Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Wednesday, July 31, 2013
ယုံကြည်ပါ ဒီနေ့တစ်နေ့က အကောင်းဆုံးဆိုတာ
အမ်မာမော်လီ နဲ့ ဒက်စ်တာမေဟောတို့ အီဒင်ဘတ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ကြပြီ။ အဲဒီညမှာပဲ အယ်မာ့အခန်းကို ဒက်စ်တာ လိုက်ပို့ခဲ့သည်။ ဘွဲ့ကလေးကိုယ်စီ ပူပူနွေးနွေးရထားသည့် လူငယ်တွေပီပီ အတွေ့အကြုံအသစ်အဆန်းကိုမြည်းစမ်းလိုစိတ်နဲ့ ခုတင်လေးတစ်လုံးပေါ်မှာ ညတစ်ညကို သူတို့အတူတကွ မျှဝေစားသုံးလိုက်ကြသည်။ ဒါပေမဲ့ အဆန်းအပြားကိစ္စတွေမပါ။ အယ်မာက ဒက်စ်တာ့ရင်ခွင်ထဲ ကွေးကွေးကလေး မှေးစက်လို့၊ ဒက်စ်တာက အယ်မာ့ကို ရိုးရိုးကလေးပွေ့ဖက်လို့၊ ကဗျာစာပေတွေ ချစ်မြတ်နိုးသည့် အယ်မာ့အလိုကို လိုက်ကာ အစီအစဉ်မကျနစွာ စကားလုံးတွေ ကြိုးစားရွတ်ဆိုပြောပြနေခဲ့သည်။
`ဒီနေ့ ၁၉၈၈၊ ဇူလိုင် ၁၅၊ စိန့်စွတ်တင်းနေ့၊ နေ့ကလေးတစ်နေ့မှာ မိုးတွေရွာနေတယ်၊ တချို့..တချို့ တချို့သောအရာတွေကတော့ တင်ကျန်ရစ်ဆဲပဲ…´။
အယ်မာက သိမ့်သိမ့်ကလေးပြုံးရယ်ရင်း ဒက်စ်တာ့ကို စသည်။ `ဒါပေမဲ့ အပြင်မှာ အခု မိုးရွာမနေပါဘူး´။
အယ်မာ လန်ဒန်ကမက္ကဆီကန်စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်သွားလုပ်တော့ ခုတင်လေးကို သယ်ယူသွားသည်။ ဒက်စ်တာက ခုတင်ကူသယ်ပေးရင်း ပြောသည်။ တစ်ညတာ အတူတူဝေမျှမှေးစက်ခဲ့တဲ့ခုတင်လေးပဲတဲ့။ ညတွေမှာ ဒီခုတင်လေးပေါ် အိပ်စက်နားခို၊ နေ့တွေမှာ အလုပ်လုပ်ဖို့ အယ်မာတွေးထားသည်။ စာတွေရေးချဖို့ လက်နှိပ်စက်ရှိသည်၊ စာအုပ်တွေရှိသည်၊ ဒီဆိုင်မှာ စားပွဲထိုးအလုပ်လုပ်ရဦးမည်။
“မင်းရည်မှန်းချက်ကဘာလဲ”လို့ အလုပ်အတူလုပ်သူ `လန်´ကမေးတော့ အယ်မာက ရယ်ကျဲကျဲနဲ့ `စားပွဲထိုးသရုပ်ဆောင်၊ စားပွဲထိုးမော်ဒယ်၊ စားပွဲထိုးစာရေးဆရာမ လေ´လို့ပြောလိုက်သည်။
လန်က သူ့အိမ်လိုက်လည်ဖို့ခေါ်သည်။ `မင့်ရည်းစား ခေါ်လာလည်းရတယ်´တဲ့။
“ကျွန်မ အိမ်ကို သိပ်ကြိုက်တယ်၊ သက်သောင့်သက်သာစားသောက်လို့ရသလို၊ လွတ်လွတ်လပ်လပ်ငိုကြွေးလို့လည်း ရ တယ်၊ ခက်တာက အဲဒီလိုအိမ် ကျွန်မမှာမရှိဘူး”
ဒီမိန်းကလေးကို ရွှန်းရွှန်းစားစားကြည့်ကာ အိမ်တစ်လုံးဖန်တီးပေးချင်စိတ်တွေ `လန့်´ရင်မှာ တောင်လိုဖြိုးမောက်ချိန်၊ အယ်မာ့စိတ်ထဲမှာ တော့ သူငယ်ချင်းလေး ဒက်စ်တာ့ကိုပဲ အောက်မေ့လွမ်းဆွတ်နေသည်။ ဖုန်းဆက်ကာ ရင်ဖွင့်သည်။
“’ဒက်စ် လန်ဒန်က ငါ့နှလုံးသားကို ကြီးစိုးခြယ်လှယ်နေပြီ၊ ငါလေ..ခက်ခဲလွန်းပြီး မဖြစ်နိုင်တာတွေ လုပ်မိနေပြီလားပဲ၊ ဘယ်သူကမှ ငါဒီမှာရှိတာမသိကြဘူး၊ ငါ့ကဗျာစာတွေ သိဖို့ဆိုတာ ဝေလာဝေးပေါ့…”
အယ်မာနဲ့သာဖုန်းပြောနေသည်၊ ဒက်စ်တာ့အနားမှာ မိန်းမလှလေးတစ်ယောက်နဲ့။ လူရှုပ်ကလေးဒက်စတာ။ အယ်မာ့ဆီက မရခဲ့ဖူးတာတွေကို အခြားမိန်းကလေးတွေဆီမှာ လောဘတကြီးရှာဖွေမိသည်လား မဆိုနိုင်။ အယ်မာအလုပ်လုပ်သည့်ဆိုင်ကို ဒက်စ်တာ လာလည်တတ်သည်။ လူမြင်ကွင်းမရှောင် အနမ်းပေးစရာမိန်းမလှတစ်ယောက်ယောက် ရှိနေတတ်တာကို အယ်မာစိတ်ပျက်မိသည်။ ဆိုင်သိမ်းချိန်တစ်နေ့မှာ လေးနက်တဲ့မျက်ဝန်းတွေနဲ့ အယ်မာ့ကိုကြည့်ကာ ဒက်စ်တာပြောသည်။
“ နားထောင်အယ်မာ၊ ဒါကနင့်နေရာမဟုတ်ဘူး၊ နင် ကဗျာတွေ စာတွေ ရေးနေရမှာ…”
“ ဘ၀က ကဗျာတွေပဲထိုင်ရေးနေလို့ မရဘူး၊ ပိုက်ဆံကို ငါဘယ်က သွားရမှာလဲ၊ ငါလည်း ကြိုးစားနေတာပဲ၊ ဒါပေမဲ့ ကျရှုံးနေသလို ခံစားရတယ်”
အယ်မာ ဒက်စ်တာကို ငေးကြည့်သည်။ ဒက်စ်တာက Raucous Late-Night Show တီဗီအစီအစဉ်တင်ဆက်သူအဖြစ် အောင်မြင်ကျော်ကြားနေပြီ။ အ၈င်္ါကြာသပတေးလိုနေ့တွေမှာ အုပ်စုလိုက် မိန်းကလေးတွေနဲ့ ပျော်ပါးသည်။ ဒါတွေသိရက်နဲ့ ဒီလူရှုပ်လေးကို ဘာလို့မမေ့နိုင်အောင်ဖြစ်နေရပါလိမ့်။ အယ်မာမသိတော့။ နှစ်တွေ တစ်နှစ်ပြီးတစ်နှစ်ကြာညောင်းခဲ့ပေမဲ့ ဒက်စ်တာ လည်း အယ်မာ့ကိုမေ့မရ။ အလုပ်ကိုယ်စီလုပ်ရင်း ဝေးကွာနေချိန်တွေမှာ လွမ်းလွမ်းဆွတ်ဆွတ်သတိမိသလို တွေ့ပြန်တော့လည်း စကားပြောဆိုလို့ အဆင်မပြေ။ တစ်ယောက်နဲ့တစ်ယောက် တစ်စက္ကန့်မျှမေ့မရနိုင်အောင် တမ်းတလွမ်းဆွတ်နေပါလျက် တွေ့လိုက်တိုင်း မခံချည့်မခံသာစကားလုံးတွေနဲ့ ပစ်ပေါက်မိကြသည်။ ဒက်စ်တာက ပြင်သစ်မှာကျောင်းဆရာမလုပ်နေရသည့် အယ်မာ့ကို ခနဲ့တဲ့တဲ့ ပြောသည်။ `အင်းပေါ့လေ၊ စာသင်နိုင်ပြီးပညာတတ်တဲ့သူနဲ့ ပညာမဲ့တဲ့သူ ကွာတာပေါ့´။ ဒီလိုခနဲ့တာမျိုးကို အယ်မာမကြိုက်၊ ဒက်စ်တာ က အယ်မာ့ ရှေ့မှာတင် အခြားမိန်းမလှလေးတွေနဲ့ ပရောပရီလုပ်ပြသည်။ မနာလိုစိတ်နဲ့အတူ အချစ်စိတ်တွေ သူ့ဘက်ကို ပြုံကျထိုးစိုက် လာမည်လို့ ဒက်စ်တာတွက်ဆလေသလား။ အယ်မာ့ဆီက ဒက်စ်တာ ဘာကိုလိုချင်နေတာလဲ။ တစ်ခါဆိုဆိုသလောက်တွေ့လိုက်တိုင်း လောဘဒေါသမောဟ စကားလုံးတွေနဲ့ ပစ်ပေါက်နေတတ်သည်။ အယ်မာက အခြားမိန်းကလေးတွေလိုမဟုတ်။ နှလုံးသားထဲက ဘယ်လောက်ပဲချစ်ချစ် ကောက်ရိုးမီးလို ခဏခဏထထတောက်နေသည့် ဒက်စ်တာကို စိတ်ပျက်နေပြီ။
“နင်က နင်မှမဟုတ်တော့တာပဲ”
အယ်မာကျောခိုင်းသွားတော့လည်း ဒက်စ်တာ ရင်ကွဲပက်လက်ဖြစ်ပြန်ပြီ။ ဒီလိုပဲ၊ အဆင်ခြင်မဲ့စကားလံုးတွေ သူတစ်ဖက်သား ကို ပေါက်ပေါက်ဖောက်သလို တရစပ်ဖောက်ခွဲအော်ဟစ်လိုက်၊ ပြီးရင် သူပဲ တောင်းပန်းတိုးလျှိုးလိုက်နဲ့ တွေ့တိုင်း ကွိုင်ပူနေတတ် တဲ့သူ။
ကျောခိုင်းထွက်ခွာသွားရာကနေ ဒက်စ်တာ့ဆီ အယ်မာပြန်လှည့်လာသည်။ တွေ့လား၊ ဒီမိန်းမ ငါ့ကို ပစ်ခွာမသွားနိုင်ပါဘူး ဒက်စ်တာတွေးသည်။ ဒက်စ်တာကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ကာ အယ်မာ အလောတကြီးပြောသည်။
“ နင့်ကို ငါ သိပ်ချစ်တယ် ဒက်စ်တာ”ဒက်စ်တာပျော်သွားသည်၊ ဒါပဲလေ၊ ဒီလိုပဲဖြစ်ရမှာပေါ့၊ ဒါပေမဲ့အယ်မာ့လက်တွေက သူ့ကိုတွယ်ဖက်ရာကနေ ရုတ်တရက်ကြီး ပြုတ်ကျသွားသည်။
“ ဒါပေမဲ့ နင့်ပုံစံ ဒီအချိုးတွေကို ငါလုံးဝမကြိုက်တော့ဘူး”
ပြတ်သားတဲ့စကားနဲ့အတူ အယ်မာ အခုတကယ်လှည့်ထွက်သွားပြီ။
ဘ၀က ဘာမဆို အတက်အကျမြန်သည်။ မနေ့ကပဲ အယ်မာရှိသည်။ ဒီနေ့မရှိတော့။ tv Late-Night Show အစီအစဉ်က လည်း လူအသစ်ခေါ်ပြီ။ သူ့ကို မလိုချင်တော့။ သူ့ကိုလိုချင်သူမိန်းမလှလေးတစ်ယောက်တော့ ရှိသည်။ ဆယ်လ်ဗီးက ဒက်စ်တာ့ကို လက်ထပ်မည်တဲ့။ လက်ထပ်ဖိတ်စာသွားပေးတော့ အယ်မာက ၀မ်းသာအယ်လဲချီးမွမ်းစကားဆိုသည်။ သူငယ်ချင်းတွေပဲ ဂုဏ်ယူပေးရ မှာ ပေါ့။ ဖိတ်စာက မွှေးလိုက်တာလို့ အယ်မာဆိုတော့ ဒက်စ်တာက ရှက်ပြုံးပြုံးရင်း `လာဗင်ဒါနံ့´လို့ ဆိုသေးသည်။
“ မဟုတ်ပါဘူး၊ ဒါ ပိုက်ဆံအနံ့ ပါ”
အယ်မာ့စိတ်ထဲ ဆယ်လ်ဗီးက ဒက်စ်တာကို ငွေနဲ့ပေါက်ယူသည်လို့ စွပ်စွဲချင်နေသလားပဲ။
အမြဲတမ်းပြောချင်နေကျ စကားလုံးလေးကိုတော့ အယ်မာပြောဖြစ်အောင်ပြောလိုက်ချင်သည်။
“ ငါ နင့်ကို လွမ်းတယ် ဒက်စ်”
“ ငါလည်း ဒီလိုပဲ”ဒက်စ်တာက မဆိုင်းမတွပြန်ပြောရင်း အယ့်မာ့ နဖူးပြင်လေးကို နမ်းသည်။ တစ်ယောက်နဲ့တစ်ယောက် အတိုင်းဆမဲ့ လွမ်းတတ်နေတဲ့ကြားက ဘယ်လိုအရာတွေက ဝေးကွာပြိုကွဲအောင် ရက်ရက်စက်စက် ဖန်တီးခဲ့ပါလိမ့်။
ဇူလိုင်လတွေ ကြိမ်ဖန်များစွာကုန်ပြန်ပြီ။ ၂၀၀၃ရဲ့ဇူလိုင် ၁၅။ ပြင်သစ်ကိုလာမယ့် ဒက်စ်တာ့ကို အယ်မာလာကြိုသည်။
“ နင့်ကြည့်ရတာ စာရေးဆရာမပုံပေါက်တယ်” ။ အယ်မာက စာရေးဆရာဖြစ်နေပြီ။ ညဉ်းသိုးသိုးဖြစ်နေသည့် ဒက်စ်တာ့ကို ကရုဏာမျက်ဝန်းတွေနဲ့ ကြည့်ကာ အယ်မာမေးသည်။
“ နင့်ပုံစံကရော”
“ ငါလား…အင်း..လင်မယားကွဲလာတဲ့ပုံပေါ့”
လူပုံစံကသာ ညဉ်းသိုးသိုးဖြစ်နေပေမဲ့ မျက်လုံးတွေက အနှောင်အဖွဲ့ကလွတ်လာသူလို လွတ်လပ်ကြည်လင်နေပြီး စကားလုံး တွေကလည်း သူ့ပင်ကိုဟန်အတိုင်း ပေါ့ပေါ့ပါးပါး။
“ နင် ဆယ်လ်ဗီးနဲ့ကွဲခဲ့လို့ ၀မ်းနည်းယူကျုံးမရဖြစ်နေမယ် ငါထင်ခဲ့တာ..။ ငါတွေးတာက နင်ငိုချလိုက်ဖို့ မှီစရာပခုံးတစ်ဖက် တော့လိုလိမ့်မယ်ပေါ့၊ ပြီးတော့…….တစ်ယောက်ယောက်နဲ့အိပ်ဖို့လည်း လိုမှာပဲ၊ ငါ နင်နဲ့အတူတူ အိပ်ပေးမယ်လို့လည်း တွေးနေတာ၊ ငါတို့ ဘွဲ့ယူတဲ့နေ့တုန်းကလို….တကယ့်ကို ရိုးရိုးကလေးလေ…”
ထင်သလောက် အခြေအနေဆိုးပုံမရ။ အယ်မာ့စိတ်တွေပေါ့ပါးသွားသည်။
“ဒီည ဂျိမ်းပီရာ ရဲ့ဂျက်ဇ်ဂီတပွဲသွားမလို့၊ လိုက်ခဲ့လေ”’ဒီတော့မှ ဒက်စ်တာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ရပြီ။ ဂီတပွဲအပြင်ဘက်မှာ ထိုင်စောင့်နေသည့် ဂျက်ဇ်သမားကိုမြင်တော့ အယ်မာပြောင်းလဲသွားပြီလို့ နားလည်လိုက်ရသည်။ `ငါနားမထောင်တော့ဘူး၊ တခြား ´ရုပ်ရှင်ကြည့်ပြီး အခန်းကိုပြန်နှင့်မယ်၊ မနက်အစော ငါထပြန်တော့မယ်´ဆိုကာ ဒက်စ်တာ လှည့်ပြန်သွားသည်။
ပီယာနိုတီးနေသည့် ဂျွန်ပီရာအနားမှာထိုင်နားထောင်ရင်း အယ်မာ စိတ်ရှုပ်ထွေးလာသည်။ ခါတိုင်း နှစ်ခြိုက်တပ်မက်ခဲ့တဲ့ ဂျက်ဇ်တေးသွားက ခုည ဆားမပါတဲ့ဟင်းလို ပေါ့ပျက်ပျက်၊ ဖွယ်တယ်တယ်နဲ့။ု ဒါဘယ်လိုဖြစ်ရတာပါလိမ့်။ ရုတ်တရက် ဂီတပွဲကနေ အမြန်ထကာ ဒက်စ်တာ့နောက် အပြေးအလွှးလိုက်သည်။ ဒက်စ်တာလမ်းခုလတ်မှာပဲ ရှိဦးမည်။ ခပ်လှမ်းလှမ်းမှာ လေးကန်ကန်ခြေလှမ်း တွေနဲ့ သွားနေတဲ့ ဒက်စ်ကိုမြင်တာနဲ့ အမီလိုက်ကာ အယ်မာလှမ်းခေါ်ရသည်။
“ ဒက်စ်ရေ..ကျွန်မကို ခဏစောင့်ပါ”
ဘုရားသခင်၊ ငါ့ကို ခဏစောင့်ပါလို့မပြောဘဲ ဘယ်လိုကဘယ်လို ကျွန်မလို့ပြောမိသွားပါလိမ့်။ အယ်မာအသံကြားတာနဲ့ ဒက်စ် တအံ့တသြလှည့်ကြည့်သည်။ နှစ်ယောက်သား ပြေးပွေ့ကာ အားကောင်းပြီးတိုတောင်းလှတဲ့ အနမ်းတိုလေးတစ်ခု ဖျတ်ခနဲနမ်းမိလိုက် ကြသည်။ အနမ်းကို ရုပ်သိမ်းကာ ဒက်စ်တာမျက်နှာကို အနီးဆုံးကပ်ကြည့်ရင်း မျက်ရည်လည်ရွှဲနဲ့ အယ်မာ ပြောသည်။
“ ဒက်စ် ရှင် ကျွန်မကို ဦးဆောင်ပါ၊ ဒါမှမဟုတ် ကျွန်မရဲ့အနောက်မှာ ရှိနေပေးပါ၊ ဒါမှမဟုတ် ကျွန်မကို ခေါ်သွားပါ၊ ဒါမှမဟုတ် ကျွန်မကို အသေသတ်သွားပါ”။
မမျှော်လင့်ဘဲ ကံကြမ္မာက အယ်မာ့ကို ရက်ရက်စက်စက်သတ်ပစ်လိုက်သည်။
ကော်ဖီဆိုင်မှာ အလုပ်လုပ်နေသည့် ဒက်စ်တာ့ဆီ အယ့်မာ့ဖုန်း ၀င်လာသည်။
“ကျွန်မ နည်းနည်းနောက်ကျမယ်၊ ဒါပေမဲ့ အခု ပြန်လာနေပြီ လမ်းမှာ…”
တကယ်တမ်းမှာ အယ်မာ ဒက်စ်တာ့ဆီ ဘယ်တော့မှ ပြန်မလာနိုင်တော့ပြီ။ ဒက်စ်တာ့ဆီ အမြန်ရောက်လိုဇောနဲ့ အလုပ်က အပြန် စက်ဘီးကို အတင်းနင်းကာ လမ်းကြားလေးထဲကဖြတ်အထွက် ထရပ်ကားကြီးတစ်စီးက တည့်တည့်ဖြတ်ဝင်တိုက်လိုက်သည်။
သမီးလေးဂျက်စမင်းကို ခေါ်ကာ အယ်မာနဲ့သွားခဲ့ဖူးသည့် တောင်ကုန်းလေးပေါ် ဒက်စ်တာ ရောက်လာခဲ့သည်။
“ အဖေ ဒီနေရာကို အယ်မာနဲ့ ခဏခဏ လာလား”
“ တစ်ခါတည်းပါ”
“ အယ်မာ့ကို လွမ်းလား”
တစ်နေ့သာ ပေါင်းသင်းခွင့်ရလိုက်သည့် ဇနီး။ မလွမ်းဘဲ ဘယ်ရှိပါ့။ အယ်မာမရှိတဲ့နောက် သူ့ဘ၀တစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်နေစဉ်က ဒက်စ်တာ့ကို အဖေက သူ့ဘ၀နဲ့နှိုင်းဆကာ ပြောခဲ့သည်။ “လွန်ခဲ့တဲ့ ၁၀နှစ်လုံးလုံး ငါဘာတွေ လုပ်ခဲ့တယ်လို့မင်းထင်လဲ၊ မင့်အမေ မရှိတော့ဘဲနဲ့လေ…” ကင်ဆာရောဂါနဲ့ ဘ၀ထဲကထွက်ခွာသွားသည့် အမေ့ကို ပြန်မြင် ကာ အဖေ့ဘ၀ကို စာနာတတ်ခဲ့ပြီ။ ဒီတုန်းက အဖေပြောခဲ့သည့်စကားကြောင့် ပြိုလဲနေသည့်ဘ၀က ခွန်အားအသစ်နဲ့ ပြန်လည် နိုးထ လာခဲ့ရသည်။
