အီဂျစ် ... အာရပ်ကမ္ဘာရဲ့ အကျော်ကြားဆုံးတိုင်းပြည်ကြီးမှာ ကြီးမားတဲ့ လူထုအုံကြွမှုကြီးဖြစ်ပေါ်ခဲ့ပါပြီ။ ၂၀၁၁ဇန်န၀ါရီလမှာ ဖြစ်ပွားခဲ့တဲ့ တူးနီးရှားနိုင်ငံရဲ့တော်လှန်ရေးဟာ သမ္မတဟိုစနီမူဘာရက်ရဲ့ အာဏာဆုပ်ကိုင်လမ်းစဉ်ကြီးကြောင့် တငွေ့ငွေ့လောင်ကျွမ်းခဲ့တဲ့ပြည်သူတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို ဖေါက်ခွဲပစ်လိုက်ဖို့ စတင်လိုက်တဲ့မီးစလိုပဲ၊ ၁၈ရက်ကြာ ဒေါသတကြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပြီးတဲ့အခါ သမ္မတမူဘာရက်ဟာ အာဏာတွေအားလုံးကို အီဂျစ်စစ်တပ်ကို လွှဲပြောင်းပေးလိုက်ရတယ်။ သူ့ရဲ့ နှစ်၃၀ကြာမွေးမြူခဲ့တဲ့ အော်တိုကရက်တစ် သက်ဦးဆံပိုင်လမ်းစဉ်ကြီးကို အဆုံးသတ်လိုက်ပါတယ်။ သမိုင်းဝင်သွားတော့မယ့် လူထုအုံကြွမှုကြီးကို သူဦးညွှတ်လိုက်ရပါပြီ။
နိုင်ငံတစ်နိုင်ငံမှာ တော်လှန်ရေးတစ်ခုဖြစ်လိုက်တိုင်း အဲဒီတော်လှန်ရေးကို သဘောတူသူ၊ ဆန့်ကျင်သူတွေဆိုတာပေါ်လာတတ်စမြဲပါပဲ။ မူဘာရက်ကိုဆန့်ကျင်သူတွေ လမ်းမတွေပေါ်မှာ ထောင်သောင်းမက ပြည့်နှက်နေကြပါစေ၊ မူဘာရက်အတွက် မျက်ရည်ကျလိုသူတွေ ရှိကြပြန်တယ်။ အထူးသဖြင့် ဒဏ္ဍာရီသမိုင်းတွေပြည့်နှက်နေတဲ့ အီဂျစ်နိုင်ငံကြီးမှာ မှီတင်းပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင် အလုပ်ဖြစ်နေကြတဲ့ ခရီးသွားအေဂျင်စီတွေက ဘာအပြောင်းအလဲကိုမှ သူတို့စိတ်မ၀င်စားကြဘူး၊ လတ်တလောဖြစ်လာတဲ့ ဆူပူအုံကြွမှုတွေဟာ ကမ္ဘာလှည့်ခရီးသွားတွေလျော့ကျကုန်မယ်၊ ဒါကိုပဲ သူတို့ပူပင်ကြတယ်။ ခရီးသွားလုပ်ငန်းဟာ
အီဂျစ်နိုင်ငံစီးပွားရေးကို အဓိကအထောက်အပံ့ပေးနေတဲ့လုပ်ငန်းတစ်ခုလည်းဖြစ်နေပါတယ်။ ၂၀၀၈ခုနှစ်မှာဆိုရင် ကမ္ဘာလှည့်ခရီးသည် ၁၂.၈သန်းကျော် လာရောက်ခဲ့ကြတယ်။ ဒေါ်လာ၁၁ဘီလီယံလောက်အထိ တိုင်းပြည်ဘဏ္ဍာ ရှာဖွေပေးနိုင်ခဲ့ကြတယ်၊ မူဘာရက်ကလည်း သူ ဘာကိုမှ ချုပ်ကိုင်မထားဘူး။ သူဦးတည်တာ အီဂျစ်နိုင်ငံရဲ့စီးပွားရေးအတွက်ပဲ၊ ဆန့်ကျင်သူတွေက သူတို့လုပ်သင့်တာထက်ကျော်လွန်ပြီး လုပ်နေကြတာပဲ။ သူတို့အားလုံးလုပ်နိုင်ပါတယ်။ သူတို့မှာ သတင်းစာတွေရှိတယ်၊ အဲဒီသတင်းစာတွေကနေ အစိုးရမကောင်းကြောင်းကို နေ့တိုင်းအပြစ်တင်နေကြတာပဲ လို့ ဆိုတယ်။ ခရီးသွားလုပ်ငန်းကနေ အီဂျစ်နိုင်ငံရဲ့ လုပ်အား ၁၂ရာခိုင်နှုန်းခန့်တာဝန်ယူထားနိုင်ပါတယ်။
အီဂျစ်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကနဲ့ ဥရောပဒေသက လူတွေအတွက် အရေးပါတဲ့ဒေသတစ်ခုပါ။ ၁၉ရာစုအစောပိုင်းကာလ ပြင်သစ်အင်ပါယာစစ်သူကြီးနပိုလီယံက အီဂျစ်နိုင်ငံကိုကျူးကျော်မှုနဲ့အတူ ရှေးဟောင်းအီဂျစ်သမိုင်း၊ ဘာသာစကား၊ စာပေ၊ ဘာသာတရားနဲ့ အနုပညာတွေကို စိတ်ဝင်စားလာခဲ့ကြတယ်၊ အဲဒီခေတ်မှာတောင် ခရီးသွားလုပ်ငန်းတွေ လှုပ်လှုပ်ရွရွဖြစ်အောင် အထူးဆွဲဆောင် နိုင်ခဲ့ကြတယ်။ ဒီနေ့ခေတ်အထိလည်း ခရီးသွားလုပ်ငန်းဟာ အီဂျစ်စီးပွားရေးရဲ့ အရေးကြီးတဲ့ပင်မတိုင်လုံးကြီးအဖြစ် ရပ်တည်နေပါတယ်။ မူဘာရက်အစိုးရရဲ့ထောက်ပံ့အားပေးမှုတွေလည်းရရှိခဲ့ကြတယ်။
အီဂျစ်နိုင်ငံဆိုလိုက်တာနဲ့ မံမီရုပ်အလောင်းကြီးတွေ၊ ထူးခြားဆန်းပြားလှတဲ့ ပိရမစ်တွေနဲ့ စဖင့်ရုပ်တုကြီးတွေဟာ လူတိုင်းရဲ့မျက်လုံးထဲ မြင်ယောင်မိကြတာပါပဲ။ ရှေးဟောင်းအီဂျစ်နိုင်ငံကြီးနဲ့ အီဂျစ်နတ်ဘုရားတွေရဲ့ ဒဏ္ဍာရီသမိုင်းတွေက ဒီနေ့အထိ ဘယ်တော့မှ ရိုးမသွားတဲ့ အိပ်ရာဝင်ပုံပြင်တွေပါ။
အဲဒီအိပ်ရာဝင်ပုံပြင်တွေကို ပြန်ပြီး အစဖေါ်ကြည့်ရရင်လည်း ဘယ်အချိန်မဆို စိတ်ဝင်စားစရာကောင်းနေဆဲပါပဲ၊ အဲဒီလိုနဲ့ပဲ အီဂျစ်ဒဏ္ဍာရီထဲကို ပြန်သွားကြည့်တဲ့အခါ ...
- ရှေးအီဂျစ်လူမျိုးတစ်ဦးရဲ့ ဘဝ
ရှေးဟောင်းအီဂျစ်ကမ္ဘာထဲကသူတို့ရဲ့ နေ့စဉ်ဘ၀ဟာ နိုင်းမြစ်ကြီးနဲ့ မြေဆီမြေနှစ်ကြွယ်ဝလှတဲ့ နိုင်းမြစ်ကမ်းဝန်းကျင်မှာပဲ လူးလားခေါက်ပြန်လှုပ်ရှားရုန်းကန်ကြပါတယ်။
နှစ်စဉ်မြစ်ရေလျှံခြင်းကြောင့် မြေဆီမြေသားကောင်းမွန်လှပြီး သီးနှံကုန်ပစ္စည်းရိတ်သိမ်းနိုင်တယ်။ချမ်းသာကြွယ်ဝခြင်းကိုယူဆောင်လာတယ်လို့ဆိုတယ်။
ရှေးဟောင်းအီဂျစ်တိုင်းပြည်မှာ မြို့၊ ရွာတွေက အိမ်တွေမှာ ရွှံ့ခဲတွေနဲ့ပဲ ဆောက်လုပ်ခဲ့ကြတယ်။ သူတို့အတွက် အစားအစာကို ကိုယ်တိုင်ပဲစိုက်ပျိုးကြတယ်။ သူတို့ကိုယ်တိုင်မထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေကိုသာ ကုန်သွယ်ကြပါတယ်။ ရှေးအီဂျစ်လူမျိုးတို့ဟာ လက်လုပ်လက်စား၊ လယ်သမား၊ လက်မှုပညာသည်နဲ့ အီဂျစ်ကျောက်စာရေး/ဖတ်သူတွေအဖြစ် အသက်မွေးကြတယ်။ရှးအီဂျစ်စာကူးစာရေး(Scribe) တွေအဖြစ်အသက်မွေးကြသူတွေရဲ့တာဝန်ဟာ နတ်ကွန်းတွေနဲ့ သချိုင်းဂူတွေမှာရှိနေကြတဲ့ ရုပ်ပုံတွေနဲ့ သရုပ်ဖော်ရေးသားတဲ့ အီဂျစ်ရှေးဟောင်း လက်ရေးစာလုံး (ဟိုင်ရိုအိုဂလပ်ဖစ်ခ်-hieroglyphicစာလုံး)တွေကို ရေးနိုင်၊ ဖတ်နိုင်ကြရတယ်။ အစိုးရမှတ်တမ်းတွေအတွက်ထိမ်းသိမ်းရတယ်၊ ဖဲရိုးဘုရင်အတွက်စာလွှာတွေရေးပေးရပါတယ်။ လူနည်းစုကသာ မြင့်မြတ်တဲ့သူကြွယ်တွေဖြစ်ကြတယ်။
အီဂျစ်သူကြွယ်မိသားစုဝင်တစ်ဦး နဲ့ လယ်သမားမိသားစုဝင်တစ်ဦးရဲ့ ဘ၀တွေမှာ ...
- အီဂျစ်သူကြွယ်တစ်ဦးဟာ တောက်ပတဲ့ မနက်ခင်းမှာ အင်မတန်နူးညံ့ကောင်းမွန်တဲ့ လီနင်လျှော်ချည်သားအိပ်ရာခင်းစကိုလှပ်ပြီး နိုးထတယ်။
- လယ်သမားတစ်ဦးဟာ ဇနီးသည်ကိုယ်တိုင်ယက်လုပ်ထားတဲ့ ကြမ်းရှတဲ့လျှော်သားစောင်ကို လှပ်ပြီး နိုးထပါတယ်။
- သူကြွယ်က သူ့အ၀တ်တွေထည့်ထားတဲ့ ဗီရိုကိုတွေ့မယ်။ ဇနီးသည်ရဲ့ မျက်နှာခြေပေါင်ဒါအလှပြင်ပစ္စည်းသေတ္တာနဲ့ ညနေခင်းတွေမှာ အသုံးပြုနိုင်တဲ့ မီးအိမ်ကို သူတွေ့ရပါမယ်။
- လယ်သမားက မျက်လုံးဖွင့်လိုက်တဲ့အခါ အခန်းပတ်လည်ကိုကြည့်မယ်၊ သူရဲ့အ၀တ်တွေထားတဲ့စင်ရယ် ခြင်းတစ်ခြင်းရယ်ပဲတွေ့မယ်။
- သူကြွယ်ရဲ့ အိပ်ရာထအတွေးတွေကို အခန်းထဲဝင်လာတဲ့ အစေခံတွေက နှောင့်ယှက်ကြမယ်။အစေခံတွေက သန့်ရှင်းရေးနဲ့ မုတ်ဆိတ်ရိတ်သင်ဖို့ ကူညီကြတယ်။ နူးနူးညံ့ညံ့လီနင်သား ဒူးဖုံးသက္ကလပ်ခါးစည်းကုတ်ကြီးကို ၀တ်မယ်။ သားရေဖိနပ်ပါးကို စီးမယ်။
- လယ်သမားက အိပ်ရာထဲကလူးလဲထ ကိုယ်လက်သန့်စင်ပြီး မုတ်ဆိတ်ရိတ်တယ်။ လီနင်စကြမ်းကြမ်းခါးစည်းကုတ်ကိုဝတ်မယ်။ ကျူရိုးနဲ့လုပ်ထားတဲ့ ဖိနပ်ပါးကိုစီးပါတယ်။
- သူကြွယ်ဇနီးသည်အိပ်ရာထလာတဲ့အခါ တခြားအစေခံတွေရဲ့ အကူအညီနဲ့ ကိုယ်လန့်သန့်စင်ဆေးကြောတယ်။ အ၀တ်အစားဝတ်ပါတယ်။ လီနင်သားကောင်းကောင်း ၀တ်စုံကိုဝတ်တယ်၊ ဖန်လက်ဝတ်လက်စားတွေဝတ်ပါတယ်။ မျက်ခွံတွေကို ခိုးလ်ကာခြယ်အမဲရောင်တွေ လိမ်းခြယ်ပါတယ်။
- လယ်သမားဇနီးသည်နိုးနှင့်နေပါပြီ။ မနက်စောစောအလင်းရောင် မှုန်ပျပျနဲ့အတူ မျက်နှာသစ်ဆေးကြောသန့်စင်ပြီးလို့ အ၀တ်အစားလဲ ပြီးနှင့်ပြီ။ ကလေးတွေအခန်းကို သွားပြီး နှိုးပါမယ်၊ ပြီးတော့ တစ်နေ့တာအိမ်မှုကိစ္စတွေစတော့တာပဲ၊ အ၀တ်အစားက လီနင်သား ကြမ်းကြမ်းကြီးပဲပေါ့၊ လက်ဝတ်ရတနာက ကလေးသူငယ်မွေးဖွားခြင်း၊ မျိုးအောင်ခြင်းကိုစောင့်ရှောက်တဲ့ တာဝါရက်ထ်နတ်သမီး အဆောင်ကို ပါပိုင်းရက်စ်ပင် (အီဂျစ်ရိုးရာရေစပ်စပ်မှာပေါက်တဲ့အပင်) အပိုင်းတစ်ပိုင်းကြိုးလိုကျစ်ပြီးလည်ပင်းမှာဆွဲထားပါတယ်။
- သူကြွယ်နဲ့ သူ့ဇနီးတို့ဟာ ပေါင်မုန့်နဲ့ သစ်သီးနည်းနည်းပဲ စားသုံးကြတယ်။ ကူရှင်ပေါ်မှာထိုင်မယ်၊။ပြီးတော့ စားပွဲနိမ့်နိမ့်လေးနဲ့စားကြပါတယ်။
- လယ်သမား၊ ဇနီးနဲ့ ကလေးငယ်တွေကခုံတန်းပေါ်မှာထိုင်ပြီး ကျူရိုးနဲ့ယက်ထားတဲ့အောက်ခံပြားပေါ်မှာ ပေါင်မုန့်နဲ့ အသီးအနှံနည်းနည်းလေးပဲ စားကြတယ်။
- ပြီးတော့ သူကြွယ်ကြီးက သူ့လယ်မြေတွေက ကြီးကြပ်ရေးမှူးတွေနဲ့ တွေ့ဆုံဖို့ သွားပါတယ်။
- သူကြွယ်ဇနီးက ခမ်းနားတဲ့ညနေစာတည်ခင်းဖို့အတွက် ကြီးကြပ်ပြင်ဆင်ပါတယ်။ ကလေးငယ်တွေ အ၀တ်အစားဝတ်ဆင်၊ စားသောက်၊ ပြီးတော့ မိခင်ဆီကိုခေါ်သွားပေးဖို့ အစေခံတွေက လုပ်ဆောင်ပေးတယ်။
- လယ်သမားက အိမ်အနီးမှာရှိတဲ့ လယ်ထဲကို အလုပ်လုပ်ဖို့သွားတယ်။ ဇနီးသည်က ချက်ပြုတ်ဖို့ မီးမွှေးမယ်၊ ပြီးတော့ ပေါင်မုန့်လုပ်ဖို့ ဂျုံကြိတ်ပါတယ်။
- သူကြွယ်ရဲ့ လယ်ယာကိုကြီးကြပ်သူတွေက ဒီနှစ်အတွက်လယ်ယာက ရိတ်သိမ်းထားမှု အခြေအနေကိုပြောပြတယ်၊ သူကြွယ်အားရ၀မ်းသာဖြစ်မယ်။ နေ့လည်စာအတွက် အသား၊ ပေါင်မုန့်နဲ့ ဘီယာတွေဝေငှ စားသောက်ကြမယ်။
- လယ်သမားအတွက်ကတော့ သိပ်ကောင်းတဲ့နှစ်တနှစ်ပါပဲ။ သူအများကြီးပဲ ရိတ်သိမ်းနိုင်ခဲ့မယ်။ ပြီးတော့ သူ့လယ်မြေကရတဲ့အသီးအနှံ၊ ဂျုံ၊ စသည် နတ်ကွန်းမှာအသုံးပြုဖို့၊ ပေးဖို့ ယူသွားပါဦးမယ်။ ခြင်းတွေအများကြီးနဲ့အပြည့် သီးနှံ၊ ဂျုံ၊ ယာထွက်ပစ္စည်းတွေ ထည့်မယ်။ မြည်းနှစ်ကောင်အပြည့်တင်ပြီး သူ့ရဲ့လယ်ကအလုပ်သမားနှစ်ဦးနဲ့အတူ နတ်ကွန်းကို သွားပါတယ်။ ပြန်လာတော့ နေ့လည်စာကို အသား၊ ပေါင်မုန့် နဲ့ ဘီယာဝေမျှစားကြပါမယ်။
- နေ့လည်ခင်းပိုင်းမှာ သူကြွယ်ဇနီးဟာနေရောင်ခြည်ခံယူဖို့အတွက် ပန်ုးခြံထဲကိုသွားမယ်။ ကလေးတွေ ကစားစရာအရုပ်တွေနဲ့ ဆော့ကစားနေတာကိုကြည့်ရင်း အပင်တွေရဲ့ အရိပ်တွေကိုငေးရင်း ပျော်ရွှင်မြူးတူးနေမယ်။
- လယ်သမားဇနီးကတော့ တစ်နေလုံးလိုလို ဂျုံကြိတ်၊ ဂျုံနှဲပြီးတော့ ပေါင်မုန့်ဖုတ်တယ်။ညနေစောင်းမှာတော့ မြစ်ဘေးမှာကလေးတွေနဲ့ လမ်းလျှောက်ရင်း ရေသယ်ကြပါတယ်။
- သူကြွယ်ကြီးအိမ်ပြန်ရောက်လာတော့ ဒီနေ့ညနေခင်းတည်ခင်းတဲ့ စားပွဲသောက်ပွဲကြီးက အဆင်သင့်ဖြစ်နေပါပြီ။ သူကြွယ်နဲ့ဇနီးသည်တို့က ဖိတ်ထားတဲ့ ဧည့်သည်တွေကို နှုတ်ဆက်စကားဆိုပါတယ်။ ဧည့်သည်တွေရဲ့ အမွှေးနံ့သာ ဖယောင်းဆီမွှေးတွေနဲ့ ကြာပန်းခြင်းတွေကို အစေခံမိန်းကလေးတွေက ယူလာပေးပါတယ်။ သူတို့အားလုံး အကောင်းတကာ့ အကောင်းဆုံး အသားတွေ၊ ပေါင်မုန့်တွေ၊ ကိတ်မုန့်တွေ၊ ၀ိုင်၊ သဖန်းသီးတွေနဲ့ စွံပလွံသီးတွေ စားကြသောက်ကြပါတယ်၊ ဂီတပညာရှင်တွေနဲ့ ကချေသည်လေးတွေ သီဆို ကပြဖျော်ဖြေကြတယ်။ အစီအစဉ်ပြီးတော့ ဧည့်သည်တွေကိုနှုတ်ဆက်ပြီး အိပ်ရာဝင်ကြပါတယ်။
- လယ်သမားဇနီးကတော့ ညနေစာအတွက် ပေါင်မုန့်၊ အသား နဲ့ ဘီယာနည်းနည်းပြင်ဆင်ပြီး ညစာနည်းနည်းပါးပါးပဲ မိသားစုတွေအတူတကွစားသောက်ကြပါတယ်။ အပြင်မှာမှောင်လာတဲ့အခါ လယ်သမားက မီးအိမ်လေးကိုဆီထည့် မီးညှိပါမယ်။ ကလေးတွေကို အိပ်ရာဝင်စေပြီး၊ မီးအိမ်လေးကို ငြှိမ်းပြီး အိပ်ရာဝင်ကြပါတယ်။
ဒီပုံပြင်လေးက ရှေးအီဂျစ်လူမျိုးတွေရဲ့ ဆင်းရဲ ချမ်းသာဘ၀တွေရဲ့နေထိုင်မှုပုံစံကို ဖေါ်ပြနေပါတယ်။
*********
အစောဆုံးကာလတွေမှာ ရှေးဟောင်းအီဂျစ်လူမျိုးတွေကို မြှုပ်နှံကြတဲ့အခါ သဲကန္တာရထဲ တွင်းသေးသေးတူးပြီး မြှုပ်ကြတယ်။ သဲရဲ့အပူနဲ့ ခြောက်သွေ့မှုဟာ ရုပ်အလောင်းတွေမှာ ရေဓါတ်ခမ်းခြောက်မှု လျှင်မြန်စွာဖြစ်ပေါ်စေပြီး သဘာဝမံမီရုပ်အလောင်း စီမံပြီးသား ဖြစ်သွားကြတယ်လို့ဆိုတယ်။ နောက်ပိုင်းမှာ ရှေးအီဂျစ်လူမျိုးတို့ဟာ ရုပ်အလောင်းတွေကို အခေါင်းတွေထဲထည့်ကြပြီး သဲကန္တာရထဲက တောကောင်ရိုင်းတွေဖျက်ဆီးမှုက စတင်ကာကွယ်လာခဲ့ကြတယ်။ ဒါပေမဲ့ ပူလောင်ခြောက်သွေ့တဲ့ သဲနဲ့ တိတွေ့မရှိတဲ့အခါ အလောင်းတွေ ဆွေးမြေ့ကုန်တာကို သဘောပေါက်ခဲ့ကြတယ်။ ရာစုနှစ်အများကြီး ကြာလာတဲ့အခါ ရှေးအီဂျစ်လူမျိုးတွေဟာ ရုပ်အလောင်းတွေကို မပျက်စီးအောင် ထိမ်းသိမ်းထားနိုင်မယ့်နည်းလမ်း ရှာကြံတီထွင်လာကြတယ်။ အဲဒီနည်းလမ်းက ရုပ်အလောင်းတွေကို အမွှေးနံသာဆေးရည်တွေသုတ်လိမ်းပြီး လီနင်လျှော်ချည်သားပိတ်စတွေ စည်းနှောင်ကာ ထုတ်ပိုးကြတဲ့နည်းပါပဲ၊ အဲဒီနည်းကို မံမီရုပ်အလောင်းဆေးစိမ်ခြင်း (Mummification) လို့ အခုအခါ ခေါ်ဆိုကြတယ်။
မံမီရုပ်အလောင်းဆေးစိမ်ခြင်း
မံမီရုပ်အလောင်းဆေးစိမ်ခြင်း
အရေးပါတဲ့လူတစ်ဦးသေဆုံးတဲ့အခါ အဲဒီရုပ်အလောင်းကိုမြုပ်နှံဖို့ သေသေချာချာပြင်ဆင်ဖို့လိုလာပါပြီ။ မံမီရုပ်အလောင်းဆေးစိမ်တဲ့အခါ အဆင့်နှစ်ဆင့်ရှိပါတယ်။ ပထမအဆင့်က ကိုယ်ထည်ကို မပုပ်မသိုးအောင်ဆေးစိမ်ခြင်းနဲ့ ဒုတိယအဆင့်ကတော့ ထုတ်ပိုး မြှုပ်နှံခြင်းပါပဲ။
မပုပ်မသိုးအောင်ဆေးစိမ်ခြင်း
ပထမအဆင့်မှာ ရုပ်အလောင်းကို “အီဘူး”လို့ခေါ်တဲ့ ရုပ်အလောင်းသန့်စင်တဲ့စင်မှာ တင်ပါတယ်။ ဆေးစိမ်မယ့်သူတွေက ရုပ်အလောင်းကို အမွှေးနံ့သာတွေနဲ့ မွှေးကြိုင်နေတဲ့ လက်ဖ၀ါးနဲ့ ဆေးကြောသန့်စင်ပါတယ်။
ပြီးတော့ နိုင်းမြစ်ရေနဲ့ ဆေးကြောတယ်။ ဆေးစိမ်မယ့် သူတွေထဲက တစ်ဦးက အလောင်းရဲ့ဘယ်ဘက်ခြမ်းကို လှီးဖြတ်ပြီး အတွင်းအင်္ဂါတွေဖယ်ရှားလိုက်တယ်။ အတွင်းအင်္ဂါတွေ ဖယ်ရှားဖို့ အရေးကြီးပါတယ်။ အဲဒီအပိုင်းတွေက စတင်ပုပ်သိုးယိုယွင်းတဲ့အပိုင်းတွေဖြစ်တယ်။ အသည်း၊ အဆုတ်၊ အစာအိမ်နဲ့ အူတွေကို ဆေးကြောပြီး နေးထရွန်(သဘာဝသတ္ထုဓါတ်ဆားတစ်မျိုး)နဲ့ ထုတ်ပိုးပါတယ်။
အဲဒီဆားဟာ အင်္ဂါတွေကိုခြောက်သွေ့သွားစေတယ်။ နှလုံးကိုတော့ ထုတ်မယူပါဘူး။ နှလုံးဟာ အသိဥာဏ်နဲ့ ခံစားမှုတွေရဲ ဗဟိုချက်ဖြစ်ပြီး သေလွန်ပြီးဘ၀မှာ လိုအပ်တယ်လို့ဆိုတယ်၊ အီဂျစ်လူမျိုးတွေရဲ့ သေလွန်ပြီးဘ၀ဟာ လူသာမန်တွေအတွက်ဆိုရင် မြေအောက်ကမ္ဘာထဲရောက်သွားပြီး တရားစီရင်မှုကိုခံယူရတယ်။လူကောင်းသူကောင်းတွေက အီဂျစ်တိုင်းပြည်ကြီးလိုပဲ ပြည့်စုံကောင်းမွန်တဲ့နေရာကိုသွားနိုင်ပြီး အဲဒီမှာပဲ အမြဲနေသွားနိုင်တယ်လို့ အယူရှိကြတယ်။ ဖဲရိုးဘုရင်ကတော့ သေလွန်တဲ့အခါ ဖခင်နေနတ်ဘုရား အာမွန်ရာ ဆီပြန်သွားခဲ့တယ်တဲ့။
ရှည်လျားတဲ့ ချိတ်ကတော့ ဦးနှောက်ကို နှာခေါင်းကတစ်ဆင့် ခြေဖျက်ဆွဲထုတ်ယူဖို့ အသုံးပြုကြတယ်။
ကိုယ်ခန္ဓာကို နေးထရွန်ဆားတွေနဲ့ ဖုံးကာပြီး အဲဒီနေးထရွန်ဆားတွေနဲ့ဖိသိပ်ပါတယ်။ အဲဒီဆားတွေက ကိုယ်ခန္ဓာကိုခြောက်သွေ့စေတယ်၊ ရက်လေးဆယ်ကြာတဲ့အခါ နိုင်းမြစ်ရေနဲ့ တစ်ခါ ထပ်ပြီးဆေးကြောပါတယ်၊ ပြီးတော့ အရေပြားတွေ အလပ်စတစ်စလိုချောမွတ် ရှင်သန်နိုင်အောင် ဆီတွေသုတ်လိမ်းပေးကြပါတယ်၊ ရေဓါတ်ခမ်းခြောက်သွားတဲ့ အတွင်းအင်္ဂါတွေကိုလီနင်စနဲ့ ထုပ်ပိုးပြီး ၀မ်းခေါင်းထဲကိုပြန်ထည့်ကြတယ်။ ကိုယ်ထည်တစ်ခုလုံးကို ခြောက်သွေ့နေတဲ့ပစ္စည်း လွှစာမှုံ့၊ သစ်ရွက်ခြောက်တွေ၊ လီနင်ပိတ်သားစတွေနဲ့ ဖိသိပ်တယ်၊ အဲဒီအခါ ရုပ်အလောင်းကြီးဟာ အသက်ဝင်နေသလိုပဲလို့ဆိုတယ်။
နောက်ဆုံးတစ်ခါထပ်ပြီး နံ့သာဆီမွှေးတွေထပ်ပြီး သုတ်လိမ်းကြပြန်တယ်။ အဲဒီအနေအထားမှာ လီနင်ပိတ်သားတွေနဲ့ ဖုံးကာထုပ်ပိုးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ရှေးလွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ အတွင်းအင်္ဂါတွေကို ကိုယ်ထည်ထဲကထုတ်ယူပြီး ကာနိုးပစ်ခ်အိုးတွေထဲကိုးထည့်ပြီးသိမ်းဆည်းခဲ့ကြတယ်။ ကာနိုးပစ်ခ်အိုးတွေရဲ့အဖုံးမှာ ရုပ်ပုံလေးမျိုးရှိပြီး နေနတ်ဘုရားဟိုးရပ်စ်ရဲ့သားနတ်ဘုရားလေးဦးကို ရည်ညွှန်းတယ်လို့ဆိုတယ်။ နောက်ပိုင်းနှစ်တွေအများကြီး ကြာလာတဲ့အခါ ဆေးစိမ်တဲ့အဆင့်နည်းလမ်းပြောင်းလဲလိုက်တယ်။
နေးထရွန်ဆားတွေနဲ့ အတွင်းအင်္ဂါတွေခြောက်သွေ့စေပြီးတဲ့အခါ ၀မ်းခေါင်းထဲကိုပြန်ထည့်ပြီးသိမ်းဆည်းခဲ့ကြတယ်။ သစ်သားဒါမှမဟုတ် ကျောက်သားကာနိုးပစ်ခ်အိုးတွေကိုတော့ အတွင်းအင်္ဂါတွေ စောင့်ရှောက်စေဖို့ အမှတ်အသားအဖြစ် မံမီရုပ်အလောင်းနဲ့အတူ ထည့်သွင်းမြှုပ်နှံပါတယ်။
- အင်မ်ဆဲတီလူဦးခေါင်းပုံနတ်ဘုရားက အသည်းကို စောင့်ရှောက်တယ်။
- ဟာပီဘာဘွန်းမျောက်ဝံဦးခေါင်းပုံနတ်ဘုရားက အဆုတ်ကိုစောင့်ရှောက်တယ်။
- ဒူရာမူတာဖ့်ခွေးအဦးခေါင်းပုံနတ်ဘုရားက အစာအိမ်ကိုစောင့်ရှောက်တယ်။
- ကွီဘာဆီးနာဗ့်လင်းယုန်ငှက်ဦးခေါင်းပုံနတ်ဘုရားက အူတွေကို စောင့်ရှောက်တယ်လို့ အယူရှိကြတယ်။
ရုပ်အလောင်းသန့်စင်ပြီး နံ့သာဆီမွှေးတွေနဲ့ပွတ်တိုက်သုတ်လိမ်းပြီးတဲ့အခါ ထုပ်ပိုးဖို့ပြင်ဆင်ကြပါပြီ။
မံမီရုပ်အလောင်းထုပ်ပိုးခြင်း
ဦးခေါင်းနဲ့လည်ပင်းကို လီနင်ပိတ်ချောသားနဲ့ ထုပ်ပိုးတယ်။ လက်ချောင်းတွေနဲ့ ခြေချောင်းတွေကိုတစ်ခုခြင်းစီ သီးခြားထုပ်ပိုးတယ်။ လက်မောင်းနဲ့ ခြေထောက်တွေကို သီးခြားထုပ်ပိုးကြတယ်။ ထုပ်ပိုးတဲ့အလွှာတွေကြားမှာ နှစ်သက်စဖွယ်အဆောင်လက်ဖွဲ့တန်ဆာလေးတွေ ထည့်သွင်းကြတယ်။ အဲဒီလက်ဖွဲ့ပစ္စည်းလေးတွေက မြေအာက်ကမ္ဘာထဲကိုသွားတဲ့အခါ မကောင်းဆိုးဝါးမိစ္ဆာတွေရန်ကိုကာကွယ်နိုင်တယ်လို့ အယူရှိကြပါတယ်။
အိုက်စစ်နောထ့် အဆောင်က ကိုယ်ခန္ဓာကိုကာကွယ်ပေးတယ်။
ချိန်သီးအဆောင်က တော့ နောက်တစ်ဘ၀မှာ ဟန်ချက်ညီနေစေဖို့ ချိန်ညှိပေးတယ်လို့ အယူရှိကြတယ်။
မံမီရုပ်အလောင်းထုပ်ပိုးနေတဲ့အခါ ဘုန်းကြီးက ဂါထာမန္တန်တွေကိုရွတ်ဖတ်ပေးပါတယ်။ ဘုန်းကြီးရွတ်တဲ့ဂါထာတွေကြောင့် မကောင်းဆိုးဝါးတွေရဲ့ရန်ကို ကာကွယ်နိုင်ပြီး သေလွန်တဲ့ဘ၀ခရီးရှည်ကြီးမှာ အကူအညီပေးတယ်လို့ဆိုတယ်။
လက်မောင်းတွေနဲ့ခြေတွေကိုနောက်ဆုံး အတူတူချည်နှောင်လိုက်တယ်။ လက်ထဲမှာ သေဆုံးခြင်းစာအုပ်ပါ စာလုံးတွေရေးသားထားတဲ့ ပါပိုင်းရက်စ်ပင် စာလွှာအလိပ်ကို ထားပေးပါတယ်။
တကိုယ်လုံးကို လီနင်ပိတ်သားတွေထပ်ခါထပ်ခါ ထုပ်ပိုးတယ်။ အလွှာတိုင်းမှာ လီနင်ပတ်တီးစတွေကို ရက်ဆင်းသစ်စေးအဆီတွေ သုတ်လိမ်းပါတယ်။ အဲဒီသဘာသစ်စေးအဆီဟာ ပိတ်သာစတွေတွယ်ကပ်နေစေဖို့ အကူအညီပေးတယ်။
ပိတ်သားတစ်ခုနဲ့ တစ်ကိုယ်လုံးကိုထုပ်ပိုးပြီးတဲ့အခါ အပေါ်မျက်နှာပြင်မှာ အိုဆိုင်းရစ်နတ်ဘုရားပုံ ရေးခြယ်ပါတယ်။
နောက်ဆုံးမှာ ပိတ်သားအကြီးတစ်ခုနဲ့ မံမီရုပ်အလောင်းတစ်ခုလုံးကို ထုပ်ပိုးလိုက်တယ်။ အဲဒီပိတ်စကြီးဟာ ကိုယ်ထည်ထိပ်ပိုင်းကနေ အောက်ခြေရယ် အလယ်ပိုင်းထိပါ ထုပ်ပိုးထားတဲ့ လီနင်ပတ်တီးစတွေနဲ့ တွယ်ကပ်ထားတယ်။
ဆေးခြယ်ထားတဲ့သစ်သားပြားကို မံမီရုပ်အလောင်းအခေါင်းထဲမထည့်ခင်မှာ မံမီရုပ်အလောင်းထိပ်မှာထားပေးတယ်။ ပထမအခေါင်းကို ဒုတိယအခေါင်းထဲကိုထည့်တယ်။
အသုဘအခမ်းအနားကို အဲဒီအချိန်မှာကျင်းပကြတယ်။ မိသားစုတွေငိုကြွေးကြတယ်။ အဲဒီအခမ်းအနားကို “ပါးစပ်ဖွင့်ခြင်း” လို့ခေါ်ဆိုကြပြီး မံမီရုပ်အလောင်းကို အစားအသောက်ကျွေးခြင်း၊ ရေတိုက်ခြင်းပြုလုပ်ပါတယ်။ ပြီးတဲ့အခါ သင်းချိုင်းဂူထဲမှာ မံမီရုပ်အလောင်းနဲ့ အခေါင်းပါ ကျောက်သား ဒါမှမဟုတ် သစ်သား ဆာကော့ဖဂါစ့် ပုံးကြီးထဲကိုထည့်ပါတယ်။ သေသူအတွက် ပရိဘောဂပစ္စည်း၊ အ၀တ်အထည်၊ တန်ဘိုးကြီးအသုံးအဆောင်၊ အစားအစာ နဲ့ အဖျော်ယမကာသောက်သုံးစရာတွေပါ သင်းချိုင်းဂူထဲထည့်ပါတယ်။ အဲဒီအချိန်မှာ သေသူဟာ မြေအာက်ကမ္ဘာကို ခရီးထွက်နိုင်ပြီလို့အယူရှိတယ်။ သေသူရဲ့နှလုံးဟာ အဆုံးအဖြတ်ခံယူရပါတယ်။ သေသူရဲ့နှလုံးသားဟာ ဖြူစင်သန့်ရှင်းတယ်ဆိုရင် လှပတဲ့ကျူတောထဲမှာ ထာဝရနေထိုင်သွားနိုင်ကြပါမယ်။
- ပိရမစ်တွေ
ရှေးအီဂျစ်လူမျိုးတွေဟာ ပိရမစ်တွေကို ဖဲရိုးဘုရင်တွေနဲ့ မိဖုရားတွေအတွက် သချိုင်းဂူအဖြစ် တည်ဆောက်ခဲ့ကြပါတယ်။ ရှေးဘုရင်ခေတ်မတိုင်မီနဲ့ အလယ်ခေတ်အဆုံးပိုင်းအထိ ပိရမစ်တွေရဲ့ အရွယ်အစားအကြီးအသေးအမျိုးမျိုး တည်ဆောက်ခဲ့ကြတယ်။ ရှေးအီဂျစ်ခေတ်ကတည်ဆောက်ခဲ့တဲ့ ပိရမစ်တွေထဲက လူသိများတဲ့ ပိရမစ်ပေါင်း ၈၀ခန့်ရှိကြတယ်။ အဲဒီပိရမစ်တွေထဲက အကြီးဆုံးနဲ့ အခိုင်ခံ့ဆုံးပိရမစ်ကြီး သုံးခုကို ဂီဇာမြို့တော်မှာ ရှေးဘုရင်ခေတ်အစပိုင်းက တည်ဆောက်ခဲ့ကြပါတယ်၊ နာမည်ကြီးပိရမစ်တွေဟာ ဖဲရိုးဘုရင်ခူးဖူ(Khufu) ရဲ့သင်းချိုင်းဂူတွေဖြစ်ကြတယ်။ ဖဲရိုး(Pharoah)ဆိုတဲ့အသုံးအနှုန်းဟာ ရှေးဟောင်းအီဂျစ်ဘုရင်တွေကို ခေါ်ဆိုတဲ့အသုံးအနှုန်းပါ။ ဖဲရိုးဟာ ဂရိစကားလုံးဖြစ်ပြီး အီဂျစ်လို “မဟာအိမ်ကြီး”လို့အဓိပ္ပါယ်ရပါတယ်၊ အစပိုင်းတုန်းကတော့ ဘုရင်တွေရဲ့ နန်းတော်နဲ့ ကြီးမြတ်မှုကို ရည်ညွှန်းသုံးစွဲခဲ့ကြပေမယ့် နောက်ပိုင်းအီဂျစ်သမိုင်းမှာ ဖဲရိုးကို ဘုရင်(ruler)အဖြစ် တိုက်ရိုက်ခေါ်ဝေါ် သုံးစွဲလာခဲ့ကြတယ်။
ဖဲရိုးခူဖူးဟာ အရင်ဖဲရိုးတွေလိုပဲ ရာဇပလ္လင်ပေါ်ရောက်ရောက်ချင်း သူရဲ့ထာဝရအိမ်တော် တည်ဆောက်ဖို့ အတွက်စီစဉ်ခဲ့ပါတယ်။ နိုင်းမြစ်အနောက်ဘက်ကမ်းမှာပဲတည်ဆောက်ဖို့ရွေးချယ်ခဲ့တယ်။ နေဟာ အနောက်ဘက် မိုးကုတ်စက်ဝိုင်းထဲ ညတိုင်းဝင်တာကြောင့် သင်းချိုင်းတွေကို အနောက်ဘက်ကမ်းမှာပဲ တည်ဆောက်ဖို့ရွေးခြယ်ကြတယ်လို့ ဆိုတယ်။
ဖဲရိုးခူဖူးရဲ့ ဗိသုကာပညာရှင်တွေဟာ ဥာဏ်ပညာကြီးပြီး အတွေ့အကြုံများတဲ့လူတွေဖြစ်ကြတယ်။ သူတို့ဟာ ဖဲရိုးခူဖူးရဲ့ နောက်ဆုံးအနားယူရမယ့်နေရာအဆောက်အဦရဲ့ အရေးကြီးပုံကိုသိကြတယ်။ဒါကြောင့်အနားတွေကို မြောက်၊ တောင်၊ အရှေ့ နဲ့ အနောက်တည့်တည့်ကျအောင် တည်ဆောက်ဖို့ပြင်ဆင်တယ်။ သူတို့တည်ဆောက်ခဲ့သမျှ ပိရမစ်တွေထက်အကြီးဆုံး ပိရမစ်ကြီးကိုတည်ဆောက်ဖို့ အနားသတ်လိုင်းတွေ သဲကန္တာရထဲမှာအရင်မှတ်သားပါတယ်။
ပြီးတော့ အဆောက်အဦစတင်ဆောက်လုပ်တယ်။ အနီးအနားကျောက်ကျင်းတွေက ကြီးမားတဲ့ ကျောက်တုံးအရွယ်အစားတွေဖြတ်ယူတယ်။ လူအင်အားတွေအများကြီးသုံးပြီး ပိရမစ်ဆောက်လုပ်မယ့်နေရာကို ဆွဲယူ တပ်ဆင်ကြတယ်။ အလုပ်သမားအများစုဟာ လယ်သမားတွေ ဖြစ်ကြပါတယ်၊ နိုင်းမြစ်ရေလျှံနေတဲ့အခါ သူတို့ရဲ့ လယ်ယာမြေတွေ ရေအောက်ရောက်နေတဲ့အချိန်ရာသီမျိုးမှ ပိရမစ်တည်ဆောက်ရေးလုပ်ငန်းတွေအတွက် အလုပ်လုပ်ကြတယ်။
ပထမအဆင့်ကျောက်သားတွေနေရာချပြီးတဲ့အခါ၊ အလုပ်သမားတွေက ရွှံခဲ၊ ထုံးကျောက်လွှာတွေနဲ့ ရွှံစေးတွေကို ဆင်ခြေလျှောသဏ္ဍာန်တည်ဆောက်ကြတယ်။ ကြီးတဲ့ကျောက်တုံးတွေကို ပိရမစ်ရဲ့ နောက်တစ်ဆင့်တည်ဆောက်ဖို့အတွက် ဆင်ခြေလျှောအတိုင်းဆွဲတင်ကြတယ်။
ပိရမစ်တစ်ခုကို နှစ်၂၀ခန့် အလုပ်သမား ရာပေါင်းများစွာတည်ဆောက်ကြရပါတယ်။တစ်ဆင့်စီတည်ဆောက်သလို ပိရမစ်ပတ်လည် ဆင်ခြေလျှောကိုလည်း တည်ဆောက်သွားကြပါတယ်။
ပိရမစ်ပြီးဆုံးလုနီးမှာ၊ ရွှေ၊ ဒါမှမဟုတ် အီလက်ထရန် ရွှေငွေစပ်သတ္ထုနဲ့ဖုံးကာထားတဲ့ အထူးကျောက်တုံးကြီးကို ပိရမစ်ရဲ့ထိပ်ဆုံးမှာထားပါတယ်။
အဲဒီနောက် နိုင်းမြစ်ကိုဖြတ်ပြီးသယ်ယူလာတဲ့ အဖြူရောင်ထုံးကျောက်တုံးနဲ့ ပိရမစ်တွေကို ဖုံးကာကြလေ့ရှိပါတယ်။ အဲဒီကျောက်တုံးတွေကို ပိရမစ်အပြင်သားအတွက် ချောမွတ်အောင် သေသေချာချာဖြတ်တောက်ပြင်ဆင်ကြပါတယ်။
ထုံးကျောက်တုံးတွေဖုံးကာပြီးတဲ့အခါ ပိရမစ်တည်ဆောက်တာပြီးဆုံးပါတယ်။
ဂီဇာမြိ့က ဖဲရိုးခူဖူးပိရမစ်အဆောက်အဦအစုအဝေးမှာ တခြားအပိုင်းတွေပါဝင်ပါတယ်။မိဖုရားသုံးပါးအတွက် ပိရမစ်သုံးခု၊ လှေတွေမြှုပ်ထားတဲ့ အလွန်နက်တဲ့ကျင်းတွေလည်းပါဝင်တယ်၊ ဖဲရိုးခူဖူးသေဆုံးပြီးတဲ့အခါ သူ ဘုရားဝတ်ပြုဆုတောင်းရမယ့်နတ်ကွန်း၊ ပိရမစ်ကနေနတ်ကွန်းတွေရှိရာသွားနိုင်မယ့်စင်္ကြလမ်း၊ ဖဲရိုးအသုဘအခမ်းအနားစတင်မယ့် နတ်ကွန်း၊ ဆက်သွယ်သွားလာနိုင်တဲ့ သီးခြားပိရမစ်သေးတစ်ခု၊ မှုးမတ်တွေအတွက် မာစတာဘာသင်းချိုင်းဂူအဆောင်(လေးထောင်ပုံစံရှိပြီး အမိုးပြားအဆောက်အဦ၊ မြေအောက်မှာ ရုပ်အလောင်းတွေထားပြီး မြေပေါ်မှာက ၀တ်ကျောင်းဆောင်ထားပါတယ်)တွေပါဝင်ကြတယ်။
- နတ်ဘုရား နတ်သမီးများ
ရှေးအီဂျစ်လူမျိုးတွေဟာ နတ်ဘုရား၊ နတ်သမီးတွေ အများကြီးပဲ ယုံကြည်ကိုးကွယ်ကြတယ်။ တချို့နတ်ဘုရားတွေနဲ့နတ်သမီးတွေက ဖန်ဆင်းတယ်။ တချို့ကနှစ်စဉ်ရေကြီးခြင်းကိုဆောင်ယူလာတယ်၊ တချို့က ကာကွယ်စောင့်ရှောက်တယ်။ တချို့က သေလွန်ပြီးကာလတွေမှာ စောင့်ရှောက်တယ်။ တချို့က မြိ့ရွာလေးတွေကိုစောင့်ရှောက်တယ်။ တချို့က အပင်တွေနဲ့ တိရစ္ဆာန်လေးတွေကို စောင့်ရှောက်ကြပါတယ်။ ရှေးအီဂျစ်လူမျိုးတို့ဟာ နတ်ဘုရားတွေကိုအစဉ်အမြဲသတိတရ ပူဇော်ပသကြမှ သူတို့ရဲ့ဘ၀လမ်းခရီးချောမွေ့တယ်လို့ အထူးယုံကြည်ကြပါတယ်။
နတ်ဘုရားပုံပြင်
ကြမ်းတမ်းလှိုင်းထနေတဲ့ရေတွေမှာ သူတော်စင်မတစ်ပါးတည်းရှိနေတယ်တဲ့။ တစ်နေ့မှာ ရေထဲက တောင်ကုန်းတစ်ခုပေါ်လာပြီး အဲဒီတောင်ကုန်းကို ဘန်းဘန်း(Ben-Ben) လို့ခေါ်တယ်။ အဲဒီတောင်ကုန်းမှာ အားတန် နတ်ဘုရားစောင့်တယ်။ အဲဒီနတ်ဘုရားကပထမဆုံးနတ်ဘုရားလို့ဆိုတယ်။ အားတန်နတ်ဘုရားကချောင်းဆိုးပြီး ထွေးထုတ်လိုက်တော့ ရှုး(လေနတ်ဘုရား)နဲ့ တဲ့ဗ်နာ့ထ်(ရေခိုးရေငွေ့နတ်သမီး)တို့မွေးဖွားလာတယ်။ ရှုးနဲ့ တဲ့ဗ်နာ့ထ်တို့မှာ ကလေးနှစ်ယောက်ရှိကြတယ်။ ပထမကလေး ဂက်ဘ်(မြေနတ်ဘုရား)နဲ့ နာ့ထ်(ကောင်းကင်နတ်သမီး)တို့ဖြစ်ကြတယ်။ ရှုးနတ်ဘုရားက နာ့ထ်ကို ပင့်မထားပြီး နာ့ထ်နတ်သမီးဟာ ဂက်ဘ်ရဲ့မျက်နှာကြက်ကောင်းကင်ဖြစ်လာခဲ့တယ်။ နာ့ထ်နဲ့ ဂက်ဘ်တို့မှာ ကလေးလေးယောက်ရှိကြတယ်၊။ အိုဆိုင်းရစ်၊ အိုက်စစ်၊ ဆက်သ်နဲ့ နက်ပ်သီးစ် တို့ဖြစ်ကြတယ်။အိုဆိုင်းရစ်နတ်ဘုရားဟာလည်း မြေနတ်ဘုရားဖြစ်ပြီး အိုက်ဆစ်က မိဖုရားဖြစ်တယ်။ အိုဆိုင်းရစ်ဟာ ဘုရင်ကောင်းဖြစ်ခဲ့ပြီး မြေနတ်ဘုရားအဖြစ်နှစ်ပေါင်းများစွာအုပ်စိုးခဲ့တယ်လို့ဆိုတယ်။ ဒါပေမဲ့လည်း အရာရာတိုင်းကမကောင်းနိုင်ဘူး၊ ဆက်သ်က အိုဆိုင်းရစ်ကို မလိုမုန်းထားဖြစ်ခဲ့တယ်။ ဘာကြောင့်လည်းဆိုတော့ သူက မြေနတ်ဘုရားအဖြစ်အုပ်ချုပ်လိုတဲ့အတွက်ဖြစ်တယ်။ တစ်နေ့တစ်ခြား ဒေါသအမျက်ပိုကြီးမားလာခဲ့ပြီး တစ်နေ့မှာတော့ အိုဆိုင်းရစ်ကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ အိုဆိုင်းရစ်ဟာ မြေအောက်ကမ္ဘာထဲရောက်သွားပြီး ဆက်သ်ကမြေပေါ်မှာကျန်ခဲ့တယ်။ ဘုရင်ဖြစ်သွားခဲ့ပါတယ်၊ အိုဆိုင်းရစ်နဲ့ အိုက်စစ်တို့မှာ ဟိုးရပ်စ် ဆိုတဲ့ သားတစ်ဦးရှိတယ်။ ဟိုးရပ်စ်က ဆက်သ်ကိုပြန်လည်တိုက်ခိုက်ခဲ့ကာ ရာဇပလ္လင်ပြန်ရတယ်လို့ဆိုတယ်။ အဲဒီနောက်မှာ ဟိုးရပ်စ်က မြေဘုရင်ဖြစ်လာပြီး အိုဆိုင်းရစ်က မြေအာက်ကမ္ဘာရဲ့ဘုရင် အသီးသီးဖြစ်လာခဲ့ကြပါတယ်။
- ဖဲရိုးရှေးအီဂျစ်ဘုရင်များ
ရှေးအီဂျစ်နိုင်ငံမှာ စွမ်းအားအကြီးဆုံးလူသားဟာ ဖဲရိုးပါ၊ ဖဲရိုးဟာ အီဂျစ်လူမျိုးတွေရဲ့ နိုင်ငံရေးနဲ့ ဘာသာရေးခေါင်းဆောင်ဖြစ်တယ်။ “တိုင်းနှစ်တိုင်းအရှင်သခင်” “နတ်ကွန်းတိုင်းရဲ့ကြီးမြင့်တဲ့ဘုန်းတော်ကြီး” ဆိုတဲ့ဘွဲ့တော်တွေရရှိထားသူလည်းဖြစ်ပါတယ်။ ဖဲရိုးဟာ မြေနတ်ဘုရားကိုလည်း ကိုယ်စားပြုပြန်တယ်လို့ ဆိုကြတယ်၊ ဖဲရိုးက ဘာသာရေးအခမ်းအနားတွေပြုလုပ်တယ်။ နတ်ကွန်းတွေတည်ဆောက်ပြီး နတ်ဘုရားတွေကို အရိုအသေပေးပါတယ်၊ ဖဲရိုးတွေဟာ သူတို့ရဲ့တိုင်းပြည်ကိုခြိမ်းခြောက်ခံလာရပြီ ဒါမှမဟုတ် တခြားတိုင်းပြည်တွေကို ထိန်းချုပ်လိုတဲ့အခါ စစ်ပြုဖို့ဝန်မလေးသူတွေပါ၊ အဲဒီစစ်ပွဲအောင်နိုင်ခဲ့ပြီဆိုရင် စစ်ရှုံးတိုင်းသူပြည်သားတွေဟာ ကိုယ်မြေယာတွေက အကောင်းတကာ့အကောင်းဆုံး ကုန်ပစ္စည်းတွေ ဖဲရိုးကိုဆက်သရမယ်ဆိုတာ နားလည်သဘောပေါက်ထားရပါတယ်။
စစ်ပွဲ
ရမ်းမက်စက်စ် ၂ ဟာ အီဂျစ်နိုင်ငံကနေ နူဘီယာကို စစ်ပြုဖို့အတွက် ခရီးထွက်ခဲ့တယ်။ အီဂျစ်ဖဲရိုဟာ နူဘီယာတိုင်းပြည်ကိုစစ်ပြုတာ အကြောင်းပြချက်နှစ်ရပ်ရှိခဲ့တယ်။ ပထမတစ်ချက်က နူဘီယာဟာ အီဂျစ်တောင်ပိုင်းနယ်စပ်ဒေသဖြစ်ပြီး အီဂျစ်နယ်စပ်ဒေသတွေကို ခြိမ်းခြောက်နေတာကြောင့်ရယ်၊ နောက်တစ်ချက်က နူဘီယာမှာ တိရစ္ဘာန်သားကောင်အထူးအဆန်းတွေ၊ သစ်နဲ့ ရွှေကြောတွေရှိတာကြောင့်လို့ဆိုကြတယ်။ စစ်ပွဲစတင်ခဲ့တဲ့အခါ ရမ်းမက်စက်စ် ၂ ဟာ ရှေးခေတ် နှစ်ဘီးတပ်စစ်ရထားစီးပြီး ရန်သူတွေကြားထဲ ၀င်တိုက်ခိုက်ခဲ့တယ်။ သူ့ရဲ့လေးနဲ့မြှားကိုအသုံးပြုပြီးတိုက်ပါတယ်။ ရမ်းမက်စက်စ် ၂ ရဲ့ သားနှစ်ပါးကလည်း စစ်ရထားကိုယ်စီ စီးနင်းပြီး နောက်ကလိုက်ခဲ့တယ်။ တချို့ နူဘီယန်စစ်သားတွေဟာ လေးမြှားဒဏ်သင့်ပြီး မြေကြီးပေါ်ပုံလဲကျနေကြတယ်။ တခြားစစ်သားတွေကတော့ ရမ်းမက်စက်စ်ရန်က လွတ်အောင် ဟိုသည်ပြေးလွှားကြတယ်။ စစ်သားတစ်ဦးဟာ ဒဏ်ရာရခဲ့ပြီး အဲဒီစစ်သားရဲ့ သူငယ်ချင်းက အိမ်ကိုတွဲခေါ်ခဲ့တယ်လို့ဆိုတယ်။ သူတို့ရွာကိုရောက်တဲ့အခါ အမျိုးသမီးတစ်ဦးနဲ့ ကလေးနှစ်ဦးကိုတွေ့ကြတယ်၊ စစ်ပွဲပြီးဆုံးသွားခဲ့ပါပြီလို့ စစ်သားတွေကပြောပါတယ်။
အဖိုးတန်ဘဏ္ဍာတော်အပ်နှင်းပွဲ
ရမ်းမက်စက်စ် ၂ စစ်အောင်သွားခဲ့တဲ့အခါ နူဘီယန်တိုင်းသူပြည်သားတွေဟာ အကောင်းဆုံးအစားအသောက်၊ ကျွဲနွားတိရစ္ဆာန်၊ ရွှေ နဲ့ တခြား ပစ္စည်းတွေပါ ဘုရင်ကို ဆက်သရပါတယ်။ ရမ်းမက်စက်စ်၂ဟာ အထူးလည်ဆွဲနဲ့ ခေါင်းဆောင်းကို ၀တ်ဆင်ပြီး ကဲနိုပီပလ္လင်မှာ ထိုင်နေတယ်၊။အခွန်ဘဏ္ဍာဆက်သတာတွေကိုလက်ခံယူဖို့ စောင့်နေခဲ့ပါတယ်။ ဗီဇီးယားအကြံပေးက ရမ်းမက်စက်စ်၂ ကို ပလ္လင်ရှေ့ကနေ နှုတ်ခွန်းဆက်သတယ်။
အခွန်ဆက်သသူတွေ တရွေ့ရွေ့တန်းစီလာနေကြတယ်။ တိရစ္ဆာန်အမျိုးစုံသယ်ဆောင်လာကြတယ်၊။ကျားသစ်တစ်ကောင်၊ နွားထီးတစ်စုံ၊ သစ်ကုလားအုပ်တစ်ကောင်၊ လှပတဲ့ဆတ်တစ်ကောင်၊ ငှက်ကုလားအုပ်တစ်ကောင် သယ်ဆောင်လာကြတယ်။ နူဘီယန်စစ်သားတွေက လက်နက်တွေသယ်ဆောင်လာကြပြီး သူတို့ ရမ်းမက်စက်စ်ကို တိုက်ခိုက်ခြင်း မပြုတော့တဲ့ အကြောင်းသက်သေပြကြပါတယ်။ ခြင်္သေ့ကတော့ တိရစ္ဆာန်တွေထဲမှာ စွမ်းအားအကြီးဆုံးဖြစ်ပြီး ရမ်းမက်စက်စ် ၂ ကို ကျေနပ်ဝမ်းမြောက်ခြင်းဖြစ်စေတယ်။ ဆင်စွယ်အစုအပုံတွေလည်းပါတယ်။သစ်နက်သားတွေရယ်၊ ငှက်ကုလားအုပ်အမွှေးအတောင်နဲ့ ပြုလုပ်ထားတဲ့ ယပ်တောင်ကြီးတွေကိုလည်း သေသေချာချာသယ်လာကြတယ်။ ငှက်ကုလားအုပ်သားမွှေးတွေ၊ ငှက်ကုလားအုပ်ဥတွေ၊ တိရစ္ဆာန်သားရေတွေ ရွှေတွေကို စုပုံထားကြပါတယ်။
နူဘီယန်တိုင်းပြည်ရဲ့အီဂျစ်ဘုရင်ခံအတွက်လည်း ဆုလာဘ်အဖြစ် ရွှေလည်ဆွဲချီးမြှင့်ခံရပါတယ်။ အဆုံးမှာ ရမ်းမက်စက်စ်၂ အနီးမှာ မင်းသားတစ်ဦးမတ်တပ်ရပ်နေတယ်။ အဲဒီမင်းသားဟာ သူရဲ့ဖခင်အီဂျစ်ဖဲရိုးအတွက် အဖိုးတန်ဘဏ္ဍာတော်တွေ အပ်နှင်းနေကြတာကို ကြည့်ပြီး ၀မ်းမြောက်ဝမ်းသာဖြစ်နေခဲ့ပါတယ်။ ။
Ref & Photos: http://en.wikipedia.org/wiki/Tourism_in_Egypt
နွယ်နီမဂ္ဂဇင်း
No comments:
Post a Comment