(အင်ပါယာမဂ္ဂဇင်းမှာ Digit အမည်နဲ့ရေးဖြစ်တုန်းက စာမူအဟောင်းပါ၊ The Used ကိုကြိုက်လို့ အမှတ်တရ ပြန်တင်လိုက်ပါတယ်)
Emperor Magazine [March 2007 Vol:3/ No.9]
Screamo (scream-emo) ဂီတအရောင်သမ်းနေတဲ့ ရောခ့်သီချင်းတွေကို တစိုက်မတ်မတ် ဖန်တီးနေကြတဲ့ ဂီတအဖွဲ့ကတော့ အမေရိကန်နိုင်ငံ Utah ပြည်နယ်၊ Otem မြို့ ဇာတိဖွား လူငယ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ The Used ပါ။ ဘာအမျိုးအစားပဲဖြစ်ဖြစ် ရောခ့် ဆိုလာခဲ့ ဆိုတဲ့ လူငယ်လေးတွေကတော့ နားစွင့်လိုက်ကြ… နားစိုက်လိုက်ကြ…CD တွေဝယ်ယူစုဆောင်းလိုက်ကြတာပါပဲ။
The Used အဖွဲ့သားတွေရဲ့ သဘောထားက သူတို့ရဲ့ သီချင်းတွေလိုပဲ လူငယ်ဆန်ဆန် ရိုးသားလွန်းပါတယ်။ The Used အဖွဲ့မှာ အရေးပါခဲ့တဲ့ ဒရမ်သမားဟောင်း ဘရန်ဒန်က ''ကျွန်တော်တို့ရဲ့ သီချင်းတွေဟာ တကယ့်လူနေမှုဘ၀ အစစ်အမှန်တွေထဲ အရောက်သွားမယ်။ အဲဒီလို ဘ၀မျိုးတွေ ကျွန်တော်တို့ရဲ့ သီချင်းတွေမှာ မြင်တွေ့ရမယ်။ ဒါတွေကို ကျော်လွှားနိုင်ဖို့ တတ်စွမ်းသလောက် လုပ်ကြည့်ရအောင်၊ ဒါ The Used တွေရဲ့သဘောထားပါ'' လို့ဆိုပါတယ်။ ဟုတ်လောက်ပါတယ်။ ၂၀၀၄ ဒီဇင်ဘာ ဆူနာမီဒုက္ခသည်တွေအတွက် ရံပုံငွေ ဖျော်ဖြေပွဲတစ်ခုမှာ Queen အဖွဲ့ရဲ့ သီချင်း Under Pressure ကို My Chemical Romance အဖွဲ့နဲ့အတူ စိတ်ကြိုက်ပြန်လည်ဖန်တီးပြီး သီဆိုသွားခဲ့ကြတယ်။ ''Pushing Down On Me … Pressing Down On You .. no man ask for ... Under Pressure'' ဆိုတဲ့ စာသားတွေဟာ ပရိသတ်တွေ နှုတ်ဖျားမှာအားပါးတရ ခုန်ပေါက်နေကြတော့တယ်။