“ သား..မင်းဘ၀မှာ အယ်မာရှိသေးတယ်လို့ သဘောထားပြီး ကြိုစားနေထိုင်ကြည့်ပါလား”တဲ့။
“ ဟင် အဖေ ပြောလေ အယ်မာ့ကိုလွမ်းလား”လွင့်ပျံ့နေသည့်စိတ်အလုံးစုံပြန်ရုပ်သိမ်းကာ သမီးဂျက်စမင်းဆီ အာရုံနှစ်ရ သည်။
“ သူက အဖေ့ရဲ့အကောင်းဆုံး သူငယ်ချင်းပဲ”
“အခုကော အကောင်းဆုံးသူငယ်ချင်းက ဘယ်သူလဲ”
“ သမီးပေါ့၊ ဒီသမီးလည်း ဖြစ်နိုင်တာပဲ”
“ သမီးကတော့ အမေလို့ ထင်တာပဲ”
ဟုတ်တာပေါ့။ အယ်မာမရှိတဲ့နောက် အမူးမူးအရူးအရူး၊ အစုတ်စုတ်အပြတ်ပြတ် လဲကျနေတဲ့ တစ်နေ့ သမီးကို သူ့ဆီလာ ပို့ပေးရင်း မြင်တွေ့ခဲ့တဲ့ ဆယ်လ်ဗီးက သူ့ကို မနိုင်မနင်းပွေ့ချီသယ်လို့ အဖေ့အိမ် ပို့ပေးခဲ့သည်ပဲ။ ဒီမြင်ကွင်းကို သမီးက အသေအချာမြင်ခဲ့ သူဆိုတော့ သမီးပြောတာလည်း မှန်သည်လို့ ဒက်စ်တာ ၀န်ခံပါသည်။
Xxxxxxxx
အယ်မာနဲ့ ဒက်စ်တာကို ကြည့်ကာ ဘ၀မှာ ဘာအရေးအကြီးဆုံးလဲ ကျွန်မ အဖြေရှာနေမိသည်။ လောဘ ဒေါသ မောဟတွေ နဲ့ တစ်ယောက်က တစ်ယောက်ကို လုံးထွေးသတ်ပုတ်ရင်း အချိန်တွေကုန်ဆုံးပစ်လိုက်ဖို့ ကျွန်မ အင်မတန်ထိတ်လန့် ကြောက်ရွံ့ သွားခဲ့ပြီ။ ပူလောင်ပြင်းပြတဲ့ ရမ္မက်ဆန္ဒ ပိုင်ဆိုင်မှုတွေကို ဖယ်ခွာချပြီး ဖြူစင်တဲ့သူငယ်ချင်းလိုစိတ်ထားနဲ့ တစ်ယောက်က တစ်ယောက်ကို အကောင်းဆုံးတွေ ပံ့ပိုးလုပ်ဆောင်ပေးရင်း အချိန်တွေ ကုန်ဆုံးစေဖို့ ကျွန်မတို့ အားထုတ်တတ်ဖို့လိုပါသည်။ တိုတောင်း လှတဲ့ဘ၀ထဲမှာ ဒီနေ့တစ်နေ့ကသာ အကောင်းဆုံးနေ့ ဖြစ်တယ်ဆိုတာကို အပြည့်အ၀ ယုံကြည်လက်ခံရင်းနဲ့ပေါ့။
(ဂျူနီယို၊ Family မဂ္ဂဇင်း၊ သြဂုတ်)
One Day
Director: Lone Scherfig
Writers: David Nicholls (screenplay), David Nicholls (book)
Stars: Anne Hathaway, Jim Sturgess, Tom Mison
Wednesday, July 17, 2013
ဆယ့်ကိုး ဂျူလိုင် မမေ့နိုင်
ဇူလိုင်လ ၁၉ရက်  စနေနေ့သို့ ရောက်ခဲ့ပြန်ပြီ။အနှစ် ၆၆ ပင်  တိုင်ခဲ့သော်လည်း ပြည်သူတို့ကား  မမေ့။
ယင်းနေ့ကို  အာဇာနည်နေ့ဟု ခေါ်တွင်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ထိပ်တန်း ခေါင်းဆောင်ကြီးများ မသမာသူတို့၏ လက်ချက်ဖြင့် သွေးမြေကျသည့်နေ့ဟုဆိုက မမှားပေ။
အချိန်က နံနက်၁၀နာရီ ၃၇မိနစ်။ မိုးက တစိမ့်စိမ့်ရွာနေသည်။
မှုံမှိုင်းသော ကောင်းကင်ကြီးအောက်ဝယ် လောကသည် ထုံထိုင်းနေဟန်။
ထိုနေ့က ဗိုလ်ချုပ်သည် ထူးထူးခြားခြား သနပ်ခါးရောင် ဘန်ကောက်လုံခြည်နှင့် မန္တလေး ပိုးတိုက်ပုံအင်္ကျီကို စမတ်ကျကျ ၀တ်ဆင်ကာ ဆံပင်ကိုလည်း သေသပ်ကျနစွာ ဖီးသင်ခဲ့သည်ဟု ဆိုသည်။  
ပြုံးပြုံးရွှင်ရွှင်နှင့် သမီးထွေးလေး “မမစု" ကိုယုယစွာ နမ်းရှုပ်နှုတ်ဆက်ပြီး အိမ်မှထွက်လာခဲ့သည်ဟု သူ၏ အပါးတော်မြဲ ဗိုလ်ထွန်းလှ  (စာရေးဆရာ တက္ကသိုလ်နေ၀င်း ) က မှတ်တမ်းတင်ခဲ့သည်။
ဗိုလ်ချုပ်ကို စည်းဝေးခန်းမရှိ သဘာပတိ ထိုင်ခုံတွင် နေရာချထားပြီးမှ သူ့ရုံးခန်းသို့ ပြန်သွားခဲ့သည်ဟု ဗိုလ်ထွန်းလှက ဆို၏။
ထိုအစည်းအဝေးတွင် ဘရင်းဂန်းအလက် ၂၀၀ ပျောက်ဆုံးသည့်ကိစ္စကို  ဆွေးနွေးရန်ရှိသည် ဆို၏။
သို့သော်လည်း ရန်သူက လက်ဦးသွားခဲ့ပြီတည်း။
ဗိုလ်ချုပ်နှင့် ၀န်ကြီးများ အတွင်းဝန်ရုံးတွင် စည်းဝေးစတင်နေပြီ။
ရုံးရှေ့ကို ဂျစ်ကားတစင်း တည်ငြိမ်စွာ ထိုးဆိုက်လာ၏။ ကားပေါ်မှ စစ်ဝတ်စုံနှင့် လက်နက်ကိုင် တစု အိနြေ္ဒရရ  ဆင်းလာသည်။
ဝန်ကြီးများစည်းဝေးထိုင်ရာ ရုံးခန်းအတွင်းသို့ ပြောင်ပြောင်တင်းတင်း ၀င်ရောက်သွားကြပြီ။ မကြာမီ ..
 ဒိန်း…ဒိန်း….ဒိန်း….ဒက်..ဒက်..ဒက်…ဒိုင်း ..ဒိုင်း  ဒိုင်း ..ဟူ၍ သေနတ်သံများ  ပေါက်ကွဲ ဆူညံစွာ  ဆက်တိုက်ထွက်ပေါ်လာ၏။
စည်းဝေး  ခန်းမကြီး တခုလုံး  ယမ်းနံ့ ဖြင့် မွန်းကြပ်ကာ ယမ်းငွေ့ မျာဖြင့်  ပိန်းပိတ် ရီမှောင်သွားခဲ့။
မတ်တတ်ရပ် လက်ကာပြရင်း တခုခု ပြောလိုက်သော ဗိုလ်ချုပ်ကိုယ်ခန္ဓာပေါ်သို့ သေနတ်ကျည်ဆန်အတောင့်  (၁၃တောင့်) က တဆက်တည်း စုပြုံဝိုင်းအုံ ထွင်းဖေါက် ၀င်ရောက်သွားသည်။ ဗိုလ်ချုပ်ကို  အဓိက  ပြစ်မှတ်ထား တိုက်ခိုက်ခြင်း။
ဗိုလ်ချုပ်ကိုယ်မှ ထွက်ကျလာသည့် ရဲရဲနီစွေးသော သွေးတို့သည် ခန်းမကြမ်းပြင်သို့ ချောင်းသဖွယ်   ယိုစီးရင်း ဗိုလ်ချုပ်ခန္ဓာကိုယ်က အလဲလဲ  အပြိုပြို နှင့် ပက်လက်လန်ကျသွားတော့သည်။ လျှပ်တပြက် အသက်ဝိညာဉ် ကင်းမဲ့သွားသည့် ဗိုလ်ချုပ်ခန္ဓာကိုယ်သည်ကား မလှုပ်မယှက်။ 
သွေးအိုင်တွင်းဝယ် ထာဝရ အိပ်စက်ခြင်းဖြင့် အနားယူ သွားခဲ့ရော့ထင့်။
 တတိုင်းတပြည်လုံး အုံးအုံးကြွက်ကြွက်၊ အထက်ဘ၀ဂ်မှ အောက်နရက်တိုင် ငရဲပွက်သို့ ရဟန်းရှင်လူ သူသူငါငါ တုန်လှုပ် ခြောက်ခြားကြကုန်၏။ ဤမျှ  ရက်စက် နိုင်လွန်းသည့် ဖြစ်ရပ်ကို မည်သူတွေ ကျူးလွန်ဝံ့သနည်း။ (အဖြေက ရှိပြီးဖြစ်ပါသည်။)
“ဘယ်ရှေးကံငယ် ဖန်နိုင်အားရက်တယ်  …နတ်မင်းတို့ နေနိုင်တယ်” ဟုသာ ငိုချင်းချရပေတော့မည်။ 
ဗိုလ်ချုပ်နှင့်အတူ ဦးဘ၀င်း၊ မန်းဘခိုင်၊ စပ်စံထွန်း၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးရာဇတ်၊ ဦးအုံးမောင်၊ မောင်ထွေးတို့သည်လည်း အတုံးအရုံး ကျဆုံးခဲ့ကြသည်။
နှစ်လနာရီ  ..ချိန်ရာသီ ရွေ့ပေမဲ့ ..အာဇာနည်နေ့ကိုတော့ …မမေ့သင့်ပါသလေ..
ယနေ့ဖြင့်  ..အသိတရား  ရဖို့ အခြေ … .တွေးရှုကာပဲ  အလေးပြု ပါတယ်လေ..။
(အလေးပြုနေရုံဖြင့် မပြီးသေးပါ။ တဲ့။ နောင်လာနောက်သားများအတွက် အာဇာနည်စိတ်ဓါတ် ပွားများလာစေရန် တိုင်းပြည်အတွက် စွန့်လွှတ် အနစ်နာခံယူချင်စိတ် ပေါ်ထွန်းစေရန်  အမှတ်တရ ကျောက်တိုင်များစိုက်ထူပေးဖို့အာဇာနည်ကုန်းကို ယခုထက် ခမ်းနားစွာ ပြုပြင်မွမ်းမံပေးဖို့  အများကြီး လိုအပ်နေပါသေးသည်။)
ခင်မေသစ်
ဝါဆိုလပြည့် ဓမ္မစကြာနေ့
(မေမေပို့ပေးတဲ့ စာ)
ပြုဗ္ဗသာန်ကြယ်ထွန်းလို့ ၊ လ၀န်းတဲ့သော်တာ၊
သည်ချိန်ကို ယုဂန်ဖျားက နှစ်ပါးရောင်ခြည်စိုက် ၊
လင်းခိုက်မို့သာ။
ရနံ့ငယ်ဖြာ၊ ညှာတံက ငုံဖူး၊
ပုန်းညက်ညို ပင်မင်းက ၊
သင်းပျံ့လိုကြူး။
စသည် ရှေးစာဆိုတို့က တင်စားဖွဲ့နွဲ့ခဲ့သည်။
“ရေလျှံတဲ့ လ၀ါဆိုမှာ ၊ပုန်းညက်ညိုမာလာမင်းက သင်းလှတယ်လေး။”
ဟူ၍တသွယ် “မာလာပုန်းညက် ပွင့်မှန်ကူတယ် ၊ မမူ့တမူ ခိုင်အနွဲ့၊ မကြူ့တကြူ ကြိုင်အလှဲ့နှင့် ၊ ဂနိုင်ပိုင်ချဲ့ ဘုရင်စံ။”
ဟူ၍တမျိုး ၀ါဆိုမိုးနှင့် ရာသီပန်းကို  ဖွဲ့နွဲ့ကြသည်။
ဗုဒ္ဓမြတ်စွာ သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ဦးစွာ မိဂဒါဝုန်တောသို့ ကြွချီတော်မူသည်။ ဘုရားရှင်သည် မိဂဒါဝုန်တောရှိ အဇ္ဇပါလညောင်ပင်ရင်းဝယ် ထိုင်တော်မူကာ  ၀ါဆိုလပြည့် စနေနေ့တွင် ပဉ္စ၀ဂ္ဂီငါးဦးတို့အား တရားဦးဟောခဲ့သည်။ထို့ကြောင့် ၀ါဆိုလပြည့်သည် ထူးခြားသော နေ့တနေ့ ဖြစ်သည်။
အချိန်က ယုဂန်ဖျားတွင် နေနှင့်လ နှစ်ပါး စုံညီ လင်းရောင်ဖြာလွင်ဆဲ။ နေမင်းက နှုတ်ဆက်ထွက်ခွာရန် အပြင် လမင်းက လည်း လပြည့်ညမို့  စောစီးစွာ ထွက်ပြူဝင်းပ လာနေစဉ်။
ဒွေမေဘိက္ခဝေ။ အန္တာ ပဗ္ဗဇိတေန နသေ၀ိတဗ္ဗာ၊
ကတမေဒွေ ယောစာယံ ကာမေသု ကာမ သုခလိကာ၊
နုယောဂေါ၊ ဂါမ္မော၊ ပေါထုဇ္ဇနိကော၊အနရိယော၊ 
အနတ္တသံဟိတော၊
ယောစာယံအတ္တကိလမထာ နုယောဂေါ၊ ဒုက္ခော အနရိယော၊
အနတ္တသံဟိတော။
အစချီကာပီသ ကြည်မြသော အသံတော်ဖြင့်  ဓမ္မစကြာ တရားတော်မြတ်ကို လူသားငါးဦးသာ ပါရှိသည့် နတ်ဗြဟ္မာတို့အား တရားရေအေး တိုက်ကြွေး ဟောကြားတော်မူခဲ့သည်။အယုတ်တရားနှစ်ပါး ဖြစ်သည့် ဆင်းရဲပင်ပန်းခြင်းသာ ဖြစ်စေသော   အစွန်းရောက် အတ္တကိလမထာ နုယောဂ နှင့်ကာမသုခလ္လိကာ နုယောဂ  တို့ကို ပယ်သတ်ရန်။အလယ်အလတ် မဉ္ဇိမပဋိပဒါ လမ်းစဉ်ကိုလိုက်ရန် ညွှန်ကြားတော်မူခဲ့သည်။ ထိုမှ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ဖြစ်သော..
ကောင်းသောအယူယူခြင်း။
ကောင်းသောအကြံအစည်ရှိခြင်း။
ကောင်းသောစကားကိုဆိုခြင်း။
ကောင်းသောအလုပ်လုပ်ခြင်း။
ကောင်းသော အသက်မွေးခြင်း။
ကောင်းစွာအားထုတ်ခြင်း။
ကောင်းသော သတိရှိခြင်း။
ကောင်းစွာတည်ကြည်ခြင်း
စသည်တို့ကို ဆုံးမတော်မူပြီး ဒုက္ခသစ္စာ။ သမုဒယသစ္စာ။ နိရောဓသစ္စာ။မဂ္ဂသစ္စာတည်းဟူသော  သစ္စာလေးပါးကို ညွှန်ပြတော်မူခဲ့သည်။
ဒုက္ခသစ္စာ ဆိုသည်မှာ မလိုလားအပ်သော ဆင်းရဲခြင်းမျိုးစုံ ကြုံဆုံရခြင်း။
သမုဒယသစ္စာ ဆိုသည်မှာ တွယ်တာနှောင်ဖွဲ့သဖြင့် သောကဗျာပါဒဖြင့် ဆင်းရဲပင်ပန်းခြင်း။
နိရောဓသစ္စာဆိုသည်မှာ ထိုဒုက္ခအပေါင်းမှ ချုပ်ငြိမ်းခြင်း။ ကင်းပျောက်ခြင်း။
မဂ္ဂသစ္စာဆိုသည်မှာ. ဆင်းရဲခြင်းအကြောင်းရင်းအမှန်ကို ထိုးထွင်းရှုမြင် နိုင်ခြင်း တို့ဖြစ်သည်။ ထိုမှ အသဝေါတရားကုန်ခမ်းကာ နိဗ္ဗာန်မဂ်ဖိုလ်ကို ဆိုက်ရောက်နိုင်ပါသည် တဲ့။
ကျွန်မတို့တတွေ ဘုရားပေးသည့်နည်းကို မသိ မဟုတ် သိကြပါသည်။ တကယ်လိုက်နာကျင့်သုံးဖို့က အဝေးကြီး။ ဒါန ကုသိုလ်နှင့်သာ သူသူငါငါ  လူ့ဘ၀ကို စွန်ခွာ ထွက်သွားနေကြသည်။ခေါင်းအမျိုးမျိုးပြောင်း၍ ဘ၀အထိုထို ကျင်လည်ကြရာတွင် အကယ်၍  လူပြန်မဖြစ်ခဲ့သည်ရှိသော်..ကျွန်မတို့ သာသနာနှင့် ကမ္ဘာ အသင်္ချေ ဝေးကြရတော့မည်။ လူ့ခေါင်း လူ့ဦးနှောက်ကို မပိုင်ဆိုင်သည့် ဘုံဘ၀တခုခုတွင် ရောက်ရှိသွားသည်ရှိသော် ယခုလို တရားတော်မြတ်ကို ဘယ်သို့ ဖြောင့်စွာ နာယူကြပါမည်နည်း။
“ခွင့်သာတုန်းမှ မရုန်းချင်လျှင် ၊အရှုံး နင့်ပြင် ရှိသေးရှာလိမ့်လား။” “ခွင့်သာဆဲမှ ၊ မခဲပါလျှင်၊ အလွှဲနင့်ပြင် ရှိသေးလေလိမ့်လား။" “ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား" ဟူ၍ လယ်တီဆရာတော်ဘုရားသက်ရှိစဉ်က မေးတော်မူခဲ့သည်။
ကျွန်မတို့ ဘယ်လို အဖြေမျိုးကို ပေးနိုင်မလဲ။ 
ခင်မေသစ်
Tuesday, July 16, 2013
Schni Schna Schnappi ~ Schnappi Schnappi Schnappi
အရင်က အစ်ကိုပို့ဖူးတဲ့သီချင်းလေး
ဂျာမန်လိုလေး ကလေးလေး ဆိုထားတာချစ်စရာကောင်းလိုက်တာ။
အင်္ဂလိပ်စာသားလေးဖတ်ကြည့်တော့ ချစ်စရာ စိတ်ဝင်စားစရာပိုကောင်းသွားပြန်ရော
I am Schnappi the little crocodile.
I come from Egypt, it lies right on the Nile.
At first I lay in an egg,
Then I schni- schna- snap myself free.
Schni Schna Schnappi
Schnappi Schnappi Schnapp
Schni Schna Schnappi
Schnappi Schnappi Schnapp
I am Schnappi the little crocodile,
I have sharp teeth and they are quiet pretty.
I hog what I can snap,
Yes I snap because I can do it so well.
Schni Schna Schnappi
Schnappi Schnappi Schnapp
Schni Schna Schnappi
Schnappi Schnappi Schnapp
I am Schnappi the little crocodile,
I like to snap, it's my favorite game.
I creep onto my mommy,
And show her how I can snap.
Schni Schna Schnappi
Schnappi Schnappi Schnapp
Schni Schna Schnappi
Schnappi Schnappi Schnapp
I am Schnappi the little crocodile,
And because I'm snapping I don't get there very much.
I briefly bite into my dad's leg,
And then I easily shrink.
Schni Schna Schnappi
Schnappi Schnappi Schnapp (Snap)
Schni Schna Schnappi (Yes)
Schnappi Schnappi Schnapp (Snap)
Schni Schna Schnappi (Mhmm)
Schnappi Schnappi Schnapp (Yes)
Schni Schna Schnappi
Schnappi (Hmm) Schnappi Schnapp
ထန်းစန်းဂူကို ရောက်ဖူးပါသလား
photo from Living Fashion Magazine Facebook
ထန်းစန်းလိုဏ်ဂူဘုရားကိုဖူးမြော်ဖို့ အရောက် လှမ်းကြခဲ့ကြပါလို့ ဖိတ်ခေါ်ပါတယ်။ ထန်းစန်းဂူဆိုတာ ပအို့ဝ်ဘာသာနဲ့ ခေါ်ဆိုတာ ဖြစ်ပြီး မြန်မာလိုကတော့ 'စိမ့်စမ်းရေကြည် စီးထွက်ကျဆင်းရာကျောက်ဂူ' ပါတဲ့။
နွေရာသီ အပန်းဖြေစခန်းမြို့တစ်မြို့ ဖြစ်တဲ့ တောင်ကြီးမြို့ နဲ့သိပ်မဝေးလှပါဘူး။အလွန်ဆုံး၂၆မိုင် (ကီလိုမီတာ ၄၂)လောက်ပဲ ကွာပါလိမ့်မယ်။တကယ်တော့ သည်တောသည်တောင် သည်နေ ရာ တွေက သဘာဝစိမ့်စမ်းတွေနဲ့ ကျောက် လိုဏ်ဂူကြီး တွေ ထူထပ်သိပ်သည်းတဲ့ နေရာတွေပါ။ လူသူအရောက် အပေါက် သိပ်မရှိလှပါဘူး။ 
တောရိပ်တောင်ရိပ်ကိုမှ ခိုလှုံလိုသူ သူတော် ကောင်းတွေ ပုန်းအောင်းပျော်စံရာနေရာတွေပေါ့။ ဒီလိုပါပဲ ။လွန်ခဲ့တဲ့ ၂၅ခန့်က ဟိုပုန်းကိုရင်ကလေးလို့ နာမည်တွင်ခဲ့တဲ့ ရှင်ပေါရိဿ တရားမွေ့လျော်ရာစခန်း တွေပေါ့။
ဒီတုန်းက ၁၆နှစ်သားပဲ ရှိသေးတာပါ။ တစ်စတစ်စနဲ့ ကိုရင်လေးက လိုဏ်ဂူကိုနည်းနည်းချင်း ဖွင့်ခဲ့တယ်လို့ဆိုတယ်။ နောက်တော့ ဒကာတွေ ဒကာမတွေ မိတ်ဆွေတွေသာမက လူပေါင်းစုံ ပါဝင်လာပြီးပေါက်တူးပေါက်ပြား တွေယူ၊ လမ်းခင်းကြ၊ ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြနဲ့ ပြုလုပ်လာကြတယ်။ 
ဂူနံရံမှာထုကြ ၊ ထွင်း ကြ၊ စေတီပုထိုး ဘုရားတည်ကြနဲ့။ ၂ဝဝ၉ ခုမှာ စတင်ဖွင့် လှစ်ခဲ့တာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ ထန်းစန်းဂူဟာ တောင်ပိုင်း ရှမ်းပြည် ဟိုပုန်းမြို့နယ် ထန်းစန်းရွာမှာတည်ရှိပြီးတော့ ဟိုပုန်း နဲ့ ၁ဝမိုင် (၁၆ကီလိုမီ တာ)သာဝေးပါတယ်။ အလွန်အံ့သြ ဆန်းကြယ်ဖွယ်ရာ သဘာဝထုံး ကျောက်လိုဏ်ဂူ အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပင်လယ်ရေ မျက်နှာပြင်အထက် မီတာ ၁၈ဝဝ မှာရှိပါသတဲ့။ တောင်ပိုင်းရှမ်းပြည်ရဲ့ အထင်ကရ ကက္ကူစေတီတော်မြတ်သို့လည်းသွားရောက် ဖူးမြော်ဖို့မဝေးလှပါဘူး။
နတ်တို့ ထုဆစ်ထားကြလေသလား ထင်မှတ်မှား ရလောက်အောင် ထူးဆန်းအံ့သြ ဖွယ်ကောင်းတဲ့ သဘာဝကျောက်စက်ပန်းဆွဲတွေနဲ့ လှိုဏ်ဂူဟာ တင့်တယ်လှပလို့နေတယ်။ ဂူအတွင်းမှာ ချောင်းငယ်ကလေး တစ်ခု ဖြတ်သန်းစီးဆင်းနေတာမို့ ခရီးသွားတွေကို ငြိမ်းအေးချမ်းမြမှုပေးပါတယ်။
ဘာသာတရားရိုသေကိုင်းရှိုင်းကြတဲ့ ပအို့ဝ်တိုင်းရင်းသားတွေဟာ မိမိတို့ ရိုးရာဓလေ့ဝတ်စုံတွေကို မစွန့်ပယ်ဘဲမြတ်နိုးချစ်ခင်စွာ ဝတ်ဆင်ပြီးပျားပန်းခတ်မျှ ဟိုသည် လူးလာတုံ့ခေါက် သွားလာဖူးမြော်ကြပုံမြင်ရတာ ကြည်နူးစရာပါပဲ။ ဒေသခံနဲ့ ဘုရားဖူးတွေကုသိုလ်အဖြစ် ပါဝင်လှူဒါန်းကြတဲ့ ဘုရားစေတီပုထိုးတွေကိန်းဝပ်စံပျော်နေ တာကိုလည်း တpfဝကြီးဖူးတွေ့ရမှာပါ။ 
အရင်က လူသူအရောက်အပေါက်နည်းလှတဲ့ နေရာလေးဟာ အခုတော့ ပြည်တွင်းပြည်ပခရီးသွားတွေနဲ့ အံ့သြဖွယ်စည်ကားသက်ဝင်နေတဲ့ နေရာလေးတစ်ခု ဖြစ်နေပါပြီ။
လေ့လာရေးခရီးထွက်လာကြတဲ့ နိုင်ငံခြား ခရီးသွားများ အကြိုက်ဆိုတာ အထူးပြောဖို့ မလိုပါဘူး။ နိုင်ငံခြားသားတွေကိုတော့တစ်ဦးကို ဒေါ်လာ ၂ဝ ကောက်ပါတယ်။
Florist
(living Fashion Magazine, July, 2013)
Monday, July 15, 2013
တစ္ဆေတွေကို ကျွန်မချစ်တယ်
တစ္ဆေတွေကို ကျွန်မ ချစ်တယ်။
            ဒီလို ပြောလိုက်ရင် ကျွန်မကို အရူးအနှမ်းတစ်ယောက်လို အားလုံးက မျက်လုံးကြီးတွေပြူး၊ အောက်မေးရိုးတွေ ပြုတ်ကျသွားပြီး တအံ့တသြကြီးကို ၀ိုင်းအုံကြည့်ကြမှာ သေချာတယ်။ တကယ်ပြောတာ။ တစေ်္ဆတွေကို ကျွန်မ တကယ်ပဲချစ်ပါတယ်။
            “တစ္ဆေတွေကိုချစ်ရတယ်လို့ ဘယ့်နှယ် ကြံကြီးစည်ရာကွယ်" လို့ လူကြီးသူမ လေသံကြီးနဲ့ ကျွန်မကို ရှင်တို့ နှာခေါင်းရှုံ့ကြမှာ သေချာတယ်။ “လူတိုင်းက ကြောက်စရာလန့်စရာလို့ ယုံကြည်လက်ခံထားတဲ့ တစေ်္ဆကို သူကများ ချစ်စရာတဲ့၊ အဲဒါ တမင်သက်သက် စတန့်ထွင်တာ၊ လူစိတ်ဝင်စား အောင် လျှောက်ပြောတာပါ” လို့ ရှင်တို့စိတ်ထဲ မြည်တွန် တောက်တီး လုပ်ချင်ကြမှာပဲလို့ ကျွန်မ နားလည်ပါတယ်။
            ပြောရရင် တစေ်္ဆတွေမှာ ကျွန်မ သဘောကျတဲ့အရည်အချင်းတွေရှိ တယ်။ သူတို့ရဲ့အရည်အချင်းတွေကို ကျွန်မတို့လူသားတွေ ဘယ်တော့မှ လိုက်မမီနိုင်ဘူး။ တစေ်္ဆတွေက သူတို့ကို မြင်စေချင်တဲ့သူဆို ပေးမြင်နိုင်တယ်။ မမြင်မတွေ့ စေချင်တဲ့သူဆို ဒိုင်လျှိုလေးနဲ့ အသာလေးပုန်းလျှိုးကွယ်လျှိုး နေလို့ရတယ်။ သူတို့က ၀ါဂွမ်းတစ်စ ငှက်မွေးတောင်လေးတစ်စလို ပေါ့ပေါ့ ပါးပါးလေးပဲ၊ ဟိုသွားသည်လာ တစ်ခဏချင်းကူးသန်းလို့ရတယ်။ ကိုယ်ခန်္ဓာ အတိအကျ မရှိတော့ ကရိကထမများလှဘူး။ ကျွန်မတို့လူသားတွေလို ရေချိုးရ၊ အ၀တ် အစားဝတ်ရ၊ ဖြီးလိမ်းပြင်ဆင်ရ၊ ရေမွှေးဆွတ်ရ ဘာတစ်ခုမှ သူတို့လုပ်စရာ မလိုဘူး။ ဘယ်လောက်နားအေးသလဲ။
            ကျွန်မဆိုရင် ခေါင်းပေါ်က ဆံပင်တစ်မျိုးတည်းနဲ့ပဲ အလုပ်ရှုပ်နေရတာ။ အမြဲတမ်းပဲ ဆံပင်ညှပ်တော့မယ် စိတ်ကူးပြီး Beauty saloon ထဲဝင်လိုက်ပါ တယ် ဟာ . .ဒီဆံပင်ညှပ်ခ နှမြောပါတယ် ဆံပင်မညှပ်တော့ဘဲ စာအုပ်ဝယ် ဖတ်လိုက်တာမှ အကြာကြီး ဖတ်ရသေး ဆိုပြီး ပြန်ပြန်ထွက်လာတာနဲ့ပဲ ခေါင်းပေါ်က ဆံပင်တွေက ခုတလော ရှည်ရှည်လာတော့တာ။ အိမ်အလုပ် လုပ်မယ်ဆို ထုံးရဖွဲ့ရ၊ အပြင်ထွက်မယ်ဆို စည်းရနှောင်ရ၊ အင်္ကျီအရောင်နဲ့ လိုက်ဖက်မယ့် ဖဲကြိုးဆံညှပ်တွေ ရွေးချယ်ရနဲ့ အို . .ရှုပ်နေတော့တာပဲ၊ ဒီဆံပင်တစ်ခုတည်းနဲ့ကို။
            အခုပဲ တစေ်္ဆကိုချစ်တဲ့အကြောင်းပြောမလို့ပါဆို၊ ဆံပင်က ၀င်ရှုပ်ပြန်ပေါ့။ကျွန်မ မညာပါဘူး။ တကယ်ပြောတာ။ တစေ်္ဆတွေကို ကျွန်မချစ်တယ်။ချစ်တယ်ဆိုမှတော့ ယုံကြည်လို့ချစ်လို့ရတာပေါ့။ မဟုတ်ဘူးလား။ ရှင်တို့ စဉ်းစားကြည့်။ ရှင်တို့စိတ်ထဲ တစ်စုံတစ်ယောက်ကို ချစ်စိတ် ၀င်ပြီဆိုရင် အဲဒါ ယုံကြည်စိတ်က စတင်မြစ်ဖျားခံတဲ့အရာပဲလို့ ကျွန်မ တပ်အပ်ပြော လိုက်မယ်။ ဒါကြောင့်ပြောတာ။ တစေ်္ဆတွေကို ကျွန်မချစ်တယ် ဆိုတာ အကြောင်းမဲ့ အလဟသကြီး စတန့်ထွင်ပြောတာမဟုတ်ဘူး။ ချစ်တယ်ဆိုတာ ယုံကြည်လို့။ ယုံကြည်တယ်ဆိုတာ လက်ခံလို့။ လက်ခံတယ်ဆိုတာ သူတို့ တကယ်ရှိနေလို့။ တကယ်ရှိနေတယ်ဆိုတာ တကယ် မြင်ရလို့။ ဒီလို ဒီလို။ ကျွန်မ ငယ်ငယ်တုန်းက အဖြစ်အပျက်တွေနဲ့ ပြန်ပြောင်းချိတ်ဆက်ပြီး ပြောပြရဦးမယ်။
            ကျွန်မက ငယ်ငယ်တုန်းက အဘွားရဲ့အသည်းစွဲ သတိ္တခဲ။ ကျွန်မရဲ့ အဘွားကတော့ ကျွန်မနဲ့ဆန့်ကျင်ဘက်၊ တစေ်္ဆဆို သိပ် ကြောက်တတ်တဲ့သူ။ ညည အဘွား အိမ်သာသွားချင်ပြီဆို ကျွန်မကို နှိုးလေ့ရှိတယ်။ ကျွန်မက အဘွားရှေ့ကနေ လက်နှိပ်ဓာတ်မီးထိုးပြီး ဦးဆောင်ပြီး ခေါ်ခေါ်သွားတာ။ကျွန်မအစ်ကိုကြီးဆိုရင်လည်း ယောက်ျားတန်မဲ့ တစေ်္ဆကြောက်လိုက်တာမှ လွန်ပါရော။ လူပျိုပေါက်ပဲဖြစ်နေပြီ၊ ညမှောင်ရင်ကြောက်တုန်း။ သူဘယ် လောက် အပြင်ထွက်လည်လည် မမှောင်ခင် မိုးမချုပ်ခင်  အိမ်ကို အမြဲပြန် လာလေ့ ရှိတယ်။ အဲ . .အကြောင်းတစ်ခုကြောင့် နောက်ကျပြီဆိုရင်လည်း သူ့သူငယ်ချင်းတစ်ယောက်ယောက်က အမြဲအိမ်ပြန်ပို့ပေးရတယ်၊ အဲဒီ လောက်ထိ။ အဘွားလည်း ဘာထူးသေးလဲ။ တစေ်္ဆမဆိုထားနဲ့၊ တစေ်္ဆမဖြစ် ရသေးတဲ့ ပူပူနွေးနွေးလူသေကိုတောင် ကြောက်လိုက်တာမှ ဆတ်ဆတ်ကို တုန်နေတာပဲ။
            ဘယ်လောက်တောင်မှ ကြောက်တတ်သလဲဆိုရင်၊ လမ်းမှာ အသုဘ တစ်ခုက ငိုသံတွေ စီခနဲစီခနဲ၊ ကြေးစည်ကို နှောင်ခနဲ နှောင်ခနဲ တီးပြီး အိမ်ရှေ့ကနေ ဖြတ်တော့မယ်ဆိုရင် အို . .တစ်အိမ်လုံး ရှိရှိသမျှ တံခါးတွေကို ပြေးပြေးပြီးတော့ကို လိုက်ပိတ်တော့တာ။ တစ်ယောက်တည်း ဗရုန်းသုန်းကား ကို ဖြစ်လို့။
            သူ့ပါးစပ်ကလည်း “ဟဲ့ . .ပိတ်ကြပါဟဲ့၊ ပိတ်ကြပါဟဲ့ ဟိုမှာ လာနေပြီ” ဆိုပြီး အလန့်တကြားလေသံကြီးနဲ့ အော်နေလိုက်သေးတာ။ အဲဒီမှာ သူ့လို ပျာကလောင်မဖြစ်ဘဲ ငြိမ်နေတဲ့အဖေ့ကို “ဟဲ့ ပိတ်ပါဆို၊ ဘာကြောင်ကြည့် နေတာလဲ၊ ဟိုမှာ နင့်အမေ အသုဘက လာနေပြီ”ဆိုပြီး ပြောပြောဆိုဆို အဖေ့ခေါင်းကို ထုသွားလိုက်သေးတာ။ အဖေက အဘွားမမြင် အောင် မျက်နှာကိုကွယ်ပြီး အမေ့ဆီ မျက်စပစ်လို့ တအစ်အစ်ခိုးရယ်တော့တာပေါ့။“နင့်အမေ အသုဘ”ဆိုတဲ့စကားကြီးကိုလေ။ အဖေက အဘွားရဲ့သား မဟုတ်လား။ သူ့စကားဘယ်လောက်လို့ ရောက်မှန်းမသိ၊ အဲဒီအဘွားက တော့လေ . . .။ ပြီးတာနဲ့ ကျွန်မတို့ ကလေးကိုလည်း ကြောင်မကြီးက ကြောင်ကလေးတွေကို လည်ကုပ်ကနေကိုက်ချီသလို သူ့ပါးစပ်နဲ့ကိုယ်တိုင် ကိုက်မချီရုံတစ်မည်ပါပဲ ကျွန်မတို့ကို ကုပ်ကနေ ဆွဲကုပ်ခေါ်ပြီး အိမ်ထဲ သွင်းထည့်တော့တာပဲ။
            ကျွန်မက အဘွားကို စချင်တာနဲ့ “အဘွား၊ တစေ်္ဆက အဘွားခုလို တံခါးပိတ်တာလောက်တော့ အပျော့ပဲ။ မီး ကြည့်တဲ့ကာတွန်းကားထဲကလို ကိုယ်ကို ပျော့ပျော့စိစိကြီးလုပ်ပြီး ဟော့သလို ဟော့သလို တံခါးကိုလျှောခနဲ ထွင်းဖောက်ဝင်တတ်တယ်”လို့ ပြောပြီဆိုရင် ကျွန်မခေါင်းတော့ ဂေါက်ခနဲ မြည်သွားတော့တာပဲ၊ အဘွား ခေါက်ထည့်လိုက်တာလေ။ အနာခံပြီးတော့ကို ကျွန်မက တမင်သက်သက် အဘွားကို စတာ။ ဒါပေမဲ့ အဘွားတကယ် ကြောက်တတ်မှန်းသိတော့ ညဘက်ဆိုရင်တော့ အဘွားကို မစပါဘူး။ အခုလည်း အသုဘဖြတ်သွားပြီးလို့ အိမ်ရှေ့ကနေ စီစီနှောင်နှောင် အသံတွေ တိတ်သွားပြီဆိုမှ အဘွားက အိမ်တံခါးတွေကို လိုက်ဖွင့်တော့တယ်။
            အဲဒီဗရုန်းသုန်းကားအခြေအနေ ပြီးဆုံးသွားတော့မှပဲ အဖေရယ် အမေရယ်ကျွန်မတို့မောင်နှမသုံးယောက်ရယ် စောစောက အဘွားလွှတ်ခနဲ ပြောလိုက်တဲ့ “နင့်အမေအသုဘ”ဆိုတဲ့ စကားကြီးကို တဟားဟားနဲ့ပြန် ပြောရင်း ရယ်ပွဲဖွဲ့ကြတော့တာ။ အမလေး . .အနားမှာ အဘွားရှိနေရင်တော့ ဒီလိုဘယ်ရယ်ရဲပါ့မလဲ။ အဘွားက စိတ်ကောက်တတ်တယ်။ သူကောက်ပုံ က ကလေးတော့ဆန်မယ်ထင်တယ်။ ထမင်းမစားဘဲ နေခြင်းအားဖြင့် သူကောက်ကြောင်းကို ပြတာ။ အဘွားထမင်းမစားမှာ စိုးတာနဲ့ပဲ သူ့ကို ကျွန်မတို့ စိတ်ကောက်အောင် မလုပ်ရက်ကြပါဘူး။
            တစေ်္ဆလို့ ဆိုလို့မရတဲ့ နည်းနည်းတော့ထူးဆန်းတဲ့အရာတစ်ခုကို ကျွန်မ မြင်ဖူးတယ်။ အိုက်စပ်စပ်နွေညခင်းတစ်ခင်းမှာပေါ့။
            ညကိုးနာရီလောက်မှာ အဘွားက ကလေးပီပီ စောစောမအိပ်သေးတဲ့ ကျွန်မကို အိမ်ရှေ့သရက်ပင်ကြီးအောက်က ကွပ်ပျစ်လေးမှာ ပုံပြင် ပြောပြနေတယ်။ ကျွန်မက တင်ပျဉ်ခွေ ယှက်ထိုင်နေတဲ့ အဘွားပေါင်ပေါ် ခေါင်းတင်အုံးပြီး သရက်ပင်ကြီးကိုကြည့်လိုက်၊ ကောင်းကင်က ကြယ်လေး တွေကိုကြည့်လိုက်နဲ့ ပုံနားထောင်နေပါတယ်။ အဲဒီမှာ သရက်ပင်ခွကြားလို့ ပြောမလား၊ ကိုင်းကြားလို့ပြောမလား အဲဒီနေရာ နားကနေ လှုပ်လှုပ်လှုပ်လှုပ် ဖြစ်နေတဲ့အရာတစ်ခုကို ကျွန်မလှမ်းမြင်တယ်။ ပထမတော့ ကျွန်မလိုပဲ အိပ်မပျော်သေးတဲ့ ငှက်တစ်ကောင်ကောင် ဖြစ်မယ်လို့ ထင်မိပါသေးတယ်။ နောက်တော့ အဲဒီအရာဆီက ပြူးဝိုင်းနေတဲ့ မျက်လုံးနှစ်လုံးကို ကျွန်မ မြင်တယ်။ ဒါနဲ့ စိတ်ထဲ ဇီးကွက်တစ်ကောင်ဖြစ်မယ်လို့ ထင်ပြန်ရော။ ထင်လည်းမထင်ပြန်ဘူး၊ ဇီးကွက်မျက်လုံးကို ကျွန်မကောင်းကောင်းသိ တာပေါ့။ ၀ိုင်းပြီးကြီးမယ့်သာကြီးတာ၊ ရှေ့ကို ဒီလို ငေါထွက်ပြီး လှုပ်စိလှုပ်စိ မှ မနေတာ။
            အခုမျက်လုံးတွေက ခုပဲမျက်အိမ်ကနေ ကျွတ်ထွက်တော့ မလိုလို လှုပ်နေတာလေ။ နောက်တော့ သူ့ဆီက ခြေထောက်နဲ့တူပါရဲ့ တွဲလောင်း ပြုတ်ကျလာတယ်။ နောက်တော့ အဲဒါကို လက်နှစ်ချောင်းလို့ ကျွန်မ ထင်မိပြန်ရော။ သိပ်တော့မသဲကွဲဘူး။ လက်လားခြေလား မသဲကွဲတဲ့အရာ။အဘွားပြောနေတဲ့ပုံပြင် ဘယ်ရောက်လို့ ရောက်မှန်း မသိတော့ဘဲ သစ်ပင်ပေါ်က ထူးဆန်းတဲ့အဲဒီအရာကို ကျွန်မ စူးစိုက်ကြည့်နေမိတယ်။ အဲဒီမှာပဲ ပြူးငေါလှုပ် မျက်လုံးနှစ်လုံး အောက်က ပါးစပ်လို့ထင်ရတဲ့နေရာက ပြဲပြဲကြီးဟသွားတယ်။ ပြီး လျှာလို့ထင်ရတဲ့ အရာကြီး လျှောခနဲ ထွက်ကျ လာတယ်၊ ကျွန်မအဘွားသိပ်ကြိုက်တဲ့ အရှည်ဆုံးကြောင်လျှာသီး ထက် တောင်မှ ရှည်ဦးမယ်၊ ရှည်ရှည်ကြီးတစ်ခု ထွက်ကျလာတယ်။ အဲဒါကြီးက လိပ်ခွေဝင်သွားလိုက် ပြန်လျှောပြီးထွက်ကျလာလိုက်နဲ့။
            အဲဒီနေရာက အသံတစ်ခုလည်းကြားတယ်။ ဒါကိုတော့ ဘယ်လို အသံလဲ ကျွန်မပြန်မပြောပြတတ်ဘူး။ သူ့ တစ်ကိုယ်လုံးလည်း လှုပ်ရွနေ တာပဲ။ ငြိမ်ငြိမ်မနေဘူး။ ကြည့်ရတာ သူအဲဒီမှာ ရှိနေတယ်ဆိုတာ ကျွန်မတို့ကို သိမြင်စေချင်လို့ ရှိသမျှအားအင် အစွမ်းကုန် ထုတ်ပြီး ပြသနေသလိုပဲ။ လျှာရှည်ရှည်ကြီးကလည်း လိပ်ဝင်သွားလိုက် လျှောကျလာလိုက်နဲ့ တစ်ခါ ထက်တစ်ခါ ပိုပိုရှည်ပြီး ထွက်ကျလာသလိုပဲ။ အဲဒါ ကျွန်မကို ပြောင်ပြနေ တာလား။ ဘာမှန်းမသိပေမဲ့ ကြည့်နေရင်းနဲ့ ကျွန်မ ပျော်လာတယ်။
            ကျွန်မ ကိုင်ကြည့်ချင်လာလို့ လက်နဲ့ လှမ်းလှမ်းကိုင်ဆွဲတယ်။ ကျွန်မက လှမ်းအဆွဲ အဲဒါကြီးက လိပ်ဝင်သွားနဲ့ ဆွဲတမ်းတို့တမ်း ကစားနေရသလို ပဲ။ မမိမိအောင် ဆတ်ခနဲ ကျုံးထပြီးအားကုန်လှမ်းဆွဲလိုက်တာ အဲဒီအရာက ကျွန်မ မပြောတတ်တဲ့အသံတစ်မျိုး စူးခနဲအော်ဟစ်ပြီး ပျောက်သွားပါလေ ရော။ အဘွားက “အမလေး ကွိကွကွကွ”လို့အော်ပြီး ဘာဖြစ်တာလဲ မေး တယ်။ ကျွန်မကလည်း ကျွန်မမြင်တဲ့အရာကို အစအဆုံးပြောပြလိုက်တယ်။ ကျွန်မတို့ ဆော့ကစားနေတာကိုပါ ပြောပြလိုက်တော့။ အဘွားခမျာ ခေါင်းမီး တောက်ပါလေရော။ အိမ်ထဲအမြန်ဝင်ကြပြီး ကျွန်မကို ဘုရားစင်ရှေ့ခေါ်ထိုင် ခိုင်းပြီး ဘုရားစာတွေရွတ်ပါလေရော။ “နာနာဘာဝမကောင်းဆိုးဝါးအကောင် တွေ ငါ့မြေးကို ဒုက္ခမပေးကြနဲ့၊ ငါ့ခြံထဲက အခုထွက်သွားကြ” လို့လည်း ပြောသံကြားတယ်။
            “အဲဒါက မီးကို ဘာမှဒုက်္ခမပေးပါဘူးအဘွားရဲ့၊ မီးတို့ဆော့နေတာ ပျော်တောင် ပျော်သေး”လို့ ကျွန်မက ၀င်ပြောတော့ ရင်ဘတ်စည်တီးနဲ့ “အမလေး ငါ့မြေးလေး အပမီပါပြီ”တဲ့။
            အဘွားပြောတာ ကျွန်မနားမလည်ဘူး။ ဒါပေမဲ့ ကျွန်မ အဲဒီအဖြစ်ကနေ သင်ခန်းစာကောင်းကောင်းရလိုက်တယ်။ တကယ်ဆို ကျွန်မက တကယ်ရှိ တာကို တကယ်တွေ့တာ၊ တကယ်တွေ့တာကို မြင်တဲ့အတိုင်း အမှန်အတိုင်း ပြောမိတာ။ အမှန်ကို အမှန်အတိုင်း ရိုးရိုးကလေးမမြင်ဘဲ ယုန်ထင်ကြောင် ထင် ချဲ့ကားယူကုန်တော့ မလိုအပ်တဲ့ ဆုံးရှုံးမှုတွေဖြစ်ပွားလာပြီး ရလဒ်တွေ က မလှတော့ဘူးပေါ့။
            နောက်တစ်နေ့မှာ အဘွားရဲ့တစ်ချက်လွှတ်အမိန့်နဲ့ အဲဒီသရက်ပင် ကြီးကို ခုတ်လှဲပစ်လိုက်ပါတယ်။ ကျွန်မရဲ့အရပ်လောက် ငုတ်တိုလေးသာ ကျန်တော့တဲ့ အဲဒီအပင်ကြီးရှေ့မှာ ကျွန်မစူးစူးဝါးဝါးငိုပါတယ်။
            သရက်ပင်ကြီး သေသွားပြီးဆိုပြီး အပင်ကြီးကိုသနားလို့ ကျွန်မငို ပါတယ်။
            ဖေဖေက သရက်သီးသိပ်ကြိုက်သူ၊ အကင်းလေးကစပြီး မှည့်ဝင်းတဲ့ အထိ နေ့တိုင်း ငါးပိရည်နဲ့ တို့စားလေ့ရှိတော့ ဖေဖေသရက်သီးဝအောင် မစားရတော့ဘူး လို့ စဉ်းစားမိပြီး ဖေဖေ့ကိုသနားလို့ ကျွန်မငိုပါတယ်။                 သရက်သီးတွေပေါ်တဲ့ရာသီဆို အိမ်နီးချင်းတွေကို ဖောဖောသီသီ ပေးနိုင်လို့ မေမေလည်း မျက်နှာပွင့်လန်းရသူပါ၊ အခု မေမေမျက်နှာပွင့်လန်း ခွင့်မရတော့ဘူး လို့ စဉ်းစားမိပြီး မေမေ့ကို သနားလို့ ကျွန်မငိုပါတယ်။ အဘွားက ဒီသရက်ပင်အောက် က ကွပ်ပျစ်လေးမှာ ထိုင်ရတာ သိပ်ကြိုက်သူပါ၊ နွေရာသီတိုင်း အရိပ်အေးအေးလေးရတဲ့ သရက်ပင်အောက် က ကွပ်ပျစ်လေးမှာမထိုင်ရတော့ဘူးလို့ စဉ်းစားမိပြီး အဘွားကို သနားလို့ ကျွန်မ ငိုပါတယ်။
            ပြီးတော့ ဟို . .ဘာမှန်းမသိတဲ့အကောင်လေးကိုပါ သရက်ပင်ကြီး မရှိတော့ သူဘယ်နားမှာ သွားနေမှာပါလိမ့်လို့ စဉ်းစားပြီး သူ့ကို သနားလို့ ငိုပါတယ်။             
            ငါသာ မပြောဘဲထားရင် ဒီအပင်ကြီးဒီလိုငုတ်တိုဘ၀ ရောက်မှာ မဟုတ်ဘူးလို့ စဉ်းစားမိတော့လည်း နောင်တတွေရလို့ ကျွန်မအတွက် ကျွန်မငိုပါတယ်။ အဲဒီလို အားလုံးအတွက် စဉ်းစားမိပြီး ငိုတာဖြစ်တဲ့အတွက် ကျွန်မ  တစ်နေကုန်တစ်နေခန်း အကြာကြီးမှ အကြာကြီးတရစပ် ငိုပါတယ်။ အဲဒီမှာ အဘွားက တစ်စခန်းထပြန်ပါတယ်။ ငါ့မြေး ဒီလောက်ငိုလှတာ သွေးရိုးသားရိုးမဟုတ်တော့ဘူးဆိုပြီး အ၀တ်ဖြူတွေဝတ်ထားတဲ့ ဘိုးတော် ဆရာလို့သူတို့ခေါ်တဲ့ လူကြီးတစ်ယောက်ခေါ်လာပြီး ကျွန်မကို တွတ်တွတ် မြည် မန်းမှုတ်ထားတဲ့အရည်တွေတိုက်တယ်။ အိပ်ခိုင်းတယ်။ “ဟိုအကောင် လေးမှာနေစရာမရှိတော့ဘူး၊ မီးအခန်းထဲခေါ်ထားမယ်” လို့ စိတ်ထဲသနားမိတဲ့ အတိုင်းပြောတော့ ပိုဆိုးပါလေရော။ “တွေ့လား သေချာပါပြီသေချာပါပြီ”ဆိုပြီး ရင်ဘတ်ကို ဖိဖိနေတယ်။ ကျွန်မကတော့ ငိုတုန်းပဲ။ နောက်တော့လည်း မောလွန်းလာလို့ ဘယ်သူမှ မချော့ရဘဲ ကျွန်မ အငိုရပ်သွားပါတယ်။
            သရက်ပင်ပေါ်က အဲဒီအရာလေးက တစေ်္ဆပဲလား။ လူကြီးတွေပြော သလို နာနာဘာဝ သရဲသဘက် ဆိုတာပဲလား။ ကျွန်မ မသဲကွဲဘူး။ ဒါပေမဲ့ တကယ်မြင်ခဲ့လို့ တကယ်ရှိတယ်လို့တော့ ကျွန်မလက်ခံလိုက်တယ်။ ဒါပေမဲ့ အဲဒါက ကျွန်မကို အဘွားတို့ထင်မြင်သလို ဒုက်္ခပေးတာမဟုတ်ဘဲ ကျွန်မ စိတ်ကိုတောင် ရွှင်မြူးစေခဲ့တာအမှန်ပါပဲ။ ဒါကြောင့် အဲဒါလေးဟာ သရဲ သဘက်လေး ဖြစ်တယ်ဆိုဦးတော့ကျွန်မသူ့ကို ချစ်ပါတယ်။  အဲဒါလေးကို နောက် တစ်ကြိမ်တွေ့မြင်ချင်ပါသေးတယ်။
            ညဘက် လူကြီးတွေအလစ်မှာ ခိုးပြီး ခြံထဲက တခြားသစ်ပင်တွေဆီ လိုက်ကြည့်ပေမဲ့ အဲဒါလေးကို မတွေ့ရတော့ပါဘူး။ တစ်ညတော့ ကျွန်မ အိပ်မက်ထဲ အဲဒါလေး ရောက်လာပါတယ်။ အပြင်မှာတုန်းကလိုပဲ သူ့ဆီက ထွက်ကျလာတဲ့လျှာကြီးနဲ့ ကျွန်မဆော့ပါတယ်။ ဆော့ရုံသာမက သူ့လျှာကြီး နဲ့ ကျွန်မတစ်ကိုယ်လုံးကို ပတ်ခေါ်သွားတာ ကျွန်မ ကောင်းကင် အမြင့်ကြီး ကိုရောက်ဖူးသွားတယ်။ ကြယ်တွေနဲ့ စကားပြောခဲ့ရတယ်။ တိမ်တွေပေါ်မှာ လည်း တက်ထိုင်ခဲ့တယ်။ နောက်တော့ “မင်းအဘွားကို ငါကြောက်တယ်”လို့ ပြောပြီး သူက ကျွန်မကို အိပ်ရာထဲအထိ ချောချောမောမော ပြန်ပို့ပေး ပါတယ်။
            ဒီအိပ်မက်လေးက ကျွန်မစိတ်ကို တအားကို ရွှင်မြူးစေပေမဲ့ ဒီတစ်ခါ အဘွားအပါအ၀င်လူကြီးတွေကို ပြန်ပြောပြလို့ မဖြစ်ပါဘူး။ အဲဒါလေး မလာနိုင်အောင်ဆိုပြီး သရက်ပင်ကြီးကို ဖျက်ဆီးပစ်သလိုမျိုး ကျွန်မ အိပ်မက်တွေကို ဖျက်ဆီးပစ်ကုန်မှဖြင့် ခက်ရချည့်။ အိပ်မက်တွေကို သရက်ပင်ခုတ်လှဲသလို ခုတ်ထစ်ဖျက်ဆီးပစ်လို့မရဘူး လို့တော့ ကျွန်မ ယုံပါတယ်။
            တစေ်္ဆလို့တိတိပပပြောနိုင်တဲ့အရာတစ်ခုကို ကျွန်မ ပထမဆုံးမြင်ဖူးတာ လေးတန်းကျောင်းသူအရွယ်ကပါ။ ကျွန်မတို့ တစ်အိမ်သားလုံး မန်္တလေး သွားကြတယ်။ ဘာကိစ်္စနဲ့သွားတယ်တော့ ကျွန်မ မမှတ်မိပါဘူး။ တစ်လ လောက် ကြာခဲ့တယ်။ ပြန်လာတော့ အိမ်ရှေ့မှာ မြင်းလှည်းရပ်ပြီး လူကြီး တွေက ပစ်္စည်းတွေချသူချ၊ မြင်းလှည်းခ ရှင်းသူရှင်း အလုပ်ရှုပ်နေချိန်မှာ ကျွန်မတစ်ယောက်တည်း အိမ်ထဲပြေးဝင်တယ်။ ကျွန်မရဲ့ အချစ်တော် ခွေးကလေး “မဲတူ”ရဲ့နာမည်ကို အော် ခေါ်ပြီးတော့ပေါ့။
            တံခါးတွေမဖွင့်ရသေးတော့ အိမ်ကြီးတစ်ခုလုံး မဲကြုတ်နေပါတယ်။ မဲတူကို ခြံဝင်းထဲအဆင်သင့်မတွေ့ရလို့ အိမ်မကြီးကနေ နောက်ထဲပြေးဝင် ပြီး သူရှိနေတတ်တဲ့ ပစ်္စည်းဟောင်းတွေသိုလှောင်တဲ့အခန်းဆီ ကျွန်မ သွားပါတယ်။ လက်စသတ်တော့ မဲတူက ကျွန်မတို့ကို မကြိုအားဘဲ အိပ်မောကျနေတာကိုး။ ကျွန်မက “မဲတူမဲတူ အို့အို့”လို့ အသံပြုရင်း လက်ထဲ က စားလက်စ အသားကင်လုံးလေးတွေကို အိတ်ထဲကနေ အကုန်ဖောက်ချပြီး ကျွေးလိုက်တော့ ချက်ချင်းထလာပြီး စားနေလိုက်တာ။ ကျွန်မခြေထောက်ကို တိုးခွေ့လိုက် စားလိုက်နဲ့၊ ကျွန်မလက်နဲ့ သူ့ခေါင်း လေးကို ပုတ်လိုက်တော့ ကုပ်ကလေးကို ပုအိုက်ခွက်ဝင်သွားတာပဲ။ ပြီးတော့ ကျွန်မလက်ခုံကို သူ လျှာနဲ့လျက်တယ်။ အဲဒီအခိုက်မှာပဲ မေမေက စိတ်မော လူမောသံကြီးနဲ့ ကျွန်မအနားရောက်လာတယ်။
            “ဟဲ့သမီးရယ် ဘာလို့အသားလုံးတွေ ပစ်ချနေတာလဲ”
            “ဟင် မေမေ ကလဲ ဒီမှာ မဲတူကိုကျွေးတာလေ”
            မေမေက  မျက်စိမျက်နှာ အပျက်ပျက်နဲ့ ကျွန်မကို ကပျာကယာ ကောက်ချီပြီး အိမ်ပေါ်ခေါ်သွားတယ်။ နောက်မှ ခြံစောင့်ကြီးပြောလို့ သိရ တာက မဲတူက ကျွန်မတို့ ရောက်မလာခင် နှစ်ရက်က သေသွားခဲ့ပြီတဲ့။ အိမ်သားတွေမမြင်တော့ ထမင်းလည်းမစား၊ ဘာမှလည်းကျွေးမရနဲ့၊ နောက်ဆုံး ခြံဝင်းထောင့်မှာ ခွေခွေလေး အသက် ထွက်နေတာနဲ့ အဲဒီနေရာမှာပဲ မြှုပ်ထားလိုက်တယ်တဲ့။ ခြံစောင့်ကြီးက တစ်အိမ်လုံးရဲ့အားကိုးရတဲ့ လူယုံ ကြီးပါ။ သူညာမပြောဘူး ဆိုတာ ကျွန်မ ယုံပါတယ်။ ဒါဆိုရင် သေချာတာက ကျွန်မနဲ့တွေ့ခဲ့တာ တစေ်္ဆမဲတူပေါ့။ မဟုတ်ဘူးလား။
            “မဲတူကို တကယ်တွေ့ခဲ့တာပါ။ သူ့ခေါင်းကိုတောင်ပုတ်လိုက်သေး။ သူက ကျွန်မလက်ကို လျှာနဲ့တောင် လျက်လိုက်သေး”လို့ ကျွန်မက အသေအချာပြောပြတာကို ဘယ်သူမှ လက်မခံကြဘူး။ တွေ့ကရာ ရှစ် သောင်း လျှောက်လျှောက်မပြောစမ်းနဲ့တဲ့။ ပြီးတော့ လုပ်ပြန်ပြီ။ ကျွန်မကို ပရိတ်ရွတ် ထားတဲ့ ရေဆိုလားဘာလား အတင်းတိုက်တယ်။ မဲတူနဲ့တွေ့တယ် လို့ နောက်ထပ် ဘယ်တော့မှ မပြောရဘူးလို့ တားမြစ်တယ်။ မပြောနဲ့ဆို လည်း မပြောဘဲ နေရုံပဲပေါ့။ တွေ့တာကတော့ တွေ့တာ အသေအချာပါပဲ။
            ဒီအကြောင်း အတန်းထဲမှာ သူငယ်ချင်းတွေကိုပြောပြတော့ သူငယ်ချင်း တွေက ယုံတာမယုံတာထက် ကြောက်ဖို့ရှုထောင့်ကပဲ ပြောနေကြတယ်။                         
“တကယ်လား၊ ကြောက်စရာကြီး”
            “နင်တို့အိမ်မှာ ခွေးတစ္ဆေရှိတယ်၊ ငါတို့မလာတော့ဘူး” တဲ့။
            နောက်တစ်ခါ ကျွန်မ ဒန်းစင်လေးမှာ ဒန်းစီးနေတုန်း ကျွန်မ ခြေထောက် အောက်ကနေ မဲတူ လျှိုဝင်လာတယ်။ ကျွန်မ ဖိနပ်ကိုချွတ်လိုက်ပြီး ခြေဖျားလေးနဲ့ သူ့လည်ပင်းကို တို့တို့ပြီး ပွတ်သပ်ပေးတော့ ခေါင်းလေးမော့၊ မျက်လုံးလေးကိုမှေးပြီး ဇိမ်ခံနေလိုက်တာ။  ကျွန်မ မျက်စိထဲက ထွက်ကို မထွက်တော့ဘူး။ ကျွန်မနဲ့မဲတူနဲ့ ပြေးလွှားကစားကြတယ်။ အကြာကြီးပဲ။                        “သမီးတစ်ယောက်တည်း ဘာလို့အရမ်းပြေးနေတာလဲ”
            မေမေက လာတားတယ်။ မေမေလည်းလာရော မဲတူက ထွက်ပြေး သွားတယ်။
            “တစ်ယောက်တည်းမဟုတ်ဘူး၊ မဲတူနဲ့ မီးနဲ့ ဆော့နေတာ”
            ကျွန်မကို မေမေက သနားစရာသတ္တ၀ါလေးလို ကရုဏာ တနင့်တပိုး ကြီးနဲ့ ငုံ့ကြည့်လာတယ်။ သေချာတယ်။ မေမေကျွန်မကို မယုံဘူး။ ကျွန်မကတော့ မဲတူသေသွားပေမဲ့ ကျွန်မအနားမှာ အသေအချာရှိတယ်လို့ လက်ခံယုံကြည်ပါတယ်။ မဲတူရဲ့လည်ကုပ်ကို ထိုးဖွထားတဲ့ ကျွန်မခြေချောင်း ကြားလေးတွေမှာ သူ့ဆီကကျွတ်ကျန်ခဲ့တဲ့ အမွေးမည်းမည်းလေးတွေ၊ ပြီး သူ့ကို ချီပွေ့သေးတာကြောင့် ကျွန်မအင်္ကျီရင်ဘတ်မှာလည်း ကပ်နေတဲ့ အမွေးလေးတွေအများကြီးပဲ။ ကျွန်မ တစ်ဖက်သတ်ထင်ယောင်ထင်မှား ဖြစ်တာပါလို့ ဘယ်လိုမှ ပြောလို့မရတဲ့ သက်သေအစစ်တွေပါ။ တစေ်္ဆ တကယ်ရှိတာ ကျွန်မယုံသလို တစေ်္ဆတွေကို ကျွန်မချစ်တာ တကယ်ပါ။
            တစ်ခါကတော့ သီတင်းကျွတ်ပွဲတော်ရက်အတွင်းမှာ ဖေဖေခရီးသွားနေ ခိုက် ကျွန်မတို့မြို့ကလေးမှာ လှည့်လည်ဖျော်ဖြေတဲ့ တီးဝိုင်းကားကြီးတွေ နောက် ကျွန်မတို့ညီအစ်မနှစ်ယောက် လိုက်ကြည့်ကြတယ်။ လူတွေအရမ်း များလို့ မတိုးနိုင်မှန်းသိလို့ ခပ်လှမ်းလှမ်းကပဲကြည့်ကြဖို့ စိတ်ကူးထားပေမဲ့ မရည်ရွယ်ဘဲ ကျွန်မတို့တီးဝိုင်းကားအနားအတင်းတိုးမိပြီး အစ်မနဲ့ကျွန်မ လူချင်းကွဲသွားပါတယ်။ ပတ်ပတ်လည်မှာ လူအုပ်ထူထူကြီးပိတ်နေတယ်။ ခက်တာက ငြိမ်ပြီးရပ်နေလို့လည်းမရဘူး။ သူတို့နဲ့အတူ လိုက်ရွေ့ပေးနေ ရတော့ ဘယ်နားရောက်လို့ ရောက်မှန်းလဲမသိဘူးဖြစ်နေပါတယ်။
            အဲဒီမှာ သာမန်လူတွေ ထက် ခေါင်းတစ်လုံးပိုထူးပြီး မြင့်နေတဲ့လူ တစ်ယောက်ကို ကျွန်မနဲ့မလှမ်းမကမ်းမှာ ဘွားခနဲတွေ့လိုက်ရတယ်။ ရုတ်တရက် သူက လှည့်ကြည့်ပြီး ကျွန်မကို ပြုံးပြတယ်။ ဟင် . .ကျွန်မတို့ အိမ်က အဖေ့ကားမောင်းပေးတဲ့ ဒရိုင်ဗာ ဦးထွေးကြီး။ သူက အဖေနဲ့အတူ ခရီးထွက်သွားတယ်မို့လား။ ပြန်ရောက်နေပြီလား၊ ပြန်ရောက်ရင် အဖေလည်း ပြန်ရောက်ပြီပေါ့။ မဟုတ်သေးပါဘူး လူတူတာဖြစ်မှာ။ အတွေးတွေနဲ့ ကျွန်မ သူ့ကို မသိသလိုနေလိုက်တယ်။ သူက မရဘူး။ ကျွန်မ ဘက်ကို လှမ်းလှမ်းပြီး ငုံ့ငုံ့ကြည့်တယ်။ လူတွေကို ဆန့်ကျင်ပြုပြီး ကျွန်မ ဘက်ကို တိုးလာနေတယ်။ ပြီးတော့ ကျွန်မကို သေချာကြည့်ပြီး
             “မီးမီး လာ ဒီဘက်ကိုလာ”တဲ့၊ လက်ယပ်ခေါ်တယ်။ ဒါဆိုရင်တော့ လူမှားတာ မဟုတ်တော့ဘူး။ ကျွန်မကို အသေအချာခေါ်နေတာ။ ဒါနဲ့ ကျွန်မလည်း သူခေါ်ရာဘက်ကို အတင်းတိုးဝှေ့ လိုက်သွားတယ်။  သူက မီးမီးလာ လို့ ခေါ်လိုက် သူ့ဆီကို ကျွန်မက အတင်းလိုက်သွားလိုက်နဲ့ နောက်ဆုံး ဘွားခနဲ ကျွန်မအစ်မကို တွေ့လိုက်ရလို့ ကျွန်မပျော်သွားတယ်။                 “အမလေးခေါင်းနားပန်းကိုကြီးထွက်သွားတာပဲ၊ နင်ဘယ်ပျောက်သွား တာလဲ၊ ဘာလဲဟာ ငါ့လက်ကိုမှ မတွဲထားတာ”
            အစ်မရဲ့ပြစ်တင်သံကို ကျွန်မ စိတ်မ၀င်စားဘူး။ ကျွန်မမျက်လုံးတွေက ဦးထွေးကြီးကို လိုက်ရှာနေမိတယ်။ သူ ဘယ်ပျောက်သွားပါလိမ့်။ လွှတ်ခနဲ အစ်မကို မေးမိတယ်။
            “ဦးထွေးကြီး ရော . .”
            “ဟဲ့ ဘာကြောင်နေတာလဲ၊ သူအဖေနဲ့ပါ သွားတယ်လေ”တဲ့။ ကျွန်မ စိတ်ထဲ ဇဝေဇ၀ါနဲ့။ ဘာကိုယုံရမှန်းမသိဘူး။
            အိမ်ပြန်ရောက်တော့ တယ်လီဖုန်းဝင်လာတယ်။ အဖေတို့ကားမှောက် လို့တဲ့။ အဖေတော့ ပွန်းပဲ့နာကျင်ရုံပဲတဲ့။ ဒရိုင်ဘာဦးထွေးကြီး ဒဏ်ရာအပြင်း အထန်ရပြီး မြစ်ကြီးနားဆေးရုံပေါ်မှာဆုံးသွားပြီတဲ့။ အခုမှပဲ ကျွန်မရှင်းသွား တယ်။ ကျွန်မတို့လူချင်းကွဲတုန်းက အစ်မနဲ့ပြန်တွေ့အောင် တဖြည်းဖြည်း လက်ယပ်ခေါ်ပြီး တစေ်္ဆဦးထွေးကြီးက လမ်းပြပေးခဲ့တာပါ။ ဟုတ်သားပဲ။ တကယ်ဆို သူကအရပ်သိပ်မြင့်လွန်းလို့ ကျွန်မလိုကလေးလေးက သူ့ကို လှမ်းမြင်တယ်ဆို ထားပါတော့၊ သူက အခုလို လူတွေကြားထဲပုညပ်နေတဲ့ ကျွန်မကို ဘာလှမ်းတွေ့စရာအကြောင်းရှိမှာလဲ၊ တစေ်္ဆမို့လို့သာ လူတွေ ပိတ်ကာနေတဲ့ ကြားကနေ ကျွန်မကို သူကောင်းကောင်းကြီးမြင်ခဲ့တာပေါ့။ အဘွားသံသယ ရှိသလို တစေ်္ဆဟာ ကျွန်မကို ဒုက်္ခပေးဖို့မဆိုထားနဲ့ ကျွန်မ လူအုပ်ထဲညပ်ပြီး ဒုက်္ခတွေ့နေလို့တောင် ကူညီလမ်းပြပေးခဲ့သေးတာပါ။ ဒါကြောင့် တစေ်္ဆဆိုတာ ကျွန်မအတွက် ကြောက်စရာမဟုတ်ဘဲ ချစ်စရာ ဖြစ်ခဲ့ပါတယ်။
            ကျွန်မ ခုနစ်တန်းအရွယ်မှာ သီချင်းဂီတကို သိပ်ခုံမင်တဲ့မိန်းကလေး တစ်ယောက်ဖြစ်နေပါပြီ။ ခရစ်ယာန်ဘာသာဝင် သူငယ်ချင်း သဲမာက ကျွန်မ ကို သူတက်နေကျ ဘုရားရှိခိုးကျောင်းကို ခေါ်သွားတယ်။ ဂစ်တာအတီး သင်ပေးတယ်၊ နောက်ပြီး ဆယ်ဖို့တစ်ဖို့ အလှူငွေထည့်ဝင်တတ်ဖို့လည်း သင်ပေးခဲ့တယ်။ သူက ကျွန်မရဲ့အချစ်ဆုံးအကောင်းဆုံးသူငယ်ချင်းပါ။ ၀ါသနာချင်းတူသလို စိတ်သဘောထားချင်းလည်း ကိုက်ညီမှုရှိပါတယ်။ ကျွန်မတို့ အင်္ကျီဆင်တူ၊ ဖိနပ်ဆင်တူ၊ ဦးထုပ် ဆင်တူ၊ ဘာကိုမဆို အတူတူ လုပ်လို့ရတာတွေ အကုန်အတူလုပ်လေ့ရှိတယ်။ ကျောင်းကပွဲမှာ သူနဲ့ကျွန်မီကနအသီချင်းအတူဆိုတာ အားလုံးရဲ့ချီးကျူးမှုကိုရခဲ့တယ်။
            တစ်နေ့နံနက်မှာ သဲမာ မရှိတော့ဘူးလို့ သဲမာအစ်ကိုက ငိုသံပါကြီးနဲ့ ကျွန်မကို အစောကြီးလာပြောတယ်။ “ဟင် ဘယ်သွားလို့လဲ”လို့ အလိုက် ကမ်းဆိုးမသိ ကျွန်မက မေးလိုက်မိသေးတယ်။ သွေးဖြူဥနှုန်းတွေ တရားလွန် တက်နေခဲ့တာ၊ သွေးကင်ဆာနဲ့ သဲမာဆုံးပြီတဲ့။ အိမ်ကို လိုက်သွားတော့ အနီရောင်နှင်းဆီပွင့်တွေတစ်ကိုယ်လုံးအပြည့်ခြုံလွှမ်းထားတဲ့ သဲမာကို အဖြူ ရောင်ဝတ်စုံလေးနဲ့ငြိမ်သက်တိတ်ဆိတ်နေတာ တွေ့ရပါတယ်။ ကျွန်မအရမ်း ၀မ်းနည်းပါတယ်။ ငယ်ငယ်တုန်းက သရက်ပင်ကြီးသေတုန်းကလို စူးစူးဝါးဝါး အကြာကြီးအော်ငိုပစ်ချင်ပါတယ်။
            ထူးဆန်းတာက ကျွန်မမျက်ရည်တွေကို ဘယ်အရာက ထိန်းချုပ် ထားသလဲမသိပါဘူး။ အားကြီးတဲ့လက်တစ်စုံက ကျွန်မရဲ့ တုန်ယင်နေတဲ့ ပခုံးတွေကို ပွေ့ပိုက်ပြီးနှစ်သိမ့်မှုပေးနေသလိုပဲ။ အဲဒါ သဲမာပြောဖူးတဲ့ ဘုရားသခင်ရဲ့တန်ခိုးပါတဲ့လက်တစ်စုံလား။ သဲမာရဲ့အမေက ကြေကွဲနေတဲ့ ကြားက ပြုံးပြီး ကျွန်မကိုပြောတယ်။
            “သဲမာကို မီးမီးသိပ်ချစ်လား”
            ကျွန်မ ခေါင်းညိတ်လိုက်တယ်။
            “သူနဲ့ တွေ့ချင်လား”
            ကျွန်မ ခေါင်းညိတ်တယ်။
            “သဲမာက အခု ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော်မှာ ၀င်စားနေပြီ၊ မီးမီးကို သဲမာစောင့်နေမှာပါ၊ မီးမီးခရစ်ယာန်ဖြစ်ရင် သဲမာနဲ့ ကောင်းကင်ဘုံမှာ ပြန်ဆုံရမှာအသေအချာပဲ” တဲ့။ ကျွန်မ ပျော်သွားတယ်။                             
“ကျွန်မတို့ အခုလိုပဲ ဘာမဆို အတူလုပ်လို့ရမှာလားအန်တီ”
            “အတူပေါ့၊ ဘာမဆိုအတူ၊ ကောင်းကင်ဘုံမှာ အားလုံးအတူတူပဲ၊ အရမ်းချစ်တဲ့သူတွေအတွက် ဘုရားသခင်က တစ်ခန်းတည်းနေလို့ရအောင် စီစဉ်ပေးထားမှာ”
            ဒီလိုဆိုမှဖြင့် သဲမာသေတာ ဘာအထွေအထူး ၀မ်းနည်းစရာရှိလို့လဲ။ အိမ်ကိုပြန်လာတော့ အဘွားက ဆတ်ဆတ်ခါခါလေသံနဲ့ပြောတယ်။ “အိမ်ပေါ်မတက်နဲ့ဦး၊ ရေချိုးခန်းထဲ နောက်ပေါက်ကလှည့်ဝင် ရေအရင် ချိုးချ”
            အသုဘအိမ်က ပြန်လာလို့ပြောတာပါ။ တစ်ဆက်တည်း ခေါင်းလျှော်ဖို့ ပါ လှမ်းပြောရင်း စဉ်းစားမိဟန်နဲ့မေးတယ်။
            “နေစမ်းပါဦး၊ ဦးထုပ်ကဘယ်မှာလဲ ဦးထုပ်ပါလျှော်ပစ်”
            အဘွားပြောမှ ဦးထုပ်ကိုသတိရတယ်။
            “ဦးထုပ်ကျန်ခဲ့တယ်၊ ဟိုအိမ်မှာ”လို့ အော်ပြောလိုက်တယ်။ အဘွားက ကျွန်မကို မျက်ခြည်မပြတ်စောင့်ကြည့်နေခဲ့တာပဲ။ အဘွားကို ချစ်တာမှန် ပေမဲ့ အရွယ်လေးရောက်စပြုလာတော့ အရင်ကလို ကိုယ့်ဆန်္ဒ မပါဘဲ အဘွားပြောသမျှ လိုက်လိုက်လုပ်ရတာမျိုး မလုပ်ချင်တော့ဘူး။ ကိုယ့်အယူ အဆနဲ့ကိုယ်ပဲ လွတ်လပ်စွာနေချင်ပါပြီ။ ဒါနဲ့ပဲ
            “မချိုးတော့ မလျှော်တော့ ဘာဖြစ်မှာလဲအဘွား”
            ခါခနဲနေအောင် ခေါင်းကို ယမ်းခါပြီး ခပ်တည်တည်နဲ့ ကျွန်မ အိမ်ပေါ် တက်ခဲ့ပါတယ်။ အိပ်ရာပေါ် ပစ်လှဲ အိပ်လိုက်ပြီးမှ ပြန်ထထိုင်ပြီး ဂစ်တာ ကောက်ကိုင်မိတယ်။ ကျွန်မကိုယ်ကျွန်မ မသိလိုက်ခင်မှာပဲ နှုတ်က အလို အလျောက် သဲမာနဲ့ဆိုနေကျီကနအသီချင်းလေး ဆိုဖြစ်သွားပါတယ်။ ဆိုနေရင်းနဲ့ ဒုတိယဠနမျန မှာ သဲမာတကယ်ပဲ ၀င်ဆိုပေးခဲ့တယ်။                       ဟိုဟိုသည်သည် ကြည့်တော့ အို . . .သဲမာပါလား။ ပြတင်းပေါက် ဘောင်ပေါ်မှာ ခြေတွဲလွဲချ ထိုင်နေတဲ့ သဲမာ။ အခါတိုင်းတစေ်္ဆတွေလို ခပ်လှမ်းလှမ်းမှာ မဟုတ်ဘဲ နီးနီးကပ်ကပ်လေးအခန်းထဲမှာ မြင်ရတော့ မကြောက်ပေမဲ့လည်း အံ့သြလွန်းတဲ့စိတ်နဲ့ မှင်တက်ငေးကြည့်နေမိတယ်။ စိတ်ထဲမှာလည်း စောစောကအသုဘက အိပ်မက်မက်နေတာ၊ အခုဟာမှ တကယ့်အဖြစ်။ သဲမာကဖြင့် မသေပါဘူး လို့ ကယောင်ချောက်ချား တွေး လိုက်မိတယ်။
            “နင့် ဦးထုပ်ကျန်ခဲ့လို့ လိုက်ပေးတာ၊ ရော့”
            သဲမာက လှမ်းပေးတယ်။ ကျွန်မ ထိုင်နေရာက ထယူတာ မရဘူး။ အားယူရုန်းထပြီး သွားယူလိုက်တော့ သဲမာက တခစ်ခစ်ရယ်ပြီး ဦးထုပ် လေးကိုင်လို့ အခန်းထဲ လှည့်ပတ်ပြေးနေတယ်။ ကျွန်မ ခေါင်းမူးလာတယ်။             
“နင် ငါ့ကို ကြောက်နေပါတယ်”
            အဲဒီလို သဲမာပြောတော့ မဟုတ်ဘူးလို့ ကျွန်မဖြေရှင်းချင်ပေမဲ့ အသံက ထွက်မလာဘူး။
            “ဒါဖြင့်လည်း နောက် မလာတော့ပါဘူး၊ ကောင်းကင်ဘုံကနေ နင့်ကို စောင့်နေမယ်၊ နင်လာမယ်မို့လား”
            ပြောပြောဆိုဆို ကျွန်မခေါင်းပေါ်ကို ဦးထုပ်လေး ဆောင်းပေးသွားပြီး လှစ်ခနဲပျောက်သွားတယ်။ သဲမာလှုပ်ရှားပုံက မြန်ဆန်လွန်းအားကြီးလို့ ကျွန်မ ပါးစပ်အဟောင်းသားနဲ့ပဲ ဖြစ်ကျန်ခဲ့တယ်။ အတန်ကြာမှ အသံလေးတုန်တုန် နဲ့ အော်မိတယ်။
            “သဲမာ သဲမာ နင်ရှိသေးလား”
            သူ ကျွန်မအခန်းရဲ့တစ်နေရာရာမှာ ရှိနေဦးမှာပါ။ သူဆွတ်နေကျ ရေမွှေး နံ့လေးက တစ်ခန်းလုံးသင်းပျံ့နေဆဲပဲ။ ဟုတ်တယ် သူ သဲမာ ရှိသေးတယ်။ ကျွန်မ သူ့ကို ကြောက်နေတယ်ထင်လို့ သူ ကျွန်မ မြင်အောင်မပြတာပဲ ဖြစ်မယ်လို့ ကျွန်မ ရိပ်စားမိလိုက်တယ်။ သူ မေးတာ ကျွန်မ မဖြေလိုက်ရဘူး။  ခုမှပဲ ၀မ်းနည်းဆို့နင့်လာတယ်။ ကျွန်မ ခုမှ ထိုင်ငိုမိတယ်။ တအိအိငိုသံကြား လို့ အဘွားက အပေါက်ဝကနေ လာကြည့်တယ်။ ခေါင်းပေါ်က ဦးထုပ်ကို မြင်တော့ မျက်မှောင်ကြီးကွေးရှုံ့နေအောင် အတင်းတွန့်ထားပြီးပြောတယ်။
            “ပြောတော့ ကျန်ခဲ့တယ်ဆို”
            “အခုပဲ သဲမာလာပေးသွားတာ”
            ကျွန်မက အမှန်အတိုင်းဖြေတာပါ။ အဘွားက ပခုံးတွေတွန့်ပြပြီးလှည့် ထွက်သွားတော့မလို ဟန်ပြင်ပြီးမှ နှာခေါင်းကို ရှုံ့ရှုံ့ပွပွလုပ်ပြီးမေးပြန်တယ်။
            “ဘာအနံ့တွေလဲ မွှန်နေတာပဲ”
            “သဲမာဆီက ရေမွှေးနံ့”
            ကျွန်မ စကားလည်းဆုံးရော အဘွား ပါးစပ်ပိတ်ပြီး တစ်ကြိုးတည်း လစ်ရော။
             သဲမာရဲ့အလောင်းမြေချတဲ့နေ့က ဟိုနေ့တုန်းဆီက မဖြေလိုက်ရတဲ့ စကားကြွေးကို ကျွန်မ ပြန်ဆပ်လိုက်ပါတယ်။ မြေကြီးခဲတချို့လက်နဲ့ကုပ်ယူ ပြီး သဲမာအလောင်းပေါ် အသာလေးပစ်ချလိုက်ရင်း ကတိပြုလိုက်တယ်။
            “တို့အတူပြန်တွေ့ကြစို့၊ ငါလာခဲ့ပါ့မယ် သဲမာ”
            အချစ်ဆုံးသူငယ်ချင်းကို မထင်မှတ်ဘဲ ဆပ်ခဲ့တဲ့စကားကြွေးက ကျွန်မ ဘ၀ကို အပြောင်းအလဲတစ်ခုဖြစ်စေခဲ့တယ်။ ရွာကလေးကို စွန့်ခွာပြီး မြို့ပေါ်မှာ အလုပ်လုပ်ရင်းနဲ့ ကျွန်မငှားနေတဲ့အဆောင်နားက သမ်္မာကျမ်းစာသင် ကျောင်းမှာ နောက်ဆုံးနှစ်ကျောင်းတက်နေတဲ့ ကချင်အမျိုးသား ကိုနော် အောင်နဲ့ အိမ်ထောင်ကျတဲ့အခါ ကျွန်မ ခရစ်ဘာသာဝင်ဖြစ်သွားခဲ့လို့ပါပဲ။ 
ကျွန်မ အိမ်ထောင်ကျပြီး တစ်နှစ်ကြာတဲ့အခါ အဘွားဆုံးသွားပါတယ်။ အဘွားရဲ့ အသုဘကိစ္စနဲ့ ရွာကလေးကို တစ်ခေါက်ပြန်ရောက်ချိန် မှာ ရွာကလေးက မြို့သေးသေးလေးဖြစ်နေပါပြီ။ ဘူတာကနေ မြင်းလှည်း ငှားမယ်ကြံတော့ ဈေးကြီးလှတာကြောင့် အိတ်ကို ဆွဲပြီး နံနက်ရောင်နီ မသန်းသေးခင် အမျောင်ခင်းထဲမှာပဲ ခုံးတံတား ကို ဖြတ်ကျော်ပြီး လမ်းလျှောက်ခဲ့တယ်။ ခုံးတံတားအလွန် ဈေးလမ်းလေးအတိုင်း လျှောက်လာတော့ နံနက်ခင်းဈေးသည်တွေ ဈေးထွက်ဖို့ ပြင်ဆင်နေကြပါပြီ။ ကျွန်မဘေးကနေ စက်ရှိန်မြှင့်ပြီး ကပ်သီသီလေး ဖြတ်သွား တဲ့ ဆိုင်ကယ် တစ်စီးကို ကျွန်မ မျက်စောင်းထိုး ကြည့်လိုက်တယ်၊ ဆိုင်ကယ် က ပြန်ကွေ့လာပြီး ကျွန်မရှေ့လာပိတ်ရပ်တယ်။
" နင့်အဘွားအတွက် ငါစိတ်မကောင်းပါဘူး "
ဆိုင်ကယ်သမား က ပြောတယ်။ ဆယ်တန်းတုန်းကသူငယ်ချင်း၊ နာမည်ရင်းကို ကျွန်မ မသိတော့ဘူး။ "စာကလေး" ဆိုတဲ့ နာမည်ပြောင် ကိုပဲ ကျွန်မ မှတ်မိတယ်။
" အယ် ... စာကလေး၊ မတွေ့တာတောင်ကြာပြီ၊ ဘာတွေလုပ်နေလဲ "
" ဒီလိုပါပဲ "
ခေါင်းပေါ် မှာ သိုင်းချီဆောင်းထားတဲ့ ဟဲလ်မက်ကို ဖြုတ်လိုက်တဲ့အခါ ချွေးသီးချွေးပေါက်တွေ တွဲရွဲခိုထွက် နေ တဲ့ မျက်နှာမြင်ရလို့ ကျွန်မ အံ့သြရတယ်။ ဘယ့်နှယ် ဒီလောက်ချမ်းအေးလှတဲ့ ဆောင်းတွင်းနံနက်ကြီး။ သူ့ဆိုင်ကယ် နဲ့ သွားရင် မြန်မြန်အိမ်ရောက်မယ်လို့ စဉ်းစားမိတယ်။
" ငါ့ကို လိုက်ပို့ပါလား၊ အိမ်အမြန်ရောက်ချင်လှပြီ "
" ငါ့မှာ အချိန်မရှိတော့ဘူး၊ ဟော ခေါ်နေကြပြီ "
လီဗာ ကို တစ်ဟုန်ထိုး ဆောင့်တင်ပြီး မောင်းထွက်သွားတယ်။ သူ့ဆိုင်ကယ် မောင်းထွက်သွားရာ လမ်းကြားလေး ထဲ နောက်လှည့်ပြီး ကြည့်မိတော့ လမ်းအနေအထားက အဲဒီလို ဆိုင်ကယ်ဝှီးခနဲဖြတ်ဖို့ မဆိုထား နဲ့ ဆိုက်ကားတောင် ဖြည်းဖြည်းချင်းသွားမှရမယ့် လမ်းကျဉ်းလေးဖြစ်ပြီး နံနက်ခင်းလမ်းဘေး ဈေး သည်တွေနဲ့ကျပ်နေတာ ကျွန်မ တွေ့ရတယ်။ ဆိုင်ကယ် ဟာ မြေနဲ့မထိ ဘဲ လေထဲကနေ မောင်း သွားသလား အောက်မေ့ ရလောက်အောင် လျင်မြန်စွာ အစအန ပျောက်သွားခဲ့ပါတယ်။
အိမ်ရှေ့ရောက်တာနဲ့ ကျွန်မ မျက်လုံးတွေက အဘွားနဲ့ထိုင်နေကျ ကွပ်ပစ်လေးရှိရာဆီ လှမ်းကြည့်မိတယ်။ အို အဘွား က ကွပ်ပျစ်ပေါ်မှာ တင်ပျဥခွေ ထိုင်လို့ ကွမ်းတွေအပြည့် ၀ါးထားတဲ့ပါးစပ်နဲ့ ပြုံးတုံ့တုံ့လုပ်နေတဲ့ အဘွား ဆီ ကျွန်မ သတိလက်လွတ်နဲ့ အပြေးသွားပြီး ဖက်လိုက်တယ်။ ကွပ်ပျစ်အခင်းပေါ် ဘုတ်ခနဲ ကျွန်မ မှောက်ကျ သွားပါတယ်။
တစ်စုံတစ်ရာအသံကြားလို့ အိမ်ထဲကထွက်လာပုံရတဲ့ မေမေက ကွပ်ပျစ်ပေါ်ကနေ လေးဖက်ကုန်းထနေတဲ့ ကျွန်မကို အံ့အားသင့်နေတဲ့ မျက်လုံးအစုံ၊ ဒါပေမဲ့ နားလည်မှု သက်ဝင်နေတဲ့ မျက်လုံးအစုံနဲ့ ကြည့်ရှာပါ တယ်။
မျက်ရည်ဝဲတဲ့ မျက်လုံးတွေနဲ့ ကျွန်မရယ်ကျဲကျဲလုပ်ရင်း မေမေ့ရှေ့မှာ ရပ်လို့ ပြောလိုက်တယ်။
" အဘွား ကို ကျွန်မ မြင်တယ်၊ ဒါကြောင့် ပြေးဖက်မိသွားတာ "
အမေ့ရဲ့ မျက်ဝန်းတွေထဲ ၀တ်စုံတစ်ရာ ဖွေရှာစူးစမ်းရင်း ကျွန်မ ထပ်ပြောလိုက်တယ်။
" တကယ်ပါမေမေ၊ အဲဒါ တကယ် "
ပြောရင်းနဲ့ မေမေ့ရင်ခွင်ထဲ တိုးဝင်လိုက်တယ်။ မေမေက အိမ်ထောင်တောင်ကျနေပြီဖြစ်တဲ့သမီးကို နို့စို့သမီး အရွယ်လေး လိုပဲ သဘောထားတုန်း ထင်ပါရဲ့။ ကျွန်မရဲ့ နဖူးဆံစလေးတွေကို ဖွဖွလေးသပ်ပေးပြီး ပြောတယ်။
"မေမေယုံပါတယ် သမီးရယ်၊ မေမေလည်းပဲ .... "
အဘွားရဲ့ ရက်လည်နေ့မှာ အထက်တန်းကျောင်းက သူငယ်ချင်းတွေ ပြန်ဆုံဖြစ်တော့ စာကလေး ဆိုင်ကယ် မတော်တဆမှောက်ပြီး နေရာမျာပဲ ပွဲချင်းပြီး သေဆုံးခဲ့တဲ့အကြောင်း တစ်ယောက်က စပြောလာ တယ်။
" ပြီးခဲ့တဲ့ စနေနေ့ မနက် ငါးနာရီခွဲက မဟုတ်လား "
ကျွန်မ ကောက်ကာငင်ကာ ဖြည့်စွက်ပြောလိုက်တယ်။ ဟယ် နင်ဘယ်လိုလုပ်သိ ဆိုတဲ့ မျက်လုံးတွေနဲ့ ကျွန်မကို အားလုံး က ၀ိုင်းကြည့်နေကြတယ်။
သူတို့မျက်လုံးတွေ ကို တစ်ဦးချင်းလိုက်ငေးကြည့်ရင်း ကျွန်မ ပေါ့ပေါ့ပါးပါး လုပ်ပစ်လိုက်ရတယ်။
" လျှောက်ပြောတာပါဟာ "
တစ္ဆေစာကလေး ကို ကျွန်မ မြင်ခဲ့ရုံမက စကားတောင်ရပ်ပြောခဲ့သေးတယ်လို့ခုနေ အတည်ပေါက်နဲ့ ပြောရင် ကော ဘယ်သူ ယုံနိုင်ပါ့မလဲ။
ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ တစ္ဆေတွေကို ယုံပါတယ်။ သူတို့ တကယ်ရှိနေကြတယ်လို့ ခိုင်ခိုင်မာမာ ပြော ချင်တယ်။ ဒါပေမဲ့ သူတို့ဟာ ဘာမှ လူတွေကို ဒုက္ခမပေးနိုင်ပါဘူး။ လူတွေကို ဘယ်တော့မှ အဆုံးသတ်မရှိ တဲ့ ဒုက္ခ မျိုးစုံ ပေးပေးနေတာ တကယ်တော့ တစ္ဆေတွေ မဟုတ်ပါဘူး။ အရင်းစစ်လိုက်တော့ လူတွေကို ဒုက္ခပေးနေ တာ လူတွေပဲ ဖြစ်ပါတယ်။ ကျွန်မ ကိုယ်တွေ့အရပြောရရင် တစ္ဆေတွေဟာ ကျွန်မကို ပျော်ရွှင် မြူးထူးမှုနဲ့ အတူ ကူညီဖေးမ လမ်းပြမှုတောင် ပေးခဲ့သေးတာပါ။ 
တစ္ဆေတွေက ကျွန်မရဲ့ ပျင်းရိနေတဲ့စိတ်ကို ပျော်တော်ဆက်ပေးတဲ့ ပရော်ဖက်ရှင်နယ် ဖျော်ဖြေရေး သမားတွေဖြစ်တယ်။ ပြီးတော့ တစ်ကိုယ်ရေ အထီး ကျန်ပြီး ခြောက်ခြောက်ကပ်ကပ် ဖြတ်သန်းနေရတဲ့ နာရီတွေကို စိုလက်တောက်ပအောင် အဖော်ပြုပေးတယ်လို့ ကျွန်မယုံတယ်။ ဘ၀မှာ ရှေ့လျှောက် ဘယ်လို တစ္ဆေမျိုးမြင်ရဦး မလဲလို့ ကျွန်မ ရင်ခုန် မျှော်လင့်နေမိပါတယ်။
တစ္ဆေတွေ ကို ယုံဖို့မယုံဖို့ ရှင်တို့ကို ကျွန်မ ဘယ်တော့မှ တိုက်တွန်းပြောကြားသွားမှာမဟုတ်ပါဘူး။ ကျွန်မရဲ့ ကိုယ်တွေ့ ကိုပဲ ပြောပြနေတာပါ။ နောက်ထပ်လည်း ဒါ့ထက် ဆန်းကြယ်ထွေပြားပြီး ချစ်စရာ ကောင်းတဲ့ တစ္ဆေတွေ အကြောင်း ပြောပြနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မ တစ္ဆေတွေကို တကယ်မြင် တယ်။ မြင်လို့ ယုံတယ်။ ဒုက္ခမပေးလို့ ချစ်လည်း ချစ်မိတယ်။ ဒါပေမဲ့ ကျွန်မဒါတွေကို ပြောပြရင် ရှင်တို့အားလုံး လက်ခံမှာ မဟုတ်ပါ ဘူး။ ဒါကြောင့် ဘာမဆို စောဒကမတက်ဘဲ မငြင်းမဆန် လက်ခံယူတဲ့ စာရွက်တွေပေါ်ကို ကျွန်မ ၀န်ခံပြောပြနေ တာပါ။
ဘာကြောင့် ကျွန်မမှာ တစ္ဆေတွေကို ဒီလိုမြင်နိုင်စွမ်းအားရှိနေတာလဲဆိုတာတော့ ကျွန်မလည်း အဖြေမရှာ တတ် ပါဘူး။ ကျွန်မကိုယ်တိုင်ကပါ တစ္ဆေတစ်ကောင်ဖြစ်နေလို့များလား။ ရှင်တို့ကော ဘယ်လိုထင်လဲ။
စုမီအောင်
(နွယ်နီ မဂ္ဂဇင်း ၂ဝ၁၂ ဇွန်လ)
Wednesday, July 10, 2013
ကျောပိုးအိတ်တစ်လုံးနဲ့ ဝေဟင်ထဲကလူ
 အောင်မြင်သည့်လုပ်ငန်းတစ်ခု၏တန်ဖိုး/စံ ကို ဘာနှင့်တိုင်းတာမလဲ။ မိမိကုမ္ပဏီမှာ ၀န်ထမ်းများပြားစွာခန့်ထားနိုင်ခြင်းလား၊ အဆင့်အတန်းမြင့်မြင့်နေထိုင်သုံးစွဲလုပ်ကိုင်နိုင်ခြင်းလား၊ လုပ်ငန်းတွေတစ်စတစ်စ တိုးချဲ့နိုင်ခြင်းလား။ မဟုတ်ပါ။ လုပ်ငန်းရှင်ကိုယ်တိုင် ဂုဏ်သိက္ခာဖြင့်ရပ်တည်ဖို့လိုသလို၊ ၀န်ထမ်းများအပေါ် သမာသမတ်ကျကျ ဆက်ဆံအုပ်ချုပ်ဖို့ လိုသေးသည်။ ၀န်ထမ်းများသည် လုပ်ငန်းရှင်၏အားကိုးဖွယ်လက်ရုံးများ ဖြစ်ဖို့လိုသလို လုပ်ငန်းရှင်သည်လည်း ၀န်ထမ်းများ၏ အယုံကြည် အလေးစားခံ ပုဂိ္ဂုလ် ဖြစ်နေရ မည်။ လုပ်ငန်းခွင်သည် ၀န်ထမ်းများအတွက် အကြောက်တရားနယ်ပယ်မဖြစ်စေရ။ ပျော်မွေ့သောစိတ်ဖြင့် လုပ်ဆောင်နိုင်သော နယ်ပယ် ဖြစ်ရမည်။ ခိုင်းနွားစက်ရုပ်လို အသေလုပ်၊ လကုန်လျှင် ငွေစက္ကူထည့်ထားသောအိတ် ပိုက်ပြီးအိမ်ပြန်၊ ထိုသို့သော ၀န်ထမ်း များဖြင့်သာလည်ပတ်နေသည့်လုပ်ငန်းခွင်မျိုးကို အောင်မြင်သည့်လုပ်ငန်းဟု မဆိုနိုင်။
xxxx
            သူ့နာမည်က “ရန်ဘင်ဟမ်”။ ကုမ္ပဏီမှာ အလုပ်ထုတ်ခံရမည့်ဝန်ထမ်းတွေကို အလုပ်မှအသာတကြည်ထွက်ခွာသွားစေဖို့ ရှင်းလင်းပြောပြ နှစ်သိမ့်အားပေးရသူတစ်ဦးဖြစ်သည်။ သို့သော် ၀န်ထမ်းတွေက မိမိအလုပ်ထုတ်ခံရပြီကို သိလျှင်သိချင်း ထိတ်လန့် ကြသည်၊ စိတ်လှုပ်ရှားကြသည်။ မယုံနိုင်သည့်မျက်လုံးများဖြင့်ကြည့်ကာ သူ့ကို မကျေမချမ်း မေးခွန်းထုတ်တတ်ကြသည်။
            “အနှစ်နှစ်ဆယ်သုံးဆယ် လုပ်ခဲ့တဲ့ရလဒ်က ဒါပဲလား” “ဘာကြောင့်ဒါမျိုးဖြစ်ရတာလဲ” “ဘယ်လိုပုံစံနဲ့အိမ်ပြန်ပြီး ငါအလုပ် ပြုတ်ပြီဟေ့လို့ အိမ်ကမိန်းမကို ဘယ်လိုပြောရမှာလဲ”
            တချို့က စားပွဲပေါ်ကပစ္စည်းတွေ တွန်းတိုက်ချ၊ ထိုင်ခုံတွေ ကန်ကျောက်လှဲပစ်သည်အထိ ထင်ရာမြင်ရာတုံ့ပြန်သည်။ ရန်ဘင် ဟမ်ကမမှု။ ဘယ်လိုပဲတုံ့ပြန်တုံ့ပြန် သူနားလည်ရမည်။ ၀န်ထမ်းကို ချိုသာလေးစားစွာ ဆက်ပြောရတတ်သည်။
            “အင်ပါယာတစ်ခုထူထောင်ခဲ့သူ၊ တိုင်းပြည်ကို ပြောင်းလဲပစ်နိုင်သူ၊ ဘယ်သူပဲဖြစ်ဖြစ်၊ အခုခင်ဗျားရောက်နေတဲ့ နေရာမျိုးက နေ ဖြတ်သန်းဖူးခဲ့ကြတာချည်းပဲ။ ဒါ သူတို့မှာ လုပ်ကိုင်နိုင်စွမ်းတွေ အပြည့်ရှိလို့ပဲပေါ့”
            သည်စကားက အလုပ်ထုတ်ခံရလို့ တုန်လှုပ်ထိခိုက်နေတဲ့ဝန်ထမ်းအတွက် အားတက်စရာ။
            “ဒီနေ့တော့အနားယူလိုက်၊ မနက်ဖြန်မှာ လေ့ကျင့်ခန်းလုပ်၊ ခင်ဗျားအလုပ်သစ်ရှာ၊ ပြီး လုပ်ရိုးလုပ်စဉ်အတိုင်းပြန်ဖြစ်အောင် ကြိုးစား၊ မပူနဲ့ သိပ်မကြာခင်ပဲ ခင်ဗျားအဆင်ပြေသွားမှာ”
            သည်လိုပဲ သူပြောပြရတတ်သည်။ သည်နေ့တော့“စတိဗ်”ကို အလုပ်ထုတ်ကြောင်းသူပြောရဖို့ရှိသည်။ စတိဗ်က ထုံးစံအတိုင်း မျက်ခုံးပင့်ကာ သူ့ကိုမထီတရီကြည့်သည်။
            နောက်ဆုံး ခေါင်းငိုက်စိုက်ချထွက်သွားတဲ့“စတိဗ်”ကို ကြည့်ကာ ရိုင်ယန်ခေါင်းညိတ်သည်။ ဒါပဲလေ။ ဒီလိုပဲဖြစ်ရမှာပေါ့။ လက်ရှိ အလုပ်ကထွက်သွားရသည်နှင့်သူတို့ဘ၀တွေ အဆုံးသတ်ပြီလို့ ၀န်ထမ်းတွေက ထင်တတ်ကြသည်။ တကယ်တော့ ဒါဟာ အစပဲရှိသေးတယ်ဆိုတာကို ဘယ်သူမှမသိ။ ဒါကို လူတိုင်းအားသိစေ့ချင်သည်။ စတိဗ်က သူ့ကို လှည့်ကြည့်ပြီး မေးသည်။ “ကျုပ်ခင်ဗျား ကို ဘယ်လိုတွေ့နိုင်မလဲ”တဲ့။ “ကီးကတ် လေးသာပေးခဲ့ပါ။ ကျွန်တော် ခင်ဗျားကို ဆက်သွယ်လိုက်ပါ့မယ်”
            စတိဗ် သူ့စကားကို အဟုတ်ထင်သွားသလား။ ရန်ဘင်ဟမ် ခေါင်းယမ်းသည်။ စတိဗ်ကို သူ့အနေနှင့် နောက်ထပ်တွေ့စရာ အကြောင်း မရှိတော့ပါ။ စတိဗ်မှမဟုတ်။ ဘယ်ဝန်ထမ်းကိုမှ နောက်တစ်ကြိမ် တွေ့စရာအကြောင်းမရှိပါ။
xxxx
            ရန်ဘင်ဟမ်ဘယ်မှာနေတယ်ဆိုတာ ဘယ်ဝန်ထမ်းမှ မသိ။ မနှစ်ကလည်း ၃၂၂ရက်လုံးလုံး လမ်းပေါ်မှာပဲ သူအချိန်ကုန် သည်။ သူ့နေရပ်က ဝေဟင်ထဲမှာ။ တစ်ချိန်လုံး လေယာဉ်ခရီးသွားနေရ သည်။ သူ့ကို သိချင် တွေ့ချင်လျှင် သူနှင့်အတူ ခရီးသွားမှရမည်။ အော်တိုမက်တစ်လုပ်ဆောင်မှုတွေ၊ စနစ်ကျတဲ့လည်ပတ်မှုတွေနဲ့ သူ့ဘ၀က အသက်ဝင်နေသည်။ နေရာအနှံ့ခရီးဆန့်ကာ ၀န်ထမ်းများ အတွက် ခွန်အားတက်ဖွယ် မက်ဆေ့ဂ်ျတွေပို့ချပေးရသည်။ Las Vegas က Goldquest မှာ မက်ဆေ့၈်ျပို့ချပေးဖို့ အကြောင်းကြားစာ ရောက်လာသည်။      
“ခင်ဗျားရဲ့ကျောပိုးအိတ်ထဲမှာ ဘာတွေရှိလဲ” ဆိုသည့်ခေါင်းစဉ်ဖြင့် သူ ပို့ချသည်။
ကျောပိုးအိတ်တစ်လုံးကို စားပွဲ ပေါ်တင်ကာ သူစကားစသည်။
“ခင်ဗျားတို့ဘ၀ဟာ ဘယ်လောက်လေးလံသလဲ၊ ကျောပိုးအိတ် တစ်လုံးလွယ်ထားတယ်လို့ သဘောထားလိုက်ပါ။ ပခုံးပေါ်မှာ လွယ် ကြိုးသိုင်းထားပြီးတဲ့ခံစားမှုမျိုးပေါ့။ ဘယ်လိုလဲ ခံစားလို့ရရဲ့လား…(၀န်ထမ်းတွေကို သူတစ်ချက်စောင့်ကြည့်သည်)။ ခင်ဗျားတို့ ဘ၀ထဲမှာ ရှိနေတဲ့အရာအားလုံး ထုပ်ပိုးကြည့်လိုက်ပါ။ ပစ္စည်းသေးသေးလေးတွေ စပြီးထည့်ပါ။ အံဆွဲထဲက၊ စင်ပေါ်က တိုလီမိုလီ ပစ္စည်းလေးတွေ။ အလေးချိန်ကို စိတ်မှန်းနဲ့ခံစားကြည့်ပါ။ ပြီးရင် လေးတဲ့ပစ္စည်းတွေ လာမယ်။ အ၀တ်အစားတွေ၊ မီးအိမ်၊ စားပွဲ၊ တီဗီ . .ဘယ့်နှယ်လဲ ခင်ဗျားတို့ကျောပိုးအိတ် အတော့်ကိုလေးသွားပလား။ ပြီးရင် ဆက်ထည့်ဦးမယ်။ ထိုင်ခုံ၊ အိပ်ရာ၊ မီးဖိုချောင် ရှိရှိသမျှ အကုန် မော်တော်ကားလည်း ထပ်ထည့်လိုက်ပါဦး။ စတူဒီယိုခန်းနဲ့ အိပ်ခန်း နှစ်ခန်းတွဲပါတဲ့ခင်ဗျားအိမ်ကိုရော…. .အားလုံးကျောပိုး အိတ်ထဲ ထည့်လိုက်ပါ။ ခင်ဗျားပိုင်ဆိုင်သမျှအကုန်ထည့်ပြီးတာနဲ့ ခင်ဗျားလမ်းလျှောက်ဖို့ကြိုးစားကြည့်ပါ။ ဘယ်လိုလဲ တော်တော်ခက်ခဲ သွားပြီမို့လား။ ပြောရရင် ဒါက ကျုပ်တို့ ခင်ဗျားတို့နေ့စဉ်လုပ်နေကျ အခြေခံအကြောင်းရင်းတွေပါ။ ကျုပ်တို့ ရွေ့လျားလို့လွယ်အောင် အလေးချိန်လျှော့နိုင်သမျှ လျှော့ချပစ်ရမယ်။ ပြီးတော့ အမှားမလုပ်မိစေနဲ့။ ရွေ့လျားမှုကလည်း နေထိုင်ခြင်းတစ်မျိုးပဲ။
            ကဲ အခု အဲဒီကျောပိုးအိတ်ကို ရုတ်တရက်မီးလောင်ပြီဆိုပါတော့ဗျာ။ ခင်ဗျားတို့ ဘာတွေကို မီးမလောင်အောင် ထုတ်ထားချင် မှာပါလိမ့်။ ဓာတ်ပုံတွေလား။ ဓာတ်ပုံဆိုတာ အမှတ်သညာမရှိတဲ့ လူတွေအတွက်ပါ။ မကြိုးစားပါနဲ့။ လက်ဖက်ရည်လေးသောက်ပြီး ဓာတ်ပုံတွေမီးအလောင်ခံလိုက်ပါ။ ကျုပ်ပြောချင်တာက အားလုံးကို လောင်ကျွမ်းခံလိုက်ပြီး နောက်တစ်နေ့မနက်မှာ ဘာမှမရှိဘဲ နိုးထ လာသလိုမျိုး စိတ်ကူးကြည့်ဖို့ပါပဲ။ ဘယ့်နှယ်လဲ ရင်ဖိုစရာကောင်းရဲ့မဟုတ်လား”
            အဲသည်နောက် ဒဲလက်စ်ကို သွားရပြန်သည်။ အိုမားဟားကို ရောက်ရပြန်သည်။ တစ်ကိုယ်တော်ခရီးသွားကြီး ရန်ဘင်ဟမ့် ရင်ထဲသို့ အဲလက်စ်ဆိုသည့်အမျိုးသမီးတစ်ဦးက မထင်မှတ်ဘဲဝင်လာသည်။ အဲလက်စ်က ချီကာဂိုမှာနေသူ။ ဖုန်းမက်ဆေ့ဂ်ျ အပြန်အလှန်ပို့ရင်း ခရီးသွား အစီအစဉ်ထဲမှာ ကြားညပ်ကာ သူတို့တွေ့ဆုံဖြစ်ကြသည်။
xxxxx
ရန်ဘင်ဟမ်ရုံးခန်း၏ စည်းဝေးခန်းမထဲ သူတို့အားလုံးရောက်ရှိနေသည်။
            “စက်မှုလုပ်ငန်းတွေအာလုးံး ရပ်ထားရမလို၊ အိမ်ဈေးကွက်က ရင်ခန်စရာမကောင်းဘူး။ အမေရိကရဲ့မှတ်တမ်းမှာ အဆိုးဆုံး အခြေ အနေဖြစ်နေပြီ။ ဒါကျုပ်တို့အတွက် အခွင့်အခါကောင်းပဲ။ ကော်နယ်က ငယ်ရွယ်ထက်မြက်တဲ့မိန်းကလေးတစ်ဦး အသစ် ရောက်လာတယ်။ သူ့မှာ ကျုပ်တို့နဲ့အတူ စိန်ခေါ်လုပ်ကိုင်ဖို့ အကြံကောင်းတွေပါလာပုံပဲ”
            “နက်တလီကင်နာ”ဆိုသည့်မိန်းကလေးက ဖျတ်လတ်စွာထ လာသည်။ သူမရဲ့ စိန်ခေါ်မှု စကားလုံးအသစ်ကို အားလုံးရှေ့မှာ ချပြလိုက်သည်။GLOCAL တဲ့။  Global နှင့် Localကို ပေါင်းစည်းထားသည့် စကားလုံးသစ်။ ဒီမိန်းကလေးက ရန်ဘင်ဟမ်ကို စိန်ခေါ်မည့် မိန်းကလေး။ တစ်နှစ်မှာ ရန်ဘင်ဟမ်အပါအ၀င် လူ၂၃ ယောက်ကို ခရီးသွားခိုင်းနေရခြင်းကို စရိတ်ကြီးသည်ဟု ထောက်ပြသည်။ ခရီးသွားအသုံးစရိတ်၏ ၈၅%သက်သာစေမည့်နည်းလမ်းသစ်တစ်ရပ် ချပြလာသည်။ ရန်ဘင်ဟမ်လို လေယာဉ်စီးခရီးသွားဖို့မလို၊ ရာသီဥတုကြောင့် အလုပ်နှောင့်နှေးရတာတွေ မရှိ၊ အလုပ်ထုတ်တော့မည့်ဝန်ထမ်းတွေကို မျက်နှာချင်းဆိုင်တွေ့ဆုံ စကားပြောဖို့ မလိုတော့။ Glocal ဆိုသည့်စကားလုံးအတိုင်း အဆင့်မြင့်နည်းပညာသုံးကာ အင်တာနက်ကွန်ပျူတာဖန်သားပြင်ကတစ်ဆင့်   ကြိုဆို ရေးဌာနမှ ၀န်ထမ်းတစ်ဦးကို ချက်ချင်း အလုပ်ထုတ်ပြသည်။ အားလုံးက ကျေနပ်စွာလက်ခုပ်တီးချီးမွမ်းကြသည်။ ရန်ဘင်ဟမ် ကတော့ အထင်မကြီး။ နည်းလမ်းသာကွဲပြားတာ ဖန်သားပြင်က တစ်ဆင့် ဒီမိန်းကလေးပြောနေတဲ့စကားလုံးတွေက သူသုံးနေကျ စကားလုံးတွေ။ ရန်ဘင်ဟမ်က သဘောမတူ။
            “ဒီလိုနည်းက မဖြစ်ဘူး။ ရက်စက်ရာကျလွန်းတယ်။ ၀န်ထမ်းတွေ ဘ၀ပျက်ကုန်လိမ့်မယ်။ ကျုပ်လုပ်နေကျ နည်းလမ်းမှာ သိက္ခာတရားဆိုတာရှိသေးတယ်”
            “ဘာထူးလဲ၊ နောက်ကျောကို ခိုးပြီးဓားနဲ့ထိုးမယ့်အစား ရင်ဘတ်ကို ဗြောင်ထိုးလိုက်တာ ဒါပဲလေ အတူတူပဲမို့လား”ဟု အချေပခံရသည်။
            “မင်းက ငါ့လုပ်ရပ်ရဲ့အစစ်အမှန် အနှစ်သာရကို ဘာမှ မသိဘူး၊ မင်းရဲ့  i Chat က ဟုတ်လှပြီထင်ရပေမယ့် ဒီနည်းလမ်း ရဲ့ နောက်ကွယ်မှာ ၀န်ထမ်းတွေ ဘယ်လိုခံစား၊ ဘယ်လိုစဉ်းစားတယ် ဆိုတာ မင်းသိမှာမဟုတ်ဘူး”။
“စိတ်ပညာဆိုတာ အပိုတွေပါ” လို့ မိန်းကလေးကဆိုသည်။ ရန်ဘင်ဟမ်စိတ်ဆိုးသွားသည်။
“ကဲ ဒါဖြင့် မင်းငါ့ကို အလုပ်ထုတ်ပစ်ပြစမ်း” လို့စိန်ခေါ်လိုက်ကာ မျက်နှာချင်း ဆိုင် ထိုင်လိုက်ကြသည်။
            “ကျွန်မစိတ်မကောင်းစွာနဲ့ပြောရတော့မယ်၊ ရှင့်ရဲ့အနာဂတ်ကို ဆွေးနွေးဖို့လိုမယ်။ ကျွန်မရှင့်ကို အလုပ်ထုတ်ပါပြီ” ရန်ဘင်ဟမ်က မမှု။
“ငါ့ကို အလုပ်ထုတ်နိုင်တဲ့တစ်ယောက်တည်းသော သူက ဂရေ့စ်ဂရီဂိုရီပဲ သူနဲ့ငါသွားတွေ့မယ်” လို့ ဆင်ခြေပေးကာ အခန်းထဲ က ထွက်မည့်ဟန်ပြင်တော့ မိန်းကလေးက “မစ္စတာ ဒီလိုမရဘူး” ဆိုကာ သူ့နောက်က ထလိုက်လာသည်။ ရန်ဘင်ဟမ်က လက်ကာ ပြကာ တစ်ခွန်းပဲပြောလိုက်သည်။
            “မင်းသုံးတဲ့နည်းလမ်းအရဆိုရင် မင်းက အခု ကွန်ပျူတာဖန်သား ပြင်မှာလေ။ လိုက်လာလို့မရဘူး။ ဒါကို မမေ့နဲ့”
            နက်တလီကင်နာ လက်လျှော့ကာ နောက်တစ်ကြိမ် လုပ်ရသည်။
            “ဘာအကြောင်းပြချက်နဲ့ ငါ့ကိုအလုပ်ထုတ်မှာလဲ” လို့စောဒက တက်တော့ နက်တလီက အကြောင်းပြချက် အရေးမကြီးဘူး လို့ ပြောသည်။ “ဒါဆို အခြေအမြစ်မရှိဘဲ အလုပ်ထုတ်တဲ့သဘောဆိုတော့ ငါမင်းကို တရားစွဲမယ်” ရန်ဘင်ဟမ်ရဲ့ ပိုင်နိုင်စေ့စပ်မှု အောက်မှာ နက်တလီလက်လျှော့ရတော့သည်။
            “ငါ့အလုပ်ကို နားမလည်ဘဲ လာမစွက်နဲ့။ ငါ့လုပ်ငန်းကို စွက်ဖက်တော်လှန်ဖို့မကြိုးစားခင် ငါဘာလုပ်တယ်ဆိုတာ မင်း တကယ်နားလည်အောင် အရင်လုပ်လိုက်ဦး”
            သည့်နောက်တော့ ရန်ဘင်ဟမ်ဘာလုပ်သည်ဆိုတာ သိနား လည်စေရန် ရန်ဘင်ဟမ်နှင့်အတူ ခရီးသွားဖို့ နက်တလီ ပြင်ရပြီ။
            လေယာဉ်ပေါ်မတက်ခင် ရန်ဘင်ဟမ်က နက်တလီရဲ့ ကိုးရိုးကားရား ဆွဲနေရသည့်အိတ်ကြီးကို ပြောင်းခိုင်းသည်။ ဆွဲရတွန်းရ လွယ်ကူသည့်ဘီးလုံးတပ်လက်ဆွဲအိတ်ကိုပြောင်းထည့်ရသည်။ မလိုသည့်ပစ္စည်းတွေကို အသေးစိတ် အကုန်လျှော့ချပစ်ခိုင်းသည်။
            “ဂိတ်တစ်ခုမှာတန်းစီတဲ့အခါ နို့စို့ကလေးပါတဲ့ခရီးသွားဧည့်သည်ရဲ့အနောက်က ဘယ်တော့မှမနေနဲ့”“လှုပ်လီလှုပ်လဲ့ သက်ကြီး ရွယ်အိုတွေလည်း ရှောင်”။ ရန်ဘင်ဟမ်က သင်ခန်းစာကောင်းကောင်း ပေးသည်။
            လေယာဉ်ပေါ်မှာ ရန်က ဘောပင်စာရွက်နှင့်မှတ်သားနေချိန် နက်တလီက လက်ပ်တော့ပ်တဖျောက်ဖျောက်နှင့်။ “အလုပ် ထုတ်ပစ်တဲ့လုပ်ငန်းစဉ်တစ်ခုကို သီအိုရီရေးဆွဲနေတာ”ဟု နက်တလီက ပြောသည်။ “ဘယ်သူ့အတွက်လဲ”ရန်က မေးသည်။ “သီအိုရီ အရ ရေးဆွဲထားတာမို့ ဘယ်သူ့လက်ထဲမဆို ထည့်ပေးလို့ရတဲ့နည်းပဲ။ အဆင့်တိုင်း အတိအကျလိုက်နာဖို့တော့လိုမယ်” နက်တလီက ယုံကြည်မှုလွန်ကဲဟန်ဖြင့်ဖြေသည်။
            “အလုပ်လက်မဲ့ဖြစ်တဲ့အခါ လူတွေ စိတ်ဒဏ်ရာဖြစ်တယ်။ ဒီလိုလူတွေကို ငါတို့က မျှော်လင့်ချက်ရောင်နီသမ်းတဲ့နေရာအထိ ပို့ပေးရမှာ။ မြစ်ကမ်းတစ်ဖက်ကို ပို့ပေးပြီး အတိုးအလျှော့လုပ်ပေးရုံ ကလေးပဲ မဟုတ်ဘူး။ လှေကို ရပ်။ သူတို့ကို ရေထဲချပေးပြီး ရေ ကူး သွားနိုင်တဲ့အထိ လုပ်ပေးရမှာ”
စိန့်လူးဝစ်ကို ရောက်ပြီ။ သူတို့အလုပ်ထုတ်ရမည့်သူက မြေးနှစ်ယောက်ရှိသည့်အဘိုးတစ်ဦး။ စိတ်မကောင်းစရာ။ ကလေးနှစ် ယောက်ဓာတ်ပုံထုတ်ပြကာ “သူတို့ကို ဘာစကားပြောဖို့ ခင်ဗျားဘယ်လိုအကြံပေးမလဲ”ရန်ကို မေးသည်။ ရန်က ဖြည်းဖြည်းပြောသည်။
            “အားကစားသမားတွေကို ကလေးတွေ ဘာလို့သဘောကျတာလဲသိလား….သူတို့စိတ်ကူးတွေနောက်ကို လိုက်ပေးနိုင်လို့ပဲ”
            “ဒီကုမ္ပဏီမှာအလုပ်မလုပ်လည်း သူတို့စိတ်ကူးတွေနောက်ကို ခင်ဗျားလိုက်ပေးနိုင်စွမ်းရှိပါတယ်။ လူတိုင်းကုမ်္ပဏီမှာ အလုပ် လုပ်ကြတာပဲလို့ မထင်ပါနဲ့။ စားဖိုခန်းတွေထဲမှာ အလုပ်လုပ် တဲ့စားဖိုမှူး ကောင်းတွေအများကြီးရှိတာပဲ၊ ပြင်သစ်အစားအစာ ချက်နည်း ခင်ဗျားတတ်တာပဲ။ ခင်ဗျားမှာအခွင့်အလမ်းတစ်ခု ရှိသေးတယ်။ ဒါက ပြန်လည်မွေးဖွားခြင်းပဲ။ ခင်ဗျားအတွက မဟုတ်ရင်တောင် ကလေးတွေအတွက်လို့ သဘောထားပြီး ကြိုးစားလိုက်ပါဦး”
            လူကြီးလက်ခံနိုင်သည်အထိ နူးညံ့ပြတ်သားစွာ အလုပ်ထုတ် စကားပြောပြနေသည့်ရန်ကို နက်တလီက အားကျစွာငေး ကြည့်ရပြီ။
xxxx
အမျိုးသမီးတစ်ဦးကို နက်တလီ အလုပ်ထုတ်ရသည်။ အမျိုးသမီးက အမူအရာတည်ငြိမ်လှသည်။ နက်တလီ့စကားများကို ဆင်ခြေမတက်ဘဲ အလွယ်တကူလက်ခံသည်။ “ကျွန်မရိပ်မိပြီးသား။နားဝင်ချိုအောင် လုပ်မနေပါနဲ့၊ လိုရင်းပဲပြော၊ လခသုံးလစာ၊ ခြောက် လစာဆေးကုသခွင်..”ဟုတ်ပြီ။  နက်တလီက ဒီအမျိုးသမီးကို အောင်မြင်စွာ အလုပ်ထုတ်နိုင်မည်ဟု မိမိကိုယ်ကို အထင်ရောက်သည်။ သို့သော် တည်ငြိမ်စွာပြောလိုက်သည့် အမျိုးသမီး၏စကားလုံးများကြောင့် နက်တလီ ချုံးချုံးကျသွားသည်။
            “ကျွန်မအိမ်နားမှာ သိပ်လှတဲ့တံတားတစ်ခုရှိတယ်။ ဒီကအပြန် အဲဒီအပေါ်ကနေ ခုန်ချလိုက်ရုံပေါ့”တဲ့။
            နက်တလီငိုရပြီ။ ရန်ဘင်ဟမ်က နှစ်သိမ့်သည်။ “သူတကယ် မလုပ်နိုင်ပါဘူး။ ခံစားချက်ကို မီးထိုးပေးသလိုဖြစ်သွားလို့ ဒီလိုပေါက်ကရ ပြောတာပါ။ ငါ့အလုပ်က ဒါပဲ။ လူတွေရဲ့ခိုင်ခံ့မာကျောမှုမရှိတဲ့အပိုင်းကို ကောက်ယူပြီး ဝေးဝေးလွှင့်ပစ်နိုင်အောင် စီမံပေးတာပဲ။ အခု မင်းသိပြီမို့လား”
            Kansas City မှာ နက်တလီ့အတွက် စိန်ခေါ်မှုတွေကြုံရပြီ။ အလုပ်ထုတ်ပစ်လိုက်သည့်ဝန်ထမ်းတွေရဲ့ တုံ့ပြန်ပုံက ဖရိုဖရဲ။ “ဒီလိုမျိုးမမျှော်လင့်ထားဘူး” “ပေးဆပ်ခဲ့ရတာနဲ့မထိုက်တန်ဘူး”  “မနက်ဖြန်အိပ်ရာက နိုးရင် ဘာလုပ်ရမှန်းသိမှာ မဟုတ်တော့ဘူး” “စိတ်ပျက်တယ် ကျွန်မထက်ပိုတော်တဲ့ဝန်ထမ်းတွေရောက်လာဖို့ နည်းလမ်းရသွားတာပေါ့” တချို့ကခပ်ရွဲ့ရွဲ့တုံ့ပြန်သည်။ Detroit က၀န် ထမ်းတွေက အဆိုးဆုံးပဲဖြစ်သည်။
            ဟောပြောပွဲခန်းမထဲ ရန်ဘင်ဟမ်ဝင်လာသည်။ ထုံးစံအတိုင်း ကျောပိုးအိတ်တစ်လုံးနှင့်။
            “ဒီတစ်ခါတော့ ကျောပိုးအိတ်ထဲ လူတွေဖြည့်ကြည့်ရအောင်။ အသိအကျွမ်းတွေစထည့်မယ်။ ရုံးပတ်ဝန်းကျင်က မိတ်ဆွေ တွေ၊ လျှို့ဝှက်ကိစ္စတွေမှာ တိုင်ပင်နေကျအရင်းနှီးဆုံးတွေ၊ ၀မ်းကွဲ၊ ဦးလေး၊ အဒေါ်။ ညီအစ်ကိုညီအစ်မ မိဘတွေ၊ ဇနီးခင်ပွန်းတွေ။ ထည့်လိုက်ပြီ။ ကဲ ဘယ်လောက်လေးမယ်ထင်လဲ။ အလေးချိန်ကို စိတ်မှန်းနဲ့ခံစားကြည့်ပါ။ ခင်ဗျားတို့ရဲ့ ဆက်နွှယ်မှုဟာ ဘ၀မှာ အလေးလံဆုံးအပိုင်းတွေပါပဲ။ စေ့စပ်မှု၊ အငြင်းအခုံ၊ လျှို့ဝှက်မှု၊ အပေးအယူ.. အားလုံးပဲ ဒီအထဲ ပါတယ်။ ဒါပေမယ့် ဒီအလေးချိန်တွေ အားလုံး ခင်ဗျား သယ်စရာမလိုပါဘူး။ အိတ်ကိုပြန်ချထားလိုက်ပါ။ ဒါတွေက အချင်းချင်း သယ်ဆောင်မှာပါ”
            ရန်ဘင်ဟမ်၏ဟောပြောပွဲစပြီ။ ကျောပိုးအိတ်တစ်လုံးပုံကို ပရိုဂျက်တာကြီးက လည်ပတ်ပြသနေသည်။ 
            “မနှစ်က ကျုပ်မိုင်ပေါင်း သုံးသိန်းငါးသောင်းခရီးထွက်ခဲ့တယ်။ ရက်ပေါင်း နှစ်ရာ့ရှစ်ဆယ်။ ခင်ဗျားတို့ကျောပိုးအိတ်တစ်လုံး လွယ်တယ်လို့ စိတ်ကူးကြည့်လိုက်ပါ။ ခင်ဗျားတို့ ဘ၀မှာရှိသမျှအရာအားလုံးနဲ့ ဒီအိတ်ကိုထုပ်ပိုးစေချင်ပါတယ်။ ပေါ့ပါးတဲ့အရာတွေက စလို့လေးလံတဲ့…”။ ရန်ဘင်ဟမ်ရှေ့ဆက်မပြောနိုင်တော့။ အဲလက်စ်ကို ထူးကဲစွာ သတိရသည်။ ခန်းမထဲက ထွက်ပြေးကာ အဲလက်စ်ရှိ ရာ ချီကာဂိုသို့ လိုက်သည်။ အိမ်ရှေ့ရောက်လျှင် လူခေါ်ခေါင်းလောင်း နှိပ်သည်။ အဲလက်စ်ကဖွင့်ကြည့်သည်။ ဟနေသည့်တံခါးကနေ ကလေးတချို့ပြေးဆော့နေသည်ကို သူမြင်လိုက်သည်။ အဲလက်စ်ကျောဘက်မှ “ဘယ်သူပါလိမ့်”ဟု ယောက်ျားတစ်ယောက်၏မေးသံ။ အဲလက်စ်က “အော် အိမ်မှားတာပါ”ဆိုကာ တံခါးပြန်ပိတ်သွားသည်။ အဝေးကနေ အပြေးလာသူကို ထီးထီးကြီးမြင်ပါလျက် အိမ်မှား တာလို့ ညာပြောရသည့် အဲလက်စ်အခြေအနေကို သူနားလည်ပေးရမည်။ နောက်ဆုံးတော့လည်း သူ့ဘ၀က ကျောပိုးအိတ် အလွတ် တစ်လုံးနဲ့ တစ်ကိုယ်တော်ခရီးသွား။ နက်တလီကတော့ အလုပ်ထွက်သွားပြီ။ နက်တလီနှင့်ပတ်သက်ပြီး မိတ်ဆွေတွေက သူ့ကို ၀ိုင်းမေးကြသည်။
            “နက်တလီ အလုပ်ထုတ်ခဲ့တဲ့ အမျိုးသမီး မှတ်မိလား။ ၀ီချီတာမှာ ၀န်ထမ်းသုံးဆယ် လျှော့တဲ့အထဲပါတယ်လေ။ သူ့ကိုယ်သူ သတ်သေသွားပြီ။ တံတားပေါ်က ခုန်ချသွားတာ”
            “ကျုပ်ကတော့ ဘယ်သူ့မှ မမှတ်မိဘူး။ ကျုပ်အလုပ်ထုတ်ရတဲ့ဝန်ထမ်းတွေတောင်မှ အများကြီးပဲ”
ရန်ဘင်ဟမ်က ခိုင်မာစွာ ပြောလိုက်သည်။
            ယနေ့မှာ လေယာဉ်ခရီး မိုင် ၁၀သန်းရှိခဲ့သည့်ခရီးသည်ကို ဂုဏ်ပြုပါကြောင်း လေယာဉ်မယ်ကကြေညာသည်။ ကပ္ပတိန်က ရန်ဘင်ဟမ့်ဘေးခုံမှာလာထိုင်ကာ ချစ်ခင်စွာစကားဆိုသည်။
