Showing posts with label ပင်ကိုရေးဝတ္ထုတို. Show all posts
Showing posts with label ပင်ကိုရေးဝတ္ထုတို. Show all posts
Saturday, December 30, 2017
Friday, September 26, 2014
သိပ်လှတဲ့ သတို့သမီးလေး
![]() |
(Yati Magazine, October, 2014) |
အဲဒီနေ့ မနက်ခင်းလေးက မပူမနွေးလွန်း၊ အေးအေးမြမြလေးရယ်၊ အခန်းထဲက စံပယ်ပင်လေး ဟိုတစ်နေ့ကမှ ပထမဆုံးအဖူးလေးတွေတွေ့လာရပြီ။ ဒီနေ့ဆို စိမ်းမြမြအရွက်သန်သန်လေးတွေနဲ့ ဖူးဖူးပွင့်ပွင့် စံပယ်ပင်လေးဖြစ်နေခဲ့ပြီ။ စံပယ်ပင်လေးဆီက သင်းပျံ့ပျံ့ရနံ့လေး အခန်းထဲဝေ့ဝဲမွှေးမြနေတဲ့ အဲဒီနေ့က မနက်ခင်းဟာ သိပ်လှနေခဲ့တာပေါ့။
Sunday, August 24, 2014
ခေတ်က အချစ်ကို ပစ်မယုံလိုက်ဖို့ သင်ပေးနေတဲ့အခါ
စုမီအောင်
Chillies journal
Chillies journal
ခေတ်က အချစ်ကို ပစ်မယုံလိုက်ဖို့ သင်ပေးနေတဲ့အခါ ……..
တစ်ယောက်ကတစ်ယောက်ကို ပစ်ပုံကာ မယုံလိုက်ဖို့ ခေတ်ကသင်ပေးနေတဲ့အခါ ဘ၀တွေက နိစ္စဓူဝ ကတောက် ကဆတ်ဖြစ်နေကြရတယ်။
xxxxxxx
Wednesday, May 21, 2014
နောက်တစ်ကြိမ် အိမ်ပြန်လာခွင့်ရတဲ့အခါ
သင်္ကြန်အားလပ်ရက်တွေ မွေးရပ်ဇာတိက အိမ်ကို သင်းသင်း အလည်ပြန်ရောက်ဖြစ်တော့ အိမ်မှာ မေမေ နဲ့ အတူနေထိုင်တဲ့ မမကြီးရယ်၊ သူ့သားလေးရယ် မြူးထူးပျော်ရွှင်စွာဆီးကြိုကြလေတယ်။ သင်းသင်း မွေးဖွားခဲ့ရာအိမ်ကြီးကလည်း လှလှပပ ခန့်ထည်စွာပဲ ကြိုဆိုနေတာပါပဲ။ အပြင်ဘက်အုတ်နံရံ က ဝင်ဝင်ချင်း ညာဘက်မှာ အမိုးအကာလေးရှိနေတယ်။ အိမ်မကြီးရယ်၊ ဘေးက အဆောင်၊ အောက်ထပ်က မီးဖိုခန်း အပေါ်မှာတော့ မေမေနေတဲ့အခန်း၊ အိမ်မကြီး အပေါ်ထပ်မှာ ဘုရားခန်း ဧည့်ခန်းကျယ်ကျယ်ရယ်၊ အိပ်ခန်းကျယ်တစ်ခန်း၊ အိပ်ခန်းငယ်တစ်ခန်း၊ အိမ်အောက်ထပ်မှာတော့ ဧည့်ခန်းရယ် အိပ်ခန်းကျယ်တစ်ခန်း၊ နောက်ဘက်မှာ အခန်းလေးတွေ ရှိနေသေးတယ်။ မေမေ့အခန်းကထွက်ရင် မေမေ့တစ်ယောက်သုံးရေချိုးခန်း နဲ့ ရေစင်ရှိလေတယ်။ အောက်မှာတော့ သန့်စင်ခန်း ရေချိုးခန်းတို့ပေါ့။ ခမ်းနားကြီးကျယ်လွန်းတဲ့အိမ်မဟုတ်ပေမဲ့လည်း မေမေ နဲ့ မမကြီးတို့ အတွက်တော့ လုံလောက်ကျယ်ပြန့်စွာရှိနေတဲ့အိမ်ပေါ့။
Friday, January 03, 2014
မရဏဟိုတယ်က အပြန်
Posted by
PhyoPhyo
at
Friday, January 03, 2014
Labels:
living fashion,
စုမီအောင်ရဲ့စာ,
ပင်ကိုရေးဝတ္ထုတို
အထပ်ပေါင်း ၃၁ ထပ်ရှိသည့် Future ကုန်တိုက်ကြီးတစ်ခုအတွင်း၌ လှည့်လည်ကြည့်ရှုသူ၊ ဈေးဝယ်လာသူ အများအပြား ဖြင့် စည်ကားသိုက်မြိုက်လျက်ရှိသည်။ အသွေးအရောင်စုံ လူအပေါင်းတို့သည် ကုန်တိုက်ကြီးတစ်ခုလုံးရှိ အထပ်များတွင် ခြေချင်းလိမ် အောင် ပြည့်နှက်နေသည်။ စက်လှေကားများပေါ်တွင် ခြေထောက်ပေါင်းများစွာ တလိမ့်လိမ့် ဆင်း/တက် ပြုနေကြသည်။ ဓာတ်လှေကား များသည်လည်း မရပ်မနား ၃၁ ထပ်လုံး တက်လိုက် ဆင်းလိုက် ရပ်လိုက် နှင့်၊ အထပ်တစ်ထပ် တွင် ရပ်နားလေတိုင်း လူများ တွန်းတိုက် ရှောင်တိမ်းလျက် ၀င် ထွက် သွားလာနေကြသည်။ အထပ်တိုင်းတွင် ကုန်ပစ္စည်းအသစ်အရောင်းမြှင့်တင်ပွဲ၊ တေး အယ်လ်ဘမ်သစ် မိတ်ဆက် လက်မှတ်ထိုးရောင်းချပွဲ တစ်ခုမဟုတ်တစ်ခုက နေ့စဉ်လိုလို ရှိနေတတ်သည်။ R&Bအဆိုတော်မလေးတစ်ဦး၏ တေးအယ်လ် ဘမ်သစ်လက်မှတ်ထိုးရောင်းချပွဲ အခင်းအကျင်းရှေ့၊ လူအုပ်ကြီးကြားထဲ ရပ်လျက် သူတို့နှစ်ယောက် စကားအချီအတင် ပြောဆိုနေကြ သည်။
Monday, December 23, 2013
မိန်းကလေးတစ်ယောက်စောင့်နေသည်
![]() |
(Chillies, 15'Dec) |
အစ်မ ရူပါ ဆီကဖုန်းလာသည်။ ဒီညနေ ရုံးဆင်းရင် သူ့အခန်းကို သွားပေးပါဦးတဲ့။ လရောင် မသွားချင်ပါဘူး။ သမိုင်းလမ်းဆုံ၊ ဗဟိုလမ်းက မုဒိတာအိမ်ရာမှာ အစ်မရူပါဝယ်ထားသည့်အခန်းရှိသည်။ အစ်မရူပါက ပဲခူးဘဏ်မှာ အလုပ်လုပ်နေသည်။ စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်တချို့မှာ လာလေ့ရှိသည်။ ဒီတစ်ပတ် စနေနေ့ မအားဘူးတဲ့။ သူမလာနိုင်တော့လို့ မီတာခ စာရွက်များ ရောက်နေမလား အခန်းကို သွားစစ်ပေးပါဦးတဲ့။ ဒါနဲ့ပဲ မေလရောင်လင်း သမိုင်းလမ်းဆုံမှာဆင်းကာ ဗဟိုလမ်းထဲ လမ်းလျှောက်ဝင်လာခဲ့သည်။ မုဒိတာအိမ်ရာ မြေညီထပ်တိုင်းမှာ ဆိုင်ခန်းတွေဖွင့်လှစ်ထားလို့ စည်ကားလွန်းနေသည်။ ဓာတ်လှေကားထဲဝင်၊ နံပါတ် 2 (သုံးလွှာ)နှိပ်။ အခန်းထဲရောက် တော့ ကြာဆံတစ်ထုတ် ကြက်ဥထည့်ပြုတ်ကာ စားလိုက်သည်၊ ပဲနို့အေးတစ်ဘူး ဖောက်သောက်သည်။ ပြီးတော့ Facebook ထိုင်သုံးဖြစ် သည်။
Sunday, December 22, 2013
ဟုတ်တယ် .. အဲဒါ တကယ်
![]() |
(Mirror Magazine, December, 2013) |
ဟော ...
“ ------” “ ****** ”
မျက်နှာချင်းဆိုင်အခန်းက တံခါးပိတ်သံ၊ စကားပြောသံတွေကြားရသည်။ ရုံးသွားခါနီး အလုပ်ရှုပ်နေသည့်ကြားကပင် ကေသီ့အကျင့်အတိုင်း စပ်စုလိုစိတ်လေးက ပေါ်လာပြန်ပြီ။ နှုတ်ခမ်းနီ အနီရဲရဲကို နှုတ်ခမ်းအတွင်းသားတွေထဲ တို့ထိဆိုးနေရင်းက နားစွင့်ထားလိုက်၏။ ကေသီ သိသားပဲ။ မျက်နှာချင်းဆိုင်က အင်ဂျင်နီယာဇနီးမောင်နှံနှစ်ယောက်အခန်းကလေ။ သူတို့က နှစ်ယောက်တည်းနေကြသည်။ အန်ကယ်ဖရက်ဒီနှင့် အန်တီမာဂရက်တို့က အငြိမ်းစားယူပြီးကြပြီ။ သူတို့ အိမ်ကို လာလည်နေကြ ဧည့်သည်တွေတောင် ကေသီမျက်မှန်းတန်းမိနေပြီပဲ။ ပြောပြီးသားလေ။ ကေသီက စပ်စုပါတယ်လို့။ အခု အသံတွေ မှန်းဆကြည့်ရတာတော့ အီဗန်ကာပဲ ဖြစ်မှာ။ အီဗန်ကာက သူ့ရဲ့ အသံတုန်တုန်ကို တစ်ချက်တစ်ချက် ဆောင့်ပြီး အသံမြှင့်ပြောတတ်လေသည်။ အီဗန်ကာ နှင့် စကားပြောတိုင်း အမြဲတမ်း နူးနူးညံ့ညံ့စကားပြောလေ့ရှိသည့် အန်ကယ် ဖရက်ဒီ ၏ လေသံက ကျယ်ကျယ်လောင်လောင်ထွက်လာလေ့ရှိသည်။ အမြဲစိတ်မရှည်ဖြစ်တတ်၏။ ကျွတ် .. ကနဲ စုတ်သပ်ညီးတွားသံတွေ အကြိမ်များများ ပြုလုပ်သည်။ အဲဒါကြောင့်ပဲ ကေသီ အီဗန်ကာ့ကို ပိုပြီး သတိထားမိခဲ့တာ။ အန်တီမာဂရက်ကတော့ ရယ်သံစွက်စွက်နှင့် ပြောလေ့ရှိသည်။ ရယ်ချလိုက်ချင်တဲ့စိတ်ကို ချုပ်တည်းထားရသလိုမျိုးပဲ။ ကေသီ အခန်းထဲက ဒရောသောပါးပြေးထွက်လိုက်သည်။ အလှပြင်စရာလေးတွေ လက်နှင့်ဆွဲယူလာခဲ့ပြီး အ၀င်တံခါးဘေးက ကိုယ်လုံးပေါ်မှန်ရှေ့မှာပဲ ဆက်ပြီး အလှပြင်နေလိုက်၏။ အ၀င်တံခါးမကို ဖွင့်ထားလိုက်သည်။ အဲဒီလိုဆိုရင် ခပ်ဟဟပွင့်နေသည့် တံခါးကြားကနေ မျက်နှာချင်းဆိုင်အခန်းကို မြင်နေရပြီပေါ့။ စကားသံတွေလည်း သဲသဲကွဲကွဲ ကြားရပြီ။ “တကယ်၊ တကယ် .. လိုက်ကြည့်စမ်းပါ။ ဒီနေ့လည်း သူတို့တွေ ဖွသွားကြပြန်ပြီ။” “ဆေးတွေ၊ အရောင်တွေ ဖျက်မရတော့ဘူး။ ရေချိုးခန်းက ကြမ်းပြင်ပေါ်မှာ၊ မနေ့က မရှိဘူး” ... “ငါ မရှိတုန်းလာကြတယ်။ ခဏခဏပဲ”။
“ ------” “ ****** ”
မျက်နှာချင်းဆိုင်အခန်းက တံခါးပိတ်သံ၊ စကားပြောသံတွေကြားရသည်။ ရုံးသွားခါနီး အလုပ်ရှုပ်နေသည့်ကြားကပင် ကေသီ့အကျင့်အတိုင်း စပ်စုလိုစိတ်လေးက ပေါ်လာပြန်ပြီ။ နှုတ်ခမ်းနီ အနီရဲရဲကို နှုတ်ခမ်းအတွင်းသားတွေထဲ တို့ထိဆိုးနေရင်းက နားစွင့်ထားလိုက်၏။ ကေသီ သိသားပဲ။ မျက်နှာချင်းဆိုင်က အင်ဂျင်နီယာဇနီးမောင်နှံနှစ်ယောက်အခန်းကလေ။ သူတို့က နှစ်ယောက်တည်းနေကြသည်။ အန်ကယ်ဖရက်ဒီနှင့် အန်တီမာဂရက်တို့က အငြိမ်းစားယူပြီးကြပြီ။ သူတို့ အိမ်ကို လာလည်နေကြ ဧည့်သည်တွေတောင် ကေသီမျက်မှန်းတန်းမိနေပြီပဲ။ ပြောပြီးသားလေ။ ကေသီက စပ်စုပါတယ်လို့။ အခု အသံတွေ မှန်းဆကြည့်ရတာတော့ အီဗန်ကာပဲ ဖြစ်မှာ။ အီဗန်ကာက သူ့ရဲ့ အသံတုန်တုန်ကို တစ်ချက်တစ်ချက် ဆောင့်ပြီး အသံမြှင့်ပြောတတ်လေသည်။ အီဗန်ကာ နှင့် စကားပြောတိုင်း အမြဲတမ်း နူးနူးညံ့ညံ့စကားပြောလေ့ရှိသည့် အန်ကယ် ဖရက်ဒီ ၏ လေသံက ကျယ်ကျယ်လောင်လောင်ထွက်လာလေ့ရှိသည်။ အမြဲစိတ်မရှည်ဖြစ်တတ်၏။ ကျွတ် .. ကနဲ စုတ်သပ်ညီးတွားသံတွေ အကြိမ်များများ ပြုလုပ်သည်။ အဲဒါကြောင့်ပဲ ကေသီ အီဗန်ကာ့ကို ပိုပြီး သတိထားမိခဲ့တာ။ အန်တီမာဂရက်ကတော့ ရယ်သံစွက်စွက်နှင့် ပြောလေ့ရှိသည်။ ရယ်ချလိုက်ချင်တဲ့စိတ်ကို ချုပ်တည်းထားရသလိုမျိုးပဲ။ ကေသီ အခန်းထဲက ဒရောသောပါးပြေးထွက်လိုက်သည်။ အလှပြင်စရာလေးတွေ လက်နှင့်ဆွဲယူလာခဲ့ပြီး အ၀င်တံခါးဘေးက ကိုယ်လုံးပေါ်မှန်ရှေ့မှာပဲ ဆက်ပြီး အလှပြင်နေလိုက်၏။ အ၀င်တံခါးမကို ဖွင့်ထားလိုက်သည်။ အဲဒီလိုဆိုရင် ခပ်ဟဟပွင့်နေသည့် တံခါးကြားကနေ မျက်နှာချင်းဆိုင်အခန်းကို မြင်နေရပြီပေါ့။ စကားသံတွေလည်း သဲသဲကွဲကွဲ ကြားရပြီ။ “တကယ်၊ တကယ် .. လိုက်ကြည့်စမ်းပါ။ ဒီနေ့လည်း သူတို့တွေ ဖွသွားကြပြန်ပြီ။” “ဆေးတွေ၊ အရောင်တွေ ဖျက်မရတော့ဘူး။ ရေချိုးခန်းက ကြမ်းပြင်ပေါ်မှာ၊ မနေ့က မရှိဘူး” ... “ငါ မရှိတုန်းလာကြတယ်။ ခဏခဏပဲ”။
ခရစ်စမတ်ကိုရပ်ထားချင်တယ်
(၂၀၀၉၊ ဒီဇင်ဘာ ၂၁ရက်ထုတ်၊ အချစ်ဂျာနယ်)
“ရှမာရိ အဆင်သင့်ဖြစ်ပြီလား”
အိုး လန့်လိုက်တာ။ အတွေးလွန်နေတုန်း ပြဇာတ်အဖွဲ့ခေါင်းဆောင် ဆရာမ နော်လယ်ထူးက အနားကပ်မေးလိုက်လို့ ရှမာရိလန့်သွားတယ်။ `ဟုတ်ကဲ့ဆရာမ´လို့ပြောလိုက်ရပေမဲ့ ရှမာရိစိတ်တွေ အဆင်သင့်တော့မဖြစ်သေးပါဘူး။ရှမာရိကို ညီမင်းညိုစိတ်ဆိုးသွားတာ ဒီနေ့ပါဆို တစ်ပတ်တောင်ရှိပြီ ဖုန်းလည်း မဆက်ဘူး။ ရှမာရိထင်နေတာက သူဘယ်လောက်ပဲစိတ်ဆိုးဆိုး ရှမာရီတို့ ခရစ်စမတ်အတွက် ပြဇာတ်တိုက်ရင် လာကြည့်ဦးမယ် ပြောဖူးတော့ ဒီနေ့ ပြဇာတ်စကျင့်တဲ့နေ့ သူရောက်လာမယ်လို့ပဲ ထင်မိတာ။ ရှမာရိအားရှိအောင် ပြဇာတ်ကျင့်မယ့် ဘုရားကျောင်းလေးဆီနေ့တိုင်းပဲ လာကြည့်အားပေးမယ်ပြောထားပြီး သူခုထိရောက်မလာသေးဘူး။ တကယ်ပဲ စိတ်ဆိုးနေရင်တောင် အခုဒီပြဇာတ်လေးကို အကြောင်းပြုပြီး သူရောက်လာခဲ့ဖို့ကောင်းတာ။ ခုတော့…
Monday, December 02, 2013
အချစ်ဆိုတာ ချစ်မလို့လုပ်ရုံနဲ့ အသည်းကွဲရတဲ့ဒီဇင်ဘာ
အချစ်ဆိုတာ ဘယ်လိုအရာလဲ၊ မိုင်လို သိပ်သိချင်တယ်။ လူတစ်ယောက်ကို ချစ်မိတဲ့အရသာဟာ ဘယ်လိုမျိုး ကြီးလဲ၊ တစ်ခါလောက်ခံစားကြည့်ချင်လိုက်တာ။ အချစ်နဲ့ ပတ်သက်လို့ ဘယ်လိုအဓိပ္ပာယ်ဖွင့်ရမလဲတောင် မသိသေးဘူး။ မချစ်ဖူးသေးတော့လည်း ကဲကဲသဲသဲ ချစ်ပြနေကြတဲ့ သူတွေတွေ့ရင် သိပ်အမြင်ကတ်တာပဲ။ အထူးသဖြင့် facebook ဖွင့်သုံးမိတဲ့အချိန်မျိုးတွေဆို မိုင်လို သိပ်စိတ်ညစ်တယ်။ စိတ်ညစ်တယ်ဆိုတာထက် မျက်စိနောက်တာ။ အတွဲတွေလေ၊ အလကားနေရင်း ဓာတ်ပုံတွေရိုက်ရိုက်ပြီး တင်တင်နေကြလို့ပေါ့။ အထိမ်းအမှတ် တစ်ခုခုရှိလို့၊ ထူးထူး ခြားခြား နေရာလေးတွေ သွားလည်လို့ အမှတ်တရဓာတ်ပုံ ရိုက်တင်တယ်ဆိုထားပါ။ ခုတော့ အားအားရှိ …၊ ပုံစံတွေကို လည်းကြည့်ပါဦး။ လက်ချင်းတွဲလိုက်၊ ခေါင်းချင်းပူးလိုက်၊ ရင်ချင်းအပ်လိုက်၊ ကျောကနေသိုင်းဖက်လိုက်၊ အကျီဆင် တူတွေဝတ်ပြီး ဆင်တူပို့စ်တွေလုပ်လိုက်၊ နှုတ်ခမ်းစူကြ၊ မျက်မှောင်ရှုံ့ကြ၊ မျက်လူးပြူးကြ၊ ပိစ်ပုံစံ လက်နှစ်ချောင်း ထောင်ကြ၊ မြက်ခင်းပေါ်မှောက်ကြ၊ အိပ်နေတဲ့ပုံ၊ ခုန်နေတဲ့ ပုံ၊ သူတို့ကိုယ်သူတို့ ကိုရီးယားမင်းသား မင်းသမီးတွေများ ထင်မှတ်နေကြလားမသိ။ကိုရီးယားရုပ်ရှင်တွေကြည့်ပြီး အဲဒီ ထဲကစတိုင်လ်တွေအတိုင်း တစ်ထပ်တည်းလိုက်လုပ်လား လုပ်ရဲ့။ ယောက်ျာလေးကျောပေါ် ပျော်ပျော်ကြီးတက်ခွစီး နေတဲ့ပုံတောင်ပါသေးရဲ့။ (ကိုရိုးယားရုပ်ရှင်ထဲမှာက မိန်းက လေးက လမ်းမလျှောက်နိုင်လို့၊ ဒုက္ခကြုံလို့ အခြေအနေ အရကုန်းပိုးခေါ်ယူရတာ)။ မိုင်လိုတော့သိပ်စိတ်ပျက်တာပဲ။ တချို့ဆိုသိပ်ကြမ်းတဲ့ပုံတွေပါတင်တယ်။ ပါးချင်း မျက်နှာချင်း ကပ်ရုံမကဘူး၊ နမ်းနေတဲ့ပုံတွေပါတင်တာ။ (ကိုရီးယား ရုပ်ရှင် စာတန်းထိုးဘာသာစကားအရဆိုရင် အကြင်နာပေးတဲ့ပုံတွေပေါ့)။ လက်မထပ်ရသေးဘဲ နှစ်ဦးသား စိတ်တူကိုယ်တူ နေကြထိုင်ကြ၊အပျော်သဘောဗီဒီယိုတွေရိုက်ထားကြ၊ သဘောထားမတိုက်ဆိုင်စိတ်ဆိုးလမ်းခွဲကြတော့ အဲဒီ ဗီဒီယို ဖိုင်တွေတင်ကြ၊ ပြဿနာတွေ တက်ကြနဲ့။ ရှုပ်နေတာပဲ။ မိုင်လိုတော့ အဲလို ကြမ်းတမ်းတဲ့ပို့စ်နဲ့ဓာတ်ပုံတွေဆို like လည်းမလုပ်ဘူး။ တစ်စုံတစ်ရာ comment လည်း ၀င် မပေး ဘူး။ ဖျတ်ခနဲကြည့်မိတောင် အမြန်မျက်နှာလွှဲလိုက်တာပဲ။
မေမေကလည်း ဒါတွေမကြိုက်ဘူး။ အခန်းထဲ မေမေ ၀င်လာချိန် မိုင်လို facebook သုံးနေတုန်း အဲဒီပုံတွေ မြင်သွားလို့ကတော့ မိုင်လို့ကို တတွတ်တွတ်နဲ့ ဆုံးမတော့ တာပဲ။
အသည်းကွဲဒီဇင်ဘာ
Fashion Image Magazine, December, 2013
မီးပွိုင့်တွင် ရှေ့ကားတစ်စီးကို အရှိန်ဖြင့်ဖြတ်ကျော် လုတက်လာသော ကားတစ်စီးသည် ၀ီစီမှုတ်သံကြောင့် လမ်းဘေး တစ် နေရာသို့ အမြန်ဆိုး ထိုးရပ်လိုက်ရသည်။
“ကျေးဇူးပြုပြီး လိုင်စင်လေး တဆိတ်လောက်”
ယဉ်ထိန်းရဲဝတ်စုံနှင့်အမျိုးသမီး၏အသံက သူ့နားထဲ သာယာနာ ပျော် ဖွယ်မရှိ၊ တာဝန်ကို တိကျပြတ်သားစွာ ဆောင်ရွက်မည့် ပုံစံက အမျိုးသမီး၏ အသံနှင့်ဟန်တွင် သိသာစွာပေါ်လွင်နေသည်။ ကားကို အလောတကြီး မောင်းနေကျ “ဦးလှိုင်ဟိန်း”သည် ကားလိုင် စင်ကို မထုတ်ချင် ထုတ်ချင် ထုတ်ရင်း မျက်လုံးလှန်ကြည့်မိလျှင် ခပ်ကိုင်းကိုင်း ရပ်စောင့်နေသည့် အမျိုး သမီး၏၀ဲဘက်ရင်ညွန့်ထက်က တံဆိပ်ကို မြင်လိုက်သည်။
“မြူနှင်းဝေ”
တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့နံနက်က နှင်းတချို့ ဝေနေပါသည်။
Thursday, November 14, 2013
အိမ်အပြန်ညနက်နက် လျှို့ဝှက်ခြင်းဂီတ
စုမီအောင်
Idol Magazine, November, 2013
Idol Magazine, November, 2013
![]() |
ကျမ သဘောကျတဲ့ ဂီတမိန်းကလေး ပိုပို |
![]() |
The Trees Band နဲ့ ဆယ်တန်းတုန်းက (ဂစ်တာတီးလို့ first prize ရတာပါလို့ အပြောခံရတဲ့အချိန်လေးတွေပေါ့) |
*********
အိမ်တံခါးသော့ကိုဖွင့်ကာ စုသည် ခြေကိုဖွလျက် ၀င်လိုက်သည်။ အိမ်ပေါ်ထပ် အခန်းရှိရာသို့ တစ်ဆစ်ချိုး လှေကားကျယ်ကြီးမှတစ်ဆင့် အသာတက်လာခဲ့သည်။
ညီလင်းနိုင်နှင့် အိမ်ထောင်ကျကတည်းက သည် အိမ်မှာ သူ့ အဖေ၊ အမေ၊ ညီမတို့နှင့် အတူ ပေါင်းကာ နေထိုင်ကြသည်။ အိမ်ကြီး၏ ၀ဲဘက်အစွန်းတွင် ညီလင်းနိုင် နှင့် စု တို့၏ သီးသန့်အိမ်ခန်းရှိ သည်။ အိပ်ခန်းသက်သက် တော့မဟုတ်။ ဒါသည်ပင် စာရေး စာဖတ်အလုပ်ခန်း၊ ဒါ သည်ပင် ထမင်းစားခန်း၊ ဒါသည်ပင် တွေးတောခန်း၊ ဒါသည် ပင် အိပ်မက်ခန်း။
ဒါသည်ပင် မိမိ၏ အနာဂတ်လား ဟုတွေးမိသည့် အခါမျိုးမှာတော့ စုသည် တုန်လှုပ် ချောက်ချားကာ ငိုချင် သလိုလို ဖြစ်နေတတ်သည်။
Tuesday, November 05, 2013
ညတစ်ဝက်
အဲဒီညက လပြည့်ဖို့ တစ်ဝက်သာလိုခဲ့တယ်။ တိုက်ခန်းတွေရဲ့အရေးပေါ်လှေကားလို့ဆိုရမယ့် သံနဲ့လုပ်တဲ့နောက်ဖေး လှေကားမှာ မိန်းကလေးနဲ့ သူ ဘေးချင်းယှဉ်ပြီး ထိုင်နေကြတယ်။ သူ ဘီယာသောက်တာ တစ်ပုလင်းကုန်တော့မယ်။ မိန်းကလေး လက်ထဲမှာ တစ်စက်ကလေးမှ မသောက်ရသေးတဲ့ ၀ိုင်အနီတစ်ခွက် ကိုင်ထားတယ်။ မိန်းကလေးက ကောင်းကင်ဆီ ငေးကြည့်ရင်း သူ့ကို ဖွဖွကလေးပြောတယ်။
“အဖြူပိတ်ပိတ်တိမ်တွေက မြေကြီးပပ်ကြားအက်တွေလိုပဲ”
Monday, October 28, 2013
မြူမှုန်လေး ဘယ်ဆီမှာ
*********
“ရှင် … ဒီဝတ်စုံကို လဲလိုက်၊ မြန်မြန်လေးနော်”
နက်ပြာရောင် ကျောကွဲ၊ ဇစ်တပ်ဘလောက်စ်နဲ့ဒူးအထက်ခပ်တိုတိုစကပ်လေးဝတ်ထားတဲ့ နာစ့်မလေးကမ်းပေးလာတဲ့ ဆေးရုံကဝတ်စုံကို လက်လှမ်းယူရင်း ရင်မှာ ထိတ်ခနဲ လှိုက်ခုန်မိပြီ။
“အတွင်းခံတွေ အကုန်ချွတ်ထားခဲ့ရမယ်”
အဖြူပေါ်မှာ အပြာကွက်ခပ်ဖျော့ဖျော့လေးတွေပါတဲ့ဂျာစီပုံစံဝတ်စုံကို ခပ်မြန်မြန် စွပ်ချလိုက်ရင်း နတ်စ်မလေးခေါ်ဆောင်ရာဆီ ခြေလှမ်းတွေပြင်ရပြီ။ အခန်းတံခါးဝနားမှာ သူမလို ဂျာစီဒူးအထက်တဝဲဝဲ ခပ်ပွပွဝတ်ထားတဲ့မိန်းကလေးတစ်ဦး စောင့်နေတာတွေ့လိုက်ရတယ်။ သူမတို့နှစ်ဦးရဲ့ ဆေးမှတ်တမ်းဖိုင်တွေ ပိုက်ပွေ့ကိုင်ယူလာခဲ့တဲ့ နတ်စ်မလေးရဲ့ခြေလှမ်းတွေက သွက်လက်မြန်ဆန်စွာ ရှေ့ကဦးဆောင်တယ်။ ဓာတ်လှေကားရှိရာဆီ။ နတ်စ်မလေးရဲ့ လက်က နံပါတ်တစ်ခုဆီကိုလက်လှမ်းလိုက်မှာပေါ့။ ဘယ်နံပါတ်၊ ဘယ်အထပ်လည်း စိတ်တွေဝေဝါးနေလို့ သူမ မသိလိုက်ပါ။ အနည်းငယ် တုန်လှုပ်ထိတ်လန့်နေခဲ့ပြီ။
Friday, October 04, 2013
ကျားမင်းသမီးလေး
ကြည့် လာပြန်ပြီတယောက်။
သူကတမျိုး။ ခင်လေးစီးလာတဲ့ စက်ဘီးရှေ့ကနေ သူ့ စက်ဘီးကိုချေဖျားထောက် ပိတ်ရပ်ထားသည်။ ခင်လေးပါ ဆင်းလိုက်ရပြီ။
"ဖယ်ပါ။ ခင်လေး ထမင်းဆာနေပြီ"
"ဆာရင် ချစ်တယ်လို့ မြန်မြန်ပြောလိုက် ..ဖယ်ပေးမယ်"
"မဟုတ်တာ။ အဲလို အကြပ်မကိုင်ပါနဲ့။ ဆရာ့ကို တိုင်မှာနော်"
"ကိုယ့်အကိုက ကျောင်းဆရာလေ။ တိုင်ပေါ့"
ခင်လေး ရင်ထဲ အောင့်သွားသည်။ တရားမရှိ ဓားမရှိ။ ခင်လေး ဦးလေးက ပညာအုပ် လို့ ပြောပစ်လ်ုက်ရမှာ။
ခင်လေး ဘာမှ မပြောဖြစ်။ စက်ဘီးကို နောက်ကြောင်းပြန်လှည့်ကွေ့ပြီး အပြေးတက်စီးတော့သည်။နောက်ကိုလှည့်မကြည့်။ လိုက်နှောင့်ယှက်နေမလား တွေးပူမိသေး။
နေ့ခင်း ကျောင်းဆင်းတာနဲ့ ခင်လေးက အိမ်ကို အသော့နှင်ချင်သည်။ အမေချက်သည့် ထမင်းပူပူကို သူက စားချင်နေပြီလေ။
Sunday, August 25, 2013
ဒီနေ့ နေ့စွဲ
ကျွန်မ အိပ်မက် တစ်ခုကို မက်နေသည်။ အိပ်မက်ထဲမှာ ဆေးရုံ တစ်ရုံကို မြင်သည်။ ထိုဆေးရုံ အတွင်းသို့ ကျွန်မ ရောက်သွားသည်။ ဂျူတီကုတ်ဖြစ်ဟန် တူသော အဖြူရောင်ကုတ်အင်္ကျီ အနားစများကို တဖျပ်ဖျပ် ခါမြည်လျက် သုတ်သုတ်ပျာပျာ သွားနေကြသော ဆရာဝန်အများအပြားကို မြင်သည်။
လူနာများကိုမူ တစ်ဦးတလေမှ မမြင်ပါ။ အခန်းများကို တစ်ခန်းပြီးတစ်ခန်း ဖြတ်ကာ၊ ကော်ရစ်ဒါများကို တစ်ကွေ့ပြီးတစ်ကွေ့ချိုးကာ နောက်ဆုံးတွင် ဆရာဝန်များ ခေါင်းချင်းဆိုင် ဆွေးနွေးနေကြသော ခန်းမဆောင် အတွင်းသို့ ကျွန်မ ၀င်ရောက်သွားသည်။ ကျွန်မ ဘာသွား လုပ်ရမှာပါလိမ့်။ မသိသေးပါ။
ဆရာဝန်များသည် ကျွန်မကို မြင်လိုက်ရသည်နှင့် ပုံဆိုးပန်းဆိုး တစ္ဆေမ တစ်ကောင်ကို တွေ့မြင်လိုက်ရဘိ သကဲ့သို့ ထိတ်ထိတ်ပျာပျာ ဖြစ်ကာ မျက်စိမျက်နှာ ပျက်ယွင်းနေကြ၏။ ကျွန်မ သူတို့ကို ဘာမှမလုပ်ရပါဘဲနှင့် ထိုသို့ ဖြစ်နေခြင်းက ထူးဆန်းလှ၏။ လွတ်နေသော ထိုင်ခုံတွင် ကျွန်မ ၀င်ရောက်ထိုင်လိုက်သည်။
ခြောက်ရက် ခြောက်လ ခြောက်နာရီ
အာဖရိကတိုက်တွင် Tset Se ခေါ် ဖလိုင်းပိုးကောင်မှတစ်ဆင့် သယ်ဆောင်လာသော ဗိုင်းရပ်ပိုး သည် လူနှင့်တိရစ္ဆာန်များကို အလွန် ဆိုးဝါးစွာ ခြောက်လှန့်လျက်ရှိကာ အိပ်ငိုက်ရောဂါ (sleeping sickness) ကိုဖြစ်စေတတ်၏။ အိပ်ငိုက်ရောဂါဖြစ်ရခြင်း၏ အဓိက တရားခံမှာ ကပ်ပါးပိုး(parasite) တစ်မျိုးကြောင့်ပဲဖြစ်၏။ ယင်းသည် တစက်စီး ယင်ကောင်မှာ ရှိကြောင်း တွေ့ရပြီး လူသွေးကိုစုပ်၊ လူ့သွေးဖြင့် အသက်ရှင်သန်ရသော ထိုယင် ကောင်က လူကို ကိုက်လိုက်သည့် အခါ ယင်ကောင်အတွင်းရှိ ကပ်ပါး ပိုးသည်လူ့ခန္ဓာကိုယ် သွေးကြော များထဲသို့ အလျင်အမြန် ဝင်ရောက် သွားတော့၏။ သုံးနှစ်မှ ငါးနှစ်အထိ ကာလအတွင်းမှာ လူ၏အာရုံကြော နာ့ဗ်ကြောအဖွဲ့ အစည်း (nervous system) တို့ကို တိုက်ခိုက်ဖျက်ဆီး တော့သည်။ ယင်းကြောင့် အာရုံ ကြောထိခိုက်သွားကာ ဝေဒနာရှင် များသည် အားအင်ချည့်နဲ့လာကြပြီး မပြောနိုင်၊ မဆိုနိုင်၊ မစားနိုင် မသောက်နိုင်၊ မသွားနိုင်၊ မလျှောက် နိုင်ဖြစ်သွားရတော့၏။
နောက်ဆုံးတွင် အိပ်ငိုက် ရောဂါဝေဒနာသည်မှာ အိပ်မော ကျသွားပြီး မနိုးသောအိပ်ခြင်းဖြင့် အိပ်ပျော်ကာ သေဆုံးသွားရတော့ သည်။
နေရဲသည် ဖတ်လက်စ မဂ္ဂဇင်း စာအုပ်ကို ပိတ်လျက် ဝမ်းသာအားရ ထခုန်လိုက်သည်။ အဖြေတစ်ခုကို ရှာတွေ့လေပြီ။ ထိုစာအုပ်ကိုယူကာ သော်သော်ဝေ့ ထံ အပြေးသွား သည်။
Monday, July 01, 2013
ကျွန်မကို ခေါ်သွားပါရှင်
ခုတလော ကိုလေးရဲ့ အိမ်ပြန်ချိန်တွေ သိပ်နောက်ကျလာတယ်။ စုလှိုင် ၀မ်းနည်းလိုက်တာ။ ကိုလေးက အလုပ်ကို အကြောင်း ပြ၊ သူငယ်ချင်းကိုအကြောင်းပြပြီး အိမ်မှာနေချိန်တွေ နည်းနည်းလာပြီ။ ဟင့်အင်း နည်းတာ မဟုတ်ဘူး။ မရှိသလောက်ကို ဖြစ်နေတာ။ အစောဆုံးပြန်လာတာ ည ၁၁နာရီပဲ၊ ဒါ့ထက် နောက်ကျရင်ကျ၊ မလာရင် လုံးဝကို ပြန်မလာတော့တဲ့အထိပဲ။ ကိုလေးပြန် မလာလို့ ခံနိုင်ရည် မရှိတဲ့စိတ်ကို စုလှိုင်ထိန်းချုပ်လို့ရပေမဲ့ သမီးက ငိုမဲ့မဲ့ မေးလာတဲ့အခါမျိုးမှာ စုလှိုင် ခံနိုင်ရည်မရှိတော့ဘူး။ စကားတတ် တဲ့သမီး က ညညအိပ်ရာဝင်တိုင်း မေးတယ်။ ဒီည ဖေဖေပြန်လာမှာလားတဲ့။ အေးအေး ပြန်လာမှာပေါ့ သမီးဖို့ မုန့်ပါလာမှာ ဟိုဟာ ပါလာမှာ ဒီဟာပါလာမှာ ဆိုပြီး ဖြေသာဖြေဖြေနေရတာ၊ ပါလာဖို့မဆိုထားနဲ့ ကိုလေးက လူကိုယ်တိုင်ကို ပြန်မလာတော့တာ။ တစ်ရေးနိုးတိုင်း လည်း ဖေဖေပြန်လာပြီလား မေးတတ်တဲ့ သမီးကို မလာသေးဘူး လို့ ဖြေရတဲ့ညတွေ များလွန်းလို့ စုလှိုင် အဲဒီလို ဖြေဖို့အား မရှိတော့ဘူး ဖြစ်နေပါပြီ။
Tuesday, May 07, 2013
လူသိရှင်ကြား
![]() |
Family Magazine, May, 2013 |
တစ်ချက်ကလေးမှမမှိတ်ခဲ့ရသေးတဲ့ မျက်လုံးတွေနဲ့ ကျွန်မရဲ့ခန္ဓာဟာ ခုတင်ပေါ်ကနေ တစ်ရေးထ နိုးတယ်။ ၀ရန်တာမှာ ထွက်ရပ်တဲ့အခါ ကောင်းကင်က သူ့ရဲ့မဟူရာမျက်လုံး တောက်စူးစူးတွေနဲ့ ကျွန်မကို စိုက်ငုံ့ကြည့်နေတာကျွန်မမြင်တယ်။ ကောင်း ကင်ရဲ့ မျက်လုံးတွေကလက်လက်ထ တောက်ရွှန်းနေပေမဲ့ တကယ်တော့ သူဟာ ကျွန်မကို သနားစဖွယ်ကြည့်နေခဲ့တာပါ။ ဟုတ်တယ်။ဒီကမ္ဘာကြီးမှာ ကျွန်မဟာ သနားစရာအကောင်းဆုံး မိန်းမ တစ်ယောက်ပဲ။ ဒီနေရာ ဒီလိုအချိန်ကြီးမှာဒီလို လူ(မိန်းမ)တစ်ယောက် ဒီလို ဖြစ်ပျက်နေလိမ့်မယ်လို့ ဘယ်သူ သိကြမှာလဲ။ ဘယ်သူမှ မသိနိုင်ဘူး။တစ်လောကလုံးဟာ ကျွန်မလိုမဟုတ်ဘဲ နှစ်နှစ်ကာကာကြီး အိပ်မောကျနေကြတာပါ။ အိပ်မက်ကိုယ်စီမက်ရင်းနဲ့လူသားမှန်သမျှ အိပ်မောကျနေမယ့် အချိန်ကြီးပါ။ ကျွန်မ ဘာလို့ မအိပ်ခဲ့ သေးတာပါလိမ့်။
Saturday, April 27, 2013
အတည်မကျ
အိပ်မက်(တစ်)
လူတွေများပြားလှတယ်။ သူတို့ဟာ ဝတ်ကောင်းစားလှတွေဝတ်စားလို့၊ အမွှေးနံ့သာရည်တွေလိမ်းကျံလို့ ဝန်းကျင်တစ်ခုလုံး မွှေးကြိုင်နေတယ်။ သူတို့အားလုံးဟာ တိုင်ပင်မထားကြဘဲနဲ့(တိုင်ပင်ထားကြဟန်လည်းတူတယ်)တစ်ယောက်ကတစ်ယောက်ကိုလက်ဆွဲနှုတ်ဆက် နေကြတယ်။ တစ်ယောက်က တစ်ယောက်ကှို တစ်ဆင့်ပြီးတစ်ဆင့် မိတ်ဆက်နေပေးလို့ ခုမှစတင်သိကျွမ်းကြပေမယ့်လည်း ရှေးရှေးဘဝ ကတည်းက ဖူးစာဆုံစည်းဖူးတဲ့သူတွေလို တစ်ယောက်ကတစ်ယောက်ကို ပါးချင်းဘယ်ပြန်ညာပြန်အပ်လို့ပွေ့ဖက်နှုတ်ဆက်နေကြတယ်။ တစ်ယောက်က တစ်ယောက်ကို အပြုံးတွေရက်ရောနေကြတယ်။ မပွေ့ဖက်ခင်မှာလည်း ပြုံးပြတယ်။ ပွေ့ဖက်အပြီးမှာလည်း ပြုံးပြတယ်။ ကျောခိုင်းလှည့်ထွက်သွားတော့ လည်း မျက်နှာတွေက တပြုံးပြုံးနဲ့။ အဲဒီအပြုံးတွေက အမှည့်လွန်သစ်သီးတွေလို အရည်တရွှမ်းရွမ်းထွက်နေကြတယ်။
Saturday, January 19, 2013
မေ့မရတဲ့ လူ ( အပိုင်း ၂ )
၁၉၉၅ ခုနှစ်ဝန်းကျင်ကာလတွေ...
ကျောင်းပြီးတော့ ရန်ကုန်ပင်မတက္ကသိုလ် အပန်းဖြေရိပ်သာ(Recreation Center )မှာ ဖွင့်လှစ်ထားတဲ့ ဖက်စပ်(၃)၊ စာရေးကိရိယာအရောင်းဆိုင်လေးမှာ ကျွန်မ၀င်လုပ်ခဲ့သေးတယ်။ အဲဒီမှာ ပါဝါမျက်မှန်ထူထူကြီးနဲ့ ပါးလျလျကျောင်းသားတွေကို မြင်မိတိုင်း “သူ”များလား ဆိုပြီး အယောင်ယောင် အမှားမှားနဲ့ လိုက်လိုက် ကြည့်မိခဲ့တယ်။ တစ်ခါမှကို မဆုံဖြစ်ခဲ့ပါဘူး။ သူ့သီချင်းတွေနဲ့တော့ ရင်းနှီးသထက် ရင်းနှီးခဲ့တယ်။ အဲဒီ စာရေး ကိရိယာဆိုင်လေးမှာ တစ်နှစ်ခန့်လုပ်ပြီးတဲ့အခါ ကျွန်မငြီးငွေ့လာတယ်။ ဗလာစာအုပ်တွေ၊ ဘောလ်ပင်တွေလို စာရေးကိရိယာပစ္စည်းတွေ စုပုံ ပြည့်ကျပ်နေတဲ့ အခန်းကျဉ်းလေးထဲမှာ နေ့စဉ်လှုပ်ရှားနေရတဲ့ ဘ၀ကို ရိုးအီလာတဲ့ သဘောပေါ့။ ဒါနဲ့ သတင်းစာထဲမှာ လျှောက်လွှာခေါ်တဲ့ ဟိုတယ်ဝန်ထမ်းအလုပ်ကို ၀င်လျှောက် တဲ့အခါ Andaman Club Hotel လို့ခေါ်တဲ့ သူဌေးကျွန်းဟိုတယ်မှာ Guest Relation Officer (G.R.O )အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရခဲ့တယ်။ ရန်ကုန်ကို စွန့်ခွာပြီး ကော့သောင်းမြို့လေးမှာ သွားနေရတာ။ အဲဒီမှာ မြင်မြင်သမျှ မြင်ကွင်းတွေဟာ ကျွန်မအတွက် အသစ်အဆန်းတွေ ချည်းပဲဖြစ်နေပြီး ဘယ်နားကြည့်လိုက်ကြည့်လိုက် စိတ်ဝင်စားစရာကောင်းလွန်းနေတာမို့ အရင်က ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသမျှ တွေကို မေ့ပစ်သွားနိုင်လောက်တဲ့ အထိပါပဲ။ ထူးဆန်းတာက ကျွန်မ သူ့ကို တစ်နေ့မှ မမေ့ခဲ့ဘူး။ လူချင်း တစ်ခါမှ မသိ၊ မမြင်ဖူးတဲ့လူတစ်ယောက်ကို လွမ်းလွမ်းနင့်နင့်ကြီး သတိရနေမိတဲ့အဖြစ်ဟာ ဘယ်လောက်တောင်မှ အနေရခက်လှတယ်ဆိုတာ ကျွန်မ ပြောတောင် မပြောပြတတ်တော့ဘူးရှင်။ သူ့ကို သတိရလေလေ သူ့သီချင်းတွေကို ဆိုညည်းမိလေလေနဲ့။ဒါပေမဲ့ ဆိုသမျှ သီချင်းတွေက အရင်ကလို ပျော်မြူးစရာ မကောင်းတော့တာ ကျွန်မ သတိထားမိတယ်။ ဆွေးတာ လွမ်းတာ၊ တမ်းတတာ၊ သူစိမ်းဆန်တာ၊ အထီးကျန်တာ၊ မမျှော်လင့်ရဲတာ၊ ဝေးကွာတာ၊ အိပ်မက်မက်တာ၊ မျက်ရည်ဝဲတာ၊ အရိပ်မဲ့တာ၊ အခါလွန်တာ... ဒီလိုအဓိပ္ပာယ်တွေ တနင့်တပိုးကြီး ကိန်းအောင်းနေတဲ့ ကြေကွဲလှိုက်မောဖွယ်ရာ သူ့သီချင်းတွေကိုပဲ ကျွန်မ ဆိုတတ်ခဲ့ရပါပြီ။ တော်ရုံမိန်းကလေးတွေ တစ်ယောက်တည်းမသွားရဲကြတဲ့ ပါချန်မြစ်ကမ်းဘေးမှာ သွားထိုင်၊ ဂစ်တာတစ်လက်နဲ့ သီချင်းညည်း တတ်တဲ့ မိန်းကလေးဆိုလို့ ကျွန်မပဲ ရှိမယ်။ လက်ထဲမှာ ကျွန်မချစ်တဲ့ ဂစ်တာရှိတယ်၊ အတွေးထဲမှာ ကျွန်မသဘောကျတဲ့ “သူ”ရှိတယ်။ အို ဘယ်သူ့ကို ဂရုစိုက်လို့ ဘာကိုကြောက်ရမှာလဲနော်...။
Subscribe to:
Posts (Atom)