Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts
Wednesday, September 09, 2015
ကျွန်မပခုံးပေါ်ကလျှောကျသွားတဲ့မောင်ရဲ့လက်တွေ(အက်ဆေး - ၉)
          မောင်... မှတ်မိဦးမလာပဲ...။
          ကျွန်မကတော့ ကောင်းကောင်းကြီးကို အမှတ်ရနေမိတယ်။
          ဗိုလ်ချုပ်လမ်းက national CDအရောင်းဆိုင်ကလေးမှာပေါ့။ မောင်နဲ့... အို မဟုတ်ဘူး၊ မောင့်ရဲ့ လက်တစ်စုံနဲ့ အရင်ဆုံးတွေ့ခဲ့ရတာ ဘယ်မေ့နိုင်ဦးမှာလဲ မောင်ရယ်။
          အဲဒီတုန်းက အခုလိုပဲ မိုးကလေးက အုံ့မှိုင်းနေသေးတော့... တကယ့်ကို လွမ်းစရာပဲပေါ့...။
          လွမ်းတယ် ...မောင်ရယ်... အလွမ်းကြီးလွမ်းတယ်...။ မောင့်ကို ဟင့်အင်း မဟုတ်ပါဘူးနော်... အနားမှာရှိနေတဲ့ မောင့်ကို ...ကျွန်မက ဘာကိစ္စ လွမ်းတ,ရမှာလဲ ကျွန်မလွမ်းနေတာလေ... မောင့်ရဲ့လက်တွေကိုပါရှင်ရယ်...။ ရှင်းရှင်းပြောရရင် ကျွန်မ ပခုံးပေါ်မှာ ရှိမနေတော့တဲ့ မောင့်ရဲ့ လက်တွေကိုပေါ့...။
          မောင်... မေ့နေလောက်ပါပြီ။ ကျွန်မ ပြန်ပြောပြရင်တော့ ခပ်ရေးရေး မောင်သတိရကောင်းရဲ့။ ဟောသည်  အြေငသညေူ ဃီ ဆိုင်ကလေးမှာလေ MP 3 Love Song CDချပ်ကလေးဆီ လက်အလှမ်း၊ စိတ်အကြံတူနေတဲ့ ကျွန်မနဲ့မောင် လက်ချင်း ခလုတ်တိုက်မိသွားတာ ဖြစ်လေ့ရှိတာမျိုးပါ။ ဒါပေမဲ့ ထူးဆန်းတာက သစ်ရွက်လှုပ်တာမြင်တိုင်း ရယ်မော ရင်ခုန်တတ်တဲ့ ဆယ်ကျော်သက်ကလေး တစ်ယောက်လို ကျွန်မရင်က လှိုက်ခနဲ ခုန်လှုပ်သွားလို့ပဲပေါ့။ ဒါဟာ ဘာကြောင့်များ...။ ကျွန်မယူမယ့် CDလေး သူတစ်ပါးလက်ထဲ အရင်ပါသွားမှာ စိုးရိမ်စိတ်နဲ့ ဒိတ်ခနဲ၊ ထိတ်ခနဲ ခုန်လှုပ်သွားမိတာမျိုးလို့ ဖြေသိမ့်တွေးချင်သေးပေမယ့် CDချပ်လေး လက်ထဲရောက် အိမ်ကို ပါလာတဲ့အထိ ဟောသည်ရင်ဘတ်ဆီက လှိုက်ဖိုလှိုက်ဖိုနဲ့ ကဲ ဒီ့ထက်သေချာရဦးမလား။ ကျွန်မရင်ခုန်တာ မောင်ရဲ့ လက်တွေ ကြောင့်ပါရှင်ရယ်။
ကျွန်မရဲ့ ဒီဒီ(အက်ဆေး - ၈)
          ကျွန်မမှာ အရမ်းကို ချစ်စရာကောင်းတဲ့ ကြောင်ကလေးတစ်ကောင် ရှိပါတယ်။ သူ့ကို ဒီဒီလို့ နာမည်ပေးထားတယ်။ ဒီဒီဟာ ရုပ်သွင်အားဖြင့်တော့ အခြားကြောင်တွေလို သာမာန်ပါပဲ။ မြင်သူတိုင်း ချစ်ချင်စရာ အလှစားကြောင် ကလေးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မအနေနဲ့ ထူးထူးခြားခြား အချစ်ပိုကဲရတဲ့ ကြောင်ကလေးဖြစ်ရတာဟာ သူ့ရဲ့ ကောင်းမွန်တဲ့အကျင့် စရိုက်တွေကြောင့်ပါ။ ကျွန်မအစ်မတွေကို အတိုက်အခံလုပ်ပြီး အခက်အခဲများစွာထဲကနေ ကြိုးစားမွေးယူ ထားရတဲ့ ကြောင်ကလေးမို့ သနားပြီး အချစ်ပိုရတာလည်း ပါပါတယ်။ ပြောရမယ် ဆိုရင် ဒီဒီ့ကိုမွေးဖို့ ကျွန်မအိမ်သားတွေက လုံးဝသဘောမတူခဲ့ဘူး။ အိမ်ကကျဉ်းလို့ ချေးနံ့သေးနံ့တွေနဲ့ ရွံစရာကောင်းမှာပဲလို့ ပြောကြတယ်။ အလကား အပိုအလုပ်တွေ လို့လည်း ပြောကြတယ်။ သည်နေရာမှာ ကျွန်မကြားဖူးထားတဲ့ George Eliot ရဲ့ တိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ အဆိုအမိန့်တစ်ခုကို ပြောပြရဦးမယ်။
ချစ်တဲ့မောင်လေး(အက်ဆေး - ၇)
 ကျွန်မ ခုတလော သိပ်စိတ်ညစ်နေမိတယ်။ ဖေဖေနဲ့မေမေဟာ ဟောဒီ ကမ္ဘာမှာ ကျွန်မ တစ်ယောက်တည်းကိုပဲ အချစ်ဆုံးလို့ ထင်ခဲ့တာလေ။ ကျွန်မ အပေါ် အခုလိုရုတ်တရက်ကြီး သဘောထား ပြောင်းသွားလိမ့်မယ်လို့ ဘယ်တုန်း ကမှ မထင်ခဲ့ဘူး။ မောင်လေးလို့ ကျွန်မခေါ်ရမဲ့ လူသားပိစိကွေးလေး တစ်ယောက် အူဝဲအူဝဲနဲ့ အာခေါင်ခြစ်အော်ပြီး ရောက်လာကတည်းက အဲဒီဖေဖေနဲ့ မေမေပေါ့ ကျွန်မအပေါ် အချိုးတွေ ပြောင်းသွားလိုက်ကြတာ မပြောပါနဲ့တော့။
            အထူးသဖြင့် မေမေပေါ့။ ကျွန်မကို အရင်လို ပွေ့ချီနမ်းရှုံ့ဖို့ မဆိုထားနဲ့၊ လှည့်ကြည့်ဖော်ကလေးတောင်မှ မရတော့ဘူး။ တစ်ချိန်လုံး အဲဒီပိစိကွေးလေးရှိတဲ့ ဘက်ကိုပဲ မျက်နှာမူပြီး မမှိတ်မသုန် ကြည့်နေလိုက်တာ။ ပိစိကွေးကလေးကလည်း တစ်ချိန်လုံး မျက်စိစုံမှိတ် အိပ်နေလိုက်တာ။ သူ့အနားမှာ မိုမိုရေလို့ခေါ်ရင် 'ဝူး'လို့ ထူးမဲ့ ဆင်အကြီးစားကြီး တစ်ကောင်လာအော်နေရင်တောင်မှ နိုးမဲ့ပုံ မပေါ်ပါဘူး။ဒါနဲ့များတောင် မေမေက ကျွန်မဆီက အသံကလေး တစ်ချက်ထွက်လိုက်မိတာနဲ့ ''ဟဲ့...မောင်လေးနိုးသွားမယ်၊ တိတ်တိတ်နေ'' ဆိုပြီး ကျွန်မကို ဟောက်သံပြု သေးရဲ့။ အဲဒီပိစိကွေးလေး ရောက်လာကတည်းက ကျွန်မ ဘာတစ်ခုမှ လွတ်လွတ် လပ်လပ် လုပ်ပိုင်ခွင့်ကို မရှိတော့ဘူး။
မိတ်ဆွေကောင်း(အက်ဆေး - ၅)
သည်နေ့ စနေနေ့။ အချိန်က မွန်းလွဲ တစ်နာရီ။ နေ့တစ်ဝက်အလုပ်လုပ် ခဲ့ပြီး အိမ်ပြန်ရန် ပုဇွန်တောင် ဈေး ကားမှတ်တိုင်၌ ကျွန်တော်ကားစောင့်နေခဲ့သည်မှာ ကြာပြီ။ ကားသည်မလာ။ လာသော်လည်း တက်မရ။ မိုးသည် မနေ့ကလိုရွာဆဲ။ ကားများသည် မနေ့ကလို ကြပ်ဆဲ။ လူများသည် မနေ့ကလို ပြည့်နှက်ဆဲ။ ယနေ့ အချိန်အခါဝယ် စနေ့၊ တနင်္ဂနွေလို နေ့များမှာလည်း ကားချောင်သည်ဟု တွက်ဆ၍ မရတော့ပါ။ စနေနေ့ပင် ဖြစ်သော်လည်း ကားသည် မနေ့က သောကြာနေ့နှင့်မခြား ကျပ်ညပ်ဆဲ။ ယောင်ယောင်ကလေးမှပင် ချောင်မသွားခဲ့။ ကျွန်တော့်လို အလုပ်သွား နေရသူတွေချည်းပါပဲလားဟု တွေးရင်း ကားကို စောင့်သည်။ အလုပ်က နေ့တစ်ဝက်မို့ ကျွန်တော် ထမင်းချိုင့်ယူမလာပါ။ မနက်က စူပါကွေကာတစ်ခွက်နှင့် ပေါင်မုန့်အသား ညှပ် တစ်လုံးသာ စားခဲ့သည်မို့ ဝမ်းဗိုက်သည် အတော်ကြီးကို ဆာလောင်နေလေပြီ။ သည်ပုံနှင့် အိမ်ကို တော်တော် နှင့် မရောက်နိုင်သေးဟု တွေးမိတော့၊ စိတ်ကတွေ့ရာ ကားပေါ် တိုးဝှေ့တက်လိုက်ရန် အကြံပြုသဖြင့် ရှေ့သို့ရောက်လာသော ကားတစ်စီး ပေါ် ကျွန်တော် အပြေးအလွှားလုတက်လိုက်သည်။
Thursday, October 09, 2014
နွေရာသီက...ဒီအခန်းမှာ (အက်ဆေး ၄)
(အက်ဆေး - ၄)
စုမီအောင်
            နွေညခင်းတစ်ခုသည် တိတ်ဆိတ်စွာ ပူလောင်ပြင်းပြလျက်။ အခန်းတစ်ခုထဲမှာတော့ သူမတစ်ယောက်တည်း။ ပူလောင်ပြင်းပြစွာ တိတ်ဆိတ် ငြိမ်သက်လျက်ရှိ သည်မှာ နွေညခင်းကြောင့်တော့ မဟုတ်ခဲ့။ တစ်ယောက်တည်း ဖြစ်ခြင်း၊ အထီး ကျန်ဆန်ခြင်းက သူမအား အဆမတန် ပူလောင်ပြင်းပြစေသည်။ ပူလောင်ပြင်းပြသော ရင်အစုံကို ခက်ခဲလေးလံစွာ ပွေ့ပိုက်လျက် တိတ်ဆိတ် ငြိမ်သက်စွာ လဲလျောင်း နေသော်လည်း သူမ အိပ်ပျော်ခြင်း မ၇ှိသေးပါ။ သူမ၏ နှလုံးခုန်သံသည် ရင်ဘတ်ထဲမှာ မရှိ။ အခန်းရှေ့ မြက်ခင်းပေါ်မှာ နှလုံးခုန်သံ တချို့ကို အတိုင်းသား ကြားနေရသည်။
တနင်္ဂနွေ တံခါးချပ်များ
(အက်ဆေး- ၃)
စုမီအောင်
          ဥတုသုံးပါးဒဏ်ကို နေ့ဆက်ရက်ဆက် ခါးစည်းခံနေရပြီး ကိုယ်ထည် ပေါ်မှာ ဆေးအပြာရောင် သုတ်လိမ်းထားတဲ့ ကျွန်တော်ဟာ တံခါးတစ်ချပ်ဖြစ်တယ်။ အပြာ ရောင်ကိုယ်ထည်နဲ့လိုက်ဖက်စွာ ကျွန်တော်ဟာ တည်ကြည်ခန့်ငြားပြီး ရင့်ကျက်တဲ့ အသွင်ကို အမြဲဆောင်တယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ရင့်ကျက် တယ်လို့ ဒီလို ခိုင်ခိုင်မာမာ ပြောနိုင်ရခြင်းက ကျွန်တော်ဟာ နိစ္စဓူဝ ဖြတ်သန်းရသမျှ အရာခပ်သိမ်း အပေါ် တကယ့်ကို တုန့်ပြန်သည်းခံနိုင်တဲ့ ပါရမီထူးနဲ့ ပြည့်ဝလို့ပါပဲ။ သည်နေရာမှာ ကျွန်တော် ကြုံတွေ့ဖြတ်သန်းရတယ်ဆိုပေမယ့် တကယ်တမ်း ကျတော့ ကျွန်တော်က ကျွန်တော့်နေရာမှာသာ ပိတ်ချည်ဖွင့်ချည်လုပ်နေရပြီး လူတွေကသာ ကျွန်တော့်ကို ဖြတ်သန်းဝင်ထွက်သွားကြတာ ဖြစ်ပါတယ်။
လက်ဖက်ရည်ဆိုင်ကလေးများ (အက်ဆေး ၂)
(အက်ဆေး-၂)
စုမီအောင်
ဆူးသစ်ရဲ့ အဖြူရောင်လမ်းကလေး စာမျက်နှာက ပုံလေးကို သဘောကျလို့ ကူးယူအသုံးပြုထားပါတယ်။
          ကျွန်မ၏မေမေသည် အဆင့်အတန်းမြင့်မြင့် စည်းကမ်းရှိရှိ ဂုဏ်သိက္ခာကို တန်ဖိုးထားသော မိသားစုအသိုက်အဝန်းမှ ပေါက်ဖွားလာသူဖြစ်ပြီး လမ်းဘေးဆိုင် လေးများ ဥပမာ-အသုပ်၊ မုန့်ဟင်းခါးဆိုင်၊ အကြော်ဆိုင်၊ လက်ဖက်ရည်ဆိုင် စသည်ဖြင့် အမြင်အားဖြင့် သေးနုပ်သည့် ဆိုင်ကလေးများ၌ ဝင်ထိုင်စားသောက်ရန် အင်မတန် ဝန်လေးခါးသီးသူပဲ ဖြစ်သည်။ ဖေဖေကတော့ မေမေနှင့် ဆန့်ကျင်စွာ ထိုဆိုင်ကလေးများ၌ ဝင်ထိုင်ရန် ဘယ်တော့မှ ဝန်လေးခြင်းမရှိပါ။
Monday, September 08, 2014
ညီမလေးငယ်ငယ် (အက်ဆေး ၆)
စုမီအောင်
(Faces, ၂ဝဝ၂  စက်တင်ဘာ)
          မေမေ့ဗိုက်ထဲမှာ နောက်ထပ် ကလေးလေးတစ်ယောက် ခိုတွယ်နေပြီလို့ သိလိုက်ရတာနဲ့ ကျွန်မ ရင်ထဲမှာ လှိုက်ခနဲဖိုပြီး ပျော်ရွှင်သွားတယ်။ ကျွန်မမှာ အစ်မ နှစ်ယောက်၊ အစ်ကို တစ်ယောက်နဲ့ မောင်လေး နှစ်ယောက်ရှိပြီး ညီမလေးမရှိသေး လို့ပါ။ မေမေ့ဗိုက်ထဲက ကလေးလေးဟာ ညီမလေးသာဖြစ်ခဲ့ရင် မိသားစုဝင် လူသားလေး တစ်ယောက်ကို ကျွန်မတို့အားလုံး ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြရမှာဖြစ် ပေမဲ့ မျောက်ရှုံးအောင် ဆော့တဲ့ မောင်လေးနှစ်ယောက်ကို ထိန်းကျောင်းရတာ စိတ်ညစ် နေပြီဖြစ်တဲ့ ကျွန်မအတွက် ထူးထူးကဲကဲကြီး တော့ ပျော်ရွှင်မိမှာ မဟုတ်တော့ဘူးပေါ့။
၂၁ ရာစု ပေါ်လီယာနာ (အက်ဆေး ၁)
(အက်ဆေး ၁)
စုမီအောင်
   နှိုးစက်နာရီလေးဆီက အဆက်မပြတ် မြည်သံကြောင့် အိပ်ရာမှ သူမ ကပျာကယာထသည်။ ညတုန်းက အိပ်ရေးဝဝ အိပ်ခဲ့ရသဖြင့် သူမ ဝမ်းသာမိသည်။ အိပ်ရေးသာ မဝခဲ့လျှင် ဒီမနက်မှာ စိတ်လက်ကြည်လင်စွာ သူမ နိုးထနိုင်လိမ့်မည် မဟုတ်။ ဒီနှိုးစက်နာရီလေးရှိနေတာ ဝမ်းသာစရာပင်။ အပေါစားနာရီလေးပင် ဖြစ်လင့်ကစား နားများက သေသေချာချာ ကြားနိုင်အောင် ဒီနာရီလေးက အသံပေးတတ်သည်။
            ဒီနာရီလေး မရှိခဲ့ရင်ရော ...။ ကိစ္စမရှိ ။ ငှက်ကလေးတွေက ကျလိကျလိ အသံညံစီလျက် နံနက်ခင်းတေးသံသာဖြင့် ကျွန်မကို နှိုးပါလိမ့်မည်။
Tuesday, June 17, 2014
ဖေဖေမရှိတော့သည့် ဖခင်များနေ့မှာ
စုမီအောင်
လူသားတို့ကို ကိုယ်စားပြုသည့် နေ့ထူးနေ့မြတ်များ ရောက်တိုင်း၊ လတစ်လ၏ နေ့မြတ်များတွင် ပြုလုပ်လေ့ရှိသည့် ထိုနေ့၏ အထိမ်းအမှတ်ပွဲများမှာ ပါဝင်ဆင်နွှဲရလေတိုင်း ကျွန်မ ပျော်ရွှင်တတ်သည်။ ဂျပ်ဆင်ဘုရားရှိခိုးကျောင်းတွင် ထိုသို့သော နေ့ထူးနေ့မြတ် များ ဥပမာ မိခင်များနေ့(Mothers’ Day), ဖခင်များနေ့(Fathers’ Day)၊ မုဆိုးမများနေ့ (Widows Day)၊ ကလေးသူငယ်များနေ့ (International Children’s Day)၊ သက်ကြီးရွယ်အိုများနေ့(Aged Day or International Day of Older Persons) အစရှိသဖြင့် အထိမ်းအမှတ်ပွဲများ ပြုလုပ်လေ့ရှိသည်။ မေလ၏ ဒုတိယတနင်္ဂနွေမှာ မိခင်များနေ့ကို ထူးထူးခြားခြားပြုလုပ်ခဲ့သလို လာမည့်ဇွန်လ၏ တတိယတနင်္ဂနွေမှာ ဖခင်များနေ့ကို ထူးခြားစွာပြုလုပ်ကြဦးမည်။ ယခုနှစ် ဇွန်လတွင် ပြုလုပ်မည့် ဖခင်များနေ့မှာတော့ ကျွန်မ မည်သို့မျှ ပျော်ရွှင်နိုင်မည်မဟုတ်တော့ပါ။ ၂၀၁၃ ဒီဇင်ဘာက ဖေဖေကွယ်လွန်ခဲ့လို့ပဲ ဖြစ်ပါသည်။ 
xxxxxx
ဖေဖေ့အကြောင်းစဉ်းစားလိုက်လျှင် ဇာတိပျဉ်းမနားမြို့လေး၏ လသာသာညများနှင့် ရန်ကုန်ကန်တော်ကြီးမျှော်စင်ကျွန်းတွင် စနေနေ့ ညများမှာ ပြုလုပ်လေ့ရှိသည့် Undergurond Music Show များကို အထူးပင် ကျွန်မသတိရမိသည်။ သတိရစရာများ အပုံအပင် များပြားစွာရှိခဲ့သော်လည်း သူများဖခင်များ မလုပ်နိုင်သည့်ကိစ္စများကို ကျွန်မတို့အတွက်လုပ်ပေးခဲ့သည့်အဖြစ်များက ကျွန်မအား သတိရစိတ် ပိုကဲစေပါသည်။ 
အိမ်ရှေ့အုတ်ခုံမှာ ကျွန်မတို့မောင်နှမတစ်တွေ ဂစ်တာတီး၊ သီချင်းဆိုကြသည်ကို ဖေဖေသည် ပက်လက်ကုလားထိုင် တစ်လုံး တွင်ထိုင်ကာ ပြုံးပြုံးကြီးနားထောင်လေ့ရှိသည်။ ကျွန်မတို့မောပန်းသွားလျှင်တော့ ဖေဖေသည် သူ့ဘ၀အတိတ်အကြောင်း များကို ဖွဲ့သီကာပြောပြတော့သည်။ ဖေဖေငယ်စဉ်ကတည်းက မိဘများ ဆုံးပါးခဲ့သဖြင့် ၊မင်းကတော်ကြီးဒေါ်ပန်းရီ (`မင်းကတော်ကြီးငါးမုန့်´ဟု ငါးမုန့်လုပ်ငန်းလုပ်သည့်အဒေါ်) က ဖေဖေတို့မောင်နှမများအားလုံးကို သူ့သားသမီးအရင်းများနှယ်မွေးစားခဲ့သည်။ ဖေဖေ့အဒေါ်ကို အားလုံးက `မာမီကြီး´ဟုခေါ်ကြသည်။ ဖေဖေ့ပြောပြချက်အရ ငွေကုန်ကျစရိတ်နည်းအောင် သားအရင်းများကဲ့သို့ဘောင်းဘီရှည် မဆင်ဘဲ ဖေဖေ့ကို ဘောင်းဘီတိုများသည် ဆင်ခဲ့သည်ဟု သိရစဉ်က ဖေဖေ့အတွက် ငယ်စိတ်နှင့်စိတ်တိုဒေါသထွက်ကာ မခံ မရပ်နိုင် ဖြစ်မိခဲ့သေးသော်လည်း ကြီးပြင်းလာချိန်မှာတော့ အရာရာကို ကျွန်မ နားလည်ခဲ့ပါသည်။ ဖေဖေ့ အဒေါ်မှာ သူ့သားသမီးအရင်းများ များပြားလှသည့်အထဲ ဖေဖေတို့မောင်နှမငါးယောက်ကိုပါ ပြုစုရသဖြင့် လစ်ဟာချက်များရှိနိုင်ပါသည်။ 
ငယ်စဉ်က သားအရင်းများနှင့် တန်းတူခံစားခွင့်မရှိခဲ့အတွက် ကျောင်းစာမှာပိုပြီးထူးချွန်အောင်ကြိုးစားခဲ့သလို ငါးမုန့်များလုပ် ရာမှာ ဖြစ်စေ၊ အခြားအိမ် အလုပ်များမှာဖြစ်စေ၊ တစ်အိမ်လုံးရှိသမျှအလုပ်များကို တတ်နိုင်သည်ထက်ပိုအားစိုက်လျက် များစွာ အားထုတ် လုပ်ကိုင်ပေးခဲ့သည်ဟုသိရသည့်အခါ ဖေဖေ့စိတ်ဓာတ်ကို ကျွန်မများစွာအားကျခဲ့ပါသည်။ ထို့ကြောင့် အဆောင်မှာ၊ အိမ်မှာ မည်သည့် နေရာမျိုး မှာ နေထိုင်ရသည်ဖြစ်စေ ကျွန်မသည်လည်း မျက်လုံးကမြင်တွေ့မိသည့်အလုပ်ကို ရှောင်လွှဲမသွားဘဲ လက် က ချက်ချင်း လုပ်ဆောင်တတ်သည့် အကျင့်တစ်ခု မသိမသာ ရလာခဲ့ပါသည်။ သည့်အတွက် စဉ်းစားမိတိုင်း ဖေဖေ့ကို ကျေးဇူးတင်ပါသည်။ 
ဖေဖေက သူ့ခံစားချက်များပြောပြပြီးတိုင်း “ အင်း.. ဘာပဲပြောပြော မာမီကြီးကျေးဇူးတွေအများကြီးပဲ၊ အဖေကအကုန်လုပ်ပေး တော့ မာမီကြီးက အရေးအကြောင်းရှိရင် အဖေ့ကိုပဲအားကိုးတယ်၊ ချစ်လည်းချစ်ရှာတယ်”ဟုပြောလေ့ရှိသည်။ 
xxxxxxx
ဖေဖေသည် အိမ်မှာပဲ ဆေးခန်းဖွင့်ထားခဲ့သည်။ Leprosy Inspectorဖြစ်ရာ အရေပြားပေါ်ဖြစ်ပျက်သမျှ အသေးဆုံးမှစကာ အကြီးမားဆုံးပြဿနာထိ ကိုင်တွယ်ဖြေရှင်းနိုင်ပါသည်။ ဖေဖေ့ဆီလာသမျှလူနာအများစုမှာ ဆင်းရဲနွမ်းပါးကြသဖြင့် ဖေဖေသည် ဆေးထိုးခ မယူပါ။ အခြေခံဆေးဝါးကုန်ကျငွေမျှသာ လျှော့ပေါ့ယူလေ့ရှိသည်။ ကျေးရွာများသို့ Medical Check-up Tour သွားတိုင်း ကျွန်မတို့ လိုက်သွားလေ့ရှိသည်။ လူနာများအပေါ်ထားသည့် ဖေဖေ့၏ကြီးမြတ်လှသည့် ကရုဏာကို ကျွန်မအလွန်အမင်းအံ့အားသင့် လျက် နားမလည်နိုင်အောင်လည်း ဖြစ်ခဲ့ရဖူးသည်။ လက်ချောင်း ခြေချောင်းများတိုဝင် လျက်၊ နားရွက်များနှာခေါင်းများ ပုံပျက်ထူအမ်း နေသည့် အနာကြီးရောဂါသည်များကို အနီးကပ်ကိုင်တွယ်၊ ဆေးထိုး၊ ဆေးဝါး ကျွေးပြီးလျှင် သူတို့က ကျွေးမွေးသည့် အစားအစာများ ကိုလည်း အားပါးတရစားသုံးလေ့ရှိပါသည်။ ကျွန်မကတော့ အိပ်မက်ထဲပင် ထည့်မက်၊ ကြောက်လန့်၊ ယောင်ရမ်းအော်ဟစ် နိုးထတတ် သည်အထိ ဖေဖေ့လူနာများကို ရွံရှာကြောက်လန့်ခဲ့မိပါသည်။ သို့သော် ဖေဖေ့နောက်သို့ မလိုက်ဘဲ ကျွန်မ မနေနိုင်ပါ။ 
အစိုးရက ဖေဖေ့အား လင့်ရိုဗာကားတစ်စီးပေးထားစဉ်က ဖေဖေကိုယ်တိုင်မောင်းသည့်ကားပေါ်မှာ ကျွန်မ တို့ အားလုံး လိုက်လေ့ ရှိပါသည်။ ဆိုင်ကယ်နှင့်သွားမည်ဆိုလျှင် တစ်ယောက်သာခေါ်နိုင်သည့်အတွက်`ဘယ်သူလိုက်မလဲ´ဟု ဖေဖေ မေးတိုင်း ကျွန်မကအရင်ဆုံးဆိုင်ကယ်နောက် လုတက်ကာ လိုက်လေ့ရှိပါသည်။ အပြင်သို့ထွက်တိုင်း ဖေဖေ့အကျင့်တစ်ခုကို ကျွန်မ နားမလည် အောင်ဖြစ်ရတတ်သည်။ ဖေဖေသည် လမ်းတစ်လျှောက် ကွမ်းယာဆိုင်လေးများတွေ့သည်နှင့် မောင်းလက်စ ကား/ ဆိုင်ကယ်ကို ထိုးရပ်ကာ ဆေးရွက်ကြီး လက်မခန့် ခပ်သေးသေးအပိုင်းအစလေး ဖဲ့ပေးရန် တောင်းခံလျက် ခြေလုံးပြီး ပါးစောင်တွင်ခဲငုံထားလေ့ ရှိသည်။ မေမေက ထိုအကျင့် ပျောက်စေရန် ဆေးရွက်ကြီးများဝယ်၊ ဖဲ့ကာ ဘူးကလေးနှင့်ထည့်ပေးပြီး ဆောင်ထားရန်ပေးသော်လည်း ဖေဖေသည် ဘူးကလေးပါလျှင်တောင်မှ ထိုအကျင့်ကိုပြုမြဲပင်။ ဆေးရွက်ငုံရန် အဓိကမဟုတ်ဘဲ လမ်းဘေးကလူများနှင့် စကားဆို မိတ်ဆွေဖြစ်လိုစိတ်ကြောင့် ပြုခြင်းဖြစ်သည်ကို ကျွန်မ ကြီးပြင်းလာသည့်အခါ နားလည်ခဲ့သဖြင့် ယခုအခါ လမ်းဘေးကွမ်းယာဆိုင် လေးများမှာ တစ်ရှူထုပ်ဝယ်လေတိုင်း ဖေဖေ့၏ထိုအကျင့်နှင့်အတူ ဖေဖေ့ကို သတိရစိတ်က ကျွန်မကို မျက်ရည်စို့စေပါသည်။ ဖေဖေမရှိသည့်အခါကျမှ ဖေဖေ ဦးစားပေး ရွေးနုတ် ပေါင်းသင်းခဲ့သည့် လမ်းဘေးကွမ်းယာဆိုင်ကလူ၊ လမ်းဘေးလက်ဖက်ရည်ဆိုင် ကလူ၊ လမ်းဘေး ဟင်းရွက်ကန်စွန်းရောင်း သည့်လူ..ဆိုရလျှင် လမ်းဘေးကလူများ..သည်လူများကို လှည့်ကြည့်စကားဆို မိတ်ဖွဲ့ ပေါင်းသင်းရန် ကျွန်မ သတိရတတ်ခဲ့ပေပြီ။ 
ယခုအခါ အလုပ်တိုက်သို့လာတိုင်း လမ်းထောင့်ကွမ်းယာဆိုင်က မိန်းကလေးကို တစ်ရှူးတစ်ထုပ်ဝယ်ယူလျက် စကားစမြည် လေးများ ဆိုပြောမိသည်မှာ ဖေဖေ့အားသတိရစိတ်ကြောင့် ဖြစ်မည်လား။ ဤသို့ ဖေဖေ့အားသတိရစိတ်ဖြင့် ပြုမိသည်များ ရှိသကဲ့သို့ အလွန်အမင်း သတိရမိမည်ကိုစိုးသဖြင့် မသွားမိရန် ရှောင်တိမ်းနေသည့်နေရာများလည်း ရှိနေပြန်သည်။ ဆန့်ကျင်ဘက်စိတ်များ မည်သည့် ကာလထိ၊ မည်မျှအားကောင်းဖွဲ့တည်နေမည်ကို ကျွန်မ မသိတော့ပါ။
xxxxxx
ရန်ကုန်၊ ကျောက်မြောင်းမှာ နေဖြစ်ကြသည့်အခါ ကန်တော်ကြီး၊မျှော်စင်ကျွန်းတွင်လုပ်သည့် Underground Music Show များသို့ လမ်းလျှောက်လျက်တစ်ဖုံ၊ ဆိုက်ကားသုံးယောက်တက်စီးလျက်တစ်ခါ၊ ဖေဖေ၊ ညီမလေး၊ ကျွန်မတို့သုံးယောက် သွားကြည့်လေ့ ရှိသည့်အချိန်များကို ကျွန်မအလွန်အမင်း လွမ်းဆွတ်သတိရမိပါသည်။ လူငယ်တို့စိတ်ကြိုက် အော်ဟစ်ပေါက်ကွဲ တီးခတ်ဟစ်ဆိုလေ့ရှိ သည့် ထိုဂီတပွဲများကို အသက် ၇၀ပြည့်လုဖခင်တစ်ဦးက သမီးများနှင့်အတူလိုက်ပါကြည့်သည်ဆိုခြင်းက အိမ်နီးချင်းများအတွက် အထူးအဆန်းကြီးတစ်ခုဖြစ်နေခဲ့သည်။ သူငယ်ချင်းများက `ဘာလို့ နင့်အဖေ ခေါ်မှာလဲ၊ ငါတို့နဲ့လိုက်ခဲ့၊ လွတ်လွတ် လပ်လပ်သွားကြည့် ရအောင်´ ဟု ပြောသော်လည်း ကျွန်မတို့စိတ်ထဲ အဖေနှင့်သွားရသည်က လုံခြုံမှုရှိသည်နှင့်အမျှ ပိုပြီး လွတ်လပ် ပျော်ရွင်မှုရှိသည်ဟု ခံစားရသည်။ ဖေဖေက ရှေ့မတိုးနဲ့၊ နောက်နားမှာနေ၊ ဟိုလိုနေ၊ သည်လိုကြည့် တားမြစ်လေ့မရှိပါ။ သူကိုယ်တိုင်ပင် သမီးနှစ်ယောက် လက်ဆွဲကာ အကျီချွတ် ဝှေ့ယမ်းအော်ဟစ်ကခုန်နေသည့် ကြမ်းကြမ်းဟော့ဟော့ လူငယ်တွေကြား ပျော်ပျော်ကြီး တိုးဝင်ကြည့်တတ် သည်။ ယခုနောက်ပိုင်း မျှော်စင်ကျွန်းကMusic Showများကို ကျွန်မ သွားမကြည့်ဖြစ်တော့ပါ။ ဖေဖေ့အားသတိရ စိတ် ထူးကဲပေါ် ထွက်ကာ ပျော်ရွှင်ကခုန်နေသည့်လူအများကြား ကျွန်မ သည်းထန်စွာ ရုပ်ပျက်ဆင်းပျက် ငိုကြွေးမိမှာ သေချာပါသည်။ ယခုပင်လျှင် စာရေးနေလျက် မျက်ရည်များ ပါးပေါ်သို့တိတ်တဆိတ်လိမ့်ဆင်းကျနေပါသည်။  
xxxxxx
အသက်၈၅နှစ်အရွယ် ကွယ်လွန်သူတို့၏နာရေးကြော်ငြာများကို မြင်ရတိုင်းမှာလည်း ကျွန်မ အမှန်ပင်စိတ်ထဲ ကြေကွဲမိပါ သည်။ ဧပြီ ၂၃၊ ယုဒသန်ခန်းမတွင် ပြုလုပ်ခဲ့သည့် ဦးဝင်းတင်ဂါရ၀ပြုအခမ်းအနားရောက်ခဲ့စဉ်ကတစ်ကြိမ်၊ ဘူတာကြီး၊ သာသနာ့ဟိတ ဓမ္မာရုံတွင် မေ ၂၅ ကပြုလုပ်ခဲ့သည့် ဆရာမြသန်းတင့် ၈၅နှစ်ပြည့်မွေးနေ့အမှတ်တရ ဂုဏ်ပြုဖတ်ကြားခြင်းမှာတစ်ကြိမ်၊ သေဆုံးခြင်း နှင့်အတူ ၈၅ ဆိုသည့်ဂဏန်းတစ်လုံးက ကျွန်မအတွက် ထိခိုက်ဝမ်းနည်းစရာ တိုက်ဆိုင်မှု ဖြစ်ခဲ့ရသည်။ ဆရာမမြူမြူက `သုခမြို့တော်၊ ဟာစရိပါး နှင့် ကျွန်မဖေဖေ´ဟု မျက်ရည်တစ်ဝက်စွက်လျက်ဖတ်လျှင် သုခမြို့တော်ထဲက နူနာစွဲလူဆင်းရဲတို့၏ပုံရိပ်များနှင့်အတူ ကျွန်မငယ်စဉ်က အနီးဆုံးမှာမြင်ခဲ့ရသည့် ဖေဖေ့လူနာ အနာကြီးရောဂါသည်များ…ပြီးတော့ ထိုလူဆင်းရဲများကိုမှ တရင်းတနှီး ရွေးနုတ် ပေါင်းသင်း ဆက်ဆံ နေထိုင်ခဲ့သည့် ဖေဖေ့၏ ကရုဏာကြီးမြတ်မှု၊ လူသားဆန်သည့်နေထိုင်မှု၊ တာဝန်ကျေမှု၊ ပုံရိပ်အစုစုတို့ကို တမ်းတမြင်ယောင်ကာ ကျွန်မ စိတ်မထိန်းနိုင်တော့ပြီ။ 
xxxxxx
ဖေဖေမရှိတော့ပြီ ဆိုသည့်အသိက ယခုနှစ်၊ ဇွန်လတတိယတနင်္ဂနွေတွင်ပြုလုပ်မည့် ဖခင်များနေ့မှာ မည်သည့်ကဏ္ဍမှ ပါဝင်ဆင်နွှဲရမှန်း မသိအောင် ကျွန်မအား ကြိုတင်ခြောက်လှန့်နေပါပြီ။ ယခင့်ယခင်နှစ်များက ဂျပ်ဆင်ဘုရားကျောင်းတွင်ပြုလုပ်သည့် ဖခင်များနေ့ အခမ်းအနားများမှာ ကျွန်မ အင်မတန်မှ ပျော်ရွှင်ခဲ့သည်။ ထိုအခမ်းအနားများမှာ ဖခင်နှင့်ပတ်သက်သည့် `သက်သေခံချက်´(Testimony)၀န်ခံပြောဆိုခြင်း၊ ဖခင်အားရည်စူးရေးသားသည့် စာ၊ ကဗျာတစ်ပုဒ် ရွတ်ဖတ်ခြင်း၊ ဖခင်ဂုဏ်ပြုတေး သီချင်း သီဆိုခြင်း၊ ပက်ကင်လှလှထုပ်ပိုးထားသည့် လက်ဆောင်ပစ္စည်းလေးများကို တက်ရောက်လာကြသည့် ဖခင်များထံ လက်ထဲ အရောက် လိုက်လံပေးဝေခြင်း စသဖြင့် နှစ်စဉ် ပျော်ရွှင်မြူးထူးစွာ ပါဝင်ဆင်နွှဲရလေ့ရှိသည်။ ဖေဖေကလည်း သူရန်ကုန်မှာရှိလျှင် ကိုယ်တိုင်တက်ရောက်ခဲ့သလို၊ ပျဉ်းမနားမှာရှိနေလျှင်လည်း ကျွန်မက ထိုနေ့မှာပေးဝေသည့် လက်ဆောင်ထုပ်လေးကို သိမ်းယူကာ ကျွန်မသီးသန့်ပေးလိုသည့် လက်ဆောင်များနှင့်အတူ ပါဆယ်ထုပ်ကာ ကားဂိတ်မှတစ်ဆင့် ပို့ပေးလေ့ရှိပါသည်။ ယခုနှစ်မှာ ကျွန်မ မည်သို့မည်ပုံ ဖြတ်သန်းရမည်ကို ကျွန်မအမှန်ပင် မသိတော့ပါ။ 
မည်သို့ပင်ဖြစ်စေ ဖေဖေမရှိတော့သည့် ဖခင်များနေ့မှာ `ဖခင်များအားလုံးပျော်ရွှင်ပါစေ၊ သားသမီးများကလည်း ဖခင်တို့ထံမှ ကြီးမြတ်သည့်အမူအကျင့်များကို ကမ်းယူဆင့်ပွားနိုင်ပါစေ´ဟု ကျွန်မ ဆုတောင်းလိုက်ပါသည်။ ကျွန်မကိုယ်တိုင်လည်း ကျန်ရှိသည့် အသက်ဘ၀နေ့ရက်များမှာ ဖေဖေ့ကဲ့သို့ လူသားဆန်စွာ နေထိုင်သွားနိုင်ရပါလိမ့်မည်။
စုမီအောင်
Tuesday, December 24, 2013
လမင်းကြီးဆီ ကျွန်မ မောင့်ကိုခေါ်သွားမှ ဖြစ်တော့မှာ
(လှိုင်းသစ်၊ ဒီဇင်ဘာ၊ ၂၀၁၃)
တစ်ဆိတ်ကလေး ခွင့်ပြုပေးပါ။ ကျွန်မ အက်ဆေးလေးတစ်ပုဒ်ရေးလိုက်ချင်လို့။ ခုတလော ပေါ့ပျက်ပျက်တွေအကြောင်း ရေးချင်လွန်းလို့။ ပေါ့ပျက်ပျက်တွေအများအပြားထဲမှာ ရှင့်ရဲ့အမည်နာမက ထိပ်ဆုံးကဖြစ်နေတာ ပေါ့ပျက်ပျက်များနိုင်သွားသလားပဲ။။ တစ်ခုတော့ရှိရဲ့။ ဒီအက်ဆေးလေးရေးရင်းနဲ့ ခါတော်မီ ရန်ပုံငွေလေးလည်း အနည်းအကျဉ်း ရှာပေးချင်လို့ပါ။ ရမလား။ ခဏလေးပါ ကျွန်မကို စောင့်ပါဦး။ ရှင် မသွားပါနဲ့ဦး။ ပေါ့ပျက်ပျက်တွေ အကြောင်း ပြီးတော့ ရှင့်အကြောင်း ကျေးဇူးပြုပြီး စောင့်နားထောင်သွားပါဦး။ ရှင် မသေပါနဲ့ဦး။ တကယ်လို့များ၊ ပြောကောင်းဆိုကောင်း အခုနေခါများ ရှင် မတော်မတမှုတစ်ခုနဲ့ ပေါ့ပျက်ပျက်သေဆုံးသွားခဲ့ရင် ရှင့် ဈာပနအခမ်းအနားမှာ ရှင့်ရဲ့အထ္ထုပ္ပတ္တိအကျယ်လေးကို ကျွန်မပေါ့ ပျက်ပျက်လေး  ဖတ်ပေးချင်သေးလို့ပါ။ မျက်ရည်လေး အနည်းအကျဉ်းလောက် ပေါ့ပျက်ပျက်ကျပေးရင်းနဲ့ပေါ့။ အဲဒါလေး အရင်နားထောင်သွားပါဦး။
ရှင်သိလား။`ကျွန်မတို့အတွက် လူသားအားလုံးအတွက်၊ မှော်ဝင်ပြပွဲတစ်ပွဲ ကျင်းပခွင့်၊ မှော်ဝင် စွမ်းဆောင်မှုတစ်ခု ချပြခွင့်၊ မှော်ဝင် အက်ဆေးတစ်ပုဒ် ရေးသား ဖတ်ရှုခွင့်…အဲသည်လို မှော်ဝင်နေ့တစ်နေ့တော့ ကျွန်မတို့မှာ အသေအချာကြီးကို လိုနေခဲ့တာပေါ့။ တကယ်တမ်းမှာ လိုနေတာနဲ့ လွဲချော်သွားခဲ့တာ ဘာကြောင့်ပါလိမ့်။ မှော်ဝင်နေ့တစ်နေ့အစား ကျွန်မတို့ရလိုက်တာက ပေါ့ပျက်ပျက် နေ့တစ်နေ့ရယ်ပါ။ ဟုတ်လည်းဟုတ်တာပဲ။ လူတွေက ဘ၀တစ်လျှောက်လုံး ပေါ့ပျက်ပျက်နဲ့။ ရှင်ရော၊ ကျွန်မရော၊ သူရော၊ သူမ ရော၊ သူတို့ရော အားလုံးပါပဲ…။ သိပ်မကောင်းခဲ့တောင်မှ၊ ဒါမှမဟုတ် မကောင်းတာကြီးနဲ့ ထိပ်တိုက်တိုးနေခဲ့တာတောင်မှ မမြင်ချင် ယောင်ဆောင် မျက်စိတွေမှိတ်ထားရင်း ကောင်းများကောင်းဦးမလား…ဒါမှမဟုတ် ဘယ်တော့ကောင်းလာမလဲ…ဆိုတဲ့ မျှော်လင့်ချက် လေးနဲ့ အသက်ဆက်ဖို့ ကြိုးစားနေရတာပဲ မဟုတ်လား။ ဘယ်လောက်ပဲ /ဘာကိုပဲ/ ဘယ်လိုပဲ အစွမ်းကုန်လုပ်ဆောင် ခဲ့စေဦးတော့ အဆုံးသတ်မှာတော့ ကျွန်မတို့ဟာ ပေါ့ပျက်ပျက် ဖြစ်မိပါတယ်လို့ ပေါ့ပျက်ပျက် ၀န်ခံလိုက်ကြရင်းနဲ့ ဒီကမ္ဘာကြီးထဲကနေ ပေါ့ပေါ့ကလေး ထွက်ခွာပေးရမှာပဲ မဟုတ်လား။ ဝေးဝေးက တိမ်မျှင်တစ်စလို…။ တိမ်တစ်စအဖြစ် တစ်နေ့နေ့ ဘုရားသခင်နဲ့ တွေ့ခွင့်ရလိုက်ရင် အရာရာ အဆင်ပြေချောမွတ်သွားလေမလား …ကျွန်မ အဲဒါကို ပေါ့ပျက်ပျက် တွေးနေမိသေးတော့။
ကမ္ဘာသူ ကမ္ဘာသားအားလုံး နံရိုးတစ်ချောင်းတည်းနဲ့ အသက်ရှင်နေကြမယ်ဆိုရင် ဘာတွေ ဖြစ်လာမလဲ…တဲ့၊ အဲဒါ ဘယ်သူ ပြောလိုက်တာပါလိမ့်။ အသံက bass tone ခပ်များများနဲ့ရယ်။ အဲဒါ ရှင် မဟုတ်တာတော့ သေချာတယ်။ ရှင့်အသံက ပေါ့ပျက်ပျက်နဲ့ ရှင့်ရယ်သံက ပေါ့ပျက်ပျက်နဲ့ ရှင်က ပေါ့ပျက်ပျက်လူ။ နံရိုးတွေအကြောင်းလည်း ရှင် နားမလည်တတ်သေးပါဘူး။ ဘယ်တော့မှလည်း နားလည်လာမှာမဟုတ်ဘူး။ အကြိုက်/အနှစ်/အသက် ဘာတစ်ခုမှ မကိုက်ညီတဲ့ လူမိန်းမတစ်ယောက်ကို ရှင့်အပါး အိပ်-စား-ကာမအတူတကွနဲ့ အလုပ်အကျွေးပြုစေချင်ရုံလောက်သာ ပေါ့ပျက်ပျက်လေး ဖမ်းယူခဲ့တဲ့လူ။ ကမ္ဘာဦးကျမ်းထဲက လူယောက်ျားနဲ့ လူမိန်းမ အကြောင်း ရှင်ဘယ်လိုလုပ်သိနိုင်မှာလဲ။ ရှင်က ကျမ်းစာမဖတ်တတ်တဲ့လူ။ ဒါမှမဟုတ် ကျမ်းစာဖတ်ရကောင်းမှန်းမသိတဲ့လူ။ ဒါမှမဟုတ် ဘုရားသခင်ဆိုတာ ဘာမှန်းမသိတဲ့(တစ်ခါတစ်ခါ ဘုရားသခင်နဲ့ ဘုရားသခင်ရဲ့သားတော်တွေကို စော်ကားမော်ကား ဟစ်အော်ကျိန်ဆဲတတ်တဲ့) ပေါ့ပျက်ပျက်လူ။
နေစမ်းပါဦး၊ တစ်ဆိတ်လောက် …ကျွန်မ ပေါ့ပျက်ပျက် တွေးထင်ကြည့်လိုက်စမ်းမယ်။ ရှင်ဟာ ရောင့်ရဲလွယ်သလို ပျောက် ပျက်ဖို့လွယ်တဲ့ ဟာမိုနစ်ကာ တစ်လက်ပဲ။ လေကလေးတစ်ချက် ပေါ့ပျက်ပျက်မှုတ်ထုတ်လိုက်တာနဲ့ တေးသွားတွေ ပေါ့ပျက်ပျက် ထွက်ကျလာတတ်တာလေ။ ရှင် ဟာ ရှင့်အိပ်မက်ကို `သောက်ကောင်းရုံအချိုးအစားလေးနဲ့ ပေါ့ပျက်ပျက်လေး ရောမွှေဖျော်စပ်ထားတဲ့ ကော့တေးလို´ မရှမတ မချိုမမြိန် ပေါ့ပျက်ပျက် သီ-ကုံး-တ-မက် နေတော့မှာလား။ ဘာမဆို / ဘယ်တော့မဆို / ဘယ်လိုမဆို မျှော်မှန်းပိုင်ခွင့် ရှိနေတယ်ဆိုတာ သိသိကြီးနဲ့ပဲလေ။ ကျေးဇူးပြုပြီး ကျွန်မကို ပေါ့ပျက်ပျက်မျက်လုံးတွေနဲ့ ခိုးခိုးကြည့်ပြီး ရယ်သွမ်း မသွေးလိုက်ပါနဲ့။ ကျွန်မ ပြောတာကို တစ်ဆိတ်ကလေး နားစိုက်ထောင်ပေးခဲ့ပါဦး။ ရှင်ဟာ ရှင်ကြံဖန်ထုဆစ်လိုက်တဲ့ ရှင့်အနုပညာ တွေနဲ့ ကမ္ဘာကြီးကို ကယ်တင်နိုင်မယ်လို့ ရှင့်ကိုယ်ရှင် အထင်ရောက်နေတာလောက် ပေါ့ပျက်ပျက်နိုင်တဲ့ ကိစ္စမျိုး ရှင့်မှာ ရှိနိုင်မယ်မထင်ဘူးလို့ ကျွန်မ အခု ထင်ကြေးပေးလိုက်မှာကို နားစွင့်သွားစမ်းပါဦး။
ကျွန်မ သိနေပါတယ်။ ဒီမြေကမ္ဘာမှာ အထွေအထူးကိစ္စတွေ၊ အဆန်းတကြယ် ပြောင်းလဲမှုတွေ ဘယ်တော့မှ ဖူးပွင့်လာမှာ လည်း မဟုတ်တော့ပါဘူး။            နံနက်အိပ်ရာက နိုးထလိုက်တာနဲ့ ပေါ့ပျက်ပျက်တွေနဲ့ အစပျိုးလိုက်တဲ့ ကျွန်မတို့ရဲ့တစ်နေ့တာဟာ ပေါ့ပျက်ပျက်တွေနဲ့ လုံးထွေးသတ်ပုတ်ပြီး တောင်စွယ်နေကွယ်တဲ့အခါ ပေါ့ပျက်ပျက်တွေ ထမ်းပိုးလို့ အိမ်ကို နွမ်းလျလျော့ခွေ ပြန်လာနေကြရတာပဲလေ။ အဲဒီထဲမှာ ရှင်က အဆိုးဝါးဆုံးပဲပေါ့။ ကျွန်မတို့ဟာ မိုးသားကောင်းကင်အောက်မှာ တစ်ယောက်က တစ်ယောက်ကို အဆင်ပြေအောင် ကြည့်ကြက် ပြောနေကြရတယ်။ စိတ်နှလုံးမပါဘဲ ပေါ့ပျက်ပျက်အသံတွေနဲ့။ ဟုတ်တယ်မို့လား၊ မိုးလင်းလိုက်တာနဲ့ ပေါ့ပျက်ပျက်နဲ့ “မင်္ဂလာပါ”“ကောင်းသောနံနက်ခင်းပါ” နဲ့ ပေါ့ပျက်ပျက်နှုတ်ဆက်ဂီတကို ဗုန်းပေါလအောကြီး သီဆိုနေကြရတာပဲ။  တစ်ယောက်အရေးကို တစ်ယောက်က အလေးမထားပါဘဲနဲ့တောင် မြင်လိုက်တာနဲ့ “နေကောင်းလား” ဆိုတဲ့ ပေါ့ပျက်ပျက်ရှေးဟောင်းစကားလုံးနဲ့ ပေါ့ပျက်ပျက်နှုတ်ဆက်နေကြတုန်းပါပဲ။ ဘယ်ခရီးရှေ့ရှုတယ် စိတ်မ၀င်စားပါဘဲနဲ့တောင် “ဘယ်သွားမလို့လဲ” လုပ်နေကြတာပဲ။ တစ်ဖက်သားရဲ့ခရီးက ကိုယ့်ခရီးထက် ကြီးမား ကျယ်ပြန့်လေလေ ကျွန်မတို့ရဲ့လေသံက သိသာ ထင်ရှားလှစွာ ပေါ့ပျက်ပျက်နိုင်သွားတတ်လေလေ။  အဲဒီအထဲမှာ ရှင်က အဆိုးဆုံးပဲပေါ့။
ကျွန်မတို့ဟာ မိုးသားပြင်ကျယ်ထဲ လွင့်ပါးရွေ့လျားနေတဲ့ တိမ်တွေလိုပဲ ပုံသဏန်တွေကလည်း ဘယ်တော့မှ အတိအကျ ရှိမနေကြဘူး။ ခုပဲ သေးမျှင်သွယ်တန်းလိုက်၊ ခုပဲ ထူပျစ်အုံခဲလိုက်၊ ခုပဲ ..။ ဘယ်တော့မှလည်း ဦးတည်ရာ တစ်သမတ်တည်းမရှိကြဘူး။ ခုပဲ တောင်ဘက်အရပ်ဆီ၊ ခုပဲ မြောက်ဘက်အရပ်ဆီ၊ ခုပဲ အနောက်ဘက်အရပ်ဆီ။ ဘယ်တော့မှလည်း အသွေးအရောင် တစ်ဆင် တည်း ရှိမနေကြဘူး။ တချို့ အပြာစွေစွေ၊ တချို့ အဖြူစင်းစင်း၊ တချို့က  ညိုမောင်းလိပ်ခွေ မာန်ငြိုးသိုမွှေနေကြသေးတော့။ တိမ်တွေ က ဘယ်တော့မှလည်း တစ်နေရာတည်းမှာ ကြာရှည်ခိုင်မြဲ မနေတတ်ကြဘူး။ ခုပဲ ဒီနားတွေ့၊ ခုပဲ အစအနပျောက်၊ ခုပဲ မျက်စိရှေ့ပြန် ရောက်။ အဲဒီလို အဲဒီလို….ပေါ့ပျက်ပျက် ဖွဲ့သိုလိုက်၊ ပေါ့ပျက်ပျက် ပျက်ရွေ့လိုက်။
`          ကနဦးဘ၀အစမှာတော့ တစ်ယောက်က တစ်ယောက်ကို အရသာပေါ်နိုးနိုးနဲ့ ကျွန်မတို့ တို့ထိ မြည်းစမ်းမိကြတာပဲပေါ့။ အဆုံး သတ်မတော့လည်း အရာရာ ပေါ့ပျက်ပျက်နဲ့ ကျွန်မတို့ လက်ထဲကနေ  ချွင်ခနဲ ချွမ်ခနဲ လွင့်စဉ် ထွက်ကျသွားတော့တာပဲ။ ကျွန်မ ပေါ့ပျက်ပျက်လေး တွေးကြည့်လိုက်ဦးမယ်။ အိတ်ကပ် အပေါက်ထဲ အကြွေတစ်စေ့ ယူဆောင် ထည့်လိုက်မိသလိုမျိုးနဲ့ တူနေမလားပဲ။ ဟုတ်တယ်..ဟုတ်တယ်..သိပ်တူတာပဲ။ အဲဒီလူ ကျွန်မဘ၀ထဲကနေ လွင့်စဉ် ထွက်ကျသွားပုံက ချွင်ခနဲပဲ။ ဟုတ်တယ် သိပ်ဟုတ်တာပဲ ရှင့်။ သူဟာ အကြွေစေ့တစ်စေ့ပဲ။ ဘာကိုမှ လဲလှယ်ဝယ်ယူ သုံးစွဲလို့ မရတဲ့ တန်ဖိုးကုန်ဆုံးသွားတဲ့ အကြွေတစ်စေ့။ သက်တမ်းမကုန် သေးဘဲ တန်ဖိုးကုန်သွားတဲ့ အကြွေစေ့။ သက်တမ်းမစေ့ခင် တန်ဖိုးကုန်ဆုံးသွားတဲ့ အကြွေစေ့။ ပေါ့ပျက်ပျက်ခြေလှမ်းတွေနဲ့ ကျွန်မ လမ်းလျှောက်နေခိုက် အိတ်ကပ်အပေါက်ထဲကနေ ချွင်ခနဲ ထွက်ကျ လိမ့်ဆင်းသွားတဲ့ အကြွေတစ်စေ့။ ခုဆို ဒီအကြွေတစ်စေ့ဟာ ပေါ့ပျက်ပျက်နဲ့ပဲ လမ်းဘေးမြောင်းထဲ သူ့ဘာသာ လိမ့်ဆင်း ပြုတ်ကျသွားခဲ့ပြီပဲ။ သေချာလိုက်တာရှင်…အဲဒါ သူပဲ။ အဲဒီလူပဲ။ တကယ့်ကို ပေါ့ပျက်ပျက်လွင့်စဉ်ထွက်ကျသွားခဲ့တယ်။
“တန်ဖိုးမဲ့ အကြွေစေ့ပေါင်းများစွာ ငါ့ရဲ့လမ်းမတစ်လျှောက်မှာ…..ထိုအခါ…ငါ့ရဲ့ခြေလှမ်းတွေက ပိုပိုပြီး ပေါ့ပျက်ပျက်နိုင်လာ….”
အဲဒီတေးသွားတစ်စကို ကျွန်မလျှာဖျားလေးနဲ့ ပေါ့ပျက်ပျက်လေး ရွတ်ဆိုလိုက်တယ်။ ချက်ချင်းလက်ငင်းပဲ ..အကြွေစေ့ဖြစ် သွားတဲ့ လူတစ်ယောက်အကြောင်း ကျွန်မ တေးသွားတစ်ပုဒ်ကို လက်တန်းစပ်ဆိုလိုက်တယ်။
အဲဒီလိုနဲ့ပဲ ဘ၀ မှာ အချစ်ဟာ အရေးအပါဆုံးပဲလို့ ယုံမှတ်ထားခဲ့တဲ့ ကျွန်မရဲ့ယုံကြည်မှုဟာ အကြွေစေ့ တစ်လိမ့်စာ လိမ့် ဆင်းသွားတဲ့ အချိန်ခဏလေးအတွင်းမှာ ပေါ့ပျက်ပျက်နဲ့ ကုန်ဆုံးသွားတော့တယ်။ တစ်ယောက်က တစ်ယောက်ကို သိခဲ့ကြတယ် လို့ ထင်မှတ်မိတာတွေလည်း ပေါ့ပျက်ပျက်နဲ့ပဲ ပြိုပျက်သွားရတော့တာပဲ။ အချစ်ဆိုတာ လူကြားကောင်းမယ့် စကားလုံးတွေရယ်၊ လူမြင် ကောင်းမယ့် အဆင်တန်ဆာတွေရယ်၊ ပတ်ရစ်ဖွဲ့နှောင်ထားတဲ့ ပေါ့ပျက်ပျက်ယဉ်ကျေးမှုတစ်ရပ်ပါ။ ဒါကိုပဲ “ဘာ”လို့ မသိခဲ့စဉ် အစပိုင်းကာလတွေမှာတော့ ရေးကြီးခွင့်ကျယ် ချဲ့ထွင်ခမ်းနားမှုတွေနဲ့ လူအထင်ကြီးအောင် လူသိရှင်ကြား ကြေညာမောင်းခတ် စုလျားရစ်ပတ် ခဲ့ကြသေးတာပေါ့။ နောက်တော့လည်း အချိန်တစ်ခုတန်လာတဲ့အခါ ပေါ့ပျက်ပျက်တေးသွားတွေ ရွတ်ဆိုရင်း အရာရာဟာ တန်ဖိုးကုန်သွားတဲ့ စောစောက အကြွေစေ့လို ပေါ့ပျက်ပျက်နဲ့ လွင့်စဉ်ပြန့်ကျဲ ကုန်တော့တာပါပဲ။
ဒါကိုပဲ လူတချို့၊ လူအချို့က အရက်တစ်ခွက် ပင့်မြှောက်သောက်လိုက်သလို ၀မ်းမြောက်ဝမ်းသာ ချီးယားစ်လုပ်ကြပြန်ရော။ ပေါ့ပျက်ပျက်ရယ်သံတွေ ပြတိုက်ခန်းမထဲ ပဲ့တင်ညံလို့…။
“မိတ်ဆွေ..ငါတို့ မင်းတို့ရဲ့ပေါ့ပျက်ပျက်ဘ၀အတွက်….come on လာပါ…အတူတကွ ဟော့ဒီမှာ ရယ်ဒီ  ချီးယားစ်….. ။ အိမ့်အပြင်ဘက်က ပေါ့ပျက်ပျက် နေ့တစ်နေ့အတွက် come on လာပါ…အတူတကွ ဟော့ဒီမှာ ရယ်ဒီ  ချီးယားစ်…..။ နိစ္စဓူဝ ရုန်းကန်မှု ရဲ့ ပေါ့ပျက်ပျက်နာရီတွေအတွက် come on လာပါ…အတူတကွ ဟော့ဒီမှာ ရယ်ဒီ  ချီးယားစ်…..။ ဘုရားသခင်ရေးဆွဲတဲ့ ဇာတ်ညွန်းအလယ်က ပေါ့ပျက်ပျက်မှားယွင်းမှုတွေအတွက် come on လာပါ…အတူတကွ ဟော့ဒီမှာ ရယ်ဒီ  ချီးယားစ်…..။ ချီးယားစ် ချီးယားစ်….ချီးယားစ်…”
ပေါ့ပျက်ပျက်အမှားအယွင်းတွေအတွက် ဘယ်သူ လာကာ ဒဏ်ခတ်ဦးမလဲ။ ဂရုမစိုက်။ စာတန်နတ်ဆိုးလား… ဘုရားသခင်လား…။ ဘာပဲဖြစ်ဖြစ် ကိုင်း…ပေါ့ပျက်ပျက် အမှားအယွင်းတွေအတွက် ရည်ရွယ်မှန်းဆရင်း ပေါ့ပျက်ပျက် ၀မ်းမြောက် လိုက်ကြစို့ရဲ့။
အချိန်မီပြင်ဆင်ခွင့် စိတ်ယန္တရားကို ဆန်းသစ်တီထွင်သူ မပေါ်ပေါက်သရွေ့တော့ ကျွန်မတို့ဟာ အဲဒီလို အဲဒီလို ပေါ့ပျက်ပျက်ဘ၀၊ ပေါ့ပျက်ပျက်နေ့၊ ပေါ့ပျက်ပျက်နာရီ၊ ပေါ့ပျက်ပျက်အမှားအယွင်းတွေကြားမှာ ပေါ့ပျက်ပျက်ရှင်သန်နေကြရဦးမှာ အသေအချာ။ လူတိုင်း သောက်သုံးဖို့မျှော်လင့် စောင့်စားနေတဲ့ ဆေးတစ်ခွက်ကို ဘယ်သူက ပေါ့ပျက်ပျက်နဲ့ ဖော်စပ်ပေးနေရက် တာပါလိမ့်။ အဲဒါ ရှင်လား၊ သူလား၊ ကျွန်မလား၊ သူမ လား၊ သူတို့လား၊ မြန်မာသူ မြန်မာသားတွေလား၊ ကမ္ဘာသူ ကမ္ဘာသား အားလုံးလား။ ကမ္ဘာမြေ ဖျားနာငိုကြွေးနေချိန်မှာ black list ထဲ သွတ်သွင်းထားခဲ့တဲ့ကြားက အဲဒီအမည်နာမတစ်ခုကတော့ ပေါ့ပျက်ပျက်မက်ဆေ့ခ်ျတွေ ကျွန်မဆီ အဆက်မပြတ် ရိုက်နှိပ် ပို့လွှတ်နေတုန်းပဲ။ လေပြင်းမုန်တိုင်းနဲ့အတူ....။
“ေ xာက် x မ…ေ xာက် x မ ….  x x x မ ” တစ်စုံတစ်ယောက်ကို ပြန်ပြောပြဖို့ အခက်တွေ့ရလောက်အောင် ပေါ့ပျက်ပျက်နိုင်လွန်းတဲ့ အပေါစားစကားလုံးတွေ ပို့လွှတ်ခဲ့တဲ့ လူတစ်ယောက်ကတော့ ….သူတီထွင်လိုက်တဲ့အပေါစား စကားလုံး တွေကို သူ့အာဂလောင်ထဲ ပေါ့ပျက်ပျက်ငုံခဲရင်း သူ့ဦးခေါင်းကိုငရဲဘုံဆီ ထိုးစိုက်ချပြီး ပေါ့ပျက်ပျက်ကြီးပဲ ခုန်ဆင်းသွားခဲ့ပြီးပြီ။
ပေါ့ပျက်ပျက်စကားလုံးတွေ အာဂုံဆောင်ထားတဲ့ အောက်တန်းစားလူတစ်ယောက်အတွက်
ပေါ့ပျက်ပျက် ၀မ်းမြောက်လိုက်ကြဦးစို့ရဲ့ . . . .ချီးယားစ်….
xxxxxxx
ကျွန်မ စိုက်ပျိုးခဲ့တဲ့ သစ်ပင်ကလေးတစ်ပင်ဟာ ကျွန်မကို မျှော်စောင့်ရင်း ကျွန်မဥယျာဉ်ခြံမြေထဲမှာပဲ ပေါ့ပျက်ပျက်ညှိုးနွမ်း သွားရတော့မှာလား။ ရင်းနှီးချစ်ခင်မှုပေါ့ပျက်ခဲ့တဲ့ အိမ်တံခါးဝဟာ ကျွန်မရဲ့အိမ်အပြန်ကို ပေါ့ပျက်ပျက်ကြိုဆိုနေဆဲပဲဆိုတာ ကျွန်မ ပေါ့ပျက်ပျက်လက်ခံပေးလိုက်ဖို့ ကမ္ဘာမြေဆီကတစ်ဆင့်/ တိမ်တွေဆီကတစ်ဆင့် ကျွန်မ ပေါ့ပျက်ပျက် သင်ယူတတ်ခဲ့ပြီ။ အိမ်တစ်လုံး ထဲမှာ အတူတကွနေထိုင်ကြရင်း တစ်ယောက်အသံကို တစ်ယောက် ချိုမြိန်နွေးထွေးဖို့ ပေါ့ပျက်ခဲ့မိလိုက်ကြပြီ။ တစ်ယောက် က အထဲ၊ တစ်ယောက်က အပြင်။ တစ်ယောက်က အ၀င်၊ တစ်ယောက်က အထွက်၊ တစ်ယောက်ကအငြိမ်၊ တစ်ယောက်က အလှုပ်၊ တစ်ယောက် က အကြည်၊ တစ်ယောက်ကအနောက်။ တစ်ယောက်က အအေး၊ တစ်ယောက်က အပူ။ တစ်ယောက်က အဖြူ၊ တစ်ယောက်က အနက်၊ အရာရာ ပေါ့ပျက်ပျက်နိုင်လို့ ပေါ့ပျက်ပျက်တွေက ကျွန်မတို့အတွင်းသားထဲမှာ ပေါ့ပျက်ပျက်ကြီးကို အားကောင်းနေနှင့်ခဲ့ကြပြီ။ ပေါ့ပျက်ပျက် တေးသွားတွေကတော့ မနက်၊ နေ့၊ ည ဖွဲ့ဆိုကျူးရင့်လို့ ပေါ့ပျက်ပျက်လူလားမြောက်နေခဲ့ပြီ။ ပေါ့ပျက်ပျက်တေးအယ်လ် ဘမ်တွေထဲကနေ ပေါ့ပျက်ပျက်ထွက်ပေါ်လာမယ့် သီချင်းတွေကို ပေါ့ပျက်ပျက် ဆိုညည်းကခုန်လိုက်ကြစို့။ နောက်ထပ်တစ်ခါ ချီးယားစ်…။ နောက်တစ်ခေါက် နောက်တစ်ခါ ချီးယားစ်။
ပေါ့ပျက်ပျက် မြေကမ္ဘာပေါ်က ပေါ့ပျက်ပျက်တိုင်းပြည်တစ်ပြည်မှာ ကျွန်မတို့ရဲ့ဆန္ဒတွေကို ထုတ်ဖော်ပြသရတာကလည်း  အရသာမရှိ ပေါ့ပျက်ပျက်ကြီးကို ဖြစ်နေရပါပြီ။ အဲဒါကို ရှင်တို့ ရိပ်စားမိပါရဲ့လား။ ကျွန်မတို့ နေထိုင်ကြီးပြင်းပုံက တစ်နေ့တခြား ပေါ့ပျက် ပျက်နိုင်လာခဲ့လေပြီလား ကျွန်မ ထိတ်လန့်နေမိပါပြီ…။ ပေါ့ပျက်ပျက် အင်တာနက်ကွန်နက်ရှင်အောက်မှာ တစ်ယောက်က တစ်ယောက် ကို ပေါ့ပျက်ပျက်ချိတ်ဆက်-မိတ်ဖွဲ့-ပေါင်းထည့်ရင်း ကျွန်မတို့ရဲ့ အချိန်နာရီတွေ တိုက်စားပွန်းပဲ့ ပေါ့ပျက်နေခဲ့တာလည်း ကာလ တာရှည်ရှိခဲ့ပြီ။ နေ့ရှိသရွေ့ ပေါ့ပျက်ပျက်တေးဂီတတွေ နားကြပ်နဲ့နားထောင်ရင်း ပေါ့ပျက်ပျက်ဝက်ဘ်ဆိုက်တွေထဲ ခေါင်းတိုး ၀င်တတ်ခဲ့ပြီ။ ပေါ့ပျက်ပျက် ဖေ့စ်ဘွတ်ခ်နံရံတွေ ကုပ်ကပ်တက်ရင်း ပေါ့ပျက်ပျက် လိုက်ခ်တတ်ခဲ့ကြပြီ။ ပေါ့ပျက်ပျက်စတေးတပ်စ်၊ ပေါ့ပျက်ပျက်ပို့စ်၊ ပေါ့ပျက်ပျက်ရုပ်ပုံ၊ ပေါ့ပျက်ပျက်အရေးအသား၊ ပေါ့ပျက်ပျက်သတင်းများ၊ ပေါ့ပျက်ပျက်ကော်မန့်၊ ပေါ့ပျက်ပျက် ဆဲရေးတိုင်းထွာမှု၊ ပေါ့ပျက်ပျက်ဝတ်စားဆင်ယင်မှု၊ ပေါ့ပျက်ပျက် ပေါ့ထရိတ်၊ ပေါ့ပျက်ပျက်နျူ့ ၊….ပေါ့ပျက်ပျက်…. ပေါ့ပျက်ပျက်… ပေါ့ပျက်ပျက်။
မြန်မာပြည်က အဆိုသမား ဘိုဘိုဟန်ကြီးရဲ့ သီချင်းတစ်ပုဒ်ကို ကျွန်မ ဒီလို ပေါ့ပျက်ပျက် ဖျက်ဆိုလိုက်ချင်ပါပြီ။ “ခေတ်အမီဆုံး.. ပေါ့ပျက်ပျက်”  “ခေတ်အမီဆုံး ပေါ့ပျက်ပျက်” “ပေါ့ပျက်ပျက်” “ပေါ့ပျက်ပျက်” “ခေတ်အမီဆုံး ပေါ့ပျက်ပျက်”။ ပြားချပ် ချပ် နေရာမှာ ပေါ့ပျက်ပျက် လို့ အစားထိုးပြီး ရှင်တို့ လိုက်ဆိုကြည့်လိုက်ပါ။ သိပ် သေချာတာပေါ့။ အခုခေတ် ကျွန်မတို့ခေတ်မှာ ရေပန်းအစားဆုံးနဲ့ ခေတ်အမီဆုံးက ပေါ့ပျက်ပျက် ဆိုတဲ့ စကားလုံးဖြစ်နေပါပြီ။ စကားမစပ်..ကြားဖြတ်ပြောပါရစေဦး။ ရှင်ဟာ ကျွန်မအိတ်ကပ်ထဲကနေ ချွင်ခနဲလွင့်စဉ်ထွက်ကျသွားတဲ့ သက်တမ်းမစေ့ခင် တန်ဖိုးကုန်သွားတဲ့အကြွေစေ့တစ်စေ့ ဆိုတာ မမေ့လိုက်ပါ နဲ့ဦးနော်။ ပြီးတော့ ဘယ်လောက်ပဲ ဒေါသထွက်ထွက် ဒီစကားအတွက် ဘယ်သူ့ကိုမှလည်း ရှင် ပေါ့ပျက်ပျက် လက်ညှိုးသွား မထိုးလိုက်ပါနဲ့ဦး။ ဒီအမှုကိစ္စအလုံးစုံရဲ့ တရားခံက ရှင်ကိုယ်တိုင်ပါပဲ။ ရှင်လည်းပဲ ပေါ့ပျက်ပျက်နေ့စွဲတွေထဲမှာ အပေါစားဂျင်း ဘောင်းဘီဝတ်လို့၊ ရှင့်ရဲ့ပေါ့ပျက်ပျက်ရယ်မောသံ၊ ပေါ့ပျက်ပျက်ဟန်ပန်တစ်ခွဲသားကြီးတွေနဲ့ပဲ စခန်းသွားနေဦးမှာပေါ့။ ရှင့်ဘ၀တစ်လျှောက် အရေးကြုံရင် ကြုံသလို အပေါစားကျိန်ဆိုမှုတွေလည်း ပေါ့ပျက်ပျက် ကျူးလွန်နေဦးမှာပဲဆိုတာလည်း ကျွန်မ သိနေသေးတာပေါ့။ “ဘုရားစူးရပါစေ့” “သား သေစေ့” “မိန်းမ နဲ့ ကွဲစေ့”။ အဲဒီလို အပေါစား ကျိန်ဆိုမှုတွေကို လျှာဖျားကနေ ပေါ့ပျက် ပျက်ကျိန်ဆိုရင်း အပေါစားဘီယာတွေ တစ်လုံးပြီးတစ်လုံးသောက်၊ အပေါစားမိန်းမတွေကို ပေါ့ပျက်ပျက်အကြည့် ပေါ့ပျက်ပျက် စကားတွေနဲ့ စ နောက်၊ ပေါ့ပျက်ပျက် သောက်စားခြင်းအမှုကိစ္စပြီးဆုံးတဲ့အခါ ပေါ့ပျက်ပျက် ခြေလှမ်းတွေနဲ့ ညနက်နက်မှာအိမ်ကိုပြန်၊ အိပ်ရာမ၀င်ခင် ၀တ်တရားမပျက် လိင်မှုကိစ္စတစ်ခု ပေါ့ပျက်ပျက်ပြု၊ ပေါ့ပျက်ပျက်အိပ်မက်တွေ မက်ရင်းအိပ်၊ မိုးလင်းတော့လည်း ရှင့်ကိုယ်ရှင် ငြိမ်းချမ်းရေးချိုးဖြူငှက်တစ်ကောင်လို peace morning လို့ လူတကာကို ပေါ့ပျက်ပျက်နှုတ်ဆက်၊ ပေါ့ပျက်ပျက်ရယ်သံနဲ့ အိမ်ကထွက်။ နေ့အသစ်မှာ ပေါ့ပျက်ပျက်အသစ်တွေနဲ့ ထပ်မံပေါ့ပျက်။ ပေါ့ပျက်ပျက်ပိုင်ဆိုင်ခဲ့တဲ့ဖုန်းတစ်လုံး၊ အိုင်ပက်တစ်ပြားနဲ့ လူတကာကို ပေါ့ပျက်ပျက် ကစားရင်း …..ပေါ့ပျက်ပျက်မြို့လယ်ကောင်မှာ လိမ်လည်လှည့်ဖျားဖို့ အထပ်ထပ်အခါခါ ပေါ့ပျက်စွာ ကပ်ငြိခို တွယ် နေခဲ့ပြန်ပါပေါ့။
xxxxx
အဲဒါကြောင့် အဲဒါတွေကြောင့် ပေါ့ပျက်ပျက်စဉ်းစားမနေနဲ့တော့ ချစ်သူရေ။ ကျွန်မတို့နေထိုင်ရာ မြေကမ္ဘာမှာ ပေါ့ပျက်ပျက် တွေက နေရာတကာ အတင်းကာရော လိုက်လံပေါ့ပျက်နေကြလို့ … အခုပဲ လိုက်ခဲ့ပါတော့….။ ကျွန်မ မောင့်ကို လမင်းကြီးဆီ ခေါ်သွားမှကို ဖြစ်တော့မှာနော်။
စုမီအောင်
Saturday, September 14, 2013
အိပ်မက်ထဲက ရှုတင်အိမ်
Family Magazine, March, 2014
အရင်ကတော့ အုတ်သားနီနီ၊
(မေမေ က ပြောတယ်။ အိပ်မက်ထဲက အိမ်က အနီရောင်မဟုတ်ဘူးလားတဲ့။ ဒီ ဓာတ်ပုံပို့ပေးတာနဲ့ တင်ထားလိုက်ရော။
တကယ်တော့ အိပ်မက်ထဲမှာ အိမ်အရောင်ထည့်မမက်တတ်ဘူး။ အိမ်အထဲက အက်ရှင်တွေပဲပါတယ် :D )
Saturday, September 07, 2013
မြက်တစ်ပင်တောင် မနှုတ်ချင်ဘူး သိလား
ညက night duty ၀င်အပြီး မနက်ခင်း ဒေါက်တာဖိုးလပြည့် အိမ်ပြန်လာတော့ ပုန်းညက်ပင်ကြီးက အရိုးပြိုင်းပြိုင်း ။ အရွက် တွေ ပြောင်သလင်းခါနေပြီ။
ဖိုးလပြည့် အံ့သြနေသည်။ သူငယ်ငယ်က အဖိုး သစ်ပင်ခုတ်လျှင် အော်အော် ပြေးတိုင်တတ်တာကို သူအမှတ်ရနေသည်။
ခု ဘယ်လိုစိတ်ကူးနဲ့များ အဖွား သစ်ပင်ခုတ်ပြစ်လိုက်တာပါလိမ့်။ အရွက်ကလေးတရွက်ကိုပင် ခူးပစ် ဆိတ်ပစ်ရမှာ အလွန်နှမြောတတ်တဲ့ ဖွားဖွား ။ ခု ဘယ်လိုဖြစ်လို့…။
ဒီမေးခွန်းကို သီရိကိုယ်တိုင်လည်း သီရိကိုယ်ကို  မေးနေမိပြီး ဘယ်လိုမျိုး ပြန်ဖြေရမည် မသိသေးသည့် မေးခွန်းပုစ္ဆာ ဖြစ်လို့ နေသည်။ဖြေရရင်လည်း  ရှည်ဝေးနေမည်မှာ အသေအချာ။
လွန်ခဲ့သည့် အနှစ် ၂၀ကျော်လောက်က  .ကျောင်းမနေသေးသည့် ၄နှစ်သားကလေး ဖိုးလပြည့် သူမ ရှိရာ မီးဖိုထဲ ပြေးလာတိုင်တန်းတတ်သည့်အဖြစ်ကို သတိရလို့နေသည်။ 
ဖိုးလပြည့် ၄နှစ်သားလောက်က… 
“ဖွားဖွားရေ …..ဖွားဖွားရေ..  ဖွားဖွားအပင်တွေ  အဖိုး ခုတ်နေပြီ.ကုန်ပီ..” 
မီးဖိုချောင်မှာ အလုပ်များနေသည့် သီရိထံ မြေးကလေး ဖိုးလပြည့်က ရေးကြီးသုတ်ပြာ ပြေးပြောလာသည်။ သီရိအပြေးကလေးထွက်ကြည့်တော့ အိမ်ရှေ့တံခါးပေါက် ပန်းဂုံးပေါ်က ခရမ်းရောင် ခေါင်းလောင်းပန်းအနွယ်တွေ တော်တော်ပြောင်နေပြီ။
သူက ဒီလိုပဲ။ မပြောမဆို မတိုင်မပင် အသိမပေး မဆွေးနွေး လုပ်ချင်ရာလုပ်တတ်သည့် လူ။ သီရိ အပင်တွေကို ချစ်တတ်မှန်းသိရက်နှင့် ဘယ်တော့မှ သီရိကို ကြိုတင်မပြော။အလစ်ဆို ထင်ရာစိုင်းတတ်သူ။
သူခုတ်ချင်လျှင် သီရိကို ဟို အကောင်နှင့်လည်း  ခြောက်တတ်သေးသည်။
ခြုံရှုပ်လျှင် အကောင်အောင်းတတ်သတဲ့။ သီရိကလည်း သီရိ အဲဒီအကောင် ခွေခွေဆို အသေကြောက်တတ်သူဆိုတော့  စိတ်လျော့လိုက်ရသည်။ သူလုပ်လိုရာလုပ်တော့ပေါ့။ဒါနှင့်ပဲ သူ့စိတ်ကြိုက် ခုတ်ပါလေတော့သည်။ ဇွန်ပန်းရုံဆို  တရုံလုံ့း ပြောင်သလင်းခါရော။ တကယ်ဆို အောက်ခြေလေးရှင်းပြီး စင်တင်ထားလိုက်ရင် ရရက်နှင့်။ 
ကျွန်မက မြက်ကလေး တပင်တောင် မနှုတ်ချင်ဘူးဆိုတာ သူသိရက်နှင့်။
ပန်းရံဆရာ အပြောကောင်းလျှင် ကောင်းသလို လုပ်တတ်သေး။ သီရိရန်ကုန်သွားနေတုံး  သူက မြေကြီးရှိသရွေ့ တလက္မမကျန် သမံတလင်းအပြည့် ခင်းပြစ်လိုက်သေးသ ည်။သူက အဲလိုလူ။ ဘာပင်မှ စိုက်လို့ မရတော့။” ခရမ်းပြာ “ဆိုသည့်  sign board သေးသေး ကလေးကိုပင် သူက ထိန်းသိမ်းမထားချင်။
သီရိလည်း အပင်စိုက်ရင် ပိုးသတ်ဆေးသုံးရ  အပင်ဆေးဖြန်းရ ပိုးမွှားရှာရ  ဒုက္ခများ သည်နှင့်စိတ်ကုန်သွားသည်။ အယင်လို အပင်စိုက်ရတာ စိတ်ချမ်းသာမှု မရတော့။ မပျော်ပိုက်တော့။အပင်တွေ အပွင့်တွေကို ချစ်တဲ့စိတ်က နည်းနည်းကလေးမှ လျော့ပါးမသွားပေမဲ့ ပြုစုပျိုးထောင်ပေးဖို့ ကိုတော့ ဆန္ဒမရှိ မလုပ်ချင်တော့ ။ 
“ကိုင်းတွေ ခုတ်ပြစ်လိုက်တော့ အပင်က တုံးတိတိကြီး ကျက်သရေ မရှိဘူး။ အကုန်ရင်လဲ ခုတ်ပြစ်လိုက် မေမေတို့က ရှင်းဆို အကုန်ပြောင်အောင် ရှင်းတာပဲ”။တဲ့။
 ဖြတ်ဆို သီရိ  အသံလာရာ လှမ်းကြည့်လိုက်သည်။ ဖိုးလပြည့်က အပင်ခုတ်တာကို ကြိုက်ပုံမရ။ 
“အဖွား ..အဖွား။”  တဲ့ သူ့အမေက သီရိကို လွဲချသည်။
ဟုတ်ပါပြီ။ အပင်ခုတ်တဲ့ကိစ္စက သီရိပြီးမှ ပြီးမဲ့ဟာပါပဲ။
“ခဏ  သည်းခံ စောင့်ပါ သားရယ် ဆောင်းကုန်သွားရင် အပင်ကလေးက အသစ်ပြန်ဖြစ်ပြီး စိုပြေလာမှာပါ။”
“အဖွားက မြက်တစ်ပင်တောင် နှုတ်ချင်တာမဟုတ်ဘူး။သိလား။ “
စိတ်ထဲက ပြောလိုက်ခြင်းဖြစ်သည်။
 ပုန်းညက်ပင်ကြီးကို သီရိ မချစ်တော့လို့ မဟုတ်ပါ။ နှစ် ၅၀နီးပါး အရိပ်ခိုခဲ့ရသည့် အပင်ကြီးမို့ သံယောဇဉ်ကလည်း မသေးပါ။ ပုန်းညက်ပင်ကြီး ခုတ်ရဖို့ အကြောင်းဖန်လာတာက အဓိက  မီးကြိုးတွေပေါ့။သီရိ တို့ အိမ်အနောက်ဘက်မှာ ရှိတဲ့ အိမ် ၄အိမ်က သီရိတို့ ခြံစည်းရိုးကို အရှည်လိုက် ဖြတ်ပြီး မီးကြိုးတွေသွယ်တန်းထားတာ ကြာလည်းကြာနေပြီ။အပင်တွေကလည်း ခြံစည်းရိုးတလျှောက် မာလကာပင်၊ သြဇာပင် ၊ သရက်ပင် တမာပင် ဓါတ်တိုင်နဲ့ ကပ်လျက်က ဘန်ဒါပင် စသည် မျိုးစုံ စီတန်းပေါက်ရောက်ရှင်သန်နေကြသည်မှာ အပြိုင်းပြိုင်း ။ဒီကြားထဲ သီရိ ပုန်းညက်ပင်ကြီးကလည်း နှစ်၅၀ကျော် သန်စွမ်းကျန်းမာလာတာဆိုတော့.မီးကြိုးတွေနှင့် ရှုပ်ရှက်ခတ်ပြီး ထွေးလား လုံးလားဖြစ်နေ။သိပ်သည်းထူပြစ် ကြပ်ညှပ်နေ။ပုန်းညက်ပင်ကြီး ဘယ်လောက် မိုးထိုးနေသလဲဆိုရင် မြောက်ဘက် ခြေရင်းအိမ်က နှစ်ထပ်အိမ်ခေါင်မိုးကိုတောင်  လူနှစ်ရပ်စာမက ကျော်လွန်နေပြီလေ။ ခုတ်တော့ ခုတ်ခဲ့ဖူးပါရဲ့။ မကြာခဏ အပင်ကြီးက အိမ်ခေါင်မိုးတွေနဲ့ တိုက်။ လေထန်ရင်  သွပ်တွေကိုပုတ်ခတ် ပေါက်ပြဲစေတာဆိုတော့ မကြာခဏ ခေါင်နှိမ်ရပါတယ်။  ရွက်ခြောက်တွေက နေ့စဉ်လှဲရ ကျင်းရတော့  လည်း တာဝန်ကြီးတခုလို ဖြစ်နေတယ်။ဒီအထဲ ကျီးကန်းတွေက လာလာအိပ်ကြတော့ မနက်မနက် ဆို တအအ နဲ့ မစင်တွေကိုလည်း ဗရပွ ပါပါချကြ၊နေ့စဉ် ဆေးရ ကြောရ။ အလုပ်ပိုပြန်ရော။စာကလေးတွေလည်း လာလာအိပ်ကြတယ်။ နေ့ခင်းဆို သီရိက စာကလေးတွေကို ဆန်စေ့တွေ ၀အောင် ချချကြွေးတာ ။ စာကလေးတွေက လူကို ဒုက္ခမပေးပါဘူး။
ဒီအထဲ  “ ကြိုးတွေက ဆွေးပြီး   ပေါက်ချင် ပေါက်နေမှာ။ မိုးရွာလို့ ရေစိုရင် အကုန်ဓါတ်လိုက် အသေပဲ ခဏ ခဏ သတင်းစာထဲ ပါနေတာ” တဲ့ ။ လပြည့်အမေက ခြောက်သည်။
အင်း အဲလိုဆိုရင် သီရိ တော့ လူမသိ သူမသိ တယောက်တည်း သေနေမှာ။ 
သီရိက အိမ်မြောက်ဘက် အစွန်မှာ အခန်းတခုတည်း သီးခြားနေသည်လေ။ သူများမာကလာပင် ကို ပြတင်းပေါက်က  လှမ်းခူးစားရင်း   ဓါတ်လိုက် သေနေမှ ဒုက္ခ။ ခြောက်သည့်လူကခြောက်တော့ ကြောက်လာသည်။
ဟို အကောင်ခွေခွေကလည်း သစ်ပင်တက်တတ်သတဲ့။ အမလေး လေ..ကြောက်ပါတယ်ဆိုမှ။ သစ်ကိုင်းတော်တော်များများက သီရိ အခန်း လေတိုက်တိုင်း..ခေါင်မိုးမှာ တရှဲရှဲ တဗြဲဗြဲ ။အကောင်တက်လာတာလား ဘာလား။ တယောက်တည်း အားငယ်။ 
သီရိအခန်းမှာ အပင်တွေက ၀န်းရံ ခနေတာ။ အနောက်ဘက် ရေစင်မှာဆို  ဒန့်သလွန်ပင် ပျဉ်တော်သိမ်ပင် ၊ ပိန်းနဲပင် အို အစုံခြံရံလို့ ။
 ကိုင်း..သွားပေရော့ အကုန်ဆွဲချ။
ကိုင်း လာလေရော့  အကုန်ခုတ်။
 မဆိုင်းမတွပင် သစ်ပင်ခုတ်မည့်သူ ခေါ်ခုတ်။ ခုတ်ခ က တသောင်းခွဲ ဆိုပါလား။ ဘုရား။
တတ်နိုင်ဘူးလေ။ ဘာပဲဖြစ်ဖြစ် စိတ်ရှင်းရှင်း သန့်သန့်ကလေး နေရမှ ကောင်းတာမို့လား။
သစ်ပင်ခုတ်နေတာ မြင်သူ တချို့က ဟင် နှမြောစရာကြီး ဆိုရင် “သီရိက ပို နှမျောသေး”လို့ ပြောပလိုက်တာပဲ။ (စိတ်ထဲက )
မြက်တပင်တောင် နှုတ်ချင်တာမဟုတ်ဘူး သိလား..၊
ပုံကိုကြည့် ..
