Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ဘာသာပြန်ဝတ္တုတို. Show all posts
Showing posts with label ဘာသာပြန်ဝတ္တုတို. Show all posts

Thursday, February 05, 2015

လှိုင်းလေကြားက ကိုတံငါ

(မေမေ့ရဲ့ စာ)
အို.×. ငကြင်း..တွေ ဆန်.×× ငတန်တွေ ×….သောင်ရေစီး ..မှာ..လ 
ကို တံငါ.×….လှေယာဉ် … စိး…..ပါလို့.. ပိုက်ကြီး×…ကို..ရေချလာ…
အို..နဒီတွင်း မှာလ  နှင်းငွေဆော်..ချမ်းလို့ တုန်..မလုံကွေး××တယ် ....ကိုယ်ရေးငယ်…ကြုံပေါ့ .  နော် ..
ဒေါင်ဒင်းငယ် သံသာသာ နှင့်..တံငါ ..လှေလောင်း..ဆင်း…
ရွှေငါးကြင်းငယ်တို့ …ပိုက်တွင်း မှာ  သူတို့ ခုန်××-… 
(ယမုန်နာပတ်ပျိုး)

တုန်လီဆက်ပ် ရေအိုင်ကြီးဟာ အာရှမှာ အကြီးဆုံးဖြစ်ပါတယ်။သန့်ရှင်းလတ်ဆတ်တဲ့ရေ အမြဲစီးဝင်နေတာမို့ လူ သုံးသန်းကျော်  အတွက် ပြည့်ပြည့်၀၀ မှီခိုအားထားရတဲ့ ရေအိုင်ကြီးပါ။ငါးပုဇွန်စတဲ့ ရေထွက်ပစ္စည်းပေါကြွယ်ဝတာကြောင့် စားနပ်ရိက္ခာအတွက်လဲ ပူပင်စရာမလိုဘဲ ဖူလုံနေတယ်။
လို့ ကမ္ဘောဒီးယား တံငါသည်ကလေး ဗွန်ဗုသ်  က ဆိုပါတယ်။

Monday, December 24, 2012

လှိုင်းလေကြားက ကိုတံငါ

အို.×. ငါးကြင်း..တွေ ဆန်.×× ငါးတန်တွေ ×….သောင်ရေစီး ..မှာ..လ 
ကို တံငါ.×….လှေယာဉ် … စိး…..ပါလို့.. ပိုက်ကြီး×…ကို..ရေချလာ…
အို..နဒီတွင်း မှာလ  နှင်းငွေဆော်..ချမ်းလို့ တုန်..မလုံကွေး××တယ် ....
ကိုယ်ရေးငယ်…ကြုံပေါ့ .  နော် ..
ဒေါင်ဒင်းငယ် သံသာသာ နှင့်..တံငါ ..လှေလောင်း..ဆင်း…
ရွှေငါးကြင်းငယ်တို့ …ပိုက်တွင်း မှာ  သူတို့ ခုန်××-… 
(ယမုန်နာပတ်ပျိုး)

တုန်လီဆက်ပ် ရေအိုင်ကြီးဟာ အာရှမှာ အကြီးဆုံးဖြစ်ပါတယ်။သန့်ရှင်းလတ်ဆတ်တဲ့ရေ အမြဲစီးဝင်နေတာမို့ လူ သုံးသန်းကျော်  အတွက် ပြည့်ပြည့်၀၀ မှီခိုအားထားရတဲ့ ရေအိုင်ကြီးပါ။ ငါးပုဇွန်စတဲ့ ရေထွက်ပစ္စည်းပေါကြွယ်ဝတာကြောင့် စားနပ်ရိက္ခာအတွက်လဲ ပူပင်စရာမလိုဘဲ ဖူလုံနေတယ် လို့ ကမ္ဘောဒီးယား တံငါသည်ကလေး ဗွန်ဗုသ်  ကဆိုပါတယ်။ တုန်လီဆက်ပ်ရေအိုင်ကြီးမှာ ဟို ရှေးရှေးအခါကတည်းက ကျေးငှက် သာရကာတွေ ပျော်မြူး တွန်ကျူးနေကြတာမို့ သိပ်ကိုသာယာလှပါတယ်။ ဇန်န၀ါရီလဆိုရင် မိုးလင်းပြီဆိုတာနဲ့ ကျီးတွေက ဖြိုးဖြိုးဖြတ်ဖြတ်  အိပ်တန်းထလာပြီး  လှုပ်လှုပ်ရှားရှား ဆူဆူညံညံ အော်မြည်ကြတော့တယ်။ 
သူတို့အော်ပီဆိုတော့ ကဲမ်ပွန်ခါလိန်ရွာကလေးဟာ ပျားတွေလို တစီစီ တ၀ီဝီ  သက်ဝင်လှုပ်ရှုားလာရတော့တာဘဲ။ နေအာရုဏ်ပြူထွက်ကာစ နံနက်ခင်းကလေးကို တံငါလှေတွေရဲ့အင်ဂျင်စက်သံက    ထိုးဖေါက် ပြစ်တတ်တယ်။  ငါးညှီနံ့  ဒီဇယ်ဆီညှော်နံ့ တွေကလည်း လေနဲ့ ရေနဲ့ ရောနှော ပါရှိလာပြီး ၀န်းကျင် တ၀ိုက် ပျံ့နှံ့ဝင်ရောက်သွားတာပေါ့။ ဗွန်ဗုသ်က ဆင်းရဲတော့ သူ့လှေကို ထိုးဝါးနဲ့ လှော်ခတ်ရတာပါ။ တံငါသည်တွေ ညည ကမ်းခြေကို ပြန်ရောက်လာရင်  ဖမ်းယူ ရရှိထားတဲ့ ငါးတွေ ပုဇွန်တွေကို ရေခဲနဲ့ရောပြီး အိပ်တွေထဲ ပြွတ်သိပ်ထိုးထည့်ဖို့ သူတို့ရဲ့ ဇနီးတွေ သားသမီးတွေက အသင့် စောင့်ကြိုနေကြတာပါ။ ပြီးရင် အိပ်တွေကို ကားပေါ်တင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကို အရောက် မောင်းနှင် ရောင်းချကြရတယ်။ ကားခကိုတော့ တံငါသည်က ပေးချေကြရတာပေါ့။

“သေရင်လဲ လှေပေါ်မှာ နေရင်လဲ လှေပေါ်မှာပေါ့ဗျာ .. ဒီရေကန်ကြီးမရှိရင် စားစရာမရှိဘူး။ပိုက်ဆံလဲမရှိဘူးပေါ့။လုံးဝ ကျွန်တော်တို့က ဒီရေကန်ကိုဘဲ အားကိုးနေရတာပါ ။”
လို့ ဗွန် က  ငါးဖမ်း လှောင့်ချိုင့် အကျိုးအပဲ့လေးတွေ ဖါထေး ပြုပြင်ရင်း မဲ့ပြုံးကလေးနဲ့ ပြောပါတယ်။ပြီးတော့ သူနေတဲ့ ကုလားမခြေထောက်လို ခြေတံရှည်ရှည်   ဒယီးဒယိုင်နဲ့ သူ့အိမ်ကို လက်ညျိးးညွှန်ြပပြီး ပြောနေတယ်။ လှိုင်းပုတ်ခတ်မှုကြောင့်လဲ နုံနုံနဲ့နဲ့ ရှိလွန်းလှတဲ့ သူ့အိမ်ကလေး က ဟိုဘက်ဒီဘက်ယိမ်းနွဲ့နေတယ်။ သိမ့်သိမ့်တုန် ပြိုလုမတတ်လို့ ဆိုနိုင်ပါတယ်။ 

“ဒါပေမဲ့ ကျွန်တော်တို့ နေရာသစ်ထူထောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး" တဲ့။

ဟုတ်လဲဟုတ်ပါတယ်။ အနေဆင်းရဲပေမဲ့ အနည်းဆုံး လူသုံးသန်းကျော် ကို တုန်လီဆက်ပ် ရေကန်ကြီးက အဓိက ပံ့ပိုးနေတာပါ။ ၇၅ရာခိုင်နှုံး မျှသော ငါးပုဇွန်တွေကို တုန်လီဆက်ပ်က ထုတ်လုပ်ဖြန့်ချီပေးနေခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ငါးအထွက်နှုံး အများဆုံးလို့ ကျော်ကြားနေတာပါ။ နှစ်စဉ်နှစ်တိုင်း ဇွန်လကနေ စက်တင်္ဘာ မိုးတွင်းတလျှောက်လုံး အားကောင်းမောင်းသန်စီးဝင်လာတဲ့ မြစ်ရေက ပြန်လည်ဖြည့်ဆီးပေးနေတဲ့အတွက် ရေလျော့ပါးသွားတာမျိုး မတွေ့ရပါဘူး။ တုန်လီဆက်ပ်ရေကန်က   ထုတ်ယူသုံးစွဲသမျှ ရေပမာဏကို တုန်လီဆက်ပ်ဟာ အလျော်အစား ပြန်လည် ရရှိနေတယ်လို့ ဆိုရမှာပါ။မြစ်ရေကပေါင်းကူးဆက်သွယ် ဖြန့်ဖြူးပေးနေတာဖြစ်တယ်။ ဒါ့ကြောင့် ရေအိုင်ရဲ့ မျက်နှာပြင် ဟာ တဖြည်းဖြည်း 25,00km2 ကနေ 16,000 km2 အထိ ကျယ်ပြန့်လာနေတာပါ။ဒီလိုရေကြောင်းပြောင်းလဲမှုကြောင့်လဲ ငါးပုဇွန်ထွက်ရှိမှု က ပိုမို တိုးမြှင့်လာနိုင်ပါတယ်။ ရေကန်ကြီးရဲ့ ၀န်းကျင်တ၀ိုက် မှီတင်းခိုလှုံ အခြေချနေထိုင်ကြတဲ့ လူမှု အသိုက်အ၀န်းဟာလဲ ကျယ်ပြန့်သည်ထက်ကျယ်ပြန့်လာနေတယ်။ သို့ ကျယ်ပြန့်လာသည်နှင့်အမျှ ရေအိုင်ကြီးကို အမှီပြုပြီး စီးပွားရေး အမြင် ကျယ်ပြန့်လာကာ ကူးသန်းရောင်းဝယ်မှု  လမ်းပန်းဆက်နွယ် သွားလာမှု စသည် နက်နက်ရှိုင်းရှိုင်း တိုးတက်ဖွံ့ဖြိုးလာရစမြဲမဟုတ်လား။
“ဒါပေမဲ့ မိုးတွင်းကျရင်မြေပြင်ကနေ  ရှစ်မီတာအထိရေက တက်လာတတ်တာပါ။မိုးတကြိမ်ရွာရင် ဘယ်လောက် ဒုက္ခရောက်သလဲ ဆိုတာ မပြောချင်ဘူး။ ဒီနှစ်ထဲ ဆိုးချက်က အိမ်ထဲအထိရေ၀င်လာတယ်။ခြောက်သွေ့တဲ့ နေရာကို ရှာမမြင်ဘူး” လို့  ဗွန်က ပြောတယ်။

"၂၀၀၀ ခုနှစ်ကများဗျာ ..လေကြီးမိုးကြီးကျ ဖျက်ဆီးတာကြောင့် လူနေအိမ်ခြေ အများအပြားပျက်စီးခဲ့ရတယ်။ ရေအတက်ကြမ်းလွန်းလို့ သွားရေးလာရေး ခက်ခဲတယ်။ ငါးမရှာနိုင်ဘူး။ ငါးမရောင်းရဘူး။ ကျွန်တော်တို့ပိုက်ဆံမရဘူး  စားစရာ မရှိဘူး" တဲ့။
၁၉၇၅ခုနှစ်တုံးက ဗွန် က အသက်၁၃နှစ် လောက်ဘဲ ရှိသေးတာပါ။ တဲ့။ ရှေးဟောင်းနှောင်းဖြစ်တွေ ဗွန်က ပြောပြနေတယ်။

“ဒီတုံးက ပိုပေါ့တို့ ခေတ်ကောင်းတုံးပေါ့။ ကျွန်တော်က ရာဘာအလုပ်သမားဝင်လုပ်ရတယ်။ ဘ၀ဟာ   ကြမ်းလွန်းလှတယ်။ အစာေ၇စာက ခေါင်းပါးလွန်းတယ်။ ဆံပြုတ်ကြဲကြဲပဲ သောက်နေရတယ်။ နောက် ဗိုက်ပြည့်အောင် ငှက်ပျောသီးတွေ ခိုးစားရတယ် တဲ့။ နောက် ဗီယက်နမ်တွေ ၀င်လာတယ်။ ကျွန်တော်တို့ ထွက်ပြေးကြတယ်။ အသက်ကြီးကြီး မိန်းမကြီးတယောက်က လွတ်ရာကျွတ်ရာ ဦးဆောင်ခေါ်သွားတယ်။ ၁၉၇၀ခုနှစ်မှာကမ္ဘာဒီးယား ပြည့်သူ သမတနိုင်ငံဖြစ်လာတယ်။ လူလွတ်တွေ စစ်မှု မထမ်းမနေရ ဆင့်တယ်။ ကျွန်တော်က စစ်ကို ရှောင်ချင်တာကြောင့် မိန်းခလေးတယောက်ကို ကောက်ယူလိုက်တယ်။ကျွန်တော့်အဖေနဲ့ဇာတိမြေမှာ ပြန်ဆုံကြတယ်. ခလေးသုံးယောက်ရတယ်။ ကျွန်တော်က ငါးဖမ်းလုပ်ငန်းလုပ်တော့ ဇနီးနဲ့ သားသမီးတွေက သူတို့ နိုင်သရွေ့ ၀င်ကူကြတယ်ဗျ။တရားဝင် ငါးဖမ်းခွင့်လဲ တောင်းကြရတယ်။ အန္တရာယ်တော့ အများသားဗျာ။ မိုးကလဲရွာမယ် လေပြင်းလဲကျမယ်ဆိုရင် လှေကတော့ ဂျွမ်းထိုးမှောက်ခုံဘဲဗျို့။ လျှပ်စီးတွေကလဲ သိပ်ကြောက်ဖို့ကောင်းပါတယ်။ မကြာခဏ တံငါသည်တွေ သေကြရတယ်” တဲ့။

ဗွန် က လမ်းကိုဖြတ်ပြီး လက်နဲ့ ညွှန်ပြရင်း “အဲဒီအိမ်ကပေါ့။ မိုးကြိုးပြစ်ခံရလို့ သေသွားတယ်။  မိုးကြိုးပြစ်လို့သေတာလဲ ခဏခဏဗျ။ ကျွန်တော်တို့ ကိုယ့်ဘာသာတရားအလိုက် တချို့က  ဗုဒ္ဓကို ကိုးကွယ်တယ်။ တချို့က ကောင်းကင်နတ်ကို ပူဇော်ပသတယ်။ ငါးများများရအောင် အန္တရာယ်ကင်းအောင် ဆုတောင်းကြရတာပေါ့" လို့ သူက အားသွန်ခွန်စိုက် ရှင်းပြတယ်။

“ကျွန်တော်တို့ ငါးဖမ်းမထွက်မှီ  နတ်ဘုရားအိမ်တော်မှာ ၀က်ခေါင်း သို့ မဟုတ် သစ်သီး ငှက်ပျောသီးတွေ ဆက်သပြီး  ဆုတောင်းကြရတယ်" လို့ လဲ သူက ဆက်ပြောတယ်။ 
“ကျွန်တော်တို့ ငါးဖမ်းထွက်ရာမှာ ငါးများများပေးကမ်းပါလို့ ၀ိညာဉ်တွေဆီမှာ တောင်းခံကြရတယ်” တဲ့။
ဗွန်တို့ မိသားစုဟာ မနက်၅နာရီကစလို့ ငါးဖမ်းလှောင်ချိုင့်  အခု တထောင်လောက်  ရေအိုင်ထဲမှာ ချထားပါတယ်။ တခါတရံ အကုန်မရဘဲဗလာဖြစ်တာက ဖြစ်ပေါ့။ ပျမ်းမျှ  ညစဉ်ညတိုင်း လိုလို ၂၀ကီလိုဂရမ်လောက် ရရှိပါသတဲ့။ငါးဖမ်းလှေ ဆိုက်ကပ်လာရင် ပွဲစားတွေက ၀ိုင်းအုံပြီး သူ့ထက်ငါ လုယက်ဝယ်ယူကြပါသတဲ့။သူပင်ပန်းကြီးစွာ အသက်စွန့် ရလာတဲ့ငါးကို ပွဲစားကတဆင့် ရောင်းရတာပါ။ ဘ၀ဆိုတာ ငွေကြေးဥစ္စာကို ခေါ်ဆိုခြင်းလို့ သူကောင်းကောင်းနားလည်သွားပြီ။ ဥစ္စာရှာဖို့ ပညာဟာ အဓိက ဆိုတာလဲ သူကောင်းကောင်း သိရှိသွားတာပါ။  သူက  နက်နက်ရှိုင်းရှိုင်းစဉ်းစားပြီး သားကြီးကို ပညာသင်ဖို့ ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်ကို စေလွှတ်လိုက်ပါတယ်။ ဒါပေမဲ့ ဗွန်ကပြောပါတယ်။  ကျွန်တော်က ဘ၀ကို ရိုးရိုးစင်းစင်းဘဲ ထူထောင်ချင်ပါတယ်။ ငွေပိုငွေလျှံတွေ များများမလိုချင်ဘူး။ပျော်ရွှင်နှစ်သိမ့်မှု အတော်အတန်ရှိရင်  ကျေနပ်ပါပြီ။ ပိုက်ဆံများများရဖို့ ကျွန်တော်တို့ ဘယ်လောက် ဒုက္ခခံနေရအုံးမလဲ။ ဘ၀ဆိုတာ ဒါပါပဲ လို့ နားလည်ထားရင် ဖြေသိမ့်နိုင်ကြမယ်ထင်ပါတယ်တဲ့။
ကမ္ဘောဒီးယား တံငါသည်ကလေး ဗွန်ဗုသ်က ပြောလိုက်ပါတယ်။         ။

Florist
Lake of Life
(Reader's Digest, July 2012)

Monday, December 17, 2012

နေအရုဏ်မတက်မီ

ကလင် ...  ကလင် ... ကလင် 
နေအရုဏ်မတက်မီကလေးမှာပဲ တိတ်ဆိတ်နေတဲ့ ဧည့်ခန်းအတွင်း တယ်လီဖုန်းခေါ်သံက ချောက်ချားစရာကောင်းအောင် အဆက်မပြတ် ခုန်မြည်ပေါ်ထွက် လာတယ်။ ခံစားမှု မရှိ အသက်မပါ လေသံက  တိုးတိုးညှင်းညှင်း။
 “သူသေသွားပြီ”  တဲ့။

Wednesday, September 12, 2012

သေမင်းနဲ့ တဲ့တဲ့တိုးတဲ့ည

“၂၀၀၇ခုနှစ် စက်တင်္ဘာလ ၂၇ရက်နေ့ ည”
“ရောဘတ်” က  ဒီညကို သူ့ ရဲ့မှတ်တမ်းစာအုပ်မှာ
ဘာ့ကြောင့် “သေမင်းနဲ့  တဲ့တဲ့တိုးတဲ့ည” လို့   ရေးမှတ်ခဲ့ သလဲ ဆိုရင်......
ပြေး ... ပြေး  မီလာ ... ပြေး ...
ရန်သူတွေ တအုပ်တကျင်း သူ့နောက် လိုက်လာသည်ဟု “ဒင်ကလေ မီလာ” မြင်သည်။
ထို့ကြောင့် သူ့ ကိုယ်သူကို  မာရသွန်သမားလို ပြေးခိုင်းနေသည်။
ပြေးသာပြေး၏။ ဦးတည်ချက်မရှိ။

သူသုံးစွဲထားသည့် မက်သမ်ဖက်တမင်း(methamphetamine)ဆေးက အစွမ်းပြနေလောက်ပြီ။ သူ့ တွင် ဆေးဝါးသုံးစွဲမှု လွန်ကဲခြင်း၏ အကျိုးဆက်အဖြစ် ယုံမှားလွန်ဝေဒနာတမျိုးခံစားရနိုင်သည်။ မကြာသေးမီကမှ ရဲ က သူ့ကို ခံဝန်ချက်ဖြင့် လွှတ်ထားခဲ့သဖြင့် ခုလို လွတ်လပ်စွာ သွားလာနေနိုင်ခြင်းဖြစ်သည်။ ကားမျိုးစုံတို့ဖြင့်  ရှုပ်ထွေးပြေးလွှားနေသော လမ်းမကြီးပေါ်သို့ သူရောက်လာသည်။ လင်းလက်စူးရှသော ကားမီးရောင်ကြောင့် သူ့ မျက်လုံးတွေ ကျိန်းစပ်နေပြီ။
သို့သော် သူ ပြေးနေဆဲ။  မော်တော်ကားများက တစင်းပြီးတစင်း  ပြေးသွားသည်။
“မီလာ” သည် ပြေးတုန်း ပြေးဆဲ။

Tuesday, June 19, 2012

ပျော်စရာ လှိုဏ်ဂူအိမ်ကလေးထဲမှာ

သင် နောက်ကျ ကျန်ရစ်မှာစိုးပြီး အမြဲတန်း ဤ ခေတ်ကြီးနှင့်အမှီ
အပြေးအလွှားလိုက်နေရတာ မို့  မောပမ်းနွမ်းနယ် နေလောက်ပြီ။
ကိုင်း  .. ကျုပ်တို့ နဲ့ အတူလိုက်ခဲ့။ ကျောက်ခေတ်ကို ပြန်သွားပြီး ဂူအောင်းကြရအောင် …တဲ့။

Nick Weston ကတော့ ဂူနေလူသားဘ၀ကို ခံယူဖို့ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း ပြောပြနေပါတယ်။ တစ်ခါတစ်ရံ Florist တို့တတွေ ခေတ်ကိုအမှီလိုက်နေရတာ အားရတယ် ကျေနပ်ဝမ်းသာတယ်  ပျော်ရွှင်မိတယ် ဆိုပေမဲ့ တစ်ခါတစ်ရံတော့လည်း စိတ်ညစ်ညူးထွေပြားလာတာမျိုးတွေ ရှိတတ်ပါတယ်။ ကားစီးရတာကြာတော့ မွန်းကြပ် ပိတ်ဆို့လာလို့ လှည်းယဉ်ကလေးစီးချင်တဲ့ဆန္ဒ ဖြစ်ပေါ်လာသလို ဒီကမ္ဘာကြီးကို back လုပ်ပြီး ထိန်ထိန်ညီးနေတဲ့ လျှပ်စစ်မီးရောင်နဲ့ ကင်းရာ လူသူမနီး လရောင်ဆမ်းတဲ့  တောစခန်းမှာ  စိတ်လွတ် ကိုယ်လွတ် နေချင်တဲ့ ဆန္ဒ မကြာမကြာ ပေါ်လာတတ်ပါတယ်။ ဒါ့ကြောင့် မွမ်းမံချယ်သမှုမပါ သာမန်ရိုးသားပွင့်လင်းလွတ်လပ်တဲ့ ဂူနေလူသားဘ၀ လူနေမှု စတိုင်ကလေးတခု ပြန်လည်ပုံဖေါ်ဖို့  ကြိုးစားနေတဲ့ Nick ပြောပြတာကလေးကို Florist တို့  ဖတ်ကြည့်ကြရအောင်။

Thursday, May 10, 2012

လွတ်နေတဲ့ လူသတ်သမား

လူသတ်သမားတဦးကြောင့် ဖီးနစ်စ် မြို့ လေးဟာ ကျီးလန့်စာစား ဖြစ်နေရပြီ။
 တာဝန်ရှိသူတွေက သူ့ ကို မြေလှန်ရှာနေကြပြီ။ အို..ဘုရားသခင်... အဲဒီလူဟာ  ကျွန်တော့်မိတ်ဆွေ ဆန်မီ များ....လား..။

မွန်းကျပ်ပူလောင်နေတဲ့ ဇူလိုင်လရဲ့ ညနေခင်းတခုမှာ ရွန်းဟော်လ်တန်  ကတော့ သူကျက်စားနေကျ  ဖီးနစ်မြို့ လေးရဲ့  ဆင်ခြေဖုံး ရေကူးကန်တခုမှာ  သက်တောင့်သက်သာနဲ့ ပဲ ရှိနေတယ်။  အသက်က ၄၇နှစ် ၊ သားသုံးယောက်ဘခင် ၊ အလုပ်က  ဆောက်လုပ်ရေး ကြီးကြပ်သူ ။ အားလပ်ရက်ကလေးရရင် သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါး ဆိုင်ကယ်စီးထွက်တတ်တယ်။  သူ့ ၀န်းကျင် သူ့ အသိုင်းဝိုင်းမှာ စိတ်ထားဖြောင့်မတ်သူ ရင့်ကျက်သူ ခင်တွယ်တတ် စာနာတတ်သူ  အဖြစ် လူသိများတယ်။ ဖီးနစ်စ်မြို့အလယ်ခေါင်မှာရှိတဲ့  သူ့ အိမ်လေးကို  ၀င့်ဝါမှု မရှိ၊ ပလွှားမှု မရှိ၊ ရိုးရိုးရှင်းရှင်းလေးမွန်းမံထားတယ်။

တညမှာ  ဟော်လ်တန် နဲ့  သူ့ မိတ်ဆွေတွေ  ခါတိုင်းလိုပဲ  ဘားတခုမှာ ဆုံကြတယ်။ တယောက်က  .. “ ဟေ့ .. မင်းတို့  ကြားပြီး ပလား ၊လူတွေ တလှေကြီး ပစ်သတ်ခံရတဲ့   သတင်း ” လို့  အစချီလိုက်တယ်။  “ဟော်လ်တန်” က ပခုံးကို တွန့် လိုက်ရင်း မခိုးမခန့် ပြုံးလိုက်တယ် ။
“အဲတော့ ...ဘာဖြစ်သလဲဗျ ”
“ဘာဖြစ်ရမလဲဗျ  ..၊သေကုန်တာပေါ့ ။ အစုလိုက် အပြုံလိုက်ပဲ ။ ဘယ်ငကြောင်  သောင်းကြမ်းသွားသလဲ မသိဘူး။

Friday, May 04, 2012

ပစိဖိတ် ဆိုင်ကလုံးမုန်တိုင်း


                     ပထမ အကြိမ်  ရွက်လွှင့်စဉ်က  ကယ်လီဖိုးနီးယား ကမ်းခြေအထက် ဆန်ဒီယာဂို မှနေ လောင်းဘိခ်ျ  အထိ ၄ယောက်အစုအဖွဲ့  ဖွဲ့ ပြီး သွားရောက်ခဲ့ကြဖူးပါပြီ။ “ကျွန်တော့်ဘ၀မှာ  အဦးဆုံး သဲထိတ်ရင်ဖို ဖြစ်ခဲ့ရတဲ့ အတွေ့အကြုံ ပါဘဲ” လို့  ..ဒါနာက ပြောပါတယ်။
သူတိုနှစ်ဦးဟာ တကယ်တော့ ပင်လယ်ပျော်တွေပါ။ ရေမိုင် ၂၀၀၀၀ မက ရွက်လွှင့် စွန့်စားခဲ့ဖူးသူများဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ သူတို့ဟာ ခုအချိန်မှာ ရေကြောင်းကျွမ်းကျင်သူများအဖြစ် ရင့်ကျက်ခဲ့ကြပြီးဖြစ်လို့ မိုးလေ၀သ သတင်းကို သိပ်အမှုမထားခဲ့ ကြဖူး။
                ပင်လယ်ရေ ဟာ ၁၈ ပေအထိ မြင့်တက်လာရာမှာတော့  သူတို့  တုန်လှုပ်ခဲ့ကြပြီ။  Destiny  ရေယာဉ်ဟာ ပုခက်လွှဲသလို  ဟိုဘက် ဒီဘက် လှုပ်ခတ်ယိမ်းခါနေခဲ့ပြီ။

Wednesday, March 28, 2012

သုခဘုံထဲက ဒုက္ခ

သိမ်မွေ့တဲ့ လေပြေကလေး သဲ့သဲ့တိုက်ခတ်နေစဉ် ဒီဇင်္ဘာလ တရက်မှာ ကျွန်မတို့ဟာဖိလစ်ပိုင် တောင်ပိုင်းကမ်းခြေတလျှောက်မှာ အေးအေးဆေးဆေး ရွက်လွှင့် ထွက်ခွာနေကြတယ်။ကျွန်မတို့ ရောက်ရှိနေတဲ့ နေရာကနေ ပြန်လှည့်ကြည့်လိုက်ရင်တော့ ကျွန်မတို့နေတဲ့ကျွန်းကလေးကို ရေးရေးဘဲ မြင်နိုင်တော့တယ်။ ဖြာကျနေတဲ့ နေရောင်ခြည်ကလေးက ရေပေါ်မှာ အပြာရောင်ဖွဖွလေး တောက်ပနေတယ်။ သစ်ပင်တွေနဲ့ စက်ရုံတွေကိုလည်း နေရာတိုင်းမှာ ထိုးထိုးထောင်ထောင် မြင်နေရတယ်။ ပျော်ပျော်ရွှင်ရွှင် ကျီကျီကျာကျာ အော်မြည်ရင်း ဟို..ကောင်းကင်အမြင့်ကို ပျံတက်နေတဲ့ ချစ်စရာငှက်ကလေးတွေကိုလဲ မြင်နေရတယ်။ ဒါဟာ ၁၉၈၀ခုနှစ်များဆီက..ရိုက်ကူးခဲ့တဲ့ ဖိလစ်ပိုင် ရုပ်ရှင်ပြကွက်တခုကို ဖေါ်ပြပေးနေတာပါ ။

ကျွန်မဟာ နှစ်ပေါင်းများစွာ ရုပ်ရှင် သရုပ်ဆောင်အဖြစ် ကျင်လည်ရင်း ခုအခါမှာလဲ ရုပ်ရှင်ရိုက်ကူးဖို့ တစ်ဖန် ရောက်ရှိလာခဲ့တာပါ။ အဖွဲ့သားအားလုံး ၃၀လောက်ရှိမဲ့ ကျွန်မတို့ဟာ ကျွန်မတို့ တည်းခိုရမဲ့ ဧည့်ရိပ်သာမှာ အသီးသီး အသင့် နေရာယူလိုက်ကြပါတယ်။ နောက်နေ့မနက် ကျွန်မတို့ ရိုက်ကူးရမယ့် နေရာမှာ ပွဲကြည့်ပရိသတ်တွေက  အများကြီးဘဲ။ ညံညံ စီစီ ဝေေ၀ ရှိနေပီ။ ကျွန်မတို့လည်း မိတ်ကပ် အသင့်အနေအထားပြင်ဆင်ပြီးကြပြီ။

“ မီး   ကင်မရာ  အက်ရှင်” ဆိုတဲ့ အသံတွေ ထွက်ပေါ်လာပြီ။ ဒါပေမဲ့..
မမျှော်လင့်တဲ့ ထူးထူးဆန်းဆန်းအသံတခု။ ပရိသတ်ကြားက ထွက်ပေါ်လာတယ်။

“ ဒီနှစ်ယောက်ကို ငါတို့ ငှားချင်တယ် ရမလား” တဲ့။

ကျွန်မအသံလာရာ ကြည့်လိုက်တော့
“အလိုလေး”

Wednesday, February 01, 2012

ချစ်ရတဲ့ သားအမွှာ

မေမေပို့ပေးလို့ ဖတ်ကြည့်ပြီး ညက်ရေတွေပိုးပိုးပေါက်ပေါက်ကျတယ်။ ဘာဝမ်းနည်းမှန်းမသိ :'(
 အသက်အားဖြင့် ၂၉နှစ်သာ ရှိသေးတဲ့ “ကိတ်” ဟာ နယူးဆောက်သ်ဝေးလ် ပြည်နယ် သားဖွားဆေးခန်းတခုမှာ ရောက်နေပါတယ်။သူမ ဗိုက်ထဲမှာ လွယ်ထားတဲ့ အမွှာ မောင်နှမကို မွေးဖွားဖို့ နောက်ထပ်သီတင်း ဆယ့်လေးပတ်စောင့်ရအုံးမှာပါ။ ဒါနဲ့များ သူမ ဘာ့ကြောင့် ဗိုက်နာ နေရပါလိမ့်။ သူမခင်ပွန်း” ဒေးဗစ်” က သိပ်ကိုမှခလေးလိုချင်ရှာတာ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက သူတို့ တောင့်တောင့်တတ ကြိုးစားနေတာပါ။မကြာခဏ ဆေးခန်းကိုလည်းသွားရောက် စစ်ဆေးကြရတယ်။ ခုတော့ သူတို့ အောင်မြင်ပါပြီ။ ဒါပေမဲ့ အချိန်မတန်မီ ဗိုက်နာလာရတဲ့ အကြောင်းရင်းက ဘာပါလိမ့်။ သူမ ဆေးရုံကို အပြေးလေးရောက်လာခဲ့တာပါ။ သူမ သားအိမ်ခေါင်းဟာ နှစ်စင်တီမီတာလောက်တော့ ပွင့်နေတယ်တဲ့။ လိုအပ်သမျှ ပြုစုနိုင်ဖို့ဆရာဝန်က သူမကို ဆေးရုံမှာဘဲ သီတင်းတပတ်အကြာ အနားယူစေတယ်။ ဒါပေမဲ့ သူမကိုယ်ဝန်ဟာသီတင်း၂၇ပတ် အရမှာ တဖန်ပြန်ပြီး ဗိုက်နာလာပြန်ပါတယ်။

Saturday, January 28, 2012

တစ်ယောက်တည်း ကြောက်လွန်းလို့ပါ


(လှိုင်းသစ်မဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၁၃)
ခင်ဗျားကပြောတယ်၊ နားမလည်နိုင်လောက်ဘူးတဲ့၊ ကျွန်တော် ခင်ဗျားကိုယုံကြည်ပါတယ်၊ ခင်ဗျားထင်နေတယ်မဟုတ်လား၊ ကျွန်တော်တော့ စိတ်ရုးပေါက်နေပြီလို့ပဲ၊ ကျွန်တော်ကလေ တကယ်တော့ ...ချစ်ရတဲ့ သူငယ်ချင်းကြီးရေ ခင်ဗျားစိတ်ကူးထဲ ထင်မြင်ယူဆနေတာထက် ကျွန်တော့်မှာ တခြား အကြောင်းပြချက်တွေရှိနေပါသေးတယ်။

