Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, September 22, 2011

ချစ်ရပါသည် ဧရာဝတီ

ဧရာဝတီကို ချစ်တယ်။ အထူးသဖြင့် ချစ်တဲ့ဖေဖေနဲ့ မေမေ ဘ၀စခဲ့ကြတဲ့နေရာလေးမှာ ဧရာဝတီစတင်မွေးဖွားခဲ့တာမို့ ပိုပြီး သတိတရချစ်မိပါတယ်။

မြစ်ဆုံကို တစ်ခါမှ မရောက်ဖူးခဲ့ပါဘူး။ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဆွမ်ဘရာဘွမ်၊ ချီဖွေ၊ လောခေါင်၊ ချီဗွေဗိုလ်တဲ ဒီစကားလုံးတွေကိုတော့ ငယ်ငယ်လေးကတည်းက အကြိမ်ကြိမ်အခါခါကြားဖူးနေခဲ့ပါတယ်။
ဖေဖေက သူ့အလုပ်တာဝန်နဲ့ ချီဗွေမှာ တာဝန်ကျတော့ မေမေ့ကို အဲဒီကို ခေါ်ပြေးသတဲ့။ မေမေက ၁၀ တန်းပဲရှိဦးမယ့် အရွယ်ဆယ်ကျော်သက်လေးပေါ့။ မေမေက တောတွေတောင်တွေ ရှိတဲ့အရပ်ဆို သိပ်ပျော်တာပဲတဲ့။ တိုင်းရင်းသားတွေကိုလည်း မေမေက သိပ်သဘောကျတာ။ တိုင်းရင်းသားတွေဓလေ့ထုံးစံအတိုင်းနေထိုင်ကြတဲ့သဘာဝမျိုးကို အမြဲ စိတ်ကူးယဉ်နေခဲ့သတဲ့။ အဲဒါနဲ့ပဲ မေမေ လိုက်ချင်လာအောင် ဖေဖေက ကချင်ပြည်နယ်ရဲ့ သာယာလှပပုံတွေ တဖွဲ့တနွဲ့ပြောပြပြီး ခေါ်သွားတယ်လို့ဆိုတာပဲ။ ဖေဖေ မေမေ့ကို ခေါ်ပြေးတဲ့ ကားလေးလား၊ မြင်းလှည်းလေးလား နာမည်ရှိသေးတယ်။ ဖေဖေက မေမေ့ကို စနောက်ချင်ပြီဆိုရင် အဲဒီ နာမည်လေးပြောတော့တာပဲ။

ဖေဖေက ရင်းနှီးတဲ့ဧည်သည့်တွေနဲ့ စကားကောင်းပြီးဆို ချီဗွေမှာတုန်းကလေ ဆိုပြီး စပြီးပြောတော့တယ်။ ဖေဖေ ကချင်ပြည်နယ်အကြောင်းစကားစပြီဆိုရင်တော့ .. အစ်မတွေက မကြားတကြားနဲ့ စကြတယ်၊ “ဟော ဟော” ဆိုပြီး အစ်မတစ်ယောက်က ဖီမော လို့ပြောတယ်။ နောက်တစ်ယောက်က ကန်ဖန်၊ နောက်အစ်မတစ်ယောက်က ကော့လန်(အမှန်က ဂေါလန်တဲ့၊ ကျွန်မတို့ကတော့ ကော့လန်လို့ပဲ နားထဲကြားကြတာ)ဆိုပြီး တစ်ယောက်နာမည်တစ်မျိုးစီ ရွတ်ပြကြတယ်။ ဖေဖေကလည်း သမီးတွေဘယ်လိုပဲ စစ၊ ဂရုမစိုက်ပါဘူး။ ကချင်ပြည်နယ်အကြောင်းများ ပြောပြီဆို ဖီမော၊ ကန်ဖန်၊ ဂေါလန်ရွာကြီးတွေ မပါမပြီး အမြဲလိုပြောပါတယ်။ မေမေကလည်း ပြောပြဖူးတယ်။ အဲဒီမှာနေတဲ့တောသူတောင်သားတွေများ သူတို့ကို ဘယ်သူတွေက အုပ်ချုပ်နေတယ်ဆိုတာ ဘာမှ သိရှာတာမဟုတ်ဘူး။ ဘယ်တိုင်းပြည်ထဲရှိနေတယ် ဆိုတာလည်း မသိကြဘူး။

နေ့တိုင်းပဲ တောသူတောင်သားတွေ သဘာဝအတိုင်း မြည်းလေးတွေနဲ့ တောင်ပေါ်စိုက်ခင်းတွေမှာ လိမ္မော်သီးတွေခူးလိုက်၊ ခေါင်ရည်တွေသောက်လိုက်၊ မီးပုံပွဲလုပ်တဲ့အခါလုပ် ကကြခုန်ကြ ဒီလိုပဲ နေကြသတဲ့။ တောကောင်(ကျား) ရလာပြီဆို အဲဒီညမှာ တောကောင်ကိုဖျက်ပြီး အိမ်တိုင်း အသားအရိုး လိုက်ဝေငှတယ်။ မေမေကတော့ မစားရဲရှာပါဘူး။ ဖေဖေကသာ ခေါင်ရည်ဆိုလည်း သောက်လိုက်တာပဲ။ ကျားရိုးစွပ်ပြုတ်ဆိုလား အဲဒါမျိုးတွေကျွေးလည်း စားတာပဲတဲ့။ ပြီးတော့ တောကောင်အောင်မြင်တဲ့အထိမ်းအမှတ်နဲ့ မီးပုံပွဲလုပ်ကြတယ်။ မီးပုံပွဲဆိုလည်း ဖေဖေက ဓါးထမ်းပြီး ၀င်ကတော့တာပဲ လို့ မေမေက ပြောပြဖူးတယ်။
မြန်မာ့မြေပုံပေါ်မှာတော့ အစက်လေးသုံးစက် သေးသေးလေးပဲရှိနေမယ့် ဖီမော၊ ကန်ဖန်၊ ဂေါလန်ရွာတွေက အပြင်မှာတော့ သိပ်ကို သာယာလှပတဲ့ရွာကြီးတွေ။ အကျယ်ကြီးတွေဆိုပဲ။ နောက်တော့ ဦးနုလက်ထက်လားပဲ မေမေလည်း သိပ်မမှတ်မိပါဘူး။ တရုတ်ကိုပေးလိုက်ရတယ်တဲ့။ အခုဆိုရင်တော့ ကချင်ပြည်နယ်ထဲမှာ အဲဒီရွာကြီးသုံးရွာမရှိကြတော့ဘူး။ မေမေက မြစ်ဆုံရောက်ရင် မလိခမြစ်ထဲ ရေဆော့တာ အမြဲပြောပြတယ်။ မေခမြစ်က မြစ်ရေစီးသန်တယ်တဲ့။ မလိခမြစ်ကတော့ ကျောက်တုံးကျောက်ခဲလေးတွေနဲ့ ငါးလေးတွေက ရေထဲကူးလို့ လိုက်ဖမ်းကြည့်ရင်း သိပ်အသည်းယားဖို့ကောင်းတယ်။ မိလည်းမမိပါဘူးကွယ်၊ ခြေထောက်နားမှာ ပြေးလွှားကူးခတ်နေကြတာပဲလို့ မေမေက ပြောပြတယ်။ အသက်လေးငယ်ငယ်အရွယ် မေမေ၊ အဲဒီတုန်းက မလိခမြစ်ထဲ ရေဆော့ရင်း မြစ်ဆုံအလှမှာ ကြည့်မ၀ရှုမ၀ ပျော်ရွှင်ကြည်နူးခဲ့ရသတဲ့။ ချီဗွေဗိုလ်တဲနားမှာလားပဲ။ သဘာဝအတိုင်းဖြစ်နေတဲ့ ကျောက်စားပွဲကြီး၊ ကျောက်ကုလားထိုင်ကြီးရှိသေးသတဲ့။ မေမေက အဲဒီတုန်းက ရိုက်ထားတဲ့ပုံတွေတော့ ကြည့်ခဲ့ရတယ်။ ကချင်ဝတ်စုံနဲ့ မေမေက ဖေဖေ့ကိုယ်ကို အတင်းမှီကပ်ပြီး ပြုံးရွှင်နေတဲ့ပုံလေးမြင်ခဲ့ရဖူးတယ်။ မေမေတို့ ဖေဖေတို့ အမြဲပြောပြောနေခဲ့တဲ့ မြစ်ဆုံ၊ ကချင်ပြည်နယ်ကိုလည်း သိပ်ရောက်ဖူးချင်ခဲ့တာပဲ။
အခု ဧရာဝတီကိုစတင်မွေးဖွားတဲ့ အင်မတန်သာယာလှပတဲ့နေရာမှာ ဆည်ရေကာတာ ဆောက်နေကြပြီ။ ကျွန်မကတော့လေ ဆည်ကြီးရဲ့ အကျိုးအပြစ်တွေကို ပညာရှင်မဟုတ်လို့ အတိအကျ မသိနိုင်ပြန်၊ ဆည်ကြီးရဲ့ အမြတ်အစွန်းအတွက်လည်း စီးပွားတွက် မတွက်ချက်တတ်ပါဘူး။ စာတမ်းတွေမှာရေးထားကြသလို စိတ်ပူစရာတွေ့ရင် ရင်ထဲမှာထိတ်ခနဲဖြစ်တဲ့အထိ စိတ်ပူမိပြန်သလို၊ ဘာမှ မဖြစ်နိုင်ပါဘူး တိုင်းပြည်ရဲ့အကျိုးစီးပွားအတွက်ဆိုပြန်တော့လည်း စိတ်ထဲမှာ နည်းနည်းပေါ့သွားပြန်တယ်။ ဒါပေမဲ့ ဧရာဝတီကိုတော့ အမြဲ တသွင်သွင်စီးနေစေချင်တယ်။ ကျွန်မကိုယ်ပိုင်အမြင်လေးနဲ့ပဲ စိတ်ထဲရှိသလိုပြောရရင်တော့ ဒီရေကာတာကြီးဆောက်ဖို့အတွက် တိုင်းပြည်မှာ ဘဏ္ဍာငွေမရှိဘူးဆိုရင်လည်းပဲ(ကိုယ်တိုင်မှ မဆောက်နိုင်ရင်တော့)သူများငွေနဲ့ မဆောက်စေချင်ပါဘူး။ ဒီဆည်ကြီးဆောက်လိုက်လို့ အကျိုးအမြတ်တွေအားလုံးက မြန်မာနိုင်ငံသားတွေကပဲ ရသင့်တာပေါ့။ ဒါပေမဲ့ သူများငွေနဲ့ ဆောက်ရတဲ့အတွက် ဧရာဝတီရဲ့အကျိုးအမြတ်တွေကို သူများကိုပေးရတော့မယ်။ မြန်မာနိုင်ငံသားတွေခံစားရမယ့် ၁၀ရာခိုင်နှုန်းဆိုတာပမာဏက ဘယ်လောက်မှ မရှိတာလေ။ ပြီးတော့ ဖြစ်လာနိုင်တဲ့ဘေးဒုက္ခတွေဆိုတာကလည်း ပညာရှင်တွေတွက်ချက်ပြနေသလို တကယ်ပဲဖြစ်လာနိုင်တဲ့အခြေအနေတွေ။ ဆည်တွေဆောက်မှ တိုင်းပြည်တိုးတက်မယ်ဆိုရင်တော့ မြစ်ဆုံဒေသမှာမဟုတ်ပဲ မြစ်ရဲ့အောက်ပိုင်းတွေဘက်မှာရော၊ တစ်ခြားတိုးတက်မှုရှာနိုင်တဲ့ နည်းလမ်းတွေရော မရှိတော့ဘူးလား။ ကျွန်မ မသိပါဘူး။ မြန်မာနိုင်ငံရဲ့ ဦးခေါင်းပုံစံဒေသက ကချင်ပြည်နယ်သားတွေလည်း စိတ်အေးချမ်းသာစွာရှိစေချင်တယ်။ မြန်မာနိုင်ငံသားတွေလည်း စီးပွားတိုးတက်ပြီး ပျော်ရွှင်ငြိမ်းချမ်းစေချင်တယ်။

ဧရာဝတီနဲ့ ကျွန်မက အလှမ်းမနီးသလိုပါပဲ။ ဧရာဝတီမြစ်ကြီးထဲ ခရီးသွားသွားလာလာလည်း မရှိခဲ့ရပါဘူး။ ဒါပေမဲ့ ဘယ်နေရာ ဘယ်ဒေသမှာပဲ လက်ရှိ နေထိုင်ပါစေ။ ကိုယ်မွေးတဲ့နေရာဒေသ၊ ကိုယ့်ရဲ့ အထင်ကရ ဧရာဝတီကို သူများတွေချစ်သလို ချစ်ပါတယ်။ အမြင်ကွဲလွဲမှုတွေရှိနေကြပေမဲ့ မြန်မာနိုင်ငံသားအားလုံး၊ ရေကာတာတည်ဆောက်မှုမှာပါဝင်နေသူများပါ ဧရာဝတီကို ချစ်ကြမယ်လို့လည်း ကျွန်မ ယုံကြည်ပါတယ်။

ဧရာဝတီမပျက်စီးစေဖို့ အားလုံး အေးအေးချမ်းချမ်း ၀ိုင်းဝန်းဆုံးဖြတ်ကြစေချင်တာပါပဲ။
ဧရာဝတီတည်တံ့စေဖို့  အားလုံးစောင့်ရှောက်ကြစေလိုပါတယ်။ မြစ်ဆုံရေကာတာ မတည်ဆောက်စေလိုပါ။
ဧရာဝတီအပါအ၀င် မြန်မာတစ်နိုင်ငံလုံးကို မြန်မာနိုင်ငံသားတွေအားလုံးကပဲ စောင့်ရှောက်နိုင်စေဖို့ ဆုတောင်းပါတယ်။

မရွှေစင်ဦးနဲ့ ခင်မင်ရတဲ့ ဘလော့ဂ်ဂါ မောင်နှမတွေက ဒီနေ့ ဒီရက်မှာ ဧရာဝတီကို ချစ်တဲ့အကြောင်း၊ ဧရာဝတီမပျက်စီးစေချင်တဲ့အကြောင်း ရေကာတာတည်ဆောက်ခြင်းအကြောင်းတွေရောအပါအ၀င်ပေါ့ ရေးပေးစေချင်တယ်လို့ တိုက်တွန်းနေကြတယ်။ ကိုယ်ခံစားမိသလိုလေးပဲ ရေးလိုက်ပါတယ်။

ထူးအိမ်သင်ရဲ့ "ရာဇ၀င်များရဲ့ သတို့သမီး" သီချင်းကိုလည်း နားထောင်နေမိတယ်။

“ရာဇ၀င်ဟောင်းရဲ့ သင်္ချိုင်းရာ
ရာဇ၀င်သစ်တို့ မွေးဖွားရာ
ရွှေရောင် နေ့သစ်များ အတွက်
ရင်ခုန်သူတို့ရဲ့ သီချင်းတွေ
ပျိုမြစ် စိမ်းလန်းရေး အတွက်
ယုံကြည်သူတွေ အသက်နဲ့ …..”


ဒီနေရာအရောက်မှာတော့ ရင်ထဲမှာ စိုးရွံ့မိတယ်။

“ပျိုမြစ် စိမ်းလန်းရေးအတွက်
ယုံကြည်သူတွေ လက်နဲ့
ထုဆစ်တော့မယ့် နေ့ရက်များ …
ဧရာဝတီ …” လို့ပဲ ……………..


အဲဒီလိုလေးပဲ။ အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ “ဧရာဝတီ” ရှင်သန်အောင်စောင့်ရှောက်နိုင်ကြပါစေ။        ။


23 comments:

sosegado said...

ဧရာဝတီဟာ ရှင်သန်နေမှာပါ
ဝိုင်းဝန်းဆွေးနွေးကြမှ အဖြေကရှိလာမှာ
လွယ်လွယ်နဲ့တော့ မရဘူး
မဟာတရုတ်ကြီးက အသာပြာထုတ်ပြီးသားဖြစ်နေတယ်

သဘာဝ ကိုဖျက်ရင် သဘာဝ ကပြန်ခတ်တတ်ပါတယ်။

SHWE ZIN U said...

မဖြိုး ဖေဖေ မေမေ တို့ရဲ့ ဧရာဝတီ ကိုခံစားသွားပါတယ်

ဧရာဝတီရှင်သန်ရမယ် ဧရာဝတီ ရှင်သန်မှ မြန်မာပြည် ကြီး တည်ရှိနေမယ်လို့ ထင်ပါတယ်

အားလုံး လက်တွဲညီကြစို့

ကျေးဇူး
ခင်မင်လေးစားလျှက်
ရွှေစင်ဦး
.

ငွေလမင်း said...

ဧရာဝတီကို လွတ်လပ်ခွင့်ပြုပါ

kiki said...

ချစ်စရာ့ ဧရာဝတီကို လွတ်လပ်စွာ စီးဆင်းရင်းဖြင့် ရှင်သန်ခွင့်ပေးသင့်ပါတယ်....။


ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို လုံးဝ ကန့်ကွက်ပါသည် ။

ခင်မင်စွာ
မကိ

ကိုချစ်ဖေ said...

ရာဇ၀င်ဆိုတာ သွေးနဲ့ရေးခဲ့ရတာ ချွေးအထပ်ထပ်နဲ့
တည်ဆောက်ထားခဲ့ရတာ အဲ့ဒီရာဇ၀င်တွေရဲ့ သတိုးသမီး
ကိုမှ မျက်ရည်ကြီးပေါက် ကျစေချင်ရင်တော့..ကြည့်ကြသေးတာပေါ့..ဗျာ..

An Asian Tour Operator said...

ဆွတ်ပျံ့ဖွယ်လေး..။

seesein said...

ရာဇ၀င်များရဲ့ သတို့သမီးဧရာနဲ့

မေဖေတို့ရဲ့ ရာဇ၀င် နှောပြီး ခံစားသွားပါတယ်

ဧရာထာဝရရှင်သန်စေဖို့...
မြစ်ဆုံး ဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်...


ခင်မင်တဲ့
seesein

Anonymous said...

ဧရာဝတီမြစ်ရေစီမံကိန်းကိုလုံးဝကန့်ကွက်ပါတယ် တိုင်းပြည်ရဲ့ အသက်သွေးကြောမကြီးကို ကာကွယ်ကြစို့


မောင်ဘကြိုင်

ဇော်သိင်္ခ said...

ဖေဖေ မေမေတို့ရဲ့ ဧရာဝတီ...
ကျွန်တော်တို့ရဲ့... ဧရာဝတီ...
ကျွန်တော်တို့ နိုင်ငံရဲ့... ဧရာဝတီ...
တစ်မျိုးသားလုံးရဲ့... ဧရာဝတီ...
ဧရာဝတီ... ထာဝရ တည်တံ့ စီးဆင်းနေနိုင်ပါစေနော်...
မြစ်ဆုံ စီမံကိန်းကို ထပ်ဆင့် ကန့်ကွက်သွားပါတယ်ဗျာ..
ခင်မင်စွာဖြင့်..
ဇော်သိင်္ခ

မြသွေးနီ said...

ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
ဧရာဝတီကို ကျေးစွပ်နေကြတာ ရင်နာတယ်ညီမရေ..။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ့်တိုင်းပြည်ရဲ့ သာယာလှပမှုကို ကိုယ်တိုင်ကမဖျက်ဆီးသင့်သလို သူများက လာဖျက်ဆီးရင်တောင် ကာကွယ်ရမှာ
ခုတော့ ... တရုတ်တွေကို ဝမ်းသာအားရ ထိုးအပ်နေကြတယ်။
ဒီလိုတိုင်းပြည်ခေါင်းဆောင်တွေရတာ ရင်နာမိတယ်

ညီရဲ said...

ဦးနုလက်ထက်မှာ ကြယ်ခေါင်ပါသွားတယ်တော့ ကြားဖူးတယ်။ ဒီလို သာယာတဲ့ ရွာကြီးသုံးရွာပါသွားတာ နှမြေစရာကောင်းလိုက်တာ... ခုမြစ်ဆုံ၊ ကျောက်ဖြူရထားလမ်းနဲ့ ကြာရင်ကုန်တော့မယ် အစ်မရေ...

ကိုအောင်(ပျူနိုင်ငံ) said...

မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

မေသိမ့်သိမ့် ကျော် said...

ဧရာဝတီ အဓွန့်ရှည်တည်ပါစေသော်ဝ်.... ချစ်သော ဧရာဝတီကိုမပျက်စီးစေလိုပါ။

ချယ်ရီမြေ said...

မြစ်ဆုံရေကာတာစီမံကိန်းအား ဖျက်သိမ်းပေးပါရန် သဘောတူကန့်ကွက်ပါတယ်..
မိခင်ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေဟု

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

mstint said...

နိုင်ငံသားများအားလုံး ချစ်ခင်မြတ်နိုး တွယ်တာတဲ့ 'မြစ်ဧရာ' ထာဝရအေးချမ်းစွာဖြင့် စီးဆင်းနိုင်ပါစေ။

မေတ္တာဖြင့်
အန်တီတင့်

မအိမ်သူ said...

ကိုယ့်နိုင်ငံအတွင်းက တန်ဖိုးရှိတဲ့အရာမှန်သမျှ ကျောက်ခဲသလဲလို ပေါပေါလောလော သူများလက်ထိုးထိုးအပ်နေရတာလောက် ရင်နာမိတာမရှိဘူး။ ဧရာဝတီ သံလွင် ဘယ်မြစ်မှာမှ တိုင်းတပါးကလာဆောက်မယ့်ဆည်ကို အလိုမရှိပါ။

မြတ်မွန် said...

ဧရာဝတီ ကမ္ဘာတည်သရွေ့ထာဝရတည်ရှိနေပါစေလို့ပဲ ဆုတောင်း ပြုမိပါတော့တယ် မမဖြိုးရေ။

မြစ်ကျိုးအင်း said...

ဧရာဝတီဆက်လက်ရှင်သန်ဖို့ မြန်မာနိင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်။

ဟန်ကြည် said...

မြစ်ဆုံကို ရောက်ဖူးချင်ပေမယ့် တစ်ခါမှကို မရောက်ဖြစ်သေးဘူး...ဒီနှစ်နွေရာသီရောက်ရင် ခရီးသွားဖို့ပြင်ထားတာလည်း မြစ်ဆုံအစီအစဉ်မပါဘူးဖြစ်နေတယ်...မပျက်စီးခင် အရင်သွားကြည့်ရမလို ဖြစ်နေပြီ...ပေါက်ဖော်တွေနဲ့တွေ့ပြီး ကိုယ့်ဒေါသကို မထိန်းနိုင်ပြန်ရင်လည်း ကိုယ်ပဲအခက်တွေ့နေမှာလည်း စိုးရိမ်ရသေးတယ် မဟုတ်လားလေ...

စံပယ်ချို said...

ဖြိုးရဲ့ဧရာဝတီကိုခံစားဖတ်လိုက်ရပါတယ်
သဘာဝကိုတော့ဖျက်ရမယ်မထင်ပါဘူး

ပြည်သူတွေအားလုံးတိုက်ပွဲဝင်ကြရပါမယ်
ဖြိုးရေးထားတာကို လုံးဝထောက်ခံပါတယ်....
မြစ်ဆုံ စီမံကိန်းကိုလဲ
လုံးဝ ကန့်ကွက်ပါတယ်...
ခင်မင်တဲ့ jasmine

rose of sharon said...

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါသည်

Myanmar Good Knowledg Co., Ltd said...

တကယ့်အဖြစ်မှန်က ၀တ္တုလေးတစ်ပုဒ်လိုပါပဲ။
အကြောင်းအရာကော ရေးပုံလေးကော ကြိုက်လို့ ၂ခေါက်လာဖတ်တယ်။