Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, January 30, 2014

ညွှန်းတဲ့ ရုပ်ရှင်

Winter’s Tale
Drama / Fantasy / Mystery
Warner Bros. Pictures
ဒါရိုက်တာ - Akiva Goldsman
ထုတ်လုပ်သူ - Akiva Goldsman, Marc E. Platt, Michael Tadross, Tony Allard
ဇာတ်ညွှန်း - Akiva Goldsman
ဝတ္ထု - Based on Winter's Tale by Mark Helprin
သရုပ်ဆောင်များ - Colin Farrell, Russell Crowe, Jessica Brown Findlay, Jennifer Connelly, Will Smith

ဇာတ်ညွှန်းရေး၊ ထုတ်လုပ်သူလည်းဖြစ်နေတဲ့ အမေရိကန်ဒါရိုက်တာ Akiva Goldsman ရဲ့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ လွမ်းမောဖွယ်အချစ်ကို ခံစားနိုင်မယ့်ရုပ်ရှင်တစ်ကားပါ။ Goldsman ဟာ ၂၀၀၁ ခုနှစ်က A Beautiful Mind ရုပ်ရှင်နဲ့ အကောင်းဆုံးဇာတ်ညွှန်းပြင်ဆင်ဖန်တီးဆုနဲ့ အကောင်းဆုံးရုပ်ရှင် အော်စကာဆုရရှိခဲ့တယ်။ Forever, Batman & Robin နဲ့ The Da Vinci Code ဇာတ်လမ်းတွဲတွေမှာဇာတ်ညွှန်းရေးတယ်။ I am Legend နဲ့ Mr. & Mrs. Smith မှာ ထုတ်လုပ်သူ နဲ့ Paranormal Activity ရုပ်ရှင်တွေမှာလည်း အမှုဆောင်ထုတ်လုပ်သူဖြစ်ခဲ့တယ်။ ရုပ်ရှင်တစ်ကားမှာ နေရာများစွာကနေဖန်တီးပုံဖော်နေတဲ့ Goldsman ဟာ ဒီ Winter’s Tale မှာလည်း ဇာတ်ညွှန်းအတွက်ပြင်ဆင်ရေးသားပါတယ်၊ ထုတ်လုပ်သူကိုယ်တိုင်နဲ့ ဒါရိုက်တာအဖြစ်လည်းပါဝင်ရိုက်ကူးခဲ့တာပါ။ ၁၉၁၆ ခုနှစ်နေ့ရက်တွေထဲက ပီတာလိတ်ခ်(Colin Farrell) ရဲ့ ဘဝတစ်ခုအကြောင်းပေါ့။ ပီတာလိတ်ခ်ဟာ အိုင်းရစ်ဖောက်ထွင်းရေးသမားတစ်ဦး၊ သူ ဖောက်ထွင်းဝင်ရောက်ခဲ့တဲ့အိမ်က မိန်းမငယ်လေး ဘီဗာလီပဲန်း(Jessica Brown Findlay)ကို ချစ်မက်စွဲလမ်းသွားတယ်။ မိန်းကလေးက သေအံ့ဆဲဆဲအနေအထားမှာပါ။ လိတ်ခ်ကို တူးတူးခါးခါးမုန်းတီးနေတဲ့ ဂိုဏ်းစတားအရူးအနှမ်း ပါးလီဆုမ်းစ်(Russell Crowe) နဲ့ သူ့ရဲ့ ဂိုဏ်းသားတွေကြမ်းကြမ်းရမ်းရမ်းလိုက်လံဖမ်းဆီးကြတော့ လှို့ဝှက်ဆန်းကြယ်နတ်မြင်းဖြူ အေသန်ဆော က ကယ်ဆယ်လိုက်တယ်။ ချစ်ခြင်းမေတ္တာနဲ့ ကံကြမ္မာကြားမှာ၊ အလင်း နဲ့ အမှောင်ကြားမှာ အံ့ဘနန်းဖြစ်ရပ်ဆိုတာ ဖြစ်ပျက်နိုင်တယ်တဲ့။ လိတ်ခ် က နောက်ဘဝတစ်ခုထိ အတောင်ပံတွေဆန့်တန်း ဖြန့်ကျက်ပြီး သူ့မိန်းကလေးကိုရှာနေဆဲပဲ။ အင်္ဂလိပ်အဆိုတော်မလေး Birdy ရဲ့ “Wings” သီချင်းသံက ခပ်ချိုချို၊ ဆွေးမြည့်လှိုက်မောဖွယ်။ လိတ်ခ်ရဲ့ မျက်ရည်တွေပြည့်လျှံလာခဲ့ပြီ။ Winter’s Tale ကို လာမယ့် Valentine’s Day မှာ ပြသမှာပါ။

Pompeii
Action / Adventure / Drama
Constantin Film (Germany)
TriStar Pictures (US and Canada)
Lionsgate Films (International)
Icon Productions (Australia)
ဒါရိုက်တာ - Paul W. S. Anderson
ထုတ်လုပ်သူ - Paul W. S. Anderson, Jeremy Bolt, Don Carmody
ဇာတ်ညွှန်း - Paul W. S. Anderson, Janet Scott Batchler, Lee Batchler, Julian Fellowes, Michael Robert Johnso
သရုပ်ဆောင်များ - Kit Harington, Emily Browning, Kiefer Sutherland, Jared Harris, Jessica Lucas

ဗစ်တိုးရီးယားဘုရင်မလက်ထက် နယူးကာဆယ်မြို့စားတစ်ဦးလည်းဖြစ်ခဲ့တဲ့ စာရေးဆရာ Edward Bulwer-Lytton (Lord Lytton) ရဲ့ အင်မတန်ကျော်ကြားခဲ့တဲ့ဝတ္ထု “ပွန်ပီမြို့ရဲ့ နောက်ဆုံးနေ့များ” ကို ပြန်လည်အမှတ်ရမိစရာပါပဲ။ အေဒီ ၇၉ ကာလ ပွန်ပီမြို့က ငွေဝယ်ကျွန် မိုင်လို(Kit Harington) ရဲ့ ကြမ်းတမ်းခက်ထန်ရဲ့ ဘဝနေ့ရက်ပုံပြင်တစ်ပုဒ်ပါ။ မိုင်လိုက ငွေဝယ်ကျွန်အဖြစ်ကနေ အနိုင်မခံအရှုံးမပေးဇွဲသန်လှတဲ့ Gladiator တစ်ဦးအဖြစ် ရှင်သန်နေထိုင်ရဖို့ဖြစ်လာတယ်။ အရာရာရင်ဆိုင်နိုင်ဖို့တွန်းအားပေးခဲ့တာက မိုင်လိုရဲ့ အချစ်စစ်ကလေး ကက်ဆီရာ(Emily Browning) ပါ။ မိန်းမချောလေး ကက်ဆီရာက သူကြွယ်ကုန်သည်ကြီးတစ်ဦးရဲ့ သမီးလေးပေါ့။ သူကြွယ်ကြီးဟာ လာဘ်စား/ အကျင့်ပျက်ရောမလွှတ်တော်အမတ်ကြီးတစ်ဦး၊ သူ့ရဲ့ သမီးချောလေး ကက်ဆီရာကို လက်ထပ်သိမ်းပိုက်မှာကို ငြင်းလည်း မငြင်းဆန်ဝံ့ဘူး။ ပျော်လည်း မပျော်ပိုက်ဘူး။ မိုင်လိုက ကက်ဆီရာ ကို ကယ်ဆယ်ဖို့ တိုက်ခိုက်ရတော့မယ်။ မိုင်လို သတ်ကွင်းထဲ အသင့်ဖြစ်နေတဲ့တစ်နေ့မှာ ဗီဆူးဗီးယပ်စ်မီးတောင်ကြီး မြည်ဟည်းပေါက်ကွဲလာတော့တယ်။ မီးလျှံမီးခဲ ချော်ရည်တွေ ပွန်ပီမြို့ကြီးဆီကို အရှိန်အဟုန်နဲ့ ပြေးဆင်းလာကြပြီ။ ဘယ်သူတွေ ပေါ်ထွက်လာမလဲ။ ဘယ်သူတွေ ပြိုလဲကျရှုံးမလဲ။ ဘယ်သူတွေလွတ်မြောက်မလဲ။ မီးတောင်ကြီးရဲ့ အရိပ်အောက်မှာရှိနေကြတဲ့ ပွန်ပီမြို့သားတွေဟာ မီးတောင်ဆိုတာ တစ်နေ့နေ့မှာဒီလို ပေါက်ကွဲပြီးချော်ရည်ချော်မြှုပ်တွေ အံထုတ်လာနိုင်တယ်ဆိုတာမသိနိုင်ဘဲ နေမြဲအတိုင်းလှုပ်ရှားနေခဲ့ကြတယ်။ ပွန်ပီမြို့ကို ချော်ရည်တွေနဲ့ ဖုံးအုပ်ပျောက်ကွယ်သွားစေခဲ့တဲ့ ဗီဆူးဗီးယပ်စ်မီးတောင်ကြီး လှုပ်ရှားခုန်ပေါက်၊ ပြိုဆင်းကျလာပုံတွေကို 3D နဲ့ ကြည့်ရှုနိုင်ကြမှာပါ။ ခန့်မှန်းကုန်ကျငွေ ဒေါ်လာ သန်း ၁၀၀ သုံးထားပါတယ်တဲ့။

RoboCop
Action / Crime / Sci-Fi
Metro-Goldwyn-Mayer, Columbia Pictures, StudioCanal (UK)
ဒါရိုက်တာ - José Padilha
ထုတ်လုပ်သူ - Marc Abraham, Eric Newman
ဇာတ်ညွှန်း - Joshua Zetumer
ဝတ္ထု - Based on 1987 Screenplay by Edward Neumeier, Michael Miner
သရုပ်ဆောင်များ - Joel Kinnaman, Gary Oldman, Michael Keaton, Samuel L. Jackson

“ကျွန်တော်ဘယ်မှာလဲ”  “ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ခဲ့တယ်။ ခင်ဗျား အခု ဆေးရုံမှာ” “ဘယ်လောက်ကြာပြီလဲ” “၃ လ” “ကလာရာ … ကျွန်တော်ဇနီး .. သားလေး သူတို့ရော” “ခင်ဗျား မိသားစု အားလုံး အဆင်ပြေတယ်” “ကျွန်တော် … လှုပ်လို့မရတော့ဘူး။ ကျွန်တော့်အစိတ်အပိုင်းတွေ သေဆုံးကုန်ပြီထင်တယ်”။ မဟုတ်ပါဘူး။ တကယ်တော့ ပိုပြီးသန်စွမ်းရှင်သန်လာခဲ့တာပါ။ သက္ကရာဇ် ၂၀၂၈ မှာ OmniCorp ရိုဘော့ကော်ပိုရေးရှင်းကြီးဟာ ရိုဘော့စက်ရုပ်တွေဖန်တီးထုတ်လုပ်ပေးနေတယ်။ ပင်လယ်ရပ်ခြားက စစ်တပ်ဌာနတွေအတွက်ပါ။ ကမ္ဘာတလွှားမှာ OmniCorp ရဲ့ ဘီလီယံနဲ့ချီနေတဲ့ ရိုဘော့ထုတ်လုပ်မှုတွေလှုပ်ရှားနေတယ်။ သူတို့ရဲ့ အငြင်းပွားဖွယ်ရာနည်းပညာကို မိခင်မြေမှာပါ လက်တည့်စမ်းအသုံးပြုခွင့်၊ ရွှေအခွင့်အရေးကြီးတစ်ခုရရှိလာခဲ့ပါပြီ။ အင်မတန်ချစ်ခင်ကြင်နာတတ်တဲ့ခင်ပွန်းကောင်း၊ ဖခင်ကောင်း၊ တာဝန်ကျေလှတဲ့ ရဲအရာရှိကောင်း အဲလက်စ်မာဖီ(Joel Kinnaman)ဟာ ဒက်ထရွိုက်မှာ မြင့်တက်နေတဲ့ ပြစ်မှု/ အကျင့်ပျက်ခြစားမှုဒီရေကျသွားအောင် အတတ်နိုင်ဆုံးကြိုးစားနေတယ်။ တာဝန်ချိန်အတွင်း ကားဗုံးပေါက်ကွဲမှုနဲ့အတူ သူရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ပြင်းပြင်းထန်ထန်ထိခိုက်သွားခဲ့ပြီ။ OmniCorp က ဒီအခွင့်အရေးကို ဆုပ်ကိုင်ဖမ်းယူထားလိုက်ပြီး လူတစ်ပိုင်း ရိုဘော့တစ်ပိုင်းရဲအရာရှိတစ်ဦးဖန်တီးလိုက်တော့တယ်။ OmniCorp ရဲ့ ထုတ်လုပ်ဖန်တီးခဲ့ဖူးတဲ့ ရိုဘော့တွေက အမေရိကလမ်းမတွေပေါ်မှာ ပြည့်နှက်လာတဲ့အခါ။ အဲလက်စ်မာဖီက သူ့ကိုသန်စွမ်းရှင်သန်စေခဲ့တဲ့ OmniCorp ကိုအထောက်အပံ့ပေးမှာလား။ OmniCorp ကလူတွေ မေ့လျော့သွားခဲ့တာက ရိုဘော့စက်ရုပ်တစ်ရုပ်အတွင်းမှာ အကောင်းအတိုင်းကျန်ရှိနေသေးတဲ့ လူသားအစစ်ပါ။ အဲဒီလူသားရဲ့ တရားမျှတမှုကိုချစ်မြတ်နိုးဆဲ စိတ်ဓာတ်တစ်ခုကို သူတို့လျှော့တွက်ခဲ့ကြတယ်။
The Monuments Men
Action / Biography / Comedy
Columbia Pictures(United States)
20th Century Fox (International)
ဒါရိုက်တာ - George Clooney
ထုတ်လုပ်သူ - George Clooney, Grant Heslov
ဇာတ်ညွှန်း - George Clooney, Grant Heslov
ဝတ္ထု - Based on The Monuments Men by Robert M. Edse
သရုပ်ဆောင်များ - George Clooney, Matt Damon, Bill Murray, John Goodman, Jean Dujardin, Bob Balaban, Hugh Bonneville, Cate Blanchett

ဂျော့ခ်ျကလူးနီရိုက်ကူး ထုတ်လုပ်တဲ့ စစ်ပွဲသမိုင်းတွေထဲက ဖြစ်ရပ်မှန်ရုပ်ရှင်ပါ။ အမေရိကန်စာရေးဆရာ Robert M. Edsel ရဲ့ The Monuments Men: Allied Heroes, Nazi Thieves and the Greatest Treasure Hunt in History ကိုရိုက်ကူးထားတာပါ။ ဒုတိယကမ္ဘာစစ်အတွင်း သမိုင်းဝင်အဆောက်အအုံတွေ၊ အနုပညာလက်ရာ ပန်းချီကားတွေကို ဟစ်တလာရဲ့ နာဇီပါတီအင်အားစုတွေမဖျက်ဆီးခင် မဟာမိတ်တပ်ဖွဲ့တွေ ကာကွယ်ကြရတယ်။ လက်ရာမြောက်ပန်းချီကားတွေ ပိုင်ရှင်အစစ်အမှန်ဆီပြန်လည်ရောက်ရှိနိုင်အောင် စောင့်ရှောက်ကြတယ်။ မဖြစ်နိုင်တဲ့စစ်ဆင်ရေးတစ်ခုလိုပါပဲ။ ရန်သူစစ်ကြောင်းနောက်မှာ ပိတ်မိနေတဲ့အနုပညာလက်ရာတွေ၊ ဂျာမန်စစ်တပ်ကျဆုံးတဲ့အခါ အားလုံးကို ဖျက်ဆီးဖို့ အမိန့်အာဏာတွေအောက်မှာ ပြတိုက်၇ခုက ဒါရိုက်တာတွေ၊ ပြတိုက်မှူးတွေနဲ့ အနုပညာသမိုင်းပညာရှင်တွေအားလုံးဟာ မိုက်ကယ်အိန်ဂျလိုရဲ့ လက်ရာမြောက်အနုပညာလက်ရာတွေထက် M -1 လို တပ်ဖွဲ့ရဲ့ စစ်ဗျူဟာမြောက်အခြေအနေတွေနဲ့ပဲ ပိုပြီး အကျွမ်းတဝင်ရှိနေကြတာမဟုတ်လား။ အောင်မြင်ဖို့ မျှော်လင့်နိုင်ပါ့မလားပဲ။ ဒါပေမဲ့ Monuments Men လို့ ခေါ်နေကြတဲ့ တပ်သားတွေဟာ သက်တမ်း ၁၀၀၀ ခန့်ရှိနေတဲ့ ယဉ်ကျေးမှုလက်ရာတွေဖျက်ဆီးခံရမယ့်အခြေအနေကို တားဆီးဖို့ကြိုးစားကြမှာပါ။ စစ်ဗိုလ်လေး ဂျိမ်းစ်ရိုရင်းမားအဖြစ် မက်ဒေမွန်သရုပ်ဆောင်ခဲ့ပါတယ်။ ဒယ်နီရယ်ကရေ့ခ်ျကို သရုပ်ဆောင်စေဖို့ မူလကစီစဉ်ထားခဲ့ပေမဲ့ ရက်အားမရှိတာကြောင့် မက်ဒေမွန်သရုပ်ဆောင်ဖြစ်ခဲ့တယ်လို့ဆိုတယ်။ အမေရိကန်စစ်ပွဲနဲ့ လေယာဉ်တွေအပါအဝင်တိုက်ပွဲပြကွက်တွေကို ယူကေ၊ Cambridgeshire က Imperial War Museum Duxford နဲ့ ဂျာမနီ၊ Potsdam က Babelsberg Studios မှာ ရိုက်ကူးခဲ့ပြီး outdoor ရိုက်ကွင်းတွေကိုတော့ ဂျာမနီရဲ့ နာဇီပါတီသမိုင်းမှာအရေးကြီးခဲ့တဲ့ Harz ဒေသ အော့ဇ်ဝစ်ခ်ျမြို့၊ Berlin-Brandenburg မှာရိုက်ကူးခဲ့ကြတယ်။ ၆၄ ကြိမ်မြောက် ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်အတွင်း ၂၀၁၄ ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာ စတင်ပြသမယ်လို့ ကြေညာထားပါတယ်။
ဖြိုးဖြိုး
(Yati Magazine, February, 2014)