ဟုတ်တယ်၊ ခု မကြာလှတဲ့အချိန်လေးမှာ လက်ထပ်တော့မယ်၊ ပြောပြပါ့မယ်၊ ဘယ်လို့ကိစ္စမျိုးကများ ဒီအဆင့်ကိုတက်လှမ်းဖို့ တိုက်တွန်းလိုက်သလဲဆိုတာကိုလေ ... ထပ်ပြောရဦးမယ်၊ ကျွန်တော့ဇနီးဖြစ်လာမယ့် ကလေးမရဲ့ အကြောင်း ကျွန်တော်သိတာ ဆိုလို့ နည်းနည်းလေးမှ တကယ့်နည်းနည်းလေးပဲရှိတယ်၊ သူလေးရဲ့အကြောင်းက မနှစ်သက်စရာတော့လည်း သိပ်မတွေ့မိဘူး၊ အဲဒါနဲ့ပဲ လက်ထပ်ဖို့ ကမ်းလှမ်းလိုက်တာပဲ၊ သူလေးက လား .. သေးသေးကွေးကွေးလေး၊ မျှမျှတတရှိမယ့် ပုံလေး၊ တည်ကြည်မယ့်ပုံလေးပါ၊

Monday, October 17, 2011

ကားတစ်စီးထဲက ကျွန်မရဲ့ညတွေ

  • အန်ယာ (Anya)ရေးသားခဲ့တဲ့ အစွန့်ပစ်ခံ သို့မဟုတ် ဘာမှ မပိုင်ဆိုင်တဲ့ အမျိုးသမီးငယ်လေးရဲ့ ဖြစ်ရပ်မှန် စာအုပ်ဟာ ၂၀၀၇ မေလ အတွင်းက ပုံနှိပ် ထုတ်ဝေခဲ့ပါတယ်။
  • ယူနိုက်တက်စတိတ်မှာ ဆန်းဒေးတိုင်းမ်ရဲ့ ဖြစ်ရပ်မှန်(Non-Fiction) အရောင်းရဆုံး စာရင်း နံပါတ်လေး ချိတ်ခဲ့ပါတယ်။
  • စိတ်ဝင်စားသူတွေ အန်ယာရဲ့ဘလော့ဂ် ကို ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။ ဘလော့ဂ်လိပ်စာက www.wanderingscribe.blogspot.com ပါ။
  • အန်ယာဆိုတဲ့ မိန်းကလေး တစ်ယောက်ဟာ ဘက်ဆဲလား စာအုပ်ရေးသားခဲ့သူအဖြစ် အခုတော့ အိုးအိမ်မဲ့ ဘ၀ကနေ လွတ်မြောက်သွားခဲ့ပါပြီ။ ဘယ်လောက်ပဲ ဘ၀အခြေအနေတွေ ဆိုးနေပါစေ၊ အဲဒီ ဘ၀ဆိုးကနေ လွတ်မြောက်နိုင်ဖို့ အခွင့်အလမ်းတွေရှိနေတယ်ဆိုတာ အန်ယာဆိုတဲ့မိန်းကလေးက လက်တွေ့ပြသနိုင်ခဲ့တဲ့ အတွက် ကျွန်မတို့ အားလုံးအတုယူနိုင်ဖို့ မဂ္ဂဇင်း စာမျက်နှာပေါ်ကနေ ဝေငှပြောပြလိုက်တာပါ။

ကားတံခါး သော့တွေ အသေအချာ ပိတ်လိုက်ပါပြီ။ အိပ်စက်ခြင်း အရသာကို မှေးခနဲ ရယူ ဖမ်းဆုပ်မိစဉ် ခဏမှာပဲ ကျွန်မကားလေး တည်ရှိရာ လမ်းကြားဆီကို ကားမီးရောင်တွေ ဝေ့၀ဲ ဖြာ ကျလို့လာခဲ့သည်။ ဝေ့ဝေ့၀ဲဝဲ အလင်းတွေဟာ မနီးမဝေးမှာ ရပ်တန့်သွားကြ၏။ ကားစက်သံ မရပ်တန့်ခင် ဒရမ်သံ၊ ဘေ့စ်သံ ခပ်ပြင်းပြင်း ဂီတသံစဉ် တွေဟာ အဲဒီကားဆီက တွန်းထိုး လှုပ်ယမ်း အန်ကျလာပြန်သည်။ ရယ်မောသံတွေနဲ့ ကားတံခါး ဆောင့်ပိတ်လိုက်တဲ့ အသံတွေကလည်း ဆက်တိုက် ဆိုသလို ကျွန်မနဲ့ အနီးဆုံးကို ချဉ်းကပ်လာနေကြပြီ။

Friday, July 08, 2011

တစ်ကိုယ်တော်ဘ၀ကို အဆုံးသတ်တဲ့နေ့ 

Photo from
အတ္တလန်တစ် သမုဒ္ဒရာကြီးကို တကိုယ်တော် ကျော်ဖြတ်သူတွေထဲမှာ ကျွန်မဟာ အငယ်ဆုံးဖြစ်တယ်ဆိုတာ.လူတွေသိရင် သူတို့  မေးခွန်းတွေ ဒလစပ် မေးချင်နေပေလိမ့်မယ်။  အသက်၂၂နှစ်သာရှိသေးတဲ့  နုနုငယ်ငယ် မိန်းခလေးတယောက်က ၅.၈  မီတာရှည်တဲ့  လှေကြီးကို ဘယ်လို ဦးဆောင်ပဲ့ကိုင်ပြီး  ဖြတ်သန်းခဲ့တယ်ဆိုတာ ။ ရက်ပေါင်း၇၀ လုံးလုံး  လှိုင်းလေကို ဘယ်လို သတ္တိတွေနဲ့  ခုခံ တွန်းလှန်ခဲ့သလဲ ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဒုက္ခသုခတွေ ဘယ်လို မျိုး ခံနှိုင်ရည်ရှိခဲ့ သလဲ ဆိုတာတွေ သူတို့  မေးချင်ကြပေလိမ့်မယ်။

တကယ်တော့ ကျွန်မဟာ သမုဒ္ဒရာကို ဖြတ်ကျော်မယ်လို့  ဆုံးဖြတ်ချက်ချပြီးကတည်းက  မိုဟာဗီသဲကန္တာရမှာ ကီလိုမီတာ ၅၃၀၀ အထိ စက်ဘီးစီးကျင့်ခဲ့တယ်။ ကီလိုမီတာ အရှည် ၅၂၃ အထိ အလက်ဂီးနီးမြစ်ကြီးထဲမှာ  ကူးခတ်ခဲ့ပြီးဖြစ်တယ်။ ကျယ်ပြောတဲ့ ပင်လယ်သမုဒ္ဒရာထဲမှာ တယောက်တည်းရက်ပေါင်း၇၀  လှေလှော်ထွက်ရမယ်ဆိုတာ ဘယ်လောက် ငြီးငွေ့ ဖို့  ကောင်းလိုက်မလဲ။ ဘယ်လောက် အထီးကျန် ဆန်လိုက်မလဲ။တချို့ က တွေးမိကြမယ်။ဘယ်လိုဘဲ ဖြစ်စေ …
၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၃ရက်နေ့ မှာတော့  ဆီနီဂေါလ်ကမ်းခြေကနေ ကျွန်မ စထွက်ခဲ့တယ်။ 

Sunday, January 09, 2011

မျက်နှာဖုံး၏နောက်ကွယ်

ရတီ မဂ္ဂဇင်း၊ ဇန်န၀ါရီ၊ ၂၀၁၂
ထိုညနေခင်းတစ်ခုက အီလီဆေး-မွန့်မာထရီမှာ ကပွဲတစ်ခုရှိနေခဲ့ပါတယ်။ အဲဒါက မီကာရဲမဲပျော်ပွဲအခမ်းအနားပေါ့၊ လူတွေ စည်ကားလွန်းလိုက်တာ၊ ကပွဲကို စိတ်အားထက်သန်စွာ ရောက်လာကြတဲ့လူတွေဟာ မီးအလင်းဖျော့ဖျော့လေးသာရှိနေတဲ့ စင်္ကြလမ်းလေးတစ်လျှောက်ကနေ ကပွဲခမ်းမဆီ ဦးတည်တိုးဝှေ့နေကြပုံများ တူးမြောင်းထဲက ရေပေါက်ကနေလွှတ်လိုက်တဲ့ ရေတွေအရှိန်နဲ့ စီးဝင်လာကြသလိုတူနေသေးရဲ့၊ သံစုံတီးဝိုင်းကြီးရဲ့ဆူညံမြိုင်ဆိုင်လှတဲ့တေးသံတွေကလည်း မုန်တိုင်းတစ်ခုရဲ့ မြည်ဟည်းသံလိုပဲ၊ ခေါင်းမိုးတန်းတွေကို တသိမ့်သိမ့် လှုပ်ခါအောင်ရိုက်ခတ်တယ်။ အနီးအနားက အိမ်နီးချင်းတွေတစ်ပြုံလုံးလည်း လှုပ်ခါမှုနဲ့အတူ နိုးထနေကြရပြီ။ လမ်းတွေထဲမှာ၊ အိမ်တွေရဲ့ အတွင်းပိုင်းအနက်ရှိုင်းဆုံးမှာ တေးသံတွေထိုးဖေါက်ရောက်ခဲ့ပြီ၊ တခဏလေး ငိုက်မျည်းနေကြတဲ့ အနီးအနားက လူ၊ တိရစ္ဆာန်အားလုံးဟာ ငြင်းဆန်ခြင်းငှာ မစွမ်းသာတော့ဘူး၊ တေးသံတွေက ခုန်ပေါက်ကြဖို့၊ မြူးတူးကြဖို့ အနွေးဓါတ်ရဖို့ အားလုံးကို လှုပ်နိုးခဲ့ပါပြီ။

Tuesday, September 07, 2010

ကွက်လပ်ကိုယ်ခန္ဓာနှင့် တစ္ဆေများ

ပါစကဲဒိုရီရန် ဟာ ဘဲလ်အဲမှာနေပါတယ်။ ဘဲလ်အဲ ကို .. တစ်ချို့လူတွေက ဟေတီနိုင်ငံရဲ့ ဘက်ဂ်ဒက်လို့ခေါ်နေကြတယ်။ ဘဲလ်အဲဧရိယာလေးဟာ ပျက်ဆီးဆုံးပါးမှုတွေနဲ့ ကြမ်းကြုတ်ရက်စက်တဲ့ ၀န်းကျင်ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပြီ။ အဲဒီနေရာလေးမှာ အလယ်တန်းကျောင်းသား ကလေးငယ် ရာပေါင်းများစွာက ဒေသတွင်း အနုပညာပြိုင်ပွဲတစ်ခုမှာ ပါဝင်ကြဖို့ အားသွန်ခွန်စိုက် ပုံတွေဆွဲခဲ့ကြတယ်။ သူတို့ဆွဲလိုက်တဲ့ ပုံတွေက .. အမ် ၁၆ မောင်းပြန်ရိုင်ဖယ်သေနတ်တွေရယ်၊ ခေါင်းပြတ်နေကြတဲ့ တုံးတိတိအလောင်းအပိုင်းအစတွေရယ်၊ ရေးထားတဲ့ အညွှန်းစာသားတွေကရော .. “အသုဘအခမ်းအနားစီတန်း လှည့်လည်နေချိန်ကြီး ပစ်ခတ်တိုက်ခတ်တာဟာ ယဉ်ကျေးမှုမရှိပါဘူး” တဲ့။ “ကျွန်တော်တော့ ကျွန်တော့်လက်နက်တွေ ကိုင်စွဲထားဖို့  အူမြူးနေပါပြီ၊ ခင်ဗျားကရော” တဲ့။

ဘဲလ်အဲဟာ တကယ်တမ်းတော့ အလယ်အလတ်တန်းစား ဆင်းရဲသားရပ်ကွက်ငယ်လေးပါ။ အဲဒီမှာ ပရိုတက်စတင့်နဲ့ ကက်သလစ်ဘုရားကျောင်းအနည်းငယ်ရှိတယ်။ ဗူးဒူးမှော်ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ မုန့်ဖိုတွေနဲ့ အ၀တ်သန့်စင်လုပ်ငန်းတွေ ရှိတယ်။ အင်တာနက်ကဖေးတွေတောင် ရှိနေပါတယ်။ ဘဲလ်အဲမှာ ဂိုဏ်းစတားရန်ပွဲတွေ အစတုန်းကမရှိခဲ့ဘူး၊ ဂိုဏ်းအဖွဲ့တစ်ဖွဲ့တော့ရှိနေခဲ့ပြီ။

Saturday, August 14, 2010

ရေစက်လေးများ... များ များ များ... ဟော... ပင်လယ်လောက်ကြီး

(ရတီမဂ္ဂဇင်း၊ ဖေဖေါ်ဝါရီ၊ ၂၀၁၆)

အခုတော့ လယ်ရီတစ်ယောက်သွားရှာပြီ။ ကျွန်တော်တို့လို လူပျိုတွေဆိုတာ အထီးကျန်နေတဲ့လူအမျိုးအစားတွေပါ။ ကျွန်တော်သာ အချိန်တွေများများစားစား အထီးကျန်မဟုတ်ခဲ့ဘူးဆိုရင် အဆိုကောင်းလှတဲ့ လယ်ရီဝှိုက်မန်းနဲ့ သူငယ်ချင်းဖြစ်ခဲ့ကြမှာ မဟုတ်ဘူး။ သူငယ်ချင်းတော့လည်းမဟုတ်ဘူး၊ လုပ်ဖော်ကိုင်ဖက်လို့ပြောရမယ်။ အဓိပ္ပါယ်ကတော့ သူရဲ့အကျင့်စရိုက်တွေ အသေးစိတ်ကြိုက်ကြိုက် မကြိုက်ကြိုက် သူနဲ့ အချိန်ဖြုန်းဖြစ်တာပေါ့ဗျာ။ လူပျိုကြီးတွေ အသက်ကြီးလာရင် ကျွန်တော်တွေ့နေရသလို၊ သူတို့မှာ မိတ်ဆွေအပေါင်းအသင်းကဏ္ဍချဲ့ဖို့ နယ်ပယ်ကျဉ်းသထက်ကျဉ်းလာတော့တာပဲလေ။ သူတို့ရဲ့ဘ၀တွေ၊ သူငယ်ချင်းတွေ ကလည်း အလေ့အထတစ်ခုလို မပြောင်းလဲချင်တော့ဘဲ စွဲစွဲမြဲမြဲရှိလာကြတာ၊ စီမံကိန်းတစ်ခုရဲ့အစိတ်အပိုင်းလိုပဲ။ ဥပမာဆိုရရင် လယ်ရီ ကြောက်စရာကောင်းလောက်အောင် စိတ်ကြီးဝင်လွန်းတာ သိသိကြီးနဲ့လည်း လျစ်လျူရှုပြီး သူနဲ့ မှန်မှန်တွေ့လိုက် မှန်မှန်မတွေ့လိုက် နေလာ၊ ပေါင်းသင်းလာတာ နှစ်တွေကြာပြီ။ မှန်မှန်တွေ့လိုက် မှန်မှန်မတွေ့လိုက်ဆိုတာကို ကျွန်တော်ပြန်နားလည်သဘောပေါက်လာတာက လယ်ရီ့ကို အင်္ဂါနေ့ ညနေငါးနာရီနဲ့ ခြောက်နာရီမှာဆို ရှိနေကြနေရာတွေမှာ ရှိကိုရှိနေတယ်။ အလေ့အထက ပြောင်းပဲမပြောင်းတော့ဘူး။ ကျွန်တော်လည်းပဲ ဒီလိုဖြစ်လာတာပါပဲ။ ကျွန်တော့်မှာ သောကြာနေ့ညနေတွေဆို ဒိတ်လုပ်တဲ့ကိစ္စတွေရှိတယ်။ လယ်ရီကမေးတယ်။ ကျွန်တော်ပြောပြတယ်။ နောက်တစ်ပတ်အတွက် သောကြာနေ့ညနေ ဘာအစီအစဉ်ရှိလဲ ထပ်မေးနေလည်း ကျွန်တော်က ဒိတ်လုပ်တဲ့ကိစ္စပဲ ဖြေဦးမှာ၊ ဒါပဲပေါ့ဗျာ။ မြန်မြန်လေးထပ်ပြောဦးမယ်။ ကျွန်တော် အမျိုးသမီးတွေကိုကြိုက်တယ်။ ဒါပေမဲ့လည်း ရွေးချယ်မှုတွေကြောင့် လူပျိုတစ်ယောက်ဖြစ်နေဆဲပဲ၊ ကျွန်တော်ကရွေးချယ်လိုက်တာနဲ့ သူတို့ကရွေးပယ်လိုက်ကြတာပဲ၊ ကျွန်တော်နားလည်သဘောပေါက်လိုက်တာကတော့ လူပျိုတွေက အထီးကျန်လူသားတွေဖြစ်နေတဲ့အချိန်မှာ အိမ်ထောင်ရှင်အမျိုးသား တွေကလည်း မှီခိုတွယ်ကပ်နေသူတွေရှိလျက်နဲ့ အထီးကျန်နေကြတာပါပဲ။

ကျွန်တော် အမျိုးသမီးတွေကြိုက်တယ်လို့ ပြောရရင်။ နာမည်တပ်ပြီးသတ်သတ်မှတ်မှတ်ပြောနိုင်ပါတယ်။အကြောင်းကတော့ လယ်ရီနဲ့ ဒီလောက်ပေါင်းနေမှတော့ လယ်ရီ အဆင့်ဆင့်ရွေးချယ်သတ်မှတ်သလို ကျွန်တော်ကလည်း သဘောကျသွားတာ။ အီဒါ့ဗရေခန်- စကန်နက်တဒီမြို့တော်က အရက်ချက်သူရဲ့သမီးလေး .. သီချင်းဆိုချင်ခဲ့သူလေး။ ဂျဲနစ်ဂဲနီ- အင်ဒီယာနာပေါလစ်မြို့က ကုန်မာကုန်သည်ကြီးရဲ့သမီးလေး .. သီချင်းဆိုချင်ခဲ့သူလေး။ ဘီးထရစ်ဝါးဂ်နာ- မဲလ်ဝါးကီမြို့တော်က အတိုင်ပင်ခံအင်ဂျင်နီယာရဲ့သမီးလေး .. သီချင်းဆိုချင်ခဲ့သူလေး နဲ့ အဲလန်စပါ့ခ်စ်- ဘတ်ဖဲလိုမြို့တော်က လက်ကားကုန်စုံရောင်းသူရဲ့ သမီးလေး .. သီချင်းဆိုချင်ခဲ့သူလေးပေါ့ဗျာ။

Tuesday, July 27, 2010

ည၏ ခြောက်လှန့်မှုများ

ညနက်သန်းခေါင်  ဟိုတယ် စင်္ကြန်လမ်းတွေပေါ်မှာ  ...
တရွေ့ ရွေ့ သွားလာနေတာ ..ဘယ်သူပါလဲ ။
ဝိညာဉ်လား..တစ္ဆေလား..။
မျက်စိ တပ်အပ် ..သေချာ မြင်ခဲ့တာလို့  ယုံကြည်ရမလား။

တက္ကဆက်ပြည်နယ်  ဆန်အန်တိုနီယို အရပ် က  ခန်းနားသိုက်မြိုက်လှတဲ့  မင်ဂါဟိုတယ် စင်္ကြန်လမ်းတွေမှာ  ညကြီးမင်းကြီး အချိန်မတော်
ကျမ ဟိုတယ် အလုပ်သမလေး  “ ဆယ်လီဝှိုက်”  ကို အငန်းမရ ရှာဖွေနေမိတယ်။
ညညတွေမှာ  ဆယ်လီဝှိုက်ဟာ  ဟိုတယ်သုံး လိုင်နင်စတွေ ၊မျက်နှသုတ်ပုဝါတွေ  တပွေ့ တပိုက် သယ်ဆောင်ရင်း  စင်္ကြန်လမ်းတွေမှာ
ခေက်တုံ့ ခေါက်ပြန် ကွေ့ ပတ်ရှောက်သွားနေတတ်ကြောင်း ကျမ သိထားလို့ ပါ။ မျက်နှာသုတ်ပုဝါတွေ ကျမ မလိုပါဘူး။ ကျမလိုတာက..
ဘာလဲဆိုရင် ...။