တွေ့လား စိတ်တိုတိုနဲ့ ခုတ်ပလိုက်တာ ပြောင်းတလင်းကို ခါရော။ အိမ်ခေါင်မိုးတွေနဲ့လည်းအလွတ်ကြီး။ဘာအကောင်ပလောင်မှ ဘယ်လိုမှ ကူးလို့မရ။ ဘာဓါတ်ကြိုးနဲ့မှလည်းမထိ အဝေးကြီး။ ရှင်းကရော။ကိုင်း မယ်မင်းကြီးမ ။ ဖြောင့်ဖြောင့် အိပ်တော်မူ လို့ သီရိကိုယ် သီရီ ပြောပလိုက်သည်။
နှမျောတဲ့ စိတ်ကို အသေအချာ လုံအောင် ဖုံးဖိပြီး ခပ်တည်တည်ကြီး တရားရှိသလိုလို သင်္ခါရတွေ အနိစ္စတွေ တွင်တွင်ပြော အပြုံးမပျက် ။
တခြားအကြောင်းတခုက ရေတွင်းနဲ့ အပင်ကြီးက နီးကပ်နေတာမို့ သူ့အမြစ်တွေ ရေတွင်းကို ထိုးဖေါက်ဖြိုခွဲ ပြစ်မှာကိုလည်း စိုးရသေးသည် တဲ့။
ခါတိုင်းသီရိအခန်းက ပုန်းညက်ပင်ကွယ်နေလို့ နေရောင်မမြင်ရ လမ်းက လူသွားလူလာ မမြင်ရ ချောင်ကျနေတာ  ကို သီရိအလွန်ကြိုက်။ ကိုယ်တယောက်တည်း အေးအေးဆေးဆေး။ ဖတ်ချင်ဖတ်၊ရေးချင်ရေး။အိပ်ချင်အိပ်။ ဇိမ်ပဲ။ ခု ပုန်းညက်ပင် ခုတ်လိုက်တော့ အားလုံးဟာ ရှင်းရှင်းကြီး။ ကွင်းကနဲ လင်းကနဲ။ 
လင်းလင်းချင်းချင်းတော့ အရှိသား။ မိုးအကုန်ဆောင်းတွင်းများဆို ခါတိုင်း နေရောင်မရလို့ နေဇာမလှုံရ။ စောင်ခြုံ ကွေးအိပ်နေရသည်။
ဒီနှစ် တော့ ကောင်းကောင်း နေရောင်ရပြီ။ ဆိုပြီး ကြံဖန် ဖြေသိမ့်ရသည်။ ဆောင်းအကုန် နွေအကူးဆိုရင် တော့ ပုန်းညက်ပင်ကြီးက အရွက် တွေ ပြန်ဝေနေမှာ သေချာပါသည်။ သူက ခုတ်လေ သန်လေပါ။ 
ခုတ်ပြစ်မိတဲ့အတွက် လည်း သီရိ နောင်တမရပါ။ စာကလေးတွေ ဘယ်မှာ သွားအိပ်ကြပါလိမ့်လို့ စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါ။ဒါပေမဲ့လည်း တခြားအပင်ကြီးတွေ အများအပြားအနားမှ ရှိပါသေးသည်။လမ်းဘက် မှာ ဓါတ်ကြိုးနှင့် ကင်းလွှတ်ရာ ဘန်ဒါပင်တွေ  ရေတမာပင်တွေ စိန်ပန်းဝါပင်တွေ ပိတောက် ပင် တွေ။ တော်ပါသေး။
ရေတွင်းနဲ့ ပုန်းညက်ပင်ကြီး သိပ်နီးကပ်နေတာကလည်း စိုးရိမ်စရာပါ။သူ့အမြစ်တွေက  ရေတွင်း ကို အစိတ်စိတ်အမွှာမွှာ ထိုးဖေါက် ဖြိုခွဲ ပြစ်မှာ တထိတ်ထိတ် ဖြစ်နေရသေးတာပါ။ ဘာပဲဖြစ်ဖြစ် 
မကြာမီအချိန်အတွင်း ပုန်းညက်ပင်ကြီး အရွက်တွေ ဖြိုင်ဖြိုင်ဝေရင်း ပြန်လည်ရှင်သန် နုပျိုလာမဲ့နေ့ဆိုတာ မလွဲမသွေ   ရောက်လာရမှာပါ။ အဲဒီ နေ့ကိုရောက်ဖို့ စက္ကန့် တိုင်း မိနစ်တိုင်း နာရီတိုင်း  သီရိက တိတ်တခိုး လူမသိ သူမသိ မျှော်နေတယ်ဆိုတာ ကိုတော့  ဘယ်သူ သိလိမ့် မလဲ ကွယ်။ 
ခင်မေသစ်
စက်တင်ဘာလ ၆ရက် ၂၀၁၃
ဘယ်အိမ်ကို အချစ်ဆုံး
ခုတလော Home & Services ဂျာနယ်ကို ဖတ်ကာ ကျွန်မ ဒါကိုပဲ တွေးတွေးနေမိသည်။
ကျွန်မ နေခဲ့ဖူးတဲ့အိမ်တွေ ဘယ်နှအိမ်ရှိပါလိမ့်၊ သိပ်များများစားစားမရှိ။
အိမ်တွေအပေါ် ကျွန်မခံစားချက်တွေ ဘယ်လို ရှိပါလိမ့်၊ ဒါတော့ ခပ်များများ ရှိနေသည်။
အိမ် (၁)
ပျဉ်းမနားမှာရှိသည်။ မွေးဖွားချိန်ကစလို့ ဆယ်တန်းအထိ ကျွန်မနေခဲ့သည်။ ကျွန်မတို့ မောင်နှမ ၇ ယောက်လုံး အဲဒီအိမ်မှာမွေးသည်။ အဲဒါဖေ့ဖေ့အိမ်လား၊ မေမေ့အိမ်လား၊ ဖေဖေကတော့ သူ့လက်သူ့ခြေ၊ သူ့ချွေးနှဲစာငွေ၊ သူ့စိတ်ကူးတွေနှင့် ဆောက်သည်လို့ အမြဲဂုဏ်ယူပြောလေ့ရှိသည်။ မေမေကလည်း ဖေဖေက `ငွေ လိုလို့ ခဏစိုက်ထားပေး နောက် ပြန်ပေးမယ်´ဆိုကာ ဖေဖေက တောင်းတောင်းယူသွားပြီး တစ်ခါမှလည်း ပြန်ရသည်မရှိဘဲ နောက်ဆုံး သူပိုင်ဆိုင်သမျှ ရွှေတွေ ဒီအိမ်ထဲမှာ အများကြီး မြှုပ်နှံရင်းနှီးခဲ့သည်လို့ ဆိုသည်။ ပိုင်ဆိုင်မှုစာရင်း စာရွက်ထဲမှာတော့ မေမေ့နာမည်နှင့် ဖြစ်သည်။ ပျဉ်းမနားအိမ်ကို တောင်နှင့်မြောက် ရှည်လျားသည့် ထောင့်မှန်စတုဂံပုံမြေကွက်ထဲ၊ မြောက်ဘက်နေရာယူကာ ဆောက်ထား သည်။ အစကတော့ ခြေတံရှည် ပျဉ်အိမ်ဖြစ်ပြီး အောက်မှာ အုတ်ဖြည့်ကာ တိုးဆောက်ခဲ့သည်။ နောက် မီးဖိုဆောင်လို့ ယူဆကာ မြောက်ဘက်စည်းရိုး ဘက်ကပ်ပြီး အိမ်တစ်လုံး ထပ်ဆောက် ပြန်သည်။ အိမ်မကြီးနှင့် အိမ်ပွားလေး။ သည်နှစ်လုံးကို အလယ်ကနေ ပေါင်းကူးစင်္ကြံသွယ်ကာ ကူးလူးယှက်နွှယ် လိုက်ပြန်သည်။ နောက် ကလေးတွေ ရှိလာတော့ လူနာတွေအတွက် သီးသန့်အခန်းလုပ်တာ ကောင်းမည်ဆိုကာ အိမ်မကြီးခေါင်းရင်းဘက်မှာ ဆေးခန်းတစ်လံုး ထပ်တိုးဆောက်ပြန်သည်။ အိမ်ပွားက လေးရဲ့ နောက်ဘက်မှာ ရေစင် အုတ်ကန်ကြီး ထပ်တိုးလာပြန်သည်။ လသာဆောင်နှင့်တွဲလျက်။ အိမ်မြောက်ဘက် စည်းရိုးနှင့်ကပ် လျက်မှာ ရေတွင်းရှိသည်။ မီးဖိုဆောင်အိမ်ရဲ့ရှေ့မှာ ပုန်းညက်ပင် တစ်ပင်ရှိသည်။ အိမ်မကြီးတောင်ဘက်က မြေနေရာလွတ် အရှည်ကြီးမှာ မေမေက နိုင်ငံခြားနှင်းဆီ အမျိုးမျိုး၊ ရွက်လှအစုံစုံ၊ ပိန်းပင်တွေ မျိုးစုံစိုက်သည်။ ဖေဖေက မေမေစိုက်သော အပင်တွေကို သိပ်မလိုလား။ စားလို့ရတဲ့ သီးနှံပင်တွေ စိုက်ချင်သည်။ ယိုးဒယားဆီးသီးပင် တွေ တစ်ခြံလုံး စိုက်ဖူးတာ ကျွန်မမှတ်မိ သည်။ နောက်တော့ ပိုးကျပြီး အကုန်သေကုန်သည်။ အိမ်မကြီး ရှေ့ဂိတ်ဝမှာ အမိုးခုံးလေးနှင့် နွယ်ပင်တစ်မျိုး စိုက်ထားသည်။ ခရမ်းပြာရောင် ပန်းပွင့်လေးတွေ သန်သန်မာမာပွင့်ကြသည်။ ဒါကြောင့် မေမေက ခရမ်းပြာခြံလို့ နာမည်ပေးခဲ့သည်။ မေမေက ကိုင်းညွှတ်ကျနေသည့် ခရမ်းပြာနွယ်ကိုင်းတွေ ဘယ်လောက်ရှည်ကျကျ ညှပ်မပစ်ချင်။ ဖေဖေက အ၀င်အထွက်မျက်စိ ရှုပ်သည်ဆို ကာ မေမေ့အလစ်မှာ ခဏခဏ ဆံပင်ညှပ်သလို မသိမသာ ခိုးခိုးညှပ်သည်။ ဖေဖေအဲလိုလုပ်လေလေ အပင်က ပိုသန်လေလေ။
အိမ်မှာပြတင်းပေါက်တွေ၊ လှေကားတွေများလှသလို အခန်းတစ်ခန်းနှင့်တစ်ခန်း လှည့်ပတ်ကူးလူးလို့ရသည်။ ဖေဖေစိတ် ကူးရတိုင်း ဟိုတိုး သည်ချဲ့၊ ပြန်ဖျက်ပြန်ဆောက်၊ ထပ်ထပ်ဆောက်သည့်အခါ ကျွန်မတို့အိမ်က သဘောင်္တစ်စင်းလိုလို၊ ၀င်္ကဘာလိုလို။ အိမ်ကို အမှတ်အရဆုံး အချိန်ကာလကို ပြောခိုင်းလျှင် ကျွန်မတို့မောင်နှမတစ်တွေ ဗြောင်းဆန်အောင် ဆော့ချိန် ကိုပဲ ပြောရတော့မည်။ ကျွန်မတို့က ရွယ်တူအိမ်နီးချင်းကလေးတွေနှင့် အိမ့်ပြင်ထွက် မြေကြီးပေါ်မှာ ဆော့ကစားဖူးခြင်းမရှိ။ အိမ်မှာပဲ မောင်နှမတစ်တွေ မျိုးစုံဆော့ဖူးသည်။ အိမ်ထဲရှိသမျှ ဆက်တီခုံပါမကျန် ထိုင်ခုံတွေတန်းစီဆက်က ရထားလုပ်၊ ခရီးသွားတမ်းကစားသည်။ အိမ်ကြမ်းပြင်ကျယ်ကြီးပေါ်မှာ စောင်ကြမ်းတစ်ထည်ဖြန့်ခင်းကာ အငယ်တွေက တက်ထိုင်၊ အကြီးတွေက ဆွဲပေးကြသည်။ တူပုန်းတမ်း၊ သေနတ်ပစ်တမ်း၊ သရဲခြောက်တမ်း စုံအောင်ဆော့သည်။ အိမ်ထဲမှာ ဆော့ကစားရ တာပျော်သည်။ တစ်ခန်းဝင် တစ်ခန်းထွက်၊ ဟိုပြတင်းကတက် သည် ပြတင်းကခုန်ချ၊ ဟိုလှေကားက ပြေးဆင်း၊ ဒီလှေကားခုန် တက်..။ တက္ကသိုလ်တက်သည့်အရွယ်ရောက်သည့်တိုင် ပိတ်ရက် အိမ်ပြန်လာတိုင်း ကလေးတွေလို တစ်အိမ်လုံးလှည့်ပတ် ပြေးဆော့ကြတုန်း။ ဆရာ့ကလေးတွေ ဆော့လှချည့်လို့ ဖေဖေ့ကို တစ်ယောက် ယောက်ကပြောလျှင် ကလေးတွေ မဟုတ်ဘူးဗျ၊ ကြည့် ဒီမှာ အငယ်ဆုံး ဆိုကာ ညီမအထွေးဆုံးကိုပြလျှင် မြင်သူတိုင်းအံ့သြ နှုတ်ပိတ်သွားတတ်သည်။ အငယ်ဆုံးက တက္ကသိုလ်တက်သည့်အရွယ်ကိုး။ သည်အရွယ်ထိ ပြေးလွှားဆော့မဆုံး။ ဧည့်သည်လာတိုင်း ဒါက သမီးကြီးအခန်း၊ ဒါက သမီးငယ် အခန်း၊ ဒါက သား.. စသဖြင့် အိမ်အနှံ့လိုက်လိုက်ပြတတ်တတ်သည့် ဖေဖေ့အကျင့်ကိုတော့ ကျွန်မတို့မကြိုက်ပါ။ နေချင်သလို နေနေချိန် ရုတ်တရက်ဧည့်သည်က အခန်းရှေ့ဘွားခနဲပေါ်လာလျှင် ကျွန်မတို့ ဘယ်ပြေးလို့ပြေးရမှန်း မသိ။ လုပ်လက်စ ဆက်လုပ်ရမလို၊ ဧည့်သည်ကို လာပါထိုင်ပါ လက်ဆွဲနှုတ်ဆက်ရမလို ကျဉ်းထဲကျပ်ထဲကျနေချိန် ဖေဖေကတော့ `တစ်အိမ်လုံး ကျွန်တော့်လက်ကျွန်တော့် ခြေနဲ့ ဆောက်တာဗျ´လို့ ပြုံးပြုံးကြီး ပြောကောင်းတုန်း။ သားသမီး ၇ယောက်လုံး သူ့အိမ်မှာ တစ်သက်လုံးနေစေမည်လို့ စဉ်းစားကာ ဒီလို တစ်ယောက်တစ်ခန်းစီ အိမ်အကျယ်ကြီးဆောက်ခဲ့လေသလား ကျွန်မ မတွေးချင်ပါ။ ဒီအိမ်ဟာ ကျွန်မတို့ကို ထာဝရပျော်ရွှင်စေမယ့်အိမ်လို့ ယုံကြည်တဲ့ကြားက အိမ်မှာ ဘယ်သူမှစွဲမြဲမနေနိုင်ကြဘဲ အဘယ်အရာကို ကျွန်မတို့ ဆန့်ထွက်ရှာဖွေနေခဲ့ကြပါသလဲ..။
အခုဆို လိုအပ်ချက်အရ ပိုင်းဖဲ့ရောင်းချရသည့်အခါ ထောင့်မှန်စတုဂံပုံမြေကွက်ရှည်ကြီးလည်း မရှိတော့ပြီ။ အိမ်နှစ်လုံးက ခြံဝင်းနှင့်ကွက်တိ၊ ရှေ့နေရာလွတ်တွေမှာ မြေကြီးတွေ အစား သမံတလင်းတွေက သိမ်းပိုက်လိုက်ပြီ။ ခြံဝင်းက ထောင့်မှန်စတုဂံပုံ အရှည်ကြီးကနေ စတုရန်းပုံ အသွင် ပြောင်းသွားပြီ။
အိမ်(၁)အပေါ် ခံစားချက် - ဘယ်နေရာရောက်ရောက် အိပ်မက်ထဲထိ ပါလာတတ်သည့် ထာဝရမှတ်မိနေမည့်အိမ်။
အိမ်(၂)
ကျောက်မြောင်း၊ မဂ္ဂင်လမ်းမှာရှိသည်။ ၁၉၉၀ ခုနှစ်မှစကာ ၁၉၉၇ ထိ ကျွန်မနေခဲ့သည်။ ညီမလေးနှင့်မောင်လေး တက္ကသိုလ်တက်ရ လွယ်အောင် အဆောင်နေဒုက္ခက ကင်းဝေးအောင် ၀ယ်ယူလိုက်သည့်တိုက်ခန်းသာ။ ကျွန်မလည်း အလုပ်လုပ်ရင်းနေသည်။ ၉ထပ်တိုက်၊ သုံးလွှာ ထောင့်ခန်းဖြစ်လို့ လေကောင်းကောင်းရသလို လမ်းထောင့် ချိုးကွေ့တိုင်း အသံပေးတတ်သည့် ကားဟွန်းသံတွေလည်း နေ့ရောညပါ ကြားရတတ်သည်။ နေခါစမှာပဲ ငလျင်နှင့်တိုးလို့ ကြောက် လိုက်သည့်ဖြစ် ခြင်း။ တိုက်အမြင့်တွင် မနေဖူးလို့ ကြောက်အားပိုတာလည်းပါသည်။ ဒီအိမ်က တိုက်ခန်းပီပီ တိုက်ခန်းအထာတွေ အပြည့်ရှိသည်။ အမြဲတမ်း သော့ခတ်ပိတ် ထားရသည်။ ရောက်စက မနေတတ်။ ကိုယ့်ကိုယ်ကိုယ် သော့ခတ်ပိတ်ပြီး နေရသည့် တိုက်ခန်းအထာကို မုန်းလိုက်သည့် ဖြစ်ခြင်း။ နောက်တော့လည်း ဒီလို သော့ခတ်ထားမှ လုံခြုံမှုအပြည့်ရသည်လို့ နားလည်တတ် ခဲ့သည်။ ၀ရန်တာကနေ တွဲလောင်းချထားသည့် ခေါင်းလောင်းကြိုး ရှိသည်။ ကြိုးကို ရေငင်သလို ငင်ယူဆွဲတင်ကာ မုန့်ဝယ်၊ ပိုက်ဆံ ညှပ်ချပေး အသုံးပြုရသည်။ လှေကား ထိပ်မှာ လျှပ်စစ်လူခေါ် ခေါင်းလောင်းရှိသည်။ လက်ဆော့ပြီး နှိပ်သွားတတ်သည့် ကလေးတချို့ကြောင့် ခဏခဏစိတ်တို ရတတ်သည်။ အရေးကိစ္စမရှိလျှင် ဘေးအခန်းကိုတောင် အခေါ်အပြောမလုပ်ဖို့ ဒီအိမ်က ကျွန်မတို့ကို သင်ပေးခဲ့သည်။ မောင်လေးနိုင်ငံခြားသွားချိန်မှာ မေမေ၊ ညီမလေး နှင့် ကျွန်မတို့သုံးယောက်သာ နေကြသည်။ ဖေဖေက ရံဖန်ရံခါ လာလည်တတ်ပေမဲ့ ပျဉ်းမနားအိမ်ကို ကြာကြာမခွဲနိုင်၊ သုံးလေးရက်ကြာ သည်နှင့် သူ့ဘာသာ ရထားလက်မှတ် သွားယူကာ ဇွတ်ပြန်တော့သည်။ ညီမလေးလည်း website designerအလုပ် လုပ်၊ ကျွန်မလည်း မဂ္ဂဇင်းတိုက်မှာအလုပ်လုပ်တော့ ဒီအိမ်မှာ မေမေတစ်ယောက်တည်းအများဆုံးနေရတတ်သည်။ ၀ရန်တာကနေ ကျွန်မတို့ နှစ်ယောက်ကို ပြိုင်တူ နှုတ်ဆက် လက်ပြ၊ မြင်ကွင်းကပျောက်ကွယ်တဲ့ အထိ ရပ်ကြည့်၊ ညနေတစ်ခါ ပြန်အလာကို ၀ရန်တာကနေ ကိုယ်တစ်ပိုင်း ထွက်ကျမတတ် မေမေ စောင့်တတ်သည်။ တစ်ခါမိုးသည်းသည်းမှာ ကျွန်မတို့က ထီးကိုယ်စီနှင့် မိုးမစိုဘဲ အိမ်ပေါ်တက် လာချိန်၊ ၀ရန်တာထက်မှာ ကျွန်မတို့မလာမချင်း ထွက်မျှော်နေသည့် မေမေ့ခမျာ ကြွက်စုတ်ကလေးလို မိုးတွေစိုရွှဲနေလို့။ ဒီမြင်ကွင်းကို ကျွန်မ တစ်သက် မမေ့ပါ။။ ဒီမဂ္ဂင်လမ်းအိမ်က အနောက်ဘက်အရပ် မျက်နှာမူသည်။ လူတချို့က မနှစ်သက်။ ကျွန်မကတော့ နေ၀င်ချိန် ညနေဆည်း ဆာကို မိမိရရစောင့်ကြည့်ရလို့ အလွန်ပျော်ဖူးသည်။ ဘေးဘက်ဝရန်တာကနေလည်း ညည ကောင်းကင်က လမင်းကို စောင့်စောင့် ကြည့်ရလို့ သဘောကျသည်။ သို့ပေမဲ့ အပျော်တွေ တာရှည်မခံ၊ လုံခြုံစိတ်ချမှုရှိဖို့ အိမ်ပတ်ပတ်လည် ၀ရန်တာတွေအားလုံး သံပန်းဆန်ခါကွက်တွေ စိတ်နေအောင် ကာရံခတ်ပိတ် လိုက်သည့်အခါ နေညိုဆည်းဆာနှင့် ကောင်းကင်ကို အဆီးအတားမဲ့ လွတ်လပ်စွာငေးကြည့်ခွင့် မရတော့ပါ။ ကျွန်မက အိမ်ထောင်ကျ၊ ညီမလေးကလည်း နိုင်ငံခြားသွားသည့်အခါ မေမေ တစ်ဦးတည်း နေလို့မဖြစ်တော့ပါ။ အပြီးအပြတ်ရောင်းချကာ မေမေက ပျဉ်းမနားအိမ်မှာ ပြန်နေရသည်။
            အိမ်(၂)အပေါ် ခံစားချက် - ကျောက်မြောင်း၊မဂ္ဂင်လမ်းကဖြတ်ချိန်မှာတောင် တစ်ချက်လောက်လှည့်ကြည့်ဖို့ မေ့လျော့နေ သည်အထိ ကျွန်မမှတ်ညဏ်ထဲက လွတ်ကျသွားခဲ့သည့်အိမ်။
အိမ် (၃)
ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲ၊ ဂျပ်ဆင်ဘုရားကျောင်းနှင့်အနီးဆုံးမှာရှိသည်။ ၁၉၉၇ ကစလို့ အခုထိ ဒီအိမ်မှာ ကျွန်မနေ သည်။ ပြည်လမ်းက ၀င်ရသည်။ မျက်နှာချင်းဆိုင်မှာ သီရိဆောင်၊ ခေါင်းရင်းဘက်မှာ ရွှေဘိုဆောင်တို့ရှိသည်။ ဒီမှာနေ တယ်လို့ သိသွားကြသည်နှင့် လူအပေါင်းတို့(အထူးသဖြင့် တက္ကသိုလ်အတူတက်ဖူးသည့် သူငယ်ချင်းတွေ)က ကျွန်မကို အလွန်အမင်း အားကျ သော မျက်လုံးကြီးများဖြင့် စုပြုံကြည့်တတ်ကြသည်။ ကျောင်းပြီးတာတောင် တက္ကသိုလ်ကျောင်းနှင့် ဝေးမသွား၊ ဘွဲ့နှင်းသဘင်၊ သစ်ပုတ်ပင်၊ အဓိပတိလမ်းတို့စုဝေးရာ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ခုထိနေခွင့်ရတာ သိပ်ကံကောင်း သည်တဲ့။ သူတို့သည်လိုပြောလာ ကြတိုင်း ကျွန်မကိုယ်ကျွန်မ ဇ၀ိုဇ၀က်နှင့် မေးခွန်းပြန်ထုတ်ကာ ငိုချင်နေမိတတ်သည်။ ကျွန်မတကယ်ပဲ ကံကောင်းသလား။ ကျွန်မက တော့ ကံ သို့မဟုတ် ကြမ္မာကို မယုံကြည်ပါ။ ဘုရားသခင်ကိုတော့ စိတ်နှလုံးပုံကာ ယုံကြည်သည်။ ဘုရားကျောင်းနှင့်အနီးဆုံးမှာ နေခွင့်ရ၊ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းမပျက်မကွက်တက်ခွင့်ရ၊ ဓမ္မသံစုံအဖွဲ့မှာ alto memberအဖြစ် ပုံမှန်သီဆိုခွင့်ရလို့ ကျွန်မသိပ် ပျော်သည်။ ဒါကလွဲလို့ ဒီအိမ်မှာ ကျွန်မအတွက် အထူးတပ်မက် ပျော်ရွှင်စရာရှိမနေခဲ့ပါ။ စိမ်းမြမြသစ်ပင်တွေအမျိုးပေါင်း မရေတွက်နိုင်အောင် ခြံဝင်းအနှံ့ရှိနေပေမဲ့ ဒီအပင်တွေကို အမည်နာမနှင့် တွဲကာ ကျွန်မ မသိခဲ့။ သူတို့ကလည်း အိမ်သော့၊ခြံသော့၊ ဂိတ်သော့ သော့တွဲတစ်စုံ ကိုင်လို့ မိုးလင်းသည်နှင့် အိမ်ကထွက်၊ မိုးချုပ်မှ ပြန်ဝင်လာတတ်သည့် ကျွန်မကို ရင်နှီးကျွင်္မ်းဝင်စိတ် ရှိဟန် မတူပါ။ မြန်မာပြည်က နာမည်ကျော်ဂီတသမားကြီး ထူးအိမ်သင် မျက်ဝါးထင်ထင် မြင်တွေ့စပ်ဆိုခဲ့သည့် ဂျပ်ဆင်ထိပ်က လရိပ်ပြာကို လည်း ကျွန်မခုထိမတွေ့ရသေး။ ဒီအိမ်မှာ ခြံဝင်းတစ်ခုလုံး မီးမပျက်ပါ။ ကျွန်မနေသည့် အခန်းထဲမှာတော့ မီးပျက်သည်ထက် ပိုဆိုးသည့် အမှောင်ထု ကြီးစိုးချိန်တွေ မကြာခဏကြုံ ရတတ်လို့ တစ္ဆေသရဲတောင် မကြောက်တတ်သည့် ကျွန်မ တဖြည်းဖြည်း ကြောက်တတ် နေခဲ့ပြီ။ ဒီအိမ်မှာ ရေမပြတ်၊ သို့ပေမဲ့ ကျွန်မ အလုပ်ကပြန် လာချိန်တိုင်း ဆာဟာရထဲလမ်းပျောက်သူလို ရေတစ်ပေါက်ကို ပြင်းပြင်းပြပြ ဆာငတ်နေတတ်သည်။ ဒီအိမ်မှာ မီးဖိုချောင်တစ်ခုလုံး ဟိုတယ်ဆားဗစ်လို ၂၄နာရီ အစာအာဟာရနှင့်ပြည့်စုံသည်။ ဒါနဲ့တောင် ကျွန်မ အစာအိမ်က အမြဲလို ဟာတာတာနှင့်ဖြစ်နေတတ်တာ ဘာသဘောပါလိမ့်။ အိမ်က ကျွန်မကို၊ ကျွန်မက အိမ်ကို အပြန်အလှန် ရင်းနှီး ကျွမ်းဝင်ဖို့ ၁၆နှစ်ဆိုသည့် ကာလတစ်ခုတစ်ခုက မလုံလောက်သေးသည့် သဘောပဲလား။ နောက်ထပ်နှစ်ကာလ ဘယ်လောက်များ ကျွန်မ ရင်းနှီးပေးဆပ်ဖို့ လိုသေးဦးမလဲမသိ။ အိမ့်အပြင်နံရံ အုတ်သားတွေပေါ်မှာ တွယ်ကပ်ငြိခိုနေသည့် အုတ်ကပ်ပန်းနွယ်ပင်လေး တွေကတော့ ကျွန်မရဲ့အရင်းနှီးဆုံးအဖော်။ မြေပြင်ကစလို့ အိမ်နံရံပေါ် ကုပ်တွယ်တက်လာသည့် နွယ်ပင်လေးတွေက ကျွန်မအခန်း ပြတင်းပေါက်ထိ ရင့်သန်ကြိးထွားခဲ့ပြီ။ တစ်ကိုယ်ရေခံစားချက်တွေဖိတ်လျှံသည့်အခါ မှောင်ပိန်းပိန်းညတွေမှာ ပြတင်းသံဆန်ခါ ကြားက တိုးဝင်လာနေသည့် နွယ်ပင်လေးတွေကို ပါးနှင့်ကပ်ကာ ကျွန်မ ငိုကြွေးရှိုက်ငင်မဆုံး ဖြစ်ဖူးသည်။ အခု သူတို့မရှိတော့ပြီ။ ရှိရှိသမျှ အဟောင်းအမြင်း၊ အအိုအနွမ်းတွေကို ဖြိုဖျက်ခွာချကာ အိမ်ကို သိန်းပေါင်းများစွာ အကုန်အကျခံ  ပြုပြင်မွန်းမံ လိုက်သည့်အခါ အိမ်သည် ကျွန်မ ဆက်လက် မနေရဲတော့လောက်အောင် ငယ်ဘ၀ပုံပြင်ထဲက မှော်အိမ်တစ်လုံးလို နေ့ချင်းညချင်း သက်ဝင်ကာ လတ်ဆတ် သစ်လွင် ဆန်းကြယ်ခမ်းနားသွားခဲ့ပြီ။
အိမ်(၃)အပေါ်ခံစားချက် - ဒီတစ်သက် ဘယ်တော့မှ ကျွမ်းဝင်လာမှာမဟုတ်တော့သည့် သူစိမ်းတရံစာ အိမ်။
အိမ်(၃)
စိတ်ကူးထဲကအိမ်။ နေရပ်လိပ်စာ အတိအကျမရှိ၊ စိတ်ကူးထဲက အိမ်ဖြစ်သည့်အတွက် စိတ်ကူးထဲမှာပဲ သီးသန့်လေး ထားလိုက်ပါတော့မည်။
အိမ်(၃)အပေါ် ခံစားချက် - သေသည့်တိုင်အောင် လွမ်းမောတသနေရမည့်အိမ်။
အိမ်(၄)
ကောင်းကင်ဘုံမှာ ရှိသည်။ ထာဝရဘုရားရဲ့အိမ်တော်ရာ။ နေစရာအခန်းတွေက အသင့်အနေအထားရှိသည်။ လူ့ဇာတိ သဘောအရ မှားယွင်းစွာပြုမူမိလေသမျှ ၀န်ချတောင်းပန်ခြင်း နောင်တသဘောတစ်ခုတည်းဖြင့် ကျွန်မ ကို အဲဒီအိမ်က စောင့်ကြို နေလိမ့်မည်။ နွေးထွေးသန့်စင်သည့် ရောင်ခြည်တန်းတွေ စဉ်ဆက်မပြတ်လွှင့် ထုတ်ကာ ငြိမ်သက်ခြင်းအပြည့်နှင့် ကျွန်မကို မျှော်စောင့်နေဦးမည်။ အဲဒီအိမ်မှာ ငြူစူစောင်းမြောင်းခြင်း၊ ရန်လိုတိုက်ခိုက်ခြင်း၊ အမှောင်ထုကြီးစိုးခြင်း အလျဉ်းမရှိ။ ပကတိငြိမ်း ချမ်း သာယာမည့်သဘော အပြည့်ရှိသည်။ အဲဒီအိမ်မှာ ကျွန်မ ဘယ်တော့နားခိုရပါ့….။ဒါကို ဘုရားသခင်မှတစ်ပါး မည်သူမျှ မသိနိုင်ပါ။ သိပ်မဝေးလှတော့ပြီလို့တော့ ပြောနိုင်ပါသည်။
အိမ်(၄)အပေါ်ခံစားချက် - ထာဝရပျော်ရွှင်ခြင်းနှင့် ထာဝရငြိမ်သက်ခြင်းကို ပေးမည့်အိမ်။
xxxxxx
အိမ်တွေကို ပိုင်သည်လို့ အထင်ရှိသူများနှင့် ကျွန်မ သဘောချင်းမတိုက်ဆိုင်နိုင်ပါ။ တကယ်တော့ ကျွန်မတို့ကိုယ်စီ အဖိုးအခ တွေ ပေးပြီး ရင်းနှီးဖလှယ် နားခိုနေထိုင် သွားကြရတာပါပဲ။ တချို့က တစ်နှစ်စာပေးပြီး ဖလှယ်နားခို နေထိုင်သည်။ တချို့က တစ်သက်လုံးစာ နင့်ခနဲပေးပြီး ဖလှယ်နားခိုနေထိုင်သည်။ တချို့က ငွေကြေးပေးစရာမလိုဘဲ ဘ၀တစ်ခုလုံး ရင်းနှီးဖလှယ် ကာ နားခိုနေထိုင်ကြရသည်။ ဒါပဲ.. ဒါပဲကွာသည်။ အဆုံးတော့ နားခိုနေထိုင်သမျှ အိမ်အားလုံးကို ကျွန်မတို့ ထားခဲ့ကြရမည်။ မထားခဲ့ခင် အချိန်ပိုင်းမှာ ဘယ်အိမ်ကို အချစ်ဆုံး ဆိုတာတော့ ကျွန်မတို့ရင်ထဲမှာ တိတ်တခိုးအဖြေရှိပါသည်။         ။
စုမီအောင်
Essay(Home & Services Journal, Sep-4)
Friday, April 12, 2013
သင်္ကြန်ရက်တွေမှာ
Family Magazine, April, 2013
သင်္ကြန်ရောက်တော့မယ်။ သင်္ကြန်သီချင်းတွေက ဟိုမှာသည်မှာ ကြားနေရပြီ။ ဒီနှစ်သင်္ကြန်မှာတော့ မေလင်းသာ ထူးထူးခြားခြား ကြိုတင်ရင်ခုန်နေမိပြီ။ အရင်နှစ်သင်္ကြန်တွေမှာကတော့ မေလင်းက ရန်ကုန်မြို့ကြီးမှာမဟုတ်ဘူးလေ။ ဒီနှစ်တော့ မေလင်း ပထမနှစ်ကျောင်းစတက်တဲ့နှစ်ပေါ့။ နယ်မြို့လေးတစ်မြို့ကနေ ဆယ်တန်းအောင်လို့ ပထမနှစ်စတက်ရတော့ ကိုကြီးနဲ့ မေလင်းက အတူတူပဲ။ ၁၀တန်းကိုတစ်နှစ်တည်းအတူတူအောင်ခဲ့ကြတာ။ ရန်ကုန်သင်္ကြန်ဆိုတာကို တစ်ခါမှ မကြုံဘူးသေးတဲ့ ကိုကြီးရော မေလင်းရော ရန်ကုန်သင်္ကြန်ရက်တွေကို ရန်ကုန်သူရန်ကုန်သားတွေနဲ့ အတူတူနွှဲချင်ခဲ့ကြတာပေါ့။ သင်္ကြန်ရက်တွေမှာ တီဗီကလာတဲ့ သတင်းတွေကို အမြဲစောင့်ကြည့်ခဲ့ရတာ။ သင်္ကြန်မဏ္ဍပ်တွေမှာ ရေပက်နေကြတဲ့သူတွေ၊ မဏ္ဍပ်တွေကို လာကြတဲ့ နာမည်ကြီးအဆိုတော်၊ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေကိုစောင့်ကြည့်ရင်း ရေစိုစို ဒီဇိုင်းဆန်းဆန်းနဲ့ လှနေကြတဲ့သူတွေကိုကြည့်ပြီး သိပ်အားကျတာပဲ။ သူတို့လို သင်္ကြန်ရက်တွေလည်ချင်ခဲ့တာပေါ့။ ဒီနှစ်တော့ မေလင်း စိတ်ကူးလေးတွေပြည့်ဝတော့မယ်။ မေမေ့ကို ခွင့်တောင်းထားတယ်လေ။ ကိုကြီးလည်းပါတယ်၊ ကိုကြီးသူငယ်ချင်းရယ်၊ ကိုကြီးသူငယ်ချင်း မေမေရော၊ ညီမလေးတွေ မိုးသူတို့ ဇာခြည်တို့လည်းပါမယ်ဆိုတော့ မေမေက စိတ်ချတယ်။ တစ်ရက်လည်ခွင့်ပေးတယ်။ နောက်ရက်တွေမှာ မဏ္ဍပ်ထိုင်ဖို့လည်း ခွင့်ပြုတယ်။ အဲဒါကြောင့်မို့ မေလင်း သိပ်ပျော်နေတာပေါ့။ ဒီဇိုင်းလှလှလေးဝတ်မယ်။ နှုတ်ခမ်းနီ နီနီရဲရဲလေးများဆိုးပြီးလည်ရမယ်ဆို မေလင်းရဲ့အသားဝင်းဝင်းဝါ၀ါလေးနဲ့ ရေစိုစိုမှာ အလှပိုနေမှာပဲ။ မင်းသမီးတွေလောက်တော့ မေလင်း ဘယ်လှပါ့မလဲနော်၊ ဒါပေမယ့် မေလင်းက ချစ်စရာကောင်းတယ်တဲ့ သူငယ်ချင်းတွေက ပြောကြသားပဲ။ ဒီလိုနဲ့ မေလင်းတို့ ရင်ခုန်စွာစောင့်မျှော်နေခဲ့တဲ့ သင်္ကြန်ရက်ရောက်လာခဲ့ပါပြီ။
Wednesday, February 06, 2013
အင်းလျားနဲ့ ခဏလေးဝေးတဲ့အခါ
ကျွန်မကို `ခင်ဝင်းအောင်´လို့ခေါ်ဖို့ ဖေဖေက အမည်မှည့်ပေးခဲ့တယ်ဆိုတာမေမေ့အပြောအရ ကျွန်မသိခဲ့ရ တယ်။ ဟောသည် ကျွန်မရှေ့မှာရှိနေတဲ့ကန်ရေပြင်ကြီးကို `အင်းလျား´လို့ခေါ်စေဖို့ ဘယ်သူက အမည်ပေးခဲ့တယ်ဆိုတာကိုတော့ ကျွန်မ ခုချိန်ထိ မသိဘူး။ ကျွန်မသူ့ကိုသိတဲ့အချိန်မှာပဲ သူဟာ`အင်းလျား´ဖြစ်နေခဲ့ပြီးပြီလေ။ လူတွေ အားလုံးက သူ့ကို `အင်းလျား´လို့ကောင်းကောင်းကြီး သိနေကြပါပြီ။ သူဟာ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေရဲ့ပါးစပ်ဖျားမှာလည်း အင်မတန် ရေပန်းစားပြီး ထင်ရှားကျော်ကြားခဲ့တာပေါ့။ ဒါတင် မကသေးပါဘူး။ တက္ကသိုလ်ပြင်ပက လူတွေရဲ့ စိတ်နှလုံးကိုလည်း သူဟာ သိမ်းကျုံးဖမ်းစားနိုင်ခဲ့တာပါပဲ။
            ခြံရှေ့ မြေကွက်လပ်လေးမှာ ကျွန်မတို့ မိသားစုတွေ အပန်းဖြေနေတုန်း တစ်ယောက်တည်း တောက်တက် တောက်တက် ပြေးဆော့နေတဲ့ ကျွန်မကိုလှမ်းကြည့်ပြီး ဖေဖေက မေမေ့ကို ပြောခဲ့တယ်။
            `တို့သမီးကို အင်းလျားကန်ပေါင်ပေါ် ခေါ်သွားရအောင်လား၊ သူ လမ်းလျှောက်နိုင်ရုံမက ကောင်းကောင်းကြီး ပြေးနိုင်နေပြီပဲ´
            မေမေက သဘောတူတဲ့ စကားပြန်ပြောတယ်။
            `ဟုတ်တယ် ခေါ်သွားရမယ်၊ ဒါပေမဲ့ အနွေးအင်္ကျီတော့ လုံအောင်ဝတ်ပေးဖို့လိုမယ်၊ အဲဒီမှာက လေအေးတွေ တော်တော်တိုက်တယ်မဟုတ်လား”တဲ့။
အဲသည်နောက် ကျွန်မကို အင်္ကျီ၊ ဘောင်းဘီ၊ လမ်းလျှောက်ဖိနပ်၊ ဦးထုပ် စတာတွေအပြည့်အစုံ ၀တ်ဆင်ပေးပြီး သူတို့ပြောပြောနေတဲ့ အဲဒီ `အင်းလျား´ဆိုတဲ့နေရာအသစ်ဆီကိုခေါ်လာခဲ့ပါတယ်။ ကျွန်မ မကြာခင်မြင်တွေ့ရတော့မယ့် `အင်းလျား´ဆိုတာဟာ သာယာလှပတဲ့ ရေကန်ကြီးတစ်ကန်ဖြစ်တယ် ဆိုတာရယ်၊ (လေအေးတွေ တိုက် တယ်လို့ မေမေပြောတာကိုကြည့်ခြင်းအားဖြင့်) လူတွေကို အေးမြစေတဲ့
အရပ်အ၀န်းတစ်ခုဖြစ်လိမ့်မယ်ဆိုတာရယ်ကို အဲဒီတုန်းက ကျွန်မ အကြမ်းဖျင်းသိလိုက်ရတယ်။
            ကျွန်မ မှတ်မိပါသေးတယ်။ အဲဒီတုန်းက အင်းလျားဆီသွားတဲ့လမ်းတစ်လျှောက်လုံး အသစ်အဆန်းတစ်ခုခုကိုတွေ့မြင်ရတော့မယ့် ကလေးတစ်ယောက်ပီပီ ကျွန်မရဲ့ ခြေထောက်တွေဟာ အံ့သြစရာမြန်ဆန်သွက်လက်နေခဲ့တယ် ဆို တာကိုပေါ့။ လှေကားထစ် ဖြူဖြူကြီးတွေကို လှမ်းအတက်မှာတော့ လှေကားထစ်ကြီးတွေက ကျွန်မခြေလှမ်းလေးနဲ့စာရင် အတော်ကိုကြီးမားကျယ်ပြန့်နေလို့ပေါ့။ တက်စရာ လှေကားထစ်တွေ နောက်ထပ်မရှိဘဲ အဆုံးသတ်နေရာကို ရောက်တဲ့အါ ရေကန်ကြီး တစ်ကန်ကို ဘွားခနဲတွေ့လိုက်ရပါတယ်။
            အဲဒီမှာ ထူးဆန်းတာက ကျွန်မဟာ အဲဒီ အင်းလျားကန်ဆိုတာကြီးကို ပါးစပ်ဟောင်းလောင်းနဲ့ တအံ့တသြကြီး ကြာရှည်ကြည့်မနေမိခဲ့ပါဘူး။ အသစ်အဆန်းကို မမြင်ရခင်က မြင်ရတော့မယ်ဆိုတဲ့အသိနဲ့ တက်ကြွနေခဲ့သလောက်ြ မင်ပြီးသွားတဲ့အခါ ဒါပါပဲ၊ ဒီလောက်ပါပဲဆိုတဲ့အသိနဲ့ ချက်ချင်းပဲ ရိုးအီသွားတတ်တဲ့ ကလေးတို့ရဲ့ သဘာဝအတိုင်း ကျွန်မ ဟာ အင်းလျားရေကန်ကြီးကို ကြာကြာရှည်ရှည်တော့ စိတ်ဝင်စားလို့ မရခဲ့ဘူး။
            ဒါက `အင်းလျား´ဆိုတာကို ကျွန်မ စတင်မှတ်မိခဲ့တဲ့ ကလေးဘ၀က ပုံရိပ်တစ်ခုပေါ့။ ဒီထက်ပိုပြီး စိတ်ဝင်စားမှု မရှိခဲ့ပေမယ့် သတိထားမိတာက တစ်ခုတော့ ရှိခဲ့တာ သေချာပါတယ်။ ချောကလက်နဲ့လုပ်တဲ့ ရေခဲမုန့်တွေချင်း အတူတူ အခြားဘယ်ဆိုင်က ရေခဲမုန့်ကမှ ဟောသည် အင်းလျားကန်ပေါင်ပေါ်မှာရောင်းတဲ့ ရေခဲမုန့်တွေလောက် စာလို့ မကောင်းခဲ့ဘူး ဆိုတာပါပဲ။ တကယ်တော့ ဒါဟာ အင်းလျားရဲ့ ဆွဲဆောင်မှုတစ်ခုပြဲ ဖစ်မယ်ဆိုတာ နောင်ကြီးပြင်းလာမှ သိလာရတာ မျိုးပါ။ ငယ်စဉ်တုန်းကတော့ချောကလက်ရေခဲမုန့်စားလို့ကောင်းတဲ့ အင်းလျားရေကန်ကြီး၊ အေးမြမြလေတွေအစဉ်အမြဲ တိုက်ခတ်နေတတ်တဲ့ အင်းလျားရေကန်ကြီးဆိုတာကလွဲလို့ ကျွန်မအနေနဲ့
အင်းလျားကို သည့်ထက်ပိုပြီး မသိခဲ့ပါဘူး။ ရေခဲမုန့်ကိုသာကြိုက်တတ်တဲ့အရွယ်ကို ကျော်လွန်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ ဖေဖေက ကျွန်မ ကို အင်းလျားဆီ ခေါ်မသွားတော့ပါဘူး။ တစ်ခါတလေ သတိရမိလို့ ကျွန်မ သွားရအောင်လို့ ပူဆာရင်တောင် ဖေဖေက စဉ်းစားဟန်ကြီး လုပ်ပြီး သူ့ခေါင်းကို တွင်တွင်ကြီး ခါယမ်းနေတော့တာပါပဲ။ ပြီးရင် သူ ဒီလိုအကြောင်းပြတော့တာပါပဲ။
            `အင်းလျားက သမီးငယ်ငယ်တုန်းကနဲ့ လုံးလုံးမတူတော့ဘူး´တဲ့။`လူတွေ အရမ်းကိုရှုပ်လာပြီ´တဲ့။ ပြီးတော့ `လူကြီး မိဘပါလာလို့ ပါလာမှန်းမသိ နှုတ်သရမ်းချင်တဲ့ ခပ်ဆိုးဆိုး တက္ကသိုလ်ကျောင်းသားတွေကျက်စားတတ်တဲ့ နေရာ လည်း ဖြစ်နေပြီ´တဲ့။
            ပြီးတော့ ဖေဖေက ကျွန်မကို စေ့စေ့စပ်စပ်ကြည့်ပြီး ပြုံးယဲ့ယဲ့မျက်နှာပေးနဲ့ ပြောလိုက်ပါသေးတယ်။
            `သမီးကိုယ်တိုင် တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်လာတဲ့အချိန်ကျရင်တော့ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ ချစ်သူ နဲ့ပဲဖြစ်ဖြစ်သွားချင် သွားနိုင်ပါတယ်´တဲ့။
            `အခု သမီးက အလယ်တန်းကျောင်းသူလေးပဲ ရှိသေးတော့ တက္ကသိုလ်ကျောင်းသူတွေလို အင်းလျားကန်ပေါင် ပေါ် အေးအေးလူလူသွားဖို့ ဖေဖေခွင့်မပြုချင်သေးဘူး´တဲ့။
            ဖေဖေ့စကားကြောင့် အင်းလျားဆိုတာ ဘယ်လိုဟာကြီးလဲ၊ သူ့နောက်ကွယ်မှာ ဘာအဓိပ္ပာယ်တွေ ပျော်ဝင်နေ တာလဲဆိုပြီး အဖြေမရှိတဲ့ပဟေဠိတွေနဲ့ ကျွန်မ နားဝေတိမ်တောင် ဖြစ်ခဲ့ပါသေးတယ်။ နောက်တော့လည်းကျောင်းပြန်တယ်။ အိမ်စာလုပ်တယ်။ မေမေသင်ခိုင်းလို့ ပီယာနိုသင်ရ၊ကျင့်ရတယ်။ ဒါတွေနဲ့ပဲ လုံးချာလည်နေခဲ့ရတဲ့ အလယ်တန်းကျောင်းသူဘ၀ပုံစံခွက် သေးသေးလေးထဲမှာ ကျွန်မတစ်ကိုယ်လုံး နစ်မှန်းမသိနစ်မြှုပ်နေခဲ့ပါတယ်။ ဒါတွေကြောင့်ပဲ ထင်ပါရဲ့။ ကျက်မှတ်ရမယ့် ကျောင်းသင်ခန်းစာတွေ များပြားလာတာနဲ့အမျှ၊ ရေခဲမုန့်တွေမကြိုက်တော့တာနဲ့အမျှ၊ အဲဒီ ချောကလက်ရေခဲမုန့် စားလို့ကောင်းခဲ့ဖူးတဲ့အင်းလျားကန်ကြီးကို ကျွန်မ မေ့မေ့လျော့လျော့ ဖြစ်သွားခဲ့တယ်။
            ဒီလိုနဲ့ပဲ ကျွန်မ မှတ်ဥာဏ်ထဲမှာ အင်းလျားဆိုတာဟာ နှစ်တွေ အတော်ကြာကြာကြီး ပျောက်ဆုံးလို့ နေခဲ့ပါတယ်။
ကျွန်မအတွက် အင်းလျားဆိုတာကို ပြန်လည်မှတ်မိစေတဲ့နေ့ကတော့ တတိယနှစ် ဓာတုဗေဒကျောင်းသူ အဖြစ်နဲ့ ရန်ကုန်ပင်မ တက္ကသိုလ်မှာ ကျောင်းတက်ရစဉ်က နံနက် ၇ နာရီ အော်ဂဲနစ် ကျူတိုရီယယ်ချိန်ဝင်ဖို့ ခပ်စောစော ထွက်လာတဲ့နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။
            အဲဒီနေ့ကို ကျွန်မကောင်းကောင်းကြီး မှတ်မိနေပါသေးတယ်။ နံနက်ခင်းဟာ နှင်းတွေ တအားကြီး ကျနေခဲ့ တယ်။ ၀န်းကျင်တစ်ခွင်လုံးေ အးစိမ့်ပြီး မှုန်ရီေ၀၀ါးနေခဲ့တယ်။ ချမ်းအေးလွန်းလို့ အနွေးဓာတ်
ရယူလိုတာကြောင့် သွေးပူ လေ့ကျင့်ခန်းလုပ်တဲ့သဘောနဲ့ ကျွန်မဟာ ခါတိုင်းသွားနေကျ လမ်းဘေးပလက်ဖောင်းအတိုင်း လျှောက်မသွားတော့ဘဲနဲ့လှေကားထစ်ဖြူဖြူတွေပေါ်ကနေ တက်လာခဲ့တယ်။ အအေးဓာတ်ကို တွန်းလှန်တဲ့အနေနဲ့ အင်္ကျီအိတ်ကပ်ထဲက လက်ကို ထုတ်ယူလိုက်ပြီး အားပါးတရ လွှဲရင်း အပြေးအလွှားတက်လာခဲ့တယ်။
            ကျွန်မကို ဟိုးငယ်ငယ်တုန်းကလို ဆီးကြို မော့ကြည့်နေမယ့် အင်းလျားရေကန်ကြီးကို မြင်တွေ့ရပြန်ဦးတော့မယ် ဆိုတဲ့ အတွေးနဲ့ပေါ့။ လှေကားထစ်တွေဆုံးလို့ ကန်ပေါင်ပေါ် ခြေချမိတဲ့အခါ အင်းလျားရေကန်ကြိးဟာ အံ့သြစရာ ပျောက် ဆုံးလို့နေပါတယ်။ ဝေသီဖြာကျနေတဲ့ နှင်းဖြူတွေကြောင့် အင်းလျားရေကန်ကြီးဟာ ကျွန်မ မြင်ကွင်းထဲကနေ လုံးလုံးလျားလျားကြီးကိုပျောက်ဆုံးနေတာပါ။ မြူခိုးရောင် ၀တ်ရုံဖားဖားကြီး တစ်ထည်က ကျွန်မ ဦးခေါင်းပေါ်၊ ကောင်းကင်ပြာကျယ် ပေါ် လွှားခနဲ အုပ်မိုးကျနေသလိုမျိုး အရာရာဟာ မြူရောင် မှိုင်းမှိုင်းထလို့ ကွယ်ပျောက်နေပါတယ်။
            ကျွန်မဟာ တစ်စက်ကလေးမှ မျှော်လင့်မထားတဲ့ မြင်ကွင်းကြောင့် လှမ်းလက်စခြေလှမ်းတွေ ကော်စေးမိသလို ပြင်းကပ်ကပ် ဖြစ်သွားပြီး မျက်လုံးတွေကလည်း ဇီးကွက်တစ်ကောင်လို ပြူးကြောင်ကြောင်ကြီးကိုဖြစ်သွားပါတယ်။ အုံ့ဆိုင်းမှိုင်းဝေနေတဲ့ မြင်ကွင်းအောက်မှာ ကျွန်မရဲ့ စိတ်တွေဟာလည်း တစ်မုဟုတ်ချင်းပဲ မှိုင်းညို့သွားတယ်။
            အချိန်ခဏလေးအတွင်းမှာ စဉ်းစားချင့်ချိန်နိုင်စွမ်းတွေလည်းပျောက်ဆုံးသွားပြီး ကန်ရေပြင်ကြီး မရှိတော့ဘူး။ အထင်နဲ့ ၀မ်းနည်းပက်လက်ကြီး ဖြစ်သွားမိတယ်။ အခုလို မမြင်ရ၊ မတွေ့ရပါမှပဲ အဲဒီ ကန်ရေပြင်ကြီးကို အလွန်ကာရော လွမ်းဆွတ်ရင်း အခုချက်ချင်းပဲ တွေ့ချင်၊မြင်ချင်လာမိတယ်။ အော်ဂဲနစ် ကျူတိုရီယယ် သွားလုပ်ဖို့လည်း စိတ်ထဲ နည်းနည်းလေးမှ မပါတော့ဘူး။ ဘာလုပ်ရမယ်မှန်း မသိတော့ဘဲ အကြာကြီးယောင်ချာချာဖြစ်နေပါတယ်။ ခုချိန် ဇွတ်အတင်း ပရက်တီကယ်သွားလုပ်ပြန်ရင်လည်းအမှားမှား အယွင်းယွင်းတွေကိုပဲ ကျွန်မလုပ်မိမှာ သေချာတယ်။
            ဒါနဲ့ပဲ ကျူတိုရီယယ်သွားမလုပ်တော့ဘူးလို့ ဆုံဖြတ်လိုက်တယ်။ ပျောက်ဆုံးနေတဲ့ ရေပြင်ကြီးကို မျက်နှာမူပြီး လွယ်အိတ်ကို ဘေးချရင်း စိတ်ပျက်လက်ပျက် ထိုင်ချလိုက်မိတယ်။
            ပြီးတော့ အရင်လို တွေ့မြင်ဖူးတဲ့ အင်းလျားဆိုတာကို မျက်စိထဲပြန်ပြီး ပုံဖော်ကြည့်နေမိတယ်။ လက်ရှိ အနေ အထားအရ မြင်ကွင်းထဲကနေ အံ့သြစရာ ပျောက်ဆုံးနေတဲ့ ရေပြင်ရဲ့ အနားသတ်မျဉ်းကို အတွေးထဲမှာမှန်းဆရင်း ရေးဆွဲ ကြည့်နေမိတယ်။
            ခက်တာက ဘယ်နေရာမှာ ဘာရှိတယ်။ ဘယ်အနားမှာ ဘာတွေရှိတယ်ဆိုတာကအစ ဘာဆို ဘာမှ အင်းလျား ကို အကျွမ်းတ၀င် မရှိခဲ့တဲ့ ကျွန်မဟာ အင်းလျားကို အတွေးထဲမှာတောင် ဘယ်လိုမှ ပုံမဖော်နိုင်ဘူး ဖြစ်နေပါတယ်။ ငယ်ငယ်တုန်းကြ မင်တွေ့ဖူးတဲ့ ပုံစံကို စိတ်ကူးထဲခေါ်ယူပြီး ပုံဖော်ကြည့်နေပေမယ့်လည်း အချည်းနှီးပါပဲ။
            ကျွန်မ သိလိုက်ပါပြီ။ ကျွန်မဟာ အင်းလျားကို တကယ် သိကျွမ်းခဲ့တာမှ မဟုတ်တာ။ အပေါ်ယံရှပ်ပြီး ပေါ့ပေါ့ဆ ဆလေးပဲ သိခဲ့ဖူးတာကိုး။ အင်းလျားနဲ့ ပတ်သက်ရင် အမှုမဲ့ အမှတ်မဲ့နဲ့ အမေ့မေ့
အလျော့လျော့ ဖြတ်သန်းခဲ့တာတွေ ကြောင့် ကျွန်မအနေနဲ့ ဘယ်လောက်ပဲပဲ ကြိုးစားပြီး ပုံဖော်ဖော် မရခဲ့ပါဘူး။ အတွေးထဲမှာတောင် အင်လျားဟာ တစ်စွန်း တစ်စမျှ ပုံမပေါ်ခဲ့ဘူး။
အဲဒီမှာ ကျွန်မဟာ ၀မ်းပန်းတနည်း ရှိုက်ငိုချမိတော့တာပါပဲ။ အဲဒီလို ရှိုက်ငိုနေရင်းကနေ ကျွန်မကိုယ်ကျွန်မ ဒဏ်ပေးတဲ့ အနေနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။
            ကန်ရေပြင်ကြီးရဲ့ ပကတိရုပ်သွင်ကို ဘွားဘွားကြီး မြင်ရပါမှ သည်နေရာကထွက်ခွာမယ်၊ ဒီနေ့အဖို့တော့ ကန်ရေပြင်ကြီးကို မတွေ့ရမချင်း ဒီနေရာကနေ တစ်လက်မမှ မရွေ့စေရဘူးလို့ပေါ့။ အဲဒီလို သန္နိဋ္ဌာန် ချပြီးတာနဲ့ မမှိတ်မ သုန်ပဲ ထိုင်ကြည့်နေမိတာ မျက်တောင်ခတ်ဖို့တောင် ကျွန်မသတိမရခဲ့ဘူး ထင်ပါတယ်။
            သေလုအောင် အေးစိမ့်နေတဲ့ ဆောင်းနံနက်ခင်းထဲမှာ ကျွန်မဟာ မလှုပ်မယှက်ထိုင်ရင်း အာရုံအလုံးစုံကို စုစည်းထားလိုက်တယ်။ ဇွဲကောင်းကောင်းနဲ့ စောင့်ပြီး သိပ်မကြာခင်မှာပဲ အရှေ့ဘက်ေ ကာင်းကင် တစ်နေရာဆီကနေ နေရောင် တစ်စွန်းတစ်စကို တွေ့လိုက်ရတယ်။ နေရဲ့အလင်းရောင် တစ်စကို ဘွားခနဲ မြင်လိုက်ရတဲ့ခဏမှာ မြူနှင်းတွေဟာ အလန့်တကြားပုံစံနဲ့ သုတ်သုတ်ပျာပျာ ဖယ်ကြဉ် ရှောင်ခွာသွားကြတယ်။ အဲဒီနောက်မှာတော့ ကျွန်မ မျှော်လင့်နေတဲ့ အင်းလျားရဲ့ အနားသတ်မျဉ်းစဟာ ဟိုက သည်ကနေ ရေးရေးမျှင်မျှင်ကလေး ပေါ်လာခဲ့ပါတယ်။
            နောက်ထပ် မိနစ်ပိုင်းကလေးအတွင်းမှာပဲ ပျေက်ဆုံးနေတဲ့အရာတွေဟာ အလျှိုအလျှို ထွက်ပေါ်လာခဲ့ကြတယ်။ ကန်ရေပြင်ကြီးရဲ့ အနောက်ဘက်ဆီက သစ်တောစိမ်းညိုညို့တွေရယ်၊ ကျွန်းစုကလေးရယ်၊ တစ်ဖက်တစ်ချက်မှာ ရှိကြတဲ့ အဆောက်အအုံတွေရယ်ဟာ ရှက်ကိုးရှက်ကန်းပုံစံနဲ့ ကျွန်မရဲ့မြင်ကွင်းထဲကုငိ အစီအရီ ၀င်လာခဲ့ကြတော့တယ်။ အားလုံးထဲမှာ ကျက်သရေအရှိဆုံးနဲ့ အတည်ငြိမ်ဆုံးကတော့ ပြာလဲ့လဲ့ကန်ရေပြင်ကြီးပါပဲ။ ပြာလဲ့လဲ့လို့သာ တင်စားပြောဆိုနေမိတာ။ တကယ်တော့ မြူနှင်း အပိတ်အခဲတွေကြားကြ ဗုန်းစားဒိုင်းစားကြီး ထိုးဖောက်ခွဲထွက်လာခဲ့ရ တော့ သူ့ခမျာချက်ချင်းကြီးတော့ ပြာလဲ့လဲ့အသွင် ကို ဆောင်နိုင်ဦးမှာ မဟုတ်ဘူးပေါ့။ မြူရိပ် မြူယောင်နဲ့တော့ ဘယ်ကွဲပြားဦးမလဲနော်။
            တဖြည်းဖြည်းနဲ့ပဲ အင်းလျားရဲ့သရုပ်ဟာ စောစောကထက် ပိုပြီး ပီပြင်ထင်ရှားလာခဲ့ပါတယ်။ ကန်ရေပြင်ကျယ် ကြီးနဲ့ မိတ်ဖွဲ့ချင်တဲ့ပုံနဲ့ ခပ်လျှောလျှောတိုးဝင်လာနေတဲ့ ကျွန်းမြေအစု ရှည်မျောမျောလေးကိုလည်းတွေ့ရတယ်။ ရေပြင်ရဲ့တစ်ဖက်အနားသတ်ဆီက သစ်ပင် အစုအစုလေးတွေဟာလည်း ရိုးတိုးရိပ်တိတ် တွန်းကန်ပေါ်ထွက်လာခဲ့တယ်။ အင်းလျားကို မျက်နှာမူထားတဲ့ အဆောက်အအုံတချို့ကလည်း မိုးတိုးမတ်တတ်နဲ့ ၀င့်ဝင့်စားစားပေါ်ထွက်လာကြတယ်။
ခဏလေး အတွင်းမှာပဲ အင်းလျားဟာ အသွင်သဏ္ဍာန်အစစ်အမှန်နဲ့အတူ ထွက်ပေါ်လာခဲ့ပါပြီ။
            ဒီတော့မှပဲ ကျွန်မဟာ မျက်စိကို အစွမ်းကုန်ဖွင့်ပြီး မြင်မြင်သမျှ မြင်ကွင်းတွေကို အငမ်းမရ အသေးစိတ် မှတ်ယူနေမိတော့တယ်။ မျက်စိကနေ မြင်မြင်သမျှတွေကို ဦးနှေက် မှတ်ဥာဏ်ထဲမှာ ထာဝရ
မပျက်ပြယ်တဲ့အထိ စွဲမြဲသွားအောင် စုပ်ယူ မှတ်သားနေတာပါ။ ဒါပေမဲ့ ဒီလိုတစ်ထိုင်တည်းနဲ့တော့ အင်းလျားကို ကျွန်မ အကုန်အစင် စုပ်ယူနိုင်ဦးမှာမဟုတ်ဘူးပေါ့။ ဒါသေချာပါတယ်။
            ဒါကြောင့် ကျွန်မ အင်းလျားကို တမင်သက်သက် လာရောက်ရင်းနဲ့ဖြစ်စေ၊ ဖြတ်သွားဖြတ်လာ လျှောက်သွားရင်းနဲ့ ဖြစ်စေ၊ ဘယ်လိုအနေအထားနဲ့ပဲဖြစ်ဖြစ် သူ့အနားကို ရောက်လိုက်တာနဲ့ သူ့ကို
သိသထက်သိအောင် ကျွမ်းသထက် ကျွမ်းအောင် လုပ်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကျွန်မစဉ်းစားမိတာက အင်းလျားမှာ မဟုတ်ပါဘူး။ တခြားဘာပဲဖြစ်ဖြစ် သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ ကျွန်မတို့ဟာ ဘာကိုမှ အမှုမဲ့ အမှတ်မဲ့ မနေသင့်ဘူး ဆိုတာပါပဲ။ ဘာကိုမဆို အတွေးအာရုံထဲမှာ စွဲမြဲပြီး အလွတ်ရနေတဲ့ အထိ သိကျွမ်းရင်းနှီးနေဖို့ လိုတယ်ဆိုတာကို အင်းလျားက ကျွန်မကို
ပုံသက်သေပြလိုက်ပါပြီ။
xxxxxxx
ခုချိန်မှာ ကျွန်မဟာ အင်းလျားကို ကောင်းကောင်း သိကျွမ်းနေတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ခဲ့ပါပြီ။ အင်းလျားရဲ့ သရုပ်ကို အမိအရ ဖမ်းဆုပ်နိုင်ခဲ့ရုံမက သူ့ဝန်းကျင်မှာ ဘယ်လို ဘယ်ပုံ ဘယ်ချမ်းသာ ဆိုတာတွေကိုပါ ဖြန့်ကျက် သိရှိခဲ့ပါပြီ။ ဒါကြောင့် ကျွန်မကိုယ်ကျွန်မ စိတ်ချသွားခဲ့ပြီလို့ပဲ ဆိုရမှာပါ။
နောင်အခါ နောင်နှစ်တွေမှာ အင်းလျားဟာ ဆောင်းမြူတွေ ကြီးစိုးလို့ ကျွန်မရဲ့ မြင်ကွင်းထဲကနေ လုံးလုံးကြီး ပျောက်ကွယ်သွားမယ်ဆိုဦးတော့ ကျွန်မ ၀မ်းနည်းပက်လက်နဲ့ ယူကျုံးမရ ဖြစ်နေမှာ မဟုတ်တော့ပါဘူး။ အာရုံထဲ စွဲနေအောင် အလွတ်ရထားတဲ့ အင်းလျားရဲ့သရုပ်ကို အတွေးထဲမှာ အမိအရ
ပုံဖော်နေရင်း…. “ အင်းလျားရေ..ဒါဟာ ခဏလေးပါ အခိုက်အတန့်လေးပါ၊ ပြီးရင်ရှင်ဟာ ကျွန်မအနားကို နဂိုအတိုင်း ပြန်ရောက်လာမှာပါနော်”လို့ အင်းလျားကို တိုင်တည်ရေရွတ်ရင်း ကျွန်မကိုယ်ကျွန်မ ဖြေသိမ့်ပြီး နေနိုင်မှာပါ။
ဘယ်သူမဆို တစ်ခုက တစ်ခုကို၊ တစ်ယောက်က တစ်ယောက်ကို ၊ တစ်စုံတစ်ရာက တစ်စုံတစ်ရာကို ထာဝရစွဲမြဲ မှတ်မိတဲ့အထိ ကျွမ်းဝင်ခဲ့ကြမယ်ဆိုရင် ခဏငယ်လေး ဝေးသွားတဲ့ အခိုက်အတန့်လေးမှာ အတွေးထဲ ပုံဖော်ကြည့်ရင်းနဲ့ စိတ်နှလုံးတွေ ဖြေသိမ့်နေနိုင်မှာ သေချာပါတယ်။
စုမီအောင်
(အက်ဆေး လှည်းတန်း ၂ မှ….)
Friday, December 21, 2012
အဲဒီအခန်းထဲမှာ မိန်းမတစ်ယောက်ရှိတယ်
စုမီအောင်
နိုဝင်ဘာ ၁၃ (လူတကာက ကံမကောင်းတဲ့နံပါတ်လို့ စွဲထင်မှတ်တဲ့နေ့)မှာ အဲဒီအခန်းထဲကို မိန်းမတစ်ယောက် ရောက်လာခဲ့တယ်။ မျှော်လင့်ခြင်းတွေ တနင့်တပိုး သယ်ဆောင်ရင်းနဲ့ပေါ့။ တစ်နေ့မှာတော့ အဲဒီ အခန်းဟာ သူမအတွက် ဘာမျှော်လင့်ခြင်းမှ လင်းပွင့်မလာတော့မှန်း အချောက်ချောက်အချားချား သိလိုက်ရတယ်။ 
အဲဒီမိန်းမ ကြေကွဲသွားတယ်။ 
ကံတရားက အထူးပြုလုပ်ချက်တွေနဲ့ ဒဏ်ခတ်လိုက်သလိုပဲ။
×××××
အဲဒီမိန်းမမှာ အံ့သြဖွယ်လှိုက်လှဲတဲ့ရယ်မောသံတစ်ခုရှိတယ်။ ရင်မောဖွယ်ပူဆွေးတဲ့ ငိုကြွေးသံတစ်ခုလည်း ရှိ တယ်။ အဲဒီမိန်းမဟာ ဆန့်ကျင်ဘက်သဘောတရားတွေအောက်မှာ လူးလှိမ့်ရှင်သန်နေတဲ့ လူမိန်းမတစ်ယောက်ဖြစ်တယ်။ သူမရယ်မောလိုက်ပြီဆို အခြားဘယ်မိန်းမမှ လိုက်မမီနိုင်၊ သူမ ငိုကြွေးလိုက်ပြီဆို အခြား ဘယ်သူမှလာပြီး ချော့မြှူ မရနိုင်။
အဲဒီမိန်းမမှာ အံ့သြဖွယ် လက်တစ်စုံလည်းရှိရဲ့။ အဲဒီလက်တွေက အရာရာကို အနုပညာ အရာမှာ ဟန်ကျပန်ကျ ဖြစ်အောင် ထုဆစ်ဖန်တီးနိုင်တယ်။ ကျောက်သားထုကို ထုဆစ်နိုင်သလို၊ ဖော့ဖယောင်းကို ပုံသွင်းနိုင်တယ်။ သဲမွမွကို ပုံဖော် နိုင်သလို၊ စေးပျစ်ပျစ်ရွှံ့သားကို ကိုင်တွယ်နိုင်တယ်။ ရေလို အရောင်အနံ့အရသာ ထုထည် ဘာမှမရှိတဲ့အရာကိုတောင် အဲဒီမိန်းမရဲ့လက်ချောင်းတွေက ချိုမြစွဲမက်ဖွယ် ထုထည်တစ်ခုအဖြစ် တီထွင်ဖန်တီးမှု ပြုနိုင်တယ်။ နေရာတိုင်းကို အလျင်အဟုန်နဲ့ ပျံ့နှံ့ရွေ့လျားနေတဲ့ လေလိုအရာကိုတောင် ဘယ်ကိုမှ ပျံ့ထွက်မသွားစေဘဲ တစ်နေရာတည်း အုံဖွဲ့ဖြစ်တည်နေအောင် အဲဒီလက်တစ်စုံက ထိန်းချုပ် စုစည်းထားနိုင်စွမ်းရှိတယ်။
သူမလက်က ထုဆစ်လိုက်သမျှ အရာခပ်သိမ်းဟာ အမှန်တရားကို အခြေခံတဲ့အရာတွေသာ ဖြစ်တယ်။ဒါကို လူတချို့က လက်မခံကြဘူး။ အဲဒီမိန်းမမှာ တခြားမိန်းမတွေလို အဖိုးတန်လည်ဆွဲရတနာတွေမရှိဘူး၊ နေ့စဉ်ဖတ်ရှုနေကျ သမ္မာကျမ်းစာထဲက The Truth Shall Make You Free ဆိုတဲ့ကျမ်းပိုဒ်ကို သူမရဲ့လည်မှာ လည်ဆွဲရတနာလို ဆင်မြန်းထားခဲ့တယ်။ ဒါပေမဲ့ သူမ ဧကန်အမှန် လွတ်မြောက်မှု ရှိမရှိကိုတော့ ပိုင်းဆစိတ်မြွှာဖို့ မေ့လျော့ခဲ့သူပါ။ အဲဒီအခန်းထဲ ရောက်တဲ့နေ့က စပြီး ချစ်ခြင်းမေတ္တာဟာ အနီရောင်ကတ္တီပါတစ်စလို အဲဒီမိန်းမအပေါ် နိုင့်ထက်စီးနင်းခြုံလွှမ်းထားခဲ့တယ်။ ရဲရင့်ခြင်းအနီ၊ နွေးထွေးတဲ့ကတ္တီပါ၊ သိမ်မွေ့တဲ့ အမည်နာမလေးနဲ့ ဆိုတော့လည်း အဲဒီမိန်းမက ချစ်ခြင်းမေတ္တာအပေါ် သံသယတစ်စွန်း တစ်စမျှ မ၀င်ခဲ့မိဘူးပေါ့။
တကယ်တော့ ချစ်ခြင်းဟာ ရုပ်ဖျက်ထားတဲ့အုပ်စိုးမှုတစ်ခုဖြစ်တယ်၊ အဲဒီမိန်းမရဲ့ အရာခပ်သိမ်းမှန်သမျှကို လွတ်လပ်စွာ ဖြန့်ကျက် ဆန့်ထွက်မသွားနိုင်အောင် ချည်နှောင် တုပ်ဆိုင်းထားခဲ့တယ်။ ဘုရားသခင်ရဲ့ ကျမ်းစာလာ မိန့်မြွက် စကား “အချင်းမိန်းမတို့ မိမိခင်ပွန်း၏အုပ်စိုးခြင်းကို ၀န်ခံကြကုန်လော့”ဆိုတဲ့အတိုင်းပဲ။ ။ ဘုရားသခင်ကို ယုံကြည်သက်ဝင်တဲ့ အဲဒီမိန်းမဟာ ခင်ပွန်းသည်ရဲ့အုပ်စိုးခြင်းခြင်းမှာ စောဒကမတက်ဘဲ နာခံလိုက်လျှောက်ခဲ့တယ်။ နာမည်ကောင်းလေးနဲ့အတူ ကိုယ်ဟန်ကြော့ကြော့လေးတော့ ပိုင်ဆိုင်ခဲ့တာပေါ့။ ဘယ်နေရာ ဘယ်ဆီသွားသွား၊ ကြော့ကြော့မော့မော့လေး လှမ်းလျှောက် နေတဲ့ အဲဒီမိန်းမရဲ့ကိုယ်နေဟန်ထားတစ်ခုကိုပဲ အခြားမိန်းမတကာတို့က လှိုက်ဖိုအားကျနေလေရဲ့။ အဲဒီမိန်းမ လျှောက်လှမ်းခဲ့တဲ့ လမ်းကလေးက အခြားမိန်းမတွေ မနာလိုစိတ်ထန်ပြင်းရလောက်အောင် ချောမွတ်ဖြောင့်ဖြူးလွန်း လှတယ်။ တကယ်တော့ အဲဒီမိန်းမရဲ့ခြေဖ၀ါးတစ်စုံ အက်ကွဲကြမ်းရှလို့ သွေးချင်းချင်းနီနေခဲ့တာ ဘယ်သူမှ မမြင်မိကြဘူး။
ဒါ ဘယ်လိုကြောင့်ပါလိမ့်လို့ အဲဒီမိန်းမ အမြဲတွေးပါတယ်။ အကောင်းဆုံးကို ကြိုးစားထုဆစ်ခဲ့တဲ့ကြားက ထုထည် တစ်ခုမှ အရာမထင်ဘဲ လက်တစ်စုံထဲကနေ လျှောလျှောထွက်ကျနေတဲ့အဖြစ်။ ကြာလာတော့ သွေးပျက်လာတယ်။ အရာရာကို အကောင်အထည်တစ်ခုပေါ်ထွက်နိုးနိုး မှန်းဆမျှော်ရည်ထုဆစ်နေတဲ့ လက်တွေဆီက တစ်နေ့ထက်တစ်နေ့ နာကျင်တဲ့ဝေဒနာကိုသာ ခံစားလာရတဲ့အခါ အဲဒီအခန်းကို သံသယ၀င်ခဲ့ရပြီ။ အလင်းလက်ဆုံးနေရောင်ခြည်အောက်မှာ လက်အစုံကို ပင့်မြှောက်ဆန်းစစ်ကြည့်လိုက်မိတယ်။
“အို…ဘုရားသခင်… ပင့်ကူမျှင်တမျှ ပါးလျလွန်းတဲ့ကြိုးမျှင်မွမွတွေ… အလိုလေးလေး …ကျွန်မရဲ့လက်ချောင်းတွေမှာ အုံကျင်းဖွဲ့လို့၊ များပြားလွန်းလှချည့်”
ကြည့်နေရင်းမှာပဲ မှော်ဘုရင်တစ်ပါးက ပြုစားလိုက်သလို ကြိုးမျှင်တွေက တစ်စတစ်စ တုပ်ခိုင်ကြီးရင့်လာခဲ့တယ်။
“အို အရှင်.. ကယ်မတော်မူပါ ၊ ကျွန်မလက်တွေ လှုပ်မရတော့ပြီကော”
လူယောက်ျားတစ်ယောက်ရဲ့ကျိန်စာတိုက်သံက အဲဒီအခန်းရဲ့အတွင်းဘက်ဆုံး နေရာတစ်ခုကနေ ထွက်ပေါ် လာခဲ့တယ်။
            “အဲဒါ ဘုရားသခင် မင်းကို ဒဏ်ခတ်လိုက်တာ၊ ဘုရားနဲ့ ရှင်း”
မိုးကြိုးအစင်းစင်း ပစ်ခွင်းလိုက်သလို ခြိမ်းခြောက်သံတစ်စက အဲဒီမိန်းမရဲ့ နားထဲကို ချော်ရည်ပူတွေလို စီးဝင်လာခဲ့ တယ်။  မတုံ့ပြန်စဖူး အဲဒီမိန်းမက အဲဒီခြိမ်းခြောက်သံကို အာခံတုံ့ပြန်လိုက်တယ်။
“မဟုတ်ဘူး ဘုရားသခင်က ကယ်တင်ခြင်းအရှင်သခင်၊ အဲဒါ ရှင်လုပ်တာ။ စိတ်နှလုံး တစ်လုံးတစ်ဝ ဆိုတာ ကျမ်းစာအုပ်ထဲမှာပဲ သေနေတဲ့စကားလုံး၊ ရှင်တို့ လက်တွေ့ကျကျ ဘယ်နှခါ မှီငြမ်းသုံးစွဲဖူးသလဲ၊ အဆုံးသတ်မှာတော့ ကျွန်မက ရှင်တို့အားလုံးရဲ့ အခန်းအပြင်ကလူ”
၁၃ ဂဏန်းဟာ ကံဆိုးမိုးမှောင်ကျခြင်းတွေကို ကိုယ်စားပြုနေသလား။ ၁၃ ဂဏန်းတစ်ခုရဲ့ ဖြားယောင်းမှုကို အောက်မှာ ငုပ်လျှိုးကွယ်ပျောက်နေခဲ့တဲ့ နှလုံးသားတစ်စုံကို အဲဒီမိန်းမက အဲဒီနေ့မှာ တူးဆွဖော်ထုတ်ပစ်လိုက်တယ်။ ၁၃ကြိမ်မြောက်နိုဝင်ဘာရဲ့ ၁၃ရက်မြောက် နေ့တစ်နေ့မှာ။
××××××
အဲဒီအခန်းထဲမှာ လက်တွေသေနေတဲ့ မိန်းမတစ်ယောက် (တစ်နည်းအားဖြင့်) အခန်းတံခါးကို ခြေထောက်တွေနဲ့ ဖွင့်ဖို့ ကြိုးစားနေတဲ့မိန်းမတစ်ယောက်ပေါ့။ လက်တွေရဲ့အကူအညီ တစ်စုံတစ်ရာ မပါလည်းပဲ ခြေထောက်တွေချည်း သက်သက်နဲ့ တံခါးတစ်ချပ်ကို အသေအချာဖွင့်လို့ရတယ်ဆိုတာ အဲဒီမိန်းမက မသေခင် သက်သေပြခဲ့မလို့။ အခုဆိုရင် အဲဒီမိန်းမဟာ လွတ်လပ်နေသေးတဲ့ ခြေထောက်တွေနဲ့ အဲဒီအခန်းရဲ့အပြင်ဘက်ကို ထွက်ခွင့်ရဖို့ ကျားကုပ်ကျားခဲ ကြိုးစားနေရဲ့။
နေစမ်းပါဦး စကားဖြတ်ပြီး ကျွန်မ မေးစမ်းပါရစေ…
နိုဝင်ဘာဟာ နှင်းကျဖို့ တာဝန်ယူထားတဲ့ ခပ်အေးအေး လလား၊ အခန်းအပြင်ဘက်မှာ နှင်းတွေ ကျနေပြီလား။ အဲဒီမိန်းမကရော အခန်းအပြင်ဘက်ဆီက ဘာကို မျှော်လင့်နေမှာလဲ။ လူယောက်ျား တစ်ယောက်ရဲ့ ဟန်ဆောင်ခြင်းကင်းတဲ့ ရယ်မောသံကို  ထာဝရကြားခွင့်ရဖို့လား၊ ပြီးတော့ အဲဒီလူယောက်ျားရဲ့အနားမှာ သူမရဲ့(၁၃နှစ်ကြာ စေ့ပိတ်နေခဲ့ရတဲ့) နှုတ်ခမ်းတစ်စုံကနေ ထာဝရ ချိုလွင်မယ့် ရယ်သံစစ်စစ်ကို အခန်းအပြင်ဘက်က လူယောက်ျားရဲ့ ရယ်သံနဲ့အတူ မြူးထူးစွာ ထုဆစ်ပစ်လိုက်ဖို့လား…..။။။
ကျွန်မ သေလုမျောပါး သိချင်တာက …
အခန်းအပြင်ဘက်ကို အဲဒီမိန်းမ တကယ်ပဲ ရောက်သွားမှာလား၊
တစ်နေ့သောအခါမှာ အင်မတန်ချိုလွင်တဲ့ရယ်မောသံတစ်စုံကို မိုးမြေတုန်ခါအောင် ကျွန်မ ကြားခွင့်ရမှာလား။
အဲဒီမိန်းမဟာ ဘယ်သူလဲ…..။
ကျွန်မလား၊ ရှင်လား၊ The Ledge ရုပ်ရှင်ကားထဲက ရှယ်နာ ဆိုတဲ့မိန်းမလား၊ ကျွန်မသူငယ်ချင်း စန္ဒာသူသူဝင်း လား၊ ဒါမှမဟုတ် တခြား………။