မွေးနေ့ တစ်နေ့တော့ပြီးသွားပြန်ပါပြီ၊ အသက်တစ်နှစ်ကြီးပြန်ပြီပေါ့၊ ဘာတွေတိုးတက်လဲ ဘာတွေဆုတ်ယုတ်လဲ၊ အားလုံးက ဘုရားသခင် အလိုတော်အတိုင်းပါပဲ၊
မွေးနေ့ မတိုင်ခင် ၂ ရက်လောက်တည်းက မေမေက အွန်လိုင်းကနေ သူကိုယ်တိုင်လုပ်ထားတဲ့ကတ်လေး ပို့ပေးတယ်၊ မေမေက ပြောပါသေးတယ် ဒါ အစမ်းပို့တာနော် တကယ်ပို့မှာက မွေးနေ့ကျမှ ကြည့်တဲ့၊ မွေးနေ့ တွေမှာ ကျွန်မ ထွေထွေထူးထူးဘာမှ လုပ်လေ့မရှိပါဘူး၊ မာမားကတော့ မွေးနေ့မတိုင်ခင်တစ်ရက်လောက်တည်းက ကိတ်မုန့်ဖုတ် မလို့ ပြင်ပါတယ်၊ မီးဖိုထဲကကို မထွက်ပါဘူး၊ ဟေဇယ်နပ်(hazel nut)တွေကို ဘိတ်ကာထဲမှာလှော်တယ်၊ အနံ့ ကမွှေးနေတာပဲ၊ ကျွန်မက နတ်(nut) မှန်သမျှ အကုန်ကြိုက်တယ်၊ စားလို့ရတော့ မာမားကကျွန်မတို့ကို ယူစားဖို့ပြောပါတယ်၊ ဒါပေမဲ့ များများစားလို့ မရဘူး၊ ကိတ်မုန့် ဖုတ်မလို့ကိုး၊ ကျွန်မကတော့ လက်တစ်ဆုတ်လောက် ဗန်းကြီးထဲကနှိုက်ယူ တဂျွတ်ဂျွတ်နဲ့ ၀ါးတော့တာပဲ၊ မာမားက ပြောပါတယ်၊ "မွေးနေ့အတွက်လေ၊ ကိတ်မုန့်ဖုတ်ရမယ်"တဲ့၊ ကျွန်မက ရှက်တောင်ရှက်သွားတယ်၊ ကျွန်မအတွက် သီးသီးသန့်သန့်ကြီးဂရုစိုက်တာမျိုးတွေမကြိုက်ဘူး၊ မနေတတ်ဘူး၊ "မာမားကလဲ မလုပ်ပါနဲ့ အလုပ်ရှုပ်ပါတယ်"လို့ ကျွန်မက အားနာပါးနာပြောတော့ သူက မိန့်မိန့်ကြီးပြုံးပါတယ်၊ အလက်ဇ်ဇန်းဒါးက ၁ရက်နေ့ သူ့မွေးနေ့အတွက်လဲ ကိတ်မုန့်တစ်ခုထပ်လုပ်ဦးမယ်၊ ဗက်စ်နာ(သူ့ရဲ့ ချွေးမအကြီး)က လာမယ့် မတ် ၁၅ရက်နေ့၊ မွေးနေ့ကိတ်တွေလုပ်ဦးမှာပဲ”တဲ့၊ ဒါနဲ့ ကျွန်မလဲ မတားတော့ပါဘူး၊ ခပ်ပြုံးပြုံးလုပ်ပြီး ပခုံးပဲ တွန့်ပြလိုက်တော့တယ်၊ ဒီလောက်ကတော့ ကျွန်မ သူတို့လို့ အကျင့်ပါလာပြီ တွန့်တတ်လာပြီ၊ စကားပြောရင် လက်တွေ ရှုပ်တတ်လာပြီ၊ ရောက်ခါစကတော့ သူတို့စကားပြောတာနားထောင်ရရင် မျက်စိသိပ်နောက်တာပဲ၊ လက်တွေကလဲရှုပ်ရှက်ခတ်လို့၊ မျက်ခုံးမျက်လုံးတွေလဲ တွန့်၊ ပခုံးကလဲ ခဏခဏတွန့်၊ တော်တော်တွန့်နိုင်တဲ့သူတွေပါပဲ၊
ဒါပေမဲ့ ကျွန်မ တခါတခါ အိမ်သိပ်လွမ်းတယ်၊ တခါတခါမဟုတ်ပါဘူး၊ အချိန်တိုင်းပဲ ရန်ကုန်ကိုသတိရတယ်၊ အလုပ်ကသူငယ်ချင်းတွေ၊ အထူးသဖြင့် မေမေ့ကို၊ ရုံးဆင်းရင် ၀ရံတာက စောင့်စောင့်နေတတ်တဲ့ မေမေ့ကိုသတိရတယ်၊ မေမေက မိုးရွာလဲ ၀ရံတာကထွက်ထွက်ရပ်နေတတ်တယ်၊ ကျွန်မက ရုံးက ပြန်လာ မေမေကြိုက်တတ်တဲ့ မြေပဲပြုတ်လေး ပြောင်းဖူးပြုတ်လေး ၀ယ်လာ အိမ်ရောက်လို့ မေမေ့လက်ထဲ မုန့်ထုတ်တခုခုထည့်ပေးလိုက်ရ ကျွန်မသိပ်ပျော်တာ၊ မေမေကလဲ အထုတ်လေးဖြည် မြေပဲပြုတ်ဆို ချက်ချင်းထိုင်ပြီးခွာစားတော့တာပဲ၊ ပန်းကန်ထဲတောင် မထည့်ဘူး၊ အဲဒီလို မြင်ရတာ ကျွန်မကလဲ သိပ်သဘောကျတယ်၊ ပြောင်းဖူးပြုတ်ဆိုလဲ ကျွန်မ အမကသိပ်ကြိုက်တာ၊ ရေခဲမုန့်လဲ မေမေက ကြိုက်တယ်၊ ဖေဖေပါရန်ကုန်အိမ်မှာ ရှိရင် မေမေ့အတွက် ဒူးရင်းရေခဲမုန့်၊ ဖေဖေ့အတွက် က စထရော်ဘယ်ရီ အဲဒီဗူးလေးတွေဝယ်သွားဖြစ်တယ်၊ လူကြီးတွေက ကလေးတွေလိုပဲ သိပ်ချစ်ဖို့ကောင်းတယ်၊
ရုံးပိတ်ရက်တွေဆိုလဲ ကျွန်မက အပြင်ထွက်ခဲပါတယ်၊ ကျွန်မ အမခိုင်းတဲ့ စာတွေထိုင်ရေးနေတာ၊ မေမေကလဲ တစ်နေရာ သူ့ဘာသာ စာထိုင်ရေးလို့၊ အဲဒီအချိန်တွေဆို မေမေက ကော်ဖီခွက်လေး အနားလာချ၊ လဘက်တစ်ပုံစီပုံထားတဲ့ပန်းကန်လေး လာချပေးတတ်တယ်၊ ကျွန်မကလည်း ကော်ဖီသောက်လိုက် လဘက်စားလိုက် စာရေးလိုက် အဲဒီလိုပဲ ရုံးပိတ်ရက်တွေကုန်ခဲ့တာ၊ တခါတခါ ကျွန်မက ဘာရယ်မဟုတ် ပါးစပ်က ... စားချင်လိုက်တာလို့ လွှတ်ကနဲ့ ပြောလိုက်မိရင် ကျွန်မက ကိုယ့်ဘာသာမေ့လို့ မေမေက တော့ အောက်ကိုဆင်းပြီး မုန့်ဆိုင်ကသွားဝယ်တော့တာ၊ ရုံးသွားမယ့်မနက်တွေဆို ကျွန်မ ဟင်းလဲ မချက်ရပါပဲနဲ့ အလှပြင်တာနဲ့ ဟိုပြေးဒီပြေး ၀ုန်းဒိုင်းကြဲနေတာပါပဲ၊ မေမေက မိုင်လိုတခွက် အမြဲဖျော်ပေးထားတတ်တယ်၊ အဲဒါကိုတောင် ကျွန်မက မသောက်ဖြစ်ပဲ မေ့ကျန်ခဲ့တာ အခါခါ၊ မေမေကလဲ ကျွန်မကိုတော့ အချစ်ပိုလားတော့မသိပါဘူး၊ (ကိုယ်ထင်ရာဆွဲပြောတာလဲဖြစ်မှာ)၊ ကျွန်မက နားအေးပါးအေးနေတတ်တယ်၊ တော်ရုံတန်ရုံ လူကြီးတွေကို အတိုက်အခံမပြောဘူး၊ ပစိပစပ်မများဘူးထင်တယ်၊ မေမေဘာလုပ်လုပ် ကျွန်မက လုပ်ပဲ၊ ကျွန်မမျက်စိထဲ မေမေက တော်တော်ချစ်ဖို့ကောင်းနေတာကိုး၊ ရေချိုးပြီးကာစ နံသာဖြူသနပ်ခါးလေး ကျိုးတိုးကျဲတဲပွတ်၊ မျက်ခုံးပေါ်မှာပဲ သနပ်ခါးက များများ၊ မေမေက သူ့ဆံပင်တိုလေးကို လက်နဲ့သပ်တင် ဆံလုံးသေးပြီး နွယ်တဲ့မေမေ့ဆံပင်လေးတွေ မျက်နှာရှေ့ ဟိုဟိုဒီဒီ ၀ဲကျလို့၊ အဲဒီ သနပ်ခါးနံ့လေးကို ကျွန်မသိပ်ကြိုက်တာ၊ မေမေ့မျက်နှာမှာ သနပ်ခါးရှိနေရင် ကျွန်မသိပ်သဘောကျတာပဲ၊ မေမေ့ဆီက ရတဲ့ အဲ့ဒီ သနပ်ခါးနံ့ သိပ်ချစ်တာ၊
ကျွန်မ ငယ်ငယ် ခြောက်တန်းလောက်တုန်းက အဖြစ်ကို ခုထိသတိရနေတုန်းပဲ၊ နယ်ကလူတွေရဲ့ဓလေ့ပေါ့၊ ကျွန်မတို့ဘေးအိမ်နဲ့ ဟင်းတွေအပြန်အလှန်ပို့ပေးကြတယ်၊ သူတို့ကလာပေးလိုက် မေမေက ပေးခိုင်းလိုက်နဲ့၊ တရက် ဘေးအိမ်မှာ အိမ်ကပန်းကန်တွေအများကြီးပဲ၊ ကျွန်မအဲဒီအိမ်သွားရင်းအပြန်တော့ ကျွန်မကို ပန်းကန်တွေပြန်ပေးလိုက်တယ်၊ ကျွန်မလဲ ပန်းကန်တွေတစ်ထပ်ကြီးကိုင်လာ လမ်းမှာပဲ အကုန်ကျကွဲကုန်ရော၊ ကျွန်မက ကြောက်လို့ မေမေ့ကို တော်တော်နဲ့ ပြန်မပြောဘူး၊ အဲဒီနေ့မှာပါပဲ ကျွန်မ မေမေ့ကို အရဲစွန့်ပြီး “မေမေ ပန်းကန်တွေအကုန်ကျကွဲကုန်ပြီ်” လို့ ပြောပြလိုက်တယ်၊ ကျွန်မထင်ထားတာက မေမေကဆူတော့မှာပဲ လို့၊ မေမေ က “ဟုတ်လား၊ ကွဲကုန်ရောလား” လို့ ပြုံးပြီးမေးတယ်၊ မေမေ့မျက်နှာကပြုံးနေတာပဲ၊ မေမေက အဲလို သိပ်ချစ်ဖို့ကောင်းပါတယ်၊
ကျွန်မက မေမေဂရုစိုက်တာတော်တော်ခံရသလို၊ အဲဒီကံတော့ ပါလားသလားပဲ၊ ဒီမှာလဲ ယောက္ခမနဲ့ အမျိုးသားက ရန်ကုန်မှာတုန်းကလို မေမေ့လိုပဲ၊ ကျွန်မ ဖျားနေတုန်းက ဆေးသောက်ရမယ့် အချိန်ဆို “ဖြိုးဖြိုးရေ၊ ဆေးသောက်ရမယ်”ဆိုပြီး အသံထွက်လာတော့တာ၊ ကျွန်မကတော့ မေ့တုန်းပဲ၊ ကိုယ်သောက်ရမယ့်ဆေးတောင်မေ့တာ၊ အသီးအနှံများများစားဖို့ တချိန်လုံးသတိပေးနေရတယ်၊ တာတာ(အဖေ)ဆို လိမ္မော်သီးအခွံခွာပြီးလာလာပေးတယ်၊ အဲဒါမှပဲ ကျွန်မက စားဖြစ်တော့တယ်၊ ဒီကလူကြီးတွေက သူတို့အတွက် ဘာမှလဲ လုပ်ပေးစရာမလိုဘူး၊ သူတို့ဘာသာ ပဲ အကုန်လုပ်နေကြတာပဲ၊ ကျွန်မကလည်း လူတွေကို တော်တော်ချစ်တတ်ပါတယ်၊ လူတွေရဲ့ မကောင်းတာကိုသိပ်မမြင်တတ်ဘူး၊ အဲဒါကြောင့်လို့ထင်မိတယ်၊ ကျွန်မရဲ့ခြေလှမ်းတိုင်းမှာ အခက်အခဲတွေတွေ့ရပေမဲ့ လူဆိုးတွေတော့ သိပ်မတွေ့ခဲ့ရဘူး၊ စိတ်ဓါတ်တွေအရမ်းကျနေတဲ့အချိန် အားပေးမယ့် အမျိုးသားရှိတယ်၊ ပြီးတော့ သူကိုယ်တိုင်တော့ စိတ်ပျော့တယ်လို့ ပြောဖူးတဲ့ သူငယ်ချင်းကလည်း အားပေးတဲ့နေရာမှာ အင်မတန်တော်တယ်၊ စကားလုံးအမျိုးစုံနဲ့ အားပေးတတ်တယ် တကယ့်ကိုချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းပါ၊ သူငယ်ချင်းကဂျီတော့ခ်ကနေ အားပေးစကားတွေပြောမှပဲ ပြန်ပြီးရယ်နိုင်ပြုံးနိုင်နောက်နိုင်ပြောင်နိုင်ဖြစ်လာတဲ့အချိန်တွေ လည်းမနည်းဘူး၊ အဲဒီသူငယ်ချင်းက ပြောသေးတယ် သူများသာ အားပေးတတ်တာ ကိုယ့်ဘာသာကျတော့ အားကိုမရှိတာတဲ့၊ (သူကနာမည်ထည့်မရေးရဘူးလို့ ဆင်ဆာဖြတ်လို့ သူငယ်ချင်းလို့ပဲ ပြင်ထားလိုက်ရတယ်)
၂၈ ရက်နေ့မွေးနေ့ မတိုင်ခင်ကတည်းက မေမေ့မှာအလုပ်တွေရှုပ်လို့ အစမ်းလုပ်ထားတဲ့ မွေးနေ့ကတ်လေးကို အရင်ပို့သေးတယ်၊ ကျွန်မက မုန့်ဟင်းခါးစားချင်တယ် လဘက်စားချင်တယ်ဆိုလို့ နေပြည်တော်က စာတိုက်ကြီးကနေ ပစ္စည်းပို့ဖို့ စုံစမ်းတာ ၁သိန်းခြောက်သောင်းတဲ့ ပွဲစားတွေက၊ မေမေကတော့ စိတ်မကောင်းတွေဖြစ်လို့၊ ပစ္စည်းပို့ချင်လို့တဲ့ ဈေးတွေဒီလောက်ကြီးနေတာ မတန်မှမတန်ပဲ၊ ကျွန်မက လဲ ပြန်ပြောရတယ် မပို့ပါနဲ့လို့၊ ကျွန်မက တကယ်တမ်းပြောသာပြောတာ အစားအသောက်လဲ ဂျီးမများတတ်ပါဘူး၊ စားလိုက်တာပဲ၊ မွေးနေ့ရောက်တော့ မေမေ ဂျီတောခ့်မှာ ရောက်လာပြန်တယ်၊ မေမေက ဆုတွေပေးရှာတယ်၊ ကျွန်မက “လိပ်ပုကို မွေးပေးလို့ ကျေးဇူးတင်ပါတယ်၊ ဒီကပဲ ကန်တော့ပါတယ်” ဆိုတော့ မေမေက ok တဲ့ .. ကျန်းမာရေးဂရုစိုက်နော်ဆိုတော့ Thank you တဲ့ မေမေက အဲလို .. ခပ်ပြတ်ပြတ်နဲ့ ယောက်ျားလေးလိုပဲ၊ အဲလိုချစ်ဖို့ကောင်းတာ၊
(ကျွန်မက အရပ်ပုပြီး နေရာတကာနောက်ကျတတ်လို့ အမ က လိပ်ပုလို့နာမည်ပြောင်ပေးထားတယ်)၊
မွေးနေ့မနက်ကျွန်မမျက်နှာသစ်ရေချိုး မာမားကို ဒေါ်ဘရောယူးသရော့(good morning) လို့နှုတ်ဆက်တာနဲ့ မွေးနေ့ကစ်လုပ်ကြတော့တယ်၊ တာတာကလဲ အနားရောက်လာရော၊ တာတာက နားရွက်နှစ်ဘက်အပေါ်လေးကိုထောင်ပြီး ခပ်ဖွဖွဆွဲတယ်၊ ကလေးတွေကိုလဲ အဲလိုလုပ်ပေးကြတယ်၊ ကျန်းမာတယ်လို့ အယူရှိကြတယ်တဲ့၊ မွေးနေ့ညနေရောက်တော့ နဲ့နတ်ရဲ့ အကိုမိသားစုရောက်လာကြတယ် တူလေးရယ် တူမလေးရယ်၊ မာမာ လုပ်ထားတဲ့ ကိတ်မုန့်ကြီးမိသားစုတွေ စားကြရင်း ရန်ကုန်မှာ ကျွန်မရဲ့ မွေးနေ့ တွေ ဘယ်လိုကျင်းပလဲတဲ့ စပ်စုကြတယ်၊ ကျွန်မကလဲ ပြောပြတယ် “ဘာမှ ထွေထွေမလုပ်ပါဘူး၊ မေမေ့ကိုကန်တော့ဖို့ ရုံးအဆင်း ကိတ်မုန့်ဆိုင်က၀ယ်သွားတယ်၊ စာအိတ်လေးထဲ ပိုက်ဆံတတ်နိုင်သလောက်ထည့်ပြီးကန်တော့တယ်၊ သူငယ်ချင်းတွေကို မုန့်ကျွေးတယ်၊ သူငယ်ချင်းတွေက လက်ဆောင်ပစ္စည်းတွေပြန်ပေးကြတယ်၊ ဘုန်းကြီးကို တတ်နိုင်သလောက်လေး လှူတယ်၊ သူငယ်ချင်းတွေနဲ့ ဘုရားသွားဖြစ်ရင် သွားဖြစ်တယ်" လို့ ပြောပြတော့ သူတို့ အားလုံး စိတ်ဝင်တစား နားထောင်နေကြတယ်၊ အံ့သြကြတယ်၊ ဘဲလ်ဂရိတ်မှာတော့ လုံးဝမတူဘူးတဲ့ မွေးနေ့ရှင်က ဘာမှ ကုန်စရာမလိုဘူးတဲ့၊ မာမားက လောကတ်လေး ဘုံကျောင်းလိုပုံစံလေး လက်ဆောင်ပေးတယ်၊ နာနတ်သီးကတော့ အလှပြင်ပစ္စည်းတို့တို့တိတိတွေ ၀ယ်ပေးပါတယ်၊ မာမားက ပန်းစည်း၊ နာနတ်သီးက နှင်းဆီ တပွင့်၊ ဒီလောက်ပါပဲ၊ မွေးနေ့ဆုတောင်းပေးကြတဲ့ သူငယ်ချင်းတွေအားလုံးကိုလဲ ပြန်ပြီးဆုတောင်းပေးပါတယ်၊ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေပေါ့၊ အလုပ်တွေရှုပ်နေကြတဲ့ သူငယ်ချင်းအားလုံးကိုလဲ ဆုတောင်းပေးပါတယ်၊ မေမေ့ကိုလည်း အမြဲချစ်လျှက် သတိရလျှက်၊ မေမေလဲ ကျန်းမာချမ်းသာစေဖို့ ဆုတောင်းပေးလျှက်ပါ၊ ကမ္ဘာကြီးထဲက မေမေတိုင်းလဲ ကျန်းမာချမ်းသာစေဖို့ ဆုတောင်းပေးလျှက် ...
သားသမီးတွေ အချစ်ကြီးတဲ့ မေမေ့ကိုသတိရပြီး ဟိုရောက် ဒီရောက်ရေးဖြစ်တဲ့စာတစ်ပုဒ်ပေါ့၊
ချစ်တဲ့မေမေနဲ့ မေမေတိုင်းအတွက် ....
5 comments:
ဖြိုးရေ..
မာမားပေးတဲ့ကိတ်ကြီး..ပုံရိုက်ပြီးတင်လေဟယ်..
ပေါက်
ဟုတ်ပါရဲ့ .. မရိုက်လိုက်ရဘူး ကုန်ပြီ
မျက်ရည်လည်အောင် ကြည်နူးမိတယ် ဖြိုးဖြိုးရေ
ံHappy Birthday
နာနတ်သီးတဲ့ အဟိ
ဖတ်လို့ကောင်းပါတယ်...တို့လည်း ရန်ကုန်က တို့မေမေ့ကိုရော ဖေဖေ့ကိုပါ သတိရမိပါတယ်...ငိုတောင်ငိုချင်သွားတယ်။
မွေးနေ့ဆုတောင်းက နောက်ကျသွားတယ် အခုမှ ဖတ်မိသွားလို့ပါနော်
happy birthday ပါ
ကျနော့် မေမေ မွေးနေ့က မတ်လ ၅ ရက် တရက်ဘဲ ကွာတယ် မှတ်မိနေမှာပါ
ခင်တဲ့
ရွှေစင်
Post a Comment