Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, January 31, 2008

ခြောက်ရက် ငါးညတာအိမ်ထဲမှာ

စွန့်စားခန်းတွေအကြောင်း သဘောကျတတ်တဲ့ကျွန်မအတွက် စွန့်စားခန်းတစ်ခု ရင်ဆိုင်ရဖို့ ကြုံလာတယ်။ ဟုတ်တယ်... အဲဒီစွန့်စားခန်းက သူများတွေအတွက် ရယ်မောစရာဖြစ်နိုင်ပေမဲ့ ကျွန်မအတွက်တော့ ကြီးကြီးမားမားကြီးကို ဖြစ်ခဲ့တာပေါ့... တစ်နေရာရာမှာ စွန့်စွန့်စားစား ခရီးရှည်သွားရတာ မဟုတ်ပါပဲနဲ့ အိမ်မှာပဲ ၅ ည အိပ် ၆ရက်စာ ခရီး တစ်ယောက်တည်းနေခဲ့ရတယ်..
မေမေက ပျဉ်းမနားမှာ တစ်ယောက်တည်းနေနေရတဲ့ ဖေဖေ့ဆီကို ခရီးနှင်လို့၊ အမကတော့ Judson Church မှာ သမ္မာကျန်းစာသင်တန်းတက်ဖို့ ...
အသီးသီးသွားကုန်ကြပြီ... သူငယ်ချင်းတစ်ယောက်က အရင်က နှစ်ညအိပ်လာအိပ်ပေးခဲ့ဖူးပေမဲ့ တနင်္လာနေ့မနက် ကျွန်မအိမ်ကနေရုံးဆီ သုတ်ခြေတင်ကြတဲ့အခါ .. အမြဲနောက်ကျတတ်တဲ့ ကျွန်မကြောင့် သူငယ်ချင်းပါ ရုံးမှာ အ၀ါကတ်ထိသွားတော့တယ်..
(၉နာရီကျော်တာနဲ့ လတ်မှတ်ထိုးရတဲ့ကတ်က အ၀ါရောင်ပြောင်းပြီးချတယ်။ ၁၅မိနစ်ကျော်ရင်တော့ အနီရောင်ပေါ့ .. အဲ့လို)
ကျွန်မရဲ့ ၁၀မိနစ်မြန်ထားတဲ့နာရီကလဲ မကယ်နိုင်ပါဘူး။ ဒီတော့ ကျွန်မဆုံးဖြတ်လိုက်တယ်... တစ်ယောက်တည်းပဲနေကြည့်လိုက်မယ်ပေါ့... တွေးရင်းနဲ့တောင် ခပ်လန့်လန့်ပါပဲ...

ပထမည

အဲဒီနေ့က အိမ်ပြန်ခါနီး အချိန်ရောက်လာတဲ့အခါ လူကထိတ်ထိတ်ပျာပျာဖြစ်လာပြီ။
ခါတိုင်းလဲ ရုံးပြန်နောက်ကျတတ်ပေမဲ့ အဲဒီနေ့ကတော့ ခါတိုင်းထက်နောက်ကျပြီးမှပြန်မယ်ပေါ့။
အလုပ်တွေ မရှုပ် ရှုပ်အောင်လုပ်နေလိုက်တယ်။
အလုပ်လုပ်ရတာမျက်စိတွေကျိန်းပြီး စိတ်မပါတော့ပေမဲ့ နာရီကိုတကြည့်ကြည့် ... ကျွန်မတို့ dept. က brother တွေတောင် ပြန်ကုန်ကြပြီ။
တစ်ယောက် ... နှစ်ယောက် ... သုံးယောက် ... မန်နေဂျာပဲရှိတော့တယ်။
နာရီကိုကြည့်ပြန်တယ်။ ဟုတ်တယ်... ရှောင်လွှဲလို့မှမရတာ ပြန်ရတော့မယ်။ ညရှစ်နာရီထိုးနေပြီ။
စင်ကာပူက သူငယ်ချင်းတစ်ယောက်က gtalk မှာ လာပြောတယ်။
"မပြန်သေးဘူးလား"တဲ့ ... အစကတည်းက ငိုချင်ချင်ဖြစ်နေတာ... ဟုတ်တယ် .. ဒီလို.. ဒီလို သူငယ်ချင်းကိုပြောပြ .. “နောက်ကျမှပြန်ရင် ပိုကြောက်ဖို့ကောင်းမှာပေါ့”တဲ့ သူငယ်ချင်းက.. “သရဲရှိုလို့လား” တဲ့..
“ဟာ ... မရှိပါဘူး” ဆိုပြီး ရယ်ကျဲကျဲပြောင်ပြလိုက်ရတာပေါ့။ gtalk မှာ ဒီလို ...“:D,:P” ...
စကားကောင်းကောင်းမွန်မွန်လာပြောတဲ့ brother တစ်ယောက်ကိုလည်း ဘုတောလွှတ်လိုက်တယ်။ ကိုယ့်ဘာသာမတတ်နိုင်တဲ့ကိစ္စအတွက် သူများကိုစိတ်ဆိုးမိတဲ့ကျွန်မကြောင့် အဲဒီ brother က ဓါးစာခံဖြစ်သွားရရှာတယ်။

ဒီလိုနဲ့ပဲ နှေးနှေးကွေးကွေးခြေလှမ်းနဲ့ အိမ်နားရောက်လာပြီ။ ထုံးစံအတိုင်းပါပဲ... ဟိုဟိုဒီဒီတိုက်ခန်းတွေက မှောင်မှောင်မဲမဲနဲ့ပဲ။ အိမ်ရှေ့ရောက်တော့ ကျွန်မတိုက်ခန်းဆီမော့ကြည့်မိတယ်။
တစ်... နှစ်... သုံး... လေး... လေးထပ် ပိန်းပိတ်အောင်မှောင်နေတဲ့အခန်းပေါ့... ကျွန်မပြန်လာရင် ၀ရံတာမှာ စောင့်ကြည့်နေတဲ့မေမေ့ကို ခါတိုင်း အရမ်းသတိမထားမိပေမဲ့ ခုချိန်မှာတော့ ... မရှိတဲ့မေမေ့ပုံစံကိုပုံဖော်ရင်း မျက်ရည်က၀ဲကနဲဖြစ်ရပြန်ပြီ။ ကျွန်မအဲ့လို အငိုလွယ်တတ်တာကို မကြိုက်လို့ လေ့ကျင့်နေပါရက်နဲ့။ မငိုစမ်းနဲ့ ။ လုပ်စရာရှိတာလုပ်ပါ။ လုပ်ရမှာက ပထမဆုံး လှေကားကိုတစ်လှမ်းချင်းတက် .. ဟုတ် ... မီးလာရင်တောင် လှေကားမီးဖွင့်ထားဖို့ ပျက်ကွက်တတ်တဲ့ ကပ်စေးနဲအခန်းဖော်တွေကြောင့် ကျွန်မတို့လှေကားက မှောင်ထဲမှာပဲ ခပ်ကုပ်ကုပ်နေခဲ့ရတာလဲကြာပြီပေါ့။
မေမေသာရှိရင် လှေကားမီးအမြဲဖွင့်ထားတတ်တယ်။ မီးပျက်တဲ့နေ့တွေမှာ လှေကားမှာဖယောင်းတိုင်ထွန်းထားတတ်တယ်။ ကျွန်မလာပြီဆိုရင် လှေကားတစ်ဆစ်ချိုးလောက်ထိဆင်းလာပြီး ကျွန်မလက်ထဲက အထုတ်တွေပါလာရင် ဆင်းဆင်းယူတတ်ပြန်တယ်။ ပြောမရလို့ ကျွန်မနောက်တော့မပြောတော့ပါဘူး။

မေမေသာဆိုရင် ... မေမေရှိရင်ဆိုတဲ့ ဒီအတွေးပဲ ၀င်ဝင်နေတော့တာပဲ။ ခုမေမေ မရှိဘူးလေ။
လှေကားထစ်တွေတက် ...တစ်ထစ် နှစ်ထစ် သုံးထစ် စမ်းပြီးတက်ရင်း အမနဲ့အတူတူပြန်တဲ့နေ့က သူပြောခဲ့ဖူးတာ သတိရလိုက်တယ်။ သူကလှေကားထစ်တွေကို လှေကားထစ်တွေရေတွက်ပြီး ရှေ့ကတက်သွားတယ်။ ကျွန်မတော့ အဲ့လိုတစ်ခါမှ မရေတွက်မိပါဘူးလို့ပြန်ပြောမိပေမဲ့ အမလိုပဲရေတွက်ပြီး လှေကားထစ်တွေတက်လာလိုက်တာ တစ်... နှစ်... သုံး....... ကိုး ဟုတ်သားပဲ လို့ စိတ်ထဲကတွေးလိုက်တယ်။ ခုတော့ အမပြောခဲ့ဖူးတာက အသုံးဝင်နေပြန်တယ်။

တစ် ... နှစ်... သုံး...... ကိုး .. လှေကားအကွေ့တွေမှာမှောင်နေတာများ.. ဘာကိုမှမမြင်ရပါဘူး၊ တစ်ယောက်ယောက်သာငုတ်တုတ်ထိုင်ပြီး ရုတ်တရက်လုယက်လိုက်ရင်လို့ တွေးလိုက်ရင်း ခေါင်းကနှစ်ဆလောက်ကြီးထွက်သွားတယ်။ ဖြစ်ဖူးကြမှာပါ၊ တစ်ခုခုကြောက်ရင် ခေါင်းနပမ်းကြီးတယ်ဆိုတာ .. တကယ့်ကို အဲ့လိုဖြစ်တာ၊ မေမေက ညီအမနှစ်ယောက်အတွက် မီးလေးပါတဲ့ ဘောလ်ပင်တစ်ချောင်းစီပေးထားတယ်။ ကျွန်မက အမြဲမေ့ကျန်ခဲ့တတ်လို့ အိတ်ထဲမှာ မေမေက မမေ့မလျော့ထည့်ပေးထားတတ်တယ်။
ခုမေမေလဲ မရှိရော ကျွန်မ ဂရုတစိုက်မယူပါဘူး၊ ဘယ်ရောက်နေမှန်းတောင်မသိဘူး။
ကျွန်မကအဲလို ခပ်ပေပေ။ ဒီလိုနဲ့ ကျွန်မအခန်းတခါးရှေ့ရောက်လာတယ်။ မေမေသာဆိုရင် တစ်ခါတစ်လေ ကျွန်မပြန်လာတာနဲ့လွဲသွားလို့ ၀ရံတာကမတွေ့လိုက်ပဲ ကျွန်မအခန်းတံခါးရှေ့ထိရောက်သွား... တံခါးခေါက်လိုက်ရင် ခပ်ပြုံပြုံးနဲ့ “ဒီနေ့နောက်ကျတယ်နော်” “ဒီနေ့တော့ စောသားပဲ” လို့ အဲဒီလိုပြောနေကျပါ၊
ခုတော့ သုံးခုတောင်ခပ်ထားတဲ့ သော့တွေကို ကျွန်မကိုယ်တိုင်ပဲ ဖွင့်ဖို့ကြိုးစားရတော့တယ်။

အိုး... ခက်လိုက်တာ... သော့တွေကလဲ ချက်ချင်းဖွင့်မရ ... မှောင်ထဲမှာပဲ သော့တွေတစ်ခုပြီးတစ်ခု ထပ်ပြောင်း၊ နောက်တစ်ချောင်း မရ ... ဂျလောက် ဟော ပွင့်သွားပြီ။ နောက်တစ်ခု... နောက်တစ်ခု .. သော့တွေဖွင့်မရတာလဲ မပြောနဲ့တော့ သော့တွေဖွင့်နေရင်းက နောက်ကျောဘက်ကိုလဲ မျက်ခြေမပြတ်လှည့်ကြည့်ရသေးတယ်။ မျက်နှာချင်းဆိုင်အခန်းက လူမရှိဘူး။ အဲဒီအခန်းကသံပန်းတံခါးလဲမရှိတော့ .. တံခါးကိုအခန်းပိုင်ရှင်က အပြင်ကခတ်ထားရဲ့လား မသေချာ၊ ကျွန်မပြန်လာမှ တံခါးဖွင်းပြီးအတွင်းထဲကနေ ၀ုန်းကနဲပြေးထွက်လာမှဖြင့်၊ အဲလိုသာဆိုရင် အဲဒီအချိန်မှာကြောက်လန့်ဖို့ထက် လုယက်မယ့်သူကို ကျွန်မဒေါသထွက်ထွက်နဲ့အော်မိမယ်ထင်တယ်။ လက်တွေတောင်ကိုက်လာပြီ။ သော့သုံးခုလုံးပွင့်သွားပါပြီ။
သော့ပွင့်သွားတာနဲ့ ချက်ချင်းအတွင်းကိုအကဲခတ် ... ခြေရာလက်ရာပျက်၊ မပျက်။
ပြီးရင် သံပန်းတံခါးကို ချက်ချင်းသော့ပြန်မခတ်ရဲသေးဘူး။ တံခါး lock ကိုအသာနှိပ်...
တခြားအခန်းဆီက စွေစောင်းစောင်းကျနေတဲ့ အလင်းရောင်မှိန်မှိန်လေးနဲ့ မျက်လုံးကိုအစွမ်းကုန်ဖြဲကြည့်ပြီး... ဟိုဟိုဒီဒီကြည့် ... သားကောင်ချောင်းတဲ့မုဆိုးလို ...
မဟုတ်ဘူး.. မုဆိုးကိုပြန်ချောင်းနေတဲ့သားကောင်... ခုချိန်မှာ ဖြစ်ချင်းဖြစ်သားကောင်ပဲ ဖြစ်တော့မှာပေါ့၊ အတွင်းတံခါးမကြီးကိုဖွင့်ပြီးအိမ်ထဲဝင် လက်ထဲမှာတော့ သော့ကြီးကြီးတွေကို လက်နက်သဖွယ်သဘောထားကိုင်စွဲလို့ ဘုရားစင်မှာ ဖယောင်းတိုင်အမြန်ထွန်း၊ အတွင်းကို အကဲခတ်၊ နေရာအလွတ်ရနေတဲ့ ဘက်ထရီမီးချောင်းကိုစမ်း.. ဖွင့် ... မီးလင်းသွားတော့ ခုနကထက် အနဲငယ်ရဲတင်းသွားတယ်၊ ဒါပေမဲ့ အနောက်ထဲကိုစစ်ဆေးရဦးမယ်။ သော့ကသေးတော့ လူတစ်ဦးနဲ့သာတွေ့ရင် အနီးကပ်တိုက်ခိုက်ရမှာ၊ ဒါနဲ့ တံမြက်စည်းတစ်ချောင်းကိုယူကာ အသင့်အနေအထားနဲ့ အသာယမ်းပြီး မီးဖိုခန်းထဲကိုဝင်တယ်။
toilet တံခါးကိုဖွင့် ... ဘာမှမရှိ၊ ရေချိုးခန်း .. ဘာမှမရှိ၊
သံပန်းတံခါးပိတ်ပြီးမှ မတော်လို့များ လူတစ်ယောက်ယောက်ပုန်းအောင်းနေခဲ့ရင် ကျွန်မထွက်ပြေးဖို့ခက်သွားမှာပေါ့၊ မရီပါနဲ့၊ ကျွန်မကိုကျွန်မကာကွယ်ဖို့ ကျွန်မပဲတတ်နိုင်တာကိုး။ အတွင်းမှာစစ်ဆေးပြီး အားလုံးရှင်းလင်းတယ်ဆိုမှ သံပန်းတံခါးကိုသော့ခတ်တယ်။ သော့ခတ်တဲ့အချိန်မှာလဲ အင်မတန်ကြောက်ဖို့ကောင်းတယ်၊ ကျွန်မကြည့်ဖူးတဲ့ရုပ်ရှင်တွေထဲလို .. လူဆိုးကလာနေပြီသော့ကခတ်လို့မရသေး.. လာနေပြီ..လာနေပြီ.. မြန်မြန်..လူဆိုးကအနားရောက်တော့မယ်ဆိုမှ သော့ကခတ်လို့ရသွား...
ဒီလိုများဖြစ်ခဲ့ရင်ဆိုပြီး ကြောက်ပြန်တယ်။ သော့တော့ခတ်ပြီးသွားပါပြီ။
ပြီးတော့ ခြေလက်ဆေး၊ ရေချိုးဖို့ပြင်၊ အဲဒီအချိန်မှာတော့ ကြောက်စိတ်နဲနဲပြေသွားတယ်။

ရေချိုးပြီးတော့ အမကြော်ပေးသွားတဲ့.. ဘာလချောင်ကျော်၊ ကြက်သားအမွကြော်တွေရှိပေမဲ့ ထမင်းမစားချင်ပါ၊ ခုနက ဆိုင်ကဆွဲဝယ်လာခဲ့တဲ့ တွေ့ကရာ သရေစာတွေ.. အာလူးကြော်၊ ငါးမုန့်ကြော်တွေကိုကြောင်စီစီကြည့်ရင်း ..
မိုင်လိုတစ်ခွက်ဖျော် ... ငါးမုန့်ကြော်ထိုင်စား... ခါတိုင်း ဆာရင်ထမင်းနဲနဲစားထားပြီး ... ကျွန်မပြန်လာမှထမင်းတူတူစားလေ့ရှိတဲ့ မေမေ့ကိုသတိရပြီး မျက်ရည်တွေကျလာပြန်တယ်။
ဟူး... ငါးရက်တောင် ... ကျွန်မအိပ်ရဲပါ့မလား... မီးကတော့မလာပါဘူး။
ရုံးသွားရင် မိန်း(မီး)ပိတ်သွားဖို့ မေမေမှာတတ်လို့ အပြင်သွားတိုင်း မိန်းပိတ်ခဲ့တယ်။
မိန်းဖွင့်ဖွင့် မဖွင့်ဖွင့် မီးကိုက မလာတာ၊ ကျွန်မရောက်ရောက်ချင်းမိန်းဖွင့်ပြီးပြီပဲ။
မုန့်စားပြီးတာနဲ့ သွားတိုက်၊ ဒီအမှောင်ထုကြီးကိုမမြင်ချင်တော့လို့ စောစောအိပ်တော့မယ်။ သူငယ်ချင်းတစ်ယောက်ကမှာတယ်.. “ဘုရားစာရွတ်အိပ်”တဲ့ .. ဟုတ်.. ဟုတ်.. ဟုတ်။
လက်မှာ စိတ်ပုတီးပတ်ပြီး အိပ်ရာထဲဝင် ဘုရားစာရွတ်။ တရေးနိုးလို့မဖြစ်ဘူး၊ တရေးနိုးတဲ့အချိန်မှောင်မဲနေတာကျွန်မအကြောက်ဆုံးပဲ၊ တစ်ရေးမနိုးမှဖြစ်မယ်။ ကျွန်မအအေးမိပြီးနှာချေတတ်လွန်းလို့ ဆရာဝန်မက cetiriz ဆေးတွေပေးထားတယ်။ အဲဒီဆေးကအိပ်ငိုက်တယ်၊ နှစ်လုံးလောက်သောက်လိုက်တယ်။ ဒါဆို အသေအချာအိပ်တော့မှာပဲ၊ အိပ်ပျော်သွားတယ်။ ည၁၂နာရီကျော်တော့ မီးလာပါတော့တယ်။ မထချင်ပေမဲ့ အမြန်ထ ရေတင်၊ ရေဖြည့်၊ ရေမပြည့်ခင်မှာပဲ မီးကပြန်ပျက်သွားပြန်ပြီ။ အားငယ်ခြင်းတစ်ဝက် မျှော်လင့်ခြင်းတစ်ဝက်နဲ့ မီးပြန်အလာကိုခဏလောက်စောင့်နေလိုက်တယ်။ မီးမလာတော့ပါဘူး။ ပြန်အိပ်လိုက်တော့တယ်။

နောက်တစ်နေ့ နေ့လည်လောက် မေမေ ဖုန်းဆက်တယ်၊ “သူငယ်ချင်းလာအိပ်ရဲ့လား”.. “ဓာတ်မီး(ဘောပင်လေး)ပါရဲ့လား”၊ “မိန်းပိတ်နော်.. အပြင်ထွက်ရင်” ဟုတ်.. ဟုတ်.. ဟုတ်..
နောက် အမကဖုန်းဆက်ပြန်တယ်။ “သူငယ်ချင်းလာအိပ်ရဲ့လား” ဟုတ်... “ခေါ်မေးကြည့်မယ်၊ ရှိလား” တဲ့ “သူ အလုပ်ရှုပ်နေတယ်၊ လာအိပ်တယ်၊ ဘာမှစိတ်မပူပါနဲ့” ခပ်အေးအေးပြောလိုက်တဲ့ ကျွန်မအသံကြောင့် အမကစိတ်ချသွားဟန်နဲ့ ဖုန်းချသွားတယ်။

ဒုတိယည
ဒီညလဲ ပထမနေ့လိုပဲ ကြောက်နေတုန်းပဲ။
မီးလာတဲ့နေ့ဆိုတော့ ဘေးခန်းတွေကလင်းနေတယ်။ သိပ်မဆိုးလှပါဘူး။
လှေကားကတော့ ထုံးစံအတိုင်းမှောင်မြဲမှောင်လျှက်ပါပဲ။ ကျွန်မအခန်းထဲကိုအရောက် မိန်း(မီး)ဖွင့်၊ မီးချောင်းတွေလဲလင်းလာရော မီးကဖြတ်ကနဲပျက်သွားတယ်။ မီးရောင်ကိုမြင်ပြီးမှ ချက်ချင်းမီးကပျက်သွားတော့ ကြောက်လန့်စိတ်တွေက ၀ုန်းကနဲပြေးဆောင့်တော့တယ်။ မကြောက်နဲ့၊ ဘုရားစဉ်မှာ ဖယောင်းတိုင်ပြေးထွန်း ဘက်ထရီ မီးချောင်းထွန်း၊ မနေ့ကလို စွန့်စားခန်းတွေ တစ်ခုချင်း... တစ်ခုချင်း .. ရှင်းလင်း။

တတိယည
တော်တော်လေး ရဲရင့်လာပြီလို့ ဆိုနိုင်ပါတယ်။ ထင်ထားသလောက် သိပ်မကြောက်တတ်တဲ့ ကိုယ့်ဘာသာနည်းနည်းတော့ သဘောကျသွားတယ်။ ဒီလိုနဲ့အိပ်ပျော်သွားတော့ တစ်ရေးနိုး ခပ်ဟဟဖွင့်ထားတဲ ဘုရားစင်ဘေးမှန်တံခါးဆီမှာ .. လရဲ့အလင်းရောင်နဲ့... မဲမဲအရိပ်ကြီးတစ်ခုကတစ်လှုပ်လှုပ် ပုံပန်းမကျ..
မှန်တံခါးဆီကပဲ အခန်းထဲဝင်ဖို့ကြိုးစားနေသလို၊ မကြောက်နဲ့ သေချာကြည့်ပါဦး၊
ကျွန်မ သတိရလိုက်ပါတယ်... မအိပ်ခင်က လျှော်လှန်းထားတဲ့ အင်္ကျီက လေတိုးနေတာမို့ တလွင့်လွင့်၊ လူတစ်ယောက်မဟုတ်မှန်းသိရက်နဲ့၊ ကြည့်ရင်း ကြည့်ရင်း ပိုပိုကြောက်လာပြန်တယ်... လှုပ်နေတဲ့ပုံစံကိုက ကိုယ့်ရို့ကားရား.. ကျွန်မထသွားလိုက်ပြီး ရုတ်ထားလိုက်တော့တယ်။ မှန်တံခါးတွေရှိသမျှ အကုန်ပိတ်ပြီး ကြောက်ကြောက်နဲ့ စောင်ခြုံပြီးအိပ်တော့...
အချမ်းပေါ့လာတဲ့ အချိန် ချွေးတွေကိုပြန်နေတာပဲ၊
မျက်ရည်တွေကျလာပြန်ရော၊ အော်.. ရဲရင့်လာပြီလို့ထင်နေကာမှ၊

မနက် အိပ်ရာထ ဘုရားသောက်တော်ရေလဲ၊ ပန်းလဲ၊
မေမေ မရှိပေမဲ့ မပျက်မကွက်လုပ်ဖြစ်တာတစ်ခုက ရုံးသွားခါနီး ဘုရားစင်က သပြေရွက် ၃ရွက်ဖြုတ်ပြီး အိတ်ထဲထည့်ယူသွားတာပါ။ မေမေက ရုံးသွားခါနီးတိုင်း အန္တရယ်ကင်းအောင် သပြေရွက် ၃ရွက်ထည့်ပေးနေကျဆိုတော့...

စတုတ္ထည
ဒီညကတော့ ကံကောင်းတယ်ဆိုရပါမယ်။ မီးလာနေတယ် သူငယ်ချင်းဆီကယူလာတဲ့ ကြွက်စားဖိုမှူးကာတွန်းကားကို ကြည့်နေလိုက်တယ်။ ရဲရင့်လာပြီဆိုပေမဲ့ နဲနဲလေးတော့ ကြောက်နေသေးတာပါပဲ။

ပဉ္စမည
ဟူး... ရုံးပိတ်ရက်ဆိုတော့ လုပ်စရာရှိတာတွေလုပ်ရမယ်။
တစ်အိမ်လုံး ရှုပ်နေတာတွေ အကုန်ရှင်း၊ အမကပြောဖူးတယ် ကျွန်မအိမ်ရှင်းရင် သိပ်မြန်တယ်ဆိုပဲ .. မြှောက်ပြီးခိုင်းတာနေမှာ... အဲဒီစကားကိုနားထဲကြားမိလေလေ ကျွန်မက ပိုမြန်မြန်ပြီးအောင် အရှိန်မြှင့်ပြီး အိမ်ရှင်းလေလေပါပဲ။
နောက်လျှော်စရာရှိတာတွေ ခြေသုတ်ဖုံတွေ အကုန်ဝုန်းဒိုင်းကြဲလျှော် ထမင်းချက်၊ ဟင်းချက် ဟင်းက မနေ့က၀ယ်လာတဲ့ ငရုတ်သီးတောင့်ပွကြီးတွေကို စိတ်ကြိုက် ကြက်သွန်နီအနှစ်များများနဲ့ ဆီအိအိချက်၊ အားလုံးရှင်းလင်းပြီးချိန်ရောက်တော့ ၁နာရီကျော်ပြီ ရေချိုး ထမင်းစား၊ ကိုယ့်ဘာသာချက်ထားတာစားရင်း သဘောတွေကျလို့ ပြုံးဖြီးဖြီးနဲ့၊ နေ့ခင်းဆိုတော့ ဘာမှမကြောက်၊ အလင်းရောင်တွေကဘေးပတ်ပတ်လည်မှာ လင်းထိန်နေတာဆိုတော့...
ထမင်းစားပြီး မဖတ်ရသေးတဲ့ ဖတ်စရာစာအုပ်၊ ဂျာနယ်တွေ အကုန်စုပြုံယူလာ၊ ဖတ်ရင်း အိပ်ငိုက်။ ညနေရောက်တော့ တနင်္ဂနွေညကိုတော့ ဖြတ်ကျော်ရဦးမယ်ဆိုတာတွေးပြီး ရင်လေးသွားတယ်။ မနက်ဖြန်အတွက်တော့ ဟင်းချက်သွားမယ်ပေါ့။ မေမေရှိတုန်းက ဟင်းကူချက်ပေးပေမဲ့
ဈေးဝယ်တာကတော့ မေမေကပဲ သူကြိုက်တာလေးတွေ ၀ယ်ဝယ်လာတတ်တော့ ကားဂိတ်နားမှာရှိတဲ့ အသီးအရွက်တွေရောင်းတဲ့ဆိုင်ကို မျက်စိထဲဝင်အောင်ကို မကြည့်ဖြစ်ခဲ့ဘူး။
ခုတော့ ဘာတွေများစားချင်တာရှိမလဲ စူးစမ်းမိတယ်။ မှိုတွေ တွေ့တော့ ...
မှိုတွေဝယ်ပြီး မှိုရတဲ့မျက်နှာမျိုးနဲ့ အိမ်ပြန်လာလိုက်တယ်။ မီးလာနေတော့ မှိုတွေဆီသတ်... နောက်နေ့ရုံးထမင်းချိုင့်ထည့်ဖို့ပြင်ထားလိုက်တယ်။
ကျွန်မရဲ့စွန့်စားခန်းကဒီလောက်ပါပဲ။

ခုချိန်ပြန်ရေးပြရင် ... ဘာမှမဟုတ်တော့ပါဘူး။
ဒါပေမဲ့ ကျွန်မနားလည်လက်ခံလိုက်တာက လူတစ်ယောက်ဆီမှာ မမြင်နိုင်တဲ့စွမ်းအားတွေရှိတယ်။
ကျွန်မတို့ ဘာကိုမှကြောက်နေဖို့မလိုဘူး။ လူဆိုတာ တကယ်လိုအပ်လာတဲ့အချိန်မှာ အားလုံးဟာ အနည်းဆုံးတော့ ကျွန်မတို့ပတ်ဝန်းကျင်ကွက်ကွက်လေးမှာ သူရဲကောင်းတွေဖြစ်သွားနိုင်တယ်။
ပြီးတော့ နယ်ပယ်တွေ ချဲ့ထွင်ရမယ်။

အားလုံးဟာ ကိစ္စတွေကိုဖြေရှင်းနိုင်ပါမယ်။
ကျွန်မတို့ ရဲရင့်ကြဖို့လိုမယ်မဟုတ်လား။

image from Teen Magazine

No comments: