Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, February 24, 2019

နွေရယ် မိုး ... ဆောင်းလတို့ ပြောင်းစေကွယ် .....

ဖြိုးဖြိုး

“boat” ….. “boat” ….. “boat” …..
“ship” ….. “ship” …..“ship” …..
ဆာဗာမြစ်ဆီက အင်ဂျင်စက်သံသဲ့သဲ့ကြားတာနဲ့ ခပ်သေးသေးလှေလေးလား၊ သင်္ဘောတစ်စီးစီးပဲလား မသိသေးခင် ကျွန်မကတော့ အသံကိုစူးနေအောင်အော်လိုက်တာပဲ။ ကျွန်မ အဲဒီလိုအော်ပြီဆို ကျွန်မအသံကြားတာနဲ့ ကျွန်မတို့ရဲ့ ကြောင်လေး လူဝီ၊ ခွေးလေး ဂျက်ကီနဲ့ ဟက်ပီ တို့က မြစ်ဘက်ဆီပြေးပြီးကြည့်ကြတယ်။ ကျွန်မကလည်း အော်လည်းအော် မြစ်ဘက်ဆီကို အပြေးသွားတယ်။ ပြီးရင်တော့ မြစ်ဘက်က ခြံစည်းရိုးဘေးမှာထိုင်ပြီး ကျွန်မတို့အားလုံး ငေးကြည့်ကြတာပေါ့။ ကျွန်မတို့ရဲ့မြင်ကွင်းထဲက အဲဒီလှေ၊ သင်္ဘောလေးတွေပျောက်သွားတဲ့အထိပေါ့။
အမြဲလိုလိုပဲ။ တစ်ခါတလေ ကျွန်မ အိမ်ထဲမှာ အလုပ်များနေရင်တော့ ပြေးပြီးမကြည့်နိုင်ပါဘူး။ ဒါပေမဲ့ လူဝီတို့ပျော်အောင် ကျွန်မက “boat” ….. “boat” ….. “boat” ….. “ship” ….. “ship” …..“ship” ….. လို့ အော်မြဲပဲ။ အဲဒီလိုဆို သူတို့ပြေးကြည့်ကြစမြဲ။ ဟိုးအရင် ကျွန်မနဲ့ ကျွန်မခင်ပွန်းတို့ ဒီနေရာကိုပြောင်းလာခါစက နံနက်ခင်း နေရောင်တလက်လက်ဖြာကျနေတဲ့ အချိန်လေး  ဆာဗာမြစ်ရေပြင်ကို ကျွန်မ သိပ်သဘောကျပါတယ်။ ညနေခင်းမှောင်စပျိုး နေ့အလင်းရောင်ပျောက်တော့မယ့် အချိန်တွေမှာဆိုရင်တော့ မြစ်ပြင်ဆီမှာက မပီဝိုးတဝါး ရေလှိုင်းတွေရဲ့အရိပ်ကွေ့ကွေ့ကောက်ကောက်တွေဟာ ပုံသဏ္ဍန်မှန်းဆမရ ဟိုဟိုဒီဒီပြန့်ကျဲနေသလိုမျိုးပဲ။ အဲဒါတွေကိုတော့ ကျွန်မ စိတ်ထဲ ကြောက်လန့်နေခဲ့တာပေါ့။ ကျွန်မက အဲဒီလိုသိပ်ကြောက်တတ်သေးတာ။ ညအမှောင်ပီပြင်လာပြီဆိုရင်တော့လား။ ကျွန်မမြစ်ပြင်ဆီ မကြည့်တော့ဘူး။ မြစ်ဘက်ကိုအဆင်းလှေကားလေးဆီသွားတဲ့ ဂိတ်တံခါးဆီကိုလည်း မကြည့်တော့ဘူး။ ယောင်ယမ်းပြီးများကြည့်မိခဲ့ရင်တောင် အရိပ်မဲမဲကြီးများ လှမ်းတက်လာတာတွေ့မိမလား ကြောက်ကြောက်နဲ့ပဲ မျက်လုံးပြူးကြည့် ပြီးရင် မြန်မြန်လေးပဲ မျက်နှာလွှဲ၊ အဲဒီလိုပဲနေခဲ့တာ။ အခုဒီနေရာ ဒီဆာဗာမြစ်လေးကို ရင်းနှီးကျွမ်းဝင်လာခဲ့တော့ ဟိုးအရင်တုန်းကလို မကြောက်တတ်တော့ပါဘူး။ 

အပူချိန်သိပ်ပြင်းတဲ့နွေရာသီ နွေနေ့လယ်ခင်းတွေမှာ မြို့ဘက်ကလူတွေနဲ့ အနီးအနားကလူတွေ ဆာဗာမြစ်ထဲ အပူရှောင် အပမ်းဖြေထွက်တတ်ကြတယ်။ သင်္ဘောငယ်လေးတွေ၊ မော်တော်ဘုတ်တွေလာရင် အင်ဂျင်စက်သံနဲ့အတူ သီချင်းသံတွေ၊ အော်ဟစ်ရယ်မောသံ စကားပြောသံတွေဟာ ကမ်းပါးဆီလိမ့်ပြေးလာတဲ့ ရေလှိုင်းလေးတွေနဲ့အတူ ကျွန်မတို့ဆီကိုတောင် ရောက်လာတတ်ကြသေးတာ။ အခုဆို ကျွန်မ အဲဒီအသံတွေနဲ့အတူ လိုက်ပါပြုံးရွှင်ရယ်မောနေမိတာပါပဲ။ 

ကျွန်မရောက်နေတဲ့ ဆားဘီးယားနိုင်ငံမှာ အနောက်မြောက်ပိုင်း ဗွိုင်းဗော်ဒီနာ(Vojvodina)ကနေဖြတ်စီးလာတဲ့ ဒူးနာ့ဘ်မြစ်(Danube)ရယ် (ဒေသခံတွေရဲ့ အခေါ်အတိုင်း ဒူးနာ့ဘ်လို့ပဲရေးလိုက်ပါတယ်) ဆလိုဗေးနီးယားဘက်က စီးလာတဲ့ ဆာဗာမြစ်ရယ် မြစ်နှစ်သွယ်ရှိကြတယ်။ ဆားဘီးယားနိုင်ငံက ကုန်းတွင်းပိုင်းနိုင်ငံလေးဆိုတော့ အဲဒီမြစ်နှစ်သွယ်က ဒေသခံတွေအသည်းစွဲပေါ့။ ဒူးနာဘ့်မြစ်က ဂျာမနီကနေ ဘရီဂါဟာ့ နဲ့ ဘရိဂ် ဆိုတဲ့မြစ်သေးလေးနှစ်သွယ်ပေါင်းပြီး စတင်စီးဆင်းလာခဲ့တာပါ၊ ဂျာမနီနိုင်ငံ ဒိုန်အော့ရှင်းဂန်မြို့(Donaueschingen) ကနေစတင်တယ်၊ နောက်တော့ ဂျာမနီ၊ သြစတြီးယား၊ စလိုဗေကီးယား၊ ဟန်ဂေရီ၊ ခရိုအေးရှား၊ ဆားဘီးယား၊ ဘူလ်ဂေးရီးယား၊ မော်လ်ဒိုဗာ၊ ယူကရိန်းတို့မှာရှိတဲ့ မြို့တွေဖြတ်ခဲ့ပြီး ရိုမေးနီးယားနိုင်ငံ စူလီနာမြို့လေးကို နောက်ဆုံး ဖြတ်ပြီး ပင်လယ်နက်ထဲကိုစီးဝင် အဆုံးသတ်ပါတယ်။ ဘဲလ်ဂရိတ်မှာ ဆာဗာ(Sava) မြစ်နဲ့ ပေါင်းပြီး ဒူးနာ့ဘ်မြစ်ရေစီးပိုသန်သလို မြစ်အကျယ်လည်း ပိုလာခဲ့တယ်။ ဆာဗာမြစ် ကတော့ ဆလိုဗေးနီးယား၊ ခရိုအေးရှား၊ ဘော့စ်နီးယားနဲ့ ဟာဇီးဂိုးဗီးနားတို့ကို ဖြတ်စီးပြီး ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့မှာ အဆုံးသတ် သွားခဲ့တာပါ။ ကျွန်မတို့နေတဲ့ အိမ်ဘေးကနေ ဆာဗာမြစ်လေးက ဖြတ်စီးသွားခဲ့သေးတာ။ သူ ဘဲလ်ဂရိတ်မြို့မှာ အဆုံးမသတ်ခင်အထိပေါ့။ အဲဒီလို ဆာဗာမြစ်အကြောင်းကို သိသွားခဲ့တော့ အသနားပိုသွားခဲ့တာကြောင့်လည်းပါမှာ။ ဟိုးအရင်တုန်းက ကြောက်နေခဲ့ဖူးတဲ့မြစ်ပြင်ကို ညတွေမှာလည်း မကြောက်တတ်တော့ပါဘူး။ အခုတော့ ညနေခင်း ကျနေ အလင်းရောင်နဲ့ ကျွန်မတို့ အိမ်ထဲ နံရံတွေအထိ ရေလှိုင်းအရိပ်လေးတွေ တလှုပ်လှုပ်လာတွယ်ကပ်နေတာတောင် သဘောကျသွားခဲ့ပြီ။ နွေရာသီကာလတွေမှာ ဆာဗာမြစ်လေးထဲလူတွေစည်ကားနေတတ်ပေမဲ့ နွေကုန်လို့ အအေးပိုလာခဲ့ပြီဆိုရင်တော့ အပျော်စီးလှေလေးတွေ ငါးဖမ်းလှေလေးတွေမရှိကြတော့ဘူး။ ကျောက်မီးသွေးတင်တဲ့ သင်္ဘောလိုမျိုး အဲဒီလိုသင်္ဘောတချို့သာတွေ့ရတတ်တော့တာ။ သိပ်အေးတဲ့နှစ်ဆိုရင် မြစ်ပြင်ထဲ မျောပါလာတတ်တဲ့ ရေခဲတုံး အချပ်အပြားတွေကြည့်ရတာလည်း ပျော်စရာတစ်ခုလိုဖြစ်သွားခဲ့ပြီ။ ပြောသာပြောနေ ကျွန်မဖြင့် ဒီနှစ်တစ်နွေလုံး ဆာဗာမြစ်ထဲ တစ်ခေါက်လေးတောင်မရောက်ခဲ့ပါဘူး။ ရေလည်းမကူးတတ်သူမို့ ရေမကူးဖြစ်သလို လှေနဲ့လည်းမသွားဖြစ် မလှော်ဖြစ်ခဲ့ပါဘူး။ 

