Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, August 31, 2013

Blog Day မှာ

၂၀၁၁ တုန်းက ကိုအောင်(ပျူနိုင်ငံ) တက်ဂ်တဲ့ Blog Day ပိုစ့်ပါ။ ပုံတွေ ပျက်ကုန်တာနဲ့ အခုပြန်ရှာပြီး ပြန်တင်ပေးလိုက်ပါတယ်။ အရင်က ရေးထားဖူးတဲ့စာအတိုင်းပဲ ပြင်မနေလိုက်တော့ပါဘူး။ ကိုယ့်ဘာသာပြန်ဖတ်ကြည့်တော့ အမှတ်ရစရာကောင်းတာနဲ့ပဲ။ အခု "ဘလောဂ့်ဂါများ၏ နှလုံးသားကိုလှုပ်ခါနိုင်စွမ်းသူ ဘလောဂ့်ဂါ ဘရာသာ ရန်အောင် က ဒီနှစ်မှာ တခါထပ်ပြီး လှုပ်ရှားစေတာမို့
အားလုံးအတွက် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးပေါ့။
ဘလောဂ့်ဂင်းကာတွန်းလေးတွေ ပြန်ပြီးမျှဝေလိုက်ပါတယ်။

(မီးပူတွေ တစ်ပုံကြီးတိုက်စရာ ရှိနေလို့ပါ)
အလုပ်တွေလည်း လုပ်စရာအများကြီးနဲ့ ဒီလိုလေး ပြန်တင်လိုက်ပါတယ်။ ဒါလည်း အချိန်ယူတော့ယူလိုက်ရပါတယ်ဂျာ၊ ဘရာသာ ရန် နားလည်ပါနော်)

Friday, August 30, 2013

ဟိုသတင်း ဒီသတင်း

၁.  ဘိုးရင်း A380 ရဲ့ ၅ နှစ်မြောက်နှစ်ပတ်လည်
Emirates လေကြောင်းလိုင်းရဲ့ ဘိုးရင်း A380 လေယာဉ်ဟာ စတင်ပျံသန်းခဲ့တာ သြဂုတ်လထဲမှာ ၅ နှစ်ရှိခဲ့ပါပြီ။ ပထမဆုံး Airbus Flight A380 ကို နယူးယောက်မြို့ခရီးဆုံး ၂၀၀၈ သြဂုတ်လ ၁ ရက်နေ့က ပျံသန်းခဲ့တယ်။ လက်ရှိမှတ်တမ်းတွေအရ လေကြောင်းလိုင်းတွေမှာ ခရီးစဉ် ၂၁ ခု အထိ လန်ဒန် ဟိသရိုးလေဆိပ်အပါအဝင် ရောမ၊ မော်စကို၊ ဟောင်ကောင်၊ ဘန်ကောက် နဲ့ အောကလန်မြို့တွေ ပါဝင်ခဲ့ပါတယ်။ Emirates လေကြောင်းလိုင်းရဲ့ ဥက္ကဌ တင်မ်ကလာ့ခ်က “ငါးနှစ်တာအပြောင်းအရွေ့ကာလတွေဖြတ်သန်းခဲ့ပြီးတဲ့အချိန်မှာ ဒီစံချိန်တင်နိုင်လောက်တဲ့လေယာဉ်ရဲ့ လှုပ်ရှားပျံသန်းမှုတွေရဲ့ Emirates ရဲ့ လေကြောင်းခရီးသွားလုပ်ငန်းမှာရင်ဆိုင်ရတဲ့ကိစ္စတွေကို ပြောင်းလဲစေနိုင်ခဲ့ပါတယ်” လို့ဆိုတယ်။ “သူ့ရဲ့ လူသိများမှုဟာ အခုဆိုကျွန်တော်တို့ရဲ့ ခရီးသွားကွန်ယက် ၆ နေရာမှာ မြံမြံစွာခြေကုပ်ယူနိုင်ခဲ့ပါပြီ။ ခရီးသည်တွေက လေယာဉ်ထဲမှာပါတဲ့ပစ္စည်းဝန်ဆောင်မှုတွေကို ဆက်ပြီးအသုံးပြုဖို့ စိတ်အားထက်သန်နေပါပြီ။ ကြီးမားတဲ့လေယာဉ်ကြီးတစ်ခုလုံးရဲ့ ငြိမ်သက်မှု၊ Economy Class ရဲ့ ပြိုင်ဘက်ကင်းကျယ်ပြန့်မှု၊ Business Class က လှဲအိပ်စရာထိုင်ခုံအမျိုးအစား နဲ့ First Class မှာ ရေချိုးကန်၊ spa နှစ်ခု အေးအေးလူလူအသုံးပြုနိုင်တာတွေဟာ ခရီးသွားတွေရဲ့ စိတ်ကြိုက်ဝန်ဆောင်မှုတွေဖြစ်နေတာကြောင့်ပါ” လို့ ထပ်ပြီးပြောပါတယ်။ Emirates ခရီးစဉ်တွေမှာ ဒူဘိုင်း၊ အမ်စတာဒမ်၊ အောကလန်၊ ဘန်ကောက်၊ ဘီဂျင်း၊ ဟောင်ကောင်၊ ဂျက်ဒါး၊ ကွာလာလမ်ပူ၊ လန်ဒန်ဟိသရိုး၊ မန်ချက်စတာ၊ မဲလ်ဘုန်း၊ မော်စကို၊ မြူးနစ်၊ နယူးယောက်JFK ၊ ပဲရစ်၊ ရောမ၊ ဆိုးလ်၊ စင်္ကာပူ၊ ရှန်ဟိုင်း၊ ဆစ်ဒနီ နဲ့ တိုရွန်တိုမြို့တွေပါဝင်ပါတယ်။ နောက်ထပ်ထပ်မံတိုးချဲ့တဲ့ခရီးစဉ်သစ်တွေမှာ ဘရစ်ဘိန်း (လာမယ့် အောက်တိုဘာ ၁ ရက်နေ့က စတင်ပြီး)၊ လောစ့်အင်ဂျယ်လိစ် (ဒီဇင်ဘာ ၂ )၊ မော်ရေးရှပ် (ဒီဇင်ဘာ ၁၆ ) နဲ့ ဇူးရစ်မြို့ကို ဇန်နဝါရီ ၂၀၁၄ မှာ ပျံသန်းပါလိမ့်မယ်။

Thursday, August 29, 2013

ကောင်းကင်မှာအတောင်ဆန့် ပျံဝဲလိုသူ ဂျွန်ထရာဗိုလ်တာ

ဂျွန်ထရာဗိုလ်တာဟာ ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ချီးကျူးဂုဏ်ပြုခံရဆုံး၊၊ ပရိတ်သတ်အတွက် အမြဲကြိုးကြိုးစားစားသရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တွေထဲကတစ်ဦးပါ။ ၁၉၇၅ ခုနှစ်က တီဗီဇာတ်လမ်းတွဲ Welcome Back, Kotter မှာ အတန်းဖော်တွေကြားထင်ပေါ်သူ၊ စိတ်ကြီးဝင်၊ ဘဝင်ခိုက်နေတဲ့ အီတလီ-အမေရိကန်ကပြားလူငယ်လေး၊ ပျိုတိုင်းကြိုက်တဲ့လူငယ်လေး Vincent "Vinnie" Barbarino ဆိုတဲ့ အဖြစ် ရွှတ်နောက်နောက်သရုပ်သွားခဲ့ပုံနဲ့ စပြီးသရုပ်ဆောင်ခဲ့တယ်။

Wednesday, August 28, 2013

ဆီးရီးယားအပြောင်းအလဲက ဆိုးတဲ့ဘက်မှာ

ယူအက်စ်ကာကွယ်ရေးပန်တဂွန်စစ်ဌာနချုပ်က “ရှေ့ဆက်ဖို့အသင့်” လို့ပြောလာပါပြီ။ ဆီးရီးယားနိုင်ငံသားတွေကို ဓာတုလက်နက်သုံးပြီးဆန့်ကျင်နှိမ်နင်းခဲ့တယ်လို့  သင်္ကာမကင်းဖြစ်ခဲ့ရတာကြောင့် စစ်ရေးအရအရေးယူတော့မယ် ဆုံးဖြတ်လိုက်ပါတယ်။ အမိန့်တွေရလိုက်တာနဲ့ စစ်ရေးတိုက်ခိုက်မှုတွေစတင်တော့မှာပါ။ ဆီးရီးယားပြည်တွင်းစစ်ပွဲဟာ ၂ နှစ်ကျော်လာခဲ့ပါပြီ။ ဒါပေမဲ့ အခြေအနေက သိပ်ကိုရှုပ်ထွေးလာခဲ့ပါတယ်။ breaking news သတင်း အရူးအမူးစွဲလမ်းနေသူတွေတောင် သတင်းတွေနောက် ထပ်ကြပ်မကွာလိုက်ဖို့ ခက်ခဲလာတဲ့အထိပါပဲ။ အချိန်တိုင်း သတင်းတိုင်းက ကြားဖြတ်သတင်းမျိုးတွေဖြစ်နေကြတယ်။ အခုဆိုရင် ဝါရှင်တန်ဟာ ဒီကမ္ဘာကြီးထဲက မတည်ငြိမ်ဆုံးဒေသထဲက တစ်ခု ဖြစ်တဲ့ ဆီးရီးယားကို ဒုံးကျည်ဘယ်နှစ်ခုအသုံးပြုပြီးအရေးယူတိုက်ခိုက်ကြမလဲ အပြင်းအထန်စဉ်းစားနေပါတယ်။  ဒီအချိန်ဟာ ဆီးရီးယားအခြေအနေကို ခြေရာပြန်ကောက်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဒီသတင်းလွှာဟာ ဆီးရီးယားပြည်တွင်းစစ်နောက်ကြောင်းကို အမြန်ဆုံးသိနိုင်မှာပါ။ စွယ်စုံကျမ်းတစ်ခုလို ဆီးရီးယားသမိုင်း ခြုံငုံဝန်းပတ်မိဖို့တော့ ရည်ရွယ်မထားပါဘူး။ ဒါပေမဲ့ အန္တရာယ်ရှိဒေသတစ်ခုရဲ့ ကြောက်လန့်စရာအခြေအနေ၊ ဘယ်လောက်အထိအရေးတကြီးဖြစ်နေကြပြီလဲ။ အဲဒီနောက်ဆုံးအနေအထားကို သိမြင်နိုင်ပါလိမ့်မယ်။

အချစ်အိမ်လေးထဲမှာ

ပန်းချီသရုပ်ဖော် Artist မင်းသူရိန် 
ယမုံတို့လက်ထပ်ပြီးရင် တခြားအိမ်ထောင်ပရိဘေဂတွေ ဘာမှမရှိရင်နေ၊ ရေခဲသေတ္တာလေးတစ်လုံးတော့ မဖြစ်ဖြစ်အောင်ဝယ်မယ်လို့  စိတ်ကူးထားတဲ့အတိုင်း မောင့်လက်ကိုဆွဲလို့ ရေခဲသေတ္တာ အရောင်းဆိုင်တွေကို ခြေတိုအောင် လျှောက်ကြည့်ကြတယ်။ လက်ထဲမှာ ငွေအင်အားကလည်း မတောင့်တင်း၊ အိမ်သုံးပစ္စည်းတွေကလည်း မိုဒယ်နံပါတ်အသစ် ၀င်လာတာနဲ့အမျှ ဈေးနှုန်းတွေက တစ်ဟုန်ထိုး တက်နေလေတော့ အတော့်ကို ကသီလင်တ နိုင်ခဲ့ကြတယ်။ နောက်ဆုံးတော့ လျာထားတဲ့ ငွေကြေးပမာဏနဲ့ ကိုက်ညီတဲ့ ရေခဲသေတ္တာ လေးတစ်လုံး ရခဲ့တယ်။
            “ နည်းနည်းတော့ သေးတယ်၊ ယမုံ ကြိုက်မှကြိုက်ပါ့မလား”
            မောင်ကမေးတော့ ယမုံချက်ချင်းပြန်မဖြေနိုင်ဘုး။ မောင့်နောက်ကျောဘက်က လူတစ်ရပ်စာမကမြင့်တဲ့ ရေခဲသေတ္တာ အကောင်းစားကြီးဆီ ရောက်နေတဲ့ မျက်လုံးတွေကို ကပျာကသီ လွှဲဖွယ်ရင်း ယမုံ ခေါင်းညိတ်ပြလိုက်ပါတယ်။
            “ ကြိုက်ပါတယ်၊ အကြီးကြီး ဘလုပ်မှာလဲ နော့၊ ယမုံနဲ့မောင်နဲ့ နှစ်ယောက်တည်းပဲဟာ၊ ဒါလေးက အနေတော်ပါပဲ”
            ရေခဲသေတ္တာလေးကို တက္ကစီပေါ်ကချပြီး အိမ်ထဲသယ်လာကြတော့ နှစ်ယောက်သားခြေလှမ်းတွေ သိသိသာသာ တက်ကြွနေတယ်။
            “ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အပိုင်ဝယ်ဖူးတာဆိုလို့ ဒီရေခဲ့သေတ္တာလေးက ပထမဆုံးပဲ၊ မောင် သူ့ကို ကောင်းကောင်း ကိုင်တွယ်အသုံးပြုရမယ်နော်”လို့ ပြောလို့ မောင်က ယမုံကို သဲလိုက်တာတဲ့။
xxxxxx
ရေခဲသေတ္တာလေးကို ယမုံတို့အိပ်ခန်းထဲမှာပဲ ထားတယ်။ အပြင်တစ်နေရာရာကပြန်လာရင် ရေခဲသေတ္တာလေးထဲက သစ်သီးအေးအေးလေးတွေယူစားရတာ ယမုံ သိပ်ကြိုက်တယ်။ ယမုံ့အကြိုက် လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ပန်းသီးတွေအပြင် ဖရဲသီးနဲ့သင်္ဘောသီးကိုတော့ အတုံးလေးတွေတုံးပြီး ဘူးတွေနဲ့ထည့်ထားတယ်။ အပြင်ကပြန်လာရင် ချက်ချင်းစားရုံပဲ။ ဒါပေမဲ့ ရေခဲသေတ္တာလေးထဲ အပြည့်အသိပ်တော့ မထည့်ချင်ဘူး၊ အပြင်မှာ ကျန်နေတဲ့ သစ်သီးတွေကို ကြည့်ပြီး “ ဆံ့သေးတာပဲ၊ ဘာလို့အကုန်မထည့်တာလဲ” လို့ မောင်ကပြောတယ်။
“ရေခဲသေတ္တာလေး အသက်ရှူကျပ်မှာစိုးလို့ အကုန်မထည့်တော့ဘူး” လို့ စိတ်ထဲရှိတဲ့အတိုင်း ယမုံ ပြောတော့ မောင် က ယမုံ့ဆံပင်တွေကို ချစ်စနိုးထိုးဖွပြီး ခွက်ထိုးခွက်လန်ရယ်နေတော့တယ်။
“ဒါလေးတော့ထည့်ပါရစေဦးဗျာ ”လို့ ခွင့်တောင်းပြီး သူဝယ်လာတဲ့ Chang ဘီယာဘူးတွေ လာထည့်သွားတယ်။  သစ်သီးအေးအေးလေးတွေကို ယမုံကြိုက်ပေမဲ့ ရေကိုတော့ အေးကျင်နေတာ မသောက်တတ်ဘူး။ ရေနွေးပဲ သောက်လေ့ရှိတဲ့ ယမုံဟာ အခုတော့ ရေခဲသေတ္တာလေးကို အဖော်လုပ်ပြတဲ့သဘောနဲ့ သူ့အထဲကနေ ရေအေးအေးတွေ ပုလင်းလိုက် ဆွဲယူမော့သောက်တတ်နေပါပြီ။ ညညရေထထသောက်တတ်တဲ့မောင့်အတွက်လည်း အကိုက်ပေါ့။ အိပ်ချင်မူးတူး ထသောက်ပြီး ရေခဲသေတ္တာတံခါးကို ပိတ်တာ လက်ကြမ်းလွန်းလို့ ယမုံ့မှာ `ဖြည်းဖြည်းလုပ်ပါမောင်ရယ်၊ ယမုံ့အသည်းလေး နာသွားပါဦးမယ်´လို့ မောင့်ကို ဟန့်ရသေးတယ်။
နေ့လယ်နေ့ခင်းဆိုရင် ကော်ဖီကို အပူမသောက်ဘဲ ရေခဲသေတ္တာထဲ အအေးခံထည့်ထားပြီးယမုံသောက်တယ်။ မောင် အလုပ်ကပြန်လာတာနောက်ကျရင်လည်း ယမုံမမှုတော့ဘူး။ ရေခဲသေတ္တာလေးကို အရိပ်တကြည့်ကြည့်နဲ့ စိတ်ထဲ အဖော်တစ်ယောက်ရှိနေသလို ခံစားရတယ်။ သူ့အထဲ ဖြည့်ရမယ့်ဟာတွေ ထပ်ဖြည့်၊ ဆွဲထုတ် စားသောက်စရာရှိတာ စားလိုက် သောက်လိုက်နဲ့ မောင့်ကိုတောင်မှ မေ့နေခဲ့တယ်။ တစ်ခါတစ်ခါ မောင်နဲ့ နှစ်ယောက်အပြင်သွားပြီး လင်နဲ့မယား လျှာနဲ့သွား ဆိုသလို စကားစမြည်များရာက အေးတိအေးစက် ပြန်လာကြတယ်ဆိုဦးတော့ အိမ်ခန်းထဲအ၀င်မှာ ရေခဲသေတ္တာလေးထဲက ရေပုလင်းဆွဲယူသောက်ကြ၊ သစ်သီးတွေ လုစားကြနဲ့ ဘာမှမဖြစ်ခဲ့သလို မောင်နဲ့ယမုံ ချစ်ချစ်ခင်ခင် ပြန်ဖြစ်သွားကြတယ်။ ရေခဲသေတ္တာလေးရှေ့မှာ နှစ်ယောက်သား အေးစက်နေတဲ့ နှလုံးသားတွေ ပြန်လည်ပူနွေးလာကြပြီး စောစောက စကားများခဲ့တာလည်း မေ့၊ အေးတိအေးစက်ဖြစ်ခဲ့တာလည်း မေ့နဲ့ ရေခဲသေတ္တာလေးအရှေ့မှာ ရယ်ရယ်မောမော ပြန်ဖြစ်သွားကြတာချည်းပါပဲ။ အဲဒါ ရေခဲသေတ္တာလေးကြောင့်ပါ။ သူလေးက ယမုံတို့ရဲ့ ဘ၀ကို စိုပြည်ရွှန်းလက်စေခဲ့တာအမှန်ပါ။ ဒါကြောင့်ပဲ ယမုံရော မောင်ရော သူလေးကို နင့်နင့်သီးသီး သံယောဇဉ် တွယ်မိနေကြပါပြီ။ သူလေးက ယမုံတို့နှစ်ဦးရဲ့ အသည်းနှလုံးပေါ့။
xxxxxxx
အစ်မကြီးဆီက ဖုန်းလာတယ်။ လာမယ့်တနင်္ဂနွေနေ့မှာ ယမုံတို့မောင်နှမတွေအားလုံး အဖေအမေရှိရာ သံလျင်က အိမ်မှာဆုံကြမယ်တဲ့။ မိသားစုတွေဝင်အားလုံး သာမက အမျိုးအဆွေတွေအားလုံး ဆုံကြမှာမို့ မောင့်ကိုပါ ခေါ်ခဲ့ရမယ်တဲ့။ တစ်နေကုန် နေကြပြီး ညနေမှ ပြန်ရမယ်တဲ့။ တနင်္ဂနွေမနက်အိပ်ရာနိုးတော့ မောင်က အရေးကြီးတဲ့မိတ်ဆွေတစ်ယောက်နဲ့ တွေ့ဖို့သွားရမှာမို့ သူမလိုက်နိုင်တော့ဘူး တဲ့။ ယမုံစိတ်တွေဆိုးလိုက်တာ ပြောမနေနဲ့တော့။ မောင့်မျက်နှာကလည်း သုန်မှုန်နေတာပဲ။ မလိုက်ဖြစ်တာ သူ့ဘက်က ပျက်ကွက်တာလေ။ ဒါကို သူက ပြေပြေပြစ်ပြစ်မပြောဘဲ မာရေကျောရေနဲ့ စကားသံပြတ်ပြတ်ကြီးတွေနဲ့ ပြောတော့ ယမုံ လည်း ဒေါသတွေ အ၇မ်းထွက်လာတယ်။ မဆီမဆိုင် ရေခဲသေတ္တာကို သွားပြီး ပြဿနာလုပ်မိတယ်။ တံခါးဖွင့်၊ အထဲက သစ်သီးတွေအကုန် အိမ်ပြတင်းပေါက်ကနေ တစ်ခုပြီးတစ်ခုလွှင့်ပစ်ချ၊ ရေဘူးတွေအကုန် ထုတ်ပြီး ရေတွေသွန်ချ၊ ဘီယာဘူးတွေလည်း လွှင့်ပစ်ချနဲ့ ယမုံ သောင်းကျန်းမိတယ်။ ရေခဲသေတ္တာဆေ့ဂါ့ထ်က ကြိုးတွေလည်း အကုန်ဆွဲဖြုတ်ပစ်တယ်။ ဒီလိုလုပ်နေတာကို သူက မတားဘူး၊ တကယ်ဆို ဒီရေခဲသေတ္တာလေးက ယမုံတို့နှစ်ဦးရဲ့ အသည်းနှလုံးပဲလေ။ ပျက်စီးချင် ပျက်စီးပလေ့စေ ဆိုတဲ့ ဥပေက္ခာအသွင်ကို မြင်ရတော့ ယမုံ ပိုဒေါသထွက်တာပေါ့။ တစ်ယောက်တည်း သံလျင်ကို ထွက်လာခဲ့တယ်။ ညနေမှာ မပြန်ဘဲ နဲ့ အမေတို့အိမ်မှာပဲ အိပ်လိုက်တယ်။ အဲဒီညမှာပဲ ယမုံယောင်ရမ်းပြီး အိပ်ရာက ခဏခဏနိုးတယ်။ အခန်းထဲ စမ်းတ၀ါးဝါးနဲ့ ရေခဲသေတ္တာလေးကို ယောင်ရမ်း ထရှာမိတဲ့အထိပဲ။ ရေဆာလိုက်တာ။ အမေ့အိမ်ရဲ့ မီးဖိုချောင်ထဲက ရေသန့်ဘူးကြီးရဲ့ ဘုံဘိုင်ခေါင်းလေးကနေ ကျလာတဲ့ရေကို ပူလှချည့်လို့ ထင်မှတ်မိပြီး သောက်လို့မရဘူး ဖြစ်နေတယ်။ ညကို ဘယ်လိုဖြတ်သန်းရမှန်းမသိဘူး။ ရေခဲသေတ္တာလေးဆီပဲ စိတ်ရောက်နေတယ်။ ကော်ဖီအေးအေးလေး သောက်လိုက်ချင်တဲ့စိတ်တွေလည်း တားမနိုင်ဆီးမရပေါ်နေတယ်။ ဟိုလူ့ကိုတော့ သတိမရပါဘူး။ သွား…စိတ်ဆိုးနေတဲ့ မိန်းမတစ်ယောက်ကို ချော့ရကောင်းမှန်းမသိတဲ့ အလကားလူ။
            ယမုံ့မှာ တစ်ညလုံး အိပ်မရတဲ့စိတ်တွေနဲ့ နောက်ဆုံး မိုးလင်းခဲ့တော့တယ်။ အိမ်ကိုအပြေးပြန်ပြီး ရေခဲသေတ္တာလေးဆီ အရောက်သွားချင်စိတ်နဲ့ လွမ်းလွမ်းကြီးဖြစ်နေတယ်။ အဲဒီမှာပဲ ဖုန်းသံ၊ မက်ဆေ့ခ်ျဝင်တာ ကြားတယ်။ ကြည့်လိုက်တော့….. 
“ ရေခဲသေတ္တာလေးက မင်းကို မျှော်နေတယ်၊ သူငိုနေတယ်၊ ယမုံဘယ်တော့လာမှာလဲ မေးနေတယ်၊ ကိုယ်ဘယ်လိုပြောလိုက်ရမလဲ”တဲ့။ ဇော်ဂျီဖောင့်နဲ့ ရိုက်ပို့လိုက်တဲ့ မြန်မာစာလုံးဝိုင်းဝိုင်းစက်စက်လေးတွေကိုကြည့်ရင်း ယမုံ ၀မ်းနည်းပက်လက်ဖြစ်သွားတယ်။ ရေခဲသေတ္တာလေးကို သနားသွားတာလားပဲ မပြောတတ်ပါဘူး။ ရေခဲသေတ္တာလေးကပဲ ယမုံ့ကို မျှော်တာလား၊ သူကရော ……အဲဒီလို တွေးမိရင်း မျက်ရည်တွေကျလာတယ်။
“ ကျွန်မ အခုပြန်လာနေပြီလို့ သူ့ကို ပြောထားလိုက်ပါ”လို့ မက်ဆေ့ခ်ျပြန်ပို့လိုက်တယ်။ မျက်ရည်တွေအမြန်သုတ်ပြီး အိမ်ဆီ အပြေးပြန်ခဲ့တော့တယ်။ သံလျင်ကားက နှေးနေတယ်လို့ထင်မိတယ်။ နာရီကြည့်တော့ ၁၀နာရီ၊ ဒီအချိန်ဆို သူ အလုပ်သွားလောက်ပြီ။ အို သွား သွားပေါ့၊ သူ့ဆီ ပြန်လာတာမှမဟုတ်တာ၊ ငါက ရေခဲသေတ္တာလေးဆီ ပြန်မှာ။ အဲဒီလို တိုးတိုးလေးပြောရင်း  ကိုယ့်ကိုယ်ကိုယ် ယမုံ ရယ်ချင်နေမိတယ်။ အိမ်နားက ဈေးကလေးမှာ သစ်သီးတွေ ၀င်ဝယ်တယ်။ Chang ဘီယာနှစ်ဘူး ပါ ဘယ်လိုလုပ် ၀ယ်မိလိုက်မှန်း ယမုံ မသိပါဘူး။ တစ်ဦးစီသီးသန့်ဆောင်ထားတဲ့ သော့နဲ့ အိမ်တံခါးကိုဖွင့်ဝင်ပြီး ရေခဲသေတ္တာလေးရှိရာ အိမ်ခန်းထဲအပြေးသွားပြီး တံခါးလေးဆွဲဖွင့်လိုက်တယ်။
“ အို ”
ယမုံ အံ့သြသွားတယ်၊ သစ်သီးတွေအပြည့်ပါလား၊ လက်ထဲက သစ်သီးအထုပ်ကို ချလိုက်ပြီး ပန်းသီးတစ်လုံးကို ယူစားလိုက်တယ်။ အားပါးပါး အေးပြီး ကြွပ်နေတာပဲ။ ရင်ထဲကို အေးမြ သွားတာပဲ။ တစ်ကိုက် နှစ်ကိုက် သုံးလေးကိုက်…..။
“ ကိုယ့်ကိုလည်း ကျွေးပါဦး”
အမလေး… ယမုံ လန့်သွားတယ်။ သူ အလုပ်မသွားခဲ့ဘူးပေါ့။ ပြုံးပြုံးကြီး ကြည့်နေတဲ့ မောင့်ကို တွေ့ရတယ်။ ရေခဲသေတ္တာလေးကို လက်ညှိုးထိုးပြပြီး“ ကျွန်မ သူ့ဆီပြန်လာတာ”လို့ ခပ်တည်တည်ပြောလိုက်ပေမဲ့ ယမုံ့လက်ထဲက စားလက်စ ပန်းသီးလေးကတော့ မောင့်ပါးစပ်နားရောက်နေပါပြီ။ မောင်က သူလုပ်နေကျအတိုင်း ယမုံ့ဆံပင်တွေကို တစ်ချက်ထိုးဖွရင်းပြောတယ်။
“ ဟုတ်ပါတယ် ဟုတ်ပါတယ် သူ့ဆီပဲ ပြန်လာပါ၊ ကိုယ် မနာလို မဖြစ်ပါဘူး”တဲ့။ မနေ့က ဘာမှမဖြစ်ခဲ့ကြသလို ယမုံ နဲ့ မောင်နဲ့ ရေခဲသေတ္တာလေးရှေ့မှာ တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်နမ်းရှုတ်မိကြတယ်။ ပန်းသီးလေးချိုသလို ချစ်ခြင်းတရားတွေပြည့်လျှမ်းနေလို့ အနမ်းတွေလည်း ချိုမြိန်တယ်။ ရေခဲသေတ္တာလေးကတော့ ယမုံတို့နှစ်ယောက်ကို ကြည့်ပြီး ရှက်နေမလားပဲ……။

ဒေလီယာ
(Living Fashion-September'2013)

တွန်းတိုက်ကြသူများ၏ ဖန်တီးရှင်


ရယ်ဒီမိတ် အစားအစာတွေနဲ့ ဟန်ချက်ညီနိုင်ဖို့ပဲ လိုတာပါ

photo credit 
အချိန်တွေ ကုန်ဆုံးတာမြန်ဆန်လွန်းသလို အချိန်နဲ့အမှီလိုက်နေရတဲ့ ကိုယ်တို့ရဲ့ ဘဝနေထိုင်မှုပုံစံတွေလည်း ပိုပြီးမြန်ဆန်လာနေတာပါပဲ။ အဲဒီလို ခပ်လှစ်လှစ် သွက်လက်မြန်ဆန်နေမှလည်း ဒီခေတ်မီကမ္ဘာကြီးထဲမှာ အံဝင်ခွင်ကျဖြစ်နိုင်ကြတော့မယ်။ ရှားပါးလာတဲ့အချိန်တွေထဲမှာမှ ကိုယ့်ရဲ့မီးဖိုချောင်လေးထဲ ချက်ပြုတ်နိုင်မယ့်အချိန်တွေဟာ အနည်းဆုံးပါပဲ။ လုပ်ငန်းခွင်ထဲက လှုပ်လှုပ်ရှားရှား သွားသွားလာလာ အိမ်ရှင်မတွေအတွက်လည်း လက်တကမ်းမှာရှိနေတဲ့ အသင့်သုံးအစားအစာ (Ready-made)တွေဆီလက်လှမ်းလိုက်ဖို့ပဲ အားသန်လာကြတော့တယ်။ အအေးခံထားနိုင်မယ့် အိမ်သုံးရေခဲသေတ္တာ၊ Freezer တွေ မပေါ်နိုင်သေးခင် ၁၉၆၀ ခုနှစ်အစောပိုင်းတွေမှာ အဲဒီလို အသင့်သုံးအစားအစာတွေဟာ လက်လှမ်းမမှီနိုင်သေးတဲ့အရာပါ။ နောက်ပိုင်း အအေးခံအစားအစာတွေ ထိန်းသိမ်းထားနိုင်မယ့်နည်းလမ်းတွေရှိလာတော့ ကုမ္ပဏီတွေဟာ စီးပွားဖြစ်နိုင်တဲ့အခွင့်အလမ်းတွေမြင်တွေ့လာခဲ့ကြပြီပေါ့။ အဲဒါဟာ နည်းပညာတိုးတက်မှုတစ်ခုတည်းအတွက် မဟုတ်ဘဲ ရယ်ဒီမိတ်အစားအစာတွေတိုးပွားလာဖို့ ဖြည့်တင်းခဲ့ကြပါတယ်။

Monday, August 26, 2013

တိမ်တွေလို

~ လွင့်နေတဲ့တိမ်များ ငါ့လိုပဲဖြစ်မလား
လျှောက်ချင်ရာငါလျှောက် ရောက်ချင်ရာငါရောက်
မင်းအနားငါ့အနား ရက်စက်တဲ့နေ့များ
အချစ်တွေကပျောက်သွား
မင်းကတော့သိမလား ~



