Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Wednesday, February 27, 2013
ဟိုသတင်း ဒီသတင်း
၁. ခွဲစိတ်ပြုပြင်ရတော့မယ့် လေဒီဂါဂါ
စူပါစတား လေဒီဂါဂါရဲ့ တတိယအကြိမ်မြောက် ဂီတဖျော်ဖြေပွဲ Born This Way Ball ရဲ့ ကျန်ရှိနေသေးတဲ့ ယူအက်စ် နဲ့ ကနေဒါပွဲစဉ်တွေကို ဖျက်လိုက်ပါတယ်။ တင်ပါးခွဲစိတ်ကုသမှုခံယူမှာကြောင့် ပွဲစဉ်တွေဖျက်လိုက်တာပါ။ ၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒုတိယအယ်လ်ဘမ် Born This Way ထဲက သီချင်းတွေအများစုကြော်ငြာဖျော်ဖြေတဲ့ အဲဒီ tour ခရီးစဉ်တွေမှာ ပြင်းပြင်းထန်ထန်အားသုံးတဲ့လှုပ်ရှားမှုတွေထပ်ကာထပ်ကာပြုလုပ်ခဲ့တော့ သူမရဲ့ ညာဘက်တင်ပါး labrum တင်ပဆုံရိုးကွင်းဆက်လေး ဆုတ်ပြဲခဲ့ပါတယ်။ tour စီစဉ်သူက “သူမ ခွဲစိတ်ကုသပြီး ပြုပြင်ဖို့လိုပါတယ်။ ပြီးတော့ လုံးဝပြန်ကောင်းလာတဲ့အချိန်အထိ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျဂရုစိုက်ဖို့လိုအပ်တယ်။ ကံမကောင်းစွာပဲ ဒီကုသမှုကြောင့် သူမရဲ့ ကျန်တဲ့ tour ခရီးစဉ်တွေရပ်ဖို့ဖြစ်လာခဲ့တယ်” လို့ဆိုတယ်။ ဂါဂါပြောတာက ဒဏ်ရာကြောင့် ပွဲစဉ်တွေအများကြီးဖျက်ပြီး ကျွန်မပုန်းနေရပါဦးမယ်။ တစ်ခါတစ်ရံ ဒဏ်ရာက အလွန်အမင်းနာကျင်လှတယ်။ ပြီးခဲ့တဲ့လကစလို့ အခြေအနေပိုပြီးဆိုးလာခဲ့တာပါ။ ကုသပျောက်ကင်းဖို့ ဆုတောင်းနေပါတယ်။ အဲဒီအတွက် ပရိသတ်တွေကို ခွင့်လွှတ်ဖို့တောင်းပန်ပါရစေ တဲ့။ ၂၀၁၂ ဇွန် ၃ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာမှာ ဖျော်ဖြေမယ့် tour ကိုလည်း ဖျက်သိမ်းခဲ့ရဖူးပါတယ်။ အဲဒီ tour မှာတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ Islamic Defenders Front (FPI) အဖွဲ့က ကန့်ကွက်ဆန္ဒပြတာကြောင့်ပါ။ “မကောင်းဆိုးဝါးရဲ့ သံတော်ဆင့်” လို့  လေဒီဂါဂါကို ရည်ညွှန်းပြီး ခြိမ်းခြောက်မှုတွေရှိခဲ့တယ်။ အင်ဒိုနီးရှားရဲအဖွဲ့ကလည်း ဖျော်ဖြေခွင့်မပြုခဲ့ပါဘူး။
Tuesday, February 26, 2013
ဘယ်လို ပြုပြင်မလဲ၊ ဘယ်လို ခေါင်းမာနေဦးမလဲ
ဘာရှား၏ ဘာမထီအပြုံး
ကြံ့ကြံ့ခံ ရပ်တည်ဆဲ ဘာရှား
သူ့နာမည်အပြည့်အစုံက - ဘာရှား ဟာဖက်ဇ် အယ်လ် အာဆတ်ဒ်  ဖြစ်သည်။
ရာထူး - ဆီးရီးယားနိုင်ငံ၏ သမတ နှင့် ဘာ့သ်ပါတီ၏ အထွေထွေ အတွင်းရေးမှူး
မွေးနေ့ - ၁၁ စက်တင်ဘာ ၁၉၆၅    (အသက် ၄၈)
ဇာတိ - ဒမတ်စကတ်စ် ၊ အာရပ်ပြည်ထောင်စုသမ္မတနိုင်ငံ
ဘခင် - ဟာဇက်ဇ် အယ်လ် အာဆတ်ဒ်
(ဘခင်သည်ဆင်းရဲသောမိသားစုမှ ပေါက်ဖွားခဲ့သော်လည်း Alawite များ နောက်ခံပြုသည့်  အာရပ်ဆိုရှယ်လစ် ဘာ့သ်ပါတီ ကို ထူထောင်ခဲ့သည့်အပြင် သမ္မတအဖြစ်နှင့် ဆီးရီးယားနိုင်ငံကို ၂၉နှစ် အုပ်စိုးခဲ့သည်။)
အကို နှင့်အမ - ဘာဆယ်လ် နှင့် မဟာ 
ဇနီး - အက်စ်မာ (ဗြိတိန်နိုင်ငံဖွား ဘဏ်အရာရှိ)
ပညာရေး - မျက်စိအထူးကုဆရာဝန် 
ပါတီ - ဘာ့သ်ပါတီ
အင်္ဂလိပ်စကားနှင့် ပြင်သစ်ဘာသာစကားတို့ကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်သည်။ ၂၀၀၀ခုနှစ် ဖူလိုင်လ ၁၇ရက်မှာ တာဝန်စတင်ထမ်းဆောင်သည်။ ၂၀၀၀ခုနှစ် ဒီဇင်ဘာလတွင် လန်ဒန်မှာ ကျွမ်းဝင်ခဲ့သော အက်စ်မာနှင့် လက်ထပ်သည်။ သားသမီး သုံးယောက်ရှိသည်။ (ယခု ဇနီးသည်က  စတုတ္ထကိုယ်ဝန်လွယ်ထားသည်)။ ဒမတ်စကတ်စ် တက္ကသိုလ် ဆေးကျောင်းမှ ၁၉၈၈ခုနှစ်တွင်ဘွဲ့ရရှိခဲ့ပြီး တပ်မတော်တွင် စစ်တပ်ဆရာဝန်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ နောင်လေးနှစ်အကြာတွင် လန်ဒန်မြို့ အနောက်ပိုင်းဆေးတက္ကသိုလ်မှ မျက်စိအထူးကုဆရာဝန်ဘွဲ့ရရှိခဲ့သည်။ ဒမတ်စကတ်စ်ရှိ အာရပ်+ပြင်သစ်အယ်ဟာရီယာကျောင်းတွင် မူလတန်း အလယ်တန်းပညာသင်ယူခဲ့သည်။
Friday, February 22, 2013
တကယ်တော့ ..... အဝေးကြီးပဲ
ဥက္ကာပျံအကြောင်းရေးရင်းနဲ့ တကယ်တော့ အဝေးကြီးပဲ ဆိုတာနဲ့၊ အဝေးကြီးမှာကျန်ခဲ့တဲ့ သီချင်းတစ်ပုဒ်ကို သွားသတိရရော၊ 
ဂြိုဟ်သိမ် ဂြိုဟ်မွှားအန္တရာယ်ထဲက ကျွန်မတို့ကမ္ဘာ
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့က မြေကမ္ဘာပေါ် တမ်းတမ်းမတ်မတ် တဟုန်ထိုးခုန်ချလာတဲ့ ဥက္ကာပျံတစ်ခုကြောင့် ရုရှားနိုင်ငံ၊ ချဲလျာဘစ်ခ်မြို့တော်မှာ လူရာပေါင်းများစွာထိခိုက်ဒဏ်ရာရကြတယ်။ ၁၀ တန်လေးပြီး တစ်နာရီမှာ မိုင် ၄၀၀၀၀ နှုန်းနဲ့ ပြုတ်ကျလာခဲ့တဲ့ ဥက္ကာပျံရဲ့ အရှိန်ကြောင့် မှန်တံခါးတွေကွဲထွက်ကုန်ကြတယ်။  အဲဒီ အဖြစ်အပျက်ပြီးတဲ့နောက် ၁၆ နာရီအကြာမှာ 2012 DA14 လို့အမည်ပေးထားခဲ့တဲ့ ဥက္ကာပျံတစ်ခုကလည်း ကမ္ဘာနဲ့ နီးတဲ့နေရာ(၂၈ ၀၀၀ ကီလိုမီတာအကွာ)ကနေဖြတ်သန်းသွားခဲ့ပါတယ်။ ချဲလျာဘစ်ခ် ထိခိုက်ဒဏ်ရာရရှိမှုတွေကြောင့် လူတွေတော်တော်များများ ဥက္ကာပျံတွေရဲ့ အန္တရာယ်ကို သတိတရ ထိတ်လန့်သွားကြတယ်။ 2012 DA14  က္ကာပျံ နဲ့ ချဲလျာဘစ်ခ်မြို့တော်ဆီ ပြုတ်ကျခဲ့တဲ့ ဥက္ကာပျံဟာ အဆက်အစပ်တော့မရှိပါဘူး။ သူတို့ နှစ်ခုရဲ့ လမ်းကြောင်းတွေက သိသိသာသာကွဲပြားပါတယ်။ 
Wednesday, February 20, 2013
အသောက၏ နောက်ဆုံးစစ်ပွဲ
အမှောင်ခေတ်
ခရစ်တော်မပေါ်မီ သုံးရာစုနှစ်ခန့်က အိန္ဒိယနိုင်ငံ မာဂဓပြည်တွင်  “ဒေ၀ါနံ ပိယဒဿီအသောကာ" (လူနတ်အားလုံးချစ်ခင်သောမင်း)ဘွဲ့ခံဘုရင် မင်းကရာဇ်တပါးစိုးစံခဲ့သည်။ ထိုမင်းသည် စစ်ဘုရင်ဖြစ်သည့်အလျှောက် အခါမလပ် စစ်ရိပ်စစ်ငွေ့ကြားတွင် ကခုန်ပျော်ပါး မြူးတူးတတ်သူဖြစ်သည်။ 
သွေးတို့ဖြင့် သွန်းလောင်းထားသည့် စစ်မြေပြင်သည် သူ၏ မျက်စိထဲဝယ် လှပသော အိပ်စက်နားနေရန် စခန်းသာတခုဟု မှတ်ယူသည်။သွေးဆာသောဘုရင်ဟုလည်းခေါ်ဆိုနိုင်သေးသည်။ တိုက်ပွဲတိုင်း အောင်မြင်သဖြင့် စစ်တွင် ပျော်မွေ့လေ့ရှိခြင်းဖြစ်သည်။ စစ်ပွဲနှင့် ပတ်သက်လျှင်အသနားမဖက် ရက်စက်သူလည်းဖြစ်၏။ အသောက စစ်ချီတက်လာပြီဟေ့ဟုဆိုလျှင် ဖိန့်ဖိန့်တုန် ကြောက်ရွံ့ကြ၏။ မြင်းကို ကဆုန်စိုင်းလာသော အသောကသည် သံကုန်ဟစ်အော်၍၄င်း လက်တဘက်မှလည်း ဓါးကို လေတွင် ဝှေ့ရမ်း၍၄င်း သူရောက်လေရာ လမ်းတလျှောက် ပိုင်းဖြတ်ခုတ်ထစ်သွားသည်မှာ လူသူတိရိစ္ဆာန်သစ်ပင် မဆင်မခြင် မြင်မြင်ကရာရာပင်။အပိုင်းပိုင်းပြတ်သည်။
ထိုမင်းသည် အိမ်နီးချင်းနိုင်ငံများကိုသာမက    ဝေးလံခေါင်ဖျားသော တိုင်းနိုင်ငံများကိုလည်းချမ်းသာမပေး အရ အမိ သိမ်းပိုက်တတ်သည်။ ထိုမင်းသည် သူ၏ အဘိသိက်ခံပြီး ရွှေနန်းစံသက် ဂနှစ်မြောက်ပြီးချိန်တွင် မာဂဓ တိုင်းအား အခွန်ပဏ္ဏာမဆက် အံတုလာသော ကလိင်္ဂတိုင်းပြည်ကို သွားရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ထိုစစ်ပွဲသည် သူ၏အမှောင်ခေတ်ကိုအဆုံးသတ် ပိုင်းခြားပြစ်လိုက်သည့် စစ်ပွဲဟုလည်း ခေါ်ဆိုနိုင်သည်။ ကလိင်္ဂတိုင်းပြည်သည် မြေသြဇာကောင်းသဖြင့် လယ်ယာလုပ်ငန်းဖြစ်ထွန်းသည်။ဆန်ရေစပါးပေါများသဖြင့်လည်း ကြွယ်ဝသော တိုင်းပြည်နိုင်ငံဖြစ်သည်။
ခြေလျှင်တပ်သားခြောက်သောင်း၊ မြင်းတပ်သားတစ်သာင်း၊ ဆင်ခုနှစ်ရာရှိသည်။ အသောကသည် လွယ်လင့်တကူ သိမ်းပိုက်နိုင်မည်ခန့်မှန်းထားသော်လည်း ထင်သလောက်မဟုတ်ချေ။ကျောက်တုံးပေါင်းများစွာကို ကြိတ်ခွဲဖို့ ၀န်မလေးသော်လည်း စုပေါင်းထားသော သဲတပွင့်စီ တပွင့်စီကို အမှုံ့ကြိတ်ြဖိုခွဲဖို့  ခဲယဉ်းလှသည်။ ကလိင်္ဂပြည်သူတို့သည် မိမိတို့နိုင်ငံအတွက် ကျားမ မရွေး အရွယ်စုံ တုတ်ဆွဲ ဓါးဆွဲ ခုခံခဲ့ကြသည်။ ထို့ကြောင့် အသောကသည် စစ်နိုင်သော်လည်း အတော်လေး ပင်ပန်းဆင်းရဲခဲ့ရသည်။ စစ်သည်အများကျဆုံးခဲ့ကြရသည်။ 
ကလိင်္ဂသည် ထိုမျှ များပြားသော စစ်သည်ဗိုလ်ပါ အင်အားရှိသော်လည်း စစ်ဘုရင် အသောက ကိုမူ  မခုခံနိုင်။အရှုံးပေးလိုက်ရသည်။ အသောကသည် ကလိင်္ဂတိုင်းမှ လူပေါင်း တသိန်းငါးသောင်းကို သုံ့ပန်းအဖြစ်ခေါ်ဆောင်ခဲ့သည်။ ဒါဏ်ရာအနာတရ ဖြစ်သူ တသိန်းမျှရှိပြီး ထိုမျှမကသော ပြည်သူ တို့မှာ အကြောင်းမဲ့ ဘုမသိဘမသိ သေကြေပျက်စီးခဲ့ရသည်။ အိုးအိမ်စွန့်ခွာကြရသည်။မိဘဆွေမျိုးသားချင်းများကွဲကွာခဲ့ကြရသည်။ အာကာသကောင်းကင်ပြင်မှာတော့  ကြယ်တာရာကြီးတလုံးသည် ထွန်းလင်းတောက်ပစွာ  အနောက်ဘက် မိုးကုပ်စက်ဝိုင်းမှသည် တက်လတ်၍ ဂင်္ဂါမြစ်၏ရေအလျှင်တွင် အရိပ်ထင် ကခုန်လျက်။ အောင်နိုင်သူ၏အပြန်ခရီးကို ကောင်းချီးပေး လိုက်ပါပို့ဆောင်နေဟန်ရှိသည်။ အသောက၏အပြန်လမ်းသည်လည်း အောင်ပွဲရ စစ်သည်အပေါင်း ခြံရံလျက်  စစ်သွေးစစ်မာန် ထယ်ဝါ ၀င့်ကြွားလျက်။ အောင်စည်အောင်မောင်း ရိုက်ညောင်းမည်ကြွေးရင်း တေးသီကျူးသံ များဝေစီလျက် ထက်မိုးအာကာသို့တိုင် လွှင့်ပျံ နေသည်။
အသောကသည် တဖြည်းဖြည်းနှင့် မိမိကလိင်္ဂသို့ စစ်ချီတက်စဉ်ကလမ်းခရီးတွင်  မိမိကိုယ်တိုင် ဓါးတ၀င့်ဝင့် ဖျက်ဆီးပြစ်ခဲ့သော "ဗုဒ္ဓဂယာ”သို့ ရောက်ရှိလာသည်။ ဗုဒ္ဓဂယာတွင် တပ်စခန်းချ၍ ယာယီတဲနန်းဆောက်လုပ် နားနေသည်။
အလို..
ရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ် ။  ( တတိယ သင်္ဂါယနာတင်သူ)
အရှင်သူမြတ် ဘာလုပ်နေသနည်း။ အပျက်အစီး အုတ်ပုံတို့အကြားဝယ် ရှင်ရဟန်းသည် ထက်ဝယ်ဖွဲ့ခွေပြုလျက် ကျောက်ရုပ်ပမာ မလှုပ်မရှက် တရားရှုမှတ်နေဟန်တကား။
(အသောက စိုးစံသော မာဂဓ တိုင်းတွင် ဂိုဏ်းပေါင်းစုံ ရှိ၏။ ဗုဒ္ဓဘာသာမှ ခွဲထွက်သော တန္တရ၀ါဒဂိုဏ်းသည်လည်း လူကြိုက်များ၏။ မိဖုရားကြီးသည် ထိုအယူကို ယူသည်။ဘုရင်အသောကသည်ကား မည်သည့်အယူဟူ၍ အတိအကျမရှိ။ အားလုံးကို ဘာသာရေးလွတ်လပ်ခွင့်ပေးထားသည်။ အရှင်တိဿမထေရ်ကိုမူ အသောကသည် ကြည်ညိုရင်းစွဲ ရှိ၏။ရာဇဂြိုလ်တွင် ကျောင်းသင်ခန်း ဆောက်လုပ်လှူဒါန်းပေးသည်။)
အသောက၏ရင်ဝယ် လှိုက်ကနဲ တချက် ပူဆွေးသွားသည်။ အရှင်သူမြတ်ကို ဖူးတွေ့ရသည်မှာ မသက်မသာရှိလှသည်။ အခြေအနေကို အကဲခပ်ရှုစားပါမှ ပို၍ ပို၍ ပူးဆွေးလာသည်။ ကြည့်လိုက်စမ်းပါဦးကွယ်။ ဒါတွေ ဘယ်သူ့ လက်ချက်တဲ့လဲ။
(အသောက ကိုယ်ထဲမှ  နတ်တပါးက မေးသယောင်။)
အသောက လုပ်ခဲ့တာ။(သူ့ကိုယ်ထဲမှ အခြားနတ်တပါးကဖြေသည်။)
အလာတုံးက စစ်သွေးစစ်ဟုန် စစ်ရှိန်မြင့်တက် လောင်ကျွမ်းနေစဉ် အသောကသည် စေတီများကိုခလုပ်ကန်သင်းသဖွယ် ထင်မှတ်ကာ ဖြိုဖျက်ခဲ့၏။ ဘုန်းတော်ကြီးကျောင်းတိုက်များကို မီးရှို့ဖျက်ဆီးခဲ့၏။ ယခုသော် ထိုဖရိုဖရဲ ပြိုကွဲနေသော စေတီပုထိုးအုတ်ကျိုးအုတ်ပဲ့တို့အကြား အရှင်သူမြတ် သည် တည်ငြိမ်အေးဆေးစွာ တရားရှုမှတ်နေနိုင်သေးသည်တကား။
အသောကသည် ယာယီတဲနန်းတွင် စံမပျော်ချေ။ မိမိ၏မိုင်ပေါင်းများစွာ ပြန့်ပြူးတည်ရှိနေသော မာဂဓ တပ်မတော်ကြီးကို လှည့်လည်ကြည့်ရှုနေ၏။ မာဂဓတပ်မတော်သည် ထုနှင့် ထယ်နှင့် အားကောင်းမောင်းသန်ရှိနေဆဲ။ တပ်တော်ဦးတွင် မိမိ၏ အမှတ်အသား ဂဠုန်တံဆိပ်ပါ ရဲတံခွန်တို့သည် အောင်လံဝင့်ဝင့်ချီလျက် လေတွင် တလူလူလွှင့်နေဆဲ။ထောင်ပေါင်းများစွာသော ဆင်မြင်းရထား ကုလားအုတ်စသည် နားနေလျက်။
ရှေ့သို့ ဆက်လျှောက်လာသော် ဘုရားရေ..။ မဟာဗောဓိပင်။
လေးသင်္ချေနှင့် ကမ္ဘာတသိန်းပါရမီ ဖြည့်ဆီးပြီးမှ သိဒတ္ထမင်းသား သစ္စာလေးပါးတရားကို အကြွင်းမဲ့ သိရှိ နိဗ္ဗာန်စံပျော်သူ လူနတ်ဗြဟ္မာတို့ကို နိဗ္ဗာန်တံခါးဝသို့  ဆောင်ကျဉ်းခဲ့သူ  ဘုရားစင်စစ် ဧကန်ဖြစ်ခဲ့သည်ဟု နာမည်ကျော်ခဲ့သူ။ ၄င်း၏ ပါရမီဖြည့်ဖက် မဟာဗောဓိပင်ကို မိမိ ခုတ်လှဲ ပြစ်မိသည်တကား။ သိဒတ္ထသည် ကပ္ပီလ၀တ်မင်းနေပြည်မှ ဘုရင့်သားတော်တည်း။ မိမိသည်လည်း မာဂဓတိုင်း၏ ဘုရင့် သားပင်တည်း။ သို့သော် သိဒတ္ထသည် သတ္တ၀ါများကိုကယ်တင်သူ။ မိမိသည်ကား သတ္တ၀ါတို့ အသက်ကို သတ်ဖြတ်သူ။ဖက်ရွက်ပမာ ချေမှုံးဖျက်ဆီးသူ။ မိုးနှင့်မြေ ကွာခြားနေသည်။ မိမိဖျက်ဆီးခဲ့သော မဟာဗောဓိပင်သည်အပိုင်းပိုင်းပြတ်လျက်။ အကိုင်းများမှာမူ အသက်ဓါတ်ရှိနိုင်သေး၏။
အရှင်သူမြတ်ဘုရား… တပည့်တော် မှားပါပြီ။ မှားခြင်းကြီးမှားမိပါပြီ။
အသောကရင်တွင် လောင်မြိုက်နေသည်။
ပွဲတိုင်းကျော်ခဲ့တဲ့ တပည့်တော်ဟာ ယခုတော့ တပည့်တော်ရဲ့ အကျင့်ဆိုးအတွက် အရှုံးပေး လက်မြှောက်ပါပြီဘုရား။ တပည့်တော်ရဲ့ အောင်မြင်ခြင်းဟာ အစစ်မဟုတ် ရှုံးနိမ့်ခြင်းသာ ဖြစ်ပါတော့တယ်ဘုရား။ ဘယ်တော့မှ ဆေးကြောသန့်စင်ရန် ဖြစ်နိုင်မယ်မထင်တဲ့ အပြစ်ကြီးတခု တပည့်တော် ကျူးလွန်မိခဲ့ပါပြီ။
အရှင်သူမြတ်သည်လည်း မျက်ရည်လည်မတတ်ခံစားမိရင်း အသောက၏ ရက်စက်ကြမ်းကြုတ်မှုတို့ကို လျော့ပါးသွားအောင် အဘယ်စကားဖြင့်ဖြေသိမ့် ပြောဆိုရမည်နည်း။ ကလေးငယ်တို့၏ ဟစ်အော်ငိုကြွေးသံများ၊ ခေါင်းတခြားကိုယ်တခြား ပုံပန်းမလှမပ အလောင်းကောင်များ အသောက မြင်ယောင် ထင်ယောင် ကြားယောင်လာသည်။ မိမိကျုးလွန်ခဲ့သောပြစ်မှုများ၏ သရုပ်ဖေါ် ပုံရိပ်တို့သည် မိမိမျက်စိရှေ့ဝယ် တခုပြီး တခု ဆင့်ကာ ထပ်ကာ ပေါ်လာနေသည်။ သူ၏ကျောက်စာတွင်  အသောကသည် မိမိ၏ ပြစ်မှုများကို ကိုယ်တိုင် ၂ပိုင်းခွဲ၍ ကမ္ဗည်းကျောက်စာတင်ခဲ့သည်။ အသောက ကျောက်စာတိုင်များ ဗုဒ္ဓဂယာတွင် ယခုတိုင် ထင်ရှားရှိသည်။
အမှောင်သို့ နှင့် အလင်းသို့။
အသောကသည် ဗောဓိညောင်ပင်မှနေ၍ နေရဉ္စရာ မြစ်ကမ်းပါး ရောက်လာသည်။နေရဉ္စရာမြစ်၏ရေစီးကြောင်းသည် ကျဉ်းမြောင်းသော်လည်း အရှိန်ဖြင့် စီးဆင်းနေသည်။ ဒီမြစ်ကမ်းပါးကို သိဒတ္ထ ရောက်ခဲ့တာပဲ၊ နေရဉ္စရာမြစ်ဟာ ခုလိုပဲ လှနေမှာပဲ။ သူက နတ်လူ သာဓုခေါ်ဖို့ရောက်လာတယ်။ ငါက ကလိင်္ဂတိုင်းကို ဖျက်ဆီးဖို့ ရောက်လာတယ်။ ကိုင်း ကြည့်စမ်း ..အသောက။ မင်းနဲ့ သိဒတ္တ ရည်ရွယ်ချက်ခြင်း ဘလောက်ကွာသလဲ။ အသောကသည် နောက်ထပ် စစ်ပွဲများကို မဆင်နွဲ ၀ံ့တော့။ ကလိင်္ဂသည် သူ၏ နောက်ဆုံးစစ်ပွဲ သာဖြစ်တော့သည်။
အသောကသည် မိမိရောက်ရှိနေသော သုည၏ အ၀န်းအ၀ိုင်းအတွင်း တလယ်လယ်ဖြစ်နေပြီး မလွတ်မြောက်နိုင်သေးချေ။သို့သော် အသောကသည် စိတ်အားမငယ်တော့။ အမိုက်မှောင်သည် မည်မျှပင် ထူပိန်းနေပါစေ၊ ယင်းနှင့် အချိုးတူု ဆတူ အလင်းရောင်ကို မလွဲမသွေ ရကိုရ ရမည်။ ဤ အမိုက်မှောင်အတွင်းမှ လွတ်လမ်းကို ရှာနိုင်ရမည်ဟု  အသောက ခံယူထားလိုက်သည်။ 
အလင်းခေတ်
ထို့နောက် အသောကသည် သူ့ နန်းတော်အတွင်း ကြီးစိုးနေသော အမြင်မတော်လှသည့် တန္တရ ဂိုဏ်းသမားများကို နှင်ထုတ်ခြင်း။ အရှင်မောဂ္ဂလိတိဿ မထေရ်၏ ဦးစီးလမ်းပြမှုဖြင့် တတိယ သင်္ဂါယနာတင်ရန် အထောက်အပံ့ပေးခြင်း။ သားတော် မဟိန္ဒနှင့် သမီးတော် သင်္ဂမိတ္တာတို့ကို သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်၍ လင်္ကာဒီပကျွန်း(သီဟိုရ်ကျွန်း)သို့ သာသနာပြု စေလွှတ်ခြင်း  စေတီပေါင်း ၈၄၀၀၀ ၊ ရေကန်ပေါင်း ၈၄၀၀၀  ကျောင်းတိုက်ပေါင်း ၈၄၀၀၀ ရေတွင်းပေါင်း ၈၄၀၀၀ တည်ခြင်း။ ကိုးတိုင်းကိုးဌာနတွင် ရဟန်းတော်များစေလွှတ်၍ သာသနာပြုစေခြင်း။ ဗုဒ္ဓသာသနာ ထွန်းလင်း ပြန့်ပွားစေခြင်း။ ဗုဒ္ဓဂယာတွင် အပျက်အစီးများပြင်ဆင်မွန်းမံခြင်း မိမိပိုင် ဘဏ္ဍာငွေမှ ၉၆ကုဋေမျှသော ဥစ္စာငွေကြေးကို သာသနာအကျိုးအတွက် ရည်မှန်းလှူဒါန်းခြင်း။ မိမိခန္ဒာကိုယ်နှင့် သားတော် သမီးတော်တို့အား ဘုရားဝေယျာဝိစ္စ အလုပ်အကြွေးအဖြစ် လှူဒါန်းခြင်း နေ့စဉ် သံဃာတော်အတွက် မိမိပိုင်ငွေ ၅သိန်းအကုန်အကျခံကာ ဆွမ်းကွမ်းလှူဒါန်းခြင်း စသည် ကမ္ဗည်းရေးထိုးခဲ့သည်ဟုဆိုပါသည်။
နောက်ဆုံး အသောကမင်းကြီးမှာ ဥစ္စာဓနဟူသည် မြူမှုံမျှပင် မကျန်အောင် နတ်ရွာမလားမှီအားလုံးလှူဒါန်းပြစ်ခဲ့သည်။ သျှိသျှားသီးတစ်ခြမ်းမျှသာ ကျန်သည်ဟုလည်း အချို့ကဆိုပါသည်။ အသောကမင်းကြီးဟာ ဗုဒ္ဓဘာသာအဖြစ် အတိအလင်း ကူးပြောင်းလာခဲ့သည်ကြောင့်  အလင်းခေတ်ထဲ ၀င်ရောက်လာခြင်းလို့ ဆိုရမှာ ဖြစ်ပါတော့သည်။         ။
(အကုသိုလ်ကို  ကုသိုလ်က အနိုင်ယူ ဖုံးလွှမ်းသွားစေခဲ့တာပါ) 
တရားအလာ…ယုံကြည်ကာသာ.. ပုတ္တရသ ရွှင်လန်းပြီးတော့ .. သင်္ကန်းကိုလဲ ချီပါ ….
သာသနာ့ အမွေခံ .. ဧကန် မှန်ခဲ့တာ .. အလှူ့တကာ  အလှူ့တကာ  သီရိဓမ္မာ .. အာသောက ရာဇာ…
ခင်မေသစ်
(ဗုဒ္ဓဂယာမှ အပျက်အစီးများမှာ အသောကကိုယ်တိုင် ဖျက်ဆီးသည်ဟု သမိုင်းတွင် တိတိကျကျမဆိုသော်လည်း ဗုဒ္ဒဘာသာနှင့် ပတ်သက်သမျှ ဘုရားစေတီ ကျောင်းကန်များ  ထိုခေတ်က အဖျက်အဆီးခံရသည်မှာ အမှန်ဖြစ်ပါသည်။ အသောမင်းကြီး နောက် အုပ်ချုပ်ခဲ့သော မင်းတို့သည် ဂျိန်းဘာသာဝင်များဖြစ်၍  ဗုဒ္ဓဘာသာသည် မူရင်းဒေသတွင် ကွယ်ပျောက်ကာ အရှေ့တိုင်းသို့ ရွေ့ ခဲ့သည်ဟု မှတ်ယူရမည် ဖြစ်ပါသည်။ )
ကိုးကား..
ပါရဂူ ၏ "မင်းနှင့်ပြည်သူ"
မောင်အံ့  ၏ "ဗုဒ္ဓ သာသာနာ ၂၅၀၀ခရီး"
Monday, February 18, 2013
ဒေသစာရီ ဝေသာလီ
ဝေသာလီမြို့သည် နတ်ပြည်နတ်လောက၏ ထယ်ဝါ ခန်းနားမှုကို အတုယူတည်ဆောက်ထားသည့်အလား  တောင်စဉ်ခုနှစ်ထပ်သည်  တံတိုင်းသဖွယ်ခန်းနားစွာ ကာရံထား၏။ သမုဒ္ဒရာခုနှစ်စင်းသည်လည်း ကျုံးသဖွယ် ပီပြင်စွာ ကာရံထား၏။ အဆောက်အဦတို့သည် ရွှေဖြင့်ပြီးသော စုလစ်မွန်ချွန်များဖြင့် နေရောင်တွင် ဖိတ်ဖိတ်တောက်လျှက်ရှိသည်။ ထိုအဆောက်အဦတို့ အထက် ဝေဟင်တွင် တံခွန်ကုက္ကားစသည်တို့မှာ တခုနှင့်တခု ရောနှောယှက်နွယ် ထိုးထွက် လွင့်ပျံနေ၏။ နတ်ဘုံနတ်နန်းပမာ ခုနှစ်ထောင့် ခုနှစ်ရာ ခုနှစ်ဆောင်ကုန်သော ရာဇာတို့၏ နန်းပြဿဒ်သည်လည်းခန်းနားသိုက်မြိုက်စွာ တည် ရှိ၏။ ဝေသာလီနှင့် တူသည့်မြို ဆိုသည်မရှိ။ လိစ္ဆ၀ီမင်းတို့နှင့်တူသည့် မင်းမရှိ။
အမိအဘဆရာသမား သွန်သင်ညွှန်ပြသည်ကို လိမ္မာစွာ လိုက်နာကြ၏။ကြီးသူကို ငယ်သူက ဂါရ၀တရားထား၏။ လေးစားရိုသေ၏။ နိုင်ငံသည် ကြွယ်ဝသည်။ သီးနှံစပါးပေါများ၏။ ရောင်းဝယ်ဖေါက်ကားသောသူများ ဖြင့် စိုပြေ၏။ အရပ်တကာမှလာရောက်ကြကုန်သော ရတနာကုန်သည်တို့ဖြင့်လည်း မြို့သည်တင့်တယ်လှ၏။ ကောင်းစွာ ၀တ်စားဆင်ယင်ထားသည့် မြိုသူမြို့သားများမှာလည်း  ပျားပန်းခပ်မျှ အေးချမ်းစွာ ဟိုသည် လှုပ်ရှားသွားလာနေသည်။ တ၀ီဝီမည်မစဲသော ပျားပိတုံးတို့ ပျော်ပါးမြူးထူးသည့် ပဒုမ္မာကြာမျိုးစုံ ဖူးပွင့်ရာ ရေကန်တို့ ဖြင့်လည်းလှပစိုပြေ၏။ ဝေသာလီတွင် ထိုသို့သော ရေကန်မျိုး ခုနှစ်ထောင်နှင့် ပန်းစုံပေါသည့် ဥယျာဉ်ပေါင်းသည်ကား ခုနှစ်ရာရှိသည်။ယင်းမြို့ကို စောင့်ရှောက်ရန် ဆင် မြင်းစစ်သည် တပ်သားများမှာ မရေမတွက်နိုင်ခြေ။ ဥဒဟို လှည့်လည်သွားလာနေကြသည်။
ရထားဘီးသံ မြင်းခွာသံ ပတ္တမြားခြူလုံးသံစသည် တို့ကား ပင်လယ်သမုဒ္ဒရာထက် တက်လာသည့် လှိုင်းတံပိုးသံကဲ့သို့  အရပ် ထက်ဝန်းကျင် ပြန့်နှံ့ လွှမ်းမိုး၏။ ညအခါ ကခြေသည်တို့၏ ခန်းမဆောင်များမှ ပေါ်ထွက်လာသော တေးဂီတသံများဖြင့်လည်းဖြင့်လည်း နားဝင်ငြိမ့်ညောင်းစွာ စဉ်ဆက်မပြတ် ကြားရနိုင်သေး၏။ ထို ဝေသာလီမြို့ကို အုပ်ချုပ်သော လိစ္ဆ၀ီမင်းတို့သည်ကား တိုင်းသူပြည်သားများအပေါ် ကျောသား ရင်သား မခွဲခြား သာတူညီမျှ အုပ်ချုပ်၏။ မျက်နှာမလိုက် သမာသမတ်ကျစွာ တရားနှင့်အညီ စီရင် အုပ်ချုပ်သဖြင့် တိုင်းပြည်အေးချမ်းဖွံ့ဖြိုး၏။ရန်ုဟူသည်လည်းမရှိ။ သာယာဝပြော စိုပြေသည်။ထိုလိစ္ဆ၀ီမင်းတို့ကို အစစအရာရာ ဆင်ခြင်တိုင်းထွာနည်းပေးလမ်းညွှန်နိုင်သူ ပညာရှိ သုခမိန် က၀ိအကျော်အမော်  မှူးမတ်များစွာ ခစားဝန်းရံကြကုန်သည်။
လိစ္ဆ၀ီရာဇာတို့သည် တိုင်းသူပြည်သားများကို ကာကွယ်စောင့်ရှောက်ရာ နှိုက် မိမိတို့ ရင်ကို တံတိုင်းပမာ မှတ်ယူကြကုန်၏။ ပျားပိတုံးတို့သည် ပန်းကို ညှိုးနွမ်းထိခိုက်မှု မရှိစေဘဲပန်းဝတ်ရည်ကိုစုတ်ယူသကဲ့သို့ လိစ္ဆ၀ီမင်းတို့သည်လည်း တိုင်းသူပြည်သားကို ထိခိုက်နစ်နာမှု မရှိအောင် အခွန်အတုတ်ကို တော်သင့်ရုံ ကောက်ယူကြသည်။ ပင်လယ်သမုဒ္ဒရာအတွင်းချထားသော လှေနာဝါတို့သည် ပင်လယ်ရေကို မစုတ်ယူသကဲ့သို့ လိစ္ဆ၀ီမင်းတို့သည် သူဌေးသကြွယ်တို့၏ ဥစ္စာကိုလည်း သိမ်းယူခြင်းမရှိချေ။ ယင်းတို့သည် တိုင်းပြည်ကို အုပ်ချုပ်ရာတွင် တရားသဖြင့် အလှည့်ကျ စံနစ်ဖြင့်သာ အုပ်ချုပ် စိုးမိုးကြသည်။ လိစ္ဆ၀ီမင်းတို့၏ ဂုဏ်သတင်းကား လောကအလုံး ပျံနှံ့ ကျော်ကြား၏။
တနေ့သော် ထို အဖက်ဖက်မှ ပြည့်စုံ သော လိစ္ဆ၀ီမင်းသားတို့၏ ဝေသာလီမြို့တော်ကြီးတွင်  ဒုဗ္ဘိကန္တရကပ်၊ ရောဂါန္တကပ်၊ သတ္တန္တရကပ် စသည် ငတ်မွတ်ခေါင်းပါးခြင်း။ အနာရောဂါ ထူပြောခြင်း စသည် ၀ဋ်ကြွေးမကင်း၍ ကပ်ကြီးသုံးပါး ဆိုက်ရောက်လာသည်။ သီးနှံစပါးတို့သည် မအောင်မမြင် အလိုလို ညှိုးနွမ်းကုန်၏။ ဆံရေစပါးတို့သည် ရှားပါးကုန်၏။ကြာငါးပါးတို့ဖြင့် တင့်တယ်ဝေဆာကုန်သော ရေကန်တို့သည် အကြောင်းမဲ့ ခန်းခြောက်ကုန်သည်ဖြစ်၍ ပျားပိတုံးများ ရေကန်တို့ကိုစွန့်ခွာကြလေ၏။ယမမင်းသည် ရှိသမျှ ဒုက္ခအပေါင်းတို့အား ဝေသာလီမြို့အပေါ် စုပြုံ ကျရောက်စေသည့်အလား ဘေးဥပါဒ်အန္တရယ်အပေါင်းသည် နေ့ချင်းညချင်း သွန်းဖြိုး ကျရောက်လာသည်။ မရဏ စည်တော်ယွန်းသဖြင့် အိမ်တိုင်း အိမ်တိုင်းသည်ထိတ်ခြင်း လန့်ခြင်းဖြင့်သာ အတိရှိ၏။ မြို့ရိုးကျုံးပတ်လည် တံတိုင်းတို့တွင်  လူသေအလောင်းကောင်များပြည့်နှက်သဖြင့် တံတိုင်းတထပ် ကာရံသည့်ပမာ ဖြစ်လေ၏။ လူအများသည် ဘီလူးစားခံရမည် ဟုပူပန်ကြောင့်ကျလျက်နေကုန်၏။ အစာရေစာ ခေါင်းပါး သီးနှံစပါးရှားပါးလာသောအခါ လူတို့သည် သစ္စာ မစောင့်နိုင်တော့ချေ။။
လိစ္ဆ၀ီမင်းတို့သည် အကြောင်းရင်းကို ရှာကြကုန်၏။ပညာရှိအမတ်များနှင့် တိုင်ပင်နှီးနှော၍ ဆွေးနွေးအဖြေရှာကြ၏။ ထိုအခါ အမတ်များက မိမိတို့ အယူအဆကို အသီးသီး ပြောပြ ကြကုန်သည်။ နေမင်း၏ အရှိန်အ၀ါနှင့် တူသော လပြည့်ဝန်း၏ အေးငြိမ်းမှုကိုဆောင်သော ကမ္ဘာလောကကြီးတခုလုံးအား အေးငြိမ်းမှုကို ပေးနိုင်စွမ်းသော သကျသာကီနွယ်ဖွား ဘုရားရှင် သည် ယခုအခါတွင် ရာဇဂြိုလ်ပြည် ဘုရင် ဗိမ္ဗိသာရ၏ဝေဠုဝန်ကျောင်းဥယျာဉ်မှာ စံနေတော်မူပါသည်။ ”ဂေါတမဗုဒ္ဓ” ဟု အမည်တွင်ပါသည်။ ထို ဗုဒ္ဓ ဘုရားရှင်မှတပါး အခြားကိုးကွယ်ရာ မရှိပါ ဟု တညီတညွှတ်တည်း လျှောက်ထားကြသည်။
ဘုရင် ဗိန္ဗိသာရ၏ ဝေဠုဝန်ဥယျာဉ်သည် ၀ါးရုံအတိပေါများသော  အင်းကြင်း သရဖီ စသည် ကြိုင်လှိုင်သင်းထုံသော နေရာဖြစ်၏။ နေ့ညမပြတ် ၀င်းလက်တောက်ပ၏။ အမြိုက်နှင့် ပမာတူသောဝေဠုဝန်ကျောင်းတော်ကို ဗိမ္ဗိသာရမင်း ဆောက်လုပ်လှူဒါန်းသည်။ လိစ္ဆ၀ီ မင်းသားတို့သည် ဘုရားရှင်အား ထိုနေရာမှ ပင့်ဖိတ်ခဲ့သည်။ ဝေသာလီ၏ အကျိုးစီးပွားကို မျှော်ကိုး၍ ဘုရားရှင်က ဝေသာလီသို့ ဒေသစာရီ ကြွချီ တော်မူခဲ့သည်။ ဗိန္ဗိသာရမင်းကြီးသည်လမ်းခရီးအတွက် ကြိုတင်ပြင်ဆင်မှုများ ခန်းနားစွာ ပြုလုပ်ပေးခဲ့သည်။ ဘုရားရှင်နှင့် ရှင်အာနန္ဒာအမှူးပြုသော နောက်ပါ ရဟန်းသံဃာများသည် ဂင်္ဂါမြစ်ကို ဖြတ်ကူးကာ ဝေသာလီသို့ ဆိုက်ရောက်အပြီး ရတနာ့သုတ် ပရိတ်အရံအတားများ ရွတ်ဖတ်သရစ္ဆျယ်ကြသည်။ ပရိတ်ရေများ ပရိတ်သဲများကို မြို့ရိုး အနှံ့ ပက်ဖြန်းကြစေသည်။ ရတနာသုတ်ကို မြတ်ဘုရားက ခုနှစ်ရက် ခုနှစ်လီ အကျယ်တ၀ံ့ ဟောကြားတော်မူသည်။
ထိုအခါ ဝေသာလီမြို့အလုံးမကြုံစဖူး  မိုးကြီးသည်းထန်စွာ ရွာသွန်းသည်။ မိုးရေကြောင့်အညစ်အကြေးများကင်းစင်ခြင်း၊ ပန်းသစ်ပင်တို့ အညွန့်အညှောက် ထွက်ပြူလာခြင်း ရေကန် ရေအိုင်မှအစ ချောင်းငယ်မြောင်းငယ်များ  ရေပြည့်လျှံခြင်း သတ္တ၀ါတို့ မြူးထူးပျော်ပါးခြင်း ရွှင်လန်းချမ်းမြေ့ခြင်း ဖြစ်ကြသည်။ မြတ်ဘုရားက ရတနာသုံးပါးကို နေ့ညမပြတ်ဆည်းကပ်စေ၏။ ဥပုဒ်နေ့တိုင်း သီတင်းသီလ ဆောက်တည်စေသည်။ ငါးပါးသော သီလကိုမိမိအသက်ကဲ့သို့ စောင့်ရှောက်ထိန်းသိမ်းစေ၏။ ထိုအခါ ဝေသာလီသည် ယခင်ရှေးနည်အတိုင်း စိုပြေ တင့်တယ်သဖြင့် ကြွယ်ဝချမ်းသာသော နိုင်ငံ ဖြစ်ထွန်းခဲ့သည်။         ။
ဒါကတော့ ဆရာ "ပါရဂူ” ရဲ့ “ဒေသစာရီ ဝေသာလီ" ကို မိမိစကားဖြင့်  အကျဉ်းချုံးပြီး မျှဝေပေးလိုက်တာပါ။ သုတ ရသ စာပေကို မြတ်နိုးသူများ အလွန်ဖတ်သင့်တဲ့ စာအုပ်ကောင်းတအုပ်ပါ။ အိန္ဒိယ ရဟန်းတော် “ဘိက္ခူအာနန္ဒာ ကောသလ္လာယ" ဟိန္ဒူဘာသာနဲ့ ရေးဖွဲ့ထားတဲ့ (“ဗုဒ္ဓ ဂုဏာလင်္ကာရ") ဘုရားဂုဏ်တော်ဘွဲ့ လင်္ကာရှည်ကြီးကို “ဆရာပါ" က မြန်မာလို ကဗျာရှည်ကြီး ဖွဲ့နွဲ့ထားတာလို့ ဆိုရပါမယ်။ တခါတည်း ရတနသုတ်ဖြစ်ပေါ်လာပုံကိုလဲ သိရတာပေါ့။ ဗုဒ္ဓ ဟာ မိစ္ဆာဒိဋ္ဌိ တို့ရဲ့ အယူကို ပယ်နှုတ်ပြီး မဂ္ဂင်ရှစ်ပါးနဲ့ လမ်းညွှန်ခဲ့တာပါ။
မြတ်ဘုရား၏ အထူးထူးသော ဂုဏ်တော်တို့ကို ရည်ညွှန်းလျက် မေတ္တာစိတ်ယှဉ်သဖြင့် ဒီကဗျာလင်္ကာရှည်ကြီးကို မြန်မာလို ဘာသာပြန်ဖွဲ့ဆိုပါတယ် တဲ့။ (မေမေလည်း မေတ္တာစိတ်ယှဉ်သဖြင့် ပါပဲ)
“ဆရာပါ" က မြတ်ဗုဒ္ဓကို မပြတ် ဦးခိုက်ကြပါလော့။ ဥပုဒ်နေ့တိုင်းသီလ ဆောက်တည်ကြပါလော့ လို့ လည်း စာဖတ်သူတွေကို ပန်ကြားထားပါတယ်။
ခင်မေသစ်
Carry on ... Carry on
နားထောင်ရင်း ... နားထဲဝင်လာတော့ !!!!!
If you're lost and alone 
Or you're sinking like a stone 
Carry on 
May your past be the sound 
Of your feet upon the ground 
Carry on 
Carry on, carry on 
Wednesday, February 13, 2013
အမြဲတမ်းအတွက် အလှပဆုံး “ချစ်မေတ္တာစံအိမ်လေး”
လေညင်းသော့သော့ နော့ကစားတဲ့အခါ ချစ်ခြင်းမေတ္တာဟာ ကိုယ့်ဆီတိုးဝင်လာတာ ခံစားမိပါရဲ့လား။ ကိုယ်က ရယူခံစားတတ်မယ်ဆိုရင်တော့ ချစ်မေတ္တာက လေညင်းလေးမှာ၊ ပန်းလေးတွေဆီမှာ၊ ကျေးငှက်ပျားကောင်လေးတွေဆီမှာ၊ ဒဏ္ဍာရီတွေထဲမှာ၊ ဖုန်းခေါ်သံလေးမှာ၊ အချစ်သီချင်းချိုချိုလေးမှာ၊ ခါးသက်ဆိမ့်မွှေး ကော်ဖီပူပူလေးတစ်ခွက်မှာ၊ လျှာဖျားပေါ်က ချိုမြနုမွ ချောကလက်လေးထဲမှာ၊ ကိုယ့်ရဲ့ အိမ်လေးထဲမှာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ … နေရာတိုင်းမှာ ဖမ်းဆုပ်ရယူနိုင်မှာပါ။ လှုပ်လှုပ်ရှားရှား ဒီဇင်ဘာအားလပ်ရက်လေးတွေ ကုန်ဆုံးသွားပြန်တော့ ချစ်မေတ္တာသင်းပျံ့ထုံမွှန်းတဲ့ St. Valentine’s Day(ချစ်သူများနေ့)ဟာ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှာ ရောက်လာခဲ့ပြန်ပါပြီ။
ပန်းခြံလေးတစ်ခု ကိုယ်မြင်မိတယ်။
ပန်းဖူးပန်းငုံပန်းတွေစုံလင်ပြည့်သိပ် သစ်ကိုင်းတွေ
မြစ်တစ်စင်း၊ စိမ်းတဲ့မြက်တစ်ခင်း။
အဲဒီမှာ ချိုမြနွေးထွေးမှု အမြဲတမ်းအတွက် လုံလောက်နေတော့တာ၊
ဖြူတဲ့ ပန်း၊ 
ပြာတဲ့ ပန်း၊
ဝါတဲ့ ပန်း ပြီးတော့ နီစွေးတဲ့ ပန်းတွေရှိနေလို့သာ
စမ်းချောင်းလေးတွေ ကောင်းမွန်အေးချမ်းစွာစီးဆင်းနေလိုက်တာများ၊ 
အဲဒီမှာ အသက်မရှိတဲ့အရာ မရှိပါဘူး။
အဲဒီမှာ သေးငယ်ပေါ့ပါးငါးလေးတွေ ကူးခတ်နေလိုက်တာများ၊
သူတို့ရဲ့ အနီသွေးရေယက်လေးတွေ၊ 
ဘော်ငွေရောင်တလက်လက်အကြေးခွံလေးတွေ 
လှပ်ခနဲ လှပ်ခနဲ လှုပ်ကာ ဟကာနဲ့ပေါ့
တေးသီနေတာ ကိုယ်ကြားမိတယ်။
သစ်တစ်ပင်ရဲ့ အကိုင်းအခက်တိုင်းမှာ ငှက်လေးတွေ ဆော့မြူးပျော်ရွှင်နေကြရှာ၊
စည်းချက်ကျန လှပနေလိုက်တာ၊
နတ်သမီးလေးတွေ သံပြိုင်တေးသီကြွေးနေသလိုပါ။
တချို့က ဝတ်ရည်ဝတ်မှုန်လေးတွေ သယ်ယူရင်း အလောတကြီး အလုပ်ရှုပ်လို့
ယုန်ငယ်လေးတွေမှာ ဒီနေရာကို အပြေးအလွှားရောက်လာ ပြေးကာပုန်းကာ ဆော့ကစားကာ၊
ခပ်ဝေးဝေးအထိ ကိုယ် အကုန်လုံးမြင်နိုင်သားပဲ။
အမြဲပြူးကြောင်စိုးထိတ်ဟန်ပန်မူရာအပြည့်နဲ့ သမင်၊ ဒရယ်၊ ချေငယ်၊ ဆိုင်၊ ဆတ်တွေပါမကျန်
ရှဥ့်ငယ်လေးတွေလိုနုနုရွရွ အကောင်ငယ်လေးတွေရောပဲ 
ခပ်ဝေးဝေးအထိ အကုန်လုံးမြင်နိုင်တာပေါ့
ကြိုးညီနေတဲ့ တူရိယာတွေဆီက ပွင့်အံထွက်ကျလာတဲ့ ဂီတသံတွေ၊
ကြားရတာ ကိုယ့်မှာ အဆုံးစွန်ချိုမြကြည်နူးလိုက်တာ။
ဒါတွေအားလုံး ဖန်ဆင်းပေးသနားတာ ဘုရားသခင်ပါ။
ကိုယ်မှန်းဆကြည့်ရရင် ဒီဂီတသံတွေလောက်
တခြားတခြားသောအရာတွေ ဘယ်တော့မှပိုကောင်းမှာမဟုတ်ဘူး။
အဲဒီမှာ လေကလေးသွေးတယ်။ 
မဆိုစလောက် သာသာညင်းညင်းရယ်၊
သစ်ရွက်စိမ်းလေးတွေမှာ တိုးဖွညင်သာအသံလေးနဲ့ ရိုက်ခတ်တယ်။
လေထဲမှာ မြောက်တက်လာတဲ့ ကျေးငှက်ငယ်လေးတွေရဲ့ မြည်တွန်သံလေးတွေနဲ့အတူတူ
ညီညွတ်ညံသာရှိနေခဲ့တာပေါ့
အဲဒီမှာ လေဟာ မျှမျှတတအေးအေးသက်သာ၊
ပူတယ် အေးတယ်ဆိုတာ ဘယ်တုန်းကမှမရှိခဲ့သလို၊
အဲဒီမှာ လေဟာ သင်းပျံ့ကြိုင်လှိုင်စွာ၊ စိမ်းမြမြက်သားပေါများစွာ၊
အဲဒီမှာ ဘယ်သူမှ မဖျားမနာ၊ မအိုပါဘူး။
ပျော်ရွှင်မှုတွေပဲ ပြောပြနိုင်တာထက် ထောင်ပေါင်းများစွာပိုပိုလာတာ၊
ညဆိုတာ မရှိပါ။
လူတိုင်းရဲ့အမြင်အာရုံမှာ အမြဲတမ်းကြည်လင်သာယာ နေ့မဟာပါ။
၁၄ ရာစုက အင်္ဂလိပ်ကဗျာဆရာကြီး ချော့ဆာ(Chaucer) ရေးခဲ့တဲ့ ပထမဆုံး ချစ်သူများနေ့ကဗျာဖြစ်တဲ့ The Parliament of Fowles ကဗျာထဲက စာသားလေးတွေရွတ်ဆိုရင်း အိမ်လေးထဲမှာအတူနေထိုင်ကြတဲ့ ကိုယ်ချစ်ခင်တဲ့မိသားစုလေးကို ဂရုစိုက်ကြောင်းပြသနိုင်ဖို့ စဉ်းစားကြည့်ရအောင်နော်။
ပန်းနုရောင်နဲ့ အနီရဲရဲ အသွေးကျကျအရောင်လေးတွေဟာ ချစ်သူများနေ့နဲ့ သက်ဆိုင်တဲ့အရောင်လေးတွေပါတဲ့။ ချစ်မေတ္တာပြည့်ဝငြိမ်းချမ်းတဲ့အိမ်လေးဖြစ်ဖို့ အလှဆင်မယ်ဆိုရင် တန်ဘိုးကြီးကြီး အိမ်သုံးပရိဘောဂတွေ ဝယ်ယူပြင်ဆင်စရာမလိုပဲနဲ့ ရာသီအလိုက်အလှဆင်သလို လက်ဖြစ်ပစ္စည်းလေးတွေ ဖန်တီးတီထွင်ပြီး အလှဆင်နိုင်ပါတယ်။ ဒီလို ချစ်စရာ ပစ္စည်းလေးတွေပေါ့။
စက္ကူချပ်လှလှလေးတွေနဲ့ အသည်းပုံ၊ ပန်းပွင်ပုံ ငှက်လေးတွေ စသဖြင့် ပုံဖော်ရက်ဖွဲ့နိုင်ကြသေးတယ်။ တစ်နေ့တာပင်ပမ်းလာသမျှ လွင့်စင်ပျောက်ကွယ်သွားအောင် အိပ်စက်အနားယူချစ်စရာ အိပ်ခန်းလေးတွေလည်းရှိဦးမယ်။ 
အိမ်လေးထဲက မိသားစု၊ မိသားစုလေးထဲက မိသားစုဝင်လေးတွေ ချစ်ချစ်ခင်ခင်ရှိကြဖို့ တကယ်တမ်းကြိုးစားကြတဲ့အခါ ကိုယ်တို့ရဲ့အိမ်ခန်းလေးတွေကိုပဲအလှဆင်ခြယ်မှုန်းပြီး ချစ်တဲ့စိတ်ကို ပြသရမှာမဟုတ်ပါဘူး။ ကိုယ်တို့ အားလုံးရဲ့စိတ်ကိုပါ ချစ်တဲ့စိတ်နဲ့ကြည့်မြင်၊ အလှဆုံးခြယ်မှုန်းနိုင်ကြဖို့လိုအပ်သေးတာပါ။
ချစ်သူများနေ့မှာ ပန်းနုရောင်၊ နီစွေးစွေး အခင်းအကျင်းလေးတွေထဲမှာ ဒီစာတမ်းလေးပါ ချိတ်ဆွဲထားလိုက်မယ်ဆိုရင်တော့….
 “ချစ်ခြင်းမေတ္တာဆိုတာ ပြည့်စုံတဲ့သူတစ်ဦးကိုပဲ ရွေးချယ် ချစ်ခင်နှစ်သက်ဖို့ မဟုတ်ပါဘူး။
 မပြည့်စုံတဲ့သူကို ပြည်စုံတဲ့သူတစ်ဦးလို ကြည့်မြင်ပေးနိုင်တာကလည်း ချစ်ခြင်းမေတ္တာပါပဲ” တဲ့။
ဒီလိုဆိုရင် ကိုယ့်တို့ရဲ့ ချစ်မေတ္တာစံအိမ်လေး အမြဲတမ်းအတွက်အလှပဆုံးဖြစ်သွားမှာ သေချာသွားပြီပေါ့။ 
မဉ္ဇူရီ
Living Fashion Magazine, February, 2013
(ပထမဆုံး ချစ်သူများနေ့ကဗျာဖြစ်တဲ့ The Parliament of Fowles ကို တိုက်ရိုက်မဟုတ်ဘဲ ဆီလျော်အောင်သာ ဘာသာပြန်ဆိုထားတာပါ။ ကျွန်မက ကဗျာမရေးတတ်တဲ့သူမို့ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် နားလည်ပေးပါ။)
Tuesday, February 12, 2013
ဖေဖော်ဝါရီ တစ်ဆယ့်သုံး၊ မွေးနေ့အမြတ်ဆုံး
အောင်ဆန်း
မြန်ပြည်အတွင်း၊ ကြိုင်ကြိုင်သင်း ၊
ငယ်မည် မောင်ထိန်လင်း။
ဦးဖါဇနီး ဒေါ်စုမှာ ၊
ဖြစ်တည်ကိန်းအောင်းလာ။
ဖေဖော်ဝါရီ တစ်ဆယ့်သုံး၊
မွေးနေ့အမြတ်ဆုံး။
စည်းလုံးကြဖို့ ၊ သူနိုးဆော်၊
အရွယ်ရောက်ပြန်သော်၊
နိုင်ငံတော် လွတ်လပ်ရေး။
အသက်ပေးလို့ ရယူပေး။
အဲဒါအောင်ဆန်းလေး။
မိခင်ဒေါ်စုသွေး။    ။
ဗိုလ်ချုပ် မွေးနေ့နဲ့ ပတ်သက်လို့ကတော့ ဒီမျှပါပဲ။ အများလည်းသိရှိနေကြပါပြီ။ ။  လူသိနည်းမယ်ထင်တာလေးပြောပြချင်လို့။ ဒီစာရေးတဲ့အချိန်မှာ ကရင်နှစ်သစ်ကူးနေ့နှင့်လည်း တိုက်ဆိုင်နေလို့ပါ။
ဒီလိုပါ။
ကရင်နှစ်သစ်ကူးပွဲကို ရန်ကုန်မှာ ကျင်းပခဲ့ကြကြောင်းဇန်န၀ါရီ ၁၂ရက်နေ့စွဲနဲ့ ဂျာနယ်တွေမှာ ဖေါ်ပြကြတယ်။ ၇၅ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲနေ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဗဒို မန်းငြိမ်းမောင်က ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ဘယ်တော့မှ မခွဲဘူး  နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်တွေကိုလည်း လေးစားလိုက်နာမှာဖြစ်တယ်လို့ ပြောလိုက်တယ်ဆိုတော့ ကြည်နူးစရာပါပဲ။ နွယ်နီ မဂ္ဇဇင်းဟောင်းထဲက ဆောင်းပါးလေးတစ်ပုဒ် ဖတ်ခဲ့ရဖူးတာလေး ပြေးသတိရမိတယ်။ နည်းနည်း ကောက်နှုတ်ဖေါ်ပြပေးပါရစေ။ စာရေးသူက ဗိုလ်ချုပ်ရဲ့ အပါးတော်မြဲ စာရေးဆရာ တက္ကသိုလ်နေ၀င်းပါပဲ။
၁၉၄၄ခုနှစ် စစ်အတွင်းမှာဘဲပေါ့။ ဗိုလ်ချုပ်တို့ လွတ်လပ်ရေးရရှိဖို့အပြင်းအထန် ကြိုးစားနေကြချိန် တောင်တန်းပြည်မ မခွဲခြား တိုင်းရင်းသားစည်းလုံးရေး အပတ်တကုတ်အားထုတ်နေကြချိန်။ ဗိုလ်ချုပ်ဟာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အလွန်ကြိုးပမ်းလုပ်ဆောင်ခဲ့သူဖြစ်တယ်တဲ့။ ရန်သူကို မိတ်ဆွေပြုရာမှာလဲ ဗိုလ်ချုပ်က လိမ္မာကျွမ်းကျင်တယ်လို့ဆိုတယ်။ ကရင် တပ်ဖွဲ့မှူး စောစံဖိုးသင်ဟာ   မြစ်ဝကျွန်းပေါ် အရေးအခင်းမှာ ကရင်ဘက်က တိုက်ခိုက်ခဲ့တဲ့  ခေါင်းဆောင်ပါ။ နောင်အခါ ဗိုလ်ချုပ်ရဲ့ စွမ်းရည်သတ္တိကို လေးစာားချစ်ခင်သွားခဲ့တယ်။   ဒါ့ကြောင့်လဲ သူတို့ရဲ့ နှစ်သစ်ကူးပွဲတော်နေ့ မီးပုံပွဲ နှင့် မိတ်ဆုံစားပွဲ ကို ကြွရောက်ဖို့အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့တယ်။ 
ဗိုလ်ချုပ်ကလည်း ပျော်ပွဲရွှင်ပွဲတွေ အလေ့အကျင့်မရှိသော်လည်း  ကရင်ဗမာ အဓွန့်ရှည်ကြာ ချစ်ကြည်ရေးကိုမျှော်တွေးပြီး ဇနီးဒေါ်ခင်ကြည်နဲ့အတူ နှစ်သစ်ကူးပွဲတော်နေ့ကို ကြွရောက် ဂုဏ်ပြုချီးမြှင့်ခဲ့တယ်။ စောစံဖိုးသင်နဲ့ကရင်ရဲဘော်လေးတွေကလည်း ဗိုလ်ချုပ်ကိုယ်တိုင်သာမက ဗိုလ်ချုပ်ကတော်ပါ် ကြွရောက်အားပေးတာကို အလွန်ကြည်နူးပျော်ရွှင်ခဲ့ကြတယ်။ဝမ်းမြောက်ဂုဏ်ယူကြတယ်။ လိုလေသေးမရှိ ကျွေးမွေးဧည့်ခံကြတယ်။ ကရင်တွေဟာ ခရစ်ယာန်ကိုးကွယ်သူ ဖြစ်တဲ့အလျှောက်   ရိုးရာတေးဂီတအပြင် Lead,Rhythm,Bass, Spanish Guitar စသည်တို့နှင့်ပါ မြိုင်မြိုင်ဆိုင်ဆိုင်တီးခတ်ဖျော်ဖြေခဲ့ကြတယ်။  ဒါတင်မကပါဘူး။ ကရင်ရဲဘော်လေးတွေ စုပြီး   နန်းတော်ရှေ့ဆရာတင် ရေးသားသီကုံးပြီး မကြည်အောင် သီဆိုထားတဲ့ “ရာသီတော်ဦး“ သီချင်းစာသားအလိုက်  “ဆရာမ" သီချင်းကို ချက်ခြင်းသီကုံးဖွဲနွဲ့ပြီး သီဆိုဖျော်ဖြေခဲ့ပါသတဲ့။ 
ရိုးရိုး နဲ့ ..မှန်တာကို ပြောမည်။
တကယ် စိတ်ချ အတည်။
ဘယ်မိန်းမမှ..ကျွန်တော် မချစ်ခဲ့သည်.. 
သဒ္ဓါက ပိုသည်..
ဆရာမကိုဘဲ ..အသည်းစွဲ အမြဲ ..
ချစ်မိ..ပြီ..။
ကရင် ရဲဘော်ကလေးက “ဆရာမကိုပဲ အသည်းစွဲ  ချစ်မိပြီ" လို့ ဆိုရော ဗိုလ်ချုပ်က ဒေါ်ခင်ကြည့်ကို လှည့်လှည့်ကြည့်နေတော့ ဒေါ်ခင်ကြည်ခမြာ ရှက်ပြုံးကလေးပြုံးရင်း ခေါင်းငုံ့ ငုံ့ သွားပါသတဲ့။ ဒေါ်ခင်ကြည်က ဗိုလ်ချုပ်နဲ့မတွေ့ခင်ကတည်းက သူနာပြုဆရာမကြီးပါ။ အဲဒီ ၁၉၄၄ခုနှစ်က ကရင် နှစ်သစ်ကူးပွဲနေ့ဟာ  သမိုင်းတွင်ခဲ့ပြီး ရင်းနှီးနွေးထွေးခဲ့တယ်။ ကရင် ဗမာချစ်ကြည်ရေးကို ခိုင်မြဲစေခဲ့တယ် လို့ ဆိုပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကိုလည်း များစွာအထောက်အကူပေးခဲ့တယ်လို့ စာရေးသူ က ဆိုပါတယ်။ 
“ဆရာမ" သီချင်းကို နောင်အခါ ဘိုဘိုဟန်က သီဆိုခဲ့တယ်။ ကျွန်တော်က “ဟေ့ တိုနီ ဒီသီချင်းဘယ်လိုဖြစ်ပေါ်လာသလဲ မင်းသိလား မေးတော့ သူက ခေါင်းခါပြလို့ ပြောပြလိုက်ရသေးတယ်" လို့ စာရေးသူ တက္ကသိုလ်နေဝင်း က ဖြည့်စွက် ဖေါ်ပြထားကြောင်း တင်ပြလိုက်ပါတယ်။         ။
ခင်မေသစ်
(“အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်း” စာအုပ်မှာလည်း “ဗိုလ်ချုပ်နှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး” ခေါင်းစဉ်နဲ့ စာရေးသူ တက္ကသိုလ်နေဝင်း က ဆောင်းပါး ထပ်မံဖေါ်ပြထားပါတယ်။)
ကျွန်မသိတဲ့ အောင်ဆန်း
(မေမေ ငယ်ငယ်တုန်းကပုံ၊ ဟိုးတုန်းက ဓာတ်ပုံသားပေါ်မှာပဲ အဲဒီလို နှုတ်ခမ်းနီလိုက်ဆွဲကြတာတွေ့ဖူးတယ်။)
ဒီမနက် မေမေပို့တဲ့ မေးလ်ထဲက စာက
"မင်္ဂလာပါ   
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ဗိုလ်ချုပ်ပုံက  ကတုံးပြောင်နေလို့ မထင်ရှားဘူး။ လူပဲ ပြူးပြူးကြီးပေါ်နေတယ်။
မကောင်းေ
ပမဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံကို မေမေတို့ခေတ်က ကျောင်းသားတွေ အမြတ်တနိုး ချိတ်ဆွဲခဲ့ကြတယ်ဆိုတာ သိစေချင်လို့ပါ။"
ဗိုလ်ချုပ်အောင်ဆန်းကို သိတဲ့အချိန်မှာကျွန်မ အသက် ရနှစ်သမီးလောက် ရှိပြီ ထင်တာပဲ။ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ မိုးကလေးတဖွဲဖွဲ စွေသွန်းနေတဲ့ အချိန်မှာပေါ့။ အဲဒီအချိန်မှာ ကျွန်မ စသိခဲ့တာ။
ဗိုလ်ချုပ်တို့  အသတ်ခံရသတဲ့..
ဗိုလ်ချုပ်တို့ လုပ်ကြံ ခံလိုက်ရသတဲ့ ...
ဝန်ကြီးတွေလဲ အများကြီး။ သေကုန်သတဲ့။ နိုင်ငံတော်လုပ်ကြံမှုကြီး တဲ့။ ဘုရားရေ..။ နိုင်ငံတော်က ဘယ်လို လုပ်ကြံတာပါလိမ့်။
အသံတွေ လှိုင်နေတယ်။ အိမ်မှာလဲ ဒီစကား ကျောင်းမှာလဲ ဒီစကား  ဗိုလ်ချုပ်က အစောင့်မှ မထားဘဲ သူ့လူတွေ သူ သိပ်ယုံတာကိုး တဲ့။ ရေတိမ်နစ်ပြီတဲ့။ အော် ခက်ပြီ။ တိမ်နေတဲ့ ရေ က နစ်ရသေးသတဲ့။ 
လုပ်ကြံတဲ့သူက ဂဠုန်ဦးစော တဲ့။ အလို ဆန်းလှချီလား။ ဦးစောမှာတောင် ဂဠုန်က ပါသေး။ အကောင်လား လူလား။ ဘယ်လိုလဲပေါ့။ ကျွန်မအရွယ်နဲ့ ကျွန်မစဉ်းစားတာ။ အတုံးအရုံးကျဆုံးခဲ့ရတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေအတွက်  နှမြောတသယူကြုံးမရပဲ တတိုင်းတပြည်လုံး ပူဆွေး ၀မ်းနည်းကြေကွဲခဲ့ကြတာကိုတော့  ကျွန်မ ကောင်းကောင်းမှတ်မိနေတယ်။ လူတိုင်းလိုလို ဒါကိုပဲ ပြောနေကြတယ်လေ။ 
ဒီ့အရင်ကတော့ ဗိုလ်ချုပ် ဗိုလ်ချုပ်နဲ့ ဝေ့ကာ ၀ိုက်ကာ သီကာရီကာကြားနေရပေမဲ့ စိတ်ဝင်စားမှုမရှိခဲ့ပါဘူး။ ခုမှ .. အစုလိုက် အပြုံလိုက်ကြီး သေကုန်ကြတယ်ဆိုတော့ ..။ ဘာဖြစ်လို့ပါလိမ့်.. ပေါ့။ သေတယ်ဆိုတော့ သနားစိတ်ဝင်တာပေါ့။ လူကြီးတွေက ဗိုလ်ချုပ်ကို ဘယ်လို လူပဲ။ ဘာတွေလုပ်နေတယ် ဘယ်ကိုသွားတယ်။ ခလေးက ဘယ်နှယောက် ရှိတယ် သားအငယ်လေး အောင်ဆန်းလင်းလေးဆိုတာ သေသွားသတဲ့။ ဗိုလ်ချုပ်ကတော်က ဘာတွေ လုပ်နေသတဲ့  စသဖြင့် စသဖြင့် ပြောပြောနေတာ ကြား ကြားနေရတော့  တစတစ နဲ့ ဗိုလ်ချုပ်ဘယ်သူ ဘယ်လိုလူဆိုတာ  သိလာတယ်။ ဒီ့အရင်ကတော့ နားစွန်နားဖျားကြားတာပေါ့။ စက္ကူဖြူစာတမ်းတို့ ဆာပေါ်ထွန်းတို့။ ကျွန်မနားမလည်သည့် အခေါ်အဝေါ် နာမည်တွေ။ ပြီးတော့ ပြောကြပြန်တယ်။
ဗိုလ်ချုပ်တို့ ဖ.ဆ.ပ.လ အဖွဲ့ ကြီး ဖွဲ့လိုက်ပတဲ့။ 
ဗိုလ်ချုပ်တို့ ပင်လုံညီလာခံကြီး အောင်မြင်သွားပတဲ့ ဆိုလည်း ပျော်မိတာဘဲ။
ဗိုလ်ချုပ်ကတော်က ကင်းထောက်ချုပ် မင်းကြီးတဲ့ ဆိုတော့လဲ ဘာပါလိမ့်ပေါ့။ သိချင်လာပြီ။
နောက်တော့ ကုလားဖြူတွေ နှိမ်နင်းဖို့ ဗိုလ်မိုးကြိုးက မော့လွတ်လပ်ရေးတပ်မတော်ကြီးကို ဦးဆောင် ချီတက်လာပြီတဲ့။ ဆိုတော့ လူတိုင်းပါးစပ်ဖျားမှာ ခင်မောင်ရင့် သီချင်းက  ရေပန်းစားခဲ့တယ်။
အင်းကို ..ဟင်္သာဆင်းမည်..၊
ဆင်းရင် လေးနဲ့ ခွင်းမည် ..၊ ထိုမုဆိုးကို ..ထီးရိုးရိုက်လိမ့်မည်..၊ ထီးရိုးကို  မိုးကြိုး ပစ်မတဲ့…စာရှိပါသည်..။ ထောင့်သုံးရာ တခုကစ၍…ရတနာဆိုတာ …လိုရာ..ရနိုင်မည်… တဲ့။
(လွတ်လပ်ရေးကြိုးပမ်းမှု အထောက်အကူပြု တေးသီချင်းတပုဒ်ပါ။ မြန်မာ့သမိုင်းမှာ မော်ကွန်းတင်ရလောက်အောင် ပေါ်လွင်ထင်ရှားခဲ့တယ်။)
ဒီတုံးက အသံသာလို့ သီချင်းကို ကြိုက်ခဲ့ပေမဲ့  အဓိပ္ပါယ်ကို မသိပါဘူး။ ကြီးမှ သိလာရတာက အင်းဆိုတာ အင်းဝနေပြည်တော်။ အင်းဝကို ဟင်္သာ တံဆိပ်ရှိတဲ့ မွန်တို့ဖျက်ဆီးပြစ်တယ်။ ဟင်္သာတို့ကို  မုဆိုးအဖွဲ့ က လေးနဲ့ ခွင်းပြစ်မယ်။ မုဆိုးဆိုတာက ဦးအောင်ဇေယျ။ အဲဒီလို တိတ်နိမိတ်ကောက်ကြပါတယ်။ မုဆိုးကို ထီးရိုးရိုက်မည် ဆိုတာက ဦးအောင်ဇေယျ မုဆိုးဆက်ကို (ကုန်းဘောင်ဆက်ကို) ထီးရိုးဆိုတဲ့ စနေနံ အင်္ဂလိပ်တို့က မင်းဆက်ဖြုတ်လိမ့်မယ်။ ထီးရိုးကိုမှ နောက်ဆုံး မိုးကြိုး လက်နက်က ခွင်းပြစ်လိမ့်မယ် တဲ့။ 
အတိတ်တဘောင်ပေါ်တာကို သီချင်းရေးဆရာက တေးဂီတ ရေးဖွဲ့ပြီး ခင်မောင်ရင်ကို သီဆိုစေတာပါ သီချင်းနာမည်က “စကြာသိုက်" တဲ့။ မိုးကြိုးပစ်လိမ့်မယ်ဆိုတာ ရှင်းနေတယ်။ ဗိုလ်မိုးကြိုးပါ။  ဗိုလ်မိုးကြိုးဆိုတာ ဘယ်သူပါလိမ့်၊ စကြာမင်းကလေးလား။ မြင်ကွန်းမြင်းခုံတိုင် အဆက်အနွယ်လား။ လူတွေက  ကယ်တင်ရှင်မင်းလောင်းကို မျှော်ကြတယ်။ အမှန်ကတော့ ရဲဘော်သုံးကျိပ်ကို စစ်သင်တန်းတွေ ပေးခဲ့တဲ့ ဂျပန်ဗိုလ်မှူးကြီး ဇူဇကီး ဖြစ်ပါတယ်။
ကျွန်မအလယ်တန်းကျောင်းသူကြီးဖြစ်လာတော့ ဗိုလ်ချုပ်အကြောင်း ကောင်းကောင်း သိလာပါပြီ။  နှစ်စဉ် ဇူလိုင် ၁၉ရက် နေ့ ဆိုရင် စာစီစာကုံးအမြဲ ရေးကြရတယ်။ လည်ပင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံလေးကို ရွှေကြီုးနဲ့ တွဲ ဆွဲတတ်လာပြီ။ နိုင်ငံ့ခေါင်းဆောင်ကြီးတယောက်အနေနဲ့ လေးစားမြတ်နိုးရကောင်းမှန်းသိလာပါပြီ။ နိုင်ငံတော်အလံကို ၀မ်းနည်းခြင်း အထိမ်းအမှတ် တိုင်ထိပ်ကနေ ထက်ဝက် လျောချလွှင့်ထူကြတယ်။ ကျောင်းတွေ ရုံးတွေ ပိတ်တယ်။ ကျဘမ်းစကားပြောပွဲတွေမှာ  စကားရည်လုပွဲတွေကျင်းပကြတယ်။ ဗိုလ်ချုပ်နဲ့အာဇာနည် ခေါင်းဆောင်ကြီးတွေ အကြောင်း ဟောပြောကြတယ်။ ဗိုလ်ချုပ်ပြောနေကျ နိုင်ငံရေးစကားတွေ ပြောတတ်လာတယ်။ များသောအားဖြင့် အထက်တန်းကျောင်းသားကြီးတွေက ပြောတတ်လာတယ်။ မကြာပါဘူး။ ဗိုလ်ချုပ်ထူထောင်ခဲ့တဲ့ ဖဆပလ အစိုးရအဖွဲ့ တည်မြဲ သန့်ရှင်း ဆိုပြီး နှစ်ခြမ်းကွဲခဲ့တယ်။ အချင်းချင်းညီညွှတ်မှုမရှိကြလို့ နိုင်ငံတော်အာဏာကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်နေ၀င်းလက် လွဲအပ်လိုက်တယ်။ အစိုးရ ဖွဲ့ပေးပေမယ့် တည်ငြိမ်ခြင်းမရှိလို့ စစ်တပ်က အာဏာသိမ်းလိုက်တယ်။ စစ်အုပ်ချုပ်ရေးအောက်မှာ ဗိုလ်ချုပ်အမည် ပျောက်ဆုံးသွားခဲ့တယ်။
ကျွန်မရဲ့ ရွှေဆွဲကြိုးက ဗိုလ်ချုပ်ဓါတ်ပုံလေးကို ဖြုတ်သိမ်းလိုက်ရတယ်။ လူမြင် သူမြင်မှ မဆွဲရဲတော့တာ။ နာရီလက်တံ ရွေ့ရှားသည်နဲ့အမျှ အချိန်ရာသီကုန်ဆုံးသည်နဲ့အမျှ ကျွန်မတို့ မြန်မာနိုင်ငံကြီးဟာ  ခေတ်စံနစ် အမျိုးမျိုးကြားထဲ  လူးလှိမ့် နေရဆဲပါ။ ကုန်းရုံးထနေရဆဲပါ။ ဘယ်တော့များမှ မတ်မတ်ရပ်တည်နိုင်မယ် ဆိုတာကတော့…။
ခင်မေသစ် 
Monday, February 11, 2013
Congratulations "FUN" !!!
ဒီနှစ် ဂရမ်မီဆုပေးပွဲမှာ အမေရိကန် indie pop  အဖွဲ့ Fun ရဲ့ We are young သီချင်းက Song of the Year ဆုရတယ်တဲ့။
အဒဲလ် ရဲ့ Set Fire To the Rain က BEST POP SOLO PERFORMANCE ဆုရတယ်။ ကြိုက်တယ်။
ဟိုတစ်နေ့က သီချင်းတွေနားထောင်ရင်း Fun ရဲ့ Some Nights သီချင်းမှာ သူတို့အားရပါးရဆိုတဲ့ပုံစံနဲ့ သီချင်းပုံစံ သဘောကျလို့ ခဏခဏနားထောင်ဖြစ်သေးတယ်။ ကိုယ်ကတော့ Some Nights ကိုကြိုက်သွားလို့။ ဒီ သီချင်းပဲ သိမ်းထားလိုက်ဦးမယ် ဒီမှာ။
~ Some nights I stay up cashing in my bad luck
Some nights I call it a draw
Some nights I wish that my lips could build a castle
Some nights I wish they'd just fall off ~
~ But I still wake up, I still see your ghost
Oh, Lord, I'm still not sure what I stand for oh
What do I stand for? What do I stand for? ~
ဆုရတဲ့စာရင်းအပြည့်အစုံက ဒီမှာပါ။
http://www.forbes.com/sites/zackomalleygreenburg/2013/02/11/grammy-winners-2013-the-full-list/
Source from www.forbes.com
ဘူတန်ဘုရင့်နိုင်ငံတော်
comment ထဲမှာ မိတ်ဆွေတစ်ယောက်ရေးသွားလို့ Bhutan အကြောင်းသိချင်လွန်းလို့ပါဆိုလို့ မေမေက အမြန်ဖတ်ပြီးရေးပေးလိုက်တာပါ။ မေမေက ရေးရင်း စိတ်ဝင်စားလို့တဲ့။ ရေးခိုင်းတဲ့မိတ်ဆွေလည်းကျေးဇူးတင်ပါတယ်တဲ့။ ကျွန်မ ဒီရက်တွေနေမကောင်းဖြစ်သွားလို့ ဘူတန်ပုံတွေတော့ ရှာမတင်လိုက်နိုင်သေးပါဘူး။ အခုလောလောဆယ် စာပဲတင်ပေးလိုက်ပါတယ်။ မေမေက နောက်ထပ် ရေးပါဦးမယ်တဲ့။ နည်းနည်းနားပြီး ပုံတွေ ရှာကြည့်ပေးပါမယ်။ ခုတော့ကျွန်မဖျားနေတုန်းမေမေပို့ပေးတဲ့ ဘုရားလှူထားတဲ့ သပြေရွက်လေးတွေရယ်၊ မေမေ သူ့ဘာသာစာတွေရေးနေ၊ ရိုက်နေတဲ့laptop လေးရယ်၊ ကော်ဖီခွက်စန်တာပြုံးပြုံးလေးရယ်၊ ပန်းပုံလေးရယ်တင်လိုက်ပါတယ်။
မိတ်ဆွေအားလုံး အစစအရာရာအောင်မြင်ခြင်းတွေပြည့်စုံ စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာပါစေ။
မေမေစာရိုက်နေကျ
 မြန်မာကီးဘုတ်လက်ကွက်လေး အစ်မက ကပ်ထားပေးတယ်တဲ့
ဘူတန်ဘုရင့်နိုင်ငံတော်
တည်နေရာ …………တောင်အာရှဒေသ အိန္ဒိယနိုင်ငံ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ဟိမ၀န္တာတောင်တန်းအရှေ့ဘက်အစွန်းအကျဆုံး ထိပ်ချွန်ချွန်မြေနေရာ အ၀န်းအ၀ိုင်းတွင် ဘူတန်နိုင်ငံ တည်ရှိသည်။ အိမ်နီးချင်းနိုင်ငံများမှာ နီပေါလ်၊ တိဘက်  Assam ဖြစ်သည်။
မြို့တော်…………….   သင်းမ်ဖျူး(Thimphu )
ဘီစီ ၅၀၀ နှင့်အေဒီ ၆၀၀ခေတ်အတွင်းရှိ ဒေသခံ များက မိမိတို့ ပြည်ကို မိမိတို့   စန္ဒကူးနံ့သာတိုင်းပြည်(Sandalwood)ဟု အမွှန်းတင် ခေါ်ဝေါ် သုံးစွဲခဲ့သဖြင့် ထိုအမည် ကျော်ကြားခဲ့သည်။
အစိုးရအဖွဲ့အစည်း……ဘုရင်အုပ်ချုပ်သောစံနစ်ထားရှိသော်လည်း ဥပဒေပြု လွှတ်တော်ရှိသည်။  အထက်လွှတ်တော် အောက်လွှတ်တာ် လွှတ်တော် ၂ရပ်ဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေရှိသည်။ 
ဘုရင်…………………”.ဂျစ်မီဂီဆာ နမ်ဂျီယယ်လ် ၀မ်ချောက်”(ဘူတန်သတို့သမီးဆောင်းပါးထဲမှ ဘုရင်)
၁၇ရာစုနှစ် အစောပိုင်းကာလမှ စတင်၍ အထက်အောက် လွှတ်တော် ၂ရပ်ကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့သည်။ ၁၉၀၇ခုနှစ် ဒီဇင်္ဘာလ ၁၇ရက်တွင်” ၀မ်ချောက်မင်းဆက် “ ကို ထူထောင်ခဲ့သည်။
ဝန်ကြီးချုပ် …………. ဂျစ်မီ ၀ိုင်း  သင်းလေး
လူဦးရေ ခန့် မှန်း .…၁၉၉၁ခုနှစ်  ၁,၃၇၅,၄၀၀         +၁၈.၁%
GDPခန့် မှန်း ……….၂၀၁၁ ခုနှစ် ..ဒေါ်လာ ၄.၂၈၇ ဘီလီယံရှိသည်။
ဘူတန်နိုင်ငံသူ နိုင်ငံသားများသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့်အတိုင်း အလိုရမ္မက် မကြီး။ မိမိတို့နိုင်ငံ၏ တန်ဘိုးကို ငွေကြေးဥစ္စာဖြင့် မဆုံးဖြတ်ကြ။ ပျော်ရွှင်ကျန်းမာမှု တည်ငြိမ်မှုဖြင့်သာ ဆုံးဖြတ်သည်။ အန္တရယ်ရှိသော ဆေး၊ ဆေးရွက်ကြီး၊ဆေးလိပ် ၊ဆေးတံ ၊ ပလပ်စတစ် ပစ္စည်းများကို တင်သွင်း ထုတ်လုပ်ခြင်း ဖြန့်ဖြူးရောင်ဝယ်ခြင်းမပြုရချေ။ 2010 ဆေးရွက်ကြီးဥပဒေဖြင့် တားမြစ်ပိတ်ပင် ထားသည်။
ကမ္ဘာကြီးနှင့် လူမသိ သူမသိ ရာစုနှစ်ပေါင်းများစွာ နောက်ကျကျန်ရစ် တည်ရှိခဲ့သော်လည်းတိုင်းပြည် သာယာဝပြော စီပင်သည်။နိုင်ငံအေးချမ်းသည်။ ၀င်ငွေ ကောင်းသည်။ ခရီးသွားလုပ်ငန်းကိုဦးစားမပေး။အကန့်အသတ်ဖြင့်သာ လက်ခံသည်။ တိုးရစ် တယောက်၏ တစ်နေ့တာ ကုန်ကျစရိတ်သည် ဒေါ်လာ ၂၀၀ အထက်တွင် ရှိသည်။
ယဉ်ကျေးမှု အမွေအနှစ်များ သည် လျို့ဝှက် ကြီးကျယ် ခန်းနားလွန်းသည်ဟု နာမည်ကျော်သည်။ရှေးဟောင်းအမွေအနှစ် ရင်းမြစ်များ အလွန်ကြွယ်ဝသည်။ ဆန်းပြားသော အနုစိတ်လက်ရာများက လူတိုင်းကို ဆွဲဆောင်နိုင်စွမ်းရှိသည်။ မိမိတို့၏ ရိုးရာ အစဉ်အလာကို မဖျက်ဆီး တွယ်ကပ် ထိန်းသိမ်းထားကြသည်။ ပမာဆိုသော် သီးခြားရပ်တည်နေသည့် အသိုက်အ၀န်းကလေးတခုပမာဖြစ်၏။ မိမိတို့၏ ရိုးရာ ၀တ်စားဆင်ယင်မှု ကို မစွန့်ပြစ် မပျောက်ပျက်စေရ။မြတ်မြတ်နိုးနိုး ခုံခုံမင်မင် ထိန်းသိမ်း ၀တ်စားကြသည်။ ၂၀ရာစု အစောပိုင်းကာလအရောက်မှာ ဗြိတိသျှ တို့နှင့် ဆက်သွယ်မိပြီး အပြန်အလှန် ခိုင်မာသော လေးစားချစ်ကြည် ရင်းနှီးမှု ရခဲ့သည်။ ထိုစဉ်က အိန္ဒိယ လွတ်လပ်ရေးမရသေးပါ။၂၀၀၆ခုနှစ်မှာ ဟိမ၀န္တာထိပ်ဆုံးပိုင်း အချွန်အမြင့်က ဘူတန် နိုင်ငံကလေး၏ အလှကို နိုင်ငံခြားသားများ စိတ်ဝင်စားမှု အရှိန်မြင့်တက်လာသည်။
ဘူတန်သည် အာရှတွင် ပျော်ရွှင်မှု အပေးနိုင်ဆုံး နိုင်ငံတခုအဖြစ် ကျော်ကြားခဲ့သည့်အပြင်  ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများထဲတွင် ရှစ်ခုမြောက် စာရင်းဝင်ဖြစ်သွားသည်။ဘူတန်၏တောတန်း တောင်တန်း  ရှုခင်းရှုကွက်များသည် စိုစွတ်သောအပူပိုင်းဒေသ  ဟိမ၀န္တာ၏အလှကို များစွာ တန်ဆာဆင်ပေးကြသည်။တောင်ထိပ်သည် ပေ ၂၃၀၀၀(မီတာ ၇၀၀၀)ရှိ၍ စုစုပေါင်း (၁၈,၀၀၀စကွဲယားမီတာ )ရှိသည်ဟု ၂၀၀၂ခုနှစ်က ခန့်မှန်းထားသည်။ဟိန္ဒူဘာသာဝင်များ ဒုတိယလိုက်သော်လည်း ယနေ့အထိဗုဒ္ဓဘာသာဦးရေ အများဆုံး လွှမ်းမိုးထားဆဲဖြစ်သည်။ ၂၀၀၈ခုနှစ်က တကြိမ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပကာ ဘုရင် အုပ်ချုပ်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်သူအများ ထောက်ခံ အတည်ပြုခဲ့သည်။ဘူတန်သည် ကမ္ဘာ့ကုလသမ္မဂ္ဂ အဖွဲ့ဝင်ဖြစ်ရုံမျှမက တောင်အာရှဆိုင်ရာ အသင်းအဖွဲ့၏ ဒေသခံ အဖွဲ့ဝင် ( SAARC)လည်းဖြစ်သည်။၂၀၂၀ခုနှစ် အေပြီလ တွင် ထိုအဖွဲ့၏ ၁၆ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို အိမ်ရှင် နိုင်ငံအဖြစ် လက်ခံ ကျင်းပပေးခဲ့သည်။ 
သမိုင်းနောက်ခံ အဆောက်အဦးများ
ကျားကျောင်း။
ဘူတန်ဘုန်းတော်ကြီး ရင်ပိုချီက ကျားတကောင်စီးလာပြီး ပါရို ချိုင့်ဝှမ်းဒေသအထက် မိတာ၂၀၀၀အမြင့်တွင် တင့်တယ်လှပသော ကျားကျောင်းကို ၁၇ရာစုနှစ်တွင် တည်ထောင်သွာခဲ့သည်ဟု အဆိုရှိသည်။
ပူနာခ နန်းတော်
ပိုချူ နှင့် မိုချူ မြစ်နှစ်သွယ် ပေါင်းဆုံရာတွင် ပူနာခဒီဇုံ နန်းတော်ကြီးကို ခန်းနားသိုက်မြိုက်စွာ တည်ဆောက်ထားပြီး အစိုးရ ရုံးထိုင်ခြင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ဘာသာရေးအခန်းအနား ကျင်းပခြင်း(ဘူတန်မင်းသမီးကလေး မင်္ဂလာပွဲ ကျင်းပရာ နန်းတော်)ပြုလုပ်လေ့ရှိသည်။ မြို့ရိုးခံတပ် အကွယ်အကာ တည်ဆောက်ထားရှိသည်။ဘူတန်အစိုးရအဖွဲ့ ရုံးထိုင်သည်။
ခေါ်တန်စေတီ 
မည်သည်ဘက်မှ ကြည့်ကြည့် အကုသိုလ်ကင်းသည်ဟု ကျော်ကြားသော ခေါ်တန်ခိုရာ စေတီဖြူလွလွ ကို ၁၇၄၀ခုနှစ် မှ စ၍ ဗုဒ္ဓအမွေအနှစ် ဓါတ်တော်များ ကိန်းဝပ်စေပြီး  ဘူတန်၏ အရှေ့ဘက် ဒေသတွင် ၁၂နှစ် တိုင်တိုင် အချိန်ယူ တည်ဆောက်ခဲ့သည်။ ရှေးပိသုကာလက်ရာများ ထုံမွှန်းထားသဖြင့် လက်ရာပြောင်မြောက်သည်။ ရာစုနှစ်များစွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်မှာ ချီးမွမ်းဖွယ်ပင်။
ထိုဘုရားတည်ဆောက်စဉ် ချောမွေ့စွာ ပြီးစီးစေရန် အသက်ရှစ်နှစ်အရွယ် အိန္ဒိယပြည်သူ မိန်းခလေးတဦးကို အရှင်လတ်လတ်မြေမြုပ် စတေးခဲ့သဖြင့် ဗုဒ္ဓဘာသာတွင် ဟိဒ္ဒူ ၀ါဒ သို့မဟုတ် အခြားဂိုဏ်းကွဲ အယူဝါဒတမျိုး ရောယှက်နေဟန်ရှိသည်။ အချို့ကလည်း ထိုမိန်းခလေးကိုယ်တိုင်က တရားထူးရလိုသဖြင့် အဓိဌာန်ပြု ဆုတောင်း မြေမြုပ်ခံခြင်းဖြစ်သည်ဟု ဆိုသည်။ အေဒီ ၇ရာစုနှစ်တွင် ဗုဒ္ဓဘာသာနှင့် စတင် မိတ်ဆက် မိသည်။တိဘက်ဘုရင်Songtsan Gampoလက်ထက် ဗုဒ္ဓဘာသာဝင်အဖြစ်ပြောင်းလဲ ကိုးကွယ်ခဲ့သည့်အပြင်ဘူတန်နိုင်ငံအတွင်းချဲ့ထွင်သွတ်သွင်းခဲ့သည်။ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်း ကိုလည်းဘူတန်အလယ်ပိုင်း ပါရို တောင်ကြားးအနီးတွင်  တည်ဆောက်ခဲ့သည်။ဗုဒ္ဓဘာသာထွန်းကား ပျံ့ပွားနှုံးမြန်ဆန်သည်။ များပြားသည်။၁၆၅၉တွင် ဂုရု ရင်ပိုချီ ဆိုသူ ဗုဒ္ဓ သူတော်စင် ဆရာကြီး ဘူတန်သို့ရောက်ရှိလာသည်။ ၁၇ရာစုအစောပိုင်းတွင် တိဘက်မှ ဘာသာရေး ညှင်းပန်းနှိပ်စက်ခံရ၍ ထွက်ပြေးတိမ်းရှောင် လာသော လားမားကိုယ်တော်နှင့် စစ်ခေါင်းဆောင် Shabdrung Ngawang Namgyal တို့သည် ဘူတန်နိုင်ငံသားတို့နှင့် ပေါင်းစုချစ်ကြည် ရင်းနှီးခဲ့ကြသည်။ထိုမျှမက တိဘက်အား ခြားနားပုန်ကန်ရန် အကြံအစီရှိသော၎င်းတို့နှင့်ကြိုကြားကြိုကြား ပါဝင်ပတ်သက်ခဲ့ရသည်။
၁၇ရာစုအနှောင်းပိုင်းတွင်မူ ပေါ်တူဂီလူမျိုးဂျီဆွတ် အက်စ်တီဗါယို ဆင်ဆ်ီလာ တိဘက်သို့ ခရီးသွားထွက်ခွာလာစဉ် ဘူတန်သို့ ရောက်ရှိခဲ့သည်။ ဘူတန်သို့ နိုင်ငံခြားသားခရီးသွားဧည့်သည် ပထမဦးဆုံး ဆိုက်ရောက်ခဲ့ခြင်းဖြစ်သည်။ ၄င်းက တိဘက်ကို ဆန့်ကျင်တိုက်ခိုက်ရာတွင် အသုံးပြုနိုင်ရန် လက်နက်ခဲယမ်းမီးကျောက်များ မှန်ပြောင်းစသည်အထောက်အကူ လက်ဆောင်ပေးအပ်သော်လည်း ဘူတန်က လက်မခံခဲ။့ ဆင်ဆီလာသည် ဘုန်းတော်ကြီးကျောင်းတွင် ရှစ်လတိုင်တိုင် တည်းခို၍ ကြုံတောင့်ကြုံခဲ ခရီးသွားမှတ်တမ်းတစောင် ရေးသားခဲ့သည်။ ထိုခရီးသွားမှတ်တမ်းကြီးသည်Shabdrung သေလွန်ပြီး ၅၄နှစ်ကြာသည့်အချိန်ထိ လျို့ဝှက်စွာ တည်ရှိနေခဲ့သည်။ ဤတွင် ဘူတန်သည် ပြည်တွင်းရေး အရှုပ်အထွေးတခုတွင်မှားယွင်းစွာ တိုးဝင်ခဲ့မိသည်။၁၈ရာစုတွင်ဘူတန်သည် Cooch Behar ဘုရင့် နိုင်ငံငယ်တခုကို ကျူးကျော်သိမ်းပိုက်ခဲ့သည်။ Cooch Behar တို့သည် နယ်မြေ ကိစ္စဖြင့် ၁၇၇၂ အတွင်းက ဗြိတိသျှ အရှေ့ အိန္ဒိယကုမ္ပဏီသို့တိုင်ကြားလျှောက်ထားသဖြင့်ဘူတန်တို့ကို နှင်ထုတ်ခဲ့သော ရန်စရှိသည်.။သို့ရာတွင် စစ်ပွဲများ အဆုံးသတ်ခါ ငြိမ်းချမ်းရေးစာချုပ်ကို ၄င်းတို့ ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြသည်။ ၁၉၉၀တွင်လည်း နီပေါလူမျိုးတို့ ၀င်ရောက်လာသဖြင့် သိမ်မွေ့သောနည်းမဟုတ်သော်လည်း အကြမ်းမဖက်ဘဲ နှင်ထုတ်ခဲ့ရဖူးသည်။ဘူတန်စီးပွားရေးသည် ကမ္ဘာတွင် အငယ်ဆုံးနိုင်ငံ ဖြစ်လင့်ကစား မကြာမီ နှစ်များအတွင်းက စီးပွားရေး ဒီရေပမာ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်ခဲ့သည်။၂၀၀၅တွင် ၈% ။၂၀၀၆ ၂၀၀၇တွင် ၁၄% ။တိုးတက်ခဲ့သဖြင့် ကမ္ဘာတွင် အလျင်အမြန်ဖွံ့ဖြိုးသော နိုင်ငံများထဲမှာ  ဒုတိယနေရာမှလိုက်သည်။ 
သစ်တောထွက်ပစ္စည်းများ။ 
စိုက်ပျိုးရေးမှရသည့် လယ်ယာထွက် ပြောင်းပဲ သီးနှံစပါးများ။ ရိုးရာ လက်မှု  ပစ္စည်းများစသည် ကြွယ်ဝသည်။ စီးပွားရေးကောင်းသည်။ ဆန်အရက် ၊ ဒိန်ခဲ နို့နှင့် နို့ထွက်ပစ္စည်းကြွယ်ဝသည်။ အိန္ဒိယသို့ ရေအားသုံးလျှပ်စစ်ဓါတ်ငွေ့ကိုလည်း ရောင်းချပေးသည်။ အိန္ဒိယနှင့်လွတ်လပ်သော ကုန်သွယ်မှု ရှိသည်။၁၉၆၀ခုနှစ်အထိ တိဘက်နှင့် အကောက်အခွန်မဲ့ ကူးသန်းရောင်းဝယ်မှု ရှိသော်လည်း တိဘက်မှ ဘာသာရေးနှိပ်ကွပ်မှုကြောင့် ဒုက္ခသည်များ ထွက်ပြေးခိုလှုံကြသဖြင့် နယ်စပ်တံခါး ပိတ်ခဲ့သည်။ ၁၈၂၇ခုနှစ်တွင် မွန်ဂိုစစ်ဘုရင်များ ကျူးကျော်တိုက်ခိုက်ခြင်းခံရသဖြင့် မှတ်တမ်းတင် ထိန်းသိမ်းထားရှိသော  အဆောက်အဦးများဖျက်ဆီးခံရသည်။ ဘူတန်တွင် ဗုဒ္ဓဘာသာ အမွေအနှစ်  မိုးထိ အဆောက်အဦများ စုလစ်မွန်ချွန်များ ပေါများကြွယ်ဝသည်။ဟိန္ဒူဘာသာအဆောက်အဦးလည်း ပေါများသည်။
(ယူနိုက်တက်စတိတ်စ်တက္ကဆက်ပြည်နယ်မှ တက္ကသိုလ်ကောလိပ်နှင့်  ၄င်းအနီး အယ်လ်ပါဆို တ၀ိုက် ဟီလ်တန်ဥယျာဉ် စားသောက်ဆိုင်စသည်တို့်တွင် ဘူတန်၏ပိသုကာပုံစံလက်ရာတို့ကို စံနစ်တကျ  နည်းယူ လေ့လာ တည်ဆောက်ခဲ့သည်ဟု ဆိုသည်။)
၂၀၀၈ခုနှစ်တွင်  ပထမအကြိမ် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု စတုတ္ထမြောက်ဘုရင် ၀မ်ချောက်က ကြေငြာပြီး  မိမိကိုယ်တိုင်ကမူ ၂၀၀၆ ဒီဇင်္ဘာ၁၄ရက်တွင် ထီးနန်းစွ့န်လွှတ်ခါ အသက်၂၈နှစ်ရှိ သားတော်ကြီးအိမ်ရှေ့စံ မင်းသား ၀မ်ချောက် အား လွှဲအပ်သည်။ ၄င်းက ၂၀၀၈ နိုဝင်ဘာလ ၆ရက် ကြာသပတေးနေ့တွင်  ကြီးကျယ် ခန်းနားသော ရွှေနန်းတက်ပွဲသဘင် ဆင်ယင် ကျင်းပကာ ထီးနန်းဆက်ခံခဲ့သည်။ (ယခု လက်ရှိဘုရင် သာမန်အရပ်သူ လေယဉ်မှူးတဦး၏သမီး အသက်၂၁နှစ်အရွယ် ဂျက်ဆန်ပီမကို တော်ကောက်သူ)
ဒီမိုကရေစီ ကျင့်သုံးသော ဘုရင်များထဲတွင် ကမ္ဘာ့အငယ်ဆုံး ရေမြေ့သနင်း ပြည့်ရှင်မင်းအဖြစ်နာမည်ကျော်ခဲ့သည်။ ၄င်း၏ ဘခင် ကင်းန် ဂျစ်မီ ဆင်ဂျီး ၀မ်ချောက် လက်ထက်တွင်ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ခဲ့သည်။ သူ၏ အုပ်ချုပ်ရေးအာဏာကို ကက်ဘိနက်ဝန်ကြီးများအဖွဲ့ကောင်စီသို့ လွှဲအပ်၍ နေရှင်နယ် အဆမ်ဘလီကအများစု ၃ချိုး နှစ်ချိုးဖြင့် မဲ အရေအတွက် များခဲ့သော် ဘုရင်၏တရားစွဲဆိုချက်ကိုခွင့်ပြုသည့် ဥပဒေပါရှိသည်။ တယ်လီဗွီရှင်း အင်တာနက် စသည်ကို ပိတ်ပင်ခြင်းမရှိ သုံးစွဲခွင့်ပေးအပ်ခဲ့သော်လည်း အလွဲသုံးစားမလုပ်မိဖို့ဘူတန် မျိုးရိုးဂုဏ်သိက္ခာကို ထိန်းသိမ်းသုံးစွဲတတ်ဖို့နှင့် ဖြေဖျော်ရေးကဏ္ဍပေါင်းစုံများထဲ တွင် ရေစီးကမ်းပြီုမျောပါမသွားဖို့ အထူးသတိပေးပါတယ်လို့ ဘုရင် က သားတော်ကြီးကို ထီးနန်းလွှဲအပ်ရာမှာ မိန့်ခွန်းပြောခဲ့သည်။
မြို့များ…သင်းမ်ဖျူး  …..            ဘူတန်၏အကြီးဆုံးမြို့တော်
ပူနာခမြို့ဟောင်း……………….ရှေးဟောင်းမြို့တော်
ဆမ်းဒေါ့ပ်…………………….…အိန္ဒိယနှင့်နယ်စပ်ချင်း ဆုံတွေ့သော မြို့  
ပါရို……………………………....နိုင်ငံတကာလေဆိပ် တည်ဆောက်ထားသောမြို့ 
ဒမ်ဖျူး, ဂျာကာ …………..….ခရိုင်ရုံးစိုက်ရာ မြို့များ
တိရိစ္ဆာန်များ
ရွှေရောင်အဆင်းရှိ အမြီးရှည် ကိုယ်သေးသွယ်သော မျောက်များ။ဘင်္ဂလားကျား၊ဦးချို တချောင်းရှိကြံ့များ။ကျားသစ်နှင့် တောယုန်များ။ပန်ဒါဝက်ဝံအနီ တောယုန်၊တောဆိတ် မွှေးရှည်နွားများ ၊မျောက်မောင်းမ၊ နှင်းကျားသစ်  သိုး နှင့် မြေအောင်းသတ္တ၀ါများ။ဟိမ၀န္တာဝက်ဝံနက်များ။အင်ဒီးယားကျားသစ်များ။တောဝက်နှင့် သမင်များစသည် မျိုးစိတ်ပေါင်းများစွာ ကျက်စားနေထိုင်ကြသည်။
အပင်များ
ရေမှော် ရေညှိမှစ၍ အပင်မျိုးစိတ်ပေါင်း ၅၄၀၀ကျော်ရှိသည်။
ကျောင်းများ
နိုင်ငံတ၀ှမ်းတွင် ဗဟိုအစိုးရမှ လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ နှင်းအပ်ထားသည့်  တက္ကသိုလ် ကောလိပ်ပေါင်း ၁၁ခုရှိသည်။ တော်ဝင် ယူနီဗာစီတီလည်းရှိသည်။
ပါရို နိုင်ငံတကာလေဆိပ် ရှိသည်။ ပြည်တွင်းသယ်ယူပို့ဆောင်သောလေယာဉ်နှင့် လေယာဉ်ကွင်းများလည်းရှိသည်။
ဘူတန်တွင် ပြည်သူလူထုအလုပ်နားရက် (အားလပ်ရက်)များစွာ ရှိသည်။ဘာသာရေးနှင့် ယှက်နွယ်သော ပွဲတော်များ။ ရာသီအလိုက် ရိုးရာပွဲတော်များလည်းရှိသည်။လူနာပြက္ခဒိန်အရ(Lunar Calendar) အီကွေတာမှ နေအကွာဝေးဆုံးအချိန်ဆောင်းယဉ်စွန်းတန်း နွေယဉ်စွန်းတန်းကာလများတွင် ဘာသာရေးပွဲလမ်းသဘင်များ ဆင်ယင်ကျင်းပကြသည်။ ဘုရင့်မွေးနေ့ ၊ လက်ထပ်ပွဲသဘင် နှစ်လည်ပွဲနေ့ ၊ရွှေနန်းတက်ပွဲ နှစ်လည်နေ့စသည် ပျော်ပွဲ ရွှင်ပွဲ အခန်းအနားများရှိသည်။
ရိုးရာပွဲတော်များတွင် မျက်နှာဖုံးအကနှင့် ဒရမ်မာ အက သည် ထူးခြားဆန်းပြား၍ လူကြိုက်အလွန်များသည်။ ခလေးလူကြီး ကြိုက်နှစ်သက်ကြသည်။ရိုးရာတေးဂီတနှင့် ရိုးရာ တူရိယာများကိုသာ  တီးလုံးတီးခတ်ကြရသည်။ ဒန်ဆာများမှာ မှင်နှင့် မောင်းနှင့် အားနှင့် ခွန်နှင့် စိတ်လက်ပါပါ ကကြရသည်။ မျက်နှာတွင် ဆေးရောင်အမျိုးမျိုး ပုံစံအမျိုးမျိုးချယ်သထားသော မျက်နှာဖုံးကို တပ်ဆင်ကြရသည်။သူရဲကောင်းပုံစံ ၊ နတ်ဆိုးပုံစံ၊ သူရဲ ပုံစံ လူသေကောင်မျက်နှာပုံစံ၊ ရယ်စရာ မျက်နှာပုံစံ တိရိစ္ဆာန်မျက်နှာပုံစံ၊ နတ်ဒေ၀တာအမျိုးမျိုးမျက်နှာ  ပုံစံ ကြောက်စရာလန့်စရာ မျက်နှာ ပုံစံ အမျိုးမျိုးပါဝင်သည်။မျက်နှာဖုံးအလိုက် ကကြိုး ကကွက်ကို သရုပ်ဖေါ် ကပြကြရသည်။      ။
(ရေးစရာတွေ အများကြီး ကျန်ပါသေးတယ်။)
Florist
Wednesday, February 06, 2013
အင်းလျားနဲ့ ခဏလေးဝေးတဲ့အခါ
ကျွန်မကို `ခင်ဝင်းအောင်´လို့ခေါ်ဖို့ ဖေဖေက အမည်မှည့်ပေးခဲ့တယ်ဆိုတာမေမေ့အပြောအရ ကျွန်မသိခဲ့ရ တယ်။ ဟောသည် ကျွန်မရှေ့မှာရှိနေတဲ့ကန်ရေပြင်ကြီးကို `အင်းလျား´လို့ခေါ်စေဖို့ ဘယ်သူက အမည်ပေးခဲ့တယ်ဆိုတာကိုတော့ ကျွန်မ ခုချိန်ထိ မသိဘူး။ ကျွန်မသူ့ကိုသိတဲ့အချိန်မှာပဲ သူဟာ`အင်းလျား´ဖြစ်နေခဲ့ပြီးပြီလေ။ လူတွေ အားလုံးက သူ့ကို `အင်းလျား´လို့ကောင်းကောင်းကြီး သိနေကြပါပြီ။ သူဟာ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေရဲ့ပါးစပ်ဖျားမှာလည်း အင်မတန် ရေပန်းစားပြီး ထင်ရှားကျော်ကြားခဲ့တာပေါ့။ ဒါတင် မကသေးပါဘူး။ တက္ကသိုလ်ပြင်ပက လူတွေရဲ့ စိတ်နှလုံးကိုလည်း သူဟာ သိမ်းကျုံးဖမ်းစားနိုင်ခဲ့တာပါပဲ။
            ခြံရှေ့ မြေကွက်လပ်လေးမှာ ကျွန်မတို့ မိသားစုတွေ အပန်းဖြေနေတုန်း တစ်ယောက်တည်း တောက်တက် တောက်တက် ပြေးဆော့နေတဲ့ ကျွန်မကိုလှမ်းကြည့်ပြီး ဖေဖေက မေမေ့ကို ပြောခဲ့တယ်။
            `တို့သမီးကို အင်းလျားကန်ပေါင်ပေါ် ခေါ်သွားရအောင်လား၊ သူ လမ်းလျှောက်နိုင်ရုံမက ကောင်းကောင်းကြီး ပြေးနိုင်နေပြီပဲ´
            မေမေက သဘောတူတဲ့ စကားပြန်ပြောတယ်။
            `ဟုတ်တယ် ခေါ်သွားရမယ်၊ ဒါပေမဲ့ အနွေးအင်္ကျီတော့ လုံအောင်ဝတ်ပေးဖို့လိုမယ်၊ အဲဒီမှာက လေအေးတွေ တော်တော်တိုက်တယ်မဟုတ်လား”တဲ့။
အဲသည်နောက် ကျွန်မကို အင်္ကျီ၊ ဘောင်းဘီ၊ လမ်းလျှောက်ဖိနပ်၊ ဦးထုပ် စတာတွေအပြည့်အစုံ ၀တ်ဆင်ပေးပြီး သူတို့ပြောပြောနေတဲ့ အဲဒီ `အင်းလျား´ဆိုတဲ့နေရာအသစ်ဆီကိုခေါ်လာခဲ့ပါတယ်။ ကျွန်မ မကြာခင်မြင်တွေ့ရတော့မယ့် `အင်းလျား´ဆိုတာဟာ သာယာလှပတဲ့ ရေကန်ကြီးတစ်ကန်ဖြစ်တယ် ဆိုတာရယ်၊ (လေအေးတွေ တိုက် တယ်လို့ မေမေပြောတာကိုကြည့်ခြင်းအားဖြင့်) လူတွေကို အေးမြစေတဲ့
အရပ်အ၀န်းတစ်ခုဖြစ်လိမ့်မယ်ဆိုတာရယ်ကို အဲဒီတုန်းက ကျွန်မ အကြမ်းဖျင်းသိလိုက်ရတယ်။
            ကျွန်မ မှတ်မိပါသေးတယ်။ အဲဒီတုန်းက အင်းလျားဆီသွားတဲ့လမ်းတစ်လျှောက်လုံး အသစ်အဆန်းတစ်ခုခုကိုတွေ့မြင်ရတော့မယ့် ကလေးတစ်ယောက်ပီပီ ကျွန်မရဲ့ ခြေထောက်တွေဟာ အံ့သြစရာမြန်ဆန်သွက်လက်နေခဲ့တယ် ဆို တာကိုပေါ့။ လှေကားထစ် ဖြူဖြူကြီးတွေကို လှမ်းအတက်မှာတော့ လှေကားထစ်ကြီးတွေက ကျွန်မခြေလှမ်းလေးနဲ့စာရင် အတော်ကိုကြီးမားကျယ်ပြန့်နေလို့ပေါ့။ တက်စရာ လှေကားထစ်တွေ နောက်ထပ်မရှိဘဲ အဆုံးသတ်နေရာကို ရောက်တဲ့အါ ရေကန်ကြီး တစ်ကန်ကို ဘွားခနဲတွေ့လိုက်ရပါတယ်။
            အဲဒီမှာ ထူးဆန်းတာက ကျွန်မဟာ အဲဒီ အင်းလျားကန်ဆိုတာကြီးကို ပါးစပ်ဟောင်းလောင်းနဲ့ တအံ့တသြကြီး ကြာရှည်ကြည့်မနေမိခဲ့ပါဘူး။ အသစ်အဆန်းကို မမြင်ရခင်က မြင်ရတော့မယ်ဆိုတဲ့အသိနဲ့ တက်ကြွနေခဲ့သလောက်ြ မင်ပြီးသွားတဲ့အခါ ဒါပါပဲ၊ ဒီလောက်ပါပဲဆိုတဲ့အသိနဲ့ ချက်ချင်းပဲ ရိုးအီသွားတတ်တဲ့ ကလေးတို့ရဲ့ သဘာဝအတိုင်း ကျွန်မ ဟာ အင်းလျားရေကန်ကြီးကို ကြာကြာရှည်ရှည်တော့ စိတ်ဝင်စားလို့ မရခဲ့ဘူး။
            ဒါက `အင်းလျား´ဆိုတာကို ကျွန်မ စတင်မှတ်မိခဲ့တဲ့ ကလေးဘ၀က ပုံရိပ်တစ်ခုပေါ့။ ဒီထက်ပိုပြီး စိတ်ဝင်စားမှု မရှိခဲ့ပေမယ့် သတိထားမိတာက တစ်ခုတော့ ရှိခဲ့တာ သေချာပါတယ်။ ချောကလက်နဲ့လုပ်တဲ့ ရေခဲမုန့်တွေချင်း အတူတူ အခြားဘယ်ဆိုင်က ရေခဲမုန့်ကမှ ဟောသည် အင်းလျားကန်ပေါင်ပေါ်မှာရောင်းတဲ့ ရေခဲမုန့်တွေလောက် စာလို့ မကောင်းခဲ့ဘူး ဆိုတာပါပဲ။ တကယ်တော့ ဒါဟာ အင်းလျားရဲ့ ဆွဲဆောင်မှုတစ်ခုပြဲ ဖစ်မယ်ဆိုတာ နောင်ကြီးပြင်းလာမှ သိလာရတာ မျိုးပါ။ ငယ်စဉ်တုန်းကတော့ချောကလက်ရေခဲမုန့်စားလို့ကောင်းတဲ့ အင်းလျားရေကန်ကြီး၊ အေးမြမြလေတွေအစဉ်အမြဲ တိုက်ခတ်နေတတ်တဲ့ အင်းလျားရေကန်ကြီးဆိုတာကလွဲလို့ ကျွန်မအနေနဲ့
အင်းလျားကို သည့်ထက်ပိုပြီး မသိခဲ့ပါဘူး။ ရေခဲမုန့်ကိုသာကြိုက်တတ်တဲ့အရွယ်ကို ကျော်လွန်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ ဖေဖေက ကျွန်မ ကို အင်းလျားဆီ ခေါ်မသွားတော့ပါဘူး။ တစ်ခါတလေ သတိရမိလို့ ကျွန်မ သွားရအောင်လို့ ပူဆာရင်တောင် ဖေဖေက စဉ်းစားဟန်ကြီး လုပ်ပြီး သူ့ခေါင်းကို တွင်တွင်ကြီး ခါယမ်းနေတော့တာပါပဲ။ ပြီးရင် သူ ဒီလိုအကြောင်းပြတော့တာပါပဲ။
            `အင်းလျားက သမီးငယ်ငယ်တုန်းကနဲ့ လုံးလုံးမတူတော့ဘူး´တဲ့။`လူတွေ အရမ်းကိုရှုပ်လာပြီ´တဲ့။ ပြီးတော့ `လူကြီး မိဘပါလာလို့ ပါလာမှန်းမသိ နှုတ်သရမ်းချင်တဲ့ ခပ်ဆိုးဆိုး တက္ကသိုလ်ကျောင်းသားတွေကျက်စားတတ်တဲ့ နေရာ လည်း ဖြစ်နေပြီ´တဲ့။
            ပြီးတော့ ဖေဖေက ကျွန်မကို စေ့စေ့စပ်စပ်ကြည့်ပြီး ပြုံးယဲ့ယဲ့မျက်နှာပေးနဲ့ ပြောလိုက်ပါသေးတယ်။
            `သမီးကိုယ်တိုင် တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်လာတဲ့အချိန်ကျရင်တော့ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ ချစ်သူ နဲ့ပဲဖြစ်ဖြစ်သွားချင် သွားနိုင်ပါတယ်´တဲ့။
            `အခု သမီးက အလယ်တန်းကျောင်းသူလေးပဲ ရှိသေးတော့ တက္ကသိုလ်ကျောင်းသူတွေလို အင်းလျားကန်ပေါင် ပေါ် အေးအေးလူလူသွားဖို့ ဖေဖေခွင့်မပြုချင်သေးဘူး´တဲ့။
            ဖေဖေ့စကားကြောင့် အင်းလျားဆိုတာ ဘယ်လိုဟာကြီးလဲ၊ သူ့နောက်ကွယ်မှာ ဘာအဓိပ္ပာယ်တွေ ပျော်ဝင်နေ တာလဲဆိုပြီး အဖြေမရှိတဲ့ပဟေဠိတွေနဲ့ ကျွန်မ နားဝေတိမ်တောင် ဖြစ်ခဲ့ပါသေးတယ်။ နောက်တော့လည်းကျောင်းပြန်တယ်။ အိမ်စာလုပ်တယ်။ မေမေသင်ခိုင်းလို့ ပီယာနိုသင်ရ၊ကျင့်ရတယ်။ ဒါတွေနဲ့ပဲ လုံးချာလည်နေခဲ့ရတဲ့ အလယ်တန်းကျောင်းသူဘ၀ပုံစံခွက် သေးသေးလေးထဲမှာ ကျွန်မတစ်ကိုယ်လုံး နစ်မှန်းမသိနစ်မြှုပ်နေခဲ့ပါတယ်။ ဒါတွေကြောင့်ပဲ ထင်ပါရဲ့။ ကျက်မှတ်ရမယ့် ကျောင်းသင်ခန်းစာတွေ များပြားလာတာနဲ့အမျှ၊ ရေခဲမုန့်တွေမကြိုက်တော့တာနဲ့အမျှ၊ အဲဒီ ချောကလက်ရေခဲမုန့် စားလို့ကောင်းခဲ့ဖူးတဲ့အင်းလျားကန်ကြီးကို ကျွန်မ မေ့မေ့လျော့လျော့ ဖြစ်သွားခဲ့တယ်။
            ဒီလိုနဲ့ပဲ ကျွန်မ မှတ်ဥာဏ်ထဲမှာ အင်းလျားဆိုတာဟာ နှစ်တွေ အတော်ကြာကြာကြီး ပျောက်ဆုံးလို့ နေခဲ့ပါတယ်။
ကျွန်မအတွက် အင်းလျားဆိုတာကို ပြန်လည်မှတ်မိစေတဲ့နေ့ကတော့ တတိယနှစ် ဓာတုဗေဒကျောင်းသူ အဖြစ်နဲ့ ရန်ကုန်ပင်မ တက္ကသိုလ်မှာ ကျောင်းတက်ရစဉ်က နံနက် ၇ နာရီ အော်ဂဲနစ် ကျူတိုရီယယ်ချိန်ဝင်ဖို့ ခပ်စောစော ထွက်လာတဲ့နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။
            အဲဒီနေ့ကို ကျွန်မကောင်းကောင်းကြီး မှတ်မိနေပါသေးတယ်။ နံနက်ခင်းဟာ နှင်းတွေ တအားကြီး ကျနေခဲ့ တယ်။ ၀န်းကျင်တစ်ခွင်လုံးေ အးစိမ့်ပြီး မှုန်ရီေ၀၀ါးနေခဲ့တယ်။ ချမ်းအေးလွန်းလို့ အနွေးဓာတ်
ရယူလိုတာကြောင့် သွေးပူ လေ့ကျင့်ခန်းလုပ်တဲ့သဘောနဲ့ ကျွန်မဟာ ခါတိုင်းသွားနေကျ လမ်းဘေးပလက်ဖောင်းအတိုင်း လျှောက်မသွားတော့ဘဲနဲ့လှေကားထစ်ဖြူဖြူတွေပေါ်ကနေ တက်လာခဲ့တယ်။ အအေးဓာတ်ကို တွန်းလှန်တဲ့အနေနဲ့ အင်္ကျီအိတ်ကပ်ထဲက လက်ကို ထုတ်ယူလိုက်ပြီး အားပါးတရ လွှဲရင်း အပြေးအလွှားတက်လာခဲ့တယ်။
            ကျွန်မကို ဟိုးငယ်ငယ်တုန်းကလို ဆီးကြို မော့ကြည့်နေမယ့် အင်းလျားရေကန်ကြီးကို မြင်တွေ့ရပြန်ဦးတော့မယ် ဆိုတဲ့ အတွေးနဲ့ပေါ့။ လှေကားထစ်တွေဆုံးလို့ ကန်ပေါင်ပေါ် ခြေချမိတဲ့အခါ အင်းလျားရေကန်ကြိးဟာ အံ့သြစရာ ပျောက် ဆုံးလို့နေပါတယ်။ ဝေသီဖြာကျနေတဲ့ နှင်းဖြူတွေကြောင့် အင်းလျားရေကန်ကြီးဟာ ကျွန်မ မြင်ကွင်းထဲကနေ လုံးလုံးလျားလျားကြီးကိုပျောက်ဆုံးနေတာပါ။ မြူခိုးရောင် ၀တ်ရုံဖားဖားကြီး တစ်ထည်က ကျွန်မ ဦးခေါင်းပေါ်၊ ကောင်းကင်ပြာကျယ် ပေါ် လွှားခနဲ အုပ်မိုးကျနေသလိုမျိုး အရာရာဟာ မြူရောင် မှိုင်းမှိုင်းထလို့ ကွယ်ပျောက်နေပါတယ်။
            ကျွန်မဟာ တစ်စက်ကလေးမှ မျှော်လင့်မထားတဲ့ မြင်ကွင်းကြောင့် လှမ်းလက်စခြေလှမ်းတွေ ကော်စေးမိသလို ပြင်းကပ်ကပ် ဖြစ်သွားပြီး မျက်လုံးတွေကလည်း ဇီးကွက်တစ်ကောင်လို ပြူးကြောင်ကြောင်ကြီးကိုဖြစ်သွားပါတယ်။ အုံ့ဆိုင်းမှိုင်းဝေနေတဲ့ မြင်ကွင်းအောက်မှာ ကျွန်မရဲ့ စိတ်တွေဟာလည်း တစ်မုဟုတ်ချင်းပဲ မှိုင်းညို့သွားတယ်။
            အချိန်ခဏလေးအတွင်းမှာ စဉ်းစားချင့်ချိန်နိုင်စွမ်းတွေလည်းပျောက်ဆုံးသွားပြီး ကန်ရေပြင်ကြီး မရှိတော့ဘူး။ အထင်နဲ့ ၀မ်းနည်းပက်လက်ကြီး ဖြစ်သွားမိတယ်။ အခုလို မမြင်ရ၊ မတွေ့ရပါမှပဲ အဲဒီ ကန်ရေပြင်ကြီးကို အလွန်ကာရော လွမ်းဆွတ်ရင်း အခုချက်ချင်းပဲ တွေ့ချင်၊မြင်ချင်လာမိတယ်။ အော်ဂဲနစ် ကျူတိုရီယယ် သွားလုပ်ဖို့လည်း စိတ်ထဲ နည်းနည်းလေးမှ မပါတော့ဘူး။ ဘာလုပ်ရမယ်မှန်း မသိတော့ဘဲ အကြာကြီးယောင်ချာချာဖြစ်နေပါတယ်။ ခုချိန် ဇွတ်အတင်း ပရက်တီကယ်သွားလုပ်ပြန်ရင်လည်းအမှားမှား အယွင်းယွင်းတွေကိုပဲ ကျွန်မလုပ်မိမှာ သေချာတယ်။
            ဒါနဲ့ပဲ ကျူတိုရီယယ်သွားမလုပ်တော့ဘူးလို့ ဆုံဖြတ်လိုက်တယ်။ ပျောက်ဆုံးနေတဲ့ ရေပြင်ကြီးကို မျက်နှာမူပြီး လွယ်အိတ်ကို ဘေးချရင်း စိတ်ပျက်လက်ပျက် ထိုင်ချလိုက်မိတယ်။
            ပြီးတော့ အရင်လို တွေ့မြင်ဖူးတဲ့ အင်းလျားဆိုတာကို မျက်စိထဲပြန်ပြီး ပုံဖော်ကြည့်နေမိတယ်။ လက်ရှိ အနေ အထားအရ မြင်ကွင်းထဲကနေ အံ့သြစရာ ပျောက်ဆုံးနေတဲ့ ရေပြင်ရဲ့ အနားသတ်မျဉ်းကို အတွေးထဲမှာမှန်းဆရင်း ရေးဆွဲ ကြည့်နေမိတယ်။
            ခက်တာက ဘယ်နေရာမှာ ဘာရှိတယ်။ ဘယ်အနားမှာ ဘာတွေရှိတယ်ဆိုတာကအစ ဘာဆို ဘာမှ အင်းလျား ကို အကျွမ်းတ၀င် မရှိခဲ့တဲ့ ကျွန်မဟာ အင်းလျားကို အတွေးထဲမှာတောင် ဘယ်လိုမှ ပုံမဖော်နိုင်ဘူး ဖြစ်နေပါတယ်။ ငယ်ငယ်တုန်းကြ မင်တွေ့ဖူးတဲ့ ပုံစံကို စိတ်ကူးထဲခေါ်ယူပြီး ပုံဖော်ကြည့်နေပေမယ့်လည်း အချည်းနှီးပါပဲ။
            ကျွန်မ သိလိုက်ပါပြီ။ ကျွန်မဟာ အင်းလျားကို တကယ် သိကျွမ်းခဲ့တာမှ မဟုတ်တာ။ အပေါ်ယံရှပ်ပြီး ပေါ့ပေါ့ဆ ဆလေးပဲ သိခဲ့ဖူးတာကိုး။ အင်းလျားနဲ့ ပတ်သက်ရင် အမှုမဲ့ အမှတ်မဲ့နဲ့ အမေ့မေ့
အလျော့လျော့ ဖြတ်သန်းခဲ့တာတွေ ကြောင့် ကျွန်မအနေနဲ့ ဘယ်လောက်ပဲပဲ ကြိုးစားပြီး ပုံဖော်ဖော် မရခဲ့ပါဘူး။ အတွေးထဲမှာတောင် အင်လျားဟာ တစ်စွန်း တစ်စမျှ ပုံမပေါ်ခဲ့ဘူး။
အဲဒီမှာ ကျွန်မဟာ ၀မ်းပန်းတနည်း ရှိုက်ငိုချမိတော့တာပါပဲ။ အဲဒီလို ရှိုက်ငိုနေရင်းကနေ ကျွန်မကိုယ်ကျွန်မ ဒဏ်ပေးတဲ့ အနေနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။
            ကန်ရေပြင်ကြီးရဲ့ ပကတိရုပ်သွင်ကို ဘွားဘွားကြီး မြင်ရပါမှ သည်နေရာကထွက်ခွာမယ်၊ ဒီနေ့အဖို့တော့ ကန်ရေပြင်ကြီးကို မတွေ့ရမချင်း ဒီနေရာကနေ တစ်လက်မမှ မရွေ့စေရဘူးလို့ပေါ့။ အဲဒီလို သန္နိဋ္ဌာန် ချပြီးတာနဲ့ မမှိတ်မ သုန်ပဲ ထိုင်ကြည့်နေမိတာ မျက်တောင်ခတ်ဖို့တောင် ကျွန်မသတိမရခဲ့ဘူး ထင်ပါတယ်။
            သေလုအောင် အေးစိမ့်နေတဲ့ ဆောင်းနံနက်ခင်းထဲမှာ ကျွန်မဟာ မလှုပ်မယှက်ထိုင်ရင်း အာရုံအလုံးစုံကို စုစည်းထားလိုက်တယ်။ ဇွဲကောင်းကောင်းနဲ့ စောင့်ပြီး သိပ်မကြာခင်မှာပဲ အရှေ့ဘက်ေ ကာင်းကင် တစ်နေရာဆီကနေ နေရောင် တစ်စွန်းတစ်စကို တွေ့လိုက်ရတယ်။ နေရဲ့အလင်းရောင် တစ်စကို ဘွားခနဲ မြင်လိုက်ရတဲ့ခဏမှာ မြူနှင်းတွေဟာ အလန့်တကြားပုံစံနဲ့ သုတ်သုတ်ပျာပျာ ဖယ်ကြဉ် ရှောင်ခွာသွားကြတယ်။ အဲဒီနောက်မှာတော့ ကျွန်မ မျှော်လင့်နေတဲ့ အင်းလျားရဲ့ အနားသတ်မျဉ်းစဟာ ဟိုက သည်ကနေ ရေးရေးမျှင်မျှင်ကလေး ပေါ်လာခဲ့ပါတယ်။
            နောက်ထပ် မိနစ်ပိုင်းကလေးအတွင်းမှာပဲ ပျေက်ဆုံးနေတဲ့အရာတွေဟာ အလျှိုအလျှို ထွက်ပေါ်လာခဲ့ကြတယ်။ ကန်ရေပြင်ကြီးရဲ့ အနောက်ဘက်ဆီက သစ်တောစိမ်းညိုညို့တွေရယ်၊ ကျွန်းစုကလေးရယ်၊ တစ်ဖက်တစ်ချက်မှာ ရှိကြတဲ့ အဆောက်အအုံတွေရယ်ဟာ ရှက်ကိုးရှက်ကန်းပုံစံနဲ့ ကျွန်မရဲ့မြင်ကွင်းထဲကုငိ အစီအရီ ၀င်လာခဲ့ကြတော့တယ်။ အားလုံးထဲမှာ ကျက်သရေအရှိဆုံးနဲ့ အတည်ငြိမ်ဆုံးကတော့ ပြာလဲ့လဲ့ကန်ရေပြင်ကြီးပါပဲ။ ပြာလဲ့လဲ့လို့သာ တင်စားပြောဆိုနေမိတာ။ တကယ်တော့ မြူနှင်း အပိတ်အခဲတွေကြားကြ ဗုန်းစားဒိုင်းစားကြီး ထိုးဖောက်ခွဲထွက်လာခဲ့ရ တော့ သူ့ခမျာချက်ချင်းကြီးတော့ ပြာလဲ့လဲ့အသွင် ကို ဆောင်နိုင်ဦးမှာ မဟုတ်ဘူးပေါ့။ မြူရိပ် မြူယောင်နဲ့တော့ ဘယ်ကွဲပြားဦးမလဲနော်။
            တဖြည်းဖြည်းနဲ့ပဲ အင်းလျားရဲ့သရုပ်ဟာ စောစောကထက် ပိုပြီး ပီပြင်ထင်ရှားလာခဲ့ပါတယ်။ ကန်ရေပြင်ကျယ် ကြီးနဲ့ မိတ်ဖွဲ့ချင်တဲ့ပုံနဲ့ ခပ်လျှောလျှောတိုးဝင်လာနေတဲ့ ကျွန်းမြေအစု ရှည်မျောမျောလေးကိုလည်းတွေ့ရတယ်။ ရေပြင်ရဲ့တစ်ဖက်အနားသတ်ဆီက သစ်ပင် အစုအစုလေးတွေဟာလည်း ရိုးတိုးရိပ်တိတ် တွန်းကန်ပေါ်ထွက်လာခဲ့တယ်။ အင်းလျားကို မျက်နှာမူထားတဲ့ အဆောက်အအုံတချို့ကလည်း မိုးတိုးမတ်တတ်နဲ့ ၀င့်ဝင့်စားစားပေါ်ထွက်လာကြတယ်။
ခဏလေး အတွင်းမှာပဲ အင်းလျားဟာ အသွင်သဏ္ဍာန်အစစ်အမှန်နဲ့အတူ ထွက်ပေါ်လာခဲ့ပါပြီ။
            ဒီတော့မှပဲ ကျွန်မဟာ မျက်စိကို အစွမ်းကုန်ဖွင့်ပြီး မြင်မြင်သမျှ မြင်ကွင်းတွေကို အငမ်းမရ အသေးစိတ် မှတ်ယူနေမိတော့တယ်။ မျက်စိကနေ မြင်မြင်သမျှတွေကို ဦးနှေက် မှတ်ဥာဏ်ထဲမှာ ထာဝရ
မပျက်ပြယ်တဲ့အထိ စွဲမြဲသွားအောင် စုပ်ယူ မှတ်သားနေတာပါ။ ဒါပေမဲ့ ဒီလိုတစ်ထိုင်တည်းနဲ့တော့ အင်းလျားကို ကျွန်မ အကုန်အစင် စုပ်ယူနိုင်ဦးမှာမဟုတ်ဘူးပေါ့။ ဒါသေချာပါတယ်။
            ဒါကြောင့် ကျွန်မ အင်းလျားကို တမင်သက်သက် လာရောက်ရင်းနဲ့ဖြစ်စေ၊ ဖြတ်သွားဖြတ်လာ လျှောက်သွားရင်းနဲ့ ဖြစ်စေ၊ ဘယ်လိုအနေအထားနဲ့ပဲဖြစ်ဖြစ် သူ့အနားကို ရောက်လိုက်တာနဲ့ သူ့ကို
သိသထက်သိအောင် ကျွမ်းသထက် ကျွမ်းအောင် လုပ်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကျွန်မစဉ်းစားမိတာက အင်းလျားမှာ မဟုတ်ပါဘူး။ တခြားဘာပဲဖြစ်ဖြစ် သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ ကျွန်မတို့ဟာ ဘာကိုမှ အမှုမဲ့ အမှတ်မဲ့ မနေသင့်ဘူး ဆိုတာပါပဲ။ ဘာကိုမဆို အတွေးအာရုံထဲမှာ စွဲမြဲပြီး အလွတ်ရနေတဲ့ အထိ သိကျွမ်းရင်းနှီးနေဖို့ လိုတယ်ဆိုတာကို အင်းလျားက ကျွန်မကို
ပုံသက်သေပြလိုက်ပါပြီ။
xxxxxxx
ခုချိန်မှာ ကျွန်မဟာ အင်းလျားကို ကောင်းကောင်း သိကျွမ်းနေတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ခဲ့ပါပြီ။ အင်းလျားရဲ့ သရုပ်ကို အမိအရ ဖမ်းဆုပ်နိုင်ခဲ့ရုံမက သူ့ဝန်းကျင်မှာ ဘယ်လို ဘယ်ပုံ ဘယ်ချမ်းသာ ဆိုတာတွေကိုပါ ဖြန့်ကျက် သိရှိခဲ့ပါပြီ။ ဒါကြောင့် ကျွန်မကိုယ်ကျွန်မ စိတ်ချသွားခဲ့ပြီလို့ပဲ ဆိုရမှာပါ။
နောင်အခါ နောင်နှစ်တွေမှာ အင်းလျားဟာ ဆောင်းမြူတွေ ကြီးစိုးလို့ ကျွန်မရဲ့ မြင်ကွင်းထဲကနေ လုံးလုံးကြီး ပျောက်ကွယ်သွားမယ်ဆိုဦးတော့ ကျွန်မ ၀မ်းနည်းပက်လက်နဲ့ ယူကျုံးမရ ဖြစ်နေမှာ မဟုတ်တော့ပါဘူး။ အာရုံထဲ စွဲနေအောင် အလွတ်ရထားတဲ့ အင်းလျားရဲ့သရုပ်ကို အတွေးထဲမှာ အမိအရ
ပုံဖော်နေရင်း…. “ အင်းလျားရေ..ဒါဟာ ခဏလေးပါ အခိုက်အတန့်လေးပါ၊ ပြီးရင်ရှင်ဟာ ကျွန်မအနားကို နဂိုအတိုင်း ပြန်ရောက်လာမှာပါနော်”လို့ အင်းလျားကို တိုင်တည်ရေရွတ်ရင်း ကျွန်မကိုယ်ကျွန်မ ဖြေသိမ့်ပြီး နေနိုင်မှာပါ။
ဘယ်သူမဆို တစ်ခုက တစ်ခုကို၊ တစ်ယောက်က တစ်ယောက်ကို ၊ တစ်စုံတစ်ရာက တစ်စုံတစ်ရာကို ထာဝရစွဲမြဲ မှတ်မိတဲ့အထိ ကျွမ်းဝင်ခဲ့ကြမယ်ဆိုရင် ခဏငယ်လေး ဝေးသွားတဲ့ အခိုက်အတန့်လေးမှာ အတွေးထဲ ပုံဖော်ကြည့်ရင်းနဲ့ စိတ်နှလုံးတွေ ဖြေသိမ့်နေနိုင်မှာ သေချာပါတယ်။
စုမီအောင်
(အက်ဆေး လှည်းတန်း ၂ မှ….)
Tuesday, February 05, 2013
Set fire to the rain
~ ဒါပေမဲ့ကွယ် ....... ငါက မိုးရွာထဲမှာ မီးမြှိုက်မိတာပါ။
မိုးစက်တွေ ခုန်ပေါက်လိမ့်ဆင်းသွားတာကို စောင့်ကြည့်ခဲ့တာပါ။
နင့်မျက်နှာကို ငါ တို့ထိစမ်းသပ်နေခဲ့သလိုမျိုးပေါ့ ~
ဘာမှမလုပ်ချင်အောင်ပျင်းနေတဲ့အခါ လုပ်စရာတွေပြစ်ထားလိုက်ပြီး သီချင်းတွေပဲနားထောင်မိပြန်ရော ...
ဒီနေ့တော့ အဒဲလ် ရဲ့ Set fire to the rain ပဲ ခဏခဏနားထောင်မိနေတယ် ....
သီချင်းတစ်ပုဒ်က ပြဇာတ်တစ်ပုဒ်လိုပဲ .........
During an interview about the meaning behind the songs Adele described this song as "burning the pain and getting rid of it and demolishing it...and its sort of like a liberating song because you know when you break up and the other person who you've left or who has left you knows how much you love them and they try and make your life hell and make it so that you can never get over them by constantly being in touch...its kind of like that and its about taking it into your own hands and just saying go away."
Friday, February 01, 2013
မြင်းတစ်ကောင်နဲ့ ကကြိုးဆင် ... ကဆုန်စိုင်းကြတော့မယ်ဆိုရင်
မြင်းစီးအားကစားကို Equestrian sport ဒါမှမဟုတ် horseback riding, horse riding လို့လည်း ခေါ်ကြတယ်။ မြင်းစီးကျွမ်းကျင်တယ်ဆိုတာကတော့ ပုံမှန်အလှစီး၊ အပြင်းဒုန်းစိုင်းစီး၊ တန်းကျော်စီး စသည်ဖြင့် နည်းစနစ်အားလုံးကို တတ်ကျွမ်းနေရတာပါ။ မြင်းတွေကို အသုံးပြုနိုင်ကြတာက နေ့စဉ်လုပ်ငန်းခွင်မှာခိုင်းစေတာ၊ ခရီးသွားတဲ့အခါ၊ အလှပြကာယလှုပ်ရှားမှုတွေမှာ၊ ယဉ်ကျေးမှုအနုပညာဆိုင်ရာလေ့ကျင့်လှုပ်ရှားမှုတွေ နဲ့ အားကစားပြိုင်ပွဲလို (လုပ်ငန်းခွင်၊ အလှပြ၊ အားကစား)နေရာမျိုးစုံမှာပါ။ မြင်းတွေဟာ လေ့ကျင့်သင်ကြားပေးဖို့ အင်မတန်လွယ်ကူတဲ့အမျိုးအစားဖြစ်တာကြောင့်ပဲ လုပ်ငန်းခွင်အတွက်ဆိုရင် ရဲဌာနမှာ တာဝန်ထမ်းဆောင်ရင်းအသုံးပြုကြတယ်။
အားကစားပြိုင်ပွဲတွေမှာ မြင်းအလှစီး (dressage), တာဝေးအကြမ်းစီးခြင်း (endurance riding)၊ အလှစီး၊ အကြမ်းစီး၊ အမြင့်ခုန်စမ်းသပ် စသည် မြင်းစီးနည်းမျိုးစုံပေါင်းစပ်ထားတဲ့ (eventing)၊ မြင်းဇက်ထိန်းစီးနည်း(စက်ဝိုင်းပုံစီး/ လှည့်ပတ်စီး/ ရုတ်တရက်ရပ်တန့်)လို့ ခေါ်ကြတဲ့ အမေရိကန်cowboy စီးကြတဲ့စတိုင်လ် (reining)၊ ကစားကွင်းထဲမှာ ပြိုင်ကြတဲ့ အမြင့်ခုန်၊ အဖွင့်ခုန်စီးနည်း (show jumping)၊ လက်မောင်းသားကျွမ်းကျင်မြင်းစီးနည်းလို့ တင်စားခေါ်တဲ့ စီးချင်းတိုက်မြင်းစီး (tent pegging)၊ မြင်းကျောကုန်းပေါ်အစုလိုက်အဖွဲ့လိုက် ကာယအလှပြကစားတဲ့ (vaulting)၊ ပလပ်စတစ်/ သစ်သားဘောလုံးကို တုတ်တံနဲ့ ရိုက်ယူဂိုးသွင်းကြတဲ့ အုပ်စုလိုက်မြင်းစီး (polo)ကစားနည်း၊ လေးဘီးလှည်း/ ရထားလုံး/ စွတ်ဖားချိတ်ထားတဲ့ မြင်းစီး (driving) နဲ့ အနောက်အမေရိက/ အနောက်ကနေဒါ/ မြောက်ပိုင်းမက္ကဆီကိုဘက်က cowboy တွေ နွားအုပ်ထိန်းကျောင်းအလုပ်လုပ်ပုံစီးကြတဲ့ rodeo မြင်းစီးပြိုင်ပွဲဆိုပြီး ကစားနည်းမျိုးစုံရှိပါတယ်။
မြင်းစီးအားကစားနည်းရဲ့ သမိုင်းကြောင်း ခေတ်တွေ နောက်ပြန်ကြည့်မယ်ဆိုရင်တော့ ဂရိလူမျိုးတွေရဲ့ စစ်သုံးမြင်းတွေကို အလှစီးလေ့ကျင့်သင်ကြားပေးတဲ့ dressage နည်းကို စတင်မိတ်ဆက်အသုံးပြုခဲ့ကြတယ် လို့ ဆိုတယ်။ အဲဒီကနေစတင်လာလိုက်တာ အလယ်ခေတ်မှာ စစ်ရေးလေ့ကျင့်မှုတွေကို ၃ ရက်တာပြုလုပ်ကြတဲ့အခါ အလှစီး၊ ဖြတ်ကျော်ခုန်စီး၊ နောက် အမြင့်ခုန် လေကျင့်စမ်းသပ်မှုတွေ ပါဝင်တယ်။ အဲဒီမြင်းစီးလေ့ကျင့်မှုတွေဟာ စစ်တပ်အတွက်လိုအပ်တဲ့စိန်ခေါ်မှုတွေအတိုင်း ပြင်ဆင်လေ့ကျင့်ကြတာပါ။ အဲဒီအချိန်ကနေ ပိုပြီးခေတ်မှီလာတဲ့အခါမှာတော့ အိုလံပစ်ပြိုင်ပွဲတွေစတင်လာပါပြီ။ ၁၉၂၁ မှာ ဆွစ်ဇာလန်နိုင်၊ မြို့တော် Lausanne အခြေစိုက် အပြည်ပြည်ဆိုင်ရာမြင်းစီးအားကစားအဖွဲ့ချုပ် (Fédération Équestre Internationale(FEI) ရဲ့ ဦးဆောင်မှုနဲ့ အိုလံပစ်အားကစားပြိုင်ပွဲစတင်ဆင်နွှဲလာတာပါ။ အိုလံပစ်ပြိုင်ပွဲမှာ မြင်းစီးအားကစားပြိုင်ပွဲဟာ အမျိုးသမီး၊ အမျိုးသားအတူတူရင်ဘောင်တန်းကာ တစ်ဘက်အသင်းကို တိုက်စစ်ဆင်ကစားနိုင်တဲ့ အားကစားနည်းပါလို့ ဆိုတယ်။ ပြီးတော့ လူသားနဲ့ တိရစ္ဆာန် အတူတကွယှဉ်ပြိုင်နိုင်တဲ့ တစ်ခုတည်းသော အားကစားနည်းဖြစ်ပါတယ်။
အိုလံပစ်မြင်းစီးအားကစားပြိုင်ပွဲမှာ Eventing (အသင်းလိုက်/ တစ်ဦးချင်း)၊ Dressage (အသင်းလိုက်/ တစ်ဦးချင်း) နဲ့ Jumping (အသင်းလိုက်/ တစ်ဦးချင်းပြိုင်ပွဲတွေ ရှိပါတယ်။ အိုလံပစ်မြင်းစီးအားကစားပြိုင်ပွဲတိုင်းရဲ့ စည်းမျဉ်းစည်ကမ်းတွေကို FEI ကပဲ သတ်မှတ်အုပ်ချုပ်ပါတယ်။
Dressage မြင်းစီးကစားနည်းဟာ မြင်းစီးသူအတွက် အခက်အခဲမရှိ ကျက်သရေရှိရှိ ကြွကြွရွရွလေး စီးနိုင်အောင် မြင်းကို စနစ်တကျလေကျင့်သင်ကြားထားပြီးမှ ပြိုင်ပွဲဝင်ကြတယ်။ dressage ကို သဲမြေခင်းထားတဲ့အားကစားကွင်းထဲမှာယှဉ်ပြိုင်ရတာပါ။ ရာသီတိုင်းကစားနိုင်တဲ့ကွင်းဖြစ်ရပြီး ၆၀x၂၀ မီတာ အကျယ်ရှိပါတယ်။ အသင်းလိုက်မြင်းစီးပြိုင်ပွဲကတော့ တစ်ချိန်စာပဲ ပြိုင်ကြရပြီး တစ်ဦးချင်းပြိုင်ပွဲတွေကတော့ ၃ ချီကျော်တဲ့အထိ ယှဉ်ပြိုင်ကြရပါတယ်။ အိုလံပစ် dressage ပြိုင်ပွဲမှာ FEI ဒိုင်လူကြီးငါးဦးက ကွင်းရဲ့ ရှုထောင့်အမျိုးမျိုးကနေ စောင့်ကြည့်နေကြတယ်။ လှုပ်ရှားမှု တိကျသေချာခြင်း၊ တည်ငြိမ်ခြင်း၊ ပေါ့ပါးဖျတ်လတ်စွာ ကွေးနိုင်ဆန့်နိုင်ခြင်းမှာ အားသာမှုတွေစောင့်ကြည့်ပြီး အနိုင်ရသူကို ရွေးချယ်ပါတယ်။
Jumping (Show Jumping)နည်းဟာ မြင်းနဲ့ မြင်းစီးသူရဲ့ အကာအရံအတားအဆီးတွေကို ခုန်ပျံကျော်လွှားနိုင်စွမ်းကို စမ်းသပ်တာပါ။ ၆ ပေ ၆ လက်မ (၂ မီတာ)အမြင့်/အကျယ် ရှိတဲ့ အကာအရံ ၁၀ ခု ကနေ ၁၆ ခု အထိ ဖြတ်ကျော်ပြီး ယှဉ်ပြိုင်ရပါတယ်။ လမ်းကြောင်းတွေဟာ အလိမ်အကွေ့များများ၊ အရောင်အသွေးစုံ အတားအဆီးတွေနဲ့ ပြင်ဆင်ထားတာကြောင့် မြင်းကိုရော၊ မြင်းစီးတဲ့သူကိုပါ စိတ်ပိုင်း/ရုပ်ပိုင်း ကြံ့ခိုင်ပေါ့ပါးလျင်မြန်ဖျတ်လတ်မှု အားလုံးအတွက် စိန်ခေါ်မှုတွေပြည့်နှက်နေတယ်။ တစ်ဦးချင်းရော အသင်းလိုက်ပါ ပွဲစဉ်တစ်ပွဲအတွင်း ပင်နယ်တီရခဲ့ရင် လမ်းကြောင်းနောက်ပြန်ဆုတ်ပြီး ပြန်လည်ကစားကြရတယ်။ ခုန်တဲ့အကြိမ်အရေအတွက်၊ ပြုတ်ကျ၊ ထိတွေ့၊ မြင်းက ခုန်ဖို့ငြင်းဆန်၊ အချိန်ပင်နယ်တီ စသဖြင့်အဲဒီအချက်တွေကို အခြေခံပြီး ရမှတ်တွေကို ပေးပါတယ်။ ပင်နယ်တီအနည်းဆုံးရတဲ့ မြင်းစီးသမားက အနိုင်ရပါလိမ့်မယ်။ မြင်းစီးပြိုင်မယ့်သူတွေဟာ ပြိုင်ပွဲမစတင်မီမှာ လမ်းကြောင်းကို စစ်ဆေးနိုင်ပါတယ်။ အကောင်းဆုံးဗျူဟာနဲ့ စီးနိုင်ဖို့ လမ်းကြောင်း စစ်ဆေးပြင်ဆင်မှုကလည်း အင်မတန်အရေးကြီးလှတယ်။
Eventing(Three Day Eventing) ပြိုင်ပွဲကတော့ ကျွမ်းကျင်မှု၊ နည်းမျိုးစုံနဲ့ စီးနိုင်တာ၊ သတ္တိကောင်းတာ နဲ့ ခံနိုင်ရည်ရှိ အားကောင်းမှုအတွက် မြင်းရော စီးသူကိုပါ စစ်ဆေးစမ်းသပ်တဲ့ပြိုင်ပွဲမျိုးဖြစ်ပါတယ်။ သုံးရက် Eventing ဆိုတဲ့အတိုင်းပါပဲ။ ပြိုင်ပွဲအချိန်ကာလ သုံးရက်အတွင်းမှာ စည်းကမ်းဥပဒေ သုံးမျိုးနဲ့ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲပါ။ cross country jumping, dressage နဲ့ stadium jumping ပြိုင်ပွဲ သုံးမျိုးပါဝင်တယ်။ cross-country လမ်းကြောင်းမှာ သဘာဝကုန်းမြေ၊ လူလုပ်အရာဝတ္ထုတချို့နဲ့ ပြင်ဆင်ထားတယ်။ အကာအရံ ၄၀ အထိ ရှိနိုင်ပါတယ်။ မြင်းတွေဟာ အဲဒီအကာအရံတွေကို လွတ်မြောက်အောင် ခုန်ကျော်နိုင်ရပါမယ်။ လမ်းကြောင်းအရှည်က ၄ မိုင်ခန့်အထိ ရှည်လျားတယ်။ မြင်းကငြင်းဆန်တဲ့အခါ၊ မြင်းစီးသူ ပြုတ်ကျခဲ့တဲ့အခါ၊ အချိန်ကျော်သွားတဲ့အခါ စတဲ့အခြေအနေတွေကို မူတည်ပြီး ရမှတ်ကိုပေးပါတယ်။
အိုလံပစ် dressage ပြိုင်ပွဲတွေမှာ မြင်းတွေကို ချပ်ဝတ်တန်ဆာအနည်းဆုံးဝတ်ဆင်ရတာပါ။ အများစုက အနက်ရောင်သားရေပါပဲ။ boot ဝတ်ဆင်လို့မရပါဘူး။ မြင်းခွာ၊ bell boot နဲ့ အမြီးအဖုံးအကာလည်းအတူတူပါပဲ ဝတ်ဆင်ခွင့်မရှိပါဘူး။ မြင်းစီးသူကတော့ ဝမ်းဗိုက်အဖုံးအကာပါတဲ့ အမြီးရှည်ကုတ်လို့ခေါ်တဲ့ ကုတ်ရှည်ရှည်ဝတ်ရပါတယ်။ အဝါရောင် ဝေ့စ်ကုတ်၊ ဦးထုပ်၊ လက်အိပ်အဖြူ၊ ဘောင်းဘီအဖြူ နဲ့ အနက်ရောင်လည်ရှည်ဖိနပ်ဟာ မြင်းစီးသူတွေဝတ်ဆင်ရမယ့် ဝတ်စုံစတိုင်လ်ပါ။ three day Eventing ပြိုင်ပွဲအတွက် မြင်းစီးသူတွေဟာ အသင်းလိုက်ဒီဇိုင်းနဲ့ ဂျာစီ၊ ခေါင်းဆောင်းတွေ၊ ဦးခေါင်းထိခိုက်မှုကို အကာအကွယ်ပေးနိုင်မယ့် အထူးခေါင်းဆောင် ASTM/SEI helmet ဆောင်းရတယ်။ လက်အိတ်၊ ကိုယ်ထည်ပိုင်းအကွယ်အကာတွေ ဝတ်ဆင်ရပါသေးတယ်။ အိုလံပစ် show jumping ပြိုင်ပွဲတွေမှာဆိုရင် အလိမ့်အလှည့်၊ အကာအရံအတားအဆီးများစွာရှိတာကြောင့် မြင်းအတွက်လည်း လည်ရှည် boot၊ အထူးပြုလုပ်ထားတဲ့ ကုန်းနှီး၊ ဇက်ကြိုးနဲ့ လိုအပ်တဲ့အကာအကွယ်ဝတ်စုံတွေအားလုံး စီးသူအတွက်ပါ ပြည့်စုံအောင် ဝတ်ဆင်ဖို့ အရေးကြီးပါတယ်။
၂၀၁၂ နွေရာသီအိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုနှစ်ဆု (တစ်ဦးချင်း/ အသင်းလိုက်) ရရှိခဲ့တဲ့ ဗြိတိသျှ dressage မြင်းစီးချန်ပီယံမလေး ရှားလော့ထ်ဒူးဂျာဒင်း(Charlotte Dujardin) ရဲ့ အတ္ထုပတ္တိအကျဉ်းချုပ်လေး ဖော်ပြပေးလိုက်ပါတယ်။
Charlotte Dujardin
လူမျိုး - ဗြိတိသျှ
မွေးရက် - ၁၃ ဇူလိုင်၊ ၁၉၈၅
မွေးရပ် - London Borough of Enfield
နည်းပြ - Carl Hester
ရရှိခဲ့တဲ့ ဆုတံဆိပ်များ
Olympic finals - 2012 Summer Olympics, Gold, team dressage
2012 Summer Olympics, Gold, individual dressage
Medal record
Competitor for  United Kingdom
Olympic Games
Gold 2012 London Team dressage (with Valegro)
Gold 2012 London Individual dressage (with Valegro)
European Championships
Gold 2011 Rotterdam Team dressage (with Valegro)
ရွှေရောင်ကြယ်ပွင့် ရှားလော့ထ်ဒူးဂျာဒင်းအကြောင်း ပြုံးရယ်ပျော်ရွှင်စရာလေးတွေ
ဒူဂျာဒင်းရဲ့ နာမည်ပြောင်က “နောက်တီးနောက်တောက်” တဲ့။ dressage နည်းကိုပဲ လေ့ကျင့်ဖြစ်ခဲ့တာကတော့ ငယ်ငယ်တုန်းကတော့ showing ကို ကစားခဲ့ပြီး နောက်ပိုင်းမှာ dressage မြင်းစီးပုံစီးနည်းတွေကို ပိုပြီးလေ့ကျင့်ဖြစ်ခဲ့တယ်။ ပိုပြီး ချစ်မက်လာခဲ့ပါတယ်။ ၂ နှစ်အရွယ်ကတည်းက မြင်းစီးစသင်ခဲ့တယ်ဆိုတော့ အခုထိ မြင်းစီးသက်တမ်းက ၂၅ နှစ်တောင်ရှိနေခဲ့ပါပြီ။ အကြာကြီးပဲနော် လို့ သူမကပြောပါသေးတယ်။ အချစ်ဆုံးမြင်းတစ်ကောင်ကို ပြောပြရမယ်ဆိုရင် အရင်က ပိုနီမြင်းပုမျိုး မြင်းမလေး Dyan ကို သိပ်ချစ်ခဲ့တယ်။ အခုလက်ရှိ အချစ်ဆုံးကတော့ Valegro ပါ။ သူက အင်မတန်ချစ်စရာကောင်းတယ်။ သူ့ မြင်းဇောင်းကိုတောင် သူ့ဘာသာတံမြက်စည်း လှည်းတတ်သူပါ။ ကျွန်မ လေကျင့်ဖို့၊ ပြိုင်ပွဲဝင်ဖို့ သူ့ကို ခေါ်ထုတ်လာတိုင်း သူဟာ ကြော့ကြော့မော့မော့နဲ့ အမြဲ အသင့်ဖြစ်နေတတ်လို့ အချစ်ပိုရတယ်။ Valegro နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်တွေရရှိခဲ့တာ ယုံကြည်ဖို့တောင် ခက်နေခဲ့သေးတာ။ အောင်မြင်မှုတွေက သိပ်ကို မြန်နေတော့ အံ့သြဖွယ်ရာပေါ့။ ဂျာမနီက Aachen ကွင်းကို ကျွန်မ သဘောကျတယ်။ လေထုနဲ့ မြေနေရာအနေအထားက ကျွန်မအတွက် တစ်သက်မမေ့ရက်စရာပါပဲ။ Greenwich လည်း ထပ်ထည့်ချင်ပါသေးတယ်။ အဲဒီမှာ ကွင်းအပြင်အဆင်က စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ။ အားလပ်ရက်တုန်းက ကျူးဘားကို ရောက်ခဲ့တာ မယုံနိုင်စရာကောင်းလောက်အောင် သဘောကျဖို့ကောင်းတဲ့နေရာပါပဲ။ အားလပ်ရက် အပမ်းဖြေခရီးထွက်မယ်ဆိုရင် ကျွန်မတော့ အဲဒီနေရာကိုပဲ ညွှန်းလိုက်ချင်တော့တယ်။ အကြိုက်ဆုံးရုပ်ရှင်က “Pretty Woman” အမြဲတမ်းအတွက် အကြိုက်ဆုံ classic ရုပ်ရှင်ပေါ့။ ကျွန်မကိုယ်ကျွန်မ တစ်ခုခု ပြောင်းလဲနိုင်မယ်ဆိုရင်တော့ ခြေထောက်တွေ ဒီ့ထက်ပိုပြီး ရှည်ရှည်လျားလျားဖြစ်အောင် ပြောင်းကြည့်ချင်ပါတယ်။        ။
နေခြည်ခ
Ref :
http://www.horseandrideruk.com/article.php?id=2426
http://en.wikipedia.org/wiki/Riding_Horse
http://www.bbc.co.uk/sport/0/equestrian/20766671 
Living Fashion Magazine, February, 2013