Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, August 31, 2012

မင်းနှစ်ပါး စီးချင်းထိုးခြင်း

မေမေပြောတဲ့ ပုံပြင်
တစ်ခါတော့ ကျွန်မတို့ မေမေက စစ်ဖြစ်လို့ ပြေးရ လွှားရတဲ့အခါ ပြည်သူပြည်သားများ ဆင်းရဲ ပင်ပန်းကြရတဲ့အကြောင်းတွေ ပြောရင်း ဟိုရှေးရှေးတုံးက မင်းနှစ်ပါး စီးချင်းထိုး ကြတဲ့အကြောင်းပြောပြပါတယ်။ ဗုဒ္မဘုရားရှင် ကိုယ်တော်တိုင်ကလဲ မင်းယောက်ျားများဟာ သေဘေးကြုံခဲ့ရင်တောင် လုံ့လ၀ီရိယမလျော့ရဘူး လို့ မဟာဇနက္ကဖြစ်စဉ်ကိုဟောပြီး ဆုံးမခဲ့ဖူးပါတယ်။ ဇနက္က၀တ္ထုကို ကျောင်းသားတိုင်း သိကြမှာပါ။  ခု မေမေပြောမယ့် ပုံပြင်ကလဲ ဇနက္ကမင်းသား အကြောင်းပါဘဲ။

မေမေက ပြောတယ်။

Sunday, August 26, 2012

လက်ခုပ်တီးကြမယ်နော်

Special Thanks to my husband for sketch
ကျွန်မ နဲ့ သူ လက်ချင်းမြဲမြဲတွဲလို့ ဓါတ်ရထားမှတ်တိုင်ဆီ ခပ်သုတ်သုတ်လေး လျှောက်ခဲ့ကြပါတယ်။ နွေရာသီရဲ့ လက်ကျန် အငွေ့အသက်တွေက ပူနွေးတဲ့လေပြေထဲမှာ ပြေးလွှားနေကြတုန်းပဲ။ ကျွန်မတို့ကိုလည်း ထိတွေ့ တိုးဝှေ့သွားတာပေါ့။ နာရီကြည့်လိုက်တော့ ညနေ ၆ နာရီခွဲပြီး ၁၀မိနစ် တောင်ရှိလှပြီ။ ကျွန်မတို့သွားရမယ့် ပန်းချီပြပွဲ ဖွင့်ပွဲအချိန်က ၇နာရီမှာ စမှာ။ ဓါတ်ရထားစောင့်ရမယ့်အချိန်နည်းနည်းထည့်ပေါင်းရင်၊ လမ်းနည်းနည်းလျှောက်ရမယ့်အချိန်လေး ထည့်ပေါင်းရင် အချိန်တိတိကျကျရောက်ပါ့မလားပဲ။ ဟော … ကျွန်မတို့ စီးရမယ့် ဓါတ်ရထားနံပါတ် ၇ ကားဂိတ်ကို ရောက်လာခဲ့ပါပြီ။ ဓါတ်ရထားတံခါးအပွင့် အရောင်စုံလူကြီး၊ လူငယ်တချို့ ပလက်ဖောင်းပေါ် အပြေးအလွှား လျှံကျလာကြတယ်။ သုတ်ကနဲလျှံကျလာတဲ့လူတွေကို ရှောင်ကာတိမ်းကာနဲ့ ကျွန်မတို့ ဓါတ်ရထားပေါ်တက်လိုက်ကြပါတယ်။ မှတ်တိုင်တစ်တိုင်စာပဲစီးရမှာဆိုတော့လည်း နေရာရပေမယ့် ထိုင်မနေကြတော့ဘူး။ ဆာဗာမြစ်ကို ဖြတ်ပြီး တစ်ဘက် ကလဲမက်ဒန်ခံတပ်ဘေးက မှတ်တိုင်မှာရပ်ရင်ဆင်းရမယ်။ လမ်းနည်းနည်းလျှောက်လိုက်ရင် ကလဲမက်ဒန်ခံတပ်ပန်းခြံဘေးနားက ပြခန်းကျဉ်းလေးဆီကို ရောက်မယ်။ အဲဒီမှာပေါ့ ကျွန်မတို့ ၇ နာရီအရောက်သွားရမယ့် ပြပွဲဖွင့်ပွဲလေးလေ။

Saturday, August 25, 2012

သွေးဆာတဲ့ဘုရင်"ဒရက်ကူလာ" ရဲ့ မြို့တော်ဆီ အပိုင်း (၁)

ရန်သူတွေကို သတ်ဖြတ်တဲ့အခါ တံစို့ နဲ့
ခံတွင်းကနေ အဆုံးထိ ထိုးသတ်တတ်သူ
ရက်စက်တဲ့ စစ်သူကြီး ဒရက်ကူလာ (Vlad Ţepeș)
ထိတ်လန့်သည်းဖိုအဖြစ်အပျက်တွေကို စိတ်ဝင်တစားရှိတတ်ကြတဲ့ လူတွေဟာ ကမ္ဘာကြီးရဲ့ တစ်နေရာရာက ချောက်ချားစရာအဖြစ်အပျက်တွေကို သိလိုလှပါတယ်။ အဲဒီထိတ်လန့်စရာတွေကို အမြဲတသသ အမှတ်ရနေတတ်ကြတယ်။ အဲဒီလိုလူတွေထဲက တစ်ယောက်ကတော့ ထိတ်လန့်သည်းဖိုဇာတ်လမ်း ရေးသားမှုမှာ ထူးခြားတဲ့ပါရမီရှိသူ ဘရမ်စတိုကာပါ။ သူအမြဲ စိတ်စွဲလမ်း၊ ဥာဏ်ကွန့်မြူးနေတတ်တဲ့ ထရန်ဆေးလ်ဗေးနီးယားဒေသရဲ့ သဘာဝပတ်ဝန်းကျင်အနေအထားကို စာထဲမှာ ပုံဖော်တယ်။ ထရန်ဆေးလ်ဗေးနီးယားဒေသက ရိုမေးနီးယန်းလူမျိုးတွေရဲ့ ကြမ်းကြုတ်ရက်စက်လှတဲ့ စစ်ဗိုလ်ချုပ်ကြီး၊ တစ်ဘက်က တိုင်းပြည်ချစ်တဲ့ သူရဲကောင်း၊ ဘရန်းရဲတိုက်ပိုင်ရှင် ဒရက်ကူလာရဲ့ ဇာတ်ကောင်စရိုက်ကို စာထဲမှာ ဖန်တီးလိုက်တယ်။ ဥရောပရှေးရိုးစဉ်လာ ဒဏ္ဍာရီပုံပြင်တွေထဲက သွေးစုပ်ဖုတ်ကောင်တွေအကြောင်းကို နှစ်ပေါင်းများစွာ သူ .. သုသေသနပြုခဲ့ပါတယ်။ အဲဒီနယ်မြေဒေသတွေမှာ တကယ့်အဖြစ်အပျက်လိုလိုပြောဆိုနေကြတဲ့ သွေးစုတ်ဖုတ်ကောင်ရဲ့ ... အစွယ်ပြူးပြူးနဲ့ လည်ပင်းကို ကိုက်ဖောက်သွေးစုပ်တတ်တာ၊ ကြက်သွန်ဖြူကို ကြောက်ရွံ့တာ၊ လင်းနို့တစ်ကောင်နဲ့ ဆက်နွယ်မှုရှိနေတာ၊ ရုပ်အလောင်းရဲ့ ရင်ဝကို စို့နဲ့ ထိုးစိုက်မှ တသက်စာ သေဆုံးနိုင်တာ စတဲ့ ဒဏ္ဏာရီတွေနဲ့ ပေါင်းစပ်ဖန်တီးပြီး သွေးစုပ်ဖုတ်ကောင် ဒရက်ကူလာ အဖြစ် ဘရမ်စတိုကာ သရုပ်ဖော်ခဲ့ပါတယ်။ ဒဏ္ဏာရီတွေကို တကယ့်အဖြစ်အပျက်လိုပဲ အောင်မြင်စွာဖန်တီးနိုင်ခဲ့တယ်။ “ဒရက်ကူလာ”ဟာ “သွေးစုပ်ဖုတ်ကောင်”၊ “သွေးစုပ်ဖုတ်ကောင်” ဟာ “ဒရက်ကူလာ” လို့ တစ်သားတည်းကျသွားတဲ့အထိ ဘရမ်စတိုကာ ရဲ့ ဖန်တီးနိုင်စွမ်းက ကြီးကျယ်ခဲ့ပါတယ်။
သွေးစုပ်ဖုတ်ကောင် ဒရက်ကူလာကို ဖန်တီးသူ
ဘရမ်စတိုကာ (Bram Stoker)
ဟိုး .. ငယ်ငယ်တုန်းက ပျဉ်းမနားက တပေါင်း ဘုရားပွဲမှာပေါ့၊ ပိတ်ကားဖြူဖြူမှာ ၃ ကားပေါင်း  ပြတဲ့ရုပ်ရှင်ကားတွေကို ကျွန်မ ဖေဖေနဲ့ သွားကြည့်ခဲ့ဖူးတယ်။ အဲဒီထဲက ဒရက်ကူလာရုပ်ရှင်ကားဟာ ကျွန်မကို ချောက်လှန့်နေလိုက်တာများ။

Wednesday, August 15, 2012

မစ္စစ္စပီမြစ်ကို တွေ့ရှိခြင်း

သူမနာမည်ရင်းက မီစီဇီဘီ (MIsi-ziibi)ပါ။ အဓိပ္ပါယ်က ကြီးမြတ်သောမြစ် (Great River) သို့မဟုတ် မြစ်ကြီး မစ္စစ်စစ်ပ်ပီ(Big River) ပါတဲ့။ ဌာနေတိုင်းရင်းသားများရဲ့ အသုံးအနှုံးပါ။ ကာလရွေ့လျောလာတော့ မစ္စစ္စပီ လို့ တွင်လာခဲ့တယ်။  ကမ္ဘာ့ ရှိရှိသမျှ မြစ်ကြီးတွေထဲမှာ   စတုတ္ထမြောက် အရှည်ဆုံးဖြစ်ပြီး ဆယ်ခုမြောက် အကြီးဆုံးဖြစ်သတဲ့။သူမဟာ ၂, ၃၂၀ မိုင် (ကီလိုမီတာ၃,၇၃၄)ရှည်လျားပြီးတော့ မြောက်အမေရိကရဲ့ အရှည်ဆုံးမြစ်လဲ ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုမှာဘဲ လုံးလုံးလျားလျား စီးဆင်းပြီးတော့ ပြည်နယ်ပေါင်း၃၁ပြည်နယ်ကို ဖြတ်သန်းသွားတယ်။သူမဟာ မင်နီဆိုတာပြည်နယ် အနောက်ဘက်အရပ်မှ စတင်ထွက်ခွာလာပြီး ကွေ့ကွေ့ကောက်ကောက်နှင့်ု ၂,၅၃၀ မိုင်(ကီလိုမီတာ ၄,၀၇၀)ခရီး အကွာအဝေးရောက် အောင် စီးဆင်းသွားရာမှာ  မက်ဆီကိုပင်လယ်ကွေ့က မစ္စ်စစ်ပ်ပီ မြစ်ဝှမ်းအထိပါဘဲ။ သူမဟာ မြစ်လက်တက်ပေါင်းများစွာခြံရံပြီးတော့ သိုက်သိုက်ဝန်းဝန်းရှိစွာ “ရော့ကီးတောင်တန်း”နှင့် “အပ်ပ်ပါလာချိန်န်” တောင်တန်းနှစ်သွယ်အကြားကနေ တဖြည်းဖြည်းချင်းစီးဆင်းသွားပါတယ် တဲ့။

ဂျေလို နားခိုရာ၊ အိမ်ဂေဟာ

အမေရိကန် သရုပ်ဆောင်၊ အဆိုတော် ဂျနီဖာ(လင်း)လိုပက်ဇ် ဟာ လက်တင် အမေရိကန်နွယ်ဖွားတွေထဲမှာ ၀င်ငွေအကောင်းဆုံးရှာဖွေနိုင်တဲ့သူပါ။ ငယ်စဉ်ကတည်းက ဂီတနဲ့ အက အမြဲတမ်းရင်းနှီးကျွမ်းဝင်နေတဲ့ မိသားစုမှာကြီးပြင်းခဲ့ပါတယ်။ ကလေးအရွယ်ကတည်းက အကသင်တန်းကျောင်းတက်ခဲ့တယ်။ ဂျေလိုရဲ့အနုပညာဝါသနာကို In Living Color ဆိုတဲ့ တီဗီအစီအစဉ်လေးမှာ ဂျဲနက်ဂျက်ဆင်အတွက် နောက်ခံအကပညာရှင်လေးအဖြစ် ပါဝင်ရင်း စတင်ခဲ့တာပါ။ အကပညာရှင်၊ အဆို၊ သရုပ်ဆောင် စတဲ့ အနုပညာအလုပ်တွေလုပ်ရင်းနဲ့ နောက်ပိုင်းမှာ ဖက်ရှင်၊ ရေမွှေး စီးပွားရေးလုပ်ငန်းတွေကိုပါ လုပ်ကိုင်လာခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ မာခ့်အန်တိုနီလက်ထပ်ခဲ့ပြီး လက်ရှိအချိန်တွေမှာတော့ အမွှာကလေးမက်စ်နဲ့ အေမီတို့ နှစ်ယောက်နဲ့ပဲ သူမရဲ့ဘ၀ကို ဖြတ်သန်းနေပါတယ်။ ဂျေလိုရဲ့ လန်းဆန်းတဲ့ဘ၀သစ်ကို The Hamptons  ပင်လယ်ကမ်းစပ်နားက သူမရဲ့ ပြည့်စုံလှပတဲ့ အိမ်ကြီးမှာ နေထိုင်ရင်း အချိန်တွေကို ကုန်ဆုံးစေမယ်လို့ဆိုတယ်။ ဒီအိမ်မှာတော့ ပရိဘောဂတွေနေရာချ အလှမဆင်ရသေးပါဘူး။

Tuesday, August 07, 2012

ညွှန်းတဲ့ ရုပ်ရှင်

(ဘလောဂ့်မှာ ကိုယ်ရေးချင်တာတွေ၊ ကိုယ်ရေးရတာတွေ၊ ကိုယ်ရေးဖြစ်တာတွေ အမျိုးစုံတင်နေလို့ စာလာဖတ်တဲ့ မိတ်ဆွေတွေကို အားနာပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေလည်း ကိုယ်ဖတ်ချင်တာလေးတွေခဲ့ရင် ဖတ်သွားဖြစ်တယ်ဆိုရင်ပဲ ကျေးဇူးပါပေါ့)
Beasts of the Southern Wild 
Fantasy Drama
ပြသချိန်- ၉၁မိနစ်
Fox Searchrlights Pictures
ဒါရိုက်တာ - Benh Zeitlin
ထုတ်လုပ်သူ - Michael Gottwald, Dan Janvey, Josh Penn
ဇာတ်ညွှန်း - Benh Zeitlin, Lucy Alibar
သရုပ်ဆောင်များ - Quvenzhané Wallis(Hushpuppy), Dwight Henry and Levy Easterly

ရဲဝံ့တဲ့ ခြောက်နှစ်အရွယ် ကလေးမလေး ဟက်ရှ်ပါ့ပီဟာ ဖခင်ဖြစ်သူ ၀င့်ခ် နဲ့ အတူနေထိုင်ပါတယ်။ Bathtub လို့ခေါ်နေကြတဲ့ ကမ္ဘာကြီးရဲ့အစွန်းအနား တောင်ပိုင်းရေစပ်စပ် ကျွန်းစပ်စပ်ဒေသလေးမှာနေကြတယ်။ ဖခင် ၀င့်ခ်ရဲ့ ခက်ထန်မာကြောတဲ့ အချစ်ကြောင့် ဖခင်အနားကနေခွာပြီး စကြာဝဠာကြီးကို စူးစမ်းလေ့လာဖို့ ပြင်ဆင်မိလာတယ်။ ဖခင်က သူမကို ကာကွယ်ဖို့ အချိန်မှ မပေးနိုင်တာလေ။ ပြီးတော့ ၀င့်ခ်မှာ ဆန်းကြယ်တဲ့အဖျားအနာ ခံစားလာရပြန်တယ်။ အဲဒီဒေသလေးမှာ အပူချိန်တွေ ဖြတ်ကနဲ အဆမတန်မြင့်တက်မှုကြောင့် ပိုးကောင်တွေအလိုအလျောက်ပေါ်ထွက်လာကြတယ်။ ဖုံးအုပ်နေတဲ့ ရေခဲတွေပျော်ကြကုန်ကြပြီ။ အောရပ်စ်လို့ခေါ်တဲ့ သမိုင်းဦးခေတ်က သတ္တ၀ါတွေ တပ်နဲ့ချီ လွှတ်ပေးလိုက်သလိုပဲ။ ရေတွေမြင့်တက်လာပြီ။ အောရပ်စ်တွေ လာကြကုန်ပြီ။ 

Monday, August 06, 2012

ကလေးတွေကို ပြုံးပျော်စေလိုသူ ဂျိုကာ "Smiley"

"ကလေးတွေဟာ မွေးကင်းစကလေးငယ်နီတာရဲလေးအရွယ်ကနေ တဖြည်းဖြည်းချင်းအရွယ်ကြီးလာခဲ့ပြီးတဲ့နောက် စကားတွေ တီတီတာတာ ပြောလာခဲ့မယ်။ လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ဖို့ စတင်သင်ယူလာတော့မယ်။ အဲဒီကနေ စလို့ မဆုံးတဲ့ သင်ယူမှုတွေပြည့်နေတဲ့ လောကကြီးထဲ တိုးဝင်ရပါတော့မယ်။ ကလေးရဲ့ သင်ယူမှုစတင်တော့မယ့် ပထမဆုံးအဆင့်မှာ အင်မတန်အရေးကြီးပါတယ်။ မိဘရဲ့လက်ကနေ ပြင်ပလောကဆီက အသစ်အသစ်သောလူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ကြောက်ရွံ့ထိတ်လန့်စိတ်ဝင်မသွားစေဖို့၊ ကျောင်းစာသင်ခန်းလေးတွေကို ကြောက်လန့်မသွားဖို့ သတိထားသင့်ပါတယ်။ အတန်းပညာအတွက် ကျောင်းစာတစ်ခုထဲသာမဟုတ်ဘဲ၊ ပျော်ရွှင်မြူးတူးစရာသီချင်းလေးတွေ၊ ကစားနည်းလေးတွေကို သူငယ်ချင်းအသစ်လေးတွေနဲ့ အတူတူ သီဆို၊ ဆော့ကစားဖို့လိုအပ်လှပါတယ်။ မိဘတွေကိုယ်တိုင် လိုက်ပါစောင့်ရှောက်နိုင်မယ့် ကလေးငယ်လေးတွေအတွက် ပြုလုပ်တဲ့အစီအစဉ်လေးတွေမှာ သင်တို့ရဲ့ ချစ်စရာ ကလေးငယ်တွေကို ပါဝင်ဆင်နွဲဖို့ တိုက်တွန်းပေးပါ။ ကလေးငယ်တွေအတွက် ပူဖေါင်းအဆင်တန်ဆာလေးတွေ ဖန်တီးပေးမယ့်ပွဲအတွက် သင့်ကို ဖိတ်ကြားလိုက်ပါတယ်"

သင်တို့ရဲ့
Clown Smiley (Klovn Smehuljko)
 
ကျွန်မ လက်ထဲကို ရောက်လာခဲ့တဲ့ ဖိတ်စာလေးတစ်စောင်ပါ။ ဖိတ်စာမှာ ရေးထားတဲ့ စာသားလေးတွေက စိတ်ဝင်စားဖို့ကောင်းနေတာနဲ့ပဲ အဲဒီဖိတ်စာလေးမှာ ပါတဲ့ နေရာ၊ အချိန်အတိုင်း ကျွန်မရောက်သွားခဲ့ပါတယ်။ အခန်းလေးထဲကို တံခါးဖွင့် လှမ်းဝင်လိုက်တာနဲ့ ကလေးတွေရဲ့ ခိုးခိုးခစ်ခစ်ရယ်သံလေးတွေပေါ့၊ ကျွန်မဆီအပြေးဝင်လာကြတယ်။ သူတို့လေးတွေနဲ့အတူ ကျွန်မပါရောယောင်ပျော်ရွှင်လာခဲ့ပြီ။ တလက်လက်တောက်နေတဲ့မျက်လုံးလေးတွေရဲ့အကြည့်တွေက တစ်နေရာတည်းမှာ ဆုံဆည်းနေကြတယ်။ ကလေးတွေရဲ့ အရှေ့မှာ အ၀ါရောင် အကျီဖားဖားပွပွကြီးကို ၀တ်ဆင်ထားသူတစ်ယောက် ဂျိုကာ(clown)တစ်ဦးရှိနေပါတယ်။ သူ့ရဲ့ လက်ချောင်းတွေဟာ စန္ဒရားခလုတ်လေးတွေပေါ်မှာ ပြေးလွှားလှုပ်ရှားနေလိုက်တာ။ စန္ဒရားတီးနေတဲ့ အဲဒီ ဂျိုကာ ဟာ ကိုယ်ကို လှုပ်ခါလို့ သီချင်းလည်း ဆိုနေပါတယ်။ ရောင်စုံခြယ်ထားတဲ့သူရဲ့မျက်နှာဟာ မြင်လိုက်တာနဲ့ပဲ ရွှင်မြူးစရာ၊ သူ့ရဲ့ တေးသံဟာ ကခုန်မြူးတူးချင်စရာ ကောင်းနေလိုက်တာ။ သာယာနာပျော်ဖွယ်ရှိလိုက်တာ။ ကလေးတွေလည်း ကခုန်နေကြပြီပေါ့။  သီချင်းသံလေးလွင့်ပျံနေပါတယ်။
~ သဘာဝလောကကြီးမှာကွယ် ~
အလှဆုံးအရောင်လေးတွေရှိတယ် ~
အလှဆုံးငှက်လေးတွေရှိတယ် ~ အလှဆုံး ရောင်စုံဘောလုံးလေးတွေရှိတယ်~ အလှဆုံးသူငယ်ချင်းတွေရှိတယ်~
အဲဒီအလှဆုံးတွေ ... ငါ ... အားလုံးပိုင်ဆိုင်တယ် ~ ငါ့အနားမှာ ၀ိုင်းပတ်ကခုန်နေကြတယ် ~
ငါလည်း ကခုန်မိတော့မယ် ~
ကဲ ကဲ ... ငါ အခုပဲ ကခုန်လိုက်ပါပြီ ~

Wednesday, August 01, 2012

လမ်းဘေးမှာ အမှတ်တရကျောက်ပြားလေးတွေ ရှိတဲ့မြို့

ဒီဘက်နိုင်ငံတွေမှာတော့ နွေရာသီဟာ မြန်မာနိုင်ငံမှာလို ရွက်ဝါကြွေတဲ့နွေမဟုတ်ဘဲ ရွက်သစ်တွေဝေပြီး ပန်းရောင်စုံတွေဖူးပွင့်ကြတဲ့အချိန်ပါ။ အေးတဲ့အချိန်တွေမှာ ရေခဲမှတ်အောက်ထိကျသွားပြီး အပင်တွေမှာ သစ်ရွက်တစ်ရွက်မှ မကျန်နိုင်အောင် အရိုးပြိုင်းပြိုင်း အရိုင်းဆန်ဆန်အထီးကျန်သလိုခံစားရလွန်းလှလို့ ပူနွေးတဲ့နွေရာသီကို သဘောကျကြပါတယ်။ ပူနွေးတဲ့နိုင်ငံတွေကို ဆားရ်ဘီးယန်းတွေက နှစ်သက်ကြတယ်။ နွေရာသီဆို ကလေးလူကြီး အရောင်အသွေးစုံ အကျီပါးလေးတွေဝတ်ဆင်ပြီး မိသားစုလိုက်ရေကူးကန်သွားကြပါတယ်။ ကုန်းတွင်းပိတ်နိုင်ငံသားတွေပေမယ့် ကလေးလူကြီးနီးပါး ရေကူးတတ်ကြတာမို့ ရေမကူးတတ်တဲ့ ကျွန်မကို သူတို့က အံ့သြနေကြသေးတယ်။ ကုန်းတွင်းပိတ်နိုင်ငံဆိုတော့လည်း ကမ်းခြေရှိတဲ့နိုင်ငံတွေကို အထင်ကြီးအားကျကြပါတယ်။ သိပ်ပြီး အလည်အပတ်သွားချင်ကြတယ်။ နွေရာသီမှာ ဂရိကမ်းခြေတွေမှာ သွားပြီး အပမ်းဖြေကြလေ့ရှိပါတယ်။ ဘဲလ်ဂရိတ်မှာတော့ မြို့လယ်ပိုင်းလောက်ဖြတ်စီးဆင်းလာပြီး ဆာဗာမြစ်ရဲ့ ညာဘက်မြစ်လက်တက်မှာ ပေါ်ထွန်းလာတဲ့ ကျွန်းလေးရှိနေတယ်။ အဲဒီကျွန်းလေးကို ကမ်းခြေအတုပုံစံပြုလုပ်ထားတဲ့ အာဒါကန်မှာ လာလည်ကြသူပေါင်း နွေရာသီမှာဆိုရင် နေ့စဉ် ၁ သိန်းကျော်လောက်ရှိပါတယ်။ “ဘဲလ်ဂရိတ်ရဲ့ ပင်လယ်” လို့ သူတို့က တင်စားကြလေရဲ့။