Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, November 30, 2012

ပပ ထူမှ ထမယ်

အမေငယ်ငယ်က သမီးဖွားဖွားပြောတဲ့ ပုံတွေထဲမှာ ဘုရားအလောင်း မင်းကုသဇာတ်ကလဲ ဘုရားလောင်း သိဝိမင်းဇာတ်လိုဘဲ ခလေးတွေ တော်တော်ကြိုက်ကြတယ်။

သိဝိမင်းဇာတ်မှာတော့  ဘခင်ဖြစ်သူကိုယ်တိုင်က သမီး ဥမ္မာဒန္တီရဲ့ အလှဟာ မင်းစိုးရာဇာနဲ့မှ ထိုက်တန်တယ်ရယ်လို့ ဘုရင်ကို ဆက်သခဲ့ပါလျက် ကြားကမလိုသူတွေရဲ့ စကားနားဝင်ပြီး တော်မကောက်မိဘဲ လွဲချော်ခဲ့ရတာကိုး။ ဒီတော့မယ်ဥမ္မာက ရှက်စိတ်နာလွန်းလို့  နက္ခတ်ပွဲသဘင်နေ့မှာ အခွင့်ကြုံတာနဲ့ လက်စားချေတော့တာပဲ။ ဘယ်လို ချေသလဲဆိုတော့ တောင်ထိပ် နက္ခတ်ပွဲသဘင် ရှုစားဖို့ မင်းခန်း မင်းနားနဲ့ သိဝိဘုရင် ဆင်စီးပီးထွက်ကြွအလာ ဥမ္မာဒန္တီက သူ့ကိုယ်သူ အလှဆုံးပြင်ဆင် လေသာခန်းမ ပြတင်းဝက ရပ်လို့ဆီးတဲ့ပြီး ပန်းတွေနဲ့ ပစ်ပေါက် ကြဲပက်တော့ တာကိုး။ သူ ဘယ်လောက်လှသလဲ သူ့အလှကို သိဝိမင်းမြင်အောင် ပြတာပေါ့ကွယ်။ ဒီတော့ မရူးဘဲ ဘယ်မှာ ခံနိုင်မလဲ။ ဆင်ထက်က ကျလို့ ဥုံရေ.. မာရေ..နဲ့ ရူးတော့တာကိုး။ 

ရူးခန်းဆိုတော့ ခလေးတွေက သဘောကျတာပေါ့။ ဒီအချိန်မှာ ဥမ္မာဒန္တီက စစ်သူကြီးကတော်ဖြစ်နေပြီ။မရနိုင်တော့ဘူးလေ။ ယူကြုံးမရဖြစ် အပူလုံးတွေထလို့  သွက်သွက်ကို ခါရောဘဲတဲ့။ ဇာတ်တော်ထဲမှာ ဒီလိုဆိုပါတယ်။ မိုးသားကင်းစင်ပြီး ရွှန်းတင့်နေတဲ့ လပြည့်ဝန်းရဲ့ အလှဟာ တန်ဆောင်တိုင်ညမှာ လူတွေကို ဖမ်းစားနေသလား ထင်မှားစရာပါ။  ကုသဇာတ်မှာတော့ သာဂလတိုင်းပြည်ကြီး သူဌေးသမီး ပပ၀တီ ဟာ ခုနှစ်ဆောင် တိုက်ခန်းမှာ မီးမထွန်းဘဲ လင်းစေတဲ့သတ္တိရှိသတဲ့။ ချောတာ လှတာကလဲ ဘုံကြိုးပြတ်တဲ့ မိုးနတ်သူဇာတောင်ရှုံးရသတဲ့။

သာဂလခေါ်  .. တိုင်းပြည် ကြီးဝယ်  .. ပပ၀တီရယ် .. ခုနှစ်ဆောင် တိုက်ခန်း ကို   ....မီးမထွန်းဘဲ ..လင်းရပြန်ပေတယ်..အလောင်းတော်ဘုရင် ကုသမင်း အဆင်းမလှပြန်တယ်   .. မင်းပပကို ကြံရွယ် ..ညီတော်ကို ဘမ်းပြကာ လှည့်စားလို့ အရုပ်ဆိုးသူများက လှတာကိုမှ သူက လိုချင်တယ်.။

တနေ့သော် ရေကန်တွင်းဝယ် ..ယမင်းပပ ဆင်းကာ စံပယ် .... ရေကစားကာ ..ခေါင်းလျှော်ရင်း..များပျိုတသင်းရယ် .. မပျင်းဖွယ် ..၀န်းရံ ခကြတယ် ကုသဘုရင် ကြာပင် အောက်ကရယ် ..၀မ်းမြောက် ၀မ်းသာ ခုမှ မြင်ရတယ် အတင်းပါကွယ် ..ရေကန်တော်ထဲ ..လက်ဆွဲခန်းပေါ်တယ်.. 

သာဂလဘုရင့် သားတော်ကြီးက မင်းကုသ ပေါ့ ။ညီနောင်နှစ်ပါးရှိကြတယ်။ သားတော်ကြီးက ငယ်ငယ်က ကျောက်ပေါက်လို့ အရုပ်ဆိုးအကျည်းတန်ပြီး ညီတော်ကတော့  ချောလွန်းလှလွန်း နေပါသတဲ့။ အရုပ်ဆိုးတဲ့သူများ လှတာကိုမှလိုချင်တယ်တဲ့။ မင်းကုသက ပပမှ ပပ ဖြစ်နေတာပေါ့။ ပပ၀တီ ရေကစားထွက်စံစဉ် ညီတော်ကို ဘမ်းပြပြီး ကြာဘက်အောက်ကနေ မနေနိုင် မထိုင်နိုင် လက်ကို အတင်းအဓမ္မ ဆွဲထား သတဲ့။  ဒီတော့ ပပ၀တီက ရွှေရင်ဖိုပြီး  အော်ငိုတော့တာပေါ့ သူရဲကြီး သူ့လက် ဆွဲပါတယ်ပေါ့။ ပပ၀တီက အော်လေ  မေမေတို့က ရယ်ချင်လေ တ၀ါးဝါး  တဟားဟားပေါ့ လေ။ မဟားပဲ နေပါ့မလား။ သမီးအဖွားက အနားကလူလက် အတင်းဆွဲ ပြီး သရုပ်ဖေါ်ကောင်းနေတော့ မေမေတို့အားလုံး  မပြုံးဘဲ ၀ါးလုံကွဲ  ဟားကြတာပေါ့။ အမှတ်ရမိတယ်။

ဒါပေမဲ့ သနားပါတယ်ကွယ် သူ့ခမြာ လူကြီးချင်း ထိမ်းမြားလက်ထပ်ပေးဖို့ ရွှေလမ်းငွေလမ်း ဖေါက်ထားတာတောင်  ပပ၀တီက မချစ်နိုင် မကြိုက်နိုင်ပါဘူး တဲ့။ အတင်းငြင်းဆန်ပြီး မိဘရပ်ထံ ပြန်ပြေးပါလေရောတဲ့။ ဒီတော့ ကုသမင်းသားက ပပ၀တီရဲ့ မိဘများနေထိုင်ရာ အိမ်ကို စောင်းတော်ကြီးပိုက် လိုက်ပြီး အဆောင်တော်ပြတင်းဝနားသွားပြီး စောင်းသံပေး ချစ်ရေးဆိုခဲ့ပေမဲ့ နားခါးလွန်းလို့ မကြားချင်ဘူးဟဲ့ ရုပ်ကြီးကို အော့နှလုံးနာလွန်းလို့ တဲ့။ ခု နှင်ထုတ်ကြ.ဟဲ့ နဲ့ ။ အထိန်းတော်တွေကို ဆိုသတဲ့။

ဒီတော့ ကုသမင်းက အိုးလုပ်တဲ့ အိမ်က အိုးသည်ဆီမှာ သူ့ဖြစ်စဉ်ကို ဇာတ်လမ်းထွင်  အရုပ်ရေးလို့ အိုးဖုတ်စေသတဲ့။ အိုးဖုတ်ပြီး ပပ၀တီထံ ဆက်သတဲ့အခါမှာတော့ ပပ၀တီက စိတ်ဆိုးလွန်းလို့ ပေါက်ခွဲပြစ်လိုက်သတဲ့။ နောက်တခါ ဖျာယက်တဲ့အိမ်မှာနေပြီး သူ့ဖြစ်စဉ်ကို ဖျာမှာ အရုပ်ထည့် ယက်စေပြီး ဆက်ပြန်သတဲ့။ ဒါလဲ မရဘူး။ နောက်တခါ စားတော်ကဲနဲ့ ပေါင်းပြီး ဟင်းကောင်းတွေ ထမင်းကောင်းတွေဆက်သပေမဲ့လဲ မယ်ပပ က ပေါက်ခွဲ ပြစ်လိုက်တာမို့ ထမင်းအုပ်ကြီးလဲကွဲ မှောက်ရက်များတောင် ဗွက်ထဲ လဲပါသတဲ့။ လဲသွားတဲ့ အချိန်ကစလို့ ဘယ်သူမှ ထူလို့ မရဘဲ ပပထူမှ ထမယ် ချည်း ဘဲ။ နားပူနားဆာပြောနေတော့တယ်။ နောက်ဆုံးမှာတော့ သူက ဘုရားလောင်းမင်းသားမို့လား။ နတ်တွေ နိုးဆော်လို့ သို့မဟုတ် ဇာတ်ထဲမှာတော့ နတ်တွေက ပပ၀တီကို ထူပေးရင် ပေး မပေးရင် ခုနှစ်ပိုင်း ပိုင်းပြီး ခုနှစ်ပြည်ထောင် မင်းတွေ ဝေပေးမယ် လို့ သတိပေးအော်ဟစ်ကြတော့မှ ပပ၀တီက ကြောက်လန့်ပြီး ထူပေးရသတဲ့။ ရွှံ့ဗွက်တွေပေနေတာကို ပပ က ဆေးကြောပေးရသတဲ့ ။ 

အဲဒီတော့မှ  ကုသမင်းဟာလည်း ကမ္ဘာမှာ အလှဆုံး မင်းသားလေး ဖြစ်သွားပါရောတဲ့ကွယ်။အားလုံးဇာတ်ပေါင်းလိုက်တော့ ကုသမင်းက ပပ၀တီကို လက်ဆွဲ လို့ အောင်စည်တော်ယွန်း ပြီး နန်းသိမ်းပွဲ ခံပါလေရော တဲ့ကွယ်..။

အိုးတော်ခေါင်းနဲ့ သူပေါင်းတယ် ။ ဖျာတော်ခေါင်းနဲ့ သူပေါင်းတယ် ဇာတ်စုံခင်းလို့ ပပလက်တွင်း  ဆက်သွင်း တယ်..လုံ့လလဲမလျှော့ဘူးကွယ် ..၀ိရိယလဲ ..မလျှော့ဘူး ..ကွယ် ပပကိုမှ မရရင်  ..အဟုတ်မနေနိုင်ပါတယ်..

တနည်း တဖုံကြံတယ် စားတော်ကဲနဲ့ တွဲကာ ၀င်ပြန်တယ်.. ပွဲတော်အုပ် ကို သူထမ်းလို့  ..ချစ်စမ်းပါ့ ခင်ရယ် …ကြိုက်စမ်းပါ့ ခင်ရယ် ..

တပါးကညာရယ် …သနား မညှာ တယ် ..ကုသမောင် ..မျက်နှာမွဲ.. မှောက်ရက်လဲ အောင် ..သူပြုရက်တယ်.. အရွယ်လှတဲ့ မယ်ပပ ပျို .ရယ်  မင်းကိုယ်တိုင် ထူမှ ..ထမယ်  ထမယ် ကွယ်။

ဒီသီချင်းကို ရန်နိုင်စိန်က ရေးပြီး ဥသြဘသောင် က သီဆိုထားပါတယ်။

မေမေ ခင်မေသစ်

Thursday, November 29, 2012

ဘုရားပြီး ငြမ်းဖျက်တဲ့အခါ .. မယ်ကုဝဏ်ခမြာ

ဟိုရှေးရှေးတုံးက တိုင်းပြည်တပြည်မှာ  ဘုရင်ကြီးတပါး မင်းကျင့် တရား ဆယ်ပါးနဲ့အညီ စိုးမိုးအုပ်ချုပ်လို့ နေတယ်တဲ့ကွဲ့။ တိုင်းသူပြည်သားတွေကလဲ ချစ်ခင် ကြည်ဖြူကြသတဲ့။  တနေ့တော့ ဟစ်တိုင်မှာ လူတွေ စုရုံး စုရုံးနဲ့ ဆူပူ ဟစ်အော်သံ ဘုရင်ကြီး ကြားရော ဆိုပါတော့။

(အော် ..ပြောပြအုံးမယ်။ ဟစ်တိုင်ဆိုတာက  ဘုရင် က စိုက်ထူပေးထားခြင်းဖြစ်တယ်။ တိုင်းပြည် အုပ်ချုပ်သူ ဘုရင်နဲ့  အသိုင်းအ၀ိုင်းကို မကျေနပ်တာ တိုင်ကြားလိုတာရှိရင် ဟစ်တိုင်ကနေ ဘုရင့်ကို လျှောက်ထား တိုင်ကြားရတယ် ။အဲဒီအခါ ဘုရင် ကိုယ်တော်တိုင် စစ်ဆေးပြီး မေးမြန်းပြီး  ခြေမ မကောင်းရင် ခြေမ လက်မ မကောင်းရင် လက်မ ထိထိရောက်ရောက် အရေးယူဆုံးမပေးတယ် တဲ့။ကောင်းလိုက်တဲ့စံနစ်နော်)
ဒါနဲ့  “ဘာသံတွေလဲ မင်းကြီးများ" လို့ ဘုရင်က မေးတော့ “သားတော်ဝိဇယမင်းသား ခိုးဆိုးလုယက် တိုက်ခိုက်နေလို့ ပြည်သူဗျာလှိုင် မခံနိုင် သံပြိုင်ဟစ်အော်ကြပါသည်ဖျား”
လို့ မူးကြီး မတ်ကြီးများက လျှောက်ထားကြတော့တာပေါ့။

Tuesday, November 27, 2012

အေးရိပ်ကို ဘယ်လိုရှာပါ့မယ် (အပိုင်း ၁)

မင်္ဂလာပါ။
မေမေ့ရဲ့ ဝတ္ထုရှည်တစ်ပုဒ်ပါ။ ရသစာဖတ်အားတွေနည်းလာလိုက်တာ "မေမေ့ရဲ့ အေးရိပ်ကို ဘယ်လိုရှာပါ့မယ်" ဝတ္ထုတိုဖိုင်လေး ပို့ထားတာဖြင့်ကြာလှပြီ။ အခုထိ အကုန်မဖတ်နိုင်သေးဘူး။ အကုန်မဖတ်ဖြစ်သေးဘူး။ ဘလောဂ့်ပေါ်မှာ ခွဲတင်ဖြစ်ရင် ကျွန်မလည်း ဖတ်နိုင်ကောင်းရဲ့။ ဝတ္ထုတိုဖတ်ချင်တဲ့ မိတ်ဆွေတွေလည်း ဖတ်ရအောင်လို့ အပိုင်းလေးတွေ ခွဲပြီး တင်ပေးချင်ပါတယ်။

မေမေ့ပို့ပေးတဲ့အတိုင်း မေမေ့စာရိုက်ထားတဲ့အတိုင်းပဲမို့ စာလုံးပေါင်းမှားတာလေးတွေရှိရင် နားလည်ပေးစေချင်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း စာရေးရင်စာလုံးပေါင်းဂရုစိုက်ပေမယ့် စာလုံးပေါင်းမှားတာတွေရှိတုန်းပဲ။ မေမေ့စာတွေကများတော့ ကျွန်မကလည်းမအားနိုင်တော့ စာတွေပြန်မစစ်နိုင်ပါဘူး။ ဒီအတိုင်းပဲ တင်ပေးလိုက်နိုင်တာကြောင့်ပါ။ 
မိတ်ဆွေအားလုံးကို ချစ်ခင်လေးစားစွာဖြင့်
ဖြိုးဖြိုး
(၁)
ရွှေဘုံပျော်ညောင်း၊ဗိမာန်ပြောင်းလည်း ၊
ဇတ်ပေါင်းပြီးချုပ် ၊ စာကိုးအုပ်ဖြင့်၊
ထုပ်ထုပ်ပိုက်ပိုက်၊သဂြိုလ်လိုက်၏၊
တိုက်ရိုက်နတ်နား၊ ကြားပါလေ၍၊
နာစေခ လို ၊တောင့်တဆိုသည်၊
ကုသိုလ်ဝေငှဆင့်လောင်းတည်း။       ။

ဟူ၍ သူ၏မွေးဖပမာ ကိုးစားခဲ့သော ဘုရင်မင်းခေါင်အား ကန်တော့ခဲ့သည် တဲ့။ ရှင်မဟာရဌသာရနှင့် မနှိုင်းအပ်သော်လည်း အရှင့်နည်းတူ မိဘနှစ်ပါးနှင့် အစ်ကို များအား ဤစာအုပ်ဖြင့် လှိုက်လှဲစွာ ကန်တာ့လိုက်ပါသည် ဟုဆိုပါရစေ။     ။

(ခင်မေသစ်)
စာပြီးနှစ် ၂၀၀၅ခုနှစ် ဇန်န၀ါရီလ ၁၅ရက် ။

Monday, November 26, 2012

အစိမ်းရောင်ပန်းပွင့်အိမ် ဖန်တီးမယ့် “ဂယ်ရီနီဗီးလ်”


မန်ချက်စတာယူနိုက်တက်အသင်းမှာ ၉နှစ်ကြာ (၁၉၉၁ ကနေ ၂၀၁၁ အထိ) ကစားခဲ့သူ၊ အင်္ဂလန်ကစားသမားဟောင်းဖြစ်ခဲ့ပြီး လက်ရှိမှာတော့ အင်္ဂလန်အသင်းရဲ့ လက်ရှိ အသင်း လက်ထောက်နည်းပြအဖြစ်သာတာဝန်ယူထားတဲ့ ဂယ်ရီနီဗီးလ်ဟာ သူရဲ့အိမ်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရည်ရွယ်တည်ဆောက်သွားချင်ပါတယ်လို့ဆိုတယ်။ ယူကေရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစံနှုန်းအမြင့်ဆုံး ဒီဇိုင်းထွင်တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။ သူက အိမ်တစ်လုံးထဲ ပစ္စည်းတွေ စနစ်တကျထားသိုနေရာချတာ၊ အသစ်ပြန်ပြီးမွမ်းမံပြင်ဆင်ရတာတွေ အမြဲတမ်းသဘောတွေ့နေတတ်သူပါ။ နီဗီးလ် က အသက် ၂၂ နှစ်မှာ အိမ်တစ်လုံး သူကိုယ်တိုင် စပြီးဆောက်လုပ်ခဲ့ပါတယ်။ နောက် အသက် ၂၆ နှစ်မှာလည်း နောက်အိမ်တစ်လုံးကို ကိုယ်တိုင်ဒီဇိုင်းဆွဲ ဆောက်လုပ်ခဲ့သေးတယ်လို့ ဆိုတယ်။ နီဗီးလ် ဒုတိယအိမ်ဆောက်တော့ အကြီးဆုံးအမှားတစ်ခုလုပ်ဖြစ်ခဲ့တာ သဘောပေါက်ခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ အိမ်ဆောက်စီမံကိန်းကတော့ ပြန်လှည့်ဖို့မလွယ်လောက်အောင် အခက်ကြုံခဲ့ရပါတယ်။ အဲဒီမှာ နီဗီးလ် စိတ်ဝင်တစားသဘောပေါက်ခဲ့တာက ရွှေ့ပြောင်းပြင်ဆင်လွယ်တဲ့ အယူအဆမျိုးနဲ့ အိမ်တစ်လုံးဆောက်လုပ်ဖို့ပါ။

သည်ဆောင်းဟေမန်

သည်ဆောင်း ဟေ မန်×မြောက် ပြန် လေ ညင်း ဆော်တယ်ကို….
နတ်တော် ××…ပြာသို..ခွာညို××တည့်…နှင်းဖုံဖုံ-××…
ရိုးတံဆင့်.ဖူးငုံ…၀တ်မှုံ..၀တ်မှုံ …၀တ်မှုံ တင့် ဆုံး××..
သဇင်..ဂမုန်း --..ရယ်နှင့် ..လေး××…
ရွှေနန်းတော်သုံး.မင်းသုံးငယ်စိုးယူ..သွယ်သွယ်ညွှတ်ကိုင်း× ရွှေသိုင်းညွ့န့် တလူလူ.
.ရှမ်းပြည် တောင်ငူ…ကြည်ဖြူဆက်မြဲ…မှန်လှ..လေး…
ဂမုန်းအင်..သဇင် ရွှေပန်း….လှိုင်လှလေး….သိင်္ဂီလျှံ လန်း×…စိန်စီ ..မှန် …နန်း 
ပေါ်ငယ်မှာ…ပန်ဆင်ရာ..ရွှေကေသာ ..မြန်း×××..ပါလို့..                                                                                                                                                                                                                                                                                                                                 သည်ပန်း.မှ  ..မြတ်ပန်း…××  တော်×× -×……

ဆယ့်နှစ်လရာသီ ပွဲတော်တွေထဲမှာ ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြီးပြန်တော့  နတ်တော် ပြာသို တပို့တွဲ ဆိုတဲ့ ဆောင်းတွင်းကာလ အချိန်တွေပါဘဲ။

နတ်လဟေမန် ၀ဿန်ကြွင်းသမို့ ၊
ဖန်ဖန်ငွေနှင်း ရီ့ တရီ၊
ပြန်လှန်လေညှင်း ချီ့ တချီငယ်၊
ကသီ့ကရီနိုင်ရန်ကော လို့ ရှေးက စာဆိုတို့ စာဖွဲ့ကြသလို

မကရ်းဘွေချာ မာလာပျို့ သည့်၊
ခွာပြာအညို့ သင်းကြည်ကြည်၊
ဖြာဖြာမချို့  နှင်းလည်လည်ဝယ်၊
 ညှင်းလေစီစီ ဆော်လာသိမ့် ..
လို့  ပြာသိုလကို ဖွဲ့နွဲ့ခဲ့ကြတယ်။ 

တချို့စာဆိုများကလည်း ...

တိမ်ခြေငယ်ရှင်းပါလို့၊မြူနှင်းငယ်စိုစို၊
လပြာသိုမှာ နွယ်ခွာညိုမြိုင်မြိုင်နှင့်၊
လှိုင်လှိုင်သင်းတဲ့လကိုလေး။
ရောင်သိင်္ဂီငယ်၊ကြယ်ညီဖုသျှ၊ မကာရမို့၊
ရွှေဝဥကင် မင်းယင်ပြင်မှာ၊
လှံယဉ် မြင်းခင်း သဘင်ကျင်းလို့၊ 
ရာမင်းထွက်စံ ဗိုလ်ညီလာခံသောခါ၊
ဆန္ဒန့်ပိုင် ပြောင်မွန်မှာ၊အောင်တံခွန်တေဇာမြူးပါလို့ ၊
ထူးလှတယ်လေး။ 
လို့   စာဖွဲ့ခဲ့ကြတယ်။
တပို့တွဲလကိုတော့.အချမ်းဆုံးကာလမို့ 

နှင်းရည် ဖြန်းချွေ ထန်းလေလှုံ့ သည်၊
ချမ်းစေတမုံ့ ကုမ့်နဂိုရ် ၊
 ဆန်းဘွေတပုံ့ မှုံ့ အညိုဝယ်၊
မအုံ့သလို ခိုရောင်ညွှန့်၊
တမာထွက်စ ကျေးဝတ်စံတယ် 
ဆွေးညွှတ်တတန် ကြုံဟန်လွန့်၊ 
ပေါက်လဲငုံတံ ဂုဏ်လျှံဖွံ့လို့၊ 
စုံရန်တသွန့် ဒေါင်းတံခွန်၊ 
ချိန်ရင့်တာရီ မာဃီစန်းတို့ ၊
တညီစိတ်ဝမ်းတည့်မွန်းထိန်ထိန်ဝှန်၊
ယာ၈ုပွဲနှင့် တင့်ကဲလွန်အောင် ၊
မီးပုံးတော်မွန် ခါညီပျို့လို့ 
တာရှည် တကိုယ့် လှုံငြမ်းမမြင်၊
တုံချမ်းတွေစွအင်၊
ဂိမ္မေလှုံ့တဲ့ မိန်တို့ ခွင်ကို ၊
ဂဠုန့်သခင် ကြွမြန်းပါလှဲ့လေး။  

လို့လဲ ဖွဲ့နွဲ့ခဲ့ကြတယ်။ ကတ္တီပါစောင်ပေါင်း ထောင်သောင်းမကခြုံတယ် ဆိုတဲ့လဟာ တပို့တွဲပါဘဲ။

မဟာပိန္နဲရယ်နှင့် နတ်ပွဲ အလီလီ..အော် ..နတ်တော်လမှာတော့ ..ပျော်ကြ ပါးကြသည် လို့  ခေတ်ဟောင်းအဆိုတော် မေမေ၀င်း သီဆိုခဲ့သလိုဘဲ နတ်တော်လဟာ နတ်တွေပျော်မြူးတဲ့ကာလ ဆိုပါတော့။ ရှိသမျှနတ်တွေ အစုံ ကခုန်ရွှင်မြူးကြပါတယ် တဲ့။ ကျွန်မတို့ခုနေတဲ့ ပျဉ်းမနားမြို့မှာတော့  အမတော်နတ်နန်းဆိုတာရှိတယ် အဲဒီမှာလည်း တန်ခူးလ သင်္ကြန်ပွဲနဲ့လဲ ရောပြီး နတ်တွေကကြတယ်။ ကျွန်မက နတ်တွေ အကြောင်းသိပ်မသိပါဘူး။ နတ်တော်လမှာ နတ်ပွဲတွေ ရှိတယ်ဆိုပေမဲ့ တောင်ပြုံးပွဲတော်ကိုတော့ ၀ါခေါင်လကြီးမှာ ကျင်းပကြတယ်လို့ သိရပါတယ်။ ပြီးတော့ အလုံမုံရွာက နတ်ပွဲလည်း ရှိတယ်။

ပြာသိုလမှာ တော့ မြန်မာမင်းတို့ ဘုန်းမီးနေလ ထွန်းပစဉ်အခါက သူရဲကောင်းတွေ ဆင်ရေး မြင်းရေး ဓါးရေး လှံရေး တွေပြပြီး  မြင်းခင်းသဘင်ပွဲ ဆင်နွဲခဲ့ကြတယ်တဲ့။ ရာသီပန်းက ခွာညိုပန်းပါ။ ပြာသိုမှာ ခွာညိုသင်းတယ် .. မြူနှင်းတွေ .. ဝေေ၀စီစီ လို့ ဗိုလ်အောင်ဒင်ရုပ်ရှင်ကားမှာ မေမေ၀င်းက ညည်းခဲ့တာလေ။ တပို့တွဲ မှာတော့ ပေါက်လဲပန်းတို့ လျှမ်းလျှမ်းတောက် ပွင့်ဖူးကြလို့ တလောကလုံး အနီရောင်ကမ္ဗလာကြီး ခြုံလွှမ်းထားသလို ပါဘဲတဲ့။ ထမနဲပွဲလည်း ရှိပါတယ်။ မြန်မာပြည်အနှံ့အပြား မြို့တိုင်း ရွာတိုင်း အိမ်တိုင်းလိုလို ထမနဲထိုးပြီး ဘုရားရှင်ကို အရုဏ်ဆွမ်း ကပ်လှူ ကြတယ်။ တအိမ်နဲ့တအိမ် ကုသိုလ်လုပ် ပေးဝေကြတယ်။

ကျွန်မ ငယ်ငယ်ကပေါ့။ ဘုတလင်မြို့က ရန်အောင်မြင်ဘုရားကြီးထဲမှာ။
ဖေဖေနဲ့ ဘုရား နောက်ကျောဘက်ကနေ ရှင်မတောင် သနပ်ခါးတုံးစစ်စစ်တွေ တတုံးပေါ်တတုံးဆင့်လို့ စေတီပုံရမှ မီးရှို့ဘုရားရှင်ကို အနွေးဓါတ်ပေး ပူဇော်ခဲ့ကြတာ သတိရရင်း အဖေ့ကို လွမ်းနေမိတယ်။
ခိုက်ခိုက်တုန်အောင် ချမ်းတဲ့ လပေကိုး။

ညံလို့သာ သဲတော့တယ်၊ ပေါက်လဲရယ် ပွင့်တံ၊
ထိန်ထိန်ငယ်လျှံသည်၊ ဆက်ရက်သံစာာစာနှင့် ၊
ငှက်ညီလာကျင်းတဲ့လကိုလေး တဲ့။
ပေါက်လဲပင်မှာ ဆက်ရက်တွေ အုံခဲလို့ သောသောညံနေပုံ မျက်စိထဲမှာမြင်ယောင်နေတယ်။
ပြီးတော့  ...
ရာသီပန်းက သဇင်ပေါ့။ သဇင်ပန်းဆိုတာက သည်ဆောင်းလရာသီမှာမှ ပွင့်ဖူးပါတယ်။ မြတ်ပန်းတော်ဝင် ဆောင်းသဇင်တဲ့။ စာဖွဲ့ကြတယ်။ ဆောင်းတွင်းပန်းပေါ့လေ။ မင်းသုံးစိုးသုံး။ တော်သုံးနန်းသုံးပါ။ အဖိုးထိုက်တန်ပါတယ်။

ရှေးရှေးမြန်မာဘုရင်မင်းများလက်ထက် ရှမ်းစော်ဘွား ရှမ်းမင်းများဟာ သဇင်ပန်းတွေကို နှစ်စဉ် ၀တ္တရားမပျက် အခွန်ဆက်သလို ဆက်သကြတယ် တဲ့။ နတ်တော်လဟာ ရာသီအားဖြင့် ဓနုရာသီပါ။တာရာက ဟင်္သာ။တဲ့။ ပြာသိုကတော့ မကရ်းရာသီတဲ့။ ဖုသျှကြယ်နက္ခတ်နဲ့ စန်းယှဉ်ပါတယ်။  တပို့တွဲမှာတော့ မာဃီနက္ခတ်နဲ့စန်းယှဉ်ပြီးရာသီကတော့  ကုမ်ရာသီလို့ ဆိုပါတယ်။

ခင်မေသစ်

Friday, November 23, 2012

ပင်လယ်သေကို ရှာဖွေခြင်း

တည်နေရာ ..အရှေ့အလယ်ပိုင်း
ဂျော်ဒန်တောင်ကြာဒဒေသချိုင့်ဝှမ်း
အရှည် - 67.4 km (41.9 mi)
အကျယ် - 18km (11 mi)
အနက် - 377 m (1,237ft)

ထူးခြားတဲ့ သူ့အမည်
ပင်လယ်သေ (dead sea) အမည်ဟာ အနောက်တိုင်း အခေါ်အဝေါ်ဖြစ်ပြီး အာရဗစ်ဘာသာ၊ ဟီဘရူးဘာသာအခေါ်အဝေါ်များရှိပါတယ်။ မြန်မာလို ဆိုရင်တော့ “သေမင်းပင်လယ်” သို့မဟုတ် “ဆားပင်လယ်" The Sea of Death သို့မဟုတ် Salt Sea” ပါတဲ့ ။

အဓိကစီးဝင်တဲ့မြစ်ကတော့ ဂျော်ဒန်မြစ်ဖြစ်တယ်။အရှေ့ဘက်မှာ ဂျော်ဒန် နယ်စပ်မျဉ်း အနောက်ဘက်မှာ အနောက်ဘက်ကမ်း(west bank) နှင့် အစ္စရေး တို့အကြားမှာ ထိစပ်တည်ရှိနေပါတယ်။ ပင်လယ်ရေမျက်နှာပြင်အောက် 423 metres(ပေအားဖြင့် 1.388ft) နိမ့်ကျနေပါတယ်။ ကမ္ဘာ့မြေမျက်နှာပြင်မှာ အနိမ့်ဆုံးအပိုင်းဖြစ်နေခြင်းဟာ ထူးခြားမှုတခုပါဘဲ။ ကမ္ဘာပေါ်မှာ ဆားပါဝင်မှု လွန်ကဲတဲ့ရေအိုင်ပါ။ 33.7% ပျော်ဝင်ပါရှိတယ်လို့ ဆိုပါတယ်။ ဒီလို များပြားတဲ့ ဆားပါဝင်မှု နှုံးထားကြောင့် ရေသတ္တ၀ါတွေရှင်သန်ကြီးထွားဖို့ မဖြစ်နိုင်ပါဘူး တဲ့။ နေပူရှိန်ပြင်းတဲ့အခါ ရေဟာ အငွေ့ပျံပါတယ်။ ရေလျော့နည်းသွားတဲ့အခါ နဂိုက ငံနေတဲ့ရေဟာ အငံဓါတ်ပိုကဲလာတတ်ပါတယ်။ လေ့လာဆန်းစစ်သူများကတော့ ဒီလို အငံဓါတ်လွန်ကဲတဲ့ရေမျိုးမှာ ဇီဝသက်ရှိအပင်များ ရေမှာရှင်သန်နေထိုင်တဲ့ သတ္တ၀ါများ ပေါက်ပွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရှင်သန်ရန်ခက်ခဲလွန်းလို့ သေမင်းပင်လယ်လို့ ခေါ်တွင်စေတာပါ။ ဒါပေမဲ့ မိုက်ကရိုစကုပ်ဖြင့်သာ ကြည့်နိုင်မယ့် အလွန်သေးငယ်လွန်းတဲ့ ဘက်တီးရီးယားများ မိုက်ကရိုစကုပ်အောက်က သေးမွှားမွှား မှိုမျိုးများ ကတော့ အရေအတွက် များစွာ ရှိနေတာပါ။ ရေကြီးတဲ့အချိန်မျိုးမှာဆါးပါဝင်မှု 35% မှ 30% ကို ကျဆင်းသွားတတ်ပါတယ်။
မိုးပါးပေမယ့် ယာယီအားဖြင့် မိုးသည်းတဲ့ဆောင်းရာသီများလည်း ကြုံရတတ်ပါတယ်။ 1980 ခုနှစ်က ဆောင်းတွင်း မိုးကြီးခဲ့တဲ့ အဖြစ်ကိုကြည့်ရင် ပုံမှန်အတိုင်းဆို ပြာမှောင်နေတတ်တဲ့ ပင်လယ်ဟာ အနီရောင်ပြောင်းပြီး အလှပိုလာတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီ ရှိနေစဉ်ကတည်းက သူ့အလှကို လူတွေ စိတ်ဝင်စားကြပါတယ်။ ယနေ့ ပင်လယ်သေဟာ ကမ္ဘာတ၀ှမ်းက လူတွေကို သိမ်းကြုံးဆွဲဆောင်နေတာပါ။ မြေထဲပင်လယ်တ၀ိုက်က ဗဟုသုတရှာဖွေလိုသူများမကြာခဏ ကျက်စားပျော်မွေ့ကြပါတယ်။ သမ္မာကျမ်းကိုးပြောရရင် ကမ္ဘာ့ ပထမ အပန်းဖြေစခန်းဖြစ်ပြီးတော့ ဒေးဗစ်ဘုရင်ကြီး ခိုလှုံနားနေရာ ဒေသဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အကောင်းဆုံး အနားယူနိုင်တဲ့ နေရာဖြစ်ပါတယ်။

Movenpick အပန်းဖြေစခန်းမြင်ကွင်းကျယ်

အစ္စရေး ဘက်မှ လှမ်းမျှော်ကြည့်ရင် ရှုမဆုံးအောင် မြင်ရမဲ့ ပင်လယ်သေရဲ့ အလှ မြင်ကွင်းကျယ်

မောင့်ဆိုဒွမ်တောင်ပေါ်ကကြည့်ရင်မြင်ရမဲ့ ပင်လယ်သေ အလှ မြင်ကွင်းကျယ်ပါ
ပင်လယ်သေက ထွက်ရှိတဲ့ သဘာဝ ဓါတ်ဆားများဟာ ရောဂါအမျိုးမျိုးကို ကုသပေးနိုင်တဲ့ အနေအထားမှာရှိတာမို့ ဆေးဝါးကျွမ်းကျင်များနှင့် သိပ္ပံပညာရှင်ကြီးများဟာ သုတေသနပြု လေ့လာကြဖို့ မကြာခဏ ရောက်လာကြတယ်။ တကယ်တော့လည်း လေ့လာစူးစမ်းဖို့ အကောင်းဆုံး စင်တာ တခုဖြစ်လာတာပါ။ စင်တာတခုဖြစ်လာခဲ့တဲ့ အကြောင်းရင်း များစွာရှိနေပါတယ်။ ရေမှာပျော်ဝင်ပါရှိတဲ့ သတ္တုဓါတ်များ က လေမှာ ပျံ့လွင့်နေတဲ့ ပန်းဝတ်မှုံနှင့် အခြားယားယံစေနိုင်တဲ့ ဓါတ်မတဲ့ပစ္စည်းများ၊ နေစွမ်းအင်မှဖြာထွက်တဲ့ ခရမ်းလွန်ရောင်ခြည်စတာ တို့ကို ခုခံကာကွယ်ဖို့ လျော့ချဖို့၊ ပြီးတော့ နေလောင်ခြင်း၊ ဖျားနာခြင်း၊ အအေးမိနှာရည်ယိုစီးခြင်း၊ အရိုးအဆစ် ဒူးယောင် ဒူးနာအမျိုးမျိုး၊ကြမ်းထော်သော အနီပိမ့်များထွက်သည့် အရေပြားရောဂါအမျိုးမျိုးနှင့် အခြား အထွေထွေ ရောဂါများကို ပျောက်ကင်းနိုင်တဲ့ စွမ်းအင်ရှိပါတယ်။
ဥပမာ ဒူးခေါင်းနာခြင်းကို သတ္တုဓါတ်ကြွယ်ဝသောရေအိုင်မှ ရွှံ့များနှင့် ဖိသိပ်အုံခဲကြပ်စည်းခြင်း။နှာရည်ယိုခြင်းကို ပင်လယ်သေမှရရှိသည့် ဓါတ်ဆားရည်ဖြင့်ု စပရေးဖြန်းကုသခြင်းစသဖြင့် ရှေးယခင်ကတည်းက ရောဂါ ကုထုံးများစွာရှိပါတယ်။ ပင်လယ်သေဟာ လူတို့အတွက် အကျိုးပြု ဖြစ်ထွန်းစေတဲ့ ပိုတက်ရှ် ဓါတ်ဆားတမျိုးကိုလည်း ထုပ်လုပ်ပေးနေတာပါ။ သတ္တုနဲ့အက်ဆစ် ဓါတ်ပြုပြီး မြေဆီမြေနှစ် မြေသြဇာကိုပါ ကောင်းမွန်စေတဲ့ဓါတ်ဆားတမျိုးဖြစ်ပေါ်စေပါတယ်။ အီဂျစ်လူမျိုးတို့ဟာ အဲဒီကရတဲ့နေထရွန် ဓါတ်ဆားနှင့် ဖါရိုဘုရင်များရဲ့အလောင်းကို Mummification လို့ခေါ်တဲ့ ဆေးစိမ်ခြင်းပြုလုပ်ရတာပါ။
(ဒီအကြောင်းအသေးစိတ် ဒီမှာ ရေးဖူးပါတယ်။ ဒီ့ထက်မက ကျယ်ပြန့်စွားရေးသားဖို့ မျှော်လင့်ထားပါတယ်။)

မြေထဲပင်လယ်ဒေသတစ်ဝိုက် ဖြန့်ကျက်နေထိုင်သူများဟာ ပင်လယ်သေက ထွက်ရှိတဲ့ ဓါတ်သတ္တုကနေ cosmetics လို့ အလွယ်ပေါင်းရုံးခေါ်တွင်တဲ့ အသားလှ ဆီ နှုတ်ခမ်းဆိုးဆေး၊ ခေါင်းလိမ်းဆီ ဆေးတို့ဖတ် စသည်တို့ကို ဖါရိုးမင်းဆက်များမှာ ထုတ်လုပ်သုံးစွဲ နေ တတ်ကြပါပြီ။ ကြိုတင်ကာကွယ်ဖို့ နည်းပညာများလည်း တတ်ကျွှမ်းနေပါပြီ။ ၂၀၀၉ခုနှစ်လောက်မှာတော့ လာရောက်ကြည့်ရှုလေ့လာသူပေါင်း ထောင်ချီပြီး (1.2million) အစ္စရေးကို ရောက်လာကြတယ်။ပင်လယ်သေဟာ 1.24kg/L သိပ်သည်းမှု ရှိတာကြောင့် ရေကူးလိုသူနှင့် ရေပေါ်ပေါလောမျှောလိုသူတို့လည်း အတွေ့အကြုံရအောင် လာရောက်လည်ပတ်ကြတာမို့ ပင်လယ်သေမှာ ဧည့်ပရိသတ်များနှင့် စည်ကားနေပါတယ် တဲ့။
ပင်လယ်သေမှာ နောက်တခု ထူးခြားတာက သူဟာ ကုန်းတွင်းပိတ် ရေအိုင်ကြီးဖြစ်ပြီး သူ့ရဲ့ ပုံသဏ္ဍာန် အသွင်အပြင်မှာ ဘယ်ဘက်ကို ဘေးတိုက် ရွေ့ရှားနိုင်တဲ့ ကမ္ဘာမြေလွှာပြတ်ရွေ့ကြောင်း တိုက်တိုနစ်ပလိတ် နှင့် အာဖရိကဲန်ပလိတ် အာရေဘီယဲန် ပလိတ် တိုရဲ့ ကြားမှာ တည်ရှိနေခြင်းပါဘဲ။ ပင်လယ်သေထဲကိုစီးဝင်တဲ့ ဂျော်ဒန်မြစ်ဟာ ပြန်လမ်းမကြုံတဲ့ ရေယမုန်လဲ ဖြစ်နေပါသေးတယ်။ ထွက်ပေါက်မရှိဘူး။

ပင်လယ်သေ၀န်းကျဉ်မှာတော့ နွေဦးရာသီများမှာ လှပတဲ့ နှစ်ရှည်ခံ အပင်ငယ်ကလေးများ ကြိုကြား ပေါက်ရောက်ပါတယ်။ ရေအိုင်ငယ်ကလေးများလည်းရှိပါတယ်။ ဒါ့အပြင် နင်းမိလျှင် ကျွံဝင်သွားနိုင်တဲ့ သဲနုံးတွင်းမျာလည်း ကမ်ခြေတလျှောက်ရှိနေပါတယ်။
ပင်လယ်သေရဲ့ မြောက်ဘက်အစွန်ကျတဲ့ အပိုင်းမှာ တော့ မိုးရေဟာ ရှားရှားပါးပါး လို့ ဆိုရမှာပါဘဲ။ နှစ်စဉ် မိုးရေချိန်လက္မ 100mm(4in) ရွာသွန်းလေ့ရှီပြီး တောင်ဘက်ကျတဲ့ ဒေသတွေမှာတော့ မဆိုသလောက် 50mm (2in) ရွာသွန်းလေ့ရှိတယ်။ ဂျူဒီယဲန် တောင်ကုန်းတွေမှာ မိုးရိပ်မိုးငွေ့မြင်တွေ့နိုင်ပေမဲ့ ပင်လယ်သေမှာတော့ ခြောက်ခြောက်သွေ့သွေ့ပါပဲ။ အရှေ့ ဘက်ကုန်းမြင့်တွေက ရွာချလာမဲ့ မိုးရေ လောက်ဘဲ လက်ခံရမှာ ဖြစ်ပါတယ်။ ဂျူဒီယဲန် တောင်ကုန်းတွေက အနည်းငယ် မတ်စောက်ပြီး အရှေ့ဘက်တောင်တန်းတွေက အောက်ဘက်ကျပါတယ်။ ရေကန်ရဲ့ အနောက်တောင်ဘက်ကျတဲ့အရပ်ဒေသတွေမှာတော့ မြင့်မားတဲ့ ဆိုဒွန်တောင်ကြီးရှိနေတဲ့အတွက် 210mm( 700in) ရွာသွန်းပါတယ်။ ပင်လယ်သေကိုဝန်းရံနေတဲ့ တောင်တန်းတွေမှာ ကုလားအုပ်များ၊တောင်ဆိတ်ရိုင်းများ၊ တောယုန်ကြီးများ၊ခွေးအနှင့် ကျားသစ်များက သူနိုင် ကိုယ်နိုင် မင်းမူနေတာပါ။ရာပေါင်းများစွာသော ငှက်မျိုးစုံကလေးများက ဘာသာဘာဝ ပျော်ရွှင်မြူးထူးလို့နေကြတယ်။

ဒီနေရာတွေကို အစ္စရေး ရော ဂျော်ဒန်ကပါ သဘာဝ တောရိုင်းနယ်မြေ သတ်မှတ်ပြီးသီးသန့် ထားရှိတာပါ။ ယနေ့မှာတော့ ဗြိတိသျှတို့က ပင်လယ်သေမြောက်ဘက်ကမ်းအနီး ဂေါက်ကွင်းတခု တည်ဆောက်ထားပါတယ်။ ဓါတုဗေဒပညာရှင်များနှင့် စူးစမ်းလေ့လာလိုသူများကလည်း ၀င်လာမစဲ တသဲသဲပါ။ ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း 1,289ft နိမ့်တဲ့ အဝေးပြေးလမ်းမကြီးတခု အနောက်ဘက်ကမ်းနှင့် အစ္စရေးကမ်းခြေတလျှောက်မှာ ဖေါက်လုပ်တည်ရှိနေပါတယ်။ ကမ္ဘာ့ပထမတန်းစား ဟိုတယ်ကြီးများ အပန်းဖြေစခန်းများလည်း အလားတူဆောက်လုပ်ထားပါတယ်။

အီဂျစ်လူမျိုးတို့ ဟာ ယခုလို အလောင်းများ မပုပ်မသိုးအောင် မမ်မီလုပ် ဆေးစိမ်ဖို့ ပင်လယ်သေက နျူထရွန် ဓါတ်ဆားကို အသုံးပြုကြရတာပါ။ နေပူရှိန်ပြင်းတဲ့အခါ ရေဟာ အငွေ့ပျံပါတယ်။ရေလျော့နည်းသွားတဲ့အခါ နဂိုက ငံနေတဲ့ရေဟာ အငံဓါတ်ပိုကဲလာတတ်ပါတယ်။ 1979ခုနှစ်မှာက ပါလက်စတိုင်းကုပ္မဏီ တစ်ခုက( Palestine Potash company) ပိုတက်ရှ် နှင့် ဘရိုမိုင်းသတ္တုများ ဖေါ်ထုတ် လုပ်ပိုင်ခွင့်ရရှိခဲ့တယ်။ ပိုတက် သို့မဟုတ် ပိုတက်စီယံ ကလိုရိုက် ကိုပါ။ အရှေ့အလယ်ပိုင်းငြိမ်းအေးနေစဉ်ကာလမျိုးမှာ အာရပ်နှင့်ဂျူး လုပ်ငန်းရှင်ကြီးများက ခြေသွက်လက်သွက် အကြီးအကျယ် ထုတ်လုပ် လာကြတယ်။

1934ခုနှစ်မှာ တစ်ခါ စီမံကိန်းချပြီး အနောက်တောင်ဘက်ကမ်းရိုးတန်းမှာ ဒုတိယအကြိမ် အခြေချ လုပ်ကိုင်ခဲ့ကြတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းမှာလည်း ထုတ်လုပ်ခဲ့သေးတာပါ။ နောက်ဆုံး ရှောင်တခင်ဖြစ်လာတဲ့ 1928ခုနှစ် အာရပ်အစ္စရေးစစ်ပွဲအတွင်းမှာလည်းထုတ်လုပ်ဖြန့်ဖြူးခဲ့တာပါ။ ဗြိတိသျှတို့ ကလည်း ထုတ်ယူခဲ့ပါတယ်။ ၁၉၅၂ခုနှစ်မှာတော့ အမျိုးသားပိုင် Dead Sea Works Ltd က ကျန်နေတဲ့ ပိုတက်များနှင့် သတ္တုပစ္စည်းများကို နိုင်ငံတော်ကိုယ်စား ပင်လယ်သေမှနေ ထုတ်ယူခဲ့ကြတယ်။ 2001ခုနှစ်မှာ ဒီငံကျိကျိ ပင်လယ်သေက ပိုတက် တန်ချိန်ပေါင်း 1.77 ၊ ဘရိုမိုင်းဓါတ်ပေါင်း တန်ချိန် 206,000 ၊ ကော့စတစ်ဆိုဒါ 44.900 တန်ချိန်၊ မက်ဂနီစီယမ်နှင့် ဆိုဒီယံ ကလိုရိုက် 25.000တန် အစ္စရေး  တဦးတည်းထုတ်ယူခဲ့ပါတယ်။ Dead Sea Magician Ltd ရဲ့ အထောက်အပံ့နှင့်ပါ။ ဂျော်ဒန်ဘက်မှာလည်းထုတ်ယူတာမျိုးရှိပါတယ်။ ပင်ကိုယ်အားဖြင့်ဓါတ်သတ္တုများနှင့် ကြွယ်ဝနေတဲ့ ပင်လယ်သေဆားကို ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်စားနေကြသူတွေ ဒုနှင့်ဒေးပါ။ ကိုယ်ခန္ဓာသန့်ရှင်းစင်ကြယ်စေဖို့အသားအရည် လှပချောမွေ့စေဖို့ စိုပြေ၀င်းအိနေအောင် ထိန်းသိမ်းထားဖို့ ဓါတုဗေဒနည်းနှင့် အသားလှဆီ အမျိုးမျိုး ထုတ်လုပ်ကြမှာ ဖြစ်ပါတယ်။

Florist
Source: Wikipedia
Living Fashion Magazine, November, 2012

ဟက်ပီးမင်းသားလေး

မေမေနဲ့ စာကလေး

ပျဉ်မနားအိမ်က  မေမေ့ရဲ့ အခန်းဘေးဝရံတာမှာ စာကလေးတွေလာလာနားကြတာကိုး။ ဒါနဲ့ မေမေက ဆန်တွေ ကြဲပက် ထားပြီး သောက်ရေခွက်လေးပါ ချထားတော့ တကျွီကျွီ တကျာကျာနဲ့ တနေကုန် ပျံလိုက် စားလိုက် နားလိုက် သောသောကိုညံနေတာကွဲ့ ။ပြီးတော့ မေမေကလေ သမီးတို့ငယ်ငယ်ကဆိုရင် နှင်းဆီတွေ စိုက်တယ် မို့လား။ပိုက်နဲ့ ရေဖြန်းရတယ်။ နွေဆို မနက်တခါ ညတခါ ဖြန်းးတာကိုး။ ရေဖြန်းတော့ မြေကြီးမှာ ပိုက်ထိုးမိတဲ့နေရာက ရေအိုင်လေးဖြစ်ပြီး စာကလေးတွေက အဲဒီရေအိုင်မှာ လူးကြ လှိမ့်ကြ ရေချိုးကြပေါ့ ။စာကလေးတွေက ပျော်။ မေမေက ပျော်။အဲလို နေလာကြတာ မို့လား။

တနေ့ကတော့ မေမေ သမီးမှာတဲ့အတိုင်း  ဖုန်းတလုံးဝယ်ပြီး အင်တာနက်ချိတ်လိုက်တယ်။ အားရပါးရ ဂူးဂဲလ်မှာ ၀င်မွှေမိပါရော။ ဒီမှာတင် “အော်စကာ ၀ိုင်းလ်ထ် “ရဲ့ The Happy Prince နှင့် အခြားဝတ္ထုများ “ စာအုပ်ကို သွားတွေ့တယ်။သူကတော့ စာကလေး (sparrow ) လို့ မဆိုဘူးပျံလွှား (swallow)တဲ့။သူတို့ချင်းကတော့ ခပ်ဆင်ဆင်လို့ ဆိုရမလားဘဲ။ပျံလွှားက အမြီးရှည်ပြိး တောင်ပန်ဖြန့်လိုက်ရင် ချွန်တယ်။အပြားကြီးတယ် အတွန့်ကလေးတွေနဲ့။ သူက ပိုလှတယ် ထင်တယ်။ ပျံလွှားလေးတအုပ်များ မိုးပေါ် ပျံတက်သွားရင် မေမေ ငယ်ငယ်က ဆရာမဆိုပြတဲ့ သီချင်းကလေး မှတ်မိသေးတော့တယ်။
”ပျံလွှားလေးတွေ လည်ချင်းယှက်တော့ အစက်မဲကလေးတွေ ..မိုးမှာ ထင်ပြီကွယ် “  တဲ့။
သူတို့လေးတွေက ဟို မိုးကောင်းကင်အမြင့်ကြိးတက်ပျံတာဆိုတော့ အောက်ကနေကြည့်နေတဲ့သူက မဲမဲအစက်ကလေးတွေဘဲ မြင်နေရတာကိုး။

အဲဒါနဲ့ မေမေက စာကလေးတို့ ပျံလွှားတို့များဆိုရင် အလိုလို သနားနေတာလေ။ အော်စကာဝိုင်းလ်ရဲ့ ပုံပြင်မှာထဲမှာ အများအကျိုးဆောင်တဲ့ ပျံလွှားလေး  ရုပ်တုကြီးခြေရင်းမှာ ဘုံးကနဲ ပြုတ်ကျပြစ်လဲ သေဆုံးသွားတော့ ပျံလွှားလေးကို အသနားထပ်ပိုမိရော။ ဒါနဲ့ဘဲ ဖြိုးဖြိုးကို ပြောမပြရသေးတဲ့ ပုံပြင်တပုဒ်အနေနဲ့ ခု ကိုယ့်စကားနဲ့ ကိုယ်ပဲ အကျဉ်းခြုံးပြန်ပြောပြမိတော့တယ်။
ဟိုရှေးရှေးတုံးက ရှေးဟောင်းမြို့တော်ကြီးတမြို့မှာပေါ့ ။
မြို့ကြီးကို စီးပြီး ငုံ့ကြည့်နေတဲ့ ရှည်မျောမျော မင်းညီမင်းသားပုံ ရုပ်တုကြီးတခု ရှိသတဲ့။ ထီးထီးမြင့်မြင့်ကြီး မိုးပေါ်ထိုးတက်နေပုံများ။လူတကာအားကျစရာပါပဲ။
လူတွေက ပျော်ရွှင်ရယ်မောနေတဲ့ သူ့ပုံသဏ္ဍာန်ုကိုကြည့်ပြီး “ဟက်ပီးမင်းသားလေး” လို့ ခေါ်ကြတယ်။
သူ့ မျက်လုံး နှစ်လုံးကို  အဖိုးထိုက်တန်လှတဲ့ ပြာလဲ့လဲ့ကျောက်မျက်ရတနာတွေ မြှုပ်နှံထားပြီး ဓါးရိုးအနှောင့်မှာလဲ အရည်လည်နေတဲ့  ပတ္တမြား နီနီရဲရဲကြီး တလုံးတပ်ဆင်ထားတယ်။  သူ့တကိုယ်လုံးကိုတော့  အဖိုးတန် ရွှေပြားတွေလွှမ်းခြုံ ဖုံးအုပ်ထားတယ်။

မြို့စားကြီးက “လေကြောင်းပြလေတံခွန်ကြီးလိုဘဲ ခန်းနားကြီးကျယ်လိုက်တာ“ဆိုပြီး သူ့ ရွှေရောင် မျက်နှာလှလှလေးကိုလည်း  ချီးကြူးခန်းဖွင့်တယ်။

စိတ်ညစ်ညူးနေတဲ့ လူတယောက်ကတော့ ရုပ်တုကိုကြည့်ပြီး “ကမ္ဘာပေါ်မှာ သူ့လို ပျော်တတ်သူလဲ ရှိသေးသကိုး “လို့ ခပ်ငေါ့ငေါ့ပြောတယ်။ မိခင်တယောက်ကလဲ  ရုပ်တုကို မော့ကြည့်ပြီး  “ဟောဒီ မင်းသားကလေးတို့များ နားအေးလိုက်တာ ဘာလိုချင်တယ် ညာလိုချင်တယ် မပူဆာပေါင် “လို့ သူ့ သားငယ်ကို ဆုံးမနေတယ်။ အနီရောင် ၀တ်စုံ တောက်တောက်ခြုံထည်တွေ  ဆင်မြန်းထားတဲ့ ခလေးတသိုက်ကတော့ ဘုရားကျောင်းထဲကနေ ၀တ်ပြု ဆုတောင်းထွက်လာကြပြီး ခန့်ညားလှပတဲ့ နတ်သားလေးတပါးအသွင် ဟက်ပီးမင်းသားလေးကို  ငေးမောအားကျနေကြလေရဲ့။ မြို့တော်ကောင်စီဝင်တယောက်ကတော့ ရုပ်တုကြီးကိုကြည့်ပြီး အနုပညာရသကို နားလည်ခံစားတတ်သူလို့ ဂုဏ်သတင်းကျော်ဇောစေချင်လှပေမယ့် တကယ်တော့ ဘာများအသုံးဝင်မှာလဲ တဲ့။ မလိုတမာ ပြောနေတယ်။

တစ်ညမှာတော့  ပျံလွှားငှက်ကလေးတအုပ် မင်းနေမြို့တော်ကြီးပေါ် ဖြတ်သန်းရောက်ရှိလာကြတယ်။ပျံလွှားအုပ်ထဲက တကောင်ကတော့ နောက်ကျပြီး မှ ရောက်လာတာကိုး။သူက နောက်ချန်နေခဲ့တာလဲ ဖြစ်နိုင်တာပေါလေ။ အားလုံးကတော့ ထုံးစံအတိုင်း လွန်ခဲ့တဲ့ သီတင်း၆ပတ်ကတည်းက ပျံသန်းထွက်ခွာနေကျ နွေးထွေးတဲ့ အီဂျစ်နိုင်ငံဆီ ဆောင်းခိုဖို့ ရှေ့ရှူပျံသန်းကုန်ကြပြီလေ။ ဒီပျံလွှားကလေး ကျန်နေရစ်ပုံက လွမ်းစရာလေးကွဲ့။ သူက ဇတ်လမ်းရှိတယ်။ပြီးခဲ့တဲ့ နွေဦးရာသီ တုံးက ပိုးဖလံလေးတွေနဲ့ ရောနှောလိုက်ပါရင်း မြစ်ချောင်းကလေးတခုမှာ ဇတ်လမ်းက စခဲ့တာ။ ဒီလိုကွဲ့။

ရှည်လျားပျော့ပြောင်းပြီး သွယ်လျလျ  ခန္ဓာကိုယ်ရှိတဲ့ ကျူရိုးမကလေးကို  တဒင်္ဂမြင် မိတာနဲ့ ချစ်မိသွားပြီး မခွဲနိုင်မခွာရက် ဖြစ်သွားခဲ့တာလေ။လေယူရာယိမ်းနွဲ့နေတဲ့ ကျူရိုးမကလေးကို ၀ဲလယ် လှည့်ပတ် ပျံသန်းရင်း မင်းကို ချစ်ချင်တယ်ကွယ် ။ ချစ်ရမလား လို့ ပျံလွှားကလေးက တစာစာ ချစ်စကားပြောသတဲ့။ချောင်းရေမြောင်းရေထဲ  လှိုင်းလုံးဖြူလေးတွေထလာအောင် သူ့တောင်ပန်တွေနဲ့ တဖြတ်ဖြတ် ရိုက်ခတ်ပြရင်းလဲ ကျူရိုးမယ်ကလေး ကျေနပ်အောင် သူ့အစွမ်းအစတွေ ထုတ်ပြနေသတဲ့။ အဲဒီလိုနဲ့ တနွေလုံး ပျော်ခဲ့ကြတာလေ။ခု ဆောင်းရာသီ မှာ ဆောင်းခိုကြရတော့မယ်တဲ့။ အီဂျစ်ကို သွားရတော့မယ်။ ကျူရိုးမယ်ကလေးကို သူ အားရပါးရ နှုတ်ဆက်ချင်သေးတာကွဲ့။ ပျံလွှားကလေး လွမ်းခန်းရောက်ပြီပေါ့။ သူ့သူငယ်ချင်းတွေက တော့ “မဖြစ်နိုင်တာကွာ“ လို့ တီးတိုးဆိုကြသတဲ့။တကယ်တော့ ပျံလွှားကလေး ကိုယ်တိုင်လဲ ညည်းငွေ့လာပါပြီလေ။အသွင်မှ မတူတာဘဲ။ပျံလွှားဆိုတာက တချိန်လုံး လှုပ်ခါနေတဲ့ဥစ္စာ တဲ့။
သူက ငါ့ကို လေတိုက်တိုင်း ယိမ်းနွဲ့  မြှူဆွယ်နေတာ တချိန်လုံးဘဲ။ဟိုဘက်ယိမ်းလိုက် ဒီဘက် ယိမ်းလိုက် ယိမ်းခါ နေလိုက်ပုံများ ငြိမ်တယ်ရယ်မရှိဘူး။ တဲ့။
ပျံလွှားကလေးကလဲ အပြစ်မြင်လာတယ်။
ဒါပေမဲ့ ငါနဲ့လိုက်ခဲ့မလား ပျံလွှားကလေးက မေးတယ်။
ကျွန်မအိမ်က ဒီမှာလေ။ အမျိုးအဆွေတွေ က အများကြီး ကျွန်မ ခွဲ မလိုက်နိုင်ဘူး တဲ့။
သူမက နှုတ်နဲ့ တီတီတာတာ မပြောတတ်ပေမဲ့ ခေါင်းခါပြတယ်။
ပျံလွှားကလေးက သိတာပေါ့။
မြစ်ချောင်းတစ်လျှောက် ပေါလိုက်တဲသူ့ အမျိုးတွေ။ အုံနဲ့ကျင်းနဲ့။
ဟင်း..အလကားငါ့ကို လှဲ့ဖျားနေတယ်။ပျံလွှားလေးက စိတ်ဆိုးသွားတယ်။

အင်းပေါ့လေ။ ငါက တော့ မဖြစ်မနေ သွားရတော့မှာ ။အီဂျစ်က ပီးရမစ်ကြီးတွေဆီဲ ငါ နားခိုရလိမ့်မယ်။တဲ့။ဒီလိုနဲ့၊မနားမနေ နှုတ်ဆက် ..
ထွက်ခွာပျံသန်းလာလိုက်တာ တနေ့လုံးဘဲတဲ့။
ညနေခင်းရောက်မှ ဟက်ပီး ရုပ်တု ကြီးဆီ ရောက်လာပြီး သူ့ပခုံးကျယ်ကြီးမှာ အခိုက်အတန့်ခိုနားခွင့်ရတော့တယ်။
ပျံလွှားကလေးက ရှည်မျောမျော ရုပ်တုကြီးကို မြင်တော့ ဟန်ကျလိုက်တာ ဒီတည ငါနားခိုဖို့ နေရာကောင်းတော့ရပီ ဆိုပြီးပျော်နေသတဲ့။

ဒါနဲ့ မောမောနဲ့ရုပ်တုကြီးခြေရင်းမှာ  အိပ်မယ်ပြင်ပါလေရော။ပေါက် ဆို မိုးရေ ပေါက်ကြီး သူ့ကိုယ်ပေါ် ကျလာသတဲ့။
“ရော်.အချိန်မဟုတ်အခါမဟုတ် ဒီဥရောပ မိုးစုတ်ကလဲ” လို့ သူကျိန်ဆဲမိပြီး “ဒလောက် မြင့်ပီး  ကြီးရက်နဲ့ မိုးတပေါက်တောင် မလုံဘူး “ဆိုပြီး ရုပ်တုကိုလဲ ကဲ့ရဲ့နေတာပေါ့လေ။
မကြာပါဘူး နောက် ထပ်လို့  ပေါက် ..ပေါက် ဆိုပြီးကျလာပြန်ပါရော။လက်စသပ်တော့ ရုပ်တုကြီးက ငိုနေတာကိုး။ သူ့မျက်လုံးထဲက မျက်ရေတွေ ပျံလွှားကလေးကိုယ်ပေါ် တပေါက်ပေါက်ကျလာနေတာ။
ရယ်မော ပျော်ရွှင် နေပါလျက် ဘာ့ကြောင့် ငိုကြွေးနေရသလဲ လို့ တွေးပြီး လရောင်အောက်က လှပတဲ့ ရုပ်တုမျက်နှာကိုမော့ကြည့်ပြီးသနားစိတ်တွေ ယိုဖိတ်ကုန်သတဲ့။
ပျံလွှားကလေးက။
ဒါနဲ့ ပျံလွားကလေးက  “ခင်ဗျား ဘယ်သူလဲ။ ဘာကြောင့် ငိုသလဲ “
 မေးပါလေရော။
“ငါက ခန်းနားသိုက်မြိုက်တဲ့ ဆန်ဆူစီ နန်းတော်ကြီးထဲမှာ လှပတဲ့ပန်းဥယျာဉ်တွေထဲမှာ လှည့်လည်ကခုန်ပျော်ပါးနေခဲ့ရတဲ့ မင်းသား တပါးပါ။ မျက်ရည်ရှိတယ်ဆိုတာတောင် မသိပါဘူး။ ဟုတ်ပါတယ်။ ပျော်စရာတွေချည်းငါမြင်တွေ့ နေခဲ့ရတာပါ။ခုတော့ ငါ သေလူဖြစ်နေပြီလေ။။ငါ့ရုပ်ကို အမြင့်ကြီး  ထုဆစ် ချထားတော့ အရာရာ ငါမြင်တွေ့နေရပြီ။ လူသားဘ၀မှာ ငါမမြင်ခဲ့ရတာတွေ ငါမသိခဲ့တာတွေ အခု ငါ  မြို့ကိုစီးပြီး မြင်ရ သိရပါပြီ။ငါ့ရဲ့သတ္တုနှလုံးသားဟာ လူ့နှလုံးသားလိုဘဲ ခံစားတတ်လာပြီ။
“ပျံလွှားကလေးရေ..ဒီတညတော့ ငါ့ကို ကူညီပါ။

ဟိုးရှေ့က အိမ်နုပ်နုပ်သေးသေးလေးထဲမှာ ပန်းသီနေတဲ့ အဖွားတယောက်ကို မြင်ရဲ့လား။ သူ့အနားမှာ ခလေးတယောက် လဲနေတယ် ။သူနေမကောင်းဘူး။ လိမ္မော်သီးစားချင်တယ်လို့ ပူဆာနေတယ်။ သူ့အဖွားက ရေဘဲ တိုက်နိုင်တယ်။ မနက်ခင်းဘုရင့်နန်းတော်အရောက်  ဆက်သဖို့ရှိတဲ့ ပန်းတွေ ပြီးအောင် မှုံနေတဲ့မျက်စိကို အားကိုးရင်း ပန်းထိုးပန်းသီနေရတာ ကြည့်မကောင်းဘူး။ငါ့ဓါးမှာတပ်ဆင်ထားတဲ့ပတ္တမြားကို ထုတ်ပြီး သွားပေးပါ။ကျေးဇူးတင်ပါတယ်ကွယ်”တဲ့။ ရုပ်တုက ဆိုတယ်။
ပျံလွှားကလေးက ..
“ ဟာဗျာ ကျုပ်သူငယ်ချင်းတွေ ခုဆို နိုင်းမြစ်ထဲ ကြာပန်းတွေနဲ့ တီတိုးစကားဆိုနေရော့မယ်။ ပြီးရင် သူတို့ ဆေးရောင်စုံခြယ်ထားတဲ့ အီဂျစ်ဘုရင်ကြီးတပါးရဲ့ အုတ်ဂူမှာ အိပ်ကြလိမ့်မယ်။  ဘုရင်ကြီးက ကျောက်စိမ်းဆွဲကြိုးကြီးဝတ်လို့ဗျ။
အ၀ါရောင်လိုင်နင်စခြုံထည်ကြီးနဲ့ပတ်ရစ်လို့။မွှေးကြိုင်နေတာဘဲ “ ။
ဒီတော့ မင်းသားလေးက

“ပျံလွှားငှက်ကလေးရယ် ပျံလွှားငှက်ကလေးရယ်..တောင်းပန်ပါတယ်။ဟိုခလေးကိုကူညီဖို့ ဒီတညတော့ငါနဲ့ နေပေးပါ “ လို့ ဆိုပြန်တယ်။ပျံလွှားငှက်ကလေးက ဒီလို ကောင်စုတ်တွေပေါ့ ကျုပ်ကို ခဲနဲ့ လိုက်ပေါက်တတ်တာလို့ ဆိုပြီး စိတ်ကောက်သွားတာပေါ့။ပျံလွှားလေးက ခလေးတွေကို မကူညီချင်ပါဘူး။ ဒါပေမဲ့ မျက်ရည်တွေတွေ ကျနေတဲ့ရုပ်တုကို သနားပြီးကူညီပါမယ်လို့ ဆိုကာ ခရီးစတင်တော့တယ်။

ရုပ်တုက ပတ္တမြားကို ကော်ထုတ်ပြီး ပျံလွှားကလေးဟာ မြို့ပေါ်က အဆောက်အဦတွေ နန်းတော် နဲ့ဘုရားရှိခိုးကျောင်းတွေ ကိုကျော်ဖြတ်သွားတယ်။  နောက်ဆုံးတော့ ပန်းထိုးနေတဲ့ ဆ်းရဲသူမအိမ်ရောက်သွားပြီး ပတ္တမြားကြီးကိဲု အဖွားအပ်ချုပ်လက်စွပ်အနား ချပေးသတဲ့။
ကိုယ်တွေ ပူခြစ်နေတဲ့ခလေးကို ပျံလွှားကလေးက သူ့တောင်ပန်လေးတွေနဲ့ ခတ်ပြီး အေးမြစေတယ်။ဒီတော့မှ ခလေးဟာ အပူကျပြီးကောင်းကောင်း အိပ်နိုင်သွားသတဲ့။
အပြန်လမ်း မှာ နန်းတော်ထဲက ကပွဲ အခန်းအနားကျင်းပဖို့ ပြင်ဆင်နေတာမြင်ခဲ့ရပြီး ဘုရင့်သမီးတော်ကလေးတပါးဟာ ၀ရံတာမှာ သူ့ချစ်သူနဲ့ ရပ်လို့  ‘ ကျွန်မတော့ ဒီည ပန်းသီအင်္ကျီဝတ်မှ ၀တ်ရပါ့မလားဘဲ “ဆိုတဲ့ ကနွဲ့ကရ  ညီးညူနေသံ ပြီးတော့ အပ်ချုပ်သည်တွေက အပျင်းထူတယ် မောင်ရဲ့ ဆိုတဲ့အသံတွေ ပျံလွှားလေးကြားလိုက်မိသတဲ့။

ဟက်ပီးရုပ်တုဆီ ညဘက် ပြန်ရောက်တဲ့အခါမှာတော့  သူက
 “ကျုပ်သွားပါရစေတော့ ကျုပ်သူငယ်ချင်းတွေ မျှော်နေလိမ့်မယ် ခုဆိုရင် သူတို့ မနက်ခင်း ရေတံခွန်မှာ ဆုံကြဖို့ စီစဉ်နေကြပြီ။အဲဒီမှာ အိပ်ပျော်နေတဲ့ ရေနဂါးကြီးလဲ ရှိတယ်။ခန်းနားကြီးကျယ်တဲ့ နတ်ဘုရား ကျောင်းတော်လည်းရှိတယ်။လင်းလက်လာတဲ့ ကြယ်ပွင့်တွေကို လမင်းကြီးနဲ့အတူ ကျုပ်တို့ လက်ချိုးရေတွက်ကြမယ်။ညခင်း ရေသောက်ဆင်းလာတဲ့ ခြင်္သေ့ကြီးတွေ တောင်ကျရေထက် ဆူညံကျယ်လောင် စွာ ဟိန်းမဲ့ဟောက်မဲ့အသံကို  ပုန်းပြီး ကျုပ်တို့ နားထောင်ကြမယ်။
လို့ပျံလွှားကလေးက စိတ်ကူးနဲ့ ဆိုရှ
ရုပ်တုကြီးက
”ငှက်လေးရယ်  ငှက်ကလေးရယ် တညလောက်နေပါအုံး။ဟိုရှေ့က အိမ်တအိမ်မှာ လူငယ်လေးတယောက် ပြဇတ်ရေးနေတာ မပြီးနိုင်ဘူး။ ချမ်းတုန်နေရှာတယ် ။အဲဒါ ငါ့ မျက်လုံးထဲက ကျောက်မျက်ပွင့်တလုံးကို ထုတ်ပြီး သွားပေးပါအုံး။ ဒီတော့မှ သူ့ခမြာ ထင်းဝယ်နိုင်မယ် မီးလှုံနိုင်မယ်။စာဆက်ရေးနိုင်မယ် ။ပြဇတ်ဒါရိုက်တာဆီ စာမူ ပေးနိုင်မယ်”လို့ ရုပ်တုက ဆိုတယ်။

ပျံလွှားငှက်ကလေးလဲ မနေသာတော့ဘူးပေါ့။ “ကောင်းပါပြီ တညဆက်နေပါမယ် “လို့ ဆိုပြီး စာရေးဆရာကလေးဆီကို ပျံသွားလို့  ကျောက်ကလေးကို ချပေးလိုက်တယ်။

“ကဲ ကျုပ်သွားတော့မယ်။ “တဲ့ ပျံလွှားကလေးက။
 ကျုပ်သူငယ်ချင်းတွေ စောင့်နေပြီ အခုဆို ဆောင်းဝင်လာပြီ အီဂျစ်မှာတော့ နွေးနွေးထွေးထွေးရှိတယ်လေ။ ကျုပ်သူငယ်ချင်းတွေ ဘုရားကျောင်းမှာ အသိုက်ဆောက်နေတာ ကျုပ်ကူညီရလိမ့်မယ်။ ပျင်းပျင်းတွဲတွဲ မိချောင်းကြီးတွေက ရွှံ့နွံ့ထဲကနေ ငေးကြည့်နေလိမ့်မယ်။ပန်းရောင်ချိုးငှက်ကလေးတွေက တေးတကြော်ကြော်အော်ဆိုရင်း အချင်းချင်း ကူညီ ရိုင်းပင်းကြလိမ့်မယ်။”
 ဒီတော့
ရုပ်တုက ဆိုပြန်တယ်။
   “ဒါပေမဲ့ကွယ် တည ၊ တည ထပ်နေပေးပါအုံး။ ဟိုရှေ့က အိမ်တအိမ်မှာ  မီးခြစ်ဆံလုပ်တဲ့ ခလေးမကလေးငယ်ငယ် မီခြစ်ဆံတွေ ရေစိုကုန်လို့ ငိုနေတယ်။ သူ့အဖေက ရိုက်လိမ့်မယ်။ ကျန်တဲ့ မျက်စိတဘက်ဖြုတ်လို့ သွားပေးခဲ့ပါအုံး။   ပျံလွှားကလေးရယ် ။ “
“ခလေးမကလေးကိုကျန်တဲ့မျက်စိတဘက်ပေးလိုက်ရင် ခင်ဗျားစုံလုံးကန်းတော့မပေါ့” လို့ ပျံလွှားငှက်ကလေးက တားပေမဲ့ ရုပ်တုက သူ့စိတ်ကူးကို မဖျက်ဘူး။ ဒီတော့ ပါရမီဖြည့်ဘက် လိုဖြစ်နေတဲ့ ပျံလွှားကလေးက ခိုင်းတဲ့အတိုင်လုပ်ရပြန်တာပေါ့။

ဒီ့နောက်မှာတော့ ပျံလွှားကလေးက ရုပ်တုကြီးကို သနားလွန်းလို့တဲ့ကွယ် အီဂျစ်ကို သူမသွားတော့ပါဘူး ရုပ်တုကြီးကို စောင့်ရှောက်ရင်းအတူနေတော့မယ်လို့ဆိုတယ်။ သူမရှိရင် ရုပ်တုကြီးပျင်းနေလိမ့်မယ် ဆိုပြီး မြို့တော်ကြီးဆီ ပျံသန်းလှည့်လည်လိုက် ရုပ်တုရဲ့ ပခု့းံမှာ နားလိုက်   မြို့ကို အပေါ်စီးက မြင်မြင် သမျှ ပြောပြောပြလိုက်နဲ့ပေါ့။ အီဂျစ်သဲကန္တာရထဲက ထီးထီးကြီး တည်ရှိနေတဲ့ ဧရာမ စဖင့်ရုပ်ကြီးတွေအကြောင်း နိုင်းလ်မြစ်ရိုးတလျှောက်  အလေ့ကျ ပေါက်ရောက်နေတဲ့ အပင်တွေ နဲ့ စုန်ချီ ဆန်ချီ ၀ဲပျံပျော်မြူးနေမဲ့ သူငယ်ချင်းတွေအကြောင်း  ရွှေငါးလေးတွေကို မညှာမတာ မြှောက်လိုက် လှန်လိုက် ကျီစားဖမ်းယူစားသောက်နေတဲ့ ငှက်တွေ အကြောင်း ၀န်တင်ကုလားအုပ်တွေနဲ့ ခရီးသွားနေတဲ့ အာရပ်ကုန်သည်တွေအကြောင်း ကုန်ရောင်းကုန်ဝယ် ဈေးဆစ်နေတဲ့ ဂျူးအဖိုးအိုတွေအကြောင်း သူက သိသလောက် အကုန်ပြောပြ ရှာတယ်။ ပြီးတော့ ဒီမှာ သူဘာတွေမြင်ရသလဲဆိုတော့ ပိုးဖဲကတ္တီပါတွေနဲ့  လူချမ်းသာတွေ အ၀တ်မပါ ဗလာကိုယ်ထည်နဲ့ လမ်းဘေးက ဆင်းရဲသားတွေ တောင်းစားနေရသူတွေ အကြောင်း  ပျံလွှားကလေးက ပြောပြနေတာပေါ့။
ဒီတော့ ဟက်ပီးရုပ်တုက
“ပျံလွှားကလေးရယ်  ပျံလွှားကလေးရယ် ကျုပ် ကိုယ်မှာ ဖုံးအုပ်တပ်ဆင်ထားတဲ့  ရွှေပြားတွေကို တချပ်ချင်းခွာပြီး ဆင်းရဲသားတွေကို ဝေချမ်းပေးပါ “လို့ ဆိုပြန်တယ်။
ပျံလွှားကလေးလဲ ဆိုဆိုတဲ့အတိုင်း မဆိုင်းမတွ လုပ်တော့တာဘဲ။ တချပ်ခွာ တခါပြေးပေးလိုက် တချပ်ခွာ တခါပြေးပေးလိုက်နဲ့ နောက်ဆုံးတော့ ပျံလွှားကလေးခမြာ ထူထပ် သိပ်သည်းလှတဲ့ ဆီးနှင်းထုအကြား မလှုပ်နိုင်တော့ဘဲ အေးခဲ ပြီး တောင့်လာတော့တယ်။ ရုပ်တုရဲ့ကိုယ်မှာလဲ မဲညစ်ညစ် မှုံတေတေနဲ့ ကြည့်ရဆိုးလိုက်တာ။ သိပ်မကြာခင်မှာ နှင်းတွေက ထူထပ်စွာကျလာနေတယ်။လမ်းမကြီးတွေပျောက်သွားပြီးငွေရောင် ပြောင်ချောချောလက်လက်တွေ ဖွေးဖွေးလှုပ် တသီတတန်းကြီးမြင်နေရပီ။အိမ်တွေရဲ့ တံစက်မိတ်တွေမှာသလင်းကျောက်  ငွေချည်မျှင်များ  တွဲလောင်းချိတ်ဆွဲထားသလို ပါဘဲ။အဖျားချွန်တဲ့  ငွေဓါးမျှောင်တွေ လို ဖွေးဥ ၀င်းပြောင်နေတာများ လှမှ လှသေးတော့။ အဲဒိရေခဲပြင်မှာ ခလေးတွေက ဆောင်းဝတ်စုံတွေ အပြည့်အသိပ် ထူထူထဲထဲဝတ်လို့ ပြေးလွှားကစားနေကြတာလေ။ ပျံလွှားလေးခမြာမတော့ ချမ်းရှာလွန်းလို့လှုပ်တောင်မလှုပ်နိုင်ဘူး။ သူသေတော့မယ် ဆိုတာ သူသိနေတယ်။
“ကျုပ်သွားပီနော် “လို့ ပျံလွှားကလေးက ရုပ်တုကြီးရင်ခွင်ကြားထဲတိုးဝင်နှုတ်ဆက်လိုက်တော့
“အေးဗျာ..ဒီတခါတော့ ကျုပ်မတားတော့ပါဘူး ခင်ဗျားသူငယ်ချင်းတွေ ရှိရာ အမြန်သာ ပျံပါတော့”
လို့ အကြည်အသာ ခွင့်ပေးလိုက်တာနဲ့ ပျံလွှား ကလေးက “
“ကျုပ် ..ကျုပ်သွားမှာ  အဲဒီကို အီဂျစ်နိုင်ငံကို ..မဟုတ်ပါဘူး။ သေမင်းနိုင်ငံကိုပါ .သေခြင်းဟာ .အိပ်ခြင်းနဲ့ ညီအကိုဘဲလေ “လို့ တိုးတိတ်ဝမ်းနည်းစွာ စကားဆိုရင်း  အောက်ကို ဘုတ်ကနဲပြုတ်ကျ သေဆုံးပါလေရော တဲ့ကွယ်။
မသေခင် ရုပ်တုကြီးရဲ့ပခုံးပေါ်မှာနား လက်ကလေးကိုရောနမ်း  နှုတ်ခမ်းလေးကိုရော  နမ်းလို နှုတ်ဆက်လိုက်သေးတယ်ကွဲ့။ပျံလွှားလေးက ဟက်ပီးမင်းသားလေးကိုသိပ်ချစ်ရှာတာနော်။ သူခိုင်းရင် ဘာမဆိုလုပ်ပေးရှာတယ်။
မင်းသားလေးကတော့ အနီးက ပျံလွှားကလေး ဘလောက်ချမ်းမယ်ဆိုတာ မသိဘူးပေါ့လေ။
ပျံလွှ့ာားးကလေးကို ခိုင်းဖို့သာသိပြီး ပျံလွှားကလေးချမ်းရှာလိမ့်မယ်လို့ တခါမှ အတွေးမရောက်ခဲ့သူ ရုပ်တုကြီးဟာ ပျံလွှားကလေး အချမ်းလွန်သေဆုံးသွားမှဘဲ  စာနာသိမြင်လာပြီး   နှလုံးကြေကွဲ သွားရှာတော့တယ်။
ရုပ်တုရဲ့ ရင်အတွင်းပိုင်း ရှိ သတ္တုကိုယ်ထည် နှစ်လုံးသားတစုံက ထူးထူးဆန်းဆန်း နှစ်ပိုင်းကွဲအက်ပြတ်တောက်သွားတော့တာပါ။အဓိပ္ပါယ်ကတော့ သတ္တုရုပ်တုဟာ လည်း လူသားကဲ့သို့ ခံစားနိုင်သော သတ္တိအရှိန်အ၀ါဖြင့် လူသားလိုဘဲ အသဲနှလုံး ကြေကွဲ ဖို့ ဖန်လာခဲ့ရတယ်လို့  ပုံပြင်က တင်စား ဖေါ်ပြထားတာပါ။
“ပျံလွှားကလေးကို ခိုင်းစေဖို့သာသိပြီး ချမ်းရှာလိမ့်မယ်လို့ မတွေးမိခဲ့သူ ဟက်ပီးမင်းသားလေး။
ရေခဲတမျှ အေးခဲနေတဲ့ လဟာပြင်ထဲမှာ  ကိုယ်တိုင်က အေးမှန်းပူမှန်းမသိ ခေါက်တုံလူးလာ ကူးခါသယ်ချည် ပြုရရှာတဲ့ ပျံလွှားငှက်ကလေး၊
အချမ်းလွန်သေဆုံးသွားမှ အမှန်ကို  သိမြင်လာလို့ ပျံလွှားကလေးအတွက်  ရင်ထုမနာဖြစ်ရပြီး  ရင်ကွဲနာကျသွားရတဲ့ ဟက်ပီးမင်းသားလေး။တဲ့။
ပုံပြင်က ဒီလိုဆိုပါတယ်။
နောက်နေ့တွေမှာ လမ်းရှောက်ထွက်လာတဲ့ မြို့စားကြီးဟာ ပုံပျက် ပန်းပျက်ဖြစ်နေတဲ့ ဟက်ပီးရုပ်တုကြီးကို ဖြိုချဖို့ သူ့လူတွေကို အမိန့်ပေးစေခိုင်းလိုက်ပြီး  ရုပ်တုနေရာမှာ သူ့ကိုယ်ပွားရုပ်တုတခု အသစ်ထုဆစ် ထားရှိဖို့ အမိန့်ထုတ်ပြန် ငြောငြာခဲ့တယ် တဲ့။
မြို့စားတွေ အချင်းချင်း သူပုံထုမယ် ငါ့ပုံထုမယ် အငြင်းပွား ရန်ဖြစ် နေကြသေးသတဲ့။
 ထူးဆန်းတာတခုက ဟက်ပီးမင်းသားလေးရဲ့ နှစ်ပိုင်းပြတ်ကွဲအက်သွားတဲ့ အသဲနှလုံးသား၂စ ဟာ မိးမှာ အရည်ကြိုလို့ မပျော်ပါဘူးတဲ့ကွယ်။
ဘုရားသခင်ကတော့ ပျံလွှားလေးကိုကောက်ယူပြီး  သူ့ရဲ့ ဗိမာန်တော်မှာ ရောက်လာသူတိုင်းအတွက် သာယာနာပျော်စေရန်  တေးဆိုဖို့ တာဝန်ချထားပေးလိုက်တယ်။ တဲ့။ ကြင်နာတတ်တဲ့ ဟက်ပီမင်းသားလေးကိုလည်း ဥယျာဉ်တော်မှာ ထာဝရ ရှင်သန်နေထိုင်ဖို့ ခွင့်ပြုလိုက်သတဲ့။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
ပုံပြင်တိုင်းမှာ အတုယူ မှတ်သားထိုက်တာတွေ ပါစမြဲမို့ ယူတတ်ဖို့ပဲလိုပါတယ်။
ဖြိုးဖြိုးကလေးတယောက်လည်း စိတ်သဘောထား ဖြူသည်ထက်ပိုလို့ ပိုလို့ ဖြူစင်ပါစေသတည်း လို့ ဆုတောင်းနေမယ်။
မေမေ ခင်မေသစ်
Oscar Wilde ၏ The Happy Prince ကိုမှီးသည်။

ဒေါသခိုးလျှံထန်နေတဲ့ ပစိဖိတ်ဒေသ


The Angry Pacific : BY MICHAEL J. MAZARR 
(ဘာကြောင့်များ ယူနိုက်တက်စတိတ်ဟာ အာရှကို တိုက်ခိုက်ဖို့ အဆင့်သင့်မဖြစ်သေးတာလဲ။)

Michael J. Mazarr ဟာ ယူအက်စ်အမျိုးသားစစ်ကောလိပ်က ပရော်ဖက်ဆာတစ်ဦးပါ။ ဒီဆောင်းပါးပါအာဘော်ဟာ Michael J.Mazarr ရဲ့ ကိုယ်ပိုင်အမြင်ဖြစ်ပြီး ကာကွယ်ရေးဌာန ဒါမှမဟုတ် ယူအက်စ် အစိုးရ ရဲ့ မူဝါဒ၊ ရပ်တည်ချက်တို့နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး)
*********

ဆိုးလ်မှာပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း အင်္ဂလိပ်စကားပြောသတင်းအစီအစဉ် Korea Today က ထုတ်လွှင့်ခဲ့တဲ့ဇာတ်လမ်း “I Love Dokdo” က ထူးထူးခြားခြားစိတ်ဝင်စားစရာပါပဲ။ တောင်ကိုးရီးယား တိုင်းဂူးတက္ကသိုလ်(Taegu University)မှာပြုလုပ်တဲ့ ပြိုင်ပွဲအစီအစဉ်လေးပါ။ အဲဒီအစီအစဉ်ရဲ့ စိတ်ကူးက ကျွန်းငယ်လေးတွေရဲ့အက်ကြောင်းကို စိတ်ဝင်စားမှုအရှိဆုံး ဘယ်သူပေါ်ထွက်လာမလဲ စမ်းသပ်ကြည့်ဖို့ပါ။ ဂျပန်ပိုင်နက်ပင်လယ်ထဲမှာရှိနေတဲ့ ကိုးရီးယားပိုင် သီးခြားကျွန်းငယ်လေးတွေဖြစ်တဲ့ Dokdo(Tokto)နဲ့ပတ်သက်ပြီး ဂျပန်နဲ့ အငြင်းပွားမှုတွေ ရှိနေခဲ့ပါတယ်။ ရိုက်ကူးရေးခန်းမထဲက ခေတ်မှီအပြင်အဆင်နဲ့ထိုင်ခုံတွေမှာထိုင်နေကြတဲ့ ကိုးရီးယားလူငယ်လေးတွေကို ကြည့်ရတာထူးခြားတယ်။ ပြုံးနေကြတယ်။ ရယ်မောတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ပဲ မျိုးချစ်စိတ်တက်ကြွစေတဲ့ ဒီအစီအစဉ်ကို ချီးကျူးဂုဏ်ပြုနေကြတယ်။ နိုင်ငံမျိုးစုံပါဝင်တဲ့အဖွဲ့က မက်ဆီကန် ယဉ်ကျေးမှုဖလှယ်ကျောင်းသား အမ်မီလီယို အဲဒီပြိုင်ပွဲမှာ အနိုင်ရခဲ့တာ ပိုလို့တောင်ထူးခြားနေပြန်တယ်။ သူက Korea Today မှာပြောပါတယ်။ “သူတို့ရဲ့ ဖျော်ဖြေမှုဟာ ဒေါခ့်ဒို အတွက်ကျွန်တော်တို့ရဲ့ ချစ်မြတ်နိုးမှုကို ဖော်ပြတာပါ” တဲ့။ သမိုင်းတလျှောက် ဒေါခ့်ဒိုကို ကာကွယ်စောင့်လျှောက်ခဲ့သူတွေကိုပြချင်တာ။ ကျွန်းလေးတွေဘယ်လောက်လှသလဲဆိုတာကို ဖော်ထုတ်ပြသတာပါလို့ ဆိုတယ်။

Tuesday, November 13, 2012

~ မနက်ခင်းလေးမှာ နိုးတာနဲ့ ~

photo from
နိုးထခြင်းအကျင့်
မနက်ခင်းများသည် တစ်နေ့တာတွင် လူအများ၏ အကြိုက်ဆုံးအချိန်ပိုင်း ဖြစ်ချင်မှဖြစ်လိမ့်မည်။ အထူးသဖြင့် သင်က ညကို နောက်ကျမှအိပ်တတ်သူဆိုပါတော့။ သတိပြုရမည်မှာ စိတ်ဖိစီးမှုများနှင့် စိုးရိမ်ပူပန်မှုများသည် သင့်ခန္ဓာကိုယ်ရဲ့ ခုခံအားကို ယုတ်လျော့စေသည်ဆိုသည့်အချက်ပင်။ သင့်ရဲ့ မနက်ခင်းကို ပျော်ရွှင်စွာဖြင့် သက်တောင့်သက်သာ စတင်လိုက်ပါ။ ကျန်းမာပြီး အကျိုးဖြစ်ထွန်းစေမည့် အခွင့်အလမ်းများ ပေါ်ပေါက်လာပါလိမ့်မည်။

သင့်ရဲ့ ပြတင်းတံခါးပေါက်မှ အခန်းဆီးလိုက်ကာကို တစ်ဝက်ဖွင့်ပြီး အိပ်ပါ။
ဒီလိုအိပ်ခြင်းဖြင့် တံခါးမှ ဖြတ်ဝင်လာသော နေရောင်ခြည်သည် သင့်ဦးနှောက်အတွင်းရှိ မယ်လနင်ဓာတ်ထုတ်လုပ်မှုကို နှေးကွေးစေပြီး အိပ်ယာမှနိုးထစေသည့် အက်ဒရီနယ်လင်ဓာတ်ထုတ်လုပ်မှုကို အားပေးပါလိမ့်မည်။ ထိုအခါ နှိုးစက်မြည်လျှင်တောင် သင်က အိပ်ပျော်ရာမှနိုးထနှင့်နေပြီးသား ဖြစ်ပေလိမ့်မည်။ အထက်ပါနည်းထက် ပိုကောင်းတာက ညခင်းအိပ်ယာစောစောဝင်ခြင်းပင်။ အိပ်ရာစောစောဝင်ခြင်းဖြင့် မနက်ခင်းနေရောင်ဝင်လာပြီး အိပ်ရာနိုးသောအခါ တစ်ညလုံး၀၀လင်လင် အိပ်စက်အနားယူလိုက်ရသည့် အသိကို ရရှိနေပါလိမ့်မည်။ ဒီအကျင့်ကို မွေးထားမယ်ဆိုရင် နှိုးစက်နာရီကို အားကိုးရခြင်းထက် သင့်ရဲ့ဇီဝနာရီရဲ့ ပုံမှန်လည်ပတ်မှုအောက်မှာ နေ့တစ်နေ့ကို စတင်လာနိုင်ပါလိမ့်မည်။

နှိုးစက်ကို ၁၅ မိနစ်စောပြီး ပေးထားပါ။
ဒီလိုပေးထားမယ်ဆိုရင် သင့်အိပ်ယာကနေ ကမန်းကတမ်း ခုန်ပေါက်ထပြေးရတဲ့ ပြသနာနဲ့ မကြုံနိုင်တော့ပါ။ သင့်ရဲ့ မနက်ခင်းကို အိပ်ယာပေါ်မှာပဲ အသာအယာလဲလျောင်းပြီး ဖြည်းဆေးစွာနိုးထခွင့်ရသွားပါလိမ့်မည်။ အညောင်းအညာဆန့်ခြင်း၊ တီဗွီမှသတင်းများနားဆင်ခြင်း၊ ဒီနေ့ အပြင်ကို ဘာအင်္ကျီဝတ်သွားမယ်၊ ဘာတွေလုပ်မယ်၊ မနက်စာကို ဘာနဲ့စားမယ်ကအစ အိပ်ယာပေါ်မှာပဲ စိတ်ကူးရုံနဲ့ ပြင်ဆင်ပြီးသားဖြစ်ပါလိမ့်မည်။ သင့်ရဲ့ တစ်နေ့တာအတွက် ရုပ်ပိုင်းဆိုင်ရာ အလုပ်လုပ်ရန်လိုအပ်သလို စိတ်ပိုင်းဆိုင်ရာဖြင့်လည်း ကြိုတင်စိတ်ကူးထားဖို့ လိုအပ်ပါသည်။ ဒီလို စိတ်ကူးနှင့် ပုံဖော်နေရချိန်လေးများမှာ မိမိတစ်ဦးတည်းသာပိုင်ဆိုင်ရတဲ့ ကိုယ်ပိုင်အချိန်လေးများသာ ဖြစ်ပေတော့သည်။
ခြေလက်နှင့်ခေါင်းတို့ကို ၁၅ စက္ကန့်မျှကြာအောင် အညောင်းဆန့်လိုက်ပါ။
တရေးနိုး မျက်လုံးမဖွင့်ခင်လေးတင် ထိုကဲ့သို့ အညောင်းဆန့်ကြည့်ပါ။ လက်ကို အရင်မလိုက်ပါ။ ပြီးတော့ လက်ချောင်းတွေက စတင်ပြီး ဆန့်လိုက်ပါ။ ပြီးရင်လက်၊ ပြီး လက်ကောက်ဝတ်၊ ပြီး လက်မောင်း တစ်ဆင့်ပြီး တစ်ဆင့် ဆန့်ပါ။ ပြီးရင် နောက်ထပ်လက်တစ်ဖက်ကိုလဲ ထိုနည်း၎င်း လုပ်ပါ။ ထို့နောက် ခြေချောင်း၊ ခြေချင်းဝတ်နှင့် ခြေထောက်တစ်ခုလုံးကို ဆန့်ပါ။ နေက်ဆုံး လည်ပင်းနှင့် နောက်ကျောတို့ကို ဆန့်ခြင်းဖြင့် အိပ်ယာက ထပါ။ သင့်ရဲ့ ကြွက်သားများနှင့် အရိုးအဆစ်များကို လေ့ကျင့်ခန်းလုပ်ပေးရာရောက်သည့်အပြင် သွေးလည်ပတ်မှုကိုလဲ အားပေးရာရောက်သည့်အတွက် ခန္ဓာကိုယ်ရဲ့တစ်ရှုးများဆီ အောက်ဆီဂျင်ဓာတ် ထပ်လောင်းပိုမိုရရှိစေပါသည်။

မနက်တိုင်း စိတ်ကို ခွန်အားဖြစ်စေမယ့် ကိုးကားချက်တစ်ခုခုကို ဖတ်ပါ။
၎င်းက တစ်နေ့တာအတွက် လျာထားချက်အဖြစ် အစီအစဉ်ကြမ်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ မနက်ခင်းမှာ အာရုံလွဲစရာ အဆိုးမြင်စရာတွေကို မေ့ထားပြီး လုပ်စရာရှိတာကို တည့်တည့်မတ်မတ် လုပ်ကိုင်လာနိုင်စေမယ့် အကိုးအကားတစ်ခုခုကို ဖတ်လိုက်ပါ။ သို့မဟုတ် အာရုံစူးစိုက်မှုကိုပေးမယ့် ကဗျာတစ်ပုဒ်ဖြစ်ဖြစ် ရွတ်ဆိုလိုက်ပါ။ အကောင်းဆုံးတစ်ပုဒ်ကို အကြံပေးရမယ်ဆိုရင် Rudyard Kipling ရဲ့IF ဆိုသောကဗျာပင်ဖြစ်သည်။

ဗီတာမင်တစ်မျိုးမျိုးကို မှီဝဲပါ။
ဗီတာမင်အားဆေးဗူးကို မီးဖိုချောင်ထဲက ကော်ဖီဖျော်စက်ဘေးမှာဖြစ်ဖြစ် သတိတရသောက်မိစေမယ့်နေရာမှာ ထားထားပါ။ အမေရိကန်နိုင်ငံရဲ့နှစ်ပေါင်း ၂၀ ကျော် ဆေးသုတေသနပြုလုပ်ချက်အရ ရရှိခဲ့သော ညွှန်းဆိုချက်တစ်ခုတွင် အမေရိကန်နိုင်ငံသားတိုင်း ကျန်းမာတဲ့လူနေမှုဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ ဗီတာမင်များ သောက်သုံးရမည်ဟု ပါရှိလေသည်။

ဆုံးဖြတ်ချက်များကို ရှောင်ကြဉ်ပါ။
မနက်ခင်းများတွင် စိတ်မပင်ပန်းစေဖို့ သင့်ရဲ့အတွေးများကို ရွေးချယ်မှုများ၊ ဆုံးဖြတ်ချက်များဖြင့် မခိုင်းစေမိပါစေနှင့်။ ရွေးချယ်ရာနတ္တိ ဆုံးဖြတ်ချက်နတ္တိဖြင့် နေ့တစ်နေ့ကို စတင်ပါ။ နည်းလမ်းနှစ်ခုရှိပါသည်။ ပထမနည်းလမ်းက ဆုံးဖြတ်ချက်ကို မနက်ခင်းအစား ညမအိပ်ခင်ကတည်းက ချမှတ်ပါ။ ဘာအင်္ကျီဝတ်မယ်၊ မနက်စာ ဘာနဲ့စားမယ်၊ အလုပ်ကို ဘယ်လမ်းကသွားမယ် စသည်ဖြင့်ပေါ့။ ဒုတိယနည်းလမ်းက သင့်ရဲ့မနက်ခင်းအချိန်ဇယားကို အသေဆွဲထားပြီး ထိုဇယားအတိုင်း လိုက်နာပါ။ အမှန်တကယ်အားဖြင့်လည်း သင့်မနက်စာ၊ အချိန်ဇယား၊ ရေချိုးချိန် စသည်တို့မှာ တစ်ရက်နဲ့တစ်ရက် ပြောင်းလဲစရာ အကြောင်းမရှိသည်မဟုတ်ပါလား။
photo from
သားသမီး ကလေးငယ်များကို ပိုက်ပွေ့ပါ။
ကလေးငယ်၏ကုတင်ဘေးမှာ ထိုင်ပြီးသူ့ရဲ့ဆံပင်ကို ဖြည်းညင်းစွာပွတ်သပ်ပြီး သူ့ကို နှိုးလိုက်ပါ။ တကယ်လို့ ကလေးက အရမ်းငယ်သေးရင်လည်း သူ့ရဲ့ အနားမှာထိုင် သူ့ကိုပွေ့ချီ ပွတ်သပ်ပြီး အသာအယာနှိုးလိုက်ပါ။ အဲ့ဒီအချိန်ခဏလေးက သင့်ရဲ့တစ်နေ့တာလုံးကို ၀မ်းသာပီတိဖြစ်စေပါလိမ့်မည်။

မနက်ခင်းတွေမှာ သီချင်းနားထောင်ချိန် ၅ မိနစ် ၁၀ မိနစ်ခန့်ထားပါ။
သီချင်းနားထောင်ခြင်းဖြင့် တီထွင်ဖန်တီးနိုင်မှုစွမ်းအားတွေ တိုးမြှင့်ပေးပါလိမ့်မည်။ လုပ်ငန်းအစီအမံများနှင့် အခြေခံအုတ်မြစ်များကို ချမှတ်ဆောင်ရွက်လာနိုင်ပါလိမ့်မည်။

ကော်ဖီရနံ့နဲ့အတူ နိုးထကြည့်ပါ။
လတ်ဆတ်ကောင်းမွန်တဲ့ ကော်ဖီအမှုန့်ကို အသုံးပြုပါ။ သင်ပုံမှန်သောက်သုံးနေကျထက် နှစ်ဆခန့်ပိုပြီး ကော်ဖီဖျော်စက်ထဲကို ထည့်ပါ။ ကော်ဖီ ဖျော်စက်မှာ အချိန်သတ်မှတ်ပေးထားလို့ရတဲ့ စက်မျိုးဖြစ်ရပါမည်။ မနက်စောစော ဖျော်စက်ကို အချိန်ပေးထားလျှင် ကော်ဖီဖျော်စက်မှ ကော်ဖီအနံ့အသက်သည် သင့်ကို အိပ်ယာပေါ်မှ နိုးထအောင် ဆွဲဆောင်နေပါလိမ့်မည်။ ဒါ့အပြင် ကော်ဖီကို အသောက်သုံးသင့်ဆုံးမှာလည်း မနက်ခင်းအချိန်တွေသာ ဖြစ်သည်။ ကဖိန်းဓာတ်သည် ဗဟိုအာရုံကြောကို နှိုးဆော်သော သတ္တိရှိသည်။ ကြွက်သားများကို ဖျတ်လတ်အားကောင်းစေသည်။ ခေါင်းကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေသည်။ ပျော်ရွှင်စေသည်။ အေးချမ်းစေသည်။ အာရုံစူးစိုက်နိုင်စွမ်း တိုးမြှင့်ပေးသည်။ ပြဿနာများကိုလဲ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းစေနိုင်ပါသည်။

မနက်ခင်းသွားတိုက်စဉ် သင်ဧ။်လျှာကို တစ်မိနစ်ခန့် ကြာအောင် တိုက်ပါ။
ခံတွင်းထဲတွင် ညစဉ်ညတိုင်း ဘက်တီးရီးယားပိုးအမျိုးပေါင်း ၃၀၀ ကျော် တည်ရှိနေသည်။ သွားများကိုသာ အလျင်အမြန်တိုက်ချွတ်ခြင်းဖြင့် ၄င်းရောဂါပိုးများကို ဖယ်ရှားပစ်နိုင်မည်မဟုတ်ပါ။ လျှာကိုပါ အချိန်ပေးပြီး တိုက်ချွတ်ပါ။

အက်စ်ပရင်ဆေးကို ပမာဏအနည်းငယ် သောက်သုံးပါ။
အက်စပရင်က သင်၏ နှလုံးရောဂါကို ပြေလျော့စေပါသည်။ ဆရာဝန်ပေါင်း ၂၂၀၀၀၀၏ ဆေးသုတေသနတစ်ခုတွင် နေ့စဉ် အက်စပရင် ပုံမှန်သောက်သုံးခြင်းဖြင့် နှလုံးရောဂါ အန္တရာယ်ဖြစ်နှုန်းတစ်ဝက်နီးနီး လျှော့ချပေးနိုင်သည်ဟု ဖော်ပြထားသည်။ ဒါကြောင့် သင့်အတွက် ထိုဆေးနှင့် သင့်တော်မတော်ကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးထားသင့်သည်။

ဘ၀ရဲ့ ခံနိုင်ရည်အား မြင့်စေမည့် နည်းလမ်းများ
  • မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် အပြန်အလှန်ဖေးမကူညီသည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ပါ။
  • လူ့အသိုင်းအ၀ိုင်းထဲမှာ ၀င်ရောက်ကျင်လည်ပါ။ လုပ်အားပေးပါ။ သာသနာရေးကိစ္စများ       ဆောင်ရွက်ပါ။
  • သင့်ကိုသင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ခံစားမှုပိုင်းဆိုင်ရာပါ ဂရုစိုက်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။
  • သင့်ကိုယ်ပိုင် အတွေးအခေါ်များကို လျစ်လျူရှုရှောင်လွှဲခြင်းထက် အာရုံစိုက်ပြီး တည့်တည့်ရင်ဆိုင်ပါ။
  • အရက်သေစာနှင့် မူးယစ်ဆေးဝါးများ ရှောင်ကြဉ်ပါ။
  • အားပြည့်အောင်၊ ပြေလျော့အောင်၊ အတွေးအခေါ်ဆန်းသစ်အောင် နေထိုင်ပြုမူကျင့်ကြံပါ။
  • ပြောင်းလဲလို့မရနိုင်တဲ့အရာတွေကို လက်ခံပြီး သင်က ပြောင်းလဲပစ်နိုင်တဲ့အရာတွေကိုသာ ကိုင်တွယ်ဖြေရှင်းပါ။
  • သင့်ရဲ့ ကာယဗလ၊ စိတ္တဗလ သို့ ရည်ညွှန်းစိတ်တွေကို မွေးမြူတည်ဆောက်ပါ။
  • အခွင့်အရေးကောင်းများကို ဖမ်းဆုပ်နိုင်လောက်မယ့် အသိုက်အ၀န်းတစ်ခုတွင် ကျင်လည်ပါ။
  • သားကောင်လိုဘ၀မျိုးထက် အသက်ရှင်ကျန်ရစ်သူလို အသွင်မျိုး ဆောင်ပါ။
  • အတွေ့အကြုံနှင့် ယှဉ်ပြီး လူအများကို ကူညီပါ။
  • လိုအပ်လျှင် ၀ါရင့်သဘာရင့်များထံမှ အကူအညီတောင်းခံပါ။
**************
Rudyard Kipling ရဲ့ IF ကဗျာလေးပါ။

IF.....

IF you can keep your head when all about you 
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don't deal in lies,
Or being hated, don't give way to hating,
And yet don't look too good, nor talk too wise:
If you can dream - and not make dreams your master;
If you can think - and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two impostors just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build 'em up with worn-out tools:

If you can make one heap of all your winnings 
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: 'Hold on!'

If you can talk with crowds and keep your virtue,
'Or walk with Kings - nor lose the common touch,
if neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And - which is more - you'll be a Man, my son!

Selket (Selket Waiyan)

Living Fashion Magazine,
December, 2012

Friday, November 09, 2012

ကျွန်မ စာကြည့်တိုက်ဖွင့်ပွဲကို လာခဲ့တာပါ

(နိုဝင်ဘာနောက်ဆုံးပတ်)မှာ ပြုလုပ်မယ့် artist ဖြူမွန်ဦးဆောင်တဲ့ Blue Wind Art Festival မှာ Performance Art နဲ့တွဲဖက် တင်ဆက် ရွတ်ဖတ်မယ့် ၀တ္ထုပါ။ ဖတ်ကြည့်ကြပါဦး။ audio CD လည်း အသံသွင်းပြီးသွားပါပြီ။ အဲဒီနေ့မှာ လက်ဆောင်ပေးပါမယ်။ ဆရာမ ဂျူးရဲ့"ခုချိန်ဆို ရှင် ဘယ်ရောက်နေမှာလဲ"ကို စုစုလှိုင်က Perform လုပ် ရွတ်ဖတ်ပါလိမ့်မယ်။ ဆရာမ မြတ်ရဲ့ ၀တ္ထုကိုတော့ မြတ် ကိုယ်တိုင် အသံသွင်းခဲ့ပါတယ်။ ပွဲနေ့မှာ ဘယ်သူ perform လုပ်မယ်ဆိုတာတော့ မသိရသေးပါဘူး။

(ဆရာပါရဂူရဲ့ရှန်တိနိကေတန်စာကြည့်တိုက်ဖွင့်ပွဲသွားဖို့ မဂ္ဂဇင်းတိုက်ကို မနက် ၇နာရီ အရောက် အားလုံးလာကြဖို့လုပ်ထားတာ။ အိပ်ရာက မနိုးလို့ ကျွန်မ တစ်ယောက်တည်း ကျန်ခဲ့တယ် စာကြည့်တိုက်ဖွင့်ပွဲကို မရောက်ခဲ့ဘူး။ အဲဒီတုန်းက အိပ်မက်ရှည်ကြီးတစ်ခုကို မက်နေခဲ့တာ။ နောက်တစ်နေ့ အဲဒီအိပ်မက် ကို ပြန်ချရေးလိုက်တော့ ဒီဝတ္ထုဖြစ်လာတော့တာပါပဲ အဲဒီကတည်းက မဂ္ဂဇင်းတွေကို ပို့ပို့ထားခဲ့တာ။ စိစစ်ရေးက ခွင့်မပြုခဲ့လို့ ကြန့်ကြာနေခဲ့တယ်။ မဂ္ဂဇင်းတွေလွှဲပြောင်း အခါခါ ထပ်ထပ်ပို့ရင်း အခု နောက်ဆုံး၂၀၁၂ စက်တင်ဘာကျမှပဲ ရတီမဂ္ဂဇင်းမှာ ပါလာတော့တယ်။ မဂ္ဂဇင်းထဲကအတိုင်း တစ်ထပ်တည်းတော့ မဟုတ်ဘူးပေါ့။ ရှည်နေလို့ ဖတ်ရအဆင်ပြေအောင် အခု နည်းနည်းလေး ပြင်ဆင်ထားပါတယ်။)

စုမီအောင်
xxxxxxxx

ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီးဖွင့်လှစ်မယ့် အခမ်းအနားကိုတက်ရောက်ဖို့ သတင်းထောက်မလေး ကျွန်မ စိတ်လှုပ် ရှားနေပါတယ်။ အခု အသစ်ဖွင့်မယ့်စာကြည့်တိုက်ကြီးက ဘယ်လောက်တောင်မှ ကြီးကျယ်ခမ်းနားမှာပါလိမ့်။ ဗလာမပါ စာအုပ်လက်ဆောင် ကံစမ်းမဲဖွင့်ပေးမယ့်အစီအစဉ်မှာ ကျွန်မ ဘာစာအုပ်များရမှာပါလိမ့်။ ကျွန်မအကြိုက် ဂါဆီးယားမား ကွက်စ်ရဲ့ စာအုပ်တစ်အုပ်လောက်များ ရခဲ့ရင်  ဘယ်လောက်ကောင်းမလဲ။ အဲဒီလို ပွက်ပွက်ဆူဆူအတွေးတွေနဲ့ ဖိတ်စာမှာပါတဲ့ လိပ်စာအတိုင်း ရောက်သွားခဲ့တော့ မျှော်လင့်ထားတာထက် အဆပေါင်းများစွာပိုပြီး ခမ်းနား ထည်ဝါလွန်းနေတဲ့ အပြင်အဆင် တွေ့ရလို့ ကျွန်မ အံ့သြသွားတယ်။ လူတွေကလည်းများလှချည့်။ နံနက်စာဘူဖေး မိုးတိုးမတ်တတ် စားသုံးရင်း စကားတွေ ကျွက်ကျိကျွက်ကျိပြောနေတဲ့ လူအစုအဝေးတွေကြားမှာ ကျွန်မသိတဲ့လူ ပါလိမ့်နိုးနိုးနဲ့ လိုက်ရှာနေမိတယ်။ (ညိုပြာဝိုင် မရောက်လာသေးဘူး။ မနော်ဟရီလည်း မတွေ့ဘူး။ ကျွန်မမိတ်ဆွေ SNA ဘယ်မှာပါလိမ့်၊ PPA, CNKပန်းချီဆရာတွေလည်း) တစ်ယောက်မှမတွေ့ဘူး။ ဗိုက်ထဲကဆာနေပေမဲ့ တစ်ယောက်တည်း ကြောင်စီစီနဲ့ မို့ ဘာမှမစားရဲဘဲ ဓာတ်ပုံတွေပဲ လှိမ့်ရိုက်နေ မိတယ်။ ဘယ်လိုကြီးပါလိမ့်၊ စာကြည့်တိုက်ဖွင့်ပွဲသာ ဆိုတယ်၊ ဖွင့်ပွဲနဲ့တူတဲ့ အရိပ်အယောင်လေးတောင်မတွေ့ဘူး။ ဖဲကြိုးတွေ ပူဖောင်းတွေတစ်ဖက်တစ်ချက်ကိုင်ပြီး ရပ်စောင့်နေမယ့် အလှပဂေးမော်ဒယ်မလေးတွေလည်း မတွေ့ဘူး။ ဘယ်သူက ဒီအခမ်း အနားကို လာဖွင့်ပေးမှာလဲ၊ သမ္မတကြီးဦးသိန်းစိန်လား၊ ဒေါ်အောင်ဆန်းစုကြည်လား။ ဖွင့်ပွဲအခမ်းအနားကို ဘယ်သူက ဘယ်လို ပုံစံနဲ့ ဘယ်လိုအချိန်မှာ ဖွင့်လှစ်ပေးမှာလဲ…စဉ်းစားနေတုန်းမှာပဲ အသံတစ်သံထွက်ပေါ်လာတယ်။

“အခမ်းအနား ပြီးဆုံးကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား”
(ဖြောင်းဖြောင်းဖြောင်းဖြောင်း…..)
ဟင် ဘယ်လိုပါလိမ့်။ ဘယ်အချိန်ကစလို့ ဘယ်လို ပြီးဆုံးသွားတာလဲ၊ ဖိတ်စာမှာပါတဲ့ အချိန်ထက် နာရီဝက် တောင်စောပြီး ကျွန်မ ရောက်ခဲ့တာပဲ။ လူအများကြား အူတူတူနဲ့ လက်ခုပ်လိုက်တီးလိုက်ရတယ်။ လက်ခုပ်သံတွေ ရပ်တန့်သွားတဲ့အခါ ရှိရှိသမျှလူတွေအားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ အဲဒီမှာ အပြာရောင် ၀တ်ရုံကြီးနဲ့လူတစ်ယောက် ဘွားခနဲပေါ်လာတယ်။

“ဘုရားသခင်ကောင်းချီးပေးပါစေ” (၃ကြိမ်)

ငွေစက္ကူတွေ ပျံဝဲပြုတ်ကျလာတယ်။ ကျွန်မ တစ်ယောက်တည်းသာ ကြောင်တက်တက်ဖြစ်နေတာ။ လူတွေကတော့ ဒီလိုမဟုတ်ဘူး။ သူတို့ကိုယ်ပေါ်က ရွှန်းလက်တောက်ပတဲ့ ရတနာပစ္စည်းတွေကိုမှ အားမနာ၊ တစ်ယောက်ကတစ်ယောက်ကို တွန်းထိုးဝင်တိုက်ပြီး ငွေစက္ကူတွေကို ဗြုန်းဗြင်းဆန်ခတ် လိုက်ကောက်နေကြတယ်။ ဒါဟာ ဖိတ်စာပါအချက်အလက်နဲ့ တက်တက်စင်လွဲနေတာပေါ့။ ဖိတ်စာထဲမှာက စာအုပ်တွေ လက်ဆောင်ပေးမယ်ဆိုပြီး။ အခု စာအုပ်တွေအစား အလကားဖြန့်ကြဲ ပေးနေတာက ပိုက်ဆံတွေ။ ဒီမြင်ကွင်းကို သတင်းဓာတ်ပုံ ရိုက်ယူဖို့တောင် စိတ်မ၀င်စားတော့ဘူး။ ကျွန်မစိတ်တွေ အရည်မရှိ တော့တဲ့ ကြံဖတ်လို ဖတ်သလတ်လတ်နဲ့ ချက်ချင်းကြီး ဖွယ်ကျသွားတယ်။ ကင်မရာ ကိုင်ထားတဲ့ လက်တွေလည်း လေးလံ ပြုတ်ကျလာတယ်။ လူတွေနဲ့ကင်းရာကို တိုးဝှေ့ထွက်လာတဲ့အခါ ခပ်လှမ်းလှမ်းတစ်နေရာမှာ ရွှေရောင်တဖိတ်ဖိတ် လက်ဖြာ တောက်ပနေတဲ့ အဆောက်အဦကြီးကို မြင်တယ်။ ကျွန်မခပ်သွက်သွက်ပြေးသွားပြီး အသင့်ပွင့်နေတဲ့ တံခါးကနေ၀င် လိုက်တော့…အို စာအုပ်တွေ စာအုပ်တွေ၊ စာအုပ်တွေမှ အများကြီးပဲ။ စာအုပ်စင်ကြီးတွေ ကလည်း အမြင့်ကြီးပဲ။

“ဒါကမှ ငါလာချင်တဲ့ စာကြည့်တိုက်”လို့ လွှတ်ခနဲပြောရင်း စာအုပ်တွေကြားထဲ လှည့်ပတ်သွားနေမိတယ်။ ဒါပေမဲ့ ဓာတ်ပုံရိုက်ဖို့တော့ ၀န်လေးနေတုန်းပဲ။ ကျွန်မ လိုချင်တာက လူတွေဟာ စာအုပ်တွေကို အငမ်းမရဆွဲယူ၊ စိတ်ဝင်တစား တိုးဝှေ့ဖတ်ကြနဲ့ လူတွေနဲ့ စာအုပ်တွေ၊ စာအုပ်တွေနဲ့ လူတွေ၊ ထွေးလုံး ရစ်ပတ်ပြီး တစ်သားတည်းကျနေတဲ့ မြင်ကွင်းမျိုးပါ…။ စာအုပ်နဲ့လူ ဘာပိုများလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ မျက်နှာဖုံးဆောင်းပါး ရေးတင်ဖို့တောင် စိတ်ကူးတွေယဉ်ခဲ့တာ။ ဒီစိတ်ကူးနဲ့ စာကြည့် တိုက်ဖွင့်ပွဲကို ကျွန်မ လာခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မ အားမလျှော့ပါဘူး။ စောစောက ငွေစက္ကူနောက် အာသာငမ်းငမ်း လိုက်နေတဲ့လူတွေ ကုန်းကောက်စရာ ငွေစက္ကူတွေ ကုန်သွားတဲ့အခါ ဒီစာအုပ်တွေဘက် အာရုံစိုက်လာမှာပါဆိုတဲ့ မျှော်လင့် ချက်နဲ့ပေါ့။ အဲဒီမှာ စာဖတ်သူများအတွက် ဆိုတဲ့ စားပွဲတွေပေါ်မှာ အံ့သြဖွယ်စာတန်းတွေ တွေ့ရတယ်။ ဘယ်လို စာကြည့် တိုက်မျိုးမှာမှ ရှိမနေနိုင်တဲ့ ထူးပြားထွေဆန်းတဲ့ သတိပေး အမှာစာတမ်းတွေပေါ့။

 “သတိ စကားတိုးတိုးပြောရန်မလို”

“စာဖတ်သူများအားလုံး စာအုပ်များကို ဖတ်ရှုပြီး ဒီစားပွဲပေါ်မှာပဲ လွတ်လပ်စွာငြင်းခုံဆွေးနွေးမှု ပြုနိုင်သည်”
နောက်တစ်နေရာမှာလည်း အလားတူ တွေ့ရပြန်တယ်။

 “တိုးတိုးဖတ်ရန်မလို၊ တိုးတိုးပြောရန်မလို၊
ကျယ်ကျယ်ဖတ်ရ်ျ ကျယ်ကျယ်ပြောနိုင်သည်၊
သတိ စာအုပ်များအကြောင်းတော့ ဖြစ်ပါစေ”

ကျွန်မသဘောကျသွားပြီး လက်လှမ်းမီရာ စာအုပ်တစ်အုပ်ဆွဲယူလိုက်တယ်။ အဖုံးက အနက်ရောင်ဗြောင်။ ကျွန်မနေ့စဉ် ဖတ်နေကျ သမ္မာကျမ်းစာအုပ်နဲ့တောင် ခပ်ဆင်ဆင်တူတယ်။ ဒါ ဘာစာအုပ်ပါလိမ့်… အထဲကို လှန်ကြည့်လိုက်တယ်။

“ဟာ ဗလာကြီး။ ဘယ်နေရာကြည့်ကြည့် ဘာစာမှ မရှိတဲ့ ဗလာထည် စာအုပ်တွေ”

နောက်တစ်အုပ် ဆွဲယူလိုက်တော့လည်း ဒီလိုပဲ၊ အဖုံးအနက်ရောင်ဗြောင်ချောနဲ့ အထဲမှာ ဘာစာမှ မရှိတဲ့ စာအုပ်တွေ။ စာအုပ်တိုင်း စာအုပ်တိုင်း စာအုပ်တိုင်းဟာ…ဒီလိုပဲ ဒီလိုပဲ ဒီလိုပဲ ဖြစ်ဖြစ်ဖြစ်ဖြစ်နေတယ်။
ကျွန်မစဉ်းစားတာက အတွင်းမှာ ဖတ်စရာစာလုံးတစ်လုံးမှမပါတဲ့ ဒီဟာတွေကို စာအုပ်လို့ ခေါ်လို့ရနိုင် ပါ့မလား ဆိုတာပါပဲ။ တစ်ခုခုတော့ မှားနေပြီ။ ခက်တာက ဘာမှားမှန်းမသိဘူး။ စိတ်ပျက်လက်ပျက်နဲ့ ထိုင်ခုံတစ်လုံးမှာ ၀င်ထိုင် လိုက် တယ်။ တစ်ယောက်ယောက် ရောက်လာဖို့ကိုပဲ စောင့်ရတော့မှာပဲ။ အဲဒီမှာ လျှပ်စစ်မီးတွေ ပြတ်တောက်သွားတယ်။ တစ်ခန်းလုံး မှောင်မိုက်သွားတယ်။ အမှောင်ထုကြီးထဲမှာ တကဲ့ကဲ့ တရွေ့ရွေ့နဲ့ ကျွန်မ လျှောက်သွားနေရတယ်။ အဲဒီမှာ ဘယ်ကမှန်းမသိ အလင်းတစ်စ ၀င်လာတယ်။ ခပ်ဖြာဖြာ အလင်းအောက်မှာ လူတွေအများကြီးကို ထင်းထင်းကြီးမြင်တယ်။ သူတို့မှာ တွဲရရွဲ လျှောကျနေတဲ့ ၀တ်ရုံရှည်ကြီးတွေနဲ့။ တစ်ယောက်ကတစ်ယောက်ကို မကြည့်ဘဲ ခါးတွေကိုင်းညွှတ်ပြီး တုံ့ပယ် တုံ့ပယ်နဲ့ သွား နေကြတယ်။ သူတို့လက်တွေကလည်း တစ်ခုခုကို ၀တ်ရုံထဲ ၀ှက်သို ကိုင်ထားသလိုပဲ။ လူတစ်ယောက်က ကျွန်မ ရှေ့တည့် တည့်မှာ လာရပ်ပြီး မေးတယ်။

“တစ်ယောက်တည်းလား”

သူ့အသံက နက်နက်ကြီး၊ လိုဏ်ခေါင်းထဲကနေ နမူးနထူးကြီး တိုးထွက်လာသလိုမျိုး။

“ဟင့်အင်း ကျွန်မ စာကြည့်တိုက်ဖွင့်ပွဲကို လာခဲ့တာပါ”
သူက ငါသိပါတယ် ဆိုတဲ့ ပုံစံနဲ့ ခေါင်းတညိတ်ညိတ်လုပ်ရင်း ရွဲ့စောင်းစောင်းကြည့်လို့ ကျွန်မကို ဖြတ်ကျော်သွားတယ်။
နောက်ထပ်လူတစ်ယောက်နဲ့ ထပ်တွေ့တယ်။

“တစ်ယောက်တည်းလား”

“ဟင့်အင်း ကျွန်မ စာကြည့်တိုက်ဖွင့်ပွဲကို လာခဲ့တာ”

သူလည်း စောစောကလူလိုပဲ။ ခေါင်းတညိတ်ညိတ်လုပ်၊ ရွဲ့စောင်းစောင်းကြည့်လို့ ထွက်သွားပြန်တယ်။ နောက်ထပ် တစ်ယောက်ပြီးတစ်ယောက်တွေ့၊ ဒီလိုပဲမေး၊ ဒီလိုပဲဖြေ။ ဘယ်နှယောက်မှန်းမသိ၊ ထပ်ကာ ထပ်ကာ ဖြစ်နေတဲ့ဖြစ်စဉ်ကြီးထဲမှာ ကျွန်မ စိတ်တွေ ရှုပ်ထွေးနောက်ကျိလာတယ်။ သူတို့မျက်နှာတွေကလည်း ပျင်းပိုးထနေတဲ့ရုပ်တွေနဲ့။ အို ..သွားစမ်း သွားသွား။ ဘာလို့ ဒါပဲ လာမေးနေကြတာလဲ။ တခြားမေးခွန်းအသစ် ပြောင်းမမေးကြတော့ဘူးလား။ ဒါမှမဟုတ် ဘာမှမမေးဘဲ ကျွန်မကို ရှောင်ကွင်းပြီး သွားကြပါတော့လား။
စိတ်တွေ ဘောက်ဘက်ခတ်လာတဲ့အဆုံး နောက်ထပ်လူတစ်ယောက်ကို ရိပ်ခနဲမြင်မိရုံနဲ့ ကျွန်မက အရင်ဦး အောင် ပြောပစ်လိုက်တယ်။

“ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်မ တစ်ယောက်တည်းလာတာ၊ ဟောဒီနေရာကို တစ်ယောက်တည်း လာတာ၊ ကျွန်မ တစ်ယောက်တည်း….ကဲ ဘာပြောဦးမလဲ”

တရစပ်ပြောပစ်လိုက်မှပဲ သူတို့နောက်ထပ် ဘာမှ လာမမေးကြတော့ဘူး။ စကားမပြောတတ်တဲ့ နပိန်းနထူအရုပ်တွေလို ကျွန်မအနားကနေ ညွတ်ပက်ညွတ်ပက်နဲ့ ဖြတ်သွားကြတော့တယ်။
ကျွန်မဆက်လျှောက်လာတော့ အခန်းကျယ်ကြီးထဲမှာ စားသောက်နေတဲ့လူတွေ၊ အသားကင်နံ့တူးတူး မွှေးမွှေးလေးရ တော့ ဗိုက်ကဆာလာတယ်။ တစ်ခုခုတော့စားမှဖြစ်မယ်။ လွတ်နေတဲ့နေရာမှာ ၀င်ထိုင်လိုက်တာနဲ့ အသားကင်တစ်ပွဲ ချက်ချင်းပဲ ရောက်လာတယ်။ အတော်ကြီးတဲ့ အသားတုံးကြီးတွေကို ကြည့်ပြီး ကျွန်မ မစားရဲဘူး။ စိတ်ထဲတစ်မျိုးတစ်မည်ဖြစ်လာတာနဲ့ ဘေးကလူကို တိုးတိုးလေး လှည့်မေးလိုက်တယ်။

“တစ်ဆိတ် မသိလို့ မေးပါရစေ၊ ဒီဥစ္စာ ဘာသားလဲရှင့်”

အဲဒီလူက မျက်နှာပေါ် ရွဲ့စောင်းစောင်းအုပ်ကျနေတဲ့ ၀တ်ရုံခေါင်းစွပ်ကြီးကို လက်တစ်ဖက်နဲ့ မတင်ပြီး ပြောတယ်။

“လူသား”

“ရှင်”

ကျွန်မရင်ခေါင်းထဲကနေ ပျို့လန်တက်လာတယ်။ ဒယိမ်းဒယိုင် ထရပ်မိတော့ အချဉ်ခွက်ကို လက်နဲ့ တိုက်မိသွားတယ်။ ကျွန်မလက်မှာ ပေကျံကုန်တဲ့ အနီရောင်အချဉ်ရည်တွေဆီက ညှီစို့စို့အနံ့ရတယ်။ အဲဒါ သွေးတွေလား၊ အမလေး… အလန့် တကြား နောက်ကို ဆုတ်လိုက်တော့ ထိုင်ခုံက ကျွန်မခြေထောက်နဲ့ တိုက်မိ ပြီး ဒုန်းခနဲလဲကျသွားတယ်။ တိတ်တိတ်ဆိတ်ဆိတ် ခေါင်းငုံ့ စားနေတဲ့ လူတွေအားလုံး ကျွန်မကို ဒေါသ မျက်လုံးတွေနဲ့ ၀ိုင်းအုံကြည့်လာတယ်။ ကြောက်လိုက်တာ ကြောက်လိုက်တာ ကြောက်လိုက်တာ။ အဲဒီနေရာကနေ တစ်ချိုးတည်း ပြေးထွက်ခဲ့တယ်။ လိုဏ်သံထွက်နေတဲ့ ခြေသံတွေ ကျွန်မနောက်ကနေ ကပ်ပါလာတယ်။ တဘိုင်းဘိုင်း တအိုင်းအိုင်းနဲ့ ဆူညံနေတာပဲ။  အမှန်က ခြေသံတွေက ကျွန်မနောက်က ပါလာတာ မဟုတ်ဘူး၊ ကျွန်မက ခြေသံတွေကြားထဲကို ငေါင်းစင်းစင်းကြီး ပြုတ်ကျသွားတာ။ ကျွန်မ ပတ်လည်မှာ မြေကြီးပေါ် ခြေထောက်တွေ တဂျိုင်းဂျိုင်း တဘုတ်ဘုတ် နင်းနင်းချပြီး ကခုန်နေတဲ့ လူတွေ။ အာဖရိကလူရိုင်းတွေရဲ့ ဗုံသံတွေလိုမျိုး၊ ဗုံတီးသံတွေ ကျွက်ကျွက်ရိုက် ကြားနေရတယ်။ တံပိုးမှုတ်သံတွေလိုမျိုး သံရှည်ကြီးတွေ ဆွဲဆွဲငင်ငင် စူးစူးထိုးထိုး ၀င်လာတယ်။ လူတချို့ရဲ့ ဦးခေါင်းပေါ်မှာ ကလေးတွေစားတဲ့ အာတာပူစီလို့ခေါ်တဲ့ ထွေးရှုပ်ရှုပ်အမျှင်တွေ ယှက်ဖွဲ့လိမ်ကျစ်နေတဲ့မုန့်လိုမျိုး ငှက်သိုက်မုန့် လို့ ပြောရမလားပဲ၊ အဲဒီမုန့်နဲ့တူတဲ့ ပန်းဆီရောင်ရင့်ရင့် ဆံပင် ကြီးတွေနဲ့။ ကိုယ်ပေါ်မှာလည်း အရှက်လုံရုံ အ၀တ်ပိုင်းလေးတွေပဲ ဖုံးကာထားတယ်။ မိန်းမတွေဆိုရင် အပေါ်ပိုင်း ရင်ဗလာကျင်းလို့၊ ရင်သားကြီးတွေက တလှုပ်လှုပ်နဲ့၊ တချို့က ဘောက်ဆီး ဘောက်ဆတ် ခုန်ပေါက်နေတယ်။ တချို့က ကိုယ်ခန္ဓာကို ကွေးညွှတ်ကခုန် နေလိုက်တာများ၊ ခပ်ရိုးရိုးတောင်မဟုတ်ဘူး။ ကျား မ မခွဲ ခြားဘဲ တစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်ချင်း ရိပွတ် ကော့လိမ် ပူးယှက်လို့ အံ့ဖွယ်လိလိ မျက်စိရှက်စရာ။ သူတို့ရဲ့ ဗလာကျင်းနေတဲ့ ကိုယ်ပေါ်မှာ ပန်းချီဆေးတွေလို ဆေးရောင်စုံတွေ ခြယ်ထားတယ်။ အ၀ါ ရောင်နဲ့ အနီရောင်တွေ အများဆုံးပဲ။ အဲဒီဆေးသားတွေက သူတို့ကိုယ်က ပြိုက်ခနဲပြိုက်ခနဲ ထွက်ထွက်ကျလာတဲ့ ချွေးတွေနဲ့အတူ ပြန်ရောသွားပြီး အရည်ပျော် စီးကျနေတာ ရွံစရာမသတီစရာ ကောင်းလှတယ်။ ဒါ လူမျိုးတစ်မျိုးမျိုးရဲ့ နှစ်သစ်ကူးပွဲတော်လား၊ ယဇ်နတ်ပူဇော်ပွဲ ကျင်းပနေ တာလား။ ဒီ မြင်ကွင်းအားလုံးကို ကြည့်ရင်း ကျွန်မအာရုံတွေ တိမ်းမှောက် ချောက်ချားလာတယ်။ တကယ်ဆို ကျွန်မ စာကြည့်တိုက် ဖွင့်ပွဲကို လာခဲ့တာပါ။ ခုတော့……။

အ၀ါ နဲ့ အနီ ပေကျံလူးကျစ်နေတဲ့ လူတွေက ကျွန်မ အနားကို တိုးကပ်ရစ်ခွေလာကြတယ်။ သူတို့ ပါးစပ်က ပွက်စီပွက်စီ အော်နေတယ်။ ဗရတိဗရပွာ ရန်စောင်ဆိုဆဲ နေသလိုပဲ။ ကျွန်မကို အလယ်ကောင်မှာ ထားပြီး ပတ်လည်ချာလည် ၀န်းရံ ခုန်ပေါက်နေကြတယ်။ သူတို့အသားအရေတွေနဲ့ ထိမိမှာစိုးလွန်းလို့ ကျွန်မမှာ မနည်းကို တိမ်းဖယ်ရှောင်ထွက်နေရတယ်။ သူတို့အော်သံကို သေချာနားစိုက်ထောင်မိတော့ အလို ဘုရားသခင်… ကျွန်မရဲ့နာမည်ပါလား။ ဒါ ကျွန်မကို သူတို့ တစ်ခုခု စီရင်မလို့ မျှဉ်းဖျောင်းသွေးဆောင်နေတာ။ ကျွန်မအရေပြားတွေ ဖျဉ်းဖျဉ်းစပ်စပ်နဲ့ ကြက်သီးမွေးညင်းတွေ ထိုးထောင် ထလာတယ်။ သူတို့ကို ဘယ်လို ဖောက်ထွက်ရပါ။ ဖျပ်ဖျပ်ပျာပျာ ကျွန်မ စဉ်းစားတယ်။ သူတို့က ကျွန်မ စလွယ်သိုင်းထားတဲ့ အိတ်ကို မထိခလုတ် ထိခလုတ် လှမ်းလှမ်းဆွဲကြတယ်။ အိတ်ကိုတင်းတင်းဆုပ်လို့ သူတို့လက်တွေက လွတ်အောင် တိမ်းတိမ်း မူးမူး ရှောင်ကွင်းနေရတယ်။ ဒီတော့မှပဲ အိတ်ထဲက ကင်မရာကို သတိရတယ်။ ကျွန်မ ဖျိုးဖျိုးဖျတ်ဖျတ် လှုပ်ရှားလိုက်တယ်။ ကင်မရာမီးအလင်းရောင်ကြောင့် ပြူးတူးပြူးကြောင်ကြည့်ရင်း သူတို့အားလုံး နောက်ဆုတ်သွားကြတယ်။ ဒါနဲ့ပဲ ထွက်ပေါက်လေး ရပြီး ကျွန်မ ပြေးထွက်လာတော့တယ်။ ဟောဟိုမှာ စောစောပိုင်းတုန်းက တွေ့ခဲ့ရတဲ့ ၀တ်ရုံဖားဖားနဲ့လူတွေ တစ်ဦးစနှစ်ဦးစ တွေ့ရပြန်ပြီ။ ကြောက်လွန်းလို့ မကြောက်တော့တာလား မသိပါဘူး၊ ကျွန်မ အဲဒီလူတွေရဲ့လက်ကို အတင်းပဲ ခါယမ်းဆွဲလှုပ်ရင်း မေးမိတယ်။

“ကျွန်မ စာကြည့်တိုက်ဖွင့်ပွဲကို လာခဲ့တာ၊ အခုလမ်းပျောက်နေလို့ အိမ်အပြန်လမ်းကို ပြပေးပါ…. အိမ်ပြန်ပါရစေ၊ လမ်းပြပေးပါ…”

တွေ့သမျှလူ လိုက်လိုက်မေးတယ်။

“ကျွန်မ စာကြည့်တိုက်ဖွင့်ပွဲကို လာခဲ့တာ၊ ဒါက ဘယ်နေရာလဲ၊ ကျွန်မ ဘယ်ရောက်နေတာလဲ၊ စာကြည့်တိုက်ဖွင့်ပွဲကိုပဲ ကျွန်မ လာခဲ့တာ…. ”

ဘယ်သူကမှမဖြေဘူး။ ကျွန်မစိတ်တွေ ပျောင်းခွေဝမ်းနည်းလာတယ်။ အဲဒီမှာပဲ မွှေးပျံ့ပျံ့အနံ့လေး ရတယ်။ ပြိုးပြိုးပြက် ပြက် လင်းလက်နေတဲ့ အဖြူရောင်ဝတ်စုံနဲ့ မိန်းကလေးတစ်ယောက်။
သူက “ကျွန်မနောက်ကို လိုက်ခဲ့ပါ” လို့ ပြောတယ်။ “အချိန်သိပ်မရှိတော့ဘူး” တဲ့။ ပြောပြီး သုတ်ခနဲ လှည့်ထွက်သွားလို့ စဉ်းစားချိန်တောင်မရဘဲ ကျွန်မ အပြေးလိုက်ရတယ်။ သူ ဘယ်သူလဲ၊ သိပ်သိချင်တာပဲ။ သူ့ဆီကနေ တစ်ခုခုတော့ သိရမှာပဲ ဆိုတဲ့အတွေးနဲ့ သတင်းထောက်ပီပီ အသံဖမ်းစက်ထုတ်ပြီး record ခလုတ်ကို အသာနှိပ်ထားလိုက်တယ်။

“မင်းက ဘယ်သူလဲ”

“ကျွန်မလား ကျွန်မက အစ်မတို့လို မျက်စိလည်လမ်းမှားပြီး ရောက်လာတဲ့လူတွေကို ကူညီတဲ့သူပါ”

“ဟင့်အင်း တို့လမ်းမမှားဘူး၊ ဖိတ်စာမှာပါတဲ့ လိပ်စာအတိုင်း လာခဲ့တာပဲ”

“ဖိတ်စာတိုင်းမှာ လိပ်စာအမှန်ရေးလိမ့်မယ်လို့ အစ်မယုံလို့လား၊ တစ်ခါတစ်ခါ အမှန်ဆိုပြီး ကိုယ်က ရွေးချယ်လက်ခံလိုက်ပေမဲ့ လမ်းမှားရောက်သွားတတ်တာပဲ။ ဒါ လူ့ဘ၀ရဲ့ ပြောင်းပြိပြောင်းပြန် ဖြစ်ရိုးဖြစ်စဉ်တွေပါ”

“အင်း ….တို့သာ မင်းနဲ့မတွေ့ရင် ဒုက္ခပါပဲနော်”

“တွေ့မှာပါ၊ စောစောတွေ့တာနဲ့ နောက်ကျပြီးတွေ့တာ ဒါပဲ ကွာမှာပါ”

“ဘာကြောင့် ဒီလို ပြောနိုင်ရတာလဲဟင်”

“အစ်မက ဒီနေရာမှာ ဘယ်လိုမှ မပျော်ပိုက်ဘူး မဟုတ်လား”

“အလိုလေးလေး ဘုရားသခင်… ဒီလိုနေရာကြီးမှာ ပျော်ပိုက်သူရော ရှိသေးလို့လား…”

“ခစ်ခစ်ခစ်ခစ် ..အစ်မက ဘ၀တစ်လျှောက်လုံး အရှိအတိုင်း ရိုးရိုးစင်းစင်း နေထိုင်ခဲ့သူဆိုတော့ ဘာမှ သိပ်သိပုံမရဘူး။ ဒီနေရာမှာ အရမ်းကို ပျော်ပိုက်သူတွေ ရှိသမှ သိပ်ရှိ။ အဲဒီလို လူမျိုးကျတော့ ကျွန်မ ဘယ်လိုမှ ကူညီလို့ မရနိုင်တော့ဘူး။ လက် ပိုက် ကြည့်နေရတော့တာပဲ”

ဘယ်လိုလူစားတွေပါလိမ့် လို့တွေးရင်း ကျွန်မရင်တွေ လှိုက်ဖိုလာတယ်။ စကားတပြောပြောနဲ့ သူ့ခြေ လှမ်းတွေက ပိုပိုမြန်လာတယ်။ ပြေးနေသလားလို့အောက်မေ့ရတယ်။ ကျွန်မမှာ သူ့ကို မျက်ခြည်ပြတ်သွားမှာစိုးလို့ သူ့ခါးက ရှည်လျား ထွက် ကျနေတဲ့ ဖဲကြိုးစလေးကို လှမ်းဆွဲပြီး လိုက်ရတယ်။ အဲဒီမှာပဲ ရုတ်တရက်ကြီး ကျွန်မတစ်ကိုယ်လုံး လေထဲကို စွေ့ခနဲ မြောက်ပါသွားတယ်။ တစ်ယောက်ယောက်က ပွေ့ချီဆောင်ကြဉ်း သွားသလိုပဲ။ အရှိန်အဟုန်တွေ ပိုပြီး မြန်ဆန်လာတယ်။ ကျွန်မနားတွေ အူထွက်လာတယ်။ ရင်ထဲက သည်းအူကလီစာတွေ ပြုတ်ပြတ်ထွက်ကျကုန်ပြီလား အောက်မေ့ရတဲ့အထိပါပဲ။ သိပ်တော့ မကြာလိုက်ဘူး။ ကျွန်မတို့ ရုတ်တရက် ရပ်သွားတယ်။

“ရောက်ပြီအစ်မ”

“အို……………..ဟင်”

ကျွန်မရဲ့အရှေ့ဘက်ဆီမှာ နံနက်ခင်းနေရောင်ခြည် တစ်စွန်းတစ်စနဲ့အတူ ကောင်းကင်ပြင်ကျယ်ကြီးကို ဘွားခနဲ တွေ့ လိုက်ရတယ်။ လာခဲ့တဲ့လမ်းကို ပြန်လှည့်ကြည့်တော့ နားမလည်နိုင်အောင်ပဲဖြစ်ရတယ်။ လက်ရှိ ကျွန်မတို့ရပ်နေတဲ့ နေရာကို ဗဟိုပြုပြီး ကောင်းကင်က တစ်ခြမ်းလင်း တစ်ခြမ်းမှောင် ဖြစ်နေပါတယ်။ အံ့သြစရာ ဒီမြင်ကွင်းတစ်ခုလုံးကို မှတ်တမ်းတင် ဓာတ်ပုံတွေ အမိအရရိုက်ယူလိုက်တယ်။
“စောစောက ကျန်ခဲ့တဲ့နေရာက မရဏတိုင်းပြည်ပေါ့။ အစ်မ ဟော့ဒီစည်းမျဉ်းလေးကို ဖြတ်ပြီး ဟိုဘက် မူလတိုင်းပြည်ကို လှမ်းဝင်လိုက်တာနဲ့ ဒီဘက်အခြမ်းကို မမြင်နိုင်တော့ဘူး။ အခု ကျွန်မတို့ နယ်နိမိတ်စည်းမျဉ်း ပေါ် တည့်တည့်ရောက်နေလို့ နှစ်ဖက်လုံးကို မြင်နေရတာ။ ကဲ ဟိုဘက်မှာ အစ်မတက်ရောက်မယ့် စာကြည့်တိုက် ဖွင့်ပွဲ အခမ်းအနားတောင် စတော့မယ်ထင်ရဲ့။ ဟိုမှာ အစ်မရဲ့ မိတ်ဆွေ စာရေးဆရာတွေ၊ ပန်းချီဆရာတွေ… သူတို့နံနက်စာစားနေကြပြီ။ အချိန်မီပဲ၊ သွားပေတော့”

သူညွှန်ပြရာ မူလတိုင်းပြည်ဘက် လှမ်းကြည့်လိုက်တော့ ခြံဝင်းကျယ်ကြီးထဲမှာ လူတွေစုရုံးရောက်ရှိနေကြတာ ကျွန်မ မြင်တယ်။ ခုဆို ကျွန်မဟာ လမ်းမှန်ပေါ် ရောက်တော့မယ်။ ရည်ရွယ်ခဲ့တဲ့အတိုင်း စာကြည့်တိုက်ဖွင့်ပွဲကို ရောက်လာခဲ့ပြီ။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ မပျော် ရွှင်နိုင်ဘဲ ၀မ်းနည်းနေသလို ခံစားနေရတယ်။
ကျွန်မကို မေတ္တာနဲ့လမ်းပြပေးခဲ့တဲ့ မိန်းကလေးကို အဲဒီအမှောင်ဘက်အခြမ်းမှာ တစ်ယောက်တည်း ချန်မထားခဲ့ချင်ဘူး ဖြစ်နေတယ်။ သူ့လက်လေးကို ဆွဲကိုင်ပြီး တောင်းပန်တိုးလျှိုးမိတယ်။

“တို့နဲ့ အပြီး လိုက်ခဲ့ပါလား၊ အဲဒီမှာ မနေခဲ့ပါနဲ့”
“မဖြစ်သေးဘူး အစ်မရဲ့။ အစ်မလို မျက်စိလည် လမ်းမှားပြီး ရောက်လာမယ့်လူတွေကို ဒိုင်ခံပြီး ကူညီ ရဦးမယ်လေ”

ကျွန်မငိုင်သွားတယ်။ မိန်းကလေးကို ဓာတ်ပုံတစ်ပုံလောက် အမှတ်တရရိုက်ဖို့ ခွင့်တောင်းတော့ သူက အသာတကြည်ပဲ ခွင့်ပြုတယ်။ ကျေးဇူးစကားဆို၊ သူ့ကိုလက်ပြနှုတ်ဆက်ရင်း နယ်နိမိတ်စည်းရဲ့တစ်ဖက်ကို ခြေချလှမ်းဝင်လိုက်တယ်။ နောက် ကြောင်းပြန်လှည့်ကြည့်လိုက်တော့ မိန်းကလေးနဲ့အတူ တစ်ဖက်တိုင်းပြည်ကြီးဟာ တိမ်မျှင်တစ်စလို ဝေးလွင့်မှုန်ဝါးသွားပြီး ကျွန်မမျက်စိအောက်ကနေ ရုပ်သိမ်းပျောက်ကွယ်သွားတယ်။

xxxxxxxx

“ဟိတ် တစ်ယောက်တည်းလား မစုမီ”

“အမလေး လန့်လိုက်တာ ညိုပြာဝိုင်ရယ်”

ဘာကိုလန့်တာလဲဆိုပြီး ညိုပြာဝိုင်က ရယ်နေတယ်။ အမှန်က တစ်ယောက်တည်းလားလို့ မေးတဲ့အသံကို ကြားရမှာ ကြောက်သွားတာ။ ညိုပြာဝိုင်ကိုကြည့်ရတာ ခါတိုင်းနေ့တွေနဲ့မတူဘူး။ သိပ်ကိုလှလွန်းနေတယ်။ ညိုပြာဝိုင်က သွားစရာရှိလို့ ပြန် နှင့်မယ် တဲ့။ ကျွန်မ ခေါင်းညိတ်ပြလိုက်တယ်။ ခက်တာက သူဦးတည်ပြီး ထွက်သွားတာက စောစောတုန်းက ကျွန်မ ပြန်လာခဲ့တဲ့ နေရာကြီး ဖြစ်နေတယ်။ ကျွန်မ ထိတ်ထိတ်ပျာပျာ ဖြစ်သွားတယ်။ ညိုပြာဝိုင့်ကို အချိန်မီ လှမ်းအော် ပြောလိုက်တယ်။

“ဟင့်အင်း ဟင်အင်း အဲဒီဘက်ကို မသွားနဲ့ ၀ိုင်၊ မသွားနဲ့ မသွားနဲ့ အခု ပြန်လာခဲ့”

ကျွန်မ နေရာမှာပဲ ခြေစုံရပ်ပြီးအော်ခေါ်နေမိတယ်။ အပြေးလိုက်ပြီး လှမ်းဆွဲရင် မီနိုင်ပါလျက်နဲ့ ဘာလို့ အဲလို မလုပ်ဖြစ် တာလဲ မသိဘူး။ သူ့နောက်လိုက်ခေါ်ရင်း သူနဲ့အတူ စောစောကနေရာကို ပြန်ရောက်မိမှာ မသိစိတ်က ကြောက်နေပြီထင်ပါရဲ့။ ညိုပြာဝိုင်ကတော့ အဲဒီနေရာတည့်တည့်ကို ကြော့ကြော့မော့မော့ ခြေလှမ်းလေးတွေနဲ့ လှမ်းလျှောက်ဝင်သွားတယ်။ ကြည့်နေ ရင်းနဲ့ပဲ ညိုပြာဝိုင်တစ်ယောက် ကျွန်မ မြင်ကွင်းထဲကနေ ရိပ်ခနဲပျောက်ကွယ်သွားတယ်။ ကျွန်မ ငိုချင်လာတယ်။ တုန်ခိုက်တဲ့ အသံနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်နှစ်သိမ့်ရတယ်။

“…ကိစ္စမရှိဘူး၊ ကိစ္စမရှိဘူး၊ ဘာမှမဖြစ်ဘူး၊ ၀ိုင် ပြန်လာမှာပါ။ ဟိုမိန်းကလေးက သူ့ကို ကူညီပြီး ပြန်ပို့ပေးမှာပါ၊ ၀ိုင်ကလည်း အဲဒီနေရာမှာ ပျော်ပိုက်မယ့်သူမဟုတ်ပါဘူး၊ ငါ့လိုပဲ အိမ်ပြန်လာချင်တဲ့မိန်းကလေး အိမ်ကို ချစ်တဲ့ မိန်းကလေးဖြစ်မှာပါ…..”

အသေအချာစူးစိုက်ကြည့်မိပါမှ အဲဒီနေရာကနေ လူတွေထွက်ပေါ်လာလိုက်၊ လူတွေ ပျောက်ကွယ်သွားလိုက်နဲ့ ဟိုဘက် နဲ့ ဒီဘက် အ၀င်အထွက် လုပ်နေသူတွေ အများကြီးရှိနေတယ်ဆိုတာ ကျွန်မ သိလိုက်ရ တော့တယ်။ ဘယ်သူတွေ ပြန်လာနိုင် မယ်၊ ဘယ်သူတွေ ပြန်မလာနိုင်တော့ဘူး ဆိုတာတော့ ကျွန်မ အတိအကျ သိနိုင်မှာ မဟုတ်ဘူးပေါ့။ ဒါဟာ တကယ့်ကို ကြီးမား ဆန်းပြားတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုပါပဲ။ ဒါကြောင့် ဒီအကြောင်း လူသားတွေသိအောင် ဆောင်းပါးတစ်ပုဒ် အမြန်ရေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ယုံနိုင်စရာမရှိပေမဲ့ ဓာတ်ပုံတွေနဲ့တကွ မိမိရရတင်ပြနိုင်ရင် ကျွန်မရဲ့လုပ်ရပ်အောင်မြင်မှာပါလို့ ယုံကြည် ထားလိုက်တယ်။ ၀မ်းသာအားရနဲ့ ကင်မရာကိုဖွင့်ပြီး image တွေ ပြန်ဖော်ကြည့်လိုက်တော့…

“ဟင်….ဘာပုံမှလည်း မရှိဘူး…ဘယ်လိုဖြစ်တာပါလိမ့်”

ကျွန်မရဲ့အသံဖမ်းစက်ကို ပြန်ဖွင့်နားထောင်ကြည့်တော့လည်း ဘာအသံမှ ထွက်ပေါ်မလာခဲ့ဘူး။
ကျွန်မ နားနဲ့ဆတ်ဆတ် ကြားခဲ့ရတဲ့အသံတွေ၊ မျက်ဝါးထင်ထင်မြင်ခဲ့ရတဲ့ အမှန်တရားတွေ ဘယ်ကို ရောက်ကုန် တာလဲ…..။ မတရားဘူး။ သိပ်ကို စိတ်ပျက်စရာကောင်းတဲ့ လောကကြီးပဲ။

စုမီအောင်