            “မိုင် ၁၀သန်းခရီးပေါက်ဖို့ ခင်ဗျားက ငယ်နေသေးတယ်လို့ ကျွန်တော်တော့ထင်မိတာပဲ”တဲ့။ “ခင်ဗျားက ဘယ်ကလဲ”လို့ ကပ္ပတိန်ကမေးလိုက်သေးသည်။ ရန်ဘင်ဟမ်က ပြတင်းကလှမ်းမြင်နေရသည့် လေယာဉ်တောင်ပံတစ်ဖက်ဆီ ငေးရီရီကြည့်ကာ ဖြေသည်။
            “ကျွန်တော်လား.. ကျွန်တော်က ဒီကပါပဲ”
            သူဆိုလိုတာက သူဟာ ဝေဟင်ထဲကလူ။
xxxx
            ရန်ဘင်ဟမ်က ကျောပိုးအိတ်ထဲ တစ်ခုပြီးတစ်ခုထည့်ကာ ကျွန်မအား ဘ၀နေထိုင်နည်းအသစ်တွေ ပြသခဲ့သည်။ သို့ပေမယ့် သူ့ကျောပိုးအိတ်ထဲမှာတော့ ဟောင်းလောင်းဖြစ်နေသလားပဲလို့ ကျွန်မစောဒက တက်ချင်မိသည်။ သူပြောခဲ့တဲ့စကားအတိုင်းပဲပေါ့။ “ရွေ့လျားမှုကလည်း နေထိုင်ခြင်းတစ်မျိုးပဲ၊ ဒီတော့ကာ ကျုပ်တို့ရွေ့လျားလို့လွယ်အောင် ၊ ခရီးများများပေါက်အောင် ကျုပ်တို့ကျော ပေါ်ကအလေးချိန်တွေကို လျှော့နိုင်သမျှ လျှော့ချပစ်ရမယ်”တဲ့။ ဒါကြောင့်လည်း သူ့ခရီးက မိုင် ၁၀သန်းပေါက်ရောက်ခဲ့တာဖြစ်မည်။ ကျွန်မအတွက်တော့ မိုင်၁၀သန်းဝေဟင်ခရီးမဆိုထားနှင့်၊ မိုင်တစ်သန်း မြေပြင်ခရီးတောင် ပေါက်နိုင်ဦးမည်မထင်ပါ။ ကျွန်မ၏ ကျောပိုးအိတ်ထဲမှာ ဘယ်တော့မှ လျှော့ချပစ်လို့မရနိုင်တဲ့အရာတွေရှိနေသည်။ လူတချို့၊ စာအုပ်တချို့နှင့် အိပ်မက်တချို့ . .။  
            ရှင်တို့ရဲ့ကျောပိုးအိတ်ထဲမှာရော ဘာတွေရှိသလဲ။ ဘာတွေထည့်ဖို့လိုတယ်လို့ သဲသဲကွဲကွဲမသိသေးခင်မှာတော့ အလွတ် အတိုင်း သူ့ချည်းသက်သက်ထားတာက ပိုကောင်းပါလိမ့်မည်။ တစ်ခုတော့မှာချင်သည်။ ကျောပိုးအိတ်ကို မီးမလောင်ပါစေနှင့်။        ။
ဂျူနီယို
(Family Magazine, July, 2013)
Movie             - Up In The Air(American Drama)
Cast               - George Clooney(Ryan Bingham)
                       Kyle Davidson (Alex) 
                       Miranda Presley (Netalie Kinea)
Director          - Jason Reitman
Tuesday, July 09, 2013
မြန်နှုန်းမြင့်ကားတွေ မောင်းနှင်ရတာ ကြိုက်သလို ... ဘဝကို ပါးနပ်စွာမောင်းနှင်နေသူ
ဟောလိဝုဒ်သရုပ်ဆောင်လောကဟာ သပ်ရပ်ကြော့မော့နေတဲ့ရွေးချယ်မှုတွေမှာ တည်ဆောက်ထားတာပါ။ နာမည်အကြီးဆုံးသရုပ်ဆောင်တွေမှာ အမျိုးမျိုးအထွေထွေကွဲပြားတဲ့ ဇာတ်ကောင်စရိုတ်တွေရှိကြတယ်။ ဇာတ်ကောင်စရိုက်တိုင်းမှာ တသားတည်းကျအောင် ပူးကပ်နှောင်တွယ် သရုပ်ဆောင်နိုင်ကြတဲ့သူတွေပါ။ အဲဒီသရုပ်ဆောင်မျိုးတွေဟာ သရုပ်ဆောင်ခြင်းအနုပညာနဲ့ ငွေကြေးသန်းပေါင်းများစွာရှာဖွေနိုင်ကြတယ်။ ပြီးခဲ့တဲ့နှစ်က ဂျွန်နီဒက်ပ်ဆိုရင် ဒေါ်လာ သန်း ၅၀ ရှာဖွေနိုင်တယ်။ ဒီကာပရီယိုက ဒေါ်လာ ၇၇ သန်းပါ။ ဒက်ပ်ရော ဒီကာပရီယိုပါ ကြွယ်ဝချမ်းသာသလို သူတို့ရွေးချယ်တဲ့ တစ်မူးထူးခြားကွဲပြားသရုပ်ဆောင်စရိုတ်တွေကြောင့်လည်း ကျော်ကြားခဲ့ကြတယ်။ ကြီးကျယ်ခမ်းနားလှတဲ့ ၁၉၉၇ က Titanic  ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့ပြီးတော့ လီယိုနာဒို ဒီကာပရီယိုဟာ ထူးခြားတဲ့ ဇာတ်ကောင်တွေကို ရွေးချယ်လာခဲ့တယ်။ နုနယ်ငယ်ရွယ်တဲ့သရုပ်ဆောင်လေးဟာ အချစ်ဇာတ်မြူးရုပ်ရှင်တွေမှာ မိန်းကလေးတွေရဲ့ အသည်းစွဲဖြစ်ခဲ့သလို အက်ရှင်လူစွမ်းကောင်းလည်းဖြစ်လာခဲ့တာပါပဲ။ ပြင်းပြင်းထန်ထန်အလုပ်လုပ်တဲ့ ဒါရိုက်တာတွေနဲ့ ရိုက်ကုးနိုင်မယ့် အခွင့်အရေးကို စောင့်ဆိုင်းခဲ့တယ်။ ၂၀၀၀ မှာ ဒါရိုက်တာ ဒယ်နီဘွိုင်းရဲ့ The Beach မှာ သရုပ်ဆောင်ပါတယ်။ ဒါရိုက်တာ Danny Boyle ရဲ့ The Beach ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့တယ်။ နောက် ၂ နှစ်ကြာတဲ့အခါ Gangs of New York မှာ ပထမဆုံးအကြိမ် ဒါရိုက်တာ Martin Scorsese နဲ့ လက်တွဲဖြစ်ခဲ့ပြီး The Departed မှာလည်း ခပ်ကြမ်းကြမ်းသရုပ်ဆောင်ပါတယ်။ အဲဒီနှစ်မှာပဲ ဒါရိုက်တာ Steven Spielberg ရဲ့ Catch Me If you Can မှာ ပြင်သစ်မိခင် နဲ့ အမေရိကန်ဖခင်တဲ့ ကွာရှင်းပြတ်စဲတဲ့အချိန် ၁၉ နှစ်အရွယ်လူငယ်လေး၊ သူ့ရဲ့ ပြင်သစ်စာသင်တန်းမှာ အစားထိုးကျောင်းဆရာလေးအဖြစ်၊ မိဘတွေနဲ့ ဝေးရာပြေးထွက်ခဲ့ရာက သုံးစရာပိုက်ဆံမရှိတော့တဲ့အခါ လူတွေကိုအယုံသွင်းပြီးပိုက်ဆံရဖို့ ကြိုးစားလာခဲ့သူ လူငယ်လေးအဖြစ်လည်း သရုပ်ဆောင်နိုင်ခဲ့တာပါပဲ။ နောက်ဆုံး လေယာဉ်မှူးတစ်ဦးအဖြစ်ပိပိရိရိဟန်ဆောင်ခဲ့ပြီး ဒေါ်လာ ၂.၈ သန်းရရှိသွားခဲ့ပြီး တွမ်ဟန့်ခ် လို FBI အေးဂျင့်နဲ့ ရင်ဆိုင်တွေ့ခဲ့တဲ့ဇာတ်ကောင်မျိုးမှာ ထူးထူးခြားခြားသရုပ်ဆောင်ခဲ့သူပါ။ 
၂၀၁၀ မှာ ဒီကာပရီယိုရဲ့ ကျော်ကြားမှုဟာ ဟောလိဝုဒ်မှာ ဝင်ငွေအကောင်းဆုံးသရုပ်ဆောင်ဖြစ်စေခဲ့တယ်။ ဒီကာပရီယိုရဲ့ နောက်ထပ်လူကြိုက်များခဲ့တဲ့ Shutter Island နဲ့ Inception မှာ ဒေါ်လာ ၁.၂ ဘီလီယံအထိ ဝင်ငွေရရှိခဲ့တာပါ။ Shutter Island ကတော့ ဒါရိုက်တာ စကော့စီး နဲ့ လက်တွဲဖြစ်တဲ့ ၄ ကားမြောက်ဖြစ်ပြီး Inception က တော့ ခရစ်စတိုဖာနိုလန် ရိုက်ကူးခဲ့ပါတယ်။ မေ ၂၀၁၀ ကနေ မေ ၂၀၁၁ အတွင်းမှာတောင်း ဒေါ်လာ ၇၇ သန်း ရှာဖွေနိုင်ခဲ့တဲ့သူပါ။ ဒီကာပရီယိုရဲ့ ပိုင်ဆိုင်မှုတွေ များပြားသလို စိတ်ဝင်စားရာဝါသနာတွေကိုလည်း ပုံဖော်နိုင်ခဲ့တာပဲပေါ့။
၁. မာလီဘူး၊ ကာဘွန်ကမ်းခြေက အိမ်ပါ။ တန်ကြေး ၂၃ သန်းရှိပါတယ်။ အဆင့်မြင်ပြင်ဆင်ထားပြီး ကမ်းခြေဘက်မျက်နှာမူထားတာကြော်င့ အိမ်ငှားခအတွက် တစ်လကို ဒေါ်လာ ၁၅၀ ၀၀၀ ပေးရတဲ့ အိမ်လေးပါပဲ။ ၆ လစာပိုပြီး ဌားရမ်းနေထိုင်မယ်ဆိုရင်တော့ တစ်ဝက်တိတိလျှော့ချယူပါတယ်တဲ့။ တိုက်တန်းနစ်စတားဟာ ၂၀၀၂ က ဒေါ်လာ ၆ သန်းနဲ့ အဲဒီကမ်းခြေအိမ်လေးဝယ်ယူခဲ့တာပါ။ အဲဒီလို ကမ်းခြေအိမ် သုံးလုံး ပိုင်ဆိုင်ထားပါတယ်။ အနီးအနားမှာ ဘရက်ပစ်၊ တိုနီဒန်ဇာ နဲ့ ချားလိဇ်သီရွန် တို့လို ထင်ရှားတဲ့ အိမ်နီးချင်းတွေလည်းရှိနေပါသေးတယ်။ 
၂. ဟောလိဝုဒ်ဟေးလ်စ်အိမ်
ဟောလိဝုဒ်ဟေးလ်စ်ရဲ့ Bird Street အပိုင်းက အော်ရီယိုးဝေးမှာ သိပ်မဝေးလှတဲ့ အိမ်နှစ်လုံးလည်း ပိုင်ဆိုင်ထားပါတယ်။ ဒီအိမ်ကို ၁၉၉၉ မှာ ဒေါ်လာ ၄ သန်းနဲ့ ဝယ်ယူခဲ့တယ်။ ဒီကာပရီယိုဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုအလေးထားတဲ့သူဖြစ်တာကြောင့် စွမ်းအင်ချွေတာ နေအလင်းအသုံးပြုနိုင်ဖို့ ဆိုလာပြားတွေတပ်ဆင်ထားတယ်။ အိပ်ရာအတွက် အော်ဂဲနစ်ပြားတွေသုံးလေ့ရှိပါတယ်။ ၁၉၃၀ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့ပြီး ပြန်လည်မွမ်းမံထားတဲ့အိမ်ပါ။ ဒီအိမ်ရဲ့ အနီးက ကျော်ကြားသူတွေထဲမှာ ဂျပ်စတင်တင်းဘားလိတ်ခ်လည်း ရှိနေတယ်။
၃. မာလီဘူး စံအိမ်
ဟောလိဝုဒ်ဟေးလ်စ်အိမ်ရဲ့ နောက်တစ်လမ်းမှာရှိတယ်။ ဧရိယာ အကျယ်အဝန်း ၃၉၈၀ စတုရန်းပေးရှိကာ ဒေါ်လာ ၃၇၈၀ ၀၀၀ နဲ့ ၂၀၀၃ ခုနှစ်က ဝယ်ယူခဲ့တယ်။ 
၎. Riverhouse တိုက်ခန်း
ဒီအိမ်ခန်းဟာ eco-friendly အပြင်အဆင်မျိုးနဲ့ပါပဲ။ နယူးယောက် Rockefeller ပန်းခြံအနီးမှာရှိပါတယ်။ ဟာဒ့်ဆန်မြစ်တစ်လျှောက်က အဆင့်မြင့်ကွန်ဒိုတိုက်ခန်းတွေထဲက တစ်ခုပါ။ အခန်းပေါင်း ၂၆၄ ခန်းရှိပြီး ၃၂ ထပ်ရှိတယ်။ Green Building မျိုး အလေးထားတည်ဆောက်ထားပါတယ်။
၅. Blackadore Cay ကျွန်း
ဟောလိဝုဒ်စတား ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပါပဲ။ ၂.၂ မိုင် ရှည်လျားပြီး ပေ ၂၁၀ ကနေ ၆၃၀ အထိ ကျယ်ဝန်းပါတယ်။ အဲဒီကျွန်းကို ၂၀၀၄ အားလပ်ရက်အပမ်းဖြေခရီးထွက်ရင်း ရှာဖွေတွေ့ရှိခဲ့တာပါ။ ကရစ်ဘီယံပင်လယ် အရှေ့မြောက်ပိုင်း Belize ကမ်းခြေ၊ အကြီးဆုံးကျွန်းဖြစ်တဲ့ Ambergris Caye ရဲ့ အနောက်ဘက်မှာရှိတဲ့ ကျွန်းလေးတစ်ကျွန်းပါ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ ဒီကာပရီယို အဲဒီ ၁၀၄ ဧကကျယ်ဝန်းတဲ့ကျွန်းကို ကြယ်ငါးပွင့်အဆင့် ဝေဟစနစ်ထိန်းအဆင့်မြင့်အပမ်းဖြေနေရာအဖြစ် ပြင်ဆင်မွမ်းမံခဲ့ပါတယ်။ eco-friendly အလေးထားဆောက်လုပ်ထားပြီး သဘာဝပတ်ဝန်းကျင်မပျက်စီးစေဖို့ အထူးရည်ရွယ်ထားတယ်။ ပြောင်းလဲဆန်းသစ်လာတဲ့ Green နည်းပညာကို စမ်းသပ်ဖန်တီးချင်တဲ့ ဒီကာပရီယိုရဲ့ တစ်ကိုယ်ရေစိတ်ကူးပါပဲ။ ရေ၊ လေ နဲ့ နေရောင် သဘာဝအရင်းအမြစ်တွေကိုအသုံးပြု ထိန်းသိမ်းမယ့် စံအမှတ်အသားတစ်ခုဖြစ်ဖို့ရည်ရွယ်ခဲ့ပါတယ်။ ရေပေါ်ဘန်ဂလို၊ ကမ်းခြေဘန်ဂလို ၊ ဟိုတယ်ရွာ ရေပူစမ်းspa တစ်ခုလည်းပါဝင်တည်ဆောက်ထားတယ်။
လီယိုနာဒိုဒီကာပရီယိုရဲ့ ဝါသနာတွေမှာ အမွေးအတောင်ထူထူသိပ်သိပ်ငှက်တွေကို စောင့်ကြည့်ရတာ ဝါသနာပါတတ်သူပါ။ အားလပ်ချိန်တွေမှာ လန်ဒန် Tate Modern ပြတိုက်မှာ အမဲလိုက်သိမ်းငှက်မျိုးတွေ မကြာခဏသွားရောက်ကြည့်ရှုတတ်တယ်လို့ဆိုတယ်။ Playsation ဂိမ်းတွေကစားရတာ ကိုလည်း အင်မတန်နှစ်သက်သေးတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေလည်း ချစ်မြတ်နိုးသူပါပဲ။ ကျော်ကြားသူအများစုပိုင်ဆိုင်လိုကြတဲ့ ပြင်သစ် bull dog လေးတွေ ချစ်ခင်တယ်။ ဒီကာပရီယိုပိုင်ဆိုင်တဲ့ bull dog လေးကို ဂျန်ဂို လို့ နာမည်ပေးထားပါတယ်။ နောက်ထပ်ဒီကာပရီယိုမှာ အာဖရိကန်လိပ်လေးတစ်ကောင်မွေးထားပါသေးတယ်။ ၂၀၁၀ ခုနှစ်က မြောက်အမေရိကန်တွားသွားသတ္တဝါပြပွဲတစ်ခုကို သွားခဲ့ရင်းနဲ့ ဒေါ်လာ ၄၀၀ ပေးဝယ်ယူခဲ့တာပါ။ ၁၀နှစ်သား လိပ်လေးဟာ ပေါင် ၂၀၀ လေးတယ်။ တကယ်တော့ အဲဒီလိပ်လေးက ကလေးငယ်အရွယ်ပါတဲ့။ အဲဒီ အာဖရိကန် Sulcata လိပ်အမျိုးအစားဟာ သက်တမ်း ၈၀ ခန့်အထိ အသက်ရှည်ကြတယ်။
ဒီကာပရီယိုအသုံးပြုတတ်တဲ့ အသုံးအဆောင်တွေမှာ ဆွစ်ဇ် Tag Heuer နာရီ၊ Marc by Marc Jacobs နေကာမျက်မှန်၊ Armani ဝတ်စုံ နဲ့ Polo Ralph Lauren အဝတ်အစားနဲ့ ဒီကာပရီယိုကို Martin Scorsese ရိုက်ကူးတဲ့ The Wolf of Wall Street ရုပ်ရှင်ရိုက်ကွင်းမှာ တွေ့ကြရမှာပါ။
လီယိုနာဒိုဒီကာပရီယို ကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ကား “The 11th Hour” ဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘေးအန္တရာယ်တွေနဲ့ပတ်သက်ပြီး ပညာပေးနိုင်မယ့် “အဆင်မပြေတဲ့အမှန်တရား” ကို ရှာဖွေပြသသွားခဲ့တဲ့မှတ်တမ်းရုပ်ရှင်အဖြစ် ထူးခြားခဲ့ပါတယ်။
ဒီကာပရီယို စိတ်ကြိုက်ကားတွေကတော့ တိုယိုတာ Prius ကား၊ Fisker Karma hybrid နဲ့ ၅.၇ စက္ကန့်မှာ 0-60 mph ( 0 to 97km/h) အမြန်နှုန်းမောင်းနှင်နိုင်တဲ့ တံခါးနှစ်ခုပါ Tesla Roadster ကားတွေပါ။
အမြန်နှုန်းများများ မြှင့်တင်မောင်းနှင်နိုင်တဲ့ကားတွေကိုနှစ်သက်သလို ဘဝကိုလည်း ပါးနပ်တဲ့သရုပ်ဆောင်မှုတွေနဲ့ ဒီကာပရီယိုမောင်းနှင်နေပါတယ်။      ။
Source : http://www.bornrich.com
ဖြိုးဖြိုး
Living Fashion Magazine, July, 2013