Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, May 26, 2013

ဆရာပါရဂူ ၏ မင်းနှင့်ပြည်သူ စာအုပ်မှ ကောက်နှုတ်ချက်များ

“ပြည်သူပြည်သားဆိုတာ မီးခဏခဏလောင်တဲ့တောဖြစ်တယ်။ ငါတို့ဟာ အခါခပ်သိမ်း မီးကြားထဲမှာ အလုပ်လုပ်နေကြရတယ် ။”
(အမတ်ချုပ်ကြီး ပြောစကား။ ပါရဂူ၏ မင်းနှင့်ပြည်သူ စာမျက်နှာ၉၈)

“နိုင်ငံရေးရဲ့ အရောင်အသွေးဟာ ဘယ်အခါရင့်ပြီး ဘယ်အခါအရောင်ဖျော့မှေးမှိန်မယ်ဆိုတာ ဘယ်သူမှ အတပ်မပြောနိုင်ဘူး။အခြေအနေရဲ့ ကျေးကျွန်ဖြစ်မသွားပဲ အခြေအနေကို ထိန်းကွပ်အုပ်ချုပ်နိုင်တဲ့ ပုဂ္ဂိုလ်ဟာ တကယ့်နိုင်ငံရေးခေါင်းဆောင် တကယ့်နိုင်ငံရေးသုခမိန်ဖြစ်တယ်။”
(စာမျက်နှာ ၇၄ ပါရဂူ၏ မင်းနှင့်ပြည်သူ)

မြို့တော်ဝန်သည်ပြည်သူပြည်သူများ၏လူဖြစ်သည်။
ပဉ္စလက်ဆရာဖြစ်သည်။နိုင်ငံရေးသုခမိန်ဖြစ်သည်။ ပြည်သူ့အလိုဆန္ဒကို အကဲခတ်တတ်သူဖြစ်သည်။
ပြည်သူပြည်သားတို့သာ ယုံကြည်မှုကင်းမဲ့သွားလျှင် သူ့ကို ဘုရားသော်မှ ကာကွယ်စောင့်ရှောက်နိုင်မည်မဟုတ်။
(စာမျက်နှာ ၁၄၆..ပါရဂူ၏ မင်းနှင့်ပြည်သူ)

လက်နက်ဖြင့်အနိုင်ရရှိသည့်အောင်မြင်မှုကို “ရရှိထိုက်သည့် အောင်မြင်မှု” ဟု မယူဆသင့်။ငြိမ်းချမ်းမှုနှင့် အပြစ်ဒါဏ်ပေါ့ပေါ့ပါးပါးပေးမှုတို့တွင် စိတ်ဝင်စား၍ တရားဓမ္မဖြင့်အနိုင်ရခြင်းသည်သာ အောင်မြင်မှုဟု ယူဆပါ။ သို့မှသာ မျက်မှောက်တမလွန်နှစ်ဖြာအကျိုးဖြစ်ထွန်းမည်။ 
(စာမျက်နှာ ၁၄ ပါရဂူ၏ မင်းနှင့်ပြည်သူ)

“ပြည်သူပြည်သားတွေရဲ့ စွမ်းအားကို အနိုင်ရဖို့ ဆိုတာ မလွယ်ဘူး။ ပြည်သူပြည်သားတွေဟာ မိမိတို့ကိုယ်ကို မိမိတို့ အုပ်ချုပ်ကြတယ်။ မိမိတို့အတွက် မိမိတို့ တရားဥပဒေကို ပြဌာန်းအတည်ပြုတယ်။ မောင်တော်တို့ ဘုရင်ဆိုတာက ပြရုပ်လောက်သာဖြစ်တယ်။ နှမတော် အဲဒီအချက်တွေကို နားလည်သဘောပေါက်သင့်တယ်။”
 (အာသောကပြော။ ပါရဂူ ၏ မင်းနှင့်ပြည်သူ မှ။ စာမျက်နှာ ၁၅၀)

“အရှင်မင်းကြီးဘယ်နိုင်ငံက အမတ်ချုပ်ဖြစ်ဖြစ် လွှတ်တော်နဲ့ အမြဲတစေ နီးစပ်မှု ဆက်သွယ်မှု ရှိနေသင့်ပါတယ်။ ပြည်သူ့ဆန္ဒဆိုတာတသမတ်တည်းရှိတာ မဟုတ်ဘူး။ ပြောင်းလဲနေတယ်။ပြည်သူပြည်သားဆိုတာ ဒီနေ့ တမျိုး ကို လိုလားတယ်ဆိုရင် နောက်တနေ့ တမျိုးကို လိုလားတတ်ကြတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ နီးနီးကပ်ကပ်ဆက်စပ်မှုမရှိရင် ပြည်သူ့ဆန္ဒကို သိနားလည်ဖို့ မလွယ်ပါဘူး။ ကျုပ်အပေါ်မှာ ပြည်သူပြည်သားတွေက ယုံကြည်မှု ရှိသေးရဲ့လားဆိုတာလည်း တကြိမ်တခါလောက် အကဲခတ်ကြည့်ဖို့ လိုတယ်။” 
(အမတ်ချုပ်ကြီး ရာဓဂုတ္ထ ပြော)
(စာမျက်နှာ ၁၆၇ ပါရဂူ ၏ မင်းနှင့်ပြည်သူ။) 

“မောင်တော်အရှင်မင်းကြီး တကယ်လို့ လွှတ်တော်အစည်းအဝေးက မောင်တော့်ကို နန်းဆင်းပေးရမယ်လို့ ဆုံးဖြတ်မယ်ဆိုရင် မောင်တော် ဘယ်နှယ်လုပ်မလဲ။”
(မိဖုရားကြီး တိဿရက္ခိတာ ပြော။ ပါရဂူ ၏ မင်းနှင့် ပြည်သူ စာမျက်နှာ ၁၆၉)

“လွှတ်တော်ဟာ ဘယ်တော့မှ တရားမျှတမှုမရှိတဲ့ အဆုံးအဖြတ်မျိုးကို ဆုံးဖြတ်မှာ မဟုတ်ဘူး။လွှတ်တော်က တစုံတခု ဆုံးဖြတ်အတည်ပြုလိုက်ရင် အဲဒီ ဆုံးဖြတ်ချက်ကို အားလုံး လိုက်နာကြရမှာပဲ။” 

“နိုင်ငံတော်ကို ဘယ်သူအုပ်ချုပ်သလဲ။ အုပ်ချုပ်ရေး စည်းမျဉ်းဥပဒေအရ  ဘုရင့်လက်ထဲမှာ အုပ်ချုပ်ရေး အာဏာရှိတယ်။ဒါပေမဲ့ ဘုရင်ဟာ မူးမတ်ဝန်ကြီးများရဲ့ အလိုဆန္ဒ နယ်နမိတ်ကို ကျော်သွားလို့ မဖြစ်ဘူး။ မူးမတ်များ ၀န်ကြီးများကလည်း လွှတ်တော်ရဲ့ ညွှန်ကြားချက်ကို နာယူရတယ်။ လွှတ်တော်ဟာ ပြည်သူပြည်သားတွေရဲ့ အဖွဲ့အစည်းလုံးလုံးဖြစ်တယ်။ အင်မတန် ထူးခြားဆန်းကြယ်တဲ့ စက်ဝန်းဖြစ်တယ်။ ရှေးရှေးပညာရှိသုခမိန်များ တီထွင်ဖန်တီးထားတဲ့ အုပ်ချုပ်ရေး စည်းမျဉ်းဥပဒေဟာ အ၀န်းအ၀ိုင်းတခုဖြစ်တယ်။ အဲဒီ အ၀န်းအ၀ိုင်းရဲ့ အပြင်ဘက်ကို ထွက်လို့ မရဘူး။”
(အာသောကဘုရင် ပြော ပါရဂူ၏ မင်းနှင့်ပြည်သူ  စာမျက်နှာ ၁၆၉)

“မဟာဘာရတကျမ်း”အလိုအရ သို့မဟုတ် ကွယ်လွန်သူ နာမည်ကျော် သမိုင်းပညာရှင် ဒေါက်တာ ဂျယဆာဝါလ၏ “ဟိန္ဒူအုပ်ချုပ်ရေးကျမ်း”စာအရ ဘုရင်သည် အကယ်စင်စစ် ပြည်သူ၏ နှိမ့်ချရိုကျိုးသော အစေအပါး သို့မဟုတ်အကျိုးဆောင် သာဖြစ်သည်။ သက်ဦးဆံပိုင် မဟုတ်။ဘုရင်၏လက်ထဲတွင် အလွန်တရာနည်းပါးသည့် အာဏာသာရှိသည်။ ပြည်သူကို ဦးဆောင်သူမှာ မူးမတ်ကြီးများဖြစ်၏။ ပြည်သူ့အားသည်လည်း မူးမတ်များနှင့်အတူတကွ ရှိနေသည်။ ထို့ကြောင့် မူးမတ်များသည် ဘုရင်ထက် အာဏာရှိသည်။
(စာမျက်နှာ ၆ ပါရဂူ၏ မင်းနှင့်ပြည်သူ)

အာသောကမင်းကြီးသည် တရားဓမ္မနှင့်ပတ်သက်၍ ငြင်းခုံ ရန်ဖြစ်သည်ကို မလိုလားချေ။ မိမိတရားဓမ္မကို မိမိဘာသာတရားကို သိဒ္ဓိတင်လို၍ အခြားဘာသာတရားဓမ္မကို စကားလုံးကြီးကြီးကျယ်ကျယ်သုံးပြီး ဝေဖန်ရှုံ့ချသည်ကိုလည်း  မနှစ်မျို့ပေ။ ထိုသို့ ဝေဖန် ရှုံ့ချခြင်း၏ အကျိုးမှာ ကြင်နာမှု ကိုယ်ချင်းစာမှု စေတနာထားမှု စသည့် မွန်မြတ်သောတရားများပေါက်ဖွားမည့်အစား ဒေါသ မစ္ဆရိယ မလိုမုန်းထားမှုမျာသာပေါက်ပွားစေသည်ဟု အသောကဘုရင်က ကောင်းကောင်း နားလည်သဘောပေါက်သည်။ ယင်းကို ထောက်၍ မည်သည့်ဘာသာတရားကိုမျှ မင်းကြီးသည် ပစ်ပယ်လေ့မရှိ။တယူသန်မူဝါဒမရှိ။ မိမိဘာသာတရားကို ဖြန့်ဖြူးရန် အခြားဘာသာကို ဆန့်ကျင်ဘက်မပြုလုပ်။ အာသောကကျောက်စာ ၁၂ တွင် “ဘာသာတရားအသီးသီးကို ကိုးကွယ်ဆည်းကပ်ကြသူ အားလုံးသည် ညာဏ်ပညာနှင့် ယှဉ်သော ကောင်းကျိုးပြုသော အလုပ်များကို ပြုလုပ်သူများ ဖြစ်ကြစေ" ရေးထိုးခဲ့သည်။
(စာမျက်နှာ ၁၉ ,၂၁ ပါရဂူ ၏ မင်းနှင့်ပြည်သူ)

အသောကမင်းကြီးသည် ကလိင်္ဂ တိုင်းကို စစ်ချီတက်စဉ်က ဖျက်ဆီးခဲ့သော ဗုဒ္ဓဂယာစေတီပျက်များကို ပြုပြင်တည်ဆောက်ရန် ရွှေဒင်္ဂါး သိန်း၂၀ လိုအပ်နေပြန်ရာ နိုင်ငံတော်ဘဏ္ဍာငွေကို ထုတ်ယူသုံးစွဲလိုစိတ်မရှိပေ။ အကြောင်းမူကား ပြည်သူ့အကျိုးအတွက် လုပ်ရန်ကိစ္စ များစွာ ကျန်ရှိသေးသည်။ နိုင်ငံတော်အတွက် ဦးစားပေးကိစ္စရပ်များစဉ်းစားရမည်ဖြစ်သည်။(စာမျက်နှာ ၂၆၂ ) ဘုရင်မင်းကြီးသည် မိဖုရားကြီးကို ခေါ်ပြီး “ နှမတော်ရဲ့ လက်ဝတ်ရတနာများ မောင်တော့်ကိုပေးပါ ထုခွဲရောင်းချပြီး ဗုဒ္ဓဂယာက ပျက်စီးသွားတဲ့ စေတီတွေ ကျောင်းတိုက်တွေ ကို ပြုပြင်တည်ဆောက်လိုပါတယ်။အားလုံးရဲ့ အကျိုးရှိရာ အကျိုးရှိကြောင်းအတွက် အသုံးပြုမှသာ ဥစ္စာဓနဆိုတာ တန်ဖိုးရှိပါတယ် ။”
( စာမျက်နှာ ၂၆၉ ပါရဂူ ၏ မင်းနှင့်ပြည်သူ)

နိုင်ငံရေးဆိုတာ နည်းနည်းလေး ခြေလှမ်းမမှားလိုက်နဲ့ မှားလိုက်တာနဲ့ တပြိုင်နက် မိမိကို ကြိုးကိုင်ထားတဲ့သူကို နင်းခြေပစ်ရုံသာလျှင် မကဘူး။ ကိစ္စတုံး သွားအောင် လည်း လုပ်တတ်တယ်။
(ပါရဂူ ၏ မင်းနှင့်ပြည်သူ စာမျက်နှာ ၂၃၆)

“မဂဓထိပ်ခေါင်တင် မိဖုရားကြီး ကျုပ်တို့ဟာပြည်သူပြည်သားတွေရဲ့ အစေအပါးသာဖြစ်တယ်။အမတ်ချုပ်ကြီးကတော့ ပြည်သူပြည်သားတွေရဲ့ လမ်းပြလမ်းညွှန်ဖြစ်တယ်။ခေါင်းဆောင်ဖြစ်တယ်။ အဲဒီအချက်ကို သင်မိဖုရားကြီး မေ့မထားသင့်ဘူး။ ပြည်သူနဲ့ ဘုရင့်အကြားက ခြားနားချက် ကွာဟချက်ကိုအမတ်ချုပ်ကြီးက ပေါင်းကူးပေးထားတယ် နှမတော်” 
( ပါရဂူ ၏ မင်းနှင့် ပြည်သူ စာမျက်နှာ ၂၄၄ )
သံတိုင်ကြားက ကဆုန်လပြည့်
(မေမေ ပို့ပေးတဲ့ ဒါ့ပုံပါ)
ခင်မေသစ် ဝေမျှသည်။

Thursday, May 23, 2013

ကဆုန်လပြည့် ဗုဒ္ဓနေ့

Photo Credit
“ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း" ဆိုသည့်အတိုင်း 
ဤနေ့သည် ဘုရားလောင်းသုမေဒါရှင်ရသေ့ ဘ၀ဖြင့် ဒီပင်္ကရာမြတ်စွာဘုရား အထံတွင်  ဗျာဒိတ်ခံယူသည့်နေ့၊ လုမ္ပနီဥယျာဉ်မှာ မယ်တော်မာယာမှ ဖွားမြင်တော်မူသောနေ့၊ မဟာဗောဓိပင်နှင့် ရွှေပုလ္လင်ကို အောင်မြင်တော်မူသောနေ့၊ သစ္စာလေးပါးမြတ်တရားကို ထိုးထွင်းသောဥာဏ်ဖြင့် ကိုယ်တော်တိုင် ပိုင်းခြားသိမြင် ဘုရားရှင်ဖြစ်တော်မူသောနေ့၊ ကုဿိန္ဒာရုံ မလ္လာမင်းတို့၏ အင်ကြင်းရဂုံတွင် နိဗ္ဗာန်စံပျော် ၀င်တော်မူသည့်နေ့ စသည် ထူးခြားလှသော နေ့ထူးနေ့မြတ်များ အဖြစ် အကြောင်းတိုက်ဆိုင်ပါသည်။

ထို့အပြင် မဟာဗောဓိပင်သည် သိဒတ္ထမင်းသားနှင့်အတူ ရှင်သန်ပေါက်ရောက်ခဲ့သည်ဖြစ်၍ ဖွားတော်မူဖက်ဟု ဆိုအပ်သည့်အပြင် ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီ၊ ဓါတုစေတီဟူ၍ စေတီသုံးမျိုးရှိသည်တွင် ပရိဘောဂစေတီအဖြစ်လည်း သတ်မှတ်ရှိခိုး ကံတော့နိုင်ပါသည်။ မြတ်ဘုရားအားရည်မှန်း၍ ပူအိုက်သော ဥတုရာသီတွင် ဘုရားအမှီပြု ပွင့်တော်မူရာ ညောင်ပင်အား ရေမပြတ်အောင် ရေသွန်းခြင်းအမှုကို ပင်းယခေတ်ကတည်းက ပြုကျင့်သည့်ဓလေ့ရှိသည်ဟု သိမှတ်ဖူးပါသည်။ ထိုမှ အင်းဝ  ကုန်းဘောင်ခေတ်စသည်တို့ တွင်လည်း မင်းခန်းမင်းနားဖြင့်  ညောင်ရေသွန်းခြင်းဓလေ့ ထွန်းကားခဲ့သည်။ လက်ဝဲသုန္ဒရအမတ်ကြီး၏ မဲဇာတောင်ခြေ၊ ပွဲခါညောင်ရေ၊ သဲသာသောင်မြေ အစချီ ရတုပိုဒ်စုံတွင်လည်း မဲဇာရပ်သူတို့ ညောင်ရေ သွန်းလောင်းပုံမြင်ရသဖြင့် ရွှေပြည်တော်ကို လွမ်းမိကြောင်း ကို စာဖွဲ့ခဲ့ဖူးသည်။

ယခု မျက်မှောက်ခေတ်တွင်လည်း အမြို့မြို့ အနယ်နယ်တွင် ညောင်ရေသွန်းပွဲတော်အား ခန်းနားသိုက်မြိုက်စွာ ကျင်းပကြပါသည်။ လူမသွန်းခင် နတ်သိကြားတို့ အဦးသွန်းလောင်းလေ့ရှိသည်ဟုလည်း အဆိုရှိပါ၏။ ထိုအဆိုမှန်ပြီထင်သည်။ ပျဉ်းမနားမှာ  ကဆုန်လပြည့်အကြိုနေ့ ညနေ ၄နာရီခွဲလောက်တွင် မမြှော်လင့်ပါပဲ ဒေ၀ါနတ်မင်းများတို့ အားပါးတရ မိုးကြီးရွာသွန်းစွေဖြိုးစေခဲ့သဖြင့် တမြို့လုံး အိုင်ထွန်းသွားတော့သည်။ သားငယ် သမီးငယ်တို့ အနီးမှာရှိစဉ် ငယ်ဘ၀က ပျဉ်းမနားမြို့ ဇေယျသိန်ကျောင်းတိုက်အတွင်းရှိ အနောက်မဉ္ဇိမဒေသမ မှ မျိုးယူပင့်ဆောင်စိုက်ပျိုးထားသော ဗောဓိပင်အား ပေါင်းမြက် သုတ်သင်ရှင်းလင်းခြင်း တံပြက်လှည်းကျင်းခြင်း ညောင်ရေသွန်းလောင်းခြင်း ရှိခိုးကံတော့ခြင်းစသည် ပြုခဲ့ကြရသည်မှာ သိုက်သိုက်မြိုက်မြိုက် နှင့် သားသမီးအခြံအရံနှင့်မို့ ခလေးတွေလည်းပျော် မိမိလည်းပျော် တပျော်တပါးရှိလှသည်။
ယခုသော်ကား ယခင်နှင့်မတူ ခြားနားခဲ့လေပြီ။

မြူခြေငယ်သန်းပါလို့ ၊ နေနန်းငယ် စက်ရှိန်၊
တောက်လောင်ငယ်ထိန်သည်၊ 
ဖန်သူရိန်တေဇာကြောင့် ၊ပူဗျာပါ ကဲတဲ့လကိုလေး။
ရာသီငယ်ပြိဿ၊မဟေသီလည်း ရွေညီခလို့ ၊
ပန်းမျာ့း စကားဝါ၊၀ိဿာခါနှင့်၊
တာရာခြံရံ၊စန်းငွေယုံဖန်သည့်နှယ်။
ဆဒ္ဒန့်ပိုင့်ဘွေဘုံမှာ။ နွေကဆုန် ညောင်ရေသွန်းချိန်မို့ ၊
လွန်း(လွမ်း) လှတယ်လေး။
(မဟာအတုလမင်းကြီး)

ခင်မေသစ်

ရွေးချယ်စရာအများသား .. မယ်လမင်းမဟုတ်တဲ့ တခြား

မယ်လမင်းအသုံးအဆောင်ပန်းကန်းခွက်ယောက်တွေဟာ ၁၉၅၀ခုနှစ်နဲ့ ၁၉၆၀ခုနှစ်တွေမှာ အလွန်ခေတ်စားလာခဲ့ပါတယ်။ အခုဆိုတကြော့ပြန်ရေပန်းစားလာပြီလို့ ပြောရမှာပါ။ အရောင်အသွေးစုံစုံလင်လင်၊ အဆင်အကွက်ဒီဇိုင်းဆန်းဆန်းလေးတွေပါရနိုင်ပြီး ပေါ့ပါးတဲ့ အရည်အသွေးမျိုးလည်းရှိနေသေးတာကြောင့် သူသူငါငါ အသုံးပြုသူများပြားလှတယ်။ မိသားစုတွေရဲ့ စားပွဲတင်အပြင်အဆင်မှာ ရွေးချယ်စရာဖြစ်လာခဲ့တဲ့အကြောင်းပြချက် နောက်ထပ်တစ်ခုက မကွဲနိုင်တဲ့သဘာဝရှိနေတာကြောင့်ပါ။ ယူအက်စ်အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန(FDA) ရဲ့ အဆိုအရ မယ်လမင်းအသုံးအဆောင်တွေမှာ မယ်လမင်း-ဖော်မယ်ဒီဟိုက်ကော်စေးကို ပါဝင်အသုံးပြုထားတယ်လို့ ဆိုတယ်။ စမ်းသပ်မှုတွေမှာ ထုတ်လုပ်တဲ့အခါ မယ်လမင်းကွန်ပေါင်းအနည်ကျမှုရှိပြီး ကွန်ပေါင်းဟာအိုးခွက်ပန်းကန်တွေထဲမှာကျန်ရှိနေတတ်တယ်။ အစားအသောက်တွေထဲကို ခပ်ဖြည်းဖြည်းကူးရွေ့ထိတွေ့နိုင်တယ်ဆိုတာ သိရှိခဲ့ကြတယ်။ FDA က မှတ်ချက်ချတာက သုံးစွဲတဲ့အခါစိတ်ချရမှု နဲ့ ဘေးထွက်ဆိုးကျိုးတွေမှာ ကျန်းမာရေးကိုအတိအကျ ထိခိုက်နိုင်တယ်လို့တော့မပြောနိုင်ပေမယ့် သိထားသင့်တဲ့အချက်အလက်တွေတော့ ရှိနေပါသေးတယ်။

တတိယမုဆိုးမ

မနက်ဖြန် ၂၄ရက်၊ မနက် ၁၀နာရီ၊ ရွာမ နှစ်ခြင်းအသင်းတော်မှာ Widows' Day (မုဆိုးမများနေ့)အထိမ်းအမှတ်၊ မိခင်မုဆိုးမတွေကို ဂုဏ်ပြုတဲ့အစီအစဉ်လုပ်ပါမယ်။ YCC က ဦးဆောင်ကျင်းပပြုလုပ်တာဖြစ်ပါတယ်။ International widows' day ကတော့ ဇွန် ၂၃လို့သတ်မှတ်ထားပါတယ်။ မြန်မာခရစ်ယာန်အဖွဲ့အစည်းမှာ Widows' Day ကို သတ်သတ်မှတ်မှတ် ကျင်းပလေ့ရှိသလားဆိုတာ သိချင်သူတွေ၊ မုဆိုးမအမျိုးသမီးတွေကို စာနာနှစ်သိမ့်ဖေးမ အားပေးချင်သူတွေ .....ခရစ်ယာန်မှမဟုတ် မည်သူမဆို စိတ်ဝင်စားစွာ လာရောက်လေ့လာနိုင်ပါတယ်။ နာမတော်မြတ်၌ အားလုံးကို ဖိတ်ခေါ်ပါတယ်။ 
(Junio.SMA)

Wednesday, May 22, 2013

ညစ်ထေးတဲ့စစ်ပွဲအလွန် ကောင်းသောခရီးဆီ ခြေလှမ်းဆက်မည်

Jorge Rafael Videla
“အာဏာရှင် သေဆုံးခဲ့ပါပြီ” တဲ့။ အာဂျင်တီးနား တီဗီ နဲ့ ရေဒီယိုသတင်းတွေမှာ ထပ်တလဲလဲလွှင့်ထုတ်နေခဲ့တဲ့ ခေါင်းကြီးသတင်းပါပဲ။ ရော့ခ်ျ ရာဖေးအယ်လ် ဗီဒဲလာဟာ သမားရိုးကျ အာဏာရှင်မဟုတ်ခဲ့ပါဘူး။ သူဟာ အာဂျင်တီးနားနိုင်ငံသမိုင်းရဲ့ အမှောင်မိုက်ဆုံးဇာတ်လမ်းတွဲတွေထဲက ဇာတ်ကောင်တစ်ဦးပါ။ ပြီးတော့ စစ်အာဏာသိမ်းခဲ့တဲ့နှစ်တွေထဲက အထင်ရှားဆုံးပုံရိပ်ပါ။ ညစ်ထေးတဲ့စစ်ပွဲ “Dirty War” ရဲ့ နိုင်ငံရေးအယူဝါဒရေးရာပါရဂူတစ်ဦးလို့ သူကိုယ်တိုင်ပဲ တွေးထင်ယူဆနေခဲ့ဖူးတယ်။ အဲဒီညစ်ထေးတဲ့စစ်ပွဲဆိုတာက ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်တွေမှာ အာဂျင်တီးနားနိုင်ငံက လက်ဝဲအတိုက်အခံတွေကို ငြိမ်သက်တိတ်ဆိတ်/ မလှုပ်မရှားဖြစ်သွားအောင် အရက်စက်ဆုံး ထိန်းချုပ်တိုက်ခိုက်ခဲ့တဲ့ ချေမှုန်းရေးအစီအစဉ်တစ်ခုပါပဲ။ စစ်တပ်ထိန်းချုပ်အမိန့်ပေးခဲ့တဲ့ လှို့ဝှက်ရဲတပ်ဖွဲ့ဟာ တက်ကြွလှုပ်ရှားသူ ၃၀၀၀၀ ခန့် ပြန်ပေးဆွဲကာ ညဉ်းပန်းနှိပ်စက်ပြီးသတ်ဖြတ်ခဲ့ကြတယ်။ ပိုပြီးထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့အဖြစ်အပျက်တွေကတော့ အာဏာသိမ်းစစ်အစိုးရရဲ့ ပြိုင်ဘက်၊ တက်ကြွလှုပ်ရှားသူတွေရဲ့ ကလေးငယ်တွေကို တိတ်တဆိတ်ဖမ်းဆီးပါတယ်။ စစ်သွေးကြွလို့ သတ်မှတ်ခံခဲ့ရသူတွေရဲ့ ကိုယ်ခန္ဓာတွေကို ရဟတ်ယာဉ်တွေပေါ်ကနေ Plate မြစ်ထဲ ပစ်ချခဲ့ကြတယ်။ အဲဒီနောက် ရုပ်အလောင်းတွေဟာ ဘယ်တော့မှ ရှာဖွေလို့မတွေ့နိုင်ကြတော့ဘူး။ အာဂျင်တီးနားပြည်သူတွေဟာ လူမှုကွန်ယက်တွေမှာ အဲဒီအချက်အလက်ကိုထောက်ပြပြီး တခြားစစ်အာဏာရှင်တွေနဲ့ မတူကွဲပြားတဲ့ ရက်စက်မှုကိုပြုလုပ်ခဲ့သူလို့ ဆိုကြတယ်။ ဗီဒဲလာဟာ သေဆုံးချိန်အထိ သူ့ရဲ့ကျုးလွန်ခဲ့တဲ့ပြစ်မှုတွေရဲ့ ပြစ်ဒဏ်တွေအတွက် တစ်သက်တာအကျဉ်းသားအဖြစ်ကျခံရင်း မေလ ၁၇ ရက်နေ့က သေဆုံးခဲ့ပါတယ်။

Saturday, May 18, 2013

အောင်သပြေပွဲ အောင်မြေထဲမှာ ...


သပြေထွန်းတဲ့ တောင်ကျွန်းဒီပါ မင်္ဂလာ အခါရောက်ပီ..
အောင်အတိတ်နဲ့ အေင်နိမိတ်တွေဟာ  ..ထင်ပေါ်လာပါပြီ…။

ဟူ၍ သီချင်းရှိသည်။
တောင်ကျွန်းဆိုသည်မှာ မြန်မာ့ အယူအဆ နက္ခတ်ဗေဒပညာ အလိုအရ စကြာဝဠာ တခုတခုတိုင်းတွင် မြင့်မိုရ်တောင်ရှိသည်။ ထိုမြင့်မိုရ်တောင်ကို နေထွက်ရာ အရှေ့ကျွန်း။ နေ၀င်ရာ အနောက်ကျွန်း ။လမ်းပြကြယ်ဥက္ကာထွန်းလင်းရာ မြောက်ကျွန်း၊ ဒက္ခိဏခေါ် တောင်ကျွန်း တို့ဖြင့် ၀န်းရံထားသည်။ ဇမ္ဗူ လက်ျာတောင်ကျွန်းဟု အဆိုရှိသည်။ထိုလက်ျာတောင်ကျွန်းသည် ဇမ္ဗူ့သပြေပင်ပေါက်ရာဒေသဖြစ်သည်။ဇမ္ဗူ့သပြေပင်သည် တောင်ကျွန်းတွင်သာပေါက်သည်ဖြစ်၍ ဘုရားအဆူဆူသည် ထို တောင်ကျွန်းတွင်သာ ပွင့်တော်မူသည့် ထုံးရှိလေသည်။ အရိမေတ္တေယျဘုရားသခင် ပွင့်လျှင်လည်း တောင်ကျွန်းမှာသာ ပွင့်မည်ဟု အဟောရှိပါသည်။

ထို့ကြောင့် တောင်ကျွန်းသည် ကျက်သရေအဖြာဖြာနှင့် ပြည့်စုံသည်။
ဇမ္ဗူ့သပြေသည် အသီးသီး၏။ အသီးသည် ချိုဆိမ့်၏။ “၀ါဆို ၀ါခေါင် ရေတွေ ကြီးလို့ သပြေသီးမှဲ့ကောက်စို့ကွယ်" ဟု ဆရာ မင်းသုဝဏ်က ဆိုသည်။ ထိုဇမ္ဗူ့ သပြေသီးသည် မှည့်၍ရေတွင် ကြွေသော် ပလုံဟုမြည်၏။ ထိုအသီး၏ကြွေသော အသံတို့သည် သံစဉ် ခုနှစ်မျိုးကို ဖြစ်ပေါ်စေသည်ဟု အဆိုရှိသည်။ ထိုဇမ္ဗူ့သပြေသီးကို ကောက်ယူမျိုချသော ငါးကြီးအာနန္ဒာ၏ အသံသည် တဖန်တုံ ဂီတသံစဉ် ခုနှစ်ပါးကို ဖြစ်ထွန်းစေပြန်သည်ဟုလည်း အဆိုရှိသည်။
မြင့်မိုရ်တောင်ကို တောင်စဉ် ခုနှစ်တန်း၊ မြစ်ငယ်ခုနှစ်သွယ်၊ သမုဒ္ဒရာ ခုနှစ်စင်းက လက်ျာရစ်ဝန်းရံသည်။တဲ့။

ရှေးခေတ် ဂရိလူမျိုးတို့ သံလွင်ခက်ကို တန်ဖိုးထားမြတ်နိုးကြသကဲ့သို့ နေရာတိုင်းတွင် အဆောင်သဘောမျိုး ထိုးစိုက်ကြသလို ကျွန်မတို့ မြန်မာများလည်း သပြေကို အလွန်တန်ဖိုးထားထိုးစိုက်ကြသည်။ မြန်မာတို့သည် သပြေကို မြတ်နိုးတန်းဖိုးထားသည်။ သပြေခက်နှင့် ရေပက်သည်။ စစ်ချီစစ်တက်ရာတွင် အောင်ပါစေကြောင်း သပြေခက်ကို ကမ်းသည်။ ဂုဏ်ပြုသည်။တာအိုးတွင် အောင်အတိတ် အောင်နိမိတ်ကို ယူကာ သပြေကို နေ့ ခုနှစ်နေ့ ကိုယ်စားပြုသော  ၁။ တနင်္ဂနွေ အုန်း၊ တနင်္လာ ဂန့်ဂေါ်၊ အင်္ဂါ စိန်ပန်း၊ ဗုဒ္ဓဟူး  ရွက်လှ၊ကြာသပတေး မြေဇာ၊ သောကြာ သီးခက်၊ စနေ ဒန်းခက်။ စသည်တွဲဖက်၍ အစဉ်လိုက် ထိုးရပါသည်။ သပြေညာနု ငွေခရုနှင့် ဇေယျတု သဗ္ဗမင်္ဂလံ ဟု စာဆိုရှိသည်။ မြန်မာ့ယဉ်ကျးမှု အရ ရဟန်းခံ ရှင်ပြု ကုသိုလ်ကောင်းမှု အစုစု ပြုကြရာတွင် သပြေသည် မပါမပြီး ရှေ့တန်းမှ နေရာယူ စမြဲဖြစ်သည်။ မင်းခန်းမင်းနားများတွင် ဥပမာ ရှေးဘုရင်များ ရွှေနန်းတက်ပွဲ ဘိသိတ်ခံပွဲများတွင် ဘိသိတ်ဆရာသည် ခရုသင်းမှရေကို သပြေပန်းနှင့် ဦးခေါင်းတွင် သွန်းလောင်းခြင်း ဆွတ်ဖြန်းပေးခြင်းစသည်ပြုရသည့် ထုံးရှိသည်။ ပရိတ်တရားနာရာတွင်၎င်း။ ရေစက်ချအမျှပေးဝေရာတွင် ၄င်း သပြေသည် မပါမပြီးခဲ့။ စစ်ခမောက်များ စစ်သားတို့၏ ပခုံးထက်မှ တံဆိပ်များ တွင်လည်း အမြဲ နေရာယူခဲ့သည်။ တိုက်ပွဲမှ အပြန်လမ်းကိုလည်း သပြေကမ်း၍ ကြိုကြသည်။

ကျွန်မသည် သမီးကလေး ရုံးသွားတိုင်း သပြေပန်းကလေး တရွက်ဖြစ်ဖြစ် တခက်ဖြစ်ဖြစ် ပေးလိုက်ရမှ ကျေနပ်သည်။ အားရသည် စိတ်ဖြောင့်သည်။ သပြေကို ကျွန်မချစ်ပါသည်။ သပြေကို ရုက္ခဗေဒအလိုအရ Eugenia  လေးညှင်းမျိုးနွယ် အုပ်စုဝင်ဟု သိရသည်။ မြန်မာနိုင်ငံ အနှံ့ အပြားတွင် မျိုးစိတ်ပေါင်းများစွာ ပေါက်ရောက်ကြသော်လည်းအလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်စဉ်က ကိုယ်တော်တိုင် တွေ့မြင်ခဲ့ရသော  ဇမ္ဗူ့ သပြေကို  အမွန်မြတ်ဆုံးဟု ယူဆခဲ့သည်။ အမှန်မှာ သပြေသည် ဘယ်နှစ်မျိုးရှိရှိ အားလုံး တမျိုးစီ သူ့ အလှနှင့် သူရှိနေကြသည်။ အရွက် နုလျှင် ရဲတွတ်နေပြီး ရင့်လာလျှင် စိမ်းသွားသည်။ဇမ္ဗူ့သပြေမှာကား အညိုရောင် အဆင်းရှိသည်။

သပြေထွန်းတဲ့ တောင်ကျွန်းဒီပါ မင်္ဂလာ အခါရောက်ပီ 
အောင်အတိတ်နဲ့ အောင်နိမိတ်တွေဟာ ထင်ပေါ်လာပါပြီ 
လွတ်လပ်ရေးကို မှန်းရည်  ငါတို့ စံဌာနီ  ဗမာ့အောင်ပွဲကို မှန်းရည် အလွန်ပဲ သာယာစည် 
အောင်ပန်းဆွတ်ကာ  အောင်ဇေယျတုနဲ့ ခေတ်သစ်  ထူထောင်မည်
အောင်သပြေပွဲ  အောင်သပြေပွဲ အောင်မြေထဲမှာ လွတ်လပ်ကြပါပြီ။ 

ဗိုလ်ချုပ်ရောက်လေရာမှာ ပြည်သူလူထုက  သပြေပန်းကမ်း၍ အမြဲတမ်း သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါသည်။        ။

ခင်မေသစ်

Peacemaker ဘယ်ဆီမှာ

တစ်နေ့ညနေ အိမ်ပြန်လာချိန်မှာ ကျွန်မတို့ခြံဝင်းနောက်တန်းလျားမှာနေကြတဲ့ မိသားစုတွေထဲက လူတစ်ယောက် ခြံဝင်းရှေ့ နားက ရေမရှိတဲ့မြောင်းစပ်မှာ မူးမူးထွေထွေ လဲကျနေတာ ကျွန်မမြင်ခဲ့တယ်။ သူ့အနားမှာ သူ့မိသားစု ၀င်နှစ်ယောက် အိမ်ထဲရွှေ့ခေါ်ဖို့ လုပ်နေကြတယ်။ ခြံ(၁)၀င်းရဲ့နောက်တန်းလျားကို ဖျက်ပစ်ခိုင်း ထားတဲ့ကာလဆိုတော့ နေစရာအခက်အခဲတွေ့နေတဲ့ အချိန် အဲဒီမိ သားစုလေးတွေ တော်တော်စိတ်ရှုပ်နေမှာပဲလို့ ကျွန်မစာနာမိတယ်။ မိသားစုမှာ အခက်အခဲကြုံချိန်ဖြေရှင်းဖို့အားမထုတ်ဘဲ မူးအောင် သောက်ပြီး ခွေလဲကျနေတဲ့ အဲဒီလူကိုပဲ ကျွန်မစိတ်တိုမိတယ်။ အိမ်ပေါ်တက်လာတော့ အခန်းတံခါးဖွင့်ဝင်လိုက်တာနဲ့ ကျွန်မ မကြိုက်တဲ့ အနံ့တွေက ထောင်းထောင်းထလို့ ကျွန်မနှာဝကိုတိုးဝင်တယ်။ အိပ်ရာပေါ်မှာလဲခွေနေတဲ့လူတစ်ယောက်။ ကျွန်မရဲ့ခင်ပွန်းပါ။ သူ studio ကအပြန်မှာ အလွန်အကျွံသောက်လာခဲ့ပြီး မူးထွေလှဲအိပ်နေတာပါ။ မူးနေချိန်မှာ ယောက်ျားတွေကအတူတူပါပဲ။ စောစောကလူ နဲ့ ဘာမှ မကွာပါဘူး။ ကွာတာက နေရာပါ။ ကျွန်မခင်ပွန်းကတော့ သူ့အပြန်ကို ကားနဲ့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးသူရှိ လို့ နူးညံ့နွေးထွေးတဲ့ အိပ်ရာပေါ်ရောက်နေပြီး စောစောကလူကတော့ သူ့အပြန်ကို လိုက်တွဲပို့ပေးမယ့်သူမရှိလို့ မြောင်းအစပ် အေးစက်စက် မြေကြီးပြင်မှာ အိပ်နေရတာပါ။ ရုံးကအပြန် ကိုယ့်အကြောင်းနဲ့ကိုယ် စိတ်နောက်ကျိရတဲ့အထဲ မူးနေတဲ့လူနှစ်ယောက်ကို ရှေ့ဆင့် နောက်ဆင့်မြင်ရ တော့ ကျွန်မစိတ်တိုသွားတယ်။ ခါတိုင်းတော့ စိတ်တိုရင် တိတ်တိတ်လေး ကျမ်းစာဖတ်နေလိုက်တာပါ။ ခုနောက်ပိုင်း ကျမ်းစာအုပ်ကို မေ့တတ်ချင်လာတယ်။ ခံစားချက်တွေကို facebook နံရံပေါ်အလွယ်တကူ ဖွင့်ချချင်စိတ်က များလာတယ်။ အဲဒီ facebook ကပဲ ကိုယ့် ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အရှင်သခင်ကြီးကျနေတာပဲ အားကိုးဖက်တွယ်ချင်စိတ် များနေတယ်။ 
အဲဒီနေ့ကလည်း တိုနေတဲ့စိတ်နဲ့ facebook နံရံပေါ်ရေးတင်မိတယ်။ 

“ဘာလို့များ စာတန်ရဲ့သေးရည်ကို လူယောက်ျားတွေ သောက်နေကြပါလိမ့်”

အဲဒီမှာပဲ commentတွေထုံးစံအတိုင်း လှိမ့်ဝင်လာတယ်။ အမျိုးသားလေးတွေက သူတို့ကြိုက်မက်စွာ သောက်နေကျဆို တော့ အလိုမကျတဲ့commentတွေ ပိုများတာပေါ့။ စာတန်ရဲ့သေးရည်`ဆိုတာကို အားလုံး မခံမရပ်နိုင်ဖြစ်ကုန်ကြတယ်။ အမှန်တော့ ကျွန်မက ဒီလောက်ထိမရည်ရွယ်ဘူး၊ စိန့်ဂျွန်းအသင်းချုပ်ဝင်းထဲမှာနေတုန်းက အဖီးဒါးဆိုတဲ့ကရင်သူနာပြုဆရာမကြီးပြောလေ့ရှိတာကို သွား သတိရလို့ပါ။ အဖီးဒါးက မူးတဲ့လူနာတွေကို ဆေးသွင်းပေးရတိုင်း ကရုဏာဒေါသောနဲ့ အင်း..စာတန်ရဲ့သေးရည်ကို များ ဒင်းတို့ဘာလို့ ကြိုက်နေပါလိမ့်´လို့ တတွတ်တွတ်ပြောတတ်တယ်။ အဲဒီစကားကို ကြားယောင်ပြီးစိတ်တိုတိုနဲ့ ကျွန်မ ရေးလိုက်တဲ့အခါ facebook ပေါ်ကအမျိုးသားလေးတွေ စွေ့စွေ့ခုန် စိတ်ဆိုးကုန်ကြတယ်။ အမျိုးသမီးလေးတွေကတော့ Like လုပ်ကြတာပေါ့။ အဲဒီမှာ တွေ့လိုက်ရ တာက စိတ်တိုတိုနဲ့ ရေးတင်လိုက်တဲ့စာကြောင်းအောက်မှာ ထပ်ဆင့်စိတ်တိုစရာ comment တွေ ၀င်လာတာပါပဲ။ ဘ၀င်မကျတာချင်း အတူတူ တချို့ကတော့ ထိန်းထိန်းသိမ်းသိမ်းရေးတယ်။ တချို့က ဆိုးဆိုးရွားရွားစကားလုံးတွေနဲ့ လူကိုပါ တုံ့ပြန်တိုက်ခိုက် ရေးကြတယ်။ တချို့က အလွယ်comment ရေးပြီး အလွယ်delete လုပ်ကြနဲ့ နံရံတွေ ရှုပ်ပွညစ်ပေကုန်တယ်။ 

အဲဒီမှာ ကျွန်မစဉ်းစားမိတာက peacemaker လိုတယ်ဆိုတာပါ။ စိတ်တိုနေတဲ့ ကျွန်မကို ထပ်ထပ်ပြီး စိတ်တို အေင် ဆွပေး တဲ့ comment အဆိုးတွေကြားထဲမှာ ကျွန်မကို ပြုံးမိစေတဲ့ comment လေးတစ်ခု တွေ့လိုက်ရတယ်။ အဲဒီ ပြုံးစေတဲ့ comment လေး ကို ရေးလာသူက ကျွန်မက ဆာမှိုင်းလို့ခေါ်တဲ့ ကဗျာဆရာ မှိုင်း(ဆေး -၂)ပါ။ သူရေးတာလေး က သိပ်ချစ်ဖို့ကောင်းတယ်။
“အော် ဒါကြောင့်လည်း ဆေးဖက်ဝင်နေတာကိုးး))” တဲ့။ 

ဆရာမှိုင်းရဲ့ မျက်နှာပြုံးပြုံးကြီးပါ တွဲမြင်လာပြီး ပြုံးမိရုံသာမက တိုနေတဲ့စိတ်တွေ အကုန်ပြေလျော့သွားခဲ့တယ်။ စိတ်တိုဒေါသ ထွက်နေတဲ့ လူတစ်ယောက်ကို ပြုံးစေတာ၊ ဒေါသတွေပြေပျောက်အောင် လုပ်ပေးနိုင်တာ ဒါ သူငြိမ်းချမ်းရေး တစ်ခုကို ဖော်ဆောင်လိုက် တာပါ။ သူဟာ peacemaker ပေါ့။ ပြုံးနေသူတစ်ယောက်ကို ရယ်အောင်လုပ်ဖို့လွယ်ပေမဲ့ စိတ်ဆိုးဒေါသထွက်နေသူတစ်ယောက်ကို ပြုံးရယ်အောင်လုပ်ဖို့က သိပ်ခက်တယ်။ သူတစ်ပါးရဲ့ခံစားချက်ကို နားလည် စာနာပေးတတ်တဲ့စိတ်နဲ့ သူတစ်ပါးအပေါ် အကောင်းမြင် တတ်တဲ့ စိတ်လေး သူ့အတွင်းသားမှာ အခြေခံကိန်းဝပ်နေမှသာ တစ်ဖက်သားကို ပြုံးရယ်လာအောင် လုပ်နိုင်မှာပါ။ 
Face book ကို ကျွန်မသဘောကျပါတယ်။ အတွေးအမြင်၊ စိတ်ကူးစိတ်သန်းတွေဆန့်ထွက်နိုင်ပြီး စိတ်ခွန်အား ရစေတဲ့ ကဗျာ တစ်ပုဒ်၊ စာတစ်ပုဒ်၊ ဓာတ်ပုံတစ်ပုံ၊ ပန်းချီကားတစ်ကား အမြဲလိုလို နံရံပေါ်မှာ တွေ့မြင်ရတတ်တယ်။ အစားအသောက်တစ်ခု၊ ဓာတ်ပုံ တစ်ပုံကပဲ postတင်သူအပေါ်မူတည်ပြီး အနုပညာမြောက်သွားတာတွေ ရှိတယ်။ Social Network ဆိုမှတော့ အကြောင်းအရာတစ်ခု နဲ့တစ်ခု၊ လူတစ်ဦးနဲ့တစ်ဦး အဆိုးအကောင်းတွေ အစီအစဉ်မကျ၊ အထားအသိုမရှိ ပြန့်ကြဲချိတ်ဆက်နေတဲ့ အရှုပ်အထွေး အစုအပုံကြီး ပေါ့။ ကိုယ့်ဝါသနာ ကိုယ့်စိတ်ဝင်စားမှုနဲ့ကိုယ် ရှင်သန်လှုပ်ခတ်ရင်း အသက်ဝင်နေတဲ့ကမ္ဘာတစ်ခုပေါ့။ ဒါပေမဲ့ အလွယ်ရေး၊ အလွယ် ကြိုက်၊ အလွယ်ဆုံးဖြတ်သူ မဖြစ်ရလေအောင် ကျွန်မတို့ ဆင်ခြင်ဖို့တော့ လိုမယ်။ တစ်ခါတုန်းက (ကြာပါပြီ)ဆရာမဂျူး ပြောခဲ့ဖူးတယ်။ သစ္စာနီ ဘာရေးရေးကြိုက်တယ်´တဲ့။ အခုအခါ သစ္စာနီဘာရေးရေး ကြိုက်သေးလားမေးရင် ဆရာမဂျူး မဖြေတော့ပါဘူး။ တစ်ယောက် ကတစ်ယောက်ကို ဘာလုပ်လုပ် အစဉ်အမြဲ လက်ခံ ကြိုက်နေဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ 

တစ်လောက သရုပ်ဆောင်ထက်ထက်မိုးဦးရဲ့သမီးကို Like လုပ်ပေးဖို့ message တွေဆက်တိုက်ဝင်လာတယ်။ ကျွန်မ Like မလုပ်ခဲ့ဘူး။ ဘာရယ်မဟုတ်ဘူး၊ ပြိုင်ပွဲကို စိတ်မ၀င်စားလို့ပါ။ အားလုံးရဲ့အသံကိုတော့ comment တွေမှာ ဖတ်နေရတယ်။ တချို့က ထက်ထက်မိုးဦးကို ချစ်ပြီး ကြိုက်ပြီးသားမို့ သူ့သမီးကို Like လုပ်ကြတယ်။ တချို့က ထက်ထက်မိုးဦးက နိုင်ငံကျော်ပဲ၊ သူ့ကလေးပဲ အနိုင်ရမှာပဲ၊ ဒီတော့ အားနည်းတဲ့ ဘက်က ရပ်မယ်၊ ဘုံဘုံကို Like လုပ်တယ်တဲ့။ နောက်ဆုံးပေါ်ပြူလာ(စာပေအနုပညာဂျာနယ်)မှာ ပါလာတော့မှ စစ်လွန်းဝတီထက် က ထက်ထက်မိုးဦး သုံးနှစ်သမီးအရွယ်ကရုပ်နဲ့တစ်ပုံစံတည်းပဲ၊ တော်တော်ကြီးချစ်စရာကောင်းတာပဲ၊ ဆိုတာ ခုမှ စေ့စေ့ကြည့်မိတော့တယ်။ အနိုင်ရသင့်ပါတယ်။ 

ကျွန်မသဘောကိုပြောရရင် ကလေးချင်းတွေ ပြိုင်ပွဲလုပ်တာ သူတို့ရဲ့ ချစ်စရာ ရုပ်ရည်သွင်ပြင် မူရာဟန်ပန် သူတို့ရဲ့ image အစစ်ကိုပဲ မြင်အောင်ရှာကြည့်ပြီး ဆုံးဖြတ်ဖို့ကအဓိကပဲ။ ခုတော့ `ထင်သားပဲ၊ ထက်ထက်မိုးဦးကလေးပဲ ရမှာပါ´လို့ တချို့က ပြော နေကြတုန်း။ ထက်ထက်မိုဦးကလေးမို့ဆိုပြီး Like မလုပ်စေချင်သလို၊ အားနည်းလို့ သနားလို့ဆိုပြီး Like လုပ်တာလည်း မဖြစ်စေချင်ဘူး။ ကလေးတွေရဲ့ ပင်ကိုအရည်အသွေး ကလေးတွေရဲ့ကိုယ်ပိုင်image ကိုပဲ မြင်အောင်ကြည့်စေချင်တယ်။ 

xxxxx

ကျွန်မတို့ဟာ လူတစ်ယောက် ဘာလုပ်ခဲ့သလဲ၊ ဘာလုပ်နေလဲ သူ့ရဲ့လုပ်ရပ်နဲ့ သူ့ရဲ့image စစ်စစ်ကို မြင်အောင် ဖော်ကြည့် ပြီးမှ ကြိုက်၊ မကြိုက် ဆုံးဖြတ်ရမှာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်အောင်ဆန်းသမီးမို့ ဆိုပြီး အလွယ်ကြိုက်ခဲ့တဲ့သူတွေ၊ အခု သူတို့စိတ်ထဲမှာ တစ်မျိုးတစ်မည် ဖြစ်နေကြတယ်ထင်ရဲ့။ အသံဗလံတွေ ဟိုက သည်က ထွက်ပေါ်နေတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်မ ပြောချင်နေတဲ့စကားတွေကို ပေါ်ပြူလာ(စာပေအနုပညာ)ဂျာနယ် မတ် ၁၉ ရက်နေ့ထုတ်၊ အချပ်ပို D၊ ကော်လံ ၅ နဲ့ ၆ မှာ ထွန်းအိန္ဒြာဗိုပြောသွားတယ်။ ရှည်မှာစိုးလို့မရေးတော့ဘူး၊ ပေါ်ပြူလာမှာ ဖတ်ကြည့်ပါ။ ပြောမယ့်စကားလုံးသာကွဲပြားနိုင်တယ်။ သဘော တရားက ကျွန်မပြောချင်တာနဲ့ အတူတူပါပဲ။ သူ ဘာလုပ်တွေလုပ်ခဲ့သလဲ၊ ဘာတွေလုပ်နေသလဲ သူ့လုပ်ရပ်ကို မြင်အောင် ကြည့်ဖို့ပါ။ ကျွန်မကတော့ အမျိုးသမီးတစ်ဦးကို ဘယ်သူ့သမီး ဘယ်သူ့ဇနီး ဆိုတဲ့အရိပ်တွေနဲ့ စီးပိုး မကြည့်ဘဲ သူ့ရဲ့ image စစ်စစ်ကို မြင်အောင် ကြည့်စေချင်တယ်။ 

တစ်နှစ်က ကျွန်မတို့မိသားစု သံလွင်လမ်းက မိတ်ဆွေလူကြီးတစ်ဦးရဲ့အိမ်မှာ ခရစ်စမတ်ဘုရားရှိခိုးကြတော့ အဲဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည်လည်း လာခဲ့တယ်။ လွတ်မြောက်ခါစ ပထမဆုံးအနီးကပ်ဆုံခွင့်ရတဲ့ အခွင့်အရေးပါ။ ကျွန်မရဲ့ ယောက္ခမတွေဖြစ် တဲ့ Rev.Dr.A Ko Lay နဲ့ Daw Joan Ko Lay တို့နဲ့ တရင်းတနှီးစကားဆိုနေကြပေမဲ့ အလွယ်ရိုက်လို့ရတဲ့ ဓာတ်ပုံ တစ်ပုံတောင် ကျွန်မအတူ တွဲမရိုက်ခဲ့ပါဘူး။ သူ့ကိုတော့ ပြောပုံဆိုပုံ၊ လှုပ်ရှားပုံကအစ အသေး စိတ်လိုက် ကြည့်နေမိတယ်။ ခရစ်စမတ် သီချင်းတွေ ဂျပ်ဆင်လူငယ်အဖွဲ့နဲ့အတူ ဆိုချိန်မှာလည်း သီချင်းစာသားတွေ လွတ်ထွက်သွားတဲ့အထိ ကျွန်မ သူ့ကိုပဲ လိုက်ကြည့်နေမိတယ်။ ဆုတောင်းချိန်မှာလည်း အများနည်းတူ မျက်စိမှိတ်မထားဘဲ သူ့ကိုပဲ လိုက်ကြည့်ခဲ့တယ်။ အားလုံးအတူတကွ ဓမ္မတေးကို သီဆိုချိန်မှာ လည်း သီချင်းစာအုပ်ကို အကျအနကိုင်ပြီး သီချင်းစာသားတွေအပေါ် စီးမျောပြီး စိတ်နှလုံးနဲ့ သူဆိုတာတွေ့ခဲ့တယ်။ သီချင်းတစ်ပုဒ်ကို တောင် ပါးစပ်လှုပ်ရုံ၊ လူမြင်ကောင်းရုံ ဟန်ပြ သူ မဆိုခဲ့ဘူး။ အဆုံးတိုင် တည်ကြည်စွာလုပ်ဆောင်မယ့် စိတ်နှလုံးကို သူ့မျက်လုံးတွေ ထဲမှာ ကျွန်မ ကောင်းစွာဖမ်းဆုပ်မြင်ခဲ့တယ်။ 

ခက်တာက လူတွေဟာ အပြင်မှာရော၊ face book မှာရော အလွယ်ပြော၊ အလွယ်လုပ်နေကြတယ်။ အလွယ် status ရေး၊ အလွယ် Like လုပ်၊ အလွယ် comment ပေးရင်း စိတ်အခန့်မသင့်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အလွယ်blockလိုက်ကြပြန် တယ်။ ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ငြိမ်းချမ်းရေးက တစ်စတစ်စ အရောင်မှိန်နေခဲ့ပြီ။ မြန်မာပြည်ငြိမ်းချမ်းဖို့၊ ကမ္ဘာကြီး ငြိမ်းချမ်းဖို့ ဘယ်လိုလုပ်ကြတော့မှာလဲ။ အခိုက်အတန့်လေးတစ်ခုမှာ စိတ်အခြေ အနေခံစားမှုပေါ် မူတည်ပြီး ရေးကြတာကို ကွက်ကွက် လေးဖတ်ပြီး၊ အလွယ် comment ပေးမယ့်အစား user ရဲ့ image ကို မြင်အောင်ကြည့်ကြပါ။ ဒေါ်အောင်ဆန်ုးစုကြည်အပေါ် လည်း အလွယ်ကြိုက် အလွယ်ပြောနေမယ့်အစား သူ့ရဲ့image ကို မြင်အောင်ကြည့်ပါ။ ကျွန်မတို့အချင်းချင်းရောဘယ်လိုလဲ၊ face book မှာ နာကျင်ခံစားနေရသူကို အနာတရ ထပ်ဖြစ်အောင် အလွယ် comment တွေနဲ့ လှုံ့ဆော်နိုးဆွနေကြမှာလား၊ ဝေဒနာငြိမ်းအောင် ပြုံးရယ်စေမယ့်comment လေးနဲ့ peacemaker လုပ်မှာလား။ 

ငြိမ်းချမ်းရေးဆိုတာကတော့ ကဗျာတွေရွတ်နေရုံနဲ့မရဘူး။ တီရှင်ဆင်တူဝတ်နေရုံနဲ့မရဘူး။ စာတန်းတွေကိုင် လမ်းမထွက် ပြီး အော်ဟစ်တောင်းခံနေရုံနဲ့ မရဘူး။ ကျွန်မတို့ တစ်ဦးချင်းစီက တစ်ယောက်က တစ်ယောက်ကို စိတ်နှလုံးငြိမ်းချမ်း သာယာအောင် အရင်လုပ်ပေးရမှာ။ Peace စာလုံးကို ဗီနိုင်းကြီးကြီးထုတ်ပြီး အိမ်ရှေ့ကပ်လိုက်ရုံနဲ့ အဲဒီအိမ် ငြိမ်းချမ်းသွားမှာ မဟုတ်ဘူး။ 

လူတစ်ယောက်ရဲ့ image အစစ်ကို ဘယ်လို မြင်အောင်ကြည့်မလဲ။ ငြိမ်းချမ်းရေးရဲ့ image အစစ်ပေါ်အောင် ဘယ်လိုဖော် ဆောင်ကြမှာလဲ။ ဒါက ကျွန်မတို့ တစ်ယောက်ချင်းစီရဲ့စိတ်ဓာတ်နဲ့ အရည်အသွေးပေါ်မှာပဲ မူတည်တယ်။        ။

စုမီအောင်

Thursday, May 16, 2013

End it like Beckham !

Goodbye David ! We will miss you.
STORY HIGHLIGHTS : (From CNN)
  • Former England captain David Beckham retires from football
  • The midfielder played 115 times for his country between 1996 and 2009
  • Beckham played for Manchester United, Real Madrid, AC Milan and LA Galaxy
  • The 38-year-old most recently played for French champions Paris Saint-Germain

Thursday, May 09, 2013

အာရပ်ကမ္ဘာက ဒီမိုကရေစီ

Politic ဂျာနယ်
(မေမေ့ရဲ့ ဘာသာပြန်ဆောင်းပါးဟောင်းတစ်ပုဒ်ပါ)

အရှေ့အလယ်ပိုင်းဒေသ ဒီမိုကရေစီခရီးစဉ်ကို ပြန်လည်သုံးသပ်ကြည့်ဖို့ ဆိုရင် ၂၀ရာစု ခေတ်ဦးပိုင်း အရှေ့  အလယ်ပိုင်းဒေသရဲ့   သမိုင်းနောက်ခံ ပုံရိပ်တွေကို ပြန်လည် ဖေါ်ထုတ် ကိုးကားရပေလိမ့်မယ်။ ဗြိတိသျှ သို့မဟုတ် ပြင်သစ်ပိုင်နယ်မြေထဲက  သို့မဟုတ် အော်တိုမင် အင်ပါယာထဲက ဒီမိုကရေစီနဲ့ လွတ်လပ်ရေးကို အလိုရှိသူ တစု ပါတီများ ဖွဲ့စည်းထူထောင်ပြီး နိုင်ငံရေးလှုပ်ရှားမှူတွေ ပြုလုပ်ခဲ့ကြတာက စမယ်။ တကယ်တော့ ဒါဟာ ၁၉ရာစု နှစ်ကုန်ပိုင်းလောက်ကတည်းက  ဒီမိုကရေစီ လှုပ်ရှာမှူများ စတင်ခဲ့တယ်လို့ ဆိုရမှာပါ။ အီဂျစ်ဟာ ဗြိတိသျှအစောင့်အရှောက်ခံ ဘ၀မှာ နေခဲ့ ရပြီး ရှေးဦးအကျဆုံး ပါတီစုံပါလီမန်ရွေးကောက်ပွဲများကို လက်ခံကျင်းပခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ပထမကမ္ဘာစစ်အပြီး လွတ်လပ်ရေးကို လိုလားကြသူ အာရပ်မျိုးချစ်များရဲ့ လှုပ်ရှားမှု အတွင်း ခံတပ်သဖွယ် အီရစ်က ရပ်တည်ခဲ့တယ်။ 

ဥမင်ဆိပ်ကမ်းမြို့တော် "နေပယ်လ်" ကိုသွားကြမလား

Bootဖိနပ်စီးထားတဲ့ ခြေထောက်တစ်ဘက် ဘောလုံးကန်နေတဲ့ပုံလား။ မဟုတ်ပါဘူးနော်။ ဒါက မြေထဲပင်လယ် ဒေသက အီတလီနိုင်ငံနဲ့ စစ္စလီကျွန်းကလေးပါ။ ဒုတိယကမ္ဘာစစ်ကို ဦးဆာင်ခဲ့တဲ့ ဖက်ဆစ်ကြီး မုဆိုလီနီကြောင့် စစ်ဒါဏ်ကို မွမွကြေအောင် ခံခဲ့ရရှာတယ်။ စစ်ဘုရင် နပိုလီယန်ရဲ့ ပြင်သစ်တပ်နဲ့ စပိန်တပ်တို့ကလည်း တလှည့်စီ သိမ်းပိုက်ခဲ့တယ်။ ဒါပေမဲ့ ကနေ့နေပယ်လ် မြို့တော်ဟာ ရှေးဟောင်းအမွေအနှစ်တွေ တပုံတပင်နဲ့ အလှမပျက်ပဲထိန်းသိမ်းနိုင်ခဲ့တယ်။ ခေတ်နဲ့အညီ ပြုပြင်မွန်းမံလို့ လှပတည်ရှိနေဆဲ။ ခရီးသွားဧည့်သည်တွေ ၀င်လာမစဲ တသဲသဲပါပဲ။
နေပယ်လ်မြို့တော်(ရှေးရှေးတုံးအခါက  Napoli လို့ ခေါ်ကြတယ်)နေပယ်လ် ဆိုတာက ရှေးဟောင်းဂရိ ဘာသာစကားနဲ့ဆိုရင် “မြို့သစ်" လို့ အဓိပ္ပါယ်ရတယ်။

တည်နေရာ - အီတလီနိုင်ငံ(ကဲ့ပ်ပါနီယာဒေသ)
40ံ50’42”N  14ံ15’30”E/40.84500ံN  14.25833ံE
ဧရိယာစုစုပေါင်း - 117.27km2 (45.28 sq mi)
ပင်လယ်ရေမျက်နှာပြင်အထက် - 17m  (56ft)
လူဦးရေ - 959,574  (2012)

Tuesday, May 07, 2013

ရိုင်းလီ ကို ရှာဖွေခြင်း

အချိန်ကတော့ ၂၀၁၂ခုနှစ် အောက်တိုဘာ ကျောင်းပိတ်ရက် အတွင်း မှာပါ။ အတိအကျဆိုရင် အင်္ဂါနေ့ ည၉နာရီလောက်ပေါ့။ ခလေးတွေက ရုပ်ရှင်ကြည့်နေကြတယ်။ သူမရဲ့ အဓိက လုပ်ငန်းက ခလေးသူငယ်များကို ထိမ်းသိမ်းပြုစု စောင့်ရှောက်ခြင်းပါ။ ဆယ်လီ ပရက်စ် လေ ဟာ သူမရဲ့ စမတ်ဖုန်းကို ကောက်ကိုင်လိုက်ပြီး အွန်လိုင်းပေါ်က မြက်ရိတ်စက် အရောင်းအ၀ယ်ကိစ္စကို ကြည့်လိုက်တယ်။ တယောက်မှ ၀ယ်ယူသူ မရှိသေးပါဘူး။ အွန်လိုင်းပေါ်မှာ တခြားဟိုကြည့်ဒီကြည်နဲ့ပဲ ချစ်စဖွယ်ရယ်မောနေတဲ့ ခလေးတယောက်ရဲ့ ပုံကို သတိထားလိုက်မိတယ်။ ခလေးတယောက်ပျောက်နေသတဲ့။

ခလေးက ဆယ်လီ တို့အိမ်ရဲ့ မြောက်ဘက် ကီလိုမီတာ ၆၀လောက် လောက်ဝေးတဲ့ သြစတြေးလျ နယူးဆောက်သ်ဝေးလ် မြောက်ဘက်ကမ်းခြေ Nambucca Heads မှာ နေ့လည်ခင်းက ပျောက်သွားတာပါ။ ဘုရား ..ဘုရား။ ဆယ်လီ အသက်ရှူမှားသွားတယ်။ အချိန်အတန်ကြာနေခဲ့ပြီပဲ။ ခလေးက ၄နှစ်သားအရွယ်လေး။နာမည်က ရိုင်းလ် မာတင်။ NSW ရဲဌာနာရဲ့ Facebook  စာမျက်နှာမှာ သူမကြည့်လိုက်တော့ ခလေးက ပျောက်နေဆဲ။ မိသားစု ခွေး၃ကောင်နှင့်အတူ ပြီးခဲ့တဲ့ ၉နာရီ ၀န်းကျင်က တည်းကပါတဲ့။ဆယ်လီ့ကို ရဲတွေက သတင်းဝေမျှတယ်။ ခလေးဟာ ည၀တ်ဘောင်းဘီကလေးနဲ့ ကမ်းခြေကို ထွက်သွားခဲ့တာလို့ ဆိုတယ် တဲ့။ ဒီကလေးကို ငါ တွေ့အောင်ရှာမယ် လို့ ဆယ်လီ သံန္နိဋ္ဌါန်ချတယ်။ ဆယ်လီဟာ သူမရဲ့ အလုပ်တူလုပ်ဘက် လိဖ် အို ဘရိန် နှင့် အတူ သူမရဲ့ ၁၂နှစ်အရွယ် သားငယ် ဘရွန်ဆန် တို့ကိုပါ အကူအညီ ခေါ်ယူပြီး စောင် ခေါင်းအုံးစတာတွေ ကားပေါ်တင်ပြီး ညအမှောင်ထဲမှာပဲ ခရီးစထွက်တော့တယ်။ 

မနက်၁၁နာရီ မိနစ်၃၀ လောက်က ရိုင်းလီရဲ့ မေမေ ဘီရန်ကာ ဂရေဟမ် ဟာ မိသားစု  စားမြိန်စာ စီမံခင်းကျင်းအပြီး  ရေခဏ ပြေးချိုးနေခိုက်  ရိုင်းလီ  ခွေးတွေနဲ့ ပျောက်သွားခဲ့တာလို့ ဆိုတယ်။ဘီရန်ကာနှင့် ခင်ပွန်း အင်ထရူး တို့ဟာ မိသားစုလိုက် ဘခင်အိမ်ကို အလယ်ရောက်လာကြတာလို့ ဆိုပါတယ်။ ရိုင်းလီအပြင် သူတို့မှာ ခို့စ၊် ဆဲ့သ်၊ အိုင်ဆက်၊ ဆိုတဲ့သား သုံးယောက် ရှိသေးတာပါ။ ရိုင်းလီဟာ အထူးသဖြင့် အခြားမိသားစုထက် ပိုပြီး ခွေးချစ်တတ်သူဖြစ်တယ်။ဘရူတိုနဲ့ နီထရို ဆိုတဲ့ မြေခွေးအစပ် ခွေးအဖြူကလေးနှစ်ကောင်ဟာ ရိုင်းလီကို ပို ချစ်ကြဟန်ရှိတယ်။ ရိုင်းလီနဲ့ ခွာတယ်မရှိဘူး။တကောက်ကောက်လိုက်နေတတ်တာပါ။ရိုင်းလီ လှုပ်ရှားလိုက်ရင် ဘာလိုတယ်ဆိုတာ သိရှိပြီး ချက်ခြင်းဆောင်ကျင်းပေးကြတယ်.။ရိုင်းလ် နဲ့ ကစားဖေါ် ကစားဘက် စားဖေါ်စားဖက် ဆိုလည်း မမှားဘူး။ Kelpie ပါပီလေးကတော့ သြစတြေးလျား သိုးစပ်ခွေးကလေးပေါ့။ သူကလည်းရိုင်းရဲ့  အထိန်းတော်ခွေးကလေးပါပဲ။

ဘီရန်ကာ ရေချိုးလို့ မပြီးခင်မှာပဲအင်ထရူးက ခြံတံခါးပွင့်နေတာ သိသွားတယ်။လှည့်ပတ်ပြီးသားနဲ့ ခွေးကလေးတွေကို ရှာတယ်။ခြံထဲမှာတော့ မရှိတာ သေချာပြီ။ အင်ထရူးရော သူ့ ဇနီးရော ဘိနပ်တောင် မစီးနိုင်ဘူးသားတွေကိုပါ ခေါ်ပြီး  လမ်းမဘက် ထွက် အမြန်လိုက်ရှာကြတယ်။လမ်းသွားးလမ်းလာကားတွေကို တားဆီးပြီး ကလေးရဲံ့ ပုံစံပြောပြ မေးမြန်းပေမဲ့ ဘယ်သူမှမသိကြဘူး။အိမ်ပေါက်စေ့ မေးကြည့်တယ်။မသိကြ။နောက်ဆုံးတော့ ၅မိနစ်လောက် လျှောက်လိုက်ရင် ရောက်နိုင်တဲ့ ကမ်းခြေဘက် ကို ဦးတည်ရှေ့ရှူ ထွက်လာကြတယ်။ နောက်နာရီဝက် အကြာမှာတော့  ရဲကို အကြောင်းကြားလိုက်ရတယ်။ရဲကလည်း ဒီကိစ္စကို စံနစ်တကျ အရေးထားကိုင်တွယ်ပါတယ်။မီးသတ်ဦီးစီးဌာန (RFS)နိုင်ငံတော် အရေးပေါ် ၀န်ထမ်းဌာန(SES) စေတနာ့ဝန်ထမ်းကယ်တင်ရေးတပ်ဖွဲ့ (VRA) ဒေသဆိုင်ရာ   အသက်ကယ် ဟယ်လီကော့ပတာအဖွဲ့စသည် လိုအပ်သလို.. ၀ိုင်းဝန်းကူညီ စောင့်ရှောက်ကြဖို့အသင့်အနေအထားမှာ ရှိနေတယ်။သတင်းမီဒီယာများမှလည်း FaceBook စာမျက်နှာကနေ သင့်လျော်သလို အကူအညီပေးကြတယ်။များပြားလှတဲ့ လူမှု အသိုင်းအ၀န်းတွေက ရာပေါင်းများစွာ ထင်မြင်ချက်တွေပေး ကူညီကြတယ်။

ညနေ ၄နာရီ ၀န်းကျင်လောက်မှာတော့ရိုင်းလ် ရဲ့ ည၀တ်ဘောင်းဘီကလေးကို ကမ်းစပ်မှာ သဲလွန်စအဖြစ် ဦးစွာရှာဖွေ တွေ့ရှိကြတော့တယ်။ ရေစိုလို့များ ရိုင်းလ် အတွင်းခံကို ချွတ်ပြစ်ခဲ့လေသလား။ကမ်းခြေမှာကတော့ ခလေးရဲ့  ခြေရာတွေနဲ့ ခွေးကလေးတွေရဲ့  ခြေရာတွေ ရှုပ်ထွေးလို့ တွေ့နေရတယ်။ဒါဖြင့် ခု သူတို့ ဘယ်ရောက်နေပါလိမ့်။အလို ..ရေထဲမှာများ..။ ဒါပေမဲ့ ခွေးတွေကတော့ အေးလွန်းလို့ ရေထဲ ဆင်းမှာ မဟုတ်ပါ။ တစ တစ နေရောင် လျောကျသွားပြီ။အအေးဓါတ်က ပိုလို့ကဲလွန်းလာပြီ။ ခွေးတွေလည်း တကောင်တမြီးမှ ပေါ်မလာ။ အစာစားဖို့သတိမရကြဖူးလား။ ဘီရန်ကာရဲ့ ရင်မှာ မီးတောက်နေတယ်။ ရိုင်းလ်မျက်နှာလေး တစိမ့်စိမ့်မြင်ပြီး ရင်မှာ ဆို့နင့်နေတယ်။ ညရောက်လာပြီ။ မီးတိုင်တွေ မီးမောင်းတွေ တော်တော်များများထွန်းညှိကြတယ်။ ရိုင်းလ်ရဲ့ နာမည်လေးကို သံကုန်ဟစ်အော် ခေါ်နေကြတယ်။

ဆယ်လီတို့ အဖွဲ့ဟာ အဲဒီနေရာကို ည ၁၀နာရီ၁၅မိနစ်မှာ ဆိုက်ရောက်လာတယ်။ပြည့်ပြည့်ဖြိုးဖြိုးရွှန်းလက်နေတဲ့ လရောင်အောက်မှာမီးတိုင်ပေါင်းများစွာ ထွန်းညှိထားပုံ မြင်နေရတယ်။ကားတွေ လူတွေ ဟိုဟိုဒီဒီ တပ်ဖြန့် သွားလာ ရှာဖွေနေကြဆဲ။ ဆယ်လီကတော့ ကျောက်တုံးကျောက်ဆောင်ပေါများတဲ့နေရာတွေ ရွှံနွံထူထပ်တဲ့ နေရာတွေ စေးပြစ်တဲ့  ခြုံတောတွေ မှာ ရှာတယ်။ မကြာမီကလေးမှာပဲသွေးစ သွေးနကလေးတွေ ကို တွေ့လာရတယ်။ ခွေးပုလေးက ဒါဏ်ရာနည်းနည်း ရထားပုံပါပဲ။ ဒါဆို ရိုင်းလီနဲ့ တခြားခွေးတွေကော။ ကမ်းခြေ သောင်ပြင်မှာ က ခွေးခြေရာ ခလေးခြေရာ ရှုပ်ထွေးနေပေမဲ့ မြေခွေးအစပ် ခွေးကလေးတွေရဲ့ ခြေရာက သိသာပါတယ်။ ဆယ်လီဟာ အတူပါလာတဲ့သားတွေကို ကားထဲမှာ နားနေစေတယ်။ သူမကတော့ မရမနေ ရှာဦးမဲ့သဘောပါ။ အချိန်က မနက် ၂နာရီ။ဆစ်ဒနီက ရိုင်းလ်ရဲ့ အဖွားရောက်လာတယ်။ ၄နာရီအထိ သူတို့ မနားမနေ ရှာကြတယ်။အင်စပက်တော် မိုက်ခ် ကတော့ စိတ်မအေးဘူး။ သူတို့ ဒီမျှ ဆူညံ ပွက်လောရိုက်နေတဲ့ အသံကို ရိုင်းလ် ပြန်မထူးနိုင်တဲ့အတွက် ပါ။ ဘုရား ဘုရား ရိုင်းလ် တခုခု ဖြစ် ..။

ရဲတွေဟာ သူတို့ရဲ့ အနံ့ခံခွေးတွေကို အသုံးချပြီး ဒလစပ်ရှာစေတယ်။ ဟော ..ခွေးဟောင်သံ တချက် စ နှစ်ချက်စ ကြားနေရပြီ။ အလို..ဘုရားရေ..။ခလေးတယောက် လဲကျနေသလား။သူသတိရဟန်မတူဘူး။ ငါတို့ခေါ်တာ ဘယ်ကြားနိုင်မလဲ။ လာကြစမ်း။ ဒီမှာ။  ဆယ်လီ ၀မ်းသာခြင်း ၀မ်းနည်းခြင်း မခွဲခြားနိုင်သေးတဲ့ အသံနှင့်။သူမ ခလေးကို ပွေ့ထူလိုက်တယ်။သောင်ပြင်မှာမျက်နှာအပ်ကျနေတဲ့ ခလေးဟာ ဘာမှ မသိရှာဘူး။ လိဖ် ပခုံးမှာ ပိုး မှောက်နေစေတယ်။ သူ့ကိုယ်တွေက အေးစက်ပြီး အသားရောင်က ပြာနှမ်းနေတယ်။ နောက် သောင်ပြင်မှာချ လေမှုတ်သွင်းပေးကြတယ်။ သူနာပြု ကားတွေလည်း ၀ိုင်းအုံလို့ ။သူ့ဖေဖေ သူ့မေမေ ဘာမှ မလုပ်လိုက်ရဘူး။ ခလေးဟာ သတိပြန်ရလာတယ်။ရေ အနည်းအကျဉ်း စုပ်စေတယ်။ ဆေးရုံမှာ  ခဏ နားရတယ်။ မနက် ၇နာရီမှာတော့ အားလုံးဟာ ပုံမှန်ဖြစ်သွားပါတယ်။ မီးသတ်ဗိုလ်ကြီး ပြောပြတာက မြေခွေးစပ်တယ်ရီယာခွေးကလေး ဘရူနိုဟာ လမ်းမကြီးပေါ်မှာ ပြာယာခပ် ပြေးလွှားနေတယ်။တယောက်ယောက်ဆီက အကူအညီမျှော်လင့် တောင်းခံ ရှာဖွေနေပုံရတယ် လို့ ဆိုတယ်။ တခြားနီထရို ကတော့  ရိုင်းလ် အနားမှာထိုင်  စောင့်နေတယ်။ သူတို့ ဟာ ရိုင်းလ် ကို တညလုံး ၀န်းရံ စောင့်ကြပ်နေတာ သေချာပါ တယ်တဲ့။ရေထဲကို မဆင်းနိုင်အောင် စောင့်ရှောက် ထိန်းသိမ်းနေပုံရတယ်လို့လည်း လူတိုင်းက ယူဆကြတယ်။ ရိုင်းလ် ကို စွန့်ပြစ်မထားပဲ ရိုင်းလ်  ရှိတဲ့နေရာကနေ တဖ၀ါးမခွာ စောင့်ကြပ်နေတဲ့ သစ္စာရှိ ခွေးကလေးတွေ ဆိုတာ မမှားနိုင်ပါဘူးတဲ့။

ရိုင်းလ်ရဲ့ မိဘတွေဟာ ဘရူနို ၊ နီထရီု နဲ့ ခွေးပုလေး တို့ကို သားရင်းတွေနဲ့မခြား ဆတံပိုးတိုးလို့ တအားကို ချစ်ခင်ကြပါသတဲ့။

Florist
(မှတ်ချက် - အိမ်က ခွေးလေး ဂျက်ကီနဲ့ အတူတူအိပ်တယ်ဆိုလို့ မေမေ့ဘက်က အမျိုးတစ်ယောက်-ဝမ်းကွဲအစ်ကိုတစ်ယောက်က လက်ပွန်းတနီးမနေဖို့ပြောပေးပါလို့ပြောတယ်တဲ့။ အဲဒါနဲ့ စိတ်နည်းနည်းကောက်လိုက်တာ။ မေမေက ဒီစာတစ်ပုဒ်ရေးပို့ပြီးပြန်ချော့တယ်။ ခွေးလေးတစ်ကောင်ပဲ လောက်လောက်လားလားပိုင်တာ။ သူနဲ့နီးနီးမနေရဘူးဆိုရင်တော့ အင်မတန်စိတ်ဆင်းရဲရတော့မှာပေါ့။ ဟုတ်ဘူးလား။)

လူသိရှင်ကြား


Family Magazine, May, 2013
တစ်ချက်ကလေးမှမမှိတ်ခဲ့ရသေးတဲ့ မျက်လုံးတွေနဲ့ ကျွန်မရဲ့ခန္ဓာဟာ ခုတင်ပေါ်ကနေ တစ်ရေးထ နိုးတယ်။ ၀ရန်တာမှာ ထွက်ရပ်တဲ့အခါ ကောင်းကင်က သူ့ရဲ့မဟူရာမျက်လုံး တောက်စူးစူးတွေနဲ့ ကျွန်မကို စိုက်ငုံ့ကြည့်နေတာကျွန်မမြင်တယ်။  ကောင်း ကင်ရဲ့ မျက်လုံးတွေကလက်လက်ထ တောက်ရွှန်းနေပေမဲ့ တကယ်တော့ သူဟာ ကျွန်မကို သနားစဖွယ်ကြည့်နေခဲ့တာပါ။ ဟုတ်တယ်။ဒီကမ္ဘာကြီးမှာ ကျွန်မဟာ သနားစရာအကောင်းဆုံး မိန်းမ တစ်ယောက်ပဲ။ ဒီနေရာ ဒီလိုအချိန်ကြီးမှာဒီလို လူ(မိန်းမ)တစ်ယောက် ဒီလို ဖြစ်ပျက်နေလိမ့်မယ်လို့ ဘယ်သူ သိကြမှာလဲ။ ဘယ်သူမှ မသိနိုင်ဘူး။တစ်လောကလုံးဟာ ကျွန်မလိုမဟုတ်ဘဲ နှစ်နှစ်ကာကာကြီး အိပ်မောကျနေကြတာပါ။ အိပ်မက်ကိုယ်စီမက်ရင်းနဲ့လူသားမှန်သမျှ အိပ်မောကျနေမယ့် အချိန်ကြီးပါ။ ကျွန်မ ဘာလို့ မအိပ်ခဲ့ သေးတာပါလိမ့်။

အကြည့်နက်နက် ချောက်ကမ်းပါးရဲ့အစွန်းတစ်ဖက်

စက်ဘီးမစီးရဘူးလို့တားမြစ်ခံရတဲ့ကြားကမိခင်တစ်ရေးအိပ်နေခိုက် စားပွဲပေါ်က သော့ကို ခြေဖွဝင်ယူကာ အင်ဒရီရာနာ ဆိုသည့် မိန်းကလေးကစက်ဘီးခိုးစီးသည်။ ဆံနွယ်လေးတွေ တလွင့်လွင့်။ အပြုံးတွေက လေဟုန်ခွင်းလို့ စက်ဘီးကိုအားကုန်နင်း ထွက်ခဲ့ပြီ။ လမ်းကြားကအထွက် နောက်က ကားတစ်စီးကို ကျော်တက်ဖို့ ပြုံးရွှင်စွာလက်ပြလိုက်သော်လည်းကားက ကျော်မတက်။ ထက်ကြပ်မကွာ ကပ်ပါလာသည်။ အင်ဒရီရာနာ မျက်စိမျက်နှာပျက်ကာ နင်းပြေးရပြီ။အရှိန်မသတ်ဘဲ တင်းကြမ်းလိုက်လာတဲ့ ကား ကြောင့် စက်ဘီးကတခြား၊ လူက တခြား။ ကားခနဲလွင့်စဉ်ကျသွားတဲ့မိန်းကလေးကိုကားထဲမှပြေးထွက် လာတဲ့လူတွေက အကြမ်း ဖက်ကာ ကားပေါ်ဆွဲတင်ခေါ်သွားကြသည်။

xxxxx

ဗာရိုနီကာ နဲ့ အင်ဒရီရာနာ  လက်တင် အမေရိကန် အမျိုးသမီးနှစ်ဦး၊ ထိုင်းလူငယ်လေးတစ်ဦးတစ်နေရာတည်းမှာ အကြမ်း ဖက် ချုပ်နှောင်ခံနေရပြီ။ ရုရှားလူကုန်ကူးသမား ဗာဒင်းက ဗာရိုနီကာရဲ့သားလေးဓာတ်ပုံကိုဖြဲဆုပ်ရင်း “သူ ဘယ်မှာရှိလဲဆိုတာ ငါ ကောင်းကောင်းသိတယ်”လို့ ခြိမ်းခြောက်သည်။ ဒီလူကလိုချင်တာ မရလျှင် ရမ်းရမ်းကားကားတကယ်လုပ်မယ့်လူ။ အဝေးက သားလေး ဒုက္ခ ရောက်မှာ စိုးစိတ်ကြောင့်ဗာဒင်းပြုသမျှ နာကျင်စွာခံရပြီ။ ဗာရိုနီကာကို သူတစ်ပါးလက်ထဲ ရောင်းမစားခင် စိတ်ရောခန္ဓာပါ ကျိုးပဲ့ ကြေမွအောင် လူမဆန်စွာပြုကျင့်လိုက်သည်။ ကိုယ်ခန္ဓာနာကျင်လှသလို စိတ်ထဲနာကျင်လှသည်။သားလေးအတွက် မိသားစုအတွက် အနာဂတ်အတွက် မျှော်လင့်ချက်အပြည့်နဲ့ အလုပ်လုပ်ဖို့ ထွက်ခဲ့တာပါ။လော့စ်အင်ဂျလိစ်ကိုသွားဖို့ မက္ကဆီကိုကဖြတ်ရင် အကောင်း ဆုံးလို့ ပွဲစားမိန်းမကပြောခဲ့သည်။အခု မက္ကဆီကိုက ဖြတ်ခဲ့တာပဲ။ ဘာတွေဖြစ်ကုန်တာလဲ။ ဘယ်မှာလဲ ဒီမိန်းမပြောတဲ့အကောင်းဆုံးဆို တာ။ မလိုအပ်ဘဲ မိဘတွေနဲ့သားလေး ဘယ်မှာနေတယ်ဆိုတာကို ဒီမိန်းမတွေက ရအောင် မေးယူခဲ့သေးသည်။ခုတော့ သွားပြီ။ နောင်တက နှောင်းမှရခဲ့ပြီ။ ရှိစေတော့။ မိဘနဲ့သားလေး ဘေးကင်းလျှင်တော်ပါပြီ။မိမိကတော့ သည်နွံမှာ အလိုမတူစွာ ကျွံကျလိုက်ရ ပြီ။

             “ဘယ်နေ့လဲဆိုတာ မသိနိုင်ပေမဲ့ ငါတို့ကို ပေးခဲ့တဲ့ဒုက္ခတွေ တစ်နေ့ပြန်ခံရလိမ့်မယ်၊ သေချာတယ်”
            နာကျင်ခါးသည်းစွာခံစားနေရချိန်မှာအင်ဒရီရာနာက နှစ်ပိုင်းပြဲနေတဲ့သားလေးဓာတ်ပုံကို ကောက်ယူကာ လက်ထဲကို လာထည့် ပေးတော့နောက်တစ်ခါ ဖြဲဆုပ်ခံရမှာစိုးစိတ်နဲ့ သားရဲ့ဓာတ်ပုံအပိုင်းအပြတ်လေးကို မထူမတ်နိုင်အောင်မှောက်လဲကျနေဆဲ ရင်ဘတ် အောက်ထဲ ထိုးထည့်ဖွက်ထားမိသည်။ အင်ဒရီရာနာက ငိုသည်။ မိမိရှေ့မှာသွေးပျက်ဖွယ် ညှင်းဆဲခံခဲ့ရတဲ့ ဗာရိုနီကာအတွက် ငိုသည်။ ဘာတွေကြုံရဦးမလဲ မသိနိုင်တဲ့မိမိအတွက်လည်း ငိုသည်။ နာကျင်မှုကိုယ်စီနဲ့ နှစ်ဦးသား အားကိုးဖက်ပွေ့မိကြသည်။ အင်ဒရီရာနာလည်မှာဆွဲထားတဲ့ မယ်တော်မာရီပုံတော်ဆွဲကြိုးလေးကိုညွှန်ကာ “သူ့ကိုယုံလား၊ မင်း ဘုရားကျောင်းမှာဝတ်ပြုလား”လို့ဗာရိုနီကာ မေး တော့ အင်ဒရီရာနာက ခေါင်းညိတ်ပြရင်းပြောသည်။
“ယုံတယ်။ အစ်ကို ကျွန်မကိုရှာတွေ့ဖို့သူက လမ်းပြပေးမယ်ဆိုတာယုံတယ်”

            တကယ်လည်းရှာတွေ့ခဲ့သည်။ ဒါပေမဲ့ အစ်ကိုဂျော့ဂ်ျခမျာ ဘာမှ မကယ်တင်နိုင်။ မော်ဒယ်မိန်းကလေးတွေကိုယ်ဟန်ပြသလို၊ အတင်းအကျပ်နေခိုင်းပြီး ဓာတ်ပုံအရိုက်ခံနေရရှာသည့် ညီမလေးကိုတောင်တောင်ကုန်းအကွယ်တစ်နေရာကနေ နာကျင်ခံခက်စွာကြည့် နေရရုံသာ။

xxxxxx

မိန်းကလေးတစ်စု ကုန်ကားထဲမှာသစ်သီးလုံးတွေလို လူးလိမ့်ပါသွားလိုက်၊ ချောင်းရေထဲကဖြတ်လိုက်၊ ခြေကျင်လျှောက်လိုက်။ဘ၀က ဆိုးပါဘိ။ ရောင်းစားခံရဖို့ ပင်ပန်းဆင်းရဲစွာ ခရီးကြမ်းတွေဖြတ်ရသည်။  ကုန်းမြင့်တစ်နေရာမှာ လက်ဝါးကပ်တစ်တိုင် စိုက်ထူထားသည်ကိုတွေ့တော့ မန်နျူလိုက ကုန်းနေအောင် ၀တ်ပြုဆုတောင်းလိုက်သေးသည်။ “အပြစ်တွေကိုလွှတ်တော်မူပါ”ဆိုလား၊ မန်နျူလို ကို ကြည့်ကာ ဗာရိုနီကာ နာကျင်စွာ မဲ့ပြုံးပြုံးသည်။မန်နျူလိုဦးဆောင်သည့် လူကုန်ကူးကားကြီးက လမ်းခုလတ်မှာ အပိုဝင် ငွေရှာပြန်ပြီ။ သည်တစ်ခါကံဆိုးသူက အင်ဒရီရာနာ။

“သူအရမ်းကြောက်နေတယ်၊သူ့အစားကျွန်မကိုခေါ် ”ဗာရိုနီကာက ပြောပြောဆိုဆို အင်ဒရီရာနာ ရှေ့ကနေ ကာဆီးပေမဲ့ အားမတန်တော့မာန်လျှော့ရသည်။ အင်ဒရီရာနာကို လက်ဆွဲခေါ် လူစိမ်းတစ်ယောက် လက်ထဲ ထိုးထည့်ပြီး“သူက တကယ့်အပျိုစစ်စစ်လေး”လို့ မက်လုံးပေးကာ မန်နျူလိုက ဈေးကောင်းရအောင်ခေါ်လိုက်သေးသည်။ ဒေါ်လာ ၈၀။ဝါးရုံတောထဲမှာ အချိန်မှတ်ကာ မိနစ်ပိုင်းမျှ ကြားဖြတ်ရောင်းစားခံရတဲ့မိန်းကလေးတွေ နည်းနည်းနောနောမဟုတ်ပါလား။ သွေးပျက် ထိတ်လန့်ဖွယ် အရုပ်ဆိုး အကျည်း တန်လှသည့် ဘေးဘီဝဲယာမြင်ကွင်းတွေကိုမရဲတရဲကြည့်ရင်း လူစိမ်းခေါ်ရာနောက်သို့  အင်ဒရီယာနာရှုံ့ရှုံ့ငိုငို လိုက်ပါသွားရပြီ။

xxxxxx

လူကုန်ကူးအမှုကို စုံစမ်းစစ်ဆေးရမည့်ရေး က အင်ဒရီရာနာအပါအ၀င် မိန်းကလေးတွေကို အင်တာနက်မှာ လေလံတင် ရောင်းချမည်ဆိုသည့်သတင်းကိုရခဲ့သည်။။ လေလံပွဲမှာဝင်နွှဲနိုင်ဖို့ လျှို့ဝှက်နံပါတ်တွေလည်း ရခဲ့ပြီ။ အင်ဒရီရာနာကိုအစ်ကိုဖြစ်သူ ဂျော့ဂ်ျလက်ထဲ ပြန်ထည့်ပေးနိုင်ဖို့ မရအရ ၀ယ်ယူပေးဖို့ ရေးက ဆုံးဖြတ်လိုက်သည်။

အင်ဒရီရာနာရဲ့ဓာတ်ပုံတွေကိုမန်နျူလိုက အင်တာနက်မှာ တင်ပစ်လိုက်သည်။ အင်ဒရီရာနာခမျာ ရေချိုးခန်းထဲမှာရေချိုးရင်းသည်းအူ ပြုတ်ထွက်မတတ် ငိုကြွေးလို့မဆုံး။ အပြစ်အညစ်အထေးတွေ ရေနဲ့အတူ မျောပါသွားပြီးမိမိခန္ဓာ တစ်ဖန်ပြန်လည် စင်ကြယ် လာလိမ့်နိုးနိုး မျှော်လင့်နေမိသေးသည်။

“အိမ်ပြန်ချင်တယ်”
“အမေ့ကို သတိရတယ်”
 “ခုဆို အမေက ကျွန်မကို ချစ်တော့မှာမဟုတ်ဘူး”

တွတ်တွတ်မြည် ရေရွတ်ရှိုက်ငိုနေရှာတဲ့အင်ဒရီရာနာကိုဗာရိုနီကာ နှစ်သိမ့်ရသည်။
“မဟုတ်ဘူး မဟုတ်ဘူး။ အမေတွေက သားသမီးတွေကိုအမြဲချစ်ပါတယ်။ အထူးသဖြင့် ဒုက္ခ ရောက်တဲ့ သားသမီးတွေကို ပိုချစ်တာ”။
မယုံမရဲမျက်ဝန်းလေးများနှင့်အင်ဒရီရာနာ က  ဗာရိုနီကာကို ကြည့်နေသည်။

xxxxxx

ဆိုက်ဘာကဖေးထဲရောက်သည်နှင့်ရေးက အင်တာနက်ကွန်ရက်ထဲ ရေးကြီးသုတ်ပျာခေါင်းတိုးဝင်သည်။ Member တစ်ဦး အဖြစ် Iogin လုပ်။ လျှို့ဝှက်အမည် greenhouse ရိုက်ထည့်။ တွေ့ပါပြီ မကြာခင် ရောင်းချခံရတော့မည့်အမျိုးသမီးလေးတွေ အများကြီး။ အင်ဒရီရာနာကို သူ မမြင်ဖူး။

 “ဒီမှာ ကျွန်တော့်ညီမ”
လို့ ဂျော့ဂ်ျကပြသည်။ နာမည်ကအသစ် ဖြစ်နေခဲ့ပြီ။ မာရီယာတဲ့။

            “ငါတို့နယူးဂျာဆီကို အမီသွားရမယ်”
            အင်ဒရီရာနာကနာကျင်မှုတွေဗရပွနဲ့ စိတ်တွေထွေပြားနေပေမဲ့ ဗာရိုနီကာက လွတ်မြောက်ဖို့ အခွင့်အလမ်းကိုမမှိတ်မသုန် ချောင်းမြောင်းနေခဲ့သည်။ ရပြီ။ ဟိုလူနှစ်ယောက် ကားထဲကဆင်းပြီး အပေါ့အပါးသွားနေချိန်မှာအင်ဒရီရာနာကို အတင်းဆွဲခေါ်ကာ နှစ် ဦးသား ထွက်ပြေးကြသည်။ ကံကောင်းထောက်မစွာ မျက်ခြည်ဖြတ်နိုင်ခဲ့ကြကာနောက်ဆုံးမြို့လယ်ကောင်ရောက်ခဲ့ပြီ။ မိန်းကလေး နှစ်ယောက် ပွေ့ဖက် ခုန်ပေါက်မိသည်။ အချိန်ဆွဲလို့မဖြစ်။တွန့်ဆုတ်ဆုတ်လုပ်နေသည့် အင်ဒရီရာနာကိုပြေးတော့လို့ တိုက်တွန်းပြီး အမေရိကန် အလံလွှင့်တင်ကိုင်ဆောင်လျက် စီတန်းလှည့်လည်နေသည့် လူအုပ်ကြီး ကြားကနေ ဖြတ်ပြေးကာ တယ်လီဖုန်းရုံဆီဗာရိုနီကာပြေးသည်။
“ပိုလန် နိုင်ငံကိုချိတ်ပေးပါ”

မိဘတွေဆီ အရေးပေါ်အကြောင်းကြားရသည်။

“သူတို့လာလိမ့်မယ်သူတို့ကိုမယုံနဲ့၊ သမီးကိုလည်း ဖမ်းထားတာ…”

စိုးထိတ်တဲ့မျက်ဝန်းအစုံနဲ့အင်ဒရီရာနာ အနားသို့ရောက်လာကာ တစ်နေရာဆီသို့ မျက်ဝန်းကတစ်ဆင့် ညွှန်ပြနေသည်။ ဖုန်းထဲသဲသဲကွဲကွဲမပြောလိုက်နိုင်ခင်မှာပဲ ဗာရိုနီကာ့ကိုယ်လေးက အကြမ်းဖက်သမားရဲ့လက်မောင်းလက်ဆံကြားစွေ့ခနဲမြောက်ပါသွားသည်။ အင်ဒရီရာနာလည်း အလားတူ။ အကြမ်းဖက်သမားတွေရဲ့ ကားထဲ ပြန်ပါသွားရပြီ။တစ်နေရာမှာ ကားရပ်ကာ ထွက်ပြေးခြင်းရဲ့ရလဒ် အဖြစ် ဦးဆောင်သူ ဗာရိုနီကာကို သူ့ရှေ့မှာရပ်စေကာဆုံးမတော့မည်။ သူ့ခါးက ခါးပတ်ကို မန်နျူလိုက ဆွဲဖြုတ်လိုက်သည်။

            ဗာရိုနီကာကလုံးဝမမှု။ ရိုက်ပေါ့၊ တစ်ဘ၀လုံးမွကြေပြီခဲ့ပြီ၊ အသားနာတာလောက်တော့မမှုတော့။ ကျောပေးရပ်လျက်အင်္ကျီခေါင်းစွပ်လေးကို ဖြည်းညင်းစွာဆွဲခြုံလိုက်သည်။ မထိတထိလေး ပြုံးပြလျက် သူ့ကိုစူးရဲစွာစိုက်ကြည့်လာသည့်ဗာရိုနီကာ။

            “ရှင်လုပ်ခဲ့သမျှအတွက်ပြန်ပေးဆပ်ရလိမ့်မယ်၊ သေချာကြည့် ဒီမှာ၊ ကျွန်မပြမယ်”

            ဒီစကားတွေကိုအသေအချာဆိုအပြီး ရုတ်တရက် ပြေးထွက်သွားကာ ဗာရိုနီကာ ချောက်ကမ်းပါးထိပ်ကနေ ခုန်ချသွားသည်။မန်နျူလို သွေးပျက်စွာကျန်ရစ်ခဲ့ပြီ။ ကားထဲမှာကျန်ရစ်သည့် အင်ဒရီရာနာခမျာ ငိုလို့မဆုံးတော့။

မိန်းကလေးနှစ်ယောက်အနက်တစ်ယောက်သာပို့ပေးနိုင်သည့်အတွက် မန်နျူလို မျက်နှာကောင်းမရတော့။ ဆိုးတာက ဗာရိုနီကာချောက်ထဲခုန်မချခင် ပြောသွားသည့် စကားလုံးများက သူ့အာရုံကို အချိန်ပြည့်ဝင်ကာ အနှောင့်အယှက်ပြုခြင်းပင်။လူကုန်ကူးရောင်းစားခဲ့သမျှ တစ်လျှောက်လုံး သည်လို အဖြစ်ဆိုးမျိုးမကြုံဖူး။ မန်နျူလိုစိတ်ဓာတ်ကျနေပြီ။

လူကုန်ကူးအကြီးအကဲမိန်းမရဲ့အိမ်မှာအင်ဒရီရာနာ စိတ်လှုပ် ရှားစွာ ဆုတောင်းနေသည်။
“အစ်မဗာရိုနီကာ ကောင်းကင်ဘုံမှာပျော်ရွှင်ပါစေ၊ ပြီးတော့ ဘုရားသခင်နဲ့စကားပြောခွင့်ရရင် အခု ကျွန်မတို့ကိုရောင်းချတော့မယ့်လေလံပွဲမှာ သနားကြင်နာတတ်တဲ့ လူကောင်းတစ်ယောက်နဲ့တွေ့ရဖို့လည်း ပြောပေးပါနော်။ ကျွန်မ အရမ်းကြောက်တယ်၊ ကျေးဇူးပြုပြီး ကူညီပါနော်”

            လေလံပွဲစပြီ။ အင်တာနက်ကွန်ပျူတာရှေ့မှာ ဂျော့၈်ျက အဆင်သင့်။ ရေးပြောတဲ့အတိုင်း သူ့လက်ချောင်းတွေကကီးဘုတ် ခလုတ်တွေပေါ် တဂျောင်းဂျောင်းပြေးနေသည်။ မြန်မြန်သွက်သွက်။ username-worldtraveller။ လေလံက ဒေါ်လာ ၅၀၀ ကစ ခေါ်ပေမဲ့ ပထမအချီမှာပဲ ၈၀၀၀ ပေးတာတွေ့တော့ရေးက ၁၀၀၀၀ပေးလိုက်လို့ပြောသည်။ little buddha ဆိုသူနှင့် ပြိုင်ဖိုက်ကာ နောက်ဆုံး  ၃၂၀၀၀ ဖြင့် ရေး အနိုင်စွဲသွားပြီ။

            အင်ဒရီရာနာရဲ့အစ်ကိုဂျော့ဂ်ျက ရေးကို ပြေးဖက်လျက် တုန်ခိုက်စွာ ဆိုလိုက်သည်။
“ကျေးဇူးပါပဲဗျာ”

xxxxx

ချိန်းဆိုထားတဲ့အတိုင်း အကြီးအကဲမိန်းမ လော်ရာရဲ့အိမ်ကိုရေး တစ်ယောက်တည်း သွားရသည်။ လေလံပွဲမှာ အနိုင်ရတဲ့အတိုင်း အင်ဒရီရာနာကို ငွေထုပ်နဲ့အလဲအလှယ်ပြုကာ ခေါ်သွားလိုက်ရုံ။ လည်လွန်းတဲ့မိန်းမက ငွေထုပ်လက်ထဲရောက်နေတာတောင် မ ကျေနပ်နိုင်သေး။ “ရှင်က ရဲထင်တယ်”လို့ သံသယစကားဆိုပြီ။ “မဟုတ်ပါဘူး”ဆိုတော့ မဟုတ်ရင် သက်သေပြတဲ့။ သူပြခိုင်းတဲ့သက်သေက ရင်ကျိုးစရာ။ အင်ဒရီရာနာကို ဒီနေရာမှာပဲ အကြမ်းဖက်လိင်ဆက်ဆံမှုပြုကျင့်ပြရမယ်တဲ့။အပေးအယူကိစ္စမှာ ဒီကိစ်္စမပါ ပေမဲ့ မိန်းမလည် လော်ရာက သူတို့အတွက် စိတ်ချမှုရယူတဲ့သဘောလို့ဆိုသည်။ “သက်သေပြဆို ပြရမပေါ့။ ဒီလောက်ငွေတွေ ပေးထားမှတော့ ခင်ဗျားတို့က သီးသန့်အခန်းလေးပေးမှပေါ့”လို့ ရေးက တောင်းဆိုသည်။ ရေးအနားမှာ ကပ်ထိုင်နေရတဲ့ အင်ဒရီရာ နာ ခမျာ မျက်လုံးပြူးနေရှာပြီ။အတော်ရက်စက်တဲ့မိန်းမ။ အလဲအလှယ်အတိုင်း ငွေရရင်ပြီးပြီမဟုတ်လား။ ခုတော့ . . .။

မတတ်နိုင်။ လာခေါ်သည့်လူစိမ်းကြီးနှင့်အတူ အိမ်ပေါ်ထပ်အခန်းကို လိုက်ခဲ့ရပြီ။ လော်ရာက စိမ်းစိမ်းဝါးဝါးကြည့်ကာပြောလိုက်သေးသည်။ ငါ့ရဲ့အိပ်ရာအခင်းပေါ်မှာ သွေးစသွေးနတွေ့မှယုံမယ် ဆိုလား။ သွားပြီ။ဒါက မဖြစ်နိုင်တာပဲ။ မိမိက အပျိုစင်လေး မဟုတ်တော့။ လမ်းခုလတ် ၀ါးရုံတောကြားမှာ အပျိုစင်ဘ၀ကိုအားမတန်မာန်လျှော့ဆုံးရှုံးခဲ့ရပြီးပြီမဟုတ်လား။ အင်ဒရီရာနာ ဘာလုပ်ရမည် မသိ။ သည် လူစိမ်းကြီးကဘယ်လိုလူစားလဲလည်းမသိ။ ရှင်ကြီး ကျားထက်ဆိုးဦး မှာလား။ လူစိမ်းကြီးက အခန်းထဲ လှည့်ပတ်ရှောင်တိမ်းနေတဲ့မိမိကို အနားကပ်ကာ တိုးတိုးလေးဆိုသည်။

            “မကြောက်နဲ့၊ငါက မင်းအစ်ကို ဂျော့ဂ်ျရဲ့မိတ်ဆွေ” အစ်ကို့နာမည်ကြားတော့ အင်ဒရီရာနာအံ့အားသင့်သွားသည်။တည်ကြည် ခန့်ညားတဲ့လူစိမ်းကြီးပုံစံက သံသယပွားစရာအကြောင်းမမြင်။ ဒါပေမဲ့ ဟိုမိန်းမယုံအောင်သက်သေပြဖို့က ပြဿနာ။ ဘယ်လိုလုပ်ရမယ် ဆိုတာ သေချာမသိသေး။ ရုတ်တရက် အကြံရသွားသည်။ လူစိမ်းကြီးကိုခဏလေးစောင့်လို့ပြောကာ အတွင်းဘက် ရေချိုးခန်းထဲ အင်ဒရီရာနာ ၀င်သွားသည်။ ပြန်ထွက်လာတော့တစ်စုံတစ်ရာ နာကျင်ခံစားနေဟန်၊ လက်ဖ၀ါးနုနုမှာ သွေးနီနီစွန်းထင်းလို့။ ဒဏ်ရာရ အောင်လုပ်ခဲ့ရပြီ။ သွေးစ သွေးနတချို့ အိပ်ရာခင်းဖြူဖြူ ပေါ်သုတ်အလိမ်းမှာ၊ တံခါးခေါက်သံနဲ့အတူလော်ရာရဲ့စေခိုင်းချက် ကြောင့် အခြေအနေ လာအကဲခတ်ဖို့ မန်နျူလို ရောက်လာသည်။ အိပ်ရာခင်းပေါ်ကအထင်းသား စွန်းပေနေတဲ့ သွေးနီနီစကိုမြင်တော့ မျက် မှောင်ကြုတ်သည်။ သူအသိဆုံး၊ ဒီမိန်းကလေးကအပျိုစင်လေးမှ မဟုတ်တော့တာ၊ သွေးထွက်သံယိုဖြစ်စရာအကြောင်းမရှိ။ လမ်းခုလတ် မှာ သူကိုယ်တိုင်မိနစ်ပိုင်းကြားဖြတ် ရောင်းစားခဲ့သေးသည်မဟုတ်လား။ အိပ်ရာခင်းပေါ်က နီနီအစအနက ဘယ်က ဘယ်လို။လော်ရာ့ ကို အမှန်အတိုင်း ပြောပြလိုက်ရမလား၊ ဘယ်လိုပြောရပါ့။ ဝေခွဲမရစိတ်နဲ့ ပြန်လှည့်အထွက်မှာအင်ဒရီရာနာက မောဟိုက်သံလေးနဲ့ သူ့ကို အော်ခေါ်လိုက်သည်။

            “မန်နျူလို. . .”
            လက်တစ်ဝါးစာဟနေတဲ့ တံခါးရဲ့တစ်ဖက်တစ်ချက်မှာ မျက်ဝန်းနှစ်စုံ အပြန်အလှန်စိုက်ကြည့်မိကြပြီ။ တောင်းပန်းတိုးလျှိုးတဲ့ကရုဏာ မျက်ဝန်းတစ်စုံနဲ့ ထွေထွေပြားပြားချောက်ချားနေတဲ့ မျက်လုံးတစ်စုံ။

            “ရှင့်ကိုဗာရိုနီကာစောင့်ကြည့်နေတယ်၊ သတိရစမ်းပါဦးလား။ အခု နောက်မကျသေးပါဘူးနော်”
            သည်စကားတွေကိုအင်ဒရီရာနာက ရိုးရိုးမပြော။ မန်နျူလိုရဲ့လက်ခုံကို ဒဏ်ရာရအောင်လုပ်ထားပြီး သွေးစွန်းနေတဲ့လက်ဖ၀ါး လေးနဲ့ တို့ထိဆုပ်ကိုင်ရင်း ပြောသည်။ အကြီးအကျယ်တုန်လှုပ်ကာ မန်နျူလို လှည့်ထွက်သွားသည်။အောက်ထပ်ရောက်တော့ လော်ရာက ဘယ်လိုလဲတဲ့။ မန်နျူလို ချွေးပြန်လျက် လော်ရာ့မျက်နှာကိုမကြည့်ဘဲ ဖြေလိုက်သည်။

“မပူနဲ့တော့၊ မင်းသံသယဖြစ်တဲ့ကိစ္စ သူတို့သက်သေပြသွားပြီ”

xxxxxx

မန်နျူလိုက နောင်တစိတ်နဲ့အတူအင်ဒရီရာနာ၊ ရေးတို့ကို  ကောင်းမွန်စွာ ကားနဲ့ပြန်ပို့ပေးဖို့ထွက်အလာမှာနောက်ကလိုက်လာ ချောင်းမြောင်းစောင့်ဆိုင်းနေတဲ့ ဂျော့ဂ်ျက အသင့်ဆွဲယူလာတဲ့သံတုတ်နဲ့မန်နျူလိုကိုအားကုန်ရိုက်ချလိုက်သည်။ လော်ရာက သေနတ် ထုတ်ချိန်လိုက်ပေမဲ့ အခါနှောင်းသွားပါပြီ။ရေးကို စောင့်ကြည့်နေတဲ့ သူ့မိတ်ဆွေရဲတွေက သေနတ်ကိုယ်စီနဲ့ အားလုံးကို အမိအရ ဖမ်းဆီးနိုင်ခဲ့သည်။မြေတိုက်ခန်းထဲက ထုတ်လာတဲ့မိန်းကလေးတွေကိုမြင်တော့ အင်ဒရီရာနာ ရင်ထဲ ထိခိုက်မဆုံး။မိမိလည်းဘာထူးလဲ။ မိုးသားတွေကင်းစင်သွားပြီဆိုပေမဲ့ ဘယ်တော့မှ ချေဖျက်မရတော့တဲ့အမှောင်တစ်စကနှလုံးသား ထောင့်တစ်နေရာမှာ ထာဝရ စွဲကျန် နေတော့မှာ။ ရေး က အင်ဒရီရာ နာကို လေလံဆွဲခဲ့တဲ့တန်ဖိုး၊အ၀ါရောင်ငွေစက်္ကူထုပ်ကို ဂျော့၈်ျအား ပေးလိုက်သည်။ ဂျော့၈်ျက ရေးရဲ့ စိတ်တိုင်းကျလက်ခံလိုက်ပေမဲ့ရေးအလစ်မှာ သူ့ကားထဲပြန်ထည့်ထားပေးခဲ့သည်။ ချစ်တဲ့ညီမလေးကို ပြန်ရခဲ့ပြီပဲ။ တခြားဘာမှသူ့အတွက် မလိုအပ်တော့ပါ။ ရေးပြောခဲ့တဲ့အတိုင်းပေါ့။ ညီမလေးအတွက် သူက တကယ် အားကိုးရမည့်အစ်ကိုကြီးပါပဲ။ညီမလေးကို အမေ့ဆီ အမြန်ပြန်ခေါ်သွားပေးဖို့ တာဝန်ရှိသေးသည်။ မက်္ကဆီကို ကိုပြန်ရောက်ခဲ့တော့အမေက ဘုရားရှိခိုးကျောင်းထဲမှာ။ ညီမလေးကို မြင်တော့ အမေက ၀မ်းသာဝမ်းနည်း အော်ဟစ်ကြိုဆိုသည်။ညီမလေးက သူ့ကိုလှည့်ကာ တကြည့်ကြည့်လုပ်နေပေမဲ့ သူ ဘုရား ကျောင်းထဲ ၀င်ဖို့ မဖြစ်သေး။လုပ်စရာ တစ်ခုကျန်သေးသည်။

            ရုရှားအကြမ်းဖက်သမားဗာဒင်းက သူ့မိသားစုကို နှုတ်ဆက်ကာ လမ်းကြားထဲကထွက်အလာ ဂျော့ဂ်ျက နောက်ဘက်ကနေ အသင့်ကိုင်လာတဲ့မောင်းပြန်ဓားနဲ့ တစ်ဆုံးထိုးစိုက်ချလိုက်သည်။ ဘယ် လောက်အားပြင်းလဲမသိ၊ တစ်ချက်တည်းနဲ့ဒီလူ ကားခနဲ လမ်းပေါ် လဲကျသွားသည်။ ဒါပဲပေါ့။ မိစ္ဆာကောင်တွေ သူတို့လုပ်ခဲ့တဲ့အပြစ်အတွက်ဒီလိုပဲ ပေးဆပ်ရမည်။ ကျေနပ်အားရစွာ ဂျော့ဂ်ျ လှည့်ထွက်လာခဲ့သည်။

            နားထဲမှာတဖတ်ဖတ်ပြေးလာတဲ့ ခြေသံဖွဖွလေးတစ်သံ။ အဲသည်နောက် ခေါ်သံလေးတစ်သံ။
            “ဖေဖေရေ. . .”
            ဂျော့ဂ်ျလည်ပြန်လှည့်ကြည့်မိတော့လမ်းပေါ်မှာ လဲကျနေတဲ့ ရုရှားဖေဖေကို လှမ်းခေါ်နေရှာတဲ့ ကျောပိုးအိတ်လွယ်ထားတဲ့ကလေးငယ်လေး။

“ဘုရားသခင်”။
ဂျော့ဂ်ျရဲ့အကြည့်ထဲမှာအံ့အားသင့် တုန်လှုပ်ချောက်ချားခြင်းများစွာ။

xxxxxx

            နိုင်ငံတကာမှာအမျိုးသမီးတွေ အကြမ်းဖက်လိင်ဆက်ဆံခံ ရမှုနဲ့ပတ်သက်ပြီး ဥပဒေပြဌာန်းချက်တွေ တိကျစွာရှိပါလိမ့်မည်။ဒါပေမဲ့ အကြမ်းဖက်ဆက်ဆံမှုတွေ ပပျောက်မသွားခဲ့သေးကြောင်း သတင်းဌာနတွေကတစ်ဆင့် မြင်တွေ့ကြားသိနေရသည်။ပိုလန်သူ လေး ဗာရိုနီကာလို မိသားစုအတွက် နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်သွားလုပ်ဖို့ကြိုးစားမိရာကမသမာသူတွေနဲ့တွေ့ပြီး ဘ၀ဆုံးသူ ရှိနိုင်သလို၊ အင်ဒရီရာနာလို အိမ့်အပြင်ဘက်စက်ဘီးစီးထွက်ရင်းဘုမသိဘမသိ အကြမ်းဖက်ခံရသူ မိန်းမငယ်လေးတွေလည်း ကမ္ဘာမှာ များစွာ ရှိနိုင်သည်။ မိမိတို့သဘောဆန္ဒအလျောက်ဇိမ်မယ်အလုပ်ကို အသက်မွေးဝမ်းကျောင်းအလုပ်သဖွယ် သဘောထားပြီး လုပ်ဆောင်နေကြတဲ့ အမျိုးသမီးတွေကိုတော့အထွေအထူးပြောစရာမရှိပါ။ ကျွန်မခံစားရတာက မိမိတို့သဘောဆန္ဒ လုံးဝမပါရှိဘဲ လူကုန်ကူးခံရ၊အကျဉ်းသားနဲ့မခြား ပိတ်လှောင်ခံရ၊ အတင်းအဓမ္မပြုကျင့်ခံရသည့် အကြမ်းဖက်လုပ်ရပ်တွေပဲဖြစ်သည်။

            ဘာပဲဖြစ်ဖြစ်အကြမ်းဖက်လုပ်ရပ်မှန်သမျှအတွက် အခြားတစ်ဖက်မှာ တန်ပြန်ခံစားပေးဆပ်ရမည့် ချောက်ကမ်းပါးနက်ကြီးရှိသည်။ ချောက်ကမ်းပါးထဲ တစ်ဆုံးခုန်မချခင် “ရှင်လုပ်ခဲ့သမျှ အတွက် ပြန်ပေးဆပ်ရလိမ့်မယ်၊ဒီမှာကြည့် ကျွန်မပြမယ်” လို့ ပြောပြီး မထီတရီအပြုံးလေးနဲ့ စိန်ခေါ်သွားတဲ့ ပိုလန်သူလေးရဲ့အဓိပ္ပာယ်အပြည့်နဲ့ အကြည့်တစ်ချက်ကို ကျွန်မ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်တော့ပါ။
            
အပြစ်တစ်ခုလုပ်မိမယ်ကြံတိုင်းဗာရိုနီကာရဲ့ အကြည့်တစ်ချက်ကိုသတိရလျက် ထိုအပြစ်ကို မကျူးလွန်မိစေဖို့ ကျွန်မကိုယ်ကျွန်မ ထိန်းချုပ်ဆင်ခြင်ရတော့မည်။ ဒီအကြည့်လေးရဲ့တစ်ဖက်မှာ ချောက်ကမ်းပါးနက်နက်ကြီးရှိနေတာကို ကျွန်မ သိထားသလို လူတိုင်းအားလည်း သိစေချင်လှပါသည်။

ဂျူနီယို
င်္Family Magazine, May, 2013
Movie         - Trade(German Movie)
Cast           - Ray Sheridan (Kevim Kline)
                    Jorge (Cesar Ramos) 
                    Veronica (AlicjaBachleda)
                    Adriana (Paulina) 
                    Manuelo (Marco Pérez)
Director      - MarcoKreuzpaintner
Writer         - Peter Landesman
                   (based his article 'TheGirl Next Door)