Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, August 25, 2016

အလှဆင်စရာ အဆင်အပြောက် အမွှမ်း ဒီဇိုင်းစုံနဲ့ နံရံကပ်စက္ကူလေးတွေ

နံရံကပ်စက္ကူ(wallpaper)လေးတွေဟာ အိမ်ခန်း၊ ရုံး၊ ကော်ဖီဆိုင်၊ အစိုးရအဆောက်အဦ၊ ပြတိုက်၊ စာတိုက် နဲ့ တခြားအဆောက်အဦတွေရဲ့ အတွင်းနံရံမှာ အလှဆင်ကပ်ထားကြတဲ့ ပစ္စည်းမျိုးပါ။ နံရံကပ်ကော်ပါတဲ့စက္ကူသားဖြစ်ပြီး ရောင်းချတဲ့အခါ အလိပ်လိုက်ရောင်းချကြတယ်။ နံရံကပ်စက္ကူတွေမှာ ဗြောင်နဲ့လည်းရောင်းချကြတယ်။ ဗြောင်သားဆိုတော့ ကိုယ်နှစ်သက်တဲ့အရောင်သုတ်နိုင်တယ်။ မညီညာလှတဲ့မျက်နှာပြင်နဲ့ အပြစ်အနာအဆာလေးတွေရှိနေတဲ့နံရံမျက်နှာပြင်တွေ ဖုံးကွယ်ချင်ရင် အသုံးပြုနိုင်ကြပါတယ်။ Anaglypta လို texture နံရံကပ်စက္ကူနဲ့ Lincrusta တို့လိုဖောင်းကြွထူထူပါတဲ့အသားတွေမှာ ပုံစံဆင်တူအကွက်အပြောက် ထပ်ကာထပ်ကာသုံးထားတဲ့ pattern ဒီဇိုင်းမျိုးနဲ့ ထပ်ကာမသုံးထားဘဲ ဒီဇိုင်းကြီးကြီးတစ်ခုတဲ့ နံရံအပြည့်သုံးတဲ့နံရံကပ်အသားတွေရှိကြတယ်။ နံရံကပ်စက္ကူတွေကို အလိပ်ရှည်ရှည်အနေအထားနဲ့ပြုလုပ်ပြီး နံရံမှာ ထောင်လိုက်ကပ်ကြတယ်။ pattern နံရံကပ်စက္ကူဒီဇိုင်းက အကွက်အပြောက်တွေဟာ ဆက်တိုက်ထပ်သုံးပို့ပုံစံဖော်ထားတာဆိုတော့ အလိပ်တစ်ခုထဲကပဲဖြတ်လိုက်တဲ့နေရာမှာ နောက်ထပ်ဖြတ်ထားတဲ့အစကို ဆက်ပြီးကပ်လိုက်လည်း အဆက်နေရာကို လွယ်လွယ်ကူကူမမြင်နိုင်တော့ပါဘူး။ အပိုင်းအဖြတ်များမယ့်နံရံကျဉ်းကျဉ်းတွေအတွက် pattern ဒီဇိုင်းလေးတွေက သင့်တော်လှပါတယ်။ ခပ်ရှုပ်ရှုပ်အဆင်ကြီးကြီးဒီဇိုင်းမျိုးဆိုရင်တော့ အပိုင်းအဖြတ် ဆက်ရမယ့်နေရာတွေအတွက် သတိထားရတော့မှာပါ။ 
နံရံကပ်စက္ကူတွေရဲ့ သမိုင်း
ရှေးရှေးက ပြုလုပ်ကြတဲ့နည်းလမ်းတွေမှာတော့ လက်နဲ့ဆေးခြယ်တဲ့နည်း(hand-painting)၊ သစ်ထွင်းပုံစံတုံးနဲ့ဆေးရိုက်တဲ့နည်း(woodblock printing) နဲ့ ပန်းဖောက်ပြားနဲ့ဆေးရိုက်တဲ့နည်း(stenciling) တွေနဲ့ တခြား စက်နဲ့ပုံနှိပ်တဲ့နည်းအမျိုးမျိုးရှိကြတယ်။ ပထမ နည်း ၃ နည်းကတော့ ၁၇ ၇ာစုမတိုင်ခင်ကတည်းက စပြီးအသုံးပြုလာခဲ့ကြပါတယ်။ သစ်ထွင်းပုံစံတုံးတွေနဲ့ ပုံနှိပ်တဲ့နည်းအသုံးပြုတဲ့ နံရံကပ်စက္ကူတွေဟာ Renaissance ခေတ်ဥရောပတလွှား အထက်တန်းလွှာတွေကြား ကျော်ကြားအသုံးများခဲ့ကြတယ်။ အလယ်ခေတ်မှာ လူချမ်းသာတွေက ကြီးမားလှတဲ့ရောင်စုံချည်ရက်ဖောက်ထားတဲ့အခင်းအကာတွေ သူတို့ရဲ့နံရံတွေမှာ ခမ်းလုံးပြည့်အလှဆင်လာကြတာပါ။ အဲဒီချည်သားရောင်စုံပန်းချီကားကြီးတွေက ကျောက်သားနံရံနဲ့ အခန်းကြားအလွှာမှာ အကာအကွယ်ပေးထားပြီး အသွေးအရောင်တွေနဲ့ အခန်းကို လင်းလက်တောက်ပသွားစေသလို အခန်းရဲ့အပူချိန်ကို ထိန်းပေးထားတာကြောင့် အသုံးများကြတယ်။ ဒါပေမဲ့ အဲဒီဂန္တဝင်ရောင်စုံချည်သားပန်းချီကားတွေဟာ အင်မတန် တန်ဖိုးကြီးမြင့်လှတာကြောင့် ကြွယ်ဝချမ်းသာလွန်းတဲ့အလွှာကပဲ တတ်နိုင်ကြတာပါ။ သာမန်လူတန်းစားတွေအတွက်ကတော့ ဈေးတန်ဖိုးရယ်၊ စစ်ပွဲတွေကြောင့် နိုင်ငံတကာကုန်သွယ်ခွင့် အကျပ်အတည်းတွေရယ်ကြောင့် ရောင်စုံချည်သားအကာအရံတွေမဝယ်ယူနိုင်ကြဘဲ နံရံကပ်စက္ကူတွေသာ နံရံတွေမှာနေရာယူစေခဲ့ပြီး သူတို့ရဲ့အခန်းတွေ တောက်ပစေခဲ့ပါတယ်။ တချို့ထင်ရှားတဲ့ပန်းချီဆရာတွေလည်း နံရံကပ်ပန်းချီပုံနှိပ်ဖို့အတွက်ရေးဆွဲခဲ့ကြတယ်။ နံရံကပ်ပုံနှိပ်ပန်းချီအတွက်ရေးဆွဲပေးတဲ့ပန်းချီဆရာတွေထဲမှာ ထင်ရှားခဲ့တာက ဂျာမန်ပန်းချီဆရာ Albrecht Dürer ပါ။ ရောမဧကရာဇ် Maximilian I ရေးဆွဲခိုင်းခဲ့တဲ့ The Triumphal Arch နံရံကပ်ပုံနှိပ်ပန်းချီကားကို ၁၅၁၅ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ အချပ်ပေါင်း ၁၉၂ ချပ်နဲ့ပြုလုပ်ရတဲ့ ကြီးမားလှတဲ့ပန်းချီကားကြီးပါ။ ကော်ပီ ၇၀၀ ပထမဆုံးပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ နန်းတော်တွေ၊ မြို့တော်ခန်းမတွေရဲ့ ကြီးမားလှတဲ့နံရံတွေမှာ အသုံးပြုခဲ့ကြတဲ့ အဦးဆုံး နံရံကပ်ပုံနှိပ်ပန်းချီကားတွေပါပဲ။ အင်္ဂလိပ်နဲ့ ပြင်သစ်ဟာ ဥရောပနံရံကပ်ထုတ်လုပ်တဲ့ဈေးကွက်မှာ ဦးဆောင်နိုင်ခဲ့ကြတဲ့သူတွေပါ။ ၁၇၁၂ ခုနှစ် ဘုရင်မ Anne ခေတ်အတွင်း နံရံကပ်စက္ကူအခွန်အခကောက်ခံလာခဲ့တယ်။ အဲဒီအခွန်ဟာ ၁၈၃၆ ခုနှစ်အထိ ဖျက်သိမ်းခြင်းမရှိခဲ့ပါဘူး။ ၁၈ရာစုအလယ်ပိုင်းလောက်မှာ ဗြိတိန်ဟာ ဥရောပ၊ နံရံကပ်စက္ကူထုတ်လုပ်မှုမှာ ဦးဆောင်လာခဲ့ပါတယ်။ ဥရောပဈေးကွက်ထဲမှာ ပမာဏများများနေရာယူထားတာပါ။ ဒါပေမဲ့ Seven Years စစ်ပွဲနဲ့ Napolenic Wars နောက်ပိုင်း ၁၇၅၅ မှာ အရှိန်နှောင့်နှေးလာခဲ့တယ်။ ပြင်သစ်ကို တင်ပို့ရတာ အခွန်အခတွေ အင်မတန်များလာခဲ့ပါတယ်။
၁၇၈၅ ခုနှစ်မှာ နံရံကပ်စက္ကူသားတွေမှာ ဆေးရောင်ပုံနှိပ်နိုင်မယ့် ပထမဆုံးစက်ကို ပြင်သစ်နိုင်ငံသား ဂျာမန်စက်မှုလုပ်ငန်းရှင် Cristophe-Philippe Oberkampf က တီထွင်ခဲ့တယ်။ ၁၇၉၉ ခုနှစ်မှာ ပြင်သစ်လူမျိုး miniaturist, စက်မှုအင်ဂျင်နီယာ Louis-Nicolas Robert က အလျားဆက်တိုက်စက္ကူပုံနှိပ်ထုတ်လုပ်နိုင်တဲ့စက်ကို မူပိုင်ခွင့်တင်ခဲ့ပါတယ်။ ၁၈ ရာစုနံရံကပ်စက္ကူထုတ်လုပ်ခဲ့ကြတဲ့ထုတ်လုပ်သူတွေထဲမှာ အင်္ဂလန်မှာ John Baptist Jackson နဲ့ John Sherringham ၊ အမေရိကမှာတော့ J. F. Bumstead & Co. (Boston)၊ William Poyntell (Philadelphia)နဲ့ John Rugar (New York)တို့က အောင်မြင်ခဲ့ကြတယ်။  ၁၇ ရာစုနောက်ပိုင်း အဆင့်မြင့်နံရံကပ်စက္ကူတွေကို တရုတ်နိုင်ငံကထုတ်လုပ်လာနိုင်ခဲ့ပြီး လက်နဲ့ဆေးခြယ်တာရယ် တန်ဖိုးလည်းကြီးမြင့်လှပါတယ်။ အဲဒီနံရံကပ်စက္ကူလက်ရာတွေကို ဂျာမနီတောင်ပိုင်းက Nymphenburg Palace ၊ ပိုလန်က Łazienki Palace ၊ အင်္ဂလန်က Chatsworth House နဲ့ Temple Newsam ၊ မြောက်ပိုင်းအိုင်ယာလန်က Lissan House ၊ အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်က Erddig ခန်းမအပါအဝင် နန်းတော်တွေနဲ့ ခမ်းနားကြီးကျယ်လှတဲ့အဆောက်အဦတွေမှာ အခုထက်ထိ တွေ့ရှိနိုင်ကြတယ်။ ၁.၂ မီတာကျယ်ဝန်းတဲ့ နံရံကပ်စက္ကူပန်းချီကားတွေပါ။ နံရံကပ်စက္ကူသမိုင်းမှာ အင်္ဂလိပ်၊ ပြင်သစ်နဲ့ ဂျာမန်ထုတ်လုပ်သူတွေက အစပျိုးတီထွင်ခဲ့ကြပြီး လက်နဲ့စတင်ရေးခြယ်ခဲ့ကြတာပါ။ နောက်ပိုင်းမှာ တရုတ်ဖြစ်စက္ကူတွေကို တစ်ခါတစ်ရံအသုံးပြုခဲ့ကြတယ်။ ၁၈ ရာစုနောက်ပိုင်မှာ အင်္ဂလန်မှာရော ပြင်သစ်မှာပါ မြင်ကွင်းကျယ်နံရံကပ်စက္ကူတွေ ဖက်ရှင်တစ်ခုလိုဖြစ်လာခဲ့ပါတယ်။  ပြင်သစ်ထုတ်လုပ်သူ Joseph Dufour et Cie အတွက် ပန်းချီဆရာ Jean-Gabriel Charvet က ပုံဖော်ရေးဆွဲခဲ့တဲ့ Captain Cook ရဲ့ ရေကြောင်းခရီးရှည် နံရံကပ်စက္ကူပန်းချီကား Savages of the Pacific ဟာ အဲဒီခေတ်က ကျော်ကြားလှတဲ့ အကြီးဆုံးမြင်ကွင်းကျယ်ကားချပ်ပါ။ Dufour အပြင် ပြင်သစ်နံရံကပ်စက္ကူထုတ်သူတွေဖြစ်တဲ့ Zuber et Cie နဲ့ Arthur et Rober တို့ကလည်း သူတို့ရဲ့ လက်ရာတွေကို ဥရောပနဲ့ မြောက်အမေရိကတစ်ဝှမ်းကို တင်ပို့နိုင်ခဲ့တာပါ။ Zuber et Cie ရဲ့ Views of North America ဆိုရင် အိမ်ဖြူတော်၊ သံတမန်ဧည့်ခံတွေ့ဆုံတဲ့ရေးအခန်းမှာ ချိတ်ဆွဲထားပါတယ်။ Napoleonic Wars အတွင်း ဥရောပနဲ့ ဗြိတိန် ကုန်သွယ်မှုပျက်ပြယ်ခဲ့ကြတယ်။ (Napoleonic Wars) ၁၈၀၃-၁၈၀၅ အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေပြီးဆုံးတဲ့အခါမှာတော့ ဈေးသက်သာပြီး အရောင်စုံတဲ့နံရံကပ်စက္ကူတွေ ဥရောပက ဗြိတိန်ဆီက ပြန်လည်မှာယူခဲ့ပါတယ်။ ၁၉ ရာစုမှာတော့ နံရံကပ်စက္ကူထုတ်လုပ်ကုန်သွယ်မှု အမြင့်ဆုံးဖြစ်လာခဲ့တယ်။ ၁၉ရာစုနောက်ပိုင်းမှာ Lincrusta နဲ့ Anaglypta တို့လို ဖောင်းကြပါဝင်တဲ့ နံရံကပ်စက္ကူတွေပါ တားမြစ်ချက်တွေမရှိဘဲ လွတ်လွတ်လပ်လပ်ကုန်သွယ်လာနိုင်ခဲ့တာပါ။ ၂၀ ရာစုအစောပိုင်းမှာ အနောက်ကမ္ဘာမှာပါ ပေါ်ပြူလာအဖြစ်ဆုံးနေရာယူလာခဲ့ပါတယ်။  USA နံရံကပ်စက္ကူထုတ်လုပ်သူတွေမှာ Sears ဟာ ဒီဇိုင်နာတွေထဲမှာ artist အန်ဒီဝါဟောအပါအဝင် တခြားနာမည်ကျော်ဒီဇိုင်းပညာရှင်တွေအသုံးပြုခဲ့တာကြောင့် နာမည်ကျော်လှတယ်။ ၂၁ရာစုအစောပိုင်းရောက်လာခဲ့တော့ အလင်းပါတဲ့ နံရံကပ်စက္ကူနည်းပညာပါ တိုးတက်လာခဲ့ပြီး လန်ဒန်အခြေစိုက် Meystyle ကုမ္ပဏီက LED ပါတဲ့ နံရံကပ်စက္ကူအမျိုးအစားတီထွင်လာခဲ့ပါတယ်။ နည်းပညာအသစ်တစ်ခုဟာ နံရံကပ်စက္ကူရဲ့ ကျော်ကြားမှုအဆင့်တစ်ခုအဖြစ့် ပိုပြီးအရှိန်မြင့်လာခဲ့ရတယ်။ 
သမိုင်းမှာကျော်ကြားခဲ့တဲ့ နံရံကပ်စက္ကူနမူနာတွေကို ဂျာမနီက Deutsches Tapetenmuseum (Kassel)ပြတိုက်၊ ပြင်သစ်က the Musée des Arts Décoratifs (Paris) and Musée du Papier Peint (Rixheim)၊ ယူကေက the Victoria & Albert ၊ the Smithsonian's Cooper-Hewitt, Historic New England, Metropolitan Museum of Art နဲ့ ယူအက်စ်က U.S. National Park Service, Winterthurတို့မှာ ထိန်းသိမ်းထားရှိပါတယ်။ 

နံရံကပ်စက္ကူတွေရဲ့ အမျိုးအစားနဲ့ အရွယ်အစား
အမျိုးအစားတွေမှာဆိုရင်တော့ ဆေးခြယ်ထားတဲ့ painted wallpaper, hand-painted blockwood wallpaper, hand-printed stencil wallpaper, machine-printed wallpaper နဲ့ flock wallpaper တွေဖြစ်ကြတယ်။ ခေတ်မီနံရံအဖုံးအကာတွေ အမျိုးမျိုးအထွေထွေရှိနေကြတာပါပဲ။ စက်ရုံတွေက ထုတ်လုပ်တဲ့ အရွယ်အစားတွေထဲမှာ ထုတ်လုပ်မှုအများဆုံး ၂ မျိုးဖြစ်တဲ့ အမေရိကန် နဲ့ ဥရောပ ပစ္စည်းဆိုပြီး ရည်ညွှန်းကြတယ်။ အမေရိကန်နံရံကပ်စက္ကူအလိပ်တွေက အကျယ်က ၂၇ လက်မရှိကြပြီး ဖြန့်လိုက်တဲ့အရှည်မှာ ၂၇ ပေ(၈.၂မီတာ) ရှိပါတယ်။ ဥရောပနံရံကပ်စက္ကူလိပ်ကတော့ ၂၁.၅ ပေကျယ်ပြီး ၃၃ ပေ(၁၀မီတာ)ရှည်ကြတယ်။ ပျမ်းမျှ ၆၀ စတုရန်းပေ(၅.၆ စတုရန်းမီတာ)ရှိကြပါတယ်။ အိမ်သုံးနံရံကပ်စက္ကူနဲ့ အသုံးအများဆုံးကတော့ ကော်သုတ်ပြီးသား၊ နောက်ကျောကို စိုစွတ်အောင်လုပ်ရုံသုံးနိုင်တဲ့ ဗီနိုင်းနံရံကပ်စက္ကူ (Vinyl Wallpaper) တွေပါ။ 

Vinyl Wallpaper
ဗီနိုင်နံရံကပ်စက္ကူတွေက တခြားနံရံကပ်အဖုံးအကာတွေထက် ကြာရှည်ခံပြီး သန့်ရှင်းရလွယ်ကူပါတယ်။ မီးစွဲဖို့လည်း နှောင့်နှေး၊ အဟန့်အတားဖြစ်စေတယ်။ ဗီနိုင်းနံရံကပ်စက္ကူတွေမှာ ၄ မျိုးရှိကြတယ်။ ဗီနိုင်းသားအပြည့်၊ ဗီနိုင်းအုပ်ထားတဲ့အသား၊ စက္ကူသားနောက်ခံဗီနိုင်း၊ ဖိုင်ဘာနောက်ခံဗီနိုင်းတွေပါ။ ပိုပြီးပေါ့ပါးတဲ့ဗီနိုင်းတွေဟာ ကိုင်တွယ်၊ ချိတ်ဆွဲဖို့ ပိုပြီးလွယ်ကူကြတယ်။ စက္ကူသားနောက်ခံဗီနိုင်းတွေက ယေဘူယျအားဖြင့် ဈေးကြီးပြီး ချိတ်ဆွဲရခက်တာသိပ်သိသာလှတယ်။ မသေမသပ်ဖြစ်နိုင်တာပေါ့။ တစ်မျိုးစီမှာတော့ ကိုယ်သုံးမယ့်နေရာပေါ်မှာ မူတည်ပြီး ကွဲပြားတဲ့အားသာချက်တွေရှိနေကြပါတယ်။ 

Solid vinyl 
ဗီနိုင်းသားအပြည့်နံရံကပ်စက္ကူကတော့ ရေစိုခံတာကြောင့် ရေချိုးခန်းတွေနဲ့ မီးဖိုခန်းတို့လို စွတ်စိုမှုများပြီး စိုးထိုင်းဆမြင့်တဲ့နေရာတွေမှာ အသုံးများကြတယ်။ ကုတ်ဖဲ့၊ ဆုတ်ဖြဲမိတာတွေမှာ ခံနိုင်ရည်ရှိပြီး အင်မတန်ကြာရှည်ခံလှပါတယ်။ သန့်ရှင်းရလည်း လွယ်ကူတာပါပဲ။ သွားသွားလာလာအသုံးပြုများကြတဲ့ ကလေးငယ်တွေရဲ့ အိပ်ခန်းတွေနဲ့ ကလေးကစားစရာအခန်းတွေမှာလည်း အသုံးပြုကြလေ့ရှိတယ်။ ဗီနိုင်းပြည့်နံရံကပ်စက္ကူကို နောက်ကျောမှာ စက္ကူသားခွနံရံမှာကပ်ရတဲ့ အသားနဲ့၊ ကော်သုတ်လိမ်းထားတဲ့နောက်ကျောကို စိုစွတ်စေပြီး ကပ်ရတာနဲ့ နံရံကိုမကပ်ခင် ကော်သပ်သပ်သုတ်လိမ်းပြီးကပ်ရတဲ့ နံရံကပ်စက္ကူအမျိုးအစားတွေရနိုင်ပါတယ်။

Vinyl coated
ဗီနိုင်းသားအုပ်ထားတဲ့နံရံကပ်စက္ကူမျိုးကတော့ အိမ်တွေမှာ အသုံးအများဆုံးအမျိုးအစားပါပဲ။ နံရံကပ်စက္ကူကို အဓိက စက္ကူသားနဲ့ပဲပြုလုပ်ထားပြီး အကာအကွယ်အလွှာမှာ acrylic ဗီနိုင်းအုပ်ထားတာပါ။ တိုက်ချွတ်ဆေးကြောနိုင်ပြီး သန့်ရှင်းရလွယ်ကူပါတယ်။ အပူ၊ စိုထိုင်းမှုနဲ့ အဆီတွေအစွန်းအထင်းခံပါတယ်။ မီးဖိုခန်း၊ မိသားစုဧည့်ခန်း၊ ကလေးတွေရဲ့ အိပ်ခန်းတို့လို အသွားအလာအများဆုံးနေရာတွေမှာ သုံးဖို့သင့်တော်လှတယ်လို့ အကြံပြုကြတယ်။ ဖုန်နဲ့ ခဲတံခြစ်ရာတွေကို စက္ကူသားစုတ်ပြဲသွားမှာ မပူပင်ရဘဲနဲ့ တိုက်ချွတ်ဆေးကြောနိုင်ပါသေးတယ်။ ဗီနိုင်းအုပ်တဲ့အသားကို ဗီနိုင်းပြည့်အသားထက်ပိုပြီးကြိုက်နှစ်သက်ကြတာက ပြန်ခွာရလွယ်တာကြောင့်လည်းအကြောင်းရင်းတစ်ချက်ပါ။

Paper backed vinyl
စက္ကူသားနောက်ခံဗီနိုင်းဟာ ဗီနိုင်းသားအပြည့်ကို နောက်ကျောမှာ စက္ကူအလွှာအုပ်ထားတာပါ။ တခြားနံရံကပ်စက္ကူအမျိုးအစားတွေထက် ပိုပြီးထူထဲနေပါတယ်။ ကြာရှည်အခံနိုင်ဆုံးအသားလို့လည်းဆိုကြတယ်။ စိုထိုင်းမှုနဲ့ အစွန်းအထင်းတွေကို ကာကွယ်နိုင်တယ်။ ဆေးကြောနိုင်ပါတယ်။ အိမ်ထဲမှာ နေရာအတော်များများအသုံးပြုနိုင်ပေမဲ့ ရေချိုးခန်းကိုတော့ ခြွင်းချက်သဘော မသုံးကြပါဘူး။ ဒီစက္ကူသားနောက်ခံဗီနိုင်းနံရံကပ်စက္ကူကို တပ်ဆင်တဲ့အခါမှာ အင်မတန်ဂရုတစိုက်ပြုလုပ်ရတာပါ။ စိုထိုင်းမှုရှိလွန်းတဲ့အခန်းတွေမှာဆိုရင်ဆက်ကြောင်းနေရာတွေမှာ အရာထင်သွားနိုင်သေးတယ်။ သိပ်ပြီးစိုထိုင်းမှုများမယ်၊ ထပ်ခါထပ်ခါစိုစွတ်မယ်၊ ကြာမြင့်စွာစိုစွတ်နေမယ်ဆိုရင် နံရံကပ်စက္ကူသားဟာ တဖြည်းဖြည်းချင်းနံရံကနေ ကွာသွားတော့မှာပါ။ နောက်ထပ်အသစ်ပြန်ကပ်ဖို့ လိုအပ်သွားနိုင်တာပေါ့။

Fabric backed vinyl
ဒီဗီနိုင်းကတော့ ဗီနိုင်းသားအပြည့်မှာ ရက်ထည်အသားတစ်လွှာထပ်ပြီးအုပ်ထားတာပါ။ နောက်ခံမှာ ရက်ထည်သားပါပြီးမျက်နှာပြင်အလွှာမှာက အဆင်အပြောက်အမွှမ်းဒီဇိုင်းနဲ့ တန်ဆာဆင်ထားတဲ့ဗီနိုင်သားပါဝင်တယ်။ သန့်ရှင်းဖို့၊ ဆေးကြောတိုက်ချွတ်ဖို့လွယ်ကူပါတယ်။ ကြာရှည်ခံတဲ့အဆင့်လည်းမြင့်မားလှတယ်။ ဧည့်ခန်းမတွေ၊ ကလေးတွေရဲ့အခန်းတွေ၊ သီးသန့်ခန်းတွေ၊ မီးဖိုခန်းနဲ့ ရေချိုးခန်းတွေလို အသွားအလာများလှတဲ့နေရာတွေအတွက် အကောင်းဆုံးရွေးချယ်မှုပါ။ ရက်ထည်နောက်ခံသားဗီနိုင်းတွေဟာ မျက်နှာပြင်ခပ်ကြမ်းကြမ်းနံရံတွေပေါ်မှာ တပ်ဆင်အသုံးပြုတာကလည်း သိပ်ကောင်းတဲ့ရွေးချယ်မှုပါပဲ။ နံရံကပ်စက္ကူဖယ်ရှားရတော့မယ့်အချိန်မှာလည်း သက်တောင့်သက်သာ အချပ်လိုက်ခွာထုတ်နိုင်ပါတယ်။ ဒီဗီနိုင်တွေဟာ အင်မတန်ကြာရှည်ခံလှတာကြောင့် စီးပွားဖြစ်လုပ်ငန်းတွေမှာ မကြာခဏအသုံးပြုကြတယ်။ ရက်ထည်နောက်ခံသားဗီနိုင်းတွေ ၃ မျိုးရှိပါတယ်။ type 1 မှာ  ဟိုတယ်၊ ရုံးအဆောက်အဦတို့လိုကုတ်ခြစ်ရာ၊ ပွန်းရာပဲ့ရာနည်းပါးနိုင်တဲ့နေရာတွေမှာ သုံးပါတယ်။ Type 2 က ဟိုတယ်၊ ရုပ်ရှင်ရုံအဝင်ခန်းတွေ၊ လူသွားစင်္ကြန်တွေလို ကုတ်ခြစ်ရာပွန်းပဲ့ရာ အလယ်အလတ်ရှိတဲ့နေရာမှာ အသုံးပြုပြီး Type 3 ကိုတော့ ဆေးရုံးတွေနဲ့ အစားအစာပြင်ဆင်ချက်ပြုတ်တဲ့နေရာမျိုးတွေလို အသွားအလာများပြီး၊ ပစ္စည်းအရွှေ့အပြောင်းများလှတဲ့နေရာတွေမှာ အသုံးပြုကြတယ်။ နံရံကပ်စက္ကူကို ဘယ်နေရာမှာကပ်ချင်လဲ ကိုယ့်အသုံးပြုရမယ့်နေရာကို မူတည်ပြီး အမျိုးအစား ၃ မျိုးထဲက ရွေးခြယ်နိုင်ကြတာပေါ့။

Flocked wallpaper
ကတ္တီပါလို၊ အထည်အလိပ်တွေလို နံရံတွေ ဒီဇိုင်းဖန်တီးဖို့ ဒီသိုးမွှေးနုအုပ်ထားတဲ့နံရံကပ်စက္ကူကို အသုံးပြုကြတယ်။ သိုးမွှေးထည်ကနေ ရက်ထည်တွေကပ်ပြီး ကတ္တီပါသားပုံစံ အဆင်မြင့်အခန်းတွေဖန်တီးအလှဆင်ဖို့ အသုံးပြုကြတဲ့နံရံကပ်စက္ကူအမျိုးအစားပါ။ အင်မတန်ဈေးကြီးမြင့်လှပြီး အဓိကအားဖြင့် အထက်တန်းလွှာတွေမှ အသုံးပြုနိုင်ကြတာပါ။ ဒီနေ့ခေတ် သိုးမွှေးနုအုပ်တဲ့အဆင့်မှာ နိုင်လွန်၊ ရေယွန်ပိုးတု ဒါမှမဟုတ် ပေါ်လီအက်စတာအမှုန်တွေကို စေးကပ်တဲ့မျက်နှာပြင်ပေါ်အုပ်ပြီး အောင်မြင်စွာထုတ်လုပ်နိုင်လာကြတယ်။ နူးညံ့တဲ့ texture ၊ ခပ်ကြမ်းကြမ်း texture နှစ်မျိုးလုံးရနိုင်ပါတယ်။ နူးညံ့တဲ့ texture ကတော့ ကတ္တီပါသားလိုဒီဇိုင်းမျိုးပါ။ ရေဆေးလို့တော့မရနိုင်ပါဘူး။ ဒီလိုနံရံကပ်စက္ကူမျိုးအသုံးပြုတော့မယ်ဆိုရင် နေရာအတွက်အသေအချာရွေးချယ်ရတော့မှာပါ။ ထမင်းစားခန်း နဲ့ ဧည့်ခန်းတွေလောက်ပဲ အသုံးပြုသင့်တာပါ။

နောက်ထပ် Grasscloth wallaper နဲ့ Foil Wallpaper တို့ကိုလည်း ဈေးကွက်မှာဝယ်ယူရရှိနိုင်ပါတယ်။ grasscloth ကိုတော့ တကယ့်သဘာဝပစ္စည်း ကျူပင်၊ ဂုန်လျှော်မျှင်တွေနဲ့ ပေါင်းစပ်ပြုလုပ်ထားပြီး တစ်ချပ်နဲ့တစ်ချပ် pattern တွေ လိုက်ဖက်ဖို့တော့ မဖြစ်နိုင်ပါဘူး။ စွန်းထင်းနိုင်ပြီး ဖယ်ရှားဖို့ခက်တာကြောင့် အသွားအလာနည်းတဲ့နေရာမျိုးမှာသာ အသုံးပြုသင့်ပါတယ်။ foil နံရံကပ်စက္ကူတွေမှာ စက္ကူနောက်ခံမှာ မျက်နှာပြင်ပေါ်ပါးလွှာတဲ့သတ္ထုသားအုပ်ထားတဲ့ နံရံကပ်စက္ကူမျိုးပါ။ foil နံရံကပ်စက္ကူတွေက များသောအားဖြင့် ဗြောင် အရောင်တွေပဲ အသုံးများကြတယ်။ ပေါ်ပြူလာဖြစ်လှတဲ့အရောင်တွေမှာ ရွှေရောင်၊ ငွေနဲ့ ကြေးနီရောင်တွေပါ။ အဲဒီနံရံကပ်စက္ကူတပ်ဆင်ထားရင် ပြောင်လက်တောက်ပနေပြီး အလင်းပြန်နိုင်တဲ့အရောင်အသွေးမျိုး လင်းလင်းလက်လက်မြင်တွေ့ရမှာပါ။ foil နံရံကပ်စက္ကူဟာ အင်မတန်ပါးလွှာလှပြီး တွန့်ခေါက်လွယ်၊ ဆုတ်ဖြဲဖို့တော့ လွယ်ကူလှတယ်။

Ref: Wikipedia

မယ်ရူပ
(Living Fashion Magazine, September, 2016)

No comments: