Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, December 23, 2009

His sketch and my handwriting

Text from Dhammapada(A practical guide to right living)
လက်ရေးကလဲ ကလေး လက်ရေးလောက်တောင် ကြည့်ပျော်ရှုပျော် မရှိ၊
သူက မသိတော့ လှတယ် လှတယ်နဲ့

While, I look up the sky,
I find the twinkle stars shine,
I find the clouds flying under the sky,
They look so fine ...
++ I murmur under stars and sky,
     I love you, that is why ... 





အရင်က သူ့ဆီ ပို့ဖူးတဲ့ ကဗျာကို သူ့ Sketch မှာ မြန်မာလို လက်ရေးနဲ့ ရေးပေးပါ ဆိုလို့ စာမရေးတာကြာတော့ လက်ရေးတွေက တောင်တစ်လုံး မြောက်တစ်လုံးနဲ့ ...

Tuesday, December 22, 2009

ကိုယ်သာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင်

ကိုယ်သာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင် ဘယ်လိုနေထိုင်ပြုမူမယ်လို့ တွေးမိနေမယ့် မိန်းကလေးတွေ ဘယ်လောက်များ ... များနေမလဲ ဘီယွန့်ဆေးသီချင်း "If I were a boy" နားထောင်ခဲ့အပြီး သိပ်အများကြီးမရှိစေချင်တော့ဘူးလို့ တွေးလိုက်မိတယ်။ ဘီယွန့်ဆေးကတော့ သူ ရဲ့ စိတ်ကူးကို "If I were a boy" သီချင်းနဲ့ ပြောဖြစ်အောင်ပြောပြလိုက်တယ်။ နဂိုက အသံအိုးကောင်းကောင်း အဆိုပိုင်ရှင်ဖြစ်သလို ဒီသီချင်းမှာ ပိုပြီး နှစ်နှစ်ကာကာရှိလှတဲ့အသံနဲ့ ဆိုထားတယ်ဆိုတာ ဘီယွန့်ဆေး အမာခံပရိသတ်တွေ အသေအချာသိကြမှာပါ။ "If I were a boy"  သီချင်းနဲ့ပတ်သက်ပြီး ဘီယွန့်ဆေးက သူ့ရဲ့ MySpace account မှာ ပြောပြထားတယ်။
"If I were a boy"  ကို ရှင်တို့ နားထောင်နိုင်ပါပြီ၊ အရသာ ရိုးအီနေတွဲျ့ရြ သီချင်းမဟုတ်ပါဘူး၊ အဲဒါက ကြီးပြင်းအောင်မွေးမြူဖို့ ခက်ခဲသလို ချိုးဖဲ့ဖျက်ဆီးဖို့လဲ ခက်ခဲတာပဲ၊ အရသာအသစ်တွေဖြည့်ပေးထားတယ်၊ ဘာကြောင့်လဲ ဆိုတော့ .. လူတွေမှာ အားကြီးတဲ့မျှော်လင့်ချက်တွေရှိတယ်မဟုတ်လား။ ကျွန်မကိုယ်တိုင်လဲ ဒီလိုအနေအထားက ခံစားကြည့်ရတာကြိုက်တယ်၊ ဂီတချစ်တဲ့သူတွေကို  အားပြင်းတဲ့စာသား။သီချင်းတွေနားထောင်စေချင်တယ်၊ ရှင်တို့  နက်နက်ရှိုင်းရှိုင်းခံစားလို့ရတဲ့သီချင်းမျိုးပြောတာပါ။ ကျွန်မဘဲလေးသီချင်းတွေကြိုက်တယ်၊ ကျွန်မက ဂီတကိုချစ်သလို၊ သီချင်းတွေကပြောတဲ့ ပုံပြင်တွေကိုနားထောင်ကြည့်ရတာကိုသိပ်ကြိုက်တယ်။ အဲဒါ လူတွေကို အဆက်အသွယ်ပြုပေးတယ်။ သီချင်းချစ်တဲ့သူတွေကို ကျွန်မရဲ့အသံကြားစေချင်သလို၊ ကျွန်မမှာရှိနေတဲ့ ပြောပြမှဖြစ်မယ့်စကားလုံးတွေသိစေချင်သေးတယ်။'  တဲ့
အမေရိကန် R & B အဆိုတော် ဘီယွန့်ဆေးနိုးလ်စ် ရဲ့ "If I were a boy"  သီချင်းကို တော့ဘီဂက်ဒ် နဲ့ ဘီစီဂျီးန် တို့က ရေးပေးထားတယ်။ ဘီယွန့်ဆေးရဲ့ တတိယတကိုယ်တော်အယ်လ်ဘမ် "I Am...Sasha Fierce" ထဲက သီချင်းတစ်ပုဒ်ပါ။ စီဒီစင်ဂဲလ်ကို ၂ဝဝ၈ နိုဝင်ဘာ ၁၁ရက်နေ့ကထုတ်ခဲ့ပြီး ကမ္ဘာတဝှမ်း top chart 11 ရောက်ရှိခဲ့ပြီး အထူးသဖြင့် ဥရောပတိုင်းပြည်တွေမှာ ပိုပြီးလူကြိုက် များခဲ့တယ်။
"If I were a boy" ကို ဘီစီဂျီးန်က အများဆုံးရေးပေးထားပါတယ်။ ဂျီးန်ရဲ့ ကိစ္စတွေသီချင်းထဲမှာထည့်ရေးဖြစ်ခဲ့တာပါ။ ဂျီးန်နဲ့ ပရိုဂျူဆာ တော့ဘီဂက်ဒ် တို့ဟာ  တိုင်းမ်စကွဲမှာ ဟိုဟိုဒီဒီ လမ်းသလားနေရင်း လူငယ်လေးတွေရဲ့ ပြီတီတီဆွဲဆောင်မှုတွေကို တွေ့ကြုံတာကစပြီး သီချင်းစာသားတွေဖန်တီးဖို့ ဖြစ်လာခဲ့တယ်။ ဂျီးန် ရဲ့မိတ်ဆွေတစ်ဦးက အခုလိုပြောပြတယ်။
'ဂျီးန် က အဝေးဆုံးနေရာမှာနေဖို့ ခက်ခက်ခဲခဲ ကြိုးစားထားရတာ၊ အဲ့ဒီအတွက် သူ အင်မတန် ဝမ်းနည်းပူဆွေးနေခဲ့တယ်။ ဂျီးန် ရဲ့အတွေး က  သူသာယောကျာ်းလေးဖြစ်ခဲ့ရင် တစ်ဦးတစ်ယောက်တည်းကိုပဲ နောင်တရဖို့ အကြောင်းမရှိ ချစ်သွားမယ်တဲ့။  ဂျီးန်ရဲ့ စိတ်ကူးအတိုင်း "If I were a boy" သီချင်း ဖြစ်လာခဲ့တာ၊ သူ့ရဲ့ ယောကျာ်းလေးမိတ်ဆွေဟောင်းထက် ဂျီးန်က အများကြီးကောင်းမွန်တဲ့သူပါ ။'
ဂျီးန် ပြောပြခဲ့တဲ့ စကားလုံးတွေကို ဂက်ဒ်က အသံဖမ်းယူဖို့ ထပ်ခါထပ်ခါပြောခိုင်းတယ်၊ နောက်တော့ သူတို့ တိုင်းမ်စကွဲကထွက်ခွာလာခဲ့ကြပြီး စတူဒီယိုမှာ သီချင်းကို ၁၅မိနစ်တည်းနဲ့ ရေးနိုင်ခဲ့တယ်။ ဂျီးန်ကိုယ်တိုင်သီဆိုခဲ့စဉ်က တော့ record company က ငြင်းဆန်ခဲ့ဖူးပါတယ်။ ဘီယွန်ဆေး သီဆိုခဲ့တဲ့အခါ အင်မတန် အားကောင်းတဲ့သီချင်းဖြစ်လာခဲ့တဲ့အပေါ် ဂျီးန်က လှိုက်လှိုက်လှဲလှဲကျေနပ်တယ်လို့ ဆိုတယ်။ 'ဘီယွန်ဆေး ဆိုနေတဲ့အသံက အသက်ပါလွန်းလို့  ကျွန်မ ပထမဆုံးနားထောင်လိုက်ရတဲ့အခါတုန်းက ခဏလောက်အသက်ရှုရပ်သွားခဲ့သေးတယ်' လို့ ဂျီးန်က ပြောခဲ့တယ်။
"If I were A Boy" ဗီဒီယိုကို youtube မှာ တင်လိုက်တဲ့အခါ မတ်လ ၁ ရက်နေ့အထိကြည့်ရှုသူပေါင်း ၄၁၇ဝ၁ဝ၃၃ ဦးတောင် ရှိခဲ့တယ်။ တကယ့်ကို စိတ်ဝင်စားစရာကောင်းလှတဲ့ ဗီဒီယိုပါ။ ဒါရိုက်တာက ဂျိတ်နာဗာ ဖြစ်ပြီး အဲဒီ ဗီဒီယိုမှာ ဘီယွန်းဆေးက ခင်ပွန်းသည်နဲ့ တစ်နေ့တာ ကတောက်ကဆဖြစ်ပုံကို ပြထားတယ်။ စိတ်ကူးထဲကအတိုင်း ဘီယွန်ဆေးသွားလာလှုပ်ရှားနေပုံ ပြထားပြီး ဗီဒီယို အဆုံးမှာမှ ပရိတ်သတ်တွေကို တကယ့်အဖြစ်ကိုနားလည်သွားစေတယ်။
ဗီဒီယိုအစမှာ ... ဘီယွန်ဆေးနဲ့ သူမခင်ပွန်းတို့ဟာ 'ရင်းနှီးမှု' 'ရိုးသားအပြစ်ကင်းမှု' 'တာဝန်ယူမှု' ဒီလိုစကားလုံးတွေနဲ့ အပြန်အလှန်ရွတ်ဆိုပစ်ပေါက်နေကြတယ်။ သီချင်းစတင်တဲ့အခါ .. ခင်ပွန်းသည်က မနက်စာအတွက် ပြင်ဆင်နေချိန် ဘီယွန်ဆေး က သူမရဲ့ အလုပ်ကိုသွားဖို့ အလုပ်ရှုပ်နေပြီ၊ ဘီယွန်ဆေးက ရဲအရာရှိဖြစ်ပြီး သူမရဲ့အနားမှာ စမတ်ကျကျ ဆွဲဆောင်မှုရှိလွန်းလှတဲ့ လုပ်ဖော်ကိုင်ဖက်ရဲအရာရှိက အမြဲလိုရှိနေတယ်။ ဘီယွန်ဆေးရဲ့အာရုံက အဲဒီရဲအရာရှိ ဆီမှာသာ စုပြုံနေတဲ့အချိန် သူမရဲ့ ခင်ပွန်း ရုံးဝန်ထမ်း က အလုပ်လုပ်ရင်း အွန်လိုင်းမှာ ဘီယွန်ဆေးအတွက် နားကပ်တစ်ရန်ဝယ်ပေးဖို့  ကြိုးစားနေရှာတယ်။ မိတ်ဆွေယောကျာ်းလေးတွေနဲ့ ညတိုင်းလို ဘီယာသောက်နေတတ်တဲ့ ဘီယွန်ဆေးကို ဒီညတော့ ပါတီကိုအတူသွားကြဖို့ ခင်ပွန်းသည်က တောင်းဆိုလိုက်တယ်။ အဲဒီညမှာ ဘီယွန်ဆေးကို နားကပ်လေးလက်ဆောင်ပေးလိုက်ပါတယ်။ ဘီယွန်ဆေးကတော့ အဲဒီသက်မဲ့နားကပ်လေးတစ်ရန်ထက် ပိုလို့ ဆွဲဆောင်မှုရှိလှတဲ့ ရဲအရာရှိနဲ့ ရင်းရင်းနှီးနှီးတွဲကဖို့ကိုပဲ စိတ်ဝင်စားနေပြန်တယ်။ ခင်ပွန်းသည် က ဘီယွန်ဆေးကို အပြင်းအထန်အပြစ်တင်တော့တယ်။ နောက်ဆုံးမှာ ဘီယွန်ဆေးတို့ရဲ့ နေရာအပြောင်းအလဲကို အမှန်အတိုင်းပြန်လည်ရိုက်ကူးပြလိုက်တယ်။ အမှန်တကယ်က ခင်ပွန်းသည်က ရဲအရာရှိဖြစ်ပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့တွဲနေတာပါ။ ဘီယွန်ဆေးကတော့ ရုံးဝန်ထမ်းတစ်ဦးဖြစ်ပြီး ဒေါသ၊ ပူဆွေးဝမ်းနည်းမှုတွေ ထိန်းချုပ်ရင်း "If I were a boy" စာသားအဆုံး ဗီဒီယိုကို အဆုံးသတ်ပေးထားလိုက်တယ်။
ဘီယွန်ဆေးရဲ့ ယောကျာ်းလေးတစ်ဦးဖြစ်ခဲ့ရင် ဆိုတဲ့ စိတ်ကူးကို မြည်းစမ်းကြည့်ဖို့ ...

ကိုယ်သာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင်
ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင် ...
မနက်ခင်းတွေမှာ အိပ်ရာထဲမှာ  အပျင်းထူမနေပါဘူး ..
ကျွန်မ လုပ်ချင်တဲ့ ကိစ္စတွေထဲ ပြေးဝင်နှစ်မြှပ်ပစ်လိုက်မယ် ..
ပြီးတော့ မိတ်ဆွေကြီးတွေနဲ့ ဘီယာသောက်မယ် ..
မိန်းကလေးတွေကို  ဝေးဝေးသွားစေမယ် ..
သူတို့တွေက အတင်းတွယ်ကပ်လွန်းတယ် ..
ကျွန်မအလိုရှိတဲ့  တစ်ဦးတစ်ယောက်နဲ့ပဲ ပျော်ရွှင်ကြည်နူးချင်ပါတယ် ..
သူနဲ့ ဆန့်ကျင်ဖက်ဖြစ်ရမယ့် ကိစ္စတွေ မဖြစ်ချင်ဘူး ..


ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင်
ကျွန်မသိတယ် .. ကျွန်မနားလည်နိုင်တယ် ..
မိန်းကလေး တစ်ယောက်ကို ဘယ်လိုချစ်မြတ်နိုးရမယ်ဆိုတာကိုလဲ ခံစားနိုင်တယ် ..
ကျွန်မ ကျိန်ဆိုပြောရဲပါရဲ့ ..
သူမအတွက်  ကောင်းမွန်တဲ့ ယောကျာ်းတစ်ဦး ဖြစ်ရစေ့မယ် ..
သူမ ပြောမယ့်စကားတွေကိုလဲ နားထောင်ပေးဦးမယ် ..
ဘာကြောင့်လဲဆိုတော့ ..  ရှင်တို့ အလိုအပ်ဆုံးသူတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အခါ  ..
ရလိုက်တဲ့ နာကျင်မှုတွေဟာ ဘယ်လိုဆိုတာ ကျွန်မသိထားလို့ပဲပေါ့ ..
သူက ရှင့်ကို အရာတိုင်းအတွက် အသုံးချသွားခဲ့ပြီး ..
ရှင်ကတော့ ရှင်မှာရှိတဲ့အရာအားလုံး ပျက်ဆီးကုန်တာကိုပဲ ရလိုက်တော့တယ် ..


ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင်
ကျွန်မရဲ့ ဖုန်းကို ပိတ်ထားလိုက်ဦးမယ် ..
အားလုံးကိုပြောထားရဦးမယ် .. ဖုန်းပျက်နေပါတယ် ပေါ့..
သူတို့ ကျွန်မတစ်ဦးတည်း အိပ်ပျော်နေတယ် ထင်မြင်ကြပါစေ ..
ကျွန်မကိုယ်တိုင်အတွက် ကျွန်မရဲ့ နည်းလမ်းအတိုင်းပဲ လှုပ်ရှားသွားလာမယ် ..
ဘာကြောင့်လဲ ဆိုတော့ .. သူမက သိပ်ပြီးသစ္စာရှိတဲ့သူဆိုတာ သိတယ် ..
ကျွန်မပြန်အလာကို  အဲဒီမိန်းကလေးက အိမ်မှာ စောင့်နေရှာမယ် ...
အိမ်အပြန်ကို စောင့်နေတယ် ..


ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင်
ကျွန်မသိတယ် .. ကျွန်မနားလည်နိုင်တယ် ..
မိန်းကလေး တစ်ယောက်ကို ဘယ်လိုချစ်မြတ်နိုးရမယ်ဆိုတာကိုလဲ ခံစားနိုင်တယ် ..
ကျွန်မ ကျိန်ဆိုပြောရဲပါရဲ့ ..
သူမအတွက်  ကောင်းမွန်တဲ့ ယောကျာ်းတစ်ဦး ဖြစ်ရစေ့မယ် ..
သူမ ပြောမယ့်စကားတွေကိုလဲ နားထောင်ပေးဦးမယ် ..
ဘာကြောင့်လဲဆိုတော့ ..  ရှင်တို့ အလိုအပ်ဆုံးသူတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အခါ  ..
ရလိုက်တဲ့ နာကျင်မှုတွေဟာ ဘယ်လိုဆိုတာ ကျွန်မသိထားလို့ပဲပေါ့ ..
သူက ရှင့်ကို အရာတိုင်းအတွက် ပေးအပ်ခဲ့ပေမဲ့ ..
ရှင်ကတော့ ..
ကဲ  .. အခုတော့ ရှင်မှာရှိတဲ့အရာအားလုံး ဖျက်ဆီးခံလိုက်ရပြီ ..


ရှင် ခြေတစ်လှမ်းနောက်ပြန်ဆုတ်ဖို့  နောက်ကျသွားခဲ့ပါပြီ ..
ပြောပါဦး .. အဲဒါက 'အမှားအယွင်း' တစ်ခုပါ လို့ ..
ရှင် တွေးပါဦး .. ကျွန်မကလဲ ထပ်ခါထပ်ခါ ရှင့်ကို ခွင့်လွှတ်လိမ့်ဦးမယ်လို့  ..
ပြီးတော့  .. ရှင်ထပ်ပြီး တွေးပါဦး .. ကျွန်မက ရှင့်ကို စောင့်နေဦးမယ်လို့ ..
ကဲ .. ရှင့်ရဲ့ အတွေးရိုးရိုးတွေ မှားယွင်းကုန်ကြပြီ  ..


ရှင်က ယောကျာ်းလေးတစ်ယောက် ပဲ ..
ရှင် နားမလည်းခဲ့ပါဘူး ..
 မိန်းကလေးတစ်ဦးကို ဘယ်လိုချစ်ခင်မြတ်နိုးရမယ်ဆိုတာ .. ရှင်တကယ်နားမလည်ပါဘူး ..
တနေ့နေ့တော့  ရှင်က ကောင်းမွန်တဲ့ယောကျာ်းတစ်ယောက်ဖြစ်ဖို့ ဆန္ဒ္ဒရှိလာနိုင်ပါလိမ့်မယ် ..
ရှင် သူမရဲ့ စကားလုံးတွေလဲ နားမထောင်ခဲ့ဘူး ..
ရှင်တို့ အလိုအပ်ဆုံးသူတစ်ယောက် ဆုံးရှုံးလိုက်ရတာတောင်  အဲဒီ ဒဏ်ရာကို ရှင် ဂရုမစိုက်ခဲ့ဘူး ..
ရှင်က သူမဆီကပဲ ပေးကမ်းခဲ့သမျှ အချစ်မေတ္တာတွေ အကုန်လုံးယူခဲ့တာပဲ ..
ကဲ  .. အခုတော့ ရှင်မှာရှိတဲ့အရာအားလုံး ဖျက်ဆီးခံလိုက်ရပြီ ..
ဒါပေမဲ့လည်းကွယ် .. ရှင်က  ယောကျာ်းလေးတစ်ယောက်ပါပဲ ..


မဉ္ဇူရီ

Thursday, December 17, 2009

လူ နှင့် အကောင်

၂၀၁၀ သြဂုတ်လ၊ ပန်းအလင်္ကာမဂ္ဂဇင်း

ဒီနေ့မနက်အိပ်ရာထ၊ မျက်နှာသစ် မနက်စာစား ပြန်အိပ်၊ အိုး  မှားလို့ ဒီနေ့တော့ ပြန်အိပ်လို့မဖြစ်ချေဘူး၊ အပြင်လောကမှာလူတွေဘာတွေဘယ်လိုဖြစ်နေတယ်ကြည့်သင့်တယ်၊ အင်တာနက်က တီဗီကလာတဲ့ live သတင်းတွေကြည့်တိုင်း လူက live ဖြစ်တာမှ မဟုတ်တာ၊ ဆောင်းခိုကောင်တစ်ကောင်လို အိမ်ထဲနေ့တိုင်း ငြိမ်ကုပ်မနေသင့်ဘူးဆိုတော့ကာ ထူထူထဲထဲ အ၀တ်အစားတွေဝတ်၊ မံမီရုပ်လို အထပ်ထပ်ထုပ်ပိုးလို့၊ ကိုယ့်ဘာသာသံပတ်ပေးပြီး အပြင်ထွက်၊ အပြင်ရောက်တော့ လူတွေက ခါတိုင်းထက်ပိုထူးခြားနေသလိုပဲ၊ ခါတိုင်းတွေ့ဖူးတဲ့ ပိန်တယ်ထင်ရတဲ့ လူတွေက အ၀တ်ထူထူဝတ်ထားလျက်နဲ့ ပိုပိန်နေသလို၊ လှတယ်ထင်ရတဲ့သူက ပိုပြီးလှနေသလို၊ ၀တယ်ထင်ရတဲ့သူက ပိုပိုပြီးဝကုန်သလို အရာအားလုံးက အလွန်အကျွံတွေဖြစ်နေတော့တယ်၊ ရှေ့က လာနေတဲ့ ကားရထား ၂ခုတွဲကြီး ကြည့်ရတာလဲ အချိုးမပြေလှဘူး၊ တွဲ ၂ ခုအဆက်နေရာက ရာဘာတွန့်ကြီးတွေ ပိုပိုပြီးတွန့်လိမ်နေသလို ဘောက်ဖတ်ကောင်လိုပဲ၊ အဲဒီ တွန့်လိမ်လိမ်ကားပေါ်တက်၊ ကားထဲ အဲ .. ကားရထားထဲ နောက်ဆုံးခုံကို အလျင်အမြန်ပြေးထိုင်၊ အိုး နေရာလွတ်တွေ အများကြီးပါ၊ ဘတ်စ်ကားပေါ်ရောက် နေရာလုချင်နေတဲ့ အကျင့်က ပျောက်ပဲ မပျောက်နိုင်ဘူး၊ လေးလေးပင်ပင်ဖြစ်နေတဲ့ကျွန်တော် ဒီနေရာမှာတော့ လှစ်ကနဲ ၀ှီးကနဲ၊ ကားထဲမှာ ကျွန်တော်က နောက်ဆုံးခုံကိုရွေးထိုင်နေကြဗျ၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော် က လူတွေလိုက်ကြည့်ရတာသိပ်ဝါသနာထုံတာ၊ ကောင်မလေးချောချော တောင့်တောင့် ဖြောင့်ဖြောင့်တွေမှ မဟုတ်ဘူး၊ အကုန်လိုက်လိုက်ကြည့်တာ၊ ပိုက်ဆံလိုက်တောင်းတတ်တဲ့ ဂျစ်ပဆီလေးတွေပါ မချန်ဘူး၊ အဲဒီကလေးတွေပါ လိုက်လိုက်ကြည့်တတ်ပေမဲ့ ပိုက်ဆံပေးဖို့တော့ လက်ကတွန့်ပြန်ရော၊ ကျွန်တော်က ကောင်းတဲ့လူ မဟုတ်ပါဘူးဗျာ၊ ဒီတော့ကာ ကားထဲ နောက်ဆုံးခုံမှာထိုင် ကားထဲ ပါသမျှလူ လိုက်ငေး၊ ဒါ ကျွန်တော့အလုပ်တွေထဲက တစ်ခုပေါ့၊

Tuesday, December 08, 2009

စန်တာကလောစ့်ဆီ ရေးတဲ့ စာတစ်စောင်

ချစ်ရတဲ့စန်တာကလောစ့်ရေ

ဒီခရစ်စမတ်မှာလည်း ကလေးငယ်တွေနဲ့ အလုပ်ရှုပ်နေဦးမှာကိုသိပေမဲ့ စာရေးလိုက်ပါတယ်၊ မိဘစကားနားထောင်တဲ့ ချစ်စရာကလေးငယ်တွေနဲ့ ပြောင်နောက်နောက်ကလေးငယ်တွေ အတွက် သူတို့လိုချင်တဲ့ အရုပ်တွေစုဆောင်းရင်း၊ သကြားလုံးတွေတစ်ပွေ့တစ်ပိုက်ထမ်းရင်း လိုက်လံဝေငှဦးမယ်မဟုတ်လား၊ ကျွန်မက ကလေးငယ်လေးမဟုတ်တော့ပေမဲ့ ဆိုးပေနေတဲ့ သူတစ်ယောက်မဟုတ်တော့ စာကို အဆုံးထိဖတ်ပေးဖို့ တောင်းဆိုချင်ပါတယ်၊ ကျွန်မလိုချင်တာတွေ ဖြစ်ချင်တာတွေ ဒီခရစ်စမတ်မှာပြည့်ဝရရင် သိပ်ကောင်းမှာပဲ၊ ကျွန်မတောင်းကြည့်ချင်ပါတယ်၊

ကျွန်မ နဲ့ ကျွန်မအမျိုးသားတို့အတွက် ချစ်စရာသမီးလေးနဲ့သားလေး ကို ပေးပါ၊ ကျွန်မအတွက် ကျွန်မတတ်ကျွမ်းတဲ့အလုပ်မျိုးကိုလြဲမန်မြန်ပေးပါ၊ ဆားရ်ဘီးယန်းစကား (ဆရပ်စကီး) မြန်မြန်တတ်ကျွမ်းဖို့ ကူညီပေးပါ၊ အင်္ဂလိပ်စကားပြောကိုလဲ အင်္ဂလိပ်၊ အမေရိကန်လေသံမျိုးနဲ့ပြောနိုင်အောင် ကူညီပေးပါ၊ ကျွန်မ အမျိုးသားအတွက် လဲ သူဆွဲသမျှ ပန်းချီကားတွေအားလုံး ဈေးကြီးကြီးပေးသိမ်းကြုံးဝယ်မယ့် သူဌေးကြီးတစ်ယောက်ကိုလဲ ကျွန်မတို့နဲ့လက်လှမ်းမှီတဲ့နေရာမှာ ပို့ထားပေးပါ၊ ကျွန်မ ချစ်ရတဲ့၊ ကျွန်မကို ကလေးတစ်ယောက်လို စောင့်ရှောက်တတ်တဲ့ ကျွန်မအမျိုးသားနဲ့လဲ အမြဲ ပျော်ပျော်ရွှင်ရွှင်နေသွားဖို့ စောင့်ရှောက်ပေးပါ၊ ခေါင်းခဏခဏကိုက်တတ်တာကိုလဲ တားဆီးပေးပါ၊ စာရေးရတာ အမြဲအာရုံရဖို့ ခေါင်းကြည်နေဖို့ စောင့်ရှောက်ပေးပါ၊ ကျွန်မရေးချင်သမျှလျှောက်ရေး၊ ကျွန်မလျှောက်ရေးသမျှထည့်ပေးမယ့် မဂ္ဂဇင်းတစ်စောင်နဲ့လဲ ကျွန်မကိုချိတ်ဆက်ထားပေးပါ၊

ကျွန်မ ပေါ့ပေါ့ဆဆနေလိုက်မိတာနဲ့ နှာချေ၊ ပြီးတော့ ဖျားတတ်လွန်းလို့ ဒီရာသီဥတုနဲ့ အမြန်ဆုံး လိုက်လျောညီထွေဖြစ်ဖို့ စောင့်ရှောက်ပေးပါဦး၊ နှင်းကျပြီးအေးလိုက်၊ မြူတွေပိတ်နေအောင်ဝေနေပြီး အေးလိုက်၊ မိုးဖွဲဖွဲနဲ့အေးလိုက်၊ လေအေးအေးနဲ့အေးလိုက် အေးနည်းမျိုးစုံအေးနေတဲ့ ရာသီဥတုနဲ့ ဒီ ဒီဇင်ဘာမှာ အမြန်ဆုံး သင့်မြတ်ဖို့ ကူညီပေးပါ၊ အေးတဲ့ရာသီဥတုကို သိပ်ကြိုက်သလို အကျီင်္အများကြီးမ၀တ်ရပဲ၊ ခေါင်းစွပ်မစွပ်ရပဲ အပြင်ထွက်နိုင်အောင် ခံနိုင်ရည်ရှိဖို့ စောင့်ရှောက်ပါ၊

ပြီးတော့ ပေါ့ပေါ့ပါးပါး ရသ၀တ္ထုတိုလေးတွေရေးပေးပါလို့ တောင်းဆိုတဲ့ မဂ္ဂဇင်းအယ်ဒီတာမျိုးကိုလဲ ကျွန်မမေမေ ရေးချင်တဲ့ ဘာသာပြန်နိုင်ငံရေးစာမူတွေမှန်သမျှ ထည့်ပေးဖို့ ပြောထားပေးပါဦး၊ လမ်းဘေး တွေ့သမျှ ကွမ်းယာဆိုင် ဆေးရွက်ကြီးတောင်းတတ်တဲ့ ဖေဖေလဲ ကွမ်းယာဆိုင်က  ကလားလေးတွေ၊ ကလားမလေးတွေ၊နဲ့ ကလားလို မတောက်တခေါက်ပြောရင်း ပျော်ပျော်ရွှင်ရွှင်နေစေဖို့ ကူညီပေးပါ၊

မုန့်ဟင်းခါးစားချင်ပါတယ်၊ အစုံသုတ်၊ ရှောက်သီးသုတ်စားချင်ပါတယ်၊ IM ရုံးဘေး၊ သမ္မတရုံလမ်းကြားက ကလားကြီး လဘက်သုတ်လဲ စားချင်ပါတယ်၊ ကလားကြီးပလာတာကို ချောကြီး၊ ထူးထူး၊ ကိုပက်ထရစ် တို့ နဲ့ လုစားကြတာသတိရနေလို့ပါ၊  ကြက်သားကြော်ကျွေးဖို့ တွေ့တိုင်းပူဆာတတ်တဲ့ အွန်လိုင်းက သူရဦးကိုလဲ သူ ပူဆာတိုင်း ၀ယ်ကျွေးမယ့်အမတစ်ယောက်ကိုလဲ ရစေချင်ပါတယ်၊ ကျွန်မတို့ကို အလုပ်တွေများများခိုင်းလို့ ကျွန်မတို့စိတ်ဆိုးတိုင်း ဘယ်တော့မှ လိုက်ပြီး စိတ်မဆိုးတဲ့ IM က မန်နေဂျာကိုဘန်နီကိုလဲ အမြဲပြုံးနေစေချင်ပါတယ်၊ ချောကြီးကို အလုပ်တွေဖိမခိုင်းပဲ ချောကြီးအတွက် မုန့်ဝယ်ကျွေးဖို့ တိုက်တွန်းပေးပါ၊ ချောကြီးလဲ ပျော်ရွှင်ချမ်းမြေ့ နေစေဖို့စောင့်ရှောက်ပေးပါ၊ စင်္ကာပူက ပုံခဏခဏပြောခိုင်းတဲ့ဟန်ဟန်(မဟန်စု)လဲ အမြဲမြူးတူးပျော်ရွှင်နေစေဖို့စောင့်ရှောက်ပါ၊ လန်ဒန်က စာအရေးကောင်းလှတဲ့ ကိုမျိုးသာထက်လဲ laptop အသစ်လေးနဲ့ ပိုစ့်အသစ်အသစ်၊ စာအသစ်အသစ်တွေ အများကြီးရေးနိုင်အောင်၊ ရုပ်ရှင်ကားကောင်းတွေ ကြည့်နိုင်အောင်စောင့်ရှောက်ပေးပါဦး၊  သဘောအကောင်းလွန်တတ်တဲ့ ကိုစောဟန်လဲ သူ့ အသည်းလေးနဲ့ စက်ာပူမှာ လက်ထပ်ဖြစ်ဖို့ စောင့်ရှောက်ပေးပါ၊  ဈေးဝယ်ထွက်တာကျွမ်းကျင်တဲ့ ထူးထူးလဲ ရှော့ပင်းစင်တာရှိသမျှအထပ် ရှိသမျှဆိုင်ခန်းအားလုံးရှောက်ကြည့်လို့ တစ်ပွေ့တစ်ပိုက်ကြီး ၀ယ်စေချင်ပါတယ်၊ ဘီယာသိပ်ကြိုက်တဲ့ ကျွန်မ သူငယ်ချင်း ဇော်ဇော်လည်း သူ့အသည်းလေးခွင့်ပြုချက်နဲ့ ဘီယာတွေ၊ ၀ီစကီတွေ စိတ်ကြိုက်သောက်နိုင်စေဖို့ကူညီပေးလိုက်ပါ၊ စရိတ်မထောင်းပဲ အတိတ်စောင်းပြီး ဆိုက်ပရပ်စ်ရောက်နေတယ်ဆိုတဲ့ သူငယ်ချင်း နေညိုရင့်(ရဲထွတ်နောင်)လဲ မြန်မာအစားအစာတွေတစ်ဝကြီးစား၊ သူငယ်ချင်းတွေနဲ့ လဘက်ရည်ဆိုင်ထိုင် အလုပ်တွေကောင်းကောင်းလုပ်၊ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနိုင်ပါစေ၊ IM က ဗြဲဗြဲ(ထွန်းနိုင်လင်း)လဲ  အမြဲတမ်း တဗြဲဗြဲနဲ့ ရီမောပြုံးရွှင်နေအောင် စောင့်ရှောက်ပါ၊ စင်္ကာပူက ကွန်ပျူတာပညာရှင် အရွယ်တင်လှတဲ့ ပီပီ(ပြည့်ဖြိုးရှိန်)လဲ brand အကောင်းစားတွေပဲ ၀ယ်ချင်တဲ့အချိန်ဝယ်နိုင်အောင် စောင့်ရှောက်ပေးပါဦး၊ ကျွန်မ အမ ၀က်သိုးအတွက်လဲ စာအုပ်မြန်မြန်ထုတ်နိုင်အောင် ကူညီပါ၊ သူ့စာအုပ်မှာ သူ သုံးချင်တဲ့ ပုံတွေ ထုတ်ဝေသူက သုံးပေးဖို့လဲ ကူညီပေးပါ၊

အိမ်နားက မြေအောက်လမ်းထဲ အကော်ဒီယံတီးလို့ ပိုက်ဆံအလှူခံတဲ့သူကြီးလဲ ပိုက်ဆံတွေအများကြီးရဖို့ စောင့်ရှောက်ပါ၊ ဂျစ်ပဆီကလေးငယ်တွေအတွက်လဲ သူတို့လိုအပ်သမျှတွေဖြည့်ဆည်းပေးပါ၊ ဒီဇင်ဘာနေ့တိုင်းမဟုတ်တောင် နေ့အတော်များများ နှင်းဖြူဖြူတွေကျဖို့ ကူညီပါ၊ ဆစ်ဒနီမှာရှိနေတဲ့ ကျွန်မ အချစ်ဆုံးအကို ရရလဲ မြန်မာပြည်နှစ်တိုင်းပြန်လည်နိုင်ဖို့ကူညီပေးပါ၊ သူလိုချင်သမျှ ပစ္စည်းဆန်းဆန်း မှန်သမျှဝယ်နိုင်အောင်စောင့်ရှောက်ပါ၊ သီချင်းအဆိုကောင်းတဲ့ ရရစိတ်ကြိုက်သီချင်းတွေ သူ့ကိုယ်ပိုင်စတူဒီယိုလေးမှာဆိုပြီး တပြုံးပြုံးနဲ့ ကျေနပ်ပီတိဖြစ်နေနိုင်ဖို့လဲ စောင့်ရှောက်ပေးပါ၊ သူ့စိတ်ကြိုက် ခပ်လန်လန်ဒီဇိုင်းနဲ့ အမြဲ ပျော်ရွှင်နေနိုင်အောင်ကြည့်ရှုပါ၊ သူ့မိသားစုလေး အမြဲပျော်ရွှင်ပြီး ကမ်းခြေတွေမှာ အနားယူနိုင်ဖို့ ကူညီပါ၊

ဘယ်တော့မှ ငြိမ်ငြိမ်မနေ၊ တခုခု အလုပ်လုပ်နေတတ်တဲ့ ကျွန်မအမျိုးသားရဲ့ မာမာနဲ့တာတာလဲ သူတို့လုပ်ချင်တာလုပ်နေနိုင်အောင် ကျန်းမာစေဖို့စောင့်ရှောက်ပေးပါ၊ တူလေး ဖိုးလပြည့်လဲ ထူးချွန်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်လာစေဖို့စောင့်ရှောက်ပါ၊ ကျွန်မအမျိုးသားရဲ့တူလေး အဲလက်စ်ကိုလဲ သူ့မေမေက သိပ်မဆူပဲ သူဆော့ချင်သမျှ ဒေါင်းလုပ် လုပ်ချင်သမျှ လုပ်ခွင့်ပေးဖို့ ကူညီပေးပါ၊

ပြီးတော့ တာတာ့သူငယ်ချင်းကိုစောင့်ရှောက်ပါ၊ သူက brain stroke ၂ခါ ရထားပြီး လမ်းမလျှောက်နိုင်ရှာဘူး၊ ကျွန်မတို့သွားလည်ရင် တွေ့တွေ့ချင်း ငိုသံပါပါလှိုက်လှိုက်လှဲလှဲနှုတ်ဆက်တတ်ပြီး ပြန်တဲ့အခါမှာလည်း မျက်ရည်လည် ငိုသံပါကြီးနဲ့ စိတ်မကောင်းဖြစ်ကျန်တတ်လို့ သူ လမ်းမြန်မြန်လျှောက်နိုင်ဖို့ ကူညီပေးပါ၊ သူ့ရဲ့ အမျိုးသမီးလည်း အရေပြားကင်ဆာက ကင်းလွတ်အောင်စောင့်ရှောက်ပေးပါ၊ သဘောကောင်းလှတဲ့ တာတာ့သူငယ်ချင်းနဲ့သူ့ အမျိုးသမီး ဒီနှစ်ဒီဇင်ဘာမှာ ကျန်းမာပျော်ရွှင်စေဖို့ စောင့်ရှောက်ပေးပါ၊

ချစ်ရတဲ့ စန်တာ ဒီဇင်ဘာမှာ ပျော်ရွှင်ပါစေ၊
Merry Christmas !


စန်တာကလောစ့်ဆီ စာရေးချင်ရင် လိပ်စာတွေက
• Santa Claus, North Pole, Canada, H0H 0H0
• Santa/Father Christmas, Santa’s Grotto, Reindeerland, SAN TA1
• Father Christmas, North Pole, SAN TA1
• Santa Claus, Santa Claus Village, FIN-96930 Arctic Circle, Finland.
စန်တာကလောစ့်အကြောင်းပိုပြီးစပ်စုချင်ရင်တော့ အဲဒီမှာ http://en.wikipedia.org/wiki/Santa_Claus ဖတ်ကြည့်ပါ၊

ခရစ်စမတ်ဘိုးဘိုးဆီ စာရေးကြတဲ့ အလေ့အထက ကလေးတွေအတွက် ခရစ်စမတ်ထုံးထမ်းစဉ်လာလို ဖြစ်နေခဲ့တာကြာပါပြီ၊ ကလေးတွေစန်တာဆီရေးကြတဲ့ စာတွေမှာ သူတို့လိုချင်တဲ့ အရုပ်တွေကို စန်တာဆီစာရေးတောင်းကြပါတယ်၊ လိမ်မာတဲ့ကလေးငယ်တွေကိုချစ်တဲ့ စန်တာဆီ သူတို့ဟာ မိဘစကားနားထောင်ကြောင်းအခိုင်အမာပြောဆိုကြပြီး အရုပ်ကလေးတွေတောင်းတတ်ကြတယ်၊ မိန်းကလေးတွေက ယောက်ျားလေးတွေထက်စာကိုပိုရှည်ရှည်ရေးသားပြီး ပိုမိုယဉ်ကျေးစွာ ရေးသားကြတယ်လို့ဆိုတယ်၊ မိန်းကလေးတွေက သူများတွေအတွက် တောင်းဆိုပေးတတ်ကြတယ်၊ စာတိုက်ဝန်ထမ်းတွေနဲ့ တခြား volunteer တွေက ကလေးငယ်တွေရဲ့စာကို ပြန်စာရေးပေးကြတယ်၊ ကျွန်မက ကလေးငယ်လေးမဟုတ်တော့ စန်တာက ကျွန်မရဲ့စာကိုဖတ်လိမ့်မယ်မထင်ပါဘူး၊ လူတိုင်းလူတိုင်း၊ လူကြီးတိုင်း ကလေးတိုင်း သူတို့လိုချင်တာတွေ စာရွက်ပေါ်ချရေးလိုက်တယ်ဆိုရင်ပဲ စိတ်ပေါ့ပါးသွားတတ်ကြပါတယ်၊ ဘာပဲဖြစ်ဖြစ်ပါ၊ ခရစ်စမတ်မှာ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။       ။

Monday, November 30, 2009

နံရံဆေးခြယ်အနုပညာ သို့မဟုတ် Graffiti Art

(စာအဟောင်းပါပဲ၊ အဟောင်းတွေပဲ ပြန်ပြန်ကောက်တင်နေရတယ်၊ အသစ် မရေးနိုင်သေးလို့ပါ)
ဘဲလ်ဂရိတ် က Graffiti art တွေအကြောင်းရေးပါဦးမယ်၊ အချက်အလက်စုလိုက်ဦးမယ်
လူငယ်ထုရဲ့ ဂီတနဲ့ Graffiti
“Graffiti ဟာ စိတ်ထဲမှာရှိနေတဲ့ idea ကို skill မပါဘဲ လက်တန်းလုပ်ရတော့ မှုတ်ဆေးဘူးကိုင်တာ ကျွမ်းကျင်ရမယ်။ ‘ပြိုင်ဘက်’ ဗီစီဒီမှာ ကျွန်တော်တို့ ပထမဆုံး စသုံးခဲ့တယ်။ ဖန်တီးသူကတော့ Cyclone အဖွဲ့သားတစ်ယောက်ဖြစ်တဲ့ သုတအေး ပါ” လို့ Hip-Hop သမား တစ်ဦးဖြစ်တဲ့ `ဘာဘူ´ ကပြောဖူးပါတယ်။

Tuesday, November 24, 2009

မိသားစုဆိုတာ ဘုရားကျောင်းလေးတစ်ခုပါ




မိသားစုဆိုတာဘုရားကျောင်းလေးတစ်ခုပါ လို့ ဆိုခဲ့ဖူးတဲ့ ဆားဘီးယန်းအော်သိုဒေါစ့်ခရစ်ယာန်ဂိုဏ်းချုပ် ပါဗလဲ ဟာ ထာဝရဘုရားရဲ့ အိမ်တော်မှာ နိုဝင်ဘာ ၁၅ ရက်နေ့က အိပ်စက်သွားခဲ့ပါပြီ။ အသက်ထင်ရှားရှိစဉ်က လူတွေကြားထဲ ထင်ထင်ပေါ်ပေါ်သွားလာခဲ့ဖူးခြင်းမရှိတဲ့ ပါဗလဲ ရဲ့ ဈာပနအခမ်းအနား မှာ ပါဗလဲကိုရိုသေချစ်ခင်ကြတဲ့ လူပေါင်း ၆သိန်းကျော်လိုက်ပါပို့ဆောင်ခဲ့ကြတယ်။ ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ ဈာပန အခမ်အနားမှာ ဆားဘီးယား၊ မွန်တန်နီဂရိုး၊ ဘောစ့်စနီးယား ဟာဇီဂိုးဗီးနား၊ ခရိုးအေးရှား၊ နဲ့ အနီးပါတ်ဝန်းကျင်နိုင်ငံဆီက ပါဗလဲကိုချစ်တဲ့၊ ပါဗလဲက အမြဲချစ်ခင်ခဲ့တဲ့ သူတွေ ဘဲလ်ဂရိတ်မြို့ကို စုရုံးရောက်ရှိခဲ့ကြပါတယ်။ ခရစ်ယာန်ဂိုဏ်းချုပ် ပါဗလဲ ဟာ ဘာသာရေးအသိအမြင်ကြွယ်ဝသူ၊ သနားကြင်နာမှုအပြည့်ရှိသူ၊ ငြိမ်းချမ်းရေးကိုလိုလားသူ၊ အေးဆေးတည်ငြိမ်စွာနေထိုင်တတ်ပြီး ပွင့်လင်းတဲ့ နိုင်ငံရေးအသိအမြင်ရှိသူဖြစ်တယ် လို့ စာစောင်အသီးသီး ကရေးသားခဲ့ကြတယ်၊ ဘဲလ်ဂရိတ်သတင်းဌာနတွေမှာလဲ ပါဗလဲ ရဲ ဘ၀၊ ပါဗလဲ ရဲ့ အယူအဆ၊ သဘောတရား စကားလုံးတွေကို တချိန်လုံးလွှင့်ထုတ်ပြသခဲ့ကြတယ်။ ကလေးငယ်တွေကို ချစ်မြတ်နိုးတတ်သူဖြစ်ပြီး သူ့ရဲ့ သနားကြင်နာမှုကို အမြဲပြသလေ့ရှိတယ်၊ ကိုဆိုဗိုပြည်တွင်းစစ်ပွဲအတွင်း ဘုန်းကြီးတွေကို သရဲတစ္စေတွေအလား ပြောင်လှောင်နေကြတဲ့ အချိန်ကာလမှာ၊ ကိုဆိုဗိုကိုရောက်ရှိခဲ့တဲ့ ပါဗလဲဟာလဲ ကလေးငယ်တွေရဲ့ ပြောင်လှောင်မှု၊ လူကြီးတွေရဲ့ မလိုမုန်းထားရန်လိုမှုတွေကိုရင်ဆိုင်ခဲ့ရတယ်၊ တည်ငြိမ်အေးဆေးစွာ လက်ခံခဲ့တယ်၊ ကလေးငယ်တွေရဲ့ပြောင်လှောင်မှုကို သကြားလုံးတွေပေးဝေရင်း တခဏတာငြိမ်သက်အေးချမ်းစေခဲ့တယ်။ ကလေးငယ်တွေ ငြိမ်သက်နေစဉ်အချိန်အတွင်း အဖြူရောင်ကလေးငယ်တွေကိုကြည့်ရင်း သူ အင်မတန်ပျော်ရွှင်နေခဲ့တယ်။ လူကြီးတွေရဲ့ အမုန်းတရား၊ တိုက်ခိုက်ဖျက်ဆီးလိုတဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေကို ငြိမ်ချမ်းအေးဆေးသွားစေလိုခဲ့တယ်။ ဘဲလ်ကန်လူမျိုးစုစစ်ပွဲတွေအတွင်းနဲ့ အသက်ရှင်နေစဉ်ကာလတစ်လျှောက်လုံး ငြိမ်းချမ်းရေးအတွက် တတ်စွမ်းသလောက်ကြိုးပမ်းသွားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဂျွန်ပေါလ်ကို တွေ့ဆုံသွားလိုတဲ့ဆန္ဒအမြဲရှိနေခဲ့ပေမဲ့ တသီးတခြားနေလိုတဲ့ အော်သိုဒေါစ့်ခရစ်ယာန်ဘုန်းကြီးတွေရဲ့ အယူအဆကြောင့် သူ့ရဲ ဆန္ဒ မပြည့်ခဲ့ရှာပါဘူး၊ ပါဗလဲငယ်ရွယ်စဉ် ဘုရားကျောင်းတစ်ခုမှာ ဧည့်သည်အဖြစ်ရောက်ရှိစဉ်က ခေတ္တနေထိုင်ခဲ့တဲ့အခန်းတွင်း မီးလုံးကိုဖြုတ်ကာ သူ ယူဆောင်လာခဲ့တဲ့ ဗို့အားအလွန်နည်းပါးတဲ့ မီးသီးကို ပြောင်းလဲတပ်လို့ မိမိအတွက်ဝန်ကို တတ်စွမ်းသမျှချွေတာစေခဲ့သူမျိုး ဖြစ်တယ်၊

စိတ်နှလုံးနူးညံ့သူ၊ ၀ိညာဉ်တော်ဖြူစင်သန့်ရှင်းသူ ခရစ်ယာန်ဂိုဏ်းချုပ်ပါဗလဲ ကို လေးစားချစ်ခင်မိတာကြောင့် ရေးဖြစ်ခဲ့ပါတယ်။ အချိန်တိုအတွင်း လက်လမ်းမှီသလောက်ရှာဖွေ၊ မေးမြန်းရေးသားလိုက်ရတာကြောင့် လိုအပ်တာတွေရှိနေဦးမယ်ဆိုတာ ကြိုတင်ဝန်ခံထားပါရစေ၊ ပါဗလဲရဲ့ စကားတွေ၊ ပါဗလဲကိုချစ်ခင်တဲ့ သိက္ခာတော်ရဆရာ၊ ဂိုဏ်းချုပ်တွေရဲ့ ပြောစကားတွေ အများကြီးရှိနေပါသေးတယ်၊ မီဒီယာတွေက ဖော်ပြခဲ့ကြတဲ့ ပါဗလဲရဲ့ဘ၀ဇတ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းမှုတွေ အကုန်မဖော်ပြနိုင်လိုက်ပါဘူး၊ လိုအပ်ချက်တွေအတွက် ဒီပိုစ့်ကို ရေးသားသူရဲ့ တာဝန်သာဖြစ်ပါတယ်။

Sunday, November 08, 2009

နှင်းကျတဲ့နေ့က ကျွန်မ ပျော်ရွှင်ခဲ့တယ်

နှင်း ဖြူဖြူလေးတွေ ဘယ်တော့ကျလာမှာတဲ့လဲ၊ ဒီလို ခဏခဏ မေးရင်း ခဏခဏတွေးရင်း ရာသီဥတုက ပိုလို့ ပိုလို့အေးလာပါပြီ၊ ကျွန်မနေတဲ့မြို့ဆိုတာက နှင်းမကျတတ်ဘူး၊  နှင်းဖြူဖြူလေးတွေကို ဓါတ်ပုံတွေတဲမှာမြင်ရတိုင်း ကိုင်ကြည့်ချင်တဲ့ စိတ်က တားမနိုင်ဆီးမရ၊
“ကဲ နဲရှောရေ ဘယ်မှာလဲ .. ယူ ပြောတဲ့ နှင်းတွေက.. ဒီရက်ပိုင်းတွေမှာ ကျလာလိမ့်မယ်ဆို၊ နေပူလိုက်၊ လေတိုက်လိုက်၊ မိုးရွာလိုက်နဲ့၊ နှင်းကျရင် နှင်းတွေထဲ လိုက်ပို့ပေးရမယ်နော်” ဒီလိုမျိုးပဲ..
ကျွန်မနေ့တိုင်းလိုလို သူ့ကို ပူဆာနေကျပေါ့ .. နှင်းကတော့ ကျမလာသေးပါဘူး ..
အိပ်ရာကနိုးတိုင်း ပထမဆုံး မျက်လုံးတွေက ပြတင်းတံခါးဝဆီကို ၊ ပြီးတော့ ခန်းဆီးစကို ဆွဲမ၊ ဟင်း .. ဒီနေ့လဲ ကောင်းကင်ဖြူပိန်းပိန်းမှာ အဖြူရောင်သိပ်သိပ်မြူတွေပဲပြည့်လို့၊ ဒီလိုပဲ ဒီလိုပဲ နေ့တွေများလှပီ၊ ဘယ်မှာလဲ နှင်းစက်လေးတွေက၊

အဲဒီနေ့ကတော့ ခပ်စောစောအိပ်ရာကနိုးနှင့်နေပြီ၊
မိုးစက်လေးတွေ သေးသေးမွှားမွှား တဖွားဖွားလွင့်လို့၊ လေကလဲ ဟိုကဒီက ဝေ့၀ဲတိုက်ခတ်လို့၊ ပြတင်းပေါက်ဆီက အဖြူ အနီ ပန်းပင်လေးတွေ က လေတွေတိုက်လို့ ခပ်ခါခါ၊
သူ ကပြောတယ် “မပြောနိုင်ဘူး၊ ဒီမိုးစက်သေးသေးလေးတွေက နှင်းမှုန်လေးတွေ ဖြစ်သွားလိမ့်မယ်၊ ဒါ နှင်းစက်လေးတွေဖြစ်နိုင်တယ်” တဲ့။
ဟာ ဒါနှင်းမှုန်လေးတွေ .. ဘယ်လိုပဲ ကြည့်ကြည့် မိုးဖွဲဖွဲလေးရွာနေတာပါပဲ၊ သူ ကျွန်မစိတ်ကျေနပ်အောင်ပြောတာပဲဖြစ်ရမယ်။

သူရဲကောင်းတွေ နဲ့ ဆိုးသွမ်းလှတဲ့သူတွေ

(ဆင်ဆာမိတော့မှာပဲလို့ထင်ထားပေမဲ့ လွတ်သွားတဲ့ သီချင်း၊ သီချင်းဆိုတော့ သူတို့ သေချာမဖတ်ကြလို့ပါ၊ လှိုင်းသစ်မဂ္ဂဇင်းပါပဲ)




The Beach Boys ရဲ့ သီချင်းတွေထဲက ဂီတချစ်ပရိသတ်တွေရဲ့ စာသား အကောင်းမွန်ဆုံး လို့ မဲပေးထားခဲ့ကြတဲ့  "Heros and Villains" သီချင်းက တကယ်ပဲ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ အခုချိန်ထိနားထောင်ကြည့်လိုက်တိုင်း အချိန်တိုင်းမှာ ဆွဲဆောင်မှုရှိနေဆဲ အနုပညာအားပြင်းတဲ့ သီချင်းတစ်ပုဒ်ဖြစ်နေတာကြောင့်
"Heros and Villains" သီချင်းကို ရေးသားသီဆိုခဲ့ကြတဲ့ The Beach Boys တွေ အကြောင်းအရင်ဖတ်ကြည့်ရအောင်ပါ။
သူတို့ရဲ့ သီချင်းတွေကရော ဘယ်လိုတွေလဲ ..

The Beach Boysျ တွေက အမေရိကန်ရောခ့်အဖွဲ့ ဖြစ်တယ်။ harmony ဖြစ်လှတဲ့ အဖွဲ့သားတွေရဲ့ အသံလိုင်းပေါင်းစုံကြောင့် နာမည်ကြီးလာခဲ့တယ်။ သူတို့ ဖန်တီးလေ့ရှိတဲ့သီချင်းအမျိုးအစားတွေက  rock, surf rock, psychedelic pop, pshchedelic rock, baroque pop  တွေပါ။ "Heros and Villains" က Psychedelic Pop အမျိုးအစားဖြစ်တယ်။ Psychedelic Rock, Psychedelic Pop ဆိုတာ ခပ် ကြမ်းကြမ်း အနည်းငယ်ကျယ်ကျယ်လောင်လောင် ရှိတဲ့ သီချင်းမျိုးတွေပါပဲ။ Psychedelic ဟာ ဂရိစကားလုံးဖြစ်ပြီး အင်္ဂလိပ်အခေါ်အဝေါ် နဲ့ဆိုရင် soul နဲ့  manifest ပေါင်းစပ်ထားတာပါ။ Baroque Pop ကတော့ Bouh Rock လို့လဲခေါ်တဲ့ ၁၉၆ဝခုနှစ်တွေက ခေတ်စားတဲ့ rock music တစ်မျိုးဖြစ်တယ်။ Classical music တွေကို Rock 'n' Roll သီချင်းတွေထဲ အရေးအသားပိုင်းပြောင်း၊ အသံဖမ်းရာမှာလဲ ပြောင်းလဲပြီးပေါင်းထည့်ထားတဲ့ ဂီတမျိုးလို့ဆိုတယ်။
အဖွဲ့သားတွေက ဒရမ် - ဟဲလ်ဘလိန်း၊ ဘေစ့်ဂစ်တာ- ကာရိုလ်ကေး၊ နောက်ခံဘေစ်ဂစ်တာ-လိုင်လီရစ်ထ်ဇ်၊ စန္ဒရား- ဒိုအန်ရမ်ဒီ၊ ဘီလီစထရိန့်ခ်ျ၊  အဆိုနဲ့ ဟာမိုနီ- မိုက်ခ်လပ်ဗ်၊ အဲလ်ဂျာဒိုင်း၊ ကားလ်ဝီလ်ဆင်၊ ဒဲနစ်ဝီလ်ဆင်၊ ဘရုစ်ဂျွန်စတန်၊ နောက်ခံအဆို-လပ်ဗ်တား တို့ဖြစ်ကြတယ်။

"Heros and Villains" ကိုတော့ The Beach Boys အဖွဲ့က ဘရိုင်ယန်ဝီလ်ဆင် နဲ့ ဗန်ဒွိုက်ခ်ပါ့ခ်စ် တို့ အတူတူရေးသားခဲ့ကြတယ်။ ပုံပြင်ထဲက အကြောင်းအရာတစ်ခုကို ရည်ရွယ်ရေးသားခဲ့ကြတာပါ။ ဝီလ်ဆင်ရေးသားခဲ့တဲ့ စာသား "Once at night catillian squared the fight"  မှာ  စာလုံးပေါင်း catillian ဟာ အမှန်က cotillian ဖြစ်ရမယ်လို့ The Beach Boys ပရိသတ်တွေက်forum  တွေမှာ ရေးသားခဲ့ကြတယ်။ ဝီလ်ဆင်ကလဲ သူပြောချင်တာက ခန်းမကျယ်ကြီးမှာ စုပေါင်းကကြတဲ့ ၁၇ဝဝ ခုနှစ်ပိုင်းက ပြင်သစ်အကတစ်မျိုး cotillian  ကိုပဲ ရည်ရွယ်တာပါလို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ စာသားကိုတော့ မပြောင်းခဲ့ပါဘူး။

၁၉၆၆-၁၉၆၇ ခုနှစ်အတွင်း version  အများကြီးနဲ့ ဆိုခဲ့ကြတဲ့ The Beach Boys ရဲ့ သီချင်းဟောင်းဖြစ်နေပေမယ့်  ဒီနေ့ထိ ဂီတပရိသတ်တွေ စိတ်ဝင်စားနေကြဆဲပါပဲ။ ၁၉၆၆ ခုနှစ်အစောပိုင်းမှာ "Heros and Villians" ဟာ ဝီလ်ဆင်ရဲ့ ဧည့်ခန်းထဲမှာ  စန္ဒရားတစ်လုံးထဲနဲ့ ပဲ ရေးစပ်ခဲ့ကြတယ်လို့ဆိုတယ်။ "Heros and Villians" ဟာ ဝီလ်ဆင်နဲ့ ပါ့ခ်စ် တို့ရဲ့  ပထမဆုံးအတူတကွ အလုပ်လုပ်ခဲ့ကြတဲ့သီချင်းပါ။ ဝီလ်ဆင်က သံစဉ်ကို ပထမရှာပေးခဲ့ပြီး ပါ့ခ်စ်က အဖွင့်စာသားနဲ့ အရေးကြီးတဲ့နေရာတွေမှာ ဆက်လက်ဖန်တီးပေးခဲ့တယ်။ "Heros and Villains" ထဲမှာပါတဲ့ ဂီတသံစဉ် အမျိုးမျိုးကှိုSMiLE အယ်လ်ဘမ် အတွက် တခြားသီချင်းတွေမှာပါ အပိုင်းလိုက် ဟိုတစ်စ ဒီတစ်စ ထည့်သုံးခဲ့တာတွေရှိတယ် ဆိုတာ "Heros and Villians" ရင်းနှီးပြီးသား ပရိသတ်တွေက အသေအချာပြောပြနိုင်ခဲ့ကြတယ်။ ဝီလ်ဆင်ကလဲ ငြင်းမနေပါဘူး၊ သူသိပ်ကြိုက်တဲ့ ဂီတအပိုင်းအစတွေ ကြုံရင်ကြုံသလို ထည့်သုံးနေမှာပါပဲ လို့ ပြန်ရှင်းခဲ့ပါတယ်။ Surf's Up နဲ့ Cabinessence သီချင်းတွေရဲ့စာသားတွေ ဟာ The Beach Boys သီချင်းတွေအားလုံးထဲမှာမှ ဝေခွဲမရတဲ့ စာသားအသုံးအနှုန်းရှုပ်ရှုပ်တွေ ဖောဖောသီသီသုံးထားပါသေးတယ်။ "Heros and Villians" စင်ဂဲလ်ကို မူလက Capitol 5826 အမည်နဲ့ စီစဉ်ခဲ့ပြီး အဖုံးဒီဇိုင်း အတွက် အဖွဲ့သား၆ယောက်ရဲ့ပုံ အဖြူရောင်ပန်းချီကားနဲ့ ပြုလုပ်ထားခဲ့တယ်။ ဒါပေမဲ့ ဘရိုင်ယန်ဝီလ်ဆင်က သူ့စိတ်ကူးထဲမှာဖန်တီးချင်တဲ့အတိုင်း ပြောင်းပစ်လိုက်တယ်။    Capitol 5826 စင်ဂဲလ် ကတော့ မထုတ်ဖြစ်ခဲ့ပါဘူး။ ၂ဝဝ၄ခုနှစ်မှာတော့  "Heros and Villains" ကို ပြန်လည် အသံဖမ်းခဲ့ပြီှးSMiLE ရဲ့ version အသစ်မှာ ပြန်ထည့်ထားတာပါတယ်။

The Beach Boys တွေပြောတဲ့ သူရဲကောင်းတွေနဲ့ လူဆိုးလူညစ်တွေက ဘယ်သူတွေလဲ သိရအောင် "Heros and Villains" သီချင်း စာသားကိုဖတ်ကြည့်မိတဲ့ အခါ  +++

သူရဲကောင်းတွေ  နဲ့  ဆိုးသွမ်းလှတဲ့သူတွေ
 

ကျွန်တော်တော့ ဒီမြို့လေးမှာ ရှင်သန်နေထိုင်လာခဲ့တာ မြို့ တော်ကြီးက ပြန်လာခဲ့ပြီးကတည်းဆိုတော့ ကြာလှပြီပေါ့ ..
ကျွန်တော့်ဆီကထွက်ပြေးကုန်တဲ့ အရာတွေ၊ ကျွန်တော်ဆုံးရှုံးခဲ့တဲအရာတွေ၊ ဘာမှန်းညာမှန်းမသိတဲ့အရာတွေ ကို ရယူဖို့
ဒီမှာပဲ အချိန်တွေ အများကြီး ကြာမြင့်အောင်နေခဲ့ပြီးပါပြီ ..
လွန်ခဲ့တဲ့နှစ်တွေကပဲ  သူရဲကောင်းတွေ ၊ လူဆိုးလူညစ်တွေရဲ့ မွေးရပ်မြေဖြစ်တဲ့ စပိန်နဲ့ အင်ဒီးယန်း ဒေသက
အပြစ်ဆိုတာမသိ၊ အပြစ်ဆိုတာမရှိလေတဲ့ ရိုးရိုးသားသား မိန်းကလေးတစ်ယောက်နဲ့လဲ ချစ်ကြိုက်ခဲ့ပြီ ..
တကြိမ်  ခန်းမကျယ်ကြီးထဲက ကက်တီလီယန်အကပိုင်ရှင်တွေဆီ တိုက်ခိုက်မှုကြုံရစဉ် ညမည်းမည်းထဲ ၊
မိန်းကလေး ++ကျွန်တော့်ရဲ့ အဖြူထည်မိန်းကလေး ဟာ ကျည်ဆန်မိုးတွေ ခပ်သဲသဲဖြာကျနေတဲ့နေရာမှာမှ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်နေခဲ့သေးတော့၊
အဆုံးမှာ အဲဒီ သဲသဲမဲမဲ အရာတွေက  မိန်းကလေးကို လဲကျစေခဲ့ပြီ ..
ဒါပေမဲ့  မိန်းကလေးက သူ့ရဲ့ကကြိုးကိုတော့ မပျက်စေခဲ့ပါဘူး ..
သူရဲကောင်းတွေ၊ လူဆိုးတွေ ပြည့်နှက်နေတယ်ဆိုတဲ့ ဒီမြို့ကလေးမှာ ဒီမြို့ကြီး သူလေးတစ်ယောက်ကိုပဲ မကြောက်မရွံ့ရင်ဆိုင်စေမှာတဲ့လား ..

ကဲ  - သူရဲကောင်းတွေ ၊ လူဆိုးကြီးတွေရယ်၊ ဘာတွေလုပ်ခဲ့ကြပြီးပြီလဲ ပြန်ငဲ့ကြည့်ပါဦး ၊
သူရဲကောင်းတွေ ၊ လူဆိုးကြီးတွေရယ်၊  ခင်ဗျားတို့ ဘာတွေလုပ်ခဲ့ကြလဲ ကြည့်ပါရစေဦး ..

မတ်မတ်ရပ်တည်နိုင်တာပဲ ဖြစ်ဖြစ် ၊ ပြိုလဲရှုံးနိမ့်တာပဲ ဖြစ်ဖြစ်  ဒီနေရာမှာ ဖြစ်နေတာတွေ ကျွန်တော်သိပါတယ် ..
ဒီတောင်ကြားဒေသလေးမှာ ငြိမ်းချမ်းရေးအရသာကိုခံစားရစေချင်ပြီ ....
ဒါတွေကတော့ သူရဲကောင်းတွေ၊ လူဆိုးကြီးတွေနဲ့ ဖြစ်ပျက်ကြုံတွေ့ရသမျှ ကိစ္စတွေချည်းပါပဲ ..

ကျွန်တော့်ရဲ့ကလေးငယ်တွေအတွက် မွေးမြူပျိုးထောင်ခဲ့ရပြန်ပြီ၊ သူတို့ ချက်ချင်းပဲ ရှင်သန်ကြီးပြင်းလာတယ်လို့ ခင်ဗျားထင်နေတာလား ..
နှစ်တွေအများကြီးပဲ  .. သူတို့ရဲ့ဦးခေါင်းကနေ ခြေချောင်းလေးတွေအထိ နှေးနှေးကွေးကွေး  လူလားမြောက်လာရတာ၊
သူတို့ရဲ့ ကျန်းမာေ၇း၊ ပညာရေးအကုန်လုံးပါပဲ ..တုန့်နှေးနှေး စတင်လာခဲ့ကြတာပါ ..
ကျွန်တော် ဒီမြို့လေးမှာ နေလာခဲ့တာ သိပ်ကိုကြာမြင့်ခဲ့ပါပြီ ..
ကျွန်တော့်ဆီ တိုးဝင်လာတဲ့ အရာတွေပြည့်သိပ်လို့ နေသားတကျရှိနေခဲ့ပြီ ..
ခက်ခဲကြမ်းတမ်းတဲ့အရာတွေ နဲ့လဲ  အလိုက်သင့် စီးမြောနိုင်ခဲ့ပြီ ..
နေသာတဲ့နေတစ်နေ့မှာလဲ ဖြာကျနေတဲ့နေရောင်စူးစူးအရိပ်အငွေ့တွေ ရှုရှိုက်ရင်း 'ငါ  အဆင်ပြေသားပဲ'လို့ ပြောရပါဦးမည်..

ကဲ  - သူရဲကောင်းတွေ ၊ လူဆိုးကြီးတွေရယ်၊ ဘာတွေလုပ်ခဲ့ကြပြီးပြီလဲ ပြန်ငဲ့ကြည့်ပါဦး ၊
သူရဲကောင်းတွေ ၊ လူဆိုးကြီးတွေရယ်၊  ခင်ဗျားတို့ ဘာတွေလုပ်ခဲ့ကြလဲ ကြည့်ပါရစေဦး ......


မဉ္ဖူရီ

ကဗျာဆရာတစ်ဦးနဲ့ နာရီချိန်သီး

လှိုင်းသစ်မဂ္ဂဇင်းမှာပါခဲ့တဲ့ စာမူပါ၊ စာအသစ်ရေးထားတာမရှိတာနဲ့ပဲ ဟိုကဒီက အဟောင်းတွေဆွဲထုတ်တင်လိုက်ရပါတယ်၊ ကလောင်နာမည်က မဥ္ဖှူရီပါ

ကဗျာဆရာတစ်ဦးရဲ့  ဘဝချိန်သီး တစ်တစ်တောက်တောက် လှုပ်ရှားနေပုံကို  မြိုင်ဆိုင်လှတဲ့ သံစုံတူရိယာတွေနဲ့ ခြောက်ခြားဖွယ်ရာ ရေးစပ်သီဆိုထားတဲ့ သီချင်း တစ်ပုဒ်ပါ။ ဖင်လန်နိုင်ငံသား အဖွဲ့သားငါးဦးပါဝင်တဲ့ သံစုံမက်တယ်အဖွဲ့ Nightwish ရဲ့  အဲဒီ The Poet and the Pendulum သီချင်းဟာ မှော်ဝင်ရုပ်ရှင် ဇာတ်ကားတစ်ကားကြည့်နေရသလို  သံစဉ် အတက်အကျနဲ့အတူ၊ တဒုတ်ဒုတ် နှလုံးခုန်လှုပ်သံ၊ ကျီးအာသံတွေက ဂီတချစ်သူတွေကို ဘယ်လိုမှ လက်မလွှတ်နိုင်အောင် ဖမ်းစားခဲ့တဲ့ သီချင်းလဲဖြစ်တယ်။ သီချင်းသစ်တစ်ပုဒ်တော့ မဟုတ်ပါဘူး။ Nightwish ရဲ့ ၂ဝဝ၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Dark Passion Playအယ်လ်ဘမ်ထဲက ပထမဆုံး သီချင်းပါ။ Dark Passion Play အယ်လ်ဘမ်ကို ၂ဝဝ၆-၂ဝဝ၇ ခုနှစ်မှာ အသံဖမ်းခဲ့ပြီး Record Label "Spinefarm Records"နဲ့ထုတ်ခဲ့တယ်။ ထူးခြားတာက Nightwish ဂီတသမိုင်းမှာ  ၁၄မိနစ်ကြာခဲ့တဲ့ အရှည်ဆုံးသီချင်းဖြစ်တယ်။ The Poet and the Pendulum သီချင်းကို ရေးသားခဲ့တဲ့ အဖွဲ့ခေါင်းဆောင် ကီးဘုတ်သမား တူရိုမာစ့်ဟိုလိုပိုင်နမ် က ဒီသီချင်းကို ရေးဖြစ်ခဲ့တဲ့အတွက်  သူအလွန်အမင်းပျော်ရွှင်ခဲ့ပြီး အကြိုက်ဆုံး Nightwish သီချင်းတစ်ပုဒ် အဖြစ် သူ အမြဲခံစားမိနေတော့မှာ သေချာတယ်လို့ အယ်လ်ဘမ်မထွက်ခင်မှာ တရားဝင်ကြေငြာခဲ့ဖူးပါတယ်။ Nightwish ဂီတအဖွဲ့ကို ၁၉၉၆ ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့သားတွေက ဖင်လန်နိုင်ငံ ကီတီးမြို့လေးကပါ။ Nightwish တွေ ဖန်တီးတဲ့ဂီတမျိုးက မက်တယ်လ်ဂီတကိုပဲ သံစုံတူရိယာတွေနဲ့ classic တေးသွားတွေ ပေါင်းထည့်ထားတဲ့ Symphonic power metal ဂီတအမျိုးအစား ဖြစ်တယ်။

တူရိုမာစ့် က ဒီသီချင်းနဲ့ပတ်သက်ပြီး ခုလိုပြောခဲ့တယ်။ 

The Poet and the Pendulum ဟာ လှပလွန်းတဲ့စာသားတွေနဲ့ဖွဲ့စည်းထားတယ် .. မော်ကွန်းတင်လောက်တဲ့ စွမ်းအားပြင်းသီချင်းတစ်ပုဒ်ပါ။ ဘယ်လိုတဲ့။ မဟုတ်ရပါဘူး။ ကျွန်တော်က ကိုယ့်ဘာသာတံဆိပ်တပ် ချီးမြှင့်မြောက်စားနေဖို့ဝါသနာပါတဲ့သူမှ မဟုတ်တာ။ ထပ်ခါထပ်ခါ သီဆိုရတဲ့ စာသားတစ်ချို့ကျွန်တော်ရွတ်ပြမယ်.. ခင်ဗျား လိုက်ဆိုကြည့်ပေးပါ။ ပြီးရင်တော့ ကျွန်တော်ပြောခဲ့တဲ့စကားလုံးတွေက ခင်ဗျားနှုတ်က ဒလဟောထွက်ကျလာမှာ အသေအချာပဲ..
ကဲ ကျွန်တော်တော့ စ.. ရွတ်ပါပြီ။
'ပြေး၊ အဝေးကိုပြေး၊ ပျံသန်းပြီး ထွက်ပြေး၊
အိမ်မက်မက်နေသူတွေကို ယောင်ဝါးဝါးလမ်းကြောင်းမှားတွေဆီက ရုန်းထွက်နိုင်ဖို့ .. ငါ .. ဦးဆောင်ပေးချင်ရဲ့ ..
ငါ မငိုနိုင်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ငါမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်တွေက ပိုလို့ ပိုလို့ သည်းသည်းထန်ထန်ငိုကြွေးနေကြတာကိုး ..
ငါ မသေနိုင်ပါဘူး .. အေးစက်တဲ့ဒီကမ္ဘာကြီးအတွက်.. ငါက... အဖြည့်ခံ မိန်းမလှတစ်ဦးဖြစ်နေသေးတယ်လေ .. '
တူရိုမာစ့် သတင်းပေးခဲ့တဲ့ 'The Poet and the Pendulum'ရဲ့ စာသားတွေက တကယ်ပဲ လှပလွန်းနေခဲ့ပါတယ်။
သီချင်းချစ်သူတွေအားလုံး မြည်းစမ်းကြည့်နိုင်ဖို့ 'The Poet and the Pendulum' စာသားတွေအားလုံးခံစားကြည်းတဲ့အခါ ....
အဆုံးသတ်မှာ
သီချင်းရေးသူဟာ သေဆုံးခဲ့ပြီ ..
ဓါးသွားတွေက သူ့အပေါ်မှာအုပ်မိုးလို့ ..
အဖြူရောင်ကုန်းမြေတွေဆီ သူ့ကိုဆောင်ယူနေကြပြီ ..
ကိုယ်ချင်းစာနာမှုတွေရှိရာဆီ .. အပြစ်ကင်းစင် ကြည်လင်မှုတွေရှိရာဆီ ..

အိမ်မက်မက်သူနဲ့ ဝိုင်အရက် အစပ်အဟပ်မိနေချိန်မှာ ..
ကဗျာဆရာကတော့ ကာရန်တွေလွဲနေဆဲ ..
စာရေးတဲ့မုဆိုးမတစ်ယောက်ကတော့ဖြင့်  ငရဲသံကွင်းကြိုးတွေကြောင့် အစိတ်စိတ် အမွှာမွှာဖြစ်ရရှာတယ် ..
နောက်ဆုံးဖြည့်လိုက်တဲ့ စာတစ်ကြောင်းက သီချင်းအိုတစ်ပုဒ်နဲ့.. တူနေဆဲပါပဲ ..
အို ခရစ်တော်.. ဘယ်လိုမုန်းရမလဲ.. ဘာတွေဖြစ်မြောက်အောင်လုပ်ရမလဲ ..

အိမ်အရောက် ပို့ပေးလှည့်ပါ ..
ပြေး၊ အဝေးကိုပြေး၊ ပျံသန်းပြီး ထွက်ပြေး ..
အိမ်မက်မက်နေသူတွေကို ယောင်ဝါးဝါးလမ်းကြောင်းမှားတွေဆီက ရုန်းထွက်နိုင်ဖို့  .. ကျွန်မ .. ဦးဆောင်ပေးချင်ရဲ့ ..
ကျွန်မ မငိုနိုင်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ကျွန်မမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်တွေက ပိုလို့ပိုလို့ သည်းသည်းထန်ထန်ငိုကြွေးနေကြတာကိုး ..
ကျွန်မ မသေနိုင်ပါဘူး .. အေးစက်တဲ့ဒီကမ္ဘာကြီးအတွက်.. ကျွန်မက... အဖြည့်ခံ မိန်းမလှတစ်ဦးဖြစ်နေသေးတယ်လေ ..

ကျွန်မကို ခွင့်လွှတ်ပါ ..
ကျွန်မမှာ မျက်နှာနှစ်ခုရှိနေလေရဲ့  ..
တစ်ခုက ကမ္ဘာကြီးအတွက် ..
နောက်မျက်နှာတစ်ခုက ဘုရားသခင်အတွက် ..
ကျွန်မကို ကယ်ဆယ်ပါ ..
ကျွန်မ မငိုနိုင်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ကျွန်မမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်တွေက ပိုလို့ပိုလို့ သည်းသည်းထန်ထန်ငိုကြွေးနေကြတာကိုး ..
ကျွန်မ မသေနိုင်ပါဘူး .. အေးစက်တဲ့ဒီကမ္ဘာကြီးအတွက်.. ကျွန်မက... အဖြည့်ခံ မိန်းမလှတစ်ဦးဖြစ်နေသေးတယ်လေ ..
ကျွန်မရဲ့အိမ်က အဲဒီမှာရှိနေတယ် ..
မြက်ခင်းတွေကများ စိမ်းလန်းနေလိုက်တာ နတ်ဘုံနတ်နန်းတမျှပဲ ..
စွန့်စားခန်းတွေနဲ့ပြည့်နှက်နေတဲ့နေ့တွေရယ် .. အမြဲပြုံးနေတဲ့မျက်နှာတစ်ခုရယ် ..
ကျေးဇူးပြုပြီး စကားတွေသိပ်များများမပြောပါနဲ့လား ..
နဂိုကရှုပ်ထွေးကျပ်တည်းနေတဲ့ ဦးခေါင်းထဲ အတွေးတွေ ပိုပိုရောက်လာနေလွန်းလို့ပါ ..
ချီးမွန်းထောပနာပြုသံတွေလဲ အများကြီးမလုပ်ပါနဲ့ ..
တကြိမ်ပဲပြောပြပေးပါ .. ကျွန်မရဲ့နှလုံးသားက မှန်မှန်ကန်ကန် လုပ်ဆောင်ခဲ့တယ်လို့ပေါ့ ..

အိမ်အရောက် ပို့ပေးလှည့်ပါ ..
ပြေး၊ အဝေးကိုပြေး၊ ပျံသန်းပြီး ထွက်ပြေး ..
အိမ်မက်မက်နေသူတွေကို ယောင်ဝါးဝါးလမ်းကြောင်းမှားတွေဆီက ရုန်းထွက်နိုင်ဖို့ .. ကျွန်မ .. ဦးဆောင်ပေးချင်ရဲ့ ..

ကျွန်မ မငိုနိုင်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ကျွန်မမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်တွေက ပိုလို့ပိုလို့ သည်းသည်းထန်ထန်ငိုကြွေးနေကြတာကိုး .. ကျွန်မ မသေနိုင်ပါဘူး .. အေးစက်တဲ့ဒီကမ္ဘာကြီးအတွက် ကျွန်မက... အဖြည့်ခံ မိန်းမလှတစ်ဦးဖြစ်နေသေးတယ်လေ ..

ကျွန်မကို ခွင့်လွှတ်ပါ ..
ကျွန်မမှာ မျက်နှာနှစ်ခုရှိနေလေရဲ့  ..
တစ်ခုက ကမ္ဘာကြီးအတွက် ..
နောက်မျက်နှာတစ်ခုက ဘုရားသခင်အတွက် ..
ကျွန်မကို ကယ်ဆယ်ပါ ..
ကျွန်မ မငိုနိုင်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ကျွန်မမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်တွေက ပိုလို့ပိုလို့ သည်းသည်းထန်ထန်ငိုကြွေးနေကြတာကိုး ..
ကျွန်မ မသေနိုင်ပါဘူး .. အေးစက်တဲ့ဒီကမ္ဘာကြီးအတွက်.. ကျွန်မက... အဖြည့်ခံ မိန်းမလှတစ်ဦးဖြစ်နေသေးတယ်လေ ..

ကျွန်မရဲ့ ရှုမျှော်ခင်းဟာ ..
အစိမ်းရောင်၊ အပြာရောင်လင်းလက်နေတဲ့ရေတံခွန်နဲ့အတူ ..
အောက်ခြေကပေါ်ထွက်လာတဲ့ အလှတရားတို့နဲ့အတူ ..
အမြဲ လွတ်လပ်စွာ .. တလက်လက်တောက်ပလို့.
ကျွန်မကို အဲဒီအပြာရောင်အလင်းတောက်တောက်အောက် .. နာကျင်မှုတွေအောက် .. မိုးရေတွေအောက် အားကုန်ပို့ဆောင်ပေးပါ ..
ကလေးတစ်ယောက်အတွက် အိပ်ရာဝင်အနမ်း အချိန်မှီပေးသလို .. ကျွန်မရဲ့ ချော့မြူတဲ့သီချင်းက ဓါးသွားထက်ရှရှတွေကို ယိမ်းယိုင်စေမယ် ..
ဖျော့တော့တော့ လရဲ့ အလင်း မပီမပြင် .. ဖြာကျနေတဲ့ ကမ်းခြေမှာ ကျွန်မတို့ အတူထိုင်ခဲ့ကြတယ် .. အတူ မျှော်လင့်ခဲ့ကြတယ် ..
ဘယ်သူ့ရဲ့အလင်းပြောက်ကများ ရှင့်ကိုရွေးချယ်လိုက်ပါလိမ့် .. ရှင့်ရဲ့အားလုံးကို ရွေးချယ်ခဲ့ပြီ ..
ကျွန်မ စိတ်မကောင်းပါဘူး .. တကယ်ကို စိတ်မကောင်းပါဘူး ..
မတရားမှုတွေက ထပ်ခါ .. ထပ်ခါ ကျူးလွန်ခဲ့ပီးပြီ ..
ကျွန်မသိပါတယ် .. ကျွန်မသေရင် အနားမှာတစ်ယောက်မှမရှိ .. ကျွန်မ သေသွားရလိမ့်မယ်လို့ပေါ့ ..
ဒါပေမဲ့ .. ချစ်ခဲ့ပါတယ်..
ရှင် က သေနတ်သံတွေ ကြားရဖို့ လုံလုံလောက်လောက်ရှင်သန်နေထိုင်ခဲ့ပါတယ် ..
ညတိုင်း စူးစူးဝါးဝါးအော်ဟစ်ရင်း ရှင့်ဘာသာ ရှာဖွေဖို့ လုံလုံလောက်လောက်ရှင်သန်နေထိုင်ခဲ့ပါတယ် ..
ရှင့်ရဲ့ သူငယ်ချင်းတွေက ရှင့်ကို သစ္စာဖောက်ကြတာ မြင်တွေ့ရဖို့ လုံလုံလောက်လောက်ရှင်သန်နေထိုင်ခဲ့ပါတယ် ..
နှစ်တွေအကြာပြီးပဲ ယဇ်ပလ္လင်ထက်မှာ ကျွန်မ .. သားရေပြားနဲ့တုပ်နှောင်ခံခဲ့ရတယ် ..
အခုတော့ ၃မိနစ်ပဲ အချိန်ရတော့တယ် .. ကိုင်း .. စပြီးရေတွက်တော့မယ် ..
ကျွန်မ အမြဲတမ်းတနေခဲ့ရတဲ့ သေခြင်းတရားကို ဒီရေတွေကဆောင်ကြဉ်းပေးနိုင်ဖို့ ဆန္ဒပြုမိပါတယ် ..

ခရစ်တော်ရဲ့ ညာဘက်က ဒုတိယမြောက် ဓါးပြက ကလေးငယ်ကိုသတ်ဖြတ်နေပြီ ..
ကမ္ဘာကြီးက ဒီနေ့ဝမ်းမြောက်ရွှင်လန်းနေပြီ ..
ကျီးကန်းတွေက ပုပ်သိုးနေတဲ့ကဗျာဆရာကို ထိုးဆိတ်ဖဲ့ရွဲ့ရင်း ပွဲတော်တည်ခင်းနေကြပြီ ..
လူတိုင်းပဲ သူတို့ကိုယ်ပိုင်အရာတွေအဆုံးမှာ မြုပ်နှံပစ်ရမှာပါပဲ ..
ကျောက်သားလို နှလုံးသားကို မြှပ်နှံဖို့ ထုပ်ပိုးစရာလဲ လိုမှမလိုတော့တာပဲ ..
ခု သူ့ရဲ့ အိမ်က ငရဲမှာ .. သူ့ကိုငရဲပြည်က ကောင်းကောင်းမွန်မွန်ဧည့်ခံနေကြပြီလေ ..
ခေါင်းလောင်းသံတွေကသူ့ကိုသတ်ဖြတ်နေပြီ .. သူ့ရဲ့နောက်ဆုံးခရီးမှာ ခေါင်းလောင်းသံတွေနဲ့နှုတ်ဆက်နေကြပြီ ..
နံနက်မိုးသောက်တဲ့အခါ .. ညစ်ထေးတဲ့ ချစ်ခြင်းမေတ္တာတွေပဲ လှည့်ပတ်ကစားရင်းကျန်ရစ်တယ် ..
ရှင့်ရဲ့ သူငယ်ချင်းတွေက အရှက်ကင်းမဲ့လောက်အောင်ပဲ  ဟန်လုပ်သရုပ်ဆောင်တာလေးတောင် မပီပြင်ခဲ့ကြပါဘူး ..
ရှင့်ရဲ့ အခေါင်းကို တံတွေးနဲ့ ပစ်ကနဲထွေးကြတယ် ..

ပြေး၊ အဝေးကိုပြေး၊ ပျံသန်းပြီး ထွက်ပြေး ..
အိမ်မက်မက်နေသူတွေကို ယောင်ဝါးဝါးလမ်းကြောင်းမှားတွေဆီက ရုန်းထွက်နိုင်ဖို့ .. ကျွန်မ .. ဦးဆောင်ပေးချင်ရဲ့

ကျွန်မ မငိုနိုင်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ကျွန်မမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်တွေက ပိုလို့ပိုလို့ သည်းသည်းထန်ထန်ငိုကြွေးနေကြတာကိုး ..
ကျွန်မ မသေနိုင်ပါဘူး .. အေးစက်တဲ့ဒီကမ္ဘာကြီးအတွက် .. ကျွန်မက... အဖြည့်ခံ မိန်းမလှတစ်ဦးဖြစ်နေသေးတယ်လေ ..

ကျွန်မကို ခွင့်လွှတ်ပါ ..
ကျွန်မမှာ မျက်နှာနှစ်ခုရှိနေလေရဲ့  ..
တစ်ခုက ကမ္ဘာကြီးအတွက် ..
နောက်မျက်နှာတစ်ခုက ဘုရားသခင်အတွက် ..
ကျွန်မကို ကယ်ဆယ်ပါ ..
ကျွန်မ မငိုနိုင်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ကျွန်မမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်တွေက ပိုလို့ပိုလို့ သည်းသည်းထန်ထန်ငိုကြွေးနေကြတာကိုး ..
ကျွန်မ မသေနိုင်ပါဘူး .. အေးစက်တဲ့ဒီကမ္ဘာကြီးအတွက် .. ကျွန်မက... အဖြည့်ခံ မိန်းမလှတစ်ဦးဖြစ်နေသေးတယ်လေ ..


'ဒီနေ့ ကျွန်မတို့အရှင်သခင်ရဲ့ ၂ဝဝ၅ခုနှစ် .. တူရိုမာစ့်က ကမ္ဘာကြီးကိုစောင့်ရှောက်ဖို့ အားလုံးကိုသတိပေးလိုက်ပြီ .. လှပတဲ့နေ့တစ်နေ့စီမှာ သူ .. ငိုကြွေးတာတွေ ရပ်တန့်လိုက်ပြီ .. သူရေးလိုက်တဲ့သီချင်းက သိပ်ရှည်လျားတယ် .. ငြိမ်ငြိမ်ဆိတ်ဆိတ်လဲမရှိဘူး .. သူ .. ဗလာဟင်းလင်းဖြစ်မှုနဲ့ သေခြင်းတရားကို တွေလိုက်ပြီ ..
သူ့ရဲ့မျက်နှာမှာ အပြုံးတစ်ခုဆင်မြန်းလို့ .. ဘောပင်တစ်ချောင်းကိုင်စွဲလို့ .. ဖျက်ရာပြင်ရာတွေဗရပွပါနေတဲ့စာရွက် ၁ဝဝဝ နဲ့အတူ ..
ကယ်ဆယ်ပါတဲ့ ..

ကလေးငယ် .. စိတ်အေးချမ်းသာနားနေပါ ..

အခု အိမ်ကိုရောက်လှည့်ပါပြီ ..
အိုး .. ဘယ်အချိန်ထဲက .. မင်း .. အေးစက်တုန်ယင်နေခဲ့ပါလိမ့် ..
ဓါးသွားတွေ တဖြည်းဖြည်းလျော့ပါးပျောက်ဆုံးကုန်ပါလိမ့်မယ် ..
မင်းလိုနေသမျှအရာအားလုံးက အချစ်ကိုခံစားမိဖို့ပါ ..
အလှအပတရားကိုရှာဖွေပါ .. မင်းရဲကမ်းခြေကို ရှာပါ ..
အရာအားလုံးကို ထိမ်းသိမ်းဖို့ကြိုးစားပါ .. ထပ်ပြီး .. မနာကျင်ပါစေနဲ့တော့ ..
မင်းဆီမှာ အဲဒီလို ပင်လယ်သမုဒ္ဒရာတွေရှိနေပါပြီ ..
နောက်ဆုံးမှာတော့ ..
ငါ မင်းကို အမြဲချစ်လို့နေဦးမှာပါကွယ်။         ။

မဉ္ဇူရီ

Sunday, November 01, 2009

Underground Band တွေရဲ့ သမိုင်းသစ် ဂီတပွဲ

ပိုစ့်အဟောင်းတစ်ခုပါ၊ အရင်က မိုင်စုဗူးမှာ တင်ထားဘူးတယ်၊ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကပွဲဆိုတော့ တစ်နှစ်တောင်ကြာပြီ၊ အမှတ်တရ ဒီမှာတင်လိုက်ပါတယ်။ (မိုင်စုဘူးမှာ ယောက်ျားလေးပုံစံနဲ့ရေးခဲ့တာ)
http://www.mysuboo.com/index.php?option=com_blog&name=music%20bands&task=view&pid=15022

Monday, October 20th, 2008

ပွင့်လင်းရာသီရောက်လာပြီဆိုတော့ ကန်တော်ကြီးမျှော်စင်ကျွန်းဘက်မှာ ပွဲတွေစီစဉ်လာကြပြီ။
Nine Planets က စီစဉ်တဲ့ Underground Band တွေရဲ့ 'သမိုင်းသစ်' အခွေသစ် ပရိုမိုးရှင်း ပွဲကို free show အဖြစ် အောက်တိုဘာ ၁၈ရက်နေ့က ကန်တော်ကြီး mini zoo မှာ ပြုလုပ်ခဲ့ကြတယ်။
(အဲဒီပွဲနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ထင်တာ မြင်တာလေးတွေ တချို့ ဘလောဂ့်ပရိသတ် အတွက်ဝေမျှလိုက်ပါတယ်။ ကြည့်ဖြစ်ခဲ့သူတွေလဲ အမြင်မတူတာတွေရှိရင်လဲ ပြန်ပြီးပြောကြပေါ့ဗျာ။)

ပထမဆုံး မြင်တာနဲ့ပဲစတော့မယ်။
ဝင်ဝင်ချင်း ဆိုင်းဘုတ်ကြီးမှာ ၅နာရီခွဲစမည်လို့ရေးထားတာစတွေ့တယ်။ အဖွဲ့တွေက Reason, Drive, Idiots, Wanted, ဋ, Temper Level VIII, Offekeys တွေပါ။ အဲဒီထဲမှာ ရတနာမိုင့် အမည်လဲတွေ့လိုက်တယ်။ သူလဲဆိုမယ်ပေါ့။ ညနေ ၅နာရီ ကျော်လာတော့ Nine Planets စာတမ်းပါ အကျီအနက်နဲ့လူငယ်လေးတွေ ဟိုသည် စုစု ၊ဝေးဝေးလှုပ်ရှားနေကြတာတွေ့ရပါပြီ။ ၅နာရီခွဲကာနီးတော့ ကား အကြီးကြီးတစ်စီး အရှိန်ပြင်းပြင်းနဲ့ကျွီခနဲဘရိတ်အုပ်၊ ဆင်းလာတော့ 'ဋ' က လင်းလွန်း ဆိုပဲ၊ တခြားအဖွဲ့က အနက်ရောင်လူငယ်တွေနဲ့ အချင်းချင်းနှုတ်ဆက်ကြတယ်။ ဒီလူငယ်လေးတွေရဲ့မျက်နှာပေါ်မှာ မျှော်လင့်ချက်တစုံတရာနဲ့လင်းလက်တောက်ပလို့။ လှုပ်လှုပ်ရွရွနဲ့ သီချင်းဆိုချင်နေကြပြီ။ ၅နာရီခွဲပြီ၊ ပွဲမစနိုင်သေးဘူး။ ဟိုတစ်စု သည်တစ်စု လှုပ်လှုပ်ရှားရှားနဲ့ပဲ၊ စင်ရှေ့မှာ ဘယ် ညာ ကင်မရာတွေ အသေချိန်ထားကြတယ်။ ဒီလိုနဲ့ လှုပ်လှုပ် လှုပ်လှုပ်တွေ ပိုပိုပြီး လှုပ်ရှားလာကြပြီး ၆နာရီကျော်လောက်မှာပွဲစပါတယ်။
Stage ရဲ့ အပြင်အဆင်က graffiti art စတိုင်လ် ပါ။ အနက်ရောင်နောက်ခံမှာ အဖြူရောင်မှုတ်ဆေးတွေပဲ လွတ်လွတ်ကျွတ်ကျွတ်သုံးထားတယ်။

အခုကစပြီး အထင်တွေပါပြောပါတော့မယ်။

ပထမဆုံး Reason တွေတက်လာတယ်။ သူတို့သီချင်းတွေအပြင်မှာမကြားဖူးသေးပေမဲ့ မဂ္ဂဇင်းတွေမှာ သူတို့ရဲ့အင်တာဗျူးတွေဖတ်ထားဘူးတော့ Reason တွေကို ပရိသတ်က မျက်မှန်းတန်းမိကြတယ်။ အောင်လ .. အောင်လ လို့နှုတ်ဆက်သံတွေ ဟိုက ဒီက ကြားလိုက်ရတယ်။ သီချင်းလေးတွေ မဆိုးပါ။ ကောင်းပါတယ်လို့ပဲပြောရမယ်။ ၃ပုဒ် ဆိုပြီး နှုတ်ဆက်တဲ့အခါ သူတို့ရဲ စတိုင်လ်အဖြစ် R .. E .. A .. S.. O.. N လို့ တစ်လုံးချင်းလို့ပြောသွားတယ်။

နောက် Drvie အဖွဲ့သားတွေအလှည့်။ မြန်မာ Underground Band တွေထဲမှာ သက်တမ်းအနုဆုံး ဖြစ်မယ်ထင်တယ်။ သီချင်းလေးတွေကောင်းတယ်။ vocal သမား အသံပါဝါကောင်းတယ်။ မကောင်းတာက နဲနဲငြိမ်နေတာ။ “ပရိတ်သတ်တွေအရမ်းငြိမ်တာပဲ၊ အားရပါးရရှေ့ကိုတိုးပြီး အားပေးကြပါ” လို့ ဖိတ်ခေါ်နေပေမဲ့ သူကိုယ်တိုင်က ငြိမ်နေတော့ ပရိသတ်တွေက ဘာလုပ်ရမှန်းမသိ။ စင်ရှေ့ကိုတော့ ကျေနပ်အောင် ပြေးလာကြပါတယ်။ ဒါက ကိစ္စတော့သိပ်မရှိပါ။ နောက်ပိုင်း ပွဲတွေဆိုတာများလာရင် ပွဲထိန်းနိုင်သွားမှာပါ။

နောက်တစ်ဖွဲ့က Idiots ။ သီချင်းသစ်တွေအပြင် ပရိသတ်သိပြီးသား အရင်သီချင်းအဟောင်းတွေပါဆိုသွားတယ်။ vocalသမား တွတ်ပီက အသံပါဝါပိုကောင်းလာပေမဲ့ အ၀င်အထွက်တွေမှာ အခုထိ ခပ်ပါးပါးလွဲနေတုန်းပဲ။ ဒါကို သတိထားနေရတုန်းပဲ။ အသံမကောင်းမှာကို ကြောက်ပြီး  အရမ်းဂရုစိုက်ဆိုနေတော့ သူ့ခမြာပင်ပမ်းနေရှာတယ်။ ရာသီဥတုကလဲ ပူလွန်းတယ်။ ဒီတော့ အားပေးတဲ့ ပရိသတ်ရော ဆိုတဲ့တီးတဲ့သူတွေပါ ပင်ပမ်းနေကြတယ်။ မိုးအကုန် ဆောင်းအကူး ရာသီအကူးအပြောင်းမှာ ထွက်တဲ့ ပိုးစိမ်းကောင်၊ ပုရစ်တွေက ဆလိုက်မီးရောင်တွေကြောင့် ပိုပြီးထကြွသောင်းကျန်းနေလိုက်တာများ၊ စင်ပေါ်က တခါတခါ လွှတ်လိုက်တဲ့ ရေခဲငွေ့တွေတောင် ပိုးကောင်တွေကိုတိုးမပေါက်ဘူး။ ဆိုနေတဲ့သူရဲ့ ပါးစပ်ထဲပိုးကောင်ဝင်သွားမှဖြင့်လို့ မဆီမဆိုင်တွေးပူလိုက်မိသေးတယ်။ နောက် တွတ်ပီကပြောတယ်။ ဒီပွဲအတွက် ၅ပတ်လောက်ရှိပြီ ကြိုပြီးစီစဉ်နေခဲ့ရတဲ့အကြောင်းနဲ့ နာဂစ်မုန်တိုင်း နဲ့ပတ်သတ်ပြီး သူတို့သီချင်းတစ်ပုဒ်စပ်ထားတယ်။ Nine Planets အဖွဲ့သားတွေ အားလုံးစုပြီး ဆိုကြမယ်တဲ့၊ ဒီတော့ တခြားအဖွဲ့သားတွေကို ခေါ်တယ်၊
Drive က သားကြီး၊ Reason က အောင်လ၊ Wanted က ဖော်ကာ၊ 'ဋ' က လင်းလွန်း တို့ပါ အတူတူဆိုကြတယ်။
လူငယ်လေးတွေရဲ့ ကူညီချင်တဲ့စိတ်၊ အရာရာကို တတ်နိုင်သလောက် ၀င်ရောက်ဖြေရှင်းလိုတဲ့စိတ်တွေ နဲ့ ဖြစ်ပေါ်လာတဲ့သီချင်းတစ်ပုဒ်ဖြစ်နေတာကြောင့် ပရိသတ်တွေကပါ ငြိမ်သက်ပြီး စိတ်ဝင်တစားနားထောင်ကြတယ်။ သီချင်းလေးက ကောင်းပါတယ်။ ဆိုနေတဲ့လူငယ်လေးတွေရော ပရိသတ်တွေရဲ့ စိတ်ထဲမှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ သွေးပျက်ခြောက်ခြားစရာ အတိတ်အရိပ်တွေ ရုန်းကန်ထကြွလို့ မျက်နှာလေးတွေ ငိုင်တွေကုန်ကြတယ်။ အဖွဲ့သားတွေအားလုံး အချင်းချင်း ညီညီညွတ်ညွတ်ရှိကြတာကိုမြင်တွေ့ရတာ စိတ်ချမ်းသာစရာကောင်းလှတယ်။
ညီညွတ်ကြရင်ဖြင့် အရာရာကိုကျော်လွှားအောင်မြင်နိုင်မယ်မဟုတ်လား။

နောက်တော့ ရတနာမိုင်အလှည့်ပါ။ ရတနာမိုင်က သူမရဲ့မေမေနဲ့ အတူတူဆိုထားတဲ့သီချင်းကိုပဲ ပထမဆုံးဆိုတယ်။ 'ငါ့ကိုချစ်ရင် ဖုန်းမဆက်ပါနဲ့၊ ငါ့အဖေသိမှာ ကြောက်လို့ပါကွဲ့' တဲ့။
Nine Planet နဲ့တွဲပြီး သူမ ထွက်မဲ့အခွေရှိတယ် လို့ပြောတယ်။ အဲဒီအခွေသစ်မှာပါမဲ့ သီချင်းတွေလဲဆိုသွားပါတယ်။ Idiots က တွတ်ပီက တစ်ပုဒ် ၀င်တီးပေးတယ်၊ ရတနာမိုင် က အရည်အသွေးရှိသူလေးပါ။ ဒါပေမဲ့ ဘာတွေလွဲနေလဲ မသိပါ၊ အတီးနဲ့အဆို ကီးမတူသလို နားထောင်ရတာ အရသာမတွေ့ဘူး၊ အစ အဆုံးကို လွဲပြီး ဆိုသွားတယ်လို့ ထင်တယ်။
ရတနာမိုင်ရဲ့ဟန်က တချက်တချက် ခင်ဘုန်းရဲ့ဟန် လိုလို။
ရတနာမိုင်ပြီးတော့ Wanted အဖွဲ့ပါ။ Wanted တွေကတော့ သက်တမ်းရင့် မြန်မာ Underground Band မဟုတ်လား။
သက်တမ်းရင့်တယ်ဆိုတာကို ပိုပြီးသေချာသွားစေတာက vocal ဖော်ကာ ရဲ့ performance ကြောင့်ပါပဲ။  သူ့ရဲ့ 'ဟုတ်ကဲ့' သီချင်းကလဲ သဘောကျစရာပါ။ ပရိသတ်တွေကို အင်မတန်ထိန်းနိုင်တယ်။ ဟန်လုပ်ထိန်းချုပ်မထားတဲ့ သူ့အပြောအဆို နဲ့သူ့ပုံစံကပဲ ပရိသတ်နဲ့ အစပ်အဟပ်တည့်နေတော့တယ်။  Underground Band တွေဆိုတာက ကိုယ့်ဂစ်တာကို ကိုင် တက်လာကြတဲ့ ဂီတသမားတွေ၊ ဒီတခေါက်တော့ ဂစ်တာတွေမှာ Nine Planets စာတမ်း တွေ့ရတော့ Nine Planets ပိုင် ဂစ်တာတွေများလားတွေးမိသေးတယ်။ ဒါဆိုရင်တော့ Nine Planets က ဆရာကြီးဆိုသူတော့ ဖော်ကာ အလှည့်ရောက်မှာ ကို ကြောက်နေရှာမယ်။ ဖော်ကာက ဂစ်တာကို တီးလိုက်၊ ပစ်ချလိုက် ၊တခါ ကောက်တီးလိုက်၊ ပြန်ပြီးပစ်ချလိုက်နဲ့အလုပ်ရှုပ်တတ်သူကိုး၊
သီချင်းတွေက Wanted ရဲ့ မဆိုမဖြစ်သီချင်း "နင် ငါ့ကို မုန်းချင်မုန်းပါဟေ့၊ ငါ့ကို ဖြတ်ချင်ဖြတ်သွားဟေ့၊ ငါ့ဂီတ ကို မထိခိုက်နဲ့" လို့ အော်ဟစ်သီကြူးသွားတယ်။
လူငယ်တွေကလဲ အားပါးတရ သံပြိုင်လိုက်ဆိုကြတယ်။ ဒီသီချင်းဟာ  Wanted လို့ဖြစ်လာစေတဲ့သီချင်းတပုဒ်လို့ ပြောရမှာပါပဲ။ စင်ရှေ့မှာလဲ အနက်ရောင်လူငယ်တွေ ဖော်ကာနဲ့အတူ ၀ုန်းဒိုင်းကြဲကုန်ကြတော့တယ်။ သီချင်းတွေမှာ အမှားအယွင်းမရှိ သီဆိုသွားနိုင်တဲ့ ဖော်ကာ ဖြစ်နေပြီ။ သူ့ရဲ့အသံကတော့ အရင်ကလိုပဲ ခပ်စွာစွာပုံစံမျိုးပဲ။
Wanted ပြီးတော့ သူတို့နဲ့သက်တမ်းတူလို့ ပြောနိုင်တဲ့ 'ဋ' ပါ။  'ဋ' တွေကတော့ တစ်ဖွဲ့လုံး performance ကောင်းကြတယ်။ ဆံပင်တွေက အားလုံးအရှည်၊ vocal လင်းလွန်းကအစ ဂစ်တာသမားတွေပါ ဆံပင်တွေ အရှည်ကြီး၊ ဟန်တွေက စည်းချက်ကျကျ၊ ခပ်ပြင်းပြင်း၊  ရောခ့်သမားတွေအကြိုက်ဆုံးအနေအထား၊ ၀မ်းခေါင်းသံကြီးတွေနဲ့ အော်ဟစ်မြည်ကြွေးလို့၊ ပရိသတ်ကလဲ လိုက်အော်လို့၊
စင်ပေါ်ကခုန် အောက်ကခုန်နဲ့ 'ဋ' တွေမပါရင် ပွဲမစည်ဘူးလို့တောင်ပြောနိုင်ဦးမယ်။ လူငယ်တွေရဲ့ စိတ်အစာမကြေမှုတွေကို 'ဋ' တွေက ခဏတာဖြေလျှော့ပေးနိုင်လို့ လူငယ်တွေကျေနပ်တယ်၊
သူ့ရဲ့ ပရိသတ် တွေ လက်ညှိုးထောင်ပြပါ လို့ လင်းလွန်းက တောင်းဆိုလိုက်တယ်၊ ပရိသတ်ထဲမှာ တွေ့လိုက်ရတဲ့ Pal အဖွဲ့က ဂစ်တာသမားက အစ မိန်းကလေးငယ်ငယ်တွေအဆုံး အနက်ရောင်လူငယ်တွေများများစားစား အလုအယက် လက်ညှိုးထောင်ကြတယ်။ လင်းလွန်း ကျေနပ်သွားတယ်။ '-'ရမ်းမိုက်တယ်၊ '-'ရမ်းကျေးဇူးတင်တယ်လို့ လှိုက်လှိုက်လှဲလှဲပြောသွားရှာတယ်။ 

နောက် Round တလှည့်ပြန်ဆိုကြတော့ Reason, Drive, Idiots, ရတနာမိုင် နဲ့ Wanted တို့ပါ ထပ်ပြီး ဆိုသွားကြတယ်။ 'ဋ' ကတော့ ပြန်မပါလာတော့ပါဘူး။ အစအဆုံး လုံးဝပါမလာတာက Temper Level VIII နဲ့ Offkeys တို့ပါ။ နောက်ဆုံး Wanted အဖွဲ့နဲ့ပွဲကိုပိတ်တယ်။ သူ့ရဲ့ 'အရက်သမား' သီချင်းကို လူငယ်တွေပါမက လူကြီးတွေပါ ခေါင်းလှုပ်ခြေလှုပ် စည်းချက်လိုက်ကြတယ်။ စာသားကလဲ သဘောကျစရာကောင်းပါတယ်၊ အရက်သမားသိက္ခာမကျရအောင် ခြေလှမ်းကိုထိန်းနေတဲ့စာသားက လူတွေကို ပြုံးမိစေတယ်။ အဆုံးသတ်ခါနီးမှာ ပရိသတ်လဲမောနေပြီ၊ ဖော်ကာက မေးတယ်။ 'ပြန်ချင်ကြပြီလား၊ မပြန်ချင်သေးရင်ဆက်ဆိုမယ်၊ ပြန်ချင်ပြီဆိုရင် ဆက်မဆိုတော့ဘူး' တဲ့၊ ပရိသတ်တချို့ကလဲ ဟန်မဆောင်ကြဘူး။ 'ပြန်ချင်ပြီ' လို့ပြောကြတယ်။ ဒီတော့လဲ သူက the Last လို့ထအော်လိုက်တယ်။ သီချင်းစတော့ .. အတီးစ၀င်လာကတည်းက Nirvana သီချင်းမှန်းရိပ်မိလိုက်တဲ့ လူငယ်တွေက Nirvana ဆိုပြီးအော်ကြတယ်၊ မူရင်းအတိုင်းပဲဆိုသွားပါတယ်။ performance စွမ်းပကားကိုတော့ ၀ါသနာအရ ထုတ်ပြဆဲပါ။ ဂစ်တာကိုတီးနေရင်း နောက်ကို ပစ်လွှဲလိုက်တယ်။ ဒါပေမဲ့ နည်းနည်းရှည်ထားတဲ့လွယ်ကြိုးကြောင့် ဂစ်တာက နောက်ကိုအရောက်မှာ ပခုံးက လျှောကျသွားတော့တယ်၊ ဒါကို အင်မတန်ပါးနပ်လှတဲ့ ဖော်ကာက ဆိုနေရင်းက ဟန်မပျက် လွယ်ကြိုးကိုအောက်ထိ အသာလျှောချရင်း ဂစ်တာကိုပစ်ချလိုက်တယ်။ နောက်တော့ ဘေးဘက်ထွက်ရပ်လိုက်ရင်း ဆက်ဆိုနေတယ်၊ နောက်တော့ မိုက် ကို စတန်းက ဖြုတ်ယူလိုက်ပြီး ဂစ်တာသမား ကို ပေးဆိုပြန်ရော၊ နောက်မှာ ဂစ်တာ backing တီးပေးထားမဲ့သူသပ်သပ်ရှိနေရင် ပိုအဆင်ပြေနိုင်မှာပါ၊ အခုတော့ ဂစ်တာသမား က အတီးကို ဂရုစိုက်ရတဲ့အထဲ ဖော်ကာက သူမောနေလို့ မဆိုနိုင်တိုင်း သွားဆိုခိုင်းတော့ ဂစ်တာသမားခမြာ ပျာနေရှာတာပေါ့။ သီချင်းလဲ ဆုံးရော'ပြန်တော့' လို့ ဖော်ကာကပဲ ရင်းရင်းနှီးနှီး နှုတ်ဆက်ရင်း ပွဲသိမ်းလိုက်ပါတယ်။ ပရိတ်သတ်နဲနေတာလွဲလို့ အေးအေးဆေးဆေးပြီးသွားတဲ့ပွဲပါပဲ။

ကြိုးစားနေတဲ့လူငယ်တွေ 'စည်းလုံးကြပါစေ။ အောင်မြင်ကြပါစေ' ချီးမြှောက်ဆုတောင်းပေးကြဖို့ ကျွန်တော်တို့ တွန့်ဆုတ်မနေသင့်ဘူးမဟုတ်လား။
သမိုင်းသစ် အယ်လ်ဘမ်ရောင်းရငွေကို လေဘေးသင့်ပြည်သူတွေကို အားလုံးလှူမှာဆိုတော့ မူရင်းခွေကို ၀ယ်ကြဖို့လဲ တိုက်တွန်းချင်တယ်ဗျ။

မိုင်စုဘူးက comment တွေ

fattepote
Monday, 20 October 2008
ရဘူး ရဘူး . . . . . ကော်ပီကူးပစ်မှာပဲ . . . . . နောက်တစ်ခါ သွားရင် . . . video camera လေးနဲ့ပါ ရိုက်ခဲ့ပါ . . အမြည်း ကြည့်ရတာပေါ့ . . . ဓါတ်ပုံတွေ တင်ပေးရမလား အဲဒီလို အရေးကောင်းတဲ့ အစ်ကိုကြီး တောင့်တောင့် ဖြောင့်ဖြောင့် ကောင်မလေး ငါးယောက်လောက် ရပါစေ . . ရှဥ့်
taylay
Monday, 20 October 2008
ေ-ာက်ရမ်းမိုက်တယ်ကွာ...သိတောင်မသိလိုက်ဘူး ရှိုးပွဲကို...
Spring
Monday, 20 October 2008
ပုံတွေကို connection ကောင်းမှ တင်ပေးထားပါမယ်။ ခုတော့... ဟုတ်ကဲ့... ဟုတ်ကဲ့...ဟုတ်ကဲ့

Tuesday, October 27, 2009

Do you like Belgrade?

ဘဲလ်ဂရိတ်မြို့ကို ကြိုက်ရဲ့လား တဲ့ ၊ ဒီ မေးခွန်းကို ကျွန်မ ဘဲလ်ဂရိတ်မြို့ကိုရောက်ပြီး သိပ်မကြာပါဘူး၊ ခဏခဏ အမေးခံရပါတယ်၊ ပထမတော့ ဘာကိုကြိုက်ပြီး ဘာကိုမကြိုက်မှန်း ကျွန်မ တကယ့်ကိုဝေခွဲမရ စဉ်းစားမရနဲ့၊ ကျွန်မရဲ့အဖြေကလဲ တိတိကျကျှမရှိလှဘူး၊  ကျွန်မရဲ့ အကျင့်ကလဲ + အိုး သိပ်ကြိုက်တာပေါ့ .. အိမ်မက်ထဲက တိုင်းပြည်အလားးပဲ .. သိပ်ထူးခြားခမ်းငြားလှတဲ့ မြို့ပါ + လို့ မြှောက်ပင့်ဖြီးဖြန်းပြီး သမိုင်းနဲ့ ချီ မချီးမွန်းတတ်လေတော့ ကျွန်မရဲ့အဖြေကို ဘဲလ်ဂရိတ်မြို့သားတွေ ကြိုက်၊ မကြိုက်မသိနိုင်ဘူး၊ ကျွန်မ မေမေ က နိုင်ငံတိုင်းရဲ့ သမိုင်းကြောင်းတွေ အထူးသဖြင့်နိုင်ငံရေး အခြေအနေသိပ်စိတ်ဝင်စားသူမို့ ဘဲလ်ဂရိတ်မြိ့မရောက်ခင်ကတည်းက ဆားရ်ဘီးယားနိုင်ငံသမိုင်းကြောင်း မေမေ့ဆီက တဆင့် သိထားခဲ့ပြီးပါပြီ။

ပထမဆုံး ကျွန်မ အမျိုးသားရဲ့မာမား(မေမေ) က မေးတယ်။ ဘဲလ်ဂရိတ် ရောက်ပြီး တစ်ပတ်လောက်ကြာတော့ “ဘဲလ်ဂရိတ်မြို့ကို ကြိုက်ရဲ့လားတဲ့၊ ဘယ်လိုကြိုက်တာလဲ” တဲ့ ကျွန်မရဲ့ ပထမဆုံးအဖြေက ++ တမြို့လုံး ကုန်းမြင့်မြင့်တွေ အနိမ့်အမြင့် ဆင်ခြေလျှောတွေနဲ့ အဲဒါကို ကြိုက်တယ်၊ ရန်ကုန်နဲ့မတူဘူး++ ဖြေမိသွားတယ်။ ဟုတ်တယ် မြို့လယ်ခေါင်ကပဲ အနိမ့်အမြင့် ကုန်းမြေပေါ်မှာ လမ်းတွေဖောက်ထားကြတယ်၊ ဟိုးရှေးရှေးက တောင်ကုန်းအနိမ့်အမြင့်တွေထဲက ဘဲလ်ဂရိတ်မြို့ကို ပုံဖော်ကြည့်လိုက်ပါသေးတယ်။ စက်ဘီးစီးဖို့လမ်း၊ လူသွားလမ်းတွေကို ကားလမ်းမတစ်ဖက်တစ်ချက်စီမှာ ရှိကြတယ်။ စက်ဘီး စီးရတာ သိပ်ပျော်ဖို့ကောင်းပါတယ်၊

Sunday, October 18, 2009

ပေါပ့်ဘုရင်မ မက်ဒေါနားရဲ့ ဘဲလ်ဂရိတ်ည



ဘဲလ်ဂရိတ်မြို့က ဂီတပရိတ်သတ်တွေ မျှော်လင့်နေတဲ့ ညတညရောက်လာခဲ့ပါပြီ။ သြဂုတ်လ ၂၄ ရက်နေ့ညမှာ နယူးဘဲလ်ဂရိတ် အူးစ်ချက်(Ušće)စူပါမားကတ်အနီးက အူးစ်ချက်ပန်းခြံကွင်းပြင်မှာ ဖျော်ဖြေခဲ့တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက အဲဒီအူးစ်ချက်မှာပဲ ဘီယာပွဲတော်ပြုလုပ်ခဲ့ပါသေးတယ်။ ဥရောပ ဘီယာတွေအများစု တွေ့ရပြီး Beck's, Heniken လောက်သာ သိလိုက်ပါတယ်။ ဘီယာပွဲတော်မှာတော့ ဆားရ်ဘီးယန်းလူငယ်ဂီတအဖွဲ့တွေ ဖျော်ဖြေခဲ့ကြတယ်။ (Serbian လို့ အင်္ဂလိပ်လိုစာလုံးပေါင်းမှာ သူတို့က ဆားရ်ဘီးယန်းလို့ရသံပီပီသသထွက်ပြောပါတယ်) ABBA သီချင်းတွေကို မူရင်းအတိုင်း သီဆိုသွားတယ်။ ဘီယာခွက်တွေကိုင်ရင်း Money Money Money လို့ သံပြိုင်သီဆိုနေခဲ့ကြတဲ့ ဆားရ်ဘီးယန်းလူငယ်တွေကို တွေ့ဖူးထားတော့ အခုတစ်ခါ ပေါပ့်ဘုရင်မ မက်ဒေါနားသီချင်းတွေနဲ့ ရင်းနှီးနေကြမလား သိချင်မိတယ်။ လက်မှတ်မှာ ကင်မရာယူခွင့်မရှိ မိုဘိုင်းလ်ဖုန်းယူနိုင်တယ်လို့သတိပေးထားပါတယ်။

ည ကိုးနာရီမှာ မက်ဒေါနားက စပြီးဆိုမယ်လို့သိထားကြပေမဲ့ ခပ်စောစောပဲ အူးစ်ချက်ကွင်းပြင်ဆီထွက်ခဲ့ကြတယ်။ အခုအချိန်က နွေရာသီဆိုတော့ နေ့တာသိပ်ရှည်လွန်းတယ်။ မနက် ၅နာရီမိုးလင်းနေပြီး ညဆို ၈နာရီခွဲလောက်မှ နေ၀င်တော့ အူးစ်ချက်ကွင်းပြင်ရှေ့အရောက် ၈ နာရီကျော်နေပေမဲ့ နေ၀င်ခါစ အချိန်ပါ။ လမ်းတစ်လျှောက် ဆားရ်ဘီးယန်းလူငယ်တွေ အူးစ်ချက်ကွင်းပြင်ဆီ လှုပ်လှုပ်ခပ်ခပ် သွားလာနေကြတယ်။ ဥရောပသားတွေရဲ့ဝတ်စားဆင်ယင်မှုအတိုင်း ဂီတညတစ်ညနဲ့အပြိုင် အံဝင်ခွင်ကျဖြစ်နေကြပြီ။ အနက်ရောင်၊ ဆံပင်ရှည်လျားလျား ဆားရ်ဘီးယန်းလူငယ်တွေ တွေ့ရပေမဲ့ မြန်မာနိုင်ငံက ဂီတပွဲတွေမှာ အားလုံးနီးပါး အနက်ရောင်လူငယ်တွေ ပြည့်သိပ်နေကြတာမျိုးတော့ မဟုတ်ပါဘူး။ မြန်မာလူငယ် ဂီတပရိတ်သတ်တွေလောက် အနက်ရောင်သိပ်မကြိုက်ကြဘူးလို့တောင် အတွေးဝင်မိပါသေးတယ်။

မီးအရောင်စုံထွက်နေတဲ့ မျက်မှန်တွေတပ်ဆင်ထားတဲ့ ခပ်ရွယ်ရွယ်မိန်းကလေးတွေက အဖြူရောင်နဲ့ အရောင်ခပ်လွင်လွင် တောက်တောက်ပပ ၀တ်ဆင်ထားကြတယ်။ ကွင်းပြင်ရှေ့ ရင်ပြင်မှာ လူငယ်တွေအုပ်စုလိုက်ပြည့်သိပ်နေကြပြီ။ ဆားရ်ဘီးယန်မိသားစုတွေပါ ကလေးငယ်လေးတွေလက်ဆွဲလို့ ကွင်းထဲကို ၀င်ဖို့ တန်းစီနေကြပြီ။ ကွင်းထဲကိုအသွားလမ်းမကြီးကို အလယ်က သံဇကာတွေ အပြည့်ကာထားတာတွေ့လိုက်ရတယ်။ ကွင်းထဲကိုအသွား လမ်းမတစ်လျှောက် ရဲသုံးယောက် ၂ယောက်တစ်စုစီ လုံခြုံရေးအပြည့်အသိပ် ချထားတယ်။ ကွင်းထဲမှာသီချင်းသံတွေဆူညံနေပါပြီ။ ဆားရ်ဘီးယန်းလူငယ်တွေလဲ ကခုန်နေကြပြီ။ မက်ဒေါနားမဆိုခင် တခြားဂီတအဖွဲ့တွေဖျော်ဖြေနေကြတယ်။ စင်မြင့်ရဲ့ တစ်ဘက်တစ်ချက်မှာ တလက်လက်တောက်နေတဲ့ M ဆိုတဲ့ စာလုံးတွေက စင်ရဲ့အမြင့်ထက်တောင်ပိုကြီးနေပါသေးတယ်။ ကွင်းရဲ့ညာဖက်နားမှာ မသန်စွမ်းသူတွေ ကြည့်နိုင်မယ့်စင်မြင့်ခပ်သေးသေးတစ်ခုလုပ်ထားပေးပါတယ်။ တရုတ်လူမျိုး ၄၊ ၅ ယောက် လောက်တွေ့လိုက်ရတယ်။ အရေးပေါ်ကယ်ဆယ်ရေးဝတ်စုံတွေနဲ့ ဆေးအဖွဲ့သားတွေကိုလဲ ခပ်များများတွေ့ရတယ်။ ည ကိုးနာရီခွဲပြီးတဲ့အထိ မက်ဒေါနားက ငြိမ်ချက်သားကောင်းနေပါသေးတယ်။ ကွင်းထဲကဆားရ်ဘီးယန်းဂီတပရိတ်သတ်တွေက ကိုယ့်အစုနဲ့ကိုယ် ကခုန်နေကြတယ်။ မက်ဒေါနားကိုစောင့်နေကြတဲ့ပရိသတ်တွေက When you call my name its like a little prayer.. I'm down on my knees.. I wanna take you there ... လို့ အော်ဟစ်သီဆိုကြတယ်။ မက်ဒေါနားရဲ့ သီချင်းတော်တော်များများ သူတို့သိထားကြပါတယ်။ တပုဒ်ပြီးတပုဒ် အော်ဟစ်သီဆိုနေကြပေမဲ့ မက်ဒေါနားက ၁၀ နာရီထိုးခါနီးအထိ ပေါ်မလာသေးပါဘူး။

၁၀နာရီထိုးခါနီးတော့ စင်မြင့်ဘေးက LED screen ကြီးနှစ်ခုမှာ ကြော်ငြာတာတွေရပ်သွားပြီး M ဆိုတဲ့စာလုံးကိုပဲပြထားတယ်။ မက်ဒေါနားရဲ့သီဆိုပုံကိုကြည့်ချင်နေတဲ့ ပရိတ်သတ်တွေ ပိုပိုပြီး လှုပ်လှုပ်ရှားရှားဖြစ်လာကြတယ်။ ၁၀ နာရီကျော် ပြီး ၃ မိနစ်လောက်မှာတော့ count down လုပ်တဲ့ ၅ ၄ ၃ ၂ ၁ အသံကြားလိုက်ရပြီး မက်ဒေါနား ပရိတ်သတ်မြင်ကွင်းထဲ ရောက်လာတယ်။ မီးရောင်စုံတွေက ဟိုကဒီကလင်းလက်ကုန်တယ်။ မိုဘိုင်းလ်ဖုန်းတွေလေထဲမြောက်တက်ကုန်ကြတယ်။ CANDY SHOP သီချင်းနဲ့ ဘဲလ်ဂရိတ်ဂီတညကို စတင်လိုက်ပါတယ်။ C.. A.. N.. D.. Y ဆိုတဲ့ စာလုံးတွေ playback screen မှာ ထိုးပြပြီး ကြွက်သားအဖုဖုနဲ့ တက်ကြွသွက်လက်နေဆဲ ပေါ့ပ်ဘုရင်မက ခုန်ပေါက်သီဆိုပါတယ်။ အနက်ရောင် ၀တ်စုံဝတ်ထားပြီး I'll be your one stop လို့ဆိုတယ်။ သီချင်းက ချစ်စရာကောင်းပါတယ်။ ဒီသီချင်းကို ဆားရ်ဘီးယား ဂီတပရိတ်က သိနေကြတယ်။ အားပါးတရ လိုက်ဆိုကြတယ်။ my sugar is raw, sticky and sweet လို့ဆိုတဲ့ rap စကားပြောဆန်ဆန်ဆိုတဲ့နေရာမှာတော့ music video မှာလို နားထောင်ရသိပ်မကောင်းပါဘူး။ အတီးနဲ့ ကွဲထွက်သွားတယ်။

CANDY SHOP ပြီးတော့ All right Serbia, this is what I am talking about ဆိုပြီး ဆားရ်ဘီးယန်းပရိတ်သတ်နဲ့ စကားစမြည်ပြောရင်းနှုတ်ဆက်လိုက်တယ်၊ အဖွဲ့သား ဗြိတိန်လူမျိုး DJ Paul Oakenfold ကို မက်ဒေါနားက မိတ်ဆက်ပေးတယ်။ နောက်တော့ tick tock tick tock tick tock ဆိုတဲ့ မက်ဒေါနားအဆိုနဲ့ အတူ ကမ္ဘာကြီးကိုကယ်ဆယ်ဖို့ ၄မိနစ်ပဲကျန်တော့တယ်ဆိုတဲ့ သီချင်းတေးသွားပေါ်လာပေမဲ့ 4 MINUTES သီချင်းကိုမဆိုပဲ VOGUE သီချင်းကို အဲဒီ tick tock တေးသွားနဲ့သီဆိုသွားပါတယ်။ playback ပုံရိပ်တွေမှာ ကမ္ဘာတ၀ှမ်းက ဆိုးဝါးတဲ့နိုင်ငံခေါင်းဆောင်တွေပုံ ဟစ်တလာ၊ ရောဘတ်မူဂါဘီ၊ ကင်မ်ဂျုံအီ၊ မာမွတ်အာမက်ဒီနီဂျက်(မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီးအပါအ၀င်)ပြထားပြီး ကမ္ဘာကြီးကပ်ဘေးသင့်နေပုံ၊ စစ်ဒဏ်ရာဒဏ်ချက်နဲ့ လဲပြိုနေတဲ့ အဆောက်အဦးတွေ၊ အစားအစာငတ်မွတ်ခေါင်းပါးနေတဲ့ ကလေးငယ်တွေပုံတွေပေါ်လာပြီး၊ ပြန်လည်ကျန်းမာလာတဲ့ကမ္ဘာကြီးကို မာသာထရီဇာ၊ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ နဲ့ယှဉ်ပြသွားတယ်။ ပြီးတော့ ငွေရောင်တလက်လက်တောက်ပနေတဲ့ ကားတစ်စီးနဲ့ အဖွဲ့သားခုနှစ်ယောက်လောက်နဲ့အတူ မက်ဒေါနားကားပေါ်ကဆင်းလာလိုက်တယ်။ နောက်တော့ ငွေရောင်ကားနဲ့ အဖွဲ့သားတွေ ပရိတ်သတ်တွေရှေ့ကထွက်ခွာကြတယ်။

ဦးထုတ်ဖြူဆောင်းထားတဲ့မက်ဒေါနားက ဂစ်တာကိုတီးရင်း MILES AWAY သီချင်းကိုဆိုတယ်။ MILES AWAY သီချင်းအပြီး စင်နောက်ကိုပြေးသွားတဲ့မက်ဒေါနားက တောက်ပလွန်းတဲ့ မီးရောင်တွေအပြောင်းအလဲကြားမှာပဲ ၀တ်စုံလဲပြီးသားဖြစ်နေတယ်။ ဖော်မြူလာဝမ်းကားပြိုင်ပွဲတွေမှာ ကားဘီးတွေလျှပ်တပြက် ပြောင်းလဲတပ်ဆင်ကြသလို မက်ဒေါနားအ၀တ်အစားပြောင်းလဲပုံက မြန်ဆန်လှတယ်။ စကပ်တိုတိုအနီရောင် နဲ့ခြေအိတ်ရှည်အနက် အနီအနက်နဲ့ မက်ဒေါနားက သီချင်းဟောင်းတပုဒ် INTO THE GROOVE ကို ကျောင်းသူတစ်ယောက်စတိုင်လ် ချစ်စဖွယ် သွက်လက်လွန်းလှစွာသီဆိုပါတယ်။ အတီးတွေအားလုံးကို live show ပရိတ်သတ်အတွက် ကခုန်ဖို့ dance music တွေပြောင်းထားတယ်။ သီချင်းတိုင်းကို မြန်မြန်ကြီးပဲ ဆိုပါတယ်။ တစ်ခါတစ်ခါ မက်ဒေါနားရဲ့အသံ electroinc sound ပုံစံပြောင်းလိုက်တယ်။ မက်ဒေါနားရဲ့အကအဖွဲ့သားတွေက သီချင်းကိုသရုပ်ဖော်ကြတယ်။ ခုန်ကြတယ်၊ ကကြတယ်၊ ပရိတ်သတ်တွေပျော်တာထက် စင်ပေါ်ကလူတွေက ပိုတောင်ပျော်ရွှင်နေပုံရတယ်။ ပရိသတ်တွေခုန်နိုင်တာထက် စင်ပေါ်က မက်ဒေါနားက ပိုပြီးတောင်ခုန်နိုင်ပါသေးတယ်။

INTO THE GROOVE အပြီး မိုက်ကယ်ဂျက်ဆင်ကို ဂုဏ်ပြုသရုပ်ဖော်ကြတယ်။ မိုက်ကယ်ဂျင်ဆင်အတိုင်း ၀တ်ဆင်ပြီး မိုက်ကယ်လ်ဂျက်ဆင်အကအတိုင်း ကပြနိုင်ပါတယ်။ အဲဒီ dancer က ဘယ်သူလဲတော့ မသိပါဘူး။ နောက်တစ်ပုဒ် အတွက် မက်ဒေါနားက common common လို့ ဆိုလိုက်တယ်။ ပရိသတ်ရဲ့ အာခေါင်ခြစ်အားပေးသံတွေဆူညံသွားတယ်၊ HOLIDAY လို့ အော်ဟစ်ကြတယ်။ HOLIDAY သီချင်း ကို music can be such a revelation ဆိုတဲ့စာသားနဲ့အတူ ပရိသတ်ပါ စင်ပေါ်က မက်ဒေါနားအဖွဲ့သားတွေနဲ့အတူ ပိုပြီးဟန်ချက်ညီညီ ခုန်ပေါက်သီဆိုကြတယ်။ performer ၂၈ ယောက်၊ dancer ၁၆ ပါဝင်တဲ့ မက်ဒေါနားရဲ့ ဖျော်ဖြေမှုမှာ ဆားရ်ဘီးယန်းဂီတပရိတ်သတ်တွေကျေနပ်ပုံရပါတယ်။ မိန်းကလေးတစ်ယောက်မူးလဲတာကို ဆေးအဖွဲ့က ပြုစုကုသနေတာကိုလဲ တွေ့လိုက်ရတယ်။ ကျန်တဲ့ ဂီတပရိတ်သတ်အားလုံးနီးပါး ခိုက်ရန်ဖြစ်ပွားမှုမရှိပဲ ပျော်ရွှင်သွက်လက်နေကြတယ်။

ပထမပိုင်း အပြီး ခဏနားချိန်မှာ မီးအလင်းတွေတလက်လက်၊ ဘီယာစည်တွေကျောပေါ်မှာပိုးထားတဲ့ အမျိုးသမီး၊ အမျိုးသားအချို့ ဘီယာသောက်ချင်နေသေးတဲ့ သူတွေအတွက် လိုက်ဖြည့်ပေးနေတဲ့ beer service ကလဲစိတ်ဝင်စားစရာပါပဲ။ ဒုတိယပိုင်းမှာ ဂစ်တာတီးပြီး YOU MUST LOVE ME ဆိုတဲ့သီချင်းကို ခပ်အေးအေး၊ ခပ်ဖြည်းဖြည်းပဲ သီဆိုပါတယ်။ Where do we go from here?This isn't where we intended to be ... We had it all, you believed in me ... I believed in you.. စာသားတိုင်း ပီပီသသ သီဆိုပါတယ်။ အဲဒီသီချင်းအဆုံး ဆားရ်ဘီးယန်းဂီတပရိသတ်တွေရဲ့ အားပေးချီးမြှောက်တဲ့လက်ခုပ်သံတွေ တခြားသီချင်းတွေထက် ပိုပြီးဆူညံသွားတယ်။ ပြီးတော့ Are you ready to dance? လို့ ပရိသတ်ကိုမေးရင်း အခြေအနေကို မက်ဒေါနားက စူးစမ်းတယ်။

နောက်တော့ LA ISLA BONITA သီချင်းကို ယူကရိန်းဂျစ်ပဆီဂီတအဖွဲ့နဲ့ အတူဖျော်ဖြေပါတယ်။ ဂျစ်ပဆီ ရိုးရာသီချင်းတွေပေါင်းပြီး သီဆိုတယ်။ အနက်ရောင်လက်ရှည်လက်စည်းဖောင်းဖောင်း အနက်ရောင်ဝတ်စုံမှာ ရောင်စုံတလက်လက်ကြိုးတွေစည်းထားတဲ့ ၀တ်စုံက သီချင်းနဲ့ အလိုက်ဖက်ဆုံးပါပဲ။ ရောင်စုံပုတီးတွေလဲ ခပ်များများဝတ်ဆင်ထားတယ်။ I want to be where the sun warms the sky စတဲ့ ... LA ISLA BONITA သီချင်းစားသားတစ်ကြောင်းဆိုပြီးတိုင်း ဂျစ်ပဆီရိုးရာအကနဲ့အတူ တယောသံ၊ အကော်ဒီယံ၊ ဟော်လိုဂစ်တာအတီးတွေက ၀င်ပါတယ်။ ရိုးရာရောင်စုံအ၀တ်အစားတွေဝတ်ဆင်ထားတဲ့ မက်ဒေါနားရဲ့ အကအဖွဲ့ကလဲဆားရ်ဘီးယန်း၊ရိုးမေးနီးယန်း၊ ဘူလ်ဂေးရီးယန်းတွေရဲ့ ရိုးရာအကမျိုးလို သွက်သွက်လက်လက်ကကြတယ်။

ပရိသတ်သတ်တွေရဲ့လက်ခုပ်သံကလဲ သီချင်းစည်းချက်အတိုင်း ဟန်ချက်ညီနေတယ်။ စင်ပေါ်မှာ အသွက်လက်ဆုံး ခုန်ပေါက်ကခုန်ကြတဲ့အခါ စင်အောက်ကပရိတ်သတ်လိုက်မခုန်နိုင်တော့ပါဘူး။ မိုလ်ဘိုင်းဖုန်းတွေနဲ့ ပုံ၊ ဗီဒီယိုဖိုင် ရနိုင်သမျှယူကြတယ်။ ပရိသတ်ထဲထိ သွားနိုင်တဲ့ stage row အတိုင်း ပရိသတ်နဲ့ နီးနိုင်သမျှနီးအောင် မက်ဒေါနားနဲ့အဖွဲ့က ကခုန်ရင်းရှေ့ကိုတိုးတိုး သွားကြတယ်။ ပရိသတ်တွေရဲ့ အားပေးသံတွေ အူးစ်ချက်ပန်းခြံထဲ ပေါက်ကွဲလွင့်ပျံနေကြတယ်။ LA ISLA BONITA အပြီး Life is a mystery... ဆိုတဲ့ Like a prayer သီချင်းအ၀င်စာသားကို ခပ်ဖြည်းဖြည်းဆိုပြီး သီချစ်တစ်ပုဒ်လုံးကို dance music စတိုင်လ်တီးထားပြီး မြန်မြန်ကြီးဆို၊ မြန်မြန်ပဲ ကကြတယ်။ LIKE A PRAYER သီချင်းမှန်းမသိနိုင်လောက်အောင်ကို မြန်ပါတယ်။

FROZEN သီချင်း၊ 4 MINUTESသီချင်းတွေကိုသီဆိုတယ်၊ အဲဒီနောက်တော့ GIVE IT TO ME သီချင်းကို သီဆိုတော့ စင်ပေါ်စင်အောက် မီးရောင်စုံ အလင်းတန်းတွေ စူးစူးရှရှထွက်ပေါ်လာတယ်၊ အပြာရောင်မီးရောင်တွေကဲနေတဲ့စင်ပေါ်မှာ အနက်ရောင်အ၀တ်အစားနဲ့ မက်ဒေါနားက သေသေချာချာကခုန် သီဆိုပါတယ်။ ပရိသတ်တွေဆီ မီးအလင်းတန်းတွေ စူးစူးရှရှ ဖြာကျလာတယ်။ မီးရောင်စုံတွေ ရှုပ်ယှက်ခတ် ပြေးလွှားနေသလို ပရိသတ်တွေလဲ ရှုပ်ယှက်ခတ်ကခုန်ရင်း ပျော်ရွှင်နေကြတယ်။ ပရိသတ်တစ်ချို့ လူအုပ်ထဲက တိုးထွက်လာကြတယ်။ နွေရာသီဆိုပေမဲ့ ညလယ်မှာအအေးဓါတ်က ပိုလာပါတယ်။ မက်ဒေါနားက ပရိတ်သတ်ဆီ မိုက်ကရိုဖုန်းကို ထိုးပေးရင်း Give it to me .. no one's gonna show me how လို့ ပရိသတ်တွေက သီဆိုကြတယ်။ ပရိတ်သတ်လဲ ခုန်လို့ မောလောက်တဲ့အခါ GIVE IT TO ME .. လို့ မက်ဒေါနားက အဆုံးသတ်ဆိုလိုက်တယ်၊ Game Over ဆိုတဲ့ စာသားပေါ်လာပြီး Thank you Belgrade, good night လို့ မက်ဒေါနားက နှုတ်ဆက်ရင်း ဘဲလ်ဂရိတ်ရဲ့ pop dance ညတစ်ညကို ရပ်တန့်လိုက်ပါတယ်။

ပရိသတ် သုံးသောင်းကျော်လောက်ကြည့်ရှုခဲ့ကြတယ်။ အူးစ်ချက်ပန်းခြံက အပြန်လမ်းတစ်လျှောက်မှာတော့ ပြောင်းဖူးပြုတ်၊ ပြောင်းဖူးမီးကင် ဆိုင်တွေ၊ ကော်ဖီဆိုင်လေးတွေမှာ လူတွေ တိုးဝှေ့ရင်း ၀မ်းဗိုက်ဆာလောင်မှုကိုဖြည့်တင်းကြရင်းနဲ့ အိမ်အပြန်လမ်းမဆီ အရောင်စုံလူငယ်တွေ အလုအယက် ခပ်သုတ်သုတ်ခရီးနှင်ကြပြီ။            ။
Fashion Magazine, December, 2009

တကယ်ပါ .. နောက်တစ်ကြိမ် ဖြူဖြူ့ကို မစတော့ပါဘူး ..


တကယ်ပါ .. နောက်တစ်ကြိမ် ဖြူဖြူ့ကို မစတော့ပါဘူး

ဒီနေ့ ကျွန်တော့်စိတ်တွေ ၀ုန်းဒိုင်းကြဲလှုပ်ရှားလို့နေလိုက်တာ၊ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်ရဲ့ အသည်းလေးဖြူဖြူ က အသာတကြည်အနားတိုးကပ်လို့ "ကျလိ ကျလိ ကျွိကျွိ"... ကျွန်တော်ဖြင့်ပျော်လိုက်တာ၊

ဘာကြောင့်လဲဆိုတော့ သူနဲ့ ကျွန်တော်က ဘယ်တော့မှ မတည့်ကြဘူး၊ ကျွန်တော်သူ့ အနားတိုးကပ်သွားလိုက်တာနဲ့ သူက နှုတ်သီးတပြင်ပြင် ထိုးဆိတ်ဖဲ့ရွဲ့ဖို့အသင့်အနေအထားနဲ့မို့၊ ဒီနေ့ တော့ သူအင်မတန် ပျော့ပျော့ပြောင်းပြောင်းရှိလှတယ်။ ကျွန်တော့်ရဲ့ ပြောင်းလဲလာတဲ့ အပြုအမူတွေကို ဖြူဖြူခံစားမိပုံရတယ်၊ +အိုး ပျော်လိုက်တာ+

xxxxxxxxxxxxxxx

Thursday, October 15, 2009

ကျွန်တော်သေတဲ့အခါ

ဂျီးစ် Jeezzz .. မကြည့်ချင်ပါဘူး၊

မကြည့်ချင်ဘူးဆိုပေမယ် မျက်လုံးတွေကို အစွမ်းကုန်ချဲ့ပြီး ပုံတွေအကုန်သေချာကိုကြည့်လိုက်မိသေးတယ်။
အသုဘအခမ်းအနားတစ်ခုက ဖြူဖြူဖွေးဖွေး ဆန့်ဆန့်ရန့်ရန့်ပုံတွေကိုပေါ့။ မကြောက်တတ်လှပေမဲ့ ပုံတွေကိုမျက်လုံးထဲကမထွက်ဘူး။
လူတွေကို ဘာလို့များ ဒီလို ပုံကြီးတွေချပြပြီး စိတ်ညစ်ညူးစေကြလဲ။

ကျွန်တော်သေရင်...
တကယ်ပါ ... ကျွန်တော်သေရင်တော့ လူတွေရှေ့မှာ ဘယ်နေရာက ကြည့်ကြည့် ကြည့်လို့မလှတဲ့ ကျွန်တော့် ရဲ့အသက်မရှိတော့တဲ့ ရုပ်အလောင်းကြီးကို မကြည့်စေချင်ပါဘူး။
ခေါင်းတလား အနက်ရောင် ဒါမှမဟုတ် အဖြူရောင် တခါတည်းပိတ်ထားလိုက်မယ်။ အားနာပါးနာဟန်နဲ့ မျက်နှာတွေကိုအစွမ်းကုန်အပြိုင်အိုမင်းထားကြပြီး မိတ်ကပ်ဖြူဖြူဖွေးဖွေးအရာကြီးကို အသေအချာစိုက်ကြည့်။ ဒီကြားထဲ စိတ်မထင်ရင် စိတ်မထင်သလို ကျွန်တော့်အလောင်းကောင်ကြီးကို ရွှတ်ခနဲ နှုတ်ဆက်အနမ်းပေးကြမယ့်သူတွေလဲ ရှိဦးမယ်။ ဒါပေမဲ့ ကျွန်တော်ပြောရဲတယ် အဲဒီလိုနမ်းရှုံ့လိုက်တဲ့အခါ လူတိုင်း အသက်အောင့်ထားကြမှာပဲ။ ဒါကို ကျွန်တော်သိတယ်။ ဘာလုပ်မှာလဲ၊ အဲဒီလို အဓိပ္ပါယ်မရှိတဲ့အလုပ်တွေ ကျွန်တော်သိပ်မုန်းတယ်။
လူတွေကို မဟုတ်မဟပ်အလုပ်တွေနဲ့ အလုပ်မရှုပ်စေချင်ဘူးဗျ။

ကျွန်တော်ဒီလိုလုပ်မယ်စိတ်ကူးထားတယ်။
ကျွန်တော့်အလုပ်က ဥပမာဗျာ IT ပွဲတစ်ခုရှိလာပြီဆိုတာနဲ့ Presentation တွေကို animate တွေလုပ်၊ ပုံတွေကိုဟိုက၀င် ဒီကထွက် လုပ်ပြရတာမျိုးကိုဗျ။
ဒီတော့ ကျွန်တော့်ရဲ့အသုဘ အခမ်းအနားမှာဆိုရင် ကျွန်တော့်ရဲ့ငယ်ငယ်က ပုံတွေကစပြီး၊ ကျွန်တော်ဘာတွေလုပ်ခဲ့လဲ၊ ကျွန်တော်က ဘယ်လိုလူမျိုး၊ ခပ်ကြောင်ကြောင်လူဆိုရင် ဘယ်လောက်ထိကြောင်တယ်ဆိုတာ projector နဲ့ပြမယ်။ အင်မတန်နောက်ပြောင်တတ်တဲ့သူဆိုရင် ဘယ်လိုနောက်တတ်တယ်ကအစ ဘယ်သူတွေအစအနောက်ခံခဲ့ရတယ်အဆုံး မြင်အောင်ပြမယ်ဗျ။ ကျွန်တော်က ပုံဆွဲတာကြိုက်တဲ့သူဆိုတော့ ဘာတွေဆွဲခဲ့တယ်။ ဘာတွေလုပ်ပြီးပြီ၊ ဘာတွေကိုလုပ်ဖို့ရှိတယ်၊ သေတဲ့အချိန်ကကြိုမသိနိုင်တော့ မလုပ်ရသေးတာတွေရှိနိုင်တယ်မဟုတ်လား။ နောက် သူ ဘယ်သူတွေကိုချစ်တယ်၊ သူ့ကိုသူငယ်ချင်းတွေကနာမည်ပြောင်ဘယ်လိုပေးထားတယ်။ ဒါတွေကို ဖြတ်ခနဲဖြတ်ခနဲပြမယ်။ font တွေကိုလဲ လှလှပပလေးတွေသုံးဦးမယ်။
သူ ဘာသီချင်းတွေကြိုက်လဲ ဒါတွေလဲပြထားမယ်။ အသုဘအခမ်းအနားလာတဲ့လူတွေ မပျင်းမရိရအောင်၊ စိတ်မညစ်ညူးစေအောင်၊ ငိုချိန်ကိုမရအောင် ဖမ်းစားထားချင်တယ်။
အဲဒီထဲမှာတော့ ကျွန်တော့်ကြောင့် စိတ်ညစ်ခဲ့ရသူတွေ။ ကျွန်တော့်ကိုစိတ်ညစ်အောင်၊
ငိုရအောင်လုပ်ခဲ့ကြသူတွေ ... ဒီလူတွေကိုတော့ ဖျောက်ထားလိုက်မယ်။ စိတ်ရှုပ်ကုန်ကြမှာစိုးရိမ်လို့ပါ။

ကျွန်တော့်ရဲ့ အသုဘမှာဆိုရင် free style နဲ့လာနိုင်တယ်။ အနက်ရောင်တော့ဝတ်ခဲ့ကြပါ။ အနက်ရောင်ယဉ်ကျေးမှုတွေစီးမြောနေတဲ့ underground show တွေကို ကျွန်တော်ကသိပ်ကြိုက်တယ်ဗျ ...လူငယ်တွေရဲ့ ရိုးသားမှုတွေကို အမည်းရောင်မည်းမည်းသိပ်သိပ်တွေထဲမှာ လင်းလင်းထင်းထင်းမြင်ရလွန်းလို့။
ရောခ့်ဘိုးအေကြီးတွေရဲ့ show တွေမှုာ တစ်ခါတစ်ရံတွေ့ရတတ်တဲ့ ရန်လိုမှုတွေ လူငယ်တွေကြားမှာ မရှိကြတာ ကျွန်တော့်မှာ အဆန်းတကြယ်ကိုဖြစ်လို့ ... ဒါကိုကြိုက်တယ်။
disco သွားရတာကြိုက်တဲ့ သူငယ်ချင်းတွေကိုလဲ disco ခန်းမထဲကို ၀င်လာသလို
ပေါ့ပေါ့ပါးပါးဟန်နဲ့ဝင်လာစေချင်သေးတယ်။ mp3,mp4,iPod ကြိုက်တာယူလာကြဦးဗျာ။ သီချင်းတွေလဲနားထောင်ကြပါဦး၊ ရတယ်။ သိပ်တော့ မငိုကြပါနဲ့၊ အသံထွက်မငိုကြေး၊
ကဲ ... ဖြစ်တယ်မဟုတ်လား။
အသံထွက်အောင်ငိုတဲ့သူကို ဒဏ်ငွေဆောင်စေဦးမယ်။
အဲဒီငွေတွေကိုတော့ မိဘမဲ့ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို လှူပေးပါမယ်။အိမ်မှာဆိုရင်လဲ အသုဘအိမ်မှာ ဖဲရိုက်တတ်တဲ့အလေ့အထကိုဖျောက်ပစ်ချင်တယ်။
ဖဲမရိုက်ရ။
နောက် ကွာစေ့ ... ဘာလို့ကွာစေ့ပဲကျွေးကြတာလဲ စားရတာလဲခက် အမှိုက်ကလဲပွသေးတယ်၊
အပူမီးတောက်နေသူတွေကို တံမျက်စည်းလှဲခိုင်းတဲ့အလုပ်ထပ်ရှုပ်စေသေးတယ်။
ကျွန်တော်က လူတွေကိုမေးမယ် ၀ီစကီကြိုက်သူကို ၀ီစကီတိုက်မယ်၊ ၀ိုင်သောက်မလား ရတယ်။
လဘက်ရည်၊ကော်ဖီ မေးပြီးမှ ကျွေးစေမယ်။ မုန့်လဲ ရရမှာပေါ့။ အသုဘအခမ်းအနားတွေမှာ ပန်းခြင်းတွေကို ကြည့်ရတာကြိုက်တယ်။ ဒီတော့ ခင်ဗျားတို့လာရင် ပန်းခြင်းလှလှလေးတွေယူခဲ့ပေးကြပါ။ ပန်းတွေက ဈေးကြီးပေမဲ့ ဒီလောက်တော့လုပ်ပေးကြပေါ့ဗျာ။ ကျွန်တော့်ကိုတကယ်ချစ်ကြတယ်ဆိုရင်ပေါ့။ ကျွန်တော်ကလဲ ကျွန်တော့်ရဲ့ အသုဘအခမ်းအနားကပြန်ထွက်လာကြသူတွေ လက်ထဲကို တန်ဘိုးရှိတဲ့ ပစ္စည်းတစ်ခု အသေအချာ ထည့်ပေးလိုက်မှာပါ။
အဲဒါကတော့ လူလူချင်း ချစ်ခြင်းမေတ္တာ အပြည့်အ၀ထားနိုင်ကြဖို့ ရိုးသားပြီးသစ္စာရှိကြဖို့ အကောင်အထည်ဖော်ပေးနိုင်မယ့်
ပစ္စည်းတစ်ခုခု ...
အဲဒီပစ္စည်း ဘာဖြစ်နိုင်မလဲ ခင်ဗျားလာခဲ့ရင် သိရမှာပေါ့ ...
၂၀၀၈ သြဂုတ်လ၊ ဇီဝကမဂ္ဂဇင်း - “မငိုကြေး”
Mee_Nge
Friday, 05 September 2008
စိတ်ကူးလေးတော်တော်ကောင်းပါတယ်။
maythae`
Thursday, 31 July 2008
မိုက်တယ် ..
cza
Tuesday, 15 July 2008
“ကျွန်တော်သေတဲ့အခါ” စိတ်ကူးတွေကိုတော့ ကြိုက်သွားပြီ။ ဖတ်နေရင်း “ငါသေတဲ့ခါကျရင်လည်း..” လို့ စိတ်တွေကူးမိကုန်ပြီ.... ကဲ!
fancy
Tuesday, 15 July 2008
ကျန်နေရစ်တဲ့လူတွေကို တော်တော်အလုပ်ရူတ်ပြီးအကုန်အကျများစေမဲ့ အသုဘပဲ...သေတာတောင် ဒုက်ခပေးဖို့ကြံစည်နေသေးတယ်...ဆိုးလိုက်တာ..:-) ကြောက်တတ်တတ်သူတွေအတွက်တော့ ဒီရုပ်ကြီးပြန်မမြင်ရလို့ တော်တော်ကံကောင်းမယ်....:-)
lmn
Monday, 24 March 2008
မှတ်တမ်းတင် ဓါတ်ပုံအတွက် တာဝန်ယူပါရစေ။
NgaOak
Friday, 14 March 2008
အင်း. . .သေတဲ့အခါကျရင်. . .ဖိတ်စာပါရိုက်ပြီးပို့လိုက်. . .
perfume
Friday, 14 March 2008

Funeral Project အသစ်နဲ.လာတိုးနေတယ် ၊ လာရအောင်လဲ တော်တော်နဲ. မလာရ လောက်ပါဘူး ၊ ဟီး .....
mtmaung
Friday, 14 March 2008
မဆိုးပါဘူး .. တစ်ခုဘဲ ဗလာမပါ ကံစမ်းမဲ အစီစဉ်လေးပါ ထည့်ပေးရင်ကောင်းမယ် .. ပြီးတော့ underground show ပါ အပြင်မှာလုပ်ထားပေးလိုက်ရင် ပိုလန်းတာပေါ့
zest
Thursday, 13 March 2008
စိတ်ဝင်းစားစရာပဲ မကြူံစဖူး အထူးအဆန်း မ်ု့အခုတောင်သေခိုင်းချင်စိတ်ပေါက်မိတယ် :P
Pooh
Thursday, 13 March 2008
အင်း အဲ့ခါကျရင်ခေါ်လိုက် လာခဲ့မရ် အတော်ပျော်ဖို့ကောင်းမရ့်ပုံပဲ :P
Nge
Thursday, 13 March 2008
လန်းတယ်ကွာ... အဲလို အသုဘမျိုး တီထွင်ကြည့်စမ်းချင်တယ်း)
spooky
Thursday, 13 March 2008
မိုက်တယ်ကွာ
forsaken
Thursday, 13 March 2008
တော်တော်တော့ စိတ်ဝင်စားဖို့ကောင်းမယ့် Funeral ပဲ။