ထာဝရလည်း ကြိုက်တယ်

Sunday, August 25, 2013

မေတ္တာ အခါတော်နေ့

အမှန်တော့ ၀ါခေါင်လပြည့်နေ့ဟာ
မေတ္တာ အခါတော်နေ့ပါ။ deadline ပေးထားတဲ့ နိုင်ငံတကာသတင်းတွေ အချိန်မှီ ပေးဖို့ ရှိနေတာကြောင့် သတိမေ့ပြီးဝါခေါင်လပြည့် မှီ စာမရေးနိုင်ခဲ့ပါဘူး
မန်မာ လ ၁၂လမှာ ၀ါခေါင်လဟာလည်း နေ့ထူးနေ့မြတလမြတ်ါ။လမြတ်ဝါခေါင် ရေဖေါင်ဖေါင်လိုဆိုရှိပါတယ်။ခလေးတိုင်းလိုလို ၀ါဆိုဝါခေါင် ရေတွေ ကြီးလိုသပြေသီးမှည့်ကောက်စို့ကွယ လို့ ဆိုခဲ့ကြတာ ခုလည်းဆိုနေကြတာပါပဲ
ရာသီ သိဟ်ဝယ်၊နေမိန္ဒရ၊
ဝါခေါင်လမို့ ၊တောင်များထွတ်စွန်၊သရ၀ဏ်လည်း၊
ရောင်ဝှန်တေဇာ၊ပန်းခတ္တာနှင့်၊ခိုင်ညှာပွင့်ကြူ၊
တိုင်းပြည်သူတို့၊လှူစာရေးတံ၊သဘင်စုံခံဆဲမှာ ၊
လွမ်းရန်ဘွဲ့ သည်အချိန်ကို
ဒေ၀ရိန် ပဇ္ဇုန်မှူးရယ်က ၊မြူးလှတယ်လေး
စသည် ရှေးစာဆိုတို့ ဖွဲ့သီ ခဲ့ကြတယ်။
ဝါခေါင်လဟာ မိုးဥတုမှာ ကျရောက်တာကြောင့် မိုးများပြီး မြစ်တေချောင်းတွေ ရေကြီး ရေလျှံတဲ့ ကာလဖြစ်ပါတယ်။နက္ခတ်ကသရ၀ဏ် ရာသီက သိဟ် လို့ ဆိုပါတယ်။ ပန်းက ခတ္တာတဲ့။ ခတ္တာငုံပန်းနှစ်ဆင့်ရယ်နှင့် ၊လှမ်းလင့်လို့ ရွာကိုဝင် ၊အမြင်ဆန်းပါဘိလေး လို့ သပြေညိုကဗျာတွေ  ငယ်ငယ်ကကျက်မှတ်ခဲ့ရတယ်။ဝါခေါင်လမှာ အထင်ရှားဆုံး မြန်မာ့ယဉ်ကျေးမှုပွဲတော်ကတော့ စာရေးတံပွဲပေါ့။ အဓိပ္ပါယ်ကတော
ရှေးက ၀ါးတံပေါ်မှာ သံဃာအပါးဘယ်လောက် ဘွဲ့အမည်၊ဘယ်သူအိမ်စသည် အမှတ်သညာပြု ရေးထိုးပြီး မဲနှိုကဆုံးဖြတ်ရတာပါ။ယခုခေတ်မှာတော့ စက္ကူမဲလိပ်ကလေးမှာအပြည့်အစုံ ရေး မဲနှိုက်ရတာပေါ့။အလွန်မွန်မြတ်ပါတယ်။ပုဂ္ဂိုလ်စွဲ သံဃာစွဲမရှိ ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေ ရိုသေစွာ ဆွမ်းလုပ်ကြွေးကြရ လှူရတန်းရပါတယ်။ဖြိုးဖြိုးတို့ မောင်နှမတတွေ အလွန်ပျော်တဲ့ပွဲပေါ့။လူကြီးတွေက ချက်ကြ ပြုတ်ကြ သူတို့လေးတွေကအိမ်ပေါ်အိမ်အောက် ဆင်းလိုက် တက်လိုက် လုံးလားထွေးလားပျော်ကြ ပါးကြ ပေါ့။ဘုန်းကြီးတွေ ပြန်ကြွပလားဆိုမှဖြင့် သူတိုလေးတေ ၀ုန်းဝုန်းဒိုင်းဒိုင်း နဲ့ ၀ိုင်းတွယ်ကြတာလေပြောင်တလင်းကို ခါရော။သိပ်ရယ်ရတာပဲ
ဘုရားရှင်လက်ထက်တော်က သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေစဉ် ရဟန်းငယ်အချို့  တောအုပ်အတွင်း ၀င်ရောက် တရာှးုမှတ်ရာမှာ ရုက္ခစိုးများတောစောင့် တောင်စောင့်နတ်များ စသည် ဘုံဗိမာန်ပျောက်လိုညိုညင်ကြတယ်။တဲ့။ခြောက်လှန့်ခြင် ပုလုပ်ကြတယ် တဲ့။ရဟန်းငယ်များဟာ ဘုရားရှင်ထံ ပန်လည်လျှောက် ထားကြရာမှာဘုရားရှင်က  “ ယဿာနုဘာဝတော ယက္ခာ ၊နေ၀ ဒေဿန္တိဘီသနံ အစချီ “ တရားတော်ကို ဟောကြားလိုက်ပြီးတရားရှုမှတ်စေပါတယ်။
သတ္တ၀ါတိုင်းအပေါ်မှာ အယုတ်အလတ်မရွေး အကြီးအငယ်မရွေးအရှည်အတို ဆူကြုံနိမ့်မြင့်မရွေး မေတ္တာ ဘာဝနာပွားများရန်သွန်သင်ဆုံးမပြီး တောအုပ်အတွင်ပြန်ဝင်စေပါတယ်။ဒီအခါမှာတော့..
ရဟန်းများလည်း သဘောပေါက် နားဝင်ပြီး မေတ္တိာုင်နိုင်ပို့သကြပါတယ်။ မြတ်ဘုရားဟောကြားတော်မူတဲမေတ္တာသုတ်ကို မပြတ်ရွတ်ဖတ်ကြတယ် ။ အေးဆေးငြိမ်သက်စွာတရားရှုမှတ်နိုင်ခဲ့ကြပါတယ်  တဲ့။
ဘုရားရှင် ကိုယ်တော်တိုင်လည်း မိမိကို အမြဲ ကန့်လန့်တိုကဆန့်ကျင်ခဲ့တဲ့ မာရ်နတ်၊အာဠာဝကဘီလူး။နာဠာဂီရိ၊အင်္ဂုလိမာလ၊စိဉ္ဇမာန၊သစ္စက ပရဗိုဇ်။ နန္ဒော ပနန္ဒနဂါးမင်း၊ဗကဗြဟ္မာစသည်တို့ကို မေတ္တာနဲ အောင်မြင်ခဲ့တာပဲ မဟုတ်လား။မေတ္တာဆောင်တဲ့အတွက် အစစ အရာရာအောင်မြင်ခဲ့တာဖြစ်ပါတယ်။ရန်ရန်ချင်း တုံ့ပြန နှိမ်နင်းနေလိုကတော့ ဆုံးစမရှိ သံသရာမှာ ရှည်ကြာစေမလိမ့်မယဒါ့ကြောင့်လူသားတိုင်း လူသားတိုင်း တတ်စွမ်းနိုင်သလောက် စိတ်ရှညသည်းခံပြီး တဘက်လူကို မေတ္တာအရင်းခံထားပြီး မေတ္တာစကားများများ ပြောကြားကြမယ်ဆိုရင် ဘာမဆိုငြိမ်းအေးအောင်မြင်မှာပါလို့ မေတ္တာအခါတော်နေ့မှာ မေတ္တာစကားပြောကြာလိုက်ပါရစေ


ခင်မေသစ
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့( ၂၁၊၈၊၂၀၁၃)

ဒီနေ့ နေ့စွဲ

ကျွန်မ အိပ်မက် တစ်ခုကို မက်နေသည်။ အိပ်မက်ထဲမှာ ဆေးရုံ တစ်ရုံကို မြင်သည်။ ထိုဆေးရုံ အတွင်းသို့ ကျွန်မ ရောက်သွားသည်။ ဂျူတီကုတ်ဖြစ်ဟန် တူသော အဖြူရောင်ကုတ်အင်္ကျီ အနားစများကို တဖျပ်ဖျပ် ခါမြည်လျက် သုတ်သုတ်ပျာပျာ သွားနေကြသော ဆရာဝန်အများအပြားကို မြင်သည်။

လူနာများကိုမူ တစ်ဦးတလေမှ မမြင်ပါ။ အခန်းများကို တစ်ခန်းပြီးတစ်ခန်း ဖြတ်ကာ၊ ကော်ရစ်ဒါများကို တစ်ကွေ့ပြီးတစ်ကွေ့ချိုးကာ နောက်ဆုံးတွင် ဆရာဝန်များ ခေါင်းချင်းဆိုင် ဆွေးနွေးနေကြသော ခန်းမဆောင် အတွင်းသို့ ကျွန်မ ၀င်ရောက်သွားသည်။ ကျွန်မ ဘာသွား လုပ်ရမှာပါလိမ့်။ မသိသေးပါ။

ဆရာဝန်များသည် ကျွန်မကို မြင်လိုက်ရသည်နှင့် ပုံဆိုးပန်းဆိုး တစ္ဆေမ တစ်ကောင်ကို တွေ့မြင်လိုက်ရဘိ သကဲ့သို့ ထိတ်ထိတ်ပျာပျာ ဖြစ်ကာ မျက်စိမျက်နှာ ပျက်ယွင်းနေကြ၏။ ကျွန်မ သူတို့ကို ဘာမှမလုပ်ရပါဘဲနှင့် ထိုသို့ ဖြစ်နေခြင်းက ထူးဆန်းလှ၏။ လွတ်နေသော ထိုင်ခုံတွင် ကျွန်မ ၀င်ရောက်ထိုင်လိုက်သည်။

ခြောက်ရက် ခြောက်လ ခြောက်နာရီ

အာဖရိကတိုက်တွင် Tset Se ခေါ် ဖလိုင်းပိုးကောင်မှတစ်ဆင့် သယ်ဆောင်လာသော ဗိုင်းရပ်ပိုး သည် လူနှင့်တိရစ္ဆာန်များကို အလွန် ဆိုးဝါးစွာ ခြောက်လှန့်လျက်ရှိကာ အိပ်ငိုက်ရောဂါ (sleeping sickness) ကိုဖြစ်စေတတ်၏။ အိပ်ငိုက်ရောဂါဖြစ်ရခြင်း၏ အဓိက တရားခံမှာ ကပ်ပါးပိုး(parasite) တစ်မျိုးကြောင့်ပဲဖြစ်၏။  ယင်းသည် တစက်စီး ယင်ကောင်မှာ ရှိကြောင်း တွေ့ရပြီး လူသွေးကိုစုပ်၊ လူ့သွေးဖြင့် အသက်ရှင်သန်ရသော ထိုယင် ကောင်က လူကို ကိုက်လိုက်သည့် အခါ ယင်ကောင်အတွင်းရှိ ကပ်ပါး ပိုးသည်လူ့ခန္ဓာကိုယ် သွေးကြော များထဲသို့ အလျင်အမြန် ဝင်ရောက် သွားတော့၏။ သုံးနှစ်မှ ငါးနှစ်အထိ ကာလအတွင်းမှာ လူ၏အာရုံကြော နာ့ဗ်ကြောအဖွဲ့ အစည်း (nervous system) တို့ကို တိုက်ခိုက်ဖျက်ဆီး တော့သည်။ ယင်းကြောင့် အာရုံ ကြောထိခိုက်သွားကာ ဝေဒနာရှင် များသည် အားအင်ချည့်နဲ့လာကြပြီး မပြောနိုင်၊ မဆိုနိုင်၊ မစားနိုင် မသောက်နိုင်၊ မသွားနိုင်၊ မလျှောက် နိုင်ဖြစ်သွားရတော့၏။

နောက်ဆုံးတွင် အိပ်ငိုက် ရောဂါဝေဒနာသည်မှာ အိပ်မော ကျသွားပြီး မနိုးသောအိပ်ခြင်းဖြင့် အိပ်ပျော်ကာ သေဆုံးသွားရတော့ သည်။

 နေရဲသည် ဖတ်လက်စ မဂ္ဂဇင်း စာအုပ်ကို ပိတ်လျက် ဝမ်းသာအားရ ထခုန်လိုက်သည်။ အဖြေတစ်ခုကို ရှာတွေ့လေပြီ။ ထိုစာအုပ်ကိုယူကာ သော်သော်ဝေ့ ထံ အပြေးသွား သည်။

Tuesday, August 20, 2013

ဝတ္ထုတိုသုံးယောက် စာနယ်ဇင်းမိတ်ဆက်အခမ်းအနားဖိတ်ကြားခြင်း

မိတ်ဆွေ သူငယ်ချင်းများကို
ချစ်ခင်လေးစားစွာဖြင့်

ဗီယင်နာဒိုင်ယာရီ

(စာကြောင်းအရှည်မရေးနိုင်တော့လို့ပါ၊ မမေ့အောင်လို့ ဒိုင်ယာရီကောက်ရေး)

သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ဆီခရီးသွားတော့ tour group အဆင်မပြေလိုက်လို့ ကိုယ့်ဘာသာပဲ autobus နဲ့ သွား၊
မြေပုံကြည့်ပြီးတော့ပဲ မြေအောက်ရထားစီး၊ မြေပေါ်ရထားစီး ကိုယ်သွားချင်တဲ့နေရာတွေရွေးသွားကြ၊ ဗီယင်နာကတ် ရထားလက်မှတ် ရောက်ရောက်ချင်းဝယ်၊ ဗီယင်နာကတ်က သုံးရက်အတွင်းကြိုက်တဲ့ ရထားစီးလို့ရ၊
Hop on Hop off tour လက်မှတ်ဝယ်၊ အဲဒီ tour အတွက် အနီ၊ အဝါ နဲ့ အပြာသုံးလိုင်းရှိ၊ ကားပေါ်မှာ audio guide ပါ၊ ထိုင်ခုံမှာ နားကြပ်လေးတပ် ကြိုက်တဲ့ ဘာသာစကားရွေး၊ ဘယ်အဆောက်အဦက ဘာပါပေါ့၊ ကိုယ်စိတ်ဝင်စားတဲ့နေရာဆို ဆင်းနေခဲ့လို့ရ hop off ပေါ့။ အဲဒီမှာ ကြိုက်သလောက်ကြည့်ပြီး အပြင်မှာ ကားပြန်စောင့် လိုင်းရွေးပြီးဆက်စီးလိုက်ကြည့်။ မနက် ကိုးနာရီကနေ ညနေ ငါးနာရီအထိ။ ဗီယင်နာကတ် ပြနိုင်ရင် ပြခန်းတွေ၊ ပြတိုက်တွေမှာ discount ရ၊

Time Travel adventure ပြခန်းကြိုက်တယ်။

Wednesday, August 14, 2013

အသံတိတ်ပုံပြင်

လူသားတိုင်းမှာ ပြောပြစရာပုံပြင်တွေ ကိုယ်စီကိုယ်င ရှိကြပါတယ်။ အဲဒီ ပုံပြင်တွေဟာ အနုပညာရှင်တွေရဲ့ အားကောင်းတဲ့ဖန်တီးမှုကြောင့် စာပေ၊ ဂီတ၊ ပန်းချီ၊ ရုပ်ရှင်၊ ပြဇာတ်၊ ရေဒီယို စသဖြင့် ကြားခံမီဒီယာတွေ အမျိုးမျိုးကွဲပြားသွားပြီး ပြည်သူ လူထုအကြား စီးမျောပျံ့နှံ့သွားတယ်။ စီးမျောပျံ့နှံ့ခြင်းရဲ့ အဆုံးမှာ “မျှဝေခံစားမှုနယ်ပယ် အသစ်” တွေ ပေါ်ထွန်းလာတယ်။ လူသားတိုင်းမှာ ပြောပြစရာ ပုံပြင်တွေ ရှိသလို ပန်းချီကားတစ်ချပ် မှာ ပြောပြစရာပုံပြင်တစ်ပုဒ်စီ ရှိနေတယ်ဆိုတဲ့အကြောင်း ပြည်သူပြည်သား အားလုံးကို ဒီနေရာကနေ ကျွန်မ ပြောပြချင်တာပါ။ ပန်းချီဟာ အခြား ရုပ်ရှင်၊ ဂီတတို့လို ကြားခံမီဒီယာတွေနဲ့ တစ်စက်ကလေးမှ မတူပါဘူး။ ပန်းချီ (art)ကနေ ခက်ဖြာလာတဲ့ “မျှဝေခံစားမှုနယ်ပယ်”ဟာ အင်မတန်သိမ်မွေ့ပြီး တိတ်ဆိတ် ငြိမ်သက်ခြင်းကို ကိုယ်စားပြုနေပါတယ်။လူသားတွေရဲ့ပုံပြင်မှာ အသံများစွာရှိပေမယ့် ပန်းချီကားတစ်ချပ်ရဲ့ ပုံပြင်ကတော့ “အသံမဲ့” ဖြစ်ပါ တယ်။ တကယ်လို့ စာဖတ်သူ ပြည်သူပြည်သားအပေါင်းမှာ တိတ်ဆိတ် နူးညံ့စွာ ပူးဝင် ခံစားလိုတဲ့ စိတ်ကလေးတစ်ခု ရှိမနေခဲ့ဘူးဆိုရင်တော့ ပန်းချီကားတစ်ချပ်ကနေ ကြေကွဲနာကျင်စွာ (ဒါမှမဟုတ်) ကြည်နူးဝမ်းမြောက်စွာ လှစ်ဟပြောပြနေတဲ့ ပုံပြင်လေးတစ်ပုဒ်နဲ့ စာဖတ်သူ ပြည်သူလူထုဟာ တက်တက်စင် လွဲချော်သွားမှာပါ။
            ဒါကြောင့် ဒီမျှဝေခံစားမှု နယ်ပယ်အသစ်လေးထဲ  ပြည်သူပြည်သား အားလုံး အခုပဲ ခြေစုံပစ် ၀င်ရောက်လှည့်ပါလို့ ကျွန်မ လှိုက်လှဲနွေးထွေးစွာ ဖိတ်ခေါ်ပါရစေ။

xxxxx

ငါ ဟာ အခန်းတစ်ခုထဲမှာ။ မဟုတ်ဘူး ဒါဟာ အခန်းတစ်ခုဖြစ်နိုင်သလို လောကတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒါဖြင့် ဒါဟာ ဘယ်လို အခန်း၊ ဘယ်လိုလောကမျိုး လဲ။ ဒါကို ငါ တစ်ယောက်ပဲ သိနိုင်မယ်။ ဆိုးတာက ဒီနေရာကို ဘယ်တုန်းက၊ ဘယ်လို၊ ဘာကြောင့်၊ ဘယ်ပုံစံရယ်နဲ့ ရောက်နေခဲ့မှန်း ငါ့ဘာသာငါ မသိတော့တာပါပဲ။ ဓားချက်လား၊ စုတ်ချက်လား၊ ဒဏ်ရာဒဏ်ချက်တွေ ပဲလား၊  မကွဲပြားတဲ့ အပြာရောင်ပြင် ကြီးက ငါ့ကို ရင့်တစ်လှည့်၊ နုတစ်လှည့် တစိမ့်စိမ့်နဲ့ လွှမ်းမိုးခြယ်လှယ်ဖို့ အတင်းအဓမ္မ ကြိုးစားနေတယ်။
ကြည့်စမ်းပါဦး။       ဟော့ဒီမှာလေ…။ ငါ့ခြေ ထောက်တွေကရော ဘာပြုလို့ အောက်ခြေမှာ စုသိမ်နေတာပါလိမ့်။ ခြေကျင်းဝတ်တွေဆီက မာကျစ်လေးတွဲ့တဲ့ အေးစက်စက်ခံစားမှုကြီး ငါ ရနေတယ်။ ငါဟာ ဒီနေရာမှာ စိတ်ပျက်လက်လျှော့ဟန်နဲ့ ငါ့ခန္ဓာကိုယ်ကို ကိုင်းညွတ်ပျော့ခွေ ထိုင်သာ ထိုင်နေရတာပါ။ ငါ့ ဦးခေါင်းကတော့ ဘယ်တော့မှ  ညွတ်စိုက်ကျမနေပါဘူး။ တွေ့တယ်မို့လား။ ခပ်လှမ်းလှမ်းက အဖြူရောင်ပြတင်းဆီ ငါ့ဦးခေါင်းက လင့်မျှော် မော်ကြည့်နေတာပါ။ ငါ့ရဲ့ စိတ်ဝိညာဉ် အရိပ်တစ်စုံဟာ ခြယ်လှယ်ကြီးစိုးလာနေတဲ့ လွှမ်းမိုး မှု“အပြာ” ပြင်ကျယ်ထဲ ခြေဖော့ ပူးဝင်တွန်းတိုက်ရင်း ရိပ်ရိပ်ငွေ့ငွေ့ကလေး ရုန်းကန်လွင့်ထွက်နေပါတယ်။ ဘယ်ကိုလွင့်ထွက်နေတာလဲ။ ဘယ်ကို ရှိရဦးမှာလဲ။ ခပ်လှမ်းလှမ်းက အဲဒီ “အဖြူရောင်ပြတင်းပေါက်တစ်ပေါက်”ဆီကိုပဲပေါ့…။
            ပြတင်းအဖြူရဲ့တစ်ဖက်မှာ ငါလိုလားတဲ့ အရာတစ်ခု ငါ့ကို ဆီး ကြိုနေမှာ သေချာပါတယ်။ လောလောဆယ် ဘယ်လို အကျပ်အတည်း အနှောင်အဖွဲ့ဆိုးထဲ သက်ဆင်းနေရပါစေ၊ ငါ့ခန္ဓာကိုယ်ဟာ ဂုဏ်သိက္ခာ အပြည့်နဲ့ ကြွယ်ဝချမ်းသာခြင်း “အ၀ါ”ကို မိမိရရ ဆင်မြန်းလွှမ်းခြုံထားခဲ့တယ်။

xxxxx

            ဒီပန်းချီကားမှာ ”ပန်းချီဆရာ နိုင်နိုင် ”ဟာ အက်ခရိုက်လစ်ဆေးသားပျစ်ပျစ်တွေနဲ့ အ၀ါ၊ အဖြူ၊ အပြာ အရောင်သုံးမျိုး ကို အထားအသိုမှန်ကန်စွာ ဖလှယ်ပြီး နေရာချထားတယ်။ ပန်းချီဆရာရဲ့ ပွတ်ကာသီကာ တို့ထိထားတဲ့၊ အိပ်မက်ဆန်ဆန်stroke တွေကို စာဖတ်သူအားလုံး မြင်တွေ့ရမှာပါ။ သူ့လက်ရာတွေကို အများစုက modern လို့ သတ်မှတ်ကြပေမယ့် သူကတော့ ဘယ်-ism ပါလို့  ခေါင်းစဉ်တပ်ချင်ပုံ မရပါဘူး။ “ကျွန်တော် ရေးဆွဲသမျှတွေဟာ ကျွန်တော့်ရဲ့ismပဲဗျ”လို့ ပြောလေ့ ရှိပါတယ်။ ပန်းချီကားတွေကို နာမည်ပေးလေ့မရှိတာကလည်း ပန်းချီဆရာရဲ့ယုံကြည်မှုတစ်ခုပဲဖြစ်ပါတယ်။ ပြပွဲကြည့် ပရိသတ်က မချိတင်ကဲနဲ့ title တစ်ခုခုတပ်ဖို့ပြောတိုင်း ခေါင်းမာစွာ သူငြင်းတတ်တယ်။ “ပန်းချီကား တွေကို နာမည်ကို မပေးရက်တာ” လို့ ပန်းချီဆရာက ရင်ဖွင့်ဖူးတယ်။
အနုပညာဖန်တီးမှုဟာ လူမှုဝန်းကျင်ကို supporting လုပ်နိုင်တယ်လို့ ပန်းချီဆရာက ယုံကြည်နေပါ သေးတယ်။ ဒါပေမဲ့ သဘာဝရဲ့ဒဏ်၊ စစ်ရဲ့ဒဏ်၊ အာဏာရှင်စနစ်ရဲ့ ထက်အောက်ဖိစီးမှုဒဏ် ... စတဲ့ ကြောက်မက်ဖွယ်ဒဏ်များစွာကို ခံစားနေကြရတဲ့ ပြည်သူပြည်သားတွေအတွက် ပန်းချီကားတစ်ချပ်ဟာ ဖြေသိမ့်မှု သေးသေးလေးတစ်ခုကိုသာ ပေးနိုင်လိမ့်မယ်လို့ ပန်းချီဆရာက တွေးတွေးဆဆ ပြောတယ်။ ပန်းချီကားတစ်ကားနဲ့တော့ တင်းမာကျစ်ခဲနေတဲ့ လူ့ဘောင်လောက ထူထူထဲထဲကြီးကို အပြောင်းအလဲ မလုပ်နိုင်ပါဘူးတဲ့။ ဒါဖြင့် ပန်းချီကားတွေ အများကြီး အုံနဲ့ကျင်းနဲ့ ဆိုရင်ကော လူ့ဘောင်လောဟာ ပြောင်းလဲသွားမလား..လို့ ကျွန်မ စဉ်းစားနေမိတယ်။ ပန်းချီဆရာတွေ  အများကြီးရဲ့ စုစည်း မှု“အင်အား” လိုပါတယ်။ မျက်စိပသာဒရှိဖို့၊ ပန်းချီဈေးကွက်မှာ ဒေါ်လာနဲ့ ရောင်းချနိုင်ဖို့ထက် အတွေးအမြင်၊ အဓိပ္ပယ်တွေ နက်ရှိုင်းစွာခိုတွယ်နေတဲ့ လက်ရာမြောက်၊ အတွေးမြောက် ပန်းချီကားတွေ အများကြီး ဖန်တီးဖို့လိုပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး တမက်တမောခံစား တတ်လာအောင် ပြပွဲစီစဉ်သူတွေက ပြည်သူအကြား ထဲထဲဝင်ဝင် ခင်းကျင်းပြသဖို့လည်းလိုတယ်။ 
လောလောဆယ် အသံတိတ် ပြောပြနေတဲ့ ဒီပန်းချီကားထဲက ပုံပြင်လေးကို စာဖတ်သူတွေ အရင်ဆုံး နားထောင်တတ်ဖို့ လိုပါတယ်။
ဂျူနီယို
( ပြည်ထောင်စုနေ့စဉ်သတင်းစာ၊ ၅၊ ၈၊ ၂၀၁၃-တနင်္လာ နေ့ထုတ်)

Tuesday, August 13, 2013

မေ့မရတဲ့ လူ

အဲဒီတုန်းက ....
လင်းစတူဒီယိုမှာ...။ မှတ်မိသေးတယ်။ 
အင်တာဗျူးလုပ်အပြီး ဓာတ်ပုံရိုက်မယ်ဆိုတော့
မနေတတ်နေတတ်နဲ့ သူ နေပေးရှာခဲ့တယ်။
ဒီမှာထိုင်ပေးဆို ထိုင်ပေးတယ်။ ဒီနားမှာရပ် ဆို သူရပ်ပေးတယ်။ ငေါင်းစင်းစင်း၊ ငေးရီရီနဲ့ပဲ....။ ခြံအပြင်မှာ အုတ်ကွက်လေးတွေရှေ့မှာ ရိုက်ချင်သေးတယ်ဆိုတော့လည်း သူ စတူဒီယိုခြံဝင်းအပြင်ဘက်ထိ လိုက် ရပ်ပေးတယ်။ 
တကယ်တော့ ကျွန်မက သူ့ဘာသာသူ လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားနေတာကို (ကလေးတစ်ယောက် စိတ်ကူးတည့်ရာ သွားတဲ့နောက် တကောက်ကောက် လိုက်ရိုက်သလိုမျိုး လိုက်ရိုက်ချင်တာ)ကျွန်မစိတ်ကူးကို အကောင်အထည်မဖော်ရက်တော့ဘူး။)
စိတ်ကျဉ်းကျပ်နေပုံရတဲ့ သူ့ကို အားနာလာမိတာနဲ့ လေး၊ ငါးပုံလေးပဲ ရိုက်ပြီး ကျေနပ်လိုက်ရတယ်။ သူ့ဆံပင်တွေက အဲဒီတုန်းကလည်း အရှည်။ စိစစ်ရေးအဖွဲ့က လူယောက်ျားတွေကို ဆံပင်ရှည်နဲ့ စာမျက်နှာပေါ်တင်တာ တားမြစ်ထားတဲ့အချိန် ဆိုတော့ ရုပ်ရှင်စတားမဂ္ဂဇင်းအယ်ဒီတာကလည်း သူ့ဆံပင်ရှည်တွေကို တိုသယောင်ထင်ရအောင် သူတို့နည်းသူတို့ဟန်နဲ့ ဟိုဖုံးဒီဖိ ဖျောက်ဖျက်ပိတ်ပင်ပေးလိုက်ရတယ်။ 
တိုက်တိုက်ဆိုင်ဆိုင် အဲဒီ အင်တာဗျူး ပါလာတာ သြဂုတ်လ။
မမျှော်လင့်ဘဲ သူ ကျွန်မတို့ကိုစွန့်ခွာသွားတာ သြဂုတ်လ။
သူဟာ........
သြဂုတ်ထဲမှာ အမြဲရှိနေမယ့်လူ။ 
ကျွန်မအတွက်တော့ မေ့မရတဲ့ လူ။

Saturday, August 03, 2013

Big Girls Don't Cry

သီချင်းနားထောင်ရင်း သိမ်းမိပြန်ပြီ။
နားကျပ်တပ်၊ Big Girls ကို တစ်ကိုယ်စာ သီချင်းအကျယ်ကြီးနားထောင်ပြီး ရုံးမှာ အလုပ်လုပ်ဖြစ်ခဲ့တဲ့မိုးသည်းသည်းနေ့တွေကို ပြန်သတိရမိရင်း .....
Beyonce ရဲ့ To the left ... To the left သီချင်းသိပ်ကြိုက်တဲ့ သူငယ်ချင်းလေးကိုလည်း သတိရမိရင်း .....

Fergie က ချစ်ဖို့ ကောင်းတယ်။
Da Da Da Da
The smell of your skin lingers on me now
You're probably on your flight back to your home town
I need some shelter of my own protection baby
To be with myself and center, clarity
Peace, Serenity

[CHORUS:]
I hope you know, I hope you know
That this has nothing to do with you
It's personal, myself and I
We've got some straightenin' out to do
And I'm gonna miss you like a child misses their blanket
But I've got to get a move on with my life
It's time to be a big girl now
And big girls don't cry
Don't cry
Don't cry
Don't cry

The path that I'm walking
I must go alone
I must take the baby steps 'til I'm full grown, full grown
Fairytales don't always have a happy ending, do they?
And I foresee the dark ahead if I stay

[CHORUS]

Like the little school mate in the school yard
We'll play jacks and uno cards
I'll be your best friend and you'll be my Valentine
Yes you can hold my hand if you want to
'Cause I want to hold yours too
We'll be playmates and lovers and share our secret worlds
But it's time for me to go home
It's getting late, dark outside
I need to be with myself and center, clarity
Peace, Serenity

[CHORUS]

La Da Da Da Da Da

အချိန်နာရီတွေရဲ့ အရှင်သခင်

၂၀၁၀ တိုင်းမ် မဂ္ဂဇင်းရဲ့ Man of  the year အဖြစ် သတ်မှတ်ခံခဲ့ရသူ၊ အချိန်နာရီတွေရဲ့ သခင်၊ Facebook တည်ထောင်သူ CEO တစ်ဦးက မာ့ခ်ဇူကာဘာ့ဂ်ပါ။ မာခ့် သွားသွားလာလာ ရေးခဲ့၊ ဖန်တီးခဲ့တဲ့ ဆိုရှယ်မီဒီယာwebsite ဖြစ်တဲ့ Facebook ဟာ ၂၀၁၂ မေ ၁၈ ရက်နေ့က အမေရိကန်စတောခ့်ငွေလှဲလှယ်ဈေးကွက် NASDAQ စာရင်းမှာ တန်ဖိုးအကြီးဆုံးနည်းပညာကုမ္ပဏီတစ်ခုအဖြစ် ဖော်ပြခဲ့တယ်။ ရှယ်ယာတစ်ခုမှာ ဒေါ်လာ ၃၈ ဒေါ်လာနှုန်းနဲ့ ဈေးကွက်ထဲမှာ ဒေါ်လာ ၁၀၄ ဘီလီယံ အမြတ်ရှိပါတယ်။ ဆီလီကွန်တောင်ကြားက အကြီးဆုံးနည်းပညာကုမ္ပဏီတွေထဲက တစ်ခုအဖြစ်သာမကဘဲ ကမ္ဘာတစ်ဝှမ်း အကြီးဆုံးကုမ္ပဏီတွေထဲက တစ်ခုအဖြစ်လည်းရပ်တည်နေနိုင်ခဲ့ပါပြီ။ မာခ့်ရဲ့ ရှယ်ယာ ၄၄၃ မီလီယံဟာ ရှယ်ယာတစ်ခုဈေးနှုန်း ၃၈ ဒေါ်လာနဲ့ပဲ ဒေါ်လာ ၁.၉ ဘီလီယံတန်ကြေးရှိနေပါတယ်။ မာ့ခ်ရဲ့ လစာငွေဟာ နှစ်စဉ် ၅၀၀ ၀၀၀ ကနေ ဒေါ်လာ ၁.၇ သန်းခန့်ရှိတယ်။ မာခ့် ပိုင်ဆိုင်ထားတဲ့ Facebook ရှယ်ယာ ၂၈ ရာခိုင်နှုန်းကလည်း ၂၈ ဘီလီယံ ယူအက်စ်ဒေါ်လာရှိသေးတယ်ဆိုတော့ ဒီကမ္ဘာကြီးထဲက အချမ်းသာဆုံးပုဂ္ဂိုလ်တွေရဲ့ ရှေ့တန်းမှာရှိနေနိုင်တဲ့သူပါပဲ။

၁၉၈၄ မေလ ၁၄ ရက်နေ့မှာ သွားဆရာဝန် ဖခင် အက်ဒ်ဝပ်ဇူကာဘာ့ဂ်နဲ့ စိတ်ကျန်းမာရေးအထူးကုဆရာဝန် မိခင် ကာရန်တို့က မွေးဖွားခဲ့တယ်။ မာ့ခ်က ကလေးအရွယ်ကတည်းက ပါရမီရှင်လေးပါပဲ။ ကွန်ပျူတာ programming ကိုစိတ်ဝင်စားခဲ့တယ်။ မာ့ခ်အရွယ် ကလေးတွေက ဂိမ်းတွေဆော့နေတဲ့အချိန်မှာ မာ့ခ်ကတော့ အဲဒီလို ဂိမ်းတွေရေးနေခဲ့ပါပြီ။ ဆယ်ကျော်သက်မတိုင်ခင်အရွယ်မှာပဲ Synapse လို့ နာမည်ပေးထားတဲ့ music player တစ်ခုကို ကျောင်းက သူငယ်ချင်းတစ်ဦးအကူအညီနဲ့ ရေးခဲ့တယ်။ Microsoft နဲ့ AOL ကတောင် အဲဒီ music player ကို ဝယ်ယူဖို့နဲ့ မာ့ခ်ကိုပါ အလုပ်ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မာ့ခ်က နှစ်ခုလုံးကို ငြင်းဆန်လိုက်တယ်။ အဲဒီအစား ၂၀၀၂ မှာ ဟားဗတ်ဒ်တက္ကသိုလ်ကိုပဲ သွားခဲ့တယ်။ ၂၀၀၄ ဖေဖေါ်ဝါရီမှာ သူ့ရဲ့ အခန်းဖော်တွေဖြစ်တဲ့ ဒပ်စတင်မော့စ်ကိုဗစ်ဇ် နဲ့ ခရစ်ဟုဂ်စ် နဲ့ တခြားသူငယ်ချင်း အက်ဒွာဒိုဆေဗရင်က ငွေးကြေးအထောက်အပံ့ပေးခဲ့ပြီးရေးသားခဲ့ကြတဲ့ သူ့တို့ရဲ့ The Facebook ကို စတင်မိတ်ဆက်လိုက်ပါတယ်။ Facebook ဟာ  အချိန်မဆိုင်းဘဲ လူသိများသွားခဲ့ပါတယ်။ ၂၀၀၇ မှာတော့ မာ့ခ်ဟာ ကမ္ဘာ့အငယ်ဆုံးဘီလျံနာတစ်ဦးဖြစ်သွားခဲ့ပါပြီ။ မာ့ခ်ရဲ့ site ဟာ ကမ္ဘာတစ်ဝှမ်းနေရာတိုင်းမှာရှိနေပါတယ်။  Facebook ကိုသုံးစွဲနေကြသူ ၁.၁၁ ဘီလီယံ ခန့် ရှိပါတယ်။ ဆန်းသစ်တဲ့အတွေးအမြင်ရှိသူ၊ ထူးချွန်သူ မာ့ခ်ဖြစ်စေချင်တာက ကမ္ဘာကြီးကို ပိုပြီးဖွင့်ဟထားတဲ့နေရာတစ်ခုအဖြစ်၊ နေရာအမျိုးမျိုးက လူတွေ အချင်းချင်းဆက်သွယ်၊ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝနေထိုင်မှုပုံစံ၊ ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်တွေ အချင်းချင်းဖလှယ်နိုင်မယ့် နေရာတစ်ခုအဖြစ် Facebook ကို ဖန်တီးခဲ့တာပါ။ Facebook အောင်မြင်ခဲ့ပါတယ်။ မာ့ခ်ရဲ့ စိတ်ကူးအိပ်မက် အမှန်တကယ်ဖြစ်လာခဲ့တာပါပဲ။
မာခ့် စိတ်ကြိုက် ပိုင်ဆိုင်တဲ့စံအိမ်
Palo Alto House
Palo Alto အိမ်ဟာ  ဘီလျံနာ မာ့ခ်ဇူကာဘာ့ဂ်ရဲ့ ပထမဆုံး ရင်းနှီးမြှပ်နှံမှုပါ။ Facebook ရုံးချုပ်တွေရှိတဲ့ Menlo Park နဲ့ ၁၀ မိနစ်ကားမောင်းသွားရတဲ့နေရာမှာရှိနေပါတယ်။ အဲဒီအိမ်မှာပဲ သူ့ရဲ့ ကောလိပ်က ချစ်ရည်းစား အခုတော့ ဇနီးသည် ပရစ်စီလာချန်း နဲ့ အတူနေထိုင်ပါတယ်။ စတုရန်းပေ ၅၁၆၁၇ ကျယ်ဝန်းတဲ့နေ့ရာမှာ တည်ရှိနေတယ်။ အဲဒီ အိမ်ကို ၁၉၀၃ ခုနှစ်က တည်ဆောက်ခဲ့တာပါ။ အဲဒီခေတ်က သမိုင်းဝင်လက်ရာမျိုးတွေ ဝံ့ဝံ့ကြွားကြွား ခမ်းနားထည်ဝါလှတဲ့အိမ်တွင်းအသုံးအဆောင်တွေ ပြည့်နှက်လို့နေပါသတဲ့။ လက်ရာမြောက်လျှောပြတင်းပေါက်တွေ၊ ကျောက်မျက်ရတနာမြှပ်နှံအလှဆင်ထားတဲ့ မျက်နှာကြက်၊ ပြင်သစ်စတိုင်တံခါးတွေ နဲ့ ဆင်ဝင်မြင့်မြင့်မားမားပါရှိတယ်။ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်းပါတဲ့ အဲဒီစံအိမ်ကို ဒေါ်လာ ၇ သန်းနဲ့ဝယ်ယူခဲ့တာပါ။ အိမ်ကြီးဟာ ခမ်းနားကြီးကျယ်တာမှန်ပေမယ့် မြင်တွေ့ရတာ ပလွှားကြွားဝါတဲ့ဟန်ပန်မျိုးမရှိဘဲ မာ့ခ်ရဲ့ စီလီကွန်တောင်ကြားကခေတ်ပြိုင်အိမ်ခန်းတွေနဲ့ အပြိုင် ခေတ်မှီတဲ့အိမ်ဒီဇိုင်းမျိုးပါပဲ။ နှစ်ထပ်အိမ်ထဲမှာ ရေငန်ရေချိုးကန်၊ နံရံတွင်းလိုဏ်ခေါင်းပုံစံဖောက်ထားတဲ့ ဂီတသီချင်းနားထောင်နိုင်တဲ့အခန်း၊ ကျယ်ကျယ်ပြန့်ပြန့်ဆင်ဝင်ပါရှိပြီး မီးဖိုခန်းခပ်ကျယ်ကျယ်ဟာ မနက်စာဝိုင်းဖွဲ့စားနိုင်တဲ့နေရာနဲ့ ဆက်သွယ်ထားတယ်။ အိပ်ခန်းကျယ်မှာလည်း စကျင်ကျောက်သားတွေနဲ့အလှဆင်ထားတဲ့ spa ရှိသေးတယ်။ Palo Alto အိမ်အနီးအနားမှာ အမေရိကန်ဘောလုံးသမား ဘီလျံနာ စတိဗ်ရန်းရဲ့ အိမ်လည်းရှိနေတယ်။

မာ့ခ်ရဲ့ ကိုယ်ပိုင်လေယာဉ်
ကိုယ်ပိုင်ဂျက်လေယာဉ်အတွက် မာ့ခ် ဟာ ဒေါ်လာ ၇၀၀ ၀၀၀ ခန့်သုံးစွဲခဲ့ပါတယ်။ ကိုယ်ပိုင်လေယာဉ်ဆိုပေမယ့် Facebook လုပ်ငန်းကိစ္စတွေအတွက် Facebook CEO နဲ့ COO တို့ သုံးစွဲနိုင်မယ်လို့ဆိုတယ်။

မာ့ခ် ရဲ့ စိတ်ကြိုက်ကား
မာ့ခ်ရဲ့ ဆလင်ဒါ အင်ဂျင် ၄ လုံးတပ် Accura TSX ကားဟာ အဆင့်မြင့်ပစ္စည်းတွေနဲ့ထုပ်ပိုးထားတာပါပဲ။ အတွင်းပိုင်းမှာ သားရေအသားနဲ့ပါ။ ရာသီဥတုအတိုင်းအလိုအလျောက်ထိန်းညှိပေးနိုင်တယ်။ အသံစနစ်က 7-speaker အသံစနစ်ဖြစ်ပြီး ဂြိုဟ်တုရေဒီယို၊ Bluetooth နဲ့ handset free အသုံးပြုနိုင်တာတွေစုံစုံလင်လင်ပါတယ်။ အဲဒီကားရဲ့ တန်ဖိုးက ဒေါ်လာ ၃၀ ၀၀၀ ခန့်ပါ။

မာ့ခ် နဲ့ ချန်း တို့ရဲ့ မင်္ဂလာပွဲ
၂၀၁၂ မေလ ၁၉ ရက်နေ့မှာ ကယ်လီဖိုးနီးယားက Palo Alto အိမ်မှာပဲ မင်္ဂလာဧည့်ခံပွဲကျင်းပခဲ့ကြပါတယ်။ မာ့ခ် နဲ့ ချန်း တို့ မိတ်ဆွေသူငယ်ချင်းတွေက ပရစ်စီလာချန်းရဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်က ဘွဲ့ယူတဲ့အခမ်းအနားကိုမျှော်လင့်ခဲ့ကြပေမယ့် ရုတ်တရက်ဆိုသလို မာ့ခ်နဲ့ ချန်းတို့ရဲက မင်္ဂလာပွဲဖိတ်ကြားခံခဲ့ရတာပါ။ ချန်းဟာ ကြော့ရှင်းတဲ့အဖြူရောင် လက်ပြတ်သတို့သမီးဝတ်စုံလေးနဲ့ ပြည့်စုံတဲ့နတ်သမီးလေးတစ်ပါးအသွင်နဲ့ မာ့ခ်ကတော့ နက်ပြာရောင်ဝတ်စုံ၊ အဖြူစစ်စစ်ရှပ်အကျီကိုအတွင်းမှာ အကျအနဝတ်ဆင်၊ tie စည်းထားကာ ပေါ့ပေါ့ပါးပါးသတို့သမီး၊ သတို့သားအဖြစ် မြင်တွေ့ခဲ့ကြရတယ်။ ချစ်ခင်စရာကောင်းလှတဲ့သတို့သမီးအတွက် မာ့ခ်ရဲ့ လက်ဆောင် လက်ထပ်လက်စွပ်ဟာ မာ့ခ်ကိုယ်တိုင်ပဲဒီဇိုင်းဆွဲထားတဲ့ ပတ္တမြားနဲ့စိန်ပွင့်ပါ ရိုးရှင်းလှတဲ့ဒီဇိုင်းဖြစ်ပြီး ဘီလျံနာသူဌေးတစ်ဦးအတွက် တန်ဖိုးသိပ်မကြီးလှတဲ့ ဒေါ်လာ ၂၅၀၀၀ဝန်းကျင် တန်ကြေးရှိတာကြောင့် သနားစဖွယ် သတို့သမီးလို့ တချို့အွန်လိုင်းဖိုရမ်၊ ဘလောဂ့်တွေမှာ ရေးသားခဲ့ကြပါသေးတယ်။ အဲဒါဟာ ကြီးမားလှတဲ့ကျောက်တုံးကျောက်ခဲတွေ လက်ချောင်းပေါ်တင်ထားကြရမှာကို မလိုလားတဲ့ မာ့ခ်နဲ့ ချန်းတို့ရဲ့ စိတ်ကြိုက်ရွေးချယ်မှုပါပဲ။ စေ့စပ်လက်စွပ်ဟာလည်း ပတ္တမြားနဲ့ စိန်ပွင့်ခပ်သေးသေးတွေဖြန့်ကျဲထားတဲ့ ဒီဇိုင်းပါပဲ။  ရိုးရိုးရှင်းရှင်းနဲ့ မင်္ဂလာရှိလှတဲ့မင်္ဂလာပွဲလေးကို ရင်းနှီးတဲ့မိတ်ဆွေ ၁၀၀ ခန့်တက်ရောက်ခဲ့ကြပြီး အရသာရှိလှတဲ့မက္ကဆီကန်အစားအစာနဲ့ ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ ဂီတဖျော်ဖြေမှုကိုတော့ ပန့်ခ်ရောခ့်အဖွဲ့ Green Day က ဘီလီဂျိုးအမ်းစထရောင်းန်က ဧည့်ခံပါတယ်။ မာခ့် သူ့ရဲ့ မင်္ဂလာပွဲဓာတ်ပုံတွေ သတင်းတွေ status တင်ခဲ့တော့ like ခဲ့တဲ့သူပေါင်း ၂၈၀ ၀၀၀ ကျော်ရှိခဲ့ကြတယ်။ 
Engagement Ring

မာခ့်ရဲ့ အားလပ်ရက်အပမ်းဖြေခရီး
Facebook တည်ထောင်သူ ဘီလျံနာ မာခ့် ရယ် ဇနီး ချန်း နဲ့ တခြား သူငယ်ချင်းအချို့ ဗီယက်နမ်ကို အပမ်းဖြေခရီးသွားခဲ့ကြပါတယ်။ ဗီယက်နမ်ဟာကွန်မြူနစ်နိုင်ငံဖြစ်ပြီး မာ့ခ်ဇူကာဘာဂ့်ရဲ့ လူမူကွန်ယက်ဆိုက် Facebook ကို အသုံးပြုခွင့်မရှိတားမြစ်ထားပါတယ်။ ဒါပေမဲ့ အဲဒီလိုတားမြစ်တာဟာ Facebook CEO မာခ့်ကို မကြိုဆိုနိုင်ဘူးလို့ အဓိပ္ပါယ်ရတာတော့မဟုတ်ပါဘူး။ မာခ့် ရဲ့ ၂၀၁၁ ဒီဇင်ဘာ ခရစ်စမတ်ပွဲအချိန်တွေကုန်ဆုံးစေခဲ့ပါတယ်။ Ha Long Bay မှာ ခရစ်စမတ်ညနေခင်းနဲ့ Sapa မြို့လေးမှာတော့ နောက်တစ်နေ့ ခရစ်စမတ်နေ့ နေထိုင်ခဲ့ကြတယ်။ ကိုယ်ပိုင် ရဟတ်ယာဉ်နဲ့ ခရီးသွားခဲ့ကြပြီး ဒေါ်လာ ၆၀၀၀ ခန့် သုံးစွဲခဲ့ကြသတဲ့။ ဗီယက်နမ်မှာ ခရီးသွားဧည့်သည်တွေအတါက် ရွေးချယ် လည်ပတ်ကြည်ရှုစရာတွေအများကြီးပဲရှိနေပါတယ်တဲ့။ အလွန်လှပတဲ့ဟိုတယ်နဲ့ အပမ်းဖြေစရာနေရာတွေဟာ ဧည့်သည်တွေကို စစ်မှန်တဲ့နွေးထွေးမှုနဲ့ ကြိုဆိုတယ်။ ရိုးသားတဲ့ဧည့်ဝတ်ကျေပွန်မှု ရှိကြတယ်လို့ မာ့ခ်ကပြောပါတယ်။ အံ့သြဖွယ်ကောင်းလှတဲ့ ကမ်းခြေတွေ၊ အပူပိုင်းသစ်တော၊ တောင်တန်း၊ လှပတဲ့ရေကန်တွေနဲ့ ရေတံခွန်တွေ၊ လှပလွန်းတဲ့ နေဝင်ချိန်တွေကြည်ရှုပြီး အနားယူရတာ စိတ်ကျေနပ်စရာပါပဲ တဲ့။ Facebook ထက် ပိုပြီး ဘဝဆန်တဲ့နေရာတွေရှိတယ်ဆိုတာ နောက်ဆုံးတော့ မာ့ခ် နားလည်သွားခဲ့ပါသတဲ့။ အဲဒါကြောင့်ပဲ လက်ထပ်ပြီးခါစ ဇနီးမောင်နှံဟာ ရိုးရှင်းတဲ့မင်္ဂလာပွဲတစ်ခုနဲ့ သူတို့ရဲ့ ဘဝကိုချည်နှောင်လိုက်ပြီး ပျားရည်ဆမ်းခရီးကိုတော့ အီတလီကို အပြေးအလွှားသွားခဲ့ကြတယ်။ ဗာတီကန်က Sistine ဘုရားကျောင်းကို သွားခဲ့ကြတယ်။ ရောမက ဂျူးတွေရဲ့ရပ်ကွက်ထဲမှာရှိနေတဲ့ နာမည်ကျော် Kosher စားသောက်ဆိုင်ကိုလည်း အရောက်သွားကြတယ်။

 အဲဒီမှာ ညစာစားပြီးတဲ့အခါမှာတော့ တစ်ယောက်လက်တစ်ယောက် ခိုင်မြဲစွာ ဆုပ်ကိုင်ပြီး ကျောက်သားချောချောပြောင်ပြောင်လမ်းမတွေမှာ အေးအေးလူလူလမ်းလျှောက်ခဲ့ကြတယ်။ ဘီလျံနာကြီးဟာ အသုံးအစွဲ စေ့စပ်သူကပ်စေးနည်းလှတဲ့သူလို့ ထင်မြင်ခဲ့ရင်တော့ လွဲသွားမှာပါပဲ။ မာ့ခ်တို့ အီတလီကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ သွားခဲ့ကြတယ်။ တစ်ညကို ဒေါ်လာ ၁၀၀၀ ကနေ စတင်ငွေကြေးယူတဲ့ Portrait Suites လို့ခေါ်တဲ့ ကြယ်ငါးပွင့်ဟိုတယ်တွေမှာ တည်းခိုခဲ့ကြတာပါ။ အီတလီက Amalfi ကမ်းရိုးတန်းမှာ အပျော်တမ်းရွက်လှေစီးနေကြတဲ့ မာခ့် နဲ့ ချမ်း တို့ရဲ့ ဓာတ်ပုံတွေကြည့်မြင်ရတာ သူတို့ရဲ့ ပျားရည်ဆမ်းခရီးဟာ နေရာရွေးချယ်မှုမှန်ကန်ခဲ့တာပဲလို့ ဆိုနေကြပါတယ်။

မာ့ခ် ရဲ့ ပရဟိတအလှု
ဆီလီကွန်တောင်ကြားဘီလျံနာတွေရဲ့ ခြေလှမ်းအတိုင်းပဲ မာ့ခ်ဇူကာဘာဂ့်လည်း သူ့ရဲ့ ကြွယ်ဝမှုတွေကို လှူဒါန်းဖို့ ဆန္ဒပြင်းပြတာပါပဲ။ Start-up ပညာရေးဖောင်ဒေးရှင်းတည်ထောင်ထားပါတယ်။ နယူးဂျာစီက Newwark ကျောင်းတွေရဲ့ ပညာသင်ကြားရေးအတွက် ဒေါ်လာ သန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။ မာ့ခ်ကတော့ တိတ်တဆိတ်လူမသိဘဲလှူဒါန်းလိုက်ချင်ပေမယ့် Newark မြို့တော်ဝန် Cory A. Booker က နယူးဂျာစီအုပ်ချုပ်ရေးမှုး Chris Christie ရဲ့ အကူအညီနဲ့ မာ့ခ်ကို နာမည်ကြေညာလှူစေဖို့ သိမ်းသွင်းစည်းရုံးခဲ့ပါတယ်။
The Giving Pledge ဖောင်ဒေးရှင်းကတော့ ဘီလ်ဂိတ်စ် နဲ့ ဝါရန်ဘူဖေးတို့က စတင်ခဲ့ပြီး ဘီလျံနာတွေရဲ့ပိုင်ဆိုင်မှုတွေကို အသက်ရှင်စဉ်၊ ဒါမှမဟုတ် သေဆုံးသွားခဲ့ရင် ပိုင်ဆိုင်တဲ့စည်းစိမ်ဥစ္စာတစ်ဝက်/ တစ်ဝက်ထက်ပို ကို ပရဟိတအတွက်လှူဒါန်းစေဖို့ လှုံဆော်စည်းရုံးနေခဲ့တာပါ။ ၂၀၁၀ ဒီဇင်ဘာ ၉ ရက်နေ့မှာ မာ့ခ်လည်း ဘီလ်ဂိတ်စ် တို့နဲ့ အတူ သဘောတူလက်မှတ်ရေးထိုးထားခဲ့ပြီးပါပြီ။

ကျန်းမာရေး နဲ့ ပညာရေး ဆီလီကွန်တောင်ကြားကုသိုလ်ဖြစ်ရံပုံငွေအတွက် ဒေါ်လာ ၈၀၀ ဝန်းကျင်တန်ကြေးရှိတဲ့ Facebook ရှယ်ယာ ဒေါ်လာ ၁၈ သန်းလှူဒါန်း ဒီအလှူမှာ မာ့ခ်ရဲ့ ဇနီး ပရစ်စီလာချန်းကလည်း ပါဝင်လှူဒါန်းထားပါတယ်။ အဲဒီ NGO ဟာ ဘဝပြုပြင်ပြောင်းလဲရေး ပြဿနာတွေအတွက် ရည်စူးလှူဒါန်းကြပြီး ၅ နှစ်အတွင်း ဒေါ်လာ ၂.၅ ဘီလီယံနီးပါးရရှိလှူဒါန်းနိုင်ခဲ့ပါပြီ။ 
မာခ့် ပိုင်ဆိုင်တဲ့ အိမ်မွေးတိရစ္ဆာန် ဆိုရင်တော့ ဟန်ဂေးရီးယန်း ပူလီ ခွေးငယ်လေးရှိကြတယ်။ ခွေးလေးရဲ့ အမည်ကိုတော့ ထူးထူးဆန်ဆန်းအမည် Beast လို့ ပေးထားကြသတဲ့။ Hungarian Water Dog လို့ ခေါ်ကြတဲ့ အဲဒီခွေးလေးတွေဟာ အင်မတန်ဥာဏ်ကောင်းကြတယ်။ သခင်ကို ချစ်ခင်လွန်းကြတယ်။ တခါတရံ ခေါင်းမာလွန်းပြီး ရန်မူလိုတတ်တယ်။ ဒါပေမဲ့ အမြဲလိုလို နောက်နောက်ပြောင်ပြောင် ချစ်စရာကောင်းလှပြီး သတ္တိကောင်းတဲ့ခွေးလေးတွေလို့ ဆိုပါတယ်။ သူတို့ရဲ့ ထူထူထဲထဲအမွှေးလေးတွေဟာ တစ်ကိုယ်လုံး ၉၉ ရာခိုင်နှုန်းလောက်အထိတောင် ဖုံးအုပ်ထားသတဲ့။ မာ့ခ်နဲ့ ချန်းတို့ရဲ့ အချစ်တော် ခွေးလေးပါပဲ။

ကမ္ဘာ့အငယ်ဆုံး ဘီလျံနာ မာ့ခ် သွားသွားလာလာဝတ်ဆင်ဖြစ်တဲ့ sweatshirt ရဲ့ တံဆိပ်က hoodie ပါ။ အဲဒီ hoodie ရှပ်ကို စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစရာရှိတဲ့ အစည်းအဝေးမျိုးမှာတောင် ဝတ်ဆင်တတ်သတဲ့။ ပေါ့ပေါ့ပါးပါးရှိပြီး ကြော့မော့ခေတ်ဆန်တဲ့ မာခ့်အသွင်ရဲ့ ဟန်ပန်အစစ်ကို hoodie sweatshirt နဲ့ အလိုက်ဖက်ဆုံးမြင်တွေ့ရလေ့ရှိတယ်။ မာခ့် စိတ်ကြိုက် hoodie ရှပ်ရဲ့ အတွင်းသားမှာတော့ စာတန်းတစ်ခု ရိုက်နှိပ်ထားတယ်။ အဲဒီစာသားကတော့ “ကမ္ဘာကြီးကို ပိုပြီးဖွှင့်လှစ် ပြီးတော့ ဆက်သွယ်ကြဖို့ပေါ့” တဲ့။       ။

ဖြိုးဖြိုး
(Living Fashion Magazine, August, 2013)