Thursday, January 23, 2014

ဟိုသတင်း ဒီသတင်း

၂၀ ရာစုမြေခွေးရဲ့ ထူးခြားဆန်းပြားပန်းခြံထဲမှာ

ဒစ္စနေ နဲ့ ယူနီဗာဆယ်လ်တို့ဟာ သိပ်မကြာခင်မှာ ရုပ်ရှင်တွေထဲက မြင်ကွင်းတွေနဲ့ပုံဖော်ထားတဲ့ ပန်းခြံရဲ့ရှေ့မှာယဉ်ပြိုင်မှုတွေပြုလုပ်ကြပါလိမ့်မယ်။ 20th Century Fox ဟာ ရင်ဖိုစရာစီနင်းလိုက်ပါနိုင်မယ့်ပါတီမှာ ပါဝင်ဆင်နွှဲနိုင်မယ့်အစီအစဉ်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ “20th Century Fox World” လို့ အမည်ပေးထားပြီး အဲဒီ ပန်းခြံထူးခြားဆန်းပြား အပြင်အဆင်တွေကို ၂၀၁၆ မှာ စတင်ဖွင့်လှစ်နိုင်ဖို့  ပြင်ဆင်နေပါပြီ။ မလေးရှားနိုင်ငံရဲ့ Resorts World Genting အပမ်းဖြေပန်းခြံရဲ့ အခွဲအဖြစ် မြို့တော်ကွာလာလမ်ပူအပြင်ဘက် တစ်နာရီခန့်သွားရတဲ့နေရာမှာပါ။ အစီအစဉ်အတိုင်းဆိုရင် ၂၅ ဧက ကျယ်ဝန်းမယ့်ပန်းခြံထဲမှာ Fox  ကထုတ်လုပ်ခဲ့တဲ့ရုပ်ရှင်တွေဖြစ်တဲ့ “Ice Age”, “Rio”, “Alien vs. Predator”, “Planet of the Apes” နဲ့ “Night at the Museum” ရုပ်ရှင်တွေထဲကလိုပဲ စိတ်ဝင်စားစရာ အပျော်စီးနင်းလိုက်ပါနိုင်တဲ့လမ်းကြောင်း၊ ချားရဟတ်မျိုးတွေနဲ့ ထူးခြားဆန်းပြားအောင် ဖန်တီးတည်ဆောက်ကြပါလိမ့်မယ်။ တချို့ကစားနည်းတွေမှာ ကလေးငယ်တွေအတွက် ရည်ရွယ်ပြီး တခြားဆော့ကစားစီးနင်းလိုက်ပါနိုင်မယ့်ယဉ်လမ်းကြောင်းတွေက ရင်ဖိုထိတ်လန့်စရာရှာဖွေနေကြသူတွေအတွက်ပါ။ ဘယ်ရုပ်ရှင်ဇာတ်ဝင်ခန်းအခင်းအကျင်းက လူကြီးတွေအတွက်ဖြစ်နေမလဲ အသေအချာကြိုတင်မပြောနိုင်ပေမဲ့ “Alien vs. Predator” လမ်းကြောင်းကတော့ ၃ နှစ်အရွယ် ကလေးငယ်တွေအတွက်မဖြစ်နိုင်လောက်ဘူးလို့ဆိုတယ်။ “ပထမဆုံး ၂၀ရာစုမြေခွေးအခင်းအကျင်းနဲ့ပန်းခြံကို Resorts World Genting မှာဖွင့်လှစ်လိုက်တာဟာ ကျွန်တော်တို့ရဲ့ကြွယ်ဝတဲ့ဇာတ်ကောင်သမိုင်းတွေကို နေရာအသစ်တစ်ခုမှာပြသနိုင်တော့မှာဖြစ်သလို၊ ထူးခြားတဲ့ဖျော်ဖြေမှုအတွေ့အကြုံတစ်ခုအဖြစ် စီစဉ်ထောက်ပံ့ပေးမှာပါ” လို့ 20th Century Fox သုံးစွဲသူထုတ်ကုန်ဌာန ဥက္ကဌ ဂျက်ဖရီဂေါ့ဒ်ဆစ်ခ်က ပြောပါတယ်။  ကမ္ဘာတစ်ဝှမ်းကလူတွေ မလေးရှားမှာစုစည်းကြပြီး မှော်မျက်လှည့်ဆန်ဆန် Fox ရဲ့ ထူးခြားဆန်းပြားအပြင်အဆင်တွေမှာ ပါဝင်ဆင်နွှဲနိုင်ကြတော့မှာပါ။ Genting မလေးရှား CEO တန်ရှရီကော့ခ်သေး က 20th Century Fox World အတွက် ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံထားတယ်။ မလေးရှားနိုင်ငံတစ်ဝှမ်းနဲ့ တရုတ်နိုင်ငံ၊ အရှေ့တောင်အာရှနိုင်ငံက ခရီးသားဧည့်သည်တွေအများစုလာရောက်လည်ပတ်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုတယ်။ ပထမဆုံးအဲဒီအခင်းအကျင်းပန်းခြံကို မလေးရှားမှာတည်ဆောက်ဖို့ 20th Century Fox က ဆုံးဖြတ်လိုက်ဟာ ယူအက်စ် Fox ရုပ်ရှင်ပရိတ်သတ်တွေအတွက်တော့ စိတ်ပျက်စရာသတင်းတစ်ခုဖြစ်သွားကြမှာပါ။ မလေးရှားဟာ ခရီးသွားဈေးကွက်ကြီးကျယ်တဲ့နေရာဖြစ်တာကြောင့် Fox ရုပ်ရှင်တွေရဲ့ ဈေးကွက်ကြီးမားဖို့အရေးကြီးပါတယ်လို့ Fox က ဆိုတယ်။ အာရှရဲ့ ပထမဆုံး Legoland ကို မလေးရှားမှာပဲ ၂၀၁၂ က စတင်ဖွင့်လှစ်ခဲ့ကြတယ်။ စင်္ကာပူကနေ အချိန်တိုအတွင်းအရောက်သွားနိုင်တဲ့နေရာမှာပါ။ ဒေါ်လာ ၂၄၃ သန်း အကုန်အကျခံခဲ့ပြီး စတုရန်းမီတာ ၃၀ ရှိတဲ့ ပန်းခြံပါ။ ကလေးငယ်စီးနင်းလိုက်ပါဆော့ကစားနိုင်တဲ့ကစားနည်းပေါင်း ၄၀ ရှိပြီး ပြပွဲတွေနဲ့ တခြားစိတ်ဝင်စားဖွယ်ရာတွေတည်ဆောက်ထားပါတယ်။ ၂၀၁၃ အောက်တိုဘာမှာ Legoland Waterpark ကိုလည်း ထပ်မံတည်ဆောက်ခဲ့ကြတယ်။ Legoland အပမ်းဖြေဟိုတယ်ဟာ ဖွင့်လှစ်ဖို့နောက်ဆုံးအဆင့်ပြီးစီးနေပါပြီ။ ၂၀၁၄ မှာဖွင့်လှစ်ပါလိမ့်မယ်။ တောင်ဘက်နယ်နမိတ် စင်္ကာပူမှာလည်း ယူနီဗာဆယ်စတူဒီယိုကို ၂၀၁၀ မှာ Resorts World Sentosa တည်ဆောက်ခဲ့ကြတယ်။ ထိုင်းနိုင်ငံမှာလည်း Cartoon Network Amazone water park ကို ပတ္တရား အပမ်းဖြေမြို့တော်အနီး ၂၀၁၄ မှာ ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ အဲဒါကတော့ Amazon Falls Co. Ltd ရဲ့ စီမံကိန်းပါ။ 
Source : CNN Travel

Monday, January 20, 2014

ချွေချွေတာတာ လျှော့ဈေးပွဲတော်ရက်တွေမှာ

 ဈေးဝယ်ထွက်ရတာကို ကစားနည်းတစ်ခုလိုစွဲလမ်းနေကြတဲ့သူလေးတွေဟာ နှစ်တစ်နှစ်ကုန်ဆုံးတော့မယ့်အချိန်ဆို ဆိုင်တွေမှာ မြင်သာအောင်ရေးထားတဲ့ discount နှုန်း စာလုံးလေးတွေကို စိတ်ဝင်တစားကြည့်မိကြမှာပါ။ အဲဒီ လျှော့ဈေးစာလုံးလေးတွေကပဲ အိတ်ကပ်ပေါင်းများစွာထဲက ပိုက်ဆံလေးတွေကို ဆွဲထုတ်ယူသွားနိုင်တာပေါ့။ ဈေးဝယ်ထွက်ကြတဲ့အခါ ပိုပြီးချွေတာနိုင်အောင် စိတ်ကိုလှည့်စားနိုင်မယ့်လှို့ဝှက်နည်းလမ်းတွေကို ပြောပြချင်ပါတယ်။ ဘာကြောင့်သုံးမှာလဲ။ ဘယ်လိုသုံးမှာလဲ။ ဘယ်လောက်သုံးမှာလဲ အဲဒီလိုအတွေးလေးတချိန်လုံးတွေးတောရင်း သတိရှိတဲ့ ဈေးဝယ်ထွက်သူလေးတွေဖြစ်နိုင်ကြစေဖို့ပါနော်။

ရာသီစာအပြင်အဆင်လေးတွေက ထောင်ချောက်လေးတွေပါ
အားလပ်ရက်ဝန်းကျင်တွေမှာဆိုရင် အနီ၊ အစိမ်း အသွေးအရောင်စုံလေးတွေနဲ့ ပြင်ဆင်ခင်းကျင်းထားတဲ့ စတိုးဆိုင်လေးတွေဟာ ကိုယ်တို့ကို ပိုက်ဆံတွေပုံအောသုံးဖြုန်းမိသွားစေအောင် စွဲဆောင်နိုင်တဲ့နေရာလေးတွေပါ လို့ Psychologytoday.com အဖွဲ့ဝင် ဆန်ဖရန်စ္စကို Golden Gate တက္ကသိုလ် စိတ်ပညာဌာန ပရော်ဖက်ဆာ Kit Yarrow က ပြောပါတယ်။ အနီရောင်ဟာ စိတ်ကိုလှုပ်ရှားတက်ကြွအောင်လှုံ့ဆော်ပေးပါတယ်တဲ့။ အနီရောင်ယူနီဖောင်းဝတ်စုံလေးတွေ ဝတ်ဆင်ထားတဲ့ဧည့်ကြိုလေးတွေဟာ ၁၄ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၆ ရာခိုင်နှုန်း ပိုမြင့်မားတဲ့ tip money ရရှိကြတယ်လို့ သူမကရှင်းပြပါတယ်။ အစိမ်းရောင်ကတော့ ကောင်းမွန်ရှင်သန်တဲ့အတွေးအမြင်မျိုး ရရှိစေတယ်။ ကြွယ်ဝချမ်းသာခြင်းနဲ့ ကံကောင်းခြင်းတွေနဲ့ သက်ဆိုင်စေတယ်တဲ့။ အဲဒီလိုစွမ်းအင်တွေရှိနေတဲ့ အသွေးအရောင်နှစ်ခုကို ပေါင်းစပ်ခင်းကျင်းထားလိုက်မယ်။ ပြီးတော့ ဈေးအကြီးဆုံး အမျိုးအစားလေးတွေကို မျက်ဝန်းအကြည့်အများဆုံး စုပြုံရောက်ရှိနိုင်တဲ့နေရာလေးတွေမှာ ချပြထားလိုက်မယ်။ ကိုင်တွယ်ကြည့်မိတဲ့ပစ္စည်းလေးတွေက ဝယ်ဖြစ်ဖို့ ပိုပြီး သေချာနေတတ်တယ်လေ။ စတိုးဆိုင်လေးတွေမှာ ရာသီအလိုက် ထင်းရှုးရနံ့လေးတွေလို၊ ပက်ပါမင့်ရနံ့မျိုးတွေလို အသုံးပြုထားမယ်ဆိုရင် အဲဒီဆိုင်တွေမှာ ကိုယ်တို့ အချိန်ကြာကြာပေး ကြည့်ရှုဖြစ်တော့မယ်။ အဲဒါဆိုရင် ပိုက်ဆံလေးတွေ အများကြီးခုန်ထွက်သွားနိုင်တာပေါ့။

ဈေးဝယ်ထွက်ရင် ခွာမြင့်မြင့်ဖိနပ်လေးတွေ စီးပါ
လတ်တလောတွေ့ရှိထားတဲ့ နောက်တီးနောက်တောက်လေ့လာချက်တစ်ခုမှာဆိုရင် စားသုံးသူ/ ဈေးဝယ်ထွက်ကြသူတွေရဲ့ စိတ်ဟာ ဟန်ချက်ညီနေတဲ့အပေါ်အာရုံစိုက်တတ်တယ်။ ဈေးသိပ်ကြီးလွန်းတာ၊ ဒါမှမဟုတ် အရည်အသွေးသိပ်နိမ့်လွန်းတာထက် အလယ်အလတ်အဆင့်ရှိတဲ့ပစ္စည်းမျိုး ရွေးချယ်ဝယ်ယူဖို့ဖြစ်နိုင်ခြေများပါတယ်တဲ့။ ယောဂလေ့ကျင့်ခန်းယူပြီးသလို၊ စက်လှေကားနဲ့တက်နေရသလို ခံစားမှုမျိုးရှိနိုင်တဲ့ high-heeled တွေစီးပြီးဈေးဝယ်ထွက်ကြမယ်ဆိုရင် သိပ်ပြီးတော့ သက်တောင့်သက်သာရှိနေတော့မှာမဟုတ်ပါဘူး လို့ Brighham Young University လေ့လာသူတွေက HealthDay(News for Healthier Living)မှာ ပြောထားပါတယ်။

ငွေစက္ကူအသစ်လေးတွေ ကိုင်ဆောင်ထားပါ
လူတွေဟာ သစ်လွင်ကြွပ်ရွနေတဲ့ ငွေစက္ကူလေးတွေကိုပဲ ပိုပြီးသဘောကျနှစ်သက်ကြတယ်။ သိမ်းဆည်းလိုကြတယ်။ Consumer Research ဂျာနယ်ရဲ့ လေ့လာတွေရှိချက်တွေမှာ ကိုယ်တို့ဆီမှာများ ငွေစက္ကူအနွမ်းတွေရှိနေခဲ့ရင် ဘယ်လောက်ရှိနေတယ် သိပ်ပြီးတွက်ချက်မနေတော့ဘဲ ခပ်မြန်မြန်လေးသုံးစွဲပစ်လိုက်ဖို့ပဲ အားသန်ကြပါတယ်လို့ ဆိုထားတယ်။ ငွေစက္ကူအသစ်လေးတွေဆိုရင် တန်ဖိုးနည်းနေပါစေဦး သုံးစွဲလိုက်ဖို့ နှမြောတွန့်တိုနေတတ်ကြတယ်တဲ့။

ခြေစုံရပ်ပြီး များများတွေးတတ်တဲ့အကျင့်လေးရှိနေပါစေ
စိတ်မြန်လက်မြန် ဖြတ်ခနဲဝယ်ယူတတ်တာထက် စိတ်ကိုတင်းထားပါ။ ကိုယ့်ရဲ့ credit ကတ်လေး လေထဲဆွဲယူကိုင်မြှောက်ပြီး မသုံးစွဲခင်မှာ အဲဒီပြောင်လက်တောက်ပ မက်မောစရာပစ္စည်းလေးတွေ ဝယ်မလား၊ မဝယ်ဘူးလား သတိရှိရှိ ခဏလေးရပ်တန့်ပြီး စဉ်းစားတွေးတောပေးပါ။ ကိုယ်တို့ဝယ်ဖို့ ရွေးချယ်လိုက်တဲ့ပစ္စည်း အရောင်းစာရေးတစ်ဦးဆီ ပေးလိုက်ပြီးတဲ့အခါမှာတောင် အဲဒီပစ္စည်းလေးနဲ့ ခပ်ဝေးဝေးတစ်နေရာရာမှာ ထိုင်ပြီး ကိုယ့်ကိုကိုယ်မေးကြည့်ပါဦး။ “ငါ ဘာကြောင့်များ ဒီနေရာကိုရောက်နေရတာလဲ” ။ “ဘယ်လိုများ ခံစားရသလဲ”။ “အဲဒီပစ္စည်းလေး ငါ တကယ်လိုအပ်နေလို့လား”။ “စောင့်လိုက်ဦးမယ်ဆိုရင်ရော”။  “ဘယ်လောက်များပေးရမှာပါလိမ့်” ။ “ဘယ်နေရာထား/ ဘာအတွက်သုံးရမှာလဲ” စတဲ့ အဲဒီမေးခွန်းလေးတွေတသီတတန်းကြီး မေးကြည့်ပြီးရင်တောင်မှ ကိုယ်တို့အတွက် သိပ်ကိုလိုအပ်တဲ့ ပစ္စည်းမှန်းသေချာနေခဲ့ပြီ ဆိုရင် ဝယ်ယူသင့်ပါတယ်လို့ To Buy or Not to Buy: Why we overshop and how to stop ဆောင်းပါးရေးသားခဲ့တဲ့ စိတ်ပညာရှင် April Lane Benson က ရှင်းပြပါတယ်။

ကိုယ်သွားမယ့်စတိုးဆိုင်အရေအတွက်ကို ကန့်သတ်ထားပါ
စတိုးဆိုင်များများ လျှောက်ကြည့်လေလေ ဝယ်ယူဖြစ်ဖို့ ပိုပြီးအခွင့်အရေးများလေလေပါ လို့ Forbes.com မှာ ရေးထားပါတယ်။ ကိုယ့်တို့ဘာသာ ပြောနေတတ်တာက ဈေးနှုန်းတွေတစ်ဆိုင်နဲ့တစ်ဆိုင် နှိုင်းယှဉ်ပြီးမှ ဝယ်ယူသင့်တယ်ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ခြေထောက်လေးတွေ အလုပ်များများပိုပြီးလုပ်လိုက်ရပြီဆိုရင် ကိုယ့်တို့ရဲ့ ဈေးဝယ်ခြင်းမှာလုံ့လထားအားထုတ်ခြင်းအပေါ် ဆုလာဘ်ချီးမြှင့်ချင်တဲ့ခံစားချက်မျိုး ဖြစ်လာတော့မယ်။ ပိုပိုပြီး ဝယ်ယူမိတော့မှာ အသေအချာပါ။

တခြားသူတွေကိုလည်း မေးမြန်းကြည့်ပါ
ဒယ်ဒီက ကော်ဖီဖျော်စက် ဒါမှမဟုတ် ဗီဒီယိုကင်မရာ လိုအပ်တာလားတွေးတောပါ။ ၆၀ ရာခိုင်နှုန်းသော holiday လက်ဆောင်ပစ္စည်းလေးတွေဟာ တကယ်တော့ လူတွေမျှော်လင့်ထားတာထက် အသုံးပြုဖြစ်ကြတာနည်းနေပါတယ်။ အဲဒီ နောက်ဆုံးပေါ် holiday လက်ဆောင်ပစ္စည်းတွေ ကိုယ်တကယ်အသုံးလိုရဲ့လား၊ ဟုတ်မဟုတ် ဝယ်ယူဖို့မသေချင်ရင် အနီးအနားက ဈေးဝယ်လာသူလေးတွေနဲ့ စကားစမြည်မိတ်ဖွဲ့ပြီး အကြံတောင်းကြည့်ပါ။ သူရော ဘာဝယ်မှာလဲ မေးမြန်းစပ်စုကြည့်ပါ။

လျှော့ဈေးတွေကို ရူးသွပ်မနေပါနဲ့
လျှော့ဈေးရောင်းချတဲ့ဆိုင်တွေရဲ့ ရှိမယ့်နေရာတွေကို အမဲလိုက်သလို အငမ်းမရအချိန်ယူရှာဖွေစုဆောင်းထားပြီး ဆိုင်တွေဆီအရောက်သွားလို့ ဝယ်ယူခဲ့ပါပြီ။ အကောင်းဆုံးအပေးအယူပြီးမြောက်ခဲ့တယ်လို့ ကိုယ်တို့ထင်မြင်နေပေမဲ့ အဲဒီနောက်မှာ ရလာဒ်ကပြောင်းပြန်ပါ။ ကိုယ်ဟာ ငွေကြေးချွေတာနိုင်လိုက်ပြီး တခြားသူအတွက်ပေရးမယ့် လက်ဆောင်ကောင်းလေးရလိုက်တယ်။ အဲဒါ ကိုယ့်ကိုကိုယ်စိတ်ကျေနပ်စရာလို့ ထင်နေမိမယ်။ Yarrow ရှင်းပြတာက လျှော့ဈေးတွေမှာရူးသွပ်ပြီး ဖြုန်းတီးမိတဲ့အရာတွေဟာ ကိုယ်တကယ် ချွေတာနိုင်လိုက်တဲ့ငွေကြေးထက် ပိုပြီးကုန်ကျခဲ့ပါတယ် တဲ့။

အရောင်းစာရေးမလေးတွေနဲ့ မိတ်ဆွေဖွဲ့ခြင်းရှောင်ကြဉ်ပါ
သူတို့လေးတွေနဲ့ ပိုပြီးအတွေ့အမြင်များလေလေ တစ်ခုခုဝယ်ယူမိဖို့ အခွင့်အရေးပိုများလေလေပါလို့ Forbes.com မှတ်စုတွေမှာရေးထားပါတယ်။ ကိုယ့်တို့ကို အကူအညီပေးနေတဲ့ သူငယ်ချင်းကောင်းလေးတွေ ကိုယ့်ကို အားမလိုအားမရ ဖြစ်ကာ စိတ်ပျက်သွားကြမှာမျိုး မလိုလားကြဘူးမဟုတ်လား။

ဝေးဝေးရှောင်နိုင်ဖို့ ကြိုးစားပါ
ခမ်းခမ်းနားနားလှပလွန်းပြီး သက်တောင့်သက်သာရှိလှတဲ့ ဈေးဝယ်စင်တာတွေမှာ စိတ်နှလုံးပျော်ဝင်သာယာမှုဟာ သင့်ရဲ့ ဦးနှောက်ကိုပါလန်းဆန်းစေပါတယ်။ ခံစားမှုအားကောင်းနေတဲ့ဦးနှောက်မှာ ဓာတုပစ္စည်း dopamine တွေဟာ နာဗ်ကြောဆက်တွေကို ဖြတ်လျှောက်သွားကြတယ်။ အဲဒီအနေအထားမှာ ဈေးဝယ်ထွက်နေသူဟာ သူ့ရဲ့စိတ်ကို အပိုင်စီးထားနိုင်တယ်။ အဲဒီတော့ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ကြည်လင်တဲ့စိတ်နဲ့ ပစ္စည်းတွေအများကြီးပဲ ဝယ်ဖြစ်သွားနိုင်ပါတယ် လို့ Wall Street Journal မှာ ဖော်ပြထားတယ်။ အဲဒီ အကျိုးသက်ရောက်မှုမျိုးလျှော့ချချင်တယ်ဆိုရင်တော့ အဲဒီလိုဈေးဝယ်ခြင်းမျိုး ဖြစ်သွားစေနိုင်တဲ့နေရာတွေကို ရှောင်ရမှာပဲပေါ့ လို့ ကျန်းမာရေး သတင်းထောက် Tara Parker-Pope က အကြံပြုပါတယ်။ ရောက်ဖြစ်သွားတယ်ဆိုရင်တော့ ပြန်လာပါ။ ပစ္စည်းတွေ ပိုင်ဆိုင်ချင်နေသေးတဲ့ခံစားချက်မျိုးရှိနေသေးတတ်တယ်။ ဒါပေမဲ့ အချိန်လေးနည်းနည်းကြာလာတော့ အဲဒီလိုချင်နေသေးတဲ့စိတ်ဟာ ရှင်းပစ်လိုက်သလို ပျောက်ကွယ်သွားနိုင်ပါတယ်တဲ့။

Credit ကတ်တွေ အိမ်မှာပဲ ထားခဲ့ပါ
လူအများစုဟာ ငွေသားနဲ့ပေးချေဈေးဝယ်တာထက် အဲဒီ ပလပ်စတစ်ကတ်လေးတွေသုံးပြီးငွေပေးချေဖို့ ပိုပြီးဆန္ဒရှိနေတတ်ကြတယ်။ ငွေသားဟာ ငွေပေးချေတဲ့အခါ ပိုပြီး မြင်သာတယ်။ အဲဒီတော့ ကိုယ်တို့ဘယ်လောက်သုံးစွဲမိသလဲဆိုတာ ပေးချေနေရင်းနဲ့ကို စိတ်ထဲမှာ တွက်ချက်နေတတ်ကြတယ်။ ငွေပမာဏကို ပိုပြီးမမြင်နိုင်လေလေ သုံးစွဲမိနိုင်ချေပိုများလေလေဖြစ်တတ်ကြပါတယ်။

Source: Top Psychology Tricks to Spend Less While Shopping by Lauren Gelman | Reader’s digest

ဖြိုးဖြိုး
(Living Fashion Magazine, February, 2014)

Sunday, January 19, 2014

How do you spell love?

ဟိုဒီ သတင်းတွေဖတ်ရင်းနဲ့ Pooh နဲ့ Piglet တို့ ပြောတဲ့စကားလေးတွေချစ်စရာကောင်းလို့
ဒီနေ့က Winnie-the-Pooh ဖန်တီးရေးသားခဲ့တဲ့ အင်္ဂလိပ်စာရေးဆရာကြီး A. A. Milne မွးဖွားခဲ့တဲ့နေ့တဲ့။
အဲဒါနဲ့ စာသားလေးတွေ မေ့သွားမှာစိုးတာနဲ့။
ဒီနေရာမှာ သိမ်းထားလိုက်ဦးမယ်။


Alan Alexander Milne (18 January 1882 – 31 January 1956) was an English author, best known for his books about the teddy bear Winnie-the-Pooh and for various children's poems. Milne was a noted writer, primarily as a playwright, before the huge success of Pooh overshadowed all his previous work.

A.A. Milne was born this week in 1882. In honor of the Winnie-the-Pooh creator's birthday, here are 14 adorable quotes from his books:


“A little Consideration, a little Thought for Others, makes all the difference.”

“'We'll be Friends Forever, won't we, Pooh?' asked Piglet.
Even longer,' Pooh answered.”
“If you live to be a hundred, I want to live to be a hundred minus one day so I never have to live without you.”

“I think we dream so we don't have to be apart for so long. If we're in each other's dreams, we can be together all the time.”

“One of the advantages of being disorderly is that one is constantly making exciting discoveries.”

“'Sometimes,' said Pooh, 'the smallest things take up the most room in your heart.'”

“Promise me you'll never forget me because if I thought you would, I'd never leave.”


“'How do you spell love?' - Piglet
'You don't spell it...you feel it.' - Pooh”

“Rivers know this: there is no hurry. We shall get there someday.”
“If there ever comes a day when we can't be together, keep me in your heart. I'll stay there forever.”

“The things that make me different are the things that make me.”

“Sometimes, if you stand on the bottom rail of a bridge and lean over to watch the river slipping slowly away beneath you, you will suddenly know everything there is to be known.”

“Piglet noticed that even though he had a Very Small Heart, it could hold a rather large amount of Gratitude.”

“Some people care too much. I think it's called love.”

Friday, January 03, 2014

မရဏဟိုတယ်က အပြန်

အထပ်ပေါင်း ၃၁ ထပ်ရှိသည့် Future ကုန်တိုက်ကြီးတစ်ခုအတွင်း၌ လှည့်လည်ကြည့်ရှုသူ၊ ဈေးဝယ်လာသူ အများအပြား ဖြင့် စည်ကားသိုက်မြိုက်လျက်ရှိသည်။  အသွေးအရောင်စုံ လူအပေါင်းတို့သည် ကုန်တိုက်ကြီးတစ်ခုလုံးရှိ အထပ်များတွင် ခြေချင်းလိမ် အောင် ပြည့်နှက်နေသည်။ စက်လှေကားများပေါ်တွင် ခြေထောက်ပေါင်းများစွာ တလိမ့်လိမ့် ဆင်း/တက် ပြုနေကြသည်။ ဓာတ်လှေကား များသည်လည်း မရပ်မနား ၃၁ ထပ်လုံး တက်လိုက် ဆင်းလိုက် ရပ်လိုက် နှင့်၊ အထပ်တစ်ထပ် တွင် ရပ်နားလေတိုင်း လူများ တွန်းတိုက် ရှောင်တိမ်းလျက် ၀င် ထွက် သွားလာနေကြသည်။ အထပ်တိုင်းတွင် ကုန်ပစ္စည်းအသစ်အရောင်းမြှင့်တင်ပွဲ၊ တေး အယ်လ်ဘမ်သစ် မိတ်ဆက် လက်မှတ်ထိုးရောင်းချပွဲ တစ်ခုမဟုတ်တစ်ခုက နေ့စဉ်လိုလို ရှိနေတတ်သည်။ R&Bအဆိုတော်မလေးတစ်ဦး၏ တေးအယ်လ် ဘမ်သစ်လက်မှတ်ထိုးရောင်းချပွဲ အခင်းအကျင်းရှေ့၊ လူအုပ်ကြီးကြားထဲ ရပ်လျက် သူတို့နှစ်ယောက် စကားအချီအတင် ပြောဆိုနေကြ သည်။

Thursday, January 02, 2014

အကြောင်းကြားစာ

မေမေက ဒီအကြောင်းကြားစာလေး ဘလောဂ့်မှာ တင်ချင်တယ်ဆိုလာလို့ပါ။
 ဖေဖေ မေမေ ခပ်ငယ်ငယ်ကဓာတ်ပုံလေးတွေပဲ တင်ထားလိုက်ပါတယ်။
နှစ်သစ်မှာ မိတ်ဆွေအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ။

ပျဉ်းးမနားမြို့နေ ခင်ပွန်း အငြိမ်းစား Leprosy  Inspector  ဦးအောင်သန်းသည် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ဘ၀တစ်ပါး ပြောင်းသွားပါသဖြင့် ဘုရားအမှူးပြု သံဃာတော် အရှင်သူမြတ်တို့အား ရက်လည်ဆွမ်းဆက်ကပ်ခြင်းစသည့် ကုသိုလ်ကောင်းမှု အစုစုတို့ကို သိုက်မြိုက်စွာ ပြုပြီးဖြစ်ပါကြောင်း  Florist က သိသော မသိသော၊ Florist ကို သိသော မသိသော စာပေလောကမှ မိတ်ဆွေများအား ချစ်ခင်လေးစားစွာ အကြောင်းကြားပါသည်။ 
Florist (ခင်မေသစ်)

ဟိုသတင်း ဒီသတင်း

အလင်းနဲ့မှတ်တမ်းဝင်ခဲ့တဲ့ မိသားစု
 
ဒေးဗစ်ရစ်ချတ်စ်အတွက်တော့ အားလပ်ရက်ရာသီဟာ ပျော်ရွှင်မှုတွေ၊ ကောင်းချီးသြဘာသံတွေညံတဲ့အချိန်ပါ။ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းဝင်နိုင်ခဲ့တာမို့လည်း စိတ်လှုပ်ရှားနေကြတယ်။ သြစတြေးလျမြို့တော် ကင်မ်ဘာရာကအိမ်မှာ မီးလုံးပေါင်း သန်းတစ်ဝက်ကျော်နဲ့အလှပြုပြင်ဆင်ယင်ထားကြတာပါ။ ဒီအဆောက်အဦလေးရဲ့ ထူးခြားလှပတဲ့အလင်းတွေအတွက် ခေါင်းစဉ်တစ်ခုခုရစေချင်ခဲ့ကြတယ်။ အံ့သြဖွယ်ရာ အလင်းတွေဟာ ၃၁ မိုင်တောင်ရှည်လျားပါတယ်။ ရစ်ချတ်ဟာ ၂၀၁၁ မှာ မီးလုံးပေါင်း ၃၃၁၀၃၈ လုံးနဲ့ အလှဆင်ခဲ့ပြီး ကမ္ဘာ့မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီလိုအလင်းတွေထူးခြားလှပနေနိုင်ဖို့က လတွေအတော်များများအချိန်ပေးရတာကြောင့် နောက်တစ်ကြိမ်အလှမဆင်တော့ဘူးလို့လည်း ဆုံးဖြတ်ချက်ချက်ခဲ့တယ်။ ၂၀၁၂ မှာ နယူးယောက်၊ Lagrangeville မိသားစုတစ်စုက အဲဒီအခွင့်အရေးကိုအရယူပြီး မီးလုံးပေါင်း ၃၄၆၂၈၃ နဲ့ အလင်းတွေခင်းကျင်းပြသလိုက်တယ်။ ရစ်ချတ်က ဒီနှစ်မှာသူ့ရဲ့မှတ်တမ်းကို ပြန်သိမ်းယူချင်ရုံမဟုတ်ဘဲ သူ့ရဲ့ စံချိန်ကို အချိန်အကြာကြီးထိန်းသိမ်းထားချင်တာပါ။ ၂၀၁၃ မှာတော့ မီးလုံးအရေအတွက် ၅၀၂ ၁၆၃ အထိ တိုးပြီးအလှဆင်ခဲ့တာပါ။ ဂင်းနစ်အဖွဲ့က မီးလုံးတွေ တစ်ခုစီမရေတွက်ခဲ့ပါဘူး။ မီးလုံးဝယ်ယူခဲ့တဲ့လက်ခံဖြတ်ပိုင်းတွေရယ်၊ သန်းတစ်ဝက်ရှိတဲ့အလင်းတွေကြားအကွာထဲမှာရှိနေတဲ့ LED မီးလုံးတွေကို ရေတွက်ပြီးစစ်မှန်ကြောင်းသက်သေပြတာပါ လို့ ရစ်ချတ်ကပြောပြပါတယ်။ ရစ်ချတ်မိသားစုဟာ အိမ်နီးချင်းထောင်ပေါင်းများစွာဆီက အလှူငွေတွေကောက်ခံရယူခဲ့ပါတယ်။ ပြီးခဲ့တဲ့၂ နှစ်က ဒေါ်လာ ၇၈၀၀၀ မွေးကင်းစကလေးရုတ်တရက်ဆုံးပါးတဲ့ရောဂါစု (SIDS) နဲ့ Kids ACT အတွက် လှူဒါန်းဖို့ရံပုံငွေရှာခဲ့ကြတာပါ။ အဲဒီလှူဒါန်းငွေတွေနဲ့ SIDS နဲ့ ကလေးငယ်ဆုံးပါးခဲ့တဲ့မိသားစုတွေအတွက် ကျန်းမာရေးအတိုင်ပင်ခံ နှစ်ဦး ငှားရမ်းပေးနိုင်ခဲ့ကြတယ်။ ဒီနှစ်အတွက်တော့ ဒေါ်လာ ၁၀၀ ၀၀၀ စုဆောင်းနိုင်ဖို့ ရစ်ချတ်ကမျှော်လင့်ထားပါတယ်။ “အဲဒါဟာ ကျွန်တော်တို့ရဲ့ စိတ်ပါဝင်စားမှု” ပါလို့ ဆိုတယ်။ ရစ်ချတ်နဲ့ ဇနီးဂျိန်းနီရန်တို့ရဲ့ ကလေးငယ်တစ်ဦး လွန်ခဲ့တဲ့ဆယ်စုနှစ်က SIDS နဲ့ ဆုံးရှုံးခဲ့ရတယ်။ သူတို့မှာ ကလေး ၃ ယောက်ရှိကြတယ် အသက် ၁၃ နှစ်နဲ့ ၆ နှစ်ကလေးတို့ပါ။ ရစ်ချတ်ဒီစီမံကိန်းကို အောက်တိုဘာလက စတင်ခဲ့တယ်။ အလုပ်မသွားခင်၊ အလုပ်ကပြန်လာတဲ့အချိန်နဲ့ အလုပ်အားရက်တွေမှာ မီးလုံးတွေတပ်ဆင်ခဲ့တာပါ။ ဂင်းနစ်အဖွဲ့မရောက်လာခင်ညက နောက်ဆုံးမီးလုံးတစ်လုံး တပ်ဆင်နေခဲ့ပါတယ် လို့ ရစ်ချတ်က ပြောပါတယ်။ ဂင်းနစ်website မှာ “ခရစ်စမတ်မီးအလင်းအများဆုံးအိမ်- သန်းတစ်ဝက်ကျော်ပါတယ်” လို့ ဖော်ပြထားပါတယ်။ မီးလုံးလေးနဲ့ ပြည့်နေတဲ့ လိုဏ်ခေါင်းအောက်မှာဖြတ်လျှောက်လိုက်တာနဲ့ အချိန်ကိုက်ထွက်ပေါ်လာတဲ့ ဂီတတေးသွားလေးကို နားထောင်ရတာ ကြည်နူးစရာပဲ လို့ ဧည့်ပရိတ်သတ်တွေကချီးမွမ်းကြတယ်။ ရစ်ချတ်မိသားစုရဲ့ လျှပ်စစ်မီတာခကတော့ လစဉ် ဒေါ်လာ ၂၅၀၀ လောက်ကုန်ကျမှာပါ။ “လျှပ်စစ်မီတာခကုန်ကျစရိတ်ဟာ ရံပုံငွေလှူဒါန်းတာထက်တော့ နည်းပါသေးတယ်။ အဲဒီကုန်ကျစရိတ်ကို ဇနီးသည်ကမသိပါဘူး။ သူ့ကို သွားမေးရင်လည်း ကျွန်မ မသိချင်ပါဘူးရှင် လို့ပဲ ဖြေပါလိမ့်မယ်” လို့ ရစ်ချတ်ကပြောပါတယ်။

ညွှန်းတဲ့ ရုပ်ရှင်


Jack Ryan: Shadow Recruit
Action / Drama / Thriller
Paramount Pictures
ဒါရိုက်တာ - Kenneth Branagh
ထုတ်လုပ်သူ - Lorenzo di Bonaventura, Mace Neufeld
ဇာတ်ညွှန်း - Adam Cozad, David Koepp
ဝတ္ထု - Jack Ryan by Tom Clancy
သရုပ်ဆောင်များ - Chris Pine, Kevin Costner, Kenneth Branagh, Keira Knightley

စစ်အေးခေတ်နောက်ပိုင်း သူလျှိုထားမှုတွေအကြောင်း အသေးစိတ်ရေးသားခဲ့တဲ့ နာမည်ကျော်အမေရိကန်စာရေးဆရာ Tom Clancy ရဲ့စီအိုင်အေသုတေသနအရာရှိ Jack Ryan ဇာတ်ကောင်၊ ဇာတ်လမ်းတွဲတွေရဲ့ ၅ ပိုင်းမြောက်ရုပ်ရှင်ပါ။ ပြီးခဲ့တဲ့ ၄ ပိုင်းမှာတော့ ဂျက်ရိုင်ယန်အဖြစ် အလက်ဆ်ဘောလ်ဒ်ဝင်၊ ဟယ်ရီဆန်ဖို့ဒ် နဲ့ ဘန်အက်ဖလက်ခ် တို့ သရုပ်ဆောင်ခဲ့ကြတယ်။ Shadow Recruit မှာတော့ Start Trek into Darkness နဲ့ Rise of the Guardians သရုပ်ဆောင် ခရစ်ပိုင်း က ဂျက်ရိုင်ယန်အဖြစ်ပါဝင်ထားတယ်။ ဒါရိုက်တာကတော့ Thor ဒါရိုက်တာ Kenneth Branagh ပါ။ စီအိုင်အေလျှို့ဝှက်သုတေသနအရာရှိ လူငယ်လေး ဂျက်ရိုင်ယန်က ယူအက်စ်စီးပွားရေးကို ပြိုယိုင်လဲပျက်စီးအောင် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုနဲ့ကြိုးစားမယ့် ရုရှားရဲ့ကြံစည်မှုကို ဖော်ထုတ်မှာပါ။ လိမ်လည်လှည့်ဖြားခြင်းပရိယာယ်က ကစားပွဲတစ်ပွဲပဲ။ အဲဒီကစားပွဲမှာ ကစားတဲ့ရှရှားဇာတ်ကောင် ဗစ်ခ်တာချဲရဲဗင် (Kenneth Branagh) က ပြောတယ်။ “မင်းတို့ အမေရိကန်တွေဟာ မင်းတို့အကြောင်းပဲတွေးကြတယ်။ သိသာလွန်းတယ်။ မင်းလည်း အရိုင်းကောင်ပဲဖြစ်မှာပဲ” တဲ့။ “မင်းကသာ ဆတ်ဆတ်ထိမခံဖြစ်နေတာပါကွာ” ဂျက်ရိုင်ယန်က ပြန်ပက်တယ်။ ယုံကြည်မှုဆိုတာ အထင်အမြင်မှားခြင်းတစ်ခု၊ ဥာဏ်ကြီးတာကသာ လက်နက်တစ်ခု။ အဲဒီလိုအယူအဆတွေနဲ့ အပြန်အလှန်ပစ်ပေါက်၊ ကစားနေကြတဲ့ ကြမ်းကြမ်းရမ်းရမ်းကစားပွဲမှာ ဂျက်ရိုင်ယန်ရဲ့ ဇနီးအလှလေး ကက်သီရိုင်ယန်(Keira Knightley) က ဓားစာခံဖြစ်ဦးတော့မယ်။ Tom Clancy ရဲ့ စီအိုင်အေအေးဂျင့်ဝတ္ထုတွေကို ဗီဒီယိုဂိမ်းမျာစွာထုတ်လုပ်ခဲ့ကြတဲ့အထိ အက်ရှင်ပရိသတ်တွေအကြိုက်တွေ့ခဲ့ပေမဲ့ စာရေးဆရာရဲ့နောက်ထပ် စီအိုင်အေ အေးဂျင့်ဇာတ်လမ်းတွေ ဖတ်ရှု/ ဂိမ်းတွေဆော့ကစားဖို့ မဖြစ်နိုင်တော့ပါဘူး။ အောက်တိုဘာ ၁ ရက်နေ့က Tom Clancy ဆုံးပါးခဲ့ပါပြီ။  တိုက်ဆိုင်စွာပဲ Shadow Recruit ရုပ်ရှင်ပိုစတာကို အောက်တိုဘာ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပြီး၊ ရုပ်ရှင်နမူနာကို အောက်တိုဘာ ၃ ရက်နေ့က ဖြန့်ချိပြသခဲ့ကြတယ်။

******************
I, Frankenstein
Action / Fantasy / Sci-Fi
Lionsgate
ဒါရိုက်တာ - Stuart Beattie
ထုတ်လုပ်သူ - Tom Rosenberg, Gary Lucchesi, Andrew Mason, Richard S. Wright
ဇာတ်ညွှန်း - Stuart Beattie
ဝတ္ထု - story by Kevin Grevioux, Stuart Beattie, Based on graphic novel I, Frankenstein by Kevin Grevioux
သရုပ်ဆောင်များ - Aaron Eckhart, Bill Nighy, Yvonne Strahovski, Miranda Otto, Socratis Otto, Jai Courtney, Kevin Grevioux

အင်္ဂလိပ်စာရေးဆရာမ Mary Shelley ရဲ့၁၉ ရာစုက ကျော်ကြားခဲ့တဲ့ Gothic ဝတ္ထုဇာတ်ကောင် ဖရန်ကန်စတိန်းကို အခြေခံရိုက်ကူးထားတာပါ။ သိပ္ပံပညာရှင်ကြီး ဖရန်ကန်စတိန်းရဲ့ သိပ္ပံစမ်းသပ်ထဲကထွက်ပေါ်လာခဲ့တဲ့ ကိုးရိုးကားယား ပုံပမ်းမကျန သတ္တဝါကြီး Adam က အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားတယ်။ အာဒမ်(Aaron Echart) ဟာ အလောင်းကောင်တွေရဲ့အစိတ်အပိုင်းတွေစုစည်းပေါင်းစပ်၊ လျှပ်စစ်ဓာတ်ရိုက်သွင်းပြီး ရှင်သန်လာခဲ့ရသူပေါ့။ ရှေးဟောင်းမြို့တော်ကြီးထဲက ထာဝရန်ရှင်သန်နိုင်ကြတယ်ဆိုတဲ့ လူမျိုးစုနှစ်စုရဲ့ တိုက်ပွဲကြီးက အပြင်းအထန်ဆင်နွှဲနေကြတာ။ ကြာမြင့်နေခဲ့ပြီ။ မပြီးနိုင်မစီးနိုင်၊ မနိုင် မရှုံး၊ အပြီးမသတ်နိုင်တဲ့စစ်ပွဲကြီးမှာ အာဒမ်က သူ့ကိုယ်သူရှာဖွေတွေ့ခဲ့သတဲ့။ သူ ဘာလုပ်ရမယ်ဆိုတာသိခဲ့တယ်။ သူက အဆုံးသတ်လမ်းဆီခေါ်သွားမှာလားပဲ။ ဘီလူးမိစ္ဆာကြီးတွေရဲ့ ခေါင်းဆောင် နာဘီးရီးရပ်စ်(Bill Nighy)၊ အာဒမ်ကို အကူအညီပေးမယ့်မိန်းကလေး တာရာ(Yvonne Strahovski)၊ Gargoyle လူမျိုးစုရဲ့ ဘုရင်မ လီယိုနိုး(Miranda Otto)၊ Gargoyle စစ်တပ်ရဲ့ ခေါင်းဆောင် ဂီဒီယွန်(Jai Courtney) နဲ့ အာဒမ်ကို ဖန်တီးခဲ့တဲ့ သိပ္ပံပညာရှင်ကြီး ဒေါက်တာ ဗစ်တာဖရန်ကန်စတိန်း(Aden Young) တို့ ရဲ့ သေသေကြေကြေတိုက်ပွဲတွေကို သြစတြေးလျ မဲလ်ဘုန်းရှုခင်းတွေမှာ ဖန်တီးရိုက်ကူးထားပါတယ်။

******************
Labor Day
Drama
Paramount Pictures
ဒါရိုက်တာ - Jason Reitman
ထုတ်လုပ်သူ - Lianne Halfon, Russell Smith, Jason Reitman, Helen Estabrook
ဇာတ်ညွှန်း - Jason Reitman
ဝတ္ထု - Based on Labor Day by Joyce Maynard
သရုပ်ဆောင်များ - Kate Winslet, Josh Brolin, Gattlin Griffith, Tobey Maguire

ဟန်နရီဝီးလ်လား(Tobey Maguire)ဆိုတဲ့လူ၊ အသက် ၃၀နှစ်အစောပိုင်းနေ့တစ်နေ့ထဲမှာ သူ့ရဲ့ အသက် ၁၃နှစ်ငယ်ဘဝနေ့ရက်တွေကို တွေးတော၊ အချိန်တွေ၊ နေ့ရက်တွေ၊ အဖြစ်အပျက်တွေကို ပြန်လည်ရေတွက်ကြည့်နေတယ်။ နွေနေ့ရက်တွေကုန်ခါနီး အားလပ်ရပ်ဟာ အရင်ရက်တွေလိုပဲ အထီးကျန်ခြောက်ကပ်စွာကုန်ဆုံးသွားမှာပါပဲ။ ဟန်နရီလေး(Gattlin Griffith) သူ့ရဲ့အချစ်တော် ဟမ်းစတားလေးနဲ့ ဆော့ကစားရင်း တီဗီအစီအစဉ်တွေကြည့်တစ်ချက်မကြည့်တစ်ချက်နဲ့၊ တခဏလေးအတွင်း သူ့ရဲ့အတန်းဖော်သူမလေးကို သတိရလိုက်သေးတယ်။ ဟန်နရီရဲ့မေမေက အိမ်ထောင်ကွဲနေသူ၊ စိတ်ဓာတ်အမြဲကျဆင်း၊ မြင်မြင်ရာကိုကြောက်ရွံ့နေတတ်တဲ့အမျိုးသမီးတစ်ဦး အဒဲလ်(Kate Winslet) ပေါ့။ မနှစ်မြို့စရာစည်သွတ်ဗူးတွေနဲ့ အအေးခံအစားအစာတွေသာ အော်ဂလီဆန်လောက်အောင် နေ့တိုင်းစားသောက် အသက်ဆက်ခဲ့ရတဲ့မိသားစုထဲက မိန်းကလေးတစ်ဦး၊ အဒဲလ်ဟာ လူထူထူထပ်ထပ်နဲ့ ဟင်းလင်ပြင်ကိုအကြောက်လွန်တဲ့ Agoraphobia ရောဂါမျိုးတောင်ရှိနေသလားပဲ။ တစ်ရက် Labor Day  မတိုင်ခင်နေ့မှာပေါ့ သိပ်ကိုပျင်းရိငြီးငွေ့လာတဲ့ ဟန်နရီက အဒဲလ်ကို ဈေးဝယ်ထွက် သွားကြဖို့ပူဆာတယ်။ စူပါမားကက်ကြီးထဲမှာ ဖိုသီဖတ်သီ လူတစ်ဦးနဲ့ ဟန်နရီဆုံတယ်။ အဲဒီလူ ဖရန့်(Josh Brolin)ဦးခေါင်းမှာ ဒဏ်ရာကြီးနဲ့၊ သွေးစီးယိုကျနေတယ်။ လူစိမ်းသိပ်ကြောက်တတ်တဲ့မေမေ အဒဲလ်နဲ့ ဟန်နရီတို့ အကူအညီပေးရတော့မယ်။ ဖရန့်က အကျပ်ကိုင်တာကြောင့် အိမ်ကိုခေါ်သွားကြရတယ်။ ဖရန့်ခ်က အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့သူတဲ့။ အကျဉ်းသား၊ အပြစ်သားဖြစ်နေခဲ့တဲ့ ဖရန့်ခ်ကို ကြောက်ရွံ့နေခဲ့ကြသေးတယ်။ နောက်တော့ ဟန်နရီကို ဘေ့စ်ဘောကစားဖို့ သင်ကြားပေးတဲ့သူ၊ အဒဲလ်ရဲ့ စိတ်ဓာတ်ကျဆင်းနေမှုတွေကို ဖယ်ရှားပေးလိုက်တဲ့ဖရန့်ခ်ဖြစ်လာတော့တယ်။ ဟန်နရီဝီးလ်လား ပြန်လည်ရေတွက်နေခဲ့တဲ့နေ့ရက်တွေ၊ အဖြစ်အပျက်တွေထဲမှာ စိတ်ချောက်ချားစရာတွေရှိနေခဲ့သလား ဒရာမရုပ်ရှင်ကြိုက်ပရိတ်သတ်တွေ သိချင်နေကြမှာအသေအချာပါ။

******************
47 Ronin
Action / Adventure / Fantasy
Universal Pictures
ဒါရိုက်တာ - Carl Erik Rinsch
ထုတ်လုပ်သူ - Scott Stuber, Pamela Abdy, Eric McLeod
ဇာတ်ညွှန်း - Chris Morgan, Hossein Amini
သရုပ်ဆောင်များ - Keanu Reeves, Rinko Kikuchi, Tadanobu Asano, Hiroyuki Sanada

၂၀၁၃ ရဲ့ နောက်ဆုံးနေ့ရက်တွေကို နှုတ်ဆက်လိုက်မယ့် ရုပ်ရှင်ပါ။ ၂၀၁၂ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ပြသမယ်လို့ သတင်းထုတ်ပြန်ထားခဲ့ကြပေမယ့် ၂၀၁၃ ဖေဖေါ်ဝါရီ ၈ ရက်နေ့ကို ရွှေ့ခဲ့ကြတယ်။ နောက်ထပ်တစ်ခါ ၂၀၁၃ ခရစ်စမတ်နေ့မှာ ပြသမယ်လို့ ဆိုထားပြန်တယ်။ ဟန်ဂေရီရဲ့ မြို့တော် ဘူဒါပက်စ်မှာ 47 Ronin ဇာတ်ဝင်ခန်းတွေ စတင်ရိုက်ကူးထားတယ်။ ပြီးတော့ လန်ဒန်က စတူဒီယိုခန်းမထဲနဲ့ စကော့တလန် Isle of Skye၊ ရုပ်ရှင်ဇာတ်သိမ်းပိုင်းကိုတော့ ဂျပန်မှာရိုက်ကူးခဲ့ကြတာပါ။ ၁၈ ရာစုက ဂျပန်ဆာမူရိုင်းအုပ်စု ထဲက Forty-seven Ronin ရဲ့ တကယ့်ဘဝဖြစ်ရပ်တွေကို ဆန်းဆန်းပြားပြားဇာတ်ရုပ်တွေနဲ့ ဖန်တီးရိုက်ကူးထားတဲ့ fantasy action ရုပ်ရှင်ပါ။ ရိုနင်ဆိုတာ ဆာမူရိုင်းအကြီးအကဲမရှိတော့တဲ့အုပ်စုထဲက ဆာမူရိုင်းတစ်ဦးပေါ့။ ဂျပန်သမိုင်းမှတ်စုတွေမှာတော့ 47 Ronin ဆိုတာ အဲဒီခေတ်က ဆာမူရိုင်းသူရဲကောင်း Bushidō ရဲ့ အမည်ဝှက်လို့ဖော်ပြကြတယ်။ သူတို့ရဲ့အရှင်သခင်ကို လုပ်ကြံသတ်ဖြတ်သွားသူကို လက်စားချေလိုတဲ့သူ 47 Ronin ဆာမူရိုင်းဇာတ်ကောင် ကိုင်(Kai) အဖြစ် Keanu Reeves က သရုပ်ဆောင်တယ်။ ဂျပန်သွေးတစ်ဝက် အင်္ဂလိပ်သွေးတစ်ဝက် Kai နဲ့အတူ Hiroyuki Sanada, Tadanobu Asano, Rinko Kikuchi, Kou Shibasaki နဲ့ Jin Akanishi တို့ပါဝင်ထားတယ်။ ထူးခြားတာ ပိုပြီးသဘာဝကျကျဖြစ်စေချင်တာကြောင့် ယူအက်စ်ရုပ်ရှင်လောကမှာ မှတ်မိနေကြသရုပ်ဆောင်တွေကို ရွေးချယ်မထားပါဘူး။ စွန့်ပစ်ပယ်ခွာခြင်း၊ ကျွန်ပြုခြင်းတွေဟာ တစ်နေရာဆီဦးတည်နေပြီ။ အဲဒါ လက်စားချေဖို့အတွက်ပါပဲ။ 47 Ronin ရဲ့ အပြင်းထန်ဆုံးသောရည်မှန်းချက်တဲ့။ အံ့ဘနန်းအထူးပြုလုပ်ချက်တွေ၊ ဘူဒါပက်စ်မြို့တော်အလှအပ နဲ့ ဂျပန်ဆာမူရိုင်းတို့ရဲ့ပြောင်လက်ထက်ရှတဲ့ ဓားတဝင့်ဝင့် ရင်ဆိုင်တိုက်ခိုက်ကြပုံတွေ အသည်းယားစဖွယ် ကြည့်ရှုနိုင်ကြပါလိမ့်မယ်။        ။
ဖြိုးဖြိုး
(Yati Magazine, January, 2014)