Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, May 29, 2014

ညွှန်းတဲ့ ရုပ်ရှင်


Edge of Tomorrow
Action / Sci-Fi 
Warner Bros. Pictures, Roadshow Entertainment (Australia & New Zealand)
ဒါရိုက်တာ - Doug Liman
ထုတ်လုပ်သူ - Erwin Stoff, Tom Lassally, Jason Hoffs, Gregory Jacobs, Jeffrey Silver
ဇာတ်ညွှန်း - Christopher McQuarrie, Jez Butterworth, John-Henry Butterworth
ဝတ္ထု - All You Need Is Kill by Hiroshi Sakurazaka
သရုပ်ဆောင်များ - Tom Cruise, Emily Blun

"ရှင် နိုးထပြီဆိုရင် ကျွန်မကို လာရှာနိုင်မလား" တိုက်ပွဲတစ်ခုမှာ ကေ့ခ်ျ (Tom Cruise) တစ်ခါသေဆုံးသွားတိုင်း ရီတာ (Emily Blunt) စိုးရိမ်ပူပန်စွာ မှာတတ်ခဲ့မြဲ။ ကေ့ခ်ျဆိုတဲ့ အရာရှိလေးဟာ အရင့်အရင်ကတိုက်ပွဲဆိုတာ မကြုံခဲ့စဖူး။ တစ်နေ့ လေယာဉ်ပေါ်မှာ ကေ့ခ်ျနဲ့အတူ တပ်သားတွေအစီအရီပါလာတဲ့နေ့မှာ ဗြုန်းစားဒိုင်းစားကြီးပဲ အချိန်လှည့်ပတ်နေတဲ့တိုက်ပွဲတစ်ခုထဲ ပစ်သွင်းခံလိုက်ရတယ်။ ပြေးဝင်လာတဲ့ရန်သူ၊ ဘယ်သူတွေလဲ ဆန်းစစ်မနေအားဘူး။ မိနစ်ပိုင်းအတွင်း တိုက်ခိုက်သတ်ဖြတ်လိုက်ရတယ်။ အဲဒီတိုက်ပွဲဟာ အင်မတန်ကြမ်းတမ်းရက်စက်တယ်။ အခါခါတိုက်ခိုက်ရတယ်၊ ထပ်ခါထပ်ခါ သေအံ့ဆဲဆဲအခြေအနေမျိုးကြုံဆုံစေတယ်။ ကေ့ခ်ျပြန်နိုးထရပြန်တယ်။ ပြီးရင်တော့ တိုက်ပွဲက လာပြန်ဦးတော့မယ်။ ဒါပေမဲ့ တိုက်ပွဲတစ်ခုစီမှာ ကေ့ခ်ျရဲ့ တိုက်ခိုက်စွမ်းရည်တိုးတက်လာတယ်။ ပြိုင်ဘက်ရန်သူကို ဘယ်လိုထိန်းကျောင်းသုတ်သင်ရမလဲ ပိုပြီးသိလာတယ်ပြောရမယ်။ ကေ့ခ်ျကို သင်ကြားပေးနေတာက အထူးတပ်ဖွဲ့စစ်သည်မိန်းကလေး ရီတာဗရာတာစကီပါ။ ရီတာက အချိန်ပတ်လမ်း တိုက်ပွဲအကြောင်းကို နားလည်သဘောပေါက်နေသူလေး၊ ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာ ကေ့ခ်ျကိုလမ်းပြနိုင်သူလေးပေါ့။ ကေ့ခ်ျ နဲ့ ရီတာတို့ ဂြိုဟ်သားတွေကို တိုက်ခိုက်ကြတဲ့အခါ တိုက်ပွဲတစ်ပွဲ ပက်ပင်းကြုံတိုင်း ရန်သူကိုကျရှုံးဖို့ တစ်ဆင့်ပို ပြီး နီးကပ်သွားစေတယ်တဲ့။ အဲဒီ အချိန်ပတ်လမ်းတိုက်ပွဲကို ဆင်နွှဲစေသူက ဂြိုဟ်သားတွေပဲလား။ နောက်ထပ်တကယ့်ရန်သူရှိနေသေးလား။ ရီတာကတော့ သူမကို မပြတ်လာရှာဖို့ မှာနေခဲ့တာပါ။ Edge of Tomorrow ရဲ့ ဇာတ်ကောင်ကေ့ခ်ျအဖြစ် မူလက ဘရက်ပစ်ထ်ကို ရည်မှန်းထားခဲ့ကြတယ်။ ဇာတ်ဝင်ခန်းတွေအားလုံးဟာ Harry Potter ဇာတ်လမ်းတွဲတွေထဲက အပြင်အဆင်တွေနဲ့ အားလုံးနီးပါးတူနေပါတယ်လို့လည်းဆိုကြတယ်။ ရုပ်ရှင်ထဲက ပရိသတ်တွေစိတ်ဝင်စားကြမယ့် ဖုန်အလိမ်းလိမ်းညစ်ထပ်ထပ်ကားအိုကားဟောင်းဟာ Citroën CX ပြင်သစ်လုပ်ကားဖြစ်နေပါသတဲ့။

Planes : Fire & Rescue
Animation / Adventure / Comedy 
Walt Disney Studios, Motion Pictures
ဒါရိုက်တာ - Bobs Gannaway
ထုတ်လုပ်သူ - Ferrell Barron
သရုပ်ဆောင်များ - Dane Cook as Dusty Crophopper, Julie Bowen as Lil' Dipper, a Super Scooper, Curtis Armstrong as Maru, a forklift, Ed Harris as Blade Ranger, a veteran fire-and-rescue helicopter, Wes Studi as Windlifter, a heavy-lift helicopter, Dale Dye as Cabbie, an ex-military transport plane, Regina King as Dynamite, a member of The Smokejumpers, Corri English as Pinecone, a member of The Smokejumpers, Bryan Callen as Avalanche, a member of The Smokejumpers, Danny Pardo as Blackout, a member of The Smokejumpers, Matt Jones as Drip, a member of The Smokejumpers

Planes: Fire & Rescue ဟာ သေသပ်ထူးခြားတဲ့ 3D ကွန်ပျူတာဖန်တီးမှုအရသာပြည့်ပြည့်ဝဝ ခံစားနိုင်မယ့် ဇာတ်မြူးစွန့်စားခန်းအမေရိကန်ရုပ်ရှင်ပါ။ ၂၀၁၃ ခုနှစ်က ပြသခဲ့တဲ့ Planes ရဲ့ နောက်ဆက်တွဲရုပ်ရှင်ဖြစ်ဖြစ်ပြီး Pixar animation studios ရဲ့ အောင်မြင်ခဲ့တဲ့ Cars ရုပ်ရှင်ပုံစံဖန်တီးခဲ့ကြပါတယ်။ လူထူထူရှေ့မှာ ရယ်မောပျော်ရွှင်ဖွယ်ရာသရုပ်ဆောင်ရတာနှစ်သက်လေ့ရှိတဲ့ Dan Cook က ကမ္ဘာ့ကျော်ပြိုင်ပွဲဝင်လေယာဉ် ဒတ်စ်တီခရော့ပ်ဟော့ပါ အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။ ဒတ်စ်တီရဲ့ အင်ဂျင်ဟာ ထိခိုက်ပျက်စီးနေပြီ။ သူ ဘယ်တော့မှ ထပ်ပြီးယဉ်ပြိုင်နိုင်မှာမဟုတ်တော့ဘူး။ အဲဒီအချိန် ဒတ်စ်တီ ဂီယာအရှိန်အပြောင်းအလဲပြုလုပ်ရင်းနဲ့ တောမီးလောင်ကျွမ်းနေတဲ့နေရာကို ရောက်ရှိသွားခဲ့တယ်။ မီးသတ်ကယ်ဆယ်ရေးရဟတ်ယာဉ်စစ်ပြန်ကြီး ဘလိတ်ဒ်ရိန်းဂျား (Ed Harris) နဲ့အတူ ကယ်ဆယ်ရေးအတွက် ဒတ်စ်တီပူးပေါင်းလိုက်တယ်။ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံလှတဲ့ ဘလိတ်ဒ်ရဲ့ အဖွဲ့ထဲမှာ လီတဲလ်ဒစ်ပ်ပါ (Julie Bower)၊ လေးလံတဲ့ပစ္စည်းတွေကို သယ်ပိုးယူဆောင်ရတဲ့ ရဟတ်ယာဉ် ဝင်ဒီဖစ်ထ်ထာ (Wes Studi) ၊ စစ်တပ်သယ်ယူပို့ဆောင်ရေးဟောင်း ကက်ဘီး (Dale Dye) နဲ့ အမြဲဖျတ်လတ်တက်ကြွနေကြတဲ့ မြေပြင်ကားတပ်သားတွေဖြစ်တဲ့ စမုတ်ကီဂျန့်ပ်ပါး တွေပါဝင်နေကြတယ်။ ပြင်းထန်လှတဲ့ အလျှံညီးညီးမီးတောက်တွေကြားတဲ့ ကြောက်ရွံ့ခြင်းကင်းမဲ့ကြတဲ့ တပ်သားတွေအတူတကွတိုက်ပွဲဝင်ရင်း ဒတ်စ်တီ သင်ယူလေ့လာနိုင်ခဲ့တာက စစ်မှန်တဲ့သူရဲကောင်းတစ်ဦးရဲ့ ဖြစ်တည်မှုကိုပါ။ ကလေးငယ်လေးတွေနဲ့အတူ မိသားစုကြည့်ရှုနိုင်ကြမယ့် ချစ်ခင်နှစ်သက်စရာရုပ်ရှင်လေးပါ။

Transformers: Age of Extinction
Action / Adventure / Sci-Fi 
Paramount Pictures
ဒါရိုက်တာ - Michael Bay
ထုတ်လုပ်သူ - Don Murphy, Tom DeSanto, Lorenzo di Bonaventura, Ian Bryce
ဇာတ်ညွှန်း - Ehren Kruger
ဝတ္ထု - Based on Transformers  by Hasbro
သရုပ်ဆောင်များ - Mark Wahlberg, Nicola Peltz, Jack Reynor
အကုန်အကျကြီးမားလှတဲ့ရုပ်ရှင်တွေ ဖန်တီးရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာလို့ နာမည်ကျော်တဲ့ Michael Bay ရဲ့ Transformers ဇာတ်လမ်းတွဲတွေမှာ လေးကားမြောက်ရုပ်ရှင်ပါ။ အဓိကဇာတ်ကောင် မော်တော်ကားမက္ကင်းနစ် ကိတ်ဒ်ရီးဂါ အဖြစ် Mark Wahlberg က သရုပ်ဆောင်ထားပါတယ်။ ချီကာဂိုကို ကျူးကျော်တိုက်ခိုက်ပြီး လေးနှစ်ကြာတဲ့အခါ အဲဒီအချိန်နဲ့စထားတယ်။ အရင် Transformers တွေလိုပဲ ဒါရိုက်တာရဲ့အစွမ်းပြထားတဲ့ရိုက်ချက်တွေမရပ်မနားတမ်းမို့ ရင်တထိတ်ထိတ်ကြည့်ရှုရဦးမယ့် ရုပ်ရှင်ပါပဲ။ စတီဗင်စပီးဘာ့ဂ်ကလည်း ထုတ်ဝေသူအဖြစ်ပါဝင်ထားပါတယ်။ ကိတ်ဒ် နဲ့ သမီးငယ် တက်စာ (Nicola Peltz) တို့ ရှာဖွေတွေ့ရှိသွားခဲ့တဲ့ တီထွင်မှုနောက်ပိုင်း ထွက်ပေါ်လာတဲ့အော်တိုဘော့ထ်တွေကို သင်္ကာမကင်းဖြစ်ခဲ့တဲ့အစိုးရအရာရှိတွေက သေသေကြေကြေတားဆီးကြတော့တယ်။ အဲဒီတော့ လူသားတွေရယ် အော်တိုဘော့ထ်တွေ၊ ပြီးတော့ ကြီးမားကြမ်းတမ်းလှတဲ့ ဒိုင်နိုဘော့ထ်တွေ ပစ်ခတ်တိုက်ခိုက်ကြတဲ့အထူးပြုလုပ်ချက်တွေဟာ မရိုးနိုင်အောင်ဆန်းပြားနေဆဲပါ။ Transformers ပရိတ်သတ်တွေကို စွဲဆောင်နေဦးမှာပါ။ Age of Extinction မှာ ဇာတ်ကောင်အသစ်စက်စက်တွေဖြစ်တဲ့ Dinobot တွေကို ထူးထူးခြားခြား ဖန်တီးထားပါတယ်။ လူသားတွေအဖြစ် ကိတ်ဒ်၊ ကိတ်ဒ်ရဲ့ သမီးလေး တက်စာ၊ တက်စာရဲ့ ချစ်သူ ရှိန်းဒိုင်စန် (Jack Reynor)၊ ကိုယ်ပိုင်ရိုဘော့ထ်တွေတည်ဆောက်ချင်တဲ့ ဂျော့ရှုဝါ (Jack Reynor) ဂျော့ရှုဝါရဲ့ လက်ထောက်ဘူမိဗေဒပညာရှင် ဒါဆီ (Sophia Myles) နဲ့ အစိုးရအရာရှိအဖြစ် ဟာရိုးလ်ဒ်အက်တင်ဂျာ (Kelsey Grammer) ၊ ကိတ်ဒ်ရဲ့ သိပ်ချစ်တဲ့သူငယ်ချင်း လူးကပ်စ် နဲ့ အစိုးရအရာရှိအဖွဲ့သားတွေရယ်၊ Autobot တွေရယ်၊ Dinobot တွေရယ်၊ ရန်ဘက် transformer တွေဖြစ်တဲ့ ဂဲလ်ဗာထရွန်၊ လော့ခ်ဒေါင်း၊ စတင်ဂျာ နဲ့ ဂျန့်ခ်ဟိပ် တို့လည်း ပါဝင်ကြတယ်။ လူသားနဲ့ ရိုဘော့တွေရဲ့ အမျိုးမျိုးပြောင်းလဲတိုက်ခိုက်ကြဦးမယ့် Transformer အသစ်က စိတ်ဝင်စားစရာပါ။

The Fault in Our Stars
Drama / Romance 
20th Century Fox
ဒါရိုက်တာ - Josh Boone
ထုတ်လုပ်သူ - Wyck Godfrey, Marty Bowen
ဇာတ်ညွှန်း - Scott Neustadter, Michael H. Weber
ဝတ္ထု - Based on The Fault in Our Stars by John Green
သရုပ်ဆောင်များ - Shailene Woodley, Ansel Elgort
ဟေဇယ်ဂရေစ့် (Shailene Woodley) နဲ့ သြဂတ်စ်စတပ် (Ansel Elgort) တို့နှစ်ယောက်ရဲ့မျှော်လင့်ခြင်းကြယ်ပွင့်လေးတွေဟာ အမှားအယွင်းတွေရှိနေတဲ့ဘဝနှစ်ခုကြားထဲမှာ လင်းလက်နိုင်ဖို့လူးလူးလွန့်လွန့် အားယူကြိုးစားနေကြရှာတယ်။ မာရေကျောရေနိုင်လှတဲ့ရယ်မောမှုနဲ့ နေ့တိုင်းကို မထီမဲ့မြင်ပြုလို့ မျှော်လင့်ခြင်းမဲ့လျှောက်လမ်းနေကြတယ်။ ဟေဇယ်က ကျူမာသေးကျုံ့သွားဖို့ဆေးကုသမှုခံယူထားရတဲ့ ကင်ဆာဝေဒနာရှင်လေး။ ရောဂါစစ်တမ်းအရဆိုရင်တော့ နောက်ဆုံးအဆင့်အဖြစ်သတ်မှတ်ထားကြတယ်။ အမြဲတမ်းအဖော်အပေါင်းအဖြစ် အောက်စီဂျင်ပိုက်လေးကိုဆောင်ထားရတယ်။ သြဂတ်စ်စတပ်ကတော့ ထူးခြားခမ်းနားလွန်းတယ်။ သူ့ရဲ့ ခြေထောက်အတုကို ဟာသတစ်ခုအဖြစ် ရယ်ကာမောကာသတ်မှတ်နိုင်သူ၊ ကောင်းမွန်စွာအသုံးချနိုင်သူ ဘတ်စ်ကက်ဘောကစားသမားတစ်ဦး ဖြစ်နေတယ်။ သူတို့နှစ်ဦးလုံး ကင်ဆာထောက်ပံ့ရေးအသင်းအဖွဲ့တစ်ခုမှာ တွေ့ဆုံခဲ့ကြတယ်။ သူတို့နှစ်ဦးရဲ့ ကြယ်လေးတွေ လူးလွန့်လင်းလက်ရာက တောက်ပရွှန်းလဲ့လာကြပြီ။ သူတို့ တစ်ဦးကိုတစ်ဦးအထောက်အပံ့ပေးခဲ့ကြပြီ။ The Fault in Our Stars ဝတ္ထုဟာ YouTube Video blogger အမေရိကန်စာရေးဆရာ လူငယ်တစ်ဦးဖြစ်တဲ့ Michael Green ရဲ့ လေးအုပ်မြောက်ဝတ္ထုဖြစ်ပြီး ၂၀၁၂ ဇန်နဝါရီလ The New York Times ရဲ့ အရောင်းရဆုံးနံပါတ် ၁ အဖြစ်ရွေးချယ်ခံရပါတယ်။ Green ဟာ ၂၀၁၄ မှာ Time မဂ္ဂဇင်းရဲ့ ကမ္ဘာ့အလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိလ် ၁၀၀ ထဲက တစ်ဦးဖြစ်ခဲ့သူပါ။
ဖြိုးဖြိုး
(Yati Magazine, June, 2014)

ညွှန်းတဲ့ ရုပ်ရှင်


Godzilla
Action / Adventure / Sci-Fi 
Warner Bros. Pictures
ဒါရိုက်တာ - Gareth Edwards
ထုတ်လုပ်သူ - Thomas Tull, Jon Jashni, Mary Parent, Brian Rogers
ဇာတ်ညွှန်း - Max Borenstein
ဝတ္ထု - David Callaham
သရုပ်ဆောင်များ - Aaron Taylor-Johnson, Ken Watanabe, Elizabeth Olsen, Juliette Binoche, Sally Hawkins, David Strathairn, Bryan Cranston

ဂျပန်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Toho က ထုတ်လုပ်ခဲ့တဲ့ ဂေါ်ဇီလာရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားတဲ့ အမေရိကန်ရုပ်ရှင်ပါ။ ဂေါ်ဇီလာရဲ့ မူလပေါ်ပေါက်ခဲ့ပုံကို လက်ရှိခေတ်ပြိုင်အချိန်မှာ "သဘာဝရဲ့ ကြောက်လန့်စရာအား" အဖြစ်ပြန်လည်ပြောပြနေဟန်ရိုက်ကူးထားပါတယ်။ Legendary Pictures နဲ့ Warner Bros တို့ ပူးပေါင်းထုတ်လုပ်ခဲ့ပြီး Warner Bros. က ဖြန့်ချိပါလိမ့်မယ်။ ဂျပန်မှာတော့ Toho ကပဲ ဖြန့်ချိပြသမှာပါ။ 2D/ 3D နဲ့ ပြသပါလိမ့်မယ်။ Legendary Pictures ရဲ့ တရားဝင်ပြောကြားချက်မှာ "Toho ရဲ့ အမှတ်တံဆိပ် ဖြစ်ခဲ့တဲ့ Godzilla သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေ ပြန်လည်မွေးဖွားလာပါပြီ။ ဒီ အံ့ဘနန်းစွန့်စားခန်းဟာ ကမ္ဘာ့အကျော်ကြားဆုံး ဧရာမသတ္တဝါကြီးနဲ့ လူသားတွေရဲ့ မာန်တက်ကြမ်းတမ်းတဲ့ သိပ္ပံပညာအထောက်အပံ့ပြုသက်ရှိသတ္တဝါတွေဆန့်ကျင်တိုက်ခိုက်ကြတဲ့အခါ ကျွန်တော်တို့ရဲ့ တည်ရှိမှုကို ခြိမ်းခြောက်သတိပေးလာတော့တယ်" လို့ ပါဝင်တယ်။ ဒေါ်လာ သန်း ၁၆၀ အကုန်အကျခံရိုက်ကူးခဲ့ပါတယ်။ ဒါရိုက်တာ အက်ဒ်ဝပ်စ် ပြောတာက သူ့ရဲ့ Godzilla ဟာ ဗီလိန်၊ ဟီးရိုး ဇာတ်ကောင်ထက် anti-hero အဖြစ် ဖော်ပြချင်တာပါ။ ဂေါ်ဇီလာဟာ သဘာဝတရားရဲ့ အမျက်ဒေါသကို ကိုယ်စားပြုပါတယ်လို့ ဆိုတယ်။ ၂၀၁၄ ဂေါ်ဇီလာဟာ ပေ ၃၅၀ ( မီတာ ၁၁၀) မြင့်မားတယ်လို့ အထူးပြုလုပ်ချက်ကျွမ်းကျင် ဂျင်မ်ရိုင်ဂျဲလ်က ပြောပါတယ်။ ဂေါ်ဇီလာတိုက်ခိုက်တဲ့စတိုင်လ်ကိုတော့ ဝက်ဝံတွေ နဲ့ ကိုမိုဒိုနဂါးတွေ(အကြီးစားပုတ်သင်ညို) တွေကိုလေ့လာပြီး ဖန်တီးခဲ့တာပါ။ ဂေါ်ဇီလာရဲ့ အော်သံအတွက် Toho ကုမ္ပဏီက မူရင်းအသံ အသုံးပြုခွင့်ပေးခဲ့ပါတယ်။ အသံဒီဇိုင်နာ အဲရစ်ခ် က မူလအသံနဲ့ ဒါရိုက်တာအက်ဒ်ဝပ်စ် အကြံပေးသလို ပေါင်းစပ်ဖန်တီးထားခဲ့တယ်။ အဲဒီ ၂၀၁၄ ဂေါ်ဇီလာအော်သံအသစ်ကို Warner Bros. ရဲ့ SoundCloud မှာ တင်ထားပါတယ်။

Draft Day
Drama / Sport 
Summit Entertainment, Lionsgate
ဒါရိုက်တာ - Ivan Reitman
ထုတ်လုပ်သူ - Ivan Reitman, Ali Ball, Joe Medjuck
ဇာတ်ညွှန်း - Rajiv Joseph, Scott Rothman
သရုပ်ဆောင်များ - Kevin Costner, Jennifer Garner, Denis Leary, Sam Elliott, Ellen Burstyn, Chadwick Boseman

ဆန်နီဝီဗာ (Kevin Costner) ဟာ Cleveland Browns အမေရိကန်ဘောလုံးအသင်းရဲ့ မန်နေဂျာပါ။ ၁၃ နှစ်လောက် ကံမကောင်းဖြစ်နေခဲ့တဲ့ အသင်းကို နံပါတ် ၁ အသင်းတစ်သင်းဖြစ်ဖို့ ဆန်နီအပြင်းအထန်ကြိုးစားရမှာပါ။ အောင်မြင်သူတွေဖြစ်စေဖို့ သူ့ရဲ့ အသင်းမှာ အလှည့်အပြောင်းလိုအပ်နေပါပြီ။ ဘောလုံးကစားနည်းရဲ့ ထူးကဲမှုဟာ ငြီးငွေ့ဖွယ်အားထုတ်မှုတွေနဲ့ပဲ ဒရာမာ ဇာတ်လမ်းဖြစ်နေမှာလား။ ဆန်နီ အလှည့်အပြောင်းကို ဆုပ်ကိုင်မိပါ့မလား။ အသင်းကို အလှည့်အပြောင်းလမ်းကြောင်းမှန်မှာ မောင်းနှင်နိုင်မလား။ ဒါမှမဟုတ် ပိုပြီး နက်ရှိုင်းတဲ့ တွင်းနက်ထဲ တွန်းချမိမလား။ Draft Day ကို ၂၀၁၃ မေလ မှာ စတင်ရိုက်ကူးခဲ့ပါတယ်။ ကီဗင်ကော်စနာ နဲ့ ဂျနီဖာဂါဒ့်နာတို့ရဲ့ ချစ်ဇာတ်လမ်းကိုပါ ဇာတ်လမ်းဆင်ရိုက်ကူးထားပေမယ့် ရုပ်ရှင်တစ်ဝက်လောက်အထိ က ပျင်းရိစရာပါလို့ဝေဖန်သူတို့က ဆိုကြတယ်။ ဒါပေမဲ့ အမေရိကန်ဘောလုံးပရိတ်သတ်တွေအတွက်တော့ စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ကားအဖြစ် ရပ်တည်နေဆဲပါ။ sport ရုပ်ရှင်ကြိုက်နှစ်သက်သူတွေလက်မလွှတ်သင့်တဲ့ ရုပ်ရှင်ပါပဲ။

Maleficent
Action / Adventure / Drama
Walt Disney Studios Motion Pictures
ဒါရိုက်တာ - Robert Stromberg
ထုတ်လုပ်သူ - Joe Roth
ဇာတ်ညွှန်း - Linda Woolverton
ဝတ္ထု -  Based on La Belle au bois dormant by Charles Perrault, Little Briar Rose by The Brothers Grimm
သရုပ်ဆောင်များ - Angelina Jolie, Sharlto Copley, Elle Fanning, Sam Riley, Imelda Staunton, Juno Temple, Lesley Manville

၁၉၅၉ ခုနှစ် ဂန္တဝင်ရုပ်ရှင် Sleeping Beauty က နာမည်အကြီးဆုံးဗီလိန်ရဲ့ မဖွင့်ဟခဲ့ရသေးတဲ့ဇာတ်လမ်းတစ်ပုဒ်ကို စူးစမ်းရှာဖွေထားတဲ့ ရုပ်ရှင်ပါ။ သူမရဲ့ သစ္စာဖောက်မှုဟာ အဆုံးသတ်မှာ သူမရဲ့ စစ်မှန်တဲ့နှလုံးသားကို ကျောက်သားအသွင်မာကျောကြမ်းတမ်းသွားစေခဲ့ပါတယ်။ လက်စားချေမှုတွေနဲ့ လှုပ်ရှားပြေးလွှားတယ်။ သူမအုပ်ချုပ်တဲ့ နယ်ပယ်ကိုကာကွယ်ချင်တာနဲ့ ကြမ်းကြုတ်ခက်ထန်တဲ့လိုအင်ဆန္ဒတွေ ပြည့်နှက်လာတယ်။  မလဲဖီဆန့်ထ် (Angelina Jolie) ဟာ ရက်စက်တဲ့ဇာတ်ကောင်ဖြစ်နေပါတယ်။ လူသားဘုရင်ရဲ့ မွေးကင်းစ မင်းသမီးလေး အော်ရိုရာ (Elle Fanning) အပေါ် မပြောင်းလဲနိုင်တဲ့ကျိန်စာ ကျိန်ဆိုထားတယ်။ အော်ရိုရာလေး ကြီးပြင်းလာတဲ့အခါ သူမရဲ့ အမွေတွေချုပ်ကိုင်ထားတဲ့ လူသားနိုင်ငံနဲ့  ချစ်ခြင်းမေတ္တာရှင်သန်ကြီးပြင်းစေခဲ့တဲ့ သစ်တောနိုင်ငံတွေကြားက သဲသဲမဲမဲပဋိပက္ခမှာ ရုန်းမထွက်နိုင်တော့ပါဘူး။ မလဲဖီဆန့်ထ် သဘောပေါက်လိုက်တာက မင်းသမီးလေး အော်ရိုရာဟာ ကုန်းမြေရဲ့ ငြိမ်းချမ်းရေးအတွက် အရေးကြီးသူဆိုတာကိုပါ။ မင်းသမီးအော်ရိုရာကို သူအနိုင်ရလိုက်ရင် ကမ္ဘာနှစ်ခုလုံးကို တသက်တာပြောင်းလဲနိုင်မယ့် စိုးရိမ်စရာလှုပ်ရှားမှုတွေကို အတင်းအကျပ်ခိုင်းစေနိုင်မယ်။ "မိစ္ဆာနတ်ဆိုးတိုင်းရဲ့ အရှင်သခင်မ" လို့ ကြွေးကြော်ထားတဲ့ မလဲဖီဆန့်ထ်ရဲ့ ဇာတ်ကောင်စရိုက်ကို ဂျိုလီရွေးချယ်ဖြစ်ခဲ့တာက ဂျိုလီဟာ ကလေးဘဝကတည်းက Sleeping Beauty အပါအဝင် ဒစ္စနေးရုပ်ရှင်တွေနဲ့ ကြီးပြင်းခဲ့တာရယ်၊ မလဲဖီဆန့်ထ်ရဲ့ ဇာတ်ကောင်စရိုက်ကိုလည်း အင်မတန်နှစ်သက်သဘောကျခဲ့ပြီး သူမရဲ့ ကလေးတွေက ဒစ္စနေးရုပ်ရှင်မှာ မိခင်ကိုတွေ့မြင်ချင်တာတွေကြောင့်ပါ။ "ကျွန်မ မိန်းမငယ်လေးအရွယ်ကတည်းက မလဲဖီဆန့်ထ်က ကျွန်မရဲ့ အနှစ်သက်ဆုံးအမြဲဖြစ်ခဲ့တယ်။ ကျွန်မ သူမကို သိပ်ကြောက်ပါတယ်။ ဒါပေမဲ့ သူမကို အစွဲကြီးစွဲခဲ့တယ်။ သူမအကြောင်းတွေ ပိုလို့သိချင်ခဲ့ပါတယ်။ သူမဟာ ကြော့ရှင်းလှပပြီး ကျက်သရေရှိတယ်။ အံ့သြတုန်လှုပ်ရလောက်အောင်လည်း ရက်စက်တတ်တယ်" လို့ ဂျိုလီက ပြောပါတယ်။ ဂျိုလီ နဲ့ ဒစ္စနေးဒါရိုက်တာ ဒွန်ဟန်းန်တို့လည်း ထုတ်လုပ်သူအဖြစ်ပါဝင်ခဲ့ကြတယ်။

Blended
Comedy
Warner Bros. Pictures
ဒါရိုက်တာ - Frank Coraci
ထုတ်လုပ်သူ - Adam Sandler, Jack Giarraputo, Mike Karz
ဇာတ်ညွှန်း - Clare Sera, Ivan Menchell
သရုပ်ဆောင်များ - Adam Sandler, Drew Barrymore, Emma Fuhrmann, Terry Crews, Joel McHale, Wendi McLendon-Covey, Kevin Nealon, Bella Thorne Shawn Kavanaugh
Blended ဟာ အဒန်မ်စန်ဒ်လား နဲ့ ဒရူးဘယ်ရီမိုးတို့ရဲ့ ၃ ကားမြောက် လက်တွဲရိုက်ကူးဖြစ်ခဲ့တဲ့ အချစ်ဟာသဇာတ်မြူးရုပ်ရှင်ပါ။ The Wedding Singer နဲ့ 50 First Dates တို့မှာလည်း စန်ဒ်လား နဲ့ ဘယ်ရီမိုးတို့ အတွဲညီခဲ့ကြတယ်။ တစ်ခါမှ မတွေ့မဆုံဖူးကြတဲ့ ဂျင်မ်ဖရိဒ်မန်း (Adam Sandler) နဲ့ လော်ရန်ရေးနိုးဒ်လ် (Drew Barrymore) တို့ဟာ blind date တွေ့ဆုံပြီးကြတဲ့အခါ မိသားစုတွေ၊ သားသမီးတွေကြားထဲ အကျပ်ရိုက်နေကြတော့တယ်။ နောက်ဆုံးမှာ အာဖရိကဆာဖာရီခရီး အတူတကွခရီးထွက်ဖြစ်ကြတော့တယ်။ Blended မှာ အာဖရိကန် ခရစ်ကက်ကစားသမား Dale Steyn လည်း ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ စန်ဒ်လား ရဲ့ ရုပ်ရှင်တွေမှာ နာမည်ကြီးခဲ့တဲ့ အမေရိကန်ဒါရိုက်တာ Frank Coraci ပါ။ The Wedding Singer ကိုလည်း Coraci ရိုက်ကူးခဲ့ပါတယ်။

ဖြိုးဖြိုး
(Yati Magazine, May, 2014)

အိမ်ထဲမှာ သရဲတစ်ကောင်ခြောက်နေတယ်

Living Fashion Magazine, March, 2014
Illustration - artist Minthurein, Lay out Design - Zo Myat Lin
“ ဟေး ကို ဒီမှာ လာကြည့်ပါဦး”
ကြယ်ရီလင်းစက်ရဲ့ ခပ်ကျယ်ကျယ်အော်သံကြောင့် ကွန်ပျူတာရှေ့မှာ Real Estate ၀က်ဘ်ဆိုက်တစ်ခုထဲ ၀င်မွှေ ရှာနေတဲ့ တိမ်မင်းစံ လန့်သွားတယ်။ လာကြည့်ပါဦးဆိုသူက သူ့အနားကို ရောက်လာနေပြီ။ ကြယ်ရီ လင်းစက်က လက်ထဲကိုင် ထားတဲ့ မဂ္ဂဇင်းကို တိမ်မင်းစံမျက်နှာရှေ့ လာဖြန့်ပြတယ်။ ရောင်းမည် တဲ့ အဖြူရောင် တိုက်အိမ်တစ်လုံး စာအုပ်ထဲမှာ ကြော်ငြာထားတာတွေ့တယ်။ ဒါဘာဆန်းလဲ၊ ရောင်းမည်ဆိုတဲ့ အိမ်တွေ အများကြီးပဲ၊ ဘယ်တုန်းကမှ မ၀ယ်နိုင်တဲ့ဟာပဲ လို့ တိမ်မင်းစံ တွေးတယ်။
“ ကြည့်ပါဦး ကိုရဲ့ ဒီနေရာ ဒီခြံဝင်း ဒီအိမ်လေးက ဒါလောက်ဈေးနှုန်းနဲ့ ရသတဲ့လား”
ဈေးနှုန်းနေရာကို ကြည့်လိုက်တော့  ကျပ်သိန်း ၅၅၀။
“မဖြစ်နိုင်ဘူး လင်းစက်ရဲ့ ဒါ ကွန်ပျူတာသမား စာမှားစီမိတာဖြစ်မယ်”    ကြယ်ရီလင်းစက်က `မေးကြည့်ရအောင်´ဆိုပြီး အိမ်ခြံမြေ ရောင်းငှား သတင်းအချက်အလက်တွေ ဖော်ပြလေ့ရှိထားတဲ့ Living Fashion မဂ္ဂဇင်းကို ဖုန်းဆက်မေးနေတယ်။အချေအချပြောပြီးတဲ့အခါ ကြယ်ရီ လင်းစက်က စိတ်လှုပ်ရှား တဲ့အသံနဲ့ တိမ်းမင်းစံကို ပြောလိုက်တယ်။
`ဒီတစ်ခါတော့ လင်းစက်တို့ တကယ်ဝယ်နိုင်ပြီကိုရေ…….မနက်ဖြန်သွားကြည့်မယ်´
တိမ်မင်းစံ အံ့သြသွားတယ်။ လမ်း၊ နေရာ၊ အကျယ်အ၀န်း၊ အိမ်ပုံစံ၊ အတွင်းအပြင် အနေအထား၊ အသင့်အတင့် ခမ်းနား နေတဲ့ တိုက်အိမ်တစ်လုံးက…..တိုက်ခန်းတစ်ခန်းစာလောက်ပဲ ဈေးသင့်နေတာ အံ့သြစရာ။ ဘယ်လိုအားနည်းချက်မျိုးများ ရှိနေလို့ပါလိမ့်။ အားနည်းချက်တစ်ခုခုရှိလို့ဖြစ်မယ်လို့ တိမ်မင်းစံ တွေးထားလိုက်တယ်။
xxxxx

            မဂ္ဂဇင်းနဲ့ ချိတ်ဆက်ထားတဲ့ အိမ်ခြံမြေအကျိုးဆောင် နှစ်ဦးက လိုက်ပို့တယ်။ လမ်းမကြီးကနေ ချိုးကွေ့သွားတဲ့ မြေနီလမ်းကလေးရဲ့ တတိယမြောက်အိမ်။ စိမ်းစိုနေတဲ့ ခြံဝင်းကျယ်ကျယ်လေးမှာ အခုမှ ပြန်သုတ်ထားပုံရတဲ့ ဆေးသားအဖြူ ရောင်တွေနဲ့ တိုက်ကလေးက သူတို့နှစ်ဦးကို ချစ်စဖွယ်ဖမ်းစားနေတယ်။
            “  လှလိုက်တာ”ကြယ်ရီလင်းစက် လွှတ်ခနဲပြောမိတယ်။
            “ ကို တော့ အဖြူမကြိုက်ဘူး၊ ညစ်ပတ်လွယ်တယ်။ ၀ယ်ဖြစ်ရင်တော့ တခြားအရောင် ပြောင်း သုတ်မယ်”
`          ခက်တာက အိမ်ဈေးနှုန်းက အံ့သြဖွယ်နည်းနေတဲ့ပြဿနာပါပဲ။ ရေ မီး အပြည့်အစုံ၊ ဂရန်မြေ၊ အရှုပ်အရှင်း ကင်းတယ်။ တယ်လီဖုန်းတစ်လုံး ပါလိုက်သေးတယ်။ အိပ်ခန်းသုံးခန်းမှာ တစ်ခန်းက တစ်ယောက်ခန်း၊ မီးဖိုခန်း၊ နှစ်ယောက်ခန်း နှစ်ခန်းအနက် တစ်ခန်းမှာက ရေချိုးသန့်စင်ခန်းတွဲပြီးသား၊ အခန်းတိုင်း သိပ်အပျံစားကြီး မဟုတ်တောင် အဆင့်မြင့်ပြင်ဆင်မွမ်းမံထားတယ်လို့ ပြောလို့ရတဲ့အနေအထား။ အိမ်ခြံမြေ အကျိုးဆောင်နှစ်ဦးမှာ တစ်ဦးက သဲသဲမဲမဲတိုက်တွန်းတယ်။  အင်းလေ ၀ယ်အောင်ပြောဖို့က သူ့တာဝန်ပဲလို့ တိမ်မင်းစံ တွေးတယ်။ တစ်ဦးကတော့ ခပ်မဆိတ်ပါပဲ။
“ပိုင်ရှင်က နိုင်ငံခြားအပြီးထွက်မှာမို့ နေကို မနေဖြစ်တော့လို့ ဒီလိုဈေးချ ရောင်းတာ၊ မြန်မြန် အရောင်းအ၀ယ်ဖြစ်ဖို့ပဲတဲ့၊ ယူမယ်ဆို ဒီနေ့ပဲငွေချေပေါ့၊ စရန်ချထားခဲ့လို့ ရတာပဲ”
သိန်း ၃၅၀ ဆိုတာ လက်ရှိဝယ်မယ်ဆို ၀ယ်နိုင်တဲ့အနေအထားဖြစ်ပေမဲ့ သူတို့စိတ်ထဲ မတင်မကျ ကြီး ဖြစ်နေတယ်။
“ ကျွန်တော်တို့ ဒီတစ်ညတော့ စဉ်းစားပါရစေ”
“ အချိန်တော့မဆွဲစေချင်ဘူး၊ နေ့စဉ် လာကြည့်သူတဖွဲဖွဲနဲ့ ကျွန်တော့်မျက်စိထဲ ဒီအိမ်လေးက ခင်ဗျားတို့နဲ့ လိုက်ဖက်လို့ ခင်ဗျားတို့ကို ရသွားစေချင်လို့”
အဲဒီလူ ဖုန်းလာလို့ ခပ်လှမ်းလှမ်းမှာ ဖုန်းသွားပြောနေချိန်မှာ ခပ်မဆိတ်လူက သူတို့အနားကပ်ပြီး ခပ်တိုးတိုးပြောတယ်။
“အမှန်ပြောရရင် ဈေးနှုန်းနည်းနေတာ ၀ယ်မယ့်သူမရှိလို့ပဲဗျ ၀ယ်သူမရှိတာက ဒီအိမ်က သရဲခြောက် တယ်လို့ အသံထွက်လို့ပဲ၊ သိတယ်မို့လား၊ မြန်မာပြည်မှာက ဒီလိုအသံထွက်တာနဲ့ ……၊ ခင်ဗျားတို့စိတ်ထဲ မတင်မကျကြီးဖြစ်နေမှာစိုးလို့ အခြေအနေမှန်ကို ပြောပြတာ၊ ကျွန်တော်တော့ မယုံပါဘူးဗျာ၊ ကျွန်တော့် လက်ထဲ ပိုက်ဆံသာရှိကြည့် ကျွန်တော်တော့ ၀ယ်မှာ၊ ဒီခေတ်ထဲ ဒါမျိုးတွေယုံတာ ရူးနေလို့ပဲ ”
ကြယ်ရီလင်းစက်က မိန်းမပီပီ သိချင်စိတ်နဲ့မေးတယ်။
“ ဘယ် ဘယ်လိုများခြောက်လို့လဲရှင်”
“ ဒီလိုလည်း အတိအကျ မရှိပါဘူးဗျာ၊ ပါးစပ်ပြောပါ၊ ပိုင်ရှင်ကို မလိုသူတချို့က အိမ်မရောင်းရအောင် ဈေးကွက်ထဲပစ်တဲ့ အသံတစ်ခုလည်း ဖြစ်နိုင်တာပဲ”
ဖုန်းပြောရာကပြန်လာတဲ့ လူကြောင့် သူတို့စကားပြတ်သွားတယ်။

xxxx

“ ဘယ်လိုလုပ်မလဲ ကိုရယ် ကျမတော့ဒါတွေမယုံပါဘူး ဒါပေမဲ့ ၀ယ်ရမှာစိတ်ထဲ….”
“ ဟာ လင်းစက်ကလည်း ကို လုံးဝမယုံဘူး၊ လင်းစက်သဘောပဲလေ၊ ကိုက ပြဿနာမရှိဘူး၊ ဒီဈေးနှုန်းနဲ့ ဒီလောက်မိုက်တဲ့အိမ်လေးမျိုး နောက်ထပ် ဘယ်မှာမှ မရနိုင်တာတော့ သေချာတယ်”
သိပ္ပံခေတ် အိုင်တီနည်းပညာကလွဲပြီး တခြားဘာကိုမှ မယုံကြည်တဲ့ ခေတ်လူငယ်တွေပီပီ နောက်ဆုံး ၀ယ်မယ်လို့ ဆုံးဖြတ်လိုက်ကြပြီး အိမ်လေးကို မြန်မြန်ဆန်ဆန်ပဲ ရောက်ရှိလာပါပြီ။ ပစ္စည်းတွေ စိတ်ကြိုက် နေရာချကြတယ်။ ရေချိုးခန်း သန့်စင်ခန်းတွဲလျက် အိပ်ခန်းကျယ်ကို သူတို့အတွက် အိပ်ခန်းလုပ်တယ်။ ပိုတဲ့နှစ်ယောက်ခန်းတစ်ခန်းကို တိမ်မင်းစံက လင်းစက် ယူလိုက်တဲ့၊ လင်းစက်ရဲ့ ကွန်ပျူတာနဲ့ အခြား ပစ္စည်းတွေ နေရာချပေးတယ်။ နောက်ထပ်တစ်ယောက်ခန်းမှာ တိမ်မင်းစံက သူ့ကွန်ပျူတာနဲ့ အခြားချိတ်ဆက် ပစ္စည်းတွေ ထားလိုက်တယ်။ လင်းစက်က အ၀တ်အထည် Brand တစ်ခုမှာ ဖက်ရှင်ဒီဇိုင်း တီထွင်ပေးတဲ့ designer၊ တိမ်မင်းစံက Web-Company တစ်ခုမှာ ၀က်ဘ်ဆိုက်တွေရေးတဲ့ web designer ။  အလုပ်ခန်း ထဲမှာ စာအုပ်တွေနဲ့ အလုပ်နဲ့ ဆက်စပ်နေ တဲ့ပစ္စည်းတွေနေရာတကျ ထားသိုတာက ကြာတယ်။ မီးဖိုခန်းမှာ ထမင်းစားစားပွဲ၊ နှစ်ယောက် စာ ပန်းကန်ခွက်ယောက်တချို့၊ rice cooker နဲ့ ကြော်လှော်ချက်ပြုတ်စရာ လျှပ်စစ်ဒယ်အိုး နှစ်လုံး ဒါလောက်ပဲ။ ဧည့်ခန်းမှာလည်း စာအုပ်စင်တစ်ခု၊ ဆက်တီခုံတစ်စုံ က လွဲလို့   အထွေ အထူး နေရာချစရာမရှိဘူး။ သုံး လေးရက် ပစ္စည်းတွေနေရာချ၊ အချောသတ် နေရာချလို့ မပြီးသေးတာတွေ တန်းလန်းထား၊ အလုပ်သွားကြနဲ့  လေးရက်မြောက်နေ့ မနက်အိပ်ရာထမှာ တစ်စုံတစ်ရာကို သတိရမိကြတယ်။
“ လင်းစက် အိပ်ပျော်ရဲ့လား”
“ ပျော်တာပေါ့…ဒါနဲ့ သရဲ ဘယ်မှာလဲ မေ့တောင်မေ့နေတယ်”
“ ဒီနှစ်ယောက် သူတို့အလုပ်နဲ့သူတို့ရှုပ်ယှက်ခတ်နေတာ၊ ငါခြောက်ရင် လှည့်တောင်ကြည့်မှာမဟုတ် ဘူးဆိုပြီး သရဲ အားငယ်လို့ လစ်သွားပြီထင်တယ်”
“ ဒေါက်. . .”‘
“အမလေး ဘာလဲ”
ခုတင်ဘေး ကြမ်းပြင်ပေါ် ပြုတ်ကျလာတဲ့ သတင်းစာခေါက်လို စက္ကူခေါက်တစ်ခု။ တိမ်မင်းစံက ချက်ချင်းပြေး ကောက်တယ်။ ဖွင့်ကြည့်တော့ အိမ်နံရံတွေ အခမဲ့ ဆေးသုတ်ပေးတဲ့ Dream White ရဲ့ ဆေးရောင်စုံလက်ကမ်းကြော်ငြာစာရွက်။
“ ဒါ ဘယ်ကရောက်လာတာလဲ”
“တစ်ယောက်ယောက်လာပစ်ထည့်ရအောင်လည်း ပြတင်းတံခါးမှ ဖွင့်မထားတာ”
“ ပြတင်းတံခါးဖွင့်ထားလည်း ဒီခြံထဲ ဘယ်သူဘယ်လိုဝင်ပေးနိုင်မှာလဲ”
“ အင်းလေ”
ကော်ဖီတစ်ခွက်စီနဲ့ ကိုယ်စီ ကွန်ပျူတာရှေ့ထိုင် အင်တာနက်ဝင်ကြတယ်။ Dream White ရဲ့ Link တွေက တစ်ချိန်လုံး တက်လာနေတာ တွေ့ရတယ်။ ဖတ်ကြည့်တော့လည်း အိမ်သုတ်ဆေးရောင်းချတဲ့ ကုမ္ပဏီဆိုတာကလွဲပြီး အဆန်းမပါ။ သူတို့ဆီက ဆေးဘူးတွေ ၀ယ်ရင် အခမဲ့ဆေးသုတ်ပေးတဲ့ ၀န်ဆောင်မှု ရှိတယ်တဲ့။ တိမ်မင်းစံဆီ လင့်ခ်ပို့ပေးတော့ “ကို့ဆီမှာလည်း လင့်ခ်တွေ ၀င်တယ်”တဲ့။ တစ်အိမ်တည်းနေပြီး တစ်ယောက်တစ်ခန်း ထိုင်၊ အင်တာနက်အသုံးပြုပြီး စကားပြောနေတဲ့အဖြစ်က ရယ်စရာ ကောင်းပေမဲ့ သူတို့ ဒါကို ဘယ်တုန်းကမှ မရယ်မောခဲ့ ကြဘူး။ ဒီပုံစံနဲ့ အသားကျနေခဲ့ပြီးပြီ။
လျှို့ဝှက်ချက်တစ်စုံတစ်ရာကိန်းဝပ်နေတဲ့ အသစ်အဆန်းဆိုရင် စိတ်ဝင်စားတတ်တဲ့လူငယ်ပီပီ “ဆေးသုတ် ကြည့်ရ အောင်၊ အဖြူကို သိပ်မကြိုက်ဘူး”လို့ တိမ်မင်းစံက စလာတယ်။
“ which color”
“ green”
ဖုန်းဆက်လိုက်တော့ လူ ၁၁ ယောက် ရောက်လာတယ်။ ၀န်ဆောင်မှုပေးမယ့်လူတွေ များလှချည့်။ အိမ်ပြင် ၅ယောက်၊ အိမ်ထဲ ၅ယောက်၊ တစ်ယောက်က အတွင်းနဲ့ အပြင် ဆက်စပ်ကြတ်မတ်ညွန်ကြားသူ တဲ့။ တစ်နေ့တည်း အချိန်မကုန်ဘဲ ပြီးစီးသွားမယ် တဲ့။ သူတို့သယ်လာတဲ့ ဆေးသုတ်ရာမှာ အသုံးချမယ့် တန်ဆာပလာကိရိယာတွေကလည်း များလှချည့်။ ခေါက်လှေ ကားတွေနဲ့ ဆေးလှိမ့်တလိမ့်တုံးတွေကလည်း အတို အရှည် အသေးအကြီး အမျိးမျိုးပဲ။ တစ်ရက်တောင်မကြာလိုက်ဘူး။ မွန်းလွဲ ၂နာရီမှာပဲ ပြီးသွားတယ်။ စိမ်းမြမြလေး လှပနေတဲ့ အိမ်ကို တစိမ့်စိမ့် လှည့်ပတ်ကြည့်ပြီး ပျော်နေကြတယ်။ ညအိပ်ကြတော့လည်း အိမ်ခန်းလေးကို နာရီအတော်ကြာ မျက်ကွယ်ပြုပြီး မျက်လုံးပိတ် အိပ်ပစ်ရမှာနှမြောလို့ ကြယ်ရီလင်းစက် တော်တော်နဲ့ မအိပ်နိုင် ဘူး။ မနက်လင်းတော့ အိပ်မက်တစ်ခုထဲ ရောက်နေသလို နှစ်ယောက်လုံးခံစားလိုက်ရတယ်။ မနေ့က စိမ်းမြမြအရောင်တွေ တစ်အိမ်လုံး ရှိမနေကြတော့ဘူး။ မျက်လုံးတွေကို ပွတ်ကြည့်တယ်။ မယုံနိုင်စရာကောင်းလှတယ်။ ဖုန်းဆက်တဲ့အခါ ဒီအဖြစ်မျိုး တစ်ခါမှတော့ မကြုံဖူးဘူးတဲ့။ မပူပါနဲ့၊ ကပ်စတမ်မာစိတ်တိုင်းကျ ထပ်လုပ်ပေးပါမယ်တဲ့။ ၀န်ဆောင်ခလည်းမယူပါဘူးတဲ့၊ ဆေးဖိုးပဲ ပေးပါတဲ့။ အဓိပ္ပာယ်မရှိတာ အစိမ်းသုတ်တာ အစိမ်းမှ ဖြစ်မနေတာ အဖြူရောင်ကြီးပြန်ဖြစ်နေတာ ဆေးဖိုး ထပ်ပေးရဦးမှာ တဲ့လား။ “ကျွန်တော်တို့ မနေ့က အစိမ်း သေချာသုတ်ပေးခဲ့ပါတယ်၊ ကျွန်တော်တို့ဘက်က အမှားအယွင်းမဟုတ်ဘူး”တဲ့။ ဟုတ်တော့လည်း ဟုတ်တယ်၊ ဒီအိမ်ကပဲ တစ်ခုခု မှားယွင်းနေတာလား။ မကျေနပ်ဘူး၊ တိမ်မင်းစံလည်း အဖြေမရှာတတ်ဘူး။ ထားလိုက်ပါတော့ကွာ ကလွဲပြီး ဘာမှမပြောတတ်ဘူး။ နောက်တော့ “ကျွန်တော်တို့အမှားမဟုတ်ပေမဲ့ ကျွန်တော်တို့ ပြန်လုပ်ပေးပါ့မယ် ဆေးဖိုးလည်း တစ်ဝက်ပဲ ပေးပါ ဆိုတဲ့ စကားနဲ့ ကျေနပ်လိုက်ရတယ်။ မနေ့ကအတိုင်း လူအင်အားများများနဲ့ လာသုတ်ပေးတယ်။ နှစ်ယောက် သား ညအိပ်လို့တောင်မပျော်ဘူး။ မှေးခနဲ ပျော်သွားခိုက်မှာ ကြယ်ရီလင်းစက် အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ အိမ်က စကား ပြောတယ်။ “င့ါရဲ့ပင်ကိုလှနေပြီးသားအဖြူရောင်ကို ဘာလို့ အစိမ်းပြောင်းချင်တာလဲ“လို့မေးတယ်။ “အဲဒါ ကျမမဟုတ်ဘူး၊ သူ သူ တိမ်မင်းစံ လုပ်တာပေါ့”ဆိုပြီး ကြယ်ရီလင်းစက်က တိမ်မင်းစံကို လက်ညှိုးတထိုးထိုးနဲ့ ပြန်ပြောတယ်။ အိမ်ဆီက ရယ်သံကြားတယ်။ “ အဲလိုပဲ အဲလိုပဲ ဘယ်လောက်ချစ်ချစ် စိတ်တူကိုယ်တူ လုပ်ထားလည်း အရေးအကြောင်းဆို တစ်ယောက်က တစ်ယောက်ကို အပြစ်လွှဲချတတ်တယ်”တဲ့၊ အမလေး ပမာမခန့် အိမ်ကများ ဆရာလုပ်လို့၊ ကြယ်ရီလင်းစက် စိတ်တွေတိုပြီး လန့်နိုးလာတယ်။ အိပ်မက်ထဲမှာ အိမ် ပြောတဲ့စကား မှန်သားပဲ။ လက်ခံလို့ပဲ အတူတူအစိမ်းရောင်သုတ်ကြပြီး ဘာလို့ အဲဒါ သူ သူ တိမ်မင်းစံ လုပ်တာ လို့ ဘာလို့ လွှဲချမိပါလိမ့်၊ ဒါ ကိုယ့်စိတ်အမှန်ပဲလား။ ကိုယ့်စိတ်ကိုယ် ကြောက်သွားတယ်။ တိမ်မင်းစံ ရော ဘယ်လိုအိပ်မက် မက်နေမှာပါလိမ့်။ အိပ်ပျော်နေတဲ့ ချစ်ရသူခင်ပွန်းသည်ရဲ့မျက်နှာကို ငေးကြည့်ရင်း ဒီလောက်ချစ်ရဲ့သားနဲ့ အရေးကြုံတဲ့အခါ ချစ်သူရှေ့ကနေ စကားလေးတစ်ခွန်းနဲ့တောင် အပြစ်ဝင်ခံပေးဖို့ ဘာလို့ဝန်လေးခဲ့တာလဲ၊ ဒီစိတ်ကို ပြင်မှဖြစ်မယ် လို့ စဉ်းစားမိသွားတယ်။ တိမ်မင်းစံ နိုးလာတော့ သူ့အိပ်မက်ထဲမှာ အိမ်က “လှပြီးသားအဖြူကို မင်းတို့ဘာလို့ အစိမ်းသုတ်တာလဲ၊ ငါစိတ်ဆိုးတယ်” လို့ ပြောတယ်တဲ့။ မြတ်စွာဘုရား။ အိပ်မက်တွေ တူနေပါလား။ စကားလုံးတွေပဲ ကွဲပြားပြီး အဓိပ္ပာယ်လာတူနေ တယ်။ စိတ်လှုပ်ရှားတဲ့အသံနဲ့ မေးလိုက်တယ်။
“ အဲဒီတော့ ကို ကိုက ဘာပြန်ပြောလိုက်လဲဟင်”
“ မင်းတို့ လို့မပြောပါနဲ့ အဲဒါ ကျွန်တော်သုတ်တာ လင်းစက်နဲ့ ဘာမှမဆိုင်ဘူး လို့ အော်ပစ်တာပေါ့၊ အိပ်မက်ထဲမှာ အိမ်ရဲ့ပုံစံက ကြောက်စရာကြီး ဒေါသတွေ ထွက်နေပုံပဲ၊ လင်းစက်ကို တစ်ခုခုလုပ်မှာစိုးလို့ ကို့နောက်မှာ လင်းစက်ကို ၀ှက်ထားရတယ်၊ ကြောက်စရာကောင်းတဲ့အိပ်မက်ပဲ”
ကြယ်ရီလင်းစက် ၀မ်းနည်းသွားတယ်။ အရေးကြုံတဲ့အခါ အိပ်မက်ထဲမှာတောင် ငါ့ကို အကာအကွယ် ပေးပါလား၊ ငါကတော့ အကျင့်မကောင်းဘူး အပြစ်လွှဲချခဲ့တယ်။  ၀မ်းနည်းစိတ်တွေနဲ့ တိမ်မင်းစံရင်ခွင်ထဲ တိုးဝင်ပြီး ငိုပစ်မိတယ်။ ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ လို့ တိမ်မင်းစံ မေးတော့ အိပ်မက်ကို ပြောပြလိုက်တယ်။
“ အိပ်မက်ထဲမှာ ကို့ကို အပြစ်လွှဲချမိတယ်၊ အားနာလိုက်တာ၊ သနားလိုက်တာ၊ ကိုကတော့ လင်းစက်ကို အကာအကွယ် ပေးခဲ့တယ်”
“ အဲဒါ အရေးမကြီးဘူးထားပါ အိပ်မက်တွေ ဘာလို့တူနေရတာလဲ၊ နေဦး အိပ်မက်ထဲမှာ အိမ်က ပြောသေးတယ်၊ မင်းတို့ လူသားတွေ သိပ်ခက်တာပဲ အဖြူဒီလောက်လှနေတာကို အရောင်အမျိုးမျိုး ဆိုးချင်ကြတယ် အေးပေါ့လေ အရောင်တွေကလည်း sexy ဖြစ်တာကိုး ဒီတော့ တစ်မျိုးပြီးတစ်မျိုး ပြောင်းချင်မှာပဲပေါ့ တဲ့ ”
“ ဟင် အိမ်က အဲလိုပြောတယ် ခေတ်မီတယ်နော်”
ခုမှပဲ နှစ်ယောက်သား ရယ်ရယ်ပြုံးပြုံးဖြစ်သွားကြတယ်။
“ဟုတ်ပါတယ် အဖြူရောင်လေးပဲ ကောင်းပါတယ်”လို့ တိမ်မင်းစံကပြောလိုက်တယ်။ ခုမှ သတိရလို့ နံရံတွေ အိမ့်အပြင် ဘက်တွေ လှည့်ပတ်လိုက်ကြည့်တော့ အိမ်က လိုချင်တဲ့အရောင် အစိမ်းမြမြလေး ဖြစ်နေတာတွေ့တယ်။ ခက်တယ်။ လိုချင်သလို စိတ်တိုင်းကျ ရပြန်တော့လည်း သူတို့ မပျော်တော့ပြန်ဘူး။
“ အစက အဖြူလေးက ပိုလှသလိုပဲနော်”
“ အင်း ဟုတ်တယ်၊ ကိုလည်း ဒီလိုပဲ ခံစားရတယ် အိပ်မက်ကြောင့်လည်း ဖြစ်မှာပါ၊ အိပ်မက်ထဲမှာ အိမ်က သူ့ဒိုင်တွေ ရိုက်သွင်းလိုက်တာကိုး၊ ဒါဖြင့်ရင်လည်း Dream White ကို ဖုန်းဆက်လိုက်မယ်”
“ ဟင် ဘာလုပ်ဖို့”
“ အဖြူ ပြန်သုတ်ပေးဖို့”
“ အမလေး တော်ပါတော့ ကိုရယ်”
နှစ်ယောက်သား ပေါ့ပါးလွတ်လပ်စွာ ရယ်မိကြတယ်။ ဒီအိမ်ရောက်လာတာ ဖြစ်ပျက်တွေ့ကြုံသမျှ တွေက ဆန်းတော့ ဆန်းကြယ်တယ်။ အစိမ်းရောင်သုတ်ပြီး တစ်ညအိပ်အချိန်လေးမှာ အရောင်ပြယ် အဖြူရောင်ပြန်ဖြစ်သွားရတာနဲ့၊ အိပ်မက်တွေတူ နေရတာနဲ့။ ပြတင်းပေါက်မဖွင့်ထားဘဲ ဒေါက်ခနဲ ပြုတ်ကျလာတဲ့ ကြော်ငြာစာရွက်နဲ့။ တစ်ယောက်ယောက်ကို ပြောပြရင် ဘယ်သူမှ လက်ခံယုံကြည်ပေးမှာမဟုတ်ဘူး။ ကြင်စဦးဇနီးမောင်နှံ အပျော်လွန်ပြီး ရူးသွာုးကြပြီ လို့အပြောခံရမှာ သေချာတယ်။
            ဘာပဲဖြစ်ဖြစ် လျှို့ဝှက်ဆန်းကြယ်လိုလိုနဲ့ နည်းပညာခေတ်က ဘ၀နေထိုင်မှုကို လုံခြုံမှု မပေးနိုင်တော့ဘူး လို့ သူတို့ နားလည်လိုက်တယ်။ ကြော်ငြာစာရွက်တစ်ရွက် ပို့သူမရှိဘဲ အိမ်ခန်းထဲ အလိုအလျောက် ဒေါက်ခနဲ ၀င်လာသလိုပေါ့။ ဘယ်အရာ မဆို တံခါးမရှိဓားမရှိ ၀င်ထွက်သွားလာနိုင်အောင် နည်းပညာတွေက အဆင့်မြင့်မြင့် ထိန်းချုပ်ဖမ်းစားထားတယ်။ အဖြေမရှိတဲ့ မနေ့ကကိစ္စတွေကို အတင်းအဓမ္မအဖြေတွက်ထုတ်နေရင် အချိန်ကုန်လူပန်းပြီး မနက်ဖြန်ထဲတိုးဝင်ဖို့ အားအင် ရှိမှာမဟုတ်ဘူး။ ဆန်းပြားတဲ့နည်းပညာနဲ့ ထာဝရထိန်းချုပ်ဖမ်းစားဖို့ တချို့သောအရာဝတ္ထုတွေ ခေါင်းပြူနေချိန်မှာ တစ်ခါသုံးစက္ကူတစ်စလို လွင့်ပျောက်သွားတဲ့ တချို့သော အရာဝတ္ထုတွေလည်း ရှိနေမှာပဲ။
ကြယ်ရီလင်းစက်က စိုးထိတ်တဲ့မျက်ဝန်းလေးတွေနဲ့ တိမ်မင်းစံကို ကြည့်ရင်းပြောတယ်။
“နောက်တစ်ခါ ကြော်ငြာစာရွက်တစ်ရွက် အခန်းထဲဒေါက်ခနဲ ပြုတ်ကျလာဦးမှာလားပဲနော်…”
“ ဘာဖြစ်လဲ၊ သုံးကြည့်တာပေါ့၊ အသုံးမတည့်တော့လည်း လွှင့်ပစ်ရုံပေါ့”
“ ‘အိမ်ထဲမှာ သရဲ ရှိနေတာလား…” ကြယ်ရီလင်းစက်က စိတ်ပူစွာထပ်မေးတယ်။
“ အိမ်ထဲမှာသရဲရှိတယ်ဆိုဦးတော့ ကိုယ်တတ်နိုင်တဲ့ငွေကြေးနဲ့ အပိုင်ဝယ်၊ ကိုယ်ချစ်တဲ့သူနဲ့အတူ နေရတယ်ဆိုတာ အမြတ်ပေါ့ ”
“ အင်း. . . .”
“သရဲတစ်ကောင်ခြောက်နေတယ်လို့ပဲ သဘောထားလိုက်တော့၊ ကြောက်နေလို့တော့မဖြစ်ဘူး၊ ဒီလိုပဲ နပမ်းလုံးပြီး စခန်းသွားရမှာပဲ၊ လင်းစက်ကြောက်လို့လား၊ ကိုတော့ လုံးဝမကြောက်ဘူး၊ အနားမှာ လင်းစက်ရှိနေလို့ ပျော်စရာ တောင် ကောင်းသေး၊ လင်းစက်သာ မရှိရင်တော့ ကြောက်မိမှာပေါ့၊ အခု လင်းစက်ကို အကာအကွယ်ပေးချင်တဲ့ စိတ်တွေနဲ့ အရင်က ထက်ပို ရဲရင့်နေတယ်ဗျ” လို့ တိမ်မင်းစံကပြောတယ်။

xxxxx
အသစ်အဆန်းပေါ်ထွက်လာတိုင်း စိတ်ဝင်စားတတ်တဲ့လူတွေနဲ့ အရောင်အမျိုမျိုးပြောင်းလဲနေတတ်တဲ့ စိတ်တွေကြောင့် ကြော်ငြာစာရွက်တွေဟာ ကမ္ဘာကြီးအနှံ့ ပလူပျံနေကြတယ်။
မနက်ခင်းတစ်ခုမှာ ဒေါက်ခနဲ အသံတစ်သံကြားတယ်။
“ကိုရေ …”
ကြယ်ရီလင်းစက်က တိမ်မင်းစံကို လှုပ်နိုးပြီး ကြမ်းပြင်တစ်နေရာဆီ မျက်စပစ်ပြတယ်။ ခုတင်ပေါ်ကဆင်းပြီး ဖွင့်ဖောက်ဖြန့်ကြည့်လိုက်တော့ ဆိုဖာ ဆက်တီခုံလှလှလေးများ ရမည် Colorful Dream တဲ့။ တစ်လတစ်ခါ ဒါမှမဟုတ် စိတ်ကူးပေါ်လျှင်ပေါ်သလို အမျိုးမျိုးအဖုံဖုံ လဲလှယ် သုံးစွဲနိုင်အောင် ၀န်ဆောင်မှုပေးသွားမည်တဲ့။ ပစ္စည်းအသယ်အပို့အတွက် ၀န်ဆောင်ခပေးရန်မလို၊ အခမဲ့…..။
ကြယ်ရီလင်းစက်က သူ့အလုပ်ခန်းထဲ အပြေးသွားပြီး ကွန်ပျူတာဖွင့်လိုက်တယ်။ Colorful Dream ကို အင်တာနက်ထဲ ရှာနေချိန်မှာ တိမ်မင်းစံက မီးဖိုခန်းထဲဝင်ကာ ရေနွေးကျိုတယ်။ နေ့တိုင်း ဒီကော်ဖီဖျော်သောက်ရတာ ငြီးငွေ့နေသလိုပဲ။
“ဒေါက်”
 မီးဖိုခန်းထဲ ပြုတ်ကျလာတဲ့ ကြော်ငြာခေါက်တစ်ရွက်၊ ဖွင့်ဖောက်ဖတ်လိုက်တယ်။ Dream Coffee..။ သရဲအသစ် တစ်ကောင်။ တံဆိပ်အမှတ်အသား အသစ်အဆန်းတစ်ခုဟာ သရဲတစ်ကောင်လို သူတို့အိမ်ထဲကို ၀င်လာနေလိမ့်ဦးမယ်လို့ သိလိုက်တယ်။ အိမ်တိုင်းမှာ သရဲတွေ ရှိတယ်။

စုမီအောင်

ဘေးရန်ကင်းကွာ လူကြီးတွေရဲ့ကမ္ဘာ


ကိုယ်ချစ်ခင်တန်ဖိုးထားရတဲ့ အမိအဘ လူကြီးတွေ အိုမင်းမစွမ်းဖြစ်လာတဲ့အချိန်မှာ အိမ်မှာဘေးရန်ကင်းရှင်းစွာ နေထိုင်နိုင်ဖို့ အထူးပြင်ဆင်ရမယ့်အိမ်ဒီဇိုင်းလေးတွေရှိနေပါတယ်။ Aging in Place "လူကြီးတွေရဲ့နေရာ" လို့ ခေါ်နေကြတဲ့ ယူနီဗာဆယ်ဒီဇိုင်းမျိုးကို လူကြီးတွေနဲ့နီးနီးနားနားနေရသူတွေ စိတ်ဝင်စားမူပိုနေကြတယ်။ အထူးသဖြင့် မိဘတွေရဲ့ အိုမင်းလာတော့မယ့်လူကြီးဘဝအကူးအပြောင်းမှာ သူတို့တွေရဲ့ရှင်သန်နေထိုင်မှုကိုအကူအညီပေးနိုင်၊ ပြုစုစောင့်ရှောက်နိုင်တဲ့ အိမ်မျိုးလေးတွေ စောင့်ကြည့်တည်ဆောက်လာကြပါတယ်။ ဘယ်လောက်များစိတ်ဝင်စားလာကြသလဲဆိုရင် AARP (American Association of Retired Persons)ရဲ့ လေ့လာဆန်းစစ်ချက်တစ်ခုမှာ စီးပွားရေးသမား တစ်ဝက်ကျော်ခန့်ဟာ Aging in Place"လူကြီးတွေရဲ့နေရာ"ကို အရေးကြီးတဲ့ ကာလရှည်စောင့်ရှောက်ပြုစုမှု(LTC)အဖြစ် သတ်မှတ်စိတ်ဝင်စားလာကြတယ်လို့ ဖော်ပြထားပါတယ်။ 

၇၈ သန်းထက်များပြားတဲ့စီးပွားရေးသမားတွေက Aging in Place ဟာ အခု သိပ်ပြီးလှုပ်လှုပ်ရှားရှားဖြစ်လာတဲ့ လုပ်ငန်းတစ်ခုလို့ ဆိုကြတယ်။ Aging in Place အတွက်ကုန်ပစ္စည်းတွေ၊ အစီအစဉ်တွေ နဲ့ ကျွမ်းကျင်တဲ့ဒီဇိုင်းပညာတွေဟာ အိမ်မှာပဲနေထိုင်လိုတဲ့သူတွေအတွက် အထူးလိုအပ်ချက်တစ်ခုဖြစ်လာနေပါပြီတဲ့။ Google မှာပဲ Aging in Place ဆိုပြီးရှာဖွေကြည့်လိုက်ရင်တောင် အချက်အလက်စာမျက်နှာပေါင်း ၁၀၅ သန်းခန့်တွေ့ရမှာပါ။ တကယ်ပဲ အင်တိုက်အားတိုက်အခွင့်အလမ်းကောင်းတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ Aging in Place ယူနီဗာဆယ်ဒီဇိုင်းဟာ အိမ်ထောင်စုတွေရဲ့အခေါ်အဝေါ်လိုဖြစ်လာပါပြီ။ အခြေခံအားဖြင့်တော့ ပုဂ္ဂလိကပိုင်၊ အများပြည်သူပိုင်နေရာတွေနှစ်ခုလုံးမှာ အသက်အရွယ်တိုင်းအတွက် သင့်တော်မယ့်နေရာထိုင်ခင်းပြင်ဆင်မွမ်းမံကြတာပါ။ ယူနီဗာဆယ်ဒီဇိုင်းဟာ အသက်အရွယ်ကြီးလာတဲ့မိဘတွေနဲ့ သူတို့ရဲ့ ကလေးသူငယ်၊ မြေးမြစ်လေးတွေကိုထိန်းကျောင်းကြမယ့် အဘိုးအဘွားတွေနဲ့ အယ်လ်ဇိုင်းမားနဲ့ တခြား နာတာရှည်ရောဂါရှိနေကြတဲ့ ကိုယ့်ရဲ့ချစ်ခင်ရတဲ့သူအားလုံးအတွက်အရေးကြီးတဲ့နေရာထိုင်ခင်း အခင်းအကျင်းတစ်ခုပါပဲ။

ဒီလိုဆိုရင် လူကြီးတွေနဲ့ရင်းနှီးကျွမ်းဝင်နိုင်တဲ့ ယူနီဗာဆယ်ဒီဇိုင်းနဲ့အိမ်ဆိုတာ ဘယ်လိုများလဲ။ AARP.org က အကြမ်းဖျဉ်းဖော်ပြချက်လေးတွေမှာတော့ အခုအချက်အလက်လေးတွေ သတိထားလိုက်နာရမယ်လို့ ဆိုထားပါတယ်။

အထစ်မပါတဲ့ အိမ်ဝင်ပေါက် - အိမ်ရှေ့အဝင်၊ အိမ်နောက်နဲ့ အိမ်ဘေးဘက် ဝင်ပေါက်တွေမှာ အထစ်မပါသင့်ပါဘူး။ အဲဒါမှ ဘီးတပ်ကုလားထိုင်အသုံးပြုရသူအပါအဝင် လူတိုင်းအိမ်ထဲကို လွယ်ကူစွာ ဘေးကင်းစွာဝင်ရောက်နိုင်မှာပါ။

ကျယ်ပြန့်တဲ့တံခါးပေါက်များ နဲ့ စင်္ကြန်လမ်းများ - တံခါးပေါက်တစ်ခုဟာ အနည်းဆုံး ၃၆ လက်မ အကျယ်ရှိရမှာပါ။ အိပ်ရာ ဒါမှမဟုတ် ဆိုဖာအသစ်တစ်ခုခုသယ်ဆောင်တဲ့အခါ အဆင်ပြေနိုင်တဲ့အကျယ်ရှိသင့်ပါတယ်။ အိမ်ကိုအမြဲလိုအလည်အပတ်ရောက်လာလေ့ရှိသူ ဘီးတပ်ကုလားထိုင်အသုံးပြုတဲ့မိတ်ဆွေ၊ မိသားစုဆွေမျိုးတစ်ဦးဦးအတွက်လည်းအဆင်ပြေနိုင်ပါလိမ့်မယ်။ စင်္ကြန်လမ်းမကတော့ ၄၂ လက်မအကျယ်ဟာ မိသားစုအတွက်ကောင်းမွန်ပါတယ်။

တစ်ထပ်အိမ်လေးတွေ - အသက် ၀ ကနေ ၁၀၀ အထိ နေထိုင်သူအားလုံးအတွက် လှေကားအတက်အဆင်းမလုပ်ရတဲ့ အခန်းတွေဟာ ပိုပြီးသက်တောင့်သက်သာရှိပြီး ဘေးကင်းစိတ်ချရစေတယ်။

မီးခလုတ်အဖွင့်အပိတ် ထိန်းချုပ်ခလုတ်တွေ လွယ်လွယ်ကူကူလက်လှမ်းနိုင်တဲ့နေရာမှာ - ဘီးတပ်ကုလားထိုင်နဲ့သူအတွက် မီးခလုတ်တွေကို လက်လှမ်းမီနိုင်တဲ့အမြင့် ကြမ်းပြင်အထက် ၄၂-၄၈ လက်မ အမြင့်လောက်မှာထားရှိသင့်ပါတယ်။ အပူချိန်ညှိကိရိယာ thermostat တွေကိုလည်း ကြမ်းပြင်အထက် ၄၈ လက်မထက်မမြင့်သင့်ပါဘူး။ လျှပ်စစ်မီးခလုတ်ခုံတွေကို ကြမ်းပြင်အထက် ၁၈-၂၄လက်မ ဝန်းကျင်လောက်မှာ ထားရှိသင့်တယ်။ အိမ်ကို ပြုပြင်မွမ်းမံတဲ့အခါ ဒီအကွာအဝေးတွေကို စိတ်ထဲမှာမှတ်ထားပေးပါ။

လက်ကိုင်တွေကို အလွယ်တကူသုံးနိုင်အောင် - လှည့်ဖွင့်ရတဲ့ လက်ကိုင်ဘုနဲ့ ဘုံပိုင်ခေါင်းတွေကို အသုံးပြုရလွယ်ကူတဲ့ မောင်းတံပါတဲ့လက်ကိုင်မျိုးကို အစားထိုးအသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါ။

လူကြီးတွေရဲ့ နေရာအတွက် သင်တို့ရဲ့ အိမ်ကို ယူနီဗာဆယ်ဒီဇိုင်းလို ပြုပြင်မွမ်းမံဖို့အသင့်ဖြစ်နေပြီလား။ အသင့်ဖြစ်ပြီဆိုရင်တော့ National Association of Home Builders မှတဆင့် လက်မှတ်ရ Aging in Place ကျွမ်းကျင်ပညာရှင်တစ်ဦးနဲ့ဆက်သွယ်ဖို့ပဲလိုတော့တာပေါ့။

Source : 5 Universal Design Needs for Aging in Place By Michelle Seitzer | Rearder's Digest

ဖြိုးဖြိုး

လွိုင်ကော်မြို့နဲ့ ထူးဆန်းတဲ့ကြတ်ဂူ

Living Fashion Magazine, June, 2014
သဘာဝအလှပသာဒပြည့်စုံလှတဲ့ တောင်ပူစာပေါ်မှာ တည်ထားကိုးကွယ်ထားကြတဲ့ သီရိမင်္ဂလာတောင်ကွဲစေတီဟာ ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့ရဲ့ ဘာသာရေးအထင်ကရအမှတ်အသားအဖြစ် တည်ရှိနေပါတယ်။ ဘုရားတည်ထားတဲ့ တောင်ပေါ်မှ လှမ်းကြည့်လိုက်ရင်တော့ လွိုင်ကော်မြို့ဝန်းကျင်ကို ပြန့်ပြူးကျယ်ပြောလှတဲ့မြင်ကွင်းအဖြစ်မြင်တွေရမှာပါ။ လွိုင်ကော်မြို့တစ်ဝိုက် ဖူးမြှော်နိုင်တဲ့ ဘုရားတချို့မှာ ရွှေရင်အေးစေတီ၊ ကျောက်သမ္ဗာန်စေတီ၊ အောင်တော်မူစေတီ၊ ဆုတောင်းပြည့်စေတီ၊ ပြည်လုံးချမ်းသာစေတီ၊ အောက်ကျိုက်ထီးရိုးစေတီ၊ အထက်ကျိုက်ထီးရိုးစေတီ နဲ့ ရွှေပြည်အေးစေတီတို့ဖြစ်ကြတယ်။ ဒေသခံတွေယုံကြည်ကြတဲ့ ဗျာဒိတ်စကားတစ်ခုက တစ်နေ့မှာ အဲဒီ ဘုရားကိုးဆူဟာ ဗုဒ္ဓရဲ့သစ္စာတရား တည်တံ့တိုးပွားလာခြင်းအဖြစ် သဗ္ဗညုတဘုရားအဖြစ်ပေါင်းစည်းသွားမယ် လို့ဆိုတယ်။ အထွတ်အမြတ်ထားကိုးကွယ်ကြတဲ့ တောင်ကွဲစေတီတည်ထားတဲ့ တောင်ပူစာကို ၁၉၇၀ မှာ သီရိမင်္ဂလာတောင်ကုန်းလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။ 

Saturday, May 24, 2014

ကမ္ဘာ့အန္တရာယ်အကြီးဆုံး ရေတိုက်ပွဲ

ဗီယက်နမ်နိုင်ငံ နဲ့ တရုတ်နိုင်ငံတို့ဟာ ရေနံအတွက်နဲ့  မာန်ဟုန်ပြင်းပြင်း အငြင်းပွားလာကြပြီ။ အဲဒီအငြင်းပွားမှုဟာ အာရှ နိုင်ငံရေးအခြေအနေထဲမှာ အန္တရာယ်ကြီးတဲ့မီပွားတစ်စအဖြစ် ပြန့်ကျဲသွားလေမလားပဲ။ တရုတ်ရဲ့ အားကြိုးမာန်တက်လုံ့လစိုက်မှုတွေထဲကတစ်ခုမှာ တောင်တရုတ်ပင်လယ်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ထားနိုင်ဖို့ပါ။ အဲဒါဟာ တချိန်လုံးရင်ဆိုင်နေရတဲ့ပဋိပက္ခဖြစ်ခဲ့ပါတယ်။ တကယ့်ကိုပဲ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့လို အိမ်နီးချင်းနိုင်ငံတွေဟာ ဘေဂျင်းကိုဆန့်ကျင်ကြမယ့်ဆုံးဖြတ်ချက်တွေ ပိုလို့ခိုင်မာလာကြတယ်။ တရုတ်နဲ့ ဗီယက်နမ် ရေပိုင်နက်အငြင်းပွားမှုရှိနေတဲ့ နေရာမှာ ဘေဂျင်းကရေနံတူးစင်တစ်ခုချထားပြီး ရက်အနည်းငယ်အကြာ အဲဒီဧရိယာမှာပဲ တရုတ်ရေယာဉ်တွေဟာ ဗီယက်နမ်ကင်းလှည့်ရေယာဉ် အနည်းဆုံးတစ်စီးနဲ့ တိုးဝင်တိုက်ခိုက်ခဲ့ကြတယ်။ အဲဒီရေယာဉ်မှာ ပျက်စီးမှုတွေခဲ့ပါတယ်။ ဗီယက်နမ်သင်္ဘောသားတွေ ဒဏ်ရာရမှုရှိခဲ့ကြတယ်။ ဒါပေမဲ့ ပစ်ခတ်မှုတော့မရှိခဲ့ပါဘူး။ ဗီယက်နမ်မီဒီယာက ကြေညာခဲ့တယ်၊
တရုတ်သင်္ဘောတွေဟာ ရေနံတူးစင်တစ်ဝိုက် ၃ မိုင် မဖြတ်သန်းရဇုံအတွင်းမှာ ရေပိုက်ကြီးတွေသုံးပြီး အင်အားနဲ့ဖြိုခွဲခဲ့တယ် တဲ့။

Wednesday, May 21, 2014

နောက်တစ်ကြိမ် အိမ်ပြန်လာခွင့်ရတဲ့အခါ

Living Fashion Magazine,
June, 2014
သင်္ကြန်အားလပ်ရက်တွေ မွေးရပ်ဇာတိက အိမ်ကို သင်းသင်း အလည်ပြန်ရောက်ဖြစ်တော့ အိမ်မှာ မေမေ နဲ့ အတူနေထိုင်တဲ့ မမကြီးရယ်၊ သူ့သားလေးရယ် မြူးထူးပျော်ရွှင်စွာဆီးကြိုကြလေတယ်။ သင်းသင်း မွေးဖွားခဲ့ရာအိမ်ကြီးကလည်း လှလှပပ ခန့်ထည်စွာပဲ ကြိုဆိုနေတာပါပဲ။ အပြင်ဘက်အုတ်နံရံ က ဝင်ဝင်ချင်း ညာဘက်မှာ အမိုးအကာလေးရှိနေတယ်။ အိမ်မကြီးရယ်၊ ဘေးက အဆောင်၊ အောက်ထပ်က မီးဖိုခန်း အပေါ်မှာတော့ မေမေနေတဲ့အခန်း၊ အိမ်မကြီး အပေါ်ထပ်မှာ ဘုရားခန်း ဧည့်ခန်းကျယ်ကျယ်ရယ်၊ အိပ်ခန်းကျယ်တစ်ခန်း၊ အိပ်ခန်းငယ်တစ်ခန်း၊ အိမ်အောက်ထပ်မှာတော့ ဧည့်ခန်းရယ် အိပ်ခန်းကျယ်တစ်ခန်း၊ နောက်ဘက်မှာ အခန်းလေးတွေ ရှိနေသေးတယ်။ မေမေ့အခန်းကထွက်ရင် မေမေ့တစ်ယောက်သုံးရေချိုးခန်း နဲ့ ရေစင်ရှိလေတယ်။ အောက်မှာတော့ သန့်စင်ခန်း ရေချိုးခန်းတို့ပေါ့။ ခမ်းနားကြီးကျယ်လွန်းတဲ့အိမ်မဟုတ်ပေမဲ့လည်း မေမေ နဲ့ မမကြီးတို့ အတွက်တော့ လုံလောက်ကျယ်ပြန့်စွာရှိနေတဲ့အိမ်ပေါ့။ 

Tuesday, May 13, 2014

ခရီးသည်တွေကို မပြောဘဲထားတဲ့ လေယာဉ်မှူးးတို့ရဲ့စကားတွေ

လေယာဉ်စီးတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ လုံခြုံရေးနည်းလမ်းတွေ၊ နားလည်ရခက်တဲ့နှောင့်နှေးမှုတွေ လေလမ်းကြောင်း အနေအထားတွေအကြောင်း နိုင်ငံတဝှမ်းက လေယာဉ်မှူးတွေကို မေးမြန်းကြည့်တဲ့အခါ ရှင်းရှင်းတည့်တည့်ဖြေကြတယ်။ သူတို့ဖြေကြတာက လေယာဉ်မှူးအခန်းတံခါးနောက်ကွယ်က တကယ်ပဲဖြစ်ပျက်နေတဲ့ကိစ္စတွေပါ။

ညွှန်းတဲ့ ရုပ်ရှင်


Transcendence
Action / Drama  / Sci-Fi  
Warner Bros. Pictures, DMG Entertainment (China), Summit Entertainment/Lionsgate (International)
ဒါရိုက်တာ - Wally Pfister
ထုတ်လုပ်သူ - Andrew A. Kosove, Kate Cohen, Marisa Polvino, Annie Marter, David Valdes, Aaron Ryder
ဇာတ်ညွှန်း - Jack Paglen
သရုပ်ဆောင်များ - Johnny Depp, Morgan Freeman, Rebecca Hall, Kate Mara, Cillian Murphy, Cole Hauser, Paul Bettany

ဒေါက်တာ ဝီလ်ကတ်စ်တာ (Johnny Depp) ဆိုတာက အသိဥာဏ်ပညာဖန်တီးပြုလုပ်ဖို့ သုတေသနလုပ်နေတဲ့ ပညာရှင်တစ်ဦးပါ။ နာဖျားနေတဲ့ နောက်ဆုံးအဆင့်ဖြစ်နေတဲ့သူတစ်ဦးလို့လည်းဆိုပြန်တယ်။ ဝီလ်ကတ်စ်တာက သူ့ရဲ့ စိတ် (မှတ်ဥာဏ် )ကို ကွန်ပျူတာထဲ ဆွဲချသိမ်းဆည်းဖို့ကြိုးစားနေတယ်။ သူ့ရဲ့အဆိုးဝါးဆုံးအိပ်မက်တွေရဲ့အလွန်မှာ သိမ်းဆည်းထားတာတွေနဲ့ပေါင်းစပ်ပြီး စွမ်းအားဖြစ်စေဖို့ပါ။ ဒေါက်တာဝီလ် တီထွင်ဖန်တီးထားတဲ့ စက်ထဲမှာ အာရုံခံစားနိုင်မှု နဲ့ စုစည်းသိုမှီးထားတဲ့ မှတ်ဥာဏ်တွေပိုင်ဆိုင်ထားပါတယ်။ ဒေါက်တာဝီလ်လေ့လာနေတဲ့ နည်းပညာတိုးတက်မှုမျိုးကို အစွန်းရောက်ဝါဒီတွေက ဆန့်ကျင်နေကြတယ်။ ဒါပေမဲ့ သူတို့ရဲ့တိုက်ခိုက်မှုဟာ ဒေါက်တာဝီလ်ရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီကို တွန်းပို့လိုက်သလိုပါပဲ။ ဇနီးသည် အဲဗလန် (Rebecca Hall)နဲ့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း မက်ဇ်ဝါးတားစ် (Paul Bettany)တို့ကလည်း စိတ်တူကိုယ်တူ သုတေသနပညာရှင်တွေပါ။ "နှစ်ပေါင်း ၁၃၀ ၀၀၀ မှာ ငါတို့ရဲ့လုပ်နိုင်စွမ်းဟာ မပြောင်းမလဲတည်တံ့လျက်ရှိတော့မယ်။ ဦးနှောက်အာရုံကြောသိပ္ပံပညာရှင်တွေ၊ သင်္ချာပညာရှင်တွေရယ်၊ အင်ဂျင်နီယာပညာရှင်တွေရဲ့ ပေါင်းစပ်ထားတဲ့ အသိဥာဏ်ပညာတွေဟာ A.I(Artificial Intelligence) နဲ့ယှဉ်လိုက်ရင်တော့သေးနုပ်မှေးမှိန်သွားတော့မှာ" လို့ ဒေါက်တာဝီလ်က ပြောနေတယ်။  ဇနီးသည် အဲဗလန်က "ရှင် ဘယ်ကို သွားနေတာလဲ" လို့မေးတော့ ဒေါက်တာဝီလ်ပြန်ဖြေတာက "နေရာတိုင်းကိုပဲ" တဲ့။ မရပ်မနားလှုပ်ရှားနေတဲ့စက်ကို ပိတ်ပစ်လိုက်တော့မယ်လို့ မက်ဇ် က ဆိုတော့ အဲဗလန် ခပ်သွက်သွက်လေးဖြေရှာတယ်။ "အဲဒါကို … မပိတ်လိုက်နဲ့။ သူပဲ။ ဝီလ်ပဲ"

Noah
Adventure / Drama  
Paramount Pictures
ဒါရိုက်တာ - Darren Aronofsky
ထုတ်လုပ်သူ - Darren Aronofsky, Scott Franklin, Arnon Milchan, Mary Parent 
ဇာတ်ညွှန်း - Darren Aronofsky, Ari Handel
ဝတ္ထု - based on The narrative of Noah's Ark in the Book of Genesis
သရုပ်ဆောင်များ - Russell Crowe, Jennifer Connelly, Ray Winstone, Emma Watson, Logan Lerman, Anthony Hopkins

ခရစ်ယာန် သမ္မာကျမ်းလာ ကမ္ဘာပျက်ကိန်းကြုံပြီး ပြိုလန့်ချောက်ချား ရေလွှမ်းသွားတော့မယ် ကပ်ဆိုးမြင်ကွင်းတွေကို နော်ဧ ကြောက်လန့်တုန်လှုပ်နေတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ အလိုရှိမှုအတိုင်း ကြုံလာတော့မယ့်ရေလွှမ်းမိုးမှုကပ်ဆိုးကနေ မိသားစုကို သတ္တဝါတွေကို ကယ်ယူဖို့ လှေကြီးဆောက်လုပ်တယ်။ Evan Almighty ရုပ်ရှင်ကို ပြန်လည်အမှတ်ရမိစရာပါ။ Evan Almighty မှာတော့ ရယ်ရွှင်ဖွယ်ဇာတ်မြူးပုံစံမျိုးနဲ့ ရိုက်ကူးပြသခဲ့တယ်။ ဒီ Noah ကိုတော့ အမေရိကန်ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ၊ ရုပ်ရှင်ထုတ်လုပ်သူ ဒါရန်အေရွန်နောဖ့်စကီး က အထူးပြုလုပ်ချက်တွေနဲ့ အံ့ဘနန်းထူးခြားဆန်းပြားစွာ ရိုက်ကူးခဲ့တာပါ။ ဝေဖန်သူတချို့ကတော့ "တကယ်ရှိနေတဲ့တိရစ္ဆာန်အစစ်အမှန်တွေနဲ့ နည်းနည်းကွဲပြားနေတယ်။ တစ်ကားလုံး တိရစ္ဆာန်အစစ်လေးတွေမပါဘူး"လို့ ဆိုကြတယ်။ ဒါရိုက်တာဟာ နော်ဧ ရဲ့ ဇာတ်ကောင်ကို ကလေးဘဝအရွယ်ကတည်းကနေ စပြီး ဆွဲဆောင်မှုရှိအောင် ရိုက်ကူးထားတာပါ။ သရုပ်ဆောင် အမ်မာဝပ်ထ်ဆန်ကပြောတဲ့ ရုပ်ရှင်ထဲက အပြင်အဆင် ဝန်းကျင်ရှုခင်းအကြောင်းမှာ "ဆက်တင်တွေက အချိန်ကာလတွေဆီ ဆောင်ယူသွားတယ်။ အနာဂတ်ထဲက နှစ်တစ်ထောင်ကာလထဲမှာလိုလို၊ ပြီးခဲ့တဲ့ နှစ်တစ်ထောင်ကာလထဲပြန်ရောက်သွားသလိုလို ခံစားရတယ်လို့ ဆိုတယ်။ ဒီရုပ်ရှင်ဟာ ရပ်ဆဲလ်ခရိုးနဲ့ ဂျနီဖာကော်နဲလေး တို့ ခင်ပွန်းနဲ့ဇနီးသည်အဖြစ်အတူသရုပ်ဆောင်ထားတဲ့ ဒုတိယမြောက်ရုပ်ရှင်ပါ။  A Beautiful Mind မှာ တစ်ကြိမ်တွေ့ခဲ့ကြပြီးပါပြီ။ ရပ်ဆဲလ်ခရိုးရဲ့ ကြံ့ခိုင်ကြမ်းတမ်းရဲ့သဏ္ဍာန်၊ ထူးခြားတဲ့ရုပ်ရှင်နောက်ခံအခင်းအကျင်း၊ အထူးပြုလုပ်ချက်တွေ ဆန်းဆန်းပြားပြားနဲ့ Noah ဟာလည်း စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ကားဖြစ်နေပါတယ်။

Divergent
Action / Adventure / Sci-Fi
Summit Entertainment, Lionsgate
ဒါရိုက်တာ - Neil Burger
ထုတ်လုပ်သူ - Lucy Fisher, Pouya Shabazian, Douglas Wick
ဇာတ်ညွှန်း - Evan Daugherty, Vanessa Taylor
ဝတ္ထု - Based on Divergent by Veronica Roth
သရုပ်ဆောင်များ - Shailene Woodley, Theo James, Zoe Kravitz, Ansel Elgort, Maggie Q, Jai Courtney, Miles Teller, Kate Winslet
ချီကာဂိုမြို့မှာ .. အချိန်က ၂၁၆၄ ခုနှစ်ထဲ … ။ လူတွေဟာ ကွဲပြားတဲ့နိုင်ငံရေးပါတီ ၅ ခု နဲ့ ပိုင်းခြားခွဲခြားပြီး ရှင်သန်နေထိုင်နေကြတယ်။ ဆယ်ကျော်သက်လေးတွေဟာ ကျန်ရှိတဲ့ သူတို့ရဲ့ဘဝကိုဖြတ်သန်းကြတဲ့အခါ သူတို့ရဲ့ မူလအုပ်မှာပဲ နေထိုင်မလား၊ ဒါမှမဟုတ် တခြားအုပ်စုထဲကူးပြောင်းချင်သေးလား ဆုံးဖြတ်ရဖို့ရှိပါတယ်။ ထရစ်ပရီယာ (Shailene Woodley) ဟာ အဲဒီရွေးချယ်မှုကို ပြုလုပ်ပေးတယ်။ ထရစ်နဲ့ သူမရဲ့ နောက်လိုက်အုပ်စုအဖွဲ့ဝင်တွေဟာ အုပ်စုသွင်းလုပ်ငန်းစဉ်တွေအတိုင်း ထူးကဲပြင်းထန်တဲ့ ရုပ်ပိုင်း နဲ့ စိတ်ပိုင်းစမ်းသပ်စစ်ဆေးမှုတွေ ဖြတ်သန်းပြီးမှ သူတို့အားလုံး ပြောင်းလဲကြရမှာပါ။ ဒါပေမဲ့ ထရစ်မှာ လှို့ဝှက်ချက်တစ်ခုရှာဖွေ သိရှိသွားတယ်။ အဲဒါ သူမက Divergent ဖြစ်နေသတဲ့။ အဓိပ္ပါယ်ကတော့ အုပ်စု ၅ ခုထဲမှာ ဘယ်မှာမှ  သူမ အဆင်မပြေနိုင်ဘူး။ ဘယ်အုပ်စုဝင်မှဖြစ်မနေပါဘူး။ ဒါကို တစ်ဦးဦးကများ သိရှိသွားခဲ့ရင် ယုံမှားဖွယ်မရှိ သေဆုံးခြင်းကို ထရစ်ရင်ဆိုင်ရမှာပါ။ ထရစ်ရှာဖွေတွေ့ရှိလိုက်တဲ့ မတူကွဲပြားတဲ့လူ့အဖွဲ့အစည်းရဲ့ကြီးထွားလာမှုဟာ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနေပြီ။ ထရစ်သိရှိလိုက်တဲ့လှို့ဝှက်ချက်ဟာ ချစ်မြတ်နိုးတဲ့ လူတွေကို ကယ်ဆယ်နိုင်မလား။ ဒါမှမဟုတ် ထရစ်ကိုပဲ အလုံးစုံပျက်သုဉ်းခြင်းဆီ ဦးတည်စေမလား စိတ်လှုပ်ရှားစရာကြီးပါပဲ။ Divergent ဟာ အမေရိကန်စာရေးဆရာမ Veronica Roth ရဲ့ ဝတ္ထု သုံးအုပ်တွဲ ပထမဆုံးအပိုင်းပါ။ Roth ရဲ့ Divergent ဟာ စာရေးဆရာမ Suzanne Collins ရဲ့ The Hunger Games နဲ့ စာရေးဆရာ James Dashner ရဲ့ The Maze Runner တို့ရဲ့ ဝတ္ထုတွေနဲ့ အမျိုးအစားတူနေတဲ့လူငယ်ဖတ်ဝတ္ထုတွေပါ။  Roth ဟာ ဒီဝတ္ထုဖန်တီးဖို့ သူမ တက္ကသိုလ်တက်နေစဉ်ကတည်းက စိတ်ကူးရခဲ့တယ်လို့ဆိုတယ်။ အနာဂတ်ကမ္ဘာထဲက ချီကာဂိုမြို့ကြီးမှာ Abnegation (တစ်ကိုယ်ကောင်းမဆန်သော)၊ Amity (ငြိမ်းချမ်းသော)၊ Candor (ရိုးသားသော)၊ Dauntless (ရဲရင့်သော) နဲ့ Erudite (အသိပညာပြည့်ဝသော) စတဲ့ အချက်တွေနဲ့ ပြည့်ဝသူတွေကို စမ်းသပ်စစ်ဆေးပြီး အုပ်စုတွေခွဲခြားနေထိုင်ကြတာကနေ စလို့ Divergent ကို ပုံဖော်ရေးသားခဲ့ပါတယ်။

Heaven Is for Real
Drama
Sony Pictures Entertainment
ဒါရိုက်တာ - Randall Wallace
ထုတ်လုပ်သူ - Joe Roth, T. D. Jakes
ဇာတ်ညွှန်း - Chris Parker
ဝတ္ထု - Based on Heaven Is for Real by Todd Burpo and Lynn Vincent
သရုပ်ဆောင်များ - Greg Kinnear, Kelly Reilly, Connor Corum, Jacob Vargas, Nancy Sorel

မြို့ငယ်လေး Nebraska မှ ခရစ်ယာန်သင်းအုပ်ဆရာ တော့ဒ်ဘာပို (Greg Kinnear) ရဲ့ လေးနှစ်အရွယ်သားငယ် ကော်လ်တန် (Connor Corum)ဟာ အရေးပေါ်ခွဲစိတ်ကုသမှုခံယူရစဉ်မှာ ကောင်းကင်ဘုံဆိုတာကို သူတွေ့မြင်ခဲ့တယ် လို့ပြောပြတယ်။ ခွဲစိတ်နေတဲ့ ဆရာဝန်ရယ်၊ လူနာစောင့်အခန်းထဲမှ ဆုတောင်းနေတဲ့ဖခင်ရယ် ကော်လ်တန် စကားတွေပြောဖို့ ကြိုးစားခဲ့ရှာတယ်။ မိသားစုက မယုံမကြည်နိုင်အောင်ဖြစ်နေခဲ့ကြပေမယ့် သိပ်မကြာခင်မှာပဲ အားလုံး ရှင်းရှင်းလင်းလင်းသိသွားကြရတယ်။ ကောင်းကင်ဘုံမှာ ကော်လ်တန်ရဲ့ မဆုံဖြစ်ခဲ့တဲ့(ပျက်ကျဆုံးပါးသွားခဲ့ဖူးတဲ့) အစ်မဖြစ်သူနဲ့တွေ့ခဲ့တယ်။ အဲဒါ ကော်လ်တန်ကို ဘယ်သူမှ မပြောပြခဲ့ကြဖူးဘူး။ ပြီးတော့ ကော်လ်တန် မမွေးခင် အနှစ် ၃၀ ကတည်းက ဆုံးပါးခဲ့တဲ့ အဘိုးရဲ့အဖေနဲ့လည်းတွေ့ခဲ့သတဲ့။ ခရစ်တော်(ဂျီးဆပ်) နဲ့လည်း လူချင်းဆုံတွေ့ခဲ့ကြသေးတယ်။ ဂျီးဆပ်ဟာ သက်တံရောင်မြင်းကိုစီးနေတယ်။ ကော်လ်တန်ကတော့ ဂျီးဆပ်ရဲ့ ပေါင်ပေါ်မှာထိုင်နေတယ်။ နတ်သမီးတွေဟာ တေးသီကျွေးနေကြတယ်။ မူရင်းဝတ္ထုကို ဝေဖန်သူတွေက ကော်လ်တန် ခွဲစိတ်ကုသမှုခံယူစဉ် မေ့မြောသေဆုံးပြီး ကောင်းကင်ဘုံရောက်ရှိခဲ့တယ်ဆိုတဲ့ ဆေးပညာမှတ်တမ်းအထောက်အထားမပြနိုင်ဘူးလို့ဆိုကြတယ်။ ကော်လ်တန်ကတော့ ဆက်ပြီးပြောပြနေရှာတယ်။ ကောင်းကင်ဘုံဆိုတာ တကယ်ပဲတည်ရှိနေတဲ့နေရာပါတဲ့။ ဂျီးဆပ်က ကလေးသူငယ်တွေကို အမှန်တကယ်ချစ်ခင်မြတ်နိုးတယ်။ အသင့်ပြင်ထားကြပါ။ အဲဒီမှာ နောက်ဆုံးတိုက်ပွဲတစ်ခုလာနေပြီတဲ့။ 
ဖြိုးဖြိုး
(Yati Magazine, April, 2014)

ညွှန်းတဲ့ ရုပ်ရှင်


The Grand Budapest Hotel
Comedy / Drama
Fox Searchlight Pictures
ဒါရိုက်တာ - Wes Anderson
ထုတ်လုပ်သူ - Wes Anderson, Jeremy Dawson, Steven M. Rales, Scott Rudin
ဇာတ်ညွှန်း - Wes Anderson
ဝတ္ထု - Wes Anderson, Hugo Guinness
သရုပ်ဆောင်များ - Saoirse Ronan, Jude Law, Ralph Fiennes

၁၉၂၀ ခုနှစ်ကာလ စစ်မီးတွေတောက်လောင်နေဆဲအချိန် ဥရောပက နာမည်ကြီး ဟိုတယ် Grand Budapest Hotel မှ အဖြစ်အပျက်တွေကို ပြန်ပြောင်းပြောပြနေတယ်။ ဟိုတယ်ရဲ့ တာဝန်ခံ ဒဏ္ဍာရီဆန်ဆန်လှို့ဝှက်နက်နဲ၊ ခန့်မှန်းရခက်ခက် ဂူးစတပ်ဗ်အိတ်ခ်ျ(Ralph Fiennes) ရဲ့ စွန့်စားခန်းတွေပါ။ ဂူးစတပ်ဗ်အိတ်ခ်ျ ဟာ သူအင်မတန်ယုံကြည်သွားတဲ့ ဧည့်ကြိုလူငယ်လေး ဇီးရိုးမူစတာဖာ(Tony Revolori)ကို “လူကလေး ပန်းသီးနှင့်အတူ” ဆိုတဲ့ ပန်းချီကားကို အမွေပေးလိုက်တယ်။ ဂူးစတပ်ဗ် နဲ့ ချစ်ဇာတ်လမ်းတွယ်ရစ်နေသယောင်အနေအထားရှိတဲ့ အမျိုးသမီးကြီး မက်ဒိမ်းဒီ(Tilda Swinton) သေဆုံးသွားခဲ့ပြီးတဲ့အချိန်မှာ ပန်းချီကားကိုလွှဲပေးလိုက်တာပါ။ အမျိုးသမီးကြီးသေဆုံးတာရိုးရိုးလေးပဲမဟုတ်ခဲ့ဘူး။ အသတ်ခံရလိုက်တာဆိုတော့ ရဲတွေရဲ့ သင်္ကာမကင်းဖြစ်မှုတွေက ဂူးစတပ်ဗ်အိတ်ခ်ျဆီ တန်းတန်းမတ်မတ်ကြီးရောက်လာကြတယ်။ ဇီးရိုးမူစတာဖာ နဲ့ သူ့ရဲ့ အချစ်ကလေး အက်ဂ်သာ(Saoirse Ronan) တို့က ဂူးစတဗ် ပုန်းကွယ်ဖို့နေရာရှာပေးကြတယ်။ ရဲတွေလက်ကထွက်ပြေးနိုင်မလားလို့ ကူညီကြတယ်။ ပန်းချီကားကိုလည်း အာဏာပိုင်တွေလက်က လွတ်ကင်းလေမလား၊ သိမ်းဖွက်ဖို့ကြိုးစားကြတာပေါ့။ ရုပ်ရှင်ထဲက The Grand Budapest Hotel ရဲ့ တည်နေရာကတော့ ဂျာမန်-ပိုလန် နယ်စပ်အနီးက Görlitz မြို့မှာပါ။ သမိုင်းဆိုင်ရာအနုပညာပြခန်း Karstadt နဲ့ ဂျာမနီ က Hainewalde ရဲတိုက်မှာ ရိုက်ကူးထားတာတယ်။ မူလတုန်းက အဓိကဇာတ်ကောင် ဂူးစတပ်ဗ်နေရာမှာ Johnny Depp သရုပ်ဆောင်ဖို့ ရွေးချယ်ထားခဲ့ပေမဲ့ တကယ်ရိုက်ကူးဖြစ်ခဲ့တော့ အင်္ဂလိပ်သရုပ်ဆောင် Ralph Fiennes နဲ့ပါ။ Ralph Fiennes ဟာ အင်္ဂလိပ်စာရေးဆရာမ Emily Brontë ရဲ့ Wuthering Heights ဝတ္ထု - ၁၉၉၂ က ရုပ်ရှင်မှာ Heathcliff နေရာ၊ Schindler’s List မှာ Amon Göth ဇာတ်ကောင်နေရာ နဲ့ Harry Potter and the Deathly Hallows မှာ Lord Voldemort အဖြစ်လည်း သရုပ်ဆောင်ခဲ့တယ်။ 

300: Rise of an Empire
Action / Drama / War
Warner Bros. Pictures
ဒါရိုက်တာ - Noam Murro
ထုတ်လုပ်သူ - Gianni Nunnari, Mark Canton, Zack Snyder, Deborah Snyder, Bernie Goldmann
ဇာတ်ညွှန်း - Zack Snyder, Kurt Johnstad
ဝတ္ထု - Based on Xerxes (unpublished) by Frank Miller
သရုပ်ဆောင်များ - Sullivan Stapleton, Eva Green, Lena Headey, Hans Matheson, Rodrigo Santoro
ဂျေရူဆလင်ဖွား အစ္စရေးဒါရိုက်တာ Noam Murro ရဲ့အက်ရှင်တစ်ကားပါ။ ၂၀၀၇ ခုနှစ်က လူကြိုက်များခဲ့တဲ့ fantasy စွန့်စားခန်းတွေအပြည့်နဲ့ စိတ်ဝင်စားဖွယ်ရာ ရုပ်ရှင် 300 ရဲ့ နောက်ထပ်ဇာတ်လမ်းတွဲဖြစ်ပါတယ်။ အမေရိကန်ဒါရိုက်တာ Zack Snyder ရဲ့ 300 မှာ တပ်သား သုံးသိန်းကျော်ရှိနေတဲ့ ပါရှန်း God-king ဇက်ဇီးစ် နဲ့ စပါတန်တပ်သား သုံးရာကို ဦးဆောင်တဲ့ ဘုရင် လီယိုနိုင်းဒပ်စ်တို့ရဲ့အားပြိုင်ရင်ဆိုင်တိုက်ခိုက်ကြတဲ့တိုက်ပွဲအကြောင်းကိုရိုက်ကူးထားတာပါ။ 300 မှာအထူးခြားဆုံးက Frank Miller နဲ့ Lynn Varley တို့ရဲ့ ကာတွန်းစာအုပ်ဇာတ်လမ်းတွဲ 300 ထဲကအတိုင်း ပုံရိပ်/ အရောင်အသွေးပါတူညီနေအောင် chroma key အထူးပြုလုပ်ချက်အသုံးပြုပြီး ကာတွန်းထဲကပုံရိပ်တွေပါ ပေါင်းစပ်ရိုက်ကူးခဲ့တယ်။ Rise of an Empire မှာ အေသင်သား စစ်ဘုရင် သီမီစတိုကလက်စ်၊ ပထမဆုံးပါရှန်းအင်ပါယာ “အာတီမီးစီးယားဘုရင်မ” နဲ့ ဇက်ဇီးစ်ဘုရင် တို့ကို ဇာတ်အိမ်တည်ထားတယ်။ ဘုရင်မ အာတီမီစီးယား I ဟာ ဒုတိယပါရှန်းစစ်ပွဲမှာ ဘုရင် ဇက်ဇီးစ် I နဲ့ မဟာမိတ်ယူခဲ့တယ်။ ဘီစီ ၄၈၀ စက်တင်ဘာလမှာဖြစ်ပွားခဲ့တဲ့ ပါရှန်းအင်ပါယာ နဲ့ ရှေးဂရိမဟာမိတ်တို့ကြားက တိုက်ပွဲအတွက် ရေကြောင်းတပ်သားတွေပြင်ဆင်မှုပြုလုပ်ကြတယ်။ ဂရိကျွန်းတွေထဲက ဒုတိယအကြီးဆုံးကျွန်း Euboea မြောက်ပိုင်း နဲ့ ပင်မကျွန်းမြေကြားက ရေလက်ကြားတွေမှာ စစ်ပြင်နေကြပြီ။ အဲဒီစစ်မြှူနေတဲ့လှုပ်ရှားမှုပုံရိပ်တွေဟာ ချောက်ချားစရာပါ။ ဂရိရဲ့ အကြီးဆုံးကျွန်း Salamis တိုက်ပွဲ နဲ့ အာတီမီးယားဘုရင်မ ဟာ အရေးအပါဆုံးဇာတ်ကောင်နေရာကရှိနေတယ်။ ဘီစီ ၄၉၀ မာရသွန်စစ်ပွဲအကြောင်းလည်းပါဝင်သေးတယ်။ မာရသွန်တိုက်ပွဲက ပထမပါရှန်းစစ်ပွဲအတွင်းဖြစ်ပွားခဲ့တာပါ။ ဆာလာမစ်ကျွန်းဟာ ဒဏ္ဍာရီထဲက ဂရိသူရဲကောင်း အေယက်စ် ရဲ့ မွေးဖွားရာဇာတိကျွန်းပေါ့။ ဒီရုပ်ရှင်မှာ ဇက်ဇီးစ်ဘုရင်ရဲ့ နောက်ခံသမိုင်း။ သူ ဘာကြောင့် God King ဆိုတဲ့နာမည်၊ ဘွဲ့ထူးဂုဏ်ထူးရခဲ့သလဲဆိုတာလည်း ပြောပြသွားမယ်လို့ဆိုတယ်။ အာတီမီးစီးယားဘုရင်မအဖြစ် ပြင်သစ်မော်ဒယ် သရုပ်ဆောင် Eva Green ပါဝင်သရုပ်ဆောင်ထားပါတယ်။

Non-Stop
Action / Mystery / Thriller
Universal Pictures
ဒါရိုက်တာ - Jaume Collet-Serra
ထုတ်လုပ်သူ - Joel Silver, Alex Heineman, Steve Richards, Andrew Rona
ဇာတ်ညွှန်း - John W. Richardson, Chris Roach, Ryan Engle
ဝတ္ထု - Josh W. Richardson, Chris Roach
သရုပ်ဆောင်များ - Liam Neeson, Julianne Moore, Nate Parker, Michelle Dockery, Linus Roache, Scoot McNairy, Corey Stoll


နယူးယောက်ကနေလန်ဒန်အသွားလေယာဉ်ပေါ်မှာ ယူအက်စ်ဗဟိုလေကြောင်းထိပ်တန်းအရာရှိတစ်ဦး၊ ဘီလ်မာ့ခ်စ်(Liam Neeson) ရှိနေတယ်။ ကွန်ယက်လုံခြုံရေးအပြည့်အဝကန့်သတ်ထားတဲ့နေရာမျိုးမှာ မာ့ခ်စ် text message တွေလက်ခံရရှိလိုက်တယ်။ “ဟဲလို၊ မာရှယ်လ်”  အဲဒီလို အစချီလာတဲ့ ခြိမ်းခြောက်တဲ့စကားလုံးတွေ ဆက်တိုက်ရလာခဲ့ပြီ။ စကားလုံးတွေထဲမှာ မိနစ် ၂၀ တိုင်းမှာ ခရီးသည်တစ်ဦးစီသတ်ဖြတ်သွားမယ်လို့ ပြောထားတယ်။ ဒေါ်လာ သန်း ၁၅၀ ဟာ လှို့ဝှက်ဘဏ်အကောင့်တစ်ခုထဲကိုဝင်နေတယ်။ ဘဏ်အကောင့်ဟာ မာ့ခ်စ်ရဲ့အမည်နဲ့ဆိုတာကို မြေပြင်က ဘဏ်မှာ ရှာဖွေတွေ့ရှိသွားတဲ့အခါ။ ဗုံးတစ်လုံးတပ်ဆင်ထားတယ်ဆိုတာကို မာ့ခ်စ်က လေထဲက လေယာဉ်ပေါ်မှာ ရှာဖွေတွေ့ရှိလိုက်တဲ့အခါ။ အဖြစ်အပျက်တွေက မိနစ်တိုင်း စက္ကန့်တိုင်း လျှင်မြန်လွန်းစွာ၊  မိနစ်နှစ်ဆယ်တိုင်းကို မာ့ခ်စ်ကယ်ဆယ်နိုင်ဖို့ ကြိုးစားချိန်မှာ၊ မာခ့်စ် ကိုယ်တိုင် လေယာဉ်အပိုင်စီးသူတစ်ဦးအဖြစ် တံဆိပ်ခတ်ခံခဲ့ရပြီးဖြစ်နေပြီ။ ဝေဟင်ထဲက လေယာဉ်တစ်စင်းပေါ်မှာ Non-Stop လှုပ်ရှားမှုတွေဟာ အသည်းတအေးအေး ထိတ်လန့်စရာကြီးပါ။ လေယာဉ်ရဲ့အမြီးပိုင်းတစ်ပိုင်းလုံး ပေါက်ကွဲလွင့်စင်သွားခဲ့တော့ ခရီးသည်တွေရဲ့ အသက်ဝိညာဉ်တွေ၊ အကောင်းအတိုင်းဆက်လက်ရှင်သန်နိုင်ပါ့မလား။ အဲဒီလေယာဉ်ရဲ့ ဘယ် ညာ ဘေးဘက်မှာ ယှဉ်လျှက်သား၊ လျှင်လျှင်မြန်မြန်မောင်းနှင်လိုက်ပါလာတဲ့လေယာဉ်နှစ်စီးနဲ့ လူတွေရဲ့အသက်ကို ဘယ်လိုတားဆီးမှာလဲ။ ချောက်ချောက်ချားချား စိတ်ဝင်စားစရာကောင်းလှတဲ့ Non-Stop ပါပဲ။ House of Wax နဲ့ ကျော်ကြားခဲ့တဲ့ စပိန်ဒါရိုက်တာ Jaume Collet-Serra ရဲ့ ဖန်တီးရိုက်ကူးထားပါတယ်။

Grace of Monaco
Biography / Drama
The Weinstein Company
ဒါရိုက်တာ - Olivier Dahan
ထုတ်လုပ်သူ - Arash Amel, Uday Chopra, Pierre-Ange Le Pogam
ဇာတ်ညွှန်း - Arash Amel
သရုပ်ဆောင်များ - Nicole Kidman, Tim Roth, Frank Langella, Parker PoseyMilo Ventimiglia, Derek Jacobi, Paz Vega
ချောမောလှပလွန်းသူ အမေရိကန်ရုပ်ရှင်စတား၊ မိုနာကိုမင်းသားရိန်းနီးယား III ရဲ့ ဇနီး၊ မိုနာကိုမင်းသမီး ဂရေစ့်ကယ်လီ ရဲ့ ဘဝဇာတ်ကြောင်း၊ အတ္ထုပတ္တိ ရုပ်ရှင်ပါ။ ပြင်သစ်ဒါရိုက်တာ Oliver Dahan ကရိုက်ကူးထားပါတယ်။ မိန်းမချောလေး ဂရေစ့်ကယ်လီရဲ့ လက်ထပ်ထိမ်းမြားခြင်း နဲ့ သူမရဲ့ ဖြစ်တည်မှုတွေ၊ အထူးသဖြင့် ခင်ပွန်းသည်မိုနာကိုမင်းသား ရိန်းနီးယား III နဲ့ ဒုတိယကမ္ဘာစစ်အတွင်း Free French Forces ကို ဦးဆောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး ချားလ်စ် ဒီ ဂိုးလ်ကြားက အငြင်းပွားစရာ၊ သဘောထားကွဲလွဲစရာအဖြစ်အပျက်တွေကို ပုံဖော်ပြသထားတယ်။ ပြင်သစ်အာဏာပိုင်တွေထိန်းချုပ်ထားတဲ့ မိုနာကိုနယ်ရဲ့ မီဒီယာတွေဖြစ်တဲ့ Radio Monte Carlo(RMC) နဲ့ Télé Monte Carlo(TMC) ရဲ့ အမေးအဖြေတွေမှာ ရိန်းနီးယားဟာ ဂရေစ့်ကယ်လီနဲ့ရွှေလက်တွဲမယ့်အရေးကိစ္စတွေမှာ အော်ကျယ်ဟစ်ကျယ်အငြင်းအခုံဖြစ်ခဲ့တာတွေပါဝင်တယ်။ အဲဒီအတွက် ပြင်သစ်အာဏာပိုင်တွေက မိုနာကိုနယ်ကို ပိတ်ဆို့မှုတွေစတင်ပြုလုပ်လာခဲ့တာပါ။ မိုနာကိုတော်ဝင်မိသားစုဝင်တွေဖြစ်တဲ့ ဂရေ့စ်ကယ်လီရဲ့ သားကြီး မင်းသား အဲလ်ဘတ် II ၊ သမီးငယ်တွေဖြစ်တဲ့ မင်းသမီး ကာရိုလိုင်း နဲ့ မင်းသမီးစတက်ဖနီ တို့က Grace of Monaco ရဲ့ ဇာတ်ညွှန်းကို ပြစ်တင်ဝေဖန်ခဲ့ကြပါသေးတယ်။ “ဘာမှစွဲမက်နှစ်သက်ဖွယ်ရာမရှိ၊ သမိုင်းဆိုင်ရာအထောက်အထားတွေလည်း မှန်ကန်မှုမရှိ” လို့ဆိုပြီး ပြောင်းလဲမှုတွေပြုလုပ်ဖို့ တောင်းဆိုခဲ့ကြတယ်။ ဒါပေမဲ့ ရုပ်ရှင်ဖန်တီးသူတွေက မသိကျိုးကျွန်ပြုပါတယ်။ ဂရေစ့်ကယ်လီအဖြစ် သရုပ်ဆောင်ထားတဲ့ Nicole Kidman က “ဒီရုပ်ရှင်ဟာ ဂရေစ့်ကယ်လီရဲ့ အတ္ထုပတ္တိမဟုတ်သလို စိတ်ကူးယဉ်ဖန်တီးထားတဲ့မှတ်တမ်းကားလည်းမဟုတ်ပြန်ဘူး။ ဒါပေမဲ့ သူမရဲ့ ဘဝထဲက လူသားဆန်လှတဲ့ဖြစ်ရပ်အစိတ်အပိုင်းသေးသေးလေး၊ အဲဒီမှာ သူမရဲ့ ကြောက်ရွံ့မှုတွေ နဲ့ အားနည်းပျော့ညံ့မှုတွေရှိတယ်။ အဲဒါကို ရည်ညွှန်းပြသချင်တာ” လို့ ဆိုတယ်။ ဒါရိုက်တာ Olivier Dahan ကလည်း တုံ့ပြန်ပါတယ်။ “ကျွန်တော်ဟာ ဂျာနယ်လစ်တစ်ဦးမဟုတ်ဘူး။ သမိုင်းဆရာလည်းမဟုတ်ပါဘူး။ ကျွန်တော်က အနုပညာရှင်ပါ။ သူမရဲ့မိသားစု၊ ခင်ပွန်းသည်နဲ့ သူမရဲ့ ဝါသနာရပ်တည်မှုတွေအားလုံးကို စည်းချက်ညီဖို့ ကြိုးစားခဲ့တဲ့အမျိုးသမီးတစ်ဦးရဲ့ လူသားဆန်တဲ့ပုံတူကိုပဲ ဖန်တီးပြချင်တာ။ သူမရဲ့ရပ်တည်မှုရုပ်ရှင်လုပ်ငန်းတွေ လွှတ်ချထားပြစ်ခဲ့ရပြီး တခြားဇာတ်ကောင်တစ်ခု တီထွင်နေထိုင်သွားရတယ်။ သူတို့ရဲ့မိခင်ဆိုတော့ အဲဒီရှုထောင့်ဟာ နာကျင်စရာဖြစ်ခဲ့မှာပါ။ ကျွန်တော်ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်မပေးချင်ပါဘူး။ ပြောစရာတစ်ခုပဲရှိပါတယ်။ ဒါဟာ ရုပ်ရှင်အနုပညာပါ” တဲ့။
ဖြိုးဖြိုး
(Yati Magazine, March, 2014)