ဆောင်းကာလကုန်ဆုံးသွားခဲ့တော့ သစ်ပင်သစ်ကိုင်း၊ မြေသား၊ မြစ်ပြင် ဟိုမှာဒီမှာတိုးဝင်နေရာယူထားကြတဲ့ ဆီးနှင်းဖြူဖြူတွေလွင့်ပါးပျောက်ကွယ်သွားခဲ့ပြီ။ နေရောင်နွေးနွေးကျဲပက်ဖြာကျနေတတ်တဲ့ နွေဦးနဲ့အတူ ၃လလုံးလုံးငုပ်လျှိုးပုန်းအောင်းနေခဲ့ရတဲ့ သစ်ရွက်စိမ်းစိမ်းလေးတွေနဲ့ အရောင်စုံပန်းပွင့်လေးတွေလည်း အလုအယက်တိုးထွက်လာခဲ့ကြပြီ။ ဘာထူးသေးလဲ အေးစက်တုန်ခိုက်နေခဲ့တဲ့ဆောင်းမှာ အိမ်တွင်းပုန်းနေခဲ့ကြတဲ့ ကျွန်မတို့တတွေလည်း ဟိုဟိုဒီဒီ ခရီးသွားလာချင်ကြပြီပေါ့။ နွေဦးမှာ စိုက်ပျိုးရမယ့်အပင်လေးတွေအတွက် လိုအပ်တာတွေပြင်ဆင်နေကြရပြီ။ တစ်နေ့ ကျွန်မအမျိုးသားမိတ်ဆွေ တောင်တက်သမား ဒရာဂန်နဲ့ သူငယ်ချင်း တာမာရာတို့ ကျွန်မတို့အိမ်ကိုအလည်ရောက်လာကြတယ်။ ဒရာဂန်က သူ တစ်ရက်ခရီးစီစဉ်နေတယ်လို့ သတင်းပေးပါတယ်။ သူ ခရီးစီစဉ်ရင် ကျွန်မတို့လိုက်နေကြဖြစ်တော့ ကျွန်မတို့နှစ်ဦးအတွက် စာရင်းတို့ထားပြီးသားပေါ့။ Kikinda မြို့ကိုသွားကြမယ်တဲ့။ Kikinda မှာ အမျိုးသားပြတိုက်ရှိမယ်။ ရေအားနဲ့မဟုတ်ဘဲ မြင်းကိုအသုံးပြုပြီး ဒလက်ကြီးလှည့်ကာ ဂျုံကြိတ်ကြတဲ့ horse powered dry mill ဆူဗာချာ(Suvača)ကိုသွားမယ်။ ပြီးရင် ရွှံ့စေးမြေနီထည်ပန်းပုရုပ်တွေအများကြီးပဲ ဖြန့်ကျဲချထားတဲ့ ခြံဝန်းကြီးတစ်ခုဆီ သွားကြမယ်လို့ ပြောပါတယ်။