

နှစ်တစ်နှစ်ကုန်ဆုံးကာနီးအချိန်ဆိုရင် ဈေးဝယ်ထွက်တာဝါသနာကြီးကြတဲ့ လူကြီးလူငယ်တွေဟာ Black Friday ဆိုတဲ့ လျှော့ဈေးပွဲတော်ချိန်ကို ရင်တဖိုဖိုစောင့်မျှော်တတ်ကြတယ်။ လာမယ့် ၂၀၁၅ Black Friday လျှော့ဈေးပွဲတော်ကတော့ ဘယ်တော့ရောက်မလဲ။ ဒီနှစ်အတွက် ဘယ်ဆိုင်တွေ၊ ဘယ်လိုကုန်ပစ္စည်းတွေ ဒီလျှော့ဈေးပွဲတော်မှာ ပါဝင်လာကြမလဲ ဆိုတာ သိထားချင်ကြမှာပါ။ Black Friday လျှော့ဈေးပွဲတော်ဟာ ယူအက်စ်ကနေစတင်လာတဲ့ ပွဲတော်မျိုးဖြစ်နေပေမယ့် အခုအခါ နိုင်ငံတွေအတော်များများ Black Friday လျှော့ဈေးပွဲတော်ပြုလုပ်လာကြတယ်။ ယူအက်စ်၊ ယူကေ၊ ကနေဒါ၊ မက္ကဆီကို၊ ဘရာဇီး၊ အိန္ဒိယ၊ ပနားမား၊ ကိုစတာရီကာ၊ ရိုမေးနီးယား၊ ဒိန်းမတ်၊ ဆွီဒင်၊ တောင်အာဖရိက၊ ပြင်သစ်၊ နော်ဝေး၊ ဟန်ဂေရီနဲ့ စပိန်နိုင်ငံတွေမှာ အထူးသဖြင့်ပြုလုပ်ကြပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ နှစ်ကုန်လျှော့ဈေးရောင်းချကြတာတွေတော့ အမြဲရှိနေကြပါတယ်။ ပုံမှန်ဈေးလျှော့ရောင်းချတာတွေထက် ဈေးဝယ်ဝါသနာကြီးကြသူတွေကတော့ Black Friday ကို ပိုပြီးစိတ်ဝင်တစားရှိတတ်ကြတယ်။