Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, August 28, 2013

အချစ်အိမ်လေးထဲမှာ

ပန်းချီသရုပ်ဖော် Artist မင်းသူရိန် 
ယမုံတို့လက်ထပ်ပြီးရင် တခြားအိမ်ထောင်ပရိဘေဂတွေ ဘာမှမရှိရင်နေ၊ ရေခဲသေတ္တာလေးတစ်လုံးတော့ မဖြစ်ဖြစ်အောင်ဝယ်မယ်လို့  စိတ်ကူးထားတဲ့အတိုင်း မောင့်လက်ကိုဆွဲလို့ ရေခဲသေတ္တာ အရောင်းဆိုင်တွေကို ခြေတိုအောင် လျှောက်ကြည့်ကြတယ်။ လက်ထဲမှာ ငွေအင်အားကလည်း မတောင့်တင်း၊ အိမ်သုံးပစ္စည်းတွေကလည်း မိုဒယ်နံပါတ်အသစ် ၀င်လာတာနဲ့အမျှ ဈေးနှုန်းတွေက တစ်ဟုန်ထိုး တက်နေလေတော့ အတော့်ကို ကသီလင်တ နိုင်ခဲ့ကြတယ်။ နောက်ဆုံးတော့ လျာထားတဲ့ ငွေကြေးပမာဏနဲ့ ကိုက်ညီတဲ့ ရေခဲသေတ္တာ လေးတစ်လုံး ရခဲ့တယ်။
            “ နည်းနည်းတော့ သေးတယ်၊ ယမုံ ကြိုက်မှကြိုက်ပါ့မလား”
            မောင်ကမေးတော့ ယမုံချက်ချင်းပြန်မဖြေနိုင်ဘုး။ မောင့်နောက်ကျောဘက်က လူတစ်ရပ်စာမကမြင့်တဲ့ ရေခဲသေတ္တာ အကောင်းစားကြီးဆီ ရောက်နေတဲ့ မျက်လုံးတွေကို ကပျာကသီ လွှဲဖွယ်ရင်း ယမုံ ခေါင်းညိတ်ပြလိုက်ပါတယ်။
            “ ကြိုက်ပါတယ်၊ အကြီးကြီး ဘလုပ်မှာလဲ နော့၊ ယမုံနဲ့မောင်နဲ့ နှစ်ယောက်တည်းပဲဟာ၊ ဒါလေးက အနေတော်ပါပဲ”
            ရေခဲသေတ္တာလေးကို တက္ကစီပေါ်ကချပြီး အိမ်ထဲသယ်လာကြတော့ နှစ်ယောက်သားခြေလှမ်းတွေ သိသိသာသာ တက်ကြွနေတယ်။
            “ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အပိုင်ဝယ်ဖူးတာဆိုလို့ ဒီရေခဲ့သေတ္တာလေးက ပထမဆုံးပဲ၊ မောင် သူ့ကို ကောင်းကောင်း ကိုင်တွယ်အသုံးပြုရမယ်နော်”လို့ ပြောလို့ မောင်က ယမုံကို သဲလိုက်တာတဲ့။
xxxxxx
ရေခဲသေတ္တာလေးကို ယမုံတို့အိပ်ခန်းထဲမှာပဲ ထားတယ်။ အပြင်တစ်နေရာရာကပြန်လာရင် ရေခဲသေတ္တာလေးထဲက သစ်သီးအေးအေးလေးတွေယူစားရတာ ယမုံ သိပ်ကြိုက်တယ်။ ယမုံ့အကြိုက် လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ပန်းသီးတွေအပြင် ဖရဲသီးနဲ့သင်္ဘောသီးကိုတော့ အတုံးလေးတွေတုံးပြီး ဘူးတွေနဲ့ထည့်ထားတယ်။ အပြင်ကပြန်လာရင် ချက်ချင်းစားရုံပဲ။ ဒါပေမဲ့ ရေခဲသေတ္တာလေးထဲ အပြည့်အသိပ်တော့ မထည့်ချင်ဘူး၊ အပြင်မှာ ကျန်နေတဲ့ သစ်သီးတွေကို ကြည့်ပြီး “ ဆံ့သေးတာပဲ၊ ဘာလို့အကုန်မထည့်တာလဲ” လို့ မောင်ကပြောတယ်။
“ရေခဲသေတ္တာလေး အသက်ရှူကျပ်မှာစိုးလို့ အကုန်မထည့်တော့ဘူး” လို့ စိတ်ထဲရှိတဲ့အတိုင်း ယမုံ ပြောတော့ မောင် က ယမုံ့ဆံပင်တွေကို ချစ်စနိုးထိုးဖွပြီး ခွက်ထိုးခွက်လန်ရယ်နေတော့တယ်။
“ဒါလေးတော့ထည့်ပါရစေဦးဗျာ ”လို့ ခွင့်တောင်းပြီး သူဝယ်လာတဲ့ Chang ဘီယာဘူးတွေ လာထည့်သွားတယ်။  သစ်သီးအေးအေးလေးတွေကို ယမုံကြိုက်ပေမဲ့ ရေကိုတော့ အေးကျင်နေတာ မသောက်တတ်ဘူး။ ရေနွေးပဲ သောက်လေ့ရှိတဲ့ ယမုံဟာ အခုတော့ ရေခဲသေတ္တာလေးကို အဖော်လုပ်ပြတဲ့သဘောနဲ့ သူ့အထဲကနေ ရေအေးအေးတွေ ပုလင်းလိုက် ဆွဲယူမော့သောက်တတ်နေပါပြီ။ ညညရေထထသောက်တတ်တဲ့မောင့်အတွက်လည်း အကိုက်ပေါ့။ အိပ်ချင်မူးတူး ထသောက်ပြီး ရေခဲသေတ္တာတံခါးကို ပိတ်တာ လက်ကြမ်းလွန်းလို့ ယမုံ့မှာ `ဖြည်းဖြည်းလုပ်ပါမောင်ရယ်၊ ယမုံ့အသည်းလေး နာသွားပါဦးမယ်´လို့ မောင့်ကို ဟန့်ရသေးတယ်။
နေ့လယ်နေ့ခင်းဆိုရင် ကော်ဖီကို အပူမသောက်ဘဲ ရေခဲသေတ္တာထဲ အအေးခံထည့်ထားပြီးယမုံသောက်တယ်။ မောင် အလုပ်ကပြန်လာတာနောက်ကျရင်လည်း ယမုံမမှုတော့ဘူး။ ရေခဲသေတ္တာလေးကို အရိပ်တကြည့်ကြည့်နဲ့ စိတ်ထဲ အဖော်တစ်ယောက်ရှိနေသလို ခံစားရတယ်။ သူ့အထဲ ဖြည့်ရမယ့်ဟာတွေ ထပ်ဖြည့်၊ ဆွဲထုတ် စားသောက်စရာရှိတာ စားလိုက် သောက်လိုက်နဲ့ မောင့်ကိုတောင်မှ မေ့နေခဲ့တယ်။ တစ်ခါတစ်ခါ မောင်နဲ့ နှစ်ယောက်အပြင်သွားပြီး လင်နဲ့မယား လျှာနဲ့သွား ဆိုသလို စကားစမြည်များရာက အေးတိအေးစက် ပြန်လာကြတယ်ဆိုဦးတော့ အိမ်ခန်းထဲအ၀င်မှာ ရေခဲသေတ္တာလေးထဲက ရေပုလင်းဆွဲယူသောက်ကြ၊ သစ်သီးတွေ လုစားကြနဲ့ ဘာမှမဖြစ်ခဲ့သလို မောင်နဲ့ယမုံ ချစ်ချစ်ခင်ခင် ပြန်ဖြစ်သွားကြတယ်။ ရေခဲသေတ္တာလေးရှေ့မှာ နှစ်ယောက်သား အေးစက်နေတဲ့ နှလုံးသားတွေ ပြန်လည်ပူနွေးလာကြပြီး စောစောက စကားများခဲ့တာလည်း မေ့၊ အေးတိအေးစက်ဖြစ်ခဲ့တာလည်း မေ့နဲ့ ရေခဲသေတ္တာလေးအရှေ့မှာ ရယ်ရယ်မောမော ပြန်ဖြစ်သွားကြတာချည်းပါပဲ။ အဲဒါ ရေခဲသေတ္တာလေးကြောင့်ပါ။ သူလေးက ယမုံတို့ရဲ့ ဘ၀ကို စိုပြည်ရွှန်းလက်စေခဲ့တာအမှန်ပါ။ ဒါကြောင့်ပဲ ယမုံရော မောင်ရော သူလေးကို နင့်နင့်သီးသီး သံယောဇဉ် တွယ်မိနေကြပါပြီ။ သူလေးက ယမုံတို့နှစ်ဦးရဲ့ အသည်းနှလုံးပေါ့။
xxxxxxx
အစ်မကြီးဆီက ဖုန်းလာတယ်။ လာမယ့်တနင်္ဂနွေနေ့မှာ ယမုံတို့မောင်နှမတွေအားလုံး အဖေအမေရှိရာ သံလျင်က အိမ်မှာဆုံကြမယ်တဲ့။ မိသားစုတွေဝင်အားလုံး သာမက အမျိုးအဆွေတွေအားလုံး ဆုံကြမှာမို့ မောင့်ကိုပါ ခေါ်ခဲ့ရမယ်တဲ့။ တစ်နေကုန် နေကြပြီး ညနေမှ ပြန်ရမယ်တဲ့။ တနင်္ဂနွေမနက်အိပ်ရာနိုးတော့ မောင်က အရေးကြီးတဲ့မိတ်ဆွေတစ်ယောက်နဲ့ တွေ့ဖို့သွားရမှာမို့ သူမလိုက်နိုင်တော့ဘူး တဲ့။ ယမုံစိတ်တွေဆိုးလိုက်တာ ပြောမနေနဲ့တော့။ မောင့်မျက်နှာကလည်း သုန်မှုန်နေတာပဲ။ မလိုက်ဖြစ်တာ သူ့ဘက်က ပျက်ကွက်တာလေ။ ဒါကို သူက ပြေပြေပြစ်ပြစ်မပြောဘဲ မာရေကျောရေနဲ့ စကားသံပြတ်ပြတ်ကြီးတွေနဲ့ ပြောတော့ ယမုံ လည်း ဒေါသတွေ အ၇မ်းထွက်လာတယ်။ မဆီမဆိုင် ရေခဲသေတ္တာကို သွားပြီး ပြဿနာလုပ်မိတယ်။ တံခါးဖွင့်၊ အထဲက သစ်သီးတွေအကုန် အိမ်ပြတင်းပေါက်ကနေ တစ်ခုပြီးတစ်ခုလွှင့်ပစ်ချ၊ ရေဘူးတွေအကုန် ထုတ်ပြီး ရေတွေသွန်ချ၊ ဘီယာဘူးတွေလည်း လွှင့်ပစ်ချနဲ့ ယမုံ သောင်းကျန်းမိတယ်။ ရေခဲသေတ္တာဆေ့ဂါ့ထ်က ကြိုးတွေလည်း အကုန်ဆွဲဖြုတ်ပစ်တယ်။ ဒီလိုလုပ်နေတာကို သူက မတားဘူး၊ တကယ်ဆို ဒီရေခဲသေတ္တာလေးက ယမုံတို့နှစ်ဦးရဲ့ အသည်းနှလုံးပဲလေ။ ပျက်စီးချင် ပျက်စီးပလေ့စေ ဆိုတဲ့ ဥပေက္ခာအသွင်ကို မြင်ရတော့ ယမုံ ပိုဒေါသထွက်တာပေါ့။ တစ်ယောက်တည်း သံလျင်ကို ထွက်လာခဲ့တယ်။ ညနေမှာ မပြန်ဘဲ နဲ့ အမေတို့အိမ်မှာပဲ အိပ်လိုက်တယ်။ အဲဒီညမှာပဲ ယမုံယောင်ရမ်းပြီး အိပ်ရာက ခဏခဏနိုးတယ်။ အခန်းထဲ စမ်းတ၀ါးဝါးနဲ့ ရေခဲသေတ္တာလေးကို ယောင်ရမ်း ထရှာမိတဲ့အထိပဲ။ ရေဆာလိုက်တာ။ အမေ့အိမ်ရဲ့ မီးဖိုချောင်ထဲက ရေသန့်ဘူးကြီးရဲ့ ဘုံဘိုင်ခေါင်းလေးကနေ ကျလာတဲ့ရေကို ပူလှချည့်လို့ ထင်မှတ်မိပြီး သောက်လို့မရဘူး ဖြစ်နေတယ်။ ညကို ဘယ်လိုဖြတ်သန်းရမှန်းမသိဘူး။ ရေခဲသေတ္တာလေးဆီပဲ စိတ်ရောက်နေတယ်။ ကော်ဖီအေးအေးလေး သောက်လိုက်ချင်တဲ့စိတ်တွေလည်း တားမနိုင်ဆီးမရပေါ်နေတယ်။ ဟိုလူ့ကိုတော့ သတိမရပါဘူး။ သွား…စိတ်ဆိုးနေတဲ့ မိန်းမတစ်ယောက်ကို ချော့ရကောင်းမှန်းမသိတဲ့ အလကားလူ။
            ယမုံ့မှာ တစ်ညလုံး အိပ်မရတဲ့စိတ်တွေနဲ့ နောက်ဆုံး မိုးလင်းခဲ့တော့တယ်။ အိမ်ကိုအပြေးပြန်ပြီး ရေခဲသေတ္တာလေးဆီ အရောက်သွားချင်စိတ်နဲ့ လွမ်းလွမ်းကြီးဖြစ်နေတယ်။ အဲဒီမှာပဲ ဖုန်းသံ၊ မက်ဆေ့ခ်ျဝင်တာ ကြားတယ်။ ကြည့်လိုက်တော့….. 
“ ရေခဲသေတ္တာလေးက မင်းကို မျှော်နေတယ်၊ သူငိုနေတယ်၊ ယမုံဘယ်တော့လာမှာလဲ မေးနေတယ်၊ ကိုယ်ဘယ်လိုပြောလိုက်ရမလဲ”တဲ့။ ဇော်ဂျီဖောင့်နဲ့ ရိုက်ပို့လိုက်တဲ့ မြန်မာစာလုံးဝိုင်းဝိုင်းစက်စက်လေးတွေကိုကြည့်ရင်း ယမုံ ၀မ်းနည်းပက်လက်ဖြစ်သွားတယ်။ ရေခဲသေတ္တာလေးကို သနားသွားတာလားပဲ မပြောတတ်ပါဘူး။ ရေခဲသေတ္တာလေးကပဲ ယမုံ့ကို မျှော်တာလား၊ သူကရော ……အဲဒီလို တွေးမိရင်း မျက်ရည်တွေကျလာတယ်။
“ ကျွန်မ အခုပြန်လာနေပြီလို့ သူ့ကို ပြောထားလိုက်ပါ”လို့ မက်ဆေ့ခ်ျပြန်ပို့လိုက်တယ်။ မျက်ရည်တွေအမြန်သုတ်ပြီး အိမ်ဆီ အပြေးပြန်ခဲ့တော့တယ်။ သံလျင်ကားက နှေးနေတယ်လို့ထင်မိတယ်။ နာရီကြည့်တော့ ၁၀နာရီ၊ ဒီအချိန်ဆို သူ အလုပ်သွားလောက်ပြီ။ အို သွား သွားပေါ့၊ သူ့ဆီ ပြန်လာတာမှမဟုတ်တာ၊ ငါက ရေခဲသေတ္တာလေးဆီ ပြန်မှာ။ အဲဒီလို တိုးတိုးလေးပြောရင်း  ကိုယ့်ကိုယ်ကိုယ် ယမုံ ရယ်ချင်နေမိတယ်။ အိမ်နားက ဈေးကလေးမှာ သစ်သီးတွေ ၀င်ဝယ်တယ်။ Chang ဘီယာနှစ်ဘူး ပါ ဘယ်လိုလုပ် ၀ယ်မိလိုက်မှန်း ယမုံ မသိပါဘူး။ တစ်ဦးစီသီးသန့်ဆောင်ထားတဲ့ သော့နဲ့ အိမ်တံခါးကိုဖွင့်ဝင်ပြီး ရေခဲသေတ္တာလေးရှိရာ အိမ်ခန်းထဲအပြေးသွားပြီး တံခါးလေးဆွဲဖွင့်လိုက်တယ်။
“ အို ”
ယမုံ အံ့သြသွားတယ်၊ သစ်သီးတွေအပြည့်ပါလား၊ လက်ထဲက သစ်သီးအထုပ်ကို ချလိုက်ပြီး ပန်းသီးတစ်လုံးကို ယူစားလိုက်တယ်။ အားပါးပါး အေးပြီး ကြွပ်နေတာပဲ။ ရင်ထဲကို အေးမြ သွားတာပဲ။ တစ်ကိုက် နှစ်ကိုက် သုံးလေးကိုက်…..။
“ ကိုယ့်ကိုလည်း ကျွေးပါဦး”
အမလေး… ယမုံ လန့်သွားတယ်။ သူ အလုပ်မသွားခဲ့ဘူးပေါ့။ ပြုံးပြုံးကြီး ကြည့်နေတဲ့ မောင့်ကို တွေ့ရတယ်။ ရေခဲသေတ္တာလေးကို လက်ညှိုးထိုးပြပြီး“ ကျွန်မ သူ့ဆီပြန်လာတာ”လို့ ခပ်တည်တည်ပြောလိုက်ပေမဲ့ ယမုံ့လက်ထဲက စားလက်စ ပန်းသီးလေးကတော့ မောင့်ပါးစပ်နားရောက်နေပါပြီ။ မောင်က သူလုပ်နေကျအတိုင်း ယမုံ့ဆံပင်တွေကို တစ်ချက်ထိုးဖွရင်းပြောတယ်။
“ ဟုတ်ပါတယ် ဟုတ်ပါတယ် သူ့ဆီပဲ ပြန်လာပါ၊ ကိုယ် မနာလို မဖြစ်ပါဘူး”တဲ့။ မနေ့က ဘာမှမဖြစ်ခဲ့ကြသလို ယမုံ နဲ့ မောင်နဲ့ ရေခဲသေတ္တာလေးရှေ့မှာ တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်နမ်းရှုတ်မိကြတယ်။ ပန်းသီးလေးချိုသလို ချစ်ခြင်းတရားတွေပြည့်လျှမ်းနေလို့ အနမ်းတွေလည်း ချိုမြိန်တယ်။ ရေခဲသေတ္တာလေးကတော့ ယမုံတို့နှစ်ယောက်ကို ကြည့်ပြီး ရှက်နေမလားပဲ……။

ဒေလီယာ
(Living Fashion-September'2013)

No comments: