
ဆားရ်ဘီးယားနိုင်ငံရဲ့မြောက်ပိုင်း ဘဲလ်ဂရိတ်မြို့ကနေ ၆၅ ကီလိုမီတာလောက်ဝေးတဲ့ ဂျော်ဂျီဗိုရွာ
(Đurđevo)လေးဆီသွားကြမလို့ စက်တင်ဘာ ၁၁ရက်နေ့ စောစောအိမ်ကထွက်ခဲ့ကြတယ်၊ အဲဒီမှာ
SOCIETY FOR THE PROTECTION OF ANIMALS AND NATURE ခြံတစ်ခုရှိတယ်၊ အဲ့ဒီခြံမှာ ပွဲတော်နေ့လေးလုပ်ဖို့ရှိတယ်တဲ့၊ ကလေး၊ လူကြီးစိတ်ဝင်စားသူအားလုံး လာကြဖို့ ဖိတ်တယ်၊ ခွေး၊ ကြောင် အကောင်ပလောင်ချစ်တဲ့ ကျွန်မကို နဲရှောက အဲဒီအကောင်လေးတွေအကြောင်းပြောပြီး စည်းရုံး ပါတယ်၊ ကျွန်မတို့လည်းသွားဖို့ပြင်တော့ နဲရှောသူငယ်ချင်းတစ်ယောက်က ညကတည်းက ဖုန်းဆက်တယ်၊ သူလည်း လိုက်ခဲ့မယ် ပြောတယ်၊ တိရစ္ဆာန်အကောင်ပလောင်တွေ သေးသေးကနေ မြည်း၊ မြင်းအထိ ရှိတယ် ဆိုတော့ အဲ့ဒီသူငယ်ချင်းရဲ့ သားလေးကလည်းလိုက်ချင်တယ်တဲ့၊ နောက် မာရီယာဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်း လိုက်မယ်၊ အားလုံး ငါးယောက် ပေါ့၊ ဗလာဒန်နဲ့ သားလေးအမည်က လာဇာ့ (ခရစ်ယာန် ကျမ်းစာထဲကအမည် လာဇရု)သူတို့အခေါ်ဝေါ်က လာဇာ့လို့ခေါ်ကြတယ်။