Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, February 08, 2014

ဟိုသတင်း ဒီသတင်း

Beyonce အောင်မြင်မှုကို ဘီယွန့်စ်ကိုယ်တိုင် အံ့သြမှင်သက်ခဲ့ရ

 ဘီယွန့်စ်ရဲ့ “Beyonce(Bey-ons)” လို့အမည်ပေးထားတဲ့ ပဉ္စမမြောက်အယ်လ်ဘမ်သစ်ဟာ UK Charts မှာ ထိပ်ဆုံးကရှိနေခဲ့တဲ့ အမ်မီနမ်ထက်တောင် တရှိန်ထိုးကျော်တက်လို့သွားပါတယ်။ ဘယ်သူမှ မျှော်လင့်မထားတဲ့အချိန် iTunes မှာ တင်လိုက်တဲ့အခါ ပရိသတ်တွေ အလွန်အမင်းစိတ်လှုပ်သွားခဲ့ကြပါတယ်တဲ့။ iTunes မှာ တင်ပြီးနောက် သုံးရက်အတွင်းလောက်မှာပဲ ကော်ပီပေါင်း ၈၂၈၇၇၃ ခန့်ရောင်းချခဲ့ရတာပါ။ ၂၀၀၆ က B’day အယ်လ်ဘမ်ထွက်ရှိခဲ့တုန်းက ၇ ရက်အတွင်း ကော်ပီ ၅၄၁၀၀၀ ရောင်းချခဲ့ရတဲ့ စံချိန်မှတ်တမ်းကိုတောင် ကျော်လွန်သွားခဲ့တယ်။ အခွေအသစ်တစ်ခုမထွက်ခင် ပြုလုပ်နေကြ မဂ္ဂဇင်းအမေးအဖြေမျိုး၊ ရေဒီယိုရှိုးမျိုး တစ်ခုတစ်လေမှကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ ခြေလုံလက်လုံထွက်ရှိလိုက်တဲ့အခွေပါ။ သီချင်း ၃၁ ပုဒ်ပါဝင်ပြီး သီချင်းအသစ် ၁၄ ပုဒ်နဲ့အတူ ဘီယွန့်စ်ရဲ့ ခင်ပွန်း ဂျေဇီနဲ့ တစ်နှစ်သမီးလေး ဘလူးအိုင်ဗီပါ ပါဝင်သီဆိုထားပါသေးတယ်။ ဒရိတ်ခ် နဲ့ ဖရန်ခ့်အိုရှန်းတို့လည်းပါဝင်ထားကြတယ်။ Destiny’s Child အဖွဲ့ဝင်ဟောင်း ဘီယွန့်စ်ဟာ အယ်လ်ဘမ်သစ်ကို ၂၀၁၄ မှာထွက်ရှိဖို့ မူလကစီစဉ်ထားခဲ့ပေမဲ့ ပရိသတ်တွေအတွက် ခရစ်စမတ်လက်ဆောင်အဖြစ် ပိုစောပြီးထုတ်ခဲ့တယ်လို့ဆိုတယ်။ Yonce သီချင်းကို ဗီဒီယိုရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ ရစ်ကီဆိုက်ဇ်က “အဲဒါလုံးဝ အံ့အားသင့်စရာပါပဲ။ ပြောရရင် ကျွန်တော်အိပ်ရာထဲရောက်နေတဲ့အချိန် အယ်လ်ဘမ် live ထွက်ရှိပြီဆိုတဲ့ မေးလ်တစ်စောင်ရလိုက်တာပါ” လို့ဆိုတယ်။ အယ်လ်ဘမ်အတွက် ဝေဖန်ချက်တွေမှာ အားရစရာအကောင်းမြင်တဲ့ဝေဖန်ချက်တွေ များများစားစားရနေတယ်။ Billboard Magazine ကလည်း ချီးကျူးပါတယ် “စတားရဲ့ ရဲရဲတင်းတင်းတီထွင်ဖန်တီးမှု” တဲ့။ ဘီယွန့်စ်ရဲ့အယ်လ်ဘမ်သစ်ဟာ R&B အနာဂတ် ဘယ်ကို ဦးတည်နေသလဲ ဆိုတာ ညွှန်ပြနေတာပါလို့လည်းဆိုတယ်။ ဒီအယ်လ်ဘမ်အသစ်မှာ ထူးခြားတာတွေလည်းရှိနေပါတယ်။ အဲဒါတွေက ဘီယွန့်စ်အရင် အယ်လ်ဘမ် ၄ ခုလုံးကို အင်္ဂါနေ့ တွေမှာ ထွက်ရှိခဲ့ပြီး Beyonce ကိုတော့ သောကြာနေ့ ညလယ်မှာထွက်ရှိခဲ့တာပါ။ ဒီအယ်လ်ဘမ်မှာ ဗီဒီယိုတွေပါပေါင်းစပ်ရိုက်ကူးထားတယ်။ Grown Women သီချင်းမှာဆို ဘီယွန့်စ်ရဲ့ မိခင် တီနာနိုးလ်စ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ Blue, Drunk in Love, Yoncé, XO, Ghost, Grown Woman, Haunted, Jealous, Heaven, Mine, No Angel, Partition, Pretty Hurts, Flawless, Rocket, Superpower, Blow သီချင်းတွေပါဝင်ကြပြီး သီချင်းရေးတဲ့သူတွေ ခပ်များများပါဝင်ရေးသားထားကြတယ်။

ကိုယ်တိုင်ရေး လင်ဒ်ဆေးလိုဟန်

Pop rock, Dance အဆိုတော်၊ သရုပ်ဆောင်မလေး လင်ဒ်ဆေးလိုဟန်ဟာ သူမဘဝအကြောင်းပြောပြထားမယ့် စာတစ်အုပ်ရေးသားဖို့စီစဉ်နေပါပြီလို့ ဆိုပါတယ်။ ပြဿနာတွေတစ်လှေကြီးနဲ့ စိတ်အညစ်ကြီးညစ်နေခဲ့ရတဲ့ မင်းသမီးလေးဟာ ပြန်လည်ထူထောင်ရေးစခန်းမှာနေထိုင်ခဲ့ရစဉ် နေ့စဉ်မှတ်တမ်းရေးမှတ်ထားခဲ့တာပါ။ TMZ site ရဲ့ သတင်းမှာ အဲဒီဒိုင်ယာရီကို စာအုပ်အဖြစ်ထုတ်ဝေဖို့ စာပေထုတ်ဝေရေး ၆ ဦးထက်မနည်းဆက်သွယ်ခဲ့ကြတယ်လို့ ရေးထားပါတယ်။  လင်ဒ်ဆေးလိုဟန်ကတော့ နယူးယောက်က စာပေထုတ်ဝေရေး အေဂျင်စီတစ်ခုကို လတ်တလောတွေ့ဆုံခဲ့ပြီး ကိုယ်တိုင်ရေးအထ္ထုပတ္တိစာအုပ်အတွက် ဆွေးနွေးခဲ့ကြပါတယ်တဲ့။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက တရားရုံးအမိန့်နဲ့ ပြန်လည်ထူထောင်ရေးစခန်းမှာ ရက်ပေါင်း ၉၀ ခန့် ကုသမှုခံယူခဲ့ရတယ်။ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ Li-Lo ဟာ ၂၀၁၂ ကနေ လက်ရှိအချိန်ထိ အဲလစ်ဇဘက်တေလာ ရဲ့ အထ္ထုပတ္တိတီဗီဇာတ်လမ်း Liz & Dick မှာ လစ်ဇ်တေလာအဖြစ်သရုပ်ဆောင်ထားတယ်။ ဒါရိုက်တာ Paul Schrader ရဲ့ The Canyons မှာလည်းသရုပ်ဆောင်ထားပါတယ်။ The New Yorker မဂ္ဂဇင်းကြီးက “သူမကိုကြည့်ရတာ ပင်ပမ်းနွမ်းနယ်နေပြီး အလုပ်မှာအာရုံမစိုက်နိုင်သလိုပဲ” လို့ဆိုတယ်။ Variety က တော့ “အင်မတန်စိတ်လှုပ်ရှားလွယ်သောမိန်းကလေး” တဲ့။ Salon သတင်းsite ကတော့ “မီးပွင့်လုနီးပါးမိန်းကလေး” လို့ မှတ်ချက်တွေပေးကြတယ်။ လင်ဒ်ဆေးလိုဟန်ရဲ့ ကိုယ်တိုင်ရေးအထ္ထုပတ္တိမှာ သူမရဲ့ ကြမ်းကြမ်းရမ်းရမ်းကိစ္စတွေ၊ ဖမ်းဆီးခံရမှုတွေ၊ အချစ်ဇာတ်လမ်းတွေနဲ့ သူမရဲ့ ဟောလိဝုဒ်သရုပ်ဆောင်သက်တမ်းကာလ ရည်မှန်းချက်တွေအကြောင်းပါဝင်ပါလိမ့်မယ်။

ရုပ်ရှင်တစ်ကားအတွက် upload တင်ရင် ပေါင်၎ သိန်း ဒဏ်ငွေပါ
အသက် ၂၈ နှစ်အရွယ် ဆွီဒင်နိုင်ငံသား မူပိုင်ခွင့်ချိုးဖောက်ပြီး torrent-sharing website မှာ ရုပ်ရှင်တစ်ကား upload တင်လိုက်တာကြောင့် ဆွီဒစ်ရှ်ငွေကြေး ခရိုနာ ၄.၃ သန်း (ပေါင် ၄ သိန်း) ဒဏ်ကြေးပေးဆောင်ရတော့မှာပါ။ တခြားခေါင်းစဉ်/ အမျိုးအစား ဖိုင်တွေတင်ခဲ့တာကြောင့်လည်း ဆိုင်းငံ့ထောင်ဒဏ်နဲ့ စည်းကမ်းထိန်းသိမ်းရေးစင်တာမှာ နာရီ ၁၆၀ ပြစ်ဒဏ်တွေကိုရရှိခဲ့ပါတယ်။ မူပိုင်ခွင့်ထိပါးမှုတိုက်ဖျက်ရေးအုပ်စု Rights Alliance က သူ့ကို ဆွီဒင်နိုင်ငံရဲ့ အဆိုးတကာ့အဆိုးဆုံး မူပိုင်ခွင့်ထိပါးသူလို့ ဖော်ပြခဲ့ပါတယ်။ မူပိုင်ခွင့် ပြန်လည်ပြုပြင်ပုံသွင်းသူတွေကတော့ ဥပဒေဟာ “ခေတ်နောက်ကျနေပြီ” လို့ အပြစ်ရှာလိုက်တယ်။ ဆွီဒစ်ရှ်မူပိုင်ခွင့်ပါတီဟာ TorrentFreak သတင်း site ကို ပြောပါတယ်။ “မူပိုင်ခွင့်ဥပဒေရဲ့ မူလအရင်းအမြစ်နဲ့ဆိုင်တဲ့ပြန်လည်ပုံသွင်းမှုမှာ ရှေ့ကိုဦးတည်နိုင်မယ့်တစ်ခုတည်းသောနည်းလမ်းဟာ sharing ယဉ်ကျေးမှုမှာ နည်းလမ်းတကျလက်ခံလိုက်နာရပါမယ်” တဲ့။ ဆွီဒင်တရားရုံးဟာ သတင်းမီဒီယာတွေကို အဲဒီအမျိုးသားရဲ့ နာမည်ထုတ်ဖော်မပြောဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။ မူပိုင်ခွင့်ချိုးဖောက်သူတင်ခဲ့တဲ့ ရုပ်ရှင်ရဲ့ မူပိုင်ခွင့်ပိုင်ဆိုင်သူ Nordisk Film As ရုပ်ရှင်ထုတ်လုပ်ရေးက တရားမဝင်အွန်လိုင်းမှာ share ခဲ့တဲ့အတွက် ငွေကြေးနစ်နာဆုံးရှုံးမှုကို တွက်ချက်ပြခဲ့ပြီး လက်ရှိဒဏ်ငွေထက်နှစ်ဆတောင်းခံခဲ့ပါသေးတယ်။ တခြား ခေါင်းစဉ် ၅၁၇ မျိုးအတွက်တော့ ထုတ်လုပ်သူတွေက Swebits.org မှာ တင်ထားတဲ့ဖိုင်တွေကို ပိတ်လိုက်ပါပြီ။ အဲဒီရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေက ဆုံးရှုံးမှုအတွက် ခန့်မှန်းကုန်ကျငွေ ချမပြခဲ့ကြပါဘူး။ ဆွီဒစ်ရှ်မူပိုင်ခွင့်ထိပါးမှုတိုက်ဖျက်ရေးအုပ်စု Right Alliance က ဒီလိုအမှုကြားနာစစ်ဆေးမှုမျိုး လာမယ့်နှစ်တွေမှာ ပိုပြီးတွေ့မြင်လာကြဖို့ရှိမယ်။ စီစဉ်နေပါတယ်လို့ ရှင်းပြသွားခဲ့တယ်။

နယူးဇီလန်ရှုမျှော်ခင်းအလှအပတွေနဲ့ Avatar ဇာတ်လမ်းအသစ်တွေ
Avatar ရုပ်ရှင်နောက်ဆက်တွဲဇာတ်လမ်း သုံးပိုင်းအတွက် ဇာတ်ဝင်ခန်းတွေကို နယူးဇီယန်နိုင်ငံမှာရိုက်ကူးမှာဖြစ်တယ်လို့ ဒါရိုက်တာ ဂျိမ်းစ်ကမ်မရွန်နဲ့ နယူးဇီလန်အစိုးရပိုင်းက ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်အရ Avatar ရုပ်ရှင်အတွက် နယူးဇီလန်နိုင်ငံမှာ NZ ဒေါ်လာ သန်း ၅၀၀(ဒေါ်လာ၄၁၃ သန်း/ ပေါင်၂၅၄သန်း) အသုံးပြုကြမှာပါ။ အလုပ်အကိုင် ရာပေါင်းများစွာလည်းရရှိကြပါလိမ့်မယ်။ အစိုးရက ရုပ်ရှင်ထုတ်လုပ်ရေးအတွက်အခွန်ငွေကို လက်ရှိကောက်ခံနေတဲ့ ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ discount လျှော့ပေးခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Avatar ကိုလည်း New Zealand ရှုခင်းတွေမှာရိုက်ကူးခဲ့ပြီး အော်စကာ သုံးဆုရရှိခဲ့ပါတယ်။ စီးပွားဖွံ့ဖြိုးဝန်ကြီး စတီဗင်ဂျွိုက်စ်ရဲ့ ကြေညာချက်မှာ “နယူးဇီလန်ရုပ်ရှင်လုပ်ငန်းအတွက် ထူးကဲလှတဲ့သတင်းပါ” လို့ ဖော်ပြထားတယ်။ အခွန့်လျှော့တဲ့ဥပဒေသစ်တွေမှာ မူလ ၂၀ ရာခိုင်နှုန်းလျှော့ပေးထားပြီး ထုတ်လုပ်သူတွေဟာ နယူးဇီလန်အတွက် အကျိုးရှိစေမယ့်အစီအစဉ်မျိုးတွေဖန်တီးပေးနိုင်မယ်ဆိုရင် နောက်ထပ် ၅ ရာခိုင်နှုန်းထပ်မံရရှိနိုင်မှာပါ။ အဲဒီအပြောင်းအလဲတွေဟာ ပြည်တွင်းရုပ်ရှင်ထုတ်လုပ်သူတွေနဲ့ နိုင်ငံတကာက ရုပ်ရှင်ထုတ်လုပ်ရေးတွေ (ရုပ်ရှင်ဇာတ်လမ်းတိုကနေ medium-size productions ဒေါ်လာ ၁၅ သန်း ကနေ ဒေါ်လာ သန်း ၅၀ ကြားသုံးစွဲမယ့်ထုတ်လုပ်ရေးတွေ) ကို မက်လုံးပေးလိုက်တာပါလို့ ဆိုတယ်။ နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီးက ကမ္ဘာ့အဆင့်ရုပ်ရှင်တွေမှာ နယူးဇီလန်ကို ဒီလိုပါဝင်ခွင့်ပေးလိုက်တာဟာ ကြီးကျယ်လှတဲ့ ခရစ်စမတ်လက်ဆောင်တစ်ခုပါ” လို့ ပြောလိုက်ပါတယ်။ “Avatar ရုပ်ရှင်တွေကို နယူးဇီလန်နိုင်ငံဆီ ကျွန်တော်တို့ယူဆောင်သွားကြမှာကို တရားဝင်ကြေညာလိုက်ရတာနဲ့တင် တော်တော်လေးရင်ဖိုစရာပါ” တဲ့။ ဒါရိုက်တာ ဂျိန်းမ်စ်ကမ်မရွန်က ဆိုတယ်။ Avatar ရုပ်ရှင်အသစ် သုံးပိုင်းကို ၂၀၁၆ နှစ်ကုန်ပိုင်းကနေ စပြီးပြသနိုင်ဖို့ ကမ်မရွန်က ရည်မှန်းထားပါတယ်။

ဘရက်ဒ်ပစ်ထ်ရဲ့ နှစ် ၅၀ စာ အောင်မြင်မှုတွေ
ဟောလိဝုဒ်ရဲ့ A-list ထဲက သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဘရက်ဒ်ပစ်ထ်ဟာ People မဂ္ဂဇင်းကစလို့ GQ Men မဂ္ဂဇင်း နဲ့ W မဂ္ဂဇင်းအထိ မဂ္ဂဇင်းတော်တော်များများရဲ့ မျက်နှာဖုံးတွေမှာ တင့်တယ်ဝံ့ကြွားစွာဖော်ပြခံခဲ့ရပါပြီ။ အခု ပစ်ထ် ရဲ့ ဟာ အသက် ၅၀ နှစ်မြောက်မွေးနေ့အခမ်းအနား သမိုင်းမှတ်တိုင်အသစ်တစ်ခုအဖြစ် AARP The Magazine မှာ မျက်နှာဖုံးအဖြစ်ဖေါ်ပြလိုက်ပါတယ်။ AARP မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရဲ့ ခေါင်းစီးစာသားမှာ “ချီးကျူးဂုဏ်ပြုစရာ သရုပ်ဆောင်/ ဒါရိုက်တာ/ လူသားချင်းစာနာထောက်ထားသူ/ မိသားစုကိုချစ်သူ မစ္စတာပစ်ထ် ကလပ်အဖွဲ့ဝင်ဖြစ်လာပါပြီ”  လို့ ရေးထားတယ်။ AARP The Magazine ဟာ တစ်လ နှစ်ကြိမ်ထုတ် အမေရိကန်မဂ္ဂဇင်းဖြစ်ပြီး မဂ္ဂဇင်းပါဆောင်းပါးတွေဟာ လူကြီးပိုင်းတွေအတွက်ရည်ရွယ်ရေးသားထားတာပါ။ AARP (American Association of Retired Persons)ဆိုတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းက ၁၉၅၈ ခုနှစ်ကတည်းကထုတ်ဝေခဲ့တဲ့မဂ္ဂဇင်းပါ။ အငြိမ်းစားယူပြီးသူတွေရဲ့ကလပ်ကနေထုတ်ဝေပြီး ယူနိုက်တက်စတိတ်မှာ စောင်ရေအများဆုံးမဂ္ဂဇင်းလည်းဖြစ်နေပါတယ်။ AARP အဖွဲ့ဝင်တိုင်းကို မဂ္ဂဇင်းလက်ဆောင်ပို့ပေးလေ့ရှိတယ်။ ပစ်ထ်ရဲ့ နှစ် ၅၀ စာ အောင်မြင်မှုတွေမှာ အင်ဂျလီနာဂျိုလီနဲ့ ဘရက်ဒ်ပစ်ထ်တို့ ထုတ်လုပ်ခဲ့တဲ့ Jolie-Pitt & Perrin Côtes de Provence Rosé Mirava ဝိုင်လည်း အပါအဝင်ပါ။ Jolie-Pitt ဝိုင်ဟာ Wine Spectator lifestyle မဂ္ဂဇင်းက ရွေးချယ်ခဲ့တဲ့ ထိပ်တန်းအကောင်းဆုံးဝိုင် ၁၀၀ ထဲမှာ နံပါတ် ၈၄ မှာ ရှိနေခဲ့ပါတယ်။ ခရမ်းနုရောင်စပျစ်သီးကနေထုတ်လုပ်တဲ့ rosé ပန်းနုရောင်ဝိုင်တွေထဲမှာတော့ ကမ္ဘာ့အကောင်းဆုံးrosé ဝိုင်အဖြစ် ရွေးချယ်ခံခဲ့ရတယ်။ ပစ်ထ်အတွက်တော့ အသက်ကြီးရင့်လာတာဟာ အနားယူလိုက်ဖို့မဟုတ်ဘဲ အောင်မြင်မှုတွေပိုပြီးစုစည်းဖို့အတွက်ပါပဲ။ zombie တွေဝန်းရံပြေးလွှားရိုက်ကူးခဲ့တဲ့ World War Z ရုပ်ရှင်ဟာလည်း နွေရာသီရုပ်ရှင်တွေထဲက လူကြိုက်များလှတဲ့ရုပ်ရှင်ပါ။ နောက်ထပ်ဂုဏ်ပြုစရာတစ်ခုကတော့ အော်စကာဆုပေးပွဲအတွက် ရှေ့ပြေးအဆိုပြုစာရင်းမှာ ပစ်ထ် ထုတ်လုပ်သူအဖြစ်ပူးပေါင်းထားတဲ့ 12 Years A Slave ရုပ်ရှင်ပါဝင်နေတာပါ။ အဲဒီရုပ်ရှင်မှာ ပစ်ထ်က Samuel Bass အဖြစ် ဇာတ်ပို့အခန်းနည်းနည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

ရိုဘော့စက်ရုပ်တွေကို စိတ်ဝင်စားမှုပိုလာတဲ့ Google
အင်တာနက်နည်းပညာကုမ္ပဏီဖြစ်တဲ့ Google ဟာ အင်ဂျင်နီယာနည်းပညာကုမ္ပဏီ Boston Dynamics နဲ့ စီမံကိန်းတစ်ခုအတွက် စာချုပ်ချုပ်လိုက်ပါတယ်။ Google ဟာ ရိုဘော့တီထွင်ထုတ်လုပ်တဲ့ Boston Dynamics ရဲ့ နည်းပညာတွေအချိန်အတော်ကြာလေ့လာဆည်းပူးနေခဲ့ပြီး လက်တွဲဖို့ဆုံးဖြတ်လိုက်တာပါ။ ကမ္ဘာ့အမြန်ဆုံးပြေးနိုင်တဲ့ရိုဘော့ Cheetah နဲ့ တခြား အဝေးကထိန်းချုပ်ပေးနိုင်တဲ့ ခြေလေးချောင်းသတ္တဝါစက်ရုပ်မျိုးတွေ Boston Dynamics က တီထွင်ခဲ့တယ်။ Defense Advanced Research Projects Agency(DARPA) ထောက်ပံ့ငွေနဲ့ ယူအက်စ်စစ်တပ်အတွက် BigDog လို့ ခြေလေးချောင်းရိုဘော့တွေကို ထုတ်လုပ်ပေးနေတယ်။ စီမံကိန်းရဲ့ ဈေးနှုန်းနဲ့ အရွယ်အစားကို Android အကြီးအကဲဟောင်း အန်ဒီရူဘင်က ဦးဆောင်ရေးဆွဲနေပါတယ်။ အင်တာနက်ကုမ္ပဏီတွေဟာ ရိုဘော့တွေအသုံးပြုဖို့ စိတ်ဝင်စားလာကြတယ်လို့ လေ့လာဆန်းစစ်သူတွေကဆိုတယ်။ အွန်လိုင်းဈေးဝယ်portal တစ်ခုဖြစ်တဲ့ Amazon လည်း ပစ္စည်းတွေပေးပို့တဲ့အခါအသုံးပြုနိုင်မယ့် အမြန်ဆုံး ရိုဘော့ drone တွေသုံးစွဲဖို့စီစဉ်နေတာကို လတ်တလောကြေညာခဲ့ကြတယ်။ Google အမှုဆောင်အကြီးအကဲ လယ်ရီပေ့ခ်ျက Google Plus မှာ ကြေညာချက်တစ်စောင်မှာ ရေးသားခဲ့ပါတယ် “ကျွန်တော်တော့ အန်ဒီရူဘင်ရဲ့ စီမံကိန်းအသစ်အကြောင်းကို စိတ်လှုပ်ရှားနေတယ်။ သူ့ရဲ့ ပြီးခဲ့တဲ့ Android စနစ်ဟာလည်း အိတ်ကပ် သန်း ရာပေါင်းများစွာထဲ စူပါကွန်ပျူတစ်လုံးတပ်ဆင်ပေးလိုက်တဲ့ ရူးလောက်စရာစိတ်ကူးတစ်ခုပဲ။ အခု ဒီရိုဘော့စီမံကိန်းအတွက် အင်မတန်စောလွန်းနေသေးတဲ့နေ့တွေပါ။ တိုးတက်မှုတွေကြည့်ရဖို့ ကျွန်တော်တော့ မစောင့်ဆိုင်းနိုင်တော့ဘူး” တဲ့။ Boston Dynamics ဟာ ရိုဘော့တွေကို စီးပွားဖြစ်မရောင်းချပါဘူး။ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် ပရော်ဖက်ဆာဟောင်းက ၁၉၉၂ မှာ စတင်တည်ထောင်ခဲ့တယ်။ များသောအားဖြင့် ပန်တဂွန်စစ်ဌာနချုပ်ရဲ့ ကာကွယ်ရေးသုတေသနလုပ်ငန်းတွေအတွက် ရိုဘော့တွေထုတ်လုပ်ပေးနေတာပါ။ Boston Dynamics ရဲ့ Atlas ရိုဘော့ဟာ မညီမညာကြမ်းတမ်းနေတဲ့မြေပြင်အနေအထားမှာ လမ်းလျှောက်နိုင်ပါတယ်။ BigDog ခြေလေးချောင်းသတ္တဝါရိုဘော့လေးကတော့ အင်မတန်တက်ကြွဖျတ်လတ်နေပြီး နှင်း နဲ့ ရေခဲပြင်လိုနေရာတွေမှာလည်း သွက်လက်စွာပြေးလျှောက်တယ်။ WildCat ဟာလည်း ခုန်ပေါက်ကဆုန်ဆိုင်းပြေးလွှားနိုင်တဲ့ ခြေလေးချောင်းပါဆူဆူညံညံရိုဘော့လေးဖြစ်ပြီး သတ်မှတ်လိုက်တဲ့နေရာမှာပဲ ချာခနဲလှည့်နိုင်တဲ့အစွမ်းရှိနေတယ်။

ဖြိုးဖြိုး
(Yati Magazine, February, 2014)

1 comment:

အမ်တီအန် said...

ဖြိုးရေ..ဘလော့တွေလည်ရင်း စာတွေလိုက်ဖတ်ဖြစ်တယ်။ ဘလော့မှန်မှန်ရေးနိုင်တာကို အားကျသကွယ်...။ ဘလော့တွေ ပုံမှန်ပြန်လည်ဖြစ်ဖို့အားထုတ်တော့မယ်။
(အဲ.. ဖြိုးက အခု မြန်မာပြည် ပြန်ရောက်နေပြီပဲ..) :P