Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

စုမီအောင် ကဗျာများ

မြန်မာပြည်က ဘတ်စ်စပယ်ယာ

တွန်းတင်မယ်၊ တွန်းချမယ်
မရသေးရင် ဇွတ်အော်တောင်းမယ်
ရပြီးရင် ဘယ်တော့မှ ပြန်မအမ်းဘူး
အမ်းရင်လည်း စုတ်တဲ့ပိုက်ဆံ တမင်ရွေးအမ်းမယ်။
မိန်းမသားတွေ ခပ်များများရပ်တဲ့ကြား
ချွေးစီးစီးကိုယ်လုံးကြီးနဲ့၊ တွန်း/ထိုး/စောင်း/တိုက်။
ဝင်ခလုတ်၊ ထွက်ခလုတ် ကဒီးကဒီးဖြတ်ဦးမယ်။ယောက်ျားအချင်းချင်းအနား ဖြတ်ရပလားဆို
ရေးကြီးသုတ်ပျာ ဟန်မူရာနဲ့
ခြေထောက်တွေကို တက်တက်နင်းမယ်။

မိန်းကလေးဆို စေတနာပိုပို
ခါးဖက်၊ လက်ဆွဲ၊ စွေ့ခနဲ ကောက်တင်မယ်။
ဘအို ဖအို တုန်ချည့်ချည့်ဆို မသိကျိုးကျွန်
`မောင်းဆရာရေ့´လို့ ကျုံးအော်မယ်။
လမ်းဆုံ လမ်းခွ ဟန်ရေးပြမြှူ
ယာဉ်ထိန်းလူဆီ မျက်နှာချိုသွေး
ငွေစက္ကူခေါက်လေး ၀ှီးခနဲ ဒေါက်ခနဲ ပစ်ချပေးမယ်။
တစ်ကားလုံးမှာ သူပဲဗျာများ၊ တောင်မြောက်ပြေးလွှား
မိန်းမပျိုလှလှ ထိုင်တဲ့ပြတင်းဝ၊ ဖတ်ခနဲ ပြေးကပ်၊
မျက်နှာရှေ့ အတင်းဖြတ်၊ လက်ပြကားတောင်း
`တစ်စီးလောက် တစ်စီးလောက်´တရစပ်ဟောက်မယ်။

လိုတာရတော့ ကျေးဇူးစကားမဆို၊
လိုတာမရတော့ စီးလုံးညံအောင် ဆဲဆို-ဆိုဆဲ
`သေချင်းဆိုး´ `ခွေးသူတောင်းစား´ပါးစပ်သရမ်း လက်သရမ်းနဲ့
စိတ်ရောကိုယ်ပါ ကြမ်းတမ်းမယ်။
`မောင်းချင်သလိုမောင်းမယ်၊
ဘရိတ်ဆောင့်အုပ်မယ်...တန်းတွေကွင်းတွေကိုင်လို့ရတာ ကြည့်ကြက်ကိုင်ထား....
အပေါက်ဝမှာ ပိတ်မရပ်ပါနဲ့၊ အထဲဝင်စီးပါ...အပေါက်ဝမှာ ရပ်လို့ကတော့
ကလိထိုးပစ်မယ်၊ ဖက်နမ်းပစ်မယ်´
ဟိုအော် ဒီအော် ပါးစပ်မအားတဲ့အထဲ
ကွမ်းကို တစ်ယာပြီးတစ်ယာ
အာဂလောင်ကြား ကိုက်/ငုံ/ခဲ/၀ါး
ကားထွက်ကားရပ် တဗျပ်ဗျပ်နဲ့
ကတ္တရာလမ်းပေါ် တံတွေးနီနီထွေးချဦးမယ်။
စဉ်သွားလား၊ `ဘာလဲ၊ ဘာလဲ၊ ဘာကြည့်တာလဲ´
ဘယ်တော့မှ မတောင်းပန်ဘူး၊

ဘယ်လောက်မှားမှား သူပဲအမှန် ပြန်ပြန်ကန်မယ်။
ဘယ်ကားပြိုင်ပြိုင် သူ့ကားအနိုင်၊
လူပါး/ကားပါး အကုန်ဝမယ်။
ဟော့ဒီတကားလုံး သူပဲဇာတ်လိုက်၊ သူပဲလူကြမ်း
သူပဲဇာတ်ပို့၊ သူပဲဇာတ်ရံ၊ သူပဲဇာတ်ညွန်း၊ သူပဲဒါရိုက်တာ၊
သူပဲဆရာ....King of the bus တဲ့။
ဒါဟာ ယဉ်ကျေးမှုတွေထွန်းကားရာ
မြန်မာပြည်က ဘတ်စ်စပယ်ယာ။

စုမီအောင်
ကမ္ဘာ့ကဗျာနေ့ ၂၁ရက်၊ ယုဒသန်ခန်းမမှာ ရွတ်ပါမယ်။

• • • • • • • • • • • • • • • • • • • • • • • • • • • •

ခေါင်းလေးတစ်ညိတ်

အနာဂတ်ထဲ
မထင်မှတ်တဲ့အသီးအပွင့်တွေ
ပင်လုံးခဲပြွှတ် ရင့်မှည့်လွန်းတော့လည်း
လင့် မျှော် ကြံ ဆ အ၇ာခပ်သိမ်း
ပလက်ဖောင်းဘေး သက်ရှူရပ်ခဲ့ပြီ။
မိသားစုထဲ အကြီးဖြစ်ရတာလည်း ပြသနာတစ်ခု
ခုချိန်ထိ ငါတကယ်မကြီးသေးဘူး
နိုင်မယ်ထင်လို့ အလုံးအရင်းနဲ့
ကုပ်ပေါ်တင်ထမ်းပိုးခဲ့သမျှ
အဆုံးမတော့ လှုပ်ယမ်းခါသာ ပစ်ချခဲ့ရ။
နှမြောတသခြင်းတွေ ရင်လှိုင်းထန်လည်း
တို့အားလုံး ဇလိုက်ဇသက်နဲ့ တစ်ယောက်ကတစ်ယောက်ကို
အရသာပေါ်နိုးနိုး မြည်းစမ်းနေကြရတာပဲ
ဘယ်လိုလဲ ချိုပြီလား၊ ခါးနေလား။ ပိုနေလား၊ လိုနေလား
ချို/ ခါး/ ပို/ လို   မနေ့ကလို ဇ၀ိုဇ၀က်ဖြစ်နေတုန်းပဲလား
တို့မှာ ဘုရားပေးအသက် ကျစ်ကျစ်ပါ ဖက်နဲ့ပြန်ထုပ်ထားရ
ဘယ်အချိန် ထမှောက်မယ်မသိ၊ ယာဉ်ကြောမရှိ အမြန်ကားတွေ
ဘယ်အချိန် ထပေါက်မယ်မသိ၊ အချိန်မဲ့ နေရာမဲ့ ဗုံးတွေ။
အရေးထဲ...
``သင့်အနားတွင် ဖောက်ခွဲဖျက်ဆီးမည့်သူ ရှိနေသည်ကို အစဉ်သတိပြု´´ဆိုတဲ့
သတိပေးစာတမ်းကြီးတွေက ပေါက်မယ့်ဗုံးထက် ကြောက်စရာ ပိုကောင်းသေးတော့
ဘာပဲဖြစ်ဖြစ်
အမှတ်မထင် တို့တွေ့ကြရင်
အဆင်ပြေလား၊ နေကောင်းလား.... လုပ်မနေကြစမ်းပါနဲ့
ပေါက်စရာဗုံးတွေကုန်ပြီလား၊ ကမ္ဘာကြီးငြိမ်းချမ်းပြီလား
မေးပါ။
ငါ ခေါင်းညိတ်ချင်လှပြီ။

စုမီအောင်
Save the War Victims- ပြင်သစ်ယဉ်ကျေးမှုစင်တာကဗျာရွတ်ပွဲမှ

• • • • • • • • • • • • • • • • • • • • • • • • • • • •

ငါ့နံရံတွေကို ညစ်အောင်မလုပ်နဲ့

• • • • • • • • • • • • • • • • • • • • • • • • • • • •

ချစ်မိတဲ့အခါ

• • • • • • • • • • • • • • • • • • • • • • • • • • • •

ငါ့ဆီအမြန်လာပါ

ခုတလော …
စားရမယ့်ထမင်းကို
စားရမယ့်အချိန် စားလို့ကို မ၀င်ဘူး။
အိပ်ရမယ့်အလုပ်ကို
အိပ်ရမယ့်အချိန် အိပ်လို့ကို မပျော်ဘူး။
သွားရမယ့်လမ်းကို
သွားရမယ့်အချိန် သွားလို့ကို မရောက်ဘူး။
ပြောရမယ့်စကားကို
ပြောရမယ့်အချိန် ပြောလို့ကို မထွက်ဘူး၊
လုပ်ရမယ့်အလုပ်ကို လုပ်လို့ကိုမရဘူး။

ခုတလော ….
ငါဘာဖြစ်နေမှန်း
ငါ့ကိုယ်ငါ မသိတော့လို့
ငါ့ဆီလာပါ အမြန်လာပါ။
မနက်ဖြန်
ငါဘာဖြစ်မယ်မှန်း
ငါ့ကိုယ်ငါ မသိတော့လို့
ငါ့ဆီလာပါ အမီလာပါ။

ကျေးဇူးပြုရွေ့
ငါ့ဆီလာတဲ့အခါ
ရယူခြင်းတွေမပါခဲ့ဘဲ
မျှော်လင့်ခြင်းတွေ မစောင့်ခဲ့ဘဲ၊
တပ်မက်ခြင်းတွေမသယ်ခဲ့ဘဲ
နာကျင်ခြင်းတွေ မညည်းခဲ့ဘဲ
အောင်မြင်ခြင်းတွေ မခေါ်ခဲ့ဘဲ
ငါ့ဆီလာပါ အမြန်လာပါ။

ကျေးဇူးပြုရွေ့
ငါ့ဆီလာတဲ့အခါ
မျက်လုံးတွေကို ဖောက်ထုတ်ခဲ့ပြီး
ဦးနှောက်တွေကို ပြာချခဲ့ပြီး
ငွေကြေးတွေကို စွန့်ထားခဲ့ပြီး
ပါးစပ်တွေကို ဖြုတ်ထားခဲ့ပြီး ]
ခြေထောက်တွေကို ရိုက်ချိုးခဲ့ပြီး
ငါ့ဆီလာပါ အရောက်လာပါ။

ကျေးဇူးပြုရွေ့
ငါ့ဆီလာတဲ့အခါ
ဘာမှမပါလည်း နေပါစေလေ၊
အနည်းဆုံးတော့
ပခုံးတစ်ဖက် နားရွက်တစ်စုံသာ
သယ်ဆောင်လာပြီး
ငါ့ဆီလာပါ အမြန်လာပါ။

စုမီအောင်
(ဖက်ရှင်မဂ္ဂဇင်း၊ ဇန်န၀ါရီ၊ ၂၀၀၈)

• • • • • • • • • • • • • • • • • • • • • • • • • • • •

လိုနေသေးတဲ့ကမ္ဘာ

ပင်လယ်ထဲခုန်မဆင်းမိပါဘဲနဲ့
တို့အားလုံး နစ်မြုပ်ခဲ့တယ်။
ချောက်ကမ်းပါးထဲ ပြုတ်မကျပါဘဲနဲ့
တို့အားလုံး ကျိုးကြေခဲ့တယ်။
ကိုယ့်ကိုယ်ကိုယ် သေကြောင်းမကြံပါဘဲနဲ့
တို့အားလုံး ဇီဝိန်ကြွေတယ်။

အသက်တစ်ချောင်းချင်းစီဟာ
ကန်စွန်းရွက်တစ်ချောင်းချင်းစီထက်
အဆမတန် ပိုလို့
ဈေးသက်သာဖူးခဲ့ရပြီပေါ့။
နေရာလွတ်မရှိတဲ့ပလက်ဖောင်းတွေလို
လက်ညှိုးထိုးမလွဲတဲ့ လက်ဖက်ရည်ဆိုင်တွေလို
ပြေးစရာနတ္ထိမြေကြီးမှာ
ပြေးလွတ်မလွတ်တဲ့ကြမ္မာက
မပြေးနိုင်တဲ့အသက်တွေကို
အံလိုက်ကျင်းလိုက် ဆွဲနုတ်ခဲ့လို့
ဘ၀တွေ ပုံပျက်ပန်းပျက် အရောင်စုံခဲ့ရပေါ့။

ပြောရရင် . . .
နေမင်းတစ်ခုလုံး
နေ့နေ့ညည ပြုတ်ပြုတ်ကျနေတဲ့ကွင်းပြင်ရယ်ပါ။
တမင်တကာ နေဆာထွက်လှုံသူကလှုံ
ကိုယ့်အားကိုယ် ကိုးသူကကိုး၊
သူ့အားကို ကိုးသူကကိုးနဲ့
တောင်ပံချင်းတူပေမဲ့
လှုပ်ခတ်ပုံချင်းကွဲပြားတဲ့အခါ
ဘ၀တွေဟာ ခရစ်စ်အိန်ဂျယ်လ်ရဲ့ ပြကွက်ဆန်းတွေလို
ရုပ်ပြောင်းရုပ်လွှဲ မြန်လွန်းခဲ့ရပါပြီ။

ငါမရောက်ဖူးတဲ့ ဧဒင်ဥယျာဉ်မှာတော့
ငါမမြင်ဖူးတဲ့လူတချို့က
ငါမကြားဖူးတဲ့ သီချင်းကိုဆို
ငါမသောက်ဖူးတဲ့ဝိုင်ကို သောက်လို့
ဟူး . . .
ငါတို့မှာတော့ ပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံ။

တကယ်ဆို . . .
မျက်ရည်တွေကျနေရုံနဲ့
မလုံလောက်ဘူး။
ကရုဏာတွေသက်နေရုံနဲ့
မလုံလောက်ဘူး။
ရက်ရောခြင်းတွေ ကြက်ပျံမကျ
စည်ကားသိုက်မြိုက်နေရုံနဲ့
မလုံလောက်ဘူး။
အခုပဲ ကြည့်စမ်း . . .
ငါ့လို ကဗျာတစ်ပုဒ်
ရွတ်ဆိုနေရုံနဲ့ မလုံလောက်ဘူး။
အဲသည့်ကွင်းပြင်မှာ
မျှော်လင့်ခြင်းကင်းပြီး
မှဲ့တစ်ပေါက်မစွန်းသေးတဲ့
ရိုးသားခြင်းတွေလည်း
အလုအယက်
ဖူးပွင့်တတ်ဖို့လိုသေးတယ်။

ဘာပဲဖြစ်ဖြစ်
ဒါဟာ . . .
အဲသည်မေလ ကစပြီး နောင်နှစ်များစွာထိ
စိတ်နှလုံးတစ်လုံးတစ်ဝတည်းနဲ့
ငါတို့ကပြဖို့ ဘုရားသခင်ရေးတဲ့
ဇာတ်ညွှန်းတစ်ပုဒ်ပေါ့။
ဘ၀ကို ကျေးဇူးတော်အမြင်နဲ့ ရှုမြင်တတ်ဖို့
ဘုရားသခင်က သွန်သင်တယ်။
ဒါပေမဲ့
တချို့ကျတော့
ခုထက်ထိ
ဖု/ ထစ် / ကြမ်း/ ရှ  နေကြတုန်းပဲ။
အင်း . . . .
တကယ်ဆိုရင် ငါတို့အားလုံး
မျဉ်းတပြေးတည်း
ချောမွတ်ကြဖို့ လိုသေးတယ်။

စုမီအောင်
ခရစ်စ်အိန်ဂျယ်လ် - ကမ္ဘာကျော်မျက်လှည့်ပညာရှင်တစ်ဦး

ကိုရွေး၊ ပန်းချီသန်းမြင့်အောင်(ကွယ်လွန်)၊ အံ့ဘွယ်ဇင်တို့ စီစဉ်သည့် မေရဲ့ပန်းပွင့်(သို့မဟုတ်) ကမ်းပါးပေါ်က ကျွံကျသွားသော’အမည်ရှိ နာဂစ်အလွန်ခံစားမှုကဗျာများ (ကဗျာဆရာ ၁၀၁ယောက် ပါဝင်၊ ကဗျာရေးသူများ ကိုယ်တိုင်ရွတ်ဆိုသည့် အသံစီဒီချပ်ပူးတွဲပါရှိ)) စာအုပ်တွင် ပုံနှိပ်ဖော်ပြပြီး။

• • • • • • • • • • • • • • • • • • • • • • • • • • • •

ဘ၀အခန်းများ

စေ့စေ့တွေးကြည့်တော့
ညက . . .
ကောင်းကောင်းအိပ်ပျော်ခဲ့သားပဲ။
အိပ်မက်ဆိုးလည်း မမက်ခဲ့ဘူး
အီရတ်ကိုလည်း မရောက်ဖူးဘူး။
House of Wax လည်း မကြည့်ဖူးဘူး
ဒါနဲ့များ . . .
ငါ့နှလုံးတွေက တထိတ်ထိတ်လန့်လို့။

ပြောချင်တာက
ဒါမဟုတ်ဘူး။
တစ်နေ့တစ်နေ့
မချစ်ဘဲနေလို့မရတာတွေ
ချစ်ချစ်နေရတာနဲ့
မမုန်းဘဲနေလို့မရတာတွေ
မုန်းမုန်းနေရတာနဲ့
နည်းနည်းလေးမှ ငါမအားဘူး။

ပြောချင်တာက
မ၀ါးဘဲနေလို့မရတာတွေ ၀ါး-၀ါးနေရတာနဲ့
ငါ့သွားဖုံးတွေ နာတယ်။
မမျိုဘဲနေလို့မရတာတွေ မျို-မျိုနေရတာနဲ့
ငါ့လည်ချောင်းက နင်တယ်။
မသွားဘဲနေလို့မရတာတွေ သွား-သွားနေရတာနဲ့
ငါ့ခြေထောက်တွေ ကိုက်တယ်။
မညှိဘဲနေလို့မရတာတွေ ညှိ-ညှိနေရတာနဲ့
ငါ့အချိန်တွေ ကုန်တယ်။
မကြည့်ဘဲနေလို့မရတာတွေ ကြည့်-ကြည့်နေရတာနဲ့
ငါ့မျက်လုံးတွေစပ်တယ်။
မပြောဘဲနေလို့မရတာတွေ ပြော-ပြောနေရတာနဲ့
ငါ့လျှာတွေ လိပ်တယ်။
မကြားဘဲနေလို့မရတာတွေ ကြားကြားနေရတာနဲ့
ငါ့နားတွေ ပူတယ်။
မရေးဘဲနေလို့မရတာတွေ ရေး-ရေးနေရတာနဲ့
ငါ့လက်တွေ စွာတယ်။
မရယ်ဘဲနေလို့မရတာတွေ ရယ်-ရယ်နေရတာနဲ့
ငါ့ပါးတွေ ညောင်းတယ်။
မငိုဘဲနေလို့မရတာတွေ ငို-ငိုနေရတာနဲ့
ငါရင်တွေ ကျင်တယ်။

မယူဘဲနေလို့မရတာတွေ ယူ-ယူနေရတာနဲ့
ငါ့ဒူးတွေ ပွန်းတယ်။
မပေးဘဲနေလို့မရတာတွေ ပေး-ပေးနေရတာနဲ့
ငါ့ခါးတွေ ကိုင်းတယ်။
မတောင်းဘဲနေလို့မရတာတွေ တောင်းတောင်းနေရတာနဲ့
ငါ့သွေးတွေ ဆူတယ်။

ဘ၀ကြီးမှာ
တစ်နေ့တစ်နေ့
မလုပ်ဘဲနေလို့မရတာတွေ
လုပ်လုပ်နေရတာနဲ့
လုပ်လုပ်နေရတာနဲ့
လုပ်လုပ်နေရတာနဲ့ . . . . . .
အင်း  . . . . .
စေ့စေ့တွေးကြည့်တော့လည်း
ညက
ကောင်းကောင်းအိပ်ပျော်ခဲ့သားပဲ။  ။

စုမီအောင်
(ပန်းအလင်္ကာစာပေမဂ္ဂဇင်း၊ မေ၊ ၂၀၁၀)

• • • • • • • • • • • • • • • • • • • • • • • • • • • •

ဒီအတိုင်းပဲလား . . . ဆို

ဆွတ်ဆွတ်ဖြူနှလုံးသားနဲ့ ငါလာခဲ့စဉ်က
ကမ္ဘာတစ်ခွင်ဟာ သိချင်စရာအပုံအပင်နဲ့
အရောင်တဖိတ်ဖိတ် လွင်လို့၊ တောက်လို့၊
ငါ့မျက်လုံးတွေကျိန်းစပ်ရလွန်းလို့
အကြိမ်ကြိမ်ငိုခဲ့ရသေးတော့။
အချိန်အခါမဲ့ မှိန်သထက် မှိန်လိုက်လာတဲ့ကမ္ဘာ။

ခပ်လှမ်းလှမ်းဆီက ချပ်ပြားဂြိုဟ်ကမ္ဘာကြီးကတော့
အံ့ဘနန်းဖြစ်ရပ်တွေ သိုကာဝှက်လို့၊
ငါ့ကို ညိုတိုတို ကြည့်နှင့်ခဲ့ပြီ။
ကြာလေလေ ပကတိ ရိုးစင်းသွားလေလေ။
မင်းရော . . ငါရော . . သူရော . . .
မင်းတို့ရော . . .ငါတို့ရော . . .သူတို့ရော . . .။
ဒီအတိုင်းပါပဲလား။

တစ်ကိုယ်ရေဖော်မဲ့ လမ်းထွက်ခဲ့လည်း
ငါ့ခြေထောက်အောက်က လမ်းမကြီးဟာ ဒီအတိုင်းပဲ။
ချစ်သူ့လက်ခိုတွဲ လမ်းထွက်ခဲ့လည်း
ငါ့ခြေထောက်အောက်က လမ်းမကြီးဟာ ဒီအတိုင်းပဲ
ဖိနပ်စုတ်နဲ့ ထွက်ခဲ့ပြန်လည်း
ငါ့ခြေထောက်အောက်က လမ်းမကြီးဟာ ဒီအတိုင်းပဲ။
ကိုယ်ပိုင်ကားနဲ့ထွက်ခဲ့ပြန်လည်း
ငါ့ကားဘီးတွေအောက်က လမ်းမကြီးဟာ ဒီအတိုင်းပါပဲ။

နံနက်ခင်းဝတ်စုံနဲ့ အကျအန ထွက်ခဲ့တော့လည်း
လေညင်းတွေရဲ့ နှုတ်ဆက်ပုံက ဒီအတိုင်းပဲ။
တစ်ရေးနိုးဝတ်စုံနဲ့ ဖရိုဖရဲထွက်ခဲ့တော့လည်း
လေညင်းတွေရဲ့ နှုတ်ဆက်ပုံက ဒီအတိုင်းပဲ။
တေးသီကျူးလို့ ထွက်ခဲ့တော့လည်း
လေညင်းတွေရဲ့ နှုတ်ဆက်ပုံက ဒီအတိုင်းပဲ။
ရေရွတ်ဆိုဆဲ ထွက်ခဲ့တော့လည်း
လေညင်းတွေရဲ့ နှုတ်ဆက်ပုံက ဒီအတိုင်းပဲ။
အားလုံးဟာ တစ်ထပ်တည်း . . . .ဒီအတိုင်းပါပဲ။

အောင်မြင်မှုတွေနဲ့ ငါ့ရင်ဘတ်ငါကော့ပြီး ထွက်ခဲ့တော့လည်း
ငါ့ဦးခေါင်းပေါ်က ကောင်းကင်ဟာ ဒီအတိုင်းပဲ။
ဆုံးရှုံးမှုတွေနဲ့ ငါ့ကျောကုန်းငါပိုးပြီး ထွက်ခဲ့တော့လည်း
ငါ့ဦးခေါင်းပေါ်က ကောင်းကင်ဟာ ဒီအတိုင်းပဲ။

ချွေးပြန်တဲ့မျက်နှာနဲ့ အလုပ်ခန်းက ထွက်ခဲ့တော့လည်း
ငါ့ဦးခေါင်းပေါ်က ကောင်းကင်ဟာ ဒီအတိုင်းပဲ။
ဝိုင်အနီတွေနှုတ်ခမ်းသပ်လို့ကာရာအိုကေခန်းက ထွက်ခဲ့တော့လည်း
ငါ့ဦးခေါင်းပေါ်က ကောင်းကင်ဟာ ဒီအတိုင်းပဲ။
အားလုံးဟာ တစ်ထပ်တည်း . . . ဒီအတိုင်းပါပဲ။

မွေးဖွားသန့်စင် သက်ဝင်ပုံလည်း ဒီအတိုင်းပဲ။
မြေမှာကြွေခ သေရပုံလည်း ဒီအတိုင်းပဲ။
ဆို . . ဒါနဲ့များ
ဘယ်လို . . ဘာကြောင့် . . .ဘာဖြစ်လို့
မင်းက ငါ့ကို
ငါက မင်းကို . . . ။             ။

စုမီအောင်
(နွယ်နီမဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၀၈)

• • • • • • • • • • • • • • • • • • • • • • • • • • • •

အောင်မြင်ခြင်း

ကြားဖူးတာက
ကောင်းကင်ဟာ ကျယ်ပြန့်သတဲ့။
ဘယ်သူ သူ့လောက် ဖြန့်ကျက်နိုင်မှာလဲ။
ကျွန်မတွေ့ဖူးတဲ့ကောင်းကင်ကတော့
ပြတင်းတစ်ပေါက်စာလောက်ပဲ  . . . .ကျယ်တယ်။

ကောင်းကင်နဲ့မိတ်ပျက်လို့
စိတ်ဓာတ်ကျလာပုံရတဲ့ တိမ်တွေက
ကျွန်မနဲ့မိတ်ဆွေ ဖြစ်ချင်လို့တဲ့
ကျွန်မလဲလျောင်းရာ ဂျပ်ဆင်မြက်ခင်းပြင်ပေါ်
တအိအိနဲ့ပဲ . . . .ပြိုတယ်။

အဲဒီတိမ်ပြိုတွေရယ်
ပိုနေတဲ့အချိန်တွေရယ်
လိုနေတဲ့စည်းစိမ်တွေရယ်
ကျွန်မကိုယ်ကျွန်မ ပူးချည်လိမ်တော့
ကျွန်မဟာ အတ္တနဲ့ ၀-၀လာတဲ့ မီးပုံးပျံတစ်စင်းပေါ့
က္ကုနြေ္ဒတစ်ခွဲသားနဲ့ပဲ . . . .တက်မယ်။

ကောင်းကင်ရဲ့ အံ့ဘနန်းကျယ်ပြောမှုကို
ရင်သပ်ရှုမောဖြစ်ရုံရှိသေး၊
ငါ့တိမ်တွေပြန်ပေး တဲ့၊ သူက . . .
အိုနေတဲ့တယောနဲ့ပဲ . . . .ညှို့တယ်။

ဟုတ်ကဲ့ပါရှင်၊ ပေးပါ့မယ်လို့
ကတိပြုပြီးတာနဲ့
ကျွန်မက ကောင်းကင်ကိုမေ့တယ်၊ တိမ်တွေကို မေ့တယ်။
ပြီးတော့
လှလှပပကလေးပဲ ကျွန်မကိုယ်ကျွန်မ ရွေ့တယ်။
မေ့တယ် . . .
ရွေ့တယ် . . .
ရွေ့တယ် . . .
မေ့တယ်။

တိမ်တွေကတော့ ခွင့်ခါသင့်တိုင်း
ထ-ထ ငြင်းတယ်။
စုမီအောင်ကို တို့မသိဘူးတဲ့၊
ဟုတ်မှာပဲ ဟုတ်မှာပဲ . . .
ကျွန်မကလည်း ကျွန်မမှ မဟုတ်တော့တာကြာပြီပဲ။

စုမီအောင်
(သဇင် အောင်မြင်ခြင်းမဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၂၀၁၀၊ စင်ကာပူနိုင်ငံထုတ်)

• • • • • • • • • • • • • • • • • • • • • • • • • • • •

ဘရိတ်ကင်းနယူးနဲ့ ငါမအားဘူး

မခေါ်မဖိတ်
မပြောမဆို
ဗြုန်းစားဗြင်းစားကြီး ဖြတ်-ဖြတ်ဝင်လာတဲ့
ကမ္ဘာကြီးရဲ့ နိစ္စဓူဝသတင်းထူးတွေက
ငါ့အိမ်တွင်းကို
နေမင်းတစ်ထောင်သယ်လာတယ်။

တစ်နေ့ပြီးတစ်နေ့
အသက်ရွေ့အောင်
မှန်းချက်တစ်စ နှမ်းထွက်လှအောင်
စည်းတွေ ဘောင်တွေ ခေါက်ရိုးတွေနဲ့
ငါ့အလုပ်ခွင်မှာ
တစ်နေကုန်အောင်
ဟုတ်ချင်ယောင်ဆောင်လိုက်ရတာ၊
အိမ်ရောက်တော့လည်း
ဘရိတ်ကင်းနယူးနဲ့ ငါမအားဘူး။

အယ်လ်ဂျာဇီးယား
ရုရှတူဒေး
နယူးအေးရှား
ဘယ်ဆီဘယ်လှည့်
တည့်တည့်တိုးနေတဲ့
အနိဌာရုံမြင်ကွင်းစုံက
ငါ့ရင်အုံကို မီးကင်တယ်။
ရုရှားနဲ့ ဂျော်ဂျီးယား
အီရတ်နဲ့ အမေရိကား
မက်ကိန်းနဲ့ အိုဘားမား
မအားမလပ် ရှုပ်ခတ်ရတဲ့အထဲ
ကြားဖြတ်ဝင်-၀င်လာတဲ့ သတင်းတွေနဲ့
မျက်တောင်ခတ်ဖို့ ငါမေ့တယ်။

အားအားရှိ ထ-ထလောင်နေတဲ့တောမီး
တစ်ဆိတ်ရှိ ထ-ထနွှဲနေတဲ့ စစ်ပွဲ
ဆင်းရဲမွဲတေ၊ အစာရေစာပြတ်လပ်မှု၊
သဘာဝကပ်ဆိုး၊ ကူးစက်ရောဂါ အဖြာဖြာ
ဒါတွေက . . . .
နှစ်ဆယ့်သုံးခုမြောက် ဆာလံကျမ်းလို
မကျက်ဘဲ အလွတ် ရ-ရနေတဲ့
ကမ္ဘာကြီးရဲ့ နိစ္စဓူဝ ဂါထာတွေပဲလား
ဗျာဒိတ်ကျမ်းထဲမှာတော့
ဘုရားသခင်က အတိအကျ ဆိုတယ်။
ငါတစ်ဖန် ပြန်ကြွလာမယ်တဲ့။
နီးနေပြီလား . . . .ဝေးတုန်းပဲလား . . . .
ဘာပဲဖြစ်ဖြစ်
ခရစ်စမတ်လက်ဆောင်တွေ ဖြန့်ခင်းပြီး
မွေးနေ့တော်ကို ကြိုဆိုချင်လို့
နှစ်ဆယ့်ငါး ဒီဇင်ဘာ ရောက်တဲ့အခါ
မဖြစ်မနေ ငါ့ကို နှိုးပါ။
လောလောဆယ်တော့
ဘရိတ်ကင်းနယူးနဲ့  ငါမအားဘူး။

စုမီအောင်
(သဇင်အောင်မြင်ခြင်းမဂ္ဂဇင်း၊ ၂၀၀၉)

• • • • • • • • • • • • • • • • • • • • • • • • • • • •

အစား

သူများတိုင်းပြည်မှာ ကျွန်လုပ်မယ့်အစား
ငါ့တိုင်းပြည်မှာ ဆရာကြီးလုပ်မယ်။
လူတွေကတော့ အဟုတ်ထင်ကြမှာပဲ။

ဟက်ပီးဝေါလ်သွားမယ့်အစား
ပူစီ နန်စီနဲ့ ငါ့အိမ်မှာ ဆော့မယ်
စိတ်ကတော့ လွတ်လပ်မှာပဲ။

ဒေးလ်ကာနက်ဂျီ ထိုင်ဖတ်မယ့်အစား
ဖြတ်သွားဖြတ်လာ လူတွေကို စကားလှမ်းဆိုမယ်
မိတ်ဆွေတော့ ရမှာပဲ။

ဟစ်ပ်ဟော့ပ်သီချင်း နားထောင်မယ့်အစား
ငါ့တူမလေး ကကြီးခကွေး ရွတ်တာ နားထောင်မယ်
နားဝင်ပီယံတော့ရှိမှာပဲ။

အိုင်စီရှိုးသွားမယ့်အစား
လမ်းဘေးအုတ်ခုံဂစ်တာဝိုင်းကို ထိုင်နားထောင်မယ်
ကျေနပ်မှုတော့ရမှာပဲ။

မာလာငါးကင် စားမယ့်အစား
ကုလားဗယာကြော် ၀ယ်စားမယ်
ဗိုက်ကတော့ပြည့်မှာပဲ။

ဆကူရာ အထပ်နှစ်ဆယ်မှာ ထိုင်မယ့်အစား
ရေကျော်မောင်အေးမှာ ထိုင်မယ်
လက်ဖက်ရည်တော့ကောင်းမှာပဲ။

ရွှေ့ဧည့်သည်ကို သုံးရာပေး စီးမယ့်အစား
၅၀ ကားကို ကျပ်ငါးဆယ်နဲ့ ပေးစီးမယ်
လှည်းတန်းဘက်တော့ ရောက်မှာပဲ။

လပ်ဗီးဂက်စ်သွားမယ့်အစား
မဂိုလမ်းပဲသွားတော့မယ်
ထူးဆန်းတာတော့ တွေ့ရမှာပဲ။

ဘာပဲဖြစ်ဖြစ်
ငါမှာတာ မေ့မပစ်နဲ့
ညနေသုံးနာရီ
တွေ့နေကျ အွန်လိုင်းမှာတွေ့မယ်။
ကယ်ပါ ကူပါ တစာစာနဲ့
ဗိုင်းရပ်စ်တွေတော့ သယ်မလာနဲ့။
ဘ၀မပျက်လောက်ပေမဲ့
သတ်နေရတာ
Beze phyit tal အလုပ်ရှုပ်တယ်။

စုမီအောင်

 • • • • • • • • • • • • • • • • • • • • • • • • • • • •

တို့ရဲ့အိမ်ဟာ တို့ရဲ့အိမ်ပဲ ဖြစ်တယ်

အချစ်ရေ
အိမ်တစ်လုံးဆောက်ရအောင်ကွယ်
အများတကာလိုတော့ ဟုတ်မယ်မထင်ဘူးပေါ့။
တို့ရဲ့အိမ်ဟာ တို့ရဲ့အိမ်ပဲ ဖြစ်တယ်။
သစ္စာတရားကို အုတ်မြစ်ချပြီး
ချစ်ခြင်းတရားကို ပနက်ရိုက်မယ်။
မေတ္တာတရားကို နံရံလုပ်ပြီး
အကြင်နာတရားနဲ့ အုပ်မိုးမယ်
တို့ရဲ့အိမ်ဟာ တို့ရဲ့အိမ်ပဲ ဖြစ်တယ်။

လှေကားတွေ တို့အိမ်မှာ မရှိဘူး၊
နားလည်မှုဟာ တို့နေ့စဉ် အတက်အဆင်းပြုရမယ့်
လှေကားထစ်တွေဖြစ်တယ်
တို့ရဲ့အိမ်ဟာ တို့ရဲ့အိမ်ပဲ ဖြစ်တယ်။

ပြတင်းတံခါးတွေ တို့အိမ်မှာမရှိဘူး
လိုက်လျောမှုဟာ အဖွင့်အပိတ်မရှိတဲ့
တံခါးရွက်တွေဖြစ်တယ်
တို့ရဲ့အိမ်ဟာ တို့ရဲ့အိမ်ပဲ ဖြစ်တယ်။

မှန်တင်ခုံလည်း တို့အိမ်မှာမရှိဘူး
မြတ်နိုးမှုဟာ တို့အပြန်အလှန်ရှုမြင်ရမယ့်
မှန်ချပ်တွေဖြစ်တယ်
တို့ရဲ့အိမ်ဟာ တို့ရဲ့အိမ်ပဲ ဖြစ်တယ်။

တီဗီ စလောင်းနဲ့ ခြင်ဆန်ခါတွေ တို့အိမ်မှာ မရှိဘူး
ကြမ်းပြင်ပေါ်တို့အတူထိုင်ပြီး
ခြင်ဆေးတစ်ခွေစာစကားတွေ မအိပ်ခင်ပြောမယ်
တို့ရဲ့အိမ်ဟာ တို့ရဲ့အိမ်ပဲ ဖြစ်တယ်။

ဒိန်ခဲ၊ ထောပတ်၊ အသားညှပ်မုန့်တွေ တို့အိမ်မှာမရှိဘူး
စက္ကန့်မလပ် ဂရုစိုက်မှုဟာ
တို့နေ့စဉ် စားသုံးရမယ့် အာဟာရတွေဖြစ်တယ်
တို့ရဲ့အိမ်ဟာ တို့ရဲ့အိမ်ပဲ ဖြစ်တယ်။

ဆိုဖာ ဆက်တီခုံတွေ တို့အိမ်မှာ မရှိဘူး
တစ်နေ့တာ မောပန်းတဲ့အခါ
ချစ်စနိုးကျီစယ်မှုနဲ့ အပြုံးတွေကို ဖျာခင်းထိုင်မယ်
တို့ရဲ့အိမ်ဟာ တို့ရဲ့အိမ်ပဲ ဖြစ်တယ်။
ကက်ဆက် စီဒီ အမ်ပီသရီးတွေ တို့အိမ်မှာ မရှိဘူး
မောင်ရေ အချစ်ရေ ခေါ်ထူးသံနဲ့
ချစ်ခြင်းဖွဲ့သီ သံစဉ်ညှိမယ်
တို့ရဲ့အိမ်ဟာ တို့ရဲ့အိမ်ပဲ ဖြစ်တယ်။

လက်ကိုင်ဖုန်းတွေ တို့အိမ်မှာမရှိဘူး
ဖွင့်ထားတဲ့စိတ်နှလုံးဟာ ဘယ်ဆီရောက်ရောက်
အလိုအလျောက်သိနိုင်တဲ့ ဆက်သွယ်ရေးကိရိယာဖြစ်တယ်
တို့ရဲ့အိမ်ဟာ တို့ရဲ့အိမ်ပဲ ဖြစ်တယ်။

စိန်ရွှေ ရတနာ တို့အိမ်မှာ မရှိဘူး
ယုံကြည်ကိုးစားမှုဟာ ဘယ်သူကမှ
ခိုးယူရောင်းချ မပြုနိုင်တဲ့အဖိုးတန်အရာတွေဖြစ်တယ် တို့ရဲ့အိမ်ဟာ
တို့ရဲ့အိမ်ပဲ ဖြစ်တယ်။

မော်တော်ကားတွေ တို့အိမ်မှာ မရှိဘူး
တစ်ယောက်ကတစ်ယောက်ကို အားပေးနှစ်သိမ့်မှုဟာ
ပန်းတိုင်ဆီ အရောက်သွားဖို့ အမြန်ဆုံးသောယဉ်ဖြစ်တယ်
တို့ရဲ့အိမ်ဟာ တို့ရဲ့အိမ်ပဲ ဖြစ်တယ်။

သည်လိုနဲ့ တို့သေလွန်တဲ့အခါ
တို့ရဲ့အိမ်ဟာ
ကမ္ဘာတည်သရွေ့ ခိုင်ခံ့ရှင်သန် ကျန်ရစ်လိမ့်မယ်။
တို့ရဲ့အိမ်ဟာ တို့ရဲ့အိမ်ပဲ ဖြစ်တယ်။
ကဲ . . . .
အဲသည်လိုမျိုး အိမ်တစ်လုံးကို
တို့ အခုပဲ ဆောက်ကြပါစို့လား အချစ်ရယ်။

စုမီအောင်
၈နှစ်မြောက်နိုဝင်ဘာအိမ်လေးသို့
(Family မဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၀၇)

• • • • • • • • • • • • • • • • • • • • • • • • • • • •

ပြီးပြည့်စုံတဲ့ကောင်းကင်ဘုံ

ရှေးရှေးတုန်းက
ပန်းချီဆရာတစ်ဦးဟာ
စုတ်တံတစ်ချောင်းကိုင်လို့
မျဉ်းတစ်ကြောင်းရေးဆွဲလိုက်တယ်။
အထက်အရပ်အ၀န်းနဲ့ အောက်အရပ်အ၀န်းကို ပိုင်းခြားထားတဲ့
ကန့်လန့်ဖြတ်မျဉ်းတစ်ကြောင်းပေါ့။
အဲဒီမျဉ်းဟာ ခပ်ပါးပါးမဟုတ်ဘဲ
ထူပျစ်စေးထန်းနေခဲ့တယ်ဆိုတာ သူကိုယ်တိုင်မသိလိုက်ဘူး။

အဲဒီနောက် . . .
မျဥ်းရဲ့အောက်ဘက်မှာ လူတစ်ယောက်ကို သူရေးဆွဲတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ အရောင်အမျိုးမျိုး
ပြောင်းလဲသွားတတ်တဲ့ လူတွေကို မြင်ဖူးထားတဲ့ ပန်းချီဆရာဟာ လူကို
ဘာအရောင်ခြယ်ရမယ် မသိခဲ့ဘူး။
အဲဒီနောက် . . .
အိမ်ကိုရေးဆွဲပြန်တယ်။
ယိုင်နဲ့နဲ့တဲကုပ်ကို အိမ်လို့ခေါ်သလား
မိုးမျှော်အဆောက်အဦတွေကို အိမ်လို့ခေါ်သလား
မကွဲပြားလေတဲ့ ပန်းချီဆရာဟာ အိမ်ပုံကို ခုထိမရေးနိုင်ရှာဘူး။
အဲဒီနောက် . . .
သစ်ပင်တွေကို ရေးဆွဲပြန်တယ်။
ဝါကြန့်ကြန့်ရွက်ခြောက်ပင်တွေကြား ကြီးပြင်းလာခဲ့တဲ့ ပန်းချီဆရာဟာ သစ်ပင်တွေကို
စိမ်းမြမြရောင်ခြယ်ဖို့ လက်တွန့်ခဲ့ရပြန်တယ်။
အဲဒီနောက်
ပင်လယ်ကို သူရေးဆွဲပြန်တယ်။
သွေးမင်ရောင် လှိုင်းထခဲ့တဲ့ ပင်လယ်ပြင်ကို မျက်ဝါးထင်ထင်
မြင်ဖူးထားတဲ့ သူ့မျက်လုံးတွေက ပင်လယ်ကို အပြာရောင်ခြယ်ဖို့ ခွင့်မပြုကြဘူး။
သည်လိုနဲ့
မျဥ်းရဲ့ အောက်ပိုင်းဟာ
တွေဝေမှု၊ မသဲကွဲမှု၊ မယုံကြည်မှုတွေရဲ့အောက်မှာ
စုန်းစုန်းမြုပ်ခဲ့တယ်။

ပန်းချီဆရာက ထင်သတဲ့
သူ့ရဲ့ပန်းချီကားဟာ တစ်ဝက်သာပြီးဆုံးတယ်။
(ဒါမှမဟုတ်)ဘာတစ်ခုမှ မပြီးဆုံးသေးဘူးလို့ပေါ့။
တကယ်တော့
သူဘာမှ မရေးဆွဲလိုက်ရသေးတဲ့ မျဉ်းရဲ့အထက်ပိုင်းဟာ
ပန်းချီကား တစ်ချပ်လုံးရဲ့ အနှစ်သာရဖြစ်ပြီး]
အဲသည်ပန်းချီကားပြီးဆုံးခဲ့ပြီဖြစ်ကြောင်း
ပြောပြနေတယ်။
ခက်တာက
အဲဒါကို သူ တစ်စက်ကလေးမှ မရိပ်မိလိုက်ဘူး။

ပန်းချီဆရာခမျာ
ကန့်လန့်ဖြတ်မျဉ်းတစ်ကြောင်းကို ခုထိ
(အစကနေပြန်လို့)
ယောင်နနနဲ့ ရေးဆွဲကောင်းနေတုန်း၊
ရှေးရှေးတုန်းကပေါ့။             ။

စုမီအောင်
(ပန်မဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၂၀၀၇)

No comments: