Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

ဘောလုံးကြယ်ပွင့်သစ်များအကြောင်း


တည်ငြိမ်တဲ့ ဂိုးသမား 
အင်္ဂလန်အသင်းဟာ ယူရို ၂၀၁၂ မှာလည်း အောင်မြင်မှုတွေနဲ့ ဝေးခဲ့ရလို့ အင်္ဂလန်အသင်းရဲ့ ကပ္ပတိန်ဟာ ဂျာရတ်က ပြောပါတယ်။ သူတို့ အသည်းကွဲခဲ့ရပါပြီတဲ့။
“ပထမနေ့က အင်္ဂလန်ပရိသတ်အတွက် အားလုံးပေးခဲ့ပါတယ်။ ဒီနေ့လည်း အတူတူပဲကစားခဲ့ကြတာပါပဲ။ ဒါပေမဲ့ နောက်တစ်ခါ အသည်းကွဲပြီး အင်္ဂလန်ကိုပြန်ရပါတော့မယ်။ အဲဒီအရှုံးကို သယ်ပိုးယူဆောင်ပြီးအိမ်ပြန်ရတာ သိပ်ခက်ခဲပါတယ်” လို့ ပြောပါတယ်။
ကံကြမ္မာအလေးသာတတ်တဲ့ ပယ်နယ်တီအဆုံးအဖြတ်နဲ့ အီတလီကို အရှုံးပေးလိုက်ရပါတယ်။ အက်ရှလေကိုးနဲ့ အက်ရှလေရန်းတို့နှစ်ဦးသား သွင်းလိုက်တဲ့ ဂိုးတွေလွဲချော်သွားခဲ့လို့ အင်္ဂလန်အသင်း  ယူရို ၂၀၁၂ ပွဲကြီးကနေ လှည့်ပြန်ခဲ့ရတယ်။ အင်္ဂလန်အသင်းဟာ ဂျာမနီကို ၁၉၉၀ နဲ့ ၁၉၉၆ မှာ ရှုံးနိမ့်ခဲ့တယ်။ အာဂျင်တီးနားကို ၁၉၉၈ မှာ၊ ပေါ်တူဂီကို ၂၀၀၄ နဲ့ ၂၀၀၆မှာရယ် အခု အီတလီကို ၂၀၁၂ မှာ ရှုံးခဲ့ရပြန်ပါပြီ။ ၁၉၉၆မှာတော့ စပိန်ကို အနိုင်ရခဲ့ဖူးပါတယ်။ အင်္ဂလန်အသင်းဟာယူရိုပွဲတွေမှာ ရခဲ့တဲ့ ပယ်နယ်တီ ၃၅ ဂိုးမှာမှ ၂၃ ဂိုးပဲ သွင်းနိုင်ခဲ့ကြတယ်။ ပယ်နယ်တီအဆုံးအဖြတ်ပွဲတွေ ၇ ပွဲမှာ ၆ပွဲ ရှုံးနိမ့်ခဲ့တာမို့ ၁ပွဲ ပဲ အနိုင်ရခဲ့တာဟာ  ရာဇ၀င်တွင်ခဲ့ပါပြီ။ အီတလီရဲ့ အနိုင်အတွက် အလက်ဇန်ဒရိုဒီယာမန်တီသွင်းလိုက်တဲ့ဂိုးကို အင်္ဂလန်ရဲ့ ဂိုးသမား ဂျိုးဟတ် မကာကွယ်လိုက်နိုင်ပါဘူး။ အင်္ဂလန်ဂိုသမား ဂျိုးဟတ်ဟာ တည်ငြိမ်တဲ့သူတစ်ဦးလို့ နာမည်ကြီးသူတစ်ဦးပါ။

အင်္ဂလန်ဂိုးသမားဟောင်း ဒေးဗစ်စီးမန်းက ပြောတယ်။ ++ဂျိုးဟတ်မှာ ဂိုးသမားကောင်းတစ်ယောက်ရဲ့ စွမ်းရည်ဖြစ်တဲ့ တည်ငြိမ်မှုနဲ့ နေရာယူမှန်ကန်မှုရှိတယ်။ အပြည်ပြည်ဆိုင်ရာအဆင့်မှာ ကစားရတာ ဂိုးသမားတစ်ယောက်အတွက်အခက်ခဲဆုံးအပိုင်းပါပဲ။ အချိန်တိုင်းမှာကိုယ်လုပ်ပိုင်ခွင့်များများ မရပါဘူး။ ကိုယ်ရလိုက်တဲ့အချိန်မှာပဲ အကောင်းဆုံးဖြစ်နေရမှာ၊ ဂျိုး က အဲဒီလိုကြိုးစားနေတဲ့သူပါ။ ယူကရိန်းနဲ့ ပွဲနေ့က ၇၄မိနစ်မှာ ကာကွယ်နိုင်ခဲ့တာ တကယ်ထူးခြားပါတယ်။ အင်မတန်မြန်မြန်ဆန်ဆန်ကြီးပြေးလာတဲ့ ဘောလုံးကို ကာကွယ်နိုင်ခဲ့တယ်++ တဲ့။

အသက် ၃၄ နှစ်အရွယ်ရှိတဲ့ အီတလီရဲ့နံပါတ်တစ် ဂိုးသမား ဘက်ဖန်ဟာ ပိုပြီးတော့ လက်သွက်ရင်သွက်နေပါလိမ့်မယ်။ ဒါပေမဲ့၂၅နှစ်ပဲရှိသေးတဲ့ ဂျိုးဟတ်က ကြိုးစားသင်ယူနေတယ်။ တစ်နေ့ထက်တစ်နေ့ပိုပိုပြီး လက်စွမ်းထက်လာပါပြီ။ ဂျိုးဟတ်ဟာ မန်ချက်စတာစီးတီးကလပ်အသင်းမှာ ၂၀၀၆ ခုနှစ်က စတင်ကစားခဲ့ပြီး ၂၀၀၇၊ ၂၀၀၉၊ ၂၀၁၀ ခုနှစ်တွေမှား ထရန်မီးရားရိုဗာ၊ ဘလက်ပူးလ် နဲ့ ဘာမင်ဂန်စီးတီးတို့မှာ ကစားပါတယ်။ ၂၀၁၀-၂၀၁၁မှာ မန်ချက်စတာစီးတီးကို ပြန်ရောက်လာခဲ့တယ်။ ၂၀၁၁-၂၀၁၂ ပရီးမီးယားရာသီဟာ ဂျိုးဟတ် အောင်မြင်ခဲ့တဲ့နှစ်ပါပဲ။

ဂျိုးဟတ်ရဲ့ အားသာချက်က အလိုအလျောက်ရုန်းကန်တုံ့ပြန်နိုင်စွမ်း မြန်ဆန်တာပါ။ ပြီးတော့ နေရာမှန်ရွေးချယ်နိုင်တဲ့ အာရုံရှိတယ်။ ခြေထဲရောက်လာတဲ့ဘောလုံးကိုလည်း သက်တောင့်သက်သာထိန်းကျောင်းနိုင်ပါတယ်။

ဂျိုးဟတ်ရဲ့ အားနည်းချက်က ငယ်ရွယ်တဲ့ဂိုးသမားတွေဖြစ်တတ်ကြသလို ဆုံးဖြတ်ချက်ချဖို့ အချိန်ယူနေတတ်တာလို့ ဆိုတယ်။

ဂျိုးဟတ်ရဲ့ အမြင့်ဆုံးအောင်မြင်မှုက ၂၀၀၈ ခုနှစ်က အင်္ဂလန်အသင်းမှာ နည်းပြ ဖာဘီယိုကာပယ်လိုကိုင်တွယ်ခဲ့တဲ့အချိန်၊ ထရီနီဒက် နဲ့ တိုဘာဂိုး အမျိုးသားအသင်းနဲ့ကစားခဲ့တဲ့ ချစ်ကြည်ရေးပွဲမှာပါ။

အနိမ့်ဆုံးက ရှရူးစ်ဗြူရီမြို့လေးမှာ အသက် ၁၇နှစ်က ကစားခဲ့တဲ့ပွဲပေါ့။၂၀၀၅ မှာလည်း သူ ကွင်းအပြင်ကနေပဲ ငေးနေခဲ့ရပါတယ်။

သူ့ရဲ့ ကစားဟန်က သွက်တယ်၊ အင်းအားပြင်းတယ်။ အားကစားသမားစိတ်ဓါတ်အပြည့ှ်ရှိပြီး ကြောက်ရွံ့မှုမရှိ ရဲဝံ့တဲ့ ငယ်ငယ်ရွယ်ရွယ်ဂိုးသမားလေးပေါ့။

ဂျိုးဟတ်ရဲ့ ငယ်ငယ်က နာမည်က ချားလ်စ်တဲ့။ အက မှာ အင်မတန်ဝါသနာကြီးသူပါ။ မနက်ခင်း ဘောလုံးလေ့ကျင့်ကွင်းအတွက် ဘောင်းဘီတို၊ ခြေအိတ်တစ်ခါတည်းဝတ်ဆင်ပြီး ညနက်တဲ့အထိ ကခုန်နေတတ်ပါတယ်။ ဂျိုးဟတ်ကခုန်နေတဲ့ ဗီဒီယိုဖိုင်ကို Youtube မှာ လွယ်လွယ်ကူကူရှာကြည့်နိုင်တယ်လို့ ဖွတတ်တဲ့ သူတွေက ဖွကြပြန်တယ်။

မွေးရပ်မြေ ရှရော့ပ်ရှိုင်းယားနဲ့ ပတ်သက်လို့ ဂျိုးဟတ်ပြောတာက-
အဲဒါအိမ်ပါပဲ။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဘ၀စတင်ခဲ့တယ်။ ကြီးပြင်းခဲ့တယ်။ ကျွန်တော့်ဘ၀ အခြေခံပြဌာန်းချက်စတင်ခဲ့တဲ့နေရာလေးပဲ။ ကျွန်တော်မွေးရပ်ဇာတိ ရှရော့ပ်ရှိုင်းယားကို ချစ်တယ်။ ရှရော့ပ်ရှိုင်းယားဟာ လှပတယ်။ ငြိမ်းချမ်းတယ်။ ကျွန်တော်ချစ်ခင်တဲ့လူတွေအများကြီးရှိတယ်။ လူတွေအမွှန်းတင်နိုင်တာထက် ကျွန်တော့်မှာ ရှရော့ပ်ရှိုင်းယားနဲ့ပတ်သက်ပြီး ပြောနိုင်တာတွေအများကြီးပဲ။

ဒါဆို ရှရော့ပ်ရှိုင်းယားရဲ့အဝေးမှာရောက်နေတယ်။ ဂျိုးဟတ် အလွမ်းဆုံးကဆိုတော့ -
ဒီဟာက အကောင်းဆုံးဖြစ်သင့်တဲ့နည်းလမ်းပါပဲ။ ကျွန်တော် မလွမ်းတတ်အောင်ကြိုးစားတယ်။ ခုကျွန်တော်နေတဲ့ မန်ချက်စတာနဲ့  သိပ်မဝေးပါဘူး။ ဘယ်နေရာပဲဖြစ်ဖြစ် ကျွန်တော်နေတဲ့နေရာကို ကျွန်တော့်အိမ်အဖြစ်ခံစားမိအောင် သင်ယူထားတယ်။ မိသားစု၊ သူငယ်ချင်းဟောင်းတွေ လာလည်နိုင်သားပဲ။ ဘယ်တော့မှ တမ်းတလွမ်းဆွတ်နေမှာမဟုတ်ပါဘူး။

ရှရော့ပ်ရှိုင်းယားမှာ ဂျိုးဟတ်အကြိုက်ဆုံး စားသောက်ဆိုင်ရှိလားပဲ လို့ မေးမိရင်တော့ -
စားသောက်ဆိုင်သွားတာ အမေက ဆန့်ကျင်ပါတယ်။ အမေ့ရဲ့အိမ်က ကျွန်တော့်ရဲ့စားသောက်ဆိုင်ပါ။ အမေက ဟင်းချက်သိပ်ကောင်းပါတယ် လို့ ဖြေပါလိမ့်မယ်။

အိမ်ပြန်ရောက်တဲ့အချိန်တွေမှာ-
သူငယ်ချင်းတွေအိမ်နဲ့ အက်တင်ဂ်ဟမ်ပန်းခြံကို အကြိမ်များများသွားပါတယ်။ အဲဒီနေရာကို သွားရတာကြိုက်တယ်။

အာဆင်ဝင်းဂါး က ပြောပါတယ်။
++ဂျိုးဟတ်ကို ကြည့်ပါ။ အင်္ဂလန်အတွက် ထူးခြားတဲ့ဂိုးသမားတစ်ယောက်ဖြစ်တယ်။ ကိုယ့်အတွက် စိတ်အင်အားပေးစွမ်းနိုင်တဲ့သူပဲ++ 
နံပါတ် ၁ ဂိုးသမားဆိုတဲ့ မှတ်ချက်နဲ့ပတ်သက်လို့ -
အဲဒါ စိတ်ရှုပ်ထွေးစရာမှတ်ချက်ပါ။ ဒါပေမဲ့ နားလည်ပေးနိုင်ပါတယ်။ နံပါတ် ၁ ဖြစ်ဖို့ကို ကျွန်တော် သတိပြုနေမှာမဟုတ်ပါဘူး။ လိုအပ်တဲ့အချိန်မှာ အသင့်ဖြစ်နေဖို့ပဲ ကျွန်တော်ကြိုးစားနေတယ် လို့  ဂျိုးဟတ်က ဖြေသွားပါတယ်။
မဉ္ဇူရီ
*********
အနာဂတ်ကြယ်တစ်ပွင့်  ကြိုးကြာနီလူငယ်လေး အန်ဒီကာရိုးလ် - Andy Carroll
အင်္ဂလန်ရဲ့ အတောက်ပဆုံးပါရမီရှင် လူငယ်ဘောလုံးသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ အန်တီကာရိုးလ်ဟာ ၂၀၁၀-၂၀၁၁ ဘောလုံးရာသီမှာ သူ့ရဲ့နာမည်လင်းလက်လာအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဘောလုံးကွင်းအပြင်ဘက်မှာ ဘေးထွက်ထိုင်နေရတဲ့အချိန်တွေလည်းရှိခဲ့တယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဘောလုံးသမားတွေရဲ့ ခြေလှမ်းတွေနဲ့ အမှီလိုက်နိုင်လာခဲ့ပါတယ်။ ၂၀၀၆ခုနှစ် နယူးကာဆယ်မှာကစားနေခဲ့တုန်းက အသက် ၁၇နှစ်အရွယ်လူငယ်လေးပေါ့။ ရက်ပေါင်း ၃၀၀လောက် နယူးကာဆယ်ကွင်းထဲမှာ ပြေးလွှားခဲ့တယ်။ အခုတော့ လီဗာပူးအသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူးဖြစ်နေခဲ့ပြီ။ ဘောလုံးသမားတွေရဲ့အပြောင်းအရွှေ့ကာလနောက်ဆုံးရက်မှာမှ လီဗာပူးအသင်းနဲ့ လက်မှတ်ထိုးဖြစ်ခဲ့တာက ရုပ်ရှင်တွေထဲက ဇာတ်ဝင်ခန်းတစ်ခုလိုပါပဲ။ အပြောင်းအရွှေ့ကြေး ပေါင် ၃၅သန်းနဲ့ ဆိုတော့ အင်္ဂလိပ်ဘောလုံးသမားတွေအတွက် ပြောင်းရွှေးဈေးအကြီးဆုံးဖြစ်ခဲ့ရသေးတယ်။ ချယ်လ်ဆီးကိုပြောင်းရွှေ့သွားတဲ့ ဖာနန်ဒိုတောရက်စ်ရဲ့ နေရာကို ကာရိုးလ်က အစားဝင်လာခဲ့တာပါ။ အဲဒီနေ့မှာပဲ ပြောင်းရွှေ့ခဲ့တဲ့ တောရက်စ်က ပေါင် သန်း ၅၀တဲ့။ အဲဒီတော့ ကာရိုးလ်က ဒုတိယဈေးအကြီးဆုံးဘောလုံးသမားဖြစ်သွားခဲ့တယ်။ လီဗာပူးက ဖာနန်ဒိုတောရက်စ်ရဲ့ ကျောနံပါတ် ၉ ကိုပဲ အန်ဒီကာရိုးလ်ဝတ်ဆင်စေဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ အန်ဒီကာရိုးလ်ဟာ အင်္ဂလန်အမျိုးသားအသင်းရဲ့ တိုက်စစ်မှူးလည်းဖြစ်နေပါတယ်။

ကာရိုးလ်ရဲ့ကစားဟန်က နယူးကာဆယ်သူရဲကောင်းတစ်ဦးဖြစ်တဲ့ အလန်ရှီးယား နဲ့ ချယ်လ်ဆီးတိုက်စစ်မှူး ဒရော့ဂ်ဘာရဲ့ ကစားဟန်မျိုးပါပဲ။ ကာရိုးလ် ကစားတာက ရှေ့တန်းအလယ်မှာပိုပြီး အဆင်ပြေပြေကစားနိုင်တဲ့သူပါ။ အင်အားကြီးတယ်။ သန်မာတယ်။ ကန်ချက်ပြင်းတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ်။ ဦးဆောင်နိုင်တဲ့အရည်အချင်းလည်းရှိတယ်လို့ ဆိုကြတယ်။ ဘောလုံးလောကရဲ့ အနာဂတ်ကြယ်တစ်ပွင့်ဖြစ်မယ့်အလားအလာရှိသတဲ့။

ကာရိုးလ်ရဲ့ အဓိကအားနည်းချက်က ကွင်းထဲမှာ ရုတ်တရက်ပြောင်းလဲတတ်တဲ့စိတ်အခြေအနေပါပဲ။ သူ့ရဲ့ဘောလုံးကျွမ်းကျင်မှုကို အရဲကိုးပြီး မိုက်ရူးရဲဆုံးဖြတ်ချက်နဲ့ ဒရောသောပါးကစားတတ်တယ်။ ကွင်းပြင်မှာဆိုရင်အင်မတန် စိတ်လှုပ်ရှားလွယ်တယ်။ အင်မတန် ဒေါသကြီးသေးတယ်။ ကစားဖော် စတီဗင်တေလာရဲ့ မေးရိုး ကျိုးစေခဲ့ပါတယ်။ တေလာက ကာရိုးလ်ရဲ့ မိန်းကလေးမိတ်ဆွေဟောင်းဆီ မက်ဆေ့ခ်ျပို့ခဲ့တဲကိစ္စတွေက စလို့ ရန်မီးတောက်လောင်ခဲ့ကြတာပါ။ မန်ချက်စတာစီးတီးဘောလုံးသမား ၀ိန်းဘရစ်ခ်ျရဲ့ မိန်းကလေးနဲ့ ချယ်လ်ဆီးစတား ဂျွန်တယ်ရီတို့လည်း ဇာတ်လမ်းတွေဖြစ်ခဲ့ကြတာကြောင့် ဂျွန်တယ်ရီ-၀ိန်းဘရစ်ခ်ျ ရန်များခဲ့သလိုပဲ ကာရိုးလ်-တေလာတို့လည်း မိန်းကလေးအတွက်နဲ့ ရန်ဘက်တွေဖြစ်ခဲ့ကြတယ်။ အခုတော့ အရပ် ၆ပေ ၃ လက်မ၊ ကိုယ်အလေးချိန် ၇၆ကီလိုရှိတဲ့ ကြီးမားကြံ့ခိုင်လှတဲ့ကိုယ်ကာယပိုင်ရှင် ပိုနီတေးလ်ဆံပင်စတိုင်လ်နဲ့ ကာရိုးလ်က သေးသေးသွယ်သွယ်ကလေးမလေး စတေစီမင်လား နဲ့ ဇာတ်လမ်းသစ်စလို့နေပါပြီ။

ကာရိုးလ်ရဲ့ အမြင့်ဆုံးအောင်မြင်မှုက အက်စ်တန်ဗီလာကို ၆-၀ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာထူးခြားတဲ့ ဂိုးတွေသုံးခါသွင်းနိုင်ခဲ့တာပါ။ အဲဒီပွဲက နယူးကာဆဲလ်အတွက် ပရီးမီးယားလိဂ်ကို ပြန်ဝင်လာနိုင်တဲ့ ခြေလှမ်းတွေဖြစ်ခဲ့တာပေါ့။

လီဗာပူး ပရိသတ်တွေကို ကာရိုးလ်ပြောတာက -
“ကျွန်တော့်ကိုဒီနေရာကို ခေါ်ဖို့ ငွေတွေအများကြီးပဲ သူတို့ သုံးခဲ့ကြတယ်။ ကျွန်တော်အဲဒါကို ပြန်ပေးချင်တယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်။ ကျွန်တော်လုပ်နိုင်မယ်လို့ထင်ပါတယ်။ လီဗာပူးအသင်းနဲ့ အောင်ပွဲတွေအများကြီးရချင်ပါတယ်။ ကျွန်တော်တို့ကို ကူညီပါ။ ရှေ့သို့ တွန်းအားပေးပါ”
အင်္ဂလန်ပရိတ်အတွက် ကာရိုးလ်ပြောတာက-
"အင်္ဂလန်အသင်းနဲ့ ထရိန်နင်ဆင်းတဲ့အခါ ပီတာခရောခ်ျ့ကို မော့ကြည့်နေရပါတယ်။ အဲဒါ အဆန်းတကြယ်ပဲ။ ကျွန်တော်လူတွေကိုမော့ကြည့်ရတာ အကြိမ်သိပ်မများခဲ့ဘူး။ အင်္ဂလန်အသင်းအတွက်ပထမဆုံး ဂိုးသွင်းပေးခဲ့တုန်းက စတီးဝပ်ဒေါင်းနင်းက ဘောလုံးကိုအောက်ဘက်ကိုဆွဲလာတယ်။ ကျွန်တော့လမ်းကြောင်းရဲ့ညာဘက်မှာ၊ ကျွန်တော်ကန်သွင်းလိုက်တယ်။ အဲဒါ မဟာဂိုးတစ်ဂိုးဖြစ်သွားတာပေါ့။ အဲဒီမတိုင်ခင် အကြိမ်အတော်ကြာ ဒဏ်ရာရပြီးနားနေခဲ့ရတဲ့အချိန်မျိုးမှာ ဒီလိုအခြေအနေနဲ့ ကွင်းထဲ၊  ဂိုးတိုင်ရဲ့ ပိုက်ထဲအထိ ပြန်လာခဲ့ရတာ သိပ်ကောင်းပါတယ်။ ပျော်စရာကောင်းတဲ့ခံစားချက်ဖြစ်ခဲ့တယ်။ ဘာကြောင့်လည်းဆိုတော့ ၀င်ဘလေကွင်းကြီးထဲမှာလေ။  လူတိုင်းကရုးသွပ်သွားတော့မလောက်အောင်ပဲ။ လူပေါင်း၉၀၀၀၀ကျော်က ကွင်းပတ်လည်မှာ ခုန်ပေါက်နေကြတယ်။ ကျွန်တော့်နာမည်ကို စူးစူးဝါးဝါးအော်ဟစ်နေတယ်။ မယုံနိုင်လောက်အောင်ပါပဲ”။        ။
Living Fashion Magazine, July, 2012

2 comments:

မင်းအရိပ် said...

မြန်မာပြည်ရဲ့ ဘောလုံးကြယ်ပွင့်သစ်များ
(၁) ကျော်ကိုကို
ငွေခေတ်နောက်ပိုင်း အတောက်ပဆုံး တိုက်စစ်မှုး
(၂) ကျော်ဇေယျာဝင်း
တိုက်စစ်ကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ပြီး တိကျသော ဖရီးကစ်များပိုင်ရှင် အလယ်တန်းသမား
(၃) ဇော်မင်းထွန်း
ကြံ့ခိုင်မှုအပြည့်နှင့် ကျောက်ဆောင်သဖွယ် နောက်တန်းခံစစ်မှုး
(၄) သီဟစည်သူ
တည်ငြိမ်မှုအပြည့်နှင့် လက်စွမ်းပြနိုင်သူ
နေရာစုံအောင်လို့ ကြိုက်တဲ့သူတွေ ရေးလိုက်တာ ဟဲ
ကိုယ့်လူမျိုးကစားသမားတွေလဲ စိတ်အားတက်သလို မှတ်တမ်းလေးတွေလဲ ဖြစ်အောင် မြန်မာအားကစားမီဒီယာများ စွမ်းဆောင်ပေးစေချင်လိုက်တာ
အခုထိတော့ အဲဒီလို ဆောင်းပါးလေးတွေ မတွေ့သေးဘူးလားလို့

PhyoPhyo said...

ဟုတ်ကဲ့။ ကျွန်မလည်း ဘောလုံးကစားနည်းကိုတစ်ကယ်သဘောကျပါတယ်။ ခုနောက်ပိုင်းတော့ ဘောလုံးပွဲတွေတောင် သိပ်မကြည့်နိုင်တော့ပါဘူး။ ပြည်တွင်းပွဲတွေလည်း မကြည့်နိုင်တော့ ဘောလုံးသမားတွေဘယ်သူကဘယ်လိုဆိုတာလည်း မသိနိုင်ပါဘူး။ ကျွန်မက ပြည်တွင်းမှာ သတင်းလိုက်ယူနိုင်တာလည်းမဟုတ်တော့ ပြည်တွင်းဘောလုံးသမားတွေနောက်ပိုင်းလည်း ရေးနိုင်မှာမဟုတ်ပါဘူး။ ကျွန်မအတွက်မလွယ်ပါဘူး။ ဘောလုံးအားကစားဂျာနယ်တွေမှာတော့ မြန်မာဘောလုံးသမားလေးတွေအကြောင်းပါမယ်ထင်ပါတယ်။ နားလည်ပေးနိုင်မယ်လို့ထင်ပါတယ်ရှင့်။
ကျေးဇူးအများကြီးတင်ပါတယ်။