Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, August 24, 2014

ဘရာဇီးနိုင်ငံမှ စားချင်စဖွယ်ရိုးရာအစားအစာတွေ

ဘရာဇီးနိုင်ငံက ရိုးရာအစားအစာတွေမှာဆိုရင် ဒေသခံတွေ၊ ဥရောပစတိုင်လ်နဲ့ အာဖရိကန်စတိုင်လ်တွေ ရောယှက်နေပါတယ်။ တိုင်းပြည်မှာက ဒေသခံတိုင်းရင်းသားတွေရယ် အခြေချနေထိုင်သူတွေရဲ့ စားသောက်ပုံတွေအတိုင်းလွှမ်းမိုးသွားတာပါ။ ဘရာဇီးနိုင်ငံဟာ တောင်အမေရိက နဲ့ လက်တင်အမေရိကမှာ အကြီးဆုံးနိုင်ငံပါ။ ပထဝီဝင်မြေနေရာအနေအထားရော လူဦးရေအရပါ တစ်ကမ္ဘာလုံးမှာပါ ပဉ္စမမြောက်အကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ ၂၀၂ သန်း ကျော်ရှိနေပါတယ်။ လူဦးရေထူထူ မြေနေရာကျယ်ကျယ်၊ ကမ်းခြေလှလှရှိနေတဲ့ ဘရာဇီးနိုင်ငံကို အလည်အပတ်ရောက်ဖြစ်ခဲ့တယ်ဆိုရင် ဒီရိုးရာအစားအစာလေးတွေ မြည်းစမ်းကြည့်ဖို့ မမေ့စေချင်ပါဘူး။

ဘရာဇီးလမ်းမတွေမှာ၊ ဘရာဇီးကမ်းခြေတွေမှာ အများဆုံးတွေ့နိုင်တဲ့ အစားအစာဟာ acarajé ဆိုတဲ့ ပုဇွန်ကြော်ပါ။ ပုဇွန်ကြော်ထဲမှာ ဗိုလ်ကိတ်ပဲ၊ ပဲလွန်းလို့လည်းခေါ်ကြတဲ့ black-eye pea ၊ ကြက်သွန်နီအစာတွေပါဝင်တယ်။ ပုဇွန်၊ ရှာလကာရည်နဲ့ပြင်ထားတဲ့ ဆလတ်ကို အစာသွပ်ပြီး ပဲလွန်းလေးတွေနဲ့ ကြော်ထားတာပါ။ ဟင်းခတ်အမွှေးအကြိုင်နယ်ထားတဲ့ ပုဇွန်ကို ကြွှပ်ကြွှပ်လေးကြော်ထားပြီး အရသာကတော့ ခပ်ပြင်းပြင်းပါ။ ငရုတ်သီးမှုန့်လည်းပါမယ်။ ငရုတ်ကောင်း၊ ကြက်သွန်ဖြူတို့လည်းထည့်ထားသေးတယ်။ ဒေသခံတွေရော ကမ္ဘာလှည့်ခရီးသွားတွေပါ အကြိုက်တွေ့ကြတဲ့ စားဖွယ်တစ်မျိုးပါ။

Coxinhas ကတော့ အဟာရဓာတ်အပြည့်ပါတဲ့ မိုးရေစက်လေးတွေလို့ တင်စားကြတဲ့ ကြက်သားနဲ့ ကရင်မ်ဓာတ်များများ ချိစ် တို့ကို အရသာရှိရှိပြင်ဆင်ပြီး ကြော်ထားပါတယ်။ catupiry လို့လည်း ခေါ်ကြပါတယ်။ အရသာကတော့ mac 'n' cheese (ခေါက်ဆွဲအခေါင်းပွ နဲ့ ချိစ်ကြော်) မှာ ကြက်သားအရသာပေါင်းထည့်ထားသလိုပါ။ catupiry အကြိုက်တွေ့ကြတဲ့အမေရိကန်ကမ္ဘာလှည့်ခရီးသွားတွေက ဘာလို့များ ယူအက်စ်မှာ ဒီလိုအစားအစာမရှိသလဲလို့တောင် ညည်းကြသတဲ့။ ဘရာဇီးရိုးရာအစားအစာလိုဆိုနေကြပေမဲ့ ၁၉၁၁ လောက်က အီတလီအခြေချနေထိုင်သူ မာရီယိုဆီလ်ဗက်စထရီနီ က စတင်ပြင်ဆင်ရောင်းချခဲ့တယ်လို့ ဆိုကြတယ်။
Brigadeiro က ချော့ကလက်ပျော့ပျော့ အီအီဆိမ့်ဆိမ့်ကို ကရင်မ် မပါတဲ့ နို့ရည်ထဲမှာစိမ်ထားတယ်။ ပြီးတော့ ချောကလက်ရည် ဖျန်းပေးထားတဲ့အစားအစာပါ။ ဘရာဇီးချောကလက်အလိပ်လေးတွေရဲ့ အရသာကို အချိန်တော်တော်ကြာတဲ့အထိ မမေ့နိုင်ဖြစ်နေမယ်လို့ အမွှန်းတင်တတ်ကြတယ်။ 

Pão de Queijo အစားအစာကတော့ ပေါင်မုန့်အလိပ်လေးတွေကို ချိစ်နဲ့ ကင်ထားတာပါ။ Pão de Queijo စားပြီးရင်တော့ ရိုးရိုးပေါင်မုန့်ကို စားချင်မှာမဟုတ်တော့ဘူးတဲ့။ 

Farofa ကတော့ ပလောပီနံမှုန့်ကြော်ပါ။ ကြက်ဥ၊ ဝက်ဆားနယ်ခြောက် နဲ့ တခြား ဟင်းအမယ်တွေပါဝင်ကြတယ်။ အပေါ်မှာ ဆန်နဲ့ ပဲသီးတောင့်လေးတွေ ဖြူးပြီး ကြော်ထားတဲ့စားဖွယ်ပါ။ အရသာကတော့ ဘယ်တုန်းကမှ မြည်းစမ်းဖူးတဲ့အရသာမျိုးမဖြစ်နိုင်ဘူးလို့ အာမခံကြတယ်။ သိပ်ပြီးတော့ အရသာရှိလှတယ်လို့ ဆိုပါတယ်။ 

Feijão Tropeiro - Kidney bean ပဲတစ်မျိုးဖြစ်တဲ့ အရွယ်လတ်လတ် အစက်အပြောက်၊ အကြားလေးတွေပါတဲ့ pinto bean တွေကို ပလောပီနံမှုန့်ဖြူး ဆီပူထိုးထားတယ်။ ကြက်သွန်မြိတ်၊ ကြက်ဥ နဲ့ ဝက်ဆားနယ်ခြောက်လည်းပါတဲ့ အစားအစာပါ။ ခပ်ဆိမ့်ဆိမ့်ပဲအရသာမှာ ကြက်ဥနဲ့ ဝက်သားခြောက်အရသာထည့်ထားသလိုပါပဲ။

Açaí ကတော့ အချိုတည်းကြတဲ့ ဘယ်ရီသီးမုန့်ပါ။ ငှက်ပျော်သီး၊ စထရော်ဘယ်ရီ နဲ့ ဂရန်နိုလာမြင်းစားဂျုံလို ခပ်ကြွပ်ကြပ်အချပ်လေးတွေမှာ ပျားရည်ဆမ်းပြီးစားကြပါတယ်။ ဒိန်ချဉ်လည်းထည့်စားကြတယ်။

ဂျုံမုန့်ညက်ထဲမှာ အစာသွပ်ပြီး ကြွပ်ကြွပ်ရွရွလေးဖြစ်အောင်ကြော်ထားတဲ့ Pastéis မုန့်ပါ။ အစာသွပ်တဲ့အခါမှာတော့ အစာအိမ်က အလိုရှိသမျှ ချိစ်၊ ပင်လယ်ငါး၊ ငါးအမျိုးမျိုး၊ အမဲသား စသဖြင့် ကြိုက်ရာထည့်ပြီးကြော်နိုင်ပါတယ်။ ခပ်ကြွပ်ကြွပ်ဖြစ်အောင်ကြော်ဖို့ကတော့အရေးအကြီးဆုံးလို့ဆိုတယ်။

Mousse de Maracujá ချိုချိုအီအီအရသာစားချင်တဲ့သူတွေအတွက် သစ်သီးပူတင်းပါ။  

Feijoada အနက်ရောင်ပဲစေ့လေးတွေကို ပြုတ်ထားပြီး အမဲသား၊ ကြက်အူချောင်း၊ ဝက်အူချောင်းအမျိုးမျိုးနဲ့ ချက်ထားတဲ့အစားအစာပါ။ ငရုတ်သီးလည်းထည့်ထားတာကြောင့် အစပ်ကြိုက်နှစ်သက်သူတွေရွေးချယ်စားသုံးကြတယ်။

Bolinho de Chuva - သကြားနဲ့ သစ်ကြံပိုးခေါက်မုန့်ဖြူးထားတဲ့ ဒိုးနတ်မုန့်အချိုပါ။ ပြင်ဆင်ချိန် ၁၀ မိနစ်လောက်ရယ် ကြော်တဲ့အချိန် မိနစ် ၂၀၊ ပေါင်း နာရီဝက်လောက်အချိန်မြန်မြန်လေးနဲ့ အချိုတည်းနိုင်ပါတယ်။ သစ်ကြံပိုးတစ်ဇွန်းနဲ့ ဂျုံမှုန့်၊ ကြက်ဥ၊ ထောပတ်၊ သကြား၊ မုန့်ဖုတ်ပေါင်ဒါ၊ ကြော်တဲ့အခါအသုံးပြုရမယ့်ဟင်းသီးဟင်းရွက်ဆီ စသဖြင့် အမယ်နည်းနည်းပဲလိုအပ်တာကြောင့် လွယ်လွယ်ကူကူပြုလုပ်စားကြလေ့ရှိတယ်။

Moqueca de Camarão - ပုဇွန်ရယ်၊ အုန်းနို့၊ စားအုန်းဆီ နဲ့ ဟင်းသီးဟင်းရွက်၊ ငရုတ်ကောင်း၊ အာလူးတွေ ပြင်ဆင်ချက်ပြုတ်ထားပါတယ်။ အရသာက clam ခုံးကောင်စွပ်ပြုတ်ပျစ်ပျစ်လေးလိုပဲ လို့ဆိုကြတယ်။ အုန်းနို့ဆီနဲ့ ချက်ထားပေမဲ့ ဟင်းချိုမှာတော့ အဆီများများအရသာရှိမနေဘဲ ငါးဟင်းချိုအရသာလို စွဲမက်ဖွယ်ကောင်းလှတယ်တဲ့။

Beijinho de Coco - အီဆိမ့်ဆိမ့် ချောကလက်အပျော့စားအရသာ အုန်းသီးမုန့်လေးပါ။ အုန်းသီးအရသာကဲကဲမြည်းစမ်းနိုင်မှာပါ။

Vatapá - ဟင်းခတ်အမွှေးအကြိုင်အရသာစူးစူးမှာ ငါးရယ်၊ ပုဇွန်ရယ် မြေပဲဆော့စ်နဲ့ ပြင်ဆင်ချက်ပြုတ်ထားပါတယ်။ ပုဇွန်ဟင်းခပ်ပျစ်ပျစ်ပုံစံမျိုးလေးပါပဲ။

Bauru - ဘရာဇီးရိုးရာ sandwich ပါ။ အမဲသားကင်၊ ချိစ်အပြားလေးရယ်၊ အာလူး နဲ့ သခွားချဉ်တွေကို French roll ပေါင်မုန့်ကြွပ်ကြွပ်ရွရွလေးထဲမှာ ညှပ်ပြီး စားကြတာပါ။ roll အပြင်ကိုပိုထွက်နေတဲ့အစာတွေကို ကွက်တိကိုက်ပြီး ပြင်ဆင်ပေးလေ့ရှိတယ်။ အရသာရှိလှတဲ့အမဲသား sandwich လို့ ဆိုကြတယ်။ 

Créme De Papaya - သစ်ခွ(vanilla) ရေခဲမုန့်မှာ သင်္ဘောသီးရောမွှေထားတာပါ။ ကရင်မ်အချိုရည်လေး အပေါ်မှာဆမ်းထားပေးပါတယ်။ 

Romeu e Julieta - မာကလာသီးယိုကို ချိစ့်အဖြူနဲ့ ညှပ်ပြီးစားကြတာပါ။ 

Misto Quente - ပေါင်မုန့်အဖြူနဲ့ ဝက်ပေါင်ခြောက်၊ ချိစ်ညှပ်ပြီး ကင်ထားပါတယ်။

Requeijão - အငံဓာတ်လျော့နည်းတဲ့ အီတလီချိစ် ricotta ကို ကရင်မ်ချိစ်ပုံစံပြင်ဆင်ပါတယ်။

Mandioca Frita - cassava ပလောပီနံဥ အချောင်းလေးတွေကြော်ထားတာပါ။ ငရုတ်သီး ငရုပ်ကောင်းမှုန့်ဆော့စ် ဒါမှမဟုတ် spicy ချိစ်မှာ နှစ်ပြီး ကြော်ကြတယ်။

Salpicão - စားပြီးရင်းစားချင်ဖြစ်ရတဲ့ ကြက်သားဆလတ်လို့ဆိုပါတယ်။ ဝက်ပေါင်ခြောက်လည်းထည့်လေ့ရှိတယ်။ စပျစ်သီးခြောက်၊ မုန်လာဥဝါ၊ ပန်းသီး၊ သံလွင်သီး နဲ့ မယွန်နိစ့်ဆော့စ်တို့နဲ့ ဆလတ်စားဖွယ်တစ်ခွက်ပါ။ အာလူးလေးတွေခြစ်ပြီးကြော်ထားတာကို အပေါ်က ဖြူးထားပါတယ်။ အာလူးကြော်ကြွပ်ကြွပ်အရသာရယ် ကြက်သားအရသာ ချိုမြမြနဲ့ ဗီတာမင်အပြည့်အဝပါဝင်တဲ့ ဆလတ်သုပ်ပါ။

Pavé - ချောကလက် ဒါမှမဟုတ် အသီး၊ လီမွန်၊ အုန်းသီး စသဖြင့် အလွှာအလွှာ ကိတ်မုန့်ပါ။ အလွှာတိုင်းက အရသာအပြည့်နဲ့မို့ သိပ်ကောင်းတဲ့ Pavé ကွတ်ကီးကိတ်ပါတဲ့။

Empadão - ကြက်သား၊ သံလွင်သီး၊ ထန်းဖူး၊ ပြောင်းဖူး နဲ့ တခြားအစာတွေဖြည့်ပြီး ဖုတ်ထားတာမျိုးပါ။ ကြက်သားအစား အမဲသား၊ ပုဇွန် ဒါမှမဟုတ် တခြားအသားတွေနဲ့လည်း ဖုတ်နိုင်ပါတယ်။ ကရင်မ်မပါတဲ့ ကြက်သား pie မုန့်အရသာနဲ့လည်း တူပါတယ်။

Quindim - ကြက်ဥအနှစ်၊ သကြား နဲ့ အုန်းသီးချပ်လေးတွေနဲ့ ပေါင်းထားတဲ့ အချိုတည်းစရာမုန့်ပါ။ အုန်းသီးမုန့်ညက်အရသာချိုချိုလေးကလည်း ဘရာဇီးနိုင်ငံသားတွေ အကြိုက်တွေ့ကြတဲ့မုန့်ဖြစ်ပါတယ်။

Source : 24 Traditional Brazilian Foods You Need To Eat Right Now by Gabriela Kruschewsky 
(www.buzzfeed.com)
ဖြိုးဖြိုး
(Living Fashion Magazine, September, 2014)

No comments: