Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, September 22, 2011

ကလေးရဲ့လက်ထဲမှာ ချောကလက်တွေနဲ့

လူတော်တော်များများ ကြည်နူးနှစ်သက်စွာ စားသုံးနေကြတဲ့ ချောကလက်တွေဟာ ကလေးငယ်တွေရဲ့ လက်ထဲကနေ ဖြတ်သန်းလာခဲ့ကြတယ်။ ငွေဝယ်ကျွန်ကလေးငယ်တွေရဲ့ လှုပ်ရှားနေတဲ့ လက်လေးတွေရဲ့လုပ်အားကို အသုံးပြုပြီး ချောကလက်တွေဖြစ်လာခဲ့ကြတယ်ဆိုတာ မစဉ်းစားဝံ့စရာပါ။ ချောကလက်ပြုလုပ်တဲ့အခါ ရာသီမရွေးအမြဲစိမ်းလန်းနေတဲ့ ကိုကိုးပင်(Cocoa Tree - Theobroma cacao) ကရတဲ့ ကိုကိုးသီး(အဆီများတဲ့ သစ်စေ့တစ်မျိုး)ကို အဓိကအသုံးပြုပါတယ်။ အိုင်ဗရီကိုစ့်နဲ့ တစ်ခြားကိုကိုးထုတ်လုပ်တဲ့တိုင်းပြည်တွေမှာ ကိုကိုးလုပ်သားကလေးငယ်ပေါင်း တစ်သိန်းခန့် အလုပ်လုပ်နေကြတယ်။ ကလေးလုပ်သားတွေလုံးဝရပ်တန့်ဖို့ လုပ်ဆောင်လာကြတဲ့အချိန်မှာ ကိုကိုးလုပ်သား ကလေးငယ်တွေများပြားနေတာက စိတ်မကောင်းစရာပါပဲ။
လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက ယူအက်စ်ဥပဒေပြဌာန်းသူနှစ်ဦးက ကိုကိုးထုတ်လုပ်မှုမှာ ကလေးလုပ်သားတွေ အသုံးပြုမှုရပ်တန့်ပစ်ဖို့ အရေးယူဆောင်ရွက်လာကြတယ်။ ကိုကိုးလုပ်ငန်းတွေကို သတိပေးနိုင်မယ့် ကိုကိုးစာချုပ်မူကြမ်း(Cocoa Protocol/Harkin-Engel Protocol) ကို ၂၀၀၁ စက်တင်ဘာ ၉ ရက်နေ့မှာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မူကြမ်းအတည်ပြုပြီး ၁၀နှစ်ပြည့်တဲ့အခါ အကျိုးသက်ရောက်မှုတွေကို ကိုကိုးလုပ်ငန်းတွေမှာ လေ့လာကြတယ်။ ၁၀နှစ်အတွင်း တိုးတက်မှုအနည်းငယ်ရှိခဲ့ပေမဲ့ကိုကိုးလုပ်ငန်းတွေရဲ့ ငွေဝယ်ကျွန်ကလေးငယ်တွေကို ခိုင်းစေမှု ပမာဏက များနေဆဲပဲဆိုတာ တွေ့ရှိခဲ့ကြပါတယ်။

ကိုကိုးတွေ ဘယ်နေရာကလာပါသလဲ။
ကမ္ဘာ့ကိုကိုးဖောင်ဒေးရှင်း(WCF) နဲ့ အပြည်ပြည်ဆိုင်ရာကိုကိုးရှေ့ဆောင်အဖွဲ့(ICI)ရဲ့ စာရင်းမှာ ကမ္ဘာ့ကိုကိုးထုတ်လုပ်မှုရဲ့ ၇၀-ရ၅ ရာခိုင်နှုန်း လောက်က အိုင်ဗရီကိုစ့်အပါအ၀င် အနောက်အာဖရိက လယ်ယာလေးတွေမှာ ပေါက်ရောက်တယ်လို့ ဖော်ပြထားပါတယ်။

အိုင်ဗရီကိုစ့်က ကလေးငယ်တွေ ကိုကိုးလယ်ယာတွေမှာ အလုပ်လုပ်ဖို့ ခွင့်ပြုလား။
ခွင့်မပြုပါဘူး။ ၂၀၀၁ ခုနှစ် ကိုကိုးစာချုပ်မူကြမ်းအတည်ပြုပြီးကတည်းက ကလေးလုပ်သားတွေ တရားမ၀င်တော့ပါဘူး။ အစိုးရတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ ကိုကိုးလုပ်ငန်းတွေက ကလေးလုပ်သားတွေကို ခိုင်းစေမှု အဆုံးသတ်စေဖို့ ကြိုးစာခဲ့ကြတယ်။ ယူအက်စ်အမှုဆောင်ဌာနရဲ့ခန့်မှန်းချက်အရ အိုင်ဗရီကိုစ့်တစ်လျှောက်လုံးက ကိုကိုးလယ်ယာတွေမှာ ကလေးလုပ်သားတွေခိုင်းစေမှုက အဆိုးဆုံးအနေအထားရှိနေပြီး ကလေးငယ်ပေါင်း တစ်သိန်းကျော်ပါဝင်အလုပ်လုပ်နေကြရတယ်လို့ ဆိုတယ်။ တစ်ချို့ကသာ ကိုကိုးခြံပိုင်ရှင်တွေရဲ့ ကလေးငယ်တွေဖြစ်ကြပြီး ကလေးအများစုက အနောက်အာဖရိကရဲ့ ကုန်းတွင်းပိတ်နိုင်ငံတွေဖြစ်တဲ့ မာလီ နဲ့ ဘာခီနာဖာဆို ကနေ ကိုကိုးခြံတွေမှာ ခိုင်းစေဖို့ အဓမ္မရောင်းချခံထားရသူလေးတွေဖြစ်နေကြတယ်။ အဲဒီအချက်အလက်တွေ အပြည်ပြည်ဆိုင်ရာအလုပ်သမားအခွင့်အရေး ဖိုရမ်မှာ ဖော်ပြထားပါတယ်။

ကိုကိုးစာချုပ်မူကြမ်း ဆိုတာ အတိအကျဆိုရင် ဘာလဲ။
ပြီးခဲ့တဲ့ ၁၀နှစ်က နယူးယောက်ဒေသ-ယူအက်စ်လွှတ်တော်အမတ် အဲလီယော့ထ်အန်ဂဲလ် နဲ့ အိုင်အိုဝါပြည်နယ်-အထက်လွှတ်တော်အမတ် တွမ်ဟာကန်တို့က ချောကလက်ထုတ်ကုန်တွေမှာ “ကလေးလုပ်သား ကင်းရှင်းကြောင်း” တံဆိပ်သုံးစွဲရမယ့်စနစ်ကို အစိုးရအမိန့်နဲ့ ဥပဒေပြုဖို့ မူကြမ်းရေးဆွဲမိတ်ဆက်လိုက်တယ်။ လိုအပ်တဲ့ချောကလက်ကုမ္ပဏီ အရေအတွက်အထိ ပါဝင်လာကြပြီး မူကြမ်းအတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ချောကလက်ထုတ်ကုန်တွေမှာ “ကလေးလုပ်သားကင်းရှင်းကြောင်း” လက်မှတ်အတွက် ပါဝင်ဆောင်ရွက်မှုတွေ နောက်ပိုင်းမှာ မရှိခဲ့ပါဘူး။ အာဖရိကန်အစိုးရတွေရဲ့ အစီရင်ခံစာအရ ၂၀၀၅ မှာ “သက်ကြီးစနစ်နဲ့ ဆင်းရဲမွဲတေမှု” အစီအစဉ်ကို ထပ်ပြီး အတည်ပြုပါတယ်။ နောက်ဆုံးကန့်သတ်ရက်ကိုလည်း ၂၀၀၈ သို့ တိုးမြှင့်ပေးလိုက်ပြီး နောက်ထပ်၂၀၁၀ ကို ပြင်ဆင်သတ်မှတ်ပေးခဲ့ကြတယ်။ အခုထိ တစ်ချို့မှာ“ကလေးလုပ်သားကင်းရှင်းကြောင်း” တံဆိပ်သုံးစွဲမှုမတွေ့ရသေးဘူး လို့ ကူညီထေက်ပံ့ရေးးအဖွဲ့အစည်းတွေက ပြောကြတယ်။

ကိုကိုးစာချုပ်မူကြမ်းအရ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ကိုကိုးလုပ်ငန်းတွေမှာ ကလေးလုပ်သားရပ်တန့်ဖို့ ကြိုးစားမှုအတွက် အောင်မြင်မှုတစ်ခုခုရှိလား။
အဲဒါပြောရခက်တယ်။ အိုင်ဗရိကိုစ့်မှာ ၂၀၀၂ ကနေ ၂၀၀၄ အထိ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်နောက်က ကပ်ပါလာတဲ့ စီးပွားရေးပြဿနာတွေရှိနေတယ်။ ချောကလက်တင်ပို့ရောင်းချသူတွေနဲ့ ထုတ်လုပ်သူတွေက စစ်ပွဲနဲ့ စစ်ပွဲနောက်ပိုင်းမှာ ကလေးလုပ်သားတွေ အမြစ်ဖြတ်ရှင်းလင်းဖို့ နှောင့်နှေးနေစေတယ် လို့ ညည်းညူကြတယ်။ “ရိုးရိုးသားသားပြောရရင် စာချုပ်မူကြမ်းက အချက်အလက်တွေအတိုင်း ပန်းတိုင်တွေရောက်နေကြပြီဆိုတာ ပြောဖို့ခက်နေတယ်” လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမား အခွင့်အရေးဖိုရမ်ရဲ့ အမှုဆောင်ဒါရိုက်တာ ဂျူဒီဂီးရ်ဟာ့ထ်က ပြောပါတယ်။ တူလိန်းတက္ကသိုလ်သုတေသနပညာရှင် ခရစ်ဘေယာက အိုင်ဗရီကိုစ့်နဲ့ ဂါနာမှာ ၅ နှစ်ခန့် အချိန်ယူပြီး စာချုပ်မူကြမ်းရဲ့ အစီအစဉ်တွေနဲ့  ပြဿနာဖြစ်စေတဲ့ လုပ်ငန်းနယ်ပယ်တွေအကြောင်း သတင်းယူနေခဲ့ပါတယ်။ “ကံမကောင်းစွာပဲ ၁၀နှစ်ကျော်ကြာတဲ့အထိ မှန်မှန်ကန်ကန်တာဝန်ယူ လုပ်ဆောင်နေကြတာ နည်းနည်းလေးပဲ မြင်တွေ့ရတယ်။ လုပ်ငန်းတွေဟာ Harkin-Engel Protocol ပါ သဘောတူညီချက်တွေအတိုင်း လုပ်ဆောင်နေကြတာမျိုး မရှိဘူး။ ပြဿနာတွေက အစီအစဉ်တကျ ဖြစ်နေတယ်။ ကလေးတွေကလည်း အလုပ်လုပ်နေကြတယ်” လို့ ခရစ်က ပြောပါတယ်။ ကိုကိုးထုတ်လုပ်မှုတွေမှာ ကလေးလုပ်သားတွေ ဆိုးဆိုးဝါးဝါး များလွန်းလာတဲ့ အခြေအနေတွေကိုထောက်ပြပြီး ကိုကိုးအဓိကထုတ်လုပ်တဲ့ဒေသကကိုယ်စားလှယ်တွေ၊ ချောကလက်ထုတ်လုပ်သူတွေ အားလုံးလက်တွဲပါဝင်လာဖို့ ICI  က ကြိုးစားနေပါတယ်။ “တိုးတက်မှုတွေတော့ရှိလာပါပြီ။ သဘောတူညီချက် ၆ချက်မှာ ၅ ချက်က ပြီးစီးခဲ့ပါပြီ”လို့ ICI ကပြောပါတယ်။ ကိုကိုးထုတ်လုပ်တဲ့ တိုင်းပြည်တွေက အစိုးရတွေ၊ ILO၊ စီးပွားရေးပူးပေါင်းလုပ်ဆောင်မှုနဲ့ဖွံ့ဖြိုးမှုအဖွဲ့အစည်း(OECD)၊ ဖောင်ဒေးရှင်းတွေ၊ ကိုကိုးထုတ်လုပ်မှုလုပ်ငန်းအဖွဲ့သားတွေ နဲ့ ICI ကိုယ်တိုင်အပါအ၀င် စာချုပ်ပါ သဘောတူညီချက် ၆ ချက်လုံး ထိထိရောက်ရောက် လှုပ်ရှားဖြစ်စေရန် ကြိုးစားနေကြပါတယ်။ ကိုကိုးစိုက်ပျိုးသူတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတိုးတက်စေရန်နဲ့ ပညာရေးအထောက်အကူပစ္စည်း၊ စာသင်ကျောင်းများဆောက်လုပ်ရန်အတွက် လုံလောက်မယ့်အလှူငွေ ထပ်ပြီးလှူဒါန်းကြမယ်လို့ ဆိုတယ်။ 

ကလေးလုပ်သားပပျောက်ဖို့အတွက် ၂၀၁၀ ခုနှစ်က အမေရိကန်အလုပ်သမားရေးဝန်ကြီးဌာန က ဒေါ်လာ ၁၀သန်း လှူဒါန်းခဲ့ပြီး ချောကလက်ထုတ်လုပ်သူများက ဒေါ်လာ ၇ သန်း လှူဒါန်းခဲ့ကြပါတယ်။         ။
Source : http://thecnnfreedomproject.blogs.cnn.com – The human cost of Chocolate

ဖြိုးဖြိုး
(အောင်ပင်လယ်မဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၂၀၁၂)

2 comments:

SHWE ZIN U said...

ညီမရေ

ကလေးတွေ သနားစရာပါ မြန်မာ မှာလည်း ကလေး တွေ လဘက်ရည်ဆိုင် တွေထဲမှာ အများကြီးရှိတယ်

ကျေးဇူးညီမ

မြတ်မွန် said...

ဟုတ် မမဖြိုးရေ ဟိုနေ့က သတင်းမှာတောင် တစ်ပိုင်းတစ်စ ကြည့်လိုက်ရတယ်။
ခုမှ သေခြာသိသွားတော့တယ်။
ကျေးဇူးမဖြိုး..။