Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, May 03, 2017

Kikinda မြို့လေးဆီသွားခဲ့ကြတယ်

(22nd April, 2017 Kikinda Trip)
ဆောင်းကာလကုန်ဆုံးသွားခဲ့တော့ သစ်ပင်သစ်ကိုင်း၊ မြေသား၊ မြစ်ပြင် ဟိုမှာဒီမှာတိုးဝင်နေရာယူထားကြတဲ့ ဆီးနှင်းဖြူဖြူတွေလွင့်ပါးပျောက်ကွယ်သွားခဲ့ပြီ။ နေရောင်နွေးနွေးကျဲပက်ဖြာကျနေတတ်တဲ့ နွေဦးနဲ့အတူ ၃လလုံးလုံးငုပ်လျှိုးပုန်းအောင်းနေခဲ့ရတဲ့ သစ်ရွက်စိမ်းစိမ်းလေးတွေနဲ့ အရောင်စုံပန်းပွင့်လေးတွေလည်း အလုအယက်တိုးထွက်လာခဲ့ကြပြီ။ ဘာထူးသေးလဲ အေးစက်တုန်ခိုက်နေခဲ့တဲ့ဆောင်းမှာ အိမ်တွင်းပုန်းနေခဲ့ကြတဲ့ ကျွန်မတို့တတွေလည်း ဟိုဟိုဒီဒီ ခရီးသွားလာချင်ကြပြီပေါ့။ နွေဦးမှာ စိုက်ပျိုးရမယ့်အပင်လေးတွေအတွက် လိုအပ်တာတွေပြင်ဆင်နေကြရပြီ။ တစ်နေ့ ကျွန်မအမျိုးသားမိတ်ဆွေ တောင်တက်သမား ဒရာဂန်နဲ့ သူငယ်ချင်း တာမာရာတို့ ကျွန်မတို့အိမ်ကိုအလည်ရောက်လာကြတယ်။ ဒရာဂန်က သူ တစ်ရက်ခရီးစီစဉ်နေတယ်လို့ သတင်းပေးပါတယ်။ သူ ခရီးစီစဉ်ရင် ကျွန်မတို့လိုက်နေကြဖြစ်တော့ ကျွန်မတို့နှစ်ဦးအတွက် စာရင်းတို့ထားပြီးသားပေါ့။ Kikinda မြို့ကိုသွားကြမယ်တဲ့။ Kikinda မှာ အမျိုးသားပြတိုက်ရှိမယ်။ ရေအားနဲ့မဟုတ်ဘဲ မြင်းကိုအသုံးပြုပြီး ဒလက်ကြီးလှည့်ကာ ဂျုံကြိတ်ကြတဲ့ horse powered dry mill ဆူဗာချာ(Suvača)ကိုသွားမယ်။ ပြီးရင် ရွှံ့စေးမြေနီထည်ပန်းပုရုပ်တွေအများကြီးပဲ  ဖြန့်ကျဲချထားတဲ့ ခြံဝန်းကြီးတစ်ခုဆီ သွားကြမယ်လို့ ပြောပါတယ်။

တစ်နေရာရာသွားမယ်ဆို အဲဒီနေရာအကြောင်းကြိုတင်ရှာဖွေဖတ်ထားတတ်တဲ့ကျွန်မအခုတလော နည်းနည်းအပျင်းကြီးနေတာကြောင့်ရယ်၊ ဒရာဂန်စီစဉ်တဲ့ခရီးတွေက တောလမ်းတွေမှာ လမ်းလျှောက်တာပါမယ်။ ထူးခြားတဲ့နေရာတွေကို လိုက်ကြည့်နေကြဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားစရာ၊ ပျော်စရာကောင်းမယ်မှန်းသိထားတာကြောင့်ရောပဲ Kikinda မြို့လေးအကြောင်း ဖတ်ကြည့်မထားဖြစ်ပါဘူး။ ခရီးစဉ်အကြောင်းအသေးစိတ်တောင် ထပ်မမေးဖြစ်တော့ဘူး။ အခုခရီးမှာပိုပြီးစိတ်လှုပ်ရှားပျော်ရွှင်စရာကောင်းတာက ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်ကနေ ၁၀ကီလိုမီတာခန့် ဝေးတဲ့ Studentsko odmaralište Radojka Lakic Avala မှာ သင်တန်းတက်နေတဲ့ မြန်မာဆရာမလေးနှစ်ဦးရယ်၊ မြန်မာသံရုံးက မြန်မာမိတ်ဆွေတွေပါလိုက်ကြမယ်တဲ့။ နောက်ထပ် Subotica မြို့မှာနေတဲ့ မြန်မာမလေးတစ်ဦးကလည်း ကျွန်မတို့နဲ့အတူတူတွေ့ရအောင် Kikinda ကိုလာခဲ့မယ်ဆိုတော့ မြန်မာအချင်းချင်းတွေ့ဆုံပြီး ခရီးတိုလေးတစ်ခု အတူတူသွားကြရမှာပေါ့။ ကျွန်မက ဝမ်းသာအားရ ပျော်ရွှင်နေမိတယ်။ ခါတိုင်းခရီးတွေမှာတော့ နဂိုကတည်းက ငြိမ်ငြိမ်သက်သက်နေတတ်တဲ့ကျွန်မကတော့ ခရီးသွားလည်း ခပ်ငြိမ်ငြိမ်နဲ့ပဲ။ နေရာဒေသအသစ်တစ်ခုထဲ ကိုယ့်စိတ်ကူးနဲ့ကိုယ်စီးမျောပြီး စိတ်ထဲမှာ စာစီနေတတ်တဲ့သူမျိုးပေါ့။

Kikinda မြို့လေးဆီခရီးစတဲ့နေ့လေးမှာ စုရပ်ဆီကို နံနက် ၈ နာရီအရောက် စုကြရတယ်။ ခရီးသွားအားလုံး ၃၀ခန့်ရှိပါတယ်။ ဒရာဂန်မိတ်ဆွေ ဒေသခံဆားဘီးယားတွေနဲ့၊ ကျွန်မတို့ မြန်မာ ဂ ဦး ရယ်၊ ဒီမှာ သင်တန်းတက်နေတဲ့ ဆရာမလေးနှစ်ဦးရဲ့ မိတ်ဆွေ အင်ဒိုနီးရှားမလေး တစ်ဦးလည်းပါသေးတော့ လူမျိုးစုံပါနေတဲ့ခရီးလိုဖြစ်နေပါတယ်။ ဘဲလ်ဂရိတ်ကနေ Kikinda မြို့လေးဆီ ၂ နာရီခွဲခန့်မောင်းရပါတယ်။ 

Kikinda မြို့လေးအကြောင်း
ဆားဘီးယားနိုင်ငံမြောက်ပိုင်းပြည်နယ် Vojvodina (ဗွိုင်ရ်ဗော်ဒီနာ) မှာတည်ရှိတယ်။ Banat ခရိုင် မြောင်ပိုင်းထဲက မြို့ပါ။ (Banat ခရိုင်ဟာ ဥရောပအလယ်ပိုင်းမှာရှိပြီး ရိုမေနီးယားနိုင်ငံအနောက်ပိုင်း၊ ဆားဘီးယားနိုင်ငံအရှေ့မြောက်ပိုင်း နဲ့ ဟန်ဂေရီနိုင်ငံ အရှေ့တောင်ပိုင်းနယ်မြေတွေ ပါဝင်ကြတယ်။) လူဦးရေက ၁သိန်းခန့်ရှိကြတယ်။ ၁၈ ရာစုမှာစတင်တည်ခဲ့ပြီး ၁၈၉၃ ခုနှစ်မှာ မြို့တော်အဖြစ် ခွင့်ပြုသတ်မှတ်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ရှေးနှစ်ပေါင်းသန်းတစ်ဝက်ခန့်သက်တမ်းရှိ အလွန်ကြီးမားလှတဲ့ Mammoth အမွှေးထူထူဆင်ကြီးတွေရဲ့ ရှေးဟောင်းသုတေသနဆိုင်ရာကြွင်းကျန်ရစ်တဲ့အစိတ်အပိုင်းတွေကို မြို့အပြင်ဘက်စွန်းဧရိယာမှာ တူးဖော်တွေ့ရှိခဲ့ပြီး ထိန်းသိမ်းထားနိုင်ခဲ့ကြတယ်။ Kika လို့နာမည်ပေးထားတဲ့ Mammoth ဟာ Kikinda မြို့လေးရဲ့ သင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီနေ့မှာတော့ Kikinda အမျိုးသားပြတိုက်မှာ ပြသထားပါပြီ။ ဒီမြို့လေးရဲ့ နောက်ထပ်စိတ်ဝင်စားစရာက horse powered dry mill ဖြစ်တဲ့ ဒေသအခေါ် Suvača (စူဗာချာ) ဂျုံစက်ရုံလေးရယ်၊ နှစ်စဉ်ကျင်းပတဲ့ ဖရုံသီးနေ့ပွဲတော် နဲ့ နိုင်ငံတကာ မြေနီထည်ပန်းပုပျော်ပွဲ Terra ကျင်းပကြတာပါ။ ဆောင်းခိုကြတဲ့ နားရွက်ရှည်ဇီးကွက်လေးတွေ အရေအတွက်များများစားစားတွေရတတ်တာကြောင့်လည်း ငှက်ကြည့်ဝါသနာကြီးလှတဲ့ နိုင်ငံရပ်ခြားကခရီးသွားတွေပါ အရောက်လာကြတာလည်း နာမည်ကျော်လှတယ်။ 
Kikinda ကိုရောက်ပြီ
Kikinda မြို့ကိုဝင်ပြီဆိုတာနဲ့ ကျွန်မတို့အားလုံးဆာနေကြပြီပေါ့။ နံနက်စာအတွက် ကော်ဖီဆိုင်တစ်ဆိုင်မှာရပ်ပေးပါတယ်။ နာရီဝက်အချိန်ရတယ်လို့ ဒရာဂန်က အားလုံးကိုပြောပါတယ်။ ဒရာဂန်က သူခရီးစီစဉ်ပြီဆို အဲဒီလမ်းမှာရှိတဲ့ဆိုင်တွေထဲက ဈေးသက်သာပြီး စားလို့ကောင်းတဲ့ဆိုင်မျိုးတော့ စုံစမ်းရွေးချယ်ထားတတ်တယ်။ cappuccino ကော်ဖီတစ်ခွက် ၇၀ ဒီနာပဲပေးရတာကြောင့် ဈေးသက်သာပါတယ်။ ဘဲလ်ဂရိတ်မှာတော့ ၁၂၀-၁၅၀ ဒီနာ ဝန်းကျင်ပေးရတတ်တာကိုး။ ဆိုင်ကတော့ အစားအသောက်ကောင်းမှာပါ မကောင်းတာက သိပ်ကြာနေတာ။ ကော်ဖီတစ်ခွက်တောင် တော်တော်လေး စောင့်လိုက်ရတာပေါ့။ ကော်ဖီဆိုင်က ထွက်ပြီဆိုတာနဲ့ ကားပေါ်မှာ ဒရာဂန်က ခရီးစဉ်ကို ရှင်းပြပါတယ်။ အမျိုးသားပြတိုက်ကိုမသွားခင် Kikinda မြို့ကနေဖြတ်သွားတဲ့ ဆားဘီးယားနိုင်ငံက တူးမြောင်းစနစ် Danube-Tisa-Danube တူးမြောင်း(DTD) ဘေးမှာ နာရီဝက်ခန့် လမ်းလျှောက်ကြမယ်တဲ့။ အဲဒီတူးမြောင်းစနစ်ဟာ ရေလျှံတာကိုထိန်းချုပ်နိုင်ဖို့၊ hydrotechnical management နဲ့ ရေပေးဝေဖို့ အဓိကဖောက်လုပ်ထားတဲ့ ထူးခြားတဲ့ hydro-engineering စနစ်တစ်ခုဖြစ်ပါတယ်။ ပင်မတူးမြောင်းတွေရဲ့ စုစုပေါင်းအရှည်က ၉၂၉ ကီလိုမီတာရှည်လျားတယ်။ တူးမြောင်း network မှာ ၂၄ ဂိတ်၊ ရေတား ၁၆ခု၊ လုံခြုံရေး ဂိတ် ၅ခု၊ ရေစုပ်တင်တဲ့ဂိတ် ၆ခု နဲ့ တံတား ၁၈၀ စင်းရှိပါတယ်။ တူးမြောင်းတွေမှာ cargo ဆိပ်ကမ်း ၁၄ ခုရှိကြတယ်။ DTD စနစ်ရဲ့ တူးမြောင်းအသစ်တွေမှာ ကားလမ်း ၆၂လမ်း၊ ရထားလမ်း ၁၉လမ်းနဲ့ လူသွားလမ်း ၃ လမ်း စုစုပေါင်း တံတား ၈၄ စင်းတည်ဆောက်ထားခဲ့ကြတယ်။ DTD ရေထိန်းချုပ်မှုစနစ်ရဲ့ အရေးကြီးဆုံးတ ည်ဆောက်မှုအပိုင်းက Novi Bečej အနီး Tisa မြစ်မှာတည်ဆောက်ထားတဲ့ ဆည်ပါ။
ကျွန်မတို့လည်း Kikinda မြို့လေးဘေးက ဖြတ်စီးနေတဲ့ တူမြောင်းဘေးကနေလမ်းလျှောက်ကြတယ်။ ဟိုးဘေးဘက်ခပ်လှမ်းလှမ်းမှာမြင်လိုက်ရတဲ့ ခေါင်းမိုးချွန်ချွန်အိမ်လေးတွေ၊ ကျယ်ပြန့်လှတဲ့စိုက်ခင်းစိမ်းစိမ်းလေးတွေဟာ ပန်းချီကားထဲက စုတ်ချက်လှလှလေးတွေလိုပဲ။ သပ်သပ်ရပ်ရပ် ထိန်းသိမ်းစောင့်ရှောက်ထားပုံရတဲ့အိမ်လေးတွေကို တွေ့ကြရတယ်။ အဲဒီနေ့က မိုးအုံ့ပြီးလေကလည်းတိုက်နေတာကြောင့် အေးစိမ့်နေတဲ့ရာသီဥတုမျိုးမှာ လမ်းသွက်သွက်လျှောက်ကြဖို့ ဒရာဂန်ကတော့ တိုက်တွန်းနေတော့တာပေါ့။ ကျွန်မတို့ကတော့ လမ်းလည်းလျှောက် စကားတွေလည်းပြောရင်း အမှတ်တရဓာတ်ပုံ အပြန်အလှန်ရိုက်ကြတယ်။ ပျော်စရာပါပဲ။ လမ်းလျှောက်လာကြရင်း သိုးတွေတစ်အုပ်ကြီးပဲတွေ့ကြတော့ ခရီးမှာအတူပါလာတဲ့ မြန်မာဇနီးမောင်နှံရဲ့ ၅ နှစ်အရွယ် ချစ်စရာသမီးလေး ဧဒင်က သိုးတွေဆီ မြန်မြန်သွားကြပါစို့လို့ ဆိုတယ်။ "မီးမီး သိုးတွေချစ်လိုက်တာ"တဲ့။ အမြဲသွက်သွက်လက်လက်နဲ့ လူတိုင်းနဲ့ ရင်းရင်းနှီးနှီးပေါင်းတတ်လှတဲ့ ဧဒင်လေးက ပြောရင်းဆိုရင်းနဲ့ပဲ သိုးအုပ်အနီးအနားကို ရောက်နှင့်နေခဲ့ပြီ။ ဧဒင်လေးရဲ့ ဖေဖေက နောက်ကအပြေးလိုက်ရတော့တယ်။ ကျွန်မစိတ်ထင် လမ်းလျှောက်ကြတာ တစ်နာရီခွဲလောက်တောင်မရှိသေးဘူးထင်ရဲ့ ဒီနေရာကနေပဲ ကားဆီပြန်လှည့်ကြတော့မယ်လို့ ဆိုတယ်။ ပြီးရင်တော့ ဆက်ရမယ့်ခရီးက Kikinda မြို့ရဲ့ အမျိုးသားပြတိုက် Narodni muzej Kikinda ကိုပါ။


Kikinda က Mammoth “Kika” ကို စတွေ့ခဲ့တာက
၁၉၉၆ စက်တင်ဘာ ၄ ရက်နေ့မှာ Kikinda ရွံ့စေးမိုင်းစက်ရုံ Toza Markovic ရဲ့ ရွှံ့စေးထုတ်လုပ်ရေးလုပ်ငန်းခွင်အတွင်း ပုံမှန်မြေတူးကြရင်းနဲ့ ၂၁ မီတာ အနက်မှာ mammoth ကျောက်ဖြစ်ရုပ်ကြွင်းကိုတွေ့ရှိခဲ့တာပါ။ ဘူမိဗေဒဆိုင်ရာအင်ဂျင်နီယာ Mileta Novovic က အဲဒီတွေ့ရှိမှုအကြောင်းကို အမျိုးသားသမိုင်းပြတိုက်ကို ချက်ချင်းအကြောင်းကြားခဲ့ပါတယ်။ နှစ် ၇၀၀၀၀ ကျော် သက်တမ်းရှိပြီး အမြင့်က ၄.၇  မီတာ၊ အရှည် ၇ မီတာ နဲ့ ၃.၅ မီတာအကျယ်ရှိပါတယ်။ တွေ့ရှိခဲ့တဲ့ကျောက်ဖြစ်ရုပ်ကြွင်းအရ mammoth က အမ ဖြစ်ပြီး သေဆုံးသွားခဲ့တဲ့အချိန်မှာ အသက် ၆၄ နှစ်ရှိပြီလို့ ဆိုပါတယ်။ Mammoth တွေဟာ လွန်ခဲ့တဲ့ နှစ် ၁ သန်းကျော် Pleistocene ခေတ်မှာ ရှင်သန်နေထိုင်ခဲ့တဲ့ဆင်ကြီးတွေဖြစ်ကြတယ်။ ကျောက်ဖြစ်ရုပ်ကြွင်းတွေရှာဖွေတွေ့ရှိခဲ့ကြတာက ဥရောပ၊ အာဖရိက၊ အာရှနဲ့ မြောက်အမေရိကတို့မှာပါ။ Mammoth ဆိုတဲ့ စကားလုံးဟာ ရုရှားနိုင်ငံဘက်မှာအသုံးပြုကြတဲ့ Tatar ဘာသာစကားကို အသုံးပြုထားပြီး mamma စကားလုံးက ကမ္ဘာမြေကြီးလို့ အဓိပ္ပါယ်ရတယ်လို့ဆိုပါတယ်။ ဆိုက်ဘေးရီးယားမှာနေထိုင်တဲ့သူတွေဟာ mammoth တွေဟာ မြေကြီးအောက်ထဲမှာ နေထိုင်တယ်လို့ ယုံကြည်ကြတယ်ဆိုတာကို ၁၇ ရာစုနှစ် ခရီးသွားမှတ်တမ်းရေးခဲ့တဲ့စာရေးဆရာတွေထဲက တစ်ဦးကမှတ်သားဖော်ပြခဲ့ဖူးတယ်။ အဲဒီကြီးမားလှတဲ့ နို့တိုက်သတ္တဝါအမျိုးအနွယ်ဝင် mammoth တွေ ကမ္ဘာမြေကြီးပေါ်က ဘာကြောင့်ပျောက်ကွယ်သွားခဲ့ကြသလဲဆိုတာကိုတော့ ကျွမ်းကျင်သူတွေ အတိအကျရှင်းပြနိုင်ခြင်းမရှိပါဘူး။ တချို့ယူဆတာက ရေခဲခေတ် ရာသီဥတုပြောင်းလဲမှု၊ နောက် လူသားတွေရဲ့ ပယောဂနဲ့(သတ်ဖြတ်စားသောက်ခဲ့တာကြောင့်) မျိုးတုန်းပျောက်ကွယ်ခဲ့ကြတယ်လို့ ဆိုကြတယ်။ mammoth ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ရှိမှု တစ်ကောင်ချင်းစီ အပိုင်းအစတွေ မကြာခဏတွေ့ရှိခဲ့ကြရပေမဲ့ အရိုးစုတစ်ခုလုံးအပြည့်အစုံတွေ့ရှိရတာကတော့ အင်မတန်ရှားပါးလှပါတယ်။ Kikinda မှာတွေ့ရှိခဲ့တဲ့ Kika ရဲ့ အရိုးအခြေအနေကတော့ ၉၀ ရာခိုင်နှုန်းစာထိန်းသိမ်းထားနိုင်ခဲ့ကြတာပါ။ Kika ဆင်အမဟာ သေဆုံးချိန်မှာ ကျောရိုးနဲ့ အဆင်အမြစ်နာရောဂါခံစားရပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ နုံးမြေထဲမှာနစ်နေခဲ့ပြီး အသက်အရွယ်ကြောင့်ရယ်၊ နာဖျားနေတာကြောင့်ရယ် ရုန်းမထွက်နိုင်တော့ဘဲ လင်းတတွေရဲ့သားကောင် အလွယ်တကူ ဖြစ်သွားခဲ့ရတာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေကဆိုကြတယ်။ Mammoth တွေမှာ Pleistocene ခေတ် (Ice Age) အစောပိုင်းနဲ့၊ ခေတ်လယ် နဲ့ ခေတ်နှောင်းပိုင်းနဲ့ သတ်မှတ်ပြီး Mammuths meridionalis/ Mammuthus trogontherii/ Mammuthus primigenius သုံးမျိုးမှာ Kika က ရေခဲခေတ်အလယ်ပိုင်းမှာရှင်သန်နေထိုင်ခဲ့တဲ့ mammoth မျိုးပါ။



Kikinda အမျိုးသားပြတိုက်
Narodni muzej Kikinda - National Museum of Kikinda)
ပြတိုက်ကို ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပြတိုက်မှာ ရှေးဟောင်းသုတေသန၊ လူမျိုးစု၊ သမိုင်းဆိုင်ရာ၊ သဘာဝသမိုင်း၊ အနုပညာ နဲ့ သင်ကြားရေးနဲ့သက်ဆိုင်တဲ့အပိုင်းဆိုပြီး ကဏ္ဍ ၅ မျိုးပြသထားပါတယ်။ ၂၀၀၆ ခုနှစ်ကနေစတင်ပြီး Kika မူလအရိုးစုကို ထိန်းသိမ်းပြသထားနိုင်ခဲ့တာပါ။
အမျိုးသားပြတိုက်ထဲလှမ်းဝင်လိုက်ကြတာနဲ့ ပြတိုက်လှေကားထစ်တွေဆီမတက်ခင် ကွက်လပ်ကျယ်ထဲမှာ Kika ပုံတူကို လေ့လာနိုင်ဖို့ ပြသထားပါတယ်။ အမျိုးသားပြတိုက်ဟာ လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ တရားရုံးအဖြစ်အသုံးပြုခဲ့ကြတဲ့အဆောက်အဦပါ။ ကျွန်မတို့လည်း Kika ပုံတူရှေ့မှာ ရှေ့တည့်တည့်၊  ဘေးဘက်စသဖြင့် လွတ်တဲ့နေရာဝင်ရပ်ပြီး ခပ်မြန်မြန်လေးအမှတ်တရဓာတ်ပုံရိုက်ယူကြတယ်။ အဲဒီကနေ ပြတိုက်အပေါ်ထပ်ဆီတက်ကြတဲ့အခါ ပြတိုက်ကဧည့်ကြိုအမျိုးသမီးလေးက ကြိုနေပါတယ်။ ပြတိုက်ဖွင့်တဲ့နေ့က အင်္ဂါကနေ စနေနေ့ မနက်ပိုင်း ၁၀ နာရီကနေ ည ၈ နာရီအထိပါ။ ဝင်ကြေးကတော့ ကလေးတွေနဲ့ ကျောင်းသူကျောင်းသားတွေ ဒီနာ ၁၀၀။ လူကြီးတွေက ၁၅၀ ဒီနာဖြစ်ပြီး အုပ်စုလိုက်လေ့လာကြသူတွေအတွက် discount ရှိပါတယ်။ ၁၈ မိနစ်စာ 3D ရုပ်ရှင်ကြည့်ကြဖို့ အခန်းထဲကို ဝင်ကြတော့ တံခါးနားမှာ 3D မျက်မှန်ပုံးလေးကို ကိုင်ပြီးစောင့်နေတာက  ကျွန်မတို့အုပ်စုထဲ အတူပါလာတဲ့ ကလေးမလေးပါ။ ပြခန်းဝန်ထမ်းအမျိုးသားက “ဒီမှာလေ ဝန်ထမ်းအသစ်လေး။ အခုပဲ အလုပ်ဝင်ပါတယ်” လို့ စနောက်လိုက်ပါသေးတယ်။ ဒီက ကလေးငယ်တွေက လူကြီးတွေနဲ့လည်းအကျွမ်းတဝင် သွက်သွက်လက်လက်ပြောဆိုကြတာ သဘောကျစရာပါပဲ။ ရုပ်ရှင်မှာ Kika mammoth ကို စတင်တူးဖော်တွေ့ရှိခဲ့ကြတာနဲ့ Kika ဟာ အဲဒီခေတ်က အုပ်စုတစ်ခုရဲ့ခေါင်းဆောင်ဆင်အမ ဖြစ်နိုင်တာ၊ ရွှံ့နွံထဲမှာ သေဆုံးခဲ့ပုံ စသဖြင့် ဇာတ်လမ်းဆင်ရိုက်ကူးထားပါတယ်။ 3D ရုပ်ရှင်ကြည့်ပြီးပြခန်းတွေ တစ်ခန်းဝင်၊ တစ်ခန်းထွက်လိုက်နဲ့ လိုက်ကြည့်ကြတာပေါ့။

လူမျိုးစုဆိုင်ရာပြခန်းမှာ ၁၉၄၆ ခုနှစ်အတွင်းက အဝတ်အစား၊ လက်မှုပစ္စည်း၊ လယ်ယာစိုက်ပျိုးရေးနဲ့ လက်မှုပစ္စည်းတွေလည်းပြသထားပါတယ်။ အထူးသဖြင့် ၁၉ ရာစု ကြွယ်ဝချမ်းသာတဲ့ကျေးလက်မိသားစုထဲက သတို့သမီး နဲ့ လက်ထပ်ပြီးအမျိုးသမီးတွေဝတ်ဆင်ကြတဲ့ခေါင်းဆောင်းမျိုးပြသထားတယ်။ ရှေးဟောင်းသုတေသနပြခန်းမှာတော့ ပြတိုက်မှာ စုဆောင်းပြသထားတဲ့ပစ္စည်းအများဆုံးအခန်းပါ။ ကျောက်ခေတ်ကနေ အလယ်ခေတ်ထိ Mokrin, Ostojic, Iđoš, Podlokanj မြို့တွေမှာတွေ့ရှိခဲ့ရတဲ့ရှေးဟောင်းပစ္စည်းတွေပြသထားပါတယ်။ သမိုင်းပြခန်းမှာ ဒေသခံတွရဲ့ရှေးဟောင်းပစ္စည်း ရေခဲသေတ္တာလိုမျိုး၊ စာရွက်စာတမ်း၊ သေနတ်တွေရယ်၊ ရှေးဟောင်းပိုက်ဆံ အမျိုးပေါင်း ၄၀၀၀ခန့်ပြထားတာပါ။ သမိုင်းဆိုင်ရာပြခန်းမှာ ထင်ရှားတာက ၁၈၆၇ ခုနှစ်က Velikokikindskog ခရိုင် အလံပါ။ အလံရဲ့ အလယ်မှာ coat of arms အမှတ်အသားအဖြစ် ဓားစွဲကိုင်ထားတဲ့လက်မောင်းမှာ ဦးခေါင်းကို ထိုးစိုက်ထားပုံပါဝင်တယ်။ တူရကီအော်တမန်အင်ပါယာရဲ့တိုက်ခိုက်မှုကိုရင်ဆိုင်ခဲ့ကြရတဲ့အဲဒီအချိန်တွေမှာ တာ့ကစ်ရှ်တွေကို အောင်နိုင်တဲ့အထိမ်းအမှတ်အဖြစ် အဲဒီအမှတ်တံဆိပ်ကို အသုံးပြုခဲ့ကြတယ်လို့ ဆိုတယ်။ အနုပညာပြခန်းမှာ ၁၉ ၇ာစုတစ်ဝက်နှောင်းပိုင်းကာလ Vojvodina ဒေသက ပန်းချီလက်ရာတွေကို အဓိကပြသထားပါတယ်။ ပန်းချီကား ၂၀၀၀ ခန့်ရှိကြတယ်။ သဘာဝသမိုင်းပြခန်းကတော့ ပြတိုက်မှာ သက်တမ်းအနုဆုံးပြခန်းအပိုင်းလို့ဆိုတယ်။ ၁၉၉၅ ခုနှစ်မှာမှ စတင်ပြသခဲ့တာပါ။ အဲဒီအခန်းမှာပြသထားတဲ့ တိရစ္ဆာန်ရုပ်လုံးသွင်းအရုပ်တွေကို မူလကစာသင်ကျောင်းမှာ သင်ကြားရေးအတွက်အသုံးပြုခဲ့ကြတယ်တဲ့။ နောက်ပိုင်းမှာ ကျောင်းက ဖယ်ရှားပစ်ဖို့ဆုံးဖြတ်ခဲ့ပြီး ပြတိုက်ကဆက်သွယ်လွဲပြောင်းယူကာ သဘာဝသမိုင်းပြခန်းအဖြစ်ပြခန်းအသစ် ဖွင့်လှစ်ပြသထားခဲ့တားတယ်လို့ ဒရာဂန်ရဲ့ မိတ်ဆွေ တာမာရာက ပြောပြပါတယ်။ Mammoth ပွဲတော်ကို နှစ်စဉ် စက်တင်ဘာ ဒုတိယပတ် Kika ရှာဖွေတွေ့ခဲ့တဲ့ရက်မှာ ကျင်းပပြုလုပ်ကြလေ့ရှိတယ်။

Horse powered dry mill ဆူဗာချာ(Suvača)

ကျွန်မတို့ အမျိုးသားပြခန်းကနေပြန်ထွက်ခဲ့ကြတော့ နေ့လယ်ပိုင်း ၁၂ နာရီကျော်ခန့်ရှိပါပြီ။ ခရီးဆက်ကြတာက horse powered dry mill ဆူဗာချာ(Suvača) ဆီကိုပါ။ Kikinda က ဆူဗာချာဟာ ၁၉ရာစုက ဗွိုင်ရ်ဗော်ဒီနာဧရိယာထဲက အမှတ်အသားဂျုံကြိတ်စက်အမျိုးအစားပါ။ ကျွန်မတို့သွားခဲ့ကြတဲ့ ဆူဗာချာက ၁၈၉၉ ခုနှစ်မှာတည်ဆောက်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်နောက်ပိုင်း အသုံးမပြုကြတော့ပါဘူး။ ဥရောပတစ်ဝှမ်းလုံး horse powered dry mill နှစ်ခုပဲ ကျန်ရှိနေတဲ့အထဲ အခုဆူဗာချာက တစ်ခုပါ။ မြင်းငါးစုံ ၁၀ ကောင်ဝန်းကျင်အသုံးပြုကြပါတယ်။ မြင်းတစ်စုံဟာ ၁နာရီမှာ ဂျုံ ၁၀၀ ကီလိုဂရမ်(၂၂၀ပေါင်) ကြိတ်နိုင်ကြတယ်။ ဂျုံအပြင် တခြား ကောက်ပဲသီးနှံ ငရုတ်ကောင်း၊ ငရုတ်ချို၊ သစ်ကြံပိုးခေါက်တွေလည်း ကြိတ်ကြပါသေးတယ်။ ဆူဗာချာလည်ပတ်ပုံက ပိရမစ်ပုံအမိုးရှိတဲ့အခန်းမှာ ဘေးမှာခွေးသွားစိတ်တွေရှိတဲ့ ခန်းလုံးနီးပါးအပြည့် အချင်း ၁၅ မီတာခန့် သစ်သားဒလက်ဝိုင်းကြီးကို ဘေးထောက်စပုတ်ခ်(spoke)တိုင် ၁၂တိုင်နဲ့ ပင်မတိုင်လုံးဆီ ထောက်မတင်ဆင်ထားတယ်။ ဒလက်ဝိုင်းကြီးက ရေပြင်ညီအနေအထားပါ။ မြင်းတွေဒလက်မှာတပ်ဆင်ပြီးလှုပ်ရှားမောင်းနှင်ကြတဲ့အခါ ဒလက်ဝိုင်းကြီးကလည်ကာ ဘေးကခွေးသွားစိပ်တွေက ဘေးအခန်းငယ်ထဲက ယန္တရားဒလက်တွေကိုအချိတ်အဆက်မိမိ လည်ပတ်စေပြီး ဂျုံတွေကိုကြိတ်ခွဲပါတယ်။ စိတ်ဝင်စားစရာ မြင်းမောင်နှင်အားသုံးဂျုံစက်လေးပါပဲ။ ကျွန်မတို့ ဆူဗာချာကိုရောက်တော့ ဝန်ထမ်းအမျိုးသားတစ်ဦးက သော့ဖွင့်ပြီး စက်ရုံတွင်းလိုက်ပြ၊ ရှင်းပြပေးပါတယ်။ ကျွန်မတို့ ဆူဗာချာကပြန်ကြတဲ့အခါ အဲဒီအမျိုးသားကလည်း စက်ရုံသော့ပိတ်ကာ ကျွန်မတို့အဖွဲ့ကိုနှုတ်ဆက်လက်ပြလို့ သူ့ဦးတည်ရာဆီခရီးဆက်တာပေါ့။ ကျွန်မတို့ကတော့ နောက်ထပ် ရွှံ့စေးပန်းပုရုပ်တွေရှိရာ Terra ခြံဝန်းကြီးဆီ ခရီးဆက်ကြပြန်တယ်။

Terra (Center for Fine and Applied Arts) 
နိုင်ငံတကာ ပန်းပုပျော်ပွဲ (International Symposium) Terra ကို ၁၉၈၂ ခုနှစ်မှာစတင်ပြုလုပ်ခဲ့ကြတယ်။ နှစ်စဉ် ဇူလိုင် ၁ ရက်နေ့ကနေ ဇူလိုင် ၃၁ ရက်နေ့ပြုလုပ်လေ့ရှိပါတယ်။ Terra မြေနီထည်ပန်းပုပျော်ပွဲပြုလုပ်တဲ့အဆောက်အဦဟာ ၁၈၉၅ ခုနှစ်ကတည်ဆောက်ခဲ့တဲ့ စက်မှုဗိသုကာ အုပ်ကြွပ်စက်ရုံ အဆောက်အဦဟောင်းပါ။ ဇူလိုင်မှာပြုလုပ်တဲ့ပျော်ပွဲမှာ လျှောက်ထားကြတဲ့ပန်းပုပညာရှင်ထဲက ဒေသခံနဲ့ နိုင်ငံတကာအနုပညာရှင် ၅ ဦးကနေ ၈ ဦးခန့် ပါဝင်ဆင်နွှဲကြတယ်။ Terra မှာ ရှိနှင့်ကြပြီးတဲ့ မြေနီထည်ပန်းပု ၂၀၀ ကျော်ဟာ ဆားဘီးယား၊ မွန်တီနီဂရိုး၊ ခရိုအေးရှား၊ ဘောစ့်နီးယား၊ မက်ဆီဒိုနီးယား၊ ဆလိုဗေးနီးယား၊ ဟန်ဂေရီ၊ ဟော်လန်၊ အီတလီ၊ ပြင်သစ်၊ နော်ဝေ၊ ဗြိတိန်၊ သြစတြီးယား၊ တူရကီ၊ ဂျာမနီ၊ ဂရိ၊ ရိုမေးနီးယား၊ ချက်၊ ဘူလ်ဂေးရီးယား၊ ဒိန်းမတ်၊ စပိန်၊ အစ္စရေး၊ အီဂျစ်၊ ယူအက်စ်အေ၊ မက္ကဆီကို၊ ပီရူး၊ အာဂျင်တီးနား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နဲ့ ဂျပန်နိုင်ငံက ပန်းပုပညာရှင်တွေရဲ့ လက်ရာတွေပါ။

Terra ပန်းပုပျော်ပွဲကျင်းပခဲ့တဲ့ နှစ် ၃၀ကျော်ကာလအတွင်း ပန်းပုပေါင်း ၁၀၀၀ ခန့် ထုလုပ်နိုင်ခဲ့ကြတယ်။ Terra ပန်းပုစတူဒီယိုခန်းဟာ အုပ်ကြွပ်စက်ရုံဟောင်း “Plant II” IGM Toza Markovic  ပါ။ ပန်းပုပညာရှင်တွေအသုံးပြုနိုင်တဲ့ စတူဒီယို Terra ဧရိယာဟာ စတုရန်းမီတာ ၆၀၀ ခန့်ရှိပါတယ်။  Terra ပျော်ပွဲအတွက် အဓိကစီစဉ်သူက မွန်တီနီဂရိုး Cetinje မြို့ Faculty of Fine Arts က ပရော်ဖက်ဆာ၊ Kikinda မြို့ Center for Fine and Applied Arts Terra ဒါရိုက်တာ၊ ပန်းပုပညာရှင် Slobodan Kojic ပါ။ အဲဒီပန်းပုပျော်ပွဲအတွက် လျှောက်ထားလိုသူက email- office@terra.rs ဆီကို CV form နဲ့ ကိုယ်ရဲ့ ပန်းပုအနုပညာဓာတ်ပုံတွေပါ ပူးတွဲလျှောက်ထားနိုင်ကြတယ်။ Terra ရဲ့ official website www.terra.rs မှာ အသေးစိတ်ကြည့်ရှုနိုင်ကြပါတယ်။
Terra ခြံဝန်းကြီးထဲရောက်တော့ ကျွန်မတို့တွေ ကိုယ်စိတ်ဝင်စားရာ ပန်းပုရုပ်တွေရှိရာဆီ အပြေးသွားကြပြီး စိတ်ကူးရသလို အမှတ်တရဓာတ်ပုံရိုက်ကြပြန်တာပါပဲ။ ပန်းပုရုပ်တွေအများကြီးပဲရှိနေတော့ တချို့ပန်းပုရုပ်တွေ ကိုယ်မတွေ့လိုက်ဘဲ ခရီးအတူသွားကြတဲ့ မိတ်ဆွေတွေက ဓာတ်ပုံလေးတွေ facebook မှာ တင်ကြရင်းနဲ့မှ ဒီပန်းပုရုပ် မသိလိုက်ပါလား၊ ဘယ်နားမှာပါလိမ့် လို့တောင် တွေးမိတာပေါ့။ စက်ရုံအဆောက်အဦဟောင်းကြီးနဲ့ ပြန့်ကျဲနေတဲ့ သဏ္ဍန်မျိုးစုံ မြေနီထည်ပန်းပုရုပ်တွေရဲ့ အခင်းအကျင်းက ကျွန်မအတွက် အတိအကျပြောမပြတတ်တဲ့ ခံစားမှုတစ်ခုရမိသေးတယ်။ မြန်မာ မိတ်ဆွေသူငယ်ချင်းတွေနဲ့မို့ အချိန်တိုင်းကတော့ ရယ်ရယ်မောမောပျော်ရွှင်စရာကောင်းနေတော့တာပါပဲ။  သဘောကောင်းတဲ့ ခရီးစီစဉ်သူ ဒရာဂန်နဲ့ ပွင့်ပွင့်လင်းလင်း ပျော်တတ်ရွှင်တတ်ကြတဲ့ ဆားဘီးယန်းအမျိုးသမီး၊ အမျိုးသားတွေကြောင့်လည်း Kikinda ခရီးက လှုပ်လှုပ်ရှားရှားနဲ့ စိတ်ဝင်စားစရာခရီးစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။

Terra မှာ ခြံဝန်းကြီးကနေ ကျွန်မတို့ ခရီးသွားဘတ်စ်ပေါ် နေရာပြန်ယူကြတော့ ဒရာဂန်က စနောက်ပါတယ်။ နောက်ထပ် ပြတိုက်တစ်ခုလောက်သွားချင်ကြသေးလားတဲ့။ တကယ်ဆိုအကုန်လုံးက ပင်ပမ်းနေကြပါပြီ။ “နဲ့(Ne)” ဆိုတဲ့ ငြင်းဆန်သံတွေ ဟိုကသည်ကလေးလေးပင်ပင်ထွက်လာကြပြီပေါ့။ “ဒါဆိုရင် စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းရောက်ပါပြီ။ အခု ညစာစားကြဖို့ စားသောက်ဆိုင်သွားရမယ့်အချိန်ပေါ့”တဲ့။ အဲဒီတော့မှ အားလုံးရဲ့ သွက်သွက်လက်လက် ထောက်ခံသံတွေညံလာကြတယ်။ စားသောက်ဆိုင်မှာတော့ ကျေးလက်တွေက သူတို့ ရိုးရာဓလေ့အတိုင်း အဓိကအစားအစာမချသေးခင် ဝိုင်၊ ဘရန်ဒီတွေသောက်ရင်း စကားတွေဖောင်နေအောင်ပြောကြမယ်။ စကားပြောလို့ မောလာရင် မှာထားတဲ့အစားအစာတွေ စားကြမယ်။ စကားပြောကြမယ်။ အကော်ဒီယံအဓိကထားတီးခတ်ကြတဲ့ ဆားဘီးယန်းရိုးရာကျေးလက်သံစဉ်မျိုး ခပ်မြူးမြူးကို ဂီတသမားတွေက အဆက်မပြတ် တီးခတ်နေကြတယ်။ ကျွန်မတို့ကတော့ မှာထားတဲ့အစားအစာတွေမရောက်လာခင် မြန်မာမိတ်ဆွေအစ်မယူလာတဲ့ ကြာဇံကြော် လက်ဖက်နဲ့ ထမင်းတွေကို စားကောင်းကောင်းနဲ့ စားနှင့်ကြပြီးလို့ ဗိုက်ပြည့်သလိုတောင်ဖြစ်နေခဲ့ပြီပေါ့။ အဲဒီလိုနဲ့ တော်တော်ကြာမှ ရောက်လာကြတဲ့အစားအစာတွေကို စားကြရပြန်တယ်။ စားရင်းနဲ့လည်း ကျွန်မတို့အချင်းချင်း စကားတွေမကုန်နိုင်အောင်ဝိုင်းဖွဲ့ပြောကြတာများ ကျွန်မဖြင့် အသံတောင်နာချင်ချင်ရယ်။ ကျွန်မတို့ စားသောက်ဆိုင်က ပြန်ထွက်လာကြတော့ အပြင်ဘက်မှာနေ့တစ်နေ့ရဲ့ အလင်းရောင် ကုန်တော့မယ်။ ကျွန်မတို့ရဲ့ ခရီးသွားဘတ်စ်က ဘဲလ်ဂရိတ်ဆီ ပြန်လှည့်ခဲ့ပါပြီ။ ဘဲလ်ဂရိတ်ရောက်လို့ ဘတ်စ်ကားပေါ်ကအဆင်းမှာတော့ Kikinda ခရီးစဉ်တစ်လျှောက်ဘေးကင်းအောင်မောင်းနှင်ပေးခဲ့တဲ့ ကားမောင်းသူရဲ့ ကျေးဇူးကိုလည်း ချီးမွမ်းခဲ့လိုက်တယ်။ ပျော်ရွှင်ခဲ့ရတဲ့ Kikinda ခရီးအတွက် ခရီးအတူသွားခဲ့ကြတဲ့ မိတ်ဆွေအားလုံးကိုလည်း တိတ်တိတ်လေးပဲ ချီးမွမ်းကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ဖြိုးဖြိုး
*********************************************


No comments: