Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, December 07, 2011

လမ်းဆုံ

၁၉၈၉ခုနှစ်ကပါ။ ကျွန်တော် အထက်တန်းကျောင်းအောင်မြင်အပြီး ကောလိပ်သွားဖို့သုံးလအလို မှာပေါ့။ ကျွန်တော် ဗျာများခဲ့ရပြီလေ။ ပါကစ္စတန်မှာက အဲဒီအချိန်မှာ ကန့်သတ်ချက်တွေနဲ့ပါ။   ဘယ်လမ်းကို ကွန်တော်ရွေးချယ်ရမလဲ ဆိုတာ သိပ်ကို စဉ်းစားခဲ့ရတယ်။ ကျွန်တော်တို့လမ်းဆုံလမ်းခွကို ဘယ်လို ဖြတ်သန်းကျော်လွှားကြမလဲ။ တကယ့်ပြဿနာ။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ ကျွန်တော်အတွက် လမ်းသုံးသွယ်ရှိပါတယ်။  ကွန်တော်က အင်ဂျင်နီယာအလုပ်ကို ၀ါသနာမပါဘူး။ ဒီတော့ ရွေးချယ်စရာ လမ်းက နှစ်ခုဘဲ ရှိတာပါ။  ကျွန်တော် မဆုံးဖြတ်တတ်ခဲ့ဘူး။  ကျွန်တော့် မိသားစုထဲမှာ လူကြီးတွေ ရှိတော့ အကြီးဆုံးဦးလေးတယောက်က အကြံပေးတယ်။ လက်တွေ့ကွင်းဆင်းလေ့လာပါတဲ့။ ဒါ သိပ်ကောင်းတဲ့ စိတ်ကူးပါဘဲ။ ကျွန်တော် ကရာချိမှာရှိတဲ့ နိုင်ငံခြားဘဏ်တခုနဲ့ဆက်သွယ်ပြီး လေ့လာကြည့်တယ်။ စီးပွားရေးလုပ်ငန်းရှင်များ ဘယ်လိုလှုပ်ရှားနေသလဲ။ ဘယ်လို ငွေကြေးလည်ပတ်ကြသလဲ။ ကမ္ဘာ့ဘဏ္ဍာငွေကြေးဆိုင်ရာ လုပ်ငန်းအ၀၀နဲ့ ရောင်းရေးဝယ်တာကိစ္စ ဈေးကွက်ရှာဖွေရေးကိစ္စ စသည် ကျွန်တော်လေ့လာတယ်။ ကျွန်တော် အထူးယုံကြည်အားကိုးတာက အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုဝါဒ (professionalism)ကိုပါ။ အထူးသဖြင့် မိတ်ဆွေသစ်တွေနဲ့ပါ။  ကျွန်တော် သက်တောင့် သက်သာနဲ့ ချောချောမွေ့မွေ့  လုပ်ကိုင်သွားနိုင်မှာပါ။ တစ်လဆိုတာ ဘာမှမကြာလိုက်ဖူး။ ကုန်လွယ်လိုက်တာ။ ကျွန်တော် နောက်တစ်မျိုး လေ့လာဖို့  ရှိပါသေးတယ်။

ကရာချိဆေးရုံတစ်ခုကို ကျွန်တော် ခြေဦးလှည့်လိုက်တယ်။ အတွေ့အကြုံတွေက တစ်မျိုးစီဆိုနိုင်ပေမဲ့  ပိုပြီး ခြားနားတာမရှိပါဘူး။ ဆေးရုံဆိုတော့ လူတွေ ပျားပန်းခတ်နေတာတွေရှိပါတယ်။ လူနာဆောင်တွေမှာ ခြောက်ခြားဖွယ်  တိတ်ဆိတ်နေတာလဲ တွေ့နေရတယ်။ စိတ်အားထက်သန်စွာ မျှော်လင့်တကြီး ကုသမှုကို စောင့်ဆိုင်းနေကြတာပါ။ ဆရာဝန်တွေဆိုတာက အစဉ်မပြတ်ပြေးပြေးလွှားလွှား သွားလာနေကြတာကလား။ ဘဏ်မှာတော့ မနက်၉နာရီ စဖွင့်တယ်။ဆေးရုံမှာကတော့ မနက် ၇နာရီစတယ်။ ရောင်းဒ်(rounds) လုပ်ရတယ် ။သွေးနမူနာတွေ ကို စောင့်ယူရတယ်။ နောက် ၀ါ့ဒ်(wards ) တွေဆီ  အဖွဲ့ လိုက်ပြေးရပြန်တယ်။ ကုသမှုပေးရတယ်။ ဆေးခန်းတွေ ထိုင်ရတယ်။ ကျွန်တော် စိတ်အားထက်သန်စွာ လေ့လာပါတယ်။ ဆေးရုံဆိုတာ  လူတိုင်းလူတိုင်း အသက်ရှူမဖြောင့်ဘဲ အမြဲစိတ်လှုပ်ရှားစွာ ရုန်းကန်ပြေးလွှားနေရတဲ့ ဌာနတခုပါဘဲ။ ညတာဝန်ကျရင်တော့ ခဏခဏ လူနာခေါ်ဆိုမှုတွေက အများကြီးပါ။ ညကြီးသန်ခေါင်  ၁၆နှစ်သား ကလေးတယောက်ဆုံးပါးသွားစဉ် မိသားစုရဲ့  ကြေကွဲဝမ်းနည်းမှုကို ကိုင်တွယ်ပေးရတာမျိုးက  ခက်ခဲလွန်းပါတယ်။ အကြမ်းအားဖြင့် ၃၆နာရီ တစ်ကြိမ်ပြည့်မှ လူလဲ အစားထိုးပြောင်းလွဲတာမို့ တစ်နေ့လုံး တစ်ညလုံးမက နောက်တစ်နေ့အထိ တာဝန်တွေကရူးလောက်အောင်ကို  ဆက်တိုက်ပါဘဲ။ ကျွန်တော် ဒီအတွေ့အကြုံနှစ်ခုကို ချိန်ထိုး စဉ်းစားကြည့်ပါတယ်။ ဘဏ်မှာတော့ လေထုညစ်ညမ်းမှု မရှိဖူး။ ပြေလျော့နိုင်တယ်။ စိတ်ဖိစီးမှုလဲ ကင်းနိုင်တယ်။ ဆေးရုံကတော့ နာရီနဲ့အမျှ အမြဲတမ်းစိတ်လှုပ်ရှားနေရတဲ့နေရာမို့ လား။ ကြိုတင်ဟောကိန်းထုတ်လို့မရဘူး။ သင်ကြားဖို့လ့လာဖို့ဆိုတာလဲ အကြိတ်အနယ် ဆင်နွဲနိုင်မှ တန်ကာကျမှာပါ။ စီးပွားရေးလုပ်ငန်းရှင်တယောက်ကရော ဒီလိုမျိုး စိတ်ဒုက္ခမရှိနိုင်ဖူးလား။

ဆေးရုံမှာ ညတာဝန် လေ့လာရေးခရီးစဉ်အပြီး ကျွန်တော် အိမ်ကို ကားမောင်းပြန်အလာ ရှေ့ တူရှူက  ကားတစီး ကို မြင်လိုက်ရတယ်။ ကောလိပ်ကျောင်းသားကလေးတွေပါ။ တစ်ချို့ က ကားခေါင်မိုးပေါ်မှာ။ သံတန်းအကာကို မြဲမြဲဆုတ်ကိုင်ရင်း ထိုင်လိုက်လာပုံက ဟိုဘက်ဒီဘက်လှုပ်တုတ်လှုပ်တုတ်နဲ့ ယိမ်းထိုးနေတယ်။ ဒရိုင်ဘာမောင်းနှင်နေပုံကြည့်ရတာ မသက်မသာ ရှိလိုက်တာ။  လှိုင်းပေါ်မှာ လူးနေသလိုဘဲ။ မကြာပါဘူး။ ရုတ်တရက်ဆိုသလို ကလေးတယောက်ခေါင်မိုးကနေမြေပေါ်ကို မျက်နှာအပ်ပြီးးပြုတ်ကျတော့တယ်။ တကြိမ်လောက် ခုန်သွားသေးတာပါ။ ပြီးတော့မှ မြေပေါ်မှာ လိမ့်လိမ့်သွားတယ်။ သူ့ခမြာလမ်းလယ်ခေါင် မလှုပ်မရှက် ကျကျန်ရစ်ခဲ့ပေမဲ့ ဘတ်စ်ကားက ရပ်မသွားပါဘူး။ ဆက်လက်မောင်းပြေးသွားတယ်။

ကားတွေက ဘတ်စ်ကားနောက်ကို တိုက်ရိုက်လိုက်ပေမဲ့ဘတ်စ်ကားက မရပ်ဘူး။ တကယ်လို့  ဒီကလေးသေသွားရင် ကျွန်တော်နားလည်လိုက်တာက ဒါဟာ ရဲတွေနဲ့  ပါဝင်ပတ်ရတော့မယ်ဆိုတာဘဲ။ မလိုလားအပ်တဲ့ပြဿနာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါပေမဲ့ သူကလေး ဦးနှောက်ထဲ သွေးရောက်သွားရင် အချိန်မရွေးသေနိုင်ပါတယ်။ သူဆေးရုံကို မြန်နိုင်သရွေ့မြန်မြန်ရောက်မှဖြစ်မယ်။ ကျွန်တော်ဘာကိုမှ အမှုမထားနိုင်တော့ဘူး။ ကျွန်တော့ကားကို ရပ်လိုက်တယ်။ သူ့ကိုကျွန်တော်အပြေးကြည့်လိုက်တော့ သူကအသက်၂၀လောက်ရှိနိုင်တယ်။ ဒါဏ်ရာတွေကို စစ်ဆေးကြည့်ရာမှာ သွေးတွေကတော့ သူ့မျက်နှာမှာ မြင်မကောင်းအောင်ဘဲ။ နဖူးကဟက်တက်ကွဲသွားပြီ။ ညာဘက်နာှးောလဲ ဒါဏ်ရာရှိနေတယ်။ ဒါ့အပြင်အခြားဒါဏ်ရာတော့ မတွေ့ ရပါဘူး။ ကျွန်တော် သွေးတိတ်အောင်ကြိုးစားပေမဲ့  အချည်းနှီးပါဘဲ။

ဘေးကရပ်ကြည့်နေသူတဦးကို ကျွန်တော် အကူအညီတောင်းခံပါတယ်။ ကျွန်တော်တို့မလှုပ်မရှက် ငြိမ်သက်နေတဲ့ သူ့ခန္မာကိုယ်ကိုမ ပြီး ကျွန်တော့ကားနောက်ခုံမှာတင်လိုက်ကြတယ်။ အနားက ၀ိုင်းကြည့်နေသူထဲက လူတယောက်စ နှစ်ယောက်စကို ကျွန်တော် ဆက်သွယ် မေးမြန်းကြည့်ပေမယ့် ဘာမှ ပါဝင်ပတ်သက်လိုဟန်မပြဘဲ ဝေးဝေး ရှောင်ပြေးကြတယ်။ ကျွန်တော် လုံးဝစဉ်းစားချိန်မရတော့ဘူး။နောက်ကြောင်းပြန်လှည့်ပြီးဆေးရုံကို ဒုန်းမောင်းချလိုက်တယ်။

အရေးပေါ်အခန်းရှေ့အရောက်မှာတော့ ကျွန်တော် ခေါင်းမှာ ဒါဏ်ရာရတာရယ် အရေးပေါ် ကုသဖို့လိုတယ် ဆိုတာ အော်ပြီးပြောလိုက်မိတယ်။ ဆေးဝန်ထမ်းများအားလုံးကွန်တော့်ကို ပူးပေါင်းစောင့်ရှောက်ကြပါတယ်။ တာဝန်ကျဆရာဝန်ကိုလဲ လူနာရဲ့  သမိုင်းကြောင်းဖြစ်စဉ်ကို အမြန်ဘဲ ရှင်းပြလိုက်တယ်။ ပဏာမ စစ်ဆေးမှု ပြုပြီးချိန်မှာတော့  မိဘဆွေမျိုးများကို အသိပေးပန်ကြားပြီး ခွဲစိတ်ခန်းအတွင်းသူ့ ကို သွင်းလိုက်ကြတယ်။  ကျွန်တော် အိမ်ကို ပြန်လာပါတယ်။ ကျွန်တော့်ကားပေါ်မှာ ကြွင်းကျန်နေတဲ့သွေးတွေကို ဆေးကြောရင်း ကျွန်တော့်အတွေ့အကြုံတွေက တကယ့်သဲထိတ်ရင်ဖိုတွေပါလားလို့တွေးနေမိတယ်။ သွေးတွေက ကျွန်တော့်ကို တုန်လှုပ် ခြောက်ခြားစေတာ အမှန်ပါ။

နောက်တစ်နေ့ကျွန်တော် မိုးလင်းလင်းချင်းဆေးရုံက ခွဲစိတ်ခန်းထဲ  ဘာတွေ ဖြစ်ပျက်ခဲ့သလဲ အပြေးသွားကြည့်တယ်။ တာဝန်ကျဆရာဝန်ပြောတာက သွေးခဲတွေကို ဖယ်ရှားပြီး သွေးကိုလဲ တိတ်အောင် ပိတ်ဆို့နိုင်ခဲ့ပါပြီတဲ့။ လူနာက သတိတောင်ရနေပြီဘဲ။ ကျွန်တော် ပီတိတွေ ဖြာသွားတယ်။ ပတ်တီးစတွေ ဖွေးနေတဲ့ သူက သူ့နာမည် အဇစ်ဖ်လို့ပြောတယ်။ မျက်စိတ၀ိုက် ယောင်ကိုင်းနေပေမဲ့ သူစကားပြောနိုင်ပါတယ်။ သူ့မိဘတွေ သူ့အဖွားနဲ့သူ့ ညီ၊ ညီမတွေ သူ့အိပ်ယာဘေးမှာ  ပတ်ပတ်လည် ၀ိုင်းထိုင်နေကြတယ်။ ဆရာဝန်က ကျွန်တော့်ကို “ဒါ ခင်ဗျားတို့သားရဲ့ကယ်တင်ရှင် ဘဲ” လို့ ကျွန်တော့်ကို မိတ်ဆက်ပေးတော့ ကျွန်တော်တကယ်ဘဲ ကြက်သီးတွေတဖြန်းဖြန်း ထသွားတယ်။ လူတိုင်းဟာ ကျွန်တော့်ကိုဝိုင်းပြီး ရို့ရို့ကျိုးကျိုး နှုတ်ဆက်ကြတယ်။ လေးစားသမှု နဲ့  ပြုံးပန်းတွေလဲ ဝေနေတယ်။

အဇစ်ဖ်ရဲ့ အမေက ငိုရင်းကနေအူရဒူဘာသာနဲ့ “ငါ့သား..ငါ့သားဟာ တကယ့်နတ်တမန်ဘဲ။  နတ်တမန်ဘဲ” လို့ ထပ်တလဲလဲ ချီးကြူးနေတော့တယ်။ ကျွန်တော့်လက်တွေကို အတင်းဆုတ်ဆွဲထားတာ မလွှတ်တော့ဘူး။ ကျွန်တော်ဘာပြန်ပြောရမှန်းမသိပါဘူး။သူမကို ကျွန်တော့်အပြုံးနဲ့ နှစ်သိမ့်ခဲ့အပြီး အဇစ်ဖ် ကို ကျွန်တော် နှုတ်ဆက်လိုက်တယ်။ ကျွန်တော့လက်တွေကို သူက ဖမ်းဆုတ်ညှစ်ယူထားပြီးပြုံးနေပေမယ့် ကျွန်တော်တို့ကြားမှာ ပြောစရာ စကားရှာမရအောင် နှုတ်ဆိတ်ပြီး ခံစားချက်တွေနဲ့သာ ပြည့်သိပ်နေခဲ့တယ်။ ဒါဟာ ဒဏ္ဍရီများလား။ ကျွန်တော် ကယ်တင်ရှင်တယောက်ဘွဲ့ကို ခံယူဖို့ဘာတစ်ခုမှ မကြိုးစားခဲ့ပါဘူး။ အရာရာတိုင်းဟာ သူ့အကြောင်းနဲ့သူ ဖြစ်ပျက်သွားတာပါ။ ဒီဖြစ်ရပ်လေးက ကျွန်တော် ဘယ်လမ်းကို ရွေးချယ်ရမလဲ ဆိုတာ အဆုံးအဖြတ်ပေးသွားတာဖြစ်ပါတယ်။ ကျွန်တော်အိမ်ကို ကားမောင်းပြန်လာရင်း လမ်းမှာ စဉ်းစားမိပါတယ်။ ကျွန်တော့်အတွက် နှစ်လကျော်လေ့လာခဲ့မှုထက် ပိုပြီး မိနစ်သုံးဆယ်စာ လူသားတဦးရဲ့မတော်တဆဖြစ်စဉ်အတွက် အသက်ကယ်တင်နိုင်မှုက လွှမ်းမိုးသွားတယ်ဆိုတာ။ ဘယ်လောက်ဘဲ စိတ်ပင်ပန်းကိုယ်ပင်ပန်းပါစေ မွန်မြတ်တဲ့အလုပ်တစ်ခုကိုတော့ ကျွန်တော် လုပ်ချင်ပါတယ်။ ကျွန်တော် ဘယ်လမ်းကို ရွေးချယ်သလဲ။ ခင်ဗျားတို့  သိချင်ကြလိမ့်မယ်။ 

ကျွန်တော် အခု လက်တောက် ပရော်ဖက်ဆာ တစ်ဦးအနေနဲ့ဆေးကျောင်းသားတွေကို သင်တန်းပေးနေပါပြီ။ အစာအိမ်ရောဂါအထူးကု စပါယ်ရှယ်လစ်တယောက်ဖြစ်ဖို့လဲ ကြိုးစားနေပါတယ်။ ကျွန်တော် အဇစ်ဖ်ကိုတော့ နောက်ထပ် မတွေ့ရတော့ပါဘူး။ ဒါပေမဲ့ သူကျိန်းသေ ကမ္ဘာမြေကြီးတစ်နေရာရာမှာ အသေအချာကြီးကို ရှင်သန်နေမယ်ဆိုတာ ကျွန်တော် ယုံကြည်ပြီးသားပါ။
ကျွန်တော်တို့ ဟာ ကျွန်တော်တို့ရဲ့လူငယ်ဘ၀တွေကို အချိန်တော်တော်များများ ဖြုန်းတီးပြစ်ခဲ့ကြပြီးပြီ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ရှေ့အနာဂတ်အတွက် ဘာတွေ ကြိုတင် ပြင်ဆင်ပြီးကြပြီလဲ။ ဘယ်လိုလမ်းမျိုးကို ရွေးချယ်ရှောက်လှမ်းမယ်လို့ ဆုံးဖြတ်ချက်ချမှတ်နိုင်ပြီလဲ။ တခါတရံမှာ ကိုယ့်ရဲ့အတွေ့အကြုံတွေကလည်း သင်ကြားပေးနိုင်ပါတယ်။ ကြီးကြီးမားမားဆုံးဖြတ်ရမယ့်ကိစ္စတွေဆိုပြီး  စိုးရိမ်ပူပန်မနေပါနှင့်။ ဒီအတွေ့အကြုံက သင့်ကို ကူညီသွားပါလိမ့်မယ်။ ဘာတွေဘဲ ဖြစ်ခဲ့ ဖြစ်ခဲ့  အကောင်းဆုံးကို သင်ရွေးချယ်တတ်ရပါလိမ့်မယ်။

Florist
Crossroads by Faisal Wasim Ismail, source: RD, Aug 2010

5 comments:

မြသွေးနီ said...

ဘ၀မှာ အမှတ်မထင် လမ်းဆုံလမ်းခွတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ကိုယ်ပြုလိုက်တဲ့ ကိစ္စလေးတစ်ခုက အမှတ်မထင် အရာရောက်သွားရင် ရလိုက်တဲ့ ပီတိက ဘာနဲ့မှ မလဲနိုင်ပါဘူး။ ဘ၀ရဲ့ မှတ်တိုင်သေးသေးလေးတွေကို မကြာခဏ ကိုယ်တိုင် စိုက်ထူးခွင့်ရသူ ဖြစ်ချင်လှပါတယ် ညီမရေ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘဝမှာ လူတွေကို မထင်မှတ် မမျှော်လင့်တဲ့ နေရာကနေ ကူညီခွင့်ရချင်တယ်
ဘယ်လိုအကျိုးအမြတ်ကိုမှ မမျှော်ကိုးဘဲ ကူညီချင်မိတယ်
ပြီးတော့ ကူညီနိုင်တဲ့ အင်အားနဲ့ အခွင့်အရေးလည်း ရှိချင်မိတယ်။
သူတစ်ပါးလိုအပ်ချိန်မှာ ကူညီခွင့်ရတာ ဝမ်းသာဖို့ ကောင်းပါတယ်နော်.။

Anonymous said...

အရှေ့ကသူတွေ ပြောသွားတဲ့ အတိုင်းပါပဲ...။
မမြသွေးနီပြောတဲ့ပီတိလဲ ရချင်တယ်..။
ချော ပြောတဲ့ အကူအညီကိုလဲ ပေးနိုင်ခွင့်ရှိချင်တယ်..။


ပေါက်

...အလင်းစက်များ said...

အစ်မ ရေးလိုက်ရင် ကြက်သီး ဖြန်းဖြန်း ထမယ့် ဟာတွေချည်းပဲဗျာ။ ကိုယ်လျောက်မယ့် လမ်းကို အဲ့သည်လို မရွေးချယ်နိုင်ခဲ့လို့  ဘ၀ ပျက်ရသူတွေ ဒုနဲ့  ဒေးပါပဲ။ မိသားစု ရဲ့ အသိအမြင်ကျယ်မှု တိုင်းပြည်ရဲ့ ပေါ်လစီတွေက နောင်လာမယ့် မျိုးဆက်တွေကို ထွန်းတောက်စေတာပါပဲလေ။

ကျေးကျေး

ဆူးသစ် said...

ကောင်းလိုက်တာမဖြိုးရေ။ တစ်ခါတစ်ခါစားသောက်ဆိုင်တွေအကြောင်းဖတ်ရတာမျိုးထက်စာရင် ကျွန်တော်ကတော့ အဲဒါမျိုးကို ပိုဖတ်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တွေးစရာတွေပေးတာကြိုက်လို့ပါ။ တစ်ခုတော့ရှိတာပေါ့။ သူများအတွေးတွေပေးတာများတော့လည်း ကိုယ့်အတွေးတွေပျောက်သွားမှာလည်းစိုးရသေးတယ်။ ကိုယ်ပိုင်အတွေးတွေလည်း ရေးပါဦး။