Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label အတွေးအမြင်မှတ်စု. Show all posts
Showing posts with label အတွေးအမြင်မှတ်စု. Show all posts

Sunday, January 11, 2015

ကမ္ဘာကြီးငြိမ်းချမ်းဖို့  သီတဂူမေတ္တာရေ

Iran နိုင်ငံ    Teheran   မြို့ တော်တွင် ကျင်းပခဲ့သော ဘာသာရေးဆိုင်ရာ အပြန်အလှန် နှီးနှောဖလှယ်ပွဲ (Interreligious  Dialogue )တွင် မိန့် ကြားခဲ့သော
သီတဂူ ဆရာတော်ကြီး၏ တရားအနှစ်ချုပ်။ 

အီရန်နို်င်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ဖိတ်ကြားသဖြင့် တက်ရောက် ဟောကြားခဲ့သော တရားတော်
အပိုင်း(၁) 

မြန်မာနိုင်ငံအတွင်းက သတင်းတွေကို  မီဒီယာ အဆင့်ဆင့် ဖြတ်ကျော် လက်ခံ ကြရတဲ့အတွက် အီရန်နိုင်ငံက အထင်လွဲမှားစရာ  ရှိနိုင်ပါတယ်။ ဒီလိုပါပဲ အီရန်နိုင်ငံအကြောင်းကိုလည်း မြန်မာတို့  လက်ခံ သိရှိကြရာမှာ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ပါတယ်။ သို့သော် ဒီကနေ့  ဘုန်းကြီးတို့ လာရောက်ပြီး အမြင်ချင်းဖလှယ် နှီနှော ခွင့် ရရှိပြီဖြစ်လို့  နိုင်ငံနှစ်ခုအတွက် ဘာသာနှစ်ခုအတွက် ငြိမ်းချမ်းစွာ ညီညွတ်စွာ အတူယှဉ်တွဲ နေထိုင်နိုင်ကြပြီလို့  ဘုန်းကြီးတို့  မျှော်လင့် ယုံကြည်တယ်။

Thursday, October 02, 2014

Where there is love there is life !

Mohandas Karamchand Gandhi (2 October 1869 – 30 January 1948) 
နိုင်ငံတကာ အကြမ်းမဖက်ရေးနေ့ (International Day of Non-violence)
အောက်တိုဘာ ၂ ရက်နေ့ဟာ မဟတ္တမ ဂန္ဓီ (Mahatma Gandhi) ရဲ့ မွေးနေ့ပါ။ အိန္ဒိယမှာတော့ Gandhi Jayanti လို့ ခေါ်ကြတယ်။ ၂၀၀၄ ဇန်နဝါရီမှာ  နိုဘယ်လ်ဆုရ အီရန်စာဆိုတော် Shirin Ebadi ဟာ World Social Forum အတွက် ဘုံဘေကိုရောက်ရှိနေစဉ် ပါရီမှာ နိုင်ငံတကာကျောင်းသားတွေကို သင်ကြားပေးနေတဲ့ ဟိန္ဒူဆရာတစ်ဦးဆီက နိုင်ငံတာအကြမ်းမဖက်ရေးနေ့အတွက် အကြံပြုစာကိုရရှိခဲ့တယ်။ အဲဒီအကြံပြုချက်ကို အိန္ဒိယ ကွန်ကရက်ပါတီ ခေါင်းဆောင်တွေကလည်း တဖြည်းဖြည်းနဲ့ စိတ်ဝင်စားလာခဲ့ကြတယ်။ ၂၀၀၇ ဇန်နဝါရီလ၊ နယူးဒေလီမှာ ပြုလုပ်ခဲ့တဲ့ Satyagraha ညီလာခံမှာ ဆိုနီယာဂန္ဓိ နဲ့ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး တို့ဟာ UN ကို အဲဒီအကြံပြုချက်ကို အတည်ပြုသတ်မှတ်ဖို့ နှိုးဆော်ပါတယ်။ ၂၀၀၇ ဇွန် ၁၅ ရက်နေ့မှာ အောက်တိုဘာ ၂ ရက်နေ့ကို International Day of Non-violence အဖြစ် သတ်မှတ်ဖို့ ယူအန် အဖွဲ့ဝင်နိုင်ငံတွေ မဲပေးခဲ့ကြတယ်။ UN ဟာ ဇွန် ၂၅ မှာပဲ ဂန္ဓီရဲ့ မွေးနေ့ အောက်တိုဘာ ၂ ရက်နေ့ကို International Day of Non-violence အဖြစ် သတ်မှတ်လိုက်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

Sunday, September 21, 2014

ငြိမ်းချမ်းရေးရဲ့ သင်္ကေတ

International Peace Day အတွက် ပိုစ့်အဟောင်းပြန်တင်လိုက်ပါတယ်။
လက်ရှိ ငြိမ်းချမ်းရေး သင်္ကေတ
အပြည်ပြည်ဆိုင်ရာ စစ်ပွဲကာကွယ်ဆန့်ကျင်သူများအဖွဲ့အစည်း War Resisters’ International (WRI)ကနေပြီး ရိုင်ဖယ်သေနတ်ကို လက်နှစ်ဘက် နဲ့ ကိုင်ချိုးနေတဲ့ပုံ အမှတ်အသားအဖြစ် ၁၉၂၁ မှာ စတင်အသုံးပြုခဲ့ပါတယ်။

Sunday, May 26, 2013

ဆရာပါရဂူ ၏ မင်းနှင့်ပြည်သူ စာအုပ်မှ ကောက်နှုတ်ချက်များ

“ပြည်သူပြည်သားဆိုတာ မီးခဏခဏလောင်တဲ့တောဖြစ်တယ်။ ငါတို့ဟာ အခါခပ်သိမ်း မီးကြားထဲမှာ အလုပ်လုပ်နေကြရတယ် ။”
(အမတ်ချုပ်ကြီး ပြောစကား။ ပါရဂူ၏ မင်းနှင့်ပြည်သူ စာမျက်နှာ၉၈)

“နိုင်ငံရေးရဲ့ အရောင်အသွေးဟာ ဘယ်အခါရင့်ပြီး ဘယ်အခါအရောင်ဖျော့မှေးမှိန်မယ်ဆိုတာ ဘယ်သူမှ အတပ်မပြောနိုင်ဘူး။အခြေအနေရဲ့ ကျေးကျွန်ဖြစ်မသွားပဲ အခြေအနေကို ထိန်းကွပ်အုပ်ချုပ်နိုင်တဲ့ ပုဂ္ဂိုလ်ဟာ တကယ့်နိုင်ငံရေးခေါင်းဆောင် တကယ့်နိုင်ငံရေးသုခမိန်ဖြစ်တယ်။”
(စာမျက်နှာ ၇၄ ပါရဂူ၏ မင်းနှင့်ပြည်သူ)

မြို့တော်ဝန်သည်ပြည်သူပြည်သူများ၏လူဖြစ်သည်။
ပဉ္စလက်ဆရာဖြစ်သည်။နိုင်ငံရေးသုခမိန်ဖြစ်သည်။ ပြည်သူ့အလိုဆန္ဒကို အကဲခတ်တတ်သူဖြစ်သည်။
ပြည်သူပြည်သားတို့သာ ယုံကြည်မှုကင်းမဲ့သွားလျှင် သူ့ကို ဘုရားသော်မှ ကာကွယ်စောင့်ရှောက်နိုင်မည်မဟုတ်။
(စာမျက်နှာ ၁၄၆..ပါရဂူ၏ မင်းနှင့်ပြည်သူ)

လက်နက်ဖြင့်အနိုင်ရရှိသည့်အောင်မြင်မှုကို “ရရှိထိုက်သည့် အောင်မြင်မှု” ဟု မယူဆသင့်။ငြိမ်းချမ်းမှုနှင့် အပြစ်ဒါဏ်ပေါ့ပေါ့ပါးပါးပေးမှုတို့တွင် စိတ်ဝင်စား၍ တရားဓမ္မဖြင့်အနိုင်ရခြင်းသည်သာ အောင်မြင်မှုဟု ယူဆပါ။ သို့မှသာ မျက်မှောက်တမလွန်နှစ်ဖြာအကျိုးဖြစ်ထွန်းမည်။ 
(စာမျက်နှာ ၁၄ ပါရဂူ၏ မင်းနှင့်ပြည်သူ)

“ပြည်သူပြည်သားတွေရဲ့ စွမ်းအားကို အနိုင်ရဖို့ ဆိုတာ မလွယ်ဘူး။ ပြည်သူပြည်သားတွေဟာ မိမိတို့ကိုယ်ကို မိမိတို့ အုပ်ချုပ်ကြတယ်။ မိမိတို့အတွက် မိမိတို့ တရားဥပဒေကို ပြဌာန်းအတည်ပြုတယ်။ မောင်တော်တို့ ဘုရင်ဆိုတာက ပြရုပ်လောက်သာဖြစ်တယ်။ နှမတော် အဲဒီအချက်တွေကို နားလည်သဘောပေါက်သင့်တယ်။”
 (အာသောကပြော။ ပါရဂူ ၏ မင်းနှင့်ပြည်သူ မှ။ စာမျက်နှာ ၁၅၀)

“အရှင်မင်းကြီးဘယ်နိုင်ငံက အမတ်ချုပ်ဖြစ်ဖြစ် လွှတ်တော်နဲ့ အမြဲတစေ နီးစပ်မှု ဆက်သွယ်မှု ရှိနေသင့်ပါတယ်။ ပြည်သူ့ဆန္ဒဆိုတာတသမတ်တည်းရှိတာ မဟုတ်ဘူး။ ပြောင်းလဲနေတယ်။ပြည်သူပြည်သားဆိုတာ ဒီနေ့ တမျိုး ကို လိုလားတယ်ဆိုရင် နောက်တနေ့ တမျိုးကို လိုလားတတ်ကြတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ နီးနီးကပ်ကပ်ဆက်စပ်မှုမရှိရင် ပြည်သူ့ဆန္ဒကို သိနားလည်ဖို့ မလွယ်ပါဘူး။ ကျုပ်အပေါ်မှာ ပြည်သူပြည်သားတွေက ယုံကြည်မှု ရှိသေးရဲ့လားဆိုတာလည်း တကြိမ်တခါလောက် အကဲခတ်ကြည့်ဖို့ လိုတယ်။” 
(အမတ်ချုပ်ကြီး ရာဓဂုတ္ထ ပြော)
(စာမျက်နှာ ၁၆၇ ပါရဂူ ၏ မင်းနှင့်ပြည်သူ။) 

“မောင်တော်အရှင်မင်းကြီး တကယ်လို့ လွှတ်တော်အစည်းအဝေးက မောင်တော့်ကို နန်းဆင်းပေးရမယ်လို့ ဆုံးဖြတ်မယ်ဆိုရင် မောင်တော် ဘယ်နှယ်လုပ်မလဲ။”
(မိဖုရားကြီး တိဿရက္ခိတာ ပြော။ ပါရဂူ ၏ မင်းနှင့် ပြည်သူ စာမျက်နှာ ၁၆၉)

“လွှတ်တော်ဟာ ဘယ်တော့မှ တရားမျှတမှုမရှိတဲ့ အဆုံးအဖြတ်မျိုးကို ဆုံးဖြတ်မှာ မဟုတ်ဘူး။လွှတ်တော်က တစုံတခု ဆုံးဖြတ်အတည်ပြုလိုက်ရင် အဲဒီ ဆုံးဖြတ်ချက်ကို အားလုံး လိုက်နာကြရမှာပဲ။” 

“နိုင်ငံတော်ကို ဘယ်သူအုပ်ချုပ်သလဲ။ အုပ်ချုပ်ရေး စည်းမျဉ်းဥပဒေအရ  ဘုရင့်လက်ထဲမှာ အုပ်ချုပ်ရေး အာဏာရှိတယ်။ဒါပေမဲ့ ဘုရင်ဟာ မူးမတ်ဝန်ကြီးများရဲ့ အလိုဆန္ဒ နယ်နမိတ်ကို ကျော်သွားလို့ မဖြစ်ဘူး။ မူးမတ်များ ၀န်ကြီးများကလည်း လွှတ်တော်ရဲ့ ညွှန်ကြားချက်ကို နာယူရတယ်။ လွှတ်တော်ဟာ ပြည်သူပြည်သားတွေရဲ့ အဖွဲ့အစည်းလုံးလုံးဖြစ်တယ်။ အင်မတန် ထူးခြားဆန်းကြယ်တဲ့ စက်ဝန်းဖြစ်တယ်။ ရှေးရှေးပညာရှိသုခမိန်များ တီထွင်ဖန်တီးထားတဲ့ အုပ်ချုပ်ရေး စည်းမျဉ်းဥပဒေဟာ အ၀န်းအ၀ိုင်းတခုဖြစ်တယ်။ အဲဒီ အ၀န်းအ၀ိုင်းရဲ့ အပြင်ဘက်ကို ထွက်လို့ မရဘူး။”
(အာသောကဘုရင် ပြော ပါရဂူ၏ မင်းနှင့်ပြည်သူ  စာမျက်နှာ ၁၆၉)

“မဟာဘာရတကျမ်း”အလိုအရ သို့မဟုတ် ကွယ်လွန်သူ နာမည်ကျော် သမိုင်းပညာရှင် ဒေါက်တာ ဂျယဆာဝါလ၏ “ဟိန္ဒူအုပ်ချုပ်ရေးကျမ်း”စာအရ ဘုရင်သည် အကယ်စင်စစ် ပြည်သူ၏ နှိမ့်ချရိုကျိုးသော အစေအပါး သို့မဟုတ်အကျိုးဆောင် သာဖြစ်သည်။ သက်ဦးဆံပိုင် မဟုတ်။ဘုရင်၏လက်ထဲတွင် အလွန်တရာနည်းပါးသည့် အာဏာသာရှိသည်။ ပြည်သူကို ဦးဆောင်သူမှာ မူးမတ်ကြီးများဖြစ်၏။ ပြည်သူ့အားသည်လည်း မူးမတ်များနှင့်အတူတကွ ရှိနေသည်။ ထို့ကြောင့် မူးမတ်များသည် ဘုရင်ထက် အာဏာရှိသည်။
(စာမျက်နှာ ၆ ပါရဂူ၏ မင်းနှင့်ပြည်သူ)

အာသောကမင်းကြီးသည် တရားဓမ္မနှင့်ပတ်သက်၍ ငြင်းခုံ ရန်ဖြစ်သည်ကို မလိုလားချေ။ မိမိတရားဓမ္မကို မိမိဘာသာတရားကို သိဒ္ဓိတင်လို၍ အခြားဘာသာတရားဓမ္မကို စကားလုံးကြီးကြီးကျယ်ကျယ်သုံးပြီး ဝေဖန်ရှုံ့ချသည်ကိုလည်း  မနှစ်မျို့ပေ။ ထိုသို့ ဝေဖန် ရှုံ့ချခြင်း၏ အကျိုးမှာ ကြင်နာမှု ကိုယ်ချင်းစာမှု စေတနာထားမှု စသည့် မွန်မြတ်သောတရားများပေါက်ဖွားမည့်အစား ဒေါသ မစ္ဆရိယ မလိုမုန်းထားမှုမျာသာပေါက်ပွားစေသည်ဟု အသောကဘုရင်က ကောင်းကောင်း နားလည်သဘောပေါက်သည်။ ယင်းကို ထောက်၍ မည်သည့်ဘာသာတရားကိုမျှ မင်းကြီးသည် ပစ်ပယ်လေ့မရှိ။တယူသန်မူဝါဒမရှိ။ မိမိဘာသာတရားကို ဖြန့်ဖြူးရန် အခြားဘာသာကို ဆန့်ကျင်ဘက်မပြုလုပ်။ အာသောကကျောက်စာ ၁၂ တွင် “ဘာသာတရားအသီးသီးကို ကိုးကွယ်ဆည်းကပ်ကြသူ အားလုံးသည် ညာဏ်ပညာနှင့် ယှဉ်သော ကောင်းကျိုးပြုသော အလုပ်များကို ပြုလုပ်သူများ ဖြစ်ကြစေ" ရေးထိုးခဲ့သည်။
(စာမျက်နှာ ၁၉ ,၂၁ ပါရဂူ ၏ မင်းနှင့်ပြည်သူ)

အသောကမင်းကြီးသည် ကလိင်္ဂ တိုင်းကို စစ်ချီတက်စဉ်က ဖျက်ဆီးခဲ့သော ဗုဒ္ဓဂယာစေတီပျက်များကို ပြုပြင်တည်ဆောက်ရန် ရွှေဒင်္ဂါး သိန်း၂၀ လိုအပ်နေပြန်ရာ နိုင်ငံတော်ဘဏ္ဍာငွေကို ထုတ်ယူသုံးစွဲလိုစိတ်မရှိပေ။ အကြောင်းမူကား ပြည်သူ့အကျိုးအတွက် လုပ်ရန်ကိစ္စ များစွာ ကျန်ရှိသေးသည်။ နိုင်ငံတော်အတွက် ဦးစားပေးကိစ္စရပ်များစဉ်းစားရမည်ဖြစ်သည်။(စာမျက်နှာ ၂၆၂ ) ဘုရင်မင်းကြီးသည် မိဖုရားကြီးကို ခေါ်ပြီး “ နှမတော်ရဲ့ လက်ဝတ်ရတနာများ မောင်တော့်ကိုပေးပါ ထုခွဲရောင်းချပြီး ဗုဒ္ဓဂယာက ပျက်စီးသွားတဲ့ စေတီတွေ ကျောင်းတိုက်တွေ ကို ပြုပြင်တည်ဆောက်လိုပါတယ်။အားလုံးရဲ့ အကျိုးရှိရာ အကျိုးရှိကြောင်းအတွက် အသုံးပြုမှသာ ဥစ္စာဓနဆိုတာ တန်ဖိုးရှိပါတယ် ။”
( စာမျက်နှာ ၂၆၉ ပါရဂူ ၏ မင်းနှင့်ပြည်သူ)

နိုင်ငံရေးဆိုတာ နည်းနည်းလေး ခြေလှမ်းမမှားလိုက်နဲ့ မှားလိုက်တာနဲ့ တပြိုင်နက် မိမိကို ကြိုးကိုင်ထားတဲ့သူကို နင်းခြေပစ်ရုံသာလျှင် မကဘူး။ ကိစ္စတုံး သွားအောင် လည်း လုပ်တတ်တယ်။
(ပါရဂူ ၏ မင်းနှင့်ပြည်သူ စာမျက်နှာ ၂၃၆)

“မဂဓထိပ်ခေါင်တင် မိဖုရားကြီး ကျုပ်တို့ဟာပြည်သူပြည်သားတွေရဲ့ အစေအပါးသာဖြစ်တယ်။အမတ်ချုပ်ကြီးကတော့ ပြည်သူပြည်သားတွေရဲ့ လမ်းပြလမ်းညွှန်ဖြစ်တယ်။ခေါင်းဆောင်ဖြစ်တယ်။ အဲဒီအချက်ကို သင်မိဖုရားကြီး မေ့မထားသင့်ဘူး။ ပြည်သူနဲ့ ဘုရင့်အကြားက ခြားနားချက် ကွာဟချက်ကိုအမတ်ချုပ်ကြီးက ပေါင်းကူးပေးထားတယ် နှမတော်” 
( ပါရဂူ ၏ မင်းနှင့် ပြည်သူ စာမျက်နှာ ၂၄၄ )
သံတိုင်ကြားက ကဆုန်လပြည့်
(မေမေ ပို့ပေးတဲ့ ဒါ့ပုံပါ)
ခင်မေသစ် ဝေမျှသည်။

Friday, October 12, 2012

အင်္ဂုလိမာလ နှင့် စိတ်နှလုံးကို ဖြူစင်စွာထားခြင်း

(၁) ပရိတ္တံ  ယံ  ဘဏန္တဿ၊
နိသိန်န ဋ္ဌာနဓော ၀နံ ။
ဥဒ ကန်ပိ ၀ိနာသေတ၊ိ
သန်ဗမေ၀ ပရိဿယံ ။

(၂)သောတ္ထိနာ ဂဗ္ဘ၀ုဋ္ဌာနံ ၊
ယဉ္စ သာဓေတိ တင်္ခဏေ။
ထေရဿ အင်္ဂုလိမာလဿ ။
လောကနာထေန ဘာသိတံ။
ကပ်ပ ဋ္ဌာယိံ မဟာတေဇံ ၊
ပရတ္တံ  တံဘဏာမဟေ ။

(၃)ယတော ဟံ ဘဂိနိ အရိယာသ ၊
ဇာတိယာ ဇာတော ၊
နာဘိဇာနာမိ သဉ္စစ္စ ပါဏံ ၊ (သင်စစ်စပါဏံ )
ဇီဝိတာ ဝေါရောပေတာ ၊
တေန သစ္စေန သောတ္ထိ တေ ဟောတု ၊(တေန သစ်စေန သော့ထိတေ ဟောတု)
သောတ္ထိ ဂဗ္ဘဿ ။        ။

အင်္ဂုလိမာလသုတ္တံ နိဋ္ဌိတံ။

အင်္ဂုလိမာလကို လူတွေက လူဆိုးကြီးလို့ ခေါ်ကြတယ်။ တကယ်တော့ သူဟာ ရိုးဖြောင့်တဲ့  မင်းညီမင်းသားတပါးပါပဲ။ ဒါပေမဲ့ ကောင်းသည် ဆိုးသည် မိမိဥာဏ်နဲ့ ချင့်ချိန် ဝေဖန်ခြင်းမရှိပဲ ဆရာ့စကားကို ဦးထိပ်ထား လိုက်နာခဲ့တဲ့အတွက် အမှားကြီးမှား ခဲ့ရတာမို့သနားစရာ အလွန်ကောင်းပါတယ်။ သူဟာ လူမှုရေး သိတတ်သူ၊ ကူညီချင်စိတ်ရှိသူအနေနဲ့  ဒီသာပါမောက္ခဆရာကြီးရဲ့ ကျောင်းတော် မဟာမှာ ကျောင်းသားတို့ အလယ်  နာမည်ရခဲ့သူလည်းဖြစ်ပါတယ်။ ဆရာကြီးနဲ့ဆရာကတော်တို့ရဲ့ ဝေယျာဝစ္စ ကို မငြီးမငြူ လုပ်ကိုင်ပေးလေ့ရှိတာမို့   ဆရာကတော်ရဲ့  အရေးပေးမှု ကို အများဆုံးခံယူရတဲ့သူဖြစ်လာတယ်။

ဒါ့ကြောင့် မလိုမူန်းထားသူ မျက်နှာမရသူ ကျောင်းသားအချို့ရဲ့ရံဖန်ရံခါ  ဂုံးတိုက်မှုတွေက ဒိသာပါမောက္ခဆရာကြီးရဲ့ ဦးနှောက်ကိုေ၀၀ါးစေခဲ့တယ်။ ပြောဖန်များတော့ တပည့်တွေ စကားအောင်မြင်သွားပါတယ်။ ဒီသာပါမေက္ခကြီးက  လက်ညိုးပေါင်း တထောင်ရမှ ပြန်လာခဲ့လို့ အမိန့်ချမှတ်ပြီး ကျောင်းတော်က ထွက်ခွာစေတယ်။   အမှန်တော့   ဆရာကြီးက သူ့ကို ဥပါယ်တမည်နဲ့  သေစေညွှန်းလိုက်တာပါ။

ဒါပေမဲ့ သူ မသေပါဘူး။ လူတွေ့ တိုင်း  တွေ့ ရာ သချို င်း  ဒါးမဆိုင်း အပြေးလိုက်လို့  လက်ညိုးတွေ ခုတ်ယူပါတယ်။ ရတဲ့ လက်ညိုးတွေကို ဟိုနားချ ဒီနားချ၊ ကျီး ချီ  ငှက်ချီ  ပျောက်ကုန်တဲ့အတွက် နောင်ခါ နွယ်ကြိုးနဲ့သီပြီး ပန်းကုန်းသဖွယ် လည်မှာ ဆွဲ ထားပါတယ်။ တထောင်ပြည့်ဖို့ တချောင်းအလိုမှာ  မိခင်နဲ့ တွေ့ပါတယ်။ မိခင်က သူ့အကြောင်းကြားလို့ တားမြစ်ဆုံးမဖို့ သူ့ ကို ရှာနေတာပါ။ ဒါပေမဲ့ မိခင်မှန်းမသိပါဘူး။ တထောင်ပြည့်ရင် ကျောင်းတော်ကို ပြန်ရတော့မယ် ဆိုတဲ့ အသိစိတ်က လွှမ်းမိုးထားတော့  မိခင်နောက် အပြေးလိုက်ပါတယ်။ ဓါးနဲ့လိုက်တာဆိုတော့ မိခင်လဲ မနေသာ ပြေးရပါတယ်။ မိခင်ကအပြေး သားက အလိုက် …။

ဘုရားရှင် ကိုယ်တော်မြတ်က ဖလသမ္မာပတ် ၀င်စားရာမှ အထ   ဒီကနေ့ ဘယ်သူ့ကို ချွေချွတ်ရမလဲ လို့ လောကကို အကြည့် သားအမိ နှယောက်ဖြစ်စဉ်ကို အာရုံမှာ မြင်လာတယ်။ ဒီတော့  ပါရမီရှင် အင်္ဂုလိမာလ အမှားကြီးမှားတော့မလို့ လက်မတင်ကလေး လိုတော့တာကလား လို့ ..ဘုရားရှင်က သူတို့နှစ်ယောက်အကြား ၀င်ရပ် ပီးကွယ်ထားလိုက်တယ်။ ဒီတော့ သူက ဘုရားကို ဘုရားမှန်းမသိသေးပါဘူး။ ရဟန်း ဒီအနားမှာ ပုဏ္ဏေးမကြီး တယောက်များ မမြင်ဖူးလား လို့ မေးတယ်။ ဘုရားရှင် က  အသင်  အင်္ဂုလိ မာလ   သင် ဘာကိုရှာနေသလဲ။ သင်ဘာကို  မြင်ချင်သလဲ။ သင့်ကိုယ်သင် အယင် ရှာပါ။သင့်ကိုယ် သင် မြင်အောင်  အယင်ကြည့်ပါတဲ့ မဟာ ကရုဏာရှင် ဘုရား ကိုယ်တော်မြတ် က ဆက်တိုက် ဟောကြားဆုံးမပါတယ်။ ပါရမီ ရင်ုကျက်ပီးဖြစ်တဲ့ အဂုင်္လိ မာလာဟာ တထိုင်တည်း အကျွတ်တရားရပီး ရဟန္တာ ဖြစ်သွားပါသတဲ့။