ကျွန်မ မြန်မာနိုင်ငံမှာတုန်းက ဆောင်းတွင်းတွေမှာ ရုံးသွားရင် နံနက်ခင်းလေး နည်းနည်းအေးသယောင်ရှိတာမို့ အနွေးထည်အပေါ်ဝတ်လေးခပ်ပါးပါးလေးဝတ်သွားလိုက်ရုံသာ။ ဆောင်းအတွက်အထူးတလည် အနွေးထည်မလိုသလို မိုးရာသီမှာဆိုရင်လည်း ထီးမပါမဖြစ်ဆောင်ထားလိုက်ရုံလေးပဲ။ မိုးကာအင်္ကျီတောင်ဝတ်နေကျမဟုတ်လို့ မဝတ်ဖြစ်ခဲ့ပါဘူး။ ဖိနပ်ဆိုရင်လည်း ပုံမှန်စီးနေကျ တစ်လက်မဒေါက်လေးလောက်သာ၊ အမျိုးမျိုးလည်းမစီးဖြစ်ခဲ့ပါဘူး။ အဲဒီဖိနပ်လေးတွေကလည်း မိုးရေထဲ အစီးခံကြတယ်မဟုတ်လား။ နွေ မိုး ဆောင်း သုံးရာသီလုံး အဝတ်အစားအသုံးအဆောင်အတွက် ထူးထူးခြားခြားပြင်ဆင်စရာမလိုလှဘူး။ ဒီဘက်မှာတော့ ရာသီဥတုက နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းရာသီတွေဟာ အကူးအပြောင်းမြန်လှတယ်။ အပူအအေး သိပ်ကို ကွာခြားတာပဲ။ နွေရာသီမှာ မြန်မာနိုင်ငံက နွေရာသီထက်တောင် ပိုပြီးပူသွားတတ်သလို ဆောင်းမှာဆိုရင်လည်း သိပ်ပြီးအေးလွန်းတာပါ။ နွေမကုန်ခင်ကတည်းက အိမ်အတွက် အတွင်းနံရံနဲ့ အပြင်ဘက်နံရံတွေပါ အအေးဒဏ်ခံနိုင်ဖို့ ပြင်ဆင်ကြရတယ်။ ကျွန်မတို့နေကြတာက ရွာလေးမှာဆိုတော့ မြို့မှာလို အစိုးရကပေးတဲ့ ရေပူနဲ့အနွေးပေးတဲ့စနစ်မရှိတာကြောင့် မီးလင်းဖိုအနွေးကိုပဲ အားထားကြရတယ်။ အဲဒီအတွက်လည်း တစ်နွေလုံး သစ်သားတွေဖြတ်၊ အချိန်ယူပြီး စုဆောင်းထားကြရတယ်။ သစ်သားတုံးတွေလည်း လိုတဲ့အခါ ဝယ်ကြရတယ်။ စင်ပေါ်မှာ စုပြီးသိမ်းထားကြတယ်။ သိပ်အေးလှတဲ့ ဆောင်းရဲ့အအေးဒဏ်ကို ကာကွယ်ဖို့ သိုလှောင်ကြရတာပါ။ ရာသီတစ်ခုကနေ တစ်ခုကူးပြောင်းတိုင်း အမြဲအလိုလို မတူတဲ့အလုပ်တွေက စောင့်ကြိုနေကြတာပါပဲ။ 

အဝတ်အစားတွေဆိုရင်လည်း နွေကုန်ပြီ ဆိုတာနဲ့ကို နွေဝတ်ပါးပါးလေးတွေသိမ်းထားလိုက်ရတော့တာ။ ထူထူထဲထဲအဝတ်တွေကို အလွယ်တကူသုံးနိုင်မယ့်ဗီရိုထဲကို နေရာပြန်ချ၊ လျှော်စရာရှိတာလျှော် သိမ်းဆည်း၊ ထုတ်ယူ အဲဒီလိုလည်း လုပ်နေရသေးတော့တာ။ ကျွန်မစိတ်ထင်တော့ ဒီဘက်ကလူတွေခမြာ ပိုပြီး အလုပ်များ၊ ဝယ်စရာတွေကများ အလုပ်တွေ မနေမနားလုပ်နေရ သလိုပဲ။ မဟုတ်ဘူးလားနော်။ ကြည့်ပါဦး ဆောင်းတွင်းမှာစီးဖို့အတွက်ဆိုရင် ဖက်ရှင်ကျကျလှချင်တဲ့သူတွေအတွက် မပြောပါနဲ့ဦး။ တကယ့်ကိုလိုအပ်လို့ နှင်းထဲစီးရမယ့်ဖိနပ်၊ ရေစိုစိုစိစိမှာစီးရမယ့်ဖိနပ်၊ နွေရာသီမှာစီးရမယ့်ဖိနပ် အဲဒီလိုတွေမဖြစ်မနေဝယ်နေရရော၊ လူတစ်ယောက်တည်းနဲ့ အမျိုးမျိုးပဲ မရှိမဖြစ်ကိုလိုအပ်နေတော့တာပဲ။  အစားအသောက်ဆိုရင်လည်းကြည့်ပါဦး အေးလာပြီဆိုတာနဲ့ကို အပူချိန်သိပ်ကျသွားတတ်တဲ့ညတွေမှာ ရေခဲတော့တယ်။ အပင်တွေကို အအေးကိုက်တော့တာပေါ့။  အဲဒီတော့ သီးပင်စားပင်၊ အပင်လေးတွေရဲ့အရွက်လေးတွေ၊ ပင်စည်တွေလည်း အအေးဒဏ်ခံရပြီး အစိမ်းရောင်လန်းလန်းဆန်းဆန်းအရွက်လေးတွေဟာ နောက်တစ်နေ့မနက်ခင်းမှာ ညိုဝါဝါ ခပ်ညှိုးညှိုးလေးတွေဖြစ်ကုန်တော့တယ်။ နွေဦးကနေစပြီး ကျွန်မတို့ တယုတယ စိုက်ပျိုးထားခဲ့ကြတဲ့ ဘူးသီး၊ ကြက်ဟင်းခါး၊ ချဉ်ပေါင်ပင်တွေဆိုရင် ဆောင်းဦးထဲဝင်လာတာနဲ့ အဲဒီလို အအေးကိုက်တဲ့ဒဏ်ခံသွားရပြီ။ သူတို့လေးတွေဆီက အစိမ်းရောင်လေးတွေ သိပ်မကြာတော့ဘူး၊ အကုန်ပျောက်ကွယ်သွားတော့မှာ။ အအေးဒဏ်မခံနိုင်တဲ့ တစ်ရာသီစာအသီးအပွင့်လေးတွေ အားလုံးပဲ ရှင်သန်နိုင်ကြတော့မှာမဟုတ်ဘူး။ ဒါဟာ သဘာဝအတိုင်းပါပဲ။ ကျွန်မကတော့ သဘာဝအတိုင်းဖြစ်နေတာတွေ သတိထားကြည့်နေရင်း စိတ်မကောင်းဖြစ်လိုက်၊ ရင်ခုန်စိတ်လှုပ်ရှားလိုက်၊ အလုပ်များလိုက်နဲ့ပေါ့။ အလုပ်များဆို မညှိုးသေးဘဲကျန်နေခဲ့သေးတဲ့ ချဉ်ပေါင်ရွက်လေးတွေ ရသလောက်အကုန်ခူး၊ ကျကျနနထိုင်သင်၊ တစ်ခါချက်စာ ပလတ်စတစ်အထုတ်လေးတွေထဲထည့်၊ freeze လုပ်ခဲ့ရသေးတာ။ အဲဒါကြောင့်ပြောတာ အလုပ်များလှတယ်ဆိုတာပေါ့။ ဆောင်းရာသီမှာ သဘာဝအတိုင်းရနိုင်တဲ့အသီးအနှံတွေက မရှင်သန်နိုင်ကြတော့ ဒီလိုပဲ ရေခဲရိုက်ထားတွေ ထုတ်ပြီး ချက်ပြုတ်စားကြရတာပါပဲ။ “Eat to live, not live to eat” ဆိုပြီး အစားအသောက်အတွက် ထွေလီကာလီ ဇာချဲ့အချိန်တွေမပေးသူ၊ အစားမကြူးသူတွေအဖြစ် ကျွန်မတို့ ဂုဏ်ယူချင်ကြသေးတယ်မဟုတ်လား။ ဒါပေမဲ့လည်း ကျွန်မတို့လို အသက် ၄၀ကျော်ပြီး အသက်တွေ မရပ်မနားကြီးလာနေကြသူတွေအတွက် အသက်ရှင်ဖို့ စားကြရတာတောင်မှ ကျန်းမာဖို့ အဟာရပြည့်ဝစေဖို့စားပေးနေကြရရောလေ။ အဲဒီလိုစားကြဖို့အတွက်နဲ့ပဲ ဆောင်းတွင်းအတွက် ပြင်ဆင်ရပြန်ရော၊ ဟိုဟာလေးဆိုလည်း ဆောင်းတွင်းမှာဝယ်မရဘူး။ ဒါလေးဆိုလည်းမရှိနဲ့။ freeze ဖို့ပြင်ဆင်ရတော့တာ။ ဟိုတစ်နေ့ကဆို red chilli pepper ငရုတ်ချိုတောင့်ပွကြီးတွေဝယ်လာ၊ အဲဒါတွေကို မီးဖုတ်၊ အကျက်ညီညီ မီးကျွမ်းသွားပြီဆိုရင် အဲဒီမီးဖုတ်ထားတဲ့ငရုတ်ချိုတွေ အိုးထဲမှာ ခဏထည့်ထားပြီး အပေါ်က အဝတ်သန့်သန့်အုပ်ထားပေး၊ အေးသွားပြီဆိုတော့မှ ဓားလေးနဲ့ မီးကျွမ်းနေတဲ့အခွံသားမဲမဲတွေဖယ်ပြီး ပလတ်စတစ်လေးတွေထဲ ငါးတောင့်လောက်စီ တစ်ထုတ်စီထုတ်၊ freeze ကြသေးတယ်။ အဲဒီငရုတ်တောင့်ပွကို သံလွင်ဆီ၊ ပန်းသီးရှာလကာရည်လေးနဲ့ ဆမ်း၊ ဆား၊ ကြက်သွန်ဖြူလေးသေးသေးလေးတွေစိတ်ထည့်စားရင် သိပ်ကို စားလို့ကောင်းတာပါပဲ၊ ကျန်းမာရေးနဲ့လည်းညီညွတ်သေးသတဲ့။ ငရုတ်တောင့်ပွထဲ ချိစ်နဲ့ ကြက်ဥ မွှေခေါက်၊ တရုတ်နံနံလေးရွက်လေးတွေနှုတ်နှုတ်စင်းထည့် အစာသွပ်၊ ဂျုံမှုန့်၊ ကြက်ဥ breadcrumb လေးတွေကပ်ပြီး ကျော်စားရတာလည်း ကျွန်မက ကြိုက်သေးတယ်။ အဲဒါကြောင့်လည်း ဆောင်းမှာ ကိုယ်ကြိုက်နှစ်သက်တာလေး စားရဖို့ပြင်ဆင်ရပြန်တာပါပဲ။ အခုဆို နွေဦးနဲ့ နွေရာသီမှာ ရှင်သန်ခဲ့ကြတဲ့ သစ်ရွက်စိမ်းစိမ်း၊ ပန်းပွင် နီ၊ ဝါ၊ ခရမ်း ပန်းရောင် အသွေးအရောင်စုံလေးတွေ တဖြည်းဖြည်းချင်းအရောင်တွေလွင့်ပြယ်လာကြပြီ။

ဆောင်းဦးမှာ သစ်ရွက်တွေ ဝါညိုညိုအရောင်တွေပြောင်းလို့ ဆောင်းပီသသွားပြီဆိုတာနဲ့ ဆောင်းမှာပဲ ရှင်သန်နိုင်တဲ့ထင်းရှုးလို၊ ကျောက်ပန်းပင်လို တချို့အပင်တွေရဲ ရှားရှားပါးပါးအစိမ်းရောင်လေးတချို့တစ်ဝက်ကလွဲလို့ အသွေးအရောင်မစုံ၊ depressing monochrome brown လို့တောင် ပြောရဦးမယ့်အရောင်ချည့်ပဲဖြစ်သွားတော့မှာလေ။ ရာသီဥတုအကူးအပြောင်းမှာလိုက်လျောညီထွေအောင် အလုပ်များနေရတာကိုပဲ အခုတော့ ကျွန်မ သဘောကျသွားမိပြီ။ ဒီဆောင်းကုန်သွားရင် နွေဦးရောက်လို့ ပြန်ဝင်လာတော့မယ့် အသွေးအရောင်၊ စုံလင်လှတဲ့အရောင်လေးတွေကို မျှော်လင့်ရင်ခုန်ရဦးမယ်။ အပြောင်းအလဲ သဘာဝအသစ်တစ်ခုကို စူးစမ်းစောင့်စားနေရတာကလည်း ဘယ်တော့မှဟောင်းမသွားတဲ့ ပျော်ရွှင်မှုတစ်ခုလိုပဲလေ။ အလုပ်တွေများရင် သီချင်းလေးတောင်ညည်းမိလိုက်သေးတာ “နွေရယ် မိုး ဆောင်းလတို့ ပြောင်းစေကွယ် …. ရင်မှာအချစ် အသစ်မွေးဖွား မဟောင်းဘူးကွယ်”  သီချင်းနဲ့ ဆိုင်တော့မဆိုင်လှပေမဲ့၊ တကယ်ပဲ ဟိုဟိုဒီဒီအလုပ်များနေရင်းက အဲဒီသီချင်းလေးကို သွားသတိရလိုက်မိတာ။ အခု အန်တီတင့် က ဘလောဂ့်ဂါတွေရဲ့ စာမူလေးတွေအမှတ်တရစုပြီး စာအုပ်ထုတ်မယ်ဆိုတော့ လတ်တလောစိတ်ထဲရှိတာပဲ ချရေးထားလိုက်မိတော့တယ်။ အက်ဆေးမဟုတ်၊ ဆောင်းပါးမဟုတ်၊ ဝတ္ထုတိုခေါင်းစဉ်အောက်လည်းမရှိ ဘာရယ်လို့ ပြောမရပေမဲ့ ချစ်စရာ မြန်မာစာလုံးလုံးလုံးဝိုင်းဝိုင်းလေးတွေနဲ့ပဲမဟုတ်လား။ မြန်မာစာလုံး ဝိုင်းဝိုင်းလေးတွေကို ချစ်တဲ့စိတ်နဲ့ရေးတဲ့စာ၊ အန်တီတင့်ကို ချစ်လို့ရေးတဲ့စာ၊ ဘလောဂ့်ဂါတွေကို ချစ်ခင်ရင်းနှီးတဲ့စိတ်နဲ့ရေးတဲ့စာတစ်ပုဒ်ဆိုတာတော့ ၁၀၀ရာခိုင်နှုန်း၊ ရာနှုန်းပြည့်နေတာ အသေအချာပါ။        ။

ချစ်တဲ့အန်တီတင့်နဲ့ ချစ်တဲ့ဘလောဂ့်ဂါတွေ ၂၀၁၉ နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ ကြိုတင်ပြီးဆုတောင်းပေးလိုက်ပါတယ်။

(ဝန်ခံချက် - ဟိုးတုန်းက ဘလောဂ့်မှာ နေ့စဉ်ရေးတင်ဖြစ်ကြတဲ့ စာမျိုးလေးတွေကို သတိရသွားမိသေးတာ။ ဟိုး … တုန်းက  အဲဒီလိုပိုစ့်အသစ်တင်ပြီဆို အဲဒီနေ့ တခြားဘလောဂ့်တွေကိုလည်း အချိန်ရသလောက်လည်ပတ်သေးတာ၊ ပြီးရင်တော့ cbox မှာအော်၊ ရောက်ခဲ့ပါတယ်ပေါ့။ comment တွေဝင်ရေး၊ ခြေရာတွေချန်ရစ်ခဲ့၊ အဲဒီတော့ အဲဒီဘလောဂ့်ပိုင်ရှင်လေးတွေလည်း အားနာပါးနာ ကိုယ့်ဆီပြန်ရောက်လာ၊ comment လေးပြန်ရေး၊ ပြန်ရောက်လာပါတယ် စာလာဖတ်ပါတယ် ရေးသွားကြရော၊ ပြီးရင် blog post view တွေတက်လာရော။ အဲဒီလို ဥာဏ်များကြရတာပေါ့။ အခု ချစ်တဲ့အန်တီတင့်ရဲ့ ဘလောဂ့်ဂါအမှတ်တရ စာအုပ်မှာကျတော့ ကိုယ့်စာကို ဘယ်လောက်ဖတ်တယ် view ဘယ်လောက်ရှိတယ်ဆိုတာတော့ သိနိုင်မယ်မဟုတ်ဘူး။ ဟိဟိ။ ဒါပေမဲ့ ကိစ္စတော့မရှိပါဘူး ချစ်လို့ရေးတာပဲနော်။)



******************

ဖြိုးဖြိုး

No comments: