ချစ်သူများနေ့လို့ သတ်မှတ်ထားကြတဲ့ ဗယ်လင်တိုင်းနေ့ (Valentine’s Day) ကို ကြည်နူးပျော်ရွှင်စွာဆင်နွှဲလိုသူတွေရှိတယ်။ မုန်းတီးတွေသူလည်း ရှိကြသတဲ့။ ခါးခါးသီးသီးမဟုတ်တောင် တိတ်တဆိတ်လေး မုန်းတီးမိတဲ့သူတွေကတော့ အထူးသဖြင့် ချစ်သူရည်းစားမရှိကြသူ (တစ်ယောက်တည်းအထီးကျန်သူ)တွေလို့ ယူဆနိုင်မှာပါ။ ဒါပေမဲ့ ချစ်သူရည်းစားစုံတွဲလေးတွေရော၊ တစ်ကိုယ်တည်း အထီးကျန်ဆန်ဆန်နေတတ်သူတွေပါ သိပ်ပြီးတော့ အမြင်မကြည်နိုင်ဖြစ်မှုတွေ ပိုပိုတိုးလို့ လာနေပါသတဲ့။ ဘာကြောင့်လည်းဆိုတော့ သူတို့ပြောလာကြတာက တစ်ကိုယ်တည်း အဖော်စုံတွဲမရှိသူလေးတွေအတွက်တော့ အဲဒီနေ့မှာ ကိုယ့်ရဲ့ချစ်သူရည်းစားလေးဆီက ချစ်မေတ္တာနှုတ်ခွန်းဆက်စကား၊ ဖုန်းခေါ်သံလေး၊ ချစ်စရာ Valentine ကတ်လေး၊ လှလှပပထုပ်ပိုးထားတဲ့ ချိုမြမြ အသည်းပုံချောကလက်လေးတွေနဲ့ မွှေးပျံ့လှပတဲ့ ရဲရဲနီ နှင်းဆီပန်းစည်းလေးတွေ၊ အလှပဆုံးလက်ဝတ်ရတနာ လက်ဆောင်ပစ္စည်းလေးတွေ မျှော်မှန်းလို့မရနိုင်တော့ဘူးပေါ့ တဲ့။ အဲဒီနေ့မှာ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ချစ်စနိုး စနောက် ရယ်ကာမောကာ လှောင်ပြောင်ကြတာကိုလည်း ရင်ဆိုင်ရမယ်ဆိုတော့ အထီးကျန်သူလေးတွေက မုန်းမိကြတယ်။ ချစ်သူရည်းစား ပိုင်ပိုင်နိုင်နိုင်ရှိထားကြသူလေးတွေမှာလည်း ကြည့်ပါဦး။ ဗယ်လင်တိုင်းနေ့မရောက်ခင်ကတည်းက ကြိုတင်ပြင်ဆင်ပြီး ကိုယ့်ချစ်သူလေးကို ပေးရမယ့်လက်ဆောင်ပစ္စည်း၊ သူအကြိုက်တွေ့နိုင်မယ့် ပစ္စည်းလေးတွေ ရှာဖွေဝယ်ယူထားရတယ်။ အဖိုးတန်လှလှပပလက်ဆောင်ပစ္စည်းလေး လက်ဆောင်မပေးနိုင်ခဲ့ရင် ချစ်သူလေးက မျက်နှာညိုနိုင်တယ်။ တခြားမိတ်ဆွေတွေကြားထဲမှာ သူ မျက်နှာငယ်နိုင်ပါသတဲ့။ မိတ်ဆွေတွေအကြားမှာ ဝါကြွားလိုစိတ်လေးတွေ ကိုယ်စီရှိနေကြတားကိုး။ လက်ဆောင်ပစ္စည်းပေးရုံနဲ့ မလုံလောက်နိုင်သေးပါဘူး။ အဲဒီနေ့ကို ကိုယ့်ချစ်သူလေးအတွက် အချိန်များများပေးထားနိုင်ဖို့ အလုပ်ကိစ္စတွေကိုလည်း ကြိုတင်ရှင်းလင်းထားရတယ်။ ငွေကြေးနဲ့ အချိန်ကိုပါ ပြင်ဆင်ထားကြရတာလေ။ အဲဒီနေ့အတွက် အချိန်တော်တော်များများကိုလည်း ချစ်သူလေးက အပိုင်လိုချင်ကြပြန်တယ်။ ကိုယ်က အလုပ်တွေများနေခဲ့တဲ့အခါ မိန်ကလေးဖြစ်ဖြစ်၊ ယောက်ျားလေးပဲ ဖြစ်ဖြစ်ပေါ့။ သူက ကိုယ့်ကို အရင်ကလောက် မချစ်နိုင်တော့ဘူး။ ဂရုမစိုက်နိုင်တော့ပါဘူးဆိုပြီး ဝမ်းနည်းအားငယ်စိတ်လေးတွေကနေ စိတ်အခန့်မသင့် ကတောက်ကဆဖြစ်မှုလေးတွေဖြစ်လာကြရတယ်။ ဒီလို ချစ်သူများနေ့လေးတစ်ရက်ကိုတောင် ကိုယ့်ချစ်သူလေးရဲ့ အချိန်တွေကို ကိုယ်မပိုင်ဆိုင်လိုက်နိုင်ဘူး။ ကိုယ့်အတွက် သူ အဆင်သင့်ဖြစ်မနေခဲ့ဘူး။ သူ့အနားမှာ ကိုယ်ရှိခွင့်မရလိုက်ဘူး။ တစ်ဘဝလုံးစာအတွက်ဆို ကိုယ် မတွေးရဲဘူး။ အဲဒီလိုပေါ့။ ညစ်ညူးတဲ့အတွေးဆိုးလေးတွေ ကိုယ်စီ ဝင်လာတတ်ကြပြန်တယ်။
ချစ်သူများနေ့အကြောင်းနဲ့ ပတ်သက်လို့ပေါ့ သုတေသနလုပ်ချင်တဲ့သူတစ်ဦးက twitter မှာ “ဗယ်လင်တိုင်းနေ့ကို ချစ်သလား၊ မုန်းသလား။ မိတ်ဆွေတို့ဖြေကြည့်ကြပါဦး” လို့ ရေးတင်လိုက်သတဲ့။ သူကတော့ ကျား/မ အပိုင်းအခြားနဲ့ စိတ်ဝင်စားမှုနှုန်းတွေ တွက်ချက်ချင်လို့ပါ။ သူ့ရဲ့ အမေးကို တုံ့ပြန်ကြတဲ့အခါ အမျိုးသားတွေက ဝမ်းနည်းကြောင်း၊ မနှစ်သက်ကြောင်းပြောကြတယ်။ အမျိုးသမီးတွေကတော့ ကောင်းချီးသြဘာပေးကြတယ် တဲ့။ ဒါပေမဲ့ အဖြေတွေအားလုံးကို စာရင်းအင်းနဲ့ အသေအချာတွက်ကြည့်လိုက်တဲ့အခါ ထွက်လာတဲ့အဖြေမှာတော့ အမျိုးသားအများစုက ခပ်ဆိတ်ဆိတ်နေကြသတဲ့။ အမျိုးသမီးတွေကလည်း အများစုကတော့ လှိုက်လှိုက်လှဲလှဲ ဝင်ရောက်ဆွေးနွေးခြင်းမပြုကြဘူးဆိုတာ သိလိုက်ရတော့တယ်။ ဝင်ပြီးဆွေးနွေးကြတဲ့ အမျိုးသမီးလေးတွေရဲ့ အပြောက “ကျွန်မတော့ ဘယ်တော့မှ မမျှော်လင့်မိပါဘူးရှင်”၊ “ကျွန်မ အဲဒီနေ့ကို သိပ်မုန်းတယ်” လို့တောင်ဆိုကြတယ်။ Valentine’s Day ရဲ့ ကျော်ကြားထည်ဝါမှုကို မနှစ်မြို့သူ အမျိုးသမီးလေးတွေက ပြောကြတယ်တဲ့။ အတိအကျဆိုရရင် “ကျွန်မတော့ အရောင်တွေကို သိပ်မုန်းတာပဲ” “ကျွန်မဖြင့် ဈေးပေါပေါ ချောကလက်တွေ မုန်းလိုက်တာရှင်” “ကျွန်မလေ အဲဒီနေ့ရဲ့ ဖိစီးမှုကြီး စုံတွဲလေးတွေ၊ အထီးကျန်သူလေးတွေအပေါ် လေးလံလွန်းတာကို မုန်းတာပေါ့။ မြှားနတ်မောင်တွေက အမိုက်အမဲလေးတွေပါ” “ရိုးရိုးသားသားဖြေရရင်ဖြင့် ကျွန်မမှာ တစ်ယောက်မှ မရှိလို့ မုန်းမိတာပါ” “အဲဒီနေ့လား။ စီးပွားရေးသမားတွေအတွက် အနီ နဲ့ ပန်းရောင် ထွေလီကာလီပစ္စည်းတွေ စီးပွားဖြစ်ရောင်းချဖို့ အားထုတ်ကြတဲ့နေ့ပေါ့ရှင်” စသဖြင့် ကန့်ကွက်တဲ့လေသံလေးတွေနဲ့ ပြောကြဆိုကြတယ်။ ယူနိုက်တက်စတိတ်မှာဆို တချို့လူငယ်အမျိုးသမီး၊ အမျိုးသားလေးတွေက ဗယ်လင်တိုင်းနေ့ လွှမ်းမိုးမှုတွေ ဖယ်ရှားနိုင်မယ့် ကန့်ကွက်လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ပြင်ဆင်လာကြတဲ့အထိပါပဲ။ ဗယ်လင်တိုင်းနေ့ မတိုင်ခင်ကတည်းက ပန်းအလှပြုပြင်ရောင်းချတဲ့ ဆိုင်အရှေ့၊ ပထမတန်းစား Godiva ချောကလက်စက်ရုံ၊ ချစ်စရာ teddy bear ဝက်ဝံရုပ် နဲ့ တခြားအရုပ်လေးတွေ လက်လီရောင်းချတဲ့ Build-A-Bear ကုမ္ပဏီဆိုင်ခန်းတွေရဲ့မျက်နှာစာရှေ့မှာ ကန့်ကွက်မှုတွေပြုလုပ်ကြဖို့တွေတောင် စီစဉ်နေကြပါပြီ။ ကန့်ကွက်လိုသူတွေက ဗယ်လင်တိုင်းနေ့ကို ဖေဖေါ်ဝါရီ ၁၄ ရက်ကနေ ဖေဖေါ်ဝါရီ ၂၉ ရက်ထိ ရောက်သွားအောင် ရက်ကို နောက်ဆုတ် တွန်းထုတ်ပြစ်လိုကြတယ်တဲ့။ အဲဒါမှပဲ ၄ နှစ်တကြိမ်မှ ချစ်သူများနေ့ ကျင်းပနိုင်မယ်။ ဒါမှပဲ ချစ်သူလေးတွေ စိတ်ဖိစီးမှု သက်သာနိုင်မယ်လို့တောင် ဆိုနေကြတာပါ။
ချစ်သူလေးတွေကို စိတ်ဖိစီးမှုပေးတယ်လို့ ဆိုလာကြတဲ့ Valentine’s Day ချစ်သူများနေ့ ဘယ်လိုများဖြစ်ပေါ်လာပါသလဲ တဲ့။ မရေရာမရှင်းလင်းတဲ့ သမိုင်းကြောင်းလေးတွေ အမျိုးမျိုးတော့ရှိနေပါတယ်။ ပဟေဠိဆန်ဆန် အကြောင်းရင်းတွေက ပြည့်နှက်နေတာပါပဲ။ ဗယ်လင်တိုင်းနေ့အခမ်းအနားတွေ စတင်းကျင်းပဖြစ်ခဲ့တဲ့ ဇစ်မြစ်မှာ ရိုးရာသမိုင်းကြောင်းတွေ ယုံတမ်းပုံပြင်တွေ ရောနှောနေတာပါ။
ရှေးကျလှတဲ့ ဗယ်လင်တိုင်း
ဗယ်လင်တိုင်းနေ့ရက်ဟာ ရောမခေတ်မတိုင်မီ အလွန်ရှေးကျတဲ့ခေတ် နတ်၊ ဘုရားတွေကိုးကွယ်ကြတဲ့ခေတ်မှာ ပြုလုပ်ကြတဲ့ လူပါကေးလီယား(Lupercalia) ချစ်မေတ္တာပွဲတော်မှာ အခြေခံလာပါတယ်လို့ ဆိုကြတယ်။ လူပါကေးလီယား စားပွဲသောက်ပွဲဟာ ဖေဖေါ်ဝါရီ ၁၃ ကနေ ၁၅ရက်နေ့အထိ မကောင်းဆိုးဝါး ဝိညာဉ်တွေကို တားဆီးရှောင်လွှဲနိုင်အောင်၊ မြို့တော်ကို သန့်ရှင်းစင်ကြယ်အောင်၊ မြို့တော်အတွင်းနေထိုင်ကြသူတွေ ကျန်းမာအောင်၊ သားသမီးထွန်းကားပွားများအောင် ဆုတောင်းပွဲပြုလုပ်ကြတာမျိုးပါ။ ၃ ရာစုအတွင်းမှာ သိုးထိန်းတွေရဲ့ နတ်ဘုရား လူပါကပ်စ်(Lupercus) အတွက် ပူဇော်ချီးမြှောက်ကြတယ်။ နှစ်စဉ်နှစ်တိုင်း အဲဒီရက်မှာ သိုးထိန်းတွေဟာ စုရုံးကြပြီး လူပါကပ်စ်ကို ချီးမွမ်းတယ်။ ရောမတစ်ဝှမ်းလှည့်လည်ပြီး သားကောင်ရှာတတ်ကြတဲ့ ဝံပုလွေတွေရန်က သူတို့ရဲ့ သိုးအုပ်တွေ ဘေးရန်ကင်းစေဖို့လည်း ဆုတောင်းကြတယ်။ သားသမီးထွန်းကားမှုကိုအားပေးတဲ့ နတ်သမီး ဂျူနို(Juno)ကို ချီးမြှောက်ဂုဏ်ပြုကြတဲ့ ရိုးရာဓလေ့လည်း တစ်စိတ်တစ်ပိုင်းပါဝင်တယ် လို့ ဆိုကြတယ်။ ချစ်မေတ္တာမွတ်သိပ်တောင့်တစိတ်ရှိလာကြတဲ့ ဆယ်ကျော်သက်လေးတွေဟာ ကံစမ်းပွဲပြုလုပ်ဆင်နွှဲကြတယ်။ မိန်းမပျိုလေးတွေရဲ့ အမည်ကို သေတ္တာလေးထဲမှာစက္ကူလိပ်နဲ့ ထည့်ထားပြီး အမျိုးသားလေးတွေက ကံစမ်းပြီး အမည်စာရွက်လိပ်လေးတွေကို ရွေးချယ်လိုက်တယ်။ အဲဒီတစ်နှစ်လုံး ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ချစ်ဇာတ်လမ်းစတင်ဖို့ မျှော်လင့်ကြပြီး ချစ်သူစုံတွဲကိုယ်စီ လိုက်ဖက်ရာရှာဖွေကြတယ် တဲ့။
ကျေးငှက် ပျားကောင်လေးတွေရဲ့ ဗယ်လင်တိုင်း
နောက်ထပ် ထင်ရှားတဲ့ ဗယ်လင်တိုင်းနေ့ရဲ့ ဒဏ္ဍာရီကတော့ အလယ်ခေတ် ရိုးရာကျေးလက်ပုံပြင်တွေလေးကနေ အခြေခံတာပါ။ အဲဒီ ကျေးလက်ပုံပြင်လေးတွေမှာ ပြောတာကတော့ ဖေဖေါ်ဝါရီ ၁၄ ရက်မှာ ငှက်လေးတွေဟာ သူတို့ရဲ့ အိမ်ထောင်ဖက်ကို ရွေးချယ်ကြသတဲ့။ အဲဒါကြောင့် ချစ်သူရည်းစားစုံတွဲတွေဟာ သူတို့ရဲ့ ချစ်ခင်မြတ်နိုးမှုကို ဖော်ပြတဲ့နေ့ရက်အဖြစ် သတ်မှတ်လာကြတာပါ။ ၁၄ ရာစုက အင်္ဂလိပ်ကဗျာဆရာကြီး ချော့ဆာ(Chaucer) ရေးခဲ့တဲ့ The Parliament of Fowles ကဗျာဟာ ပထမဆုံး St. Valentine’s Day ကဗျာလို့ ဆိုကြတယ်။
ဒါဆို St. Valentine ကရော ဘယ်သူများလဲ
အခုထက်တိ ဘယ်သူက St. Valentine အစစ်လည်းဆိုတာ တိတိကျကျမသိနိုင်ကြသေးပါဘူး။ ခရစ်ယာန်ဘာသာကိုးကွယ်မှုခေတ်ဦးကာလတွေမှာ ဗယ်လင်တိုင်းလို့ အမည်ရှိတဲ့ ခရစ်ယာန်သူတော်စင်တွေ အများကြီးပဲရှိကြတယ်။ ကက်သလစ်ဘုရားကျောင်းမှတ်တမ်းတွေမှာ Valentine ဒါမှမဟုတ် Valentinus လို့ အမည်ရှိတဲ့သူတော်စင်အနည်းဆုံး သုံးဦးရှိသတဲ့။ ဗယ်လင်တိုင်းသူတော်စင်တွေထဲမှာ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှာ ဂုဏ်ပြုချီးမြှောက်ခံရတဲ့ ဗယ်လင်တိုင်းနှစ်ဦးက Valentine of Rome နဲ့ Valentine of Terni တို့ပါ။ ရောမ ဗယ်လင်တိုင်းဟာ ၃ ရာစုလောက်က ရောမက ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးပါ။ ဆရာဝန်တစ်ဦးဖြစ်တယ်လို့လည်းဆိုကြပြန်တယ်။ အဲဒီခေတ်က ရောမဧကရာဇ် ကလောဒီးယပ်စ် II ဟာ အမျိုးသားတွေကို အိမ်ရာထူထောင်ခွင့်မပေးပါဘူး။ အိမ်ထောင်မရှိတဲ့အမျိုးသားတွေဟာ ဇနီးမယား၊ မိသားစုရှိမနေတော့ စစ်သားဘဝမှာ အနှောင်အဖွဲ့ကင်းကင်း စိတ်ဖြောင့်ဖြောင့်နဲ့ တာဝန်ထမ်းနိုင်မယ်လို့ ယူဆတာကြောင့် လက်ထပ်ခွင့် တားမြစ်ပိတ်ပင်ထားတာပါ။ ဘုန်းတော်ကြီးဗယ်လင်တိုင်းဟာ တရားမျှတမှုမရှိတဲ့အမိန်အာဏာကြောင့် ကလောဒီးယပ်စ်ကို အာခံဖီဆန်တော့တယ်။ လူငယ်လေးတွေကို လက်ထပ်ဖြစ်စေဖို့ တိတ်တဆိတ်အကူအညီပေးခဲ့ပါတယ်။ ဗယ်လင်တိုင်းရဲ့ လုပ်ဆောင်မှုတွေကို ကလောဒီးယပ်စ် သိရှိသွားခဲ့တော့ ဘုန်းတော်ကြီးဗယ်လင်တိုင်းကို သေဒဏ်အမိန့်ချမှတ်လိုက်သတဲ့။
တခြားဒဏ္ဍာရီတွေမှာတော့ ရောမအကျဉ်းသား ခရစ်ယာန်ဘာသာဝင်တွေကို လွတ်မြောက်အောင် ကူညီခဲ့တာကြောင့် ဘုန်းတော်ကြီး ဗယ်လင်တိုင်းအသတ်ခံရတယ်လို့ဆိုတယ်။ ခရစ်ယာန်အကျဉ်းသားတွေဟာ မကြာခဏ ရိုက်နှက်ခံရတယ်။ ရက်ရက်စက်စက် ညှဉ်းပမ်းနှိပ်စက်ခံကြရတယ်။ နောက်ထပ် ဒဏ္ဍာရီတစ်ခုအရတော့ အကျဉ်းသားဖြစ်နေတဲ့ ဗယ်လင်တိုင်းဟာ ထောင်မှူးရဲ့ မျက်မမြင်သမီးလေးနဲ့ ချစ်ကျွမ်းဝင်သွားခဲ့တယ်။ ဗယ်လင်တိုင်းရဲ့ ချစ်မေတ္တာစွမ်းအားကြောင့် မိန်းကလေးက မျက်စိအလင်းပြန်ရခဲ့တယ်လို့လည်း ဆိုကြတယ်။ ဗယ်လင်တိုင်းဟာ ပထမဆုံးဗယ်လင်တိုင်းနှုတ်ဆက်စာတစ်စောင် သူ့ကိုယ်တိုင်အတွက် ရေးသားခဲ့ပါတယ်။ “From your Valentine” လက်မှတ်ထိုး ရေးသားခဲ့တဲ့ စာလေးတစ်စောင်ကြောင့် ထောင်မှူးသမီးကို ရေးသားပေးပို့တဲ့စာအဖြစ် စွဲချက်တင်ခံရပြီး ခေါင်းဖြတ်ကွပ်မျက်ခံလိုက်ရပါတယ် တဲ့။ ဒီနေ့အထိ အဲဒီ “From your Valentine” ဆိုတဲ့ အသုံးအနှုန်းးကို ဗယ်လင်တိုင်းကတ်လေးတွေမှာ ဖော်ပြသုံးစွဲနေဆဲပါပဲ။ အမျိုးမျိုးအဖုံဖုံ ဗယ်လင်တိုင်းဒဏ္ဍာရီတွေရဲ့ နောက်ကွယ်က အမှန်တရားကတော့ ရေရေရာရာသိနိုင်ဖို့ ခက်ခဲပါတယ်။ ဒဏ္ဍာရီတိုင်းမှာတော့ ဗယ်လင်တိုင်းဟာ စာနာသနားစရာကောင်းပြီး ရဲစွမ်းသတ္တိရှိတယ်။ အထူးသဖြင့် ချစ်မေတ္တာကိုအခြေခံတဲ့ သရုပ်သဏ္ဍန်အဖြစ် ရပ်တည်နေခဲ့တာပါ။
ဗယ်လင်တိုင်းနေ့ထဲက မှတ်စုတိုလေးတွေ
အင်္ဂလန်မှာ ရက်ထပ်တဲ့နှစ်မှာဆို ဗယ်လင်တိုင်းနေ့မှာ မိန်းကလေးတွေက ကိုယ်ချစ်နှစ်သက်တဲ့သူကို ချစ်ခွင့်ပန်ခွင့်ရှိကြတယ်။ ယူကေမှာ Valentine’s Card လေးတွေ ပေးပို့ကြတာတွေ ခေတ်စားလာခဲ့တာက ၁၇ ရာစုမှာပါ။ ယူကေမှာပဲ နှစ်စဉ် Valentine’s Day မှာ ပန်း ဝယ်ယူဖို့ ပေါင် ၂၂ သန်း သုံးစွဲကြတယ်။
အီတလီမြောက်ပိုင်း ဗရိုနာမြို့တော်မှာ ရှိတ်စပီးယားရဲ့ ဇာတ်ကောင် ရိုမီယို နဲ့ ဂျူးလီယက်ကို ကိုယ်စားပြုပြီးတော့ “ဂျူးလီယက် သို့” အမည်တပ်ပြီး ဗယ်လင်တိုင်းကတ်လေးတွေ ပေးပို့ကြပါတယ်။
ပုံစံခွက်ထဲက ဗယ်လင်တိုင်းနေ့တစ်နေ့အဖြစ်ပဲ ရိုးရိုးစင်းစင်း မကျော်ဖြတ်ချင်သူတွေကတော့ အလယ်ခေတ်သမိုင်းပြတိုက်ဖြစ်တဲ့ လန်ဒန်က the London Dungeon ဆိုတဲ့ သရဲအိမ်ကို သွားလည်ကြတာပေါ့။ ဗယ်လင်တိုင်းနေ့မှာဆိုရင် လူသားအသည်းနှလုံးပုံ ကိတ်တွေဖုတ်နေတာကြည့်နိုင်တယ်။ မြည်းနိုင်တယ်။ ပြီးတော့ သွေးသံရဲရဲပုံစံ မုန့်အချို့တွေကို စုံတွဲလေးတွေ အပျော်သဘောနဲ့ သွားရောက်မြည်းစမ်းနိုင်ကြသတဲ့။
ဂျပန်မှာတော့ ဗယ်လင်တိုင်းနေ့ ဓလေ့ထုံးစံက အမျိုးသမီးတွေက အမျိုးသားတွေအတွက် ချောကလက် လက်ဆောင်ပေးကြပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ အလုပ်ရှင်တွေကို “တာဝန်သိတဲ့ချောကလက်လေးတွေ”လက်ဆောင်ပေးကြတာဟာ ၁၉၃၀ ခုနှစ်လောက်က စတင်ခဲ့တယ်လို့ ဆိုတယ်။ ကိုယ်တိုင်လုပ်ထားတဲ့ ချောကလက်ကို လက်ခံရတာကို ပိုပြီး နှစ်သက်ကြတယ်။ တစ်ဦးတစ်ယောက်တည်းအတွက် ရည်စူးတဲ့သဘောသက်ရောက်လို့ပါ။ ဗယ်လင်တိုင်းနေ့အပြီး နောက်တစ်လအကြာ မတ်လ ၁၄ White Day မှာ တော့ ချောကလက်လက်ခံရရှိထားတဲ့ အမျိုးသားက အဲဒီအမျိုးသမီးကို ပြန်ပြီးလက်ဆောင်ပေးရပါတယ်။ အဲဒီ ဓလေ့ထုံးစံကို တောင်ကိုးရီးယား၊ ထိုင်ဝမ် နဲ့ တရုတ်နိုင်ငံတို့မှာလည်း တွေ့နိုင်ကြတယ်။ အဲဒီရက်တွေမှာဆိုရင် ဂျပန်က ချောကလက်လုပ်ငန်းတွေဟာ ဒေါ်လာ သန်း ၆၆၀ ခန့် ရောင်းချရတယ်လို့ ဆိုတယ်။
အမေရိကန် ပြဇာတ်ရေးဆရာမ အိဗ်အန်စလား(Eve Ensler) ရေးသားခဲ့တဲ့ ပြဇာတ်လမ်းတွဲ The Vagina Monologues ကို ကမ္ဘာတစ်ဝှမ်းမှာ ဖေဖေါ်ဝါရီ ၁၄ ရက်မှာ ကဇာတ်ရုံတွေမှာ ကပြကြတယ်။ The Vagina Monologues ဇတ်လမ်းတွဲမှာ အမျိုးသမီး၊ ကလေးသူငယ်၊ ချစ်မေတ္တာ၊ အကြမ်းဖက်မှု အဲဒီအကြောင်းတွေကို ရေးသားထားတာပါ။ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို အကြမ်းဖက်မှုအဆုံးသတ်စေရေး လှုပ်ရှားမှုပြုလုပ်တဲ့နေ့(V-Day)ကို ဖေဖေါ်ဝါရီ ၁၄ ရက်မှာ ၁၉၉၈ ခုနှစ်ကနေ စတင်ပြုလုပ်လာကြပါတယ်။ V-Day လှုပ်ရှားမှုတွေကို ကန်ညာကနေ မွန်ဂိုလီယာ၊ ပြီးတော့ တောင်ကိုးရီးယားအထိ လှည့်လည်ကပြကြတယ်။ အကြမ်းဖက်မှုအဆုံးသတ်ရေး workshop၊ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတိုလေးတွေ ပြသကြတာပါ။ ရံပုံငွေရှာဖွေပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် လှုဒါန်းနိုင်ဖို့ ကြိုးစားကြတယ်။
ဒိန်းမတ်မှာ အမျိုးသား၊ အမျိုးသမီးဆယ်ကျော်သက်အရွယ်လေးတွေဟာ နုနုရွရွ ကဗျာတိုလေးတွေ၊ အချစ်မှတ်စုတိုလေးတွေကို ရေးသားပြီး ကိုယ်ချစ်ခင်နှစ်သက်သူဆီကို ပေးပို့တဲ့ကစားနည်း(Gaekkebrev)ကစားကြတယ်။ ကဗျာတို၊ မှတ်စုတိုလေးတွေရဲ့ လက်မှတ်နေရာမှာတော့ ကိုယ့်ရဲ့အမည်မှန်ကိုမရေးပဲ အစက်လေးတွေသာချထားပြီး နာမည်ကို ဝှက်ထားကြတာပါ။ အဲဒီလိုကတ်လေးတွေ ရရှိတဲ့ ဆယ်ကျော်သက်လေးတွေက ပေးပို့သူဘယ်သူဖြစ်နိုင်မလဲ ခန့်မှန်းပြီး မှန်ခဲ့ရင်တော့ အဲဒီ မိန်းကလေး၊ ဒါမှမဟုတ် ယောက်ျားလေးဟာ အီစတာတနင်္ဂနွေမှာ Easter Egg လက်ဆောင်ရနိုင်ပါသတဲ့။
လူတွေသိပ်မသိကြတဲ့ စိန့်ဗယ်လင်တိုင်းကို မြှုပ်နှံထားခဲ့တဲ့နေရာက အိုင်ယာလန်နိုင်ငံ၊ မြို့တော် ဒပ်ဘလင် Whitefriar လမ်းမပေါ်က Carmelite ဘုရားကျောင်းမှာပါတဲ့။ ၁၈၃၅ခုနှစ်က Pope Gregory XVI ဟာ အဲဒီ ဘုရားကျောင်းမှာ စိန့်ဗယ်လင်တိုင်းကိုမြှုပ်နှံဖို့ ခွင့်ပြုခဲ့တယ်လို့ဆိုတယ်။ ချစ်မေတ္တာရဲ့ နူးညံ့သိမ်မွေ့ခြင်း၊ တရားဓမ္မရဲ့ ငြိမ်အေးချမ်းမြေ့ခြင်းတွေကို ခံစားနာယူလိုသူတွေကတော့ ဒပ်ဘလင်မြို့တော်က ၁၉ရာစုနှစ်ကတည်ဆောက်ခဲ့တဲ့ ဘုရားကျောင်းလေးဆီ ဗယ်လင်တိုင်းနေ့မှာ အရောက်သွားလေ့ရှိကြတယ်။
တစ်ကမ္ဘာလုံးက ချစ်ကြသူလေးတွေက ဗယ်လင်တိုင်းနေ့ “ချစ်သူများနေ့” မှာ ကိုယ် ချစ်ခင်နှစ်သက်သူလေးတွေကို ကိုယ့်ရဲ့ ခံစားချက်၊ ကိုယ့်ရဲ့ အချစ်မေတ္တာကို ဖွင့်ဟပြောပြဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေကြတယ်။
တကယ်ဆိုရင် စစ်မှန်တဲ့ ချစ်မေတ္တာကို ဖော်ပြကြတဲ့အခါ ဗယ်လင်တိုင်းတစ်ရက်တည်းမဟုတ်ဘဲ နေ့တိုင်းမှာ ကိုယ့်ရဲ့မေတ္တာကိုပြသနိုင်ရင် ပိုပြီး ပျော်ရွှင်ကြည်နူးစရာကောင်းနေမှာပါ။
ပထမတန်းစားချောကလက်၊ အဖိုးတန်ပစ္စည်းလက်ဆောင်တွေဆီမှာပဲ ကိုယ့်ရဲ့ မျှော်လင့်ချက်လေးတွေ ဝေ့ဝဲမနေသင့်ပါဘူး။ ချစ်သူတိုင်းအတွက် စိတ်ဖိစီးမှုမပေးတဲ့ ဗယ်လင်တိုင်းနေ့လေးတစ်နေ့ဖြစ်ဖို့က နှင်းဆီပန်းတစ်ပွင့်နဲ့လည်း အတူတူ ကြိုဆိုနိုင်ကြပါတယ်။ ကိုယ့်ရဲ့ စိတ်တူကိုယ်တူသူငယ်ချင်း၊ ချစ်ခင်ရတဲ့သူလေးတွေနဲ့ V-Day လှုပ်ရှားမှုမျိုးပြုလုပ်ပြီး အမျိုးသမီးနဲ့ ကလေးငယ်လေးတွေအတွက် အလှူအတန်းပြုလုပ်နိုင်ကြသေးတယ်။
ကိုယ်ပိုင်ဆိုင်မယ့် ဗယ်လင်တိုင်းနေ့ဟာ ကိုယ့်ရဲ့ “ချစ်သူများနေ့” တကယ်ဖြစ်ရဲ့လား ကိုယ်တို့အပေါ်မှာပဲ မူတည်နေတာပဲပေါ့။ ။
Family Magazine, February, 2013 |
ဖြိုးဖြိုး
No comments:
Post a Comment