ဒါပေမဲ့ ဆွမ်းခံ ထွက်ကြွရာမှာ  လက်ညိုးကို ခုတ်ယူခဲ့ တဲ့ ပြစ်မှုကြောင့် ဘယ်သူကမှ ဆွမ်းမလောင်းကြပါဘူး။ မကြည်ညို ကြပါဘူး။ ခဲတွေနဲ့ ပစ်ပေါက်ကြတယ်။ ဒုတ်တွေနဲ့ ပစ်ပေါက် နှင်ထုတ်ကြတယ်။ ဒါ့ကြောင့် ဘုရားရှင် ကိုယ်တော်မြတ်က ပရိတ်တော် ဂါထာတပိုဒ် ချီးမြှင့်လိုက်ပါတယ်။ ဆွမ်းချက်ရသူ မိန်းမသားများထံမှ  မေတ္တာကို ပြန်လည်ရယူနိုင်ဖို့ သားဖွားဖို့ အခက်တွေ့နေသူ မိခင်လောင်းများ လွယ်ကူချောမွေ့ စွာ သားဖွားနီုင်ရန်အတွက်  ရွတ်ဖတ်သရစ္ဆါယ် ပေးပါ လို့  မှာကြားပါတယ်။ မိခင်လောင်း အနီး တင်းတိမ် စောင် အကွယ်မှာ ဒီပရိတ်တရားတော်ကို မိခင်နှင့်သား ချမ်းသာစေလိုရင်း စိတ်ရင်းစေတနာ  အပြည့်နဲ့ ရွတ်ဖတ်ပေးရာမှာ  ဒီပရိတ်တော်မြတ်ရဲ့အာနိသင် ကြောင့် မိခင်လောင်းများဟာ အလွယ်တကူ သားဖွားနိုင်ကြပါတယ်။ အဲဒီအချိန်ကျမှ  အင်္ဂုလိမာလဟာ ဆွမ်းစားရပါတယ်။

ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ရဟန်းတော်များဟာ  ကိုယ်တိုင်ဆွမ်းခံလို့ရတဲ့ဆွမ်းကိုသာ စားရပါတယ်။ ဆွမ်းစား ရာမှာလဲ ဆွမ်းအလှူရှင်ရဲ့ ကျေးဇူးတရားကို အောက်မေ့ ဆင်ချင်ပြီးမှစားရပါတယ်။   ဒီဆွမ်းဟာ သာသနာ့အကျိုး သည်ပိုးထမ်းဆောင်နိုင်ရန် အဟာရ အဖြစ်ပေးလှုခြင်းဖြစ်လို့ အကျိုးရှိရှိ အသုံးချရမှာဖြစ်တယ်လို့ ဘုရားရှင်က ပညတ်ထားပါတယ်။ စားပြီး အိပ်မနေရပါဘူး။ ဆွမ်းကို တနပ်သာစားခွင့်ပြုပီး နေ့လွှဲ ညစာ စားခွင့်မရှိတာဟာ  ထိနမိတ္တ ဆိုတဲ့ အိပ်ငိုက်ခြင်း ဖြစ်နိုင်တဲ့ အတွက် တားမြစ်ထားတာဖြစ်ပါတယ်။ ကိုယ်ခန္ဒာ လန်းဆန်းသစ်လွင်နေမှလဲ ဖြောင့်မတ်တည်ကြည်စွာ တရားအကျင့်ကို ကျင့်ကြံ အားထုတ်နိုင်မှာဖြစ်ပါတယ်။ မြတ်ဘုရားဟာ  ခန္ဒာ ဗေဒ ပညာရပ်ကို နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တဦးလဲ  ဖြစ်တယ်။

ကိုယ်ဝန်ဆောင်စဉ်ကာလမှာ  မိမိစိတ်ကို ဖြူစင်အောင်ထားရမယ်လို့  ဘုရားရှင်က အဟောရှိပါတယ်။
(ဗုဒ္မ ဟာ လူမှုရေးကို သင်ကြားပေးသူဖြစ်ပါတယ်။ မင်္ဂလာတရားတော်မှာ အကျယ် ဖတ်ရှုနိုင်ပါတယ်။)

Accumulate wholesome deeds ,
Do not a jot of evil,
Keep purifying the mind ;
This is the teaching of the Buddha.
မကောင်းမှုမှန်သမျှ  ကို မပြုလုပ်ခြင်း။
ကောင်းမှုမှန်သမျှကို ပွားစည်းခြင်း။
ယင်းအချက်များသည်
ဗုဒ္မ၏ ဒေသနာတော်ဖြစ်သည်။

May I and may the world
Be without suffering ,
This is the art of living,
This is ture Dhamma.
ကျွန်ုပ်နှင့်  ကမ္ဘာလောကကြီးသည်
ဒုက္ခကင်းဝေးသူများ  ဖြစ်ကြပါစေ၊
ယင်းအချက်သည်  ဗုဒ္မ၏
ဘ၀နေနည်း အတတ်ပညာ ပေတည်း။     
(ပါရ၈ူ၏     The jewel of the  Dhamma မှ ကောက်နှုတ်ချက် )

မိခင်လောင်းဟာ ကောင်းမှုကုသိုလ်တွေကို အဖန်ဖန် ပွားစည်းခြင်း။ ကောင်းမှုမှန်သမျှ တတ်စွမ်းသရွေ့ပြုလုပ်ခြင်းဖြင့် သန္မေသားကိုပါ မိမိ၏ ဖြူစင်မှုများ ကူးစက်နိုင်ပါတယ်။ သားကောင်း သမီးကောင်းများ ထွန်းကား နိုင်ပါတယ်။  မီးဖွားရာမှာလဲ  ဘုရား တရား သံဃာမှတပါး အခြား ကိုးကွယ်ရာ မရှိ ဆိုတာ  စွဲ မြဲ စိတ်ထားရပါမယ်။        ။

Florist

Thursday, September 13, 2012

နောက်ဆုံးအချိန်

(မေမေ့ ရဲ့ စာ)

လူရယ်လို့ ဖြစ်လာရင် လူ့ဘ၀ရဲ့ နောက်ဆုံးအချိန်ကိုတော့   မလွှဲမသွေ  တွေ့ရမှာ အစဉ်အလာပါပဲ။ အဲဒီအချိန်ကို ကျမတို့ ဘယ်လိုရင်ဆိုင်ကြမလဲ။ နောက်ဆုံးအချိန်ဆိုတော့  သေမင်း  ခေါ်တဲ့ အချိန်   မို့လား။ သေခြင်းတရားနဲ့ ကျမ ဘယ်တုံး ဘယ်ကာလက  အနီးစပ်ဆုံးရင်ဆိုင်ခဲ့ရသလဲ ဆိုတာ ကြည့်ချင်ပါသေးတယ် ။

ကြည့်ပါရစေအုံး။ 
ပထမဦးဆုံးသေတယ်ဆိုတာ ကြားဖူးစတုံးက ဘာမှန်းမသိပါဖူး။ ကျမ အသက် ၅နှစ်လောက်မှာ  အိမ်ဘေးက မိန်းမတယောက်  ရုတ်တရက် အော်ငိုလိုက်တာ သဲထိတ်ရင်ဖို ကြားလိုက်ရော ကျမ အသံလာရာ လှမ်းကြည့်တော့ မိန်းမတယောက်  တန်းလျာတခုပေါ်မှာ   ခြေဆင်းထိုင်နေရာာက  ဟစ်ငိုတာမြင်ရတယ်။ အဲဒီတုံးက  ကျမ ဒီမိန်းမသေတယ်  ထင်နေတာ။ သေတဲ့သူက ငိုနေတယ်ထင်တာ။

Wednesday, December 07, 2011

လမ်းဆုံ

၁၉၈၉ခုနှစ်ကပါ။ ကျွန်တော် အထက်တန်းကျောင်းအောင်မြင်အပြီး ကောလိပ်သွားဖို့သုံးလအလို မှာပေါ့။ ကျွန်တော် ဗျာများခဲ့ရပြီလေ။ ပါကစ္စတန်မှာက အဲဒီအချိန်မှာ ကန့်သတ်ချက်တွေနဲ့ပါ။   ဘယ်လမ်းကို ကွန်တော်ရွေးချယ်ရမလဲ ဆိုတာ သိပ်ကို စဉ်းစားခဲ့ရတယ်။ ကျွန်တော်တို့လမ်းဆုံလမ်းခွကို ဘယ်လို ဖြတ်သန်းကျော်လွှားကြမလဲ။ တကယ့်ပြဿနာ။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ ကျွန်တော်အတွက် လမ်းသုံးသွယ်ရှိပါတယ်။  ကွန်တော်က အင်ဂျင်နီယာအလုပ်ကို ၀ါသနာမပါဘူး။ ဒီတော့ ရွေးချယ်စရာ လမ်းက နှစ်ခုဘဲ ရှိတာပါ။  ကျွန်တော် မဆုံးဖြတ်တတ်ခဲ့ဘူး။  ကျွန်တော့် မိသားစုထဲမှာ လူကြီးတွေ ရှိတော့ အကြီးဆုံးဦးလေးတယောက်က အကြံပေးတယ်။ လက်တွေ့ကွင်းဆင်းလေ့လာပါတဲ့။ ဒါ သိပ်ကောင်းတဲ့ စိတ်ကူးပါဘဲ။ ကျွန်တော် ကရာချိမှာရှိတဲ့ နိုင်ငံခြားဘဏ်တခုနဲ့ဆက်သွယ်ပြီး လေ့လာကြည့်တယ်။ စီးပွားရေးလုပ်ငန်းရှင်များ ဘယ်လိုလှုပ်ရှားနေသလဲ။ ဘယ်လို ငွေကြေးလည်ပတ်ကြသလဲ။ ကမ္ဘာ့ဘဏ္ဍာငွေကြေးဆိုင်ရာ လုပ်ငန်းအ၀၀နဲ့ ရောင်းရေးဝယ်တာကိစ္စ ဈေးကွက်ရှာဖွေရေးကိစ္စ စသည် ကျွန်တော်လေ့လာတယ်။ ကျွန်တော် အထူးယုံကြည်အားကိုးတာက အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုဝါဒ (professionalism)ကိုပါ။ အထူးသဖြင့် မိတ်ဆွေသစ်တွေနဲ့ပါ။  ကျွန်တော် သက်တောင့် သက်သာနဲ့ ချောချောမွေ့မွေ့  လုပ်ကိုင်သွားနိုင်မှာပါ။ တစ်လဆိုတာ ဘာမှမကြာလိုက်ဖူး။ ကုန်လွယ်လိုက်တာ။ ကျွန်တော် နောက်တစ်မျိုး လေ့လာဖို့  ရှိပါသေးတယ်။

Saturday, November 26, 2011

သည်ခရီး

photo from
ကျွန်မဟာ ညီအမသုံးယောက်ထဲက တယောက်ဖြစ်ပြီးတော့ ကျွန်မတို့ သုံးယောက်စလုံးဟာ ကက်သလစ်ဘာသာဝင်များဖြစ်သည်နှင့်အညီ ဘာသာရေးလုပ်ငန်းများကို စွမ်းစွမ်းတမန် လုပ်ကိုင်ပျော်ရွှင်နေကြသူများဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ ထဲက အလွန်ဝေးသီခေါင်လွန်းလှတဲ့  အရပ်ဒေသတခုမှာပါ။ လူဦးရေ နှစ်သောင်းဝန်းကျင်လောက်ဘဲ ရှိပြီး ဆင်းရဲ နွမ်းပါးကြသူများ ဖြစ်ပြီးတော့ အထူးသဖြင့် ကျန်းမားရေးဘက်မှာအလွန်ချို့တဲ့လှပါတယ်။ ဌာနီ ဆေးဝန်ထမ်းမရှိပါဘူး။ အမြဲနေထိုင်မယ့်ဆရာဝန်ဆိုတာ ဝေးလာဝေးပါ။ ကျွန်မတို့ခရစ်ယာန်အသိုင်းအ၀ိုင်းကသာ  ဆင်းရဲနိမ့်ကျသူများအပေါ် ဘာသာရေးအသိစိတ်ဓါတ်နဲ့ စာနာကူညီမှုတွေ ပေးခဲ့ကြရတာပါ။ ကျွန်မအနေနဲ့လဲ လက်မှတ်ရ သူနာပြု ဆရာမတယောက် ဖြစ်ခဲ့ပြီးပြီမို့ ပိုမို အဆင်ပြေ ချောမွေ့ စေပါတယ်။

Monday, November 21, 2011

ကမ္ဘာကြီးကို ရိုက်ခတ်မှုမပေးတဲ့သူ

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုပ်ရှင်ပွဲတော် (Green Screen Fest) ပြုလုပ်စဉ်မှာ  Elementary ကျောင်းတစ်ကျောင်းက ကလေးငယ်တွေ workshop တစ်ခု ပူးပေါင်းပြုလုပ်ကြပါတယ်။ Green Screen Fest ကို နိုဝင်ဘာ ၁၄ရက်ကနေ ၁၆ရက်အထိ ဘဲလ်ဂရိတ်မြို့ ဆာဗာစင်တာ(Sava Centar) က Art Cafe နဲ့ Hall မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ သုံးရက်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အပျော်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို၊ တီဗီမှတ်တမ်းနဲ့ Crude, Tapped, No Impact man မှတ်တမ်းရုပ်ရှင်တွေပြသခဲ့ကြတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်တဲ့ ARIJADNINA NIT က volunteer တွေဟာ မြို့ထဲတစ်ချို့နေရာတွေမှာ ပြန့်ကျဲနေတတ်တဲ့ ပလပ်စတစ်ဗူးအဖုံး ၅၀၀၀ ကျော် ကောက်ယူခဲ့ကြပြီး အဲဒီအဖုံးတွေနဲ့ ကလေးငယ်တွေက တိရစ္ဆာန်ရုပ်ပုံဖော်တဲ့ installation workshop ပြုလုပ်ကြပါတယ်။ ရုပ်ရှင်ပွဲတော် ရက်အတွင်း ဆောင်းဦးအသီးအနှံတွေနဲ့ ရုပ်ပုံဖော်ခြင်း၊ မှိုစိုက်ပျိုးခြင်း၊ ဓါတုပစ္စည်းသုံးပြီး သစ်ရွက်မှ ကလိုရိုဖီးထုတ်ယူပုံလက်တွေ့သရုပ်ပြခြင်းနဲ့ တခြား workshop တွေလည်းပြုလုပ်ခဲ့ကြပါတယ်။

ရုပ်ရှင်ပွဲတော်စီစဉ်သူက  workshop လေးတွေပြုလုပ်ကြဖို့ Elementary နဲ့ Secondary က ကလေးငယ်တွေကို ဖိတ်ကြားပါတယ်။ workshop ကို စိတ်ဝင်စားတဲ့ ကျောင်းတွေက လက်ခံပြီး သက်ဆိုင်ရာ ဆရာ ဆရာမနဲ့ ကလေးငယ်အုပ်စုတစ်ခုမှာ ကလေး ၃၀ ကျော်လောက် စုစည်းပြီး workshop ပူးပေါင်းပြုလုပ်ကြပါတယ်။
ပလးပ်စတစ်ဗူးအဖုံးတွေနဲ့ တိရစ္ဆာန်ရုပ်လေးတွေကလေးတွေပုံဖော်မယ်။ တိရစ္ဆာန်အကောင်ပလောင်လေးတွေပုံ စာရွက်မှာ sketch ဆွဲထားတယ်။ အဲဒါကို ကြည့်ပြီး အရုပ်ဖော်ကြမယ်။ ကလေးတွေ မလာကြသေးဘူး။

Friday, March 19, 2010

ဘုရားသခင်ရဲ့လက်ဆောင် ပင့်ကူလေးတစ်ကောင်

စစ်ပွဲအတွင်းရှေ့တန်းတစ်နေရာမှာ  . . .

အမေရိကန်မရိန်းတပ်သားလေးတစ်ဦးဟာ သူရဲ့တပ်ဖွဲ့နဲ့ တကွဲတပြားဖြစ်ခဲ့တယ်၊ တိုက်ပွဲက ပိုပိုပြီးပြင်းထန်လာနေပြီ၊
ယမ်းမှုံတွေမီခိုးညှော်နံ့တွေကလဲသိပ်သည်းလို့ သေနတ်သံတွေ၊ ဗုံးဆံအမြောက်သံတွေကလဲ နေရာအတော်များများခပ်စိပ်စိပ်တိုက်ခိုက်နေကြပြီ၊
မရိန်းတပ်သားလေးဟာ သူ့ရဲ့အဖွဲ့သားတွေနဲ့ အဆက်အသွယ်လုံးဝပြတ်တောက်ခဲ့ရပြီ၊



တိုက်ပွဲမျက်နှာစာတွင်းက ကုန်းကမူလေးတွေမှာ ဗုံးဆံထိမှန်ထားလို့အရာအားလုံးယိုယွင်းလို့၊ တောင်ကုန်းလေးတွေကြားထဲ မရိန်းတပ်သားလေးတစ်ဦးတည်းရှိနေချိန်မှာ ရန်သူစစ်သားတွေအလုံးအရင်း မရိန်းတပ်သားလေးရှိရာအရပ်ဆီလာနေကြပြီ၊ တပ်သားလေးဟာ အကာအကွယ်တစ်ခုခုတွေ့လိုတွေ့ငြား ကိုယ်ကိုတွန့်လိမ်လျှောဆင်းရင်းနဲ့ ခပ်မြင့်မြင့်တောင်ကုန်းတစ်ခုမှာ လှိုဏ်ကမူလေးတွေအတော်များများရှိနေတာတွေ့လိုက်ရတယ်၊ သူ အလျှင်အမြန်ပဲ လှိုဏ်ဂူလေးတစ်ခုဆီ တွားပြီးသွားလိုက်တယ်၊ အခိုက်အတန့်အားဖြင့် သူ့ဘာသာ ကာကွယ်နိုင်လိုက်ပေမဲ့ သိပ်မကြာမီ ဒီနေရာတစ်ဝိုက်က တောင်ကုန်းတွေအားလုံး ပိုက်စိတ်တိုက် သူတို့ရှာဖွေကြတော့မယ်၊ အဲဒီလိုသာဆိုရင် မရိန်းတပ်သားလေးဟာ ဖမ်းမိသွားတော့မယ်၊ အသတ်ခံရတော့မယ်ဆိုတာ သူ သိနေလိုက်ပါပြီ၊ အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ရင်း ဘုရားသခင်ထံဆုတောင်းဖို့ပြင်တော့တယ်၊ အခုအချိန်မှာ မရိပ်တပ်သားလေးအတွက် ဘုရားသခင်သာ အကာအကွယ်ပေးနိုင်တော့မယ်၊ သူ ဆုတောင်းလိုက်တယ်၊
“ဘုရားသခင် .. ဆန္ဒရှိခဲ့မယ်ဆိုရင် ကျွန်ုပ်အတွက် ကာကွယ်စောင့်ရှောက်ပေးပါ၊ အသင် ကျွန်ုပ်အတွက် ဘာကိုပဲဆန္ဒရှိခဲ့ပစေ .. သင့်ကိုကျွန်ုပ်ချစ်မြတ်နိုးတယ်၊ အို အဖ သင့်ကိုကျွန်ုပ်ယုံကြည်တယ်၊ အာမင်” လို့ ဆုတောင်းခဲ့ပါတယ်၊

မရိန်းတပ်သားလေးဆုတောင်းပြီးတဲ့အခါ ဂူလေးထဲမှာငြိမ်ငြိမ်ဆိတ်ဆိတ်လဲလျောင်းရင်း ရန်သူတွေရဲ့ ခြေသံတွေတစ်စထက်တစ်စပိုပိုနီးကပ်လာနေတာကို နားထောင်နေလိုက်တယ်၊ ဘုရားသခင်တော့ သူ့အတွက်ကူညီဖို့ဆန္ဒရှိပုံမရတော့ဘူးလို့  သူ စိတ်ပျက်အားလျော့စွာ တွေးနေခဲ့မိတယ်၊
အဲ့ဒီနောက် မရိန်းတပ်သားလေးဟာ ထောင့်တစ်ထောင့်က ပင့်ကူလေးတစ်ကောင်ခပ်လှုပ်လှုပ်ပြေး လာနေတာကို တွေ့လိုက်ရတယ်၊ ပင့်ကူလေးဟာ လှိုဏ်ဂူအရှ့ မှာ အိမ်စတင်ယက်လုပ်တော့တယ်၊ သူ စောင့်ကြည့်နေပါတယ်၊ ရန်သူတွေရဲ့ ခြေသံတွေပိုပိုပြီး နီးကပ်လာတာကို လဲ နားစွင့်နေမိတယ်၊ ပင့်ကူလေးက ခပ်သွက်သွက်အလုပ်တွေရှုပ်နေပါတယ်၊ မရိန်းတပ်သားလေးက ++အိုး .. ငါအတွက် အခုအချိန်မှာလိုအပ်တာက အုတ်နံရံတစ်ခုလို အကူအညီမျိုးပေါ့၊ ဘုရားသခင် ငါ့အတွက်ပို့လိုက်တာက ပင့်ကူအိမ်လေးတစ်ခုပဲ၊ အို အဖ .. ကျွန်ုပ်ကို ကျီစားလေသလား++ လို့ တွေးမိလိုက်တယ်၊

ရန်သူတွေရဲ့ ခြေသံတွေအနီးကပ်ဆုံးဖြစ်လာခဲ့တဲ့အခါ သူ့ခန္ဓာကိုယ်ကို တတ်နိုင်သလောက်လှိုက်ဂူထောင့်လေး မှာ ပုန်းကွယ်နေလိုက်တယ်၊ လှိုဏ်ဂူရဲ့ အမှောင်ထုလေးအတွင်းက အပြင်ဘက်ကိုငေးကြည့်နေမိတယ်၊ အပြင်ဘက်မှာ လှိုဏ်ဂူတွေတစ်ခုပြီးတစ်ခု ရန်သူတွေချဉ်းနင်းရှာဖွေနေကြတယ်၊ နောက်ဆုံးတော့ သူ့ရဲ့ လှိုဏ်ဂူလေးရှိရာ ရန်သူတွေရောက်လာကြပြီ၊ မရိန်းတပ်သားလေးဟာ မကြာခင်တွေ့ကြုံရတော့မဲ့ သေမင်းကို ကြောက်လန့်တကြားတွေးရင်း အသက်ကိုအောင့်ထားလိုက်တယ်၊ သူ သေရတော့မယ်၊
ဒါပေမဲ့ ခြေသံတွေဟာ လှိုဏ်ဂူထဲကို ရောက်မလာခဲ့ပဲ တဖြည်းဖြည်းဝေးသွားကြတယ်၊
မရိန်းတပ်သားလေး သဘောပေါက်လိုက်ပါပြီ၊ ပင့်ကူအိမ်တွေဖုံးကွယ်နေတဲ့ လှိုဏ်ဂူထဲမှာ လူမရှိနိုင်ဘူးလို့ ရန်သူတွေကယူဆခဲ့ကြတယ်၊
မရိန်းတပ်သားလေးဟာ အင်မတန်စိတ်မကောင်းဖြစ်သွားတယ်၊ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုကို သူနားမလည်ခဲ့မိလိုက်ဘူး၊
“အို .. အဖ ခွင့်လွှတ်ပေးပါ၊ အဖဘုရားသခင်ချပေးလိုက်တဲ့ ပင့်ကူလေးဟာ အုတ်နံရံထက် ပိုပြီးစွမ်းအားကြီးတယ်ဆိုတာ မေ့သွားခဲ့ပါတယ်” လို့ ဘုရားသခင်ထံ သူ တောင်းပန်နေခဲ့တယ်၊

ကျွန်တော်တို့အားလုံး တစ်ကြိမ်ကြိမ်မှာတော့ ကြီးကျယ်တဲ့အခက်အခဲတွေကြုံတွေကြမှာပါပဲ၊ အခက်အခဲတွေကြုံတွေ့လာတဲ့အခါ တစ်ချိန်က ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေကို အလွယ်တကူမေ့သွားကြပြီး သွေးပျက်ခြောက်ခြားကြတော့တယ်၊ ဘုရားသခင်ဟာ ကျွန်တော်တို့ကို တစ်ခါတစ်ရံ မမျှော်လင့်တဲ့ ရိုးရှင်းတဲ့နည်းလမ်းတွေနဲ့စောင့်ရှောက်ခဲ့တယ်၊ ဘုရားသခင်ပေးအပ်လိုက်တဲ့ အင်မတန်ရိုးရှင်းတဲ့နည်းလမ်းတွေဟာ တကယ့်ကြီးမားတဲ့အခက်အခဲကိုကျော်လွှားနိုင်ပါတယ်၊

ဂျေရုဆလင်ကို ပြန်လည်တည်ထောင်ခဲ့သူ ခေါင်းဆောင်နီအဲမာယာ (Nehemiah)  ရဲ့စကားတစ်ခွန်းဟာ အစ္စရေးတစ်မျိုးသားလုံးကို အမှတ်ရနေစေတယ်၊
နီအဲမာယာ ရဲ့ စကားက “ဘုရားသခင်နဲ့ နီးကပ်နေရင် ကျွန်တော်တို့အောင်မြင်လိမ့်မယ်” [Nehemiah 2:20]

Ref : http://www.promiseofgod.com/godspider/