အမျိုးသမီးအလုပ်သမားလူ့အခွင့်အရေး နဲ့ ပတ်သက်တဲ့အချက်အလက်တွေကို Dictionary တစ်အုပ်လို A to Z ရှာဖတ်ကြည့်နိုင်မယ့် စာတစ်အုပ်ပါ။ စာအုပ်မှာ မာတိကာကို ဒီလို A to Z ခွဲခြားထားတာတွေ့ရတယ်။
ကိုထွေး - R,S
ခင်မမမျိုး - E
ခေးလု - H,Z
ဖြိုးဖြိုး - C
တည်တံ့(GBK) – D,L
ထင်မင်းလူ - F,P
ထူးကျော်ဝင်း - M,N
မင်းခက်ရဲ - A,B, I
ရန်နိုင်ဝင်း - O,V,Y,U
နောင်ချိုသစ် - G
အိအိခင် - T,WMyanmar Knowledge Society (MKS) စီစဉ်ထုတ်ဝေပါတယ်။
ဒီ စာအုပ်နဲ့ပတ်သက်ပြီး စာရေးဆရာ မင်းခက်ရဲ ရဲ့ facebook မှာ -
မိတ်ဆွေများနှင့် တိုင်ပင်ဆွေးနွေးပြီး စုပေါင်းရေးသားထားတဲ့ စာအုပ်ပါ။ Myanmar Knowledge Society က ထုတ်ဝေပြီး KZO ကဒီဇိုင်းဆွဲထားပါတယ်။ မတ်လအကုန်လောက်မှာ ထွက်ဖြစ်လိမ့် မယ်ထင်ပါတယ်။
လို့ ရေးထားပါတယ်။ MKS ကပဲ "ခေတ်ပြိုင်လူ့အခွင့်အရေးအတွေးအခေါ်များ" စာအုပ်ကိုလည်းထွက်ရှိခဲ့ပါတယ်။ MKS မှာ liberal democracy, law, political philosophy and education နဲ့ သက်ဆိုင်တဲ့စာအုပ်တွေ ထွက်ရှိခဲ့/ ဆက်တိုက်ထွက်လာဖို့လည်းရှိနေပါတယ် တဲ့။
အဲဒီစာအုပ်မှာရေးခွင့်ရခဲ့တာက ကျွန်မအတွက်တော့ ပထမဆုံးပုံနှိပ်စာအုပ်ပါပဲ။ စိတ်ဝင်စားစရာ ကောင်းပြီးအကျိုးရှိတဲ့စာတစ်အုပ်မို့ ရေးခွင့်ရခဲ့တဲ့အတွက် ပျော်ပါတယ်။ ကျွန်မရေးဖြစ်ခဲ့တဲ့အပိုင်းက Letter "C" နဲ့ ပတ်သက်တဲ့ Care work, Career Breaks, Career opportunities စသဖြင့် အကြောင်းအရာတွေပါ။ ရေးဖြစ်တဲ့ Letter "C" ထဲကအချက်လေးတွေကိုတော့ ဘလောဂ့်မှာ နမူနာအဖြစ်တင်လိုက်ပါတယ်။ တခြား Letter တွေနဲ့ ပတ်သက်တဲ့အကြောင်းတွေ သိချင်ရင်တော့ စာအုပ် ဝယ်ဖတ်ဖို့ တိုက်တွန်းချင်မိတယ်။ ကျွန်မလည်း တခြားအပိုင်းတွေ မဖတ်ရသေးပါဘူး။ ဘယ်ဆိုင်တွေမှာ ဝယ်လို့ရနိုင်မလဲတော့ ကျွန်မလည်း အသေအချာမသိတာမို့။
မိတ်ဆွေ၊ သူငယ်ချင်းအားလုံးကို ချစ်ခင်လေးစားစွာ
ဖြိုးဖြိုး
******************
အမျိုးသမီး အလုပ်သမားများ၏ အခွင့်အရေးနှင့် “လိင်ခွဲခြားမှု” သာတူညီမျှရှိရေး
ပြုစုစောင့်ရှောက်တဲ့အလုပ်(Care Work)
Care Work ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပါယ်ဖွင့်ဆိုရမယ်ဆိုရင်တော့ နိုင်ငံသားတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ စိတ်ခံစားမှုတွေ၊ ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်တွေကိုပါ ကြည့်ရှုစောင့်ရှောက်နေတာမျိုးပါ။ အစောင့်ရှောက်ခံဆိုတဲ့သူတွေဟာ ယေဘူယျအားဖြင့် နို့စို့အရွယ်ကလေးငယ်တွေ၊ ကျောင်းနေအရွယ်ကလေးငယ်တွေ၊ ဖျားနာနေတဲ့သူတွေ၊ မသန်စွမ်းသူတွေ နဲ့ အသက်အရွယ်ကြီးရင့်သူတွေပါနိုင်တယ်။ စောင့်ရှောက်ပေးမယ့်သူတွေက ထုံးစံအတိုင်းပဲ အစိုးရ-ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ ဒေသခံတာဝန်ရှိသူတွေ၊ ပြည်သူ့ဝန်ထမ်းလူမှုရေးလုပ်သားတွေ၊ အစိုးရ-ပုဂ္ဂလိက စောင့်ရှောက်မှုပေးတဲ့ အေဂျင်စီတွေ၊ အလုပ်သမားအကျိုးဆောင်လုပ်ငန်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတွေ၊ ယုံကြည်ရတဲ့ ကွန်ယက်အဖွဲ့အစည်း၊ ဆွေမျိုးသားချင်းတွေ နဲ့ မိတ်ဆွေသူငယ်ချင်းတွေပါ။ စောင့်ရှောက်မှုစံနှုန်းနဲ့ အမျိုးအစားတွေ ကွဲပြားကြတယ်။ ကဏ္ဍတွေအမျာကြီးမှာ လုပ်သားတွေကလည်းအများကြီးလိုအပ်ပါတယ်။ ဒါပေမဲ့ စောင့်ရှောက်မှုဟာ စည်းမျှဉ်းတွေချမှတ်ဖို့၊ ဥပဒေပြုလုပ်ငန်းတွေ သက်ရောက်ဖို့ဆိုတာက ခက်ခဲတယ်။ တရားဝင်အဖွဲ့အစည်းတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေက မြင်သာပေမယ့် အိမ်တစ်အိမ်မှာ မိသားစု၊ ဆွေမျိုး၊ စေတနာ့ဝန်ထမ်းတွေရဲ့ စောင့်ရှောက်မှုမျိုးကတော့ တရားမ၀င်သလိုဖြစ်နေပြီး မြင်သာထင်သာမရှိနိုင်ပါဘူး။ တစ်ခါတစ်ရံမှာ အခကြေးငွေနဲ့ အလုပ်လုပ်ကြသလို၊ ငွေကြေးတန်ဖိုးမပါပဲ ကြည့်ရှုစောင့်ရှောက်နေကြရတာတွေရှိနေတယ်။ စောင့်ရှောက်မှုဆိုတာ စောင့်ကြည့်စစ်ဆေးရုံလောက် မဟုတ်ဘဲ ဆေးဘက်အကူတစ်ဦးက စိတ်ပိုင်းဆိုင်ရာခံစားမှု အခြေအနေတွေကိုပါ ရင်းရင်းနှီးနှီးဆွေးနွေးပေးတဲ့တာဝန် အပြည့်အ၀ယူထားရတာပါ။ စိတ်ခံစားမှုအခြေအနေတွေ အလေးထားစောင့်ရှောက်ရတာဟာ တခြားလုပ်ငန်းသဘောသဘာဝထက် ကြီးကျယ်တယ်။ အဲဒီလုပ်ငန်းမျိုးတွေဟာ နိုင်ငံရေးသမားတွေ၊ စာရင်းအင်းကျွမ်းကျင်သူတွေအတွက် လုပ်ငန်းဖြစ်မြောက်တဲ့အဆင့်ထိ ရှင်းရှင်းလင်းလင်းဖြစ်ဖို့၊ ကိုင်တွယ်ဖို့ ခက်လှတယ်။ ဘယ်လိုပဲခက်ခဲပါစေ လက်ရှိကာလတွေမှာ Care Work ဆိုတာကို တကယ့်အလုပ်တစ်ခုလို ယေဘူယျတော့ အသိအမှတ်ပြုလာကြပါပြီ။ ဒါပေမဲ့ အသိအမှတ်ပြုမှုကလည်း လတ်တလောမှပါ။ နိုင်ငံရေးသမားတွေနဲ့၊ စီးပွားရေးသမားတွေက ဒီလို Care Work တွေအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုးအဖြစ်မခံလိုတော့ ဆန့်ကျင်ဖိအားပေးတဲ့သဘောတွေရှိတယ်။ အမျိုးသမီးဝါဒသမားတွေကတော့ စာရင်းအင်းနဲ့တကွ မြင်သာတဲ့အလုပ်ဖြစ်လာနိုင်မယ့် နည်းလမ်းတွေရှာနေကြတယ်။ တခြားသူတွေကို ပြုစု၊ ကြည့်ရှု၊ စောင့်ရှောက်မှုပေးနေတဲ့သူတွေ ကိုယ်တိုင်ကလည်း လုပ်အားခရနေသည့်တိုင် သူတို့ကိုယ်တိုင် အလုပ်သမား၊ အလုပ်လုပ်နေသူအဖြစ်မမြင်ကြပဲ အစဉ်အလာသဘောထင်မှတ်ထားကြတယ်။
ငွေကြေးအဖိုးအခမရတဲ့တာတွေ သိပ်များလွန်းတာကြောင့် လစာမရတဲ့ဒီလိုအလုပ်တွေကို သတိပြုမိလာကြတာပါ။ ၂၀၀၆ ခုနှစ်မှာ ILO က မိသားစုတွေနဲ့ လူအဖွဲ့အစည်းတွေထဲက လစာမရတဲ့အလုပ်တွေကို တကယ့်အလုပ်အဖြစ် အထူး ဆွေးနွေးလာခဲ့ကြတယ်။ စီးပွားရေး၊ လူမှုရေးလောကထဲမှာတော့ မကြာခဏ မသိကျိုးကျွန်ပြုထားကြတယ်။ ကလေးသူငယ်၊ သက်ကြီးရွယ်အိုနဲ့ နာမကျန်းဖြစ်သူတွေကို စောင့်ရှောက်မှုတင်မဟုတ်ပဲ အခကြေးငွေနဲ့လုပ်ကိုင်ကြတဲ့ ဒီလိုအုပ်စုထဲက အလုပ်တွေကို အမျိုးသမီးတွေကပဲ လုပ်ကိုင်ကြတာလည်း အဓိကဖြစ်နေတယ်။ Care Work ဟာ လိင်အားဖြင့်သီးသန့်ခွဲခြားထားတဲ့အလုပ်အဖြစ် သိသာထင်ရှားလွန်းလှပါတယ်။ အမျိုးသမီးတွေကပဲ အဓိကတာဝန်ရှိတဲ့အလုပ်အဖြစ် ဆက်ပြီးရပ်တည်နေဆဲပါ။ Care Work ဟာ လစာရတဲ့အလုပ်ဆိုရင်တောင် အဆင့်အတန်းနိမ့်ကျတယ်။ လစာလည်းနည်းပါတယ်။ တခြား ကျန်တဲ့သူတွေကတော့ အိမ်ဝေယျာဝစ္စအလုပ်လို လုပ်ကိုင်ဆောင်ရွက်နေရတာပါ။ တကယ်တမ်းမှာ ပြောင်းလဲတိုးတက်လာနေတဲ့ လူဦးရေစာရင်းကိန်းဂဏန်းတွေအရ Care Work ဟာ မျက်နှာလွှဲနေလို့မရလောက်အောင်ကို ပိုပြီးအရေးကြီးတဲ့အလုပ်ဖြစ်လာနေပါပြီ။ အလုပ်တစ်ခုလို ၀န်ဆောင်မှုနဲ့ လိုအပ်ချက်တွေကို နားလည်သဘောပေါက်မှုတွေ ကျယ်ပြန့်လာပါတယ်။ စောင့်ရှောက်ပေးသူ နဲ့ အစောင့်ရှောက်ခံ နှစ်ဦးနှစ်ဘက်လုံးမှာလည်း အခွင့်အရေးကိုယ်စီရှိကြတယ်။ အဲဒါကြောင့် ပြုစုစောင့်ရှောက်မှုပေးသူတွေရဲ့ တာဝန်တွေနဲ့ အခွင့်အရေးတွေဟာ စည်းမျဉ်းစည်ကမ်းနဲ့အညီတရားဝင်ဖြစ်ဖို့ လိုအပ်ပါတယ်။ လုပ်အားခမရရှိတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြုစုစောင့်ရှောက်မှုပေးသူတွေအတွက် တောင်းဆိုပေးမယ့် ပြည်သူတွေရဲ့ အသံက အဓိကအရေးကြီးပါတယ်။ လက်ရှိအခြေနေအထိ အစိုးရ-ပုဂ္ဂလိကစောင့်ရှောက်ပေးတဲ့လုပ်ငန်းစဉ်တွေက အမျိုးမျိုးကွဲပြားနေတာကြောင့် ဒီလိုအလုပ်သမားတွေရဲ့ အသံတွေ တစုတစည်းတည်းစုနိုင်ဖို့၊ အောင်မြင်မှုရဖို့က ခက်ခဲနေတယ်။ တိုင်းပြည်တစ်ခုမှာ Care Work စည်းမျဉ်းဥပဒေ ရဲ့ လုပ်ငန်း ၄ ခု ရှိသင့်ပါတယ်။
၁. သင့်တော်တဲ့စည်းမျဉ်းဘောင် တည်ထောင်ခြင်း။ (ပါဝင်သင့်တာက ပြုစုခံ/ပြုစုသူတွေလက်ခံနိုင်မယ့် စံနှုန်းပါ ဥပဒေ၊ စည်းမျဉ်း။ နောက် Care Work စီမံဆောင်ရွက်တဲ့ အေဂျင်စီ၊ အဖွဲ့အစည်းတွေလိုက်နာရမယ့် စံနှုန်းပါ စည်းမျဉ်းစည်းကမ်း)
၂. ဘယ်သူက စောင့်ရှောက်ထောက်ပံ့မှု၊ ဘယ်လို ရသင့်သလဲ ဆုံးဖြတ်ပေးခြင်း။
၃. စောင့်ကြည့်စစ်ဆေးခြင်း၊ ကုန်ကျစရိတ်တွက်ချက်ပေးခြင်း၊ ဒဏ်ငွေကျခံစေခြင်း တွေအတွက် စနစ်တစ်ခုတည်ဆောက်ခြင်း။
၎. ဖြည့်စွက် Care အဖွဲ့အစည်းထားရှိခြင်း။ သင့်တော်သလို လူမှု-စီးပွားရေး အဖွဲ့အစည်းတည်ဆောက်ခြင်း(ဥပမာ ဝေးလံတဲ့ ကျေးရွာတစ်ခုမှာ အနီးအနားမှာ အထောက်အကူပေးနိုင်မယ့် အလုပ်ရုံ၊ အဖွဲ့အစည်းခန့်ခွဲဖြည်တင်းထားဖို့ပါ)
၁၉၇၇ ခုနှစ်မှာ အမှတ် ၁၄၉ သူနာပြုအမှုထမ်းသဘောတူညီချက် နဲ့ အတူ အမှတ် ၁၅၇ ထောက်ခံချက် တွေကို Care အလုပ်သမားတွေအတွက် ILO က တိတိကျကျထုတ်ပြန်ခဲ့ပါတယ်။ ILO စံနှုန်းတွေဟာ တခြားနယ်ပယ်က လုပ်သားတွေနဲ့လည်း သက်ဆိုင်သလို Care လုပ်သားတွေအတွက် သက်ရောက်မှုရှိတယ်။ အထူးသဖြင့် အခွင့်အရေး၊ ဆေးဝါးကုသမှု နဲ့ လုပ်အားခ တွေကို သာတူညီမျှရှိစေဖို့ပါ။ လက်တွေ့မှာတော့ နယ်ပယ်တွေ အမျိုးမျိုးကွဲပြားတာကြောင့် ဒီအခွင့်အရေးတွေဟာ ရရှိဖို့တော့ ခက်ခဲပါလိမ့်မယ်။
အလုပ်နားခြင်း (Career Breaks)
အလုပ်ကနေ ခေတ္တအနားယူတဲ့အချိန်မှာ တစ်လကနေ ၂ နှစ်အထိ ကြာမြင့်နိုင်ပါတယ်တဲ့။ ၆ လ ကနေ ၂ နှစ်ထိက အများဆုံးယူလေရှိကြတဲ့ ခွင့်ကာလပါ။ ၁ လ အောက်နည်းပြီး၊ အချိန်တို ခွင့်ယူကြတာတွေလည်းရှိပါတယ်။ ဒီလို အလုပ်ကနားတာဟာ အလုပ်မရှိတာနဲ့ မတူညီပါဘူး။ ခရီးသွားခြင်း၊ ပရဟိတအလုပ်ကိစ္စ၊ အလုပ်ကိစ္စနိုင်ငံရပ်ခြားသွားခြင်း၊ ပညာသင်၊ သင်တန်းတက်ခြင်း။ ကျန်းမာရေးအတွက်အနားယူခြင်း။ ကလေးမီးဖွားခြင်း။ ထိခိုက်ဒဏ်ရာရ၊ ဖျားနာခြင်းတွေအတွက် လစာရလျှက်နဲ့ အလုပ်နားနိုင်တယ်။ ဒီလိုအလုပ်နားတာဟာ အလုပ်နဲ့ မိသားစုဘ၀ အချိုးကျကျ သင့်မြတ်စေဖို့အရေးကြီးတဲ့ လုပ်ထုံးလုပ်နည်းပါ။ အမျိုးသမီးတွေအတွက်ကတော့ ကလေးမီးဖွားတဲ့အချိန် အလုပ်နားကြတာပိုများပါတယ်။ သဘောတူညီချက် အမှတ် ၁၈၃ ဟာ လုပ်သားတွေလုံခြုံမှု၊ ကိုယ်ဝန်ဆောင်ကာလမှာ အလုပ်က ထုတ်ပယ်မှုတားမြစ်ခြင်း၊ မီးဖွားခွင့် နဲ့ လုပ်ငန်းခွင်ပြန်ဝင်တဲ့ကာလ တွေအတွက် မူလအလုပ်(ရာထူး၊ တူညီတဲ့လစာ)ကို ပဲ ပြန်ခံစားနိုင်မယ့် အခွင့်အရေးကို ပေးဖို့ဖော်ပြထားတာပါ။ သဘောတူညီချက်အမှတ် ၁၅၆ ရဲ့ အပိုဒ် ၇ ဟာ ဒီအချက်ကို ဦးတည်ပါတယ်။ လုပ်သားတွေရဲ့အခွင့်အရေးမှာ အသက်မွေးဝမ်းကျောင်းလမ်းညွှန်သင်တန်းတက်နိုင်ဖို့၊ အဲဒီတာဝန်ပြီးဆုံးတဲ့အခါ လုပ်ငန်းခွင် ပြန်ဝင်နိုင်ဖို့တွေ ပါဝင်တယ်။ ထောက်ခံချက် အမှတ် ၁၆၅ (၃. ၁၂-၁၄) မှာ ပညာရေးအဆင့်မြှင့်တင်နိုင်မယ့် သင်တန်းတွေအခါအားလျော်စွာ တက်ရောက်နိုင်အောင်စီစဉ်ပေးပြီး လုပ်ငန်းခွင်ချောမောစွာ ပြန်တက်နိုင်ဖို့ ဖော်ပြတယ်။
အလုပ်အခွင့်အလမ်း (Career opportunities)
လုပ်သားတိုင်း လိင်ခွဲခြားမှု မရှိဘဲ ရာထူးတိုးမြှင့်ခြင်း နဲ့ သင်တန်းတက်ရောက်နိုင်မယ့်အခွင့်အလမ်းတွေကို အညီအမျှ သတင်းပေးသင့်ပါတယ်။ သင့်တော်မယ့်အခွင့်အလမ်းတွေကို အညီအမျှ တိုက်တွန်းပေးသင့်တယ်။ တိတိကျကျပြောမယ်ဆိုရင် လုပ်သားတိုင်း လစ်လပ်နေတဲ့ရာထူးသတင်းကို စနစ်တကျ ရနိုင်ရမယ်။ရာထူးတိုးမြှင့်၊ အပြောင်းအရွှေ့၊ သင်တန်း အဲဒီလို အစီအစဉ်တွေအတွက် လျှောက်လွှာလိုအပ်ချက်၊ နည်းလမ်းအဆင့်ဆင့်အားလုံး လုပ်သားကို ရှင်းရှင်းလင်းလင်း အသိပေးကြေငြာရမယ်။
သင်တန်း၊ အပြောင်းအရွှေ့အခွင့်အလမ်းတွေဟာ ရာထူးနှင့်ပတ်သတ်ပြီးခွဲခြားထားတာတွေ မရှိရပါဘူး။ေ လ့ကျင့်သင်ကြားရေးသင်တန်းအစီအစဉ်တွေကို လုပ်သားတိုင်းအတွက် ပုံမှန် စီစဉ်ထောက်ပံ့မှုပေးနေသလို၊ အမျိုးသမီးတွေအတွက်အလုပ်မှာ တိုးတက်မှုအတွက် အတားအဆီးဖြစ်စေတာတွေ ကူညီရှင်းလင်းပေးရမယ်။ နည်းပညာအသစ်တွေ၊ စီမံအုပ်ချုပ်မှု နဲ့ တခြားကျွမ်းကျင်မှုတွေကို မပြတ်တိုးတက်လာအောင် ထိန်းညှိပေးနေရပါမယ်။
သင်တန်းတွေမှာ တက်ရောက်ခွင့်ရသူတွေရဲ့ (အမျိုးသမီး၊ အမျိုးသား) အချိုးမညီမျှမှုတွေကို လျှော့ချနေရမယ်။ ရာထူးမြင့်နေရာတွေအတွက်ပါ အမျိုးသမီးတွေအတွက် စီစဉ်ပေးရပါမယ်။ သဘောတူညီချက် အမှတ် ၁၅၆ မှာ မိသားစုတာဝန်တွေနဲ့ အနားယူ(ခွင့်ယူ)နေကြတဲ့ အမျိုးသမီးတွေ ပုံမှန်အလုပ်ပြန်ဝင်နိုင်စေဖို့ ပါရှိတယ်။ သက်မွေးဝမ်းကျောင်းသင်တန်း၊ ပညာရေးခွင့်(လစာဖြင့်) မိသားစုတာဝန်တွေနဲ့ လိုအပ်ချက်တွေရှိလာရင် အကြံပြုဆွေးနွေးတိုင်ပင်ပေးတာတွေပါ စီစဉ်ပေးရမယ်ဆိုတာတွေဟာ ထောက်ခံချက် အမှတ် ၁၆၅ အပိုဒ်(၁၃-၁၄) တွေမှာတွေ့နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလ ငွေကြေး၊ ဆေးဝါး ထောက်ပံ့ပေးခြင်း
၁၉၅၂ ခုနှစ်က သဘောတူညီချက် အမှတ် ၁၀၃ ကို ပြန်ပြီးစိစစ်တည်းဖြတ်ထားတဲ့ သဘောတူညီချက် အမှတ် ၁၈၃ အရ မီးဖွားခွင့်နဲ့ အလုပ်ကနေအနားယူတဲ့ အမျိုးသမီးတစ်ဦးဟာ သူမကိုယ်တိုင်နဲ့ ကလေးငယ်အတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူနေမှုစံနှုန်းအတိုင်း နေထိုင်ရှင်သန်နိုင်ရန် ငွေကြေးအထောက်အပံ့ခံစားပိုင်ခွင့်၊ အခွင့်အရေးရှိပါတယ်။ မီးမဖွားခင်၊ မီးဖွားကာလ နဲ့ မီးဖွားပြီးကာလ ထောက်ပံ့မှုတွေအတွက်အကျိုးခံစားခွင့်ရှိရပါမယ်။ လိုအပ်ခဲ့ရင် ဆေးရုံတက်စောင့်ရှောက်မှုမျိုးလည်း တာဝန်ယူပေးရမယ်။ သဘောတူညီချက် အမှတ် ၁၀၃ အရ ဆရာဝန် စိတ်ကြိုက်ရွေးချင်ခွင့် နဲ့ အစိုးရ/ပုဂ္ဂလိက ဆေးရုံရွေးချယ်နိုင်ခွင့်လည်းရှိရပါမယ်။ ငွေးကြေးအကျိုးခံစားခွင့်ဟာ လူမှုရေးအာမခံ၊ ၀န်ထမ်းရံပုံငွေကနေ ငွေးကြေးထုတ်ယူ သုံးစွဲခွင့်ရှိတာမျိုးပါ။ ၀န်ထမ်းအမျိုးသမီးရဲ့ လစာ သုံးပုံနှစ်ပုံထက် မနည်းတဲ့ပမာဏအကျိုးခံစားခွင့်ရရှိရမှာပါ။ ထောက်ခံချက် အမှတ် ၁၉၁ မှာတော့ အမျိုးသမီးရဲ့ မူလ လစာအပြည့်ခံစားခွင့်ပေးရမယ်လို့ ဖော်ပြထားပါတယ်။ ကုန်ကျစရိတ်တွေကို လုပ်သားတစ်ဦးတည်းက ကျခံရတာမျိုးမရှိစေရလို့ ပါရှိတယ်။
ရှောင်တခင်အလုပ်
ရှောင်တခင်အလုပ်ဟာ ပုံသေကာလမရှိပါဘူး။ အလုပ်ရှင်က လိုအပ်တဲ့အချိန် လုပ်သားကို လုပ်ငန်းခွင်ကို ခေါ်နိုင်ပါတယ်။ အချိန်ပြည့်၊ အချိန်ပိုင်း ကာလအမျိုးမျိုးရှိနိုင်ပါတယ်။ အလုပ်နည်း၊ အလုပ်များတဲ့အချိန်ပေါ်မူတည်ပြီး ရက်အနည်းငယ်ကနေ ရက်သတ္တပတ်များစွာအလုပ်လုပ်ရတယ်။ ရှောင်တခင်လုပ်သားတွေရဲ့ အလုပ်စာချုပ်မှာ အနည်းဆုံး၊ အများဆုံး ကိုယ်လုပ်နိုင်မယ့် အလုပ်ချိန်တွေကိုအလုပ်ရှင်ကို သဘောတူဖို့ တောင်းဆိုနိုင်တယ်လို့ ပါရှိတယ်။ Zero hours စာချုပ်တွေမှာတော့ လုပ်သားဟာ အနည်းဆုံးအလုပ်ချိန် တောင်းဆိုခွင့်မရနိုင်ပါဘူး။ အလုပ်ဘယ်အချိန်မှာပေါ်လာနိုင်မယ် အာမခံချက်မရှိသည့်တိုင်အောင် အလုပ်ရှင်ခေါ်လိုက်တဲ့အချိန်မှာအလုပ်လုပ်လုပ်နိုင်ရမယ် လို့ပါရှိတယ်။ (ILO, 2004c)။ Zero hours စာချုပ်ဆိုတာက လတ်တလောမှာပေါ်ပေါက်လာတဲ့ လုပ်ငန်းစာချုပ်မျိုးပါ။ တစ်ပတ်မှာ ဘယ်နှစ်နာရီအလုပ်လုပ်ရမယ် အာမခံချက်မရှိပါဘူး။ ရှောင်တခင်အလုပ်သမားတွေဟာ အမြဲတမ်းအလုပ်သမားမဟုတ်သူတွေနဲ့ ကွဲပြားပါတယ်။ အခွင့်အရေးခံစားပိုင်ခွင့်ပိုနည်းပါတယ်။ ကာကွယ်စောင့်ရှောက်မှုလည်း ပိုနည်းတယ်။ စာချုပ်ရှိနေသည့်တိုင်အောင် အလုပ်ရှင်ကပဲ အားလုံး ဦးဆောင်ဆုံးဖြတ်ခွင့်ရှိတယ်။ အလုပ်လုပ်ဖို့မလိုအပ်တော့တာ၊ အလုပ်ရပ်ဆဲလိုက်တာမျိုးပါ။ အလုပ်လုပ်နေတဲ့အချိန်မှာလည်း အလုပ်သမားအခွင့်အရေးဆုံးရှုံးနေနိုင်တယ်။ ရှောင်တခင်လုပ်သားတွေရဲ့ တရားဝင်ခံစားပိုင်ခွင့်က အကန့်အသန့်ရှိတယ် ဒါမှမဟုတ် ခံစားပိုင်ခွင့်လုံးဝမရှိတာလည်း ဖြစ်နိုင်ပါတယ်။ အလုင်ရှင်ဟာ လုပ်သားတွေရဲ့ခံစားခွင့်ကိုရှောင်ချင်တာနဲ့ ကာလတိုစာချုပ်တွေနဲ့ ရှောင်တခင်လုပ်သားတွေချည်းပဲအသုံးပြုတာမျိုးကို တားမြစ်ပါတယ်။ အဲဒီတားမြစ်ချက်ကို ၁၉၈၂ သဘောတူညီချက် အမှတ် ၁၅၈ မှာတွေ့ရှိနိုင်တယ်။ ယာယီလုပ်သားတွေကို ရှောင်တခင်လုပ်သားတွေလို့ပဲ သတ်မှတ်နိုင်ပါတယ်။ တချို့ပုဂ္ဂလိကအေဂျင်စီတွေနဲ့ အလုပ်လုပ်တဲ့လုပ်သားတွေမှာ ကာလပိုရှည်ကြာတဲ့စာချုပ်မျိုးရနိုင်ပေမယ့် ယာယီလုပ်သားတွေက ယေဘူယျအားဖြင့် လုပ်အားခနည်းပါတယ်။ လုပ်ငန်းခွင်အဆင့်အတန်းလည်းနိမ့်ကျလေ့ရှိတယ်။ ရှောင်တခင်အလုပ်တွေဟာ ရာသီစာအလုပ်မျိုးဖြစ်ပြီး ကျား၊ မ နှစ်ဦးလုံး နဲ့ အသက်အရွယ်မရွေး ကလေးငယ်တွေပါအပါအ၀င်၊ ၀င်ရောက်လုပ်ကိုင်ကြတယ်။ ဒါပေမဲ့ ဒီလိုရေရာမှုမရှိတဲ့အလုပ်မျိုးမှာ အမျိုးသမီးလုပ်သားက ပိုပြီးကြီးစိုးနေပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အမျိုးသမီး နဲ့ ကလေးငယ်တွေဟာ အိမ်ထောင်ဦးစီးရဲ့အလုပ်နောက်ကို တစ်ဦးချင်းအတွက် လစာမရနိုင်ပဲနဲ့ အကူသဘောမျိုးနဲ့ အလုပ်ဝင်လုပ်နေကြတယ်။ ထောက်ခံချက် အမှတ် ၁၃၁ မှာ နာမကျန်း၊ သက်ကြီးရွယ်အိုနဲ့ အိမ်မှာကျန်ရစ်သူတွေအတွက်လည်း ခံစားပိုင်ခွင့်ရှိသင့်တယ်လို့ ပါရှိတယ်။ ၁၉၆၉ ခုနှစ် အလုပ်သမားကြည့်ရှုစောင့်ရှောက်(စိုက်ပျိုးရေး)သဘောတူညီချက် အမှတ် ၁၂၉ ဟာ ရှောင်တခင် နဲ့ ရာသီစာ စိုက်ပျိုးရေးလုပ်သားတွေဟာ အချိန်ပြည့်လုပ်သားတွေလိုပဲ အလုပ်သမားအခွင့်အရေး၊ ခံစားပိုင်ခွင့်ရရှိဖို့ ကာကွယ်ထားတာပါ။ သဘောတူညီချက် အမှတ် ၁၆၉ မှာ ရှောင်တခင်အလုပ်ဝင်ရောက်လုပ်ကိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေးအကြောင်းဖော်ပြထားတယ်။ ဒီသဘောတူညီချက်ဟာ ရှောင်တခင်၊ ရာသီစာ၊ ပြောင်းရွှေ့လုပ်သားနဲ့ တခြားလုပ်သားမျိုးတွေအတွက် စိတ်ကျေနပ်စရာ အကာအကွယ်ပါ။ အလုပ်သမားဥပဒေထဲက လုပ်သားတွေရဲ့ အခွင့်အရေးအကြောင်း အသိကြွယ်စေခဲ့ပါတယ်။ ထောက်ခံချက် အမှတ် ၁၆၅ မှာ မိသားစုတာဝန်တွေရှိတဲ့ လုပ်သား၊ ရှောင်တခင်လုပ်သားတွေမှမဟုတ်ဘဲ မိသားစုတာဝန်တွေရှိတဲ့ ယာယီလုပ်သား၊ အိမ်တွင်းလုပ်သားတွေဟာလည်း အချိန်ပြည့်၊ အမြဲတမ်းလုပ်သားအသီးသီးတို့လိုပဲ အချိုးကျတူညီတဲ့ လူမှုရေးအာမခံချက် ရရှိဖို့ ထောက်ခံချက်ပေးထားတာပါ။
ဓာတုပစ္စည်းများ
ဓာတုပစ္စည်း အဓိပ္ပါယ်ကတော့ ဓာတုဗေဒဒြပ်စင်၊ ဒြပ်ပေါင်း(သဘာဝ၊ ဖန်တီး)တွေ ရောစပ်ထားတာပါ။ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရမှု နဲ့ မကျန်းမမာဖြစ်နိုင်တဲ့ ဓာတုပစ္စည်းပမာဏ လျှော့ချဖို့ နဲ့ သင့်တင့်တဲ့ပမာဏအသုံးပြုခြင်းနည်းနဲ့ ကာကွယ်ဖို့ပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီး နဲ့ ကလေးရှိမိခင်၊ လူငယ်လူရွယ်တွေမှာ တစ်ဦးချင်းစီအတွက် အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်း ပမာဏအတိအကျရှိပါတယ်။ တိုင်းပြည်တော်တော်များများက စည်းမျဉ်းဥပဒေတွေမှာ ဓာတုပစ္စည်းအမျိုးအစားတွေ ကိုင်တွယ်ရတဲ့ လုပ်သားတွေအတွက် ဓာတုပစ္စည်း အမျိုးအစားခွဲခြားတဲ့စနစ်၊ တံဆိပ်/အမှတ်အသားတပ်ထားခြင်း၊ ဓာတုပစ္စည်းကာအပြားတွေထားရှိအသုံးပြုစေခြင်း စတဲ့ထောက်ပံ့မှုမျိုးတွေရှိရမယ်လို့ ဖော်ပြထားတယ်။ လုပ်သားတွေဟာ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေကို လေ့လာထားသင့်ပါတယ်။ လုပ်သားတွေအတွက် ဓာတုပစ္စည်းတွေကို ဘယ်လိုဘေးကင်းအောင်ကိုင်တွယ်အသုံးပြုနိုင်မလဲ၊ အန္တရာယ်အရေးပေါ်အခြေအနေမှာ ဘယ်လို ကိုယ်တိုင်ဖယ်ရှားနိုင်မလဲ သင်တန်းတွေတက်ခွင့်ရှိရမယ်။ ရုပ်ပိုင်းဆိုင်ရာအကာအကွယ် မျက်နှာဖုံး၊ လည်ရှည်ဖိနပ်၊ လက်အိတ်၊ ၀တ်စုံ တွေ ထောက်ပံ့ပေးရမယ်။ သင့်တော်တဲ့ ဆေးဝါး နဲ့ ဇီဝ စမ်းသပ်စစ်ဆေးမှုတွေလည်း ပံ့ပိုးပေးရပါမယ်။ စက်မှုထုတ်ကုန်တွေထဲမှာ Benzene(စက်မှုလုပ်ငန်းတွေမှာ အသုံးများတဲ့ ကုန်ကြမ်းပါ)ဟာ အန္ထရာယ်အကြီးဆုံး ဓာတုပစ္စည်းထဲက တစ်ခုပါ။ အဲဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ကလေးရှိမိခင်တွေ နဲ့ အသက် ၁၈နှစ်အောက် ကျား/မ နှစ်ဦးလုံး ဒီ ဓာတုပစ္စည်းတွေပါဝင်တဲ့ ထုတ်ကုန်လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ခြင်း မရှိစေရပါဘူး။ သဘောတူညီချက် အမှတ် ၁၃ အရ ခဲသတ္ထုဖြူ၊ ပန်းချီဆေး အဖြူရောင်ဆိုးဆေးမှုန့်၊ ခဲဆာလဖိတ်၊ အဲဒီလိုဆိုးဆေးမှုန့်တွေပါဝင်တဲ့ ထုတ်ကုန်တွေအားလုံးကို အဆောက်အဦးအတွင်းပိုင်းဆေးသုတ်ရာမှာအသုံးပြုဖို့ တားမြစ်ထားတယ်။ အသက် ၁၈ နှစ်အောက် လုပ်သား နဲ့ အမျိုးသမီးလုပ်သားတွေပါဝင်လုပ်ကိုင်နေတဲ့ ပန်းချီလုပ်ငန်းအနွယ်ဝင်စက်မှုလုပ်ငန်းတွေမှာ ဒီပစ္စည်းတွေအသုံးပြုတာ တားမြစ်ထားပါတယ်။ အမျိုးသားဥပဒေအရ စည်းကမ်းနဲ့ အညီ ခွင့်ပြုတာကိုပဲ အသုံးပြုရပြီးတော့ တစ်ကိုယ်ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး(hygiene)တိုင်းတာမှုတွေလည်း လုပ်ရမယ်။ ခဲသတ္ထု၊ မီးစုန်း နဲ့ မီးခံကျောက်သား စတဲ့ ဓာတုဒြပ်ပေါင်းပစ္စည်းတွေကနေ ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်တွေကိုကာကွယ်နိုင်မယ့် ပစ္စည်းကိရိယာတွေ ရှိရမယ်။ ၂၀၀၃ ခုနှစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ ၉၁ကြိမ်မြောက်အစည်းအဝေးရဲ့ လုပ်ငန်းခွင်ဆိုင်ရာ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းဝေးစေရေး သုံးသပ်ချက်မှာ benzene/ ခဲဆိပ်သင့်ခြင်း၊ အဖြူရောင်မီးစုန်း၊ ခဲသတ္ထုဖြူ တွေရဲ့ စံပမာဏတွေကို ပြန်လည်ပြင်ဆင်ပြဌာန်းလိုက်တယ်။
ကလေးသူငယ် နဲ့ မိသားစု ၀န်ဆောင်မှု နဲ့ အထောက်အကူ
ကလေးသူငယ်စောင့်ရှောက်မှုနဲ့ မိသားစု စောင့်ရှောက်မှုဟာ အစိုးရ၊ ပုဂ္ဂလိက၊ တစ်ဦးချင်း နဲ့ စုပေါင်းဝန်ဆောင်မှုလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရတာပါ။ မိသားစုဝင်တွေ၊ ကလေးငယ်တွေနဲ့ မိဘတွေရဲ့ လိုအပ်ချက်တွေကို လေ့လာပြီးဖြည့်တင်းထောက်ပံ့ပေးတယ်။ ၂၀၀၇ ဒီဇင်ဘာမှာ သဘောတူညီချက်ကို ပြန်လည်ပြင်ဆင်ဆွေးနွေးကြတယ်။ အထောက်အကူတွေဟာ မိသားစုတာဝန်ရှိနေတဲ့ လုပ်သားတိုင်း၊ အမျိုးသား၊ အမျိုးသမီးလုပ်သားတိုင်း သာတူညီမျှရနိုင်စေရမှာပါ။ လုံလောက်ပြည့်စုံတဲ့ အထောက်အကူတွေမှာ နို့စို့အရွယ်ကလေးငယ်ရှိနေတဲ့မိခင်တွေလည်း ပါဝင်နိုင်တဲ့ အခွင့်အရေးရှိတယ်။ စောင့်ရှောက်မှုလိုအပ်နေတဲ့ မိသားစုဝင်တွေ၊ အသက်အရွယ်အမျိုးမျိုး နဲ့ ကလေးငယ်တွေ တစ်ဦးစီရဲ့ လိုအပ်ချက်တွေကို လိုအပ်သလိုဖြည့်တင်းပေးနိုင်ရမှာပါ။ ဒီအထောက်အကူဝန်ဆောင်မှုတွေဟာ အခမဲ့၊ ဒါမှမဟုတ် လုပ်သားတွေပေးချေနိုင်တဲ့ အင်မတန်သက်သာတဲ့ငွေကြေးနှုန်းထားဖြစ်သင့်ပါတယ်။ ဒီလိုအတိုင်းအတာဖြစ်ဖို့ဆိုတာ အစိုးရအာဏာပိုင်တွေကနေ လူမှုရေးမူဝါဒချမှတ်ပြီး အကောင်အထည်ဖော်ရမှာပါ။ ထောက်ခံချက် အမှတ် ၁၆၅ မှာ ကျွမ်းကျင်တဲ့ အမျိုးသားအာဏာပိုင်အဖွဲ့အစည်းကလူတွေက ထောက်ပံ့မှုလိုအပ်တဲ့ လုပ်သားအရေအတွက်၊ မှီခို၊ အလုပ်ရှာဆဲ၊ အသက်အရွယ်အမျိုးမျိုးကလေးငယ်တွေရဲ့ အရေအတွက်အတိအကျရရှိအောင် စာရင်းပြုစုရမယ်လို့ ဖော်ပြထားတယ်။ သေချာအောင်လေ့လာစိစစ်ပြီးမှ လိုအပ်ချက်တွေ၊ ဖြည့်တင်းပေးနိုင်တာတွေထုတ်ပြန်ရမယ်။ လုပ်သားတွေ အလုပ်သွားနေတဲ့အချိန်မျိုးမှာ ကျန်ရစ်ခဲ့မယ့် သက်ကြီးရွယ်အို၊ ကလေးငယ်တွေအတွက် လိုအပ်သလိုစောင့်ရှောက်မှုပေးရမယ်။ ကလေးငယ်တွေအတွက်ဆိုရင် ကလေးထိန်းကျောင်းတွေ လုပ်သားရဲ့ ပတ်ဝန်းကျင်အနီးအနားမှာပဲ ဖွင့်လှစ်ထားရှိပေးတာမျိုးပါ။ ပုံမှန်အချိန်မဟုတ်ပဲ ညဘက်အလုပ်ဆင်းရတဲ့ လုပ်သားမျိုးအတွက်လည်း လိုအပ်သလို ညှိနိုင်းပြီး ကလေးငယ်တွေနဲ့ မိသားစုဝင်တွေကို စောင့်ရှောက်ပေးတာရှိရမယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ လုပ်သားတွေရဲ့ အလုပ်ရှင်တွေက လုပ်သားတစ်ဦးချင်းစီရဲ့ မိသားစုဝန်ဆောင်မှုဆိုတာတွေကို ကျယ်ကျယ်ပြန်ပြန့်သတိထားဆောင်ရွက်ပေးနေပါပြီ။ လုပ်ငန်းခွင်နဲ့ နီးတဲ့နေရာတွေမှာ ကလေးစောင့်ရှောက်ရေးစင်တာတွေဖွင့်လှစ်ထားရှိပေးတာ။ လုပ်သားတွေအတွက် ဈေးသက်သာတဲ့ ပုဂ္ဂလိက နေ့ကလေးထိန်းအေဂျင်စီတွေ ဖွင့်လှစ်ခွင့်ပေးထားတာမျိုးပါ။ ဆွေးနွေးညှိနိုင်းပေးတဲ့ သတင်းလက်ခံဌာနမျိုးလည်း အပါအ၀င်ထားရှိရပါမယ်။
ကလေးကာယလုပ်သား
ကလေးကာယာလုပ်သားဆိုတဲ့ ရပ်တန့်ပစ်ရမယ့် ကာယလုပ်သားအမျိုးအစားထဲမှာ အသက် ၁၈ နှစ်အောက် ပုံစံမျိုးစုံနဲ့အလုပ်လုပ်နေကြတဲ့ ကလေးအားလုံးကို ရည်ညွှန်းတာမဟုတ်ပါဘူး။ အဓိပ္ပါယ်က ကလေးရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေး၊ ဖွံ့ဖြိုးတိုးတက်မှုတွေ ဆုတ်ယုတ်ပျက်စီးစေတဲ့ အလုပ်မျိုးကို ဆိုလိုတယ်။ ကလေးကာယလုပ်သားလို့ ခေါ်ဆိုဖို့ဆိုရင် ကလေးရဲ့ အသက် နဲ့ အလုပ်သဘောသဘာဝကို ကြည့်ပြီးမှ ဆုံးဖြတ်နိုင်ပါတယ်။ အသက်က အရေးပါတဲ့အချက်ပါ။ ဘာကြောင့်လဲဆိုတော့ မူလတန်းသင်တန်းကျောင်းကို သွားရတဲ့ တိကျတဲ့အသက်အရွယ်ရှိပါတယ်။ ကလေးငယ်တိုင်းဟာ ပညာရေး၊ ကျန်းမာရေးအတွက် သင့်တော်တဲ့ လူမှုရေးဆက်သွယ်လုပ်ရှားမှုနဲ့ ဆော့ကစားတာအပါအ၀င် လုပ်ဆောင်နိုင်ရပါမယ်။ ကလေးဟာ ပိုပြီးငယ်လေ ပိုပြီး ထိခိုက်လွယ်လေပါပဲ။ အန္တရာယ်ထူပြောတဲ့ လုပ်ငန်းသဘာဝနဲ့ အခြေအနေအောက်က ကလေးငယ်တွေဟာ ဆွဲထုတ်ဖယ်ရှားရမယ့် အရေးအကြီးဆုံးကိစ္စပါ။ ILO ရဲ့ ခန့်မှန်းစာရင်းမှာ ကလေးငယ် ၂၁၈သန်းဟာ ကလေးကာယလုပ်သားအဖြစ် ပါဝင်လုပ်ကိုင်နေကြတယ်။ ၁၂၇ သန်းက အန္တရာယ်ထူပြောတဲ့လုပ်ငန်းအောက်မှာရှိနေပြီး ၈ သန်းကျော်က လူကုန်ကူးခံရတဲ့ ဒုက္ခသည်ကလေးငယ်၊ ကလေးစစ်သား နဲ့ စာချုပ်ပါလုပ်သား၊ ဒါမှမဟုတ် ဆေးဝါးသယ်ဆောင်မှု နဲ့ လိင်ကိစ္စ မျိုးလို အခြေအနေတွေမှာ ရှိနေကြတယ် လို့ ဖော်ပြပါတယ်။
ကလေးကာယလုပ်သားတွေဟာ ယေဘူယျ ဆင်းရဲနွမ်းပါးမှု နဲ့ ခွဲခြားပြုမှုဆက်ဆံမှုတွေနဲ့ ဆက်သွယ်နေပါတယ်။ ကလေးလုပ်သားကိစ္စဟာ ကလေးငယ်ရဲ့ လူအခွင့်အရေးတစ်ခုတည်းနဲ့ ပတ်သက်တာမဟုတ်ဘဲ လိင်ခွဲခြားဆက်ဆံတာမျိုးလည်း တိုက်ရိုက်ပတ်သက်ပါတယ်။ ဘာကြောင့်လည်းဆိုရင် မိသားစုအတွက်ရှာဖွေကျွေးမွေးရသူ ဖခင် သို့မဟုတ် မိခင် ဟာ သားငယ်၊ သမီးငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်မှာ ကွဲပြားစွာ ရည်မှန်းနေကြတယ်။ ကလေးကာယလုပ်သားဟာ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးပြဿနာတစ်ခုအဖြစ် တည်ရှိနေခဲ့တာပါ။ ကလေးငယ်တွေထက် လုပ်ငန်းခွင်လိုအပ်ချက်ပိုပြီးဖြည့်တင်းပေးရတဲ့ အမျိုးသား၊ အမျိုးသမီးအလုပ်အကိုင်အခွင့်အရေးတွေကို ပိတ်ပင်ထားတာကလည်း အချက်တစ်ချက်ပါ။ တရားမျှတတဲ့ အလုပ်အကိုင်မူဝါဒနဲ့ အစီအစဉ်တွေကို တားဆီးထားကြတာတွေလည်းရှိတယ်။ ILO က ကလေးကာယလုပ်သားဖျက်သိမ်းရေးကို ၁၉၁၉ ခုနှစ်ကနေစတင်လုပ်ဆောင်ခဲ့ကြတယ်။ သဘောတူညီချက်တွေ၊ ထောက်ခံချက်တွေလည်း ထပ်တိုးပြီး လုပ်ဆောင်ခဲ့ကြပါတယ်။ ၁၉၇၃ သဘောတူညီချက် အမှတ် ၁၃၈ မှာ အသက် ၁၅ နှစ်အောက် မသင်မနေရပညာရေး အဆင့်မပြီးဆုံးခင် ဘယ်စီးပွားရေးအခန်းကဏ္ဍတွေမှာမှ ကလေးငယ်တွေ အလုပ်လုပ်ခွင့်မရှိဘူးလို့ ပါရှိတယ်။ ၁၉၉၉ သဘောတူညီချက် အမှတ် ၁၈၂ မှာ အရေးကြီးတဲ့အချက်အဖြစ် အဆိုးဝါဆုံး ကလေးကာယလုပ်သားတွေကို ဆန့်ကျင်တဲ့မူ ထပ်တိုးချမှတ်ခဲ့တယ်။ အသက် ၁၈ နှစ်အောက် မိန်းကလေး၊ ယောက်ျားလေး အတင်းအကြပ်ကာယလုပ်သားအဖြစ်ခိုင်းစေခြင်း၊ လက်နက်ကိုင်တပ်သား၊ ပြည့်တန်ဆာလုပ်ငန်း၊ ညစ်ညမ်းဓာတ်ပုံရိုက်ကူးခြင်း နဲ့ ဒေသတွင်း အန္တရာယ်ကြီးတဲ့လုပ်ငန်းမျိုးတွေမှာ အသုံးပြုခြင်း တားမြစ်ခဲ့ကြတယ်။
တရားမ၀င်အလုပ်
တရားမ၀င်(လှို့ဝှက်)အလုပ်ကတော့ ရှောင်တခင်အလုပ်မျိုးမဟုတ်ဘဲ အကျိုးအမြတ်အတွက်အသုံးချခံရတဲ့ အောက်ခြေကဖိနှိပ်ခံ ကာယလုပ်သားတွေလုပ်ရတဲ့အလုပ်မျိုးပါ။ ဥပဒေကိုချိုးဖောက်ပြီး ခိုင်းစေခံရတဲ့အလုပ်မျိုးပါ။ အလုပ်ရှင်ဟာ အလုပ်သမား စံနှုန်း နဲ့ လူမှုရေးလုံခြုံမှု တွေ ဘာတစ်ခုမှဖန်တီးမပေးပါဘူး။ စကားပြောတာကို ပြင်းပြင်းထန်ထန်တားမြစ်တယ်၊ လုပ်အားခရရှိပေမယ့် လူမှုလုံခြုံစနစ် အတိုင်း ကာကွယ်စောင့်ရှောက်မှုမရှိတဲ့အလုပ်မျိုးကို တရားမ၀င်အလုပ် Clandestine လို့ခေါ်ပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးပြီး နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာ ဘယ်လိုတရားမ၀င်ကာယလုပ်သားတွေရှိနေလဲ ဆိုတာ အမြင်အမျိုးမျိုးကွဲပြားနေကြတယ်။ တရားမ၀င်အလုပ်ဟာ စည်းစနစ်မတင်းကျပ်တဲ့စီးပွားရေးလုပ်ငန်းမျိုးမှာ တွေ့ရတတ်တယ်။ ကာယလုပ်သားတွေကို ဖွံ့ဖြိုးပြီး နိုင်ငံတွေ နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုပြီးတွေ့နိုင်တယ်။ အဲဒီနေရာတွေမှာ လူအများစုဟာ နိုင်ငံသားဥပဒေကို နားလည်သဘောပေါက်မှုမရှိပဲနဲ့ ရှေးရိုးစွဲလူမှုဝန်းကျင်ထဲမှာဆက်စပ်နေထိုင်လေ့ရှိကြသူတွေဖြစ်နေတယ်။ တရားမ၀င်အလုပ်တွေရဲ့ စိုးရိမ်စရာအကောင်းဆုံးအနေအထားတစ်ခုကတော့ မကြာခက ရွှေ့ပြောင်းပြီး အတင်းအကြပ်ခိုင်းစေတာတွေ တိုးနေတာပါ။ တရားမ၀င်ပြောင်းရွှေ့ခြင်းတွေဟာ တပ်လှန့်ရမယ့်အနေအထားထိ နှုန်းမြင့်တက်နေပါတယ်။ ရာဇ၀တ်ပြစ်မှုလှုပ်ရှားမှုတွေ၊ ဆေးဝါးသယ်ဆောင်မှု နဲ့ ပြည့်တန်ဆာလုပ်ငန်း၊ ညစ်ညမ်းစာပေ၊ ဓာတ်ပုံ၊ ဗီဒီယိုလုပ်ငန်းတွေအတွက် အတင်းအကြပ်ခိုင်းစေတာတွေများပြားလာနေတယ်။ ရွှေ့ပြောင်းလုပ်သားအများအပြားဟာ အကြွေးတွေမြင့်တက်ပြီး အကြွေးနဲ့ သိမ်းလိုက်တဲ့ ငွေဝယ်ကျွန်အခြေအနေမျိုးပါ။ နယ်စပ်ဒေသတွေမှာတွေ့နိုင်ကြတယ်။ ဥပမာအားဖြင့် အိမ်တွင်းအခိုင်းအစေအလုပ်၊ ကျေးလက်ဒေအလုပ် တွေနဲ့ အိမ်တွင်းအလုပ် တွေမှာ အမျိုးသမီးအများစုလုပ်ကိုင်ကြပြီး စည်းကမ်းလိုက်နာမှုရှိအောင် ထိန်းသိမ်းဖို့ခက်ခဲနေတယ်။ ဒီလိုအခြေအနေအများစုက အတင်းအကြပ်ခိုင်းစေတဲ့ တရားမ၀င်အလုပ်မျိုးလုပ်ကိုင်ဖို့ လွယ်ကူတဲ့အနေအထားတွေပါ။ လိင်ကုန်ကူးမှုလုပ်ငန်းတွေက တရားမ၀င်အလုပ်တွေဟာ အမျိုးသမီး နဲ့ ကလေးငယ်တွေကို သက်ရောက်မှုရှိပါတယ်။ ကြိုးပမ်းမှုတွေ အရာရောက်ဖို့အတွက်က လူမှုလုံခြုံရေးဆောင်ရွက်မှုတွေမှာ နယ်ပယ်တိုင်းကအလုပ်သမားတစ်ဦးစီအတွက် မဖြစ်မနေလုပ်ဆောင်ရမှာပါ။ ကာယလုပ်သားစစ်ဆေးရေးအဖွဲ့ နဲ့ တခြား သင့်တော်တဲ့ အမျိုးသားစောင့်ကြည့်စစ်ဆေးအေဂျင်စီတွေက ဒီလို ကြမ်းတမ်းတဲ့အလုပ်အကိုင်အခြေအနေတွေကို အဆုံးသတ်နိုင်အောင် ပြစ်ဒဏ်သတ်မှတ်တာတွေပြုလုပ်သင့်ပါတယ်။ တရားမ၀င်အလုပ်သမားတွေ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သား၊ မူမမှန်တဲ့ကာယလုပ်သားအခြေအနေတွေထဲက အလုပ်သမားတွေကို စောင့်ကြည့်စစ်ဆေးပြီး အလုပ်သမား အခွင့်အရေးခံစားပိုင်ခွင့်ရရှိဖို့ ကြိုးပမ်းရမှာပါ။
စုပေါင်းဆွေးနွေးညှိနှိုင်းခြင်း
ဆွေးနွေးညှိနှိုင်းခြင်းဟာ လုပ်သားနဲ့ ကော်ပိုရေးရှင်အဖွဲ့အစည်းတွေ လက်တွဲညှိနိုင်းပြီး သဘောတူညီချက်ရတဲ့အဆင့်ထိ ဆောင်ရွက်ကြတဲ့ ဖြစ်စဉ်ပါ။ လိင် ခွဲခြားမှု ကွာဟချက်ကို ညီမျှစေနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်။ စုပေါင်းသဘောတူညီချက်တွေဟာ ဒီလို ဆွေးနွေးညှိနှိုင်းမှုတွေကနေ ရရှိခဲ့ကြတာပါ။ ညှိနိုင်းကြတဲ့ ကိစ္စတွေက လုပ်အားခ၊ အလုပ်ချိန်၊ သင်တန်း၊ ကျန်းမာရေး နဲ့ လုံခြုံရေး၊ အချိန်ပိုအလုပ်၊ နစ်နာကြေးလုပ်ငန်းစဉ်၊ ကုမ္ပဏီအလုပ်၊ လုပ်ငန်းခွင်နေရာ တွေပါဝင်ရမယ့် အခွင့်အရေးတွေပါ။ စုပေါင်းဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်မြောက်ဖို့ဆိုရင် လိုအပ်တဲ့အချက်က လွတ်လပ်မှုအပြည့်ရှိတဲ့ အသင်းအဖွဲ့ဖြစ်ရပါမယ်။ စုပေါင်းဆွေးညှိနှိုင်း သဘောတူညီချက်တွေမှာ ကုန်သွယ်ရေးအသင်းအဖွဲ့နဲ့ အလုပ်ရှင်တွေဘက်က အဖွဲ့အစည်းတွေရဲ့ အခွင့်အရေး နဲ့ တာဝန်ဝတ္တရားတွေလည်း ပါဝင်တယ်။
ဆွေးနွေးညှိနှိုင်းမှုတွေမှာ လူမှုရေး၊ စီးပွားရေး နဲ့ တရားဝင်ကိစ္စ လုပ်သားအမျိုးသမီးတွေရဲ့ ဦးစားပေးရွေးချယ်မှုမှာ မူတည်ပါတယ်။ အလုပ်ချိန်အလျော့အတင်းညှိပေးတာ၊ လစာ သာတူညီမျှရှိတာ၊ ကလေးစောင့်ရှောက်မှုအတွက် ဖြည့်တင်းထောက်ပံ့ပေးတာ နဲ့ လိင် ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှုအကြောင်းတွေ ပါဝင်ဆွေးနွေးကြတယ်။ ဒါပေမဲ့ လိင်ခွဲခြားတဲ့ ကိစ္စတွေမှာတော့ စုပေါင်းဆွေးနွေးညှိနိုင်းမှုတွေက မလုံလောက်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဆုံးဖြတ်ချက်ချတဲ့အဖွဲ့အစည်း ကုန်သွယ်ရေးအသင်းတွေမှာ အမျိုးသမီးတွေကို ကိုယ်စားပြုနိုင်ခြင်းမရှိတာကြောင့်ပါ။ ကုန်သွယ်ရေးအသင်းမှာ အမျိုးသားလွှမ်းမိုးမှုအင်အားများတာကြောင့် အမျိုးသမီးတွေရဲ့ တကယ့်လိုအပ်ချက်ကို နားလည်ပေးနိုင်မှုနည်းပါးတယ်။ အမျိုးသမီးတွေကလည်း ယုံကြည်မှုနည်းပါးတာတွေရှိကြတယ်။ ဒီလိုဆွေးနွေးပွဲတွေ စစ်စစ်မှန်မှန် ထိရောက်အောင်မြင်ဖို့ဆိုရင် ပါဝင်ကြမယ့်အမျိုးသမီးတွေဟာ အမှန်တကယ်နားလည်ပြီးဖြစ်ရမယ်။ အမျိုးသမီးတွေကို လက်ခံယုံကြည်မှုပေးထားနိုင်ရပါမယ်။ ILO လိင် ခွဲခြားမှုကိစ္စတွေနဲ့ ပတ်သတ်ပြီး စုပေါင်းဆွေးနွေးညှိနှိုင်းမှုတွေအတွက် သတင်း နဲ့ သင်တန်းတွေ ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ အမျိုးသားတွေကလည်း လူမှုဆက်ဆံရေးဘက်မှာ ကိုယ့်ရဲ့အခန်းကဏ္ဍကို လေးစားပြီး ကာကွယ်စောင့်ရှောက်ရပါမယ်။ အမျိုးသား၊ အမျိုးသမီး မိသားစုအရေးခွင့်၊ အလုပ်ချိန်အလျှော့အတင်း နဲ့ အချိန်ပိုင်းအလုပ်အခွင့်အလမ်းတွေ သာတူညီမျှ ရရှိသင့်ပါတယ်။
စီးပွားဖြစ်လိင်ပိုင်းဆိုင်ရာခိုင်းစေအသုံးချခြင်း
ILO ရဲ့ အပြည်ပြည်ဆိုင်ရာကလေးကာယအလုပ်သမား အဆုံးသတ်ရေး အစီအစဉ်(ILO/IPEC) က စီးပွားဖြစ်လိင်ပိုင်းဆိုင်ရာခိုင်းစေခြင်းဆိုတဲ့ စကားလုံးကို အသက် ၁၈ နှစ်အောက် ယောက်ျားလေး၊ မိန်းကလေးငယ်တွေကို ပြည့်တန်ဆာလုပ်ငန်း၊ ညစ်ညမ်းစာပေ၊ ဓာတ်ပုံ၊ ဗီဒီယိုလုပ်ငန်းတွေမှာခိုင်းစေခြင်း နဲ့ တခြား လိင်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ အသုံးချခံရခြင်းအတွက် အသုံးပြုခဲ့ပါတယ်။ အစားအသောက်၊ အမိုးအကာ နဲ့ အခြေခံလိုအပ်ချက် တွေရရှိနိုင်မယ်ဆိုတဲ့ မက်လုံးမျိုးနဲ့ ကလေးငယ်တွေကို အသုံးချတာမျိုးပါ။ ၁၉၉၆ စတော့ဟုမ်းမှာ ပြုလုပ်ခဲ့တဲ့ စီးပွားဖြစ်လိင်ပိုင်းဆိုင်ရာခိုင်းစေမှု ဆန့်ကျင့်တဲ့ ပထမဆုံး ကမ္ဘာ့ညီလာခံမှာ စီးပွားဖြစ်လိင်ပိုင်းဆိုင်ရာခိုင်းစေခြင်းကို လူကြီးတွေက လိင်ပိုင်းဆိုင်ရာမတော်မတရားပြုတာ၊ ပွဲစားက အခကြေးငွေပေးစေတာတွေလို့ သတ်မှတ်ပါတယ်။ သဘောတူညီချက် ၁၈၂ မှာ ကလေးငယ်တွေကို စီးပွာဖြစ်အရာဝတ္ထုလို အသုံးချုတာကို ကလေးကာယလုပ်သားထဲမှာ အဆိုးဆုံးအဖြစ် သတ်မှတ်ထားခဲ့တယ်။
ကွန်ပျူတာအသုံးပြုခြင်း
လုပ်ငန်းခွင်တွေမှာ ကွန်ပျူတာကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြပါပြီ။ ကျွမ်းကျင်သူအများစုက ကွန်ပျူတာတွေနဲ့ အလုပ်များများလုပ်တဲ့ လုပ်သားတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်။ စိတ်ဖိစီးမှုခံစားရနိုင်တယ်။ အဲဒီအတွက် သဘောတူညီချက်မရှိပေမယ့် ကွန်ပျူတာတွေနဲ့ အလုပ်လုပ်တာဟာ ကျန်းမာရေးထိခိုက်မှုတွေ အသေအချာရရှိနိုင်တာပါ။ အထိခိုက်ဆုံးက မျက်လုံးကိုတိုက်ရိုက် ထိခိုက်ပြီး၊ ထပ်ကာထပ်ကာအားစိုက်မှုကြောင့် ဒဏ်ရာရကာ၊ အရိုးကြွက်သားမူမမှန်ဖြစ်စေတဲ့ RSI လို ရောဂါမျိုးဖြစ်ပွားစေနိုင်တယ်။ သွယ်ဝိုက်ပြီးဖြစ်စေတတ်တာက စိတ်ဖိစီးမှုပါ။ လက်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) ရဲ့လတ်တလော သုတေသနမှာ အိုင်းယွန်းကွဲပွားမှုမရှိတဲ့ဓာတ်ရောင်ခြည်ဟာ ကွန်ပျူတာစကရင်တွေနဲ့ နေ့စဉ်အလုပ်လုပ်နေရတဲ့အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် အန္တရာယ်ကြီးမှုနဲ့ မသက်ဆိုင်ဘူး။ ဓာတ်ရောင်ခြည်ထုတ်လွှင့်မှု နည်းပါးတဲ့စကရင်မျိုးတွေဟာ အမျိုးသမီးတွေရဲ့ သားလျှောခြင်းနဲ့ ဆယ်သွယ်မှုမရှိဘူးဆိုတာ ဖော်ပြထားတယ်။ ဒါပေမဲ့ အစိုးရတော်တော်များများကတော့ အလုပ်ရှင်တွေနဲ့ ကုန်သွယ်ရေးအသင်းတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ ကွန်ပျူတာအလုပ်တွေနဲ့ ဝေးဝေးနေဖို့ သဘောတူညီချက်တွေကို ထောက်ခံကြပါတယ်။ ကွန်ပျူတာအသုံးပြုသူရဲ့ ကျန်းမာရေးအတွက် ထောက်ခံပေးထားတဲ့ နည်းဥပဒေတွေမှာ ပုံမှန်နားချိန်ယူဖို့နဲ့ အနေအထား မကြာခဏပြောင်းလဲဖို့ပါပါတယ်။(နားချိန် အချိန်အတိအကျကိုတော့ သတ်မှတ်မထားပါဘူး)။ ဆေးစစ်ချက်တွေ(မျက်စိ၊ အာရုံကြော နဲ့ အရိုး)ကို ပုံမှန်ပြုလုပ်ပေးဖို့ ထောက်ခံထားပါတယ်။ အနည်းဆုံးတစ်နှစ်တစ်ခါ စစ်ဆေးရမယ်လို့ဆိုတယ်။ ဆေးစစ်ချက်မှာ ကွန်ပျူတာအလုပ်နဲ့ မသင့်တော်တာရှိလာခဲ့ရင် လစာညီမျှတဲ့ တခြား ကွန်ပျူတာအလုပ်မဟုတ်တာကို ရွေးချယ်ခွင့်ပြုစေရပါမယ်။ ကွန်ပျူတာပစ္စည်း၊ ပရိဘောဂ၊ လုပ်ငန်းခွင်ပတ်ဝန်းကျင်၊ လျှပ်စစ်ဆက်သွယ်ရေးစနစ် တွေအားလုံး လိုအပ်သလို ပြင်ဆင်ထိန်းသိမ်းထားရှိရမယ်။
အလုပ်မှ အကျိုးအမြတ်၊ အခြေအနေများ
အခြေအနေ၊ အကျိုးအမြတ်တွေမှာ လုပ်အားခ၊ နာမကျန်း၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရတာ နဲ့ တခြား အခြေအနေတွေမှာ လုပ်သားတိုင်း အကျိုးအမြတ်ခံစားနိုင်တာပါ။ အမျိုးသား၊ အမျိုးသမီးခွဲခြားမှုမရှိပဲနဲ့ သာတူညီမျှရနိုင်ရမယ်။ အလုပ်က နေရာတိုင်း၊ ဌာနခွဲတိုင်း အမျိုးသား၊ အမျိုးသမီး အကျိုးအမြတ်အတူတူပဲ ရရှိရပါမယ်။ အငြိမ်းစားယူ၊ ပင်စင် အကျိုးအမြတ်လည်း အခြေခံစနစ်တွေအတူတူဖြစ်ရမယ်။ ရက်ရှည်နာမကျန်းဖြစ်သူ၊ လုပ်ငန်းခွင်မတော်တဆထိခိုက်ဒဏ်ရာရသူတွေအတွက် အနားယူခွင့် နဲ့ ပင်စင်ယူခွင့်လစာ သာတူညီမျှရှိရပါမယ်။ သတင်းကြေညာချက်တွေကိုလည်း လုပ်သားတိုင်း သိရှိတောင်းဆိုနိုင်အောင် ဖော်ပြပေးထားရမယ်။
အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း
လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ကိစ္စရပ်တွေမှာ အသင်းအဖွဲ့တွေက ကိုယ့်စိတ်သဘောအတိုင်း အကျိုးတူးပူးပေါင်းလုပ်ကိုင်ကြတာပါ။ အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့အစည်းမှာ ပရဟိတအဖွဲ့အစည်း နဲ့ စီးပွားရေးအဖွဲ့အစည်း၊ လုပ်ငန်းတွေပါ ပါဝင်နိုင်တယ်။ သဘောတူညီချက် အမှတ် ၁၉၃ မှာ အကျိုးတူပူးပေါင်းလှုပ်ရှားမှု အတွက် အထူးဆုံးဖြတ်ချက်တွေမှာလည်း အဆင့်တိုင်းက အမျိုးသမီးတွေရဲ့ ပါဝင်ကို အလေးထားရမယ်။ စီမံအုပ်ချုပ်မှု နဲ့ ခေါင်းဆောင်မှုပိုင်းတွေမှာလည်း အမျိုးသမီးတွေကို နေရာပေးရမယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အမျိုးသားအမျိုးသမီးခွဲခြားမှုဟာ အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေမှာ ရှိနေဆဲပါ။ ဆုံးဖြတ်ချက်ချမယ့်အဆင့်မှာ အမျိးသမီးပါဝင်မှုနည်းနေပါသေးတယ်။ အမျိုးသားတွေက ဦးဆောင်တဲ့နေရာကနေရှိနေကြပြီး သူတို့ရဲ့ နေရာတွေကို မျှဝေပေးမှုနည်းနေပါသေးတယ်။ အကျိုးတူပူပေါင်းရေးဆိုင်ရာဥပဒေတွေမှာ အမျိုးသမီးတွေကို ဆန့်ကျင်ခွဲခြားမှုတိုက်ရိုက်ပြုလုပ်တဲ့ နည်းလမ်းတွေချမှတ်မထားပေမဲ့ သွယ်ဝိုက်တဲ့နည်းနဲ့တော့ ခွဲခြားထားနေဆဲပါ။ ဥပမာ လယ်ယာစိုက်ပျိုးရေးအကျိုးတူလုပ်ငန်းတွေမှာဆိုရင် လယ်မြေတွေကို ပိုင်ဆိုင်သူအဖွဲ့ဝင်တွေဟာ အမျိုးသားတွေပဲ ခွင့်ပြုထားတာမျိုးပါ။ တချို့တိုင်းပြည်တွေမှာ အမျိုးသမီးတွေကို တရားဝင်နယ်မြေပိုင်ဆိုင်သူအဖြစ် ခွင့်မပြုပါဘူး။ အမျိုးသမီးတွေက မိသားစုပိုင်လယ်မြေမှာ ကိုယ်တိုင်စိုက်ပျိုးလုပ်ကိုင်နေရင်တောင် ကန့်သတ်ထားတာရှိနေပါတယ်။ အမျိုးသမီးတွေကို ခွင့်ပြုတာက ငွေစုစာရင်းဖွင့်စေတာလောက်ပါပဲ။ အကျိုးတူလုပ်ငန်းတွေမှာ အမျိုးသမီးအဖွဲ့ဝင်တွေအများဆုံးပါဝင်ကြပေမယ့် အုပ်ချုပ်ရေးပိုင်းမှာက အမျိုးသားတွေက နေရာယူထားကြတယ်။ လူအဖွဲ့အစည်းတော်တော်များများမှာ အမျိုးသမီးတွေက အမျိုးသမီးသီးသန့်အကျိုးတူလုပ်ငန်းတွေမှာသာ ခေါင်းဆောင်အဖြစ်စည်းရုံးလုပ်ဆောင်လိုကြတယ်။ အဲဒီအကျိုးတူလုပ်ငန်းမျိုးမှာဆိုရင် အမျိုးသမီးတွေက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကိုယ်တိုင်တိုက်ရိုက် ထိန်းချုပ်နိုင်တယ်။ ခေါင်းဆောင်နိုင်ခွင့်အခွင့်အရေးလည်း ရရှိတယ်။ စီမံအုပ်ချုပ်မှုပိုင်းနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုပြီးမြင့်တက်လာတာကြောင့် အမျိုးသမီးသီးသန့် အကျိုးတူလုပ်ငန်းတွေမှာသာ အမျိုးသမီးတွေက အုပ်ချုပ်ရေးပိုင်းလုပ်ကိုင်လိုကြတယ်။ ဒါပေမဲ့ အမျိုးသမီးအကျိုးတူလုပ်ငန်းတွေရဲ့ အောင်မြင်မှုက ယေဘူယျအားဖြင့် နည်းပါးပါတယ်။ အဲဒါကြောင့် အမျိုးသမီးအမျိုးသား အကျိုးတူလုပ်ငန်းတွေမှာ အဆုံးအဖြတ်ပြုလုပ်ပေးနိုင်တဲ့ စီမံအုပ်ချုပ်တဲ့အဆင့်မှာပါ အမျိုးသမီးတွေ ပါဝင်လာနိုင်အောင် ကြိုးစားဖို့ အရေးကြီးပါတယ်။ ။
ဖြိုးဖြိုး
No comments:
Post a Comment