Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, April 17, 2011

သူ့အကြိုက် ပုံတူ

ပုံတူ ရေးဆွဲပေးဖို့ ပန်းချီဆရာ အိမ်တစ်အိမ်ရှေ့ကိုရောက်နေပါပြီ။ ခြံတံခါးနိမ့်နိမ့်လေးရှေ့ခြေအစုံရပ်လိုက်တာနဲ့ အနက်ရောင် ခွေးတစ်ကောင် အလောတကြီးပြေးလာပြီး အာခေါင်ဖြဲဟောင်ပါတော့တယ်။ ပန်းချီဆရာ ခြေလှမ်းတွေ နောက်ပြန်ဆုတ်လိုက်မိသေးရဲ့၊ ခွေးကဖြင့် ခြံထဲမှာပဲ၊ ခြံထဲမှာတောင်မှ ညာဘက်ခြမ်းက ခြံဝန်းလေးထဲမှာ၊ အပြင်ထွက်လို့ မရလေ ဒေါသတကြီး အသံကိုမြှင့်ပြီး ဟောင်လေနဲ့ပေါ့၊  ခွေးက သူ့ရဲ့အမြီးကိုတော့ တလှုပ်လှုပ်ခါယမ်းလို့၊ မိတ်ဆွေလား ရန်သူလား စူးစမ်းနေဟန်တူရဲ့၊ အိမ်ထဲက မိန်းကလေးတစ်ယောက် လှစ်ကနဲ အိမ်အပြင်ရောက်လာတယ်။ ငုဝါရောင်ဂျာကင်တိုကပ်ကပ်အောက်မှာ အစိမ်းနုရောင်တီရှပ်လေးက ဟိုတစ်စ ဒီတစ်စထွက်လို့၊ ဂျင်းဘောင်းဘီအနက်ကျပ်ကျပ်၊ ခြေတံသွယ်သွယ်နဲ့မိန်းကလေး၊ အနက်ရောင် ဆံပင်ပျော့ပျော့ဖားဖားတွေ ၀ဲကနဲခါပြီး ခြံတံခါးဆီရောက်လာခဲ့တယ်။
“အချိန်တိကျလိုက်တာရှင် ညနေ ငါးနာရီတိတိပဲ”
“----”
ပန်းချီဆရာတစ်ခုခုပြန်ပြောဖို့ ပါးစပ်ပြင်တုန်းမှာပဲ ...
“လာပါရှင် အိမ်ထဲကို၊ အဖေတို့ လည်းရှိကြတယ်။ မောင်လေးကတော့ ရုံးဖွင့်ရက်ဆိုတော့ မြို့ကို မနက်အစောကြီးကပဲ ဘတ်စ်ကားနဲ့သွားပြီ။ လာ လာ၊ ညီမလေးရေ .. ညီမလေး”
ပြောပြောဆိုဆိုနဲ့ မိန်းကလေးက သူ့ရဲ့ညီမလေးတဲ့ လှမ်းခေါ်ပါတယ်။ ပန်းချီဆရာသိတာက ဒီကလေးမမှာ မောင်ငယ်တစ်ယောက်ပဲရှိတာပဲ၊ မိန်းကလေးက ဟိုဒီ စောင်းငဲ့ကြည့်တယ်။ အနီးအနားက အပင်အုပ်အုပ်လေးအောက်မှာ မီးခိုရောင်ကြောင်တစ်ကောင် “အင်” လို့ ချွဲချွဲနွဲ့နွဲ့ပြန်ထူးပါတယ်။ အော် ... မိန်းကလေးရဲ့ ညီမလေးဆိုတာ သူပဲကိုး၊ မီးခိုးရောင်ကြောင်က မီးခိုးရောင် မျက်လုံးတွေနဲ့ ကဗျာဆရာကို စိုက်ကြည့်ပါတယ်။

“ရှင် ကြောင်ချစ်တတ်သလားပဲ၊ ကျွန်မရဲ့ညီမလေးလေ၊ ကျွန်မက ညီမလေးလို့ပဲခေါ်တယ်”

“ကြောင်လား၊ မချစ်ဘူးထင်တာပဲ၊ ခွေးတွေလည်းမချစ်ဘူး၊ ခွေးတွေကလည်း ကျွန်တော့်ကိုမကြိုက်ကြဘူး။ ဟောဟိုဘက်ခြံက ခွေးတောင် ကျွန်တော့်ကို လှမ်းဟောင်နေတာ ကြည့်ပါလား”

“ခစ်ခစ် .. အဲဒါ ကျွန်မတို့ခွေးပဲ အဲဒီဘက်က အသီးအနှံတွေစိုက်ထားတဲ့ခြံလေ၊ ဘရောင်းကို ခြံစောင့်အဲဒီဘက်မှာထားတယ်။ ညနေဆို ကျွန်မတို့ သူ့ကို ကြိုးဖြည်ပေးထားတယ်။ တစ်နေကုန်တော့ သူ့အိမ်လေးနားမှာပဲ ကြိုးချည်ထားတာပေါ့ရှင်”

“ဟင် တစ်နေကုန် ချည်ထားတယ်”

ပန်းချီဆရာက စိတ်ထဲကနေလည်း အပြစ်တင်လိုက်ပါတယ်။ မိန်းကလေးရေ မင့်ကို ကြိုးနဲ့ ချည်ထားရင် ကြိုက်မလားကွဲ့၊ တစ်နေကုန် မင်းလေး အိမ်ထဲမှာနေ ... နေရမယ်လေ၊ ကဲ .. ဘယ်လိုလဲ။

“တစ်နေကုန်ချည်ထားရတာပေါ့ရှင်၊ ကျွန်မတို့ သူ့ကို လိုက်စောင့်ကြည့်မနေနိုင်ဘူး။ တစ်ယောက်မှ မအားကြဘူးလေ၊ တစ်ယောက်ယောက်ကို ဘရောင်းကသွားကိုက်ရင် ဘယ်လိုလုပ်မလဲ၊ တရားစွဲခံနေရဦးမယ်၊ အလျော်တောင်းမယ်၊ တနင့်တပိုးကြီးပေးရမှာရှင်၊ ပြီးတော့ ခြံစောင့်ပေးဖို့ အလုပ်က သူ့ရဲ့အလုပ်ပဲလေ၊ တနေကုန် သူ့အိမ်လေးထဲပဲ နေရတော့ ညကျတော့ လွှတ်လိုက်တာနဲ့ သူက ပိုဟောင်ရောပဲ၊ လူစိမ်းအရိပ်လေးမတွေ့လိုက်နဲ့၊ တွေ့တာနဲ့ သူက အားကုန်ဟောင်တော့တာပဲ၊ ညကျရင် ကျွန်မတို့အတွက် စိတ်ချရတာပေါ့၊ ဒါကြောင့် သူက ရှင့်ကို ဟောင်တာပါရှင်၊ ရှင့်ကို မကြိုက်လို့တော့ မဟုတ်လောက်ပါဘူး၊ ခစ် ခစ်”

မိန်းကလေးက စကားတွေ သွက်သွက်ပြောပြီး အသံလွင်လွင်လေးနဲ့ ရယ်လိုက်ပါတယ်။

ပန်းချီဆရာ စိတ်ထဲမတွေ့လှပေမဲ့ သူမတတ်နိုင်တဲ့ကိစ္စမို့ ဥပေက္ခာပြုလိုက်ပါတယ်။ မိန်းကလေးရဲ့ အသံလွင်လွင်လေးထဲကိုပဲ စီးမြောကြည့်လိုက်တယ်။ မိန်းကလေးရဲ့ မျက်လုံး၊ နှာတံ၊ မေးစေ့နဲ့ မျက်နှာကျအားလုံးကို စိတ်မှန်းနဲ့ ပုံတူ စပြီးရေးကြည့်ပါတယ်။ သူတို့ ဧည်ခန်းထဲမှာ ထိုင်ကြတော့ မိန်းကလေးရဲ့ အဖေ၊ အမေတွေက အသီးသီး နှုတ်ဆက်စကားဆိုကြတယ်၊  နဂိုက မကျယ်တဲ့ ဧည့်ခန်းထဲမှာ အလုအယက်နှုတ်ဆက်တဲ့ စကားလုံးတွေနဲ့ပါ ပြည့်ကျပ်ကုန်ပါတယ်။ မိန်းကလေးရဲ့ မျက်နှာကျက အမေနဲ့တူနေတယ်။ မေးရိုးနည်းနည်းလေး ဘေးကို ကားထွက်နေသယောင်ယောင်၊ ပြီးတော့ မျက်ခုံး၊ မျက်ခုံးတွေက အမေ့ရဲ့ မျက်ခုံးတွေအတိုင်းပဲ၊ မျက်ခုံးအစမှာ ခပ်စိုက်စိုက်နဲ့ ပြီးတော့ဒေါင့်ချိုး အပေါ်ကိုကွေးတက်သွားတဲ့မျက်ခုံးမျိုးပေါ့၊ အမေက မပြုမပြင်ပဲထားဟန်တူရဲ့ မျက်ခုံးထူထူနှစ်ခုက မျက်နှာမှာ အထင်းသားမြင်နေရတယ်။ မိန်းကလေးကတော့ ပိုပြီး ပင့်တင်ကာ သေးသေးသွယ်သွယ်ဖြစ်အောင် ပုံဖော်ထားလေတယ်။ နှာတံ၊ နှုတ်ခမ်းနဲ့ မေးစေ့ကတော့ မိန်းကလေးရဲ့အဖေအတိုင်းပါပဲ၊ အတူဆုံးက မေးစေ့၊ မေးစေ့ရဲ့အလယ်မှာ ခွက်ပြီးချိုင့်ဝင်နေပုံက မိန်းကလေးကို စွဲဆောင်မှုရှိအောင်ဖန်တီးထားသလိုလို၊ ပန်းချီဆရာရဲ့ မျက်လုံးထဲ မေးစေ့နှစ်ခွနဲ့ အမေရိကန်မင်းသား ဂျွန်ထရာဗိုလ်တာကိုမြင်မိသေးတယ်။ မိန်းကလေးက သိပ်အချောအလှကြီး မဟုတ်ပေမဲ့ အားလုံးခြုံကြည့်ရရင်တော့ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးမျိုးတော့ ဖြစ်နေပါတယ်။

“ရှင် ကော်ဖီသောက်မလား၊ လဘက်ရည်လား”

“ဗျာ .. ကော်ဖီပေါ့”

“နွားနို့ထည့်မလားပဲ၊ သကြားဘယ်နှစ်ဇွန်းလဲရှင်”

“ထည့်မယ်၊ ကော်ဖီတစ်ဝက်၊ နွားနို့တစ်ဝက်၊ သကြားက တစ်ဇွန်းလောက်”

မိန်းကလေးက မေးခဲ့ပေမဲ့ ပန်းချီဆရာဖြေလည်းဖြေပြီးရော မိန်းကလေးအမေက ကော်ဖီနှပ်ဖို့ ထသွားပါတယ်။ မိန်းကလေးအဖေက စကားတွေအများကြီးပဲ ပြောတယ်။ မိန်းကလေးဟာ မြို့မှာ စိုက်ပျိုးရေးဘွဲ့ရခဲ့ပြီးပေမဲ့ အလုပ်ရှာနေဆဲပဲတဲ့၊ အသီးအနှံအပင်တွေကလွဲလို့ ဘာမှထူးထူးခြားခြားမရှိတဲ့ ရွာလေးကို မိန်းကလေးက စိတ်ကုန်နေတယ်၊  မြို့ကြီးက အလုပ်တစ်ခုခုရဖို့ မိန်းကလေး နေ့တိုင်း စောင့်မျှော်နေရှာတယ်။ အလုပ်ခေါ်စာတွေကို အမြဲစူးစမ်းနေတယ်။ အလုပ်တွေတစ်ခုပြီးတစ်ခုလျှောက်နေသတဲ့၊ ဒီရွာလေးက ဒီအိမ်လေးထဲမှာ တစ်ရက်ကလေးမှ မနေချင်ရှာဘူး၊ ဒီရွာလေးက ဒီအိမ်လေးထဲမှာ မိန်းကလေး သိပ်ကို ပျင်းရိနေခဲ့သတဲ့၊ မိန်းကလေးအဖေက မိန်းကလေးရဲ့အကြောင်း တစ်ဘ၀လုံးစာ သိသွားရတော့မလောက်အောင်ပဲ တခဏလေးအတွင်းမှာကို စုံစုံစေ့စေ့ပြောပြပါတယ်။

“ဟုတ်ကဲ့၊ ကျွန်တော်တို့ အလုပ်စကြရအောင်လား၊ အခုအချိန်မှာမှ မစရင် မှောင်သွားတော့မယ်၊ ကျွန်တော့်အတွက် နေရောင်မရှိရင် ပုံတူဆွဲရတာ အဆင်မပြေဘူးဗျ”
ပန်းချီဆရာ နားထဲ စကားတွေပြည့်လာတော့ ခေါင်းထဲမူးဝေလာပြီ၊ သူ ပုံတူဆွဲဖို့ လာခဲ့တာလေ၊
အဲဒီတော့မှ မိန်းကလေးက အလောတကြီး မေးပါတယ်၊

“ဟုတ်ပါ့ရဲ့၊ ကျွန်မ ဘယ်နေရာမှာ ....”
 
ပန်းချီဆရာက နေရောင်လင်းလင်းထင်းထင်းရနေတဲ့ တံခါးပေါက်ဘေးနားက ခုံမှာပဲ ဘေးတစောင်းအနေအထားနဲ့ ထိုင်ဖို့ပြောလိုက်ပါတယ်။

“ကျွန်တော်နဲ့ တည့်တည့်ကြီးထိုင်နေဖို့မလိုဘူး၊ ကျွန်တော် က ဒီနေရာမှာပဲထိုင်မယ်”

မိန်းကလေးရဲ့ ပုံတူအတွက် pastel နဲ့ပဲ ဆွဲဖို့ ပန်းချီဆရာပြင်ဆင်ခဲ့ပါတယ်။ ဆီဆေးနဲ့ဆွဲရင်တော့ ပိုပြီးအသေးစိတ် တိတိကျကျရှိပေမဲ့ ဒီမိန်းကလေးအတွက်က မလိုအပ်ဘူး၊ မိန်းကလေးက အမှတ်တရ သိမ်းထားချင်တာလောက်ပဲ၊ ကတ်ဘူးထဲက pastel ချောင်းတွေ ထုတ်ယူလိုက်တော့၊ မိန်းကလေးက စွေ့ကနဲ ပန်းချီဆရာအနားရောက်လာပါတယ်။

“ကျွန်မ ကြည့်ချင်လို့၊ ဘယ်လိုပါလိမ့်”

“-----”

“ကျွန်မ ခြစ်ကြည့်မယ်နော်၊ နည်းနည်းပဲ၊ ကျွန်မ ပုံဆွဲဖို့ဝါသနာပါတယ်ရှင့်”

“-----”
မိန်းကလေးက အစိမ်းနုရောင် pastel တစ်ချောင်းကိုယူပြီး သူ့လက်ဖ၀ါးမှာ ရေးခြစ်ကြည့်တယ်။ ပြီးတော့ လက်ဖ၀ါးမှာ ထင်လာတဲ့ ဆေးရောင်ကို ကြည့်ပြီး သဘောကျစွာ ပြုံးရယ်ပြန်တယ်။

“နေရာမှာပြန်ထိုင်ပါဗျာ၊ ပုံတူ ဆွဲမလို့”

“ဟုတ်ကဲ့ပါရှင်၊ ကျွန်မ လှုပ်ရှားလို့ မရဘူးလား၊ ဘယ်လောက်ကြာမှာလဲ”

“လှုပ်ရှားလို့ရတာပေါ့၊ ခင်ဗျား ကော်ဖီသောက်လို့ရတယ်၊ ကိတ်မုန့်စားလို့ရတယ်၊ နာရီဝက်၊ အလွန်ဆုံး ၄၅ မိနစ်ပဲ၊ အဲ ခင်ဗျားထိုင်ခုံမှာပဲပေါ့၊ အခုလို ခုံကနေ ထမပြေးတာတော့ ပိုကောင်းတာပေါ့ဗျာ”

ပန်းချီဆရာ နောက်ပြောင်လိုက်တော့ မိန်းကလေးက ခစ်ကနဲ ရယ်လိုက်ပါတယ်။ ပုံတူဆွဲခံရမယ့်သူက စိတ်ပျော်ရွှင်ပေါ့ပါးနေရင် ပိုကောင်းမယ်လို့ ပန်းချီဆရာက ယူဆပါတယ်။ မျက်လုံးတွေကပါ ရယ်မောနေရင် ပိုကောင်းဦးမယ်၊ ဒီမိန်းကလေးရဲ့ မျက်နှာက တကယ်တမ်းဆို မာကျောတဲ့ မျက်နှာမျိုးပဲ၊ နူးညံ့မှုတွေ သူ့မျက်နှာမှာ ရှားပါးနေတယ်။ နှုတ်ခမ်းတွေက ပြုံးရယ်လိုက်သည့်တိုင်အောင် မျက်လုံးတွေက အေးစက်နေဆဲပဲ၊ ပြုံးရယ်လိုက်တဲ့ နှုတ်ခမ်းတွေကတောင် ခပ်မဲ့မဲ့ဖြစ်သွားတတ်သေးတယ်။ မိန်းကလေးမျက်လုံးတွေရဲ့အလိုမကျမှုတွေက သူ့အပြုံးအရယ်တွေကို ဖုံးကာနေတယ်။

ပန်းချီဆရာ စက္ကူပြားကြီးကို ဖိုင်ထဲက ဆွဲထုတ်ပြီး အသင့်ယူလာတဲ့ ကတ်ထူပြားကြီးပေါ်မှာတင်ပါတယ်။ စက္ကူပြားကို မလှုပ်အောင် ကတ်ထူပြားမှာ ကလစ်နဲ့ညှပ်လိုက်တယ်။ ပန်းချီဆရာ ပုံတူဆွဲဖို့ စပြီဆိုတာနဲ့ မိန်းကလေးရဲ့ အမေက ပန်းချီဆရာအနားကို ရောက်လာလိုက်ပြီ၊ လက်ထဲမှာ ကော်ဖီခွက်နဲ့ သကြားပုလင်းလေးကိုင်လို့ ခုံတစ်ခုံဆွဲလာပြီး ပန်းချီဆရာဘေးမှာ ချထားပါတယ်။ ကိတ်မုန့်တစ်ပန်းကန်လည်း ယူလာခဲ့တယ်။ ပြီးတော့ ပန်းချီဆရာရဲ့ဘေးနားမှာ လာထိုင်တယ်။ ဘာဆေးရောင်မှ မတင်ရသေးတဲ့ စက္ကူပြားကြီးကို သေသေချာချာစိုက်ကြည့်နေပါပြီ။

ပန်းချီဆရာက အုတ်ခဲရောင် pastel ချောင်းနဲ့ ပုံတူစပြီး ဆွဲတယ်။ ဘေးတစောင်းအနေအထားကဆိုတော့ မျက်နှာကျကိုပဲ အရင် ဆွဲတယ်။ ရှေ့တည့်တည့်အနေအထားကဆိုရင်တော့ မျက်လုံး၊ နှာတံ၊ ပါးစပ်တွေကို စပြီးဆွဲပါတယ်။ အရင်ကတော့ ပုံတူဆွဲရင် sketch ကို ခဲနဲ့ ဆွဲပြီးမှ အရောင်တွေလိုက်ဖြည့်ခဲ့တယ်။ အခုတော့ အုတ်ခဲရောင် နောက်ခံနဲ့ပဲ မျက်လုံး၊ မျက်ခုံ၊ ဆံပင်တွေကို ပုံဖော်တော့တယ်။ အဲဒီအရောင်က နောက်ပိုင်း အရောင်တွေတင်လိုက်တဲ့အခါ ကျန်နေတဲ့ အုတ်ခဲရောင်ဆေးတွေက အလင်းကို မြင်ရတဲ့အတွက် ပုံတွေမှာ ပိုပြီး ကြွကြွရွရွရှိသလို၊ အသက်ဝင်သလိုပဲလို့ ပန်းချီဆရာက ယူဆပါတယ်။ မိန်းကလေးရဲ့ မျက်နှာကျကို ပုံဖော်ပြီးတဲ့အခါ မိန်းကလေးရဲ့ မျက်လုံးတွေကို ဖြည့်တယ်။ နှာတံ၊ ပြီးတော့ နှုတ်ခမ်း၊ ပြီတော့ မေးစေ့၊ အလယ်က ချိုင့်ခွက်လေးကို ဆွဲတယ်။ မိန်းကလေးက ထိုင်နေရင်းကနေ သူ့ရဲ့ပုံတူကို မြင်ရအောင် ခါးဆန့်ကာ ခဏခဏလှမ်းကြည့်ပါတယ်။ အောက်ခံ အုတ်ခဲရောင် ပုံတူရဲ့ သူ့မျက်နှာအနေအထားကို မိန်းကလေးက သဘောကျသွားဟန်တူရဲ့၊  ပြုံးရယ်လိုက်တယ်။

“မေမေ၊ မီးကို ကိတ်မုန့်လေး ထည့်ပေးပါ”
မိန်းကလေးက ထသွားတော့မလို ဟန်ပြင်ပြီးမှ မိန်းကလေးအမေကို ပြောပါတယ်။ မိန်းကလေးက သူ့ရဲ့အမေယူလာပေးတဲ့ ကိတ်မုန့်ပန်းကန်ထဲက တစ်ချပ်ကို ကောက်ယူပြီး ပန်းကန်လေးခံကာ စားတယ်။ ပန်းချီဆရာဆွဲနေတဲ့ ပုံတူကိုလည်း မျက်ခြေမပြတ်လှမ်းပြီး ကြည့်နေပါတယ်။

“♫ ♪ ♫ ♪♫ ♪ ♫ ♪”

ပန်းချီဆရာဘေးနားက စားပွဲပေါ်မှာတင်ထားတဲ့ မိန်းကလေးရဲ့ မိုဘိုင်းလ်ဖုန်းက ရုတ်တရက်ကြီး သီချင်းသံ ဆူဆူညံညံထွက်လာတော့ ပန်းချီဆရာ စိတ်ထဲ ဘုရားတမိတယ်။

မြတ်စွာဘုရား .......... ကျယ်လောင်လိုက်တဲ့ ဖုန်းသံပဲ ။

“ကျွန်မ ဖုန်းပြောလို့ ရမလားရှင်၊ ခဏနေမှ ပြန်ခေါ်ခိုင်းရမလား”

“သိပ်ရတာပေါ့ဗျာ၊ ပြောမှာသာပြောပါ”
မိန်းကလေးက သဘောကျသွားပါတယ်၊ တခစ်ခစ်နဲ့ရယ်ပြန်တယ်၊

“ဟင်း ဟင်း ဖုန်းပြောနေတဲ့ ပုံတူလေးဖြစ်သွားဦးမယ်နော်”

မိန်းကလေးအမေက ဖုန်းပြောနေတဲ့ သမီးကို ကြည့်ရင်း ၀င်ပြောပါတယ်။ မိန်းကလေး အဖေက တော့ ပျင်းလာဟန်တူရဲ့၊ ခြံထဲ ဆင်းလိုက်ဦးမယ်လို့ ပြောကာ အိမ်ပြင်ထွက်သွားလိုက်ပြီ။
မိန်းကလေးရဲ့အသားအရောင်က နည်းနည်းလေး ဖြူဆွတ်ဆွတ်နိုင်တဲ့ အသားအရောင်မျိုး၊ အခြယ်အသမရှိ ကင်းစင်နေတဲ့ မျက်နှာက ဖွေးဖွေးဖြူနေတယ်။ အသားရောင်အတွက် ပန်းရောင်၊ အ၀ါရောင်ဖောက်တဲ့ ပန်းရောင်နဲ့ အ၀ါရောင်ဖောက်တဲ့ ပန်းရောင်ရင့်ရင့် သုံးမယ်လို့ ပန်းချီဆရာက တွေးပါတယ်။ မိန်းကလေးရဲ့အသားရောင်က ဆွတ်ဆွတ်ဖြူနေပေမဲ့ ပန်းရောင်လေး ပြေးနေအောင်ခြယ်မယ်လို့လည်းစိတ်ကူးလိုက်တယ်။ လက်က ဆေးမခြယ်ခင်မှာပဲ မိန်ကလေးရဲ့ ပါးရိုးနေရာမှာ စိတ်ကူးနဲ့ အရောင်တွေဖြည့်ကြည့်နေပြီ။ မျက်နှာအရောင်တွေဖြည့်ဖို့ ရွေးထားတဲ့ ပန်းရောင်သုံးရောင်ထဲက ကြားရောင်ကို နဖူးနေရာမှာ ခြယ်လိုက်ပါတယ်။ အသားရောင်ခြယ်ရင် ရွေးထားတဲ့အရောင်သုံးရောင်လောက်ထဲက အရင့်ဆုံးအရောင်ကို အောက်ခံခြယ်လေ့ရှိပေမဲ့ အခုပုံမှာတော့ အုတ်ခဲရောင်အောက်ခံကို လက်နဲ့ ပွတ်ဆွဲထားတော့ အသားရောင်အရင့်အတွက်က မလိုလှဘူးလို့ ပန်းချီဆရာက ထင်မိတယ်။ နှာခေါင်း၊ ပါး၊ မေးစေ့တွေအတွက်ခြယ်တယ်။ နောက် ပန်းရောင်ပြေပြေလေးကို နဖူးထိပ်လေးတွေ နှာတံ နဲ့ ပါးမို့မို့နေရာတွေနဲ့ မေးစေ့ထိပ်လေးတွေမှာလိုက်ဖြည့်တယ်။

အင်္ကျီအတွက်ကို အသေးစိတ်မဆွဲတော့ဘူး၊ မိန်းကလေးရဲ့ ဂျာကင်ကော်လာလေးထောင်နေတဲ့ဟန် ပေါ်ရုံလေးပဲ ငုဝါရောင်ဆေးခြယ်လိုက်တယ်။ ပြီးတော့ မျက်လုံးအရောင်အတွက် .. မျက်လုံးကိုဆွဲတဲ့အခါ အနက်ရောင်ကို သတိထားပြီးဆွဲပါတယ်။ သိပ်များသွားရင် အရုပ်တစ်ရုပ်လို ဖြစ်သွားနိုင်တယ်။ မျက်လုံးအပေါ်လိုင်းအတွက် နည်းနည်းထင်းအောင်ဆွဲပေမဲ့ အောက်ခံလိုင်းကိုတော့ သိသာအောင်မဆွဲပါဘူး၊  သဘာဝမှာကိုက မျက်လုံးတစ်စုံရဲ့ အောက်မျက်ခမ်းလိုင်းတွေက မမြင်ရသလောက်ပဲ၊ ပုံတူရေးဆွဲတဲ့အခါ သဘာဝအတိုင်းအနီးစပ်ဆုံးဖြစ်ဖို့က အရေးကြီးနေတာမို့ ပန်းချီဆရာ သတိထားပြီး ဆွဲပါတယ်။ မိန်းကလေးရဲ့ မျက်လုံးတွေမှာ အေးစက်စက်အရိပ်တွေပဲ တွေ့ရတယ်။ ပန်းချီဆရာက မိန်းကလေးရဲ့ မျက်လုံးပုံတူအတိုင်း ဆွဲလိုက်ပါတယ်။ မျက်လုံးထဲကို အလင်းစဖြူဖြူလေးတွေဖြည့်တယ်။ မျက်လုံးက သဘာဝကျကျ အရည်လဲ့လာပြီ၊ ဒါပေမဲ့ အေးစက်မှုက ပျောက်မသွားပါဘူး။
မျက်ခုံးကိုဆွဲတဲ့အခါ မိန်းကလေးက ခါးရှေ့ကိုင်းပြီး သေသေချာချာကြည့်တယ်။

“ခင်ဗျား မျက်ခုံးက ထောင့်ချိုးပြီး အပေါ်ကိုတက်သွားတဲ့မျက်ခုံးမျိုးပဲ၊ ကျွန်တော်တော့ ဒီလိုမျက်ခုံးမျိုးဆွဲရတာ သိပ်ကြိုက်တယ်။ ဆွဲဆောင်မှုရှိတယ်လို့ ထင်တယ်ဗျ”

ပန်းချီဆရာက ဗြောင်ကျကျ ချီးမွန်းလိုက်တော့ မိန်းကလေးက မျက်ခုံးလေးတွေကို လက်ထိပ်လေးတွေနဲ့ အသာအယာတို့ထိပြီး ရှက်ပြုံးလေးပြုံးလိုက်တယ်။

ပြီးတော့ နှုတ်ခမ်းပုံကို ဆွဲတယ်။ မိန်းကလေးရဲ့ ခပ်မဲ့မဲ့ဖြစ်သွားတတ်တဲ့ နှုတ်ခမ်းပုံစံကို ပန်းချီဆရာ အမိအရပုံဖော်ပါတယ်။ နဂိုနှုတ်ခမ်းသားအရောင်အတိုင်းဖြည့်တယ်။ ပန်းချီဆရာ ဆေးမှုံတွေကို မှုတ်ထုတ်လိုက်တယ်။ ပုံကို နည်းနည်း ခွာကာ ကြည့်လိုက်တယ်၊ ခေါင်းကို နောက်ဆုတ်ကြည့်တယ်။ မိန်းကလေးနှုတ်ခမ်းတွေအတိုင်းပဲ၊ ပုံတူက မိန်းကလေးရဲ့ တင်းမာခက်ထန်တဲ့ အပြင်က မျက်နှာအသွင်အပြင်အတိုင်းပဲ၊ ခုနက ရှက်ပြုံးပြုံးနေတဲ့ မိန်းကလေးမျက်နှာက ချက်ချင်းဆိုသလိုပဲ စိတ်ညစ်ညူးဟန်တွေ ပြည့်နှက်လာတယ်။ ပန်းချီဆရာ အဲဒါကို သတိထားလိုက်မိပါတယ်။

“ဟို ... ဟိုလေ ..ရှင် နည်းနည်းပိုပြီး ပြုံးရယ်အောင်ဆွဲပေးလို့ ရနိုင်မလား၊ မဲ့နေ သလိုပဲ” 
မိန်းကလေးရဲ့ အသံက တိုးတိုးလေးပဲ၊ မ၀ံ့မရဲနဲ့ ပန်းချီဆရာကို မေးပါတယ်။
မိန်းကလေးရဲ့ .. ဒါ ပုံတူလေကွဲ့ .. မင်းလေး အသက်ဝင်တဲ့ အပြုံးမျိုးလေး ပြုံးကြည့်ပါတော့လား၊ စိတ်ပါလက်ပါလေးပေါ့၊ အူလှိုက်သည်းလှိုက်ပြုံးပြကြည့်ပါဦး၊ ပန်းချီဆရာ စိတ်ထဲတွေးလိုက်တယ်။   နှုတ်ကတော့ ...

“အဲဒီလို ခပ်မဲ့မဲ့ဟန်ကိုက ပိုပြီး ဆွဲဆောင်မှုရှိတာပေါ့ဗျာ”
လို့ပဲ ပြောလိုက်ပါတယ်။

ပန်းချီဆရာကြိုးစားပြီး ပြုံးရယ်တဲ့နှုတ်ခမ်းလေးဖြစ်အောင် ဆွဲလိုက်တယ်။ နှုတ်ခမ်းထောင့်ချွန်းလေးတွေကို အပေါ်ကို ခပ်ကွေးကွေးတက်သွားအောင် ဆွဲကြည့်တယ်။ ပြုံးရယ်တဲ့အခါ ပေါ်လာတတ်တဲ့ နှုတ်ခမ်းနားက အရိပ်လေးတွေကို ပုံဖော်ပါတယ်။ နည်းနည်းလေး ပိုပြီး ပြုံးလာပါတယ်။ မိန်းကလေး ကျေနပ်သွားတယ်။ အပြင်က မိန်းကလေးထက် ပုံတူမိန်းကလေးက ပြုံးသယောင်ယောင်ဖြစ်သွားခဲ့ပေမဲ့ နူးညံ့မှုတွေတော့ ပျောက်ကွယ်နေဆဲပဲ၊ ဒါကို မိန်းကလေးက သတိမထားမိပါဘူး၊ ပန်းချီဆရာကတော့ သိနေခဲ့တယ်။

နောက်ထပ် ... မိန်းကလေးရဲ့ ဆံပင်တွေ .. မိန်းကလေးရဲ့ဆံပင်တွေကို အနက်ရောင် စတင်ခြယ်သတဲ့အခါမှာတော့ ...

“ကျွန်မ အုတ်ခဲရောင် ဆံပင်ကို သဘောကျလိုက်တာရှင်၊ အဲဒီအတိုင်းပဲ ထားလိုက်ပါလား၊ ကျွန်မဆံပင်ကို အုတ်ခဲရောင်ပြောင်းဦးမှပဲ”
လို့ ဆိုတယ်။
အိုး ... မိန်းကလေးနှယ်၊ သဘာဝကို အတတ်နိုင်ဆုံး ကြိုးစားပုံဖော်နေကာမှ မင်းလေးက ပုံထဲက ဆေးရောင်အတိုင်း ပြောင်းလဲချင်သတဲ့၊

“ပုံတူ ဆွဲတာလေဗျာ”

“ဟုတ်ပါတယ်ရှင်၊ ပုံတူတော့ ပုံတူပေါ့၊ ဒါပေမဲ့ ကျွန်မ အဲဒီ အုတ်ခဲရောင်ဆံပင်ကို သဘောကျလို့ပါ”

“ဒါဆို ကျွန်တော် ခင်ဗျားဆံပင်အရောင်အတိုင်း မခြယ်ရတော့ဘူးပေါ့”

“ဟုတ်ကဲ့ .. ဖြစ်နိုင်ရင် အဲဒီအတိုင်းလေးထားပေးပါလား၊ highlight တော့ သဘာဝကျကျပေါ့ရှင်၊ ဆံပင်အရောင်ပြောင်းလိုက်တာတစ်ခုပဲ”

“ကောင်းပါပြီဗျာ”

ပန်းချီဆရာ က အုတ်ခဲရောင်နောက်ခံမှာ ဆံစတွေကို နည်းနည်းအသေးစိတ် ပုံဖော်ပါတယ်။ အုတ်ခဲရောင်နောက်ခံမှာ အနက်ရောင် ဆံပင်သားတချို့ပါတယ်ဆိုရုံလေး လိုက်ဖြည့်ပါတယ်။ လက်ချောင်းလေးတွေနဲ့ နည်းနည်းတို့ထိပြီး ပွတ်လိုက်တယ်။ အလင်းစလေးတွေထည့်တယ်။ မိန်းကလေးပြောတဲ့ highlight ပေါ့ဗျာ။

“ခဏ.. ခဏလေး .. ဆံပင်ကို နည်းနည်းပိုရှည်ရှည်လေး ဆွဲပေးပါလားရှင် ကျွန်မ ဆံပင်ရှည်တာ ကြိုက်လို့ပါ”

ပန်းချီဆရာက အုတ်ခဲရောင် pastel ချောင်းနဲ့ ဆံပင်အောက်ခြေတွေကို ခပ်ရှည်ရှည်ဆွဲချလိုက်တယ်။ မိန်းကလေးက ကျေနပ်သွားပါတယ်။ အလိုကျဟန်၊ အလိုမကျဟန်တွေ ရောစွက်နေတဲ့ အပြုံးလေးနဲ့ ပြုံးရယ်ပြီး ခေါင်းလေးစောင်းငဲ့ကာ ပုံတူကိုကြည့်ပါတယ်။

“သိပ်လှတာပဲ၊ ဟို .. ပုံတူကိုပြောတာပါရှင်၊ ရှင် ဆွဲပေးတဲ့ ပုံတူကိုပြောတာပါ” 
မိန်းကလေးက ရှက်ပြုံးလေးပြုံးတယ်။

အပြင်မှာ နေရောင်အလင်းစတွေ နည်းပါးသွားပြီ၊ ပန်းချီဆရာရဲ့ ပုံတူဆွဲတဲ့ သတ်မှတ်ချိန် လေးဆယ့်ငါးမိနစ်ထက်တောင် ကျော်လွန်သွားခဲ့ပြီ၊ ပန်းချီဆရာက ပုံတူပန်းချီကား ကို မိန်းကလေးလက်ထဲ ထည့်လိုက်ပါတယ်။ မိန်းကလေးနဲ့ မိန်းကလေး အဖေ၊ မိန်းကလေး အမေ သုံးယောက်သား ခေါင်းချင်းဆိုင်ပြီး ကြည့်ကြတယ်။ မိန်းကလေးရဲ့ အဖေက “သိပ်တူတာပဲ၊ သမီးလေးက ပြုံးနေတာပဲ၊ ဆံပင်အရောင်လည်း အဆန်းနဲ့ သိပ်လှတာပဲဟေ့၊ တော်လိုက်တဲ့ ပန်းချီဆရာလေး” လို့ ပန်းချီဆရာကို ချီးမွမ်းလိုက်ပါတယ်။

ပန်းချီဆရာကတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ပစ္စည်းတွေသိမ်းဆည်းတယ်။

“ကျွန်တော်ပြန်ဦးမှပဲ၊ ပျော်ရွှင်ကြပါစေဗျာ”
လို့ မိန်းကလေးကို စိုက်ကြည့်ပြီး နှုတ်ဆက်လိုက်ပါတယ်။

ပန်းချီဆရာ အိမ်လေးထဲက ထွက်ခွာခဲ့တယ်။ တကယ်ဆို အပြင်က မိန်းကလေးနဲ့ မတူတဲ့ မိန်းကလေးအကြိုက် ပုံတူတစ်ပုံ ပန်းချီဆရာဆွဲဖြစ်ခဲ့တာပါ၊ ဘာပဲဖြစ်ဖြစ်ပေါ့၊ မတူတဲ့ ပုံတူတစ်ပုံအတွက် ပြုံးရယ်ပျော်ရွှင်နိုင်ကြမယ်ဆိုလည်း ... ပန်းချီဆရာ ၀မ်းသာကြည်နူးရမှာပါပဲ ...
လမ်းမထက်မှာ .... ပန်းချီဆရာ ...
ခြေလှမ်းတွေ ခပ်ကျဲကျဲလှမ်းလို့ ...
အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းပြီး ခပ်ပြင်းပြင်းပြန်ထုတ်လို့..
တစ်ကိုယ်တည်း အူလှိုက်သည်းလှိုက် ပြုံးကြည့်လိုက်ပါတယ်။         ။

5 comments:

Anonymous said...

ညီမ ဖြိုးရေ

သူ့အကြိုက်ပုံတူ ကို သူ့အကြိုက်ဝတ္ထုလေး အဖြစ်ဖတ်သွားတယ်နော် ကျေးဇူး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကိုဇော် said...

တင်ပြပုံလေးကို သဘောကျတယ်။

An Asian Tour Operator said...

အကောင်းစား တွေပါလားး :)

pandora said...

အဲဒီိလို ဆန်းသစ်တဲ့အတွေးနဲ့ ၀တ္ထလေးတွေကို နှစ်သက်တယ်။

အဖြူရောင်နတ်သမီး said...

စိတ်ဝင်တစားဖတ်သွားတယ်...
စိတ်ကူးလေးတော်တော်ဆန်းသစ်တယ်...