Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, April 27, 2013

အတည်မကျ

အိပ်မက်(တစ်)
လူတွေများပြားလှတယ်။ သူတို့ဟာ ဝတ်ကောင်းစားလှတွေဝတ်စားလို့၊ အမွှေးနံ့သာရည်တွေလိမ်းကျံလို့ ဝန်းကျင်တစ်ခုလုံး မွှေးကြိုင်နေတယ်။ သူတို့အားလုံးဟာ တိုင်ပင်မထားကြဘဲနဲ့(တိုင်ပင်ထားကြဟန်လည်းတူတယ်)တစ်ယောက်ကတစ်ယောက်ကိုလက်ဆွဲနှုတ်ဆက် နေကြတယ်။ တစ်ယောက်က တစ်ယောက်ကှို တစ်ဆင့်ပြီးတစ်ဆင့် မိတ်ဆက်နေပေးလို့ ခုမှစတင်သိကျွမ်းကြပေမယ့်လည်း ရှေးရှေးဘဝ ကတည်းက ဖူးစာဆုံစည်းဖူးတဲ့သူတွေလို တစ်ယောက်ကတစ်ယောက်ကို ပါးချင်းဘယ်ပြန်ညာပြန်အပ်လို့ပွေ့ဖက်နှုတ်ဆက်နေကြတယ်။ တစ်ယောက်က တစ်ယောက်ကို အပြုံးတွေရက်ရောနေကြတယ်။ မပွေ့ဖက်ခင်မှာလည်း ပြုံးပြတယ်။ ပွေ့ဖက်အပြီးမှာလည်း ပြုံးပြတယ်။ ကျောခိုင်းလှည့်ထွက်သွားတော့ လည်း မျက်နှာတွေက တပြုံးပြုံးနဲ့။ အဲဒီအပြုံးတွေက အမှည့်လွန်သစ်သီးတွေလို အရည်တရွှမ်းရွမ်းထွက်နေကြတယ်။ 

အန်ကောဝပ် ကျောင်းတော်မဟာ

ယခုအခါ ယူနက်စကို၏ သတ်မှတ်စံထားချက်အရ အန်ကောဝပ်သည် ကမ္ဘာတွင် အကြီးဆုံး ခန့်ညားထယ်ဝါမှုအရှိဆုံးကမ္ဘာ့အံ့ဖွယ်အဆောက်အဦးဖြစ်သည်။မြေပြင်မှ ၆၅မီတာအမြင့်တွင်ရှိ၍ ပုဂံမှ သဗ္ဗညုစေတီတော်သည် ၆၁မီတာသာရှိသည်ဟု သိရသည်။အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံ  ပုဂံမြို့မှ သဗ္ဗညုဘုရားနှင့် ကမ္ဘောဒီးယားမှ အန်ကောဝပ်ဘုရားကျောင်းတို့သည် ပိသုကာလက်ရာတွင် အထူးချွန်အပြောင်မြောက်ဆုံး အဆောက်အဦးများအဖြစ် ထင်ရှားကျော်ကြားလှ၏။
ကျုံးကိုဖြတ်ကျော် တမျှော်တခေါ် ရှုကြည့်လိုက်ရင် …နောက်ဘက်အုတ်တံတိုင်းမှသည်….ဖြူလွလွမိုးတိမ်များဆီသို့
တည်နေရာ - ကမ္ဘောဒီးယားနိုင်ငံ ဆင်း(မ်) ရိ(ပ်)ပြည်နယ်
အမည်ရင်း - ပရာဆပ် အန်ကော ၀ပ်(Prasat Angkor Wat)
ဗိသုကာစတိုင်-  ခမာ၊ ဒရာဗွီဂျင်(Khmer, Dravidian)
တည်ဆောက်သည့် နေ့စွဲ - ၁၂ရာစု 
တည်ဆောက်သူ - ဆာရာဗာမင် II/ ဆမူဒရာ ဂု (ပ်)တား
၁၂ရာစုအစောပိုင်းကာလ ခမာအင်ပါယာ ထွန်းကားစဉ် ယာဆိုထရာပူရာအရပ် (ယခု အန်ကောဒေသ)  ဘုရင်ဆာရာဗာမင် IIက (1113_c.1150တွင်) နိုင်ငံပိုင်ဘုရားကျောင်းကို  ခန့်ညားထယ်ဝါစွာ တည်ဆောက်ခဲ့သည်။

အန်ကောဝပ်သည် ပိဿနိုးနတ်မင်းအားရည်ညွှန်းဆောက်လုပ်သော ကမ္ဘာ့အကြီးဆုံးဘာသာရေးအထိမ်းအမှတ် ဟိန္ဒူဘုရားကျောင်း အဆောက်အဦကြီးဖြစ်သည်။ သို့ရာတွင် နောင်အခါ ဗုဒ္ဓဘာသာ အဆောက်အဦးအဖြစ်ထင်ရှားခဲ့သည်။ 5.5 ကီလိုမီတာ (၃.၄မိုင်)ရှီသည်။ "၀ပ်”ဆိုသည်မှာ “ဘုရားကျောင်းပရ၀ဏ်" ဟု အဓိပ္ပါယ်ရသည်။ ဆောက်လုပ်ရာတွင် ဂ၀ံကျောက် အုတ် စသည်တို့ထက် သဲကျောက်ကို အများဆုံးသုံးထားကြောင်းသိရသည်။ အန်ကောဝပ်တွင် အလယ်မျှော်စင်မှ ထိုးထွက်လျက်ရှိသော  ဒေါင့်မှန်စတုဂံပုံ ပြခန်းသုံးခုသည်  ဗြဟ္မာ၊ လစန္ဒာ နှင့် ပိဿနိုးနတ်မင်းကြီးတို့အား တို့အားရည်ညွှန်းဆောက်လုပ်ထားကြောင်းအဆိုရှိသည်။
ကောင်းကင်မှ မြင်ရသည့် တောအုပ် စိမ်းစိမ်းထူထူကြားက ခန့်ခန့်ထည်ထည် လျို့ဝှက်တည်ရှိနေတဲ့ အန်ကောဝပ်ဘုရားကျောင်း
 ကျောက်ကိုထွင်းထုထားသော ရှေးဘာရတဇတ်ဝင်ခန်း သရုပ်ဖေါ်ကကွက်မှ ကခြေသည် နတ်မိမယ်များ 
ကမ္ဘောဒီးယားသည် အန်ကောဝပ် ဘုရားကျောင်းကြောင့် ပိုမို ဂုဏ်ရည်မြင့်မားခဲ့ရသလို ခရီးသွားမြို့တော် 
 “Angkor Tourist City “  အဖြစ် ကမ္ဘာက အတည်ပြု သိမှတ်ထားပြီ ဖြစ်သည်။ ရှေးဟောင်း ဟိန္ဒူ ဒဏ္ဍာရီလာ အသူရာနှင့် ဒေ၀တာတို့ ခြံရံလျက် ပိဿနိုးနတ်မင်းအား ကျောက်ဆစ်ဖေါင်းကြွ လက်ရာအသွင် တွေ့မြင်နိုင်သည်။ Kurma အဖြစ် ၀င်စားလာသည့် ကမ္ဘာလိပ်ကြီးကိုလည်း နွားနို့ ပင်လယ်ထဲတွင် ကူးခတ်နေသည်ကို  ဖေါင်းကြွ ရုပ်လုံးအသွင်တွေ့မြင်နိုင်ပါသည်။

အတွင်းဘက်နံရံများတွင် ဟိန္ဒူမော်ကွန်းတင်ဝတ္ထု ရာမယနနှင့် မဟာဘာရတ ၀တ္ထုပါ သရုပ်ဖေါ်ဇတ်ကွက်ဇတ်လမ်းများ ထွင်းထုထားသည်။ အလောင်းတော်ရာမက  ရာဝဏ အား  နှိမ်နင်းခန်းပါဝင် ထုဆစ်ထားသော သရုပ်ဖေါ်လက်ရာများပါဝင်သည်။ ငရဲခန်း၃၂ခန်း ဘုံခန်း၃၇ခန်းကိုလည်း သရုပ်ဖေါ်ထုဆစ်ထားသည်။ ထေရ၀ါဒ ဗုဒ္ဓဆင်းတုတော်များ၏မျက်နှာများကို အများဆုံး ဖေါင်းကြွပန်းပုအသွင် ထုဆစ်ထားသည်ကိုလည်း တွေ့မြင်နိုင်သည်။ အန်ကောဝပ်ကို တည်ဆောက်ခဲ့ပုံ အသေးစိပ်စီမံချက်များ(ဂရိနှင့် ရောမတို့၏ လက်ရာများနှင့် နိုင်းယှဉ်ကြည့်က ထူးခြားသော ခမာလက်ရာကို မြင်တွေ့နိုင်သည်။

ကျောင်းတော်ရှေ့မှ ကြက်ခြေခပ်ပုံစံ(လက်ဝါးကပ်တိုင်ဆန်သော) လှေခါးထစ်ကုန်းမြင့်ကို အန်ကောဝပ်ပုံစံငယ်တွင် ခုလို  တွေ့မြင်နိုင်သည်။ ဘုရားကျောင်းမှ ကျောက်သားများသည် ချောမွတ်တောက်ပြောင်သော စကျင်ကျောက်ဖြူသားဖြင့်လည်း အသုံးပြုတည်ဆောက်ခဲ့သည်။ တည်ဆောက်စဉ်က စက်ပစ္စည်းအကူမပါ လက်မှုပညာသက်သက်ဖြင့် ခိုင်မြဲအောင် တည်ဆောက်နိုင်ခြင်းသည်အံ့သြ ဂုဏ်ယူရမည်ဖြစ်သည်။ အန်ကောဝပ်သည် အရှေ့တွင် တည်ရှိသော်လည်း အနောက်သို့ယိမ်းသည်ဟု ပညာရှင်အချို့က ဆိုသည်။တည်ဆောက်သူ ဘုရင် ဆာရာဗာမင်သည် ဗြဟ္မာဏတို့ ထုံးတမ်းစဉ်လာနှင့်အညီ မိမိသက်မဲ့ခန္ဓာအား နောင်တနေ့ ဂူသွင်း မြုပ်နှံရန်ရည်စူး၍ ဂူဗိမာန်သဏ္ဍာန် အဆောက်အဦတခုကို တည်ဆောက်ခဲ့ပုံရသည်။ေ ရှးဟောင်းသုတေသနပညာရှင် ပြင်သစ်လူမျိုး ဒေါက်တာ ချားလ်ဟိုက်ခ်ျမင် သည် အသုဘဆိုင်ရာ အိုးတလုံးပါရှိသော အလောင်းနေရာချထားနိုင်မည့် ကုန်သေတ္တာတခုကို  အလယ်ခန်းမျှော်စင် မှ ရှာဖွေ တွေ့ရှိရကြောင်း ဖေါ်ထုတ်ကြေညာခဲ့သည်။ 

၁၃ရာစုအနှောင်းပိုင်းတွင် ကျောင်းတော်ကြီးသည် ဟိန္ဒူဆန်ဆန်တည်ရှိနေရာမှ ထေရ၀ါဒ ဗုဒ္ဓဘာသာသို့ အသွင်ကူးပြောင်း ယိမ်းယိုင်သွားကြောင်းနှင့် ထိုအခါကစ၍ ဘုရင်ကိုယ်တိုင် ဗုဒ္ဓဘာသာစစ်စစ်ကို ဆည်းကပ်ကိုးကွယ်လာသည်မှာ ယနေ့အထိဟု  သမိုင်းများကဆိုသည်။ ကမ္ဘောဒီးယားအား ထိုင်းတို့ ခေတ္တသိမ်းပိုက်ထားပြီးပြန်လည်ထွက်ခွာသွားစဉ် အန်ကောဝပ်အား စွန့်ပြစ်ထားခဲ့ရာမှ ပြင်သစ်တို့ ၀င်ရောက်လာပြီးနောက် ပြန်လည် တူးဖေါ်ထိမ်းသိမ်းစောင့်ရှောက်ခဲ့သည်။ ၁၅၈၆တွင် နိုင်ငံရပ်ခြားခရီးသွားများ ၀င်ရောက်ခဲ့ရာ ပေါ်တူဂီလူမျိုး အန်တိုနီယိုမက်တယ်လီနို က “ကျောင်းတော်ကြီးရဲ့ တည်ဆောက်မှုပိသုကာပညာကတော့ ထူးထူးခြားခြား လွန်လွန်ကဲကဲ ပါပဲဗျာ..စာနဲ့ ရေးဖွဲ့လို့ကုန်မယ်မထင်ပါဘူး။ အထူးသဖြင့် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အဆောက်အဦးနဲ့ မဆို ပေါ့။ အန်ကောမှာရှိတဲ့ဘုရားကျောင်းတွေထဲကမှ အန်ကောဝပ်က ပို ပိုပြီးအံ့သြဖို့ ကောင်းပါတယ်" ဟု ပြောခဲ့သည်။ သဘာ၀၀န်းကျင်ဆိုင်ရာ ပြင်သစ်သုတေသနမှူး ဟင်နရီ မိုဟော့ထ် က   “ဒီဘုရားကျောင်းတွေထဲက တခုဖြစ်တဲ့ အန်ကောဝပ်ဟာ ဆောလမွန်ခေတ်နဲ့  အပြိုင်ပါ။ ရှေးဟောင်း အီတာလျှံ ပိသုကာဆရာကြီး ကဗျာဆရာ Michelangeloဆောက်လုပ်တဲ့ အဆောက်အဦးတွေလို ဂုဏ်ယူစရာကောင်းပါတယ်။ ရောမနဲ့ ဂရိတို့ရဲ့ လက်ရာတွေထက်လည်း  သာပါတယ်" ဟု ပွင့်လင်းရိုးသားစွာချီးကျူးခဲ့သည်။ ၁၉၇၀ မှ၁၉၈၀အတွင်း ခမာနီ အစိုးရ လက်ထက် ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရာ ရှေးဟောင်းယဉ်ကျေးမှု လက်ရာ အများအပြား ခိုးယူခြင်း ဖျက်ဆီးခြင်း ခံခဲ့ရသည်။

ယနေ့ အန်ကာဝပ်တွင် ဟွန်ဆန်အစိုးရကထိုင်းနှင့် သူပိုင် ငါပိုင် အငြင်းပွားပြီးနောက် ကြပ်မတ်ထိန်းသိမ်းစောင့်မှုများ အားသွန်ခွန်စိုက် ပြုလုပ်ခဲ့သည်။ The German Apsara  Conservation Project (GACP) uက ပျက်စီးယိုယွင်းနေသောကျောက်ဆစ်လက်ရာ  ဖေါင်းကြွ ရုပ်လုံး များကိုကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ 1992တွင် ထူထောင်သော အန်ကော World Heritage Site ကလည်း ရံပုံငွေများထူထောင်၍ ပြုညပင်မွန်းမံခြင်း ထိန်းသိမ်းစောင့်ရှောက်ခြင်းများတိုးမြှင့် ပြုလုပ်ခဲ့သည်။   

Florist
source : Wikipedia/ Internet 

ရှမ်းပြည်နယ်ရဲ့ အသည်းနှလုံး

အင်းလေးကန်
တည်နေရာ _ ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်
အမျိုးအစား - ထုံးကျောက်ရေအိုင် / polymictic lake
(လွန်ခဲ့သောအနှစ်၁၀သန်းကပင် တည်ရှိခဲ့။ ရှမ်းကုန်းမြေမြင့်သည် ထုံးကျောက်ကြွယ်ဝသဖြင့် ရေတိုက်စားရာမှ ချိုင့်ဝှမ်းဖြစ်ပေါ်စေပြီး ထုံးကျောက်အိုင်ဖြစ်လာသည်။အချို့ ဘူမိပညာရှင်တို့ကမူ အက်ကြောင်နှစ်ခုအကြား အလယ်ဗဟို လျောကျမှုမှ ချိုင့်ဝှမ်းဖြစ်ပေါ်စေပြီး ရေအိုင်ဖြစ်လာသည်ဟု ဆိုသည်။ ထုပြတ်ရွေ့ Block Faulting ဟုခေါ်သည်။)
မျက်နှာပြင်ဧရိယာ - 44.9sq mi (116km2 )          
(ယခင်ကန်ရေပြင်သည် ပေ၃၀၀ခန့် မြင့်တက်ခဲ့သည်ဟု ဆိုသည်။)
ပျမ်းမျှအနက်………………..ခြောက်သွေ့ရာသီတွင်..5 ft (1.5m)…မုတ်သုန်ရာသီတွင် +5 { 12ft (3.7m)}
ပင်လယ်ရေမျက်နှာပြင်အထက် 2,900ft (880m)တွင် ရှိသည်။
Nam pilu မှ စတင်စီးဆင်းသည်။

အင်းသားများနှင့် အတူ..ရှမ်း။ တောင်ရိုး။ ပအို့။ ဓနု။ကယား၊ ဓနော်။ဗမာ စသည် စုပေါင်းနေထိုင်ကြသည်။အများစုမှာ ဗုဒ္ဓဘာသာများဖြစ်သည်။ အလှူအတန်းတွင် ရက်ရောသည်။ အင်းလေးကန်သည် ရှမ်းပြည်နယ်၏ အသည်းနှလုံးပမာ တခုတည်းသော အဖိုးထိုက်ရတနာ ရေကန်ကြီးဖြစ်သည်။ေ တာင်ကြီးမြို့၏ ၃၀ကီလိုမီတာအကွာ တွင် တည်ရှိသည်။ပြာသောတောင်တန်းနှင့်  မြူခိုးများပိတ်ဆီးနေပုံမှာအင်းလေးကန်၏တမူ လှပထူးခြားသော ရှုခင်းဖြစ်သည်။ပင်လယ်ရေမျက်နှာပြင်အထက် မီတာ  ၉၀၀ ခန့် တွင် တည်ရှိသည်။ aရပေါ်မျောနေသော မြို့ကလေးတမြို့ နှင့် တူသည်။ အင်းဈေးသည် ရေပေါ်ဈေးဖြစ်သည်။ လှေဖြင့် လှော်ခတ်သွားလာ ရောင်းချကြသည်။အရောင်အသွေးစုံ ကုန်မျိုးစုံ သီးနှံစုံ လှေချင်းယှဉ်၍ ၀ယ်ယူ ရောင်းချကြသည်။ မြေသြဇာကောင်းမွန်သော ကျွန်းမျောများကိုလည်း ဖြတ်တောက် ရောင်းချကြသည်။

အင်းလေး၏ ထူးခြားချက်တခုမှာ အင်းသားတို့သည် လှေကိုတဘက်တည်းသော  ခြေဖြင့် မတ်တတ်ရပ် လှော်ခတ် ကြခြင်းပင် ဖြစ်သည်။ ဟဲယာရွာမသည်  နေ့စဉ်ရေပေါ်ဈေးအရောင်းအ၀ယ် အများဆုံးနေရာ ဖြစ်သည်။ အင်းပေါခုံရွာမှာ လက်မှုပညာထွန်းကားသဖြင့် ပိုးသားလက် ယက္ကန်းထည်အများအပြားထွက်ရှိရာ  ကမ္ဘာတလွှား နာမည်ကျော်ထင်ရှား သည်။
နိုင်ငံခြားသားများအလွန်တန်ဘိုးထားဝယ်ယူကြသည်။ အင်းလေးကန်အတွင်း တည်ရှိသော ဖေါင်တော်ဦးဘုရားမှာလည်း အထူးကျော်ကြားသည်။ နှစ်စဉ် ဖေါင်တော်ဦးဘုရားပွဲကို အောက်တိုဘာလတွင် ကျင်းပကြသည်။ ထို ဖေါင်တော်ဦးဘုရားပွဲတွင် မတ်တပ်ရပ် ခြေဖြင့်လှော်ခတ်သော အင်းသားတို့ကို အပြိုင်အဆိုင် အများအပြားတွေ့ရှိနိုင်သည်။ ရိုးရာလှေပြိုင်ပွဲလည်းကျင်းပကြသည်။  ဒီဇယ်အင်ဂျင်တပ် စက်လှေများလည်းရှိသည်။ ရိုးရာစတိုင် လက်ဖြင့်လည်းထိုင်၍လှော်ခတ်ကြသည်။မတ်တတ်ရပ်၍ ခြေဖြင့် လှော်ခတ်သလို မတ်တတ်ရပ်၍ လက်ဖြင့်လည်း လှော်ခတ်ကြပါသည်။

အင်းလေးကန်ကို မို့မောက်သော တောင်ပြာတန်းများက ပတ်လည်ကာရံထားပြီး ညအခါ မီးရောင်စုံဖြာယှက်နေသော အင်းလေးကန်၏ ရှုခင်းလှလှကို ရှုမငြီးစရာတွေ့မြင်နိုင်သည်။မုတ်သုန်ရာသီတွင် ပို့ချထားသော နုံးမြေမျာက စိုက်ခင်းအတွက် မြေသြဇာကို ဖြစ်စေသဖြင့် သီးနှံစပါး ဖြစ်ထွန်းအောင်မြင်သည်။
အင်းလေးကို အလယ်အပတ်ခရီးထွက်လိုပါက စက်တင်ဘာလနှင့်အောက်တိုဘာလအတွင်း သွားလျှင် အဆင်ပြေသည်။ သီတင်းကျွတ်မီးထွန်းပွဲကိုလည်း တွေ့မြင်နိုင်သည်။ ပိုးသားယက်ထည် အင်းလေးလက်ဖြစ် လြုံခည်များကို  တိုးရစ်များက အားပေးဝယ်ယူကြသည်။ အင်းလေးကန်၏ အလှသည် ကမ္ဘာတွင် တုနှိုင်းစရာမရှိပေ။ ခြေဖြင့်လှော်ခတ်သွားလာနေကြသည့် လူငယ် လူရွယ်များ၏ ဟန်ပန်သဏ္ဍာန်တို့မှာ မြင်ရသူအဖို့ အဆန်းတကျယ် ဖြစ်စေသည်။ မျက်စိပသာဒလည်းရှိနေသည်။ လှော်ခတ်ပုံမှာလည်း မြန်ဆန်၍ လှေကို ငြိမ်သက်ညီမျှစေရန် ပဲ့ပိုင်းကို ကျွမ်းကျင်စွာ  ထိမ်းချုပ်နိုင်စွမ်းရှိသည်။ အင်းသားတံငါသည်တို့မှာ မိုးလင်းလျှင်လင်းချင်း သားငယ် သားကြီးတို့ အကူအညီကို ရယူရင်း အလုပ်အမြဲရှုပ်နေကြသည်။ ငါးဖမ်းသည့်နည်းပညာမှာလည်း အံ့တပါးပါပေ။ကံတော့ပုံသဏ္ဍာန်ရှိသော ငါးဖမ်းပိုက် ကရိယာကို ရေမှာချ၍ မတ်တတ်ရပ်လျက်ဖြစ်စေ ထိုင်လျက်ဖြစ်စေ  လှံ မှိန်းစသည် အချွန်ရှည်နှင့် ငါးကို ထိုးယူဖမ်းဆီးသည်။

လှေကို တဘက်တည်းသောခြေဖြင့် လှော်ခတ်သွားလာကြသည့် နည်းပညာမှာ အလွန်အံ့စရာကောင်းသည်။ မိန်းမယောက်ျား ခလေးလူကြီးမရွေး ကျွမ်းကျင်စွာ  လှေပဲ့ကို ထိမ်းနိုင်စွမ်းသဖြင့် လှော်ခတ်ကြသည်။
အင်းလေးကန်ကမ်းစပ်တလျှောက် အသွင် အမျိုးမျိုး ကွဲပြားခြားနားသော အိမ်ကလေးများကိုလည်းတွေ့မြင်နိုင်ပါသည်။အိမ်အတွင်းမှာ ပြည်တွင်းဖြစ်ဆေးပေါ့လိပ်သောက်နေသည့် အဖွားတယောက်နှင့်အတူ့ ကြာရိုးမျှင်နှင့် ပိုးသားကို ရောစပ်၍ ကြာသက္ကင်္န်း ယက်လုပ်နေသည့် အင်းသူမလေးတယောက်ကို တွေ့ရသည်။

ရှမ်းဖက်ဆေးပေါ့လိပ်သည်လည်း ထွက်ကုန်တမျိုးဖြစ်သည်။ ရှမ်းသနပ်ဖက်၊ လက္ဘက်ရွက် သည်လည်း  ရှမ်းပြည်နယ်၏ အဓိက ထွက်ကုန်ဖြစ်သည်။ ရှမ်းပင်နီအချောစား အကြမ်းစားရှိသည်။အချောစားမှာ  ပြည်တွင်းဖြစ် နုညက်သော ရှမ်းယက်ထည်ဖြစ်၍ နာမည်ကြီးကျော်ကြားသည်။ အိမ်တွင်း လက်ဖြစ် ပိုးထည်လုပ်ငန်းသည်လည်း ရှမ်းပြည်နယ်၏ စီးပွားရေးကို ပါဝင်ကူညီဖြွံ့ဖိုးစေသည်။ ကမ္ဘောဒီးယားနိုင်ငံမှာကဲ့သို့ အင်းလေးတွင်  ရိုးရာ ရုပ်သေးပွဲများကိုလည်း မြင်တွေ့နိုင်သည်။ ယခု ရုပ်သေးကြိုးဆွဲ ပြသနေသည့် လူငယ်ကလေးက “သူ့မိသားစုဟာ ဘိုးစဉ်ဘောင်ဆက် ရုပ်သေးကြိုးဆွဲလာတာ ပါ။ သူဟာ ပဉ္စမမြောက် မျိုးဆက် ဖြစ်ပါတယ်" တဲ့။ သူကမွေးဖွားလာမယ့် သားကိုလည်း ရုပ်သေးကြိုးဆွဲ ပညာ သင်ပေးအုံးမှာပါ" တဲ့။ အင်းလေးတွင် ခရမ်းချဉ်သီး စိုက်ခင်းများကို အနီရောင် အစိမ်းရောင် အ၀ါရောင် စုံလင်စွာ  လှလှပပ တမျှော်တခေါ် ထူးထူးခြားခြားမြင်တွေ့နိုင်သည်။ ခရမ်းချဉ်သည်လည်း အဓိက ထွက်ကုန်ပင်ဖြစ်သည်။ မြေပေါ်တည်ခင်းရောင်းချသည့် ၅ရက်တဈေးလည်းရှိသည်။

အစားအစာ
ငါးထမင်းချဉ်သည် အင်းလေးဒေသ၏ ရိုးရာအစာဖြစ်သည်။ဧည့်လာလျှင် ခရမ်းချဉ်သီး အာလူး ငါးဖယ် မကျည်းသီးမှည့်စသည် အမွှေးအနံ့အရသာစုံဖြင့် လုံးဝန်းသော အသွင်သဏ္ဍာန်ရှိ ထမင်းချဉ်သုပ်ကိုဂျူးမြစ် ကြက်သွန်ဖြူကြော်  ကြက်သွန်နီကြော် ဆီချက် နိုင်းချင်းဖြင့်လှပခန့်ညားစွာ တည်ခင်း ဧည့်ဝတ်ပြုလေ့ရှိသည်။ ၄င်းပြင် ပဲပုပ်၊ ငါးချဉ်၊တိုဟူးခြောက်ကြော်တို့သည် အင်းလေးဒေသထွက် အစားအစာအဖြစ် အလွန်ထင်းရှား လူကြိုက်များကြသည်။ အင်းလေးဒေသရိုးရာ အစားအစာများသည် အင်းလေး၏ အဓိက ထွက်ကုန်များသာဖြစ်သည်။ အိပဲ့အိပဲ့ရွေ့ရွေ့သွားနေသည့်ရေပေါ်ရေမျော ကျွန်းမျော ဥယာဉ်ခြံမြေကလေးများ သီးနှံ စိုက်ခင်းကလေးများ ကို ဆန်းကျယ်စွာ မြင်တွေ့နိုင်သည်။ငါးမျိုးစိတ် အများမပြားရှိသည့်အနက် ငါးဖိန်းသည် အပေါများဆုံးဖြစ်သည်။ ဆန်စပါးကိုလည်းစိုက်နိုင်သလို ရှမ်းဆန်သည် နာမည်ကြီးသည်။

ခရီးသွားဧည့်သည့်များကို ဆွဲဆောင်နိုင်သည့် အင်းလေးဒေသ ကို သွားရောက်လည်ပတ်လိုသူတို့ အနီးဆုံးအသုံးပြုနိုင်သည့်ဟဲဟိုးလေဆိပ်ရှိသည်။ ၃၅ကီလိုမီတာသာဝေးသည့် ဟဲဟိုးလေဆိပ်နှင့် ဆက်သွယ်နိုင်ပြီး ရန်ကုန်ဖလိုက် မန္တလေးဖလိုက်တို့ နှင့်လည်းဆက်သွယ်နိုင်သည်။ ရန်ကုန်နှင့် ကားလမ်းအားဖြင့် ၆၆၀မိုင် မန္တလေးနှင့် ကားလမ်းအားဖြင့် ၃၃၀မိုင်သာ ကွာဝေးပါသည်။ ဗေဒါသည် သူ၏ဇာတိမဟုတ်သော်လည်း လွန်ခဲ့သည့် နှစ်နှစ်ဆယ်မှစ၍ ပြန့်ပွားလာခဲ့သည်။ ရေမှော် မြက် ပေါင်းပင်တို့ကိုလည်း မကြာ မကြာ သုတ်သင်ပြစ်ရသည်။ လူသေလျှင်လည်း ရေမှာ ချ၍ မြှုပ်နှံကြသည်။ အင်းလေးဒေသ၏ ထွက်ကုန်တမျိုးမှာ ရှမ်းလွယ်အိပ်နှင့် ရှမ်းရိုးရာ ရှမ်းပင်နီ အင်္ကျီအ၀တ်အထည် စသည်တို့ဖြစ်သည်။ ကြာပန်းရိုးမျှင်များဖြင့် ယက်လုပ်သည့် ကြာသင်္ကန်းကို သီးတင်းကျွတ်ချိန်တွင်  ဗုဒ္ဓဘုရားရှင်အား ကပ်လှူပူဇော်ကြသည်။

၂၀၁၀ခုနှစ် နွေရာသီက အပူရှိန်မြင့်တက်မှုကြောင့် ကန်ရေမျက်နှာပြင်သည် နှစ်၅၀အတွင်း  အနိမ့်ဆုံးသို့ ကျရောက်ခဲ့သည်။ရေပေါ်ဈေးနှင့် ရေပေါ် စိုက်ခင်းများအတွက် စိုးရိမ်စရာဖြစ်ခဲ့သည်။  လျှပ်စစ်မီးနှင့်သောက်သုံးရေအတွက် လောပီတ ရေအားလျှပ်စစ်ကို  ရန်ကုန်မှ လက်ခံ၍ ဖြန့်ဝေပေးရသည်။ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်အား တိုးမြှင့်သည့်အနေဖြင့် ယခုအခါ ဟိုတယ်ဇုံ ဆောက်လုပ်ရေးစီမံကိန်းကို စတင် အကောင်အထည်ဖေါ်နေပြီဖြစ်သည်။ အချို့က ကန့်ကွက်နေသည်။ကန်တလျှောက် ချစ်စဖွယ် ရိုးရာအိမ်ကလေးများကို တွေ့မြင်နိုင်မည်။ ရှေးဟောင်းစေတီများကို ဖူးမျှော်နိုင်သည်။ မတ်လတွင် နိုင်ငံခြား ခရီးသွားများဖြင့်စည်ကားလှ၏။ အင်းလေးကန်အား သဘာဝဘေးအန္တရယ် ၏ ခြိမ်းခြောက်မှုများလည်း ရှိနေသဖြင့်သဘာ၀၀န်းကျင် စောင့်ရှောက်ထိန်းသိမ်းလို သူများအတွက် စိန်ခေါ်မှုများလည်း အတော်အတန်ရှိနေပါသည်။        ။

Living Fashion Magazine, May, 2013
ခင်မေသစ်
source : Wikipedia/ internet

Saturday, April 20, 2013

ပဋိပက္ခနည်းလမ်းဟောင်းတွေထဲက မြောက်ကိုးရီးယား

“ငယ်ငယ်တုန်းကတော့ ကျွန်မရဲ့တိုင်းပြည်ဟာ ဒီဂြိုဟ်ကမ္ဘာကြီးမှာ အကောင်းဆုံးတိုင်းပြည်လို့ပဲထင်ခဲ့တာပါ။ “အားကျစရာ ဘာမှမရှိ” ဆိုတဲ့သီချင်းတစ်ပုဒ်ကို သီကြွေးပြီး ကျွန်မ ကြီးပြင်းလာခဲ့တယ်။ ကျွန်မ ဂုဏ်ယူနေခဲ့တာပါပဲ။ ကျွန်မ အသက် ၇ နှစ်အရွယ်၊ လူမြင်ကွင်းမှာသေဒဏ်စီရင်ခဲ့တာကိုမြင်တွေ့လိုက်ရတာတောင် မြောက်ကိုးရီးယားကကျွန်မဘဝဟာ ပုံမှန်ပါပဲလို့ တွေးခဲ့တယ်” 
မြောက်ကိုးရီးယားက မိန်းမငယ်လေး ဟီယွန်ဆီအိုလီ ပြောပြခဲ့တာပါ။ လီ မြောက်ကိုးရီးယားမှာမွေးဖွားခဲ့ပြီး ၁၉၉၇ မှာ နိုင်ငံကို စွန့်ခွာခဲ့တယ်။ အခုတော့ လီက တောင်ကိုးရီးယားမှာနေထိုင်နိုင်နေပါပြီ။ မြောက်ကိုးရီးယားဒုက္ခသည်တွေအတွက် တက်ကြွလှုပ်ရှားသူ အဖြစ် လီ လုပ်ဆောင်နေပါတယ်။ ဖေဖေါ်ဝါရီလကပြုလုပ်ခဲ့တဲ့ TED2013 ညီလာခံမှာ လီ က သူမရဲ့ မွေးရပ်ဇာတိမြောက်ကိုးရီးယားမှာရှင်သန်နေထိုင်ခဲ့ရပုံတွေကို ပြန်ပြီးပြောပြခဲ့ပါတယ်။ 

Wednesday, April 17, 2013

The Lady vs Lady Gaga

Congratulations Aunty Su !
Happy Myanmar New Year  1375 !


အရင်က မေမေရေးဖူးတဲ့ The Lady စာလေးပြန်တင်လိုက်ပါတယ်။
ကျွန်မ ဟိုရက်တွေက ရေးဖြစ်တဲ့ Lady GaGa ဘဝနေထိုင်မှုစတိုင်လ် နည်းနည်းပါးပါးရေးထားလည်း တစ်ခါတည်း ဒီမှာတင်ထားလိုက်ပါတယ်။
အန်တီစုအကြောင်းကဖြင့် စာဖွဲ့စရာမလိုလောက်အောင်မြန်မာလူမျိုးတိုင်း နဲ့ တခြားတိုင်းပြည်ကလူတွေအတော်များများလည်း သိနေခဲ့ကြပါပြီ။
လေဒီဂါဂါဆိုရင်တော့ ထူးထူးခြားခြား အထူးသဖြင့် ကို့ရိုးကားရားဝတ်စားဆင်ယင်တတ်တယ်ဆိုပြီးတော့ သိလိုက်တာပါ။ တကယ်တမ်းတော့ လေဒီဂါဂါ သူ့လူမျိုးတွေကို လွှမ်းမိုးနိုင်တာကလည်း သူရဲ့ Born This Way ကြောင့်ပါ။ သူရဲ့ ဖြူတဲ့စိတ်နဲ့ လူနေမှုစတိုင်လ်ကြောင့်ပါပဲ။
အဲဒါနဲ့ပဲ "The Laday vs Lady Gaga" အတူတူဖတ်ရအောင်တင်ပေးလိုက်ပါတယ်။

ဟီလာရီ ကလင်တန်ဟာ ကမ္ဘာလုံးဆိုင်ရာ နာမည်ကြီး အဆင့်မြင့် သံတမာန်တဦးလည်းဖြစ်သလို အမေရိကန်ပြည်ထောင်စုရဲ့ အားအထားရဆုံး နိုင်ငံခြားရေးဝန်ကြီးတဦးလည်းဖြစ်တယ်။သူမဟာ ၂၀၁၁ခုနှစ်က တနေ့ တခြား နာမည်ကြီးကြီးလာတဲ့ ဒီမိုကရေစီ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးတွေ့ဆုံဖို့ မြန်မာနိုင်ငံကို သွားေ၇ာက်ခဲ့တယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတဦးက ပြောဆိုရာမှာ သူမဟာ မြန်မာလူထုအတွက် အကြောက်တရားမရှိ စွန့်စားဝံ့သူဖြစ်တယ်။ ခင်ပွန်းနဲ့သားတွေကို စွန့်လွှတ်ပြီး ၁၅နှစ်တိုင်တိုင် နေအိမ်အကျယ်ချုပ်အကျဉ်းချခံထားရခြင်းကိုလည်း သတ္တိရှိရှိ ကြံ့ကြံ့ခံရပ်တည်ခဲ့တယ်တဲ။့ အို..ဘုရားသခင်။ မယုံကြည်နိုင်စရာပါဘဲ။

သံတမန်အရာရှိ မီလန်နီ ဗာဗွီယာက  “သူမရဲ့နေအိမ်မှာ ၂နာရီကြာ တွေ့ဆုံခဲ့ ကြစဉ်အတွင်း  ဟီလာရီ ကလင်တန်ဟာ  တော်တော်ကို စိတ်လှုပ်ရှားခဲ့ရတယ်” လို့  နယူးစ်ဝိခ် ကို ပြောပါတယ်။ ဘယ်လောက်များ ရဲဝံ့တဲ့ အမျိုးသမီးပါလဲ။ မြန်မာနိုင်သားတွေ အချိန်အတော်ကြာ ကတည်းက အမျှော်လင့်ဆုံး အတောင့်တဆုံး အလိုချင်ဆုံး  တောင်းဆိုနေကြတဲ့ သူတိုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီးပေးဖို့ သူမဟာနိုင်ငံရေးစင်မြင့်မှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလာခဲ့ရသူ နိုင်ငံရေးသမားစစ်စစ် တယောက်ဖြစ်လာခဲ့ရတယ်ဆိုတာ ပေါ်လွင်မနေဘူးလား။ ကရုဏာကင်းမဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ အောက်မှာ ဒါဟာ အန္တရယ်မကင်းတဲ့ အလုပ်တွေပါဘဲ။ ဒီမိုကရေစီကို မြည်းစမ်းဖို့ တစ်လက်မချင်းတိုးဝင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် လွယ်မှာတော့ မဟုတ်ပါဘူး။ သူမဟာ ရသရွေ့ အခွင့်အရေးကို ပေးသလောက်ယူရင်း လာမယ့်ဧပြီလဆန်းတစ်ရက်မှာ ပါလီမန်ရွေးကောက်ပွဲဝင်ဖို့ရှိပါတယ်။ သူမထုဆစ်ထားတဲ့ ရုပ်လုံးက ဘယ်လိုပါလဲ။ တောင်အာဖရိက နယ်လ်ဆင် မင်ဒဲလားလူမည်း သမ္မတဖြစ်လာတဲ့ ပုံပမာလား။ သူလဲ သူမလိုဘဲ အကျဉ်းကျခံခဲ့ရတာ နှစ်တွေ မနည်းဘူး။

Friday, April 12, 2013

သင်္ကြန်ရက်တွေမှာ

Family Magazine, April, 2013
သင်္ကြန်ရောက်တော့မယ်။ သင်္ကြန်သီချင်းတွေက ဟိုမှာသည်မှာ ကြားနေရပြီ။ ဒီနှစ်သင်္ကြန်မှာတော့ မေလင်းသာ ထူးထူးခြားခြား ကြိုတင်ရင်ခုန်နေမိပြီ။ အရင်နှစ်သင်္ကြန်တွေမှာကတော့ မေလင်းက ရန်ကုန်မြို့ကြီးမှာမဟုတ်ဘူးလေ။ ဒီနှစ်တော့ မေလင်း ပထမနှစ်ကျောင်းစတက်တဲ့နှစ်ပေါ့။ နယ်မြို့လေးတစ်မြို့ကနေ ဆယ်တန်းအောင်လို့ ပထမနှစ်စတက်ရတော့ ကိုကြီးနဲ့ မေလင်းက အတူတူပဲ။ ၁၀တန်းကိုတစ်နှစ်တည်းအတူတူအောင်ခဲ့ကြတာ။ ရန်ကုန်သင်္ကြန်ဆိုတာကို တစ်ခါမှ မကြုံဘူးသေးတဲ့ ကိုကြီးရော မေလင်းရော ရန်ကုန်သင်္ကြန်ရက်တွေကို ရန်ကုန်သူရန်ကုန်သားတွေနဲ့ အတူတူနွှဲချင်ခဲ့ကြတာပေါ့။ သင်္ကြန်ရက်တွေမှာ တီဗီကလာတဲ့ သတင်းတွေကို အမြဲစောင့်ကြည့်ခဲ့ရတာ။ သင်္ကြန်မဏ္ဍပ်တွေမှာ ရေပက်နေကြတဲ့သူတွေ၊ မဏ္ဍပ်တွေကို လာကြတဲ့ နာမည်ကြီးအဆိုတော်၊ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေကိုစောင့်ကြည့်ရင်း ရေစိုစို ဒီဇိုင်းဆန်းဆန်းနဲ့ လှနေကြတဲ့သူတွေကိုကြည့်ပြီး သိပ်အားကျတာပဲ။ သူတို့လို သင်္ကြန်ရက်တွေလည်ချင်ခဲ့တာပေါ့။ ဒီနှစ်တော့ မေလင်း စိတ်ကူးလေးတွေပြည့်ဝတော့မယ်။ မေမေ့ကို ခွင့်တောင်းထားတယ်လေ။ ကိုကြီးလည်းပါတယ်၊ ကိုကြီးသူငယ်ချင်းရယ်၊ ကိုကြီးသူငယ်ချင်း မေမေရော၊ ညီမလေးတွေ မိုးသူတို့ ဇာခြည်တို့လည်းပါမယ်ဆိုတော့ မေမေက စိတ်ချတယ်။ တစ်ရက်လည်ခွင့်ပေးတယ်။ နောက်ရက်တွေမှာ မဏ္ဍပ်ထိုင်ဖို့လည်း ခွင့်ပြုတယ်။ အဲဒါကြောင့်မို့ မေလင်း သိပ်ပျော်နေတာပေါ့။ ဒီဇိုင်းလှလှလေးဝတ်မယ်။ နှုတ်ခမ်းနီ နီနီရဲရဲလေးများဆိုးပြီးလည်ရမယ်ဆို မေလင်းရဲ့အသားဝင်းဝင်းဝါ၀ါလေးနဲ့ ရေစိုစိုမှာ အလှပိုနေမှာပဲ။ မင်းသမီးတွေလောက်တော့ မေလင်း ဘယ်လှပါ့မလဲနော်၊ ဒါပေမယ့် မေလင်းက ချစ်စရာကောင်းတယ်တဲ့ သူငယ်ချင်းတွေက ပြောကြသားပဲ။ ဒီလိုနဲ့ မေလင်းတို့ ရင်ခုန်စွာစောင့်မျှော်နေခဲ့တဲ့ သင်္ကြန်ရက်ရောက်လာခဲ့ပါပြီ။

Monday, April 08, 2013

ဆလိမ်ဝဆွဲ သဝေထိုးလို့ ဆွေမျိုးလည်းတော်ပါသည်

သင်္ကြန်အဖွဲ့လေး မရေးတော့ဘူးလားလို့ ဖြိုးဖြိုးမေးလာတော့ ဖြတ်ဆို ကျွန်မမျက်စိထဲ စောဥမ္မာရဲ့ ပုံပန်းသဏ္ဍာန်ကလေးက မမြင်ဖူးပါပဲ မှန်းဆပေါ်ပေါက်လာတယ်။  နှစ်စဉ် သင်္ကြန်ကျပြီဆိုတိုင်း ကျွန်မရင်ထဲ မကောင်းလွန်းလို့မကျေမနပ်ဖြစ် ခဲ့ရတာလဲ အမောပေါ့။
တစ်ခုသော သင်္ကြန်မှာပေါ့လေ..။ နရပတိစည်သူမင်းကြီးက 
(ဟုတ်ရဲ့လားမသိ၊ ရာဇ၀င်က ကြေပါဘိနဲ့။ နရသီဟပတေ့လား .နရတော့ နရ ကစတာပဲ။ နရက စတဲ့မင်းတွေက အများသား။)
မောင်းမမိဿံ ချွေရံ သင်းပင်းတွေလွှတ်ပြီး  “ငါ့မိဖုရားစောဥမ္မာကို ရေပက်ကစားချီကြ" လို့ စေခိုင်းလိုက်သတဲ့။ အချွေအရံများကလည်း မင်းမိဖုရားရယ်လို့ ဂရုမထားအားပါးတရ ပက်ကြ လောင်းကြဟန်တူတယ်။ မိဖုရားအရှက်ကြီးပြီး စေခိုင်းသူဘုရင့်အပေါ် ရန်ညှိုးသိုဝှက်လိုက်တယ်။ အခွင့်အရေးရတာနဲ့တပြိုင်နက် စားတော်ကဲကို လာဘ်ပေးပြီး စားတော်အုပ်ထဲ အဆိပ်ကိုထည့်စေသတဲ့။ ဘုရင်က ကံကောင်းနေသူဆိုတော့ စားတော်ခေါ်ကာနီးမှာ စားပွဲခုံလှုပ်တယ် မသင်္ကာဘူး ဆိုပြီး အစာကို ခွေးကျွေးကြည့်ရာမှာ ခွေးသေတဲ့အတွက် အဆိပ်ခပ်မှန်းသိပါလေရော။ စစ်မေးရာမှာ မိဖုရားရဲ့ အစီအမံဆိုတာ ပေါ်လွင်ထင်ရှားသွားတယ်။ ဘုရင်က ဒီလောက်ကလေးကျည်စယ်တာနဲ့ ဒီလိုလုပ်ရသလား သတ်စေ တချက်လွှတ်အမိန့်တော်။ ဆိုတော့ မိဖုရားသေပါလေရော။ ဘယ်သူမှားသလဲ။ ဘယ်သူလွန်သလဲ ဘယ်လိုပြောကြမလဲ။

သင်္ကြန်နဲ့ ပတ်သက်တဲ့ ကြေကွဲဖွယ်ဇတ်လမ်းကလေးတပုဒ်ပါ။ 
ဒါကို သရုပ်ခွဲကြည့်ရင် အတ္တဆိုတဲ့ မာန်မာနတွေကြောင့်ဆိုတာ ပေါ်လာတယ်။ ဘုရင်ကလည်း “ငါလို ဘုရင်ကို" ဆိုပြီး “ငါ" ကို ရှေ့တန်းတင်တယ်။ မိဖုရားကလည်း  "ငါလို မိဖုရားကို" ဆိုပြီး “ငါ" ကို ရှေ့တန်းတင်တယ်။
သီတဂူဆရာတော်က ဟောပါတယ်။ Everythings compound တဲ့။ငါဆိုတာ မရှိဘူး ဘုရင်ရော မိဖုရားရော ဘာသော ညာသော အားလုံးဟာ ရေ မြေ လေ မီး အစုအဝေးတဲ့။ ဒါပါပဲတဲ့။ ဂရိဘုရင် မိလိန္ဒကို ရှင်နာဂသိန် ရှင်းပြတာလည်း အဲဒါပဲ။
ခုအခါမှာသူရောကိုယ်ရော ငါ  ငါ နှင့် မာန်တက်နေကြတယ်။ ငါ့အမျိုး ငါ့တိုင်းပြည် ငါ့နိုင်ငံ ငါ့ ဘာသာ စသည် ငါတွေ များနေတယ်။ စာရင်းချုပ်လိုက်ရင် ငါဆိုတာ ဘယ်နေရာမှာမှ မရှိဘူး။ ဒီတော့ သူရော ကိုယ်ရော လျော့ကြပါလို့ ပြောချင်တယ်။ မကောင်းဟူသမျှ ဒေါသ မာန စသည် အားလုံးတန်ခူးလ သင်္ကြန်ရေနှင့်အတူ မျောပါ ဆေးကြောပစ်ဖို့သင့်ပြီ အားလုံးငြိမ်ငြိမ်းချမ်းချမ်း နေထိုင်ကြပါဆိုတာ မေတ္တာရပ်ခံချင်ပါတယ်။ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် ကိုယ့်ဆန္ဒထက် တဘက်လူ ဆန္ဒကို အရင် ဦးစားပေး ဆွေးနွေးရပါလိမ့်မယ်။ ကိုယ့်စိတ်ကိုလဲ ချိုးနှိမ်ရပါမယ်။ အကောင်းဆုံးဖြစ်အောင် အဖြေရှာညှိနှိုင်းကြရမယ်။ စိတ်ရဲ့ ထကြွလှုပ်ရှားလာမှုကို ပညာနဲ့ ထိမ်းချုပ်နိုင်ရမယ်။ အဆင်ခြင်မဲ့ အပြုအမူတွေဟာ ပညာမဲ့ရာကျပါတယ်။ ဗုဒ္ဒဘာသာဝင်များဟာ ဗုဒ္ဓစကားကို နားထောင်ကြပါ လို့ ပြောချင်ပါတယ်။ ဗုဒ္ဓဘာသာစစ်စစ်ဟာ ရန်မဖြစ်တတ်ပါဘူး။ (ဒီလိုပြောလို့ တခြားဘာသာတွေကရန်ဖြစ်တတ်တယ်လို့ ဆိုလိုချင်တာမဟုတ်ပါဘူး။) နှစ်သစ်မှာ စိတ်သစ် လူသစ်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြပါလို့ ပြောချင်ပါတယ်။

သီတဂူဆရာတော်က ဆိုတယ်။ ဗုဒ္ဓဟာ မင်းတို့လို လူပါပဲ တဲ့။ အမိရှိတယ် အဖရှိတယ် ဆွေမျိုးရှိတယ်။ ဒါပေမဲ့သူ က teachingသမားသက်သက်ပဲတဲ့။ Godကိုမဟောဘူး။ ဗုဒ္ဓရဲ့ အဆုံးအမက God မဟုတ်ဘူး။ Damma တဲ့။ ဓမ္မကိုသာ ဟောတယ်။ မမြင်ရတဲ့ ကောင်းကင်ဘုံကိုမျှော်ကြည့်မနေပဲ ကိုယ့်ခန္ဒုာမှာ ဘာတွေ ဖြစ်ပျက်နေသလဲ ဓါတ်ခွဲကြည့်တဲ့။

၁။သုတ္တန်(နည်းလမ်း)
၂။ဝိနည်း(စည်းကမ်း)
၃။အဘိဓမ္မာ(ကျင့်စဉ်) ဒါပါပဲတဲ့။ အခု ဖြစ်နေတာက လူတွေဟာ သူရော ကိုယ်ရော  religion မှာ 
ယုံကြည်ခြင်းရယ် (believe)
ရှိခိုးခြင်းရယ် (worship)
ဆုတောင်းခြင်းရယ်(pray)မှာပဲ ရပ်တန့်နေသတဲ့။

ဆိုလိုတာက ကျင့်ကြံအားထုတ်မှုမှာ အားနည်းနေသတဲ့။ တဦးချင်း တဦးချင်းက ကျင့်ကြံအားထုတ်လိုက်ရင် အတ္တမာန ဒေါသမောဟ  ကို ထိန်းချုပ်နိုင်ရင်  တနွယ်ငင် တစင်ပါဆိုသလို ပွားများလာပြီး ကမ္ဘာကြီး တခုလုံး အခိုးအငွေ့တွေ လျော့ပါးကင်းလွတ် သွားပါလိမ့်မယ် တဲ့။ အားလုံးချစ်ချစ်ခင်ခင်နဲ့ ခွဲခြားဆက်ဆံမှုမပြုပဲ ဆွေမျိုးရင်းချာတွေလို စုပေါင်းပြီးနေရမယ်လို့ ဗုဒ္ဓက ဟောပါတယ်။

တစ်နေ့သောအခါမှာ ဗုဒ္ဓမြတ်စွာဟာ ရဟန္တာများခြံရံပြီး သံသုမာဂီရိမြို့တွင်း ဆွမ်းခံအ၀င် နကုလပီတာ နဲ့ နကုလမာတာ သူဌေးကြီးမောင်နှံဟာ ဗုဒ္ဓမြတ်စွာကို သူတို့ရဲ့ သားပါလို့ တန်းတန်းစွဲ အော်မည်ပြီးနောက်တော်က တကောက်ကောက် လိုက်သတဲ့။ တွေ့တဲ့ မြင်တဲ့ သူတွေက ရယ်မောလှောင်ပြောင်ကြတော့ ဘုရားရှင်က မိန့်တော်မူပါတယ်။ သံသရာခရီးတလျှောက် စုန်ချီ ဆန်ချီ ဘ၀များစွာကူးလူးခဲ့ရာမှာ တခုသောဘ၀တွင် တော်စပ်ခဲ့ကြပါလိမ့်မည်။ မိုးမြေကမ္ဘာအစကနေ အမျိုးတွေ ချည်းပါပဲ။ မောင်ရင်းနှမတွေ သားအမိ သားအဘတွေ တော်စပ်ခဲ့ကြဖူးသူတွေမို့ စိမ်းစိမ်းကားကားမနေကြလင့် လို့ မိန့်တော်မူသတဲ့.။

ဒါကို ရွှေတိုင်ညွန့်က ခုလို ရေးဖွဲ့ခဲ့တယ်။

နောင်မယွင်းသာပ ..မောင်အရင်းအချာ နှမတွေလဲ တော်စပ် ခဲ့ကြသည်..
အဘိဓမ္မာ သဘောတရားနဲ့ စိမ်းကားမနေကြပါနဲ့  ဘုရားဟောကို ယုံကြည်..မိုးမြေကမ္ဘာအစကတည်းက အမျိုးတွေ ချည်းသာပ ပေါင်းသင်းဆက်ဆံ ကြရပေမည်.. 
လောကမှာ ရှိတဲ့သူ အကုန်လုံး  ဆွေမျိုးတွေပါအတည်…။

ဂျပန် ဂျာ မန်..လန်ဒန်…နေပြည်….အီတလီ…အိန္ဒိယ ..စုံအညီ..ပြင်သစ်နဲ့လဲ ဆွေမျိုး စင်စစ် တော်ပါသည်..ဗမာ  ..ကရင်..ကချင် ..ပလောင်  တောင်သူ လူမျိုးလည်းပါသည်…
ကျမ်းအချုပ်မှာတော့ …ရှမ်းတရုတ်လည်း ပါသည်..
တကယ်ဝါမကြွားသည်..ဗမာတွေ  တရားရှိသည်.. သင့်သင့်မြတ်မြတ်နေကြသည်..
 တယောက်နဲ့ တယောက်ဟာ  အမှန်ချစ်ပါလို့ ..
ရန်မဖြစ်ကြပါနဲ့.. ဆလိမ်ဝဆွဲ  သဝေထိုးလို့  ဆွေမျိုးလဲ  တော်ပါသည်။

Florist

Friday, April 05, 2013

တန်ပြန်လမ်းပေါ်က အမျိုးသမီး

“အေပရယ်လ်”ကပြဇာတ် မင်းသမီး တစ်ဦး၊ ပရိသတ်များရင်ထဲ လှိုက်ခါဆို့ တက်အောင် ကပြနိုင်သည်။ ပရိသတ်ကြားမှာ ခင်ပွန်းသည် “ဖရန့်ခ်”အမြဲရှိသည်။ ပြဇာတ်ပြီးသည့်အခါတိုင်း ပရိသတ်အပေါင်းကဖရန့်ခ်ရှေ့မှာ ချီးမွမ်းခန်းဖွင့်လေ့ရှိသည်။“ခင်ဗျား ဇနီးက သိပ်တော် တာပဲ”ဟု တစ်ခွန်းပြောလေတိုင်းဖရန့်ခ်က ပြုံးလျက် ခေါင်းညိတ်ရတတ်သည်။ သို့သော် သူ့ရင်ထဲမှာ မချိ။ အောင်မြင် သည့်ပြဇာတ်သရုပ်ဆောင်မင်းသမီးတစ်ဦး၏လင်ယောက်ျားဖြစ်ရသည်ထက် သာမန်အိမ်ရှင်မတစ်ဦး၏ လင်ယောက်ျားသာဖြစ်လိုက် ချင်စိတ်က သူ့ရင်မှာ မချိတင်ကဲ ပေါ်လာတတ်သည်။ ခပ်ချောချောပြဇာတ်မင်းသားတွေနှင့်တွဲဖက်သရုပ်ဆောင် ကပြနေရသည့် မြင်ကွင်းကိုလည်း နောက်ထပ် မကြည့်လိုတော့။ သည်တစ်ခေါက်ပြဇာတ်ကအပြန်မှာ သူတို့နှစ်ဦး စကားများရသည်။

             “မင်းက အဲဒီ ပြဇာတ်အတွက် မရှိမဖြစ်တဲ့သူပါ၊ ဒါပေမယ့်ငါမလုပ်စေချင်တော့ဘူး။ ငါ့ဘက်ကိုလည်း နားလည်ပေးပါဦး”
            အေပရယ်လ်က၀ါသနာ အနုပညာနှင့် ပတ်သက်လျှင် နည်းနည်းလေးမှ အထိမခံ။

“ရှင့်စကား ဒီမှာတင်ရပ်”တဲ့။ ဖရန့်ခ်က မရပ်။ သည်ကိစ္စ အပြီးအပြတ် ဆွေးနွေးမှ ဖြစ်တော့မည်။ ကားကို လမ်းဘေးမှာ ထိုးရပ်သည်။

“မင်းကိုအခါခါပြောပြီးပြီ၊မင်းကို အနုပညာအလုပ် လုပ်ခွင့်ပြုလိုက်တာကိုက ငါ့အမှား၊ ဒါကြောင့် ခုလို မင်းလူသိများတဲ့သူဖြစ်နေ တာ”။

အေပရယ်လ် စိတ်ဆိုးကာကားပေါ်ကဆင်းသွားသည်။ ဖရန့်ခ်က လိုက်ခေါ်သည်။ စကားအခြေ အတင်ပြောကြရင်း အနိုင်ရလို ဇောဖြင့်တင်တင်စီးစီး ဆိုမိကြသည်။ အေ ပရယ်လ်က ဖရန့်ခ်ကို စေ့စေ့ကြည့်ကာ ပြောသည်။

“ရှင့်ကိုယ်ရှင် ဘာထင်နေသလဲ၊  ရှင်ဟာ အလကားလူ၊ ကျွန်မကို အနိုင်ကျင့်ဖို့ကလွဲပြီးဘာမှမသိတဲ့လူ။ ရှင် အကြီးအကျယ် မှားနေပြီ”

“ငါမမှားဘူး၊ မင်းရူးနေတာ”

 “ရှင့်ကိုယ် ရှင် ယောက်ျားလို့ သတ်မှတ်သေးရဲ့လား၊ရှင့်ကိုယ်ရှင် ဘာလဲ သိရဲ့လား”
ဒီစကားကြောင့် ဖရန့်ခ်ဒေါသအဆိပ်တက်ကာအေပရယ့်ကို ရိုက်နှက်ရန် ပြင်မိပေမဲ့ အသိစိတ်ဖြင့် လက်မတင်လေး ချွန်းအုပ် လိုက်နိုင်သည်။မဆီမဆိုင် ကားကိုယ်ထည်ကို လက်သီးတွေ အဆက်မပြတ် ထိုးသွင်းမိသည်။ လက်တွေနာကျင်တာထက် အသည်းမှာပိုလို့နာကျင်တာပဲ ဖရန့်ခ်သိသည်။

xxxx

            တကယ်တော့စိတ်လိုက်မာန်ပါ ပြောမိကြတာပါ။ အေပရယ်လ်က ဖရန့်ခ်ကို သိပ်ချစ်ပါသည်။ ညက စကားများခဲ့ပြီးနံနက် လင်း တော့ ဖရန့်ခ် က အလုပ်ကို စောစောထွက်သွားခဲ့သည်။  ဖရန့်ခ်အိပ်သွားခဲ့သည့်ဧည့်ခန်းဆက်တီ ခုံပေါ်က အရှုပ်အပွတွေကိုသိမ်းဆည်း ရှင်းလင်းရင်း တွေတွေလေးရပ်ကာ ဖရန့်ခ်ကိုသာ အေပရယ်လ်သတိရနေသည်။ အမှိုက်ပုံးကြီးကိုမနိုင်မနင်း တယဉ့်တိုက်ဆွဲလာ၊ အိမ် ရှေ့ထွက် အမှိုက်ကားရပ်စောင့်ရင်း သည်အိမ်လေးဆီရောက်ခဲ့ပုံဘ၀အစကို ပြန်မြင်ယောင်သည်။ အိမ်လိုက်ပြသူ မိန်းမက “ရီဗော်လု ရှင်နရီ ဆိုတဲ့ ဟော့ဒီလမ်းထဲမှာတော့အခုကျွန်မပြမယ့်အိမ်က အလှဆုံးအိမ်လေးပဲ”တဲ့။ လှသော အိမ်လေးထဲမှာ လှသောဘ၀သာ တည် ဆောက်လိုပါသည်။ဘာတွေပဲလုပ်လုပ် တစ်နေကုန် ဖရန့်ခ်ကိုပဲ သတိရမြင်ယောင်သည်။ မရည်ရွယ်ဘဲ သစ်သားဘူး လေးထဲကဓာတ်ပုံဟောင်းတွေ ထုတ်ကြည့်မိပြန်သည်။ သားအဖနှစ်ယောက် တွဲဓာတ်ပုံထဲက ချာတိတ်လေးကိုညွှန်ကာ“အဲဒါရှင်လား”ဟု မေးခဲ့ဖူး သည်။ အဲသည်မှာ ဖရန့်ခ်ပြောဖူးသည့် စကားတစ်ခွန်းကိုဖျတ်ခနဲသတိရသွားသည်။ “ပဲရစ်စ်ကို ပြန်သွားနေချင်လိုက်တာ။ အဲဒီက လူတွေက ဒီကလူတွေနဲ့မတူဘူး၊အဲဒါကို ခံစားကြည့်ချင်လိုက်တာ၊ အခွင့်အရေးရရင် ပြန်နေဖို့ စဉ်းစားထားတယ်”တဲ့။ ဟုတ်ပြီ။ဖရန့်ခ်ရဲ့ စိတ်ကူးကို အကောင်အထည် ဖော်ပေးရမည်။ ဖရန့်ခ်ကို အေပရယ်လ်ချစ်သည်ကိုး။

            ညမိုးချုပ်အိမ်ပြန်ရောက်လာသည့်ဖရန့်ခ်ကို အေပရယ်လ်က ပြုံးရွှင်စွာ ကြိုဆိုရင်း“ကိုယ်မှားသွားတယ်”ဟု တောင်းပန်သည်။“တစ်နေ့လုံး မောင့်ကိုသတိရနေတာ၊ ကျွန်မ မောင့်ကိုချစ်ပါတယ်”တဲ့။ ဖရန့်ခ်ရဲ့မွေးနေ့ကိုဘယ်တော့မှမမေ့တဲ့ အေပရယ်လ်က ကလေး နှစ်ယောက်နှင့်အတူ ရုတ်တရက်အံ့သြဖွယ်မွေးနေ့ပွဲလုပ်တော့ဖရန့်ခ်ကြေကွဲရတော့သည်။ သူ စိတ်တွေ ညစ်ထွေထွေကာ အလုပ်ထဲက ၀န်ထမ်းမလေး “မော်ရင်း”နှင့်နာရီပိုင်းပျော်မိတာ မှားချေပြီ၊ နောင်တကြီးစွာ ရသွားသည်။ အေပရယ်လ်မသိ၊ သူ့စိတ်ကူးကိုကြည်နူးစွာ ပြောပြလိုက်သည်။

“ပဲရစ်စ်ကို သွားမယ်၊နောက် ၆လလောက် ဘာမှမလုပ်ဘဲ ထိုင်စားနေ လို့ရတဲ့ ပိုက်ဆံတွေ ကျွန်မစုထားတယ်။

 “အဲဒီမှာ အလုပ်ရှာရဦးမှာပေါ့” ဖရန့်ခ်က တွေးတွေးဆဆပြောသည်။ ဖရန့်ခ်အနေဖြင့် လက်ရှိဝန်ထမ်းအလုပ်ကို ပဲရစ်စ်မှာ ဆက်လုပ်လည်း ၀င်ငွေမဖြစ်စလောက်လေးနှင့်မထူးဟု အေပရယ်လ်ယူဆသည်။

“မောင် ဘာမှ လုပ်စရာမလိုပါဘူး။ကျွန်မ လုပ်မယ်”

စိတ်အားထက်သန်စွာပြောလိုက်သည့်ဇနီးသည်စကားကသူ့ကိုအဝေးကြီးကို လွင့်စဉ်သွားအောင် ခါထုတ်လိုက်သလို ဖရန့်ခ်ခံ စားလိုက်ရသည်။ ယုံကြည်မှုအပြည့်နှင့်ဇနီးသည်ကိုကြည့်ကာ ဖရန့်ခ်အံ့အားသင့်သွားသည်။ ခြေလက်အကောင်း၊ သန်သန်စွမ်းစွမ်း ကျန်းကျန်းမာမာနှင့်လင်ယောက်ျားတစ်ဦးကို ဘာမှ လုပ်စရာမလိုပါဘူး ဆိုသည့်စကားက ဘာသဘောနည်း။ မိန်းမလုပ်စာထိုင်စားရန် ဖရန့်ခ် တစ်သက်လုံး စိတ်မကူးခဲ့။ သည်စကားက သူ့ကို နှိမ့်ချလိုက်သလို ခံစားရကာသွေးကြောအနှံ့ မာနတွေ ရုန်းကြွလာသည်။

“ဒါဆို ငါက ကလေးတွေအတွက်တာဝန်မဲ့သူဖြစ်သွားတော့မပေါ့”

ဖရန့်ခ်က မကျေမချမ်းပြောလိုက်ပေမဲ့နောက်ဆုံးတော့ “ကောင်းပါပြီ”လို့ လက်ခံရတော့သည်။ အေပရယ်လ် ပျော်သွားသည်။ သို့သော်သူမမှာ တတိယမြောက်ကိုယ်ဝန်က ၁၀ပတ်ရှိနေပြီကို မျှော်လင့်မထားဘဲ သိလိုက်ရတော့ စိတ်ဓာတ်ကျဆင်းသွားသည်။၁၂ပတ်မပြည့်ခင်မှာ ခရီးသွားလျှင် ပြဿနာမရှိဟု ဆရာဝန်က ဆို၍ နောက်တစ်ပတ်ထဲမှာပဲ ပဲရစ်စ်သွားမည်၊ပစ္စည်းတွေ သိမ်းမည် ဟု အေပရယ်လ်က စီစဉ်သည်။ ဖရန့်ခ်က ပဲရစ်ကို မသွားလိုတော့။ ဥရောပမှာကလေးမွေးဖွားစရိတ်က များပြားလိမ့်မည်။ သူက အလုပ်မရှိ တော့ မခက်လား။ သည်မှာပဲ အေပရယ့်လ်ကိုပျော်အောင်ထားပါမည်ဟုကတိပြုသည်။ ဖရန့်ခ်ရဲ့ဖခင်က သာမန်အရောင်း ကိုယ်စား လှယ်တစ်ဦးဖြစ်ပြီး ဆင်းရဲခဲ့သည်။ တစ်နှစ်မှာ တစ်ကြိမ်လောက်သာ မြို့ကိုတက်ပြီး နေ့လယ်စားစားနိုင်ခဲ့သည်ကိုထူးခြားတဲ့ဘ၀လို့ မှတ်ယူခဲ့ရသူ။ ဖရန့်ခ် အခု အသက်သုံးဆယ်ရှိပြီ။ သူ့အဖေလို ဆင်းဆင်းရဲရဲ မဖြတ်သန်းချင်။ မီးရထားစီးကာ အလုပ်သွား၊ ရုံးခန်းထဲမှာ တစ်နေ့ ဆယ်နာရီထိုင်၊ လစာနည်းနည်းနှင့်လက်ရှိ အလုပ်ကို မလုပ်လို တော့။ တိုက်တိုက်ဆိုင်ဆိုင် သူ့အဖေရဲ့မိတ်ဆွေတစ်ဦးက အကျိုးအမြတ်များများရသည့်အလုပ်တစ်ခုလုပ်ဖို့ကမ်းလှမ်းသည်။တွေဝေနေသည့်ဖရန့်ခ်ကို ထိုလူက စကားတစ်ခွန်းဖြင့် ချည်နှောင် လိုက်သည်။ “အခွင့်အရေး ကောင်းဆိုတာဘယ်တော့မှ နှစ်ခါ မလာဘူး” တဲ့။ ဖရန့်ခ် ဘာလုပ်ရမှန်းမသိ။

            သည်ကြားထဲအေပရယ်လ်က စိတ်ရူးထသည်။ ကလေးဖျက်ချရန် ပစ္စည်းတစ်ခု အေပရယ်လ် လျှို့ဝှက်သိမ်းဆည်းထားသည်ကို အမှတ်တမဲ့တွေ့လိုက်ရချိန်မှာ ဖရန့်ခ်အကြီးအကျယ်ထိတ်လန့် ပေါက်ကွဲတော့သည်။ “မြင်နေရတဲ့ကလေးတွေကိုရော၊မမြင်ရသေးတဲ့ ကလေးတွေကိုရော ကျွန်မချစ်ပါတယ်”လို့သာ အေပရယ်လ်ဆိုနိုင်သည်။ “သေချာလို့လား” ဖရန့်ခ်ကခနဲ့သည်။

“သာမန်မိန်းမတစ်ယောက်ကတော့သူ့ရဲ့စိတ်ကူးယဉ်အိပ်မက်အတွက် ဒီလို ရူးနှမ်းတဲ့အလုပ် ဘယ်တော့မှ မလုပ်ဘူးကွ” ဖရန့်ခ်ကခိုင်မာစွာ စွပ်စွဲလိုက်သည်။

xxxxx

ထိုညက အိမ်နီးချင်းစုံတွဲ“မေလီ”၊ “ရှဲ့ပ်”တို့နှင့်အတူ  အေပရယ်လ်နှင့်ဖရန့်ခ်လည်း ကပွဲခန်းမထဲရောက်နေသည်။ ပဲရစ်စ် ကို မသွားဖြစ်လို့ အိမ်နီးချင်းစုံတွဲကပျော်နေပေမယ့်အေပရယ်လ်က မပျော်နိုင်။ မေလီက အမူးရောသည့်အပျော်စိတ်ဖြင့် ဖရန့်ခ်နှင့် တွဲက နေတုန်းမူးဝေအန်တော့ အေပရယ်လ်က ဖရန့်ခ်ကို မေလီအား အိမ်ပြန်ပို့ပေးဖို့ပြောသည်။ ဖရန့်ခ် မေလီ့ကိုပြန်ပို့နေစဉ်  အေပရယ်လ် က အိမ်နီးချင်းအမျိုးသားရှဲ့ပ်ကို တွဲကဖို့ ထွေထွေရီရီ စခေါ်လိုက်သည်။ ခင်ပွန်းသည်ဖရန့်ခ်က “ကကြရအောင်”လို့ပြောစဉ်က“နောက်မှပေါ့” လို့ငြင်းခဲ့တဲ့ အေပရယ်လ်က ခုတော့ ရှဲ့ပ်နှင့် တွဲလို့ကရုံမက ဆိတ်ကွယ်ရာသို့သွားမိတော့သည်။ နံနက်လင်းတော့ သူ မဟုတ်သလိုပဲ မီးဖိုခန်းထဲမှာ နံနက်စာ ပြင်ဆင်နေသည့်အေပရယ်လ်ကိုတွေ့ရသည်။ တိုက်ဆိုင်စွာပင် ဖရန့်ခ်က မော်ရင်းနှင့် အပျော် လိုက်မိသည်ကို ဖွင့်ဟ၀န်ခံသည်။

“အလုပ်ကိစ္စ မပြေလည်မှုတွေကြောင့်ယောက်ျားတွေ ဖြစ်တတ်တဲ့ သဘောလို့ပဲ ကိုယ်ထင်ပါတယ်။ အဲဒါတွေ အခု လုံးဝပြီး သွားပါပြီ” တဲ့။

“ဘာလို့ ကျွန်မကိုလာပြောနေတာလဲ၊ မနာလိုဖြစ်စေချင်လို့လား၊ နှစ်ဆတိုးပြီး ရှင့်ကို ချစ်စေချင်လို့လား” အေပရယ်လ် က တရစပ် မေးသည်။

             “ငါတို့ ဖေးဖေးမမ နေကြရအောင်ပါကွာ” ပြောနေသည့်ကြားကအေပရယ်လ်ဆတ်ဆတ်ထိမခံ ပေါက်ကွဲသည်။

            “ကျွန်မအနားမကပ်နဲ့၊ထိတာနဲ့ အော်လိုက်မယ်”

 ပခုံးနှစ်ဖက်ကို ကိုင်လိုက်ရုံရှိသေး။ အာခေါင်ကွဲမတတ်စူးစူးဝါးဝါး အေပရယ်လ် အော်သည်။ ဖရန့်ခ်က ခုံတွေကို ကိုင်ပေါက် သောင်းကျန်းသည်။ အေပရယ်လ်အိမ်ထဲက ထွက်ပြေးသွားသည်။ အပြေးလိုက် ပေမယ့် အေပရယ်လ်က လက်မခံ။ စွတ်ရွတ်ပြေးသည်။

“စဉ်းစားဖို့လိုနေပြီ၊ကျွန်မ တစ်ယောက်တည်း” နေပါရစေတဲ့။ ခေါင်းမာလွန်းလှသည့်အေပရယ့်လ်ကို ဖရန့်ခ် လက်လျှော့ကာပြန်လာရသည်။ မိုးချုပ်ညနက်ထိ အရက်မူးအောင် သောက်နေမိသည့်ကြားက ပြတင်းတံခါး သံတိုင်တွေကြားကနေအေပရယ်လ် လာနိုးနိုး ချောင်းချောင်းကြည့်ကာ မျှော်ရသည်။ အိမ်နားသို့ပြန်လာသော်လည်းအေပရယ်လ် အိမ်ထဲ ၀င်မလာခဲ့ပါ။ နံနက်လင်းတော့ ထုံးစံအတိုင်း မီးဖိုခန်းထဲမှာ နံနက်စာပြင်ဆင်လျက်အေပရယ်လ်က သူ မဟုတ်သလို။ ဖရန့်ခ်ပုံစံက တစ်ညလုံး မူးထွေအိပ်ခဲ့လို့ ညင်းသိုးသိုးဖြစ်နေပေမယ့် အလုပ်သစ် စ၀င်ဖို့ စတိုင်လ်ကျကျ ၀တ်စားထားသည်။ အေပရယ်လ်က “ကြက်ဥ ဘယ်လိုလုပ်ပေးရမလဲ” တဲ့။ ဖရန့်ခ်က နူးညံ့စွာပြုံးပြီး “မသိဘူး ကြိုက်သလိုပဲလုပ်ပါ”တဲ့။ နံနက်စာ အတူစားရင်း“ရှင့်ရဲ့ အလုပ်သစ်အကြောင်း မပြောရသေးဘူး” လို့ မေးပြောပြောသည်။ တစ်ရှူးစပေါ်မှာ ပုံဆွဲပြရင်းအလုပ်သစ် အကြောင်း စိတ်တက်ကြွစွာ ရှင်းပြနေသည့်ခင်ပွန်းသည်ကို အေပရယ်လ်က ကြည်နူးချစ်မက်စွာကြည့်နေသည်။ “သိပ်ကောင်းတဲ့ နံနက်စာပဲ” လို့ ဖရန့်ခ်က ချီးမွမ်းသည်။

“ကိုယ့်ကို မုန်းသေးလား”
မနေ့က စိတ်ဆိုးဆိုးနှင့်အေပရယ်လ်က သူ့ကို မုန်းတယ် မချစ်တော့ဘူး ပြောခဲ့သည်ကိုး။ ဒါကြောင့်လည်း သူပါစိတ်ရိုင်းတွေဝင်ခဲ့မိသည်ပဲ။ အေပရယ်လ်က ခေါင်းယမ်းပြီးပြောသည်။

“မမုန်းပါဘူး၊ ဘယ်တော့မှ. .”

 အတော် ခပ်လှမ်းလှမ်းရောက်တော့ ဖရန့်ခ်က လက်လှမ်းပြသည်။အေပရယ်လ်က လည်း လက်ပြန်ပြသည်။ ဖြည်းလေးစွာ၊ ပြီးတော့ မျက်နှာက အငိုတစ်ဝက်ကယ်နှင့်။တစ်စုံတစ်ရာကို ပင်ပန်းဆင်းရဲကြီးလှစွာ ဆုံးဖြတ်ပြီးထားပြီးပုံရသည့် အေးစက်ရီဝေ မျက်လုံးတွေ. . .။
ရီဗော်လုရှင်းနရီလမ်းထဲကနေအရေးပေါ်သူနာတင်ကား ဆူညံစွာ ဖြတ်ပြေးသွားသည်ကို မေလီနှင့်တကွ အိမ်နီးချင်းများ တအံ့တသြ မြင်လိုက်ကြရ သည်။ ရှဲ့ပ်က ဆေးရုံကို အပြေးလိုက်သွားသည့်အခါ ဆောက်တည်ရာမရ တုန်လှုပ်ငိုကြွေးနေသည့်ဖရန့်ခ်ကို မြင်သည်။

“အေပရယ်လ်လေ..သွေးတွေသွန်လို့…အဲဒါကိုသူ့ဘာသာသူ လုပ်တာ၊ သူ့ဘာသာလုပ်တာ…သူ့ဘာသာ…” 
သူရူးတစ်ယောက်လိုအော်ဟစ်နေသည့်ဖရန့်ခ်။ ရှဲ့ပ် ခေါင်းနပမ်းကြီးသွားသည်။ ကော်ဖီသွားယူပေးမယ်ဆိုကာ ဖရန့်ခ်အနားက ရှောင်ထွက်လာရသည်။ အေပရယ်လ် ခုလိုဖြစ်ရတာ သူ့ပယောဂမကင်းဟုတွေးကာ ဖရန့်ခ်နှင့်အတူထပ်မျှကြေကွဲရသည်။ ကော်ဖီနှစ်ခွက် ယူလာချိန်မှာ အရေးပေါ်အခန်းထဲကနေ ခွေယိုင်ချည့်နဲ့စွာထွက်လာသည့် ဖရန့်ခ်ကို မြင်လိုက်ရသည်။

xxxxx

ရီဗော်လုရှင်းနရီလမ်းမပေါ်ကလှသောအိမ်လေးတစ်လုံးနှင့် အဲဒီအိမ်လေးမှာနေခဲ့သည့်စုံတွဲတစ်တွဲ၏ မလှသော အဆုံးသတ် ဘ၀နိဂုံးအကြောင်းအိမ်နီးချင်းများ ကြေကွဲစွာ ပြောဆိုနေကြသည်ကို ကျွန်မ ကြားလိုက်ရသည်။ ကံတရား၏စီရင်မှုကိုမရှုမလှခံလိုက်ရ သည့် အေပရယ့်လ်အဖြစ်က သနားကရုဏာသက်စရာပါ။ ဒါဟာ သူမကိုယ်တိုင် ပြုမိလိုက်သည့်အပြစ်တစ်ခုအတွက်ပေးဆပ်ရခြင်း ပဲလား၊ ပြုမှားမိသည့်အပြစ်နှင့် တန်ပြန်ခံစားလိုက်ရသည့် ကံတရားစီရင်ချက်ကမျှတပါရဲ့လား ကျွန်မ မတွေးချင်တော့ပါပြီ။        ။

ဂျူနီယို
(Family Magazine, April, 2013)
Movie    - Revolutionary Road
            (British-AmericanDrama)
Cast      -Leonardo Dicaprio,Kate Winslet
Director -Sam Mendes
Novel    -Richard Yates

အမျိုးသမီးအလုပ်သမားလူ့အခွင့်အရေး စာအုပ်ထွက်ပါပြီ


အမျိုးသမီးအလုပ်သမားလူ့အခွင့်အရေး နဲ့ ပတ်သက်တဲ့အချက်အလက်တွေကို Dictionary တစ်အုပ်လို A to Z ရှာဖတ်ကြည့်နိုင်မယ့် စာတစ်အုပ်ပါ။  စာအုပ်မှာ မာတိကာကို ဒီလို A to Z ခွဲခြားထားတာတွေ့ရတယ်။

ကိုထွေး - R,S
ခင်မမမျိုး - E
ခေးလု - H,Z
ဖြိုးဖြိုး - C
တည်တံ့(GBK) – D,L
ထင်မင်းလူ - F,P
ထူးကျော်ဝင်း - M,N
မင်းခက်ရဲ - A,B, I
ရန်နိုင်ဝင်း - O,V,Y,U
နောင်ချိုသစ် - G
အိအိခင် - T,W


Monday, April 01, 2013

မန္တလေးကို လိုက်ခဲ့မလား

မန္တလေးကို လိုက်ကြမလား တဲ့ ။ လေဘာတီ မမြရင်က  ဖိတ်ခေါ်လို့နေတယ်။ 
မန္တလေးတောင်က မြွေကြီး နှစ်ကောင် ကိုလည်း ..သွားလို့ ကြည့်မတဲ့။
ရွှေမန်းတောင်တော်အရိပ်ကို ခိုရင် အသက်ရှည်ကျန်းမာတယ် လို့ ရှေးလူကြီးများ အဆိုရှိပါတယ်..။

စိမ်းရောင် ..စို ..တောင် ညိုက..  မှိုင်း…××ရီ  
တိုင်းရတနာပုံ ..နေပြည်..တဘေါင် စာအညီ××
 အောင်ဇေယျာ အတည်.ခေါင်ကမ္ဘားယံဆီ  
အသက်ကလေးရယ်  ရှည် စေလို..မြနန္ဒာ ရေညိုသန်းတဲ့.
.ပြည်တော်ရွှေမန်း..ရွှေမန်းတောင်ရိပ် ခို .
ဖခါင်းလောင်းသံ ချိုချို..ရွှေပဟိုရ် စည်သံ ဟိန်း …. .တယ်..
ဘေးရန်က ငြိမ်း….။
မန္တလေးကို  ..လိုက်ကြမလား အစ်ကို …တဘေါင်စကားနဲ့  အောင်ရမယ် ..ဆို ဆို 
ရန်ဘယာမသန်းသကို ..စံရာ ရွှေမန်း..ဗဟို..ဟိုရှေးက စာဆို..
ရွှေမန်းတောင်တော် ရိပ်ခို..တောင်ရိပ်ခို….မြစမ်းရေညို…စိမ်းရောင် ..စို  ..။
မန္တလေးမြို့ဟာ မြန်မာပြည် အလယ်ပိုင်းဒေသ ခြောက်သွေ့တဲ့ အပူပိုင်းဇုံအတွင်း ဧရာဝတီမြစ် နဘေး မှာ တည်ရှိပါတယ်။ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တယ်။  ပူအိုက်စွတ်စိုတဲ့ ရာသီဥတုရှိတယ်။ နွေမှာ အလွန်ပူပြင်းပြီးဆောင်းမှာ အချမ်းလွန်ကဲလေ့ရှိတယ်။ မြောက်၂၁.၉၈ဒီကရီ၊အရှေ့၆၄၉၆.၀၈ဒီကရီ မှာတည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် ထက် မီတာ၆၄ (၂၁၀ပေ)မှာ တည်ရှိနေတာပါ။ ဒါ့အပြင် အနာဂါတ်အတွက် အလွန်စိုးရိမ်ရတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောတလျှောက် တည်ရှိနေပြန်ပါသေးတယ်။တက်တိုနစ် ပလိပ်ပြားနယ်နိမိတ်အကန့်နှင့် ဆန်တာပလိပ်ပြားတို့အကြား  ထိစပ်နေခြင်းဖြစ်တယ်။ (၁၉၅၆ခုနှစ်က စစ်ကိုင်းမြို့အနီး ၇ မက်ဂနီကျူ့ဒ် အင်အားရှိတဲ့ မြေငလျင် တခုလှုပ်ခတ်ပြီးတော့ တိုက်တာအိမ်ခြေများစွာ ဖျက်ဆီးပြစ်ခဲ့တာ မှတ်မိကြပါလိမ့်မယ်။ )
Mandalay metropolitan area seen from satellite
မန္တလေးတောင်
မန္တလေးတောင်ဟာ ဘာသာရေးအရ ထူးခြားမြင့်မြတ်တဲ့ တောင်တော်ဖြစ်ပါတယ်။ရှေးရိုးစဉ်လာအရ မှတ်သားမိတာက မြတ်ဘုရားရှင်ဟာ မန္တလေးတောင်နေရာမှာ ခြေချရင်း  နောင်အခါ ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရာ အရပ်ဒေသဖြစ်လာမယ် ဆိုတဲ့အကြောင်း ကြိုတင်ဗျာဒိတ်ပေးခဲ့ဖူးလို့ပါပဲ။စေတီပုထိုး ဘုရားကျောင်းကန်များနှင့် ဘုန်းကြီးကျောင်းများလည်း တောင်ထိပ်မှာ ရှိပါတယ်။နိုင်ငံခြားသားခရီးသွားများဟာ ညခင်းနေ၀င်ချိန်ကလေးကို တန်ဘိုးထားပြီး အချိန်ယူစောင့်ကြည့်တတ်ကြတယ်။

မြန်မာနိုင်ငံတလွှားက ဘုရားဖူးများဟာ မိုးရာသီ ကုန်ဆုံးချိန်မှာ နှစ်စဉ် မန္တလေးတောင်နှင့် အခြားမန္တလေးရဲ့ အမှတ်အသားနေရာဒေသ တွေကို သွားရောက် လေ့ရှိပါတယ်။နိုင်ငံခြားခရီးသွားဧည့်သည်များလည်း ၀င်လာမစဲ တသဲသဲ ပါပဲ။ မန္တလေးတောင်တော်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၃၀ မြင့်ပါတယ်။တောင်ပေါ်ကနေ ဘေးပတ်ဝန်းကျင် လည့်ပတ်ရှုကြည့်လိုက်ရင် ရေမြေတောတောင်ဟာ သာယာလွန်းလှတယ်။စိမ်းရောင်စို ..တောင်ညိုကမှိုင်း ဆိုတဲ့စာသားနဲ့ လိုက်ဖက်လွန်းနေတယ်။ မော်တော်ကားလမ်းဖေါက်လုပ်ထားပြီဖြစ်တဲ့အတွက်လည်း အခက်အခဲမရှိ အစစအဆင်ပြေချောမွေ့ပါတယ်။တကယ်လို့ ခြေလျင်တက်မယ်ဆိုရင်တော့ တော်တော်လေးခက်ခဲမှာပါ။ ပစ်ကပ်ကားလေးတွေ ခွဲဝေငှားရမ်းသွားရင် စရိတ်လည်းသက်သာ လွယ်လည်း လွယ်ကူမှာပါ။သုံးဘီးကားများ လန်ချားများ  လွယ်ကူစွာ ရရှိနိုင်ပါတယ်။

မန္တလေးနန်းတော်
ဒုတိယကမ္ဘာစစ်ရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဘယ်နေရာ ဘယ်အရာမှ မတည်မြဲခဲ့ဘူး။မန္တလေးနန်းတော်ကြီးဟာ လောင်စာ အတိပြီးခဲ့ရတယ်။ဘာပဲဖြစ်ဖြစ်ခုအချိန်မှာတော့ “မြနန်းစံကျော် ရွှေနန်းတော်" အမည်နှင့် ပြန်လည် တည်ဆောက်ပြုပြင်ထားပါတယ်။ ရှေးမူမပျက် ထိမ်းသိမ်းထားတာမို့ ယာယီမြေစိုက်တဲနန်းအသွင်ပီပြင်စွာ  မြင်တွေ့ရနိုင်တယ်။ နန်မြင့်ဆောင်နှင့်ယဉ်ကျေးမှု ပြတိုက်ကိုလည်း  နန်းတွင်းမှာ လေ့လာကြည့်ရှုနိုင်ပါတယ်။
King Mindon is the founder of Mandalay royal capital
ရွှေနန်းတော်ဘုန်းကြီးကျောင်း
အသေးစိတ်ထုဆစ်ထားတဲ့ သစ်သား ပန်းပုလက်ရာများနှင့်နာမည်ကျော်ကြားခဲ့တဲ့ ရွှေနန်းတော်ကျောင်းကြီးဟာ အကျိုးအပဲ့ အပျက်အစီးအပိုင်းအစတွေနှင့် ကျန်ရစ်ပါတယ်။၁၈၈၀ခုနှစ်မှာ သီပေါဘုရင်က နန်းတော်ဟောင်းရဲ့ အစိတ်အပိုင်းတခုအနေနှင့် နန်းတော်ဝင်းအတွင်း ရွှေ့ပြောင်း ခဲ့တာဖြစ်တယ်။

မဟာမြတ်မုနိရုပ်ရှင်တော်မြတ်
မြတ်ဘုရားရှင် နုစဉ်ကာလနွားကျောင်းသားဘ၀မှာ  ရခိုင်ဘုရင်  စန္ဒာသူရိယမင်းအလောင်းအလျာနှင့်အလွန်ချစ်တဲ့ သူငယ်ချင်းများဖြစ်ခဲ့ကြဖူးသတဲ့။သူတို့နှစ်ဦးဟာ တဦးက အဝေးသွားရင် ကိုယ်စားအရုပ်ထားပြီး သွားလေ့ရှိတော့ဘုရားဖြစ်တော်မူလာတဲ့အခါမှာလည်း ဘုရားရှင် အရပ်တပါးသွားတဲ့အခါ သူ့အနားအမြဲ ထင်ရှား ရှိစေလိုတဲ့အတွက် ဘုရားကိုယ်စား ရွှေရုပ်သွန်းထုပြုလုပ်ရန်ခယ၀တ်တွား တောင်းဆိုခဲ့တာမို့  ခွင့်ပြုခဲ့တာပါ။ ရင်ငွေ့တော်ကိုလည်း ၇ကြိမ်ပွေ့ပြီး လှုံစေခဲ့တာပါ။ ဒါ့ကြောင့် သက်ရှိရုပ်ရှင်တော်မြတ်တဆူအနေနဲ့ ကိုးကွယ် ဆည်းကပ်ကြခြင်းဖြစ်ပါတယ်။ မျက်နှာတော်ကို  ရဟန်းသံဃာများက နေ့စဉ်သစ်ပေးရပါတယ်။ နောင်အခါ ဘိုးတော်ဘုရားက  ၁၇၈၄ခုနှစ်မှာ စစ်ကိုင်းကို ပင့်ဆောင်စေခဲ့တာလို့ ဆိုပါတယ်။ဘုရားရဲ့အမြင့်ဟာပလ္လင်တော်မှာ ထိုင်လျက် ၁၂ပေ ၇လက်မ မြင့်ပါတယ်။ နိုင်ငံခြားသားများဟာ စာရွက်စာတမ်းမပြည့်စုံရင် မဟာမုနိရုပ်ရှင်တော်မြတ်ကို ဖူးမျှော်ခွင့်မရပါဖူးတဲ့။

ကုသိုလ်တော်ဘုရား
၁၈၅၇ခုနှစ်မှာ မင်းတုန်းမင်းကြီးတည်ထားကိုးကွယ်ခဲ့တာပါ။ ညောင်ဦးမြိုံ့ရွှေစည်းခုံဘုရားမှာ တည်ရှိပါတယ်။ ကမ္ဘာအကြီးဆုံးစာအုပ် (The World’s Biggest Book)လို့ အမည်ရခဲ့တယ်။ကျောက်ချပ်လွှာပေါင်း၇၂၉ခုကိုကမ္ဗည်းရေးထိုး စိုက်ထူခဲ့တာပါ။ မင်းတုန်းဘုရင်ဟာ သံဃာတော်များပင့်ဖိတ်စည်းဝေးစေပြီး ပဉ္စမသင်္ဂါယနာကို တင်တော်မူခဲ့ပါတယ်။

ကျောက်တော်ကြီးဘုရား
၁၈၅၃ခုနှစ်မှသည် ၁၈၆၅ခုနှစ်အထိ မန္တလေးတောင်အနီး တောင်ဘက်အရပ်မှာ ကျောက်တော်ကြီးဘုရားကို တည်တော်မူခဲ့ရတယ်။မာဘယ်စကျင်ကျောက်များနှင့် ထွင်းထုထားတဲ့ ဗုဒ္ဓ နောက်လိုက် ရဟန်းသံဃာရုပ်တု၈၀ ဖြင့်ဝန်းရံစေတယ်။

စွယ်တော်ဘုရား
အမရပူရမြို့နယ် မဟာဓမ္မရံသီ တောင် ပေါ်မှာလည်း  ဗုဒ္ဓရဲ့ ရုပ်ကြွင်း ဓါတ်တော်အမွေအနှစ် စွယ်တော်တဆူကို ဌာပနာပြီး တည်ထားကိုးကွယ်ခဲ့တယ်။ စစ်အစိုးရလက်ထက် မြန်မာပြည်အရပ်ရပ်မှဘုရားဖူးလာရောက်ကြတဲ့  ပြည်သူတို့ရဲ့ ကုသိုလ်တော် အလှူငွေများ ပေါင်းစည်းကာ တည်ထားခြင်းဖြစ်တယ်။ စိန်ဖူးတော် ထီးတော် ငှက်မြတ်နား စသည် စိန်စစ်များဖြင့် မြှုပ်နှံသွန်းထုထားတယ်။ ၁၉၉၆ ဒီဇင်ဘာလက အပြီးသတ်နိုင်ခဲ့တယ်။

အတုမရှိကျောင်းတော်
မူရင်းအစစ်က ဒုတိယကမ္ဘာစစ်အတွင်း  မီးလောင်ကျွမ်းခဲ့ပေမဲ့ ၁၈၉၀ခုနှစ်မှာ ပန်းရံဆရာကြီးတွေ လက်စွမ်းပြ တည်ဆောက်ထားတဲ့အတွက် မူရင်းအတိုင်း တွေ့ရှိနိုင်မှာ ဖြစ်တယ်။ ယနေ့ထက်တိုင် ကျော်ကြားဆဲ ကျောင်းတော်ကြီးပါ။ ၁၉၉၅ခုနှစ်မေလ၂ရက်နေ့မှာ  စစ်အစိုးရက  ပနက်ချ စတင်တည်ဆောက်စေပြီး ၁၉၉၆ ဇွန်လမှာလုံးဝ ပြီးဆုံးခဲ့ပါတယ်။

ရွှေကျီးမြင်ဘုရား
ပထမရာစုနှစ်လောက်က မင်းရှင်စော တည်တော်မူခဲ့တာဖြစ်တယ်။

ရတနာပုံ တိရိစ္ဆာန်ဥယျာဉ် 
မန္တလေးတောင်နဲ့ မန္တလေးနန်းတော်အကြား မှာ  တိရိစ္ဆာန်ရုံအငယ်စား တခုလည်းဖွင့်လှစ်ထားတယ်။မျိုးစိတ်ပေါင်း၃၀၀ကျော်ရှိပါတယ်။

လေဆိပ်
နိုင်ငံတကာမန္တလေးလေဆိပ်ဟာ မြန်မာနိုင်ငံရဲ့  အကြီးဆုံးနှင့် ခေတ်အမှီဆုံးလေဆိပ်ကြီးဖြစ်ပါတယ်။၂၀၀၀ခုနှစ်က ယူအက်စ်ဒေါ်လာ သန်း၁၅၀အကုန်အကျခံ တည်ဆောက်ထားတာပါ။   မြိုံနှင့် ၄၅ကီလိုမီတာကွာလှမ်းတဲ့အတွက် ဆူညံခြင်းကင်းဝေးတိတ်ဆိတ်ပါတယ်။ ဘန်ကောက်ကနေ သီတင်းပတ်တိုင်း  တပတ်လျင် လေးကြိမ် အာရှလေကြောင်းလိုင်း တိုက်ရိုက်ပျံသန်းပါတယ်။

ဧရာဝတီမြစ်
ဧရာဝတီဟာ မြန်မာတနိုင်ငံလုံးအတွက် အသက်သွေးကြောတခုပါ။ ကူးသန်းရောင်းဝယ်ရေးအတွက် အထူးအရေးပါပါတယ်။လယ်ယာထွက်ပစ္စည်းများ ဆီ ၊ဆန် ပ၊ဲ ပြောင်း၊ အိုး၊  ၀ါး၊ကျွန်းသစ် တင်ပို့ ရာ မှာ များစွာ အသုံးဝင်တဲ့ မြစ်ဖြစ်ပါတယ်။

မီးရထားလမ်း
များသောအားဖြင့် ရန်ကုန်ကနေ နေ့စဉ် ထွက်ခွာနေတဲ့ မီးရထားလမ်းခွဲများမြောက်များစွာရှိပါတယ်။ပြင်ဦးလွင် လားရှိုးမှသည်ပခုက္ကူ ကလေး ဂန့်ဂေါ မြောက်ဘက် မိုးကောင်း မြစ်ကြီးနား စသည်အထိ နေရာအနှံ့ စီးသွားလို့ ရပါတယ်။မြေအောက်ရထားစံနစ်စသည်တော့ မရှိပါဘူး။

လမ်းများ
မြန်မာပြည် အရပ်ရပ်သို့ ချိတ်ဆက်ထားသော လမ်းများ အားလုံးရှိတယ် ။အထက်မြန်မာပြည်မှ  တရုပ်ပြည်အထိ။မန္တလေး တကောင်း ဗန်းမော် မြစ်ကြီးနား။ မန္တလေး လားရှိုး သီပေါ ပြင်ဦးလွင်  ။ မူဆယ်  အနောက်ဘက်တွင် အိန္ဒိယ စစ်ကိုင်း မုံရွာ.ကလေးဝ  တမူးလမ်းများ ရှိတယ်။ရန်ကုန်ကနေ ညထွက်တဲ့ရထားများနာရီစဉ်အလိုက် (စဉ်တိုက်ထွက်တဲ့ ရထားများ)တနာရီ တစင်းထွက်ပါတယ်။များသောအားဖြင့် ဈေးသက်သာပြီး သက်တောင့်သက်သာ စီးနင်းနိုင်ပါတယ်။အင်းလေးကန် ကို သွားရောက်နိုင်တဲ့ ဘပ်စ်ကားများလည်းရှိတယ်။တက္ကစီနဲ့ ပစ်ကပ်ကားများလည်း ငှားရမ်းနိုင်တယ်။မန္တလေးမြို့ပေါ်မှာတော့ ဆိုင်ကယ်  ထရီရှော သုံးဘီးကားလေးများ ပေါနေပါတယ်။

ရေတံခွန်တောင်
မန္တလေးအရှေ့ဘက်မှာ ရှိပါတယ်။ အားကစားသမားများ ကျောက်တောင်တွေကို တက်ရောက်လေ့ကျင့်ကြတယ်။ ဂူတွေကို လေ့လာကြတယ်။ မြို့နဲ့လည်းမဝေးလှပါဘူး။

အမရပူရက ဦးပိန်တံတား
မန္တလေးရောက်ရင် မဖြစ်မနေ သွားသင့်တဲ့နေရာက ဦးပိန်တံတားပါ။ အရှည် ၁.၂ကီလိုမီတာရှိပြီး ကျွန်းသစ်တွေနှင့် သံမပါ ၀က်အူ မူလီမပါ။ သစ် သစ်ချင်း၊ စရွေးကိုက် ဆောက်လုပ်ထားတာပါ။ဦးပိန်တံတားရဲ့ နေ၀င်ချိန်ကလေးကိုလည်း လူအများက ကြည်နူးနှစ်ခြိုက်ကြပါတယ်။

ကျန်းမာရေးစင်တာများ
 မန္တလေးမြို့ရဲ့ လူဦးရေ (၂၀၀၅အရ) ၇.၆သန်းမှာ ဆရာဝန် ၁၀၀၀ သူနာပြု ၂၀၀၀သာရှိပြီး ဆေးရုံ ၄၄ရုံ ကျန်းမာရေး ဆေးခန်း၄၄ခန်းသာရှိတယ်လို့ ဆိုတယ်။ကုတင်တရာ ဆေးရုံဟာ ၃၀ကျော်သာရှိတယ်လို့ ဖေါ်ပြထားတယ်။စစ်အစိုးရလက်ထက်က နိုင်ငံရဲ့ ၀င်ငွေ GDP ၀.၅% ကနေ3% အထိသာ သုံးစွဲ နိုင်တဲ့အတွက်  ယခုအခါမှာတော့ ကုတင်၅၀၀ နှင့် ကုတင် ၁၀၀၀ ဆေးရုံမျာလည်းပေါ်ပေါက်လာနေပြီမို့ ဆရာဝန်ဆရာမများလည်း ထပ်မံ တိးုမြင့် ခန့်အပ်နေပါပြီ။ငွေကြေးတတ်နိုင်သူများက ဘန်ကောက်စင်ကာပူ တို့ကို သွားရောက်ဆေးကုသကြသော်လည်း ဆေးပညာတိုးတက်ဖွံ့ဖြိုးမှု အရ အဆင့်မြင့် ဆေးရုံများလည်းမန္တလေးမှာ  ပေါ်ပေါက်လာပြီဖြစ်တယ်။ 

ရိုးရာ စားသောက်ဆိုင် ၈၁လမ်း ၈၂လမ်း၈၃လမ်းတို့မှာ  ဗမာ့ရိုးရာ စားသောက်ဆိုင် တွေ ရှိပါတယ်။ 
Smile All စားသောက်ဆိုင် 
Mann စားသောက်ဆိုင် 
Too Too Myanmar Cuisine 
Htou moun စားသောက်ဆိုင် 
V Café ၈၀နှင့်၂၅လမ်းကြား (ရွိင်ရယ် ဧည့်ဂေဟာအနီး)
Shwe Gokai  ၆၈နှင့် ၆၇လမ်းကြား
Golden Cofe Shop, 88နှင့်  89 လမ်းကြား စသည်တို့ဟာ ဈေးမကြီးပါဘူး။ သင့်တော်တဲ့ဆိုင်တွေဖြစ်တယ်။
ပြီးရင် ငွေကြေးတတ်နိုင်မယ်ဆိုရင် အကောင်းဆုံး ဟိုတယ်ကြီးတွေ spa တွေ သွားနိုင်ပါသေးတယ်။ 

ကဲ မန္တလေးက ဘာလိုသေးလဲ။                   
ယနေ့ မန္တလေးဟာ လားရှိုးလမ်းမကြီးပေါ်ကနေ အေးအေးကလေး တရုတ်  အိန္ဒိယ တို့နှင့် ကူသန်းရောင်းဝယ် ဖေါက်ကားနေပါတယ်။ ချောမွေ့တဲ့ ဆက်ဆံရေးကို ဖေါ်ဆောင်နေပါတယ်။ မန္တလးကြောင့် နိုင်ငံဟာ တဖြေးဖြေး ချမ်းသာကြွယ်ဝလာတယ်။ မင်းနေမြို့တော် မဟုတ်ပေမယ့် အထက်မြန်မာပြည်မှာတော့ မန္တလေးဟာ အားကောင်းတဲ့ စီးးပွားရေးမြို့တော်အဖြစ် ဖွံ့ဖြိုးတိုးတက်နေဆဲဖြစ်ပါတယ်။ အဲဒါ ဘယ်သူမှ ငြင်းမရတဲ့အချက်ပါပဲ။
မြန်မာ့ယဉ်ကျေးမှုဟာ မန္တလေးပါဆိုတာ ဂုဏ်ယူဝင့်ကြွားစွာ ကျွန်မတို့ မြတ်မြတ်နိုးနိုး ပြခဲ့ကြပါတယ်။ဟုတ်ပါတယ် အက အလှ နဲ့ ၀တ်စားဆင်ယင်မှုတွေမှာ မန္တလေးသူတွေ ယဉ်ကျေးသိမ်မွေ့လှတယ်။
ဘာပဲ ပြောပြော ကျွန်မကတော့ …မမြရင် သီချင်းကလေးကို အမြဲ ကြားယောင်နေမိတယ်။

အော်..တကယ်လို့များ..ကိုယ်ပိုင်ကား..နဲ့ ဘုရားကိုလည်  လိုက်ကြမလားကွယ်   (လိုက်မယ် လိုက်မယ် )
မောင် ..လိုက်ကြမလားကွယ် .(လိုက်မယ်  ..လိုက်မယ်).မောင်နဲ့  ရင်ရင်နဲ့ အတူတူသွားမယ် ..ဆို…ဆို 
ရွှေမန်းတောင်တော်ရိပ်ခို ..တောင်ရိပ် ခို..မြစန်းရေညို..စိမ်းရောင် စို….။

Source(photo included) : wiki 

ခင်မေသစ်
Living Fashion Magazine, April, 2013
မေမေ့ဆီကစာ

တပိုတွဲ လပြည့်ည ပါ နောက်တပုံက တပေါင်းလပြည့်ည
လိပ်ပုလေး စိတ်ကြည်လင်အေးမြစေဖို့ စာတွေ အများကြီးရေးနိုင်ဖို့ ပုံတွေ ပို့ပေးလိုက်တယ် ဒုတိယပုံက တပေါင်းလပြည့်ညနော်။