Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, September 18, 2007

ကျွန်မရဲ့ အကြောင်း

ဦးအောင်သန်း ဒေါခင်မေသစ်တို့၏ သားသမီးခုနစ်ဦးအနက် အငယ်ဆုံးဖြစ်ပါတယ်။ အမည်ရင်း ရူပအောင်ပါ။ ပျဉ်းမနားမြို့တွင် မွေးဖွားခဲ့တယ်။ ရန်ကုန်ပင်မတက္ကသိုလ်မှ B.Sc. (Hons.) Zoology ဘွဲ့ ၁၉၉၆ ခုနှစ်မှာ ရရှိခဲ့ပါတယ်။

၂၀၀၂ ခုနှစ်မှာ ဆေးပညာဆိုင်ရာ ဆောင်းပါးများနဲ့ သတင်းများ၊ ပန်းချီအနုပညာဆိုင်ရာ ဆောင်းပါးများနဲ့ သတင်းများ၊ ဘောလုံးဆောင်းပါးများ ဘာသာပြန်ဆိုရေးသားခြင်းနဲ့ စာပေနယ်ထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။

ပင်ကိုရေးဝတ္ထုတွေကိုတော့ ၂၀၀၅ ခုနှစ်မှာ စတင်ရေးသားခဲ့တယ်။ "ခြောက်ရက် ငါးညတာ အိမ်ထဲမှာ" ဝတ္ထုက ကျွန်မရဲ့ ပင်ကိုရေးပထမဆုံးဝတ္ထုဖြစ်ပြီး Teen မဂ္ဂဇင်းမှာ ပါခဲ့ပါတယ်။

၂၀၁၁- အွန်လိုင်းရွှေဝတ္ထုတိုရွေးချယ်ရေးအဖွဲ့ (SBOGS) မှ ပြုလုပ်သော ဒုတိယအကြိမ် အွန်လိုင်း ၀တ္ထုတိုဆု မှာ “စကားလုံးတွေထဲက နင်ဟာ … ငါ့ရဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာ” ၀တ္ထုတို နဲ့ တတိယဆုရခဲ့ပါတယ်။ ဘာသာပြန်စာပေတွေ၊ ပင်ကိုရေးဝတ္ထုတွေကို ကျွန်မရဲ့ www.myworld-phyophyo.com / www.phyophyohlaing.blogspot.com နဲ့ မြန်မာမဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ ရေးသားနေပါတယ်။

စာရေးခြင်းကို နှစ်နှစ်ကာကာ ချစ်သွားခဲ့ပြီမို့ စာမျက်နှာပေါ်မှာဖြစ်ဖြစ်၊ ဘလောဂ့်ပေါ်မှာပဲဖြစ်ဖြစ် အချိန်တိုင်း သုတ ရသ စာတွေ ကြိုးစားရေးသွားမှာပါ။

    “ကမ္ဘာကြီးတစ်ခုလုံး ရေးစရာတွေချည်းပဲ .... ကြိုးစားပြီး ရေးရပါဦးမယ်” ပေါ့။

ဝေဖန်အကြံပြုချင်တာတွေ ရှိရင်၊ လိုအပ်ချက်တွေရှိရင် ဘာပဲဖြစ်ဖြစ် စကားလုံးတွေ ရေးချသွားနိုင်ပါတယ်။ စာဖတ်သူတွေရဲ့ စကားလုံးလေးတွေက စာရေးသူတွေအတွက် အင်အားပါ။

ချစ်ခင်လေးစားစွာဖြင့်
ဖြိုးဖြိုး
mail: maerupa77777@gmail.com/ phyophyohlaing@gmail.com

*********************

"ဘလောဂ့်စလုပ်ဖြစ်ခါစက ရေးဖြစ်ခဲ့တဲ့ ကျွန်မ ရဲ့ ကမ္ဘာမို့ ဖျက်မပြစ်ရက်ဘူး"

"ကျွန်မရဲ့ ကမ္ဘာ"

ကျွန်မရဲ့ ကမ္ဘာ က မကျယ်လှပါဘူး၊ ခပ်ကျဉ်းကျဉ်းပါ၊
ကျွန်မ ငယ်ငယ်က ပျဉ်းမနားက အိမ်ကျယ်ကြီးမှာ နေခဲ့ရတဲ့ အချိန်တွေက
အဲဒီအချိန်တုန်းက ပျင်းစရာလိုပဲ ။

အကိုနဲ့ စစ်သားရုပ်တွေနဲ့ ဆော့ခဲ့ရတဲ့အချိန်တွေကို ခုတော့သတိရမိပါတယ်
ကျွန်မ က မိသားစုမှာအငယ်ဆုံး ၊ ဆိုးတော့မဆိုးလှဘူးထင်ပါတယ်။
ငယ်ငယ်ကဓါတ်ပုံရိုက်ရင် ၊ ထားရင်ထားသလို နေတတ်လို့
အရုပ်လိုပဲလို့ပြောကြတယ် ။

ကျွန်မအကြိုက်တွေလား
အရင်တုန်းက ကြိုက်ခဲ့တာတွေ ...ခု မကြိုက်တော့ဘူး ။
အရင်က နွားနို့သိပ်ကြိုက်တယ်... ခု လုံးဝသောက်လို့မရတော့ဘူး ။
တခြား ဆန့်ကျင်ဘက်ပြောင်းသွားတာတွေ အများကြီးပါပဲ ။

ကျွန်မ အစ်ကိုနဲ့ အစ်မ တွေကတော့ ကျွန်မကို ဟာသဥာဏ်ရှိတယ်လို့ပြောကြတယ် ။
တစ်ခါတစ်ခါ... ကျွန်မက ဘာရယ်မဟုတ် ခပ်တည်တည်နဲ့ ပြောလိုက်တာ ကို.. သူတို့မှာရီလို့မပြီးကြဘူး ။
ကာတွန်းဆွဲရတာ ကြိုက်တယ် .. ဒါပေမဲ့ ကျွန်မရဲ့ ကိုယ်ပိုင် ကာတွန်းရုပ် ခုထိ မဖန်တီးနိုင်ဘူး ။

အရင်ထွက်ခဲ့ဖူးသေးတဲ့ .. ကျန်းမာရေး ဂျာနယ် (Future Health) မှာ ဗက်တီးရီးယား ဆိုတဲ့ အမည်နဲ့
ကာတွန်း ဆွဲခဲ့ဖူးတယ်... အဲဒါကို ကြိုက်ပေမဲ့ ..ခုထိ ကာတွန်းမဆွဲဖြစ်သေးဘူး ။
ရီစရာတစ်ခုခုတွေ့ရင်တော့ ကာတွန်းဆွဲရရင်ကောင်းမယ်ဆိုပြီး.. စာရွက်နဲ့မှတ်ထားလိုက်တယ် ။

အင်း...ကျွန်မကမေ့တတ်တယ်...
ကျွန်မအလုပ်က web designer ပါ .. web development company တစ်ခုမှာ
ခု ကျွန်မ ရဲ့ တို့တို့တိတိ အလုပ်တွေက
Emperor Men Magazine မှာ Digit အမည်နဲ့ ... Foreign Music Band တစ်ခု လစဉ်ရေးဖြစ်တယ်...
Ziwaka Health Magazine မှာ နိုင်ငံတကာဆေးပညာသတင်းတွေရေးဖြစ်တယ်... ဖြိုးဖြိုး ဆိုတဲ့ အမည်နဲ့...
နောက် ... Perfect Magazine မှာ ... Spring အမည်နဲ့ .. ဘောလုံးစတားတစ်ယောက်အကြောင်း ... လစဉ်ရေးဖြစ်တယ်။

ဘောလုံးပွဲကြည့်ရတာလား.. အင်း ..သိပ်ကြိုက်ပါတယ် ။
ကျွန်မစိတ်သိပ်ညစ်လာတဲ့အခါ ဘောလုံးပွဲတစ်ပွဲ ကြည့်လိုက်ရင် ကိုယ်စိတ်ညစ်တာလေးတွက သေးသေးလေးဖြစ်သွားတယ်။
ပြီးတော့ ပျောက်သွားရော ..

ပြီးတော့သီချင်းနားထောင်ရတာ ကြိုက်တယ်။
အကြိုက်တွေက အသက်နဲ့လိုက်ပြီးပြောင်းသွားတယ်ထင်တယ်။
ငယ်ငယ်က Nu Metal သီချင်းတွေ ကြိုက်တယ် ၊ခပ်ပြင်းပြင်းတွေ
ခု R&B သီချင်းတွေလဲ ကြိုက်ပြန်ရော ၊
အရင်က နားထောင်လို့မရတဲ့ Rap ၊ Hip Hop တွေလဲ ကြိုက်လာတယ်။

Eminem ရဲ့ Mocking Bird သီချင်းဆိုလဲ သိပ်ကြိုက်တယ် ။
ကြိုက်တဲ့သီချင်းတွေကအများကြီးပဲ၊
အသံအိုးကောင်းကောင်း မဒီတွေ ပညာသားပါပါ ဆွဲဆွဲငင်ငင် ဆိုတတ်တဲ့ သီချင်းခက်ခက်တွေ ကိုတော့ အရင်ကလဲ မကြိုက်ဘူး၊ အခုလဲ မကြိုက်ဘူး။

စာအုပ်ဖတ်ရတာကြိုက်တယ်၊ ဘာသာပြန်စာအုပ်တစ်အုပ်နဲ့၊ ကော်ဖီတစ်ခွက်နဲ့
ခုတောင် ကော်ဖီသောက်ချင်လာပြီ။
စာအုပ်မှာ သုခမြို့တော် ကြိုက်တယ်၊ ကိုဗော့စကီး (Stephan Kovalski) လို လူတစ်ဦး မြန်မာနိုင်ငံမှာ လိုအပ်နေပြီလို့ထင်တယ်၊

အလှပြင် ပစ္စည်းလေးတွေလဲ ကြိုက်တာပါပဲ ။
မိုးရွာတာကို ကြိုက်ပေမဲ့ အေးတဲ့ရာသီဥတု က ကျွန်မကို ပြဿနာ ရှာတော့ မကြိုက်ချင်တော့ဘူး ။        ။

4 comments:

PAUK said...

အသံအိုးကောင်းကောင်း..
ဟားဟ
Celine Dionလိုပေါ့..
ဟုတ်ပါတယ်..ပေါက်လညိး မကြိုက်ပါဘူးး
ဒါပေမယ့်..အဲ့လောက်မပြင်းထန်သေးပါဘူး။။

Norah Jones..Lauryn Hillတို့တော့
ကြိုက်သားး။။တခြား တို့တိ တို့တိတွေလည်းရှိတယ်..
အသံအိုးကောင်းတယ်လို့ တော့ မဆိုသာပါဘူးး။။
Amy Winehouse ...Lily Allen..
Duffyတို့လည်း အသံအိုးကောင်းတယ်မဆိုသာပါဘူးပေါ့နော်။။

moethoutpan said...

လူဆိုတာ အသက်ရွယ်ပြောင်းလဲလာတာနဲ့အမျှတော် တော် လေးပြောင်းလဲလာတတ်တာသဘာဝပါပဲလေ ။
တစ်ချို့ကလဲဒါကိုသတိထားမိတယ်..... တစ်ချို့ကလဲ အမှုမဲ့အမှတ်မဲ့ပါ.............
တကယ်တော့ အရာအားလုံးက ပြောင်းလဲနေကြတာ
သဘာဝတရားပဲလေ..... ဒီထဲမှာ မပြောင်းလဲတဲ့အရာတစ်ခုကတော့ မိဘမေတ္တာပဲပေါ့.....

SHWE ZIN U said...

သုခမြို့တော်ကို ကျနော်လည်း သိပ်ကြိုက်တယ် ဖတ်လို့တောင် မဝဘူး ကိုဗော့စကီး လိုလူမျိုး ကမ္ဘာကြီးအတွက် အများကြီးလိုအပ်ပါတယ်..

ကြည်ဖြူပိုင် said...

မဖြိုးရဲ့အကြောင်းလေးတွေဖတ်ပြီးတော်လိုက်တာလို့ စိတ်ထဲမှာကြည်နူးစွာနဲ့ မှတ်ချက်ချမိတယ်။ သိကျွမ်းရတာ အများကြီး(ပြောမပြနိုင်လောက်အောင်)
ဝမ်းသာပါတယ်နော်။