ဒီဘက်နိုင်ငံတွေမှာတော့ နွေရာသီဟာ မြန်မာနိုင်ငံမှာလို ရွက်ဝါကြွေတဲ့နွေမဟုတ်ဘဲ ရွက်သစ်တွေဝေပြီး ပန်းရောင်စုံတွေဖူးပွင့်ကြတဲ့အချိန်ပါ။ အေးတဲ့အချိန်တွေမှာ ရေခဲမှတ်အောက်ထိကျသွားပြီး အပင်တွေမှာ သစ်ရွက်တစ်ရွက်မှ မကျန်နိုင်အောင် အရိုးပြိုင်းပြိုင်း အရိုင်းဆန်ဆန်အထီးကျန်သလိုခံစားရလွန်းလှလို့ ပူနွေးတဲ့နွေရာသီကို သဘောကျကြပါတယ်။ ပူနွေးတဲ့နိုင်ငံတွေကို ဆားရ်ဘီးယန်းတွေက နှစ်သက်ကြတယ်။ နွေရာသီဆို ကလေးလူကြီး အရောင်အသွေးစုံ အကျီပါးလေးတွေဝတ်ဆင်ပြီး မိသားစုလိုက်ရေကူးကန်သွားကြပါတယ်။ ကုန်းတွင်းပိတ်နိုင်ငံသားတွေပေမယ့် ကလေးလူကြီးနီးပါး ရေကူးတတ်ကြတာမို့ ရေမကူးတတ်တဲ့ ကျွန်မကို သူတို့က အံ့သြနေကြသေးတယ်။ ကုန်းတွင်းပိတ်နိုင်ငံဆိုတော့လည်း ကမ်းခြေရှိတဲ့နိုင်ငံတွေကို အထင်ကြီးအားကျကြပါတယ်။ သိပ်ပြီး အလည်အပတ်သွားချင်ကြတယ်။ နွေရာသီမှာ ဂရိကမ်းခြေတွေမှာ သွားပြီး အပမ်းဖြေကြလေ့ရှိပါတယ်။ ဘဲလ်ဂရိတ်မှာတော့ မြို့လယ်ပိုင်းလောက်ဖြတ်စီးဆင်းလာပြီး ဆာဗာမြစ်ရဲ့ ညာဘက်မြစ်လက်တက်မှာ ပေါ်ထွန်းလာတဲ့ ကျွန်းလေးရှိနေတယ်။ အဲဒီကျွန်းလေးကို ကမ်းခြေအတုပုံစံပြုလုပ်ထားတဲ့ အာဒါကန်မှာ လာလည်ကြသူပေါင်း နွေရာသီမှာဆိုရင် နေ့စဉ် ၁ သိန်းကျော်လောက်ရှိပါတယ်။ “ဘဲလ်ဂရိတ်ရဲ့ ပင်လယ်” လို့ သူတို့က တင်စားကြလေရဲ့။