Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, January 28, 2012

တစ်ယောက်တည်း ကြောက်လွန်းလို့ပါ


(လှိုင်းသစ်မဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၁၃)
ခင်ဗျားကပြောတယ်၊ နားမလည်နိုင်လောက်ဘူးတဲ့၊ ကျွန်တော် ခင်ဗျားကိုယုံကြည်ပါတယ်၊ ခင်ဗျားထင်နေတယ်မဟုတ်လား၊ ကျွန်တော်တော့ စိတ်ရုးပေါက်နေပြီလို့ပဲ၊ ကျွန်တော်ကလေ တကယ်တော့ ...ချစ်ရတဲ့ သူငယ်ချင်းကြီးရေ ခင်ဗျားစိတ်ကူးထဲ ထင်မြင်ယူဆနေတာထက် ကျွန်တော့်မှာ တခြား အကြောင်းပြချက်တွေရှိနေပါသေးတယ်။

ဟုတ်တယ်၊ ခု မကြာလှတဲ့အချိန်လေးမှာ လက်ထပ်တော့မယ်၊ ပြောပြပါ့မယ်၊ ဘယ်လို့ကိစ္စမျိုးကများ ဒီအဆင့်ကိုတက်လှမ်းဖို့ တိုက်တွန်းလိုက်သလဲဆိုတာကိုလေ ... ထပ်ပြောရဦးမယ်၊ ကျွန်တော့ဇနီးဖြစ်လာမယ့် ကလေးမရဲ့ အကြောင်း ကျွန်တော်သိတာ ဆိုလို့ နည်းနည်းလေးမှ တကယ့်နည်းနည်းလေးပဲရှိတယ်၊ သူလေးရဲ့အကြောင်းက မနှစ်သက်စရာတော့လည်း သိပ်မတွေ့မိဘူး၊ အဲဒါနဲ့ပဲ လက်ထပ်ဖို့ ကမ်းလှမ်းလိုက်တာပဲ၊ သူလေးက လား .. သေးသေးကွေးကွေးလေး၊ မျှမျှတတရှိမယ့် ပုံလေး၊ တည်ကြည်မယ့်ပုံလေးပါ၊
မနက်ဖြန်ပြီးတဲ့ နောက်တစ်နေ့မှာဆိုရင် အရပ်လေးရှည်ရှည်၊ အသားလေးကညှိမှောင်မှောင်၊ ပိန်ပိန်သွယ်သွယ်မိန်ကလေးအတွက် စိတ်အားထက်သန်စွာ ဆုမွန်ကောင်းတောင်းပေးရတော့မယ်၊ မိန်းကလေးက မချမ်းသာဘူး၊ ပညာအရည်အချင်းကလည်း အလယ်တန်းလောက်ထိပဲ တက်ခဲ့တာ၊ သီးသီးသန့်သန့်ပြစရာ အရည်အသွေး မရှိလှပေမဲ့ လက်ထပ်ယူလိုက်ဖို့အတွက်လည်း ထင်ထင်ရှားရှားအမှားအယွင်းမရှိဘူး၊ လူတွေက သူလေးအကြောင်း ချီးကျူးကြတယ်၊ “လာဂျိုလီလေးက အလွန်သိမ်မွေ့တဲ့မိန်းကလေး“ တဲ့၊ မနက်ဖြန်ဆို သူတို့ပြောကြဦးမယ်။
“အိုး .... သိမ်မွေ့နူးညံ့လွန်းလှတဲ့အမျိုးသမီး မဒမ်ရေမွန်“ လို့ပေါ့၊

ကဲ .. ခင်ဗျားကမေးပြီပေါ့၊ ”ဒါဆို ဒီကမ္ဘာကြီးပေါ်က ဘယ်လိုကိစ္စအတွက်လက်ထပ်ခဲ့ရသလဲ“ တဲ့၊ အကြောင်းကတော့ ကျွန်တော်တစ်ယောက်တည်းနေရမှာ ကြောက်လို့ပဲ၊ ဒီလိုအဓိပ္ပါယ်မရှိ၊ မဖြစ်စလောက် အကြောင်းပြချက်လေးကြောင့် ပြောရခက်နေတာပေါ့၊ ခင်ဗျားနားလည်အောင် ဘယ်လိုဆိုရမယ် အခုထက်ထိ မသိနိုင်သေးဘူး၊ ဒါပေမဲ့ ကျွန်တော့်စိတ်အခြေအနေကတော့ အင်မတန်စိတ်ပျက်ဖွယ်ကောင်းနေပြီ၊ ခင်ဗျားက ကျွန်တော့်ကို သနားစဖွယ်သတ္တ၀ါလို့ထင်မယ်၊ အထင်အမြင်သေးမယ်။

အဖြစ်ကတော့ ... ညတွေမှာ တကယ့်ကို တစ်ယောက်ထဲ ကြာကြာမနေရဲလို့ဗျို့၊ ကျွန်တော်နဲ့အနီးမှာ တစ်စုံတစ်ယောက် ရှိနေတယ်ဆိုတဲ့အသိ၊ ခံစားမှုမျိုးရချင်တယ်၊ တစ်ယောက်ယောက်က တို့ထိနေတာမျိုး၊ စကားစမြည်ပြောဆိုနေတာမျိုး၊ ဘာပဲဖြစ်ဖြစ်ပြောနေဦးဗျာ ရတယ်၊ ဘာအကြောင်းအရာပဲပြောနေနေ၊ ကျွန်တော့်ဘေးက တစ်စုံတစ်ယောက်ကြောင့် ရှင်သန်နိုးထနေဖို့ အင်မတန် လိုလားတယ်၊ အဲဒီ တစ်ယောက်ယောက်သာ ရှိနေရင်ဗျာ ကျွန်တော် မေးခွန်းတချို့ ချက်ချင်းမေးနိုင်မယ်၊ ပေါက်တတ်ကရမေးခွန်းမျိုးပဲ ဖြစ်နေဦးတော့၊ လူသားတစ်ယောက်ရဲ့အသံကြားနေရရင်၊ ကျွန်တော့်ရဲ့ ၀ိညာဉ်လိပ်ပြာကနိုးထကောင်းပါရဲ့၊ ဖန်မီးအိမ်ရဲ့ အလင်းရောင်ကိုခပ်သုတ်သုတ်လေးမြှင့်ပြီး ကျွန်တော့်ဘေးက လူသားရဲ့မျက်နှာကို ကြည့်နိုင်မယ်၊ ဘာကြောင့် .. ဘာကြောင့်လဲ ..

အင်း .. ၀န်ခံရမှာတော့ရှက်သား၊ ဘာကြောင့်လဲလို့ ဆိုရရင် .. တစ်ယောက်တည်းဖြစ်နေတာကို ကြောက်လို့ပေါ့၊

အိုး...ခင်ဗျား .. အခုထိ ကျွန်တော့်ကို နားမလည်နိုင်သေးပဲကိုး.. ပြောရရင် ဘယ်လိုအန္တရာယ်မျိုးမှ ကျွန်တော်မကြောက်ဘူး၊ လူတစ်ယောက်အခန်းထဲ ၀င်လာပါစေဦး၊ ကြောက်ရွံတုန်လှုပ်မှုမရှိပဲ ဂုတ်ချိုးပြီး သတ်ပစ်နိုင်တယ်၊ စိတ်နယ်လွန်ကိစ္စရပ်တွေကို ကျွန်တော် အယုံအကြည်ရှိပေမဲ့ တစ္ဆေသရဲ လားလားမှမကြောက်ဘူးဗျို့၊ လူသေတွေကိုလည်းမကြောက်ဘူး၊ ဒီကမ္ဘာကြီးမျက်နှာစာမှာ ရှိနေသမျှတွေ ပျောက်ဆုံးသွားအောင် ချေမှုန်းပစ်နိုင်တယ်လို့လဲ ယုံကြည်ထားတယ်၊ ဒါနဲ့များတောင် ကျွန်တော်ဘာကိုကြောက်နေလဲ ခင်ဗျားက စကားနာထိုးတော့မယ်၊ ကောင်းပါပြီလေ၊ ပြောရဦးတော့မယ်၊ ကျွန်တော် ကိုယ်တိုင် ကိုယ့်ဘာသာ ကြောက်လွန်းလို့ .. ရှုပ်ထွေးပွေလီလှတဲ့ စိုးရိမ်ထိတ်လန့်မှုရဲ့နောက်ကွယ်မှာ .. ကြောက်စရာအာရုံတွေ ကြိုကြိုပြီး ရနေသလိုပဲ။

ခင်ဗျားစိတ်ကြိုက် ရယ်ချင်ရယ်ပေါ့ဗျာ၊ ဒါဟာ တကယ့်ကိုကြောက်စရာကြီးဗျ၊ ကျွန်တော် နံရံတွေကို ကြောက်တယ်၊ အိမ်ထဲက ပရိဘောဂတွေကြောက်တယ်၊ အင်မတန်ရင်းနှီးကျွမ်းဝင်ပြီးသား ပစ္စည်းပစ္စယတွေလဲကြောက်တယ်၊ သူတို့တွေဟာ သက်ရှိတိရိစ္ဆာန်တွေလိုပဲ၊ တရွေ့ရွေ့တလှုပ်လှုပ်နဲ့၊ အမြဲ ရွစိရွစိ လုပ်နေကြတယ်၊ အထက်ကပြောခဲ့တဲ့ လှုပ်စိလှုပ်စိတွေက လှို့ဝှက်ဆန်းကြယ်ပြီး ဘယ်သူမှ မမြင်မသိနိုင်တဲ့ ဝေဒနာပြင်းပြင်းတွေနဲ့ ကျွန်တော့်ကိုနှိပ်စက်ကြတယ်။

ပထမတော့ ကျွန်တော့်စိတ်ထဲ ဘာမှန်းမသိ မအီမသာကြီးနဲ့၊ နောက်တော့ အဲဒီ့ ခံစားချက်ကြီးကြောင့် ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးတွေတဖြန်းဖြန်းထလောက်အောင် အေးစက်လာတော့တာ၊ ကျွန်တော် .. အခန်းပတ်လည် မျက်စိပြူးပြီး သေချာကြည့်တယ်၊ ဘာမှမရှိဘူး၊ တစ်ခုခုတွေ့လိုက်ရရင်တောင် ဟုတ်ဦးမယ်၊ ဘာပဲဖြစ်ဖြစ်ပေါ့၊ တစ်ခုခု ... အကောင်အထည်ရှိတာ တစ်ခုခုလောက်၊ အခုတော့ ကျွန်တော်လဲ ကိုယ်တိုင်နားမလည်တဲ့ သွေးပျက်ချောက်ချားမှု သက်သက်ပဲ ဖြစ်နေတော့တာ။

ကျွန်တော် အသံထွက်စကားပြောလိုက်ရင် ကျွန်တော့်အသံကြီးကိုကြောက်တယ်။ ကွဲအက်အက်ကြီး ..
ကျွန်တော် လမ်းလျှောက်ရင်လည်း တံခါးနောက်မှာ ဘာရှိမလဲ။ ခန်းဆီးစတွေနောက်မှာ... ဗီရိုထဲမှာ .. ဒါမှမဟုတ် ကျွန်တော့်အိပ်ရာ အောက်မှာ၊ တချိန်လုံးပဲ ကြည့်နေရတယ်၊ တချိန်တည်းမှာပဲ ဘာမှမရှိဘူးဆိုတာလည်းသိနေပြန်တယ်၊ ကျွန်တော် ဆတ်ကနဲ နောက်ပြန်လှည့်ကြည့်တယ်၊ ကျွန်တော့်ကို စောင့်ကြည့်နေသူကို အငိုက်ဖမ်းမလို့၊ ကျောဖက်မှာ ဘာရှိနေမလည်း ကြောက်လည်းကြောက်လို့ ... ဒါပေမဲ့လည်းဗျာ၊ ဘာမှမရှိဘူး၊ ကျွန်တော်သိတော့သိနေတယ်၊ ကျွန်တော် ထိတ်လန့်ကြောက်ရွံမှုတွေလည်းပိုပိုပြီး တိုးလာပြီ၊ ဒါနဲ့ပဲ အခန်းထဲပြေးဝင်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် သိမ်းရတော့တယ်၊ အိပ်ရာထဲပြေးဝင်၊ အ၀တ်အစားထူပွပွတွေအောက်မှာသိမ်း၊ စောင်တွေအထပ်ထပ်အောက်မှာ သိမ်း၊ ဘောလုံးတစ်လုံးကို ကိုယ်ကို လိမ်ကျစ်လုံးထွေးပြီး သိမ်း ..သိမ်းလိုက်တယ်၊ မျက်စိကိုလည်းတင်းတင်းပိတ်၊ စိတ်ပျက်အားလျှော့စွာပဲ .. အချိန်ဘယ်လောက်ကြာမယ် မမှတ်နိုင်ဘူး၊ မှတ်မိတာက ကျွန်တော့်နဘေးနား စားပွဲပေါ်က ဖယောင်းအတိုင်အလင်း .. သူကတော့ တလက်လက်တောက်နေတော့မှာ၊ သူ့ကိုလည်း သိမ်းသင့်တယ်၊ ဒါပေမဲ့ မလုပ်ရဲဘူးဗျို့၊ ထပ်ပြီး မလှုပ်ရဲတော့ဘူး၊ ဘောလုံးလို လိမ်ကျစ်ထားတဲ့ကျွန်တော့်ခန္ဓာကိုယ်မှာ ကျွန်တော့်လက် ဘယ်နေရာမှာသိမ်းမိတယ် မသိဘူး။

အရင်တုန်းက ဒီလိုကြောက်ရွံမှုတွေမဖြစ်ခဲ့ပါဘူး၊ ကျွန်တော် အိမ်ကို အေးအေးသက်သာပြန်လာတယ်၊ ကျွန်တော့်ရဲ့ငြိမ်းချမ်းအေးမြနေတဲ့စိတ်အစဉ်ကို ဘယ်အရာကမှ နှိပ်စက်ကလူမပြုနိုင်ပဲ အိမ်ပေါ်ထပ်၊ အိမ်အောက်ထပ် ဆင်းလိုက်တက်လိုက် လုပ်နေနိုင်တယ်၊ တစ်ခုခုထိခိုက်ဒဏ်ရာရခဲ့လည်း ကျွန်တော်အရေးပေါ်ဌာနကို ခေါ်နိုင်တယ်။ မဖြစ်တန်ကောင်းတဲ့ စိုးရိမ်ထိတ်လန့်မှုမျိုးခံစားရဦးတော့ ပြောင်ပြောင်တင်းတင်း ရယ်ချလိုက်နိုင်တယ်။
သေချာတယ်၊ ညအမှောင်ထဲ တံခါးလှစ်ဟထားလည်း ဘယ်တော့မှမကြောက်ဘူး၊ အိပ်ရာထဲ သက်သက်သာသာဝင်အိပ်နိုင်တယ်၊ တံခါးသော့ပိတ်ဖို့လည်း မလိုဘူး၊ ညလယ်တွေမှာလည်း တံခါးပေါက်တွေ သေချာပိတ်ထားရဲ့လား ပြန်စစ်ဖို့ ဘယ်တော့မှ တရေးနိုးလေ့မရှိဘူး၊

ပြီးခဲ့တဲ့နှစ် စိုထိုင်းထိုင်း ဆောင်းဦးညနေခင်းတစ်ခုမှာ...
အဲဒီ့ ထူးထူးဆန်းဆန်းစရိုက် စပြီး ဖြစ်လာခဲ့တာ၊ ကျွန်တော့်အိမ်က အိမ်အကူတစ်ယောက် ပြန်သွားတဲ့အချိန်ပေါ့၊
ကျွန်တော် ညစာစားတယ်၊ ပြီးတော့ ကျွန်တော်ကိုယ့်ဘာသာမေးမိတယ်၊ ဘာလုပ်နေရင် ကောင်းမလဲ၊ တခါတရံ အိမ်ခန်းထဲမှာပဲ ဟိုဟိုဒီဒီ လမ်းလျှောက်နေခဲ့တယ်။ အကြောင်းပြချက်မရှိပဲ လူက နုံးချိနေလိုက်တာ။ အလုပ်မလုပ်နိုင်ပါဘူး၊ ဘာစွမ်းအားမှ မဖြုန်းရတဲ့ စာဖတ်တာလေးတောင် မလုပ်နိုင်ဘူး၊ တဖြိုက်ဖြိုက်ရွာချနေခဲ့တဲ့ မိုးက ချစ်စရာပေပဲ၊ ဒါပေမဲ့လည်း ကျွန်တော် မပျော်နိုင်ပါဘူး၊ တွေတွေငေးငေး သားကောင်တစ်ကောင်၊ ပြေးပေါက်မရှိဖြစ်နေတယ်။ ထင်သာမြင်သာလောက်တဲ့ ကိစ္စလည်း ဘာမှမရှိပြန်ဘူး၊ ဘာမှသာမဟုတ်တယ် အင်မတန် ငိုချပစ်လိုက်ချင်တယ်။ စကားပြောချင်တယ်၊ ကိစ္စမရှိဘူး ... ဘယ်သူပဲ ဖြစ်ပါစေ၊ ဘယ်သူ့ကိုမဆို။ ကျွန်တော့်ရဲ့ အရာရာတိမ်းညွတ် ယိမ်းယိုင်လွယ်နေတဲ့ အတွေးအမြင်တွေကို လှုပ်နှိုးလိုက်၊ ဝေငှလိုက်လုပ်နေရရင် ပြီးတာပါပဲ၊

တစ်ယောက်တည်းဖြစ်လွန်းလို့ပါ၊ ကျွန်တော့်အခန်းက နဂိုရှိနေကျထက် ပိုပြီး ဗလာကျင်းတယ်၊ ဗလာကျင်း အခန်းထဲမှာ ဗလာဟင်းလင်း လူတစ်ယောက် ကျွန်တော် ငြိမ်ဆိတ်နေတယ်၊ “ငါ ဘာလုပ်ရမှာတဲ့လဲ” ၊ ကျွန်တော် ဒူးညွှတ်ထိုင်ချလိုက်တယ်။ ဒါပေမဲ့လည်း ခြေထောက်တွေက သည်းခံနိုင်မှုစွမ်းအားတွေကင်းမဲ့လို့ သွေးဗလောင်ဆူနေကြတယ်။ ဒီတော့ ကျွန်တော် မတ်တပ်ထရပ်ရပြန်တယ်။ တခါထပ်ပြီး လမ်းလျှောက်ရတယ်၊ ကျောဘက်မှာ ပို့ထားတဲ့ ကျွန်တော့်ရဲ့ လက်တွေက အဖျားသွေးတွေ တရှိန်ရှိန်တက်နေသလိုပဲ၊ ကျွန်တော် ဖြည်းဖြည်းလေး လမ်းလျှောက်နေတယ်။ လက်တစ်ခုရဲ့အပူက တခြားလက်တစ်ဖက်ဆီကို ကူးတယ်၊ သူတို့တွေ အချင်းချင်းလောင်ကျွမ်းသွားမတတ် ပူလောင်နေကြတယ်။ ပြီးတော့ ချက်ချင်းပဲ တဆတ်ဆတ်တုန်လို့ အေးစက်ကုန်ကြပြန်တယ်။ အေးစက်စက်လေတွေအခန်းထဲ တိုးဝင်လာတာကြောင့်ဖြစ်ပါလိမ့်မယ်။ ဒီနှစ်ထဲပထမဆုံးအကြိမ်အဖြစ် မီးစာကို အရှိန်မြှင့်လိုက်ပါတယ်။ နောက်တစ်ခါ ထိုင်ပြန်တယ်၊ မီးတောက်တွေကို စူးစိုက်ပြီးကြည့်ခဲ့တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ငြိမ်ငြိမ်လေးနေလို့ မဖြစ်နိုင်တော့လောက်အောင် သွေးဆူလာပြန်တယ်။ တစ်ကြိမ်ထပ်ပြီး မတ်တပ်ရပ်တယ်၊ အပြင်ကို ထွက်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ကျွန်တော့်ကို ကျွန်တော် ပြန်ပြီးထိန်းကျောင်းနိုင်ဖို့၊ ကျွန်တော့်နဲ့ အဖော်အဖြစ်ရပ်တည်ပေးနိုင်မဲ့ သူငယ်ချင်းတစ်ယောက်ရှာဖို့ အပြင်ကိုထွက်ခဲ့တယ်။

တကယ်တမ်းတော့ တစ်ယောက်မှကို မတွေ့ခဲ့ဘူး၊ သစ်ပင်လေးတွေတစ်ဘက်တစ်ချက်ပေါက်နေတဲ့ လမ်းမထက် အသိအကျွမ်းတစ်ယောက်၊ ဒါမှမဟုတ်ရင်လည်း တစ်ဦးဦး မိတ်ဆွေ ဖွဲ့လို့ ရလိုရငြား ဟိုဟိုဒီဒီ လှည့်ပြီးရှာတယ်။ နေရာတိုင်းက စိတ်ပျက်စရာကောင်းလိုက်တာ... ၊ စိုစိစိ တမံသလင်းတွေက ညမီးရောင်တွေကြားမှာ ပြိုးပြိုးပြောင်ပြောင်လေးပဲ လက်နေကြတယ်။ အပူရှိန်ဖိနှိပ်ထားဆဲအချိန် ရွာချလိုက်တဲ့မိုးပြင်းပြင်းကြီးရဲ့မိုးစက်မိုးပေါက်တွေက လမ်းတွေပေါ်မှာ .. လမ်းမီးတိုင်တွေရဲ့အလင်းတောင် မပြတ်သားနိုင်ကြတော့ဘူး၊ ကျွန်တော် ခပ်ဖြည်းဖြည်း လမ်းလျှောက်သွားတယ်။ တိုးတိုးလေးရွတ်တယ် “၀ိညာဉ်တစ်ကောင်ကိုတော့ စကားပြောဖော်အဖြစ် မရှာသင့်ဘူး .. မရှာပါဘူး” .. လို့ ။

ကျွန်တော့်ရဲ့အကြည့်တွေကို ကော်ဖီဆိုင်တွေထဲလည်း ပို့တယ်။ မက်ဒလင်းနဲ ကနေ ဖော့ဘူးဝါးဂ်အထိ ဝေးနိုင်သမျှ ဝေးဝေးသွားပြီး ရှာတယ်။ ကော်ဖီဆိုင်တွေထဲ ထိုင်နေကြသူ တစ်ဦးချင်းစီမှာ ပျော်ရွှင်ချမ်းမြေ့ပုံမရကြဘူး။ သူတို့မှာထားတဲ့ အရာတွေ ရှင်းလင်းဖို့တောင် လုံလောက်တဲ့ စွမ်းအားရှိပုံမရဘူး။ လမ်းမထက် ရည်ရွယ်ချက်မဲ့ လှည့်လည်နေတာကိုက အချိန်အတော်ကြာခဲ့တယ်၊ ညလယ် စွန်းစွန်းမှာတော့ အိမ်ပြန်ဖို့ ခြေလှမ်းစလိုက်တော့တယ်။ ကျွန်တော် အင်မတန် ငြိမ်သက်အေးဆေးနေပါတယ်။ ပြီးတော့ အင်မတန် မောပမ်းနေခဲ့ပါပြီ ..

ကျွန်တော့်အိမ်ဝင်းတံခါးစောင့်က ချက်ချင်းကြီးပဲ တံခါးကိုဖွင့်ပေးတယ်။ ဒါ သူ့အတွက်တော့ ခါတိုင်းလိုမဟုတ်ဘူး။ ကျွန်တော်က  အမြဲပဲ သူတံခါးအဖွင့်ကို စောင့်ပေးရလေ့ရှိတယ်၊ တခြားအိမ်ငှားတစ်ယောက်ယောက် ကျွန်တော်မရောက်ခင်လေးတင် ၀င်သွားပုံရတယ် လို့ ကျွန်တော်တွေးတယ်။
ကျွန်တော်များ အပြင်သွားလို့ကတော့ ကျွန်တော့်အခန်းသော့ကို အမြဲနှစ်ထပ်ခတ်တယ်။ ဒါပေမဲ့ ကျွန်တော့် အခန်းတံခါးဒလက်က ခပ်စေ့စေ့ပိတ်ထားရုံလေးပဲ၊ ကျွန်တော် အံအားသင့်သွားတယ်။
“ဘယ်လိုပါလိမ့်” ..
ဟုတ်ပြီ ... စာပို့သမား ... ဒီညနေခင်းမှာ ကျွန်တော့်အတွက် စာတွေ ထားရစ်ခဲ့တာပဲဖြစ်ရမယ်။

ကျွန်တော် အိမ်ခန်းထဲကို ၀င်ပါတယ်။ မီးစာလောင်ကျွမ်းနေဆဲဆိုတော့ မီးအလင်းရောင်ကျိုးတိုကျဲတဲက အခန်းလေးထဲ ဟို ဒီ ဖြာကျနေတယ်။ ဖယောင်းတိုင်တစ်တိုင်ထွန်းညှိပြီး ကြည့်တဲ့အခါ ... ကျွန်တော့်ရဲ့ လက်တင်ကုလားထိုင်ကြီးပေါ်မှာ လူတစ်ယောက်ထိုင်နေတာ သတိပြုမိလိုက်ပြီ၊ အဲဒီလူက ကျွန်တော်လာရာဘက်ဆီ ကျောပေးလျက်ကြီး ထိုင်လို့ ... သူ့ရဲ့ခြေအစုံကို မီးလင်းဖိုဆီပို့ထားလိုက်သေးတယ်။ ကျွန်တော့်ရဲ့အကြောက်တရားဒီဂရီက အနိမ့်ဆုံးအဆင့်မှာ၊ သာမန်ကာလျှံကာလေးပဲ တွေးနေဆဲပဲ၊ အဲဒီအချိန်ထိ ... ကျွန်တော့်ကို တွေ့ချင်တဲ့ သူငယ်ချင်းတစ်ယောက် စောင့်နေတယ်။ ဒါမှမဟုတ်.. စာပို့သမားလို့ပဲ သံသယမရှိတွေးနေတုန်းပဲ၊ ကျွန်တော် အပြင်သွားနေတဲ့အချိန်တွေ အဆင်ပြေအောင် သူ့အတွက် ကိုယ်ပိုင်သော့ပေးငှားထားတယ်။ ပြီးတော့ .. တခဏလေးအတွင်း ကျွန်တော် အိမ်ပြန်လာတဲ့အချိန်ကစလို့ အခြေအနေအားလုံးပြန်သတိရလာတယ်။ .. လမ်းမအ၀င်ဘက်တံခါး ဘာကြောင့် ချက်ချင်းပွင့်ခဲ့တာလဲ ... အခန်းတံခါး ဒလက် ချထားရုံ .. သော့ က ခတ်မထား၊၊ တစ်ခုခုတော့ မှားကုန်ကြပြီ။

ကျွန်တော့်သူငယ်ချင်းကို ... သူ့ရဲ့ခေါင်းလေးကလွဲလို့ ဘာမှ မမြင်ရဘူး၊ ဦးခေါင်းအနေအထားက ကျွန်တော့်ကိုစောင့်ရင်း အိပ်မောကျသွားသလို ဘေးကိုခပ်စောင်းစောင်း၊ ကျွန်တော် သူ့ကို လှုပ်နှိုးဖို့ ပြင်တယ်။ အနားရောက်လာတော့ နည်းနည်းပိုထင်ရှားလာတယ်။ သူ့ကိုမြင်တွေ့လာရပြီ၊ သူ့ရဲ့ ညာလက်မောင်းကြီးက ဘေးမှာ တွဲရရွဲကြီးကျလို့၊ ခြေထောက်တွေကိုလည်း ကြက်ခြေခတ်လိမ်ယှက်ထားလိုက်သေးတယ်။ ဦးခေါင်းက လက်တင်ကုလားထိုင်ရဲ့ ဘယ်ဘက်မှာ တော်တော်စောင်းကျနေတဲ့ပုံစံ .. သူ အိပ်မောကျနေတာကို သိသာစေတယ်။ တစ်ကိုယ်တည်း ကျွန်တော်မေးလိုက်တယ်။ “အဲဒါကြီးက ဘယ်သူများဖြစ်နိုင်သလဲ” လို့၊ သူ့ကို တိတိကျကျတော့ မမြင်နိုင်သေးဘူး၊ အခန်းထဲမှာ အမှောင်ဓါတ်က ပိုလာသလိုလို၊ ဒါကြောင့်ပဲ ကျွန်တော့်ရဲ့လက်အစုံကို သူ့ရဲ့လက်မောင်ဆီ ဆန့်တန်းရင်း တရွေ့ရွေ့ရှေ့တိုး .. ရှေ့ဆက်တိုး .. ရှေ့ကိုပိုပြီးနည်းနည်းထပ်တိုး .. ဆတ်ကနဲ တို့ထိလိုက်တယ်။

ဟော ... ကျွန်တော် ဘာကိုမှ မထိမကိုင်မိဘူး၊ လက်တင်ကုလားထိုင်ကြီးရဲ့ ချောချောမွေ့မွေ့ကျောဘက်ဆီသာ ကျွန်တော်ရဲ့လက်တွေ တို့ထိမိတယ်။ အဲဒီမှာ ဘယ်သူမှ ရှိမနေဘူး၊ အဲဒီနေရာကြီးက ဗလာဟင်းလင်းကြီး၊ ကျွန်တော့်ဆီကို ကြောက်ရွံ့ထိတ်လန့်မှုတွေ အရှိန်အဟုန်ပြင်းပြင်း ၀င်ဆောင့်ပါတော့တယ်။ အဲဒီတော့မှပဲ ကြောက်လန့်ရကောင်းမှန်း ကျွန်တော်သတိရလိုက်တော့တာ။

ဒါပေမဲ့ ကျွန်တော်က သွေးအေးသူပါ၊ အချိန်သိပ်မကြာလိုက်ပါဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ပြီးနလံထူအောင် ထိန်းချုပ်လိုက်နိုင်တယ်။ ကျွန်တော် တွေးတယ်။ ဒါ ..စိတ်ခြောက်ခြားတာ၊ မရှိကို အရှိထင်၊ ဒီလောက်ပါပဲ၊ ဒီထူးခြားလှတဲ့အဖြစ်အပျက်ကြောင့် ကျွန်တော့်အတွေးတွေ ခပ်မြန်မြန်ကြီး လှုပ်ရှားပျံသန်းကုန်ကြတယ်။

မရှိတရှိမြင်လိုက်ရတဲ့ ပုံစံကြီးကို ကျွန်တော် စောဒကတက်မနေတော့ဘူး၊ သည်းညည်းခံနေလိုက်ပါတယ်။ ကျွန်တော့်စိတ်ထဲမှာလည်း ကြည်ကြည်လင်လင်ပါပဲ၊ အားလုံးကပုံမှန်ပဲ၊ ကျွန်တော့်ဦးနှောက်ထဲလည်း ဘာမှရှုပ်ရှုပ်ယှက်ယှက် မရှိဘူး၊ ပုံမှန်တွေးတယ်။ ပုံမှန်အလုပ်လုပ်နေတယ်။ တစ်ခုပဲပေါ့ဗျာ .. မရှိတရှိအမြင်ကြီးကြောင့် ဆန်းကြယ်တဲ့ကိစ္စရပ်တွေနဲ့ ၀ိညာဉ်လောကကို ပိုပြီး ယုံကြည့်ရတော့မလို ဖြစ်နေပြီ၊ မျက်လုံးထဲမှာ မြင်ရတာတွေများလွန်းလို့ ပြည့်သိပ်ကျပ်ညပ်ပြီး ထူးခြားတဲ့ အမြင်အာရုံရလာတာများလားပဲ... ဒါလည်းမဟုတ်ဘူး မပြောနိုင်ဘူး၊

ကျွန်တော့်ရဲ့ဖယောင်းတိုင်ကို မီးညှိတယ်၊ မီးညှိနေစဉ် ကျွန်တော့်ခန္ဓာကိုယ်က ခပ်ကိုင်းကိုင်းညွှတ်ထားချိန် ... ကျွန်တော် တုန်တုန်ရီရီကြီးဖြစ်လာပြန်ပြီ၊ ကျွန်တော့်ပုခုံးကိုအနောက်ကနေ တစ်ချက် ဆက်ကနဲ ပုတ်လိုက်သလို...
အမလေး ... ကျွန်တော် ထခုန်လိုက်တယ်။ လုပ်ပြန်ပြီတစ်ခါ၊
ဒီတစ်ခါတော့ ကျွန်တော့်ကိုကျွန်တော် သွေးအေးသွားအောင် ထိန်းချုပ်နိုင်ဖို့ မသေချာတော့ဘူး။
ကျွန်တော် လမ်းနည်းနည်းလျှောက်ပြန်တယ်။ ဟန်ကိုယ့်ဖို့ သီချင်းတစီစီ ညည်းတယ်၊ တစ်ပုဒ် လား နှစ်ပုဒ်လားပဲ၊ ပြီးတော့ တံခါးသော့နှစ်ခု ခတ်တယ်။ သံသယကင်းပျောက်သလောက်ဖြစ်သွားပြီ၊ ကဲ အခု .. ဘယ်လိုနှုန်းမျိုးနဲ့မှ... ဘယ်သူမှ ၀င်မလာနိုင်တော့ဘူး။

ကျွန်တော် တခါထိုင်ချလိုက်ပြန်တယ်။ ကျွန်တော့်ရဲ့ စွန့်စားခန်းတွေကို အချိန်တော်တော်ကြာ ပြန်ပြီးတွေးခဲ့ပါတယ်။ ပြီးတော့ အိပ်ယာထဲဝင်တယ်။ ဖယောင်းတိုင်းမီးကို ဟူးကနဲ မြန်မြန်မှုတ်ပြီး ငြှိမ်းလိုက်တယ်၊ ငြိမ်ငြိမ်လေး ပက်လက်လှန်လျက် လဲလျောင်းနေခဲ့ပါတယ်၊ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ မရှိတရှိအမြင်၊ မထိတထိ အတွေ့တွေကြောင့် အခန်းပတ်လည် လိုက်ကြည့် ... ကျွန်တော့်အနီးအနားကိုလည်းကြည့်။ ကြည့်ရသေးတယ်။ ဟိုမှာ ... မီးလင်းဖို မီးငြိမ်းတော့မယ်၊ အနည်းအကျဉ်းကျွင်းကျန်ရစ်နေသေးတဲ့ မီးကျီးခဲလေးတွေရဲ့ဖျော့တော့တော့အလင်းက လက်တင်ကုလားထိုင်ကြီးကိုကျော်လွှားပြီး ကြမ်းပြင်မှာ ခပ်ဖွားဖွားလွင့်စင်ကျနေတယ်၊
“ဟ .. ဟိုလူ” ..
အဲဒီလူ ထိုင်ခုံမှာထိုင်နေတာကျွန်တော် တစ်ခါ ထပ်တွေ့ပြန်ပြီ။

ကျွန်တော် အဲဒီလူဆီ မြန်မြန်လေးပဲ ပြေးပြီး ဖမ်းချုပ်ဖို့ ကြိုးစားလိုက်တယ်။ ကျွန်တော် အမှားတစ်ခု ထပ် လုပ်မိပြန်ပါပြီ၊ ဘာဆိုဘာမှ ရှိမနေဘူး၊ လက်တင်ကုလားထိုင်ကြီးကို ကျွန်တော့်ကုတင်ကနေ မမြင်ရတဲ့နေရာမှာ ဖွက်ထားလိုက်တယ်။ အခုဆို အခန်းက မှောင်အတိကျနေပြီ၊ အိပ်ပျော်အောင် ကြိုးစားပါတယ်။ ငါးမိနစ်မက ကျွန်တော်ကိုယ့်ဘာသာ မေ့လျောနေတဲ့အထိ .. အလန့်လန့်အဖြတ်ဖြတ်၊ အိပ်မက်ထဲမှာလည်း ကျွန်တော်တွေ့ခဲ့ရတဲ့ အဲဒီလူကို အဲဒီအတိုင်းပဲ ပြကွက်တစ်ကွက်စီ ရှင်းရှင်းကြီး မြင်တွေ့နေခဲ့ရတယ်။ ကျွန်တော် အိပ်ရာက လန့်နိုးလာပြန်တယ်။ ဖယောင်းတိုင်မီးရောင်က ခပ်နွဲ့နွဲ့လှုပ်ယမ်းလို့ နေတယ်။ အိပ်ယာပေါ်မှာ ထထိုင်လိုက်တယ်။ ဘာကိုမှ မစူးစမ်းတော့ပါဘူး၊ ပြန်အိပ်ဖို့တောင် မကြိုးစားနိုင်တော့ဘူး။

နှစ်ကြိမ်တောင် သူ့ကိုမြင်တာ ... အိပ်မောကျသွားပြီးတဲ့နောက် ကျွန်တော် တခဏတော့ ကိုယ့်ဘာသာ မေ့လျော့သွားခဲ့ပါတယ်၊ နောက်ထပ်နှစ်ကြိမ် သူ့ကိုထပ်မြင်ခဲ့သေးတယ်။ အဲဒီ အရိပ်အယောင်တွေနဲ့ ကျွန်တော် ရူးမတတ်ပဲ၊ အဲဒီ့တစ်ညကျော်လွန်ပြီးတဲ့နောက် မွန်းလွဲပိုင်းအထိ ငြိမ်းငြိမ်းချမ်းချမ်း အိပ်မောကျသွားခဲ့ပါတယ်။ အဖြစ်အပျက်အားလုံး ကျန်ရစ်ခဲ့ပါပြီ၊ ကျော်လွန်ခဲ့ပြီ၊ ကျွန်တော်ကတော့ ဖျားနေပြီ၊ အိပ်မက်ဆိုးတွေလဲ မက်နေခဲ့ပြီ၊ ကျွန်တော် ရူးနေပြီလို့လဲ တွေးနေမိခဲ့တယ်။ ညနေဆို တစ်ညနေခင်းလုံးပဲ ကျွန်တော် ပျော်ရွှင်ခဲ့တယ်။ စားသောက်ဆိုင်မှာစားတယ်၊ ပြီးတော့ ကဇာတ်ရုံကို သွားတယ်။ ပြီးတော့ အိပ်ပြန်ဖို့ ခြေလှမ်းစရတယ်။ အိမ်အနီးကိုရောက်ပြီဆိုတာနဲ့ မအီမသာခံစားမှုကြီးက စလာပြီ၊ ကျွန်တော် အဲဒီလူကို တစ်ခါထပ်မြင်ရမှာ ကြောက်ပြန်ပြီ၊ မရှိတရှိအမြင်ကြီးနဲ့ ကျွန်တော်ကိုခြောက်လှန့်ဦးမှာ ကျွန်တော်ကြောက်နေခဲ့ပါပြီ။

တစ်နာရီကျော်ကြာ လမ်းမထက် တမံသလင်းမှ ဟိုဒီလျှောက်နေမိတယ်။ ငါတော့ တော်တော်ကြီးကို ရူးသွပ်နေပါပြီ .. လို့လဲ တွေးနေခဲ့တယ်၊ နောက်တော့လည်း ...
ဘယ်လောက်ပဲ အချိန်ဆွဲ ရှောင်တိမ်းနေလည်း အိမ်ကိုတော့ ပြန်ခဲ့ရတာပါပဲ၊

အသက်ကို ခပ်ပြင်းပြင်းရှုသွင်းပြီး၊ အိမ်ပေါ်ထပ်ကို ခက်ခက်ခဲခဲတက်ခဲ့တယ်။ အခန်းတံခါးရှေ့မှာလည်းပဲ ၁၀မိနစ်လောက် ကြာအောင် မတ်တပ်ရပ်နေခဲ့သေးတယ်။ ပြီးတော့ အာရုံကိုနိုးကြားနေအောင်လုပ် ... သတိကြီးကြီထားပြီး သော့ကိုဖွင့်ပါတယ်။ ဖယောင်းတိုင်လေးလက်ထဲမှာကိုင်ပြီး ကျွန်တော့်ရဲ့အိမ်ခန်းထဲကို ခြေလှမ်းစတယ်၊ တစ်ဝက်တစ်ပျက် ပွင့်နေတဲ့ ကျွန်တော့်အိပ်ခန်းတံခါးကို ခြေနဲ့ကန်ပြီး ပွင့်စေတယ်၊ မီးလင်းဖိုတည့်တည့်ကို ကြောက်ကြောက်လန့်လန့်ကြည့်လိုက်တယ်။

ဟား .. အဲဒီနေရာမှာ ဘာမှရှိမနေပါဘူး၊ ဒီလို လွတ်မြောက်မှုမျိုးက ဘယ်လောက်ဝမ်းမြောက်ဖို့ကောင်းလိုက်သလဲ ... ကျွန်တော် .. အကြောက်အလန့်ကင်းကင်း အလွန်ဖြတ်လတ် သွက်လက်စွာလျှောက်ပါတယ်။ သံသယအားလုံး ကင်းစင်သွားတာတော့ မဟုတ်သေးဘူး၊ အခန်းတစ်ဝိုက်ကိုတော့ ခပ်သွက်သွက်လေး လှည့်ပတ်ကြည့်တယ်။ အခန်းထောင့် မှောင်နဲ့မည်းမည်းအရိပ်ကြီးတွေက ကျွန်တော့်စိတ်တွေကို မငြိမ်မသက်ဖြစ်အောင် ခြောက်လန့်ကြပြန်တယ်။

ကျွန်တော်ခက်ခက်ခဲခဲ ကြိုးစားပြီးအိပ်ရတယ်။ အဲဒီလူကိုတော့ မတွေ့ဘူး၊ ဒါပေမဲ့ဗျာ၊ အသံတွေကတော့ အဆက်မပြတ်ကြားနေရတယ်။ တတောက်တောက် တဂျောက်ဂျောက်နဲ့၊ သူ့ခြောက်လှန့်မှု အဲဒါ အကုန်ပါပဲ၊ ကျွန်တော်ကတော့ အဲဒီအချိန်ကတည်းက တစ်ယောက်တည်းနေရမှာကို ကြောက်လန့်ခဲ့တာဗျ၊ တစ္ဆေကောင်ရှိနေတာ ကျွန်တော် ခံစားလို့ရနေတယ်၊ ကျွန်တော်နဲ့ နီးနီးလေးမှာပဲရှိနေတယ်၊ ကျွန်တော်သွားနေကျ ပတ်လည်မှာ တောက်လျှောက်လိုက်နေတယ်။ ဒါပေမဲ့ ထပ်ပြီးတော့ ပေါ်ထွက်မလာတော့ဘူး၊ ကျွန်တော် အိမ်ပြန်လာတဲ့တစ်ညက .. တွဲရရွဲကျနေတဲ့ညာလက်မောင်းကြီး၊ ဘယ်ဘက် ခပ်စောင်းစောင်းကျနေတဲ့ဦးခေါင်း ... ကျွန်တော် မတွေးချင်ဘူး၊ ဒါပေမဲ့ ကျွန်တော် တွေးနေမိတုန်းပဲ၊ မီးလင်းဖိုအနီး ပို့ထားတဲ့ ခြေထောက်တစ်စုံ၊ ကျွန်တော့်ကိုခြောက်လှန့်တဲ့ တစ္ဆေကောင်၊ အင်မတန် ဆိုးဝါးလှတယ်၊ တစ္ဆေကောင်ဘယ်သူလဲ ... သူက ဘာလဲ ... သူ့ကြောင့် ကျွန်တော့်ကျောရိုးတွေ လှုပ်ရှားမရလောက်အောင် ကြောက်လန့်ခဲ့ရတာအကြိမ်ကြိမ်၊ တစ္ဆေကောင်က တစ္ဆေပုံ ကို နောက်တစ်ကြိမ်ထပ်ပြီးပြတော့မှာ မဟုတ်ဘူး၊ သူ့ ကိုမမြင်ရအောင် ပုန်းကွယ်နေတယ်။ ဒါပေမဲ့ သူ့ရဲ့အငွေ့အသက်တွေကိုတော့ အဲဒီတစ္ဆေကောင် မကာကွယ်နိုင်ဘူး၊ အဲဒီတစ္ဆေကောင် တံခါးနောက်မှာ ရှိတယ်။ အနီးအနားက ဗီရိုထဲမှာရှိတယ်။ အ၀တ်ဘီရိုကြီးထဲကိုလည်း သွားတယ်။ အိပ်ယာအောက်ထဲလည်း ကပ်ကပ်ရပ်ရပ်လာတယ်။ မှောင်မည်းမည်း ထောင့်တိုင်းကလည်း တစ္ဆေကောင်ရဲ့အကြိုက်တွေချည်းပဲ၊

ကျွန်တော် ... အခန်းတံခါးကိုဖွင့်လိုက်ရင် ...
ဘီရိုတံခါးကိုဖွင့်လိုက်ရင် ...
အိပ်ယာအောက်ထဲ ဖယောင်းတိုင်မီးနဲ့ သူ့ကိုရှာရင် ...
မှောင်မည်းမည်းထောင့်တွေကို မီးအလင်းနဲ့လှမ်းပစ်လိုက်ရင် ... သူ လှစ်ကနဲ ပြေးတယ်၊
ပြီးရင် ကျွန်တော်သိနိုင်တယ်၊ ကျွန်တော့် နောက်ဘက်ကို ရောက်လာပြန်ပြီ၊ ကျွန်တော် ဆတ်ကနဲလှည့်လိုက်ရင်လည်း သူ ပြေးဦးမှာပဲ၊ သေချာတယ်။ သူ့ကို ကျွန်တော် မြင်ရတော့မှာ မဟုတ်ဘူး၊ နောက်တစ်ကြိမ် ဘယ်တော့မှ မမြင်ရတော့ဘူး။
ဒါပေမဲ့ တစ္ဆေကောင် .. သူ .. ကျွန်တော့် နောက်မှာ အမြဲရှိနေတယ်။

အင်မတန်ဆိုးဝါးပါတယ်။ တော်တော်လည်း ကြောက်လန့်စရာကောင်းတယ်။
ဒါပေမဲ့ ကျွန်တော် ဘာလုပ်နိုင်မှာတဲ့လဲ၊
ကျွန်တော့်ကိုကျွန်တော် မကူညီနိုင်ဘူး။
ဒါပေမဲ့ ဒီနေရာမှာသာ နှစ်ယောက်ရှိနေမယ်ဆိုရင် ကျွန်တော်သိတယ်။
တစ္ဆေကောင်... သူ ... ကြာကြာနေမှာမဟုတ်ဘူး။ သူ ကျွန်တော့်ကိုကလူကျီစယ်ပြုနေမှာမဟုတ်ဘူး။

သူ ဒီမှာရှိနေတာ ..
ဘာကြောင့်လဲဆိုတော့ ကျွန်တော်က တစ်ယောက်တည်းဖြစ်နေတာကြောင့်ပဲ။
ဘာကြောင့်လဲဆိုတော့ ... ကျွန်တော်တစ်ယောက်တည်း ကြောက်နေတာကြောင့်ပဲ။
တကယ်ဆို ....သူရှိနေတာဟာ
ကျွန်တော် တစ်ယောက်တည်း ကြောက်တတ်လွန်းလို့နေမှာပဲ ။      ။
------------------------------------------------------------------------------

ဂိုင်းဒဲ့မာ့ပါးဆန့်ထ် (Guy de Maupassant) ဟာ ၁၉ရာစုက ထင်ရှားကျော်ကြားခဲ့တဲ့ ပြင်သစ်စာရေးဆရာကြီးပါ၊ ၁၈၅၀ သြဂုတ် ၅ရက်နေ့ မှာ မွေးဖွားခဲ့ပြီး ၁၈၉၃ ဇူလိုင် ၆ရက် အသက် ၄၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်၊ မော်ဒန်ဝတ္ထုတိုဖခင်ကြီးတွေထဲက တစ်ယောက်လို့နာမည်ကျော်ခဲ့တယ်၊
လီယိုတော်စတွိုင်းရဲ့ “ဂိုင်းဒဲ့မာ့ပါးဆန့်ထ်ရဲ့အလုပ်များ” ဆိုတဲ့ အက်ဆေးတစ်ပုဒ်မှာ မာ့ပါးဆန့်ထ်၏ စာရေးခြင်းအနုပညာကို ဝေဘန်ရေးသားထားတဲ့အက်ဆေးဟာလည်း ထင်ရှားခဲ့ပါတယ်၊ “မာ့ပါးဆန့်ထ်ဟာ မွေးရာပါလက်ဆောင်လို့ပြောရမယ့် ဗီဇစွမ်းရည်ပါလာတယ်၊ အဲဒီလက်ဆောင်ကြောင့် အရာဝတ္ထုတွေ မှာရှိတဲ့ တခြားလူတွေမမြင်နိုင်တဲ့အရာတွေကိုသူက ထဲထဲဝင်ဝင်မြင်တယ်၊ ဒါပေမဲ့ ကျွန်တော်ဖတ်ခဲ့တဲ့ ၀တ္ထုတိုလေးတွေကို ပြောရမယ်ဆိုရင်တော့ လိုအပ်တဲ့အဓိကအကြောင်းအရာဖွဲ့စည်းမှုမှာ ဟာနေတယ်၊ တခြားတစ်ဘက်မှာ စစ်မှန်တဲ့အနုပညာမြောက်စာပေအရေးအသားကို ဖန်တီးနိုင်တဲ့ဗီဇစွမ်းရည်ရှိနေတယ်” ရှင်းလင်းတဲ့ မော်ဒန်အဖွဲ့အနွဲ့မျိုးမှာ အားသာတယ်လို့ အစချီပြီး မာ့ပါးဆန့်ထ်ရဲ့ ၀တ္ထုတိုတွေကို တစ်ပုဒ်စီဝေဘန်ခဲ့တဲ့ “ဂိုင်းဒဲ့မာ့ပါးဆန့်ထ်ရဲ့အလုပ်များ” ကြောင့် မာ့ပါးဆန့်ထ် ပိုပြီးလူသိများခဲ့ပါတယ်။

“The Terror” by Guy de Maupassant

ဝတ္ထုများ

Une vie – LIFE (1883) -
Bel-Ami (1885)
Mont-Oriol (1887)
Pierre et Jean - Pierre and Jean (1888)
Fort comme la mort - Strong as death (1889)
Notre Cœur - Our Heart (1890)

လက်ရွေးစင်ဝတ္ထုတိုများ

Les Soirées de Médan (with Zola, Huysmans et al. Contains Boule de Suif" by Maupassant) (1880)
La Maison Tellier (1881)
Mademoiselle Fifi (1882)
Contes de la bécasse - Tales of the Woodcock (1883)
Miss Harriet (1884)
Les Sœurs Rondoli - Sisters Rondoli (1884)
Clair de lune - Moonlight (1884) (contains "Les Bijoux")
Yvette (1884)
Toine (1885)
Contes du jour et de la nuit - Tales of day and night (1885) (contains "La Parure" or "The Necklace")
Monsieur Parent (1886)
La Petite Roque (1886)
Le Horla (1887)
Le Rosier de Madame Husson (1888)
La Main gauche - Left Hand (1889)
L'Inutile Beauté - The Useless Beauty (1890)

ခရီးသွားဆောင်းပါး

Au soleil – The Sun(1884)
Sur l'eau – On The Water(1888)
La Vie errante – The Wandering Life(1890)

ကဗျာ
Des vers – Worms (1880)

7 comments:

ဆူးသစ် said...

သူက စိတ်ချောက်ချားနေတာထင်တယ်နော်။ ကျွန်တော်သူ့နေရာကနေ ၀င်ပြီးခံစားဖတ်သွားပါတယ်။ ကျွန်တော်ကတော့ ၀တ္ထုတိုဆိုတာထက် အက်ဆေးဘက်ပိုနွယ်တယ်လို့တောင်ထင်မိပါတယ်မဖြိုး။ ကောင်းပါတယ်။ အရင်က အဟောင်းပေမယ့် မဖတ်ရသေးတော့လည်း အသစ်ပေါ့ဗျာ။ စာတွေမျှဝေပေးတာကျေးဇူးပါ။

ချယ်ရီမြေ said...

မဖတ်ရသေးတော့ အသစ်ပါပဲမဖြိုးရေ..။ အကြောက်လွန်တဲ့ဇာတ်ကောင်အကြောင်းဖတ်ပြီး အားပေးသွားပါတယ်...။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

ဘိုမဲ(အပုန်းမကြီး)မလေးရှား said...

စိတ်အားမငယ်ပါနဲ့ရှင်

ခင်ခင်မင်မင်
ဘိုမဲ(အပုန်းမ)မလေးရှား

လွင်ပြင်လှိုင်းငယ် said...

သစ်သစ်လေးဖတ်သွားပါတယ်(မဖတ်ရသေးတော့ အသစ်ပေါ့)
အားပေးလျက်

ပန်းချီ said...

A Ma Phyo Phyo, I love this post a lot bcos of the smoothness of your translation. Thank you for this post Ma. It's very new to me as has yet to read before. It simply shows that fear is the darkroom where negatives develop.
I really am sorry for commenting in my lousy English because I'm reading it via mobile :)

Love,

အလင်းသစ် said...

မဖတ်ဖူးသေးတော့ အသစ်ပေါ့...
အားပေးသွားပါတယ် မဖြိုးရေ..။။။ :)

သီရိ said...

ဲဖြိုးဖြိုး
ဝတ္ထုအရေးကောင်းသလို အက်ဆေးလဲ အရေးကောင်းပါတယ်။
ဒီဝတ္ထုလေးက အက်ဆေးဘက် နွယ်မယ်ထင်ပါရဲ့။


သီရိ