Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, December 19, 2012

ငွေသောင်ယံဦး နှင့် အခြားကဗျာများ ( ၁ )

မေမေ့ကဗျာလေးတွေ တိုတာလေးတွေဆို ၅ ပုဒ် စီလောက် တင်ပေးသွားပါမယ်။
အားလုံးပြီးမှပဲ pdf ဖိုင် တင်ထားပေးလိုက်မယ်နော်။

ချစ်ခင်လေးစားစွာ
Happy Christmas for All!
ဖြိုးဖြိုး
***************************

စာဖတ်သူသို့..
စမ်းချောင်းကလေးများ၏ တီးတိုးရွတ်ဆိုမှုကို သင်ကြားဖူးပါလိမ့်မည်။
ဥသြငှက်ငယ်ကလေးများ၏ ဆွတ်ပျံ့တိမ်းမူးဖွယ် တေးသီကျူးရင့်မှုကိုလည်း သင်ကြားဖူးမည်ဖြစ်ပါသည်။
ထို့နည်းတူ ခင်မေသစ်၏ တေးကဗျာများသည်လည်း….။
သင်ခံစားဖတ်ကြည့်နိုင်ရန် စုစည်းတင်ပြပေးထားပါသည်။

ဆရာကြီး မင်းသုဝဏ် နှင့် တိုင်းရင်းမေဂျာနယ် ကဗျာ့ဥယျာဉ်မှူးကြီး ဦးသော်ဇင် တို့အား ဤစာအုပ်ဖြင့် ကန်တော့ပါ၏။    ။
မိဘနှစ်ပါးနှင့် အကိုကြီး စာရေးဆရာ မောင်ကြည်ရှင် (မြန်မာ့အသံ လက်ထောက်စီစဉ်ရေးမှူး ဦးချင်းစိန်) ၊အကိုငယ် စာရေးဆရာ ဒါရိုက်တာ သန်းစိန်သစ်တို့အားလည်း အလားတူ အထူး ဦးခိုက်ကန်တော့လိုက်ပါကြောင်း။    

ကျေးဇူးတင်စွာဖြင့်။
ခင်မေသစ် (သလ္လာ)
၁၉၉၇ခုနှစ် နိုဝင်ဘာလ (၈)ရက် နေ့

***************************
စာပေ၀တ္ထု ၊ ရတုကဗျာ၊
သာသည်သီချင်း၊အဲစောင်းညှင်း၍ ၊
မကင်းမပြတ်၊ ရွတ်ဖတ်လျက်သာ၊
နေကောင်းစွာ…၊
(၀န်ကြီး ပဒေသရာဇာ)

To  Poem

Remember  near,
Remember far,
For ever remember me,
Aye, still beyond  the grave .
Remember that I have,
Well loved thee.
(Carl Bayon)
***************************


မာတိကာ (ကဗျာအမည်များ)
  • ငွေသောင်ယံဦး
  • နှိုးစက်
  • အရှေ့က နေ၀န်းထွန်းချိန်
  • မောင်ငယ်လေးသို့
  • လာလုလုငေး
  • ငါသေသောခါ
  • မယ့်လွမ်းကဗျာ
  • ရှိစေဦး
  • ကိုဘာ့ကြောင့်မလာ
  • ကဗျာသင်တန်းဆောင်းပါးမှ တြိချိုးများ
  • ရွေးချယ်သီရာ အတွေးကဗျာများ
  • ဇင်ဝင်း(သလ္လာ)သို့ 
  • မြှော်
  • ရွှေညာသူ
  • မြင်ပါလှဲ့
  • ရာသက်တိုင်
  • ရှက်မရှိပန်း
  • ငါးစီးရှင်ကျော်စွာ ၏ကာချင်းဟန်
  • မိုးသခင်သို့
  • လွမ်းဝသာန်
  • နှောင်ကြိုးမယ့်ကိုနှင်
  • ကျေးတမာသို့ ပန်ကြားလွှာ
  • လူငယ်များသို့ 
  • အပြန်လမ်း
  • အနုပညာဟူသည် ကုန်ပစ္စည်းလော
  • ပြည်သူ့လယ်ယာသမားများသို့
  • အရုဏ်ဦး ဆွမ်းကပ်ပွဲ 
  • လန်ဒန်မြို့အလွမ်း
  • နိဗ္ဗေဒတေးထပ် 
  • ရာသီတော်ဦး
  • စိမ်း(၁)
  • စိမ်း(၂)
  • စိမ်း(၃)
  • နှုတ်ဆက် အလွမ်း
  • နှင်းဆီနှင့် ပိတောက်

ငွေသောင်ယံဦး

အုံးပင်လေးတွေ စီရရီ၊ပင်လယ်နားမှာတည်၊
ငပလီ သည်သောင်ကမ်း၊ မလေးသွားချင်စမ်း။

ဆန်းဆန်းစုံတဲ့ ခရုတွေ၊ ရောင်စုံလှပနေ၊
မလေးမေအပြေးကောက်၊ ကောင်းကင်မိုးပြာအောက်။

လမ်းလျှောက်ထွက်လို့ လေညှင်းခံ၊
ကျန်းမာရေးနဲ့ညီညွှတ်ရန်၊ ညဥ့်ဦးယံမှာ ကြယ်တွေလက် ၊
လမင်းကြီးကထွက်။

အုံးရွက်ပေါတဲ့တောရိပ်မြုံ၊ မလေးခိုဝင်လှုံ၊
ငှက်အစုံစုံပျံကာမြူး၊ လှိုင်းကလေးတွေလူး။
ငပလီ သောင်ယံဦး။

၁၉၅၂ခုနှစ် 
***************************

နှိုးစက်

အနီရောင်လေးဒေါင့်ကာ၊
မျက်နှာပြင်ပေါ်မှာ၊

ဂဏန်းစာ ဟိုသည်ရေး၊
နာရီနှိုးစက်လေး။

နှေးနှေးမှန်မှန်၊
ဂျက်ဂျက်ညံ၊
သတိပေးနေပြန်၊

အချိန်မှန်မှန်
ထဖို့အရေး၊
နာရီနှိုးစက်လေး။

၁၉၅၂ခုနှစ်
***************************

အရှေ့က နေ၀န်းထွန်းချိန်

အရှေ့ဆီက နေ၀န်းဖြာ၊
ကောင်းကင်နီဝါ၀ါ။

ပန်းမာလာပွင့်ပုံဆန်း၊
နိုးထရွှင်ရွှင်လန်း၊

သာစွတခန်းစုံအညီ၊
ငှက်ငယ်လေးများ တေးဖွဲ့သီ၊
အိပ်တန်းကိုယ်စီ ပင်မှထ၊
အစာရှာဖို့ မြူးကြွကြွ။

နှမမောင်ထွေး ရွှင်ပျော်ပျော်၊
လုပ်ငန်းဝင်စို့နော်။
ကြူးကျော်ညံ သံစုံတေး၊
နှုတ်မှာ အေးအေး။

ကြောင်ကလေး မိပူစီ ၊
လိုက်ခဲ့ပါကွဲ့ ဥယျာဉ်ဆီ၊
ငဖြူနီ မောင်ဂုတ်ကြား၊
ရေလောင်းသွားစို့လား။
ပန်းကလေးများ ပွင့်စေသား။     ။

၁၉၅၂ခုနှစ်
***************************

မောင်ငယ်လေးသို့

မိုးသောက်အရုဏ်ရောင်နီကျင်းလို့၊
ရှင်နေမင်းကြီး ထွက်ပေါ်လာ၊
ငှက်ကလေးတွေ သံစုံကျူးလို့ ၊
ဟိုခုန်သည်ကူး မြူးကြရှာ၊
မောင်ငယ်လေးရေ..ထပါတော့လို့ ၊
တကြော့ နှစ်ကြော့ သူနှိုးလာ၊
ပျင်းရိသူဟာ နောက်ကျန်ရစ်မတဲ့၊
မမတို့ခေတ်နဲ့ မညီပါ။
တိုးလေ တက်လေ ရှေ့သို့ လှမ်းမကွဲ့၊
ပန်းတိုင်အရောက် မြန်းဖို့ရာ၊
ထကွာ ထကွာ။      ။

၁၉၅၃ခုနှစ်
***************************

လာလုလုငေး

တူနှစ်ဖြာ မေတ္တာသလို့ ၊
ချစ်ရှာကြ မောင်မယ်မှာ၊
တပင်ပေါ် နှစ်ပင်ယှက်ကာ၊
ကျေးငှက်မြူးတာ။

ချစ်ဦးကမလာ၊
မယ့်မှာဖြင့် မြှော်ငေး။
ဘယ်အခါကျောင်းတော်ပိတ်မှ
လာလိမ့်မယ်လေး။

ချစ်တဲ့သူ တူနွဲစို့ ၊
ကူချွဲတဲ့ ရွှေချိုးဖြူ၊
ကိုင်းထက်ကကူ။
သို့တမူ ချစ်သူက လာဘူး။
သစ်ပင်နွယ်ပန်းခြုံအောက်မှာ ၊
ချစ်ကြောင့် မေရူး။

လာလုလုငေးကဗျာသည် ၁၉၅၂ခုနှစ် နိုဝင်ဘာလထုတ် မုံရွာမြို့ ဗုဒ္ဓဘာသာ အမှတ်(၁)အထက်တန်းကျောင်း ကျောင်းသားသမဂ္ဂမှ ဦးစီးထုတ်ဝေသည့် သစ်လွင်မဂ္ဂဇင်းနှင့် ၅၄ခုနှစ်ထုတ် သစ်လွင်မဂ္ဂဇင်းတို့တွင် ဖေါ်ပြပါရှိပြီးဖြစ်သည်။

ငွေသောင်ယံဦး နှင့် အခြားကဗျာများ (၁)
ငွေသောင်ယံဦး နှင့် အခြားကဗျာများ (၂)
ငွေသောင်ယံဦး နှင့် အခြားကဗျာများ (၃)
ငွေသောင်ယံဦး နှင့် အခြားကဗျာများ (၄)
ငွေသောင်ယံဦး နှင့် အခြားကဗျာများ (၅)

ခင်မေသစ်
ဆက်ရန် 

1 comment:

ဆူးသစ် said...

လေးစားမိပါတယ်ဗျာ။အဲဒီလိုသံချိုကဗျာလေးတွေကပိုတောင်ရေးရခက်သလိုပဲ။အသံရယ်၊အကြောင်းအရာရယ်၊ကာရန်ရယ်ကိုက်မှကိုး။အစ်မအမေကစာရေးကောင်း၊ကဗျာရေးကောင်းပဲနော်။ဒီကဗျာလေးတွေဖတ်ပြီးဆရာကြီးမင်းသုဝဏ်ရဲ့ကဗျာလေးတွေလည်းအမှတ်ရစေတယ်။ထပ်ပြီးမျှဝေပါဦး။