Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, October 31, 2020

ပြန်မြင်ချင်ပြီ.... စိမ်းလန်းတဲ့ကမ္ဘာကြီးဆီ...

ပြတိုက်ရှေ့နားက Serbian sculptor MATIJA VUKOVIC ရဲ့ The miner ဆိုတဲ့ ပန်းပုရုပ်

ဆောင်းဦးဝင်လာပြီဆိုတော့ အအေးတော့ပိုလာပါပြီ။ ဒါပေမဲ့ ဆောင်းလို အေးအေးစက်စက်ရာသီဥတုမျိုးတော့ မဟုတ်သေးဘူးပေါ့။  ဘဲလ်ဂရိတ်မြို့ Museum of Contemporary Art ရှေ့မှာ Performance ပွဲတစ်ခုရှိမယ်တဲ့။ ကဗျာနည်းနည်းရွတ်ကြမယ်။ ဗိုင်းရပ်စ်ကိုကြောက်နေကြရတော့ ပြတိုက်အတွင်းပိုင်းအခန်းတွေမှာလုပ်ဖို့က နည်းနည်းအန္တရာယ်များမှာ၊ အဲဒါကြောင့် ပြတိုက်ရှေ့ မြက်ခင်းပြင်မှာလုပ်ကြရတယ်တဲ့။ သူက ကြည့်ချင်တော့ သွားဖြစ်ကြတယ်။ အပြင်သိပ်မထွက်ဖြစ်တော့ ဆောင်းဦးမှာ အရောင်တွေပြောင်းလဲလာကြတဲ့ သစ်ရွက်ညိုညို၊ သစ်ရွက်ဝါဝါတွေနဲ့ နွေလက်ကျန် သစ်ရွက်စိမ်းစိမ်းတွေဟာ ကျမအတွက်တော့ ကြည့်ရတာ သိပ်လှတာပဲ။ ကျမကတော့ performance လုပ်နေတဲ့သူတွေဆီ အာရုံမရောက်ပါဘူး။ အရောင်စုံသစ်ရွက်တွေကိုပဲ အငမ်းမရ လိုက်လိုက်ကြည့်မိတယ်။  မိုးအုံ့နေပေမဲ့ ခပ်ဖွဖွတိုက်နေတဲ့ လေက မအေးလှပါဘူး။












ဟိုးတုန်းက နှစ်တွေအတော်ကြာကြာငြိမ်သက်တိတ်ဆိတ်နေခဲ့ဖူးတဲ့  ဘဲလ်ဂရိတ် ခေတ်ပြိုင်အနုပညာပြတိုက်ကြီးက ၂၀၁၇ ခုနှစ်ကနေ အခုလက်ရှိအချိန်ထိ ပြန်ဖွင့်နေခဲ့ပြီ။ Covid pandemic မတိုင်ခင် ပြပွဲတွေ ဆက်တိုက်လို ပြသနိုင်ခဲ့ပါတယ်။ ၂၀၁၇ မတိုင်ခင် အချိန်တွေတုန်းက ဒီပြတိုက်ကြီးရဲ့ ရှေ့ဘက်၊ ဘေးဘီဝဲယာမှာဆို ဆောင်းအကုန်၊ နွေဦး နွေကာလတွေအထိ မြက်ပင်တွေရှည်ရှည်လျားလျား ဆန့်ထွက်လို့ပေါ့။ ၃ခန်းတွဲပုံစံ ပြတိုက်အဆောက်အအုံကြီးဟာ မြက်ခင်းတွေကြား နှစ်အတော်ကြာ ခပ်ဆိတ်ဆိတ်လေးပဲနေခဲ့ရဖူးတယ်။ 

Museum of Contemporary Art ဟာ ဘဲလ်ဂရိတ်မြို့ထဲဘက်က အနုပညာပြတိုက်တစ်ခုပါ။ ၁၉၅၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ကြတုန်းက  မော်ဒန်လက်ရာတွေပြသမယ့် ပြခန်းတစ်ခုအဖြစ်ပေါ့။ လက်ရှိအဆောက်အဦကိုတော့ ၁၉၆၅မှာ New Belgrade ဧရိယာ Ušce ဝန်းကျင်ကိုပြောင်းရွှေ့ခဲ့ပါတယ်။ ဆားဘီးယန်းဗိသုကာပညာရှင်တွေဖြစ်ကြတဲ့ Ivan Antic and Ivanka Raspopovic တို့ရဲ့ masterpiece တစ်ခုလို့ ဆိုတယ်။ ပြတိုက်မှာ အနုပညာလက်ရာ ၃၅၀၀၀ကျော် စုဆောင်းထားပါတယ်။ ပြတိုက်မှာ ၁၉၀၀ခုနှစ်ကတည်းက ဆားဘီးယားနဲ့ ယူဂိုဆလားဗီးယားက အနုပညာလက်ရာတွေ စုဆောင်း၊ ပြသခဲ့တယ်။ နိုင်ငံတကာက modern နဲ့ contemporary အနုပညာလက်ရာတွေပြသတဲ့ ပြပွဲတွေလည်း စီစဉ်ပြသခဲ့ပါတယ်။ ၂၀၀၇ ကနေ ၂၀၁၇ အထိ ပြတိုက်ကို အသစ် ပြန်လည်ပြုပြင်ဖို့ ပိတ်ထားခဲ့တာပါ။ ဖွင့်လှစ်ဖို့သတ်မှတ်ကာလတွေ အများကြီးပဲကြာမြင့်ခဲ့ပြီးတဲ့နောက် ၂၀၁၇ အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ ပြတိုက်ကြီး ပြန်လည်သက်ဝင်လှုပ်ရှားလာနိုင်ခဲ့ပါပြီ။ ပြတိုက်အဆောက်အအုံဟာ ဆာဗာမြစ်နဲ့ ဒူးနာ့ဗ်မြစ်တို့ ဆုံကြတဲ့မြစ်ဆုံနေရာ Ušce ပန်းခြံထဲမှာ တည်ရှိပါတယ်။ (ဆားဘီးယန်းစကား Ušce အူးရှ်ချဲ စကားလုံးကလည်း confluence - မြစ်ဆုံဆိုတဲ့ အဓိပ္ပါယ်ပါ။)  ပြတိုက်ရဲ့ပုံသဏ္ဍန်၊ ဗိသုကာလက်ရာနဲ့ တည်ရှိတဲ့ နေရာတို့ကြောင့် "မြစ်ဆုံက ခရစ်စတယ်" ဒါမှမဟုတ် "ဗိသုကာရတနာတစ်ခု" လို့လည်း ခေါ်ကြတယ်။

အဲဒီပြတိုက်ကြီးရှေ့ရောက်ဖြစ်တော့ မြက်ခင်းစိမ်းစိမ်းတွေနဲ့ သစ်ရွက်ရောင်စုံလေးတွေ ငေးရင်း ပြတိုက်ပိတ်ထားခဲ့တဲ့အချိန် ၂၀၁၁ လောက်တုန်းက အဲဒီပြတိုက်ကြီးကို စာတစ်ပုဒ်ထဲ ထည့်ရေးဖူးခဲ့တာ သတိရမိပြန်ရော။ အဲဒီအချိန်တွေတုန်းက စာရေးဖို့၊ ဘလောဂ့်ပိုစ့်အသစ်တစ်ပုဒ်တင်ရဖို့ကိုပဲ အချိန်တိုင်း စိတ်အားထက်သန်နေခဲ့တာတွေလည်း ပြန်သတိရမိတယ်။ အခုတော့ နေ့တစ်နေ့အစ ကြည်ကြည်လင်လင်နဲ့ နိုးထလာနိုင်ဖို့၊ ကိုယ့်ကိစ္စ သူ့ကိစ္စ အိမ်ကိစ္စ အသည်းလေး လူဝီနဲ့ ဂျက်ကီ၊ ဟက်ပီတို့ ကိစ္စတွေလုပ်နိုင်ဖို့ ကျန်းကျန်းမာမာရှိနေနိုင်ဖို့ပဲ ကြိုးစားနေရတော့တယ်။ နာမည်ကြားလိုက်တာနဲ့ ကျောရိုးထဲက စိမ့်နေအောင်ကြောက်လန့်မိတဲ့ ဗိုင်းရပ်စ်ကြီးကို ကာကွယ်နိုင်ဖို့ ကျန်းမာဖို့ဆိုတာကိုပဲ နေ့တိုင်းစိတ်အားထက်သန်နေရတော့တာလေ။ ပြန်လည်ကျန်းမာလာမယ့် ကမ္ဘာကြီးကိုလည်း အမြန်မြင်တွေ့ချင်လှပါပြီ။ တစ်ကမ္ဘာလုံးကလူတွေအားလုံး ဗိုင်းရပ်စ်ဘေးက ကင်းဝေးစေဖို့ အချိန်တိုင်း နေ့တိုင်းပဲ ဆုတောင်းနေမိတာပါ။        ။

(စာမရေးဖြစ်တာ ရက်တွေ၊ လတွေ နှစ်ချီအောင်ကြာနေခဲ့တာ ဒီနေ့ 2020, October 31 Halloween Day မှာ စာနည်းနည်းရေးဖြစ်တာ အမှတ်တရပေါ့။)
ပြတိုက်ကြီးအကြောင်းနည်းနည်း ရေးဖြစ်တဲ့စာတစ်ပုဒ် "စကားလုံးတွေထဲက နင်ဟာ... ငါ့ရဲ့ စိမ်းလန်းတဲ့ကမ္ဘာ" က ဒီမှာပါ https://phyophyohlaing.blogspot.com/2011/05/blog-post_13.html

သူ့ရဲ့ ecoart project link က http://ekoartproject.blogspot.com ပါ။

ဒီည Halloween Night ဆိုတော့ "ံHalloween သရဲည တစ်ညမှာ" https://phyophyohlaing.blogspot.com/2012/10/blog-post_1736.html link ပါ ပြန်တင်ထားလိုက်ဦးမယ်။ ကိုယ့်ဘာသာအားတက်မလားလို့ပါ။

ဖြိုးဖြိုး

၂၀၂၀ ဇန်နဝါရီလက Serbian conceptual and performance artist MARINA ABRAMOVIĆ ရဲ့ The Cleaner ပြပွဲ ပြတိုက်မှာပြနေခဲ့တုန်းက ရောက်ဖြစ်ခဲ့သေးတယ်။








No comments: