
ဘီယွန့်စ်ရဲ့ “Beyonce(Bey-ons)” လို့အမည်ပေးထားတဲ့ ပဉ္စမမြောက်အယ်လ်ဘမ်သစ်ဟာ UK Charts မှာ ထိပ်ဆုံးကရှိနေခဲ့တဲ့ အမ်မီနမ်ထက်တောင် တရှိန်ထိုးကျော်တက်လို့သွားပါတယ်။ ဘယ်သူမှ မျှော်လင့်မထားတဲ့အချိန် iTunes မှာ တင်လိုက်တဲ့အခါ ပရိသတ်တွေ အလွန်အမင်းစိတ်လှုပ်သွားခဲ့ကြပါတယ်တဲ့။ iTunes မှာ တင်ပြီးနောက် သုံးရက်အတွင်းလောက်မှာပဲ ကော်ပီပေါင်း ၈၂၈၇၇၃ ခန့်ရောင်းချခဲ့ရတာပါ။ ၂၀၀၆ က B’day အယ်လ်ဘမ်ထွက်ရှိခဲ့တုန်းက ၇ ရက်အတွင်း ကော်ပီ ၅၄၁၀၀၀ ရောင်းချခဲ့ရတဲ့ စံချိန်မှတ်တမ်းကိုတောင် ကျော်လွန်သွားခဲ့တယ်။ အခွေအသစ်တစ်ခုမထွက်ခင် ပြုလုပ်နေကြ မဂ္ဂဇင်းအမေးအဖြေမျိုး၊ ရေဒီယိုရှိုးမျိုး တစ်ခုတစ်လေမှကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ ခြေလုံလက်လုံထွက်ရှိလိုက်တဲ့အခွေပါ။ သီချင်း ၃၁ ပုဒ်ပါဝင်ပြီး သီချင်းအသစ် ၁၄ ပုဒ်နဲ့အတူ ဘီယွန့်စ်ရဲ့ ခင်ပွန်း ဂျေဇီနဲ့ တစ်နှစ်သမီးလေး ဘလူးအိုင်ဗီပါ ပါဝင်သီဆိုထားပါသေးတယ်။ ဒရိတ်ခ် နဲ့ ဖရန်ခ့်အိုရှန်းတို့လည်းပါဝင်ထားကြတယ်။ Destiny’s Child အဖွဲ့ဝင်ဟောင်း ဘီယွန့်စ်ဟာ အယ်လ်ဘမ်သစ်ကို ၂၀၁၄ မှာထွက်ရှိဖို့ မူလကစီစဉ်ထားခဲ့ပေမဲ့ ပရိသတ်တွေအတွက် ခရစ်စမတ်လက်ဆောင်အဖြစ် ပိုစောပြီးထုတ်ခဲ့တယ်လို့ဆိုတယ်။ Yonce သီချင်းကို ဗီဒီယိုရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ ရစ်ကီဆိုက်ဇ်က “အဲဒါလုံးဝ အံ့အားသင့်စရာပါပဲ။ ပြောရရင် ကျွန်တော်အိပ်ရာထဲရောက်နေတဲ့အချိန် အယ်လ်ဘမ် live ထွက်ရှိပြီဆိုတဲ့ မေးလ်တစ်စောင်ရလိုက်တာပါ” လို့ဆိုတယ်။ အယ်လ်ဘမ်အတွက် ဝေဖန်ချက်တွေမှာ အားရစရာအကောင်းမြင်တဲ့ဝေဖန်ချက်တွေ များများစားစားရနေတယ်။ Billboard Magazine ကလည်း ချီးကျူးပါတယ် “စတားရဲ့ ရဲရဲတင်းတင်းတီထွင်ဖန်တီးမှု” တဲ့။ ဘီယွန့်စ်ရဲ့အယ်လ်ဘမ်သစ်ဟာ R&B အနာဂတ် ဘယ်ကို ဦးတည်နေသလဲ ဆိုတာ ညွှန်ပြနေတာပါလို့လည်းဆိုတယ်။ ဒီအယ်လ်ဘမ်အသစ်မှာ ထူးခြားတာတွေလည်းရှိနေပါတယ်။ အဲဒါတွေက ဘီယွန့်စ်အရင် အယ်လ်ဘမ် ၄ ခုလုံးကို အင်္ဂါနေ့ တွေမှာ ထွက်ရှိခဲ့ပြီး Beyonce ကိုတော့ သောကြာနေ့ ညလယ်မှာထွက်ရှိခဲ့တာပါ။ ဒီအယ်လ်ဘမ်မှာ ဗီဒီယိုတွေပါပေါင်းစပ်ရိုက်ကူးထားတယ်။ Grown Women သီချင်းမှာဆို ဘီယွန့်စ်ရဲ့ မိခင် တီနာနိုးလ်စ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ Blue, Drunk in Love, Yoncé, XO, Ghost, Grown Woman, Haunted, Jealous, Heaven, Mine, No Angel, Partition, Pretty Hurts, Flawless, Rocket, Superpower, Blow သီချင်းတွေပါဝင်ကြပြီး သီချင်းရေးတဲ့သူတွေ ခပ်များများပါဝင်ရေးသားထားကြတယ်။