Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, September 01, 2011

ဂဒါဖီဆုတ်ခွာချိန်ကို စောင့်ဆိုင်းနေကြတဲ့ ကမ္ဘာ့မီဒီယာများ

ကမ္ဘာတ၀ှမ်းက သတင်းစာတွေဟာ ဂဒါဖီရဲ့လစ်ဗျားအစိုးရပြိုကွဲဆုတ်ခွာချိန်ကို မျှော်လင့်ခြင်း၊ စိုးရိမ်ခြင်းတွေနဲ့ စောင့်မျှော်နေကြပါတယ်။ ဒါပေမဲ့ တစ်ချို့ဝေဘန်ရေးမီဒီယာသမားတွေကတော့ လစ်ဗျားနဲ့အနီးအနားဒေသတွေအတွက် ဂဒါဖီဆုတ်ခွာမှုဟာ အကောင်းတွေဖြစ်လာစေမယ် လို့ဖော်ပြရေးသားကြပါတယ်။ တစ်ချို့ကသာ ထိတ်လန့်ုတုန်လှုပ်စရာတွေပြည့်နေတဲ့ လစ်ဗျား အနာဂါတ် ကိုတွေးမြင်နေကြတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ အနည်းဆုံးဝေဘန်ရေး သမားတစ်ဦးက ကဒါဖီအထွက်သွားခြင်းဟာ လစ်ဗျားလိုပဲမငြိမ်မသက်မှုတွေ လပေါင်းအတော် များများ ဖြစ်နေခဲ့တဲ့ ဆီးရီးယားနိုင်ငံရေး အကူးအပြောင်းကို ကူညီနိုင်မယ်လို့ဆိုတယ်။ အရှေ့အလယ်ပိုင်း အပြင်ဘက်က တရုတ်မီဒီယာသမားတစ်ဦးကတော့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ရှည်လျားလှတဲ့ဆန့်ကျင် တိုက်ခိုက်မှု တစ်ခုလို ဖြစ်လာနိုင်ချေရှိတယ်လို့ ကြိုတင်ခန့်မှန်းပါတယ်။ အီတလီသတင်းစာတစ်စောင်မှာတော့ ဥရောပနိုင်ငံတွေက လစ်ဗျားကိုစွန့်ထားခဲ့မယ်ဆိုရင် ကပ်ဆိုက်သလိုဆိုးဝါးတဲ့ ကိစ္စရပ်တွေ ဖြစ်လာလိမ့်မယ်လို့ သတိပေးထားပါတယ်။
ဂဒါဖီဆုတ်ခွာမှုနဲ့ပတ်သတ်ပြီး သတင်းသမားတွေက အခုလိုပြောခဲ့ကြတယ်။

လန်ဒန်အခြေစိုက် အာရပ်အပြည်ပြည်ဆိုင်ရာနေ့စဉ်သတင်းစာ Al-Sharq Al-Awsat (The Middle East) ရဲ့သတင်းထောက် တာရစ်အယ်လ်ဟူးမေးဒ်
ဘယ်လိုအခြေအနေမျိုးကြောင့်ပဲဖြစ်ဖြစ် ဂဒါဖီကျဆုံးမှုဟာ ကမ္ဘာကြီးကပိုကောင်းတဲ့နေရာ တစ်ခု ဖြစ်လာတော့မယ်ဆိုတဲ့အဓိပ္ပါယ်ပါပဲ။ ကျွန်တော်တို့ရဲ့နယ်ပယ်အတွက် ဖျက်ဆီးခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုတွေ ပိတ်ပင်တားဆီးခြင်းသာယူလာပြီး တခြားဘာမှယူမလာခဲ့တဲ့ ခေါင်းဆောင်တွေနဲ့ သူ့တို့ရဲ့အုပ်ချုပ်မှုစနစ်တွေကို လွှင့်ပစ်ရမှာပဲ။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ရီမန်နဲ့ဆီးရီးယားနိုင်ငံတွေကို ပိုကောင်းတဲ့အနေအထားနဲ့ ဆက်ဆံလာလိမ့်မယ်။

လန်ဒန်အခြေစိုက် Al-Quds Al-Arabi(အာရပ်-ဂျေရုဆလင်)နေ့စဉ်သတင်းစာရဲ့ ခေါင်းကြီးပိုင်းသတင်း
ရက်တွေ ဒါမှမဟုတ် နောက်ထပ်နာရီတွေမှာ လစ်ဗျားအတွက်က စိုးရိမ်ရပါတယ်။ အခက်ခဲဆုံးစမ်းသပ်မှုက လစ်ဗျားဟာ ဂဒါဖီ အလွန်ကာလတွေမှာ ဘယ်လိုစီမံအုပ်ချုပ်မလဲဆိုတာပါပဲ။ ဂဒါဖီစနစ်ကိုတော်လှန်ကြတဲ့ အင်အားစုတွေကြားမှာ တပ်မဟာအဆင့်အတန်းကွဲကွဲပြားပြား ဘယ်လို သတ်မှတ်ကြမှာလဲ။

ဂျော်ဒန်သတင်းစာ Al-Dustur(ဖွဲ့စည်းခြင်း) ရဲ့သတင်းထောက် ရာဆာအယ်လ်ဇားအက်ထရာ
လစ်ဗျားပြည်သူတွေဟာ ခြောက်လကျော်ကြာ အပြီးသတ်အဆုံးအဖြတ်ပေးမယ့် နာရီတွေကို စောင့်ဆိုင်းနေခဲ့ရပါတယ်။ ကိုယ့်ရဲ့လစ်ဗျားပြည်သူတွေကို ကြွက်တွေလို သဘောထားခဲ့တဲ့ ခေါင်းဆောင်တစ်ဦး၊ အာဏာဆုပ်ကိုင်ဖို့ ကိုယ်ကျိုးအတွက် အရာအားလုံးရောင်းစားခဲ့တဲ့ ခေါင်းဆောင်တစ်ဦး၊ ဒေါသနဲ့ရမ်းကားမှုကလွဲလို့ တစ်ခြားဘာမှမသိပဲ၊ အတ္တဖုံးပြီး ရူးသွပ်နေတဲ့ ခေါင်းဆောင်တစ်ဦးလက်ကနေ ကယ်ဆယ်နိုင်တာဟာ တစ်နာရီလေးပဲဖြစ်နေဦးတော့ ပြည်သူတွေ ရူးရူးမူးမူး၊ သွေးလေခြောက်ခြားရတဲ့အဖြစ်က ကင်းလွတ်တာပါပဲ။ အောင်မြင်မှုရပြီးတဲ့အခါ လစ်ဗျားပြည်သူတွေဟာ သူတို့ရဲ့တိုင်းပြည်ကို ပြန်ပြီး တည်ဆောက်ပါလိမ့်မယ်။ အာရပ်တိုင်းပြည်တွေထဲမှာ ဂုဏ်သိက္ခာရှိတဲ့သဘောထားတွေရယူနိုင်လိမ့်မယ်။

ဆော်ဒီအာရေဗျ သတင်းစာ အယ်လ်ဂျာဇီးရား
လစ်ဗျားအတွက် အဆုံးအဖြတ်ပေးမယ့် အခိုက်အတန့်ကာလရောက်လာပြီ။ အရေးကြီးတဲ့နေ့တွေ ဒါမှမဟုတ် နာရီတွေပြီးတဲ့အခါ ဆယ်စုနှစ်ပေါင်းများစွာနှိပ်စက်ခဲ့တဲ့ နိုင်လိုမင်းထက်စိုးမိုးသူ မိုမာဂဒါဖီ လက်က လစ်ဗျားပြည်သူတွေလွတ်မြောက်ပါလိမ့်မယ်။

ယူအေအီးနိုင်ငံထုတ် Al-Khalij သတင်းစာရဲ့ သတင်းထောက် မူဟမ်မက်အယ်လ်ဆားဒရစ်
လစ်ဗျားအကျပ်အတည်းနဲ့ ရှုပ်ထွေးမှုတွေရဲ့ အခြေအနေကိုစောင့်ကြည့်လေ့လာသူတွေအများကြီး ယုံကြည်နေကြတာက သူပုန်ခေါင်းဆောင် စစ်ဗိုလ်ချုပ်အက်ဘ်အယ်လ်ဖာတာယူနာစ့် လုပ်ကြံမှုကြီးက ပြဿနာကိုဖွင့်ချလိုက်တာပဲတဲ့။ အဲဒီစစ်ဗိုလ်ချုပ်က မိုမာဂဒါဖီသာကျဆုံးခဲ့ရင် လစ်ဗျားမှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာရယ်၊ ပြီးတော့ လစ်ဗျားက လှို့ဝှက်ကိစ္စတွေရယ် နားလည်နိုင်တဲ့ အဓိကလူပဲ။ ဂဒါဖီအလွန် လစ်ဗျားက ပြင်းပြင်းထန်ထန်ကြိုးပမ်းရုန်းကန်ရမယ့် အခြေအနေတွေအတွက် သက်သေပြစရာဖြစ်လာလိမ့်မယ်။

ဘေဂျင်း Renmin Ribao (ပြည်သူ့နေ့စဉ်)သတင်းစာရဲ့ သတင်းထောက် မန်စီရန်းဂိုအီန်
လစ်ဗျားလက်နက်ကိုင်ဆန့်ကျင်သူတွေရဲ့ လတ်တလော ၀ိုင်းရံပိတ်ဆို့ထားမှုတွေထဲမှာ တစ်ခုတော့ ပြောနိုင်တာက ဂဒါဖီနဲ့ အတိုက်အခံတွေမှာ အခြေခံအားဖြင့်နောက်ဆုံး အဆင့် ကို ရောက်နေကြပြီ။ ဂဒါဖီရဲ့လက်ရှိအခွင့်အလမ်းတွေမှာ ကန့်သတ်ချက်တွေရှိနေပြီ။ အတိုက်အခံတွေက သစ္စာခံပြည်သူ့စစ်တွေနဲ့ ပေါင်းပြီး ဂဒါဖီကို အရဲကိုးအာခံတိုက်ခိုက်နိုင်တယ်။ အဲဒီလိုဖြစ်လာရင်။ ပဋိပက္ခဟာ အချိန်ကြာနိုင်ပါတယ်။

ရုရှားသတင်းစာ Kommersant (The Business Man) ကဖော်ပြခဲ့တဲ့ ရုရှားလူမျိုး နေတိုးသံတမန် ဒီမီထရီရိုဂိုဇင်း
လစ်ဗျားမှာနွှဲတဲ့ စစ်ဆင်ရေးအတွက် ငွေကြေးတွေ အမြောက်အများကုန်ကျတယ်။ ဥရောပမှာလည်း စီးပွားရေး အကျပ် အတည်း ပြဿနာကြုံနေကြရတာ။ အဲဒါကြောင့် နေတိုးက ကုတ်တွယ်ထားမလား၊ လွှတ်ချလိုက်မလား တစ်နည်းနည်းနဲ့ စစ်ပွဲအဆုံးသတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

ဂျာမန်နေ့စဉ်သတင်းစာ Berliner Zeitung (အရှေ့ဂျာမန်) ရဲ့သတင်းထောက် ဒယ်နီယယ်ဟော့ဖ်ဖလား
လစ်ဗျားက လွတ်လပ်လုနီးပါပြီ။ ဒါပေမဲ့ အနာဂါတ်မှာ ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့အညီအုပ်ချုပ်ဖို့ ဆိုတာ ကတော့ သေချာတဲ့နည်းလမ်းမျိုးမတွေ့သေးပါဘူး။ လစ်ဗျားရဲ့ လွတ်မြောက်ခြင်းအတွက် အဆုံးအဖြတ် ပေးမယ့် ကာလကတော့ ဒီမှာပဲစနေပါပြီ။ အနောက်က ဂဒါဖီကို လေကြောင်းကနေ ဆန့်ကျင်တိုက်ခိုက်မှုနဲ့ တာဝန်ယူနေတယ်။ ဒါပေမဲ့ အခုဒီမိုကရက်တစ်နယ်ပယ်ဖြစ်လာဖို့လည်း ကူညီတည်ဆောက်ပေးရပါမယ်။ အဲဒါက ဗုံးကျဲတာထက် ပိုပြီးခက်ခဲတယ်။

ဂျာမန်နေ့စဉ်သတင်းစာရဲ့ Frankfurter Allgemeine (ဖရန့်ဖာထ့် အထွေထွေသတင်းစာ- FAZ) တနင်္ဂနွေစာစောင်ရဲ့ သတင်းထောက် ဂန်သာနားနဲမက်ခါ
ဂဒါဖီကို ဆန့်ကျင်တိုက်ခိုက်မှုဟာ နောက်ဆုံးအဆင့်ထဲ တိုးဝင်နေပါပြီ။ နေတိုးရဲ့ထောက်ပံ့မှုမပါခဲ့ရင် လစ်ဗျား ပုန်ကန်မှု တွေက သွေးရောင်လွှမ်းနေတဲ့ဖိနှိပ်မှုကြားထဲမှာ ပျောက်ပျက်သွားမှာပဲ။ ဂဒါဖီကို တိုက်ခိုက်ဖို့ အနောက်တပ်ဖွဲ့အားတွေကို အသုံးပြုသင့်ပါတယ်။ ဒါပေမဲ့ အာရပ်တိုင်းပြည်တွေနဲ့ လူမျိုးစုတွေရဲ့ သူတို့ရဲ့လွတ်မြောက်ရေးကို ကိုယ်တိုင်ရှာဖွေကြတာ၊ သူတို့ရဲ့အနာဂါတ်ကို သူ့တို့လက်ထဲမှာ ကိုင်စွဲထားနိုင်မယ့် အခွင့်အရေးအတွက် ကြိုးပမ်းကြတာတွေကိုချန်ထားလို့မရပါဘူး။ အဲဒီ စွန့်လွှတ် စတေးမှုတွေက  သွေးထွက်သံယိုမှုတွေ ပြီးသွားတဲ့တစ်နေ့မှာ လစ်ဗျားပြည်သူတွေ အတွက် သေချာပေါက် ဂုဏ်ယူနိုင်မယ့် နေ့ရက်တွေဖြစ်လာလိမ့်မယ်။

တူရင်မြို့ကထုတ်ဝေတဲ့ လူဖတ်များလှတဲ့ La Stampa( အီတလီနေ့စဉ်သတင်းစာ) ရဲ့ သတင်းထောက် မာတာဒါ့စု
လစ်ဗျားအာဏာရှင်နဲ့ သူ့ရဲ့အုပ်ချုပ်မှုအဆုံးသတ်ချိန် မှန်ကန်တဲ့ အခိုက်အတန့်ရောက်လာပါပြီ။ ဥရောပမျက်ကွယ်ဒေသက မေ့လျော့ထားကြတဲ့စစ်ပွဲတစ်ပွဲအပြီး လအနည်းငယ်ကြာတဲ့အခါ ဂဒါဖီကျဆုံးမှုဟာ နေတိုးအတွက် ဂုဏ်ယူစရာကိစ္စဖြစ်လာပါလိမ့်မယ်။ အဲဒါ သီအိုရီအရပါ။ တကယ့်လက်တွေ့မှာတော့ ကိုင်တွယ်ဖို့မလွယ်ကူပါဘူး။ ဥရောပကသာ စီးပွားရေးအကျပ်အတည်း အကြောင်းပြပြီး လစ်ဗျားကို ချန်လှပ်ထားမယ်ဆိုရင် လစ်ဗျားအောင်မြင်မှု၊ ဂဒါဖီယန္တရားရပ်တန့်မှုတွေဟာ “အန္တရာယ်ကြီးတဲ့အောင်မြင်မှု”အဖြစ် ပြောင်းလဲသွားနိုင်တယ်။ အဲဒီထင်မြင်ချက်တွေက ဘရပ်ဆဲတစ်ဝိုက်က အဆိုးဘက်ကိုပဲရည်ညွှန်းဝေဘန်နေကြတာတွေကို ပြန်ပြီးကိုးကားတာပါ။

မီလန်မြို့ထုတ် Corriere Della Sera အီတလီသတင်းစာရဲ့ သတင်းထောက် ဆာဂျီယိုရိုမာနို
မြင်ရသလောက် လစ်ဗျားစစ်ပွဲက အဆုံးသတ်သွားပါပြီ။ အာဏာရခဲ့တဲ့သက်တမ်းတလျှောက် အကျိုးကျေးဇူးတွေခံစားခဲ့ကြတဲ့ ကာနယ်ကြီးနဲ့ သူ့မိသားစုဆွေမျိုးတွေ၊ မဟာမိတ်လူမျိုးစုတွေ၊ ဂဒါဖီရဲ့အောင်မြင်မှုမှာ လောင်းကြေးထပ်ခဲ့ကြတဲ့ အပြည်ပြည်ဆိုင်ရာ မိတ်ဆွေကြီးတွေထဲမှာ ဘယ်သူရှုံးနိမ့်သွားလဲ ကျွန်တော်တို့သိတယ်။ ဒါပေမဲ့ ဘယ်သူအနိုင်ရသွားလဲ ဆိုတာတော့ မသိဘူး။ သူပုန်တွေက ရဲရဲဝံ့ဝံ့တိုက်ခိုက်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ဟာ ကွဲပြားနေတဲ့ အစုအဖွဲ့တွေကိုပြန်ပြီး တွဲစပ်ထားတဲ့တပ်သားတွေပါ။ အကောင်းဆုံးမှန်းဆရရင် လစ်ဗျားတိုင်းပြည်မှာ ဂဒါဖီအလွန် အခွင့်ကောင်းစောင့်နေသူတွေ ပူးပေါင်းပြီးအုပ်ချုပ်လာကြလိမ့်မယ်။ အဲဒီလူတွေက လစ်ဗျားနိုင်ငံကို ၄၂နှစ်ကြာ လွှမ်းမိုးခဲ့တဲ့ အာဏာရှင်ကြီးကို နှစ်ရှည်တိုက်ခိုက်လာကြတဲ့လူတွေပဲပေါ့။        ။
http://www.bbc.co.uk/news/world-africa-14616331

3 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဂဒါဖီ ကျရှုံးတာကို ဝမ်းသာမိတယ်
အာဏာရှင်စံနစ်ကို ဘယ်နေရာ ဘယ်ဒေသမှာမှ မရှိစေချင်တော့ဘူး
လွတ်လပ်ပြီး တရားမျှတတဲ့ အုပ်ချုပ်ရေး၊ တစ်ဦးတစ်ယောက်တည်းက အာဏာကို ချုပ်ကိုင်မထားတဲ့ အုပ်ချုပ်ရေးကိုသာ ဒီကမ္ဘာကြီးပေါ်မှာ ရှိစေချင်မိတယ်
ဒါကြောင့် ဂဒါဖီကို
Good Bye လို့ဘဲ ပြောလိုက်ချင်တယ်။

ညီရဲ said...

ဂဒါဖီလား တော်တော်ဆိုးတဲ့လူ...
ဒီလိုလူတွေ များလာလေ လူတွေ ဒုက္ခရောက်လာလေမို့ ဒီလူတွေ မရှိလေ ကောင်းလေဘဲ။

မြသွေးနီ said...

အာဏာရှင်တွေရဲ့ဘ၀က တစ်နေ့တော့ ဒီလိုဘဲ နိဂုံးချုပ်ရစမြဲပါ...။ ဘယ်လိုဘဲ သူတို့ ကြီးစိုးခဲ့၊ အာဏာထွားခဲ့ သူတို့ရဲ့ အဆုံးသတ်က ညစ်နွမ်းတဲ့သမိုင်းနဲ့ ဘယ်တော့မှ မလှပတာ အမြဲသတိထားမိပါတယ်...။