Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, November 30, 2013

သတင်းကောင်း နဲ့ သတင်းဆိုး ပြောဖို့ရှိနေသူ……….. လင်းနစ်

`ဂီတလောကသားများဖတ်ရန်´ဆိုသည့် စာတစ်ပုဒ်ကို facebook က သူ့page မှာ ဖတ်ရစဉ်က ဒါသူရေးတာမှဟုတ်ရဲ့လားလို့ သံသယ၀င်မိသွားသည်။ ဂီတအစည်းအရုံးမှာ ပြဿနာတချို့ဖြစ်ချိန် ဂီတလောကသားတွေ စိတ်နှလုံး မသာမယာဖြစ်ချိန်မှာ ပေါ့ပေါ့ပါးပါးဖြစ်စေချင်တဲ့သဘောနဲ့ ရယ်စရာဟာသ စာလေးတစ်ပုဒ် စတင်ကာ သူရေးခဲ့သည်တဲ့။ ဖတ်ရသူတိုင်း သဘောကျရာက စာရေးပါစာရေးပါ တောင်းဆို၊ တိုက်တွန်းသံတွေကြောင့် အားတက်ပြီး စာတွေလည်း သူရေးဖြစ်နေသည်။ Sunday Journal မှာ သူရေးသည့် `တစ်နှစ်တာအတွက် အကောင်းဆုံးပရိသတ်´ကို ဖော်ပြခံခဲ့သည်။ ဒီစာမူနှင့်ပတ်သက်ပြီး သူ့status မှာ ဒီလိုသူရေးခဲ့တာ တွေ့ဖူးသည်။ 

“ကဲ..ဒါကတော့ ပထမဆုံးရတဲ့ စာမူခလေးပါ။ကျွန်တော်ရဲ့ သီချင်းရေးခနဲ့ ယှဉ်ရင် (25:1) လောက်ကွာပေမယ့် ဒီစာမူခ လေးကိုတော့ တန်ဖိုးထားပါတယ်။ မြန်မာပြည်က စာရေးဆရာတွေ ကဗျာဆရာတွေရဲ့ ဘဝကို ကိုယ်ချင်းစာခံစားရလို့ စိတ်မကောင်း ပါဘူး။ လောလောဆယ် သီချင်းတစ်ပုဒ်ရေးစရာ ရှိနေသေးလို့ ပြီးရင် စာတွေထပ်ရေးပါဦးမယ်”

ခုတော့ စာရေးခြင်းက သီချင်းရေးခြင်းလို သူ့အာရုံကို ရစ်ပတ်နှောင်ဖွဲ့ခဲ့ပြီပေါ့။ ဒီလူငယ်လေးက လင်းနစ်လို့မဖြစ်ခင် အခြားလူငယ် အများစုလို သီချင်းတွေအော်ဆိုခဲ့ဖူးသည်။ 20 years before သီချင်းတွေက သူ့ပါးစပ်ဖျားမှာ မင်းမူခဲ့ဖူးသည်။ စည်သူလွင်၊ လေးဖြူတို့ရဲ့သီချင်းတွေလည်း မမီမကမ်း ကလေးသံတစ်ဝက်နဲ့ သူအော်ဆိုခဲ့ရာကနေ ဂစ်တာကို ကိုင်မှ ဖြစ်တော့မည်လို့ သူဆုံးဖြတ်ကာ ၁၅နှစ်အရွယ်လောက်မှာ သူငယ်ချင်းတစ်ယောက်ကို သင်ခိုင်းသည်။

“သူငယ်ချင်းက ကော့ဒ်တစ်ခု စပြတယ်၊ ထုံးစံအတိုင်း C ပေါ့၊ ပြီးတော့ Am၊ အဲ နောက်တော့ ဘာစိတ်ကူးပေါက်တယ် မသိဘူး၊ `ဟေ့ကောင် မေ့လုယိက်တော့ကွ၊ ငါမင်းကိုအလကားနောက်နေတာ၊ အဲဒါတွေက ဘာမှမဟုတ်ဘူး၊ မင်းသင်ချင်ရင် သင်တန်း တစ်ခုမှာ စနစ်တကျသွားသင်၊ နို့မို့ဆို ငါတို့လို လမ်းဘေးတဒေါင်ဒေါင်ပဲဖြစ်နေမှာ၊ မင်းက ငါတို့နဲ့မတူဘူး၊ မင်းကဒါနဲ့ပတ်သက်ပြီး တကယ်လုပ်မှာလို့စဉ်းစားထားတဲ့ကောင်၊ ငါခုနက ပြထားတာတွေမေ့လိုက်တော့´ဆိုပြီး ကျွန်တော့်လက်ထဲက ဂစ်တာကို ပြန်ယူသွား တယ်ဗျ။ သူ့တိုက်တွန်းချက်နဲ့ နောက်တော့ သင်တန်းတက်ဖြစ်သွားတယ်။ ဂစ်တာကိုပေါက်က ကျွန်တော့် လက်ဦးဆရာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာပဲ နှစ်လပဲတက်ခွင့်ရလိုက်တယ်။ သိချင်တာတွေ ဒီလိုပဲ အပြင်မှာပဲစမ်းတ၀ါးဝါးနဲ့ လေ့လာခဲ့ရတယ်ဗျ”

သူ့ကို သင်တန်းတက်ဖို့တိုက်တွန်းတဲ့သူငယ်ချင်းက `သီဟ´၊ ခုထိလည်း အချစ်ဆုံးသူငယ်ချင်းတွေထဲကတစ်ယောက်သည်၊ သီဟကို ကျေးဇူးတင်နေမိကြောင်း မမေ့မလျော့သူပြောပြခဲ့သေးသည်။ လွယ်လွယ်ကူကူသီချင်းတွေ ရှာဖွေတီးခဲ့ရာကနေ သိပ်မကြာခင်မှာပဲ သူ သီချင်းစရေးသည်။ နာရီလက်တံ အယ်လ်ဘမ်ထဲမှာ ပါသည့် `ဂစ်တာမတီးတော့တဲ့ညတွေ´သီချင်းက သူ ၁၇နှစ်လောက်က ရေးခဲ့သည့် သီချင်း။ ငယ်ငယ်တုန်းကတော့ သူအဆိုတော်ဖြစ်ချင်၊ နာမည်ကြီးချင်၊ အောင်မြင်ချင်ရုံ။ လက်တစ်ဖက်မြျှောက်ပြီး နှုတ်ဆက် လိုက်သည့်အပေါ်မှာ ပရိသတ်ဆီက `ဟေး´ခနဲအော်လိုက်သည့် တုံ့ပြန်မှုကို ခံစားချင်ရုံထက်မပိုခဲ့။ တဖြည်းဖြည်း ပြောင်းလဲလာသည့် အချိန်တစ်ခုက သူ့ကို ရင့်ကျက်စေခဲ့သည်။

“making music, ဂီတ တစ်ခုဖန်တီးတယ်ဆိုတာ အဲဒါတွေထက်ပိုတဲ့ အဓိပ္ပာယ်တစ်ခုရှိတယ် လို့ ကိုယ်တိုင်ခံစား နားလည်လာခဲ့တယ်ဗျ။ အခက်အဲတွေကတော့ များတယ်။ ငွေကြေး၊ အဆက်အသွယ်၊ ပတ်ဝန်းကျင်ရဲ့ဝေဖန်မှု အများကြီးပဲ၊ အပြုသဘောဝေဖန်တာတွေက အကျိုးရှိနိုင်ပေမယ့် အဲ..မဆီမဆိုင် ဆရာကြီးဝင်လုပ်ကြတာကတော့ အတော်ဆိုးတယ်ဗျာ။ ကျွန်တော်ကျောင်းပြီးလို့ အဆိုတော်လုပ်မယ်ဆိုတော့ ၀ိုင်းပြောလိုက်ကြတာ ခုထိမမေ့သေးဘူး၊ ဘာတဲ့.. `ပညာတွေမှိုတက် ကုန်ပြီ´တဲ့ဗျ၊ အလုပ်မလုပ်ဘဲ သီချင်းရေးလို့နေလို့လေ၊ နောက်တစ်ခုရယ်စရာထပ်ပြောပြရဦးမယ်။ `ငါတို့တုန်းကလည်း ချစ်စမ်းမောင်နဲ့အတူ တွဲတီးဖူးတာပဲကွ၊ ဒီလမ်းကြောင်းကမလွယ်ပါဘူးကွာ´တဲ့။ သူ့စကားထဲမှာတင် အဖြေကရှင်းနေပြီ။ အတူလုပ်ခဲ့တာချင်းအတူတူ ကိုချစ်စမ်းမောင်က ဘာလို့အောင်မြင်ပြီး သူက ဘာမှမဖြစ်သလဲ ဆိုတာ…ရှင်းပါတယ်၊ လူတစ်ယောက်နဲ့တစ်ယောက် ထူးချွန်တဲ့နေရာ တစ်နည်းပြောရရင် ပါရမီကွာလို့ပါ”

သူ့မှာတော့ အဲဒီပါရမီပါသည်လို့ သူ့ကိုယ်သူယုံကြည်သလို သူ့သီချင်းဖန်တီးမှုတွေကို ကြည့်ချင်းအားဖြင့် ဂီတချစ်သူတိုင်းကလည်း သူ့ကို ယုံကြည်မှုတစ်ခုရှိမှာသေချာသည်။ အဲသည်ယုံကြည်မှုနဲ့ အရာအားလုံးကို သူကျော်လွှားခဲ့သည်။ သူက ကျိုးကြောင်းရင်းမြစ် မခိုင်လုံသည့် ဝေဖန်မှုတွေကို ဂရုစိုက်ပုံမရ။ ဂရုသာစိုက်ခဲ့လျှင်လည်း ယခုနေ့လို တွေ့ဆုံမေးမြန်းခန်းကဏ္ဍတွေ ရှိလာမည်မဟုတ်။ ဝေဖန်မှုတွေကို ငြင်းဆန်လို့ရလောက်အောင် သူ့တာက လုံသည်။ သူ့ကိုယ်သူယုံကြည်စိတ်ချစွာဖြင့် demo albumလေး လုပ်ခဲ့သည်။ အဲသည်အကြမ်းထည်ကို ပြကြည့်ရာက Ezy က ကိုကျော်ဇင်သိန်းသူ့ကို ကမ်းလှမ်းလာသည်။ ၂၀၀၆၊ ဒီဇင်ဘ ၂၃ရက်နေ့မှာ ပွဲဦးထွက်တေးအယ်လ်ဘမ်`ရင်ဘတ်ထဲကအိပ်မက်ဟောင်း´ထွက်ခဲ့သည်။ ဒုတိယအယ်လ်ဘမ်ကတော့ ၂၀၁၀ မှာ။ title က `နာရီလက်တံ´။

“ဒီအယ်လ်ဘမ်ကိုလုပ်တော့ ကျွန်တော်အရမ်းကိုစိတ်လှုပ်ရှားခဲ့ရတယ်။ ကျွန်တော်အရမ်းကို ယုံကြည်ထားတဲ့ သီချင်းတွေ လုပ်ခွင့်ရခဲ့တယ်လေ။ ဒီ`နာရီလက်တံ´အတွက် Proက ကိုကျော်ဇေယျနဲ့ ကိုအောင်မင်းသိဏ်းတို့ကို ကျေးဇူးတင်မိတယ်။ ပထမ အယ်လ်ဘမ်နဲ့စာရင်`နာရီလက်တံ´ကိုတော့ ပိုအားရလာတယ်။ ဒါပေမဲ့ ပထမအယ်လ်ဘမ်မှာ အပြည့်အ၀ကိန်းဝပ်ခဲ့တဲ့ အနုပညာရိုး သားမှုလေးတော့ နောက်ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးဗျ”

သီချင်းအများကြီးရှိတဲ့အထဲမှာ`ဒီဇင်ဘာည´က လူငယ်ထုကြားမှာ စွာထွက်ကာ ရေပန်းစားခဲ့သည်။ ဒီခံစားချက်က ပီတိဖြစ်စရာ။

“ဟုတ်တယ်ဗျ။ ဒီဇင်ဘာညက လူတော်တော်သိသွားတယ်။ ကျွန်တော်ပျော်တာပေါ့..ကိုယ်တိုင်ရေးဆိုထားတဲ့ သီချင်းလေး တစ်ပုဒ်ဟာ တစ်နိုင်ငံလုံးက ဂီတပရိသတ်တွေသိသွားတယ်ဆိုတဲ့ ခံစားချက်က နည်းနည်းနောနောမှမဟုတ်တာ။ အဲဒီတုန်းက ဗီစီဒီ ခေတ်လေ။ အရုပ်မှမပါရင် သီချင်းသိပ်နားမထောင်တဲ့အချိန်ကိုး၊ `ရင်ဘတ်ထဲကအိပ်မက်ဟောင်း´က Audio CD ပဲ ထွက်သေး တဲ့အချိန်မှာ City FM5 အခွေထဲမှာ `ဒီဇင်ဘာည´သီချင်းက အရုပ်ရောအသံပါ ထွက်လာခဲ့တယ်လေ၊ အဲဒီအချက်က လူပိုသိသွားစေတဲ့အချက်ပါပဲ။ ကျွန်တော်ပြောတာကို `ရင်ဘတ်ထဲကအိပ်မက်ဟောင်းနားထောင်ဖူးတဲ့ပရိသတ်တွေသိပါလိမ့်မယ်၊ နှမြောစရာကောင်းတာက `ရင်ဘတ်ထဲကအိပ်မက်ဟောင်း´ဟာ music video အဖြစ် အရုပ်နဲ့ထွက်မလာခဲ့ဘူး”

လူတိုင်းမှာအကြိုက်ဆုံးတွေရှိသလို သူ့မှာလည်း အကြိုက်ဆုံးတွေရှိသည်။ ဒါပေမဲ့ သိပ်တော့များများစားစားမဟုတ်ခဲ့။

“တေးရေးထဲမှာ ကိုအယ်လ်ဖြူကြိုက်သလို အဆိုထဲမှာတော့ ကိုစည်သူလွင်နဲ့ မတင်ဇာမော် ကြိုက်တယ်ဗျ။ ဂစ်တာသမားထဲမှာ ကျွန်တော့်အကြိုက်က ကိုရန်နိုင်ပေါ့။ Band ကိုပြောရရင် ကျွန်တော့်သီချင်းတွေကို အမြဲတီးခတ်ပေးနေတဲ့ SoUndSqUare Band ပေါ့ဗျာ၊ ကျွန်တော့်ကို စိတ်ရှည်တာ ဒီလူတွေပဲ ရှိမယ်ထင်တယ်ဗျ”

Maroon 5, Cold Play, Keane , Travis, Muse, The Rasmus Bruno Mars စသဖြင့် သူအကြိုက်တွေကို ပြောပြခဲ့သေးသည်။ အကြိုက်နှင့်လေးစားမှုက မတူ။ ထူးအိမ်သင်ကတော့ သူ့အတွက်အမြဲလေးစားသမှုရှိရသည့်ပုဂ္ဂိုလ်။ ဒါကြောင့်ပဲ ထူးအိမ်သင်ချစ်သူတွေဝိုင်းဝန်းပြုလုပ်ကြသည့် အမှတ်တရနေ့မှာ သူ့ကို ဂစ်တာတစ်လက်နှင့်တွေ့ရဖူးသည်။ music အတွက် ဘယ်လို အချိန်သီးသန့်ပေးထားသလဲ မေးမိလို့ သူသဘောကျကာ ရယ်သည်။

“ဗျာ..သီးသန့်အချိန်…နောက်သလိုဖြစ်နေတယ်ဗျာ…ကျွန်တော့်ခေါင်းထဲမှာ အချိန်ပြည့် musicအကြောင်းပဲ စဉ်းစားနေတာ၊ လမ်းလျှောက်ရင်းလည်း သီချင်းဆိုရင်ဆိုနေမိတတ်တယ်၊ ညာလက်ကို ဂစ်တာfretတံလုပ် ဘယ်လက်က chordsတွေကိုင်ပြီးလည်း တီးရင်တီးနေတတ်တာ၊ ဒရမ်ပုံစံစဉ်းစားရင်းနဲ့လည်း လက်ဟန်ခြေဟန်တွေ လုပ်လုပ်နေမိရတာနဲ့ အဲဒီလို အချိန်ပြည့် သီချင်းဂီတက ကျွန်တော့်ကိုလွှမ်းမိုးနေတာ၊ သီးသန့်အချိန်ထားစရာမလိုတော့တဲ့အထိပါပဲဗျာ။ ဂီတဆိုတဲ့အရာက ကျွန်တော့်ဘ၀မှာ အဓိကအရေးပါတယ်ဆိုတာထက် ကျွန်တော့်ဘ၀ကိုက ဂီတနဲ့တစ်ထပ်တည်းပဲလို့ ပြောရတော့မယ်ဗျ၊ ကျွန်တော့်အချိန်တွေအားလုံး ဂီတအတွက်ပဲ ပေးဆပ်ထားတယ်” 

မြန်မာပြည်က Underground Band တွေကို အားလုံးမဟုတ်တောင် တချို့Band တွေ သူသဘောကျသည်။ သူငယ်ငယ်က Underground Show တွေအမြဲသွားသည်။ စာသားသဲသဲကွဲကွဲမရှိ၊ အော်ဟစ်ဆူညံပေါက်ကွဲနေသည့် သီချင်းတွေနဲ့ပတ်သက်ပြီး သူ့အမြင်ကရှင်းသည်။ ခုနောက်ပိုင်း Underground Band တွေဟာ သူကြည့်ခဲ့ရတုန်းကလောက် မမိုက်တော့ဘူးလို့ သူက ကောက် ချက် ချသည်။ `ဒီလို စာသားသဲသဲကွဲကွဲမရှိတဲ့ ဆူညံပေါက်ကွဲနေတဲ့ ဆိုဟန်တွေ ကျွန်တော်ဆိုတတ်တယ်ဆိုရင် ခင်ဗျား ဘယ်လိုမြင် မလဲ၊ တစ်ခါလောက်တော့ဆိုပြချင်သေးတယ်ဗျ´လို့ သူက ရယ်ရယ်မောမောပြောပြခဲ့သည်။ လက်ရှိဂီတလောကအပေါ် သူ့အမြင်က ပိုလို့တောင်ရှင်းနေသည်။

“စိတ်ပျက်စရာအကောင်းဆုံးအခြေအနေတွေပေါ့ဗျာ၊ ကျွန်တော်အပါအ၀င် ခေတ်ပျက်နေတယ်လို့ ဂီတသမား တော်တော် များများက လက်ခံထားကြတယ်ဗျ”

သူက duet သီချင်းဆိုရမည်ကိုမကြိုက်ခဲ့။ ဆိုဖို့ဝေးလို့ နားပင်ထောင်ချင်သူမဟုတ်။ နောက်ပိုင်းမှာ ဂရေဟမ် နှင့် တင်ဇာမော် ဆိုထား သည့် အချစ်စွမ်းအား ( တေးရေး - ထွဏ်းခမ်)သီချင်းလေးကို စငြိသွားရာကနေ duetသီချင်းတွေကို အာရုံရလာပြီး ၀ိုင်းစုခိုင်သိန်း၊ ချန်းချန်းတို့နှင့် ဆိုဖူးသည်။ နောက်ထပ်အခွင့်အရေး ရလျှင်လည်း duet သီချင်းလေးတွေ ဆိုမည်တဲ့။ တကယ်လို့များ တကယ်လို့များပေါ့။ သူသာ တန်ခိုးရှင်ဖြစ်မည်ဆိုလျှင် ဂီတလောကထဲ က ဘာတွေကို ဖယ်ထုတ်ပြီး ဘာတွေကို ထပ်ပေါင်း ထည့်ချင်မှာလဲ ဆိုတာ နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းလှသည်။

“ ကျွန်တော်သာ တန်ခိုးရှင်ဖြစ်လို့ကတော့ ဂီတလောကကို ဒုက္ခလှလှပေးနေတဲ့ ခိုးကူးခွေတွေကို ဖယ်ထုတ်ပစ်မှာပေါ့။ နောက်ပြီး ပရိသတ်တွေရဲ့ ရင်ထဲကို ကျွန်တော်တို့ ကြိုးစားထားသမျှကို တန်ဖိုးထားတဲ့စိတ်ကလေးထည့်ပေးချင်တယ်။ ဒါဆို ကျွန်တော်တို့ရဲ့ ဖန်တီးမှုတွေကို အသိအမှတ်ပြုပြီး မူရင်းခွေတွေ အားပေးကြလိမ့်မယ်။ ပြောသာပြောနေရတာ၊ ယုတ္တိဗေဒအရကြည့်ရင် ဒီတန်ခိုးရှင်သာဖြစ်မယ်ဆိုရင် …ဆိုတာကြီးက တော်တော်ကြောင်တာပဲဗျ။ ကျွန်တော်ကလည်း ဘယ်တော့မှ တန်ခိုးရှင်ဖြစ်မလာနိုင်သလို ခိုးကူးတွေကိုလည်း တားဆီးနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ မေးသူရှိတော့လည်း လူမုန်းခံပြီးဖြေနေရတာပေါ့၊ ဒါလောက်ပါပဲဗျာ”

သူအကျင့်က အရှေ့ကို အများကြီးကြိုတင်တွေးထားလေ့မရှိ၊ ရှိလျှင်လည်း ဘယ်သူ့ကိုမှ သူပြောပြလိမ့်မည်မဟုတ်။ လောလောဆယ် သူ့မှာ သတင်းကောင်းတစ်ခု နှင့် သတင်းဆိုးတစ်ခု ပြောဖို့ရှိနေပါသည်။ 

“သတင်းကောင်းက ကျွန်တော့်ရဲ့အမာခံပရိသတ်တွေ စောင့်ရကျိုးနပ်အောင် နောက်အယ်လ်ဘမ်သစ်ကို အကောင်းဆုံးဖြစ်အောင် လုပ်နေပါတယ်၊ အဲ…သတင်းဆိုးကတော့ အဲဒီအယ်လ်ဘမ်ဟာ ကျွန်တော့်ရဲ့ နောက်ဆုံး solo album လည်း ဖြစ်ရင်ဖြစ်သွားနိုင်ပါတယ်ဗျာ”
Zigzag
(Yati Magazine, December, 2013)

Thursday, November 28, 2013

ညွှန်းတဲ့ ရုပ်ရှင်

The Hunger Games : Catching Fire
Action / Adventure / Sci-Fi
Lionsgate
ဒါရိုက်တာ - Francis Lawrence
ထုတ်လုပ်သူ - Nina Jacobson, Jon Kilik
ဇာတ်ညွှန်း - Simon Beaufoy, Michael Arndt
ဝတ္ထု - Catching Fire by Suzanne Collins
သရုပ်ဆောင်များ - Jennifer Lawrence, Josh Hutcherson, Liam Hemsworth

Catching Fire ဟာ Lionsgate ကထုတ်လုပ် ဖြန့်ချိခဲ့တဲ့ The Hunger Games ဇာတ်လမ်းတွဲတွေထဲက ဒုတိယတစ်ပိုင်းပါ။ ၂၀၁၂ စက်တင်ဘာကစတင်ရိုက်ကူးခဲ့ပြီး ဟာဝိုင်အီဘက်မရွေ့ခင်ဇာတ်ဝင်ခန်းတွေကို အတ္တလန်တာ၊ ဂျော်ဂျီယာ နဲ့ နယူးဂျာစီ တို့မှာလည်း ရိုက်ကူးခဲ့ပါတယ်။ ဒါရိုက်တာက ဂီတလောကအကျော်အမော်တွေရဲ့ music video တွေရိုက်ကူးရာမှာ နာမည်ကြီးလှတဲ့ ထုတ်ဝေသူ၊ ဒါရိုက်တာ Franics Lawrence ပါ။ Constantine, I Am Legend တို့ကိုရိုက်ကူးခဲ့ပြီး Hunger Games နောက်ထပ်အပိုင်းတွေဖြစ်တဲ့ Mockingjay အပိုင်း ၁ နဲ့ ၂ တို့ကို၂၀၁၄ နဲ့ ၂၀၁၅ မှာပြသဦးမှာပါ။ ၇၄ ကြိမ်မြောက် Hunger Games မှာ ကက်ထ်နစ်အဲဗားဂရင်း(Jennifer Lawrence) နဲ့ Game မှာအောင်မြင်ခဲ့သူ ပီးတာမဲလာ့ခ် အတူတူပဲ District 12 ဆိုတဲ့ သူတို့ရဲ့အိမ်ကိုပြန်လာခဲ့ကြတယ်။ အိမ်ကိုပြန်လာခဲ့ကြတဲ့လမ်းခရီးတစ်လျှောက်မှာ “အောင်ပွဲခရီး” အဖြစ် district တွေမှာ လှည့်လည်ကြရဦးမယ်။ အဲဒီခရီးစဉ်ရက်တွေမှာ သမ္မတ စနိုး (Donald Sutherland) ဟာ ကက်ထ်နစ်ရဲ့သူငယ်ချင်းကောင်းကို ခြိမ်းခြောက်တယ်။ cousin ဂဲလ်ဟောသွန်းအဖြစ်ဟန်ဆောင်ပြီး ကြမ်းကြမ်းတမ်းတမ်းကြိုဆိုတယ်။ ကက်ထ်နစ် နဲ့ ပီးတာတို့ဟာ ၇၄ ကြိမ်မြောက် Hunger Games မှာ ၂ ဦးတွဲအောင်မြင်လိုက်တာကိုး။ ၂ ဦးယှဉ်တွဲဆုပေးတယ်ဆိုတာ Hunger Games ရာဇဝင်မှာ မရှိခဲ့ဖူးဘူး။ အဲဒီ အောင်ပွဲခရီးစဉ်မှာ ဒေသတစ်ခုက ပုန်ကန်ထကြွမှုအစပျိုးဖို့နေတယ်။ တအုံနွေးနွေးဖြစ်နေတယ်ဆိုတာ ကထ်ထ်နစ် အာရုံထဲမှာခံစားမိလိုက်တယ်။ စနိုးက ထိန်းချုပ်မှုတွေအသေအချာလုပ်ထားပြီး ၇၅ ကြိမ်မြောက် Hunger Games “Quarter Quell” အဖြစ်နေရာရွေးကျင်းပဖို့ ပြင်ဆင်နေတယ်။ အဲဒီနေရာဟာ District 12 ခုအတွင်း မှာ Panem ဆိုတဲ့ “District တွေအားလုံးရဲ့မြို့တော်” အဖြစ် ထာဝရ ပြောင်းလဲခွင့်ရှိသတဲ့။ အဲဒီ Hunger Games မှာ ပွဲစဉ်တွေဟာ အင်မတန်လွယ်ကူလှတဲ့ပွဲတွေဖြစ်ခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ်က အောင်နိုင်သူတွေ ကထ်စ်နစ် နဲ့ ပီးတာတို့အတွက် ပွဲစဉ်ကိုတော့ အခက်တကာ့အခက်ခဲဆုံးဖြစ်အောင်ပြင်ဆင်ထားတယ်။ ကက်ထ်နစ်ယုံကြည်ထားတာက “မျှော်လင့်ခြင်းဟာ ကြောက်ရွံ့တုန်လှုပ်ခြင်းထက် ပိုပြီးသန်မာအားကြီးတယ်" တဲ့။ ကက်စ်နစ် နဲ့ ပီးတာတို့  စနိုးပြင်ဆင်ထားတဲ့ သေသေကြေကြေပြိုင်ပွဲတွေမှာ ရင်ဆိုင်နိုင်လောက်အောင် သန်မာကြပါ့မလားပဲ။

The Black Nativity
Drama / Musical
Fox Searchlight Picture
ဒါရိုက်တာ - Kasi Lemmons
ဇာတ်ညွှန်း - Kasi Lemmons
သရုပ်ဆောင်များ - Forest Whitaker, Angela Bassett, Tyrese Gibson, Jennifer Hudson, Mary J. Blige, Vondie Curtis-Hall, Nas, Jacob Latimore 

၁၉၂၅ ခုနှစ်လောက်က New Negro movement လို့ နာမည်တွင်ခဲ့တဲ့ အာဖရိကန်-အမေရိကန် ယဉ်ကျေးမှုပြောင်းလဲလှုပ်ရှားမှုတစ်ခုမှာ ဦးဆောင်ခဲ့တဲ့ ကဗျာဆရာ၊ လူမှုရေးတက်ကြွလှုပ်ရှားသူ Langston Hughes ကို ရည်ညွှန်းပြီးရိုက်ကူးတဲ့ အမှတ်တရအခမ်းအနားပြဇာတ်မျိုးပါ။ Huges ဟာ ဂျက်ဇ်ကဗျာစာပေ လို့ ခေါ်လာကြတဲ့ စာပေအနုပညာသစ်တစ်မျိုး ဆန်းသစ်ပြောင်းလဲပေးခဲ့သူ ခေတ်ဦး ကဗျာဆရာတစ်ဦးဖြစ်ပါတယ်။ Black Nativity ကို ဒီဘက်ခေတ်နဲ့လျော်ညီအောင်ပြုပြင် ရိုက်ကူးထားတယ်။ ဒီဇင်ဘာအားလပ်ရက်ဂီတဒရာမာ ရုပ်ရှင်ပါပဲ။ single mother နိုင်မာ (Jennifer Hudson) ရဲ့ ဥာဏ်ကောင်းတဲ့ဆယ်ကျော်သက်လေး၊ ဘယ်လ်တီမိုးဇာတိလူငယ်လေး လန်ဂ်စတန် (Jacob Latimore) ဟာ ခပ်တန်းတန်းနေခဲ့ကြတဲ့ဆွေမျိုး ရီဗားရန်းကော်နယ် (Forest Whitaker) နဲ့ အရီသာကော့ဘ်စ် (Angela Bassett) တို့ဆီမှာ ခရစ်စမတ်အားလပ်ရက်တွေကုန်ဆုံးစေဖို့ နယူးယောက်စီတီးကိုရောက်လာခဲ့တယ်။ လန်ဂ်စတန်က ရီးဗားရန်းရဲ့ တင်းကျပ်တဲ့စည်းကမ်းတွေလိုက်နာဖို့ စိတ်မပါလှဘူး။ စိတ်ရှုပ်ထွေး၊ စိတ်ပျက်လာတဲ့ လန်ဂ်စတန်က မိခင် နိုင်မာ ရှိရာအိမ်ကို ပြန်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ သူငယ်ချင်းအသစ်တွေနဲ့တော့ စိတ်ကျေနပ်ကြည်နူးရတဲ့အချိန်တွေပိုင်ဆိုင်ရတယ်။ အံ့သြစရာပဲ၊ လန်ဂ်စတန်နည်းနည်းတော့ တွန့်ဆုတ်နှောင့်နှေးနေပြီ။ အဲဒီနောက် … သစ္စာတရား၊ စိတ်ဒဏ်ရာပျောက်ကင်းစေမှု နဲ့ ဖခင်၊ မိခင် စုံလင်တဲ့မိသားစုဆိုတဲ့ အဓိပ္ပါယ်အစစ်ကို လန်ဂ်စတန် ရှာဖွေတွေ့ရှိသွားတယ်။ “Silent Night … Holy Night” ဂျနီဖာဟတ်ဒ်ဆန် ရဲ့ အသံချိုချို သီချင်းသံနဲ့ စဖွင့်ထားတဲ့ trailer ကိုကြည့်ပြီး Black Nativity ကို ကြည့်ရဖို့ အလွန်အမင်းစိတ်စောနေပါပြီလို့ သီချင်းချစ်သူတွေကမှတ်ချက်ပေးနေကြပါတယ်။ ပျော်ရွှင်ဖွယ်ခရစ်စမတ်ကာလထဲက ဒရာမာ ဂီတရုပ်ရှင်ကိုကြည့်ရင်း၊ အလှပဆုံးခရစ်စမတ်သီချင်းတွေကို မြင်ကြားခံစားရင်း၊ မိသားစုအရသာကို ခံစားနားလည်နိုင်ကြစေဖို့ Black Nativity ဖန်တီးသူတွေက ရည်ရွယ်ထားကြပါတယ်တဲ့။

Saving Mr. Banks
Biography / Comedy / Drama
Walt Disney Studios Motion Pitcures
ဒါရိုက်တာ - John Lee Hancock
ထုတ်လုပ်သူ - Alison Owen, Ian Collie, Philip Steuer
ဇာတ်ညွှန်း - Kelly Marcel, Sue Smith
သရုပ်ဆောင်များ - Emma Thompson, Tom Hanks, Paul Giamatti, Jason Schwartzman, Bradley Whitford, Colin Farrel

ကလေးတွေ အလွန်ချစ်ခင်နှစ်သက်ခဲ့ကြတဲ့ စာအုပ်တစ်အုပ်နောက်ကွယ်က ဖုံးကွယ်တိမ်မြုပ်နေတဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်လိုက်တဲ့ အတ္ထုပတ္တိရုပ်ရှင်ပါ။ ၁၉၃၄ ခုနှစ် Mary Poppins ဆိုတဲ့ ကလေးများဖတ်ဖို့စာအုပ်ရေးသားခဲ့သူ၊ သြစတြေးလျဖွား အင်္ဂလိပ်စာရေးဆရာမ၊ သရုပ်ဆောင်၊ ဂျာနယ်လစ်အလုပ်လည်းလုပ်ခဲ့တဲ့ Pamela Lyndon Travers  ရဲ့ ဘဝဇာတ်ကြောင်းပါ။ ကလောင်အမည်ကို P.L. Travers နဲ့ ရေးပါတယ်။ Mary Poppins စာအုပ်ဟာ ဆွဲဆောင်မှုရှိပြီး မျက်လှည့်အတတ် တတ်ကျွမ်းနေတဲ့ ထီးတစ်လက်နဲ့ ပျံသန်းနိုင်သူ၊ အင်္ဂလိပ်ကလေးထိန်း အမျိုးသမီး နန်နီ Mary Poppins ကို အဓိကဇာတ်ကောင်ထားရေးခဲ့တယ်။ နန်နီ မေရီပေါပ့်ပင်းစ် လန်ဒန်မြို့၊ ချယ်ရီပင်လမ်းသွယ်လေးက အိမ်အမှတ် ၁၇၊ မစ္စတာဘန့်ခ်စ် အိမ်ကိုရောက်သွားတယ်။ ဘန့်ခ်စ်ရဲ့ ကလေးတွေကိုထိန်းဖို့ပါ။ အဲဒီ Mary Poppins ကလေးစာအုပ်ဟာ အဲဒီခေတ်ကကျော်ကြားလှတဲ့စာအုပ်ပါ။ Saving Mr.Banks ရုပ်ရှင်မှာတော့ ဝေါ့ထ်ဒစ်စနေး သမီးလေးတွေက သူတို့ရဲ့ စိတ်ကြိုက်ကလေးစာအုပ်ဖြစ်တဲ့ Mary Poppins ကို ရုပ်ရှင်အဖြစ်ဖန်တီးဖို့ ဖခင်ကို ပူဆာကြတယ်။ ဒစ်စနေးက ကတိပေးတာပေါ့။ ဒါပေမဲ့ ရုပ်ရှင်ဖန်တီးဖို့ နှစ်ပေါင်းများစွာကြာမြင့်မယ်လို့ ဒစ်စနေးကြိုတင်မသိနိုင်ခဲ့ဘူး။ သူမဖန်တီးထားတဲ့ မှော်ဆန်ဆန် နန်နီကို အချစ်ကြီးချစ်လှတဲ့ စာရေးဆရာမ ပမ်မလာဟာ အင်မတန်ခေါင်းမာတယ်။ ဘာကိုမှအလျှော့မပေးလိုဘူး။ ဒစ်စနေးက ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ထူးခြားနိုင်မယ့် ကွန်ပျူတာအထူးပြုလုပ်ချက်တွေ ဖောဖောသီသီသုံးပြထားတယ်။ ပမ်မလာက လက်မခံပါဘူး။ အစမ်းပြပွဲလုပ်တဲ့နေ့မှာ ဒစ်စနေးကပြောလိုက်တယ်။ “ပမ်မလာရေ၊ သင်္ဘောရွက်လွှင့်ပြီးနေပြီ” တဲ့။ ယုံကြည်ရာကိုအလျှော့မပေးတတ်တဲ့ စာရေးဆရာမ ပမ်မလာ အဖြစ် အမ်မာသော်မဆန်က သရုပ်ဆောင်ထားပြီး ဒစ်စနေးအဖြစ် တွမ်ဟန့်ခ် သရုပ်ဆောင်ပါတယ်။ တွမ်ဟန့်ခ်က မစ်ကီမောက်စ်၊ ပမ်မလာက ထီးတစ်လက်နဲ့ မှော်မျက်လှည့်ပြနေမယ့် နန်နီအမျိုးသမီးကိုယ်တိုင်ဖြစ်သွားကြမလား။ Walt Disney Studio Motion Pictures ရဲ့ ဇာတ်မြူးရုပ်ရှင် Saving Mr.Banks က စိတ်ဝင်စားစရာပါ။

American Hustle
Crime / Drama
Columbia Pictures
ဒါရိုက်တာ - David O. Russell
ထုတ်လုပ်သူ - Charles Roven, Richard Suckle, Megan Ellison
ဇာတ်ညွှန်း - Eric Warren Singer, David O. Russell
သရုပ်ဆောင်များ - Christian Bale, Bradley Cooper, Amy Adams, Jeremy Renner, Jennifer Lawrence

ကလိမ်ဥာဏ်ဆင်ရာမှာ ကျွမ်းကျင်လှတဲ့ အာဗင်ရိုဆန်ဖီးလ်ဒ်(Christian Bale) ဟာ လုပ်ဖော်ကိုင်ဖက်၊ လက်တွဲဖော်ချစ်သူရှိထားသားပဲ။ ဒါပေမဲ့ သူ့ရဲ့ အရှုပ်အထွေးတစ်ခုထဲမှာ အသစ်ကလေးရှိတယ်။ အဲဒီ စွဲမက်စရာမိန်းကလေး ဆစ်ဒနီပရော့စာ (Amy Adams)ကို အထိတ်တလန့်ဖြစ်နေရတယ်။ ခပ်ကြမ်းကြမ်းခပ်ရမ်းရမ်း FBI အေးဂျင့် ရီချီ ဒီမာဆို(Bradley Cooper)အတွက် အလုပ်လုပ်ပေးဖို့ ဆစ်ဒနီက အတင်းအကျပ်ခိုင်းနေတာကြောင့်ပေါ့။ ဒီမာဆို ကိုင်နေတဲ့အမှုက ဂျာစီ နိုင်ငံရေး/ စီးပွားရေးအာဏာ လှို့ဝှက်ထိန်းချုပ်ဖို့ အားထုတ်ကြိုးပမ်းနေတဲ့လူတစ်စုနဲ့ မာဖီးယားအုပ်စုတွေရဲ့အရှုပ်အထွေးတွေ၊ အင်မတန်အန္တရာယ်ကြီးလှတဲ့အနေအထားဖြစ်နေတယ်။ အဲဒီစစ်ဆင်ရေးအစဖော်လိုက်တော့ ပါဝင်နေတဲ့သူက နယူးဂျာစီ Camden မြို့တော်ဝန် ကာမိုင်းပေါ်လီတို (Jeremy Renner) တဲ့။ အာဗင်ရဲ့ ဇနီး ရိုစလင်း (Jennifer Lawrence)ဟာ  အဲဒီအန္တရာယ်ကြီးတဲ့ အရှုပ်အထွေးထဲက အပ်ချည်မျှင်တစ်စကို ဆုပ်ကိုင်ဆွဲယူမိသူ ဖြစ်သွားပြီ။ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲကွဲကျသလိုဖြစ်ရပြီ။ တချို့ အပူတပြင်းတိုက်တွန်းမှုတွေက လေးစားမှုအတွက်၊ တချို့အပူတပြင်းတွေက အချစ်အတွက်၊ တခြားသော အပူတပြင်းတွေက အမှန်တရားအတွက်တဲ့။ ဒါပေမဲ့ ကျွန်တော်၊ ခင်ဗျားတို့အားလုံး အပူတပြင်းဖြစ်နေကြတာက ရှင်သန်ဖို့အတွက်ပဲမဟုတ်လား

ဖြိုးဖြိုး
(Yati Magazine, December, 2013)

Wednesday, November 20, 2013

အမျိုးသားနိုင်ငံတည်ဆောက်ခြင်း စာအုပ်ထွက်ပါပြီ

အမျိုးသားနိုင်ငံ(nation)ကို ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်ဘက်နေကြည့်မယ်ဆိုရင်တော့ ၁၈ရာစုဂျာမန်ဒဿနပညာရှင် ဟားဒါးရဲ့ အရေးအသားတွေကို ခြေရာခံလိုက်ကြည့်လို့ရတယ်။ ဟားဒါးက အမျိုးသားနိုင်ငံကို ဂျာမန်ဝေါဟာရ Volk အဖြစ်မြင်တယ် ။ အင်္ဂလိပ်လိုပြန်ဆိုဖို့ခက်ခဲတယ် ။ သူ့ရဲ့ အဓိပ္ပာယ်က ယဉ်ကျေးမှု ၊ ဘာသာစကား၊ လက်ဆင့်ကမ်းအမွေ အနှစ် ၊ သမိုင်းဆိုင်ရာတွေ့ကြုံခံစားမှု တို့ကိုဆိုလိုတာ ။ Volksgeist ဆိုတာကတော့ အထက်ပါအရာတွေကို ပြည်သူတွေ မျှဝေခံစားတဲ့ သဘောပဲ ။ nation ရဲ့သဘောကိုကြည့်ပြီး အမျိုးသားနိုင်ငံတည်ဆောက်ခြင်းရဲ့သဘောကို အကျဉ်းနားလည်နိုင်တယ်။ အမျိုးသားနိုင်ငံတည်ဆောက်ခြင်းဆိုတာ နိုင်ငံတော်အတွင်းမှာ ရှိနေတဲ့ ယဉ်ကျေးမှု ၊ ဘာသာစကား၊ လက်ဆင့်ကမ်း အမွေအနှစ် သမိုင်းဆိုင်ရာတူနေတဲ့ nation ပေါင်းများစွာကို တည်ဆောက်ပေးတာပဲ။
စာရေးဆရာမင်းခက်ရဲက အမျိုးသားနိုင်ငံတည်ဆောက်ခြင်းစာအုပ်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး အဲဒီလို မှတ်ချက်/ စာမြည်းလေး facebook မှာ ရေးထားပါတယ်။ 

နိုင်ငံရေးဝေါဟာရစာလုံးတွေမြန်မာလိုဖလှယ်တဲ့အခါ ခေါ်ဝေါ်သုံးစွဲနေကြစာလုံးမျိုးတွေနဲ့ကွဲလွဲနေမှာစိုးလို့ စိတ်ပူရတာရယ်၊ ကိုယ်ကပညာရှင်မဟုတ်တော့ ဖတ်လိုက်တာနဲ့ နားမလည်နိုင်ဘဲ​တော်တော်ကြီး ကြိုးစားဖတ်ရပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားတဲ့အကြောင်းအရာတွေမို့ ဖတ်ရ/ ရေးရတာ ခေါင်းပူပေမဲ့ စာရေးခွင့်၊ အခွင့်အရေးပေးလာခဲ့တာကိုပဲ ကျေးဇူးတင်ရပါတယ်။ အမျိုးသားနိုင်ငံတည်ဆောက်ခြင်းစာအုပ်မှာ ကျွန်မရေးဖြစ်တဲ့ အပိုင်းက State Building without responsibility ပါ။ Myanmar Knowledge Society (MKS) က စီစဉ်ထုတ်ဝေတဲ့စာအုပ်တစ်အုပ်ပါ။ 

မင်းခက်ရဲ၊ နောင်ချိုသစ်၊ ကျော်စွာ၊ ရန်နိုင်ဝင်း၊ ကိုထွေး၊ ထူးကျော်ဝင်း တို့ ပါဝင်ရေးသားတဲ့ "အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းသမိုင်းနှင့် အငြင်းအခုံ"၊
ဆရာမ ခင်မမမျိုးရဲ့ လွယ်ကူရှင်းလင်းတဲ့ အရေးအသားနဲ့ ရေးသားထားပုံကို မြည်းစမ်းရမယ့် "ဆင်းရဲနွမ်းပါးမှုလျော့ချရေး" စာအုပ်၊
ကိုထွေး၊ ခေးလု၊ တည်တံ့(GBK)၊ နောင်ချိုသစ်၊ မင်းခက်ရဲ၊ ရန်နိုင်ဝင်း တို့ရေးသားထားတဲ့ "လူမှုရေး နှင့် နိုင်ငံရေး လှုပ်ရှားမှုများ" စာအုပ်တွေလည်း အောက်တိုဘာ နဲ့ နိုဝင်ဘာပထမတစ်ပတ်မှာထွက်ရှိခဲ့ပါတယ်။

စာရေးဆရာ မင်းခက်ရဲ ရဲ့ "နိုင်ငံရေးအတွေးအခေါ် ၅၀" စာအုပ်လည်း နိုဝင်ဘာလကုန် ထွက်ရှိမယ်လို့ MKS ရဲ့ facebook page မှာ သတင်းတင်ထားပါတယ်။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဂျာနယ်လည်း ထွက်ရှိလျှက်ရှိပါတယ်။

******************

Tuesday, November 19, 2013

♫ LOVE IS CONNECTION ♫



အတူတူသိမ်းထားတယ် ပြန်ဆုံမယ့်အသိရယ် အချိန်တွေတိုက်စားတောင် မပြယ်သေးဘူး
တစ်ကိုယ်ရည်ညများရှိမယ် ဘယ်လိုဆုံတွေ့ရမလဲ အာရုံမှာတို့ပုံရိပ်ကမ္ဗျည်းထိုး
အရင်းနှီးဆုံးနှလုံးသားမှာ တွယ်ငြိခဲ့တဲ့အချစ်ပါပဲ ဒါကြောင့်မင်းနဲ့မဝေးခဲ့ပါ မိုင်တွေခြားသည့်တိုင်
ငါသီဖွဲ့သောအလွမ်းကဗျာ အပြာရောင်ပြတင်းပေါက်မှာ နင်မြင်နိုင်မယ်လို့ငါစိတ်ကူးတုန်း
ကံကြမ္နာကဖေးမလို့ အတူရေစက်ရှိခဲ့ ဘယ်လိုမှတို့တွေမကွေကွင်းဘူး
ဝေးတဲ့အခိုက်သတိရမယ် ပြန်စဉ်းစားဖို့တိမ်းညွှတ်ဆဲ အို.. လွမ်းမောသက်ဆွေ့ဖွယ် တစ်ချိန်ကအမှတ်တရတွေထဲ
တစ်ချိန်က အမှတ်တရတွေထဲ
Chorus: ငါလေမိုးသားထက်ငေးကြည့်တိုင်း နင်ပြန်ပြီးငေးစိုက်ကြည့်နေလိုက်
ဆုံချင်ရင်နီးနီးလေး တို့စိတ်ချင်းဆက်သွယ်လိုက်
ရင်ခုန်ဖို့တစ်မိုးအောက်လည်း မလိုဘူး ကြင်နာဖို့အနမ်းတွေမရှိလည်းအခု
ဆုံနိုင်တဲ့အနီးလေးမှာ နှလုံးသားချင်းဆက်သွယ်လိုက်
LOVE IS CONNECTION
ငါမျှော်နေလည်းမဆွေးပါ ဝေဒနာမဲ့အလွမ်းသာ တစ်ချိန်မှာဆုံစည်းမယ် ယုံထားလို့
အချည်နှောင်မဲ့အချစ်တွေ နင်ပျံသန်းဖို့အတွက်
ယုံကြည်တဲ့မင်းကိုငါ အကြွင်းမဲ့

"ကျေးဇူးပဲ"
နှလုံးသားလေးကွဲအက်သွားမယ်ဆိုတော့မှ တမင်ဖျက်ဆီးတတ်တာဒီလောကကြီးပေါ့
ထိုးနှက်ချက်မှားပြင်းလို့သေလုမျောပါး
ဒီခံစားချက်တွေအရောင်မှိန်တဲ့အခိုက်မှာ
ခံစားချက်တို့စောင့်ရှောက်ပေးတတ်သူမင်းပါကွယ်
ဘာတွေဖြစ်ဖြစ်ငါလေအပြုံးနဲ့ရင်ဆိုင်ပါ့မယ်
တသက်လုံး တသက်လုံးပေါ့ ငါ့ဘ၀ထဲ နင်တစ်ယောက်အမြဲရှိမယ်ဆိုတဲ့အသိက
အခက်ခဲတွေ အလိုလိုလွင့်ပျောက်သွား
ဒဏ်ရာသမိုင်းတွေကို မင်းအဆုံးသတ်ပေးခဲ့
ဒီအချိန်တွေကစပြီး ရှင်သန်လို့သွားပါ့မယ်
နာကျင်ပြိုလဲလွယ်နေတဲ့ ဒီစိတ်တွေထဲ အသွင်ပြောင်းလဲ ခံနိုင်ရည်တွေအတွက်
ကျေးဇူးပဲ
ဆိုးညစ်တဲ့လောကကြီးမှာ ငါ့နှလုံးသား
ရေစုန်မျောမသွားအောင်နင်လမ်းပြနိုင်တယ်
ရှောင်တိမ်းမရတဲ့ဘ၀ရဲ့ လောကဓံကိုတွေ့ရင်း
ငါတစ်ယောက်ထဲအားနဲ့နာလန်မထူတဲ့အခိုက်မှာ
ခံစားချက်တို့စောင့်ရှောက်ပေးတတ်သူမင်းပါကွယ်
ဘာတွေဖြစ်ဖြစ်ငါလေအပြုံးနဲ့ရင်ဆိုင်ပါ့မယ်
တသက်လုံး တသက်လုံးပေါ့ ငါ့ဘ၀ထဲ နင်တစ်ယောက်အမြဲရှိမယ်ဆိုတဲ့အသိနဲ့
ငါ့အရှုံးတွေ နှစ်ခါပြန်မကြည့်တော့ဘူး
နာကျင်လွယ်တဲ့စိတ်တို့အသွင်ပြောင်းလဲ မင်းပေးတဲ့ ( မင်းပေးတဲ့)
ခံနိုင်ရည်တွေအတွက် ကျေးဇူးပဲ

Saturday, November 16, 2013

ဆေးပေါင်းခတဲ့ လပြည့်ည

ကျွန်မတို့ နေပြည်တော်ပျဉ်းမနားမှာ ယခင်နှစ်များက အကန့်အသတ်နဲ့ သာ ကျင်းပခဲ့ရတဲ့ နှစ်ကျိပ်ရှစ်ဆူ ဘာသာရေးပွဲတော်ကြီးဟာ အသွင်ကူးပြောင်းရေးကာလမှာ  အေးချမ်းပျော်ရွှင်စွာ စည်းစည်ကားကား ခမ်းခမ်းနားနား ညလုံးပေါက်  အောင်အောင်မြင်မြင် ကျင်းပ ပြီးစီးခဲ့တာ ၀မ်းမြောက်စရာပါပဲ။

ဝတ်ဖြူတော်အသင်းအဖွဲ့အားလုံးနှင့် ဋ္ဌာနဆိုင်ရာ အားလုံး ဟာလဲ စည်းကမ်းရှိရှိ တက်ညီ လက်ညီ ပူးပေါင်းလက်တွဲလို့ ပွဲတော်ကြီးမှာ ပါဝင်ဆင်နွဲသွားကြတာ အားရစရာ မြင်တွေ့ခဲ့ရပါတယ်။ လူငယ်တွေကလဲ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ အဆိုတော်ကားများကို အားပေးခဲ့ကြတယ်။

မယ်တော်မိနတ်သားအမှူးပြုတဲ့ နတ်ဗြဟ္မာအပေါင်းအား အဦးဆုံး အဘိဓမ္မာတရားတော်ကို ဟောကြားခဲ့တဲ့ မြတ်စွာဘုရားရှင် တာဝတိံသာမှဆင်းသက်ကြွမြန်းလာချိန်  ရည်မှန်းပူဇော်ခဲ့ကြတဲ့ သီတင်းကျွတ် မီးပူဇော်ပွဲကြီး ပြီးပြန်ပါပြီ။
“သီတင်းကျွတ်ပွဲတော်ကြီး ..ပြီးတော့..တန်ဆောင်မုန်း  တန်ဆောင်တိုင် .. ဆီမီးကမြိုင်.. မသိုးအလှ  မြတ်သင်္ကန်း ကပ်ဖို့ …ရွှေတိဂုံ .. ကုန်းတော်  ကြိုင်ကာလှိုင် .. ယက္ကန်းခတ်သံ ကလေးက .. အလွန်ပဲ.. မြိုင် ..  မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် ..ကထိန်ပွဲကျင်း..ပါတဲ့ .. လတန်ဆောင်တိုင်..” တဲ့။
 တန်ဆောင်တိုင် မီးထွန်းပွဲတော်ကြီး ကျင်းပကြဖို့ အချိန်ရောက်လာပြန်လာပါပြီ။

မြောက်ပြန်လေ သွင်းပါလို့ ငွေနှင်းရယ်စိုစို ၊
မြင်တိုင်းငယ် ပြိုသည် ရွှေကျီးညိုတာရာနှင့်၊
ကြတ္တိကာ ထွန်းတဲ့လကိုလေး။

တန်ဆောင်ငယ်မာသ၊ဆယ့်နှစ်လတွင် ၊
ချမ်းမြဧယင်၊ဗြိစ္ဆာခွင်သို့ ၊ရက်ငင်ပြောင်းခွာ၊
ခ၀ဲညှာလဲ၊ ခိုင်လွှာဝတ်မုံ၊ရနံ့ထုံတယ်၊
ဘုန်းဂုဏ်ကြော့သမ္ဘိန်၊မှာ၊
လှူကထိန် သဘင်ခင်းပါလို့၊
ကျင်းကြတယ်လေး။       ။

တကယ်တော့ တန်ဆောင်မုန်းလဟာ  လတကာတို့တွင် အမြတ်ဆုံးလို့လဲ သတ်မှတ်ခံထားရတာပါ။ကြတ္တိကာနက္ခတ်နဲ့ ကျီးတာရာနက္ခတ်တို့ဟာ စန်းလနဲ့ယှဉ်ပြိုင်ထွန်းလင်းတဲ့အချိန်လို့ဆိုပါတယ်။ ခ၀ဲညွန့်ခ၀ဲပန်းရနံ့ တို့ကလဲ လေယူရာ သင်းထုံပျံ့ နှံ့ လို့ နေပါတယ် တဲ့။ ရာသီပန်းက ခ၀ဲပေါ့။

လှူကထိန်သင်္ကန်းနဲ့ မဂ်လမ်းကိုတဲ့ ဆုပန်ရွယ် ဆိုတဲ့အတိုင်း ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ့ ကျင်းပကြတာဟာ ဒီတန်ဆောင်မုန်းလပါပဲ။ တောင်ထိပ်မီးပွဲသဘင်လ၊ လည်း ဖြစ်ပါတယ်။ သင်္ကန်းနဲ့တကွ ရဟန်းတော်များအတွက် လိုအပ်မဲ့ အသုံးအဆောင်ပစ္စည်းမျိုးစုံ လှူဒါန်းကြပါတယ်။ဆွမ်းတော်ကြီးပွဲတင်ခြင်း စသည် ပြုလုပ်ကြတယ်။ တချို့မြို့နယ်တွေမှာ နိဗ္ဗာန်ဈေးတို့ စတုဒီဿာတို့ ဖွင့်လှစ် ခြင်း ကျွေးမွေးခြင်းဖြင့် ကုသိုလ်ယူကြတယ်။

တချို့ကလဲ မြန်မာနိုင်ငံရဲ့ တန်ဆောင်မုန်းလပြည့်နေ့ဟာ ဘုရားပွင့်တော်မူရာ အိန္ဒိယနိုင်ငံရဲ့ သီတင်းကျွတ်လပြည်နေ့နဲ့ထပ်တူဖြစ်နေတဲ့အတွက် ဒုတိယအကြိမ်မြတ်ဘုရားအား ဆီမီးပူဇော်ခြင်းဖြစ်တယ်လို့လည်း ယူဆကြပါတယ်။ တန်ဆောင်မုန်းလပြည့်ညဟာ နက္ခတ်တာရာ အစုံလင်ဆုံးညမို့ ဆေးပေါင်းခတယ်လို့ အယူရှိပါတယ်။ အထူးသဖြင့်မဲဇလီပင်မှာ  ဆေးပေါင်းခတယ်လို့ ရှေးလူကြီးများက ယူဆကြပါတယ်။

လ ဟာလဲ မိုးသားကင်းစင်ပြီး အ၀န်းအ၀ိုင်းပိုကြီးမားပါတယ်။ ပိုပြီးထိန်ထိန်ညီးနေတတ်ပါတယ်။ အဲဒီ ထိန်ညီးနေတဲ့ လရောင်အောက်က ကွပ်ပြစ်ပေါ်မှာ ကျွန်မတို့ ငယ်ငယ်က လက္ဘက်ရည်ကြမ်းနဲ့ မဲဇလီဖူးသုတ်ကို နှမ်းမြေပဲ နိုင်နိုင် ကြက်သွန်ကြော်ဆီကျက် နိုင်နိုင်ဆမ်း အချဉ်ကလေးညှစ်ပြီး အမေက ကျွေးလို့ တ၀ကြီး စားခဲ့ရတယ်။
(ဖြိုးဖြိုးကိုတော့ ..လျှပ်စစ်မီးတွေ ထိန်ညီးနေတဲ့ ရန်ကုန် တိုက်ခန်းထဲမှာ မဲဇလီဖူးသုပ်ကျွေးခဲ့ဖူးပါတယ်။)

အထူးသဖြင့် တန်ဆောင်မုန်းလမှာ  မသိုးသင်္ကန်းယက်လုပ်ပူဇော်ကြတဲ့ အစဉ်အလာရှိပါတယ်။မသိုးသင်္ကန်းရဲ့ အဓိပ္ပါယ်ကတော့ နေ့မကူး လမကူး တနေ့တည်း အပြီး ဗိုင်းငင် ၀ါဖတ် ဆေးဆိုး ယက်လုပ် ချုပ်ကြရပါတယ်။ မနက်မိုးလင်းလင်းချင်း ရွှေတိဂုံဘုရားမှာ မသိုးသင်္ကန်းကပ်လှူကြတာ တွေ့ဖူးကြမှာပါ။ ယက္ကန်းစင်တော် တွေကို သုဇာတာ၊ သုမာလာ၊ သုနန္ဒာ စသည်အမည်ပေးပြီး နှစ်ယောက်တတွဲ ယက်လုပ်ပြိုင်ပွဲဝင်ကြရတယ်။ အင်းလေးဒေသမှာတော့ ကြာသင်္ကန်းဆိုတာ ယက်လုပ် ပူဇော်ကြတယ်။ တကယ့် ကြာပန်းအရိုးတွေက အမှေးပါးလေးတွေကို ခွာယူ အမျှင်ပြု ယက်လုပ်ထားခြင်းဖြစ်တယ်။

သီတင်းကျွတ်မှာ မီးထွန်းတဲ့အဓိပ္ပါယ်က ဘုရားရှင်ကို ရည်မှန်းပြီး ပူဇော်ခဲ့ကြတာဖြစ်ပြီး တန်ဆောင်တိုင် မီးထွန်းတာက အမှန်အတိုင်းဆိုရင် ရှေးရှေးမင်းများအုပ်ချုပ်စဉ်အခါသမယက  တောင်ထိပ်နက္ခတ်ပွဲသဘင် ဆင်ယင်ကျင်းပရာမှာ ကြတ္တိကာ လို့ အမည်ရတဲ့ ဖျောက်ဆိတ်ကြယ်ကို ရည်မှန်းပြီး နက္ခတ်ဆရာတွေက  မီးနတ်ာသားကို ပူဇော်တဲ့အနေနဲ့ မီးထွန်းညှိတာဖြစ်ပါတယ် တဲ့။ အဲဒါကြောင့် တောင်ထိပ်မီးပွဲ သဘင်လလို့ ခေါ်ပါတယ်။ ရှေးအခါက ဒီလို တန်ဆောင်တိုင်ညမျိုးဟာ မိုးသားတိမ်လိပ်တွေ ကင်းစင်ပြီး ရာသီဥတု သာယာလွန်းတာကြောင့် တောင်ထိပ်ပေါ်မှာ ပျော်ရွှင်မြူးထူးစွာ နက္ခတ်ပွဲသဘင် ဆင်ယင်နေတဲ့ စတုမဟာရစ်ဘုံက နတ်ဒေ၀တာတွေကိုတောင် လူတွေ က မြင်နိုင်ပါသတဲ့။

ဦးပုညရဲ့ ရေသည်ပြဇာတ်မှာတောင် ရေသည်ယောက်ျားမြောက်မြို့ရိုးကြား ပြေးပြေးယူရတဲ့ အသပြာပဲနိဝက်ဟာ   အဲဒီ နက္ခတ်ပွဲသဘင်မျိုးမှာ  သုံးဖြုံးပါဝင်ဆင်နွဲနိုင်ဖို့ပါပဲ။ ပြီးတော့သီဝိဘုရင်ကြီးကို  ပန်းတွေနဲ့ ကြဲပေါက်ခဲ့တဲ့အလှထိပ်ခေါင်တင်ဥမ္မာဒန္တီကို တဒဂ်ကလေး မြင်ရရုံနဲ့   ဆင်ထက်ကကျလို့ သွက်သွက်ခါ အောင် ရူးသွားရတာလဲ  ဒီလို တန်ဆောင်တိုင်ညရဲ့ နက္ခတ်ပွဲသဘင်မျိုး မှာပါပဲ။ လူငယ်တွေကတော့ကျီးမနိုးပွဲ နဲ့ ပျော်ကြ ပါးကြတယ်။ ပစ္စည်းတွေ ဟိုရွှေ့ ဒီရွှေ့ လုပ်တာ ခိုးတာဝှက်တာ အချင်းချင်း ကျီစားကြတာမျိုးလဲလုပ်ကြတယ်။

ဘခင်ကိုပြစ်မှားမိတဲ့ အဇာတသတ်မှာတော့ဒီလို သာတောင့်သာယာထွန်းလင်းတောက်ပနေတဲ့ လရောင်အောက်မှာ မအေးမြနိုင်ဘဲ သူ့တကိုယ်လုံး မီးလို ပူနေသတဲ့။ အမတ်ကြီးတချို့ရဲ့ တိုက်တွန်းချက်နဲ့ အသိတရားဝင်ပြီး မြတ်စွာဘုရားကျောင်းတော်ကို တခမ်းတနားထွက်ကြွခဲ့တာလဲ ဒီတန်ဆောင်မုန်းလပြည့်ညပါပဲ။ အဇာတသတ်မင်း အေးရိပ်ရှာတဲ့ည ဟာ ဒီတန်ဆောင်မုန်းလပြည့်ည ဖြစ်ပါတယ်။

ရာသီက စိုစွတ်ဟန်ရှိပေမဲ့ များသောအားဖြင့် ခြောက်သွေ့ပြီး ပြာလွင် ထိန်တောက်နေတဲ့ ကောင်းကင်အောက်မှာ  လက်ဝဲလက်ယာ မီးရှူးမီးတိုင်တွေ ထွန်းညှိပူဇော်လို့ ဆင်မြင်းရထားဗိုလ်ပါ မောင်းမမိဿံ အစုံအလင်နဲ့ အမှားကိုပြင်ဆင်ဖို့ တခန်းတနားကြွချီလာတဲ့ အဇာတသတ်မင်းဟာ ဘုရားကျောင်းတော်နဲ့နီးလာလေလေ စိတ်ကြည်နူးချမ်းမြေ့လာလောလေ ဖြစ်လာပါရော။ ဘုရားရှင်ကလည်း သာမညဖလသုတ္တန်ကို ဟောကြားဆုံးမတော်မူဖို့ အသင့်စောင့်ဆိုင်းနေတာပါ။ ဒီလိုညမျိုးမှာ အဇာတသတ်ဟာ လမ်းမှန်ရောက်ပြီး သောတာပန်ဝင်ခဲ့ပါတယ် တဲ့။

လူသားအားလုံးဟာလဲ မိမိတို့မှာ အပြစ်ရှိတယ်လို့ ခံယူမိရင် ပြန်လည်ပြင်ဆင်ဖို့ အချိန်မနှောင်းသေးပါဘူး။ မိမိတို့ ယုံကြည်သလို မိမိတို့ဘ၀ကို အလှဆုံးဖြစ်အောင် တန်ဘိုးရှိစွာ ဖန်တီးရယူနိုင်ဖို့ လိုပါတယ်။ ဒါဟာ ဗုဒ္မဘာသာဝင်ကောင်းတွေရဲ့ အမူအကျင့်တွေပါဘဲ။

သတိရလို့ ပြောချင်သေးရဲ့။ ဖြိုးဖြိုးတို့ ငယ်ငယ်က တပ်တွင်းဓမ္မာရုံရှေ့မှာ အယူလွဲတဲ့ သစ္စက ပရဗိုဇ်ကို ဘီလူးက တင်းပုတ်ထု ဆုံးမတဲ့ပုံ စက်ခလုတ်တွေနဲ့ဆင် ပြသပါတယ်။ အရုပ်တွေက တလှုပ်လှုပ်နဲ့ ဘီလူးက ထုလိုက် ရသေ့က  ရှောင်လိုက် ဖြိုးဖြိုးတို့ မောင်နှမ  သိပ်သဘောကျကြတာလေ။ ကြည့်လို့ မ၀ကြဘူး။ မပြန်ချင်ကြဘူး။ခု ဖြိုးဖြိုးကို မှတ်မိလားမေးတော့ လှုပ်လှုပ်တွေပဲ မှတ်မိသတဲ့။

အရေးကြီးတာကလေးတစ်ခု ပြောဖို့ မေ့တော့မလို့။ ဒီတန်ဆောင်မုန်းလဆုတ်(၈)ရက်နေ့ဟာ ပါတော်မူနေ့ဖြစ်ပါတယ်။၁၂၄၇ခုနှစ် တန်ဆောင်းလဆုတ်(ဂ)ရက်နေ့ဟာ ပါတော်မူနေ့ပါ။ အင်္ဂလိပ်ခေတ်က တားမြစ်ခဲ့တာကြောင့် ပါတော်မူနေ့ရယ်လို့ ကျင်းပခွင့် မရခဲ့ပေမဲ့  တေးရေးဆရာ ရွှေတိုင်ညွန့်ကတော့  ဒီလို ရေးဖွဲ့ခဲ့တယ်။

”ထောင့်နှစ်ရာ လေးဆယ့် ခွန်နှခု နှစ်မှာ.. အတည် ..တန်ဆောင်မုန်း.. လဆုတ်.. (ဂ)ရက် နေ့ကိုတော့… မမေ့နိုင်ပါ သည်။   ယနေ့တိုင်တာရှည်… ရေမြေ့ရှင်ကို….ယူငင်ကာ သွား××တော့…လူရှင်တကာ အများ..တို့ …ကြေကွဲကြလို့ ..ရေနဲငါးပုံညီ….အော် …သီပေါရာဇာ..ပါတော်မူရှာပြီ..။ ကိုယ့် ဘုရင် ..ကိုယ့်..သခင်ကို မျှော်မှန်းရည် ..ယနေ့တိုင်..မမေ့နိုင်ပါတော့....သည်..”

ဒီသီချင်းကို စိန်ပါတီက သီဆိုထားပြီးတော့ မာမာအေးက ပြန်လည်သီကြူးခဲ့ရာမှာ လူတွေ မျက်ရည်ပေါက်ပေါက်ကျအောင် ဖမ်းစားနိုင်ခဲ့တယ်။ ဘုရင်စံနစ်ကို တမ်းတနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်မင်း ကိုယ့်ချင်းဘ၀ကနေ ကျွန်သပေါက်ဖြစ်ခဲ့ရတဲ့နေ့ကို မမေ့ကြဖို့ပါ။ ဒီတန်ဆောင်မုန်းလ ထဲမှာ သီပေါမင်းတရားကို ကုလားဖြူတွေ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာမျိုးချစ်တစ်စုက “အမျိုးသားနေ့”ရယ်လို့ သတ်မှတ်ခဲ့ကြတာလည်း ဒီတန်ဆောင်မုန်းလဆုတ် (၁၀)ရက်နေ့မှာပဲ ဖြစ်ပါတယ်။ အမျိုးသားနေ့ကိုတော့ ယခုတိုင် နှစ်စဉ် ကျင်းပခဲ့ကြတယ်။

ကြည်နူး .ပြီ…ရည်စူး..သည် ..ရှီဦး×.ချီ..ခြောက်ပါး..ရောင်ခြည်…ပရမေ  အရှင်.မှန်း×× ပါလို့ ..ရွှေသင်္ကန်း..ကိုတဲ့ ..လှူဒါန်း…ကြပါ တဲ့ လရာသီ××…။ ဝေစီစီ..ရီ××ဝေေ၀..မြူခြေ တိမ်ခိုး…ရောင်စုံ ဖျြိုး×××..မိုးဝဿန် အချိန်..ဆုံး..တန် ဆောင်မုန်း  ရယ်တဲ့ြေိစ္ဆာ..ကြတ္တိကာ  ကြယ်မင်း..ပုလဲဆင့် ..ခ၀ဲပွင့် .. မြမာလာလို … ဒီချိန်ခါ .မွှေးထုံပျံ့သင်း××….

.ဗမာတိုင်းပြည်..ကျွန်မတို့ ဗမာတိုင်းပြည်. လတန်ဆောင်တွင် ဘုရားကို သာ ပင်..  ရွှေသင်္ကန်းနဲ့ ..လှူဒါန်းကြဖို့  စိတ်ကမှန်းရည်..လှူဒါန်းမည်…မသိုးသင်္ကန်းနဲ့ ..လှူဒါန်း..မည်..စေတနာ ..စိတ်ထားကောင်း နဲ့ အတည်..။ကုသိုလ်တရား…ယခုလိုပွား…ထင်ရှား လှတဲ့ ရှေးရေစက်အညီ…
စိန်ပါတီရဲ့  ..ထူးတဲ့ မေတ္တာရည်....လှူဒါန်းမည်..မြတ်နိဗ္ဗာန် သို့ရည် ..စေတနာ.စိတ်ထားကောင်းတော့သည်…

ဒီသီချင်းကို ရွှေတိုင်ညွန့်က ရေးပြီး စိန်ပါတီ က သီဆိုထားပါတယ်။ သီချင်းအမည်က "ကထိန်သင်္ကန်း" ပါတဲ့။

ခင်မေသစ်

ပျံပါ ပျံပါ ထက်အာကာသို့

(တောင်ကြီး မီးပုံးပျံပွဲတော်)
တောင်ကြီးသားတို့ ကိုယ်တိုင် အချိန် နာရီ 
ငွေကြေး များစွာ ပုံအော  ပေးဆပ်ပြီး
 လုပ်တဲ့ လက်ဖြစ် မီးပုံးပျံတွေပေါ့။
သူတို့ ဒါကို ဟို ကောင်းကင်မိုးတိမ်တွေဆီ 
အရောက် ပြစ်လွှတ်ကြမလို့ တဲ့။
တာဝတိံသာ နတ်ပြည်က ကြွဆင်းလာတဲ့ 
မြတ်စွာ ဘုရားကို ရည်စူး ပူဇော်ကြမှာပါ။ 

တာဝတံ င်္သာ နတ်ပြည်မှာ တည်ထားကိုးကွယ်တဲ့ စူဠာမဏိ စေတီတော်ကိုလည်း ရည်မှန်း ပူဇော်ကြမှာပါ။ပြောင်မြောက်တဲ့ ဒေသခံ ပြည်သူတွေ ရဲ့ လက်ရာမွန်တွေပေါ့။

 တောင်ကြီးမြို့ရဲ့ အမည်နာမဟာ မီးပုံးပျံပွဲတော်နဲ့ ယှဉ်တွဲပြီး မြန်မာမှာသာမက ကမ္ဘာကိုပါ ထိုးဖေါက် ကျော်ကြားနေပါတယ်။နေ့နေ့ညည မီးပုံးပျံ ပြိုင်ပွဲ တွေအကြောင်းက တချိန်လုံး လွှမ်းမိုးနေပါတယ်။ နေ့အခါမှာ အလှပြ  ပုံဖေါ်လွှတ်တင်ကြတာက နဂါးရုပ်၊ဂဠုန်ရုပ်၊ဆင်ရုပ်၊မြင်းရုပ်၊ဘဲရုပ် စသည် တိရိစ္ဆာန်တို့ရဲ့ အကောင် ပုံသဏ္ဍာန်များဖြစ်ပြီး ညအခါမှာတော့ များသောအားဖြင့် ရတ်ဂ်ဘီ (Rugby) ဘောလုံး သဏ္ဍာန် လုံးဝန်းဝန်း ပြုလုပ်မြဲ ဖြစ်ပြီး ရာပေါင်းများစွာသော မှိုင်းခံစက္ကူ မီးပုံးရောင်စုံကလေးများကို မီးပုံးလုံးကြီးရဲ့အောက်ခြေပတ်လည်မှာ ချိတ်ဆွဲ ထားပါတယ်။ မီးရှူးမီးပန်းများလည်း ညမီးကျည် လို့ခေါ်တဲ့ အဲဒီ မီးပုံးပျံကြီး အောက်ခြေ ပတ်လည်မှာပဲ  ချိတ်ဆွဲ လွှတ်တင်ကြတာမို့ မီးပုံးပျံပွဲတော် ဖန်တီး ပြုလုပ် ခင်းကျင်းပြသပုံက တကယ့်ကို  နတ်များ ဖန်တီးထားသလို ခန်းနားကြီးကျယ်လွန်းတဲ့ ပွဲတော်ကြီး ပါပဲ။ 

ရှမ်းအိုးစည်အက နဲ့ ရိုးရာ တီးဝိုင်းအဖွဲ့တွေက  မနက် အာရုဏ်တက်သည်အထိ ဇွဲကောင်းကောင်းနှင့် တီးကြ မှုတ်ကြ  အားပေး ကခုန်ကြပေါ့။တကယ့်ကို အံ့သြစရာ အကောင်းဆုံး ပွဲတော်ြaကီးပါ။ တာင်ကြီးဟာ ရှမ်းပြည်နယ်ရဲ့ မြို့တော်ပါ။ တန်ဆောင်တိုင် ပွဲတော်လို့ ခေါ်တဲ့ ကထိန်သင်္ကန်းကပ်လှူပွဲ နေ့ မှာ (တန်ဆောင်မုန်းလပြည့်နေ့) မှာ မီးပုံးပျံများ ကောင်းကင်ယံသို့ လွှတ်တင်ကြတယ်။ ဆင်ရုပ် ၊နွားရုပ်၊ရေကြံ့၊ငှက်ရုပ်၊၀က်ရုပ်၊ ဇီးကွက်ရုပ် ငါးရုပ်၊ကြက်တူရွေးရုပ်ပါမကျန်  လွှတ်တင်ကြတာပါ။ ရှမ်းပြည်တောင်ပိုင်းမှာတော့ တောင်ကြီးမီးပုံးပျံပွဲဟာ အကြီးမားဆုံးပျော်ပွဲ ရွှင်ပွဲကြီးဖြစ်သလို သံဃာတော်များကို ကထိန်သင်္ကန်းကပ်လှူ ပူဇော်တဲ့ ဘာသာရေးပွဲ တော်ကြီးလည်းဖြစ်ပါတယ်။မြတ်စွာဘုရား တာဝတံ င်္သာ နတ်ပြည်က လူ့ပြည့်သို့ ပြန်လည်ဆင်းသက်တဲ့မီးမြင့်မိုရ်ပွဲပြုလုပ်ရာ  ဆီမီးအလင်းရောင်များဖြင့် ပူဇော်ကြတဲ့   ပွဲတော်လည်းဖြစ်ပါတယ်။ တောင်ကြီးမြို့သားများသာ မက ဘယ်လိုပဲ အမျိုးအဆွေ ကွဲပြားပါစေ ရှမ်းပြည်တောင်ပိုင်းသား မျိုးနွယ်စုများ အားလုံး  လာရောက်ပူးပေါင်း ကခုန်ပျော်ပါးကြတယ်။တောင်ကြီး ရိုးရာ ကထိန်ပွဲတော်ဟာဖြင့် အထူးခြားဆုံးပွဲတော်ကြီးပါပဲ။
       
ပွဲတော် စလျှင် စချင်းမီးပုံးအငယ်စားကလေးတွေကို ပထမ လေထဲ လွှတ်တင်ခဲ့တာပါ။ ပြီးရင် ကြီးမားတဲ့ မီးပုံးကြီးတွေ လေ အပြည့်ဖြည့်ပြီး မိုးပြာပြာ တိမ်ပြာပြာ ဆီ တည့်တည့်ကြီး လွှတ်တင်လိုက်ကြတယ်။အောက်ခြေ ပတ်လည်မှာတော့ စိန်နားပန်လို့ ခေါ်တဲ့ မီးပုံးအငယ်စားကလေးတွေ ချိတ်ဆွဲပြီးတော့ပေါ့။လေသွင်းဖေါင်းပွနေတဲ့ မီးပုံးကြီးတွေဟာ ဖြည်းဖြည်းညင်သာ ထိုးတက်သွားတယ်။ ဗုဒ္ဓမြတ်စွာ ကို ရည်မှန်းပူဇော်တဲ့ မီးပုံးကြီးတွေ ဟာ ညကောင်းကင်မှာ ယိမ်းထိုးလှုပ်ရှားရင်း အာကာယံ ထဲကို လှလှပပ ပျံတက်နေတယ်။ ဘယ်လောက် အံ့သြဖို့ ကောင်းလိုက်သလဲ။

တောင်ကြီးမြို့ ဟာ တောင်ပိုင်းရှမ်းပြည်နယ်ရဲ့ အဓိက အားအထားရဆုံး မြို့တော်ဖြစ်တယ်။ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၇၁၂ပေ အမြင့်မှာ တည်ရှိတယ်။မျှတတဲ့ ဥတုရာသီရှိတယ်။ရန်ကုန်မြို့ရဲ့ မြောက်ဘက် ကီလိုမီတာ ၅၀၀အကွာမှာရှိပြီးတော့ မန္တလေးရဲ့ အရှေ့တောင်ဘက် ၁၀ကီလိုမီတာအကွာမှာ တည်ရှိနေတာပါ။ ကုန်းမြင့်တောင်တန်းတွေ လှပမြင့်မားတဲ့ တောင်တန်းကြီးတွေ ပတ်လည်ဝိုင်းနေတာပါ။တောင်ကုန်း တောင်တန်းတွေရဲ့ အောက်မှာ လေကောင်းလေသန့် ရတဲ့ နေရာမှာ တည်ရှိနေတဲ့အတွက် ကျန်းမာရေးလိုက်စားသူတွေ အဖို့  အထူးသင့်တော်တဲ့ နေရာဒေသ ဖြစ်တယ်။
ဇွန်လကနေ နိုဝင်ဘာလအထိ နှစ်စဉ် ပျမ်းမျှ မိုးရေချိန်လက်မ ၃၂.၆၈ ရွာသွန်းခဲ့ပါတယ်။
ဟဲဟိုး လေယာဉ်ကွင်းကနေ အနောက်ဘက်ကိုကီလိုမီတာ ၄၀ သာ လာရတော့မှာပါ။

Florist

Thursday, November 14, 2013

အိမ်အပြန်ညနက်နက် လျှို့ဝှက်ခြင်းဂီတ

စုမီအောင်
Idol Magazine, November, 2013
ကျမ သဘောကျတဲ့ ဂီတမိန်းကလေး ပိုပို
The Trees Band နဲ့ ဆယ်တန်းတုန်းက (ဂစ်တာတီးလို့ first prize ရတာပါလို့ အပြောခံရတဲ့အချိန်လေးတွေပေါ့)
ပိုပို့ဆီ သူ့အင်တာဗျူးပါတဲ့နေ့ က မဂ္ဂဇင်းစာအုပ်သွားပေးတော့ ပိုပိုက ငါးပေါင်းဟင်း ကိုယ်တိုင်ချက်ကျွေးခဲ့တယ် သူ့အခန်းထဲက စားပွဲလေးမှာ ထိုင်စားကြတယ်။


ပိုပို က ဂစ်တာချစ်တယ် ကျမလည်း ဂစ်တာချစ်တယ် ပိုပိုက tattooထိုးရဲတယ် ကျမက tattoo မထိုးရဲဘူး
အိမ်အပြန် ညနက်နက် လျှို့ဝှက်ခြင်းဂီတ အဖွင့်ဒီဇိုင်းလေး(ကျမစိတ်ထဲ ကလောင်နာမည်ကို သေးပြီး title ကိုစာလုံးကြီးပေးရင်ကောင်းမယ်လို့ ထင်မိတယ်၊ ဒါပေမဲ့ Idol ရဲ့အခင်းအကျင်းကို စောဒကတက်ဖို့မရှိပါ)။ စာအုပ်ထဲမှာ သတ်ပုံတွေတော့ အမှားများတယ်။
 *********
အိမ်တံခါးသော့ကိုဖွင့်ကာ စုသည် ခြေကိုဖွလျက် ၀င်လိုက်သည်။ အိမ်ပေါ်ထပ် အခန်းရှိရာသို့ တစ်ဆစ်ချိုး လှေကားကျယ်ကြီးမှတစ်ဆင့်  အသာတက်လာခဲ့သည်။

ညီလင်းနိုင်နှင့် အိမ်ထောင်ကျကတည်းက သည် အိမ်မှာ သူ့ အဖေ၊ အမေ၊ ညီမတို့နှင့် အတူ ပေါင်းကာ နေထိုင်ကြသည်။ အိမ်ကြီး၏ ၀ဲဘက်အစွန်းတွင် ညီလင်းနိုင် နှင့် စု တို့၏ သီးသန့်အိမ်ခန်းရှိ သည်။ အိပ်ခန်းသက်သက် တော့မဟုတ်။ ဒါသည်ပင် စာရေး စာဖတ်အလုပ်ခန်း၊ ဒါ သည်ပင် ထမင်းစားခန်း၊ ဒါသည်ပင် တွေးတောခန်း၊ ဒါသည် ပင် အိပ်မက်ခန်း။
ဒါသည်ပင် မိမိ၏ အနာဂတ်လား ဟုတွေးမိသည့် အခါမျိုးမှာတော့ စုသည် တုန်လှုပ် ချောက်ချားကာ ငိုချင် သလိုလို ဖြစ်နေတတ်သည်။

Friday, November 08, 2013

ဟိုသတင်း ဒီသတင်း

၁.  ခရီးသွားတွေများလှတဲ့ မီးပြတိုက်
The Irish Times နေ့စဉ်သတင်းစာကဖော်ပြခဲ့တဲ့ ၂၀၁၃ မှာ Loop Head ဟာ အိုင်ယာလန်မှာ အားလပ်ရက်အပမ်းဖြေခရီးထွက်စရာအကောင်းဆုံးနေရာလို့ အမည်တပ်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာလည်း အိုင်ယာလန်အနောက်ပိုင်း ရှန်နွန်မြစ်ဝ၊ Loop Head ကျွန်းဆွယ်ဟာ အီးယူးက ရွေးချယ်ပေးအပ်တဲ့ ခရီးသွားလုပ်ငန်းတွေရဲ့စိတ်အဝင်စားဆုံးနေရာအဖြစ် သတ်မှတ်ချီးကျူးဂုဏ်ပြုတဲ့ဆု Europfean Destinations of Excellence Award ရရှိခဲ့တယ်။ အဲဒီဆုဟာ သဘာဝအတိုင်းမပျက်မယွင်းထိန်းသိမ်းထားနိုင်တဲ့အလှအပ၊ အံ့သြဖွယ်ရာလှုပ်ရှားမှုတွေနဲ့ eco friendly ဧရိယအတွက် ပေးတဲ့ဆုပါ။ မီးပြတိုက်ဟာ အိုင်ယာလန်က ကီလိုမီတာ ၂၅၀၀ ရှည်လျားတဲ့ အလှပဆုံးကမ်းရိုးတန်းသဘာဝရှုခင်း၊ Wild Atlantic Way အလယ်ပိုင်းလောက်မှာ ရှိပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက် ထိတိုင်အောင်ပြုလုပ်ခဲ့တဲ့ ခြောက်လတာ ဖွင့်ပွဲကာလအတွင်းမှာ  Loop Head မီးပြတိုက်ဆီ လူပေါင်း ၁၉၀၀၀ (လူကြီး ၁၄၁၀၁ ဦးနဲ့ ကလေး ၅၀၈၂ ဦး) လာရောက်လည်ပတ်ခဲ့ကြပါတယ်။ အဲဒီ Clare County ဒေသက ပြုစုထားတဲ့ ကနဦးစာရင်းအရ လာလည်သူဧည့်သည်တွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ ပြည်တွင်း၊ ဒေသခံတွေ(၅၅ ရာခိုင်နှုန်းက အားလပ်ရက်တွေအနားယူကြသူ၊ ၃၀ ရာခိုင်နှုန်းကတော့ နေချင်းပြန်အပျော်ခရီးထွက်ကြသူ) နဲ့ ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကတော့ ပင်လယ်ရပ်ခြားက ဧည့်သည်တွေလို့ ဆိုတယ်။ အဲဒီ West Clare ဒေသ Loop head ကျွန်းဆွယ်အနီးအနားမှာ ကီလ်ဘာဟာ၊ ခရောစ် နဲ့ ကာရီဂါဟောထ် ရွာသုံးရွာရှိနေပါတယ်။ မီးပြတိုက်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၀၁၁ က ဖွင့်လှစ်ခဲ့တာပါ။ ပထမ ရက်သတ္တ ငါးပတ်အတွင်း ဧည့်သည် ၁၂၀၀၀ ဦးထိရှိခဲ့တဲ့ အရိုင်းဆန်ဆန် သဘာဝအတိုင်း ဒါပေမဲ့ ထူးခြားဆန်းပြားတဲ့အလှအပတွေပြည့်နှက်နေတဲ့ နေရာလို့ ဆိုကြတယ်။
Source : www.travelandtourworld.com

၂. ပထမဆုံး Instagram Hotel အဖြစ် ဆွဲဆောင်မှုနည်းလမ်းအသစ်
ကိုယ့်ရဲ့ ဟိုတယ်ကို ကမ္ဘာ့ပထမဆုံး Instagram hotel အဖြစ်စာရင်းဝင်သွားမယ်ဆိုရင်တော့ ဟိုတယ်ရဲ့ ကျော်ကြားမှုဟာ Intagram အသုံးပြုသူတွေကနေတဆင့် ပိုပြီး ပျံ့နှံ့လွယ်မှာပါ။ ဆစ်ဒနီရဲ့ 1888 Hotel ကတော့ အဲဒီစိတ်ကူးကို ပိုင်ပိုင်နိုင်နိုင်အသုံးချလိုက်ပါတယ်။ ဓာတ်ပုံ၊ ဗီဒီယိုတွေ share နိုင်တဲ့ အွန်လိုင်လူမှုကွန်ယက်ဝန်ဆောင်မှု Instagram မှာ အသုံးပြုသူတွေအများကြီးပဲရှိနေပါတယ်။ follower 10000 ကျော်ရှိနေတဲ့ user ဘယ်သူမဆို အဲဒီ 1888 Hotel မှာ တညတာ အခမဲ့တည်းခိုခွင့်ပြုတာပါ။ တည်းခိုနေချိန်မှာလည်း ဟိုတယ်တွင်းမှာ စိတ်ကြိုက်အလှဓာတ်ပုံတွေရိုက်ကူးပြီး Instagram မှာတင်မယ်။ အကောင်းဆုံး instagram ဓာတ်ပုံဖြစ်ခဲ့ရင်လည်း နောက်ထပ် အခမဲ့တည်းခိုခွင့် အခွင့်အရေးတွေ ထပ်ပြီးရနိုင်ဦးမှာပါ။ ဟိုတယ်မှာ အခန်း ၉၀ ရှိခေတ်ဆန်သားနားတဲ့ဟိုတယ်စတိုင်လ်ပါ။ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ Pymont ဆင်ခြေဖုံး ကမ်းခြေဒေသမှာရှိနေပါတယ်။ မူလတုန်းက အဲဒီအဆောက်အဦးဟာ သိုးမွှေးချည်တွေသိုလှောင်တဲ့နေရာအဖြစ် တည်ဆောက်အသုံးပြုခဲ့တာပါ။
 ပြီးခဲ့တဲ့ ၂ နှစ်က သြစတြေးလျဒေါ်လာ သန်း ၃၀(ဒေါ်လာ ၂၈ သန်း)ကုန်ကျတဲ့ ပြုပြင်မှုတွေအသေးစိတ်ပြုလုပ်ခဲ့ကြတယ်။ သံထည်ရက်မပါရှိတဲ့အဆောက်အဦးကိုယ်ထည်၊ နံရံတွေမှာ အုတ်သားကို မြင်သာအောင်ပြထားတဲ့ ထူးခြားတဲ့ဒီဇိုင်းရှိနေပါတယ်။ “အဆောက်အဦရဲ့ စတိုင်လ်နဲ့ သူ့ရဲ့ မူလအမွေအနှစ်က အင်မတန်အရေးကြီးပါတယ်” လို့ 1888 ပိုင်၊ ဟိုတယ် ၈ ခု ရဲ့ CEO ပေါလ်ဖစ်ခ်ျမန်းက ဆိုတယ်။ “အခုဆိုရင် Instagram ကို လူတွေအများကြီးပဲ အသုံးပြုနေကြတယ်။ သူတို့ဟာ ဓာတ်ပုံတွေကို အပြန်အလှန် share ရတာ ကြိုက်နှစ်သက်ကြတယ်။ သူတို့ ဘယ်နေရာပဲရောက်ရောက် ဓာတ်ပုံနဲ့ မှတ်တမ်းတင်တယ်။ ပြီးရင် သူငယ်ချင်းတွေကို share ကြတော့တာပဲ” လို့ ဖစ်ခ်ျမန်းကပဲ ပြောပါတယ်။ Instagram user တွေထဲမှာ follower 10000 ကျော်ရှိနေတဲ့ သူတွေအများကြီးပဲရှိနေတာကြောင့် ဒီလိုနည်းလမ်းနဲ့ ဟိုတယ်ကိုလူသိများစေအောင်ဆွဲဆောင်တာဟာ ထိရောက်တဲ့နည်းလမ်းသစ်ဖြစ်နေပါတယ်။ 1888 Hotel ရဲ့ လိပ်စာက 139 Murray St., Pyrmont ဖြစ်ပြီး ဖုန်းနံပါတ်က +61(0)2 8586 1888 ပါ။ တစ်ညတာအတွက် တည်းခိုစရိတ်ဟာ AU$159 ($147) ဖြစ်ပါတယ်။
Source : CNN Travel

၃. ပြည်တွင်း/ ပြည်ပလေကြောင်းခရီးစဉ်တွေတိုးချဲ့မယ့် ဘန်ကောက်လေကြောင်း
Bangkok Airways ဟာ ပြည်တွင်းရော ပြည်ပပါ လေကြောင်းခရီးစဉ်တွေတိုးချဲ့ပျံသန်းမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘန်ကောက်ကနေ ဖူးခက်ခရီးစဉ်မှာ လေယာဉ် ၈ စင်း နေ့စဉ်၊ ဘန်ကောက်-ကရာဘီ လေယာဉ် ၃ စင်း နေ့စဉ်၊ ဘန်ကောက်-လမ်ပန်ဂ် လေယာဉ် ၃ စင်း နေ့စဉ် နဲ့ ဘန်ကောက်-ရန်ကုန်(မြန်မာ) လေယာဉ် ၄ စင်း နေ့စဉ်ပျံသန်းမှာပါ။ ဘန်ကောက်လေကြောင်းလိုင်းရဲ့ business class ( the Blue Ribbon Club) ဒါမှမဟုတ် Premier Membership FlyerBonus ရရှိထားသူ ခရီးသည်တိုင်း Blue Ribbon Club Lounge က ဧည့်ခံတဲ့ hot meals/ တကိုယ်ရည်သုံးရေချိုးခန်း/ နှိပ်နယ်ပေးတဲ့ဧည့်ခန်း နဲ့  ဆိတ်ငြိမ်သပ်ရပ်တဲ့တကိုယ်ရေသုံးစာကြည့်ခန်း ဝန်ဆောင်မှုတွေရရှိနိုင်ပါတယ်။ စာကြည့်ခန်းကို အစည်းအဝေးခန်းမအဖြစ်လည်းလိုအပ်သလို အသုံးပြုနိုင်မှာပါ။ ဘန်ကောက်လေကြောင်းရဲ့ ခရီးသည်တွေဟာ သုဝဏ္ဏဘူမိလေဆိပ် လက်မှုပစ္စည်းဆိုင်မှာ သွားရေစာအချိုမုန့်အမယ်စုံ၊ အပူ/ အအေး နှစ်သက်ရာကို အခမဲ့သောက်သုံးအနားယူခွင့်လည်း ရရှိနိုင်မယ်။ wi-fi အင်တာနက်လည်း အသုံးပြုနိုင်မှာဖြစ်ပြီး ကလေးငယ်များ လွတ်လပ်ပျော်ရွှင်စွာဆော့ကစားနိုင်မဲ့ kid corner လည်းရှိပါတယ်။
Source : www.travelandtourworld.com

၎. ဂျိမ်းစ်ဘွန်းဒ်ရုပ်ရှင်တွေထဲက ဟိုတယ်တွေကိုတည်းခိုချင်ရင်
အင်္ဂလိပ်စာရေးဆရာ William Boyd ရဲ့ James Bond ဝတ္ထုစာအုပ်အသစ် “Solo” ကို ပြီးခဲ့တဲ့စက်တင်ဘာလက မိတ်ဆက်အခမ်းအနားကို လန်ဒန် Dorchester ဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။ အဲဒီစာအုပ်မိတ်ဆက်ပွဲကနေ လှို့ဝှက်စုံထောက် ဘွန်းတည်းခိုခဲ့တဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းထဲက တချို့ ကြော့မော့ခမ်းနားလှတဲ့ဟိုတယ်တချို့ကို ပြန်ပြီးအမှတ်ရစရာပါပဲ။

1.The Peninsula, Hong Kong
ရော်ဂျာမိုးပါဝင်သရုပ်ဆောင်ခဲ့တဲ့ The Man with the Golden Gun မှာ ဘွန်းဟာ ဘွန်းမိန်းကလေး အန်ဒရီးရာအန်ဒါးစ်နောက်ကိုလိုက်ရင်း မကာအိုကနေ ဟောင်ကောင်ကိုရောက်လာတယ်။ ဘွန်းမိန်းကလေးက ဟိုတယ်ရဲ့ Peninsula-green ရိုးစ်ရွိက်စ် ကားတစ်စီးမောင်းသွားတာသတိရမိမှာပါ။ အန်ဒါးစ် တည်းခိုခဲ့တဲ့ အခန်းက အခန်း နံပါတ် ၆၀၂ ပါ။ ရုပ်ရှင်ရိုက်ကူးစဉ်မှာလည်း အဖွဲ့သားတွေအားလုံး အဲဒီဟိုတယ်မှာပဲ တည်းခိုခဲ့ကြတယ်တဲ့။
ဟိုတယ်လိပ်စာ - The Peninsula Hong Kong, Salisbury Road, Hong Kong; 
+852 2920 2888; from $603 per room per night

2. Hotel New Otani Tokyo
၁၉၆၇ ခုနှစ်က ရုပ်ရှင် You Only Live Twice မှာ ဒီဟိုတယ်ဟာ Ernst Stavro Blofeld ရှဲ့SPECTRE စစ်ဆင်ရေးအတွက် Osato Chemicals ရုံးချုပ်အဖြစ်အသုံးပြုခဲ့တာပါ။ ဟိုတယ်ကို ၁၉၆၄ ခုနှစ်မှာ ဆူမိုနပန်းသမားဟောင်း Yonetaro Otani က တည်ဆောက်ခဲ့တယ်။ ဟိုတယ်မှာရှိတဲ့ စားသောက်ဆိုင်တွေနဲ့ ကြီးမားကျယ်ပြန့်လှတဲ့ ဂျပန်ရိုးရာပန်းခြံတွေကြောင့် ကျော်ကြားပါတယ်။ 
ဟိုတယ်လိပ်စာ - Hotel New Otani, 4-1 KioI-Cho, Chiyoda-Ku, Tokyo, 102-8578, Japan, 
+81 3 3265 1111; from $303 per room per night

3. One&Only Ocean Club, Bahamas
Casino Royale မှာ ဘွန်းမိန်းကလေး ဆိုလန့်ဂ်ျဟာ Villa 1085 အခန်းကို မယူခင် ဟိုတယ်ကိုရောက်ရှိလာတာတွေ့ရမှာပါ။ ရုပ်ရှင်တစ်ကားလုံး ဟိုတယ်အပြင်အဆင်တွေမကြာခဏပါဝင်တယ်။ ဘွန်း ဧည့်ကြိုကောင်တာရှေ့ကဖြတ်လျှောက်လာပြီး စာကြည့်တိုက်မှာ ပိုကာကစားတယ်။ ပန်းခြံထဲကိုငေးကြည့်တယ်။ အခုအဲဒီ Ocean Club ဟိုတယ်ရဲ့ Dune စားသောက်ဆိုင်မှာ Casino Royale ကော့တေး(ဗော့ဒ်ကာ၊ ဂျင် နဲ့ ဝိုင် အရောအနှော)ကို မှာယူရရှိနိုင်မှာပါ။
ဟိုတယ်လိပ်စာ - One&Only Ocean Club, One Casino Drive, Paradise Island, Bahamas; 
+242 363 2501; from $555 per room per night

4. Hotel Cipriani, Venice, Italy
Casino Royale မှာပဲ ဒန်နီရယ်ကရေ့ခ်ျဟာ ဟိုတယ်ပိုင်သင်္ဘောဆိပ်မှာ သူ့ရဲ့ ရွက်လှေကိုဆိုက်ကပ်လိုက်တယ်။ Cipriani စားသောက်ဆိုင်မှာရိုက်ကူးတယ်။ ဟိုတယ်လှေကားထစ်တွေလည်းမြင်တွေ့ခဲ့ရတယ်။ အဖွဲ့သားတွေဟာ ရိုက်ကူးနေစဉ်မှာ အဲဒီဟိုတယ်မှာတည်းခိုခဲ့ကြပါတယ်။
ဟိုတယ်လိပ်စာ - Hotel Cipriani, Giudecca 10, 30133 Venice, Italy; 
+39 041 240 801; from $1,547 per room per night

5. The Langham, London
GoldenEye ရုပ်ရှင်မှာပါ။ Ian Flemings ဝတ္ထုတွေမဟုတ်တဲ့ ဂျိမ်းစ်ဘွန်းဒ် ပထမဆုံးရုပ်ရှင်ပါ။ ဟိုတယ်ကို ၁၈၆၅ မှာ တည်ဆောက်ခဲ့ပါတယ်။ ဒီဟိုတယ်ကို GoldenEye ရုပ်ရှင်မှာပဲ တွေ့ခဲ့ရတာမဟုတ်ဘဲ မေရီကိတ်ထ် နဲ့ အက်ရှလေအိုလ်ဆန် တို့ရဲ့ Winning London မှာလည်းတွေ့ရမှာပါ။
ဟိုတယ်လိပ်စာ - The Langham, 1c Portland Place, Regent Street, London, W1B 1JA T; 
+44 20 7636 1000; from $454 per room per night

6. Hotel Atlantic Kempinski, Hamburg, Germany
ဘွန်းဒ်ဟာ Atlantic Kempinski ရဲ့ ထူးခြားတဲ့အမှတ်အသား မျက်နှာစာအမိုးထိပ်မှာရှိနေတဲ့ ကမ္ဘာလုံးပေါ်ကို ဖက်တွယ်တက်နေခဲ့ပါတယ်။ Tomorrow Never Dies မှာပါ။ ဟိုတယ်မျက်နှာစာပိုင်းကိုလည်း များများစားစားရိုက်ကူးခဲ့တယ်။ ဘွန်းဒ်(ပီယာစ့်ဘရော့စ်နန်)ဟာ အဲဒီဟိုမှာ တည်းခိုခဲ့ပြီး ရုပ်ရှင်ထဲမှာ ဟိုတယ်ထဲကအပြင်အဆင်တွေကို တွေ့ခဲ့ရပါတယ်။ ရုပ်ရှင်ရိုက်ကူးစဉ်မှာလည်း ဟိုတယ်မှာ ဘရော့စ်နန်တည်းခိုခဲ့တယ်။
ဟိုတယ်လိပ်စာ - Hotel Atlantic Kempinski Hamburg, An der Alster 72-79,20099 Hamburg; 
+49 40 28880; from $213 per room per night

7. Taj Lake Palace, Udaipur, India
Octopussy မှာ လည်း ဒီဟိုတယ်အမည်ရင်းနဲ့ပဲ ပါဝင်ခဲ့ပါတယ်။ ထမင်းစားခန်း၊ စင်္ကြန်လမ်းမ နဲ့ ဟိုတယ်အလယ်ခန်းမပိုင်း အခန်းတော်တော်များများရိုက်ကူးခဲ့တယ်။ 
ဟိုတယ်လိပ်စာ - Taj Lake Palace, Lake Pichola, Udaipur, Rajasthan, India; 
+91 294 2428800; from $446 per room per night

8. Fontainebleau Miami Beach, Florida
Goldfinger ရဲ့ ဒီ ကြီးမားခန့်ထည်လှတဲ့ ဟိုတယ်ကိုမြင်တွေ့နိုင်ခဲ့မှာပါ။ ယူနိုက်တက်စတိတ်ရဲ့ အရှေ့ဘက်ပင်လယ်ကမ်းခြေပိုင်းမှာ အကြီးဆုံးဟိုတယ်ပါပဲ။ ရုပ်ရှင်ထဲမှာတော့ ဘွန်းမိန်းကလေး ဂျေးလ်မာစတာတန် ကို ရွှေရောင်တွေဆေးခြယ်ဖုံးလွှမ်းပြီး သေဆုံးနေတာတွေ့ခဲ့အခန်းပါ။ The Bodyguard/ Police Academy 5 နဲ့ ဖရန့်ခ်စင်နားထရားပါဝင်သရုပ်ဆောင်ခဲ့တဲ့ A Hole in the Head ရုပ်ရှင်တွေလည်း ဒီဟိုတယ်မှာရိုက်ကူးခဲ့ဖူးတယ်။
ဟိုတယ်လိပ်စာ - Fontainebleau Miami Beach, 4441 Collins Ave., Miami Beach, Florida; 
+1 305 538 2000; from $300 per room per night

9. Hotel Cala Di Volpe, Sardinia, Italy
The Spy Who Loved Me မှာ ဘွန်းဒ်(ရော်ဂျာမိုး)ဟာ စန္ဒရားဘားခန်းမမှာ KGB အေးဂျင့် အေမာဆိုဗာကို သွေးဆောင်ဖြားယောင်းလိုက်တယ်။ Costa Smeralda မှာ ပထမဆုံးဆောက်လုပ်ခဲ့တဲ့ဟိုတယ်ပါ။ Heidi Klum and Denzel Washington တို့ အတူတူတည်းခိုခဲ့ကြဖူးတယ်လို့ဆိုတယ်။
ဟိုတယ်လိပ်စာ - Hotel Cala Di Volpe, Costa Smeralda, Porto Cervo 07021, Italy 
+39 0789 976111; from $763 per room per night

10. Four Seasons Hotel London at Canary Wharf, London
Skyfall ရဲ့ အဖွင့်မြင်ကွင်းမှာ ဘွန်းဒ်(ဒန်နီရယ်ကရေ့ခ်ျ)ဟာ ဟိုတယ်ရဲ့ လသာဆောင်ရေကူးကန်မှာ ရေကူးနေတဲ့အခန်းပြထားတယ်။ ရေကူးကန်ရဲ့ ကြမ်းပြင်ကနေ မျက်နှာကြက်ပြူတင်းတွေဟာ လန်ဒန်မြို့ကြီးကို ဖြန့်ကျက်ပြီးမြင်တွေ့ရတဲ့အလှဟာ မယှဉ်နိုင်တဲ့မြင်ကွင်းလို့ဆိုတယ်။ ဟိုတယ်ရဲ့ အခန်း ၇၁၂ ကိုလည်း ရိုက်ကူးခဲ့ကြတယ်။
ဟိုတယ်လိပ်စာ - Four Seasons Canary Wharf, 46 Westferry Circus, Canary Wharf, London; 
+44 20 7510-1999; from $273 per room night
Source : CNN Travel

ဖြိုးဖြိုး
Living Fashion Magazine, November, 2013

လှုပ်ရှားမြဲ အလုပ်များဆဲ ဘရုစ်ဝီလစ်

ဘရုစ်ဝီလစ် လို့ပဲ လူသိများကြတဲ့ ဝေါ်လ်တာဘရုစ်ဝီလစ်ဟာ အသက် ၅၈ နှစ်အရွယ်ရှိနေတာတောင်မှ ထုတ်လုပ်သူ၊ ဂီတသမား၊ အထူးသဖြင့် သရုပ်ဆောင်စတဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ အလုပ်များရင်း ကျော်ကြားမှုကို ထိန်းသိမ်းထားနိုင်တုန်းပါပဲ။ ဘရုစ်ကို လူသိများသွားအောင် ဂယက်ရိုက်စေခဲ့တဲ့ သရုပ်ဆောင်မှုက ၁၉၈၅ ခုနှစ်ကနေ ၁၉၈၉ အထိပြသခဲ့တဲ့ တီဗီဇာတ်လမ်းတွဲ Moonlighting ပါ။ Moonlighting မှာ နတ်သမီးတိုင်းပြည်က ထောက်လှမ်းရေးအေဂျင်စီတစ်ခုရဲ့ ပြောင်နောက်နောက်၊ ချစ်ခင်ဖွယ်ရာ စုံထောက် ဒေးဗစ်အက်ဒီဆန်အဖြစ် သရုပ်ဆောင်ခဲ့တာပါ။

Tuesday, November 05, 2013

ညတစ်ဝက်

အဲဒီညက လပြည့်ဖို့ တစ်ဝက်သာလိုခဲ့တယ်။ တိုက်ခန်းတွေရဲ့အရေးပေါ်လှေကားလို့ဆိုရမယ့် သံနဲ့လုပ်တဲ့နောက်ဖေး လှေကားမှာ မိန်းကလေးနဲ့ သူ ဘေးချင်းယှဉ်ပြီး ထိုင်နေကြတယ်။ သူ ဘီယာသောက်တာ တစ်ပုလင်းကုန်တော့မယ်။ မိန်းကလေး လက်ထဲမှာ တစ်စက်ကလေးမှ မသောက်ရသေးတဲ့ ၀ိုင်အနီတစ်ခွက် ကိုင်ထားတယ်။ မိန်းကလေးက ကောင်းကင်ဆီ ငေးကြည့်ရင်း သူ့ကို ဖွဖွကလေးပြောတယ်။

“အဖြူပိတ်ပိတ်တိမ်တွေက မြေကြီးပပ်ကြားအက်တွေလိုပဲ”