Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, October 31, 2012

စက်ဘီးလေးကို စီးပြီး

စက်ဘီးပြိုင်ပွဲတွေဟာ ကမ္ဘာတစ်ဝှမ်း ထင်ရှားတဲ့ အားကစားပြိုင်ပွဲပါ။ အထူးသဖြင့် ဥရောပနိုင်ငံတွေမှာ အားကစားသမားတွေ ပိုပြီးတော့ ချစ်ခင်နှစ်သက်ကြတဲ့ ကစားနည်းဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်စ်၊ စပိန် နဲ့ ဆွစ်ဇာလန် တို့မှာ ပေါ်ပြူလာဖြစ်လှတယ်။ တခြားတိုင်းပြည်တွေမှာဆိုရင် သြစတြေးလျ၊ လူဇမ်ဘာဂ့်၊ ယူကေ နဲ့ ယူအက်စ်တို့မှာလည်း စက်ဘီးအားကစားသမားတွေ အများကြီးပဲ နှစ်ခြိုက်စွာ ပြိုင်ပွဲဝင်ကြပါတယ်။ 

စက်ဘီးပြိုင်ပွဲတွေမှာ လူသိများလာခဲ့တာဆိုရင် ၁၈၆၈ မေ လ ၃၁ ရက်က ပြင်သစ်နိုင်ငံ Saint-Cloud မှာ ပြုလုပ်ခဲ့တဲ့ ပထမဆုံး မီတာ ၁၂၀၀ ပြိုင်ပွဲမှာပါ။ အဲဒီပြိုင်ပွဲမှာ အင်္ဂလိပ်အမျိုးသား ဂျိမ်းမိုးရ်က အနိုင်ရရှိခဲ့ပါတယ်။ သူ ပြိုင်ပွဲဝင်ခဲ့တဲ့စက်ဘီးဟာ သစ်သားစက်ဘီးဖြစ်ပြီး တာယာကတော့ သံနဲ့လုပ်ထားတာပါ။ အဲဒီစက်ဘီးကို အင်္ဂလန်က ကိန်းဘရစ်ခ်ျရှိုင်းယားက ပြတိုက်တစ်ခုမှာ အခုအခါ ပြသတားပါတယ်။ အပြည်ပြည်ဆိုင်ရာ စက်ဘီးယူနီယံ (UCI) ကို ၁၉၀၀ ဧပြီ ၁၄ ရက်နေ့မှာ ပါရီမြို့မှာ စတင်တည်ထောင်ဖွဲ့စည်းလိုက်ပါတယ်။ ပါဝင်ခဲ့တဲ့နိုင်ငံတွေက ဘယ်လ်ဂျီယံ၊ ယူအက်စ်၊ ပြင်သစ်၊ အီတလီ နဲ့ ဆွစ်ဇာလန် နိုင်ငံတွေပါ။ ပထမဆုံးအပြည်ပြည်ဆိုင်ရာ စက်ဘီးပြိုင်ပွဲအဖွဲ့အစည်း ICA-International Cycling Association ကိုတော့ စက်ဘီးတွေမှာ ဂီယာ ၃မျိုးပါဝင်လာအောင်စတင်တီထွင်ခဲ့သူ စက်ဘီးသမား ဟန်နရီစတာမေး က ၁၈၉၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တယ်။ ICA ကနေပြီး ကမ္ဘာ့စက်ဘီးချန်ပီယံပြိုင်ပွဲ၊ ချန်ပီယံဆုပေးပွဲတွေ နှစ်စဉ်ကျင်းပခဲ့ပြီး ၁၉၀၁ ခုနှစ်မှာမှ ပြင်သစ်အခြေစိုက်အဖွဲ့အစည်း UCI က အစားထိုးဖွဲ့စည်းလိုက်တာပါ။
စက်ဘီးပြိုင်ပွဲတွေမှာ အမျိုးအစားတွေကွဲပြားကြတယ်။
  • ကတ္တရာလမ်းပေါ်(road bicycle) ပြိုင်ပွဲ၊
  • တစ်ဦးတည်းအချိန်မှတ်ပြီး လမ်းပေါ်(time trailing)ပြိုင်ပွဲ(နာရီကို ရင်ဆိုင်ခြင်း)လို့လည်းခေါ်ကြတယ်။ တစ်ဦးချင်းပြိုင်တဲ့ပွဲ Individual time trial (ITT) ဖြစ်ပေမယ့် Team time trial (TTT) လည်းရှိပါတယ်။
  • cyclocross လို့ခေါ်ကြတဲ့ပြိုင်ပွဲ၊(cyclocross ဟာ တမံတလင်း၊ ကတ္တရာပြေးလမ်း၊ သစ်တောလမ်း၊ မြက်ခင်း၊ မတ်စောက်တဲ့တောင်ကုန်း အတားအဆီးအပိတ်အဆို့၊ အနိမ့်အမြင့်တွေနဲ့ လိုအပ်တဲ့အခါ စက်ဘီးပေါ်မှဆင်းပြီး စက်ဘီးကိုသယ်ပိုးကာ အတားအဆီးတွေကိုဖြတ်ကျော်၊ တစ်ဖန်စက်ဘီးကိုနင်း လိုအပ်သလို ပြိုင်ပွဲဝင်ရပါတယ်။)
  • တောင်တက်စက်ဘီး (mountain bike) ပြိုင်ပွဲ၊
  • လမ်းကြောင်းအတိုင်း (track cycling)ပြိုင်ပွဲ၊ (စက်ဘီးလမ်းကြောင်း အနိမ့်အမြင့်တွေပြုလုပ်ထားတဲ့ အားကစားရုံအတွင်းမှာပြိုင်ကြတယ်။)
  • BMX ပြိုင်ပွဲ
  • Bike လမ်းကြောင်း(cycle speedway)ပြိုင်ပွဲ၊ (ဖန်တီးထားတဲ့ အနိမ့်အမြင့်အတားအဆီးတွေကို ဖြတ်ကျော်ရတာပါ)။
  • ဘဲဥပုံသဲလမ်းကြောင်းအတိုင်း အမြန်စီးနင်းရတဲ့ပြိုင်ပွဲတွေပါ။ (ဒီပြိုင်ပွဲမှာ သုံးတဲ့စက်ဘီးက မော်တာစက်တွေပါပြီး ဘရိတ်ကို အသုံးမပြုရပါဘူး။ ဒါမှမဟုတ် ဂီယာအမျိုးမျိုးအသုံးပြုပြီး အရှိန်ပြင်းပြင်းပြိုင်ကြတဲ့ပွဲမျိုးပါ။ ပုံမှန်အားဖြင့် မီတာ ၇၀-၉၀ပြိုင်ပွဲတွေဖြစ်ပြီး အပြင်မှာပဲစီးနင်းယှဉ်ပြိုင်ပါတယ်။ တစ်ခါတစ်ရံ အားကစားရုံအတွင်းဖြစ်နိုင်ပါတယ်တဲ့)
စက်ဘီးပြိုင်ပွဲတွေကိုပဲ တစိုက်မတ်မတ်ယှဉ်ပြိုင်ကစားနေကြတဲ့ အားကစားသမားတွေလည်း အများကြီးပဲ ရှိနေကြပါတယ်။ ၂၆-၃၀ စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့တဲ့ British National Track Championships စက်ဘီးပြိုင်ပွဲမှာ အသက် ၂၀ အရွယ် ဝေ လမိန်းကလေး၊ ပရော်ဖက်ရှင်နယ်စက်ဘီးစီးယှဉ်ပြိုင်သူလေး ဘက်ကီဂျိမ်းစ်(Becky James-Rebecca James)ဟာကစားနည်းလေးမျိုးမှာ ဗိုလ်စွဲခဲ့ပါတယ်။ မီတာ ၅၀၀ time trial၊ တစ်ဦးချင်းတာတို နဲ့ အသင်းလိုက် တာတိုပြိုင်ပွဲ၊ Keirin ပြိုင်ပွဲတွေမှာ အနိုင်ရခဲ့ပါတယ်။ “ကျွန်မ တကယ်ပဲ စိတ်ကျေနပ်ရပါတယ်။ ကျွန်မ ဦးခေါင်းပေါ်မှာ သရဖူရှိနေပါပြီ။ အဲဒါ ကျွန်မ လိုချင်ခဲ့တဲ့ အောင်မြင်မှုပါ။ ကျွန်မ မျှော်လင့်တာတက် ပိုပြီး ကျေနပ်စရာဖြစ်ခဲ့ပါသေးတယ်” လို့ ဂျိမ်းစ် က ပြောပါတယ်။

ဂျိမ်းစ် အဓိကပြိုင်တဲ့ စက်ဘီးပြိုင်ပွဲမျိုးက track cycling ပါ။ လက်ရှိ British UCI ရဲ့ Node 4-Giordana Racing အသင်း မှာ လက်ရှိယှဉ်ပြိုင်ကစားနေပါတယ်။ British Cycling ရဲ့ အိုလံပစ်ဖွံ့ဖြိုးရေးပရိုဂရမ်မှာလည်း အဖွဲ့ဝင်တစ်ဦးပါ။ ၂၀၀၇ ခုနှစ်မှာ British လူသစ်တန်း မီတာ ၅၀၀ time trial ချန်ပီယံဖြစ်ခဲ့ပါတယ်။
ဂျိမ်းစ် နှစ်သက်သဘောကျတဲ့ သီချင်းတွေက Electronic Dance မြူးမြူကြွကြွ သီချင်းတွေပါတဲ့။ Featuring ဖာရဲလ်ဝီလျမ်စ် ဆိုထားတဲ့ Swedish House Mafia အဖွဲ့ရဲ့ One ကို အကြိုက်ဆုံးလို့ ဆိုတယ်။ ဂါဘရီယဲလာဆီလ်မီ ရဲ့ On a mission က ဂျိမ်းစ် ရဲ့ ရှေ့ဆက်ရမယ့် ခြေလှမ်းတွေကို ပိုလို့ သွက်လက်စေပါသတဲ့။ ရက်ဂေးသီချင်းအမျိုးအစားတွေလည်း သဘောကျသူပါ။ Bob Marley, Sean Kingston နဲ့ Iyaz တို့က ဂျိမ်းစ်ရဲ့ အနှစ်သက်ဆုံးအဆိုတော်တွေဖြစ်ပါတယ်။
ဂျိမ်းစ် စက်ဘီးစီးဖို့ အကြိုက်ဆုံးနေရာက စပိန်နိုင်ငံက Pollenca နဲ့ Mallorca မြို့လေးတွေက လမ်းကြောင်းတွေလို့ ဆိုတယ်။ “ကျွန်မ အဲဒီနေရာတွေကို တစ်ကြိမ်ပဲ ရောက်ဖူးပါတယ်။ ဒါပေမဲ့ ကျွန်မ သိပ်ပြီး နှစ်သက်ခဲ့ရတဲ့ နေရာလေးတွေပါ။ လမ်းတွေက တကယ့်ကိုပဲ အံ့သြစရာကောင်းလှတယ်။ လေ့ကျင့်ခန်းလုပ်ကြတုန်းက ငြိမ်သက်အေးဆေးပြီး၊ လမ်းကြောင်းတွေက တစ်နေရာနဲ့ တစ်နေရာမတူလို့ စိတ်လှုပ်ရှားဖို့ကောင်းပါတယ်” တဲ့။
ဂျိမ်းစ် ရရှိခဲ့တဲ့ ဆုတွေထဲမှာ ၂၀၀၉ ခုနှစ်က မော်စကိုမှာ ပြုလုပ်တဲ့ အငယ်တန်းကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲမှာ ရရှိခဲ့တဲ့ သက်တံရောင် ဂျာစီအကျီကို အကြိုက်ဆုံးပါပဲတဲ့။ ဂျိမ်းစ်က အိမ်မှာ အဲဒီဂျာစီအကျီကို ဘောင်နဲ့ ကွပ်ပြီး သိမ်းထားတယ်။ ဘယ်သူမှ ကျွန်မ အနားကနေ အဝေးကို ယူသွားလို့ မရတော့ဘူးပေါ့ လို့ ပြောပါတယ်။
ဂျိမ်းစ် ရဲ့ ပြိုင်ပွဲ ရလာဒ်တွေ

in 2009:
Junior European Championships Belarus:
Gold – Sprint
Gold – 500m TT
Silver – Keirin
Junior World Championships Moscow:
Gold – Sprint
Gold – Keirin
Silver – 500m TT
Junior 200m World Record – 11.093s

2010:
Commonwealth Games Delhi:
Silver – Sprint
Bronze – 500m TT
U23 European Championships St Petersburg:
Gold – Sprint
Silver – 500m TT
Silver – Team Sprint
Living Fashion Magazine, November, 2012
ဖြိုးဖြိုး

Monday, October 29, 2012

နှစ်ကျိပ်ရှစ်ဆူ

သီတင်းကျွတ်လပြည့်နေ့ရောက်တော့မည်။ မြန်မာနိုင်ငံတ၀ှမ်းတွင် ဆီမီးပူဇော်ပွဲများခမ်းနားသိုက်မြိုက်စွာ ဆင်နွဲကျင်းပကြတော့မည်။ မော်လမြိုင်ကျွန်းမြို့မှာ မြတ်ဘုရား တာဝတိံမှ ဆင်းသက်ကြွမြန်းလာပုံကို ခေတ်မှီနည်းစံနစ်များဖြင့် အဆန်းတကျယ် ပြုလုပ်မည်ဟု ကြားရသည်။ ကျွန်မတို့ မြို့က ပဋ္ဌာန်းဓမ္မာရုံကလည်း မြတ်စွာဘုရား နတ်ပြည်မှ လူ့ပြည်ဆင်းသက်လာပုံ  တာဝတိံသာပွဲကို တမူထူးခြားစွာ ဆန်းဆန်းပြားပြား ပြုလုပ်လှည့်လည်မည်ဟု ဆိုသည်။  နေပြည်တော် ပျဉ်းမနားရှိ ဓမ္မာရုံအသီးသီးကလည်း  ပိဋကတ်သုံးပုံလှည့်လည်ပူဇော်ပွဲနှင့်အတူ နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်ဘုရားရှင်တို့အားဒေသစာရီကြွချီစေပြီး လှည့်လည်အပူဇော်ခံနိုင်ရန် အားကြိုးမာန်တက် ပြင်ဆင်မှုများ ပြုလုပ်နေကြသည်မှာ  ကြည်နူးပျော်ရွှင်ဖွယ်ကောင်းသလို အားရစရာလည်းကောင်းသည်။ ဒီနှစ် တော်တော်လေး စည်ကားသိုက်မြိုက်မည်ဟု ဆိုသည်။

ဘာ့ကြောင့် နှစ်ကျိပ်ရှစ်ဆူဖြစ်ရသလဲ။ ဘုရားသည် တစ်ဆူတည်းမဟုတ်လား။ ဗုဒ္မမှတပါး  အခြားမရှိ ။ဟုတ်ပါသည်။ မရှိပါ။  သို့သော် ဤဘဒ္ဒကမ္ဘာဝယ် ကောက္ကသန်၊ ဂေါဏဂုံ၊ ကဿပ၊ ဂေါတမ ၊အရိမေတ္တေယျဟူ၍ ဗုဒ္မဘုရား၅ဆူ ပွင့်ပါမည်။  လေးဆူပွင့်ပြီးတဆူသာကျန်ပါတော့သည်။ ပိုမိုချဲ့ထွင်လိုက်လျှင် လေးသင်္ချေနှင့် ကမ္ဘာတသိန်းတွင် ဗုဒ္မဘုရားရှင်ပေါင်း  နှစ်ကျိပ်ရှစ်ဆူပွင့်တော်မူခဲ့ဖူးပါပြီ။  လွန်ခဲ့သည့်  နှစ်ဆယ်သင်္ချေနှင့်ကမ္ဘာတစ်သိန်းတွင် ဗုဒ္မဘုရားရှင်ပေါင်းငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ(၅၁၂၀၂၈ဆူ) ပွင့်တော်မူခဲ့ကြဖူးပြီဖြစ်သည်။

သမ္ဗုဒ္ဓေဂါထာတော်ကို ဗုဒ္မဘာသာဝင်တိုင်းလိုလို အလွတ်ရကြပါလိမ့်မည်။ (ထို့နည်းတူ သမ္ဗုဒ္ဓေသီချင်းကိုလည်း ကြားဖူးကြပါလိမ့်မည်။)

သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စ၊ သဟဿာကေ၊ 
ပဉ္စသတ၊ သဟဿာနိ၊
နမာမိ သီရသာမဟံ၊ (ဒါက ဂါထာ)

ပဏာမဘုရားရှိခိုးဂါထာဖြစ်ပါတယ်။အဓိပ္ပါယ်က သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်ဘုရားတို့အား သီရသာ ဦးခေါင်းဖြင့် အဟံ ကျွန်ုပ်သည် နမာမိ  ရှိခိုးပါ၏ တဲ့။ ဂေါတမဘုရားအလောင်းသုမေဓါရသေဘ၀နဲ့ဆုပန်ခဲ့စဉ်က စပြီး 
လေးသင်္ချေ နဲ့ ကမ္ဘာတသိန်းပါရမီ ဖြည့်ဆည်းခဲ့ရတာပါ။ လွယ်တော့မလွယ်ပါဘူ။

အပ္ပါကာ ၀ါလုကာ ဂင်္ဂါ ၊
အနန္ဒာ နိဗ္ဗူတာ ဇိနာ၊
တေသံ ဓမ္မဉ္စ၊ သံဃဉ္စ၊
အာဒရေန၊ နမာမဟံ၊
နမက္ကာရာ နုဘာဝေန၊ 
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ 
အနေက အန္တာရာယာပိ၊ 
ဝိနဿန္တု၊အသေသတော။

ပြီးမှဆက်လက် ကန်တော့တာက ဒွါဒသဉ္စ သဟဿကေ တသောင်းနှစ်ထောင်ကုန်သော ဘုရားရှင်တို့အားရှိခိုးပါ၏ တဲ့။ နောက်ဆုံးမှာ  ပဉ္စသတ သဟဿာနိ ၅သိန်းသော ဘုရားရှင်တို့အားရှိခိုးပါ၏ တဲ့။ စုစုပေါင်း ၅သိန်းတသောင်းနှစ်ထောင် နှစ်ဆယ့်ရှစ်ဆူ ပါ။ ကမ္ဘာအသင်္ချေ ခွဲပြီး အသင်္ချေဘယ်လောက်မှာ ဘုရားဘယ်နှစ်ဆူ ပွင့်တယ်ဆိုတာ ရှင်းလင်းထားခြင်းဖြစ်ပါတယ်။ ဘုရားရှင်တွေ များလွန်းလို့ ဂင်္ဂါဝါလု သဲဆူအမျှ လို့ တင်စားထားတာပါ။ ထိုဘုရားရှင်တို့ကို ကြည်ညိုစွာ ဖူးမျှော်ကန်တော့ရပါသော အကျိုးကြောင့် အန္တရာယ်ခပ်သိမ်းကင်းငြိမ်းချမ်းသာကြရပါလို၏ တဲ့။ ဂါထာက ဆိုပါတယ်။ လေးသင်္ချေနဲ့ ကမ္ဘာတသိန်းအတွင်းပွင့်တဲ့ ဘုရားပေါင်းက နှစ်ကျိပ်ရှစ်ဆူပါ တဲ့။

(ဒီလောက်ဘုရားတွေ အပွင့်များပါလျက် ကျွန်မတို့တတွေ သိပ်အရှောင်ကောင်းခဲ့ကြလို့ ကျွတ်တန်းမ၀င်ခဲ့ပါဘူး။)

ရှိခိုးပုံ ရှိခိုးနည်း။ ၅မျိုးလဲ ရှိပါသေးတယ်။ 
၁။ ဦးခေါင်းငုံ့ရှိခိုးခြင်း
၂။လက်အုပ်ချီ၍ရှိခိုးခြင်း။
၃။လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးခြင်း
၎။ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်း။
၅။ဝမ်းလျားမှောက်၍ရှိခိုးခြင်း စသည် ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ထိခြင်းငါးပါးဖြင့် ကန်တော့တာများပါတယ်။

ကျွန်မတို့ အညာက မုံရွာအနီး သမ္ဗုဒ္ဓေ စေတီတော်ကြီးကို ရောက်ဖူးသူတွေ ရှိမှာပါ။ အဲဒီစေတီထဲမှာ ငါးသိန်းတစ်သောင်းနှစ်ထောင်နှစ်ကျိပ်ရှစ်ဆူ ကိန်းဝပ်စံပယ်လျက်ရှိနေပါတယ်။ ကမ္ဘာ့အံ့ဖွယ်စေတီကြီးပါဘဲ။ ဒီစေတီကြီးကို တည်ဆောက်နေစဉ် ဒုတိယကမ္ဘာစစ်ဖြစ်နေဆဲပါ။ စစ်ပြေးဒုက္ခသည်များဟာ တည်ဆောက်ဆဲ သမ္ဗုဒ္ဓေကပ်ကျော်စေတီကြီးမှာ ခိုလှုံနေထိုင်ကြရင် ဘုရားတည်တဲ့နေရာမှာ တတပ်တအားပါဝင်ခဲ့ကြတယ်။ တခြားနေရာတွေမှာ စစ်အတွင်း စိုးရိမ်ပူပန်မှုတွေ လူမှုဒုက္ခတွေ ဖြာဖြာဝေနေပေမဲ့ သမ္ဗုဒ္ဓေ ဘုရားမှာ ခိုလှုံနေသူတွေအဖို့တော့ ဘေးဘယာကင်းဝေးပြီး  အေးဆေးတည်ငြိမ်နေတယ်တဲ့။ စေတီလေးတွေကို ကိုယ်တိုင်ပါဝင်သွန်းထုခဲ့သူတဦးက ကျွန်မကို ပြောပြဖူးပါတယ်။

“အနန္ဒာနိဗ္ဗူဇိနေ..ဂင်္ဂါဝါလု  ..သဲဆူ မကပေ..ကမ္ဘာတွေ  အသင်္ချေ  နိဗ္ဗာန်ဝင် စံပျော်တဲ့ ..ဘုရားမြတ် ပရမေ ..ရှင်တော် တွေ ..မျှော်ကာ ရည်စူး…ဖူးတဲ့ သမ္ဗုဒ္ဓေ..လူတိုင်းရွတ်ကြပါလေ  အိမ်တိုင်း ရွတ်ကြဂါထာ သမ္ဗုဒ္ဓေ   မြတ်ဘုရားဂုဏ် နဲ့ မြတ်တရားဂုဏ်တွေ ..သံဃာ ဂုဏ်တွေ ရည်မျှော်ဖူး ကြည်နူး  ဖူး ကြ  သမ္ဗုဒ္ဓေ..”

ခင်မေသစ်

(နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ အရှင် ကုမာရာဝံသ ဟောကြားသော တရားတော်ကို ကိုးကားပါသည်။)

ညွှန်းတဲ့ ရုပ်ရှင်

Fun size
Comedy
Paramount Pictures
ဒါရိုက်တာ - Josh Schwartz
ထုတ်လုပ်သူ - Stephanie Savage, Josh Schwartz, Bard Dorros, David Kanter
ဇာတ်ညွှန်း - Max Werner
သရုပ်ဆောင်များ - Victoria Justice,Jane Levy,Thomas McDonell,Chelsea Handler

အမေရိကန်သရုပ်ဆောင်၊ ပေါ့ပ်အဆိုတော်မလေး Victoria Justice က ဟဲလိုးဝင်းပါတီပွဲဆင်နွှဲဖို့ ရင်ဖိုစိတ်လှုပ်ရှားစွာ ပြင်ဆင်နေတဲ့ ဆယ်ကျော်သက်မလေး ၀ါရင်းန်အဖြစ်သရုပ်ဆောင်ထားတယ်။ ၀ါရင်းန် အရူးအမူးစွဲလမ်းမျက်စိကျနေတဲ့ အဲရွန်(Thomas McDonell)က ၀ါရင်းန်ကိုဖိတ်ခဲ့တာလေ။ ၀ါရင်းန် ပါတီပွဲညအတွက် အဲရွန်မျက်စိကျစေဖို့ ပြင်ဆင်မှုန်းခြယ်နေတဲ့အချိန်ပေါ့။ မိခင် (Chelsea Handler)က ဟဲလိုးဝင်း trick-or-treat ပွဲအတွက် သွားဖို့ ၀ါရင်းန်ထက် အချိန်ပိုစောပြီး အဆင်သင့်ဖြစ်နေခဲ့ပြီ။ “မေမေ ပြောဖို့ မေ့သွားလို့၊ အဲလ်ဘတ်ကို ဒီညကြည့်ထားပေးပါ။ ကျေးဇူးအများကြီးတင်ပါတယ်ကွယ်” ဆိုပြီး လှစ်ကနဲ ထွက်သွားခဲ့ပြီ။ ၀ါရင်းန်ကို မိခင်က တာဝန်ပေးခဲ့ပြီ။ ၀ါရင်းန်ဘယ်လိုမှ ငြင်းချိန်မရတော့ဘူး။ အဲလ်ဘတ်ကလည်း ပင်ကူလူသားဝတ်စုံလေးနဲ့ အဆင်သင့်ဖြစ်နေခြဲ့ပီ။ ၀ါရင်းန်သွားမယ့် ဟဲလိုးဝင်းပါတီပွဲကို သူမရဲ့ အင်မတန်အဆော့သန်လှတဲ့မောင်လေး အဲလ်ဘတ်(Jackson Nicoll) ကို ခေါ်သွားရမတဲ့လား။ ၀ါရင်းန်က အဲရွန်ဆီကို မသွားချင်တော့ပါဘူးတဲ့။ အဲလ်ဘတ်ထ်ကိုပဲ ထိန်းကျောင်းရင်း ဟဲလိုးဝင်းပွဲတော်ည မီးထွေထိန်ထိန်ညီးနေတဲ့ လမ်းမတွေထဲ ၀ါရင်းန်ရဲ့ သူငယ်ချင်းမလေး ဧပြီ(Jane Levy)ရယ် လျှောက်ကြည့်ကြရတော့တယ်။ တခဏလေးအကြာလေးမှာ “အဲလ်ဘတ်ထ် .. အဲလ်ဘတ်ထ် ဘယ်မှာလဲ” ၀ါရင်းန်တကြော်ကြော်အော်ခေါ်တယ်။ အဲလ်ဘတ်ကို ရှာမတွေ့တော့ဘူး။ ၀ါရင်းန်စိတ်ပူရပြီ။ “မေမေတော့ ငါ့ကို သတ်တော့မှာပဲဟာ” အဲလ်ဘတ်ကို လိုက်ရှာဖို့ ကားတစ်စီးရှာတယ်။ ဒီလိုနဲ့ ကားမောင်းပို့တဲ့လူငယ်လေးတွေနဲ့ ရုတ်ရုတ်ရုတ်ရုတ် ဗရုတ်ကျတဲ့အဖြစ်တွေ ဖြစ်ကုန်ကြပြီ။

Cloud Altas
Drama / Mystery / Sci-Fi
ပြသချိန်- ၁၆၄ မိနစ်
Warner Bros. Pictures
ဒါရိုက်တာ -  Lana Wachowski, Tom Tykwer, Andy Wachowski
ထုတ်လုပ်သူ - Grant Hill, Stefan Arndt, Lana Wachowski, Tom Tykwer, Andy Wachowski
ဇာတ်ညွှန်း - Lana Wachowski, Tom Tykwer, Andy Wachowski
သရုပ်ဆောင်များ - Tom Hanks, Halle Berry, Jim Broadbent, Hugo Weaving, Jim Sturgess, Doona Bae, Ben Whishaw, James D'Arcy, Zhou Xun, Keith David, David Gyasi, Susan Sarandon, Hugh Grant

The Matrix, The Matrix Reloaded နဲ့The Matrix Revolutions စတဲ့ Matrix ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကျော်ကြားလာခဲ့ပြီး အမေရိကန် သိပ္ပံဆန်းကြယ်၊ စိတ်ကူးယဉ်၊ ထိတ်လန့်ဖွယ်ရာရုပ်ရှင်အကယ်ဒမီဆု- Saturn Award for Best Director ဆု ရရှိခဲ့ကြတဲ့ နာမည်ကြီးဒါရိုက်တာ Wachowski ညီအစ်ကိုနှစ်ဦး (လာနာ နဲ့ အန်ဒီ)တို့ ရဲ့ ထူးခြားဆန်းပြားရုပ်ရှင် နောက်ထပ်တစ်ကားပါ။ Purfume ရုပ်ရှင်ကား ဒါရိုက်တာ ဂျာမန်လူမျိုး Tom Tykwer ကပါ အားဖြည့်ထားပါသေးတယ်။ တွမ်ဟန့်ခ်၊ ဟယ်လီဘယ်ရီ၊ ဟူးဂ်ျဂရန့်၊ တို့နဲ့ အတူ တရုတ်မင်းသမီးလေးနှစ်ဦး၊ နောက် ကိုရီးယားမင်းသမီးလေးရယ် များပြားလှတဲ့ သရုပ်ဆောင်တွေ အပြိုင် သရုပ်ဆောင်ထားကြတယ်။ လူသားမျိုးနွယ်ရဲ့ သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေ ပြည့်နှက်နေတဲ့ လှုပ်ရှားမှုတွေ၊ အကျိုးဆက်တွေဟာ အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ်ကာလတလျှောက်လုံး ရိုက်ခတ်လို့နေတယ်။ အသက်ဝိညာဉ်တစ်ခုဟာ လူသတ်ကောင်တစ်ဦးကနေ ကယ်ဆယ်သူအသွင်ကူးပြောင်းပြန်ရောတဲ့၊ လှိုင်းဂယက်တွေဟာ ရာစုနှစ်တွေအများကြီးပဲ အသက်ဝိညာဉ်တိုင်းကို ပြင်းထန်စွာရိုက်ခတ်လာလိုက်တာ နောက်ဆုံးတော့ တော်လှန်ရေးအသွင်ပေါ်ထွက်ဖို့ လှုံ့ဆော်တဲ့အထိပဲ။ အရာအားလုံးက ဆက်နွယ်နေပါသတဲ့။ ၁၈၄၉ ခုနှစ်က ပစိဖိတ်တ၀ှမ်းပင်လယ်ရေကြောင်းခရီးသွားခဲ့တဲ့ ဒိုင်ယာရီမှတ်တမ်း စာတွေပေါ့။ သီချင်းရေးဆရာတစ်ဦးက သူငယ်ချင်းဆီကို ရေးပို့နေတယ်။ “ငါ ဖန်တီးတဲ့ ဂီတက ငါရဲ့အိပ်မက်ကလာတာ၊ ကွဲပြားတဲ့ ဘ၀တွေ အကြိမ်ကြိမ်ဆုံတွေ့ကြတယ်။ အသက်အရွယ်တွေ ကွဲပြားတယ်။ အိပ်မက်တွေ၊ အိပ်မက်ဆိုးတွေ၊ စားပွဲထိုးမလေးတွေဟာ အများကြီးပဲ။ ဒါပေမဲ့ မျက်နှာတွေက အကုန်လုံးအတူတူပါပဲ။ မိန်းကလေး .. ငါ့ကို ပုန်းမနေပါနဲ့တော့ကွာ၊ မင်းဟာ ဆွန်မီ - ၄၅၁ ပါ” တဲ့။ ပြီးတော့ တွေ့လိုက်ရတဲ့ မြင်ကွင်းက ရင်သပ်ရှုမောဖွယ်ရာပဲ။ အဆောက်အဦးတွေဟာ တလက်လက်၊ မီးအလင်းအမှောင်တွေက ပြိုးပြိုးပြက်ပြက်နဲ့။ နျူကလီးယားစက်ရုံက လူသတ်သမားတစ်ဦးက ရင်ဖိုတုန်လှုပ်စရာ၊ သူနာပြုဆောင်က သီချင်းရေးဆရာကြီးရဲ့ ယုတ္တိယုတ္တာမရှိလှတဲ့အဖြစ်၊ အနာဂတ်ကမ္ဘာထဲက ကိုးရီးယားမှာ ကိုယ်ပွား(clone)တွေရဲ့ ပုန်ကန်ထကြွမှု၊ ကမ္ဘာပျက်ကပ်အလွန် ဟာဝိုင်ရီမှာရှင်ကျန်ခဲ့တဲ့ လူမျိုးစုတစ်စု။ သေဆုံးခြင်း၊ အသက်ဘ၀၊ မွေးဖွားခြင်း အားလုံးက ဆက်သွယ်နေကြတယ်။ “မနေ့က ငါ့ရဲ့ ဦးတည်ရာက နေရာတစ်ခု၊ ဒီနေ့ တခြားတစ်နေရာဆီကို” တဲ့။ ငါ ယုံကြည်တယ်။ ဟိုမှာ တခြားကမ္ဘာတစ်ခု ငါတို့ကိုစောင့်နေတယ်။ ပိုကောင်းတဲ့ကမ္ဘာတစ်ခုပေါ့။ ပြီးတော့ နောက်ထပ် တစ်ခု .. မင်းကိုစောင့်နေသေးတယ် ဆိုပဲ။

Skyfall
Action / Adventure / Thriller
ပြသချိန်- ၁၄၅ မိနစ်
M. G. M, Columbia Pictures
ဒါရိုက်တာ - Sam Mendes
ထုတ်လုပ်သူ - Michael G. Wilson, Barbara Broccoli
ဇာတ်ညွှန်း - John Logan, Neal Purvis, Robert Wade
သရုပ်ဆောင်များ - Daniel Craig, Javier Bardem, Ralph Fiennes, Naomie Harris, Bérénice Marlohe, Albert Finney, Judi Dench

၂၃ ကားမြောက် ဂျိမ်းစ်ဘွန်း သူလျိုရုပ်ရှင်ကားသစ်ဖြစ်ပါတယ်။ အင်္ဂလိပ်ရုပ်ရှင်မင်းသား ဒယ်နီရယ်ဂရေဂ်ျ့ရဲ့ လှို့ဝှက်အေးဂျင့် ဂျိမ်းစ်ဘွန်းအဖြစ်  တတိယအကြိမ်မြောက် ကြမ်းကြမ်းရမ်းရမ်းသရုပ်ဆောင်ဦးမယ့် ရုပ်ရှင်ပါ။ ဒါရိုက်တာက American Beauty ရုပ်ရှင်ကားနဲ့နာမည်ကြီးတဲ့ Sam Mendes တဲ့။ တူရကီနိုင်ငံမြို့တော် အီစတန်ဘူလ်က အန္တရာယ်ထူပြောလှတဲ့ စစ်ဆင်ရေးခရီးကြီးပြီးတဲ့အခါ  ဘွန်းကို “သေသေကြေကြေ ပစ်လိုက်စမ်းပါ” လို့ ခိုင်းတဲ့သူရှိလာခဲ့ပြီ။ ဘွန်းပျောက်နေပြီတဲ့။ ဘွန်း သေဆုံးသွားပြီလို့ ယူဆလိုက်ကြတယ်။ လှို့ဝှက် M16 အေးဂျင့်တိုင်းရဲ့ ID တွေ အင်တာနက်မှာ ပေါက်ကြားကုန်တယ်။ နောက်ဆက်တွဲ မေးခွန်းမေးစရာရှိလာတာက လှို့ဝှက်ထောက်လှမ်းရေးအဖွဲ့အကြီးအကဲ M(Judi Dench)ကိုပဲပေါ့။ ထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ အထူးယုံကြည်ရတဲ့ အကြီးအကဲအမျိုးသမီးကြီး M က ဒီကိစ္စတွေအားလုံးကို ကိုင်တွယ်သူလေ။ M ကို တစ်ဖန် ခြောက်လှန့်တဲ့သူရှိလာပြန်ပြီ။ M ရဲ့ ကားထဲက ရေဒါစကရင်မှာ ပေါ်လာတဲ့စာတမ်းက “မင်း အပြစ်တွေ ပြန်တွေးနေပေတော့” တဲ့။ အန္တရာယ်ကြီးတဲ့ ဗီလိန် ရာအူးလ်ဆီးလ်ဗား ရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ထဲက M ကို ဆွဲထုတ်ယူဖို့ ဘွန်းက သူ့ရဲ့ သစ္စာတရားကို ထိုးကျွေးလေမလားပဲ။ Adele ရဲ့ အဆို Skyfall သီချင်းသံက ဆွေးဆွေးမြေ့မြေ့ရယ်၊  “ဒါ အဆုံးသတ်ပဲ၊ အသက်ရှုသွင်းနေပါ၊ ပြီးတော့ ၁၀ အထိ ရေတွက်ပါတော့၊ ကမ္ဘာကြီးရွေ့နေတာ ခံစားပါ .. ပြီးတော့ကွယ် … ငါ့ နှလုံးသား နောက်ထပ်တစ်ကြိမ်ပေါက်ကွဲတာ ကြားလိုက်စမ်းပါ။ ဒီအဆုံးသတ်မှုအတွက်ပါပဲ…. ”

Flight
Drama
ပြသချိန်- ၁၃၈ မိနစ်
Paramount Pictures
ဒါရိုက်တာ - Robert Zemeckis
ထုတ်လုပ်သူ - Laurie MacDonald, Walter F. Parkes, Jack Rapke, Steve Starkey, Robert Zemeckis 
ဇာတ်ညွှန်း - John Gatins
သရုပ်ဆောင်များ - Denzel Washington, Kelly Reilly, Bruce Greenwood, Don Cheadle, John Goodman, Melissa Leo, James Badge Dae

Forrest Gump/ Cast Away နဲ့ What Lies Beneath ရုပ်ရှင်တွေရဲ့ အမေရိကန်ဒါရိုက်တာ Robert Zemeckis နဲ့ ဒန်ဇယ်ဝါရှင်တန်တို့  Flight မှာတွေ့ကြပါပြီ။ လေယာဉ်မှူး ကပ္ပတိန်ဝီလျမ်ဝစ်တိတ်ကာက လေယာဉ်ကို အရေးပေါ်အခြေအနေနဲ့ မြေပြင်ကို ခက်ခက်ခဲခဲ ထိုးဆင်းလိုက်ရတယ်။ လေယာဉ်ပေါ်မှာပါလာခဲ့တဲ့ အသက်တွေအားလုံး ကပ္ပတိန်ဝစ်တိတ်ကာက ကယ်တင်လိုက်နိုင်ပါတယ်။ အားလုံးဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ မြေပြင်ပေါ်ပြန်ရောက်ခဲ့ကြတယ်။ ဒါပေမဲ့ ကပ္ပတိန်ဝစ်တိတ်ကာအတွက်တော့ ဘေးအန္တရာယ်တွေက မကင်းရှင်းနိုင်ပါဘူး။ လေယာဉ်ပျံသန်းမောင်းနှင်စဉ်မှာ အရက်သေစာသောက်စားခဲ့သတဲ့။ ကပ္ပတိန်ဝစ်တိတ်ကာ ကိုယ်တိုင်တော့ အကျဉ်းသားအဖြစ် ဆင်းသက်လိုက်ရသလိုပါပဲ။ စုံစမ်းစစ်ဆေးမှုတွေ ကပ္ပတိန်ဝစ်တိတ်ကာ နောက်ကိုလိုက်နေတယ်။ ပြဿနာက ပိုပိုကြီးမားလာတယ်။ ကပ္ပတိန်ဝစ်တိတ်ကာ အပြစ်လို့ ဘယ်သူတွေကများ ဖန်တီးနေကြသတဲ့လဲ။ သတင်းထောက်တွေကလည်း တချိန်လုံး လိုက်လံမေးမြန်းနေတော့တယ်။ “ကပ္ပတိန် .. တစ်ခုခုကိုများ ဖုံးကွယ်ထားသလားတဲ့”။ အဲဒီတော့ … ကပ္ပတိန်ဝစ်တိတ်ကာ ကိုယ်တိုင်တောင်မသိတဲ့၊ နောက်ကွယ်က လုပ်ကြံ၊ ဖုံးကွယ်ထားမှုတွေကို ဖော်ထုတ်ရှင်းလင်းရတော့မှာပေါ့။
Living Fashion Magazine, November, 2012
မဉ္ဇူရီ

Saturday, October 27, 2012

ဝါလကင်းလွတ် သီတင်းကျွတ်

(ကိုကြည်နိုင် ကျုံတိုင်းရွာရဲ့ ဒီဇိုင်းလေးပါ)
ကောဇာသက္ကရာဇ် ၁၀၃ခုနှစ်ကဆုန်လပြည့်နေ့တွင် ဗုဒ္မသည် မာန်နတ်ရန်ကို နှိမ်နင်းအောင်မြင်အပြီး ဗောဓိပင်နှင့် ရွှေပလ္လင်ဝယ်ဘုရားရှင် အဖြစ်ဆိုက်ရောက်ခဲ့သည်။ ထိုမှ  ၀ါဆိုလပြည့်နေ့တွင် သာဝတ္ထိပြည် သဏ္ဍဗ္ဗသရက်ဖြူပင်အနီး တိတ္ထိတို့အား ရေမီးအစုံ တန်ခိုးပြာဋိဟာ ပြတော်မူသည်။

ထိုမှ တာဝတိံသာနတ်ပြည်ရှိ (ရှေးဘ၀က မယ်တော်မာယာဒေ၀ီ်ဖြစ်ခဲ့သူ) သန္တုတိသ နတ်သား အမှူးရှိသော နတ်ဗြဟ္မာအပေါင်းတို့အား ၀ါတွင်းသုံးလတိုင်တိုင် အဘိဓမ္မာတရားတော်မြတ်ကို နေ့ညမစဲ ဟောကြားမိန့်မြွက်တော်မူသည်။ (ထိုသို့ ဟောကြားတော်မူနေစဉ် ဗုဒ္မမြတ်စွာသည် ရုပ်ပွားတော်တစ်ဆူ ကိုယ်စားပြုထားရစ်ခဲ့ပြီး ကိုယ်တိုင်ဆွမ်းခံကြ ဘုဉ်းပေးတော်မူပါသည်။)

{အဘိဓမ္မာခုနှစ်ကျမ်း(မယ်တော်မိနတ်သားအား ၀ါတွင်းသုံးလကာပတ်လုံးဟောကြားတော်မူသော တရား)
(၁)ကုသိုလ် အကုသိုလ်ကိုပြသည့် ဓမ္မသင်္ဂဏီကျမ်း။
(၂) ခန္ဓာကိုယ်တရားအစုကို သုတ္တန်နည်း အဘိဓမ္မာနည်း၊ဖြင့်အမေးအဖြေပြုကာ ဟောကြားသော ၀ိဘင်းကျမ်း။
(၃) ဓာတ်သဘောတရားအမျိုးမျိုးကို ပြဆိုဟောကြားသော ဓာတုကထာကျမ်း။
(၄) လူပုဂ္ဂိုလ်အမျိုးမျိုးအလိုက်  ပညတ်ဟောကြားသော ပုဂ္ဂလပညတ်ကျမ်း။
(၅) အယူဝါဒဆိုင်ရာ ပြဆိုဟောကြားသော ကထာဝတ္ထုကျမ်း။
(၆) အနုလုံပဋိလုံ သိန္ဒိဋ္ဌာန် သံသယအစုံစုံဖြင့် ဟောကြားသော ယမိုက်ကျမ်း။
(၇) သဗ္ဗညုတညာဏ်တော် ကွန့်မြူးကျက်စားရာ ဖြစ်သည့် အကြောင်းကျိုးဆက်စပ် ဝေဖန်ဟောကြားသော ပဋ္ဌာန်းကျမ်း}

မယ်တော်မိနတ်သားအားဝါဆိုလပြည့်နေ့တွင်  စတင်ဟောကြားခဲ့သော အဘိဓမ္မာတရားတော်သည် သီတင်းကျွတ်လပြည့်နေ့မှာ ပြီးဆုံးခြင်းသို့ရောက်၍  နတ်ဗြဟ္မာတို့ ထိန်ထိန်ညီးထွန်းညှိပူဇော်အပ်သော ငွေစောင်းတန်း ရွှေစောင်းတန်း ပတ္တမြားစောင်းတန်းသုံးသွယ်တွင် အလယ် ရွှေစောင်းတန်းမှ မြတ်ဘုရားသည် သင်္ဂဿနဂိုရ်ပြည်အတွင်းသို့ ဆင်းသက်တော်မူသည်။ ထိုသို့ဆင်းသက်ခြင်းကို လူနတ်ဗြဟ္မာအပေါင်းတို့က သောင်းသောင်းဖျဖျ ကြိုဆိုကြရာဝယ် ဆီမီးရောင်စုံထွန်းညှိပူဇော်ခြင်းကို ယခုအခါ သီတင်းကျွတ်မီးထွန်းပွဲတော် ဟု သတ်မှတ်ခေါ်ဝေါ်ကြသည်။
တာဝတိံသာမှဆင်းသက်တော်မူခြင်းကို အစွဲပြု၍ တာဝတိံသာပွဲ ဟုလည်းခေါ်တွင်သည်။ တာဝတိ သာသည် မြင့်မိုရ်တောင်ထိပ်တွင် တည်ရှိသဖြင့် မီးမြင့်မိုရ်ပွဲ ဟုလည်း ခေါ်တွင်သည်။

ထို့ကြောင့် လူးတားစာဆိုဦးယာက
“ညီးညီးထိန်လင်း၊ ၀င်းဝင်းရောင်ရှိန်၊အာလိန်ငါးဆင့်၊ ရွှန်းရွှန်းတင့်သည်၊ နတ်မင့်းစံရာ၊ ၀တိန်သာမှ၊ေ၇ာင်ဝါရွှန်းစို မီးမြင့်မိုရ်”  ဟု ဖွဲ့နွဲ့ ရေးသားခဲ့သည်။

ရှင်စောမုနိမ် ၀တိန်ရပ်က ဘူမိန်သင်္ကဿပ်ဆင်းတဲ့ခါဆို၊ ရွှန်းအိပြာလဲ့စို ဟုလည်း ဖွဲ့နွဲ့ကြသည်။

မြတ်စွာဘုရားကိုယ်တော်တိုင် မယ်တော်မိနတ်သားအား ကျေးဇူးတုံ့ပြန်ခြင်းကို အစွဲပြုကာဗုဒ္မဘာသာဝင်တိုင်း ယနေ့ မျက်မှောက်ကာလအထိ စဉ်ဆက်မပြတ် တစ်နေ့တစ်ရက် တစ်မနက်ကြီးသူ လူကြီးမိဘ များအားကန်တော့ကြသည့် ထုံးတမ်းစဉ်လာ တည်ရှိခဲ့သည်။ တပည့်သားမြေးများက မိဘဆရာသမားကို ကန်တော့သည့် ထုံးတမ်းစဉ်လာတည်ရှိခဲ့သည်။

ထို့ပြင် ရဟန်းသံဃာအချင်းချင်းလည်း သီတင်းကျွတ်လပြည့်နေ့တွင် ၀ိနည်းဒေသနာတော်အရ ပ၀ါရဏာ ပြုကြရသည်။ အဓိပ္ပါယ်မှာ မိမိတို့တွင် ရဟန်းသံဃာတို့နှင့်မအပ်စပ်သော အပြစ်တစုံတရာပြုမိပါက ဖွင့်ဟ၀န်ခံ၍အပြစ်ဖြေလျော့ကြရသည်။ ကန်တော့ကြရသည်။ တောင်းပန်ကြရသည်။ မြတ်ဘုရားရှင် ချမှတ်သော စည်းကမ်းဥပဒေသည် ယခုခေတ်အလိုအရ ပြောရလျှင်ဒီမိုကရေစီနည်း အလွန်ကျသည်။ အမှားကိုပြုပြင် အမှန်ကိုဝန်ခံကြရသည့်ပွဲလည်းဖြစ်၍ တစ်ဘက်က အမှားကိုထောက်ပြပါရန် ဝေဖန်ပါရန် သုံးကြိမ်တိုင်တိုင် အနူးအညွှတ်တောင်းပန်ဖိတ်ခေါ်ရသည့်ပွဲလည်း ဖြစ်ပါသည်။ အချင်းချင်း စုပေါင်း ဝေဖန် သုံးသပ်ကြသည့် ပွဲဟုလည်း ခေါ်နိုင်ပါသည်။ သာသနာနှစ် ၂၅၀၀ ကျော်လာသည့်တိုင်ဆင့်ပွားဆင့်ပွား ထိန်းသိမ်းနိုင်ခဲ့သည့် ရဟန်းသံဃာများကိုလည်း ချီးကျူးဖွယ်ဖြစ်ပါသည်။

မိုးနှောင်းဝသန် ချိန်ခါ သုဉ်းလို့ ၊တိမ်ပြာအလုံးကြွေချင့်ချင် ဟု ဆိုရလောက်အောင်ရာသီဥတုက မှုံမှိင်းမှိုင်းမနေ သာတောင့်သာယာရှိသည်။ ပွင့်လင်းကြည်လင်နေသည်။ ရာသီအားဖြင့် တူရာသီ၊ နက္ခတ်အားဖြင့် အာသာဝဏီ စန်းနှင့်ယှဉ်သည်ဟု ဆိုပါသည်။ သီတင်းကျွတ်လကို စိမ်းမှောင်သော ကောက်ပင်တို့နှင့် ပဒုမ္မာကြာစသည့် ကြာမျိုးငါးပါးတို့က အလှဆင်ကြသည်တဲ့။

ဆီမီးမြင့်မိုရ်ရွှေဆင်ပွဲနှင့်၊  
ဆင်နွဲဖို့ တနှုံးမသိန်၊
 ပိတုန်းတောင်ယှက်လိမ်၊ 
ပဒုမာတမွှတ် ညှာညွှတ်အိမ်မှာ၊ 
 ကြာဝတ်သယ်ချိန် ကြည်နူးရန်ပလေး။
သာလွန်မင်းတရားလက်ထက်က မီးမြင့်မိုရ်ပွဲနှင့်အတူ ရွှေဆင်လှူပွဲ ကျင်းပခဲ့ကြောင်း သိရပါသည်။ ကြာဝတ်မှုံတို့ကို ဟိုသည်ကူးသန်း သွားလာ သည်ဆောင်နေသည့် ပိတုန်းကောင်များသည်လည်း တောင်ပန်ချင်း လိမ်ယှက်နေကြသည်ဟု ရှေးလူများက စာဖွဲ့ကြပါသည်။
ရဟန်းတော်များကို ၀ါဆိုစေသည့် သဘောမှာ  ထိုဝါတွင်းကာလများသည်  လူတို့ စပါးစိုက်ခြင်း တောင်ယာလယ်တော လုပ်ငန်းဝင်ခြင်း ပြုရသည့်အချိန်ဖြစ်ပါသည်။
ရဟန်းတော်များ ခရီးသွားလာလှည့်လည်ခြင်းအားဖြင့် လယ်လုပ်သူတို့ကို အနှောင့်အယှက်ပေးရာ မရောက်အောင် အသီးအနှံများကို နင်းခြေ ဖျက်ဆီးရာမကျအောင် ကျောင်းမှာပင် ၀ါဆိုနေထိုင်ကြရန် မြတ်ဘုရားက ပညတ်ခဲ့ခြင်းဖြစ်ပါသည်။
ဤကား မြန်မာဗုဒ္မဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုတစ်ခုသာတည်း။     ။

ခင်မေသစ်

သီတင်းကျွတ်သင်ပုန်းကြီးဖတ်စာ

ကိုကြည်နိုင် ကျုံတိုင်းရွာ facebook က ပုံပါ။
(ပုံလေးအတွက် ကျေးဇူးအများကြီးတင်ပါတယ်)
(ဒီပုံလေးကိုလည်း သဘောကျလို့)
သီတင်းကျွတ်တော့မည်။
ငယ်ငယ်ကဆို မူးနေအောင်လှည့်ပြီး ကန်တော့ရလို့ မူးခဲ့ပါသည်။
အစ်ကိုတွေ အစ်မတွေဆီက မုန့်ဖိုး ရခဲ့/မရခဲ့ မမှတ်မိပါ။
မူးတာပဲမှတ်မိပါသည်။
ငယ်ငယ်က အိမ်ကိုစာလာလာသင်ပေးတဲ့ ကန်နားကျောင်းက ဆရာကြီး ဦးမြအောင်ကို ...
သီတင်ကျွတ်တိုင်း မိသားစုလိုက် သွားကန်တော့ရတာကိုလည်း အလွန်အမှတ်ရပါသည်။
ဆရာကြီး နဲ့ အန်တီ ချကျွေးတဲ့ မုန့်တွေ၊ လက်ဖက်တွေလည်း သတိရလွန်းပါသည်။
ဆရာကြီးအိမ်မှာ သီတင်းကျွတ်သီချင်းဆိုလှည့်လာတဲ့ကားတွေကို စောင့်ကြည့်ရတာလည်း သတိရပါသည်။
ဆရာကြီး အိမ်ရှေ့မှာ ကားတွေရပ်တဲ့ point ရှိပါသည်။
ဆရာကြီးအိမ်ဘေးက ဒေါ်ငွေရင် အိမ်က အလှူငွေတွေအများကြီးထည့်တော့
အဆိုတော်တွေက သီချင်းတွေအများကြီး၊ အကြာကြီးဆိုပါသည်။
ဒေါ်ငွေရင်အိမ်ကနေသွားစောင့်ရင် ကံကောင်းရင် နာမည်ကြီးအဆိုတော်တွေနဲ့ မိတ်ဆက်စကားစမြည်ပြောဖို့ အခွင့်အရေးရနိုင်ပါသည်။

ဆရာကြီး ဦးမြအောင် မနက်ခင်းတွေ အစောကြီး စာသင်ဖို့ ရောက်လာတဲ့နေ့တွေကို အမြဲလွမ်းပါသည်။
အဲဒီတုန်းကတော့ စိတ်ညစ်ပါသည်။
အစ်ကို ရရ နဲ့ ကျွန်မ က ဆက်အိပ်ချင်ပါသေးသည်။
ဆရာကြီးက ရောက်နေပါပြီ။
မထကြတော့ မေမေက ကျိတ်ပြီးနိုးပါသည်။
မရတော့ ခြေဖ၀ါးကို ဂလိထိုးသလိုနဲ့ ဂလိထိုးတာထက် ပိုပြင်းသောကုတ်ဆွဲခြင်းနှင့် နိုးတတ်လေသည်။

ဆရာကြီးက သင်္ချာသင်အလွန်တော်ပါသည်။
ပျဉ်းမနား ကန်နားကျောင်းက ကျောင်းအုပ်ဆရာကြီးဖြစ်ပါသည်။
စေတနာအလွန်ကောင်းပါသည်။
ရိုးရိုးအေးအေးနဲ့ သဘောကောင်း၊ခန့်ချောချောသောဆရာကြီးဖြစ်ပါသည်။
ဆရာကြီးကတော် အန်တီကလည်း စေတနာကောင်းလှသည်။
အိမ်မှာစာလာသင်သော ကလေးတွေကို လစာမယူပဲနှင့်ကို ထမင်းကျွေးပြီးသင်ပေးတတ်သောဆရာမျိုးဖြစ်ပါသည်။
ဆရာကြီးဦးမြအောင်ကို သီတင်းကျွတ်တိုင်း သတိရမိသည်။
ဆရာကြီး ဦးမြအောင်အကြောင်း စာတစ်ပုဒ်ရေးချင်သော်လည်း ခုထိမရေးနိုင်ခဲ့သေးပါ။
ဆရာကြီးက အလယ်မှာထိုင် ကျွန်မနဲ့ အစ်ကိုရရကို "အရကြီး နားလည်လား" "အပကြီး နားလည်လား" ဆိုပြီးတံတောင်နဲ့ တွက်ပြီး မေးတတ်သေးတာကိုလည်း အမြဲလွမ်းဆွတ်မိပါသည်။

ဆရာကြီးပြန်တာနဲ့ ဆရာကြီးအောက်ထပ်တံခါးဝ စက်ဘီးလေးတွန်းထုတ်ကာရှိသေးသည်။
ကျွန်မနှင့် ရရ က ကျောက်စားပွဲကြီးပေါ် ရောက်နေနှင့်ပြီ။
ဆရာကြီးအတွက် မေမေချကျွေးသောမုန့်တွေကို ဦးအောင်လုစားကြသေးသည်။
ဆရာကြီးကတော့ တပြုံးပြုံးနှင့် ရယ်ပါသည်။
ကျွန်မတို့ကတော့ မုန့်များများစားရဖို့ပဲ ဦးတည်လုကြပါသည်။
(ဆရာကြီးက မုန့်တွေ ဘယ်တော့မှ အကုန်မစားပါ။
အမြဲ ကျန်နေတတ်ပါသည်။ အခုတော့ ဆရာကြီး တမင်ချန်ထားတတ်သလားတွေးမိပါသည်)

အခု .. ဆရာကြီးကို ကန်တော့ချင်ပါသည်။
ဆရာ၊ ဆရာမ အားလုံးကို စိတ်ထဲကနေ ရည်မှန်းကန်တော့ချင်ပါသည်။
ဖေဖေ၊ မေမေ၊ ကိုကို မမတွေကိုလည်း စိတ်ထဲကနေ ကန်တော့ပါသည်။
စိတ်ထဲကနေပဲ ကန်တော့နိုင်ရွေ့ စိတ်တော့မကောင်းလှပါ။
ကိုယ်ထိလက်ရောက် ကန်တော့ဖို့ ကြိုးစားပါဦးမည်။

ဆရာ ဆရာမ၊
ဖေဖေ၊ မေမေ၊ ကိုကို၊ မမ၊ ကိုယ့်ထက်အသက် တစ်ရက် တစ်မနက်ကြီးသောသူများအားလုံးကို ကန်တော့လိုက်ပါသည်။
မုန့်ဖိုး ကိစ္စကတော့ မမှတ်မိတော့လည်း နေပါစေပေါ့။ :D
ကိုယ့်ကို ကန်တော့မယ့် သူများကိုလည်း ကြိုဆိုပါသည်။
အသက်ကလည်း တရှိန်ထိုး ကြီးလာပြီဖြစ်သည်။
မုန့်ဖိုး ကိစ္စကတော့ မမှတ်မိပါလို့ပဲ ပြောချင်ပါသည်။

သီတင်းကျွတ်မှာ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း
သီတင်ကျွတ်သင်ပုန်းကြီး ဖတ်စာ ဒီတွင်ရပ်ပါတော့မည်။ ။

ဆရာကြီး ဦးမြအောင် ၏ တပည့်ရင်း "အပကြီး"
(facebook ကိုဖွင့်ရင်း စိတ်ထဲပေါ်လာတာချရေးမိတာနဲ့ ဘလောဂ့်မှာပါတင်ပါသည်)

Friday, October 26, 2012

နှင်းဆီမယ်

Beauty & the Beast 
တခါတုံးက တောရွာလေးတခုမှာ ကုန်ရောင်းကုန်ဝယ် ခရီးထွက်လေ့ရှိတဲ့ ကုန်သည်တယောက်ရှိတယ်။ သူ့မှာ လှပတဲ့  သမီးသုံးးယောက်လဲ ရှိသတဲ့။ မကြီး မလတ် မငယ် ဆိုပါတော့ ။မကြီးနှင့် မလတ်က အလှအပ အ၀တ်အစား အလွန်မက်ပြီး သူ့ တို့  ဘခင် ခရီးထွက်ရင် ဟိုဟာ ၀ယ်ခဲ့ပါ ဒီဟာ ၀ယ်ခဲ့ပါနှင့် အဖိုးတန် လက်ဝတ်ရတနာလိုမျိုး ပိုးဖဲ ကတ္တီပါလိုမျိုး မှာလေ့ ရှိသတဲ့။ မငယ်လေးကတော့ “သမီးလေး ဘာမှာမလဲ ဘာလိုချင်လဲ မေးရင် "ဖေဖေသင့်တင့်သလို ၀ယ်ပါ လို့ ပြောတတ်တယ်ကွဲ့။ သူက စိတ်ထားလဲဖြူစင် စာနာတတ်တဲ့သူဆိုတော့ သူ့ ဘခင် ငွေကုန်ကြေးကျ များမှာ စိုးရိမ်ရှာတယ်။ အခု တစ်ခေါက်လဲ “ဖေဖေကုန်ရောင်းကုန်ဝယ် သွားရလိမ့်မယ် ငါ့သမီးတွေ ဘာမှာမလဲ" လို့ ကုန်ရောင်းသွားကာနီးလို့ မေးပြန်တဲ့အခါ  အကြီး  သမီးနှစ်ယောက်ကတော့ ခါတိုင်းလိုပါဘဲ အကောင်းစားပစ္စည်းတွေ အဖိုးတန်လက်ဝတ်ရတနာတွေ ၀ိုင်းမှာကြသတဲ့ ။ အငယ်သမီးကလေးကတော့ “ဖေဖေရယ် သမီးအတွက်တော့ နှင်းဆီပန်းလေးတစ်ပွင့် ပဲ ၀ယ်ခဲ့ပေးပါ" လို့ ထူးထူးခြားခြား မှာသတဲ့။

Wednesday, October 24, 2012

မနူဟာမင်း

photo from
ကျွန်မအမေက မနူဟာမင်းအကြောင်းကိုတော့ ပြောမပြခဲ့ဖူးပါဘူး။ ဒါပေမဲ့ မနူဟာဘုရင်ရဲ့ ဘ၀ဇတ်ကြောင်းကလေးက သနားစရာလဲကောင်း စိတ်ဝင်စားစရာလဲကောင်းလွန်းလို့ ကျွန်မက ဖြိုးဖြိုးကို ပြောပြချင်နေတယ်။ ဖြိုးဖြိုး သိပြီးလည်းဖြစ်မှာပါ။ မနူဟာဘုရားကိုလဲ ဖူးမြင်ပြီးဖြစ်မှာပါ။ မနူဟာဘုရင်ဆိုတာက သထုံကပါ။ ရှေးတုံးအခါကတော့ သုဝဏ္ဏဘူမိသထုံပြည်တဲ့ခေါ်ကြတယ်။ အသောကမင်းကြီးက ကိုးတိုင်းကိုးဌာနကို သာသနာပြု စေလွှတ်ရာမှာ အရှင်သောဏမထေရ်နှင့် အရှင် ဥတ္တရ မထေရ်တို့ကို သုဝဏ္ဏသထုံပြည် စေလွှတ်ခဲ့တယ်တဲ့။ ဒါ့ကြောင့် သထုံပြည်ဟာ အစောဆုံး ဗုဒ္မသာသနာလွှမ်းခြုံရာဒေသဖြစ်ပါတယ်။ ဒီတုံးက လာအို  ယိုးဒယား ကမ္ဘောဒီးယားတို့ဟာ သထုံဘုရင်ရဲ့ လက်အောက်ခံများဖြစ်ပါသတဲ့။ ရှေးအခါသမယက မြန်မာနိုင်ငံဟာ ခုခေတ်လို့ ပြည်ထောင်စု ပုံစံမဟုတ်ဘဲ  သူတလူ ငါတမင်း နိုင်သလောက် ရသလောက် သိမ်းပိုက် အုပ်ချုပ်ပြိး မင်းလုပ်နေကြတာကလား။ ဒီတုံးက ပုဂံပြည်မှာ အနော်ရထာမင်းကြီးအုပ်ချုပ်နေတာလေ။ သုဝဏ္ဏဘူမိသထုံပြည်မှာတော့ မနူဟာဘုရင် မင်းလုပ်စိုးစံနေခိုက်ပါ။ ဗုဒ္မဘာသာကို အစောဆုံးကိုးကွယ်ဆည်းကပ်ခွင့်ရတဲ့မင်းပေါ့။  သထုံပြည်မှာ အစောဆုံး ဗုဒ္မသာသနာ ရောင်ဝါ ထွန်းလင်းခဲ့တာပါ။

 ဒါပေမဲ့ သထုံမှာက သထုံကွက်ကွက်ကလေးဘဲ ဗုဒ္မဘာသာဝင်ရှိပြီး ဘေးပတ်ဝန်းကျင်မှာ မဟာယန တန္တရ မန္တရ ဂိုဏ်းတွေက မှိုလိုပေါက်နေသတဲ့။ ဘုရင်ကိုယ်နှိုက်ကလဲ ယောင်ဝါးဝါးနဲ့ ရဟန်းတော်များကို သိပ်ပြီးအထောက်အပံ့မပေးဘူးတဲ့။ ။ဗျတ်ဝိဗျတ္တ တို့ရဲ့ ဆရာ(ပုဂံရာဇ၀င်မှာ သိဒ္ဓိပေါက် ကိုယ်ပျောက်တဲ့တန္တရဂိုဏ်းသား)ကို နန်းဦးတင်ထားပြီးကိုးကွယ်နေသတဲ့။ (ဗျတ်ဝိဗျတ္တ ဆိုတာကလဲ မြိုံရိုးကို ခုန်ကျော်ပျံလွှားနိုင်တဲ့ အိန္ဒိယတိုင်းသား လူစွမ်းကောင်းတွေလို့ ပုဂံရာဇ၀င်မှာဆိုပါတယ်။)
 ဒါ့ကြောင့် ရှင်အရဟံဆိုတဲ့ ရဟန်းတော်တပါးက  သထုံကိုစွန့်ခွာပြီး ဘုန်းတံခိုးကြီးမြတ်တဲ့ အနော်ရထာမင်းကြီးထံ ကိုးစား ယုံကြည်စွာ လာရောက် တောင်းဆိုခြင်းဖြစ်တယ်။

ရှင်အရဟံဟာ ပုဂံပြည်ကို ကြွချီလာပြီး ပုဂံပြည်မှာ ဗုဒ္မအယူဝါဒထွန်းကားပြန့်ပွားပါစေဆိုတဲ့ စေတနာနဲ့ အနော်ရထာမင်းကြီးကို သထုံပြည်က ပိဋကတ်တော်များ ပင့်ဆောင်ဖို့ တိုက်တွန်းနိုးဆော်ပါတယ်။ အနော်ရထာကိုယ်နှိုက်ကလဲ အရည်းကြီးတို့ရဲ့ အသွင်သဏ္ဍာန်ကို မနှစ်မျို့ဘဲ တရားစစ် တရားမှန်ကို လိုလားတောင့်တနေခိုက် ဆိုတော့ အကြိုက်တွေ့သွားတာပေါ့။  အနော်ရထာမင်းကြီးဟာ သထုံပြည်ကရဟန်းတော်များနှင့်တကွ  ပိဋကတ်တော်များကို ဆင်ဖြူတစီးလက်ဆောင်ပေးပြီး သံတမန်များစေလွှတ်ပင့်ဆောင်စေပေမဲ့ ဘုရင်က ပိဋကတ်တော်အစုံ(၃၀)ရှိသည်ကိုလည်း ခွဲဝေပေးခြင်းမရှိတဲ့အပြင် သံတမန်များကို   မခြေမငံ ပြောဆိုလိုက်တဲ့အတွက် အနော်ရထာမင်းဟာ ကိုယ်တိုင် စစ်ချီတက်သိမ်းပိုက်ဖို့ ဆုံးဖြတ်ခဲ့ရတယ်။

အဲဒါကြောင့် သာသနာ သက္ကရာဇ်၁၆၀၀ခုနှစ်မှာ အနော်ရထာမင်းကြီးဟာ သထုံကိုစစ်ပြုလို့ အလွယ်တကူအောင်နိုင်တဲ့အခါ ပိဋကတ်တော်အစုံ(၃၀)နှင့်တကွ အရိယသံဃာအပါး တထောင်ကိုပင့်ဆောင်ခဲ့ပြီး မနူဟာမင်းနှင့်တကွ မိဖုရား မောင်းမမိဿံကျေးကျွန်များ၊ လက်မှုပညာသည်များကို  အားလုံးခေါ်ယူခဲ့ပါသတဲ့။ ပုဂံကိုရောက်တဲ့အခါ မင်းနှင့်တကွ မိဖုရား ကျေးကျွန်တို့ကိုဘုရားကျွန်အဖြစ် တတန်းတည်းထားပြီး  လှူဒါန်းလိုက်ပါသတဲ့။ 

ဒီနေရာမှာ ဘယ်လိုပဲ မခြေမငံပြောပြော  သူပိုင်ပစ္စည်း မပေးနိုင်ဘူး ပြောပြော ဒီလိုမျိုး လုပ်ဖို့မသင့်ဘူး ထင်တယ်နော်။ အနော်ရထာဘုရင်ရဲ့ သာသနာပြုလုပ်ငန်းအ၀၀ကို ချီးကြူးစရာ ရှိပေမဲ့ တစ်ပါးဘုရင်ကို  ဘုရားကျွန်အဖြစ် ထားတာကတော့ ဆိုးလှတယ်။ စစ်တိုက်သိမ်းပိုက် ပြီး ယူလာခဲ့ရင် ပြီးနေတာဘဲမဟုတ်လား။ သူများနိုင်ငံ ခေါ်လာပြီး အရှက်တကွဲ ဘုရားကျွန်အဖြစ်အထားခံရတော့ ရှက်ရှာမှာဘဲ။ သူလည်း ကိုယ့်ထီးကိုယ့်နန်းနဲ့ အုပ်ချုပ်လာတဲ့ မင်းတစ်ပါးပဲမို့လား။ လက်အောက်ခံ ဘုရင်ငယ်အဖြစ် သထုံမှာဘဲ ထားလိုက်ဖို့သင့်ပါတယ်။ ခုတော့ သေတာထက် အရှက်ခွဲခံရတာက ပိုလို့ ဆိုးတာပေါ့။ အရှက်ကြီးတဲ့ တောင်ကိုးရီးယား သမ္မတတောင်သူ့ရဲ့ဂုဏ်သိက္ခာအတွက်  တောင်ပေါ်က ခုန်ချသေခဲ့ပါရောလား။ ဗုဒ္မဘာသာမှာတော့ မိမိကိုယ်ကိုရော တပါးသူကိုရောသေကြောင်းမကြံရပါဘူး။ ဗုဒ္မက တင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်။ 

ဒီလိုနဲ့ မနူဟာမင်းဟာ ဘုရားစောင့် ဘုရားကျွန်အဖြစ် နေခဲ့ရာကနေ စိတ်ကူးကောင်းပုံပြောပါတယ်။ ပါလာတဲ့ လက်ဝတ်ရတနာတွေ ထုခွဲ ရောင်းချပြီးဘုရားတည်ပါသတဲ့။ ဘုရားတည်တဲ့အခါ ဘုရားကြီးက ဧရာမကြီး။ လူတိုင်းက တအံ့တသြ မော့ကြည့်ရတယ်။ သူတကယ် ခံစားနေရတဲ့ အတွင်းစိတ်ဝေဒနာကို သေသေချာချာ ဖေါ်ကျူး ထားပုံရတယ်လို့ မြင်သူတိုင်း ယူဆကြတယ်။ ဘာဖြစ်လို့လဲဆိုရင် 
ကိန်းဝပ်စံပယ်ရတဲ့ အဆောင်နေရာက ဘုရားကိုယ်ခန္ဓာနဲ့  အံကိုက်ကြီးလေ။ ပန်းလှူစရာ နေရာမရှိ ထိုင်ပြီးဘုရားကြည်ညိုစရာနေရာမရှိ။ ဘုရားဖူးသူတိုင်းလဲ မသက်မသာ မလှုပ်သာ မလှည့်သာ ကျဉ်းကျဉ်းကြုတ်ကြုတ်နဲ့။ အမိုးကလဲဦးခေါင်းတော်နဲ့  ကွက်တိ။ နေရာအလပ်မရှိ။ တကယ့်ကို စိတ်မောစရာကြီးပါဘဲ။

အော်.. မနူဟာမင်း ခမြာ ဘယ်လောက် များ စိတ်သောကများခဲ့ရှာပါလိမ့်။

ယနေ့အထိ ဒီဘုရားကို လေ့လာကြသူတွေအဖို့  မနူဟာမင်းကြီးဟာ သူ့ရဲ့ ရင်တွင်းခံစားချက်နဲ့  စိတ်ညစ်ညူး ကြပ်တည်းမှုကို အပြည့်အ၀ လူသိအောင် ဒီနည်းနဲ့  ထင်ဟပ်ပေါ်လွင်စေခဲ့တာပဲလို့ ယူဆလိုရင် ယူဆနိုင်ပါတယ်။ လွတ်လပ်မျှတမှုမရှိခဲ့ရှာတဲ့ ဘုရင်တစ်ပါးအတွက် စာနာစိတ်နဲ့ ဖြိုးဖြိုး သိပါစေ လို့ ပုံပြင်လိုလို စာဖွဲ့ပြီး ပြောပြရခြင်းဖြစ်ပါတယ်။       ။

ခင်မေသစ်

သွေးဆာတဲ့ဘုရင်ဒရက်ကူလာ ရဲ့ မြို့တော်ဆီ အပိုင်း (၂)

"ဆီဂီရွှားရားမြို့ နဲ့ ဘရာရှော့ဗ်မြို့ထဲ လျှောက်ကြည့်ကြမယ်နော်"
  
ဆီဂီရွှားရားကို ရောက်တယ်ဆိုရင်ပဲ ခုခေတ်အဆောက်အဦးတွေရဲ့အလယ် သစ်ရွက်စိမ်းတွေဝေနေတဲ့ အပင်တွေကြားမှာ ရှေးဟောင်းအဆောက်အဦးကြီးကို တွေ့လိုက်ရပါပြီ။ တောင်ကုန်းမြင့်မြင့်ပေါ်မှာ ၀ါဝါညိုရောင်၊ တချို့နေရာတွေမှာ ပန်းရောင်ပြေး အုတ်သားအင်္ဂတေ အချပ်အချပ်တွေ ဟိုမှာဒီမှာလစ်ဟာလို့နေတဲ့  မြင့်မြင့်မားမားအဆောက်အဦးပေါ့။ မိုးသားတွေအလိပ်လိပ်ထနေတဲ့ ကောင်းကင်ကြီးရဲ့အောက်က ပြသာဒ်အိုးလုံးလုံးဝန်းဝန်း၊ ချွန်တက်နေတဲ့ထိပ်ဖျားပုံပါရှိတဲ့ Clock Tower နဲ့ ရှေးဟောင်းအဆောက်အဦးကိုတွေ့လိုက်ကြရတယ်။ ကားပေါ်ကလူတွေအားလုံး ကားမရပ်သေးခင်မှာကိုပဲ ဓါတ်ပုံတွေ အမိအရ ရိုက်ယူကြပါတယ်။ tour bus တွေရပ်တဲ့နေရာမှာ ရပ်လိုက်ပြီးတာနဲ့ ချက်ချင်းပဲ အဆောက်အဦးရှိရာဆီသွားကြမယ်လို့ tour guide က ပြောပါတယ်။ လူတွေအားလုံးကိုစုတယ်။ သူနဲ့ပဲအတူလိုက်ခဲ့ဖို့ ပြောပါတယ်။ ဘေးက အဆောက်အဦးသစ်တွေကြားထဲမှာ ရှေးဟောင်းအဆောက်အဦးကြီးက မပြုမပြင်ရှေးခေတ်လက်ရာအတိုင်းရှိနေဆဲပါ။ ဦးတည်ရာပေါင်းစုံကနေ ချိတ်ဆက်နေကြတဲ့ လျှပ်စစ်မီးကြိုးတွေ၊ ဖုန်းလိုင်းတွေကြိုးတွေကတော့ ရှေးဟောင်းအဆောက်ကြီးကို ကြက်ခြေခတ်တွေများများခြစ်ကာ ဖုံးကာထားသလိုပါပဲ။ ကျောက်တုံးလေးထောင့်ကွက်တွေ မြှုပ်ပြီးခင်းထား၊ ဆောက်ထားတဲ့ လှေကားထစ်တွေအတိုင်း တောင်ကုန်းပေါ်ကိုတက်လာခဲ့ကြတယ်။

Saturday, October 20, 2012

မင်းမဟာဂီရိ

တကောင်းရာဇ၀င်မှာ သူမပါမပြီးတဲ့ ပုဂ္ဂိုလ်ကတော့ အိမ်တွင်းမင်းမဟာဂီရိအမည်ခံ  ပန်းပဲဆရာကြီး ဦးတင့်တယ်ပါဘဲ။ အမေပြောတဲ့ပုံပြင်တွေမှာ သူ့အကြောင်းလဲ ပါပါတယ်။ အလွန်ကြေကွဲစရာကောင်းတဲ့ ပုံပြင်ကလေးပါဘဲ။
ကျွန်မတို့ အမေက ပုံပြောကောင်းတယ်။ လူက ဖြူဖြူနုနု ပိန်ပိန်ပါးပါး ပုပုပြတ်ပြတ်လေး။ သနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်းထားရင် သိပ်ကျက်သရေရှိတာဘဲ။ မျက်စိကောင်း နားကောင်း သွားကောင်း သေတာတောင် ဆံပင် မဖြူပါဘူး။ ကျွန်မတို့ အမေများခေတ်က မိန်းကလေးဆို ၄တန်းလောက်နဲ့ ကျောင်းနှုတ်ကြသတဲ့။ ဒါပေမဲ့ ဘုန်းတော်ကြီးကျောင်း နေကြသူဆိုတော့ ပါဠိဘာသာ တတ်ကျွမ်းကြပါတယ်။ ယက္ကန်းအတတ်လဲ တတ်ကြရပါတယ်။ ကျွန်မတို့ အမေဆို ဇာထိုးပန်းထိုး လဲ တတ်တယ်။ တက်တင်းဇာလဲ ထိုးတတ်တယ်။ အိပ်ယာခင်း ခေါင်းအုံးစွပ် ကုလားထိုင်စွပ် စားပွဲခင်းတွေဆိုရင်  အမေက အဖြူရောင်ဘဲသုံးပြီး တက်တင်းဇာနားကွပ်ထားတာပါ။

အမေက ပါဠိဘာသာ တတ်ကျွမ်းတော့ ရှေးဟောင်းစာပေတွေကိုပါ အခက်အခဲမရှိဖတ်နိုင်မှတ်နိုင်လို့  ဗဟုသုတပိုကြွယ်ဝပါတယ်။ ကျွန်မက အမေ့ကို မမှီပါဘူး။ ဒီတော့ဗုဒ္မ၀င်  ပုံပြင်ဒဏ္ဍာရီ စသည် နှံ့နှံ့ စပ်စပ် ပြောတတ်တာပေါ့။ ခုပုံပြင်ကလဲ အမေပြောတာတွေထဲက တခုပါ။ ဖြိုးဖြိုးတို့မောင်နှမတတွေကို ကျွန်မ မပြောပြခဲ့ရသေးဘူး။ ဒါဟာ ကျွန်မရဲ့ အားနည်းချက်ပါဘဲ။ ဒီအားနည်းချက်ကို ဖြည့်စွမ်းတဲ့အနေနဲ့ ခု ဖြိုးဖြိုး ဖတ်ဖို့ ဆိုပြီး ရေးပြနေခြင်းဖြစ်ပါတယ်။
“သနား..စရာ ကောင်းတဲ့..ပုံပြင်ဝယ် ….. လွမ်းစရာ  ..ဆွေးစရာ တွေနဲ့  အိမ်တွင်း ..မှာ ..ချိတ်ကိုး ပါ…သည်…ဦးတင့်တယ်တဲ့  အိမ်တွင်း မင်းမဟာ ဂီရီ…။  တကောင်း..ပြည်…ဦးတင့်တယ် အမည်  …ဆင်ပြောင် စွယ်ကို ချိုး နိုင်အောင်သာ..ခွန်အား ရှိပေသည်..အများသိပေသည်….”
ဟိုရှေးရှေးတုံးက တကောင်းပြည်မှာ ဆင်ပြောင်စွယ်ကို အလွယ်တကူ ချိုးယူနိုင်တဲ့ ပန်းပဲဆရာကြီး ဦးတင့်တယ် ဆိုတာ ရှိသတဲ့။ သူ့မှာ့ ညီမနှစ်ယောက်လည်း ရှိသတဲ့။ မိဘတွေ မရှိကြတဲ့နောက် အိုးအိမ်မထူထောင်ဘဲ ညီမနှစ်ယောက်ကိုဘခင်ပမာ  ကြွေးမွေးစောင့်ရှောက်နေရှာတာဖြစ်တယ်။ ဦးတင့်တယ်က ခွန်အားကြီးတဲ့သူဆိုတော့  တခါတရံ သူတူထုတဲ့အသံက တတိုင်းတပြည်လုံး သိမ့်သိမ့်တုန်သွားကရော ဆိုဘဲ။ ဒါနဲ့ တကောင်းဘုရင် က မကြာမကြာ ကြားနေရတဲ့တူသံကို ဘာသံလဲ လို့ မူးကြီးမတ်ကြီးတွေကို မေးသတဲ့။ အမတ်ကြီးတွေထဲမှာ တချို့က အကောင်းဘက်က လျှောက်တင်သလို အဆိုးဘက်က လျှောက်တင်တတ်တဲ့ သူလဲ ရှိတာကိုး။ တတိုင်းတပြည်လုံး တုန်ခါသွားအောင် တူထုနိုင်တဲသူဖြစ်လို့ နောင်တနေ့ မိမိထီးနန်းကို လုယူသိမ်းပိုက်မှာ စိုးရွံ့ တဲ့ တကောင်းဘုရင်က အမတ်ဆိုးဆိုးတွေနဲ့ တိုင်ပင်ပြီးအကောက်ကြံပါလေရော တဲ့။ 
“ပန်းပဲဆရာ..ဘာသာ ဘာဝ .၀မ်းစာတွေ ရှာဖွေ ..လာကြ ..ဆိုးတဲ့ ကံကြမ္မာ..ညှိုးဖွဲ့  ကြုံလာသည်..သူရသတ္တိဂုဏ်ရည်..တာမရှည်  အောင်ဘဲ..မင်းမြတ်ရာဇာ..လည်ဆည်ဥာဏ်နဲ့  နှမ ကေသီ…မဟာဒေ၀ီ …မြှောက်စားလို့ . ကြောက်အားနဲ့ ...ဖမ်းဆီး  ကြတော့..သည်။”
အကောက်ကြံပုံက ယဉ်ယဉ်ပဲ။ နှမကို တော်ကောက်ပြီး မောင်ကို သုတ်သင်ရှင်းလင်းမယ်ပေါ့လေ.။ တစ်နေ့ မောင်တင့်တယ်က မီးသွေးဖုတ်ဖို့ တောထဲအသွား  အမတ်ကြီးတွေက ဘုရင့်အမိန့်ပါတဲ့စာချွန်တော်ကိုဖတ်ကြားပြီး အိမ်ကို ရာဇမတ်ကွက်ကာ သဲဖြူခင်းလို့ ညီမ အကြီး မြတ်လှကို ဘုရင်က မိဖုရားမြှောက်ဖို့ ကောက်ယူတယ် ဆိုပြီး တချီထဲ ခေါ်သွားတာပေါ့။ အကိုဖြစ်သူက ပန်းဘဲဆရာဆိုတော့ ထင်းမီးသွေးလိုတယ်လေ။ မီးသွေးကျက်အောင်နေရတော့ နှစ်ရက် သုံးရက် တန်သည် တောထဲမှာရှိနေတာမို့ မသိရှာဘူး။ မီးသွေးကျက်လို့ မီးသွေးအိပ်ကြီးထမ်း ပြန်အလာ ညီမအငယ်လေးက ဆီးပြီးငိုယိုတိုင်တော့တာပေါ့။ မောင်တင့်တယ်က ဒေါသူပုန်ထ အရမ်းစိတ်ဆိုးပြီး တူကို နာနာထုပါလေရော။ တကယ်ဆို အကိုကြီးအဘအရာ တောင်းရမ်းပြောဆိုသင့်တာပေါ့။ ငါဘုရင်ဆိုပြီး လုပ်ချင်တိုင်းလုပ်ရမလားဆိုပြီး စိတ်ဆိုးတာပေါ့နော်။ သူမလွန်ပါဘူး။

သူက တူကို နာနာထုလေ ဘုရင်က ကြောက်လေ။ ကြောက်လေ အကောက်ကြံလေ။ ဒါပေမဲ့ ဘုရင်ကလဲ အကြံသမား။ အမတ်ကြီးတွေလွှတ်ပြီး စိတ်မဆိုးပါနှင့် မောင်ကြီးကိုလဲ မြို့စားနယ်စားအရာချီမြှင့်ပါ့မယ် လို့ ဥာဏ်ဆင်ပြီး ဝေါနဲ့များတောင် ထမ်းခေါ်သွားသတဲ့။ မြတ်လှကိုလဲ နားသွင်းပြီး အကြည်အသာ လိုက်လာဖို့ ဖြားယောင်းခိုင်းတာပေါ့လေ။ နှမအငယ်လေးကိုလဲ အခြွေအရံပေး အဆောင်ပေး မွေးမယ်ပေါ့လေ။ မောင်တင့်တယ်တို့ မြတ်လှ တို့ ဆိုတာက တောသူ တောင်သား ရိုးလွန်း အလွန်းတော့ တဘက်ကလဲ ရှင်ဘုရင်လဲ ဖြစ်နေတော့ မလွန်ဆန်သာဘူး နှမလေးတွေ ကောင်းစားဖို့ဘဲလို့ တွေးပြီး ယုံစားပြီးအကြည်အသာ လိုက်လာခဲ့တာပေါ့။

နန်းတော်ရောက်တော့ ဘုရင်က အတွေ့တောင်မခံပါဘူး။ တခါတည်း စကားပင်မှာမီးဖိုကျင်တင် ထိုး သတ်တော့တာပဲ။ အဆင်သင့်ပြင်ထားတာလေ။လူသူအင်အားမျာစွာနဲ့ ၀ိုင်းဖမ်းတော့ မောင်တင့်တယ်လဲ ဘယ်လောက် ခွန်အားကြီးကြီး မခံနိုင်ရှာဘူးပေါ့။
“လည်ဆည်ဥာဏ်နဲ့ မင်းရယ် ..မင်းငယ်..မင်းရယ်လေး…..×စကားပင်..ကားစင်တင်၍ ရက်စက်စွာ ကြမ်းကြုတ်စွာ…မင်းယုတ်ရယ် ..ပြုရက် လေတယ်…။”
ဒီအကြောင်း မြတ်လှက ကြားတဲ့အခါ ရင်ကွဲနာကျရှာတာပေါ့။ သူ့မောင်ကြီးဟာ သူ့ကြောင့် မီးရှို့အသတ်ခံရတယ်လို့ စိတ်နှလုံး ညှိုးခြုံး ပူလောင်ပြီး အရူးတပိုင်းဖြစ်လို့ သူပါ..တခါထဲ မီးဖိုအတွင်း  ခုန်အဆင်း ဘုရင်ကလဲ လှမ်းအဆွဲ လိုက် မျက်နှာကိုပဲ ဆွဲမိတော့တယ် လို့ ဆိုပါတယ်။
“စကားပင်..မီးဖိုကျင်  တင်ကာ ထိုး….မြတ်မျိုးရဲ့  အမိမောင် …မချိအောင် ခင့်မှာ ရူး… လျင်စွာပြု ..မင်းမသမာ… ရင်သာထုလို့ ရတက်ပွေ ရှာ  အသက်သေစရာပ  ခုဝယ်များ…မီးစလို့ လောင်…”
မီးလောင်ကျွမ်းပြီးသေဆုံးသွားတဲ့အခါ နတ်မောင်နှမရယ်လို ဖြစ်လာပါတယ်။ ညီမအငယ်လေးကိုလည်း လိပ်ပြာနှုတ်ခေါ်ယူပြီး အတူထားပါသတဲ့။ အဲလိုနဲ့ သူတို့မောင်နှမ သေဆုံးခဲ့ရတော့  နတ်ဖြစ်သွားကြတဲ့ မောင်နှမ နှစ်ယောက်ဟာ သူတို့ရဲ့ နစ်နာမှု မကျေနပ်မှုကို ဖေါ်ပြတဲ့အနေနဲ့ စကားပင်အောက် ရောက်လာသူတိုင်း မူးရူးသွားအောင်ဖမ်းစားကြပါသတဲ့။ ကြာတော့ လူပြောသူပြောများလာတဲ့အခါ ဘုရင်က စကားပင်ကို အမြစ်ကတူး ခုတ်လှဲပြီး ဧရာကြောမျောလိုက်ပါတော့တယ်။

အဲဒီ စကားပင်ဟာ အနော်ရထာ စိုးစံနေတဲ့ ပုဂံပြည်ကို ရောက်သွားပါတယ်။ တိုင်းသူပြည်သားတွေကို ရင်ဝယ်သားလို ချစ်ခင်ကြင်နာ သနားတတ်တဲ့ အနော်ရထားမင်းကြီးဟာ ခိုကိုးရာမဲ့နေတဲ့ မောင်နှမကိုပုပ္ပါးအရပ်ဒေသမှာ  မင်းမဟာဂီရိ ဘွဲ့အမည်နဲ့   နေရာထိုင်ခင်းအဆောင်အယောင်တခု အပိုင်စားပေးသနားပြီး ကောင်းစွာထားပါသတဲ့။   မောင်တင့်တယ်ဟာ ညီမတွေကို မိဘသဖွယ် ကြင်နာစွာ ကြွေးမွေးစောင့်ရှောက်ခဲ့လို့ အိမ်ထောင်ဦးစီးကောင်းဖြစ်လို့မိမိတို့ အိမ်အသီးသီးမှာလဲ  အစစ အဆင်ပြေ ရန် အကြီးအကဲအဖြစ်  အိမ်တိုင်းအိမ်တိုင်းက အုံးငှက်ပျောနဲ့ အသိအမှတ်ပြု ချိတ်ဆွဲကြတာ ပုဂံခေတ်ကတည်းကပါပဲ။ ရိုးရာအနေနဲ့ လက်ဆင့်ကမ်းလို့ ယနေ့တိုင် အိမ်တိုင်းချိတ်ကိုးကြပါတယ်။

ဗုဒ္မအလိုအရ အတွင်း၃၇မင်း အပြင်၃၇မင်းစတဲ့နတ်များဟာ သာသနာအပမှာ တည်ရှိနေတဲ့အတွက် သာသနာတွင်းက လူများဟာ အသိအမှတ်ပြုရုံကလွဲလို့ ကိုးကွယ်ဆည်းကပ်ခြင်းမပြုရဘူးလို့ ဆိုပါတယ်။ ကျွန်မတို့ မိဘများကလဲလယ်တီဆရာတော်ဘုရားရဲ့ တပည့်သားမြေးများဖြစ်လို့ လယ်တီဆရာတော်ဘုရား ရဲ့ အဆုံးအမကိုဘဲ  ခံယူပါတယ်။ ဂေါတမဗုဒ္မမှလွဲ၍ အခြား  ကိုးကွယ်ရာမရှိ လို့ အမြဲခံယူထားပါတယ်။ တချို့ကလဲ ကိုးကွယ်ခြင်းဆိုတဲ့အဆင့်မှာ မရောက်စေဘဲ အသိအမှတ်ပြုတဲ့အနေနဲ့ ၀ါဝင် ၀ါထွက် အုန်းလဲပေးကြတာမျိုးရှိပါတယ်။
“စိတ်နှလုံးဖြင့် မသာမကြည်…ရှင်ဘုရင် မုန်းးလို့ …ဆုံးရရှာသည်…တအိမ်လုံးဖြင့် ရိုသေပါသည်..နတ်ကွန်းစင် ပန်းပဲ မောင်တင့်တယ်..မမေ့ဖို့  ကိုးကြ သည်။”
ဒီတေးသီချင်းကို ဂျူဗလီစိန်က ရေးသားပြီး ပြည်လှဖေက သီဆိုထားပါတယ်။ ဖြိုးဖြိုးပြောသလိုပါပဲ ကမ္ဘာကြီးဟာ ရေးစရာတွေနဲ့ ပြည့်လျှံနေတော့ ရေးရပါလိမ့်အုံးမယ်။

ခင်မေသစ်

Thursday, October 18, 2012

အမေဇုံမြစ်သို့

 မြစ်ဝ
ဖြတ်သန်းရာ နိုင်ငံများ - ဘရာဇီးလ် ကိုလံဘီယာ ပီရူး တောင်အမေရိက

မြစ်လက်တက်များ။
ညာဘက်တွင်  (Ucayali , Purus Madeira, Xingu, Tocantins, Leticia,Manaus  အဓိက မြစ်လက်တက်များရှိသည်။
အရှည်……….6,400 km (4,000 မိုင် )
မြစ်ဝှမ်းအကျယ် .7,050,000 k 2 (2,720,000 sq mi)
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် 5,170m(16,962 ft)
အင်းဒီးစ် တောင်တန်းများမှ မြစ်ဖျားခံ စတင်ခဲ့ပြီး အတ္တလန်တစ်သမုဒ္ဒရာအတွင်းသို့ စီးဝင်သည်။
အမေဇုံမြစ်၏ ထင်ရှားသိသာသော မြစ်လက်တက်များ
အမေဇုံမြစ်ဝှမ်းဒေသ
အမေဇုံ (Amzone)အမည်မှာ အင်္ဂလိပ်အခေါ်အဝေါ်သာဖြစ်သည်။ စပိန်ဘာသာဖြင့် သော်၎င်း ပေါ်တူဂီဘာသာဖြင့်သော်၎င်း သီးခြားအခေါ်အဝေါ်များရှိသည်။

ကမ္ဘာပေါ်ရှိ အရှည်ဆုံးမြစ်ကြီးခုနှစ်စင်းတွင် တောင်အမေရိကတိုက်မှ  အမေဇုံမြစ်သည် ဒုတိယအရှည်ဆုံးဖြစ်ပြီး မြစ်ရေစီးဆင်းရာတွင် အကြီးဆုံးမြစ် ခုနှစ်စင်းထက်ပျမ်းမျှရေစီးဆင်းမှုနှုံး ပိုမိုသွက်လက်များပြားသည်။
ရေပေါ်ရွာကလေး
၁၅၀၀တွင်ဗင်းဆင့် ပင်ဇွန် ဆိုသူ ဥရောပတိုက်သားတဦး ရွက်လွှင့် ရောက်ရှိလာသည်။၁၅၆၀တွင် အခြားပေါ်တူဂီလူမျိုး လုဒ် ဆိုသူရောက်ရှိလာပြီး  ၁၆၃ရတွင်ပေါ်တူဂီလူမျိုး စူးစမ်းရှာဖွေသူ ပီထရို ထရိုင်စီရာ ဆိုသူ အမေဇုံမြစ်ဝတွင် အချေချနေထိုင်ခဲ့သည်။
မြစ်စတင်ပေါ်ပေါက်ရာ မူလဒေသ ကို ဤသို့ အပါချီတာ ကျောက်ထရံကြီး အနီးရှိလက်ဝါးကပ်တိုင်အမှတ်အသားဖြင့် ညွှန်ပြထားသည်။
အမေဇုံမြစ်၏ဇစ်မြစ်
အမေဇုံမြစ်သည် မြစ်လက်တက်ပေါင်းထောင့်တရာကျော်ကျော် ရှိသည့်အနက်ဆယ့်ခွန်နှစ်ခုသည် ကီလိုမီတာ ထောင့်ငါးရာကျော် (မိုင်အားဖြင့် ၉၃၀ မိုင် ကျော်)ရှည်လျားကြပြီး ကိုလံဘီယာနိုင်ငံတွ င် အဓိကကျသော မြစ်မကြီးများ အသွင်တည်ရှိသည်။ အီကွေဒေါနိုင်ငံနှင့် ပီရူးနိုင်ငံတို့ရှိမြစ်များသည်လည်း အရေးပါသော မြစ်လက်တက်များအဖြစ်  အမေဇုံမြစ်အတွင်း သို့တိုက်ရိုက်စီးဝင်သည်။
 မြစ်၏ရေကြီးနေသည့် အစိတ်အပိုင်းတခုကို နာဆာမှ ရိုက်ကူးထားပုံ
 အမေဇုံမြစ်၏ မြစ်လက်တက်နှစ်ခု ပေါင်းဆုံရာ (ရိုင်အိုနီဂရိုးမြစ်နှင့်ရိုင်အို ဆိုလီမိုးစ်မြစ်)
မြစ်ဝအကျယ်ဘယ်လောက်ဆိုတာ ပထ၀ီအနေအထား ထူးခြားနေခြင်းကြောင့် ခုထိ ပညာရှင်များငြင်းခုံဆဲဖြစ်ပါတယ်။
အမေဇုံမြစ်ဝတောင်ဘက်ခြမ်းကို ဆဲတဲလ်လိုက်မှကြည့်လျှင်  မြင်ရပုံ
အမေဇုံမြစ်၏ မိုးသည်းစိုစွတ်ချိန်
သိပ္ပံဆရာအချို့က နိုင်းလ်မြစ်ထက် ပိုရှည်လျားသည်၊  အမေဇုံမြစ်က ကီလိုမီတာ ၆၉၉၂ (၄၃၄၅မိုင်) ရှိပြီး နိုင်းလ်မြစ်က ကီလိုမီတာ၆၈၅၃(၄၂၅၈မိုင်)သာရှိသည်ဟု ကောက်ချက်ချကြသည်။၂၀၀၇ခုနှစ်  ဇွန်လ ၁၆ရက် BBC သတင်းကလည်း နိုင်းလ်မြစ်ထက် ပိုရှည်ကြောင်း ဆိုခဲ့သည်။
လူကို အန္တရယ်ပေးနိုင်သော်လည်း ဖျံဘီလူးကြီးများ၏သားကောင် ဖြစ်ရသည့် ပီရန်ညားငါးများ
နို့တိုက်သတ္တ၀ါများ  ရှစ်ပေ ခြောက်လက်မအရွယ်ရှိ အသက်နှင့်အလိုက် အရောင်ပြောင်းလဲတတ်သည့် လင်းပိုင် စသည် (ငယ်စဉ်ဘ၀တွင် အညိုရောင် အရွယ်ရင့်ကျက်လာသော် ပန်းရောင် အဖြူရောင်သို့ ပြောင်းလဲတတ်သည်)ပင်လယ်ဖျံ နှင့် သားစား အပင်စားသတ္တ၀ါများ ပျော်မွေ့နေထိုင်ကြသည်။   ဝေလငါး နှင့်ငါးမန်းကြီးများမှစ၍ ငါးမျိုးစိတ်ပေါင်း ၅၆၀၀ ကျော်ရှိသည်ဟု သုတေသန ပုဂ္ဂိုလ်တို့က ဆိုသည်။                 
မန်ဒူရူကူ အင်ဒီးယဲန် လူမျိုးများ ပန်းချီကား(၁၅၆၀ တွင် ဟာကျူလီ ဖလောရင်းက ရေးဆွဲသည်)
စပိန်လူမျိုးစစ်ဘုရင် လု( ပ် )အာဂွာရီ က ဒုတိယ မျိုးဆက်အဖြစ်အမေဇုံသို့ ရောက်ရှိခဲ့သည်။

၁၆၃၇ နှင့် ၁၆၄၇အတွင်းစပိန်လူမျိုးများ လူပေါင်း၂၀၀၀ကျော် ကနူးလှေ ၃၇စင်းဖြင့် အင်အားပြည့်ဖြိုးစွာ ရောက်ရှိလာကြသည်။ ၁၆၄၈-၁၆၅၂တွင်ပြင်သစ်မှ  အန်ထော်နီယို ရာပိုဆို တာဗာရီဦးဆောင်၍ ဆပိုလိုမှအမေဇုံမြစ်ဝအထိခရီးမိုင်ပေါင်းများစွာ စွန့်စားရှာဖွေ လေ့လာခဲ့ကြသည်။ ရိုင်အိုနီဂရိုးအပါအ၀င် မြစ်လက်တက်များ၏ အသုံးဝင်ပုံ ကို ကီလိုမီတာ တသောင်းကျော်(မိုင်အားဖြင့်၆၂၁၄မိုင်)အကျယ်အ၀န်းကို စုံစမ်း စစ်ဆေးကြည့်ရှုကြသည်။ ဘရာဇီးလ် အီကွေဒေါလ် ဘိုလီဗီးယား ၊ကိုလံဘီယာ၊ပီရူး၊ ဗင်နီဇွဲလား စသည်ကိုလိုနီ နိုင်ငံများမှ လာရောက်ကြသူများ။မစ်ရှင်ကျောင်းများတည်ထောင်ကြသူ သာသနာပြုသင်းအုပ်ဘုန်းကြီးများ၊ ခရစ်ယန်တရားဟောဆရာများ ကုန်ကူးသန်းရောင်းဝယ် ဖေါက်ကားလိုသူများဖြင့် အမေဇုံမြစ်သည် စည်ကားသိုက်မြိုက်လာသည်။ချားလ်မေရီ ဒီ  လာ ကွန်ဒါမိန်း ၏ သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာသူများ တဖွဲဖွဲ ရောက်ရှိလာကြသည်။
 ၁၈၄၈ - ၁၈၅၉ ခုနှစ်တွင် ရှာဖွေစွန့်စားသူ
ဟင်နရီဝေါ်တာဘေ့သ် ရောက်ရှိခဲ့သည်။၁၈၅၀ခုနှစ်စက်တင်ဘာလ(၆)ရက်တွင်ပြင်သစ် ဧကရာဇ်ဘုရင် ပီထရိုတူး(PedroII) က Maua   မြို့စားကို အာဏာအပ်နှင်း၍ ရေကြောင်းခရီးစုန်ဆင်းစေပြီးပြုရန်ရှိသည်တို့ကို ကိစ္စအ၀၀ဆောင်ရွက်စေသည်။၁၈၅၂ခုနှစ်တွင်လည်း မြို့စားများကို မီးသင်္ဘောငယ်သုံးစင်းဖြင့်လည်း စေလွှတ်၍ရိုင်အို ဒီဂျနေးရိုး အမေဇိုနီးယားများနှင့် မိတ်ဖွဲ့ခါ သက်ဦးဆံပိုင်ဘုရင်ဘွှဲကို ခံယူသည်။
နာဆာမှ ရိုက်ကူးခဲ့သော မြစ်၏ မိုးကြီးရေလျှံ  ပုံရိပ်အစိတ်အပိုင်းတခု
၁၈၅၇တွင် တန်၂၀၀ ၀န်ဆောင်မှုပေးနိုင်သော မီးသင်္ဘောငယ်များဖြင့် ကုန်ပစ္စည်းများတင်ဆောင်ကာ လစဉ်ကူးသန်းရောင်ဝယ်မှု ဆိုင်ရာ သဘောတူစာချုပ်ကိုအတည်ပြု၍  ပါရာနှင့် မာနျူးစ်မြစ်များအကြားမှာ ကူးသန်းသွားလာခဲ့သည်။ ဤကဲ့သို့ ဆောင်ရွက်နိုင်မှုသည် ပြည်တွင်းရေကြောင်းကုန်စည်ဖြန့်ဖြူးရောင်းဝယ်မှုအစပျိုး ဖွင့်လှစ်ခဲ့နိုင်ခြင်းဟု ဆိုရမည်ဖြစ်သည်။
အမေဇုံမြစ်အတွင်းမှာ ကူးချီ သမ်းချီ ၀န်ဆောင်မှုပေးနေတဲ့ ပီရူးက ရေပေါ်သွား တက္ကစီလေး
အမေဇုံမြစ်အထက်ပိုင်း
 မြွေတကောင်လို ကောက်ကောက်ကွေ့ကွေ့ စီးဆင်းနေတဲ့မြစ်က အူယားစရာ…
လက်တင် အမေရိကဲန်နှင့် သို့မဟုတ် အမေရိကဲန်အင်ဒီးရဲန်နှင့်စပိန်မျိုးနွယ်တို့မှ ဆင်းသက်သော ဒေသခံဌာနီတိုင်းရင်းသား လူမျိုးစု များ အမေဇုံ တ၀ိုက် ပျံ့လွင့်နေထိုင်ကြသည်။(၄င်း၏ဦးခေါင်းပုံ)
ထိုမှ ယနေ့တိုင် အမေဇုံမြစ်သည် လူတို့ အများဆုံးစိတ်ဝင်စားမှု ဖြစ်လာနေဆဲ ဒေသတခုဖြစ်သည်။

Wednesday, October 17, 2012

ရေသူမကလေးပုံပြင်

ဒီပုံပြင်ကလေးက အမှန်တော့ အင်္ဂလိပ်ကဗျာတပုဒ်ပါ။မေမေ ငယ်ငယ် wesley ကျောင်းမှာ နေစဉ်တုံးက  ဆရာမ ပြောပြတဲ့ ဇတ်လမ်းလေး ဆိုပါတော့။နောင်အခါ မေမေ့ အကို မောင်ကြည်ရှင် ရန်ကုန်တက္ကသိုလ်ကျောင်းတက်တုံးက  ဥပစာ တန်းမှာ အဲဒီကဗျာ သင်ရတယ်လို့  ထင်ပါတယ်။ ကဗျာခေါင်းစဉ်ကိုတော့ မမှတ်မိတာလား နဂိုထဲက မသိတာလား ဆိုတာကို မသိတော့ပါဘူး။

ဟို ရှေးရှေးတုံးက ပင်လယ်ကမ်းစပ် တနေရာမှာ တံငါရွာလေးတရွာရှိသတဲ့။တံငါရွာ ဆိုတဲ့အတိုင်း ငါးဖမ်းခြင်းနဲ့  အသက်မွေးနေထိုင်ကြတာပေါ့ကွယ် ။အဲဒီရွာ မှာ ဘုရားရှိခိုးကျောင်းကလေးတကျောင်းလဲ ရှိသတဲ့။ အသက်အတော်အတန်ကြီးပြီဖြစ်တဲ့ ရွာသားတယောက်က ကျောင်းစောင့်အဖြစ် တာဝန်ယူနေရတာပေါ့ကွယ်။ တနေ့တော့ ဘုရားရှိခိုးကျောင်းစောင့်ကြီးဟာ ပင်လယ်ကမ်းစပ်မှာ  ငါးဖမ်းနေစဉ် ထူးထူးဆန်းဆန်း ပိုက်ထဲကို တိုးဝင်လာတဲ့ ငါးလှလှလေးတကောင်က “ ကျွန်မကို လွှတ်ပါ ကျွန်မကိုလွှတ်ပါ .ကျေးဇူးဆပ်ပါမယ် “ လို့  တစာစာ အော်နေတော့ တငါသည် ကျောင်းစောင့်လဲ လန့် ဖြန့် ပြီး ပိုက်ကြီးပါလွှတ်ချပြစ်လိုက်သတဲ့။ဒီတော့မှ ငါးကလေးဟာ ပိုက်ထဲကနေ တိုးထွက်ပြီး ရေထဲ ငုတ်ဆင်းသွားပါလေရောတဲ့။

နောက်နေ့ နောက်နေ့ တွေမှာလဲ ကျောင်းစောင့်ကြီးဟာ ငါးကလေးကို တွေ့ ရလို တွေ့ ရငြား ပိုက်ချကြည့်ပေမဲ့ မတွေ့ ရတော့ပါဘူး တဲ့။ ဒါနဲ့  ကျောင်းစောင့် ကြီးလဲ လက်လျော့ ရတာ့တာပေါ့. မေ့တော့ မမေ့နိုင်ဘူးတဲ့။ သူဘဲ နားကြားလွဲသလား ငါးသတ္တ၀ါကဘဲ တကယ် လူစကားပြောသလား ၀ိုးတ၀ါးနဲ့ ဘဲပေါ့။
 တကယ်တော့ အဲဒီငါးကလေးဟာ ရေသူမကလေးတဲ့ကွဲ့ ။သူကလဲ ကျောင်းစောင့်ကြီးကို သတိရနေတာပေါ့။ သူ့ ကို လွတ်ပေးလိုက်တဲ့အတွက် ဘယ်လို ကျေးဇူးဆပ်ရမလဲ အမြဲ တွေးနေသတဲ့။ အဲဒီရေသူမလေးမှာ မိဘတွေလဲ ရှိတယ် ညီမတွေလဲ ရှိတယ် တဲ့။

ဒါနဲ့ တနေ့ တော့ ရေသူမလေးဟာ ညီမတွေနှင့် ပျော်ပျော်ပါးပါး ရေကူးနေရင်း အဖေါ်ကွဲ ပြီး  သူတယောက်ထဲ  ကုန်းပေါ် ရောက်သွားသတဲ့။ ကုန်းပေါ်လဲ ရောက်ရော  သူက လူယောင်ဆောင်လိုက်သတဲ့။ ရေသူမတွေက မြွေမင်းသားလေးလိုဘဲ နော် ။ လူယောင်ဖန်ဆင်းနိုင်တယ် ။သူလဲ ကုန်းပေါ် ရောက်ကရော ဘုရားရှိခိုးကျောင်းက ခေါင်းလောင်းထိုးသံ ကြားရသတဲ့။ ဘုရားဝတ်ပြုဖို့  နိုးဆော်တဲ့အသံပေါ့ကွယ်။ အဲဒီခေါင်းလောင်းကို ကျောင်းစောင့်ကြီးက ထိုးလိုက်တာပေါ့။ ရေသူမလေးက ခေါင်းလောင်းသံလဲ ကြားရော ရင်ထဲမှာ သိမ့်ကနဲ ငြိမ့်ကနဲ ကြည်နူးသွားသတဲ့။ သာယာနာပျော်လိုက်တာဆိုပြီး တဖြည်းဖြည်း ခေါင်းလောင်းသံ ကြားရာ ဌာနအရောက် လျှောက်လာခဲ့တာပေါ့။ လူတွေ လူတွေ ဘုရားရှီခိုးကျောင်းထဲ ၀င် ၀င် သွားကြတာ မြင်တော့ သူတို့ ဘာ လုပ်ကြတာပါလိမ့် ဆိုပြီး ရေသူမလေးက စူးစမ်းသတဲ့။ ဒါနဲ့  နောက်ဆုံးတော့ ရေသူမလေးဟာ တခြားဘုရားရှိခိုးတဲ့သူတွေနဲ့ ရောနေလိုက်သတဲ့။ နောက်ပြီး ကျောင်းစောင့်ကြီးကို မြင်တော့လည်း သိဟောင်းကျွမ်းဟောင်းတယောက်လိုဘဲ ရင်းးနှီးနေသတဲ့။ ကျောင်းစောင့်ကလဲ ရေသူမလေးမှန်း မသိပေမဲ့  အလားတူ သိဟောင်းကျွမ်းဟောင်းတယောက်လိုဘဲ ခံစားရသတဲ့။ဝတ်ပြုဆုတောင်းပွဲ ပြီးသွားတဲ့အခါ သူတို့ ချင်း နှုတ်ဆက်မေးမြန်းပြီး ပို ပိုရင်းနှီးလာပြီး သူမဟာ လှေတစင်းနဲ့ မျောပါလာတာဖြစ်ကြောင်း အဖေါ်တွေနဲ့ ကွဲသွားကြောင်း သနားစဖွယ် ပြောပြပြီးတဲ့အခါမှာသနားကြင်နာတတ်တဲ့ ကျောင်းစောင့်ကြီးဟာ သူ့ အိမ်ကို ခေါ်သွားပြီး စောင့်ရှောက်ထားရာက နောက်ဆုံးတော့ အဲဒီ ဘုရားကျောင်းကလေးမှာဘဲ နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြားလိုက်ကြသတဲ့။ ဒီလိုနဲ့  သူတို့နှစ်ဦးမှာ သမီးတယောက် သားတယောက် ထွန်းကားလာသတဲ့ကွယ်။ ဒီအချိန်ထိလဲ ကျောင်းစောင့်ကြီးဟာ ရေသူမဆိုတာ မသိသေးဘူးတဲ့။ လူတယောက်ရဲ့  ပြုမူဆက်ဆံပုံအတိုင်း ပိရိသေသပ်နေတော့ ဘယ်သူကမှ မသိကြပါဘူးတဲ့။ ဒါပေမဲ့ သူမဟာ ခလေးနှစ်ယောက် ရအပြီးမှာ တော့ ကျောင်းစောင့်ကြီးကို ငိုယိုပြီး သူမဟာ တကယ်တော့ ရေသူမတယောက်သာ ဖြစ်တာမို့  ဒီ့ ထက်ပိုလို့ နှစ်ကြာကြာ နေလို့ မရတော့ကြောင်းပြောပြသတဲ့။ သူလဲ ဟန်ဆောင်နေထိုင်ရတာ ပင်ပန်းလှပြီလို့  ၀န်ခံရှာတယ်။ ဒီလို အားရှိပါးရှိပြောဆိုစရာရှိတာ ပြောဆိုအပြီး သူတို့  အားလုံး ရေသူမလေးကို ပင်လယ်ကမ်းစပ်အထိ လိုက်ပို့ ကြတယ်။ ခလေးတွေကလဲ ငိုတာပေါ့။ ကျောင်းစောင့်ကြီးကလဲ ဒီလိုဘဲ နေကြတာပေါ့ကွာ ဘာမှ ဖြစ်စရာ အကြောင်းမရှိပါဘူးလို့  ဘယ်လို ပြောပြော သူ မကို မိဘတွေက ခေါ်နေပြီဲဖြစ်ကြောင်း ဒီထက် ပို နေလို့ မရဘူး ပြောပြီး သူမကို ခွင့်လွှတ်ပါလို့ ပြောပြောဆိုဆို ရေထဲ ဆင်းသွားသတဲ့ ။ ရေထဲလဲ ရောက်ရော တခါတည်း ရေတပိုင်းကုန်းတပိုင်း သတ္တ၀ါ မလေးတန်းဖြစ်သွားတာပေါ့ကွယ်။ခါးအောက်ပိုင်းက ငါးအကြေးခွံ တွေနဲ့ အမြီးနဲ့ တကယ့် ငါးတကောင်ရဲ့  ခန္ဒာကိုယ်ပေါ့။ ခါးအပေါ်ပိုင်းမှာတော့ ပန်းချီဆရာတွေ စိတ်ကူးယဉ်ဖန်တီးထားတဲ့ အတိုင်းဘဲ ဆိုပါတော့။

ရေထဲ ရောက်သွားတဲ့  ရေသူမလေးဟာ မြွေမင်းသားလေးလိုဘဲ တောထဲရောက်တော့ တောစိတ်ဝင်သွားပြီး ကလေးကိုလဲ မသိတော့ဘူး။ မထွေးလေးကိုလဲ မမှတ်မိတော့ သလိုပါဘဲ ရေသူမလေးလဲ ရေထဲလဲ ရောက်ကရော ရေစိတ်မွန်ပြီး တခါတည်း နောက်ပြန်မကြည့် ရေငုတ်ပျောက်ကွယ်သွားပါရောတဲ့ကွယ် ။ ဒီနေ့ အထိ သူ ပြန်မလာတော့ပါဘူး။ ကျောင်းစောင့်ကြီးနဲ့ ခလေးနှစ်ယောက်ကတော့ ညနေစောင်းတာနဲ့  ပင်လယ်ကမ်းနား အပြေးသွားလို့  မေမေရေ ပြန်လာပါ  ။မေမေရ ပြန်လာပါ နှင့် ရေသူမလေးဆင်းသွားတဲ့ နေရာနားကနေ .ခုထိ အော်ခေါ်နေတုံးပါဘဲ တဲ့။ ကျောင်းစောင့်ကြီးက ပိုတောင် ဆိုးပါသေးတယ်။ ရေသူမလေးကို တနေ့ မှ မေ့ မရနိုင်ဘဲ တမ်းတမ်းတတ လွမ်းလွမ်းဆွေးဆွေး  တကြော်ကြော် ဟစ်အော်လို့  ခေါ်နေဆဲပါတဲ့ ကွယ်။ ကျောင်းစောင့်ကြီးခမြာ ခလေးတွေကို ဘယ်တယောက် ညာတယောက် ထမ်းပြီး ယနေ့ တိုင် ပင်လယ်ကမ်းနားမှာ လမ်းလျှောက်ရင်း စောင့်နေဆဲဘဲ  လို့  ကဗျာက ဆိုပါတယ်။     

မေမေ ခင်မေသစ်

ဒရက်ကူလာတွေနေတဲ့ အိမ်

အောက်တိုဘာလ ၃၁ ရက်နေ့ကို နီးကပ်လာတာနဲ့ ဟဲလိုးဝင်းနိုက်(Halloween Night) ကို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲချင်တဲ့ လူငယ်လေးတွေရှိကြမှာပါ။  ဟဲလိုးဝင်းနိုက်ပါတီပွဲကျင်းပဖို့ စိတ်ကူးရှိကြမယ့် လူငယ်လေးတွေအတွက် ကိုယ့်ရဲ့အိမ်ကို ဒရက်ကူလာသွေးစုတ်ဖုတ်ကောင်တစ်ကောင်ရဲ့ အိမ်မျိုးပြင်ဆင်ဖန်တီးတဲ့အခါ ဘာတွေလိုအပ်နိုင်မလဲ ကိုယ်ပိုင်စိတ်ကူးအမျိုးမျိုးနဲ့ စိတ်ကြိုက်ဖန်တီးကြည့်နိုင်ပါတယ်။  ဟဲလိုးဝင်းနိုက်အတွက်ဆိုရင် ဖရုံသီးကိုထွင်းထားတဲ့ မီးအိမ်ကိုလည်း ပြင်ဆင်ရဦးမှာပါ။ အရိုးစုပုံစံ၊ လင်းနို့ပုံစံတွေကိုလည်း အခန်းထဲဟိုဟိုဒီဒီ နေရာချပေးရပါလိမ့်ဦးမယ်။ လူကြီးမိဘတွေအတွက် စိတ်အာရုံ ရှုပ်ထွေးညစ်ညူးတာတွေတော့ဖြစ်ကြမှာပါပဲ။ လူငယ်လေးတွေအတွက်ကတော့ ချောက်ချားထိတ်လန့်စရာပျော်ရွှင်မှုကို ဖန်တီးဖို့ စိတ်လှုပ်ရှားနေကြမှာပါ။ နိုင်ငံရပ်ခြားကလူငယ်လေးတွေရော ဟဲလိုးဝင်းနိုက်မှာ ပျော်ရွှင်စွာဆော့ကစားဖို့ ဘယ်လိုပြင်ဆင်ဖန်တီးကြလဲသိရှိနိုင်အောင်  ဟဲလိုးဝင်းနိုက်ထဲက သရဲအိမ်တစ်အိမ်ရဲ့အခင်းအကျင်းကို ဖော်ပြပေးလိုက်ပါတယ်။
ကြောက်လန့်စရာအိမ်တစ်အိမ် ခြယ်မှုန်းဖန်တီးတဲ့အခါ အတွင်းပိုင်းအခင်းအကျင်းကိုသာမကဘဲ အိမ်အပြင်ဘက်ကနေလှမ်းဝင်လာတာနဲ့ ကျောချမ်းစရာကောင်းသွားအောင် အိမ်ရဲ့အပြင်ဘက်ကိုလည်း ပြင်ဆင်သင့်ပါတယ် လို့ ဒီဇိုင်းပညာရှင်တွေကပြောပါတယ်။

အိမ်တံခါးဝင်ပေါက်ရှေ့ကို ခြေစုံရပ်လိုက်တာနဲ့ ပထမဆုံး စတင်ခြောက်လှန့်နိုင်ဖို့ ပင့်ကူအိမ်ဒီဇိုင်းခြေသုတ်ဖုံက အသင့်တော်ဆုံးပါပဲ။

ခြံထဲမှာရှိနေတဲ့ ပန်းအိုးလွတ်တစ်လုံးထဲမှာ ဒီလို စုံးမခြေထောက်ဇောက်ထိုးပုံစံ ထိုးထိုးထောင်ထောင်ပြင်ဆင်ထားလိုက်မယ်ဆိုရင် အနည်းငယ်ထိတ်လန့်မိမှာပါ။

ကတ်ထူးပြားကို ဒီလိုပုံစံမျိုးရအောင်ဖြတ်၊ ညှပ်၊ ကပ်ပြီး ခြံထဲမှာ ထောင်ထားမယ်ဆိုရင်ရော။

အရိုးစုသဏ္ဍာန်ပလာစတာရုပ်တွေ ခပ်များများရဖို့ကတော့ ငွေကုန်ကြေးကျများနိုင်ပါတယ်။ ဒါပေမဲ့ သူတို့တွေက ဟဲလိုးဝင်းပါတီကိုလာတဲ့ဧည့်သည်တွေကို ကြိုဆိုရေးအတွက် သိပ်ကိုအားကိုးရပါလိမ့်မယ်။

ဒီလိုပန်းချီရေးဆွဲခြယ်မှုန်းဖို့အတွက် မခက်ခဲလှသလို၊ ချစ်စရာကောင်းတဲ့ အလိုက်ဖက်ဆုံးဒီဇိုင်းလည်း ဖြစ်သွားနိုင်ပါတယ်။

အိမ်ခန်းအပြင်၊ အတွင်း ဒီလို  မျက်လုံးပြူးကျယ်ကျယ်လေးတွေ အများကြီးပဲ အသုံးပြုနိုင်ပါတယ်။ လွယ်လည်းလွယ်ကူပြီး မျက်လုံးတွေအများကြီးနဲ့ စောင့်ကြည့်နေခံနေရသလိုခံစားချက်မျိုးက အသည်းအေးစရာပါ။

စတစ်ကာလှလှလေးတွေနဲ့ ပြူတင်းပေါက်မှန်တွေမှာကပ်ထားလိုက်မယ်။ ရွှေဝါရောင်မီးအလင်းရောင်မျိုးနဲ့ဆိုရင် ထူးခြားတဲ့သရဲအိမ်လေးပေါ့။

သူတို့က ခြံထဲမှာ ဒီလိုစောင့်နေကြလိမ့်မယ်။

အိမ်ခန်းထဲက ဟယ်လိုဝင်းအသုံးအဆောင်တွေ
အတွင်းခန်းထဲ ထားနိုင်တဲ့ အပြင်အဆင်လေးတွေမှာ ဖရုံသီးမီးအိမ်ထွန်းညှိလို့ရလောက်အောင်အထိ ထွင်းစရာမလိုပဲ ပါးစပ်ပေါက်မှာ အစွယ်ဖွေးဖွေးနဲ့ ဆိုတော့ ထရန်ဆေးလ်ဗေးနီးယားက ဒရက်ကူလာဝိညာဉ်လို အာရုံခံစားမိကြမှာပါ။
ရိုးရှင်းတဲ့ ဒီ အလှဆင်ပစ္စည်းလေးဆိုရင်လည်း ကြည့်ပါ။ လေတင်းတင်းပူဖောင်းတွေမှာ ဆေးအမဲရောင်နဲ့ ခြယ်မှုန်းလိုက်ရုံပါပဲ။


အနက်ရောင်ဆက်တီတွေနဲ့ အ၀ါရောင်အခန်းတစ်ခန်းမှာ အခန်းဆီးတွေဟာ ပိုးမွှားတွေဟိုသည်ကိုက်လို့ ဖွာရရာကျဲနေလိုက်တာများ။ ခါတိုင်းထည့်ထားနေကျ မိသားစုဓာတ်ပုံလေးတွေကို အသာဖြုတ်သိမ်းပြီး မျက်လုံးပုံစံတွေ ဆေးခြယ်ထားလိုက်မယ်။ မှန်ချပ်တွေမှာပါ မျက်လုံးပုံတွေခြယ်မှုန်းထားမယ်ဆိုရင်တော့ မှန်ကြည့်ရမှာ တော်တော်လေး ၀န်လေးစရာဖြစ်နေတော့မှာပဲပေါ့။  

သိပ်ကောင်းတဲ့စိတ်ကူးလေးပါ။ အနက်ရောင်မပါပဲ ပြီးပြည့်စုံစွာမျက်ပဉ္စလက်ဆန်တဲ့အခန်းအပြင်အဆင်ရဖို့ မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့်ပဲ စက္ကူအနက်ရောင်နဲ့ အရိပ်မည်းသဏ္ဍန်တစ်ခုပုံဖော်ပြီး လှေကားထစ်တွေမှာ ကပ်ထားလိုက်မယ်။ တစ်ယောက်ယောက်က ချောင်းမြောင်းစောင့်ကြည့်နေသလို၊ ကိုယ့်ကိုလှမ်းပြီးတို့ထိလိုက်တော့မလိုခံစားရမှာ အသေအချာပါ။

Easter egg တော့မဟုတ်ပါဘူး။ Halloween egg ပါတဲ့။

ဒီလိုပြင်ဆင်ထားမယ်ဆိုရင် အဲဒီဝိုင်ခွက်တွေ ဘယ်သူကများ လက်ကမ်းလို့ လှမ်းယူရဲပါ့မလဲ။

ချစ်စရာကောင်းတဲ့ ချိတ်ဆွဲစရာ စာရွက်ခေါက်ဟဲလိုးဝင်းမျက်နှာလေးတွေ။



အလိုက်ဖက်ဆုံးအသွေးအရောင်တွေနဲ့ လှလှပပခင်းကျင်းထားတဲ့ ဟဲလိုးဝင်းစားပွဲဝိုင်း။
 
ပြုလုပ်ရတာ လွယ်ကူတဲ့ အနက်ရောင်စက္ကူအခန်းဆီးနဲ့ အိမ်ခန်းအပြင်အဆင်မှာ .

အနောက်နိုင်ငံတွေမှာ ဟဲလိုးဝင်းနိုက်ပွဲတော်ညအတွက် အိမ်ခန်းပြင်ဆင်ပေးတဲ့ဝန်ဆောင်မှုတွေ ရှိနေကြတယ်။ ဟဲလိုးဝင်းလက်မှုပစ္စည်းတွေ နှစ်စဉ်အောက်တိုဘာလမှာ တွင်တွင်ကျယ်ကျယ်ရောင်းချနေကြပါတယ်။ (မြန်မာနိုင်ငံမှာတော့ အဲဒီအလေ့အထမွေးဖွားရာဒေသ မဟုတ်တဲ့အတွက်  ဟဲလိုးဝင်း အိမ်ခန်းပြင်ဆင်မှုတွေပြုလုပ်လေ့မရှိပါဘူး။) ဒရက်ကူလာတွေ၊ သွေးစုတ်ဖုတ်ကောင်တွေရဲ့ အိမ်နေရာအပြင်အဆင်ကို ဟဲလိုးဝင်းပျော်ပွဲရွှင်ပွဲအခမ်းအနားတွေမှာ ကိုယ့်စိတ်ကူးအတိုင်း ပျော်ရွှင်စရာ၊ ချောက်ချားစရာ၊ ကျောချမ်းစရာကောင်းလောက်အောင် အမျိုးမျိုး ပြုပြင်ဖန်တီးကြပါတယ်။

အားလုံးအတွက် ပျော်ရွှင်ဖွယ်ရာ ဟဲလိုးဝင်းကာလလေးဖြစ်ပါစေ။         ။
Living Fashion Magazine, Octber, 2012
မဉ္ဇူရီ