Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, May 29, 2014

ညွှန်းတဲ့ ရုပ်ရှင်


Godzilla
Action / Adventure / Sci-Fi 
Warner Bros. Pictures
ဒါရိုက်တာ - Gareth Edwards
ထုတ်လုပ်သူ - Thomas Tull, Jon Jashni, Mary Parent, Brian Rogers
ဇာတ်ညွှန်း - Max Borenstein
ဝတ္ထု - David Callaham
သရုပ်ဆောင်များ - Aaron Taylor-Johnson, Ken Watanabe, Elizabeth Olsen, Juliette Binoche, Sally Hawkins, David Strathairn, Bryan Cranston

ဂျပန်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Toho က ထုတ်လုပ်ခဲ့တဲ့ ဂေါ်ဇီလာရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားတဲ့ အမေရိကန်ရုပ်ရှင်ပါ။ ဂေါ်ဇီလာရဲ့ မူလပေါ်ပေါက်ခဲ့ပုံကို လက်ရှိခေတ်ပြိုင်အချိန်မှာ "သဘာဝရဲ့ ကြောက်လန့်စရာအား" အဖြစ်ပြန်လည်ပြောပြနေဟန်ရိုက်ကူးထားပါတယ်။ Legendary Pictures နဲ့ Warner Bros တို့ ပူးပေါင်းထုတ်လုပ်ခဲ့ပြီး Warner Bros. က ဖြန့်ချိပါလိမ့်မယ်။ ဂျပန်မှာတော့ Toho ကပဲ ဖြန့်ချိပြသမှာပါ။ 2D/ 3D နဲ့ ပြသပါလိမ့်မယ်။ Legendary Pictures ရဲ့ တရားဝင်ပြောကြားချက်မှာ "Toho ရဲ့ အမှတ်တံဆိပ် ဖြစ်ခဲ့တဲ့ Godzilla သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေ ပြန်လည်မွေးဖွားလာပါပြီ။ ဒီ အံ့ဘနန်းစွန့်စားခန်းဟာ ကမ္ဘာ့အကျော်ကြားဆုံး ဧရာမသတ္တဝါကြီးနဲ့ လူသားတွေရဲ့ မာန်တက်ကြမ်းတမ်းတဲ့ သိပ္ပံပညာအထောက်အပံ့ပြုသက်ရှိသတ္တဝါတွေဆန့်ကျင်တိုက်ခိုက်ကြတဲ့အခါ ကျွန်တော်တို့ရဲ့ တည်ရှိမှုကို ခြိမ်းခြောက်သတိပေးလာတော့တယ်" လို့ ပါဝင်တယ်။ ဒေါ်လာ သန်း ၁၆၀ အကုန်အကျခံရိုက်ကူးခဲ့ပါတယ်။ ဒါရိုက်တာ အက်ဒ်ဝပ်စ် ပြောတာက သူ့ရဲ့ Godzilla ဟာ ဗီလိန်၊ ဟီးရိုး ဇာတ်ကောင်ထက် anti-hero အဖြစ် ဖော်ပြချင်တာပါ။ ဂေါ်ဇီလာဟာ သဘာဝတရားရဲ့ အမျက်ဒေါသကို ကိုယ်စားပြုပါတယ်လို့ ဆိုတယ်။ ၂၀၁၄ ဂေါ်ဇီလာဟာ ပေ ၃၅၀ ( မီတာ ၁၁၀) မြင့်မားတယ်လို့ အထူးပြုလုပ်ချက်ကျွမ်းကျင် ဂျင်မ်ရိုင်ဂျဲလ်က ပြောပါတယ်။ ဂေါ်ဇီလာတိုက်ခိုက်တဲ့စတိုင်လ်ကိုတော့ ဝက်ဝံတွေ နဲ့ ကိုမိုဒိုနဂါးတွေ(အကြီးစားပုတ်သင်ညို) တွေကိုလေ့လာပြီး ဖန်တီးခဲ့တာပါ။ ဂေါ်ဇီလာရဲ့ အော်သံအတွက် Toho ကုမ္ပဏီက မူရင်းအသံ အသုံးပြုခွင့်ပေးခဲ့ပါတယ်။ အသံဒီဇိုင်နာ အဲရစ်ခ် က မူလအသံနဲ့ ဒါရိုက်တာအက်ဒ်ဝပ်စ် အကြံပေးသလို ပေါင်းစပ်ဖန်တီးထားခဲ့တယ်။ အဲဒီ ၂၀၁၄ ဂေါ်ဇီလာအော်သံအသစ်ကို Warner Bros. ရဲ့ SoundCloud မှာ တင်ထားပါတယ်။

Draft Day
Drama / Sport 
Summit Entertainment, Lionsgate
ဒါရိုက်တာ - Ivan Reitman
ထုတ်လုပ်သူ - Ivan Reitman, Ali Ball, Joe Medjuck
ဇာတ်ညွှန်း - Rajiv Joseph, Scott Rothman
သရုပ်ဆောင်များ - Kevin Costner, Jennifer Garner, Denis Leary, Sam Elliott, Ellen Burstyn, Chadwick Boseman

ဆန်နီဝီဗာ (Kevin Costner) ဟာ Cleveland Browns အမေရိကန်ဘောလုံးအသင်းရဲ့ မန်နေဂျာပါ။ ၁၃ နှစ်လောက် ကံမကောင်းဖြစ်နေခဲ့တဲ့ အသင်းကို နံပါတ် ၁ အသင်းတစ်သင်းဖြစ်ဖို့ ဆန်နီအပြင်းအထန်ကြိုးစားရမှာပါ။ အောင်မြင်သူတွေဖြစ်စေဖို့ သူ့ရဲ့ အသင်းမှာ အလှည့်အပြောင်းလိုအပ်နေပါပြီ။ ဘောလုံးကစားနည်းရဲ့ ထူးကဲမှုဟာ ငြီးငွေ့ဖွယ်အားထုတ်မှုတွေနဲ့ပဲ ဒရာမာ ဇာတ်လမ်းဖြစ်နေမှာလား။ ဆန်နီ အလှည့်အပြောင်းကို ဆုပ်ကိုင်မိပါ့မလား။ အသင်းကို အလှည့်အပြောင်းလမ်းကြောင်းမှန်မှာ မောင်းနှင်နိုင်မလား။ ဒါမှမဟုတ် ပိုပြီး နက်ရှိုင်းတဲ့ တွင်းနက်ထဲ တွန်းချမိမလား။ Draft Day ကို ၂၀၁၃ မေလ မှာ စတင်ရိုက်ကူးခဲ့ပါတယ်။ ကီဗင်ကော်စနာ နဲ့ ဂျနီဖာဂါဒ့်နာတို့ရဲ့ ချစ်ဇာတ်လမ်းကိုပါ ဇာတ်လမ်းဆင်ရိုက်ကူးထားပေမယ့် ရုပ်ရှင်တစ်ဝက်လောက်အထိ က ပျင်းရိစရာပါလို့ဝေဖန်သူတို့က ဆိုကြတယ်။ ဒါပေမဲ့ အမေရိကန်ဘောလုံးပရိတ်သတ်တွေအတွက်တော့ စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ကားအဖြစ် ရပ်တည်နေဆဲပါ။ sport ရုပ်ရှင်ကြိုက်နှစ်သက်သူတွေလက်မလွှတ်သင့်တဲ့ ရုပ်ရှင်ပါပဲ။

Maleficent
Action / Adventure / Drama
Walt Disney Studios Motion Pictures
ဒါရိုက်တာ - Robert Stromberg
ထုတ်လုပ်သူ - Joe Roth
ဇာတ်ညွှန်း - Linda Woolverton
ဝတ္ထု -  Based on La Belle au bois dormant by Charles Perrault, Little Briar Rose by The Brothers Grimm
သရုပ်ဆောင်များ - Angelina Jolie, Sharlto Copley, Elle Fanning, Sam Riley, Imelda Staunton, Juno Temple, Lesley Manville

၁၉၅၉ ခုနှစ် ဂန္တဝင်ရုပ်ရှင် Sleeping Beauty က နာမည်အကြီးဆုံးဗီလိန်ရဲ့ မဖွင့်ဟခဲ့ရသေးတဲ့ဇာတ်လမ်းတစ်ပုဒ်ကို စူးစမ်းရှာဖွေထားတဲ့ ရုပ်ရှင်ပါ။ သူမရဲ့ သစ္စာဖောက်မှုဟာ အဆုံးသတ်မှာ သူမရဲ့ စစ်မှန်တဲ့နှလုံးသားကို ကျောက်သားအသွင်မာကျောကြမ်းတမ်းသွားစေခဲ့ပါတယ်။ လက်စားချေမှုတွေနဲ့ လှုပ်ရှားပြေးလွှားတယ်။ သူမအုပ်ချုပ်တဲ့ နယ်ပယ်ကိုကာကွယ်ချင်တာနဲ့ ကြမ်းကြုတ်ခက်ထန်တဲ့လိုအင်ဆန္ဒတွေ ပြည့်နှက်လာတယ်။  မလဲဖီဆန့်ထ် (Angelina Jolie) ဟာ ရက်စက်တဲ့ဇာတ်ကောင်ဖြစ်နေပါတယ်။ လူသားဘုရင်ရဲ့ မွေးကင်းစ မင်းသမီးလေး အော်ရိုရာ (Elle Fanning) အပေါ် မပြောင်းလဲနိုင်တဲ့ကျိန်စာ ကျိန်ဆိုထားတယ်။ အော်ရိုရာလေး ကြီးပြင်းလာတဲ့အခါ သူမရဲ့ အမွေတွေချုပ်ကိုင်ထားတဲ့ လူသားနိုင်ငံနဲ့  ချစ်ခြင်းမေတ္တာရှင်သန်ကြီးပြင်းစေခဲ့တဲ့ သစ်တောနိုင်ငံတွေကြားက သဲသဲမဲမဲပဋိပက္ခမှာ ရုန်းမထွက်နိုင်တော့ပါဘူး။ မလဲဖီဆန့်ထ် သဘောပေါက်လိုက်တာက မင်းသမီးလေး အော်ရိုရာဟာ ကုန်းမြေရဲ့ ငြိမ်းချမ်းရေးအတွက် အရေးကြီးသူဆိုတာကိုပါ။ မင်းသမီးအော်ရိုရာကို သူအနိုင်ရလိုက်ရင် ကမ္ဘာနှစ်ခုလုံးကို တသက်တာပြောင်းလဲနိုင်မယ့် စိုးရိမ်စရာလှုပ်ရှားမှုတွေကို အတင်းအကျပ်ခိုင်းစေနိုင်မယ်။ "မိစ္ဆာနတ်ဆိုးတိုင်းရဲ့ အရှင်သခင်မ" လို့ ကြွေးကြော်ထားတဲ့ မလဲဖီဆန့်ထ်ရဲ့ ဇာတ်ကောင်စရိုက်ကို ဂျိုလီရွေးချယ်ဖြစ်ခဲ့တာက ဂျိုလီဟာ ကလေးဘဝကတည်းက Sleeping Beauty အပါအဝင် ဒစ္စနေးရုပ်ရှင်တွေနဲ့ ကြီးပြင်းခဲ့တာရယ်၊ မလဲဖီဆန့်ထ်ရဲ့ ဇာတ်ကောင်စရိုက်ကိုလည်း အင်မတန်နှစ်သက်သဘောကျခဲ့ပြီး သူမရဲ့ ကလေးတွေက ဒစ္စနေးရုပ်ရှင်မှာ မိခင်ကိုတွေ့မြင်ချင်တာတွေကြောင့်ပါ။ "ကျွန်မ မိန်းမငယ်လေးအရွယ်ကတည်းက မလဲဖီဆန့်ထ်က ကျွန်မရဲ့ အနှစ်သက်ဆုံးအမြဲဖြစ်ခဲ့တယ်။ ကျွန်မ သူမကို သိပ်ကြောက်ပါတယ်။ ဒါပေမဲ့ သူမကို အစွဲကြီးစွဲခဲ့တယ်။ သူမအကြောင်းတွေ ပိုလို့သိချင်ခဲ့ပါတယ်။ သူမဟာ ကြော့ရှင်းလှပပြီး ကျက်သရေရှိတယ်။ အံ့သြတုန်လှုပ်ရလောက်အောင်လည်း ရက်စက်တတ်တယ်" လို့ ဂျိုလီက ပြောပါတယ်။ ဂျိုလီ နဲ့ ဒစ္စနေးဒါရိုက်တာ ဒွန်ဟန်းန်တို့လည်း ထုတ်လုပ်သူအဖြစ်ပါဝင်ခဲ့ကြတယ်။

Blended
Comedy
Warner Bros. Pictures
ဒါရိုက်တာ - Frank Coraci
ထုတ်လုပ်သူ - Adam Sandler, Jack Giarraputo, Mike Karz
ဇာတ်ညွှန်း - Clare Sera, Ivan Menchell
သရုပ်ဆောင်များ - Adam Sandler, Drew Barrymore, Emma Fuhrmann, Terry Crews, Joel McHale, Wendi McLendon-Covey, Kevin Nealon, Bella Thorne Shawn Kavanaugh
Blended ဟာ အဒန်မ်စန်ဒ်လား နဲ့ ဒရူးဘယ်ရီမိုးတို့ရဲ့ ၃ ကားမြောက် လက်တွဲရိုက်ကူးဖြစ်ခဲ့တဲ့ အချစ်ဟာသဇာတ်မြူးရုပ်ရှင်ပါ။ The Wedding Singer နဲ့ 50 First Dates တို့မှာလည်း စန်ဒ်လား နဲ့ ဘယ်ရီမိုးတို့ အတွဲညီခဲ့ကြတယ်။ တစ်ခါမှ မတွေ့မဆုံဖူးကြတဲ့ ဂျင်မ်ဖရိဒ်မန်း (Adam Sandler) နဲ့ လော်ရန်ရေးနိုးဒ်လ် (Drew Barrymore) တို့ဟာ blind date တွေ့ဆုံပြီးကြတဲ့အခါ မိသားစုတွေ၊ သားသမီးတွေကြားထဲ အကျပ်ရိုက်နေကြတော့တယ်။ နောက်ဆုံးမှာ အာဖရိကဆာဖာရီခရီး အတူတကွခရီးထွက်ဖြစ်ကြတော့တယ်။ Blended မှာ အာဖရိကန် ခရစ်ကက်ကစားသမား Dale Steyn လည်း ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ စန်ဒ်လား ရဲ့ ရုပ်ရှင်တွေမှာ နာမည်ကြီးခဲ့တဲ့ အမေရိကန်ဒါရိုက်တာ Frank Coraci ပါ။ The Wedding Singer ကိုလည်း Coraci ရိုက်ကူးခဲ့ပါတယ်။

ဖြိုးဖြိုး
(Yati Magazine, May, 2014)