလို အားကောင်းတဲ့ရေယာဉ်တွေလည်း တပ်ဖြန့်ထားလိုက်ပါတယ်။ အဲဒီဒေသတွင်းက အင်ဒိုနီးရှား နဲ့ မလေးရှားတို့ဟာ အစဉ်အလာအရတော့ကြားနေတဲ့ရပ်တည်မှုနဲ့နေလာခဲ့ကြပေမယ့် ရေကြောင်းအငြင်းပွားဖွယ်ကိစ္စတွေကြောင့် အခုဆိုရင် တရုတ်ရဲ့ အပြုအမူတွေကို နှုတ်အားဖြင့်ကန့်ကွက်လာကြပါပြီ။ နိုင်ငံခြားရေးဝန်ကြီးဌာနကမဟုတ်တဲ့ အင်ဒိုနီးရှားကာကွယ်ရေးအရာရှိတွေကလည်း တောင်တရုတ်ပင်လယ်ထဲက တရုတ်ရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး ဖွင့်ဟကန့်ကွက်ပြောကြားလာကြပါတယ်။ တချိန်တည်းမှာပဲ သမ္မတဘားရက်အိုဘားမား နဲ့ မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ်ရာ့ဇက်ခ်တို့ဟာ ပြီးခဲ့တဲလက မလေးရှားစီမံကိန်းမြို့တော် ပူထရာဂျာယာမှာ သဘောတူပူးပေါင်းတဲ့တွေ့ဆုံမှုရှိခဲ့ကြတယ်။ အဲဒီတွေ့ဆုံမှုမှာ နိုင်ငံတိုင်းရဲ့ရေကြောင်းသွားလာမှုလွတ်လပ်ရေးကို ထိန်းသိမ်းထားနိုင်ဖို့၊ ရေကြောင်းပဋိပက္ခတွေမှာ အင်အားသုံးတာတွေကို ရှောင်ရှားနိုင်အောင်လိုအပ်တာမှန်သမျှ အာရုံစိုက်လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြတာပါ။ "အင်ဒိုနီးရှားဟာ ဟုတ်မှန်တဲ့အတိုင်းပြောခဲ့ပါတယ်။ ယူအက်စ်-မလေးရှား ပူးတွဲထုတ်ပြန်ချက်မှာ အိုဘားမားအလည်အပတ်ကာလအတွင်း ရေကြောင်းကိစ္စအကြောင်း မျှော်လင့်ထားတာထက်ပိုပြီး အာရုံစိုက်ဆွေးနွေးခဲ့ကြတယ်" လို့ New American Security စင်တာ အာရှ-ပစိဖိတ်အစီအစဉ်က လက်ထောက်ဒါရိုက်တာ အီလီရက်ထ်နာက ပြောပါတယ်။ "ဒီတိုက်ခိုက်မှုရဲ့ ဘေးထွက်ရလာဒ်အဖြစ် တောင်တရုတ်ပင်လယ်ထဲ တခြားနိုင်ငံတွေ အထူးသဖြင့် ဖိလစ်ပိုင်၊ မလေးရှား နဲ့ ဗီယက်နမ်တို့ရဲ့ ချိတ်ဆက်မှုတွေ ပိုပြီးတိုးတက်လာပါလိမ့်မယ်။ မကြုံဖူးတဲ့နည်းလမ်းတွေနဲ့ ပူးပေါင်းနေမိကြပါပြီ လို့ဆိုတယ်။
မော်စကိုနဲ့ တိုးတက်နေတဲ့ဆက်ဆံရေးအသစ်တွေမှာ တရုတ်ရဲ့ရန်လိုတဲ့အပြုအမူကြောင့် ဘာတွေမကြည်မလင်ဖြစ်သွားနိုင်မလဲ ဆိုရင်တော့။ မော်စကိုရဲ့ အရှေ့ဘက်ကနေ သဘာဝဓာတ်ငွေ့တွေကို တရုတ်ရဲ့ စွမ်းအင်ဆာလောင်မွတ်သိပ်နေတဲ့အရှေ့မြောက်ပိုင်းဆီ ပမာဏများများရောင်းချမယ့်သဘောတူညီမှုကို တရုတ်နဲ့ ရုရှားဟာနောက်ဆုံးလက်မှတ်ထိုးကြတော့မယ့်အဆင့်ထိ နီးစပ်နေပါပြီ။ နှစ်နိုင်ငံလုံးလိုအပ်တာတွေက ယူကရိန်းကျူးကျော်မှု နိုးထလာတာနဲ့အမျှ ရုရှားရဲ့ ဥရောပဈေးကွက်အတွင်း မော်စကိုဆီကအလွန်အမင်းမှီခိုအားထားနေတဲ့စွမ်းအင်ပို့ကုန်အပေါ် မယုံကြည်မှုတွေ ထင်ရှားလာတယ်။ တရုတ်ကလည်း လုံလုံလောက်လောက်ထောက်ပံ့ပေးနိုင်မယ့် စွမ်းအင်ပမာဏမျိုးရှာဖွေလိုတယ်။ ရုရှား-တရုတ် ချည်နှောင်မှုဟာ တခြားဧရိယာတွေဘက်မှာလည်း တိုးပွားမှုရှိနေတယ်။ အဲဒီနှစ်နိုင်ငံဟာ အရှေ့တရုတ်ပင်လယ်ဘက်မှာ ဒီလထဲ ရေကြောင်းပူးပေါင်းဆောင်ရွက်ကြပါလိမ့်မယ်။ အဲဒီရေပိုင်နက်ဟာ တရုတ်က တခြားနိုင်ငံတစ်ခုနဲ့ သူပိုင်ကိုယ်ပိုင်အငြင်းပွားနေပြန်တဲ့နေရာဖြစ်နေပါတယ်။ ဒီကိစ္စမှာတော့ ဂျပန်နိုင်ငံနဲ့ပါ။ တရုတ်ဟာ အာရှပိုင်းကို ပြီးခဲ့တဲ့လအတွင်းကိုင်လှုပ်ဆွဲခါနေခဲ့တဲ့အချိန် အိုဘားမားက ဂျပန်နဲ့ ယူအက်စ်ကာကွယ်ရေးသဘောတူညီမှုကို ထပ်ပြီးအတည်ပြုခဲ့တယ်။ ဂျပန် စန်ကာကူကျွန်းတွေအပါအဝင်ပါ။ အဲဒီကျွန်းတွေဟာ တိုကျိုနဲ့ ဘေဂျင်းကြားက တင်းမာခက်ထန်လှတဲ့ အန္တရာယ်ကြီးကြီးအရင်းအမြစ်တစ်ခုဖြစ်နေကြတယ်။
တရုတ်ရဲ့ ရန်လိုမှုဟာ တောင်တရုတ်ပင်လယ်ထဲက အိမ်နီးချင်းနိုင်ငံတွေနဲ့ အငြင်းပွားစရာတွေဆီကိုပဲ ချဉ်းကပ်နေလေတော့ မော်စကိုနဲ့ သင့်မြတ်ဖို့က ခက်ခဲသွားနိုင်ပါတယ် လို့ ရက်ထ်နာ က ပြောပါတယ်။ "အာရှတစ်ဝိုက် တရုတ်ရဲ့ ဗိုလ်ကျမှုဟာ အကန့်အသတ်ရှိသင့်နေပါပြီ။ ရုရှားနဲ့ ဘယ်လောက်နီးသွားနိုင်မလဲ ဘယ်လိုဝေးသွားနိုင်မလဲ ဆက်စပ်နေတဲ့အကြောင်းတွေရှိနေတယ်။ ဘကြောင့်လဲဆိုတော့ တရုတ်အနိုင်ကျင့်ဗိုလ်ကျနေခဲ့တဲ့ ဒုက္ခသည်တွေထဲကတချို့ဟာ ရုရှားနဲ့ အင်မတန်နီးစပ်ပတ်သက်နေကြလို့ပါ" လို့ သူက ဆိုတယ်။ ။
Source : The World's most dangerous water fight by Keith Johnson | the Foreign Policy
Related link : China and Russia sign huge gas deal
ဖြိုးဖြိုး
Related link : China and Russia sign huge gas deal
ဖြိုးဖြိုး
No comments:
Post a Comment
Thank you so much.
Have fun !