R&B, Soul, Jazz အဆိုတော် အေမီဝိုင်ဟောက်စ်(Amy Jade Winehouse) သေဆုံးသွားပြီးတဲ့နောက် ဖခင်မစ်ခ်ျဝိုင်ဟောက်စ်က ဆေးစွဲနေသူတွေကိုအကူအညီပေးနိုင်မယ့် ဖောင်ဒေးရှင်းတစ်ခုကို သမီးလေးရဲ့အမည်နဲ့ တည်ထောင်ဖို့ အစီအစဉ်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ “ပုဂ္ဂလိကပြန်လည်ထူထောင်ရေးဆေးခန်းတစ်ခုတက်ဖို့ မတတ်နိုင်ခဲ့ရင်၊ အကူအညီရဖို့၊ ဆေးကုသခံဖို့ နှစ်နှစ်စောင့်ဆိုင်းရပါတယ်။ အဲဒီအခက်အခဲကို အေမီဝိုင်ဟောက်စ်ဖောင်ဒေးရှင်းက ဖြေရှင်းပေးချင်ပါတယ်။ အဲဒါ ကျွန်တော့်ရဲ့ဆန္ဒပါ” လို့ အေမီဝိုင်ဟောက်စ်ရဲ့ ဈာပနအခမ်းအနားမှာ မစ်ခ်ျက ပြောလိုက်တယ်။ “အသက် ၂၇နှစ်အရွယ် သမီးလေးဟာ ဆေးစွဲတာကို အောင်မြင်စွာဖြတ်နိုင်ခဲ့ပေမယ့် အရက်သေစာစွဲလမ်းနေတာကိုတော့ ဖြတ်ရခက်နေဆဲပဲ။ ကြိုးစားနေဆဲအချိန်ပါ။ ၀ိုင်ဟောက်စ်ရဲ့ နောက်ဆုံးနေ့တွေမှာတော့ အပျော်ရွှင်ဆုံးအချိန်တွေဖြစ်ခဲ့ပါတယ်” လို့ ပြောပြပါတယ်။ မစ်ခ်ျကထပ်ပြီးပြောပြသေးတယ်။ "အေမီက အင်မတန်တည်ငြိမ်အေးဆေးစွာပဲ ပြောပါတယ်။ ဒက်ဒီ ကျွန်မတော့ လုံလောက်ပြီလို့ထင်တာပါပဲ၊ ဒက်ဒီနဲ့ မိသားစုကပါ စောင့်ရှောက်ကြည့်ရှုပေးနေရတဲ့ ဘ၀မျိုးမှာ ရပ်တန့်မနေချင်တော့ပါဘူး တဲ့။ ကျွန်တော်သိတယ်၊ သူ စိတ်ဓါတ်ကျမနေပါဘူး၊ သိပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ အဝေးကြီးကိုထွက်ခွာသွားတာပါ။ အဲဒီလို တွေးလိုက်ရတာ ကျွန်တော်တို့ ခံစားရသက်သာစေပါတယ်" လို့လည်း ပြောပါတယ်။
ဝိုင်ဟောက်စ်ရဲ့ နောက်ဆုံးနေ့ နောက်ဆုံးအချိန်မတိုင်ခင် အိမ်မှာ သီချင်းဆိုတယ်။ ဒရမ်တီးခဲ့သေးတယ်။ ကိုယ်ရံတော်က မနက်၈နာရီမှာ စစ်ဆေးကြည့်တော့ ကောင်းကောင်းမွန်မွန် အိပ်မောကျနေတုန်းပဲတဲ့။ နေ့လည်ပိုင်း နောက်တစ်ကြိမ် စစ်ဆေးတဲ့အခါမှာတော့ အေမီဝိုင်ဟောက်စ်သေဆုံးနေခဲ့ပြီဆိုတာ ကိုယ်ရံတော်က သဘောပေါက်သွား ခဲ့ပါတယ်။ ဇူလိုင် ၂၅ ရက်နေ့က ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးမှုအဖြေက ပြတ်ပြတ်သားသားမရှိခဲ့ပါဘူး။ ဘာကြောင့်သေဆုံးတယ် အကြောင်းရင်းထုတ်ပြန်လို့ မရနိုင်ခဲ့ပါဘူး။ စစ်ဆေးမှုတွေကို အောက်တိုဘာ၂၇ထိတိုင်အောင် ရက်ရွှေ့ထားလိုက်ပြီး အဆိပ်သင့်မသင့် စစ်ဆေးမှုတွေကလည်း နောက်ထပ်ရက်သတ္တသုံးပတ်လောက် အချိန်ယူရဦးမယ်လို့ ဆိုတယ်။ ၀ိုင်ဟောက်စ်ရဲ့ record label “Universal Republic” က “ပါရမီရှင်ဂီတသမားတစ်ဦး ရုတ်တရက်ကြွေလွင့်သွားခဲ့တာကို နင့်နင့်နဲနဲဝမ်းနည်းမိရပါတယ်” လို့ ပြောလိုက်တယ်။ U2၊ လေဒီဂါဂါ၊ နစ်ကီမီနေးဂ်ျ၊ ရီဟန်းနား၊ ဂျောခ်ျ့မိုက်ကယ်၊ အက်ဒဲလ်၊ ကယ်လီကလပ်ဆန်၊ ကော့တနေးလဗ်နဲ့ ဂီတသမားတွေအများကြီးပဲ ၀မ်းနည်းစကားဆိုခဲ့ကြတယ်။ ဇူလိုင် ၂၆ မှာ လန်ဒန်မြောက်ပိုင်းက အက်ခ်ျဝဲလိန်းသင်းချိုင်းမှာပြုလုပ်တဲ့ ဈာပနအခမ်းအနားမှာ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေတက်ရောက်ခဲ့ကြပါတယ်။ အရင်းနှီးဆုံးသူငယ်ချင်း ကယ်လီအောစ့်ဘွန်း၊ ပရိုဂျူဆာ မာ့ခ်ရန်ဆန်တို့လည်း တက်ရောက်ခဲ့တယ်။ ၀ိုင်ဟောက်စ်ရဲ့ယောက်ျားလေးမိတ်ဆွေ ရက်ဂ်ထရာဗစ်စ်ကိုလည်း တက်ရောက်လာကြတဲ့ လူတွေအများကြီးထဲမှာ တွေ့ခဲ့ကြရတယ်။ ဖခင် မစ်ခ်ျက “ကောင်းသောညပါ ငါ့ရဲ့ နတ်သမီးလေးရေ၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပါစေကွယ်။ မာမီနဲ့ ဒက်ဒီ မင်းကို အမြဲတမ်း သိပ်ချစ်ရပါတယ်” လို့ ပြောပါတယ်။ “So Far Away” သီချင်းနဲ့ ၀ိုင်ဟောက်စ်ကို ၀မ်းနည်းကြေကွဲစွာ နှုတ်ဆက်ခဲ့ကြတယ်။ ၀ိုင်ဟောက်စ်ရဲ့ မိသားစုက ဂျူးတွေရဲ့ ဓလေ့ထုံးစံအရ ရှီဗာ ၂ ရက်ထိုင်ခဲ့ကြတယ်။ ရှီဗာဆိုတာကတော့ Seven လို့ အဓိပ္ပါယ်ရပြီး သေလွန်သွားသူကို ဆုတောင်းမေတ္တာပို့ကြတဲ့နေ့တွေပါပဲ။ ထုံးစံအရ ၇ရက် လုပ်ကြပေမဲ့ ရက်တိုတိုပြုလုပ်ကြတာလည်းရှိပါတယ်။
ဝိုင်ဟောက်စ်မှာ အဲလက်စ်ဆိုတဲ့ လေးနှစ်ကြီးတဲ့ အစ်ကိုတစ်ယောက်ရှိတယ်။ မစ်ခ်ျက ကလေးငယ် ၀ိုင်ဟောက်စ်လေးကို ဖရန့်စင်နားထရားသီချင်းတွေ မကြာခဏဆိုပြတတ်ခဲ့တော့ သီချင်းတွေကိုချစ်တဲ့ ၀ိုင်ဟောက်စ်ဖြစ်လာခဲ့တယ်။ ဖခင်မစ်ခ်ျဆိုပြတဲ့ ဂျက်ဇ်သီချင်းတွေကို နားရည်ဝနေခဲ့ပြီး ဂျက်ဇ်သီချင်းတွေ ကြိုက်တတ်လာခဲ့တယ်။ သိပ်မကြာပါဘူး။ စာသင်ခန်းထဲမှာတောင် သီချင်းဆိုနေတတ်တဲ့ ၀ိုင်ဟောက်စ်ကို ဆရာတွေက ငြိမ်ငြိမ်သက်သက်နေဖို့ပြောရဆိုရ အင်မတန်ခက်တဲ့ကလေး လို့ တညီတညွတ်တည်းပြောလာကြတယ်။ ၀ိုင်ဟောက်စ် ၁၃ နှစ်မှာ သူ့ရဲ့ ပထမဆုံးဂစ်တာကို ပိုင်ဆိုင်နိုင်ခဲ့ပြီး သီချင်းတွေရေးစပ်ဖို့ ကြိုးစားတော့တယ်။ အဲဒီနောက်ပိုင်းမှာ “ကမ္ဘာ့ဖျော်ဖြေရေးသတင်းကွန်ယက်”မှာလည်း showbiz ဂျာနယ်လစ်အဖြစ် အလုပ်ဝင်လုပ်ခဲ့သေးတာပါပဲ။ ၂၀၀၃ခုနှစ်မှာ Frank အယ်လ်ဘမ်ထွက်ခဲ့ပြီး ယူကေအယ်ဘမ်စာရင်းမှာ နံပါတ် ၁၃ ရောက်ခဲ့သလို ၂၀၀၆ ခုနှစ်မှာ ထွက်ခဲ့တဲ့ Back to Black အယ်လ်ဘမ်က ယူကေနံပါတ် တစ် ဖြစ်ခဲ့ပါတယ်။ Back to Black, Tears Dry on Their Own, Love Is a Losing Game ဆင်ဂဲလ်တွေကလည်း လူကြိုက်များခဲ့ကြတယ်။ ၀ိုင်ဟောက်စ် ပရိသတ်တွေ နားစွဲခဲ့ကြတဲ့ Back to Black သီချင်းကို ၀ိုင်ဟောက်စ်နဲ့ မာခ့်ရန်ဆန်တို့ နှစ်ယောက်သားရေးခဲ့ကြတယ်။ Back to Black သီချင်းထဲက စာသားတွေမှာ ၀ိုင်ဟောက်စ်က အကြိမ်တစ်ရာသေဆုံးခဲ့ပါတယ်တဲ့။ လူကို မူးယစ်စေတဲ့အရည်တွေ၊ ကျန်းမာရေးကို ပျက်သုဉ်းစေတဲ့ဆေးဝါးတွေ အကြိမ်ကြိမ်သုံးစွဲပြီး သေမင်းနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရတဲ့ ၀ိုင်ဟောက်စ်အတွက် ဒီတစ်ခါသေဆုံးခြင်းကတော့ တစ်သက်တာ ငြိမ်းချမ်းတဲ့ ကောင်းကင်ဘုံကိုပဲဖြစ်စေဖို့ ဆုတောင်းချင်ပါတယ်။ Back to Black တော့ မဖြစ်စေချင်ပါဘူး။ ဖြူစင်ငြိမ်းချမ်းတဲ့ ကောင်းကင်ဘုံကို ပြန်သွားတာပဲ ဖြစ်စေချင်ပါတယ်။
၂၀၀၈ ခုနှစ်မှာ ၀ိုင်ဟောက်စ်မှာ အဆုတ်ရောဂါအမ်ဖီးစီးမား စတင်ဖြစ်နေခဲ့ပြီလို့ ဖခင် မစ်ခ်ျက ပြောလိုက်တယ်။ အဆုတ်မှာ၇၀ရာခိုင်နှုန်းခန့်ပဲအလုပ်လုပ်နေတယ်။ နှလုံးခုန်သံ မူမှန်မဟုတ်တဲ့လက္ခဏာတွေလည်းရှိတယ်။ အဲဒီကျန်းမာရေးပြဿနာတွေဟာ စီးကရက်တစ်လိပ် မကုန်ခင် နောက်တစ်လိပ်ထပ်ညှိ၊အဆက်မပြတ် သောက်တတ်တာကြောင့်ရယ်၊ ဆေးလိပ်ထဲ ထည့်သောက်ကြတဲ့ ခရက်ကိုကင်းတွေ သုံးစွဲတာကြောင့်လို့ မစ်ခ်ျက ပြောပြပါတယ်။ ခရက်ကိုကင်းတွေသာ ဆက်ပြီးသုံးစွဲနေဦးမယ်ဆိုရင် အောက်စီဂျင်မျက်နှာဖုံးတပ်ထားရတော့မယ်လို့ ဆရာဝန်က သတိပေးထားတာကိုလည်း ပြောပြခဲ့တယ်။ British Lung Foundation က ရော American Lung Association ကပါ ၀ိုင်ဟောက်စ်သာ ဆေးလိပ်ဆက်ပြီးသောက်နေဦးမယ်ဆိုရင်တော့ အဆုတ်မြန်မြန်ဆန်ဆန် ပျက်စီးနိုင်တယ်လို့ သတိပေးကြပါတယ်။ ၂၀၀၈ ဇွန်လ ၂၃ လမှာရိုက်ကူးခဲ့တဲ့ စီးကရက်နှုတ်ခမ်းဖျားမှာတပ်ပြီးဟန်ပါပါခဲနေတဲ့ အေမီဝိုင်ဟောက်ရဲ့ပုံတွေ ကို သတင်းစာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ကြတယ်။ အင်တာဗျူးတွေအများစုမှာ ၀ိုင်ဟောက်စ်ဟာ ကိုယ့်ကိုယ်ကို ထိခိုက်ဒဏ်ရာရအောင်လုပ်တတ်တာ၊ စိတ်ဓါတ်ကျဆင်းတတ်တာ ပြီးတော့ အစားအသောက် ပုံမှန်မစားတာတွေလည်း ဖော်ပြခဲ့ကြတယ်။ ၂၀၀၆ ခုနှစ် Back to Black သီချင်းရေးနေတဲ့အချိန်တွေမှာ တိုက်တိုက်ဆိုင်ဆိုင် ၀ိုင်ဟောက်စ်မူးယစ်ဆေးတွေအလွန်အကျွံသုံးတယ်။ အရက်ကို စွဲစွဲလမ်းလမ်း သောက်သုံးခဲ့တယ်လို့လည်းဆိုကြတယ်။ ၀ိုင်ဟောက်စ်ရဲ့ မိသားစုက ၂၀၀၆ နှစ်လယ်ပိုင်းလောက်က အဖွားဆုံးပါးသွားပြီးနောက်ပိုင်း ၀ိုင်ဟောက်စ်အခြေအနေပိုဆိုးခဲ့တယ်လို့ ယုံကြည်ကြတယ်။ ၀ိုင်ဟောက်စ်ရဲ့ အဖွားက တချိန်လုံးစောင့်ကြည့်ပြီး ထိန်းသိမ်းပေးနိုင်တယ်။ ၀ိုင်ဟောက်စ်က အဖွားရဲ့စကားကို ဂရုတစိုက်နားထောင်ခဲ့တယ်တဲ့။ ၀ိုင်ဟောက်စ်ရဲ့ အဖေကတော့ ၀ိုင်ဟောက်စ်အရက်သေစာ၊ မူးယစ်ဆေးတွေအလွန်အကျွံသုံးစွဲတိုင်း မီဒီယာကို အမြဲပဲ ရှင်းပြတတ်တယ်။ သတင်းတွေမှာဖော်ပြခဲ့ကြရင် ၀ိုင်ဟောက်စ်ဆင်ခြင်သွားလိမ့်မယ်လို့ မစ်ခ်ျက ယုံကြည်နေပါတယ်။ အေမီဝိုင်ဟောက်စ်ရဲ့ ပြတ်လိုက် ပြန်ဆက်လိုက်ဖြစ်နေခဲ့တဲ့ခင်ပွန်း ဘလိတ်ခ်ဖီးလ်ဒါးစီးဗဲလ်က ဗြိတိသျှအတင်းအဖျင်းသတင်းစာတွေမှာ “ကျွန်တော်ကပဲ ခရက်ကိုကင်း၊ ဟီးရိုးအင်းတွေ ၀ိုင်ဟောက်စ်ကို မိတ်ဆက်ပေးခဲ့သလို ပြောနေကြတယ်။ အဲဒါမမှန်ပါဘူး။ ကျွန်တော် ၀ိုင်ဟောက်စ်နဲ့ ကွာရှင်းမယ်။ မူယစ်းထုံထိုင်းတဲ့ဘ၀နဲ့ကင်းဝေးတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ ဘ၀အသစ်ကိုစချင်တယ်” လို့ပြောလိုက်တယ်။ အေမီကတော့ “ဘလိတ်ခ်ကို ကျွန်မချစ်နေဆဲပဲ၊ ကျွန်မတို့အတူ အိမ်အသစ်ကိုပြောင်းနေကြမယ်။ အဲဒါကျွန်မရဲ့ဆန္ဒပါ။ ကျွန်မ သူနဲ့ မကွာရှင်းချင်ပါဘူး။ ကျွန်မတို့ရဲ့ တစ်ယောက်နဲ့တစ်ယောက်ချစ်ခြင်းမှာ ပြည့်စုံနေကြသားပဲ” လို့ ပြောပြန်တယ်။ ဒါပေမဲ့ ၂၀၀၇ မှာ စတင်ခဲ့တဲ့ ၀ိုင်ဟောက်စ်နဲ့ ဘလိတ်ခ်တို့ရဲ့ အိမ်ထောင်ရေးဟာ ၂၀၀၉ သြဂုတ်မှာတော့ တကယ်ပဲ အဆုံးသတ်သွားခဲ့ပါတယ်။ ၀ိုင်ဟောက်စ်မသေဆုံးသေးခင် အချိန်လေးမှာတော့ ဒါရိုက်တာရက်ဂ်ထရာဗစ်စ်နဲ့ ဒိတ်လုပ်ခဲ့ပါတယ်။
နယူးယောက်တိုင်းမ်စ်က အမေရိကန်ဂျာနယ်လစ် James C. McKinley, Jr. က မစ်ခ်ျဝိုင်ဟောက်စ်ကို အခုလိုမေးထားပါတယ်။
ပရော်ဖက်ရှင်နယ်အဆိုတော်အဖြစ် … ။ အဲလိုမပြောနိုင်ပါဘူးဗျာ၊ တစ်ဝက်တစ်ပျက် ပရော်ဖက်ရှင်နယ်အဆိုတော်ပဲဖြစ်ခဲ့တာ။ ကျွန်တော် အသက် ၂၀၊ ၃၀ လောက်တုန်းက ကလပ်တွေမှာ၊ ဖျော်ဖြေပွဲလေးတွေမှာဆိုခဲ့တယ်။ အသက် ၃၀နောက်ပိုင်း မိသားစုရှိလာတော့ မဆိုဖြစ်တော့ဘူး။ သီချင်းဆိုတာနဲ့ ပိုက်ဆံမရှာနိုင်ခဲ့လို့။
ပြီးတော့ ဂျက်ဇ်သီချင်းတွေ ပြန်ပြီး စိတ်ဝင်စားလာပြန်ရောလား။
ဂျက်ဇ်သီချင်းတွေကိုတော့ အမြဲတမ်းပဲ စိတ်ဝင်စားနေတာပဲ။ ဒါပေမဲ့ အဲဒီအချိန်တွေတုန်းက အင်္ဂလန်မှာ ဂျက်ဇ်သီချင်းတွေက ပေါ်ပြူလာမဖြစ်သေးဘူး။ ကျွန်တော်လည်း အဲဒီဂန္တ၀င်ဂီတအကြောင်း မေ့လျော့ထားလိုက်ရပြီး အဲဒီထက် ပေါ်ပြူလာဖြစ်မယ့်အလုပ်တွေပဲ လုပ်နေခဲ့ရတာပေါ့၊ တကယ်ပါ။
ဒီအယ်လ်ဘမ် ဘယ်လိုလုပ်ဖြစ်တာလဲ။
အေမီ ပိစိကွေးလေးတုန်းက ကျွန်တော် သူ့ကို သီချင်းဆိုသင်ပေးတယ်။ ခင်ဗျားသိတဲ့အတိုင်း မိဘတိုင်းက သူတို့ကလေးတွေ သီချင်းဆိုပြသလို ဆိုပြခဲ့တာမျိုးပါပဲ။ သူ့ရဲ့ ပထမဆုံးအယ်လ်ဘမ်ထွက်ခဲ့ပြီး သူ ရှိုးပွဲတွေလုပ်တယ်။ သူ ကျွန်တော့်ကို သီချင်းတွေဆိုဖို့ စင်ပေါ်ကိုဖိတ်ခဲ့တယ်။ အင်မတန်ပျော်စရာကောင်းခဲ့တာပဲ။ သူက ပြောသေးတယ် “ဘာကြောင့်လဲ ဒက်ဒီသိရဲ့လား၊ ဒက်ဒီ အခွေတစ်ခွေလောက်တော့ ထုတ်ဖို့ကောင်းတယ်” တဲ့။ “အေမီ မင်းရူးနေလား” လို့ ကျွန်တော်ကပြောတော့။ “မဟုတ်ဘူး ဒက်ဒီ၊ ဒက်ဒီမှာ သိပ်ကောင်းတဲ့အသံရှိတယ်။ အဲဒါက ကြောက်ခမန်းလိလိ အသံလုံးကြီးကြီးအသံမျိုး” လို့ သူက ပြန်ပြောတယ်ဗျ။ ကျွန်တော်တို့ စဉ်းစားခဲ့ကြပါတယ်။ နောက်ပိုင်း သူရဲ့ဆိုးဝါးတဲ့အချိန်တွေရင်ဆိုင်နေရတော့ အယ်လ်ဘမ်ကိစ္စ ဘေးချိတ်ထားလိုက်ရတယ်။ သူပြန်ကောင်းလာတဲ့အခါ အယ်လ်ဘမ်လုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ၃၀၊ ၄၀၊ ၅၀ ခုနှစ်တွေထဲက သိပ်လှတဲ့ သီချင်းတွေပြန်ပြီးရှာဖွေကြတယ်။ အဲဒီအတွက် သုံးနှစ်လောက် ကျွန်တော်တို့ သီချင်းတွေစုဆောင်းနေခဲ့တယ်။ ကျွန်တော်တို့နှစ်ယောက်လုံး ကြိုက်နှစ်သက်တဲ့ သီချင်းအပုဒ်၄၀လောက်ရွေးပြီး ကျွန်တော်တို့ရဲ့ စန္ဒရားဆရာကိုပြတယ်။ နောက်တော့ အဲဒီသီချင်းတွေထဲက သီချင်း ၁၄ ပုဒ်ကို ရွေးခဲ့ကြတယ်။
အဲဒီလက်ရွေးစင်က နာမည်ကျော်သီချင်းတွေသိပ်ထည့်မထားဘူး။ အဲဒီ သီချင်းတွေကိုပဲ ခင်ဗျား ဘာကြောင့်ရွေးတာလဲ။
သီချင်းတွေကို ကြိုက်လို့ပဲ။ အေမီရောပဲ။ သီချင်းတွေရွေးကြတုန်းက အေမီ့အတွက်လည်း ထူးခြားတဲ့သီချင်းတွေဖြစ်ခဲ့တာပဲ။ သူက ဒီလို တိမ်မြုပ်နေတဲ့ ဂျက်ဇ်သီချင်းကောင်းတွေကို ရွေးထုတ်အရသာခံနိုင်တဲ့ အတတ်ပညာရှိတယ်။ ကျွန်တော်တို့ သဘောကျတာကိုပဲ ရွေးခြယ်ဆုံးဖြတ်လိုက်တာ။ တခြားအဓိပ္ပါယ်ဘာမှ ရှိမနေပါဘူး။
ခင်ဗျားတို့ကြီးပြင်းခဲ့တဲ့နေရာအကြောင်း နည်းနည်းပါးပါးပြောပြပါဦးလား။
ကောင်းပါပြီ။ ကျွန်တော်က လန်ဒန် East End မှာ ကြီးပြင်းခဲ့တယ်။ အဲဒီမှာ ဂျူးလူမျိုးတွေ အများဆုံးနေကြတဲ့နေရာလေ။ ကျွန်တော်တို့မှာ အင်မတန်နွေးထွေးစည်းလုံးတဲ့ မိသားစုရှိတယ်။ ကျွန်တော့်အဖေ့က ဆံသသမား၊ နောက်တော့ တက္ကစီမောင်းတဲ့သူဖြစ်လာတယ်။ ဂျူးယောက်ျားအများစု အဲဒီအချိန်တုန်းက အဲဒီအလုပ်ပဲ အများဆုံးလုပ်ကြတာပဲ။ ဆရာဝန်မဟုတ်ခဲ့ကြဘူးဆိုရင်ပေါ့။ ဆရာဝန်၊ ရှေ့နေ၊ စာရင်းကိုင်မဟုတ်ခဲ့ရင် တက္ကစီမောင်းတဲ့သူတွေချည်းပဲ။ အဲဒီအချိန်က တော်တော်ပြုစုပျိုးထောင်ခဲ့ကြရတယ်။ စစ်ပြီးစအချိန် ခင်ဗျားသိပါတယ်။ East End မှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဗုံးဒဏ်ခံရတဲ့နေရာတွေပြည့်နေဆဲပဲ။ စွန့်စားခန်းတွေပြည့်နေတဲ့နေရာတစ်ခုဖြစ်ခဲ့သေးတာပေါ့။ ကျွန်တော်ဆို သိမ်းမြစ်ထဲ ပြုတ်ကျနေကြ၊ ရေခဏခဏမွန်းခဲ့ဖူးတယ်။ တစ်ရပ်ကွက်တည်းသားတွေလည်း သိပ်ကောင်းကြတယ်။ တကယ့်ကို မယုံနိုင်စရာကောင်းလောက်အောင် ကောင်းမွန်ကြတဲ့သူတွေ။ အခုတော့ ဘယ်သူမှမရှိကြတော့ဘူး။ အားလုံး ပြောင်းသွားကြပြီ။
ခင်ဗျားတို့ မိသားစုထဲမှာ ဂီတ၀ါသနာပါတဲ့သူရှိသေးလား။
အဲဒီတုန်းကတော့ ခင်ဗျားဆိုလည်းသိနိုင်မှာမဟုတ်ဘူး။ အားလုံးက ဆိုနေတီးနေကြတဲ့သူတွေမဟုတ်လား။ ကျွန်တော့အဖေက ဘာဂျာပုလွေမှုတ်တယ်။ ကျွန်တော့်ဦးလေးကလည်း squeezy box, အကော်ဒီယံတီးတယ်။ နောက် ဦးလေးတစ်ယောက်ကလည်း စန္ဒရားတီးတယ်။ ကွာရှင်းခဲ့တဲ့ အေမီ့အမေ ဂျဲနစ် မိသားစုထဲမှာလည်း ပရော်ဖက်ရှင်နယ်ဂီတသမားတွေရှိတယ်။ အဲဒီတော့ အားလုံးက တီးမှုတ်နေကြတယ်။ ကခုန်တယ်။ သီချင်းဆိုတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ ကျွန်တော်က ဒါကို အထူးတလည်မတွေးမိပါဘူး။ လူတိုင်းက ဒီလိုပဲ တီးမှုကခုန်နေကြတာပဲလို့ ကျွန်တော်ကထင်တာကိုး။ အားလုံး အိမ်တိုင်းမှာ ကိုယ်ပိုင်အတီးအမှုတ်နဲ့ပျော်ပွဲရွှင်ပွဲတွေလုပ်ကြတယ်။
အခု ခင်ဗျားအသက်အရွယ်ကျတော့ရော။ Ronnie Scott’s နဲ့ Blue Note တို့လို ဂျက်ဇ်ကလပ်တွေမှာ သီဆိုဖို့လား။
ခင်ဗျား ပြောသလို အဲဒါကို စိတ်မလှုပ်ရှားမိပါဘူး။ ကျွန်တော့်တစ်ဘ၀လုံးလိုလို အရောင်းစာရေးသင်တန်းပေးသူအဖြစ်ပဲ ဖြတ်သန်းလာတာ။ ခု အနားယူတဲ့အချိန်မှာ လန်ဒန်တက္ကစီမောင်းတဲ့သူလုပ်နေတယ်။ အရောင်းသင်တန်းက နည်းပညာပိုင်းသိပ်မပါပါဘူး။ အရောင်းစာရေး၊ အောင်မြင်တဲ့အရောင်းစာရေးတစ်ယောက်ဖြစ်ရတာလည်း ကျေးဇူးတော်ပါပဲ။ ကျွန်တော် တော်တော်လေးအောင်မြင်ခဲ့ပါတယ်။ ကျွန်တော်လုပ်နိုင်ခဲ့တာပဲ။ အဲဒီတော့ဗျာ … ကျွန်တော်အသက်အရွယ်မှာ တစ်နည်းနည်းနဲ့ စင်ပေါ်ရောက်ရမယ့်ကိစ္စက စိတ်လှုပ်ရှားစရာကိစ္စမဟုတ်တော့ပါဘူး။ ကျွန်တော့်ဘာသာစိတ်ကျေနပ်ပျော်ရွင်စေဖို့ပါ။ အဲဒါ မထူးဆန်းပါဘူး။
ဖြစ်နေကျကတော့ သား၊ ဒါမှမဟုတ် သမီးက ဖခင်ရဲ့လောင်းရိပ်အောက်က ရုန်းထွက်ဖို့ကြိုးစားကြတယ်။ ခင်ဗျား အခြေအနေကျတော့ နည်းနည်းလေး ပြောင်းပြန်ဖြစ်နေသလိုပဲ။
ဟုတ်တာပေါ့။ များများကြီးပြောင်းပြန်ဖြစ်နေတာပဲ။ ပြောလိုက်ရင် ကျွန်တော်က နှုတ်သွက်လျှာသွက်ရှိတယ်ဖြစ်တော့မယ်။ ကျွန်တော့်ရဲ့အမည်က ရှေ့ကလာခဲ့တာလေ။ အေမီ မလာခင် ကျွန်တော်က ဒီမြေပေါ်ကိုရောက်နှင့်နေတာ။ ဒါပေမဲ့ ကျွန်တော်သိပါတယ်။ ကျွန်တော်က အေမီ့ရဲ့ဖခင်ဖြစ်လို့ အယ်လ်ဘမ်ထုတ်ဖို့အခွင့်အရေးခဲ့ရတာပါ။ တကယ်သာ ကျွန်တော်မတတ်နိုင်တဲ့ကိစ္စဆိုရင် ကျွန်တော်စတူဒီယိုထဲဝင်လိုက်တာနဲ့ “ခင်ဗျားဒါကိုမလုပ်နိုင်ဘူးဆိုတာကို ခင်ဗျားသိနေတာပဲ” လို့ တိုနီဟေးလ်လားကပြောကိုပြောမှာပဲ။ ဘယ်သူကမှ ကာရာအိုကေသီချင်းလိုဆိုဖို့ ပိုက်ဆံဖြုန်းတာမျိုး ကျွန်တော့်ကိုခွင့်ပြုမှာမဟုတ်ဘူး။ ကျွန်တော်သီချင်းဆိုနိုင်ပါတယ်။ ကျွန်တော်ကသာ ရူးကြောင်ကြောင်ကိစ္စလုပ်နေတယ်ဆိုရင် ကျွန်တော့်ကို ချစ်တဲ့၊ ကျွန်တော့်ကိုလေးစားတဲ့ ကျွန်တော့်ပတ်ဝန်းကျင်ကလုတွေက လုပ်ခွင့်ပြုမှာမဟုတ်ဘူးလို့ ခင်ဗျားကို ကျိန်းသေပြောနိုင်တယ်။
ခင်ဗျားရဲ့ ဖျော်ဖြေပွဲကို အေမီလာခဲ့လား။
လာတာပေါ့ဗျာ။ လန်ဒန်က ပွဲတွေအများဆုံးလာခဲ့တယ်။ သူ အမြဲတန်းစင်ပေါ်ကိုတက်ပါတယ်။ ရီဟာဇယ်လုပ်ဖို့တော့ အမြဲငြင်းနေတာပဲ။ အဲဒါကြောင့်ပေါ့ သီချင်းဆိုတဲ့အခါ အလန့်တကြား အဆုံးသတ်ရတယ်။ ရယ်မောနေတာနဲ့ပဲ အဆုံးသတ်ရတာပါပဲ။ လူတိုင်းကလည်း ဒါကို ပျော်ရွှင်ကြပါတယ်။ ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင်ရှိကြတာကို မြင်နိုင်တာကိုး။ သူ က အင်မတန်အထောက်အပံ့ပေးတဲ့သူပါ။ အင်မတန်တော်တဲ့ကလေးပါ။ သူခက်ခဲကြမ်းတမ်းတဲ့ အခိုက်အတန့်တွေ ကျော်ဖြတ်ရတယ်။ နောက်တော့ အေမီ လုံးဝ ပြန်ကောင်းသွားခဲ့ပါတယ်။
၂၀၀၉မှာရိုက်ကူးခဲ့ တဲ့ “အေမီ့ကိုလွတ်မြောက်စေခြင်း (Saving Amy)” ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကားမှာ ၀ိုင်ယောက်စ်ရဲ့ မူးယစ်ဆေးဝါးစွဲလမ်းမှု ဆန့်ကျင်တိုက်ခိုက်မှုတွေကို ရိုက်ကူးထားခဲ့ပါတယ်။ ၀ိုင်ဟောက်စ်ရဲ့ စွဲလမ်းမှုတွေကြောင့်မိသားစုတစ်စုလုံး ရင်ဆိုင်ကြုံတွေရတဲ့ပြဿနာ၊ စိတ်ခံစားမှုတွေကို ရိုက်ကူးဖော်ပြထားတယ်။ မိခင် ဂျဲနစ်ကပြောပြတယ်။ “အဲဒါ ကျွန်မပြဿနာပါတဲ့။ မာမီကူညီနိုင်လို့လား" လို့ အေမီက မေးတယ်။ အေမီ့ကိုကြည့်ရတာ ထောင်ချောက်မိနေတဲ့ကလေးလိုပဲ။ သူရဲ့ ခန္ဓာကိုယ်က သူ့ကို ချုပ်နှောင်ထားတယ်။ ဆေးဝါးတွေပျော်ဝင်နေတဲ့ခန္ဓာကိုယ်က အေမီ့ကို ချုပ်နှောင်ထားတယ်။ အဲဒီအနှောင်အဖွဲ့က ဒီကလေးကို လွတ်စေချင်ပါတယ်။ အဲဒါကြောင့် “အေမီ့ကို လွတ်မြောက်စေခြင်း” ရုပ်ရှင်ကားကို ရိုက်ဖြစ်ကြပါတယ်”။ ။
(ရေးထားတာနည်းနည်းတောင်ကြာသွားပါပြီ။ သြဂုတ် လဆန်းပိုင်းလောက်ကတည်းက၊ စာအသစ်မရေးဖြစ်တာနဲ့ပဲ)
I died a hundred times !!!
I died a hundred times !!!
10 comments:
အေမီ လို့ရေးလိုက်တာနဲ့ သိလိုက်တယ်..။
တန်းကနဲ ရောက်လာတာပဲ..။
ဖတ်ရတာ မဝသေးဘူး ထပ် ပြန်ဖတ်မယ်.။
ကျေးဇူး..ဖြိုးဖြိုး..။
အာဘွား..။
ဖြိုးဖြိုးက သိပ်တော်တာပဲ..။
ရေးတာ အတော်ဖတ်လို့ကောင်းတယ်..။
အေမီအကြောင်း စိတ်ဝင်တစားဖတ်သွားပါတယ်
ရေးထားတာကောင်းလို့ ဖခင်ကိုချီးကျုးရမလိုပါပဲ၊
Saving Amy ကတော့ တစ်ခုခုလိုနေသလိုပါပဲ ကြည့်ရတာ။
အေမီ့သီချင်းတွေကို ကြိုက်တယ်။ Love is a losing game ကို သဘောကျတယ်။ သူတို့ဆီက အောင်မြင်တဲ့ အနုပညာရှင်တွေ အခုလို မူးယစ်ဆေးဝါး အရက်သေစာတွေကြောင့် ဆုံးပါးကုန်ကြတာ အရမ်းနှမြောမိတယ်။ မိုက်ကယ်ဂျက်ဆင်ဆိုလည်း မသေသင့်ဘဲ သေရတာ..။ အခု သူ့ဆရာဝန်တောင် တရားရင်ဆိုင်နေရပြီနော်..။
ညီမ ဖြိုးရေ
အေမီ အကြောင်းလေး တွေ စိတ်ဝင်တစား ဖတ်သွားတယ်
ကျေးဇူးနော် ညီမ
ရွှေစင်ဦး
အမလည်း အေမီဝိုင်ဟောက်စ် သီချင်းတွေကို ကြိုက်တယ်။ သူ့ရဲ့ အသံလုံးကြီးနဲ့ ဆိုဟန်၊ သူများနဲ့မတူတဲ့ ဝတ်စားဆင်ယင် ထုံးဖွဲ့ပုံတွေကိုလည်း ကြိုက်တယ်။ အနုပညာသမားတွေ မူးယစ်ဆေးဝါးကြောင့် ပျက်စီးဆုံးရှူံးသွားရင် သိပ်ဝမ်းနည်းတာပဲ။ ပြည်တွင်းပြည်ပ ဘယ်အနုပညာသည်မဆိုပေါ့....
ဒီလောက်အရှည်ကြီး အချက်အလက်တွေ စုံလင်စွာနဲ့ ရေးထားတာ တကယ်ချီးကျူးမိတယ်
အေမီကို အသံတော့ ကြိုက်ပေမဲ့ လူပုံစံကို ကြိုက်ဖူးရယ်.. ထူးထူးခြားခြား ဝတ်ဆင်တတ်ပုံချင်းတူရင် လေဒီဂါဂါကတော်သေးတယ်
ဒါပေမဲ့ သူ့အကြောင်းအသေးစိတ်သိရလို့ ချစ်တဲ့ ဖြိုးကို ကျေးဇူးအများကြီးတင်ပါတယ်နော်
သူမ ဖေဖေစိတ်ကို လေးစားမိတယ် မမဖြိုးရေ..။
စာထဲမှာမျောသွားတယ်ဘာသာပြန်တာအရမ်းတော်တာပဲ
အဲလိုရေးတတ်ချင်တာပါ...
ခင်တဲ့ jasmine
တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော်သေသေချာချာဖတ်သွားပါတယ်။ အမှန်အတိုင်းပြောရရင် အနောက်တိုင်းထက် ကျွန်တော်က တရုတ်သီချင်းတွေနားထောင်တာပိုများမယ်ထင်ပါတယ်။ အရင်တုန်းကပါ။ ခုတော့ မြန်မာသီချင်းတောင်မနည်း အချိန်လုနားထောင်နေရတဲ့ဘ၀ရောက်နေတယ်ဗျာ။
